Monday, April 5, 2010

ဗောဓိပူဇာ...

ယခုတင်ပြထားသော ဓာတ်ပုံများမှာ 08.03.2010 ရက်နေ့တွင် ကျင်းပသော သီရိင်္ကာနိုင်ငံ၏ ဗောဓိပူဇာပွဲသဘင်ဖြစ်ပါသည်။ ဦးဇင်းတို့ မြန်မာနိုင်ငံဆိုရင်တော့ ညောင်ရေသွန်းပွဲပုံစံ ဖြစ်ပါသည်။ သူတို့ရဲ့ဓလေ့မှာ ဗောဓိညောင်ပင်ရှိသော ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ လူတွေစုပေါင်းပြီး ရေလောင်းခြင်း၊ ဆီးမီးထွန်းခြင်းများ ပြုလုပ်ကြပါသည်။ ထို့နောက် မြို့၌ရှိသော သံဃာများကို ပင့်ဖိတ်၍ သီလယူ ပရိတ်တရားများ နာယူကြပါသည်။ သံဃာများကို သင်္ကန်းစသည်များ လှူဒါန်းကြပါသည်။ နိုင်ငံ၏ အရာရှိသော လူများလည်း လာရောက်ပူဇော် ပရိတ်တရား နာကြပါသည်။

ဦးဇင်းလည်း သူတို့နိုင်ငံက သူတို့လူမျိုး ဘုန်းကြီးများကိုပင့်သော ထိုပွဲတော်၌ မိမိ၏သူငယ်ချင်း ကုလားဘုန်းကြီး တစ်ပါးက သူမလိုက်သောကြောင့် မိမိကို သူ့ကိုယ်စားထည့်လိုက်၍ လိုက်သွားဖြစ်ခဲ့ပါသည်။ ဒီနိုင်ငံ၏ ထူးခြားချက်မှာ ဘုရားသံဃာရှေ့၌ ထိုင်သောအခါ တင်ပလ္လင်ခွေ မထိုင်ကြပါ။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင်ကို လိုက်တုပြီးထိုင်သလို ဖြစ်နေမှာဆိုးသောကြောင့် မထိုင်ကြခြင်းဖြစ်လိမ့်မည်ဟု ထင်ရပါသည်။ များသောအားဖြင့်တော့ တင်မလွဲ ထိုင်ကြသော်လည်း အချိန်ကြာမည်ဟု ထင်ရသောပွဲမျိုး၌ ခြေထောက်ဆင်း၍ ထိုင်ကြပါသည်။ လူတွေသာ တင်ပလ္လင်ခွေ မထိုင်ရခြင်းမဟုတ်ဘဲ ဘုန်းကြီးများလည်း မထိုင်ရပါ။ ဘုန်းကြီးများသည် ထိုင်ခုံပေါ်မှာ ခြေချထိုင်ရပါသည်။ ထိုပွဲမှာ လူများစည်းကားလှသည်ကို တွေ့ရပါသည်။

သီရိလင်္ကာ၌ နေထိုင်ရပုံ

သီရိလင်္ကာနိုင်ငံ၌ ပညာသင်လာကြသော မြန်မာရဟန်းတော်များသည် ကုလားကျောင်းများ၌ ကပ်နေရသော ရဟန်းများရှိသလို မြန်မာကျောင်း၌နေရသော ရဟန်းတော်များလည်း ရှိပါသည်။ ထို့တွင် ဆွမ်းအတွက်ကို ကုလားကျောင်းမှာနေသော ရဟန်းများက ကုလားကျောင်းကဆွမ်းကို စားရသော ရဟန်းများရှိသကဲ့သို့ ကိုယ်ဘာသာချက်စားရသော ကုလားကျောင်းများလည်း ရှိပါသည်။ မြန်မာကျောင်းမှာတော့ အရုဏ်ဆွမ်း၊ နေ့ဆွမ်းတို့ကို စုပေါင်းချက်စားကြပါသည်။ ထို့သို့ ချက်စားဖို့ရန် ငွေကို လစဉ်ကြေးဖြင့် စုထားပြီး ဆွမ်းချက် အလှည့်ကိုလည်း ကိုယ့်ရက်နဲ့ကိုယ် တာဝန်ယူကြရပါသည်။

သီရိလင်္ကာ ပညာသင်ခရီးစဉ်


စာရေးသူသည် ၂၀၁၀.၂.၁၆ ရက်နေ့တွင် ရန်ကုန်မှ သီရိလင်္ကာနိုင်ငံသို့ M.A ဘွဲ့တတ်ရန် ထွက်ခွာခဲ့ပါသည်။ မနက်(၁၀)နာရီတွင် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခဲ့ရာ မြန်မာစံတော်ချိန်(၁၁)နာရီ ထိုင်းစံတော်ချိန် (၁၁)ခွဲတွင် ထိုင်းလေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။ ထိုင်းလေဆိပ်ရဲ့ အမှတ်တရ ဓာတ်ပုံများ ရိုက်ယူခဲ့ပြီး ထိုင်းလေဆိပ်ကို လေ့လာကြည့်ရှု့ခဲ့ပါသည်။ ထိုင်းလေဆိပ်မှာ ရေသန့်ဗူးလေးတစ်ဗူးကို မြန်မာငွေနဲ့ဆို (၃၂၀)ပေးသောက်ခဲ့ရသည်။ အာလူးကြော်တစ်ထုပ်ကို မြန်မာငွေ၃၀၀၀ကျော်မို့ ဘာမှဝယ်မစားဘဲအငတ်ခံကာ နေခဲ့ကြသည်။


မြန်မာစံတော်ချိန် ည(၁၀)နာရီတွင် ထိုင်းလေဆိပ်မှ သီရိလင်္ကာနိုင်ငံသို့ ထွက်ခွာခဲ့ပါသည်။ လေယာဉ်ပေါ်တွင်ကျွေးသော ထမင်းမှာလည်း ညအချိန်မို့ မစားခဲ့ရပေ။ ဖျော်ရည်သောက်ပြီး နေခဲ့ရသည်။ ထမင်းကလည်း လက်တစ်ဆုပ်စာသာရှိပါသည်။ စားလည်း ၀မည်မထင်ပါ။ သီရိလင်္ကာလေဆိပ်သို့ မြန်မာစံတော်ချိန် ည(၁၂)နာရီ (၁၅)မိနစ် သီရိလင်္ကာစံတော်ချိန်(၁)နာရီ (၁၅)မိနစ်တွင် ရောက်ရှိကာ စာရွက် စာတမ်းများဖြည့်ပြီး အထုပ်များရှာကာ လာကြိုသောသူငယ်ချင်းများနဲ့ မြန်မာရဟန်းတော်များနေသော မကုဋာရာမကျောင်းသို့ ရောက်ခဲ့ပါသည်။ ထို့နောက် သူငယ်ချင်းများနဲ့ စကားပြောကာ ည(၃)နာရီတွင် အိပ်ကြပါသည်။ မနက် သီရိလင်္ကာစံတော်ချိန် (၇)နာရီမှာ အိပ်ရာထ ရေချိုးပြီး ဖုန်းနံပါတ်သွားဝယ်ရာ ရှုပီး (၂၀၀) မြန်မာငွေဆို (၂၀၀၀) ပေးခဲ့ရသည်။ မြန်မာငွေနဲ့သီရိလင်္ကာငွေသည် မြန်မာငွေထက် ဆယ်ဆများသည်။ ဖုန်းကတ်ဝယ်ရာ ရှုပီး (၅၀၀)ပေးရသည်။ (၅၀၀)တန်တစ်ကတ်သည် မြန်မာနိုင်ငံမှအပ ကျန်သောနိုင်ငံများနဲ့ ပြောရင် ဆယ်နာရီလောက် ပြောရပေမည်။ မြန်မာနိုင်ငံဆိုလျှင် ငါးမိနစ်ခန့်သာ ပြောရသည်။

နောက်တစ်ရက်တွင် ကျောင်းသွားအပ်ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၆၀၀)ပေးရမည်မှာ လောလောဆယ် စရန်ငွေ ဒေါ်လာ (၂၀၀)နဲ့ စာရွက်စာတမ်းဖိုး ရှုပီး (၂၀၀၀) ပေးခဲ့ရသည်။ နောက်တစ်ရက်မှာ အင်္ဂလိပ်စာ သင်တန်း သွားရောက် ၀င်ခွင့်ဖြေရာ အောင်မြင်သဖြင့် သုံးလ တစ်ပတ်ကို ငါးရက် တစ်ရက်ကို နှစ်နာရီ သင်တန်းကြေး သုံးလခအတွက် ရှုပီး (၆၀၀၀)ပေးခဲ့ရသည်။ စားစရိတ်အတွက် စုပေါင်းစားကြကာ တစ်လ တစ်ပါးလျှင် ရှုပီး (၁၀၀၀)ထည့်ရသည်။ ကုလားကျောင်းမှာဆိုလျှင်တော့ နှစ်ပါးသုံးပါးချက်စားရသောကြောင့် မခန့်မှန်နိုင်ချေ။ မြန်မာကျောင်းသည် သံဃာများသောကြောင့် အားလုံးပေါင်းစားကြသည်။ ကုန်ကျစရိတ်လည်း သက်သာပါသည်။ မနက်ခင်းတွင် များသောအားဖြင့် အရုဏ်ဆွမ်းမစားကြလျှင် မြန်မာပြည်က ပါခဲ့သော ကော်ဖီမစ် သောက်ကြသည်။ နေ့ခင်းဆွမ်းကို တလည်စီချက်ကြသည်။ ဦးဇင်းတွေချက်တာဆိုတော့ မကောင်း ပေမဲ့ ကုလားဟင်းနဲ့စာရင် စားကောင်းသေးသည်။ တစ်ရက်ကို အရည်သောက်တစ်ခွက် အာလူးနဲ့ကြက်ရိုး၊ သို့မဟုတ် ၀က်သားနဲ့အာလူး ချက်စားကြသည်။

အင်္ဂလိပ်စာသင်တန်းက မနက်(၈)နာရီတွင် တက်ရတာမို့ (၇)နာရီတွင် အိပ်ရာထရေချိုးပြီ နာရီဝက် လမ်းလျှောက် နာရီဝက်ကျော် လိုင်းကားစီးပြီး သင်တန်းတတ်ရသည်။ သင်တန်းချိန် (၁၀)နာရီခွဲပြီးသောအခါ ပြန်ပြီးလိုင်းကားစီး လမ်းလျှောက်ကာ ကျောင်းရောက်ဆွမ်းစားပြီးလျှင် တက္ကသိုလ်သို့ကျောင်းတတ်ရန် နာရီဝက် လမ်းလျှောက်ပြီး (၄၅)မိနစ်လိုင်းကားစီး သွားရပြန်သည်။ သီရိလင်္ကာနိုင်ငံသည် အလွန်ပူနွေးသောကြောင့် လမ်းလျှောက်လည်း ချွေးထွက်။ လိုင်းကားစီးလည်း ချွေးပြန်ပါသည်။ လိုင်းကားစီးသောအခါ ကားတစ်စီးကို နှစ်ပါးသာ စီးရသည်။ ဘာဖြစ်လို့လဲဆိုတော့ သီရိလင်္ကာမှလူများသည် လိုင်းကားမှာ ဘုန်းကြီးများတတ်လာရင် နေရာဖယ်ပေးကြသောကြောင့် လူများအတွက် နေရာမကျန်မှာ ဆိုးသောကြောင့်ဖြစ်ပါသည်။ လိုင်းကားခသည် (၄၅)မိနစ် ကြာသော်လည်း ရှုပီး (၁၈)ကျပ်သာပေးရသည်။ တတ်စီငှားမည်ဆိုလျှင် (၄၀၀)ပေးရသည်။ သို့သော်လည်း နေ့စဉ်သွားရမှာမို့ လမ်းလျှောက်ကာ လိုင်းကားစီးကြပါသည်။ တချို့ကုလားကျောင်းမှာနေသော မြန်မာရဟန်းတော်များသည် စုပေါင်းပြီး ကားအပြတ်ငှားထားကြသည်။

သီရိလင်္ကာနိုင်ငံ၏မြို့တော် မိမိတို့နေသော ကိုလံဘိုမြို့သည် ရန်ကုန်နီးပါး စည်းကားပါသည်။ ကားများသည် သူတို့နိုင်ငံနဲ့ ဂျပန်နိုင်ငံ ပူးပေါင်းထုပ်လုပ်သောကြောင့် ကားအလွန်ပေါကာ ကားကောင်းများပါသည်။ လမ်းလည်းကောင်းပါသည်။ နေ့စဉ်မီးမှန်သည်။ ဖုန်းလည်း နေရာတကာပြောလို့ကောင်းသည်။ အင်တာနက် လိုင်းလည်း ကောင်းသည်။

မြန်မာရဟန်းတော်များနေသော ကုလားကျောင်းများမှာ ဝေယျာဝစ္စလုပ်ပေးနေရသောကျောင်းနဲ့ ပိုက်ဆံပေး နေရသောကျောင်းဟု နှစ်မျိုးရှိပါသည်။ စနေ၊ တနင်္ဂနွေနေ့များတွင် ကျောင်းများပိတ်သဖြင့် မိမိကျောင်းတွင် စာကျက်၊ အင်္ဂလိပ်စာလေ့လာကြပါသည်။ ညပိုင်းတွင် အင်္ဂလိပ်စကားပြော (၈)နာရီမှ (၁၀)နာရီထိ လေ့ကျင့်ကြ သည်။ စနေ၊ တနင်္ဂနွေနေ့များတွင် ကုလားကျောင်းများမှာ ဆွမ်းစားပင့်လျှင် သံဃာမလောက်ပါက မြန်မာ ရဟန်းတော်များကို ပင့်ပါသည်။ ဆွမ်းစားတွင် ကုလားဘုန်းကြီးများက ဆွမ်းမစားခင် သီလပေးတရားဟောကာ ဆွမ်းစားပြီးလျှင်လည်း တရားဟော ရေစက်ချပါသည်။ မနက် (၁၀)နာရီကနေ နေ့လည် (၂)နာရီမှပြီးသည်။

ဆွမ်းကပ်လျှင်လည်း ပုဂံပြားပေးကာ သူတို့က ဆွမ်းနဲ့ဟင်းတွေ လိုက်ထည့်ပေးပါသည်။ ပုဂံပြားကို မိမိပေါင်ပေါ်တွင် လက်သုတ်ပ၀ါခံကာ တင်ထားရပါသည်။ သူတို့ထည့်ပေးသော ထမင်းနဲ့ဟင်းကို နှယ်စားရသည်။ ကုလားထမင်းကုလားဟင်းဆိုတော့ မြန်မာရဟန်းတော်တွေ မစားတတ်သည်က များပါသည်။ ထိုင်ရတာလည်း ကုလားထိုင်ပေါ်မှာခြေချထိုင်ရတာဆိုတော့ (၃)နာရီလောက်ဆို ညောင်းလာပါသည်။ ပရိတ်ရွတ်လျှင် ကုလားက ကုလားသံနဲ့ မြန်မာက မြန်မာသံနဲ့ဆိုတော့ မညီမှာစိုးသဖြင့် မြန်မာ ရဟန်းတော်များက အသံနည်းပေးကြသည်။

ပစ္စည်းက တဘက်၊ ဆပ်ပြာခဲ/ထုပ်၊ သွားတိုက်တံ/ဆေး၊တခါတလေ သင်္ကန်း၊ တစ်ခါတလေ ပိုက်ဆံငါးရာ ရတတ်ပါသည်။ ကုလားတွေ ပရိတ်ရွတ်လျှင် ညပိုင်းမှ ပရိတ်ရွတ်ကြသည်။ အသုဘချလျှင် (၄)နာရီ လောက်ကြာသည်။ သီရိလင်္ကာနိုင်ငံသည် ဘုန်းကြီးများကို လေးစားကြပါသည်။ ရုံးတွေမှာဆိုလျှင် ဘုန်းကြီးတွေကို ထိုင်ခိုင်းပါသည်။ မတ်တတ်မရပ်ရပါ။ လမ်းမှာလည်း မထိုင်ရပါ။ သင်္ကန်းကို လမ်းသွားလျှင် ခေါင်းပေါ်မတင်ရပါ။ ထီးဆောင်ရပါသည်။ ထိုင်လျှင်လည်း ပလ္လင်ခွေမထိုင်ရပါ။ ဘုန်းကြီးများအပြင်ထွက်လျှင် လွယ်အိတ်နဲ့ထီး ပါရသည်။ မပါလျှင် ဒီကိုယ်တော် မလုပ်မရှိလို့ လျှောက်သွားနေတာဟု ယူဆကြပါသည်။ ညနေခင်းဆို စားစရာဘာမှမ၀ယ်ရပါ။ ဒီလောက်ပါပဲ။ နောက်ကျမှ မိမိနေထိုင်ရင်း တွေ့ကြုံရတာလေးတွေ တင်ပြပါမည်။ အားလုံးအဆင်ပြေကြပါစေ။

ဦးကောမလ
သီရိလင်္ကာနိုင်ငံ။ ကိုလံဘိုမြို့။
ကေလနိယတက္ကသိုလ် M.A။