Friday, July 30, 2010

သုပ္ပဗုဒ္ဓကုဋ္ဌိလူနူဝတ္ထု

သုပ္ပဗုဒ္ဓသည် ခန္ဓာကိုယ်နူနေသောကြောင့် အစားအသောက်တို့ကို လိုက်လံရှာဖွေတောင်းရန်၍ စားသောက်ရသော ပုဂ္ဂိုလ်ဖြစ်ပါသည်။ သူသည် တစ်နေ့တွင် အစာအာဟာရတို့ကို လှည့်လည်တောင်းရမ်းရန် သွားသောအခါ မြတ်စွာဘုရား တရားဟောကြားသောနေရာသို့ ရောက်သွားလေ၏။ ထိုအခါ သူသည် လူအပေါင်း စုဝေးနေသည်ကိုမြင်၍ “ဤသူတော်ကောင်းများ စုဝေးရာအရပ်သို့သွားပါက တစ်စုံတစ်ခုသော စားဖွယ်သောက်ဖွယ်ကို ရနိုင်ပေအံ့”ဟု ကြံပြီးလျှင် ထိုလူစုဝေးရာအရပ်သို့ ချဉ်းကပ်လေ၏။


ထိုနေရာသို့ ရောက်သောအခါ မြတ်စွာဘုရားရှင်ကိုမြင်လျှင် သြော်-“ငါသည်ကား လူအများတို့ စားဖွယ်သောက်ဖွယ်များကို စီမံသောအရပ်ဟုထင်၍ လာခဲ့၏။ ဤနေရာသည် မြတ်စွာဘုရားတရားဟောသော နေရာပါလား။ သို့သော်လည်း ငါသည် မြတ်စွာဘုရားဟောကြားသော တရားတော်ကို မှတ်သားမိအောင် နာဦးမည်”ဟု ကြံစည်ပြီးလျှင် ပရိသတ်အစွန့်အဖျား၌နေလျှက် တရားတော်ကို ရိုသေစွာနာယူလေ၏။


မြတ်စွာဘုရားရှင်သည် တရားဟောတော်မူရင်း ကျွတ်ထိုက်သော သတ္တ၀ါကို ကြည့်သည်ရှိသော် ပရိသတ်အစွန့်အဖျား၌နေ၍ ရိုသေစွာ တရားနာကြားနေသော သုပ္ပဗုဒ္ဓလူနူကို မြင်တော်မူလေ၏။

တရားဟောကြားပြီးသည်ရှိသော် သုပ္ပဗုဒ္ဓလူနူသည် သောတာပတ္တိဖိုလ်တည်လေ၏။ သုပ္ပဗုဒ္ဓလူနူသည် မြတ်စွာဘုရားရှင်အား မိမိရအပ်သောတရားထူးကို လျှောက်ထားချင်သော်လည်း ပရိတ်သတ်အလယ်သို့ ၀င်ခြင်းငှါ မဖြစ်နိုင်သောကြောင့် မြတ်စွာဘုရားကျောင်းသို့ ကြွတော်မူသောအခါမှ နောက်ကလိုက်သွားလေ၏။


ထိုအခါ သိကြားမင်းသည် သုပ္ပဗုဒ္ဓလူနူ၏ တရားသိမြင်မှုကို စူးစမ်းလို၍ သုပ္ပဗုဒ္ဓလာသော လမ်းကစောင့်လျက် သုပ္ပဗုဒ္ဓရောက်လာသောအခါတွင် “သုပ္ပဗုဒ္ဓ-သင်သည် လူ့ဘောင်လူ့လောက၌ ဆင်းရဲစွာဖြင့် တောင်းရမ်း စားသောက် နေရသောသူဖြစ်၏။ သို့ဖြစ်၍ သင့်အား ငါသည် မရေမတွက်နိုင်သော ပစ္စည်းဥစ္စာတို့ကို ပေးမည်။ သင်သည် မြတ်စွာဘုရားအား ဘုရားမဟုတ်၊ တရားတော်အား တရားမဟုတ်၊ သံဃာအား သံဃာမဟုတ်၊ ဘုရား တရား သံဃာဖြင့် ငါ့အား အကျိုးမရှိ”ဟူ၍ ပြောဆိုပါဟု ခိုင်းလေ၏။


ထိုအခါ သုပ္ပဗုဒ္ဓသည် “အသင်သည် အဘယ်သူနည်း”ဟု မေးသောအခါ ငါသည် “သိကြားမင်းဖြစ်ပေ၏”ဟု သိကြားမင်းက ပြန်ပြောလေ၏။ သုပ္ပဗုဒ္ဓသည် သိကြားမင်းအား အသင်သည် အလွန်မိုက်မဲ့သူ အရှက်မရှိသောသူဖြစ်၏။ အသင်ကဲ့သို့ ဘုရား တရား သံဃာကို စော်ကားသော မိုက်မဲ့သော သိကြားမင်းနဲ့ ငါသည် စကားပြောဆိုခြင်းငှါ မသင့်လျော်။


အသင်သိကြားမင်းက ငါ့အား ဆင်းရဲသူဟု မှတ်ထင်နေ၏။ ငါသည် ဆင်းရဲသူမဟုတ်။ ငါသည် ချမ်းသာမှု မှန်သမျှတို့တွင် အမွန်မြတ်ဆုံးဖြစ်သော ချမ်းသာကို ရရှိသူဖြစ်၏။

ငါ့မှာ ရတနာသုံးတန် ကံ ကံ၏အကျိုးတို့ကို ယုံကြည်သော သဒ္ဓါတရား၊ ကိုယ့်ကျင့်တရား ကောင်းမွန်ခြင်း စာရိတ္တသီလနှင့် မကောင်းမှုတို့ကို မပြုလုပ်မိအောင် စောင့်ထိန်းခြင်း ၀ါရိတ္တသီလတို့ဖြင့် ပြည့်စုံသော သီလတရား၊ မကောင်းမှုပြုလုပ်ရမှာ ရှက်ခြင်းဟိရီတရား၊ မကောင်းမှုပြုလုပ်ရမှာကြောက်ခြင်း သြတ္တပ္ပတရား၊ ကောင်းသော အကြားအမြင်ရှိခြင်း သုတတရား၊ စွမ်းနိုင်သမျှ စွန့်ကြဲပေးကမ်းခြင်း စာဂတရား၊ အမှန်ကို သိမြင်ခြင်း ပညာတရား တည်းဟူသော သူတော်ကောင်းဥစ္စာ(၇)ပါးတို့သည် ထင်ရှားရှိကုန်၏။


ထိုသူတော်ကောင်းဥစ္စာ(၇)ပါးနဲ့ပြည့်စုံသော ယောကျာ်းမိန်းမတို့ကို ဆင်းရဲသောသူ မဟုတ်ဟူ၍ ဘုရား ပစ္စေကဗုဒ္ဓါအစရှိသော သူတော်ကောင်းပညာရှိတို့သည် သတ်မှတ်ကြကုန်၏ဟု ပြောဆိုလေ၏။

သိကြားမင်းသည် သုပ္ပဗုဒ္ဓလူနူ၏စကားကိုကြားလျှင် မြတ်စွာဘုရားထံသို့ လျင်မြန်စွာသွားရောက်ပြီး အကြောင်းစုံကို မေးမြန်းလျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က သင်ကဲ့သို့သော သိကြားမင်းတို့သည် ပစ္စည်းဥစ္စာကို ပေး၍သော်လည်းကောင်း သတ်လျှင်သော်လည်းကောင်း “လူကောင်း” တစ်ယောက်၏ အရည်အချင်းတို့နဲ့ ပြည့်စုံသော သုပ္ပဗုဒ္ဓလူနူသည် ဘုရား တရား သံဃာကို ပစ်ပယ်မည် မဟုတ်ကြောင်း မိန့်တော်မူလေ၏။


အထက်ပါသာဓကကို ကြည့်ခြင်းအားဖြင့် သူတော်ကောင်းဥစ္စာ(၇)ပါးနဲ့ပြည့်စုံသောသူကို မည်ကဲ့သို့သောဥစ္စာ၊ မည်ကဲ့သို့သော ခြိမ်းခြောက်မှုများဖြင့် စည်းရုံးပြီး ရတနာသုံးပါး ကံ ကံ၏အကျိုးတရားစသည်တို့ကို ယုံကြည်မှုပျက်ပြားအောင် မလုပ်နိုင်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် သူတော်ကောင်းဥစ္စာ(၇)ပါး တည်းဟူသော ချမ်းသာအစစ် အမှန်တို့နဲ့ ပြည့်စုံအောင် အားထုတ်ကြရန် လိုပါသည်။


ကျွန်ုပ်တို့ ဗုဒ္ဓဘာသာနွယ်ဝင်များသည် ဘာသာခြားတို့၏ ဖျားယောင်းမှုကိုခံရပြီး ဘာသာအယူဝါဒ ပြောင်းသွားသည်မှာ ဤသူတော်ကောင်းဥစ္စာ(၇)ပါးနဲ့ မပြည့်စုံသောကြောင့်ပင် ဖြစ်ပါသည်။ ဘာသာအယူဝါဒ ပြောင်းသွားသောသူများကို လေ့လာကြည့်သောအခါ ရတနာသုံးပါး ကံ ကံ၏အကျိုးတရားဂုဏ်ကျေးဇူးတို့ကို ယုံကြည်မှု ရှိသော “လူကောင်း”တစ်ယောက်၏ အရည်အချင်းများနဲ့ မပြည့်စုံသောကြောင့်လည်းကောင်း၊ စီးပွားရေးကြောင့်လည်း ကောင်း၊ ကိလေသာတဏှာလောဘကြောင့်လည်းကောင်း ဘာသာပြောင်းသွားကြခြင်း ဖြစ်ပါသည်။


အကယ်၍ သူတို့၏သန္တာန်၌ “လူကောင်း”အရည်အချင်းများရှိခဲ့သော် သုပ္ပဗုဒ္ဓပြောသောစကားကဲ့သို့ မိမိမှာ အချမ်းသာဆုံးဖြစ်သော သူတော်ကောင်းဥစ္စာ(၇)ပါးရှိ၍ လောကီဥစ္စာများနှင့် လဲလှယ်ရန် မဖြစ်နိုင်ပါ။

သို့ဖြစ်၍ ကျွန်ုပ်တို့လူသားများသည် “လူကောင်း”တစ်ယောက်ဖြစ်အောင်၊ လူကောင်းအရည်အချင်းများနှင့် ပြည့်စုံအောင် အားထုတ်ကြရန် လိုပါသည်။ သို့မှသာလျှင် ပစ္စုပ္ပန် သံသရာနှစ်ဖြာသော အကျိုးတို့ကို ကောင်းစွာ ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်များဖြစ်ကြပြီးလျှင် မျက်မှောက် တမလွန်တို့၌ ကောင်းကျိုးချမ်းသာများကို ခံစားရ ပါလိမ့်မည်။


ယခုခေတ်၌ “လူကောင်း”နည်းပါးပြီး “လူကောင်း”ဟု ဟန်ဆောင်ပြီး လိမ်လည်နေသောပုဂ္ဂိုလ်တို့ ပေါများလှပါသည်။ ထို့ကြောင့် “လူကောင်း”ဟု ဟန်ဆောင်ကြသောပုဂ္ဂိုလ်များကို “လူကောင်း”ဟုတ် မဟုတ် စိစစ်တက်ရန်အတွက် “လူကောင်း”တစ်ယောက်၏ အပေါ်ယံလက္ခဏာများကို ရေးသားတင်ပြလိုက်ပါသည်။


၁။ အသက်ရှင်သမျှ ကာလပတ်လုံး မိခင် ဖခင် ကျေးဇူးရှင်များကို ရိုသေစွာ ပြုစုလုပ်ကျွေးခြင်း။

၂။ အသက်ရှင်သမျှ ကာလပတ်လုံး မိမိထက် အသက်သိက္ခာကြီးသူများကို ရိုသေလေးစွာဖြင့် ပြုမှုဆက်ဆံခြင်း။

၃။ အသက်ရှင်သမျှ ကာလပတ်လုံး သာယာချိုမြိန်ချစ်ဖွယ်ကောင်းသော စကားတို့ကိုသာ ပြောဆိုခြင်း။

၎။ အသက်ရှင်သမျှ ကာလပတ်လုံး ကုန်းတိုက်စကား မပြောဆိုခြင်း။

၅။ အသက်ရှင်သမျှ ကာလပတ်လုံး ၀န်တိုမှုကင်းစွာဖြင့် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိခြင်း။

၆။ အသက်ရှင်သမျှ ကာလပတ်လုံး သီလလုံခြုံခြင်း။

၇။ အသက်ရှင်သမျှ ကာလပတ်လုံး အကြားအမြင် ဉာဏ်ပညာရှိပြီး မှားယွင်းသောအပြုအမှုများ မပြုလုပ်ခြင်း စသည်တို့ဖြစ်ပါသည်။


အထက်ပါ အချက်အလက်တို့နှင့် ပြည့်စုံမှုရှိမရှိကိုကြည့်၍သော်လည်းကောင်း၊ “လူကောင်း” တစ်ယောက် ပြည့်စုံရမည့် အချက်အလက်တို့ ရှိမရှိကို ကြည့်၍သော်လည်းကောင်း “လူကောင်း”ဟုတ် မဟုတ် သိနိုင်ပါသည်။

“လူကောင်းအစစ်အမှန်နဲ့ ပေါင်းဖော်ပါက လူကောင်းတစ်ယောက်ဖြစ်လာပါလိမ့်မည်”ဟု မြတ်ဗုဒ္ဓဟောကြားခဲ့ သော မင်္ဂလာသုတ်လာ “လူဆိုးနှင့်မပေါင်းနဲ့ လူကောင်းပညာရှိနှင့် ပေါင်းသင်းပါ”ဟူသော စကားတို့ကို လူတိုင်းပြောဆိုနေကြပါသော်လည်း လူကောင်းဆိုတာ မည်ကဲ့သို့သောပုဂ္ဂိုလ် လူကောင်းနှင့်ပေါင်းဖော်လျှင် မည်ကဲ့သို့သော အကျိုးတရားရရှိသည်ဟူသော အချက်တို့ကို သေချာကျနစွာ မသိသေးသော ပုဂ္ဂိုလ်တို့က များပါသည်။


ထို့ကြောင့် လူကောင်းနှင့်ပေါင်းဖော်ရခြင်း၏ အကျိုးတရားများကို ရေးသားတင်ပြလိုက်ပါသည်။ လူကောင်းနှင့်ပေါင်းဖော်သောသူသည်.........

၁။ လူကောင်းတစ်ယောက်ဖြစ်ရခြင်း။

၂။ အသိအလိမ္မာ ဉာဏ်ပညာရှိသောသူ ဖြစ်ရခြင်း။

၃။ စိုးရိမ်ပူပင်သောက ကင်းရခြင်း။

၎။ ဆွေမျိုး ပရိတ်သတ်အလယ် တင့်တယ်စွာ နေရခြင်း။

၅။ နတ်ပြည်သို့ ရောက်ရခြင်း။

၆။ နတ်ပြည်၌ ကြာမြင့်စွာ အမြဲတည်နေရခြင်း။

၇။ ဒုက္ခအပေါင်းမှ ကင်းလွတ်ရခြင်းစသော အကျိုးတို့ကို ရရှိသည့်အပြင် လူကောင်းတစ်ယောက်၏ တရားများ ကို ကျင့်ကြံအားထုတ်ပါက ၀ဋ်ဆင်းရဲမှ လျင်မြန်စွာ လွတ်မြောက်နိုင်ခြင်းဟူသော အကျိုးတရားများကို ရရှိပါသည်။


ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် မိမိကိုယ်တိုင်လည်း “လူကောင်း”တစ်ယောက်ဖြစ်အောင် နေထိုင်ပြီး “လူကောင်း”များနဲ့သာ ပေါင်းသင်းပါက လိုအပ်သောအကျိုးကျေးဇူးများကို ရရှိမှာသေချာပါသည်။

ထို့ပြင် မျက်မှောက်တမလွန်အတွက် အကျိုးရှိသော လုပ်ငန်းတို့ကို လုပ်ဆောင်သောကြောင့် ဖြစ်လေရာဘ၀မှာ နိဗ္ဗာန်သို့ရောက်အောင် အားထုတ်နိုင်သော ပုဂ္ဂိုလ်များ ဖြစ်ပါလိမ့်မည်။ သို့ဖြစ်၍ ဤဖော်ပြခဲ့သော အချက်အလက်တို့ကို ပြည့်စုံအောင် အားထုတ်ကျင့်ကြံကြပြီး “လူကောင်း”များ ဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်းလျက် “လူတော်လူကောင်း”ခေါင်းစဉ်ကို နိဂုံးချုပ်ပါရစေ။

Saturday, July 24, 2010

ပညာ၏ အဓိပ္ပါယ်

သူတော်ကောင်းဥစ္စာ၌ပါဝင်သော ပညာဆိုသည်မှာ.........

၁။ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကိုသိသော ၀ိပဿနာပညာနဲ့ပြည့်စုံခြင်း။

၂။ ကိလေသာအညစ်အကြေးကင်းစင်သော ၀ိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်း။

၃။ လောဘ ဒေါသ မောဟစသော ကိလေသာ အတုံးအခဲများကို ဖြိုးခွဲနိုင်သော ၀ိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်း။

၎။ ၀ဋ်ဆင်းရဲ ကိလေသာဆင်းရဲတို့၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ၀ိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်းတို့ ဖြစ်ပါသည်။


အထက်ပါ အချက်အလက်တို့နဲ့ ပြည့်စုံ၍ ပညာရှိသောသူကို မြတ်စွာဘုရားက အရိယာသူတော်ကောင်းဟူ၍ မိန့်ကြားခဲ့ပါသည်။ ယခုခေတ်၌ ထိုပညာများနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့မှာ ရှားပါးလှပါသည်။ ထိုကဲ့သို့ အရိယာသူတော်ကောင်းများ နည်းပါးမှုကြောင့် ထိုပညာများနဲ့ပြည့်စုံမှသာလျှင် “လူကောင်း”ဟု သတ်မှတ်ပါက ယခုခေတ်၌ အလွန်ပင်ရှားပါးနေသောကြောင့် “လူကောင်း”ဟု သတ်မှတ်ခေါ်ဆိုရန် မလွယ်ကူပါ။


သို့သော်လည်း ထိုပညာများကို ထိုးထွင်းမသိမြင်ပေမဲ အားထုတ်ရမည်ဟု သိသောပုဂ္ဂိုလ် လက်တွေ့ အားထုတ်နေသောပုဂ္ဂိုလ်တို့ကို ယခုခေတ်၌ “လူကောင်း”တစ်ယောက်ဟု သတ်မှတ်ခေါ်ဝေါ်နေကြပါသည်။ ၀ိပဿနာပညာ မဂ်ပညာတို့၏ သဘောလက္ခဏာကို မသိသောပုဂ္ဂိုလ် တရာဘာဝနာ အားမထုတ်သောပုဂ္ဂိုလ် အားထုတ်ရမှန်း မသိသောပုဂ္ဂိုလ်တို့နှင့် ယှဉ်ကြည့်ပါက သိသောပုဂ္ဂိုလ် အားထုတ်နေသောပုဂ္ဂိုလ်တို့ကို “လူကောင်း”ဟု သတ်မှတ်နိုင်ပါသည်။ သို့သော် အထက်၌ဖော်ပြခဲ့သော အင်္ဂါ(၆)ပါးနှင့် ပြည့်စုံရပါမည်။


ထိုဝိပဿနာပညာ မဂ်ပညာဟူသော အကြောင်းအရာကို မကြားဖူးသေးသောပုဂ္ဂိုလ် ကြားဖူးသော်လည်း မည်ကဲ့သို့အားထုတ်ရမည်ဟု မသိသေးသောပုဂ္ဂိုလ်များ သိရှိနားလည်၍ လိုက်နာကျင့်ကြံပြီး “လူကောင်း”များ ဖြစ်လာရန်အတွက် ၀ိပဿနာပညာ မဂ်ပညာတို့၏ အကြောင်းကို ရေးသားတင်ပြလိုက်ပါသည်။


ဝိပဿနာပညာ

ဝိပဿနာပညာဆိုသည်မှာ ခန္ဓာကိုယ်ကြီးဟာ အမြဲဖြစ်လိုက် ပျက်လိုက်ဖြစ်နေသောကြောင့် မမြဲခြင်း အနိစ္စ တရားပါလား။ ခန္ဓာကိုယ်ကြီးအတွက် နေ့ညမပြတ် ဆောင်ရွက်ပေးနေရသောကြောင့် ဆင်းရဲခြင်း ဒုက္ခတရား ပါလား။ ခန္ဓာကိုယ်ကြီးဟာ မည်သို့ပင် ဆောင်ရွက်ပေးပါသော်လည်း မိမိအလိုသို့ မလိုက်ဘဲ ဖြစ်ချင်းတိုင်း ဖြစ်နေတဲ့အတွက်ကြောင့် အစိုးမရခြင်း အနတ္တ့တရားပါလားဟု ဖြစ်ပျက်နေသော သင်္ခါရတရားတို့ကို ပညာ ဉာဏ်ဖြင့် ရှု့ခြင်း၊ အကြောင်းအားလျော်စွာ မကြံစည်ဘဲ ဖြစ်ပေါ်လာသည်ကို သိခြင်း၊ ပျက်သွားသည်ကို သိမြင်ခြင်းတို့ ဖြစ်ပါသည်။


ဝိပဿနာပညာကို အားထုတ်သောအခါ လယ်ကတွတ်ပေါက်၌ ငါးကို စောင့်နေသော ဗျိုင်းကဲ့သို့ အားထုတ် ရှု့မှတ်ရပါမည်။ လယ်ကတွတ်ပေါက်၌ ငါးကို စောင့်နေသော ဗျိုင်းသည် ငါးပေါ်လာအောင်လည်း မကြံစည် ပေါ်လာသည့်ငါးကိုလည်း ပျောက်သွားအောင် လုံးလမပြုဘဲ ပေါ်လာသောငါးကိုသာ မိအောင် ဖမ်းသကဲ့သို့ ၀ိပဿနာဉာဏ်ရအောင် အားထုတ်သောပုဂ္ဂိုလ်သည် ဖြစ်ပေါ်လာသော ရုပ်နာမ်အမူအရာ သွားခြင်း ရပ်ခြင်းစသော ဣရိယာပုတ်တို့ကို “သွားတယ်၊ ရပ်တယ်”စသည်ဖြင့် မှတ်ရမည်။ သူ့အလိုလို ဖြစ်ပျက်နေသော သွားခြင်း၊ ရပ်ခြင်း၊ အိပ်ခြင်း၊ စားခြင်း၊ အသက်ရှုခြင်းစသော အခြင်းအရာတို့ကို စိတ်ကသိပြီး ဒီသွားလာလုပ်ရှား စားသောက်နေထိုင် အသက်ရှုတာတွေဟာ သူ့အလိုလိုဖြစ်ပျက်နေတာပါလားဟု အဲဒီသိနေတာလေးကို လိုက်၍ ရှု့မှတ်ရပါမည်။ ဤကဲ့သို့မှတ်လျှင် မှတ်သောအမူအရာ ရုပ်နာမ်မျှကိုသာ စိတ်ကရောက်နေသောကြောင့် လောဘ ဒေါသ မောဟစသော ကိလေသာတို့ မ၀င်နိုင်ဘဲ ၀ိပဿနာပညာဖြစ်လျက် ရှိနေပါသည်။


ထိုဝိပဿနာဉာဏ်ပညာသည် တစ်မျိုးတစ်စားတည်း မဟုတ်ပေ။ အားထုတ်သောပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဖြစ်စဉ်အားဖြင့်(၁၀)မျိုး ရှိပါသည်။ ယင်းတို့မှာ........


၁။ သမ္မသနဉာဏ်-အဓိကအားဖြင့် မိမိ၏ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယာဉ်သုံးပါးသို့တင်၍ သုံးသပ်ဆင်ခြင်တက်သော ဉာဏ်ပညာ။

၂။ ဥဒယဗ္ဗယဉာဏ်-ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ဆိုင်ရာ အကြောင်းကြောင့် ရုတ်ခနဲဆတ်ခနဲ ဖြစ်ပေါ်လာပုံနှင့် မကြာခင်မှာပင် ချုပ်ပျောက်ပျက်စီးသွားသော အဖြစ်အပျက်ကိုရှု့သော ဉာဏ်ပညာ။

၃။ ဘင်္ဂဉာဏ်-ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ အဖြစ်မဖက် အပျက်ချည်းဖြစ်နေသည်ကို ရှု့မြင်သော ဉာဏ်ပညာ။

၎။ ဘယဉာဏ်-ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ အပျက်ကိုချည်း တွေ့မြင်နေရသဖြင့် ရုပ်နာမ်သင်္ခါရတို့ကို ကြောက်မက်ဖွယ်ဘေးကြီးပါလားဟု ထင်မြင်လာသော ဉာဏ်ပညာ။

၅။ အာဒီန၀ဉာဏ်-ရုပ်နာမ်သင်္ခါရတို့ကို ကြောက်မက်ဖွယ် ဘေးကြီးပါလားဟု ရှု့မြင်ရသဖြင့် ရုပ်နာမ်သင်္ခါရ တရားတို့၌ အပြစ်ဟု ထင်မြင်လာသော ဉာဏ်ပညာ။


၆။ နိဗ္ဗိဒါဉာဏ်-အပြစ်ဟု ထင်မြင်နေသော ရုပ်နာမ်သင်္ခါရတရားတို့အပေါ်၌ မတွယ်တာ မပျော်ရွှင်နိုင်တော့ဘဲ ငြီးငွေ့လာသော ဉာဏ်ပညာ။

၇။ မုစ္စိတုကမျတာဉာဏ်-ရုပ်နာမ်သင်္ခါရတို့အပေါ်၌ ငြီးငွေ့လာ၍ ထိုခန္ဓာငါးပါးတို့မှ လွတ်မြောက်လိုခြင်း ဖြစ်ပေါ်လာသော ဉာဏ်ပညာ။

၈။ ပဋိသင်္ခါရဉာဏ်-ရုပ်နာမ်သင်္ခါရတို့မှ လွတ်မြောက်ရန် အကြောင်းတရားတို့နှင့် ပြည့်စုံခြင်းငှါ ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၌ အနိစ္စ ဒုက္ခ အနတ္တဟု ထပ်မံ၍ ရှု့မြင်ထင်မြင်လာသော ဉာဏ်ပညာ။

၉။ သင်္ခါရုပေက္ခာဉာဏ်-ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းကို မဖြစ်စေဘဲ လျစ်လျူ ရှု့နိုင်သော ဉာဏ်ပညာ။

၁၀။ အနုလောမဉာဏ်-အောက်၌ဖော်ပြခဲ့သော ၀ိပဿနာဉာဏ်ပညာနှင့် အထက်မဂ်ခဏ၌ ရလတ္တံ့သော ဗောဓိပက္ခိယတရားတို့ကို ရရှိအောင် ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု ရှု့မှတ်သော ဉာဏ်ပညာတို့ ဖြစ်ပါသည်။


မဂ်ဖိုလ်ပညာ

မဂ်ဖိုလ်ပညာဆိုသည်မှာ ဒုက္ခအရိယသစ္စာ၊ ဒုက္ခသမုဒယအရိယသစ္စာ၊ ဒုက္ခနိရောဓအရိယသစ္စာ၊ ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာဟု ဆိုအပ်သော သစ္စာလေးပါးတရားတို့ကို သိမြင်ခြင်း ဖြစ်ပါသည်။

၁။ ဒုက္ခအရိယသစ္စာ-ဇာတိ ဇရာ မရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည် ဒုက္ခအရိယ သစ္စာများ ဖြစ်ပါသည်။ မချစ်ခင် မနှစ်သက်သောသူတို့နဲ့တွေ့ဆုံ ပေါင်းသင်းနေထိုင်ရခြင်း၊ မိမိလိုချင် ဖြစ်ချင် သည်ကို မရဘဲနဲ့ မလိုချင် မဖြစ်ချင်သည်ကိုဖြစ်ရခြင်းစသည်တို့သည်လည်း ဒုက္ခအရိယသစ္စာဖြစ်ပါသည်။


ဇာတိ-သတ္တ၀ါတို့သည် တစ်ဘပြီး တစ်ဘ၀သို့ ပြောင်းရွေ့ဖြစ်နေရခြင်း၊ အမိဝမ်းတွင်းသို့ သက်ဝင်၍နေရခြင်း၊ ခန္ဓာကိုယ်အစရှိသော ကိုယ်လက်အင်္ဂါတို့ တဖြည်းဖြည်း တစ်ခုပြီးတစ်ခု ထင်ရှားဖြစ်နေရခြင်း စသည်တို့ကို ဇာတိဟု ခေါ်ပါသည်။


ဇရာ-သတ္တ၀ါတို့၏ ခန္ဓာကိုယ်မှာရှိသော ဆံပင်ဖြူခြင်း၊ သွားကျိုးခြင်း၊ အသားအရေတွန့်ခြင်း၊ ရုပ်တရားတို့၏ တစ်နေ့တခြား အိုမင်းရင့်ရော်လာခြင်း၊ မျက်စိစသော ဣနြေ္ဒတို့၏ ပျက်စီးလာခြင်းတို့ကို ဇရာဟု ခေါ်ပါသည်။


မရဏ-သတ္တ၀ါတို့၏ တစ်ဘ၀ဆုံး၍ သေကြေပျက်စီးပြီး စုစိစိတ်ကျခြင်းကို မရဏဟု ခေါ်ပါသည်။


သောက-သတ္တ၀ါတို့သည် တစ်စုံတစ်ခုသော ဆင်းရဲဒုက္ခနဲ့တွေ့ကြုံသောအခါ စိုးရိမ်ပူပန်ခြင်း၊ မိမိကြောင့် ဖြစ်သော အမှုကိစ္စကို စိုးရိမ်ပူပန်ခြင်း၊ သူတစ်ပါးတို့၏ အမှုကိစ္စကို စိုးရိမ်ပူပန်ခြင်း စသည်တို့ကို သောကဟု ခေါ်ပါသည်။


ပရိဒေ၀- သတ္တ၀ါတို့သည် တစ်စုံတစ်ခုသော အကြောင်းကိစ္စကြောင့် ငိုကြွေးခြင်း၊ မိမိ၏ အကြောင်းကိစ္စ ကြောင့်သော်လည်းကောင်း၊ သူတစ်ပါးတို့၏ အကြောင်းကိစ္စကြောင့်သော်လည်းကောင်း ငိုကြွေးခြင်း စသည်တို့ကို ပရိဒေ၀ဟု ခေါ်ပါသည်။


ဒုက္ခ- သတ္တ၀ါတို့၏ သာယာနှစ်သက်ဖွယ်မရှိသော ခန္ဓာကိုယ်ကြီးကို အမြဲပြုပြင်နေရသော ဆင်းရဲခြင်းစသည် တို့ကို ဒုက္ခဟု ခေါ်ပါသည်။


ဒေါမနဿ- သတ္တ၀ါတို့သည် စိတ်နဲ့အကြိုက်မတွေ့သောအခါ စိတ်ဆင်းရဲခြင်း၊ မိမိဖြစ်ချင်သော အမှုကိစ္စများ မဖြစ်ရသောအခါ စိတ်ဆင်းရဲရခြင်း၊ မိမိလိုချင် ရချင်သော အရာဝတ္ထုများကို မရသောအခါ စိတ်ဆင်းရဲရခြင်း စသည်တို့ကို ဒေါမနဿဟု ခေါ်ပါသည်။


ဥပါယာသ-သတ္တ၀ါတို့သည် အမှုကိစ္စကို ဆောင်ရွက်သောအခါ ပင်ပန်းရခြင်း၊ တစ်စုံတစ်ခုသော ပျက်စီး ဆုံးရှုံးမှုများနှင့်ရင်ဆိုင်ရသောအခါ ပင်ပန်းရခြင်း၊ မိမိလုပ်ခဲ့သော အမှုကိစ္စကို ပြန်စဉ်းစားပြီး ပင်ပန်းရခြင်း၊ သူတစ်ပါးလုပ်ခဲ့သော အမှုကိစ္စအတွက် ပင်ပန်းရခြင်း စသည်တို့ကို ဥပါယာသဟု ခေါ်ပါသည်။


၂။ ဒုက္ခသမုဒယ အရိယသစ္စာဆိုသည်မှာ ကာမတဏှာဟူသော ကာမဂုဏ်အာရုံတို့၌ တပ်မက် နှစ်သက်သောတဏှာ၊ ဘ၀တဏှာဟူသော မိမိလက်ရှိ ရရှိနေသောဘ၀ကို နှစ်သက်တပ်မက်သော တဏှာ၊ ၀ိဘ၀တဏှာဟူသော နောင်ထပ်ရရှိမည့်ဘ၀ကို နှစ်သက်တပ်မက်သောတဏှာတို့ကို ဒုက္ခ၏ အကြောင်းတရား အဖြစ် အမှန်အတိုင်း သိမြင်ခြင်း ဖြစ်ပါသည်။


၃။ ဒုက္ခနိရောဓ အရိယသစ္စာဆိုသည်မှာ ဒုက္ခသမုဒယ အရိယသစ္စာ၌ပါဝင်သော တဏှာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်ခြင်းကို ဆိုလိုပါသည်။


၎။ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာဆိုသည်မှာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဟု ဆိုအပ်သော မြတ်သောအင်္ဂါရှစ်ပါးရှိသော မဂ်အကျင့်လမ်းကို ကျင့်ခြင်းဖြစ်ပါသည်။


သမ္မာဒိဋ္ဌိဆိုသည်မှာ ဒုက္ခတရားတို့ကို သိမြင်ခြင်း၊ ဒုက္ခ၏ဖြစ်ကြောင်းတရားတို့ကို သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်ကို သိမြင်ခြင်း၊ ဒုက္ခခပ်သိမ်းတို့၏ အေးငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်တရားတို့၌ သိမြင်ခြင်းတို့ကို ခေါ်ပါသည်။


သမ္မာသင်္ကပ္ပဆိုသည်မှာ ကာမဂုဏ်အာရုံတို့မှ လွတ်ကင်းသော အရာဝတ္ထုတို့ကို ကြံစည်ခြင်း၊ မိမိသူတစ်ပါး ပျက်စီးကြောင်းတရားတို့မှ လွတ်ကင်းသည်ကို ကြံစည်ခြင်း၊ မိမိသူတစ်ပါး ညှင်းဆဲခြင်း အမှုကိစ္စတို့မှ လွတ်ကင်း သော တရားတို့ကို ကြံစည်ခြင်းတို့ ဖြစ်ပါသည်။


သမ္မာဝါစာဆိုသည်မှာ မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်းတိုက်စကားတို့ကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသောစကားတို့ကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ အကျိုးမရှိ အချည်းနှီးသော စကားတို့ကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၍ မှန်ကန်သင့်မြတ် အကျိုးရှိသောစကားတို့ကိုသာ ပြောဆိုခြင်းတို့ ဖြစ်ပါသည်။


သမ္မာကမ္မန္တဆိုသည်မှာ သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးတို့က ကြည်ဖြူစွာ မပေးသော ပစ္စည်းဥစ္စာတို့ကို ယူခြင်းမှရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်အာရုံတို့၌ မတရားသောနည်းဖြင့်ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ ဖြစ်ပါသည်။


သမ္မာအာဇီဝဆိုသည်မှာ ယုတ်မာသော အသက်မွေးမှုမှ ရှောင်ကြဉ်ခြင်း၊ မဟုတ်မမှန်မှားယွင်းသော အသက် မွေးမှုမှ ရှောင်ကြဉ်ခြင်းတို့ ဖြစ်ပါသည်။


သမ္မာဝါယာမဆိုသည်မှာ မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကို မဖြစ်အောင်အားထုတ်ခြင်း၊ ဖြစ်ပြီးသော ယုတ်မာသော ကုသိုလ်တရားတို့ကို ပယ်သတ်နိုင်အောင် အားထုတ်ခြင်း၊ မဖြစ်သေးသော ကုသိုလ် တရားတို့ကိုရရှိအောင် အားထုတ်ခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တည်မြဲတိုးပွားအောင် အားထုတ်ခြင်းတို့ ဖြစ်ပါသည်။


သမ္မာသတိဆိုသည်မှာ ကိုယ်တွင်း၌ ဖြစ်ပျက်လှုပ်ရှားနေမှုများ၊ တွေ့ထိခံစားရမှုများ၊ စိတ်တွင်းဖြစ်ပေါ်နေသော စိတ်ကူးကြံဆချက်များ၊ ထိုသို့ဖြစ်ပေါ်နေသော တရားတို့ကို တရားရှု့မှတ်နေခြင်းစသော အဖြစ်အပျက်အားလုံး တို့ကို လုံ့လပြု၍ စောင့်ကြပ်ကြည့်ရှု့နေသော သတိကို သမ္မာသတိဟု ခေါ်ပါသည်။


သမ္မာသမာဓိဆိုသည်မှာ ပထမဈာန်အဆင့်တွင် ၀တ္ထုကာမ၊ ကိလေသာကာမတို့မှ ကင်းဆိတ်သည့်အတွက် ကာမဂုဏ်၌အလိုရှိခြင်း၊ မကောင်းကြံခြင်း၊ စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းညှိုးနွမ်းခြင်း၊ စိတ်မငြိမ်မသက် ပြန့်လွင့်ခြင်း၊ ယုံမှားတွေးတောခြင်းအစရှိသော နီဝရဏတရားတို့ကို ပယ်ဖျောက်ပြီးဖြစ်သောကြောင့် အနည်း ငယ်သောကြံစည်မှု၊ စဉ်းစားမှုများနှင့်သာ နှစ်သိမ့်ချမ်းသာခြင်း ပီသုခကို ခံစား၍နေ၏။


ဒုတိယဈာန်အဆင့်တွင် ကြံစည်မှု၊ စဉ်းစားမှုစသည့် ဉာဏ်လှုပ်ရှားမှုစသည်တို့ကို ပယ်သတ်လျက် စိတ်ကိုစိတ်၌သာ စူးစိုက်ထားခြင်းအားဖြင့် ကြည်လင်တည်ငြိမ်စေလျက် ပီတိသုခတို့ကို ဆက်လက်ခံစား၍ နေ၏။


တတိယဈာန်အဆင့်တွင် ထင်ရှားစွာခံစားရသော နှစ်သိမ့်မှု ပီတိကိုပင်စွန့်ပစ်လျက် စိတ်၏ချမ်းသာမှု တစ်ခုတည်းကိုသာခံစားပြီး အညီအမျှ ရှုလျက်နေ၏။


စတုတ္ထဈာန်အဆင့်တွင် ခံစားမှုအားလုံးတို့ကို စွန့်လွှတ်လိုက်ပြီး ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းများကင်းပြီး သတိရှိစွာနေလေ၏။

ဤမှန်သော အားထုတ်မှု၊ မှန်သော အောက်မေ့မှတ်သားမှု၊ မှန်သောတည်ငြိမ်မှုသုံးပါးသည် စိတ်ကိုဆုံးမသည့် သိက္ခာရပ်များဖြစ်သောကြောင့် သမ္မာသမာဓိဖြစ်ပါသည်။


အထက်၌ ဖော်ပြခဲ့သောတရားများသည် မဂ်ဖိုလ်ပညာ၏ သဘောတရားများ ဖြစ်ပါသည်။ ထိုမဂ်ဖိုလ်ပညာ တို့ကို အမှန်အတိုင်းကောင်းစွာ သိမြင်သောပုဂ္ဂိုလ်သည် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ဧကန် ရောက်ရှိမည် ဖြစ်ပါသည်။


ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် နိဗ္ဗာန်ရွှေပြည်မြတ်ကို ယခုဘ၀မှာရရှိအောင် အားမထုတ်နိုင်လျှင်သော်မှ နောင်ဘ၀မှာရရှိရန်အတွက် ၀ိပဿနာပညာ၊ မဂ်ပညာများကို တတ်သိနားလည်အောင် လေ့လာမှတ်သားပြီး ကျင့်ကြံကြိုးကုတ် အားထုတ်ကြရန် လိုပါသည်။ သို့မှသာလျှင် လူဖြစ်ရကျိုးနပ်သော “လူကောင်း”တစ်ယောက် ဖြစ်ပါလိမ့်မည်။


ယခုအခါ “လူကောင်း”တစ်ယောက် ပြည့်စုံရမည့် သူတော်ကောင်းဥစ္စာ(၇)ပါး၏ အကျယ်အဓိပ္ပါယ်ကို ဖွင့်ဆိုပြခဲ့ပြီးပါပြီ။ ထိုသူတော်ကောင်းဥစ္စာ(၇)ပါးနှင့်ပြည့်စုံလျှင် “လူကောင်း”တစ်ယောက်ဖြစ်ရုံသာမက အရိယာသူတော်ကောင်းဟုပင် ခေါ်ဝေါ်နိုင်ကြောင်း မြတ်ဗုဒ္ဓက “သုပ္ပဗုဒ္ဓကုဋ္ဌိလူနူဝတ္ထု”တွင် မိန့်ကြားခဲ့ပါသည်။ ထိုသို့ မိန့်ကြားခဲ့သော သုပ္ပဗုဒ္ဓကုဋ္ဌိလူနူဝတ္ထုကို နောက်တစ်ပါတ်တွင် ဆက်လက်ရေးသားတင်ပြပေးပါမည်။ ခုတော့ ဒီမျှနဲ့ပဲ နားပါရစေ။

Saturday, July 17, 2010

သံဃိကဒါနဖြစ်အောင် လှူပုံလှူနည်း

သံဃိကဒါနဆိုသည်မှာ သံဃာအားလုံးကို ရည်မှန်း၍ လှူဒါန်းသောဒါနဖြစ်ပါသည်။ မိမိလှူမည့် ဆွမ်းသင်္ကန်း စသော ပစ္စည်းများကို သာသနာတော်၌ရှိသမျှ သံဃာအားလုံးကို ရည်မှန်း၍လှူဒါန်းလျှင် ရဟန္တာပုဂ္ဂိုလ်များမှအစ ပုထုဇဉ်ရဟန်းသံဃာများပါမကျန် သံဃာအားလုံးကို လှူဒါန်းရာရောက်လေ၏။ ထိုလှူသော ပစ္စည်းဝတ္ထုများကို အနီးအနားမှာရှိသော သံဃာများသုံးဆောင်လို့ ရပါသည်။ သံဃာအားလုံးကို ရည်မှန်း၍ လှူဒါန်းထားခြင်းဖြစ်သော်လည်း သံဃာအားလုံးကို လိုက်ပြီးဝေငှရန် မလိုပါ။


ထိုကဲ့သို့ သံဃိကဒါနဖြစ်အောင် လှူဒါန်းရာတွင် စိတ်ကလည်း သံဃာအားလုံးသို့ညွတ်၍ လှူဒါန်းမှသာလျှင် သံဃိကဒါနအစစ် ဖြစ်ပါသည်။ နှုတ်က သံဃဿဒေမ-သံဃာအားလုံးအား လှူဒါန်းပါ၏ဟု ဆိုနေပါသော်လည်း စိတ်က မိမိကြည်ညိုနေသော ကျောင်းတိုက်သံဃာ၊ ကိုယ်ကြည်ညိုနေသော ဘုန်းကြီးကိုသာ လှူချင်စိတ်ဖြစ်နေပါက သံဃိကဒါန အစစ်မဖြစ်နိုင်ပါ။


ထို့ကြောင့် မိမိတို့သည် ရဟန်းသံဃာများကို မည်သည့်ပစ္စည်းဝတ္ထုကိုမဆို လှူဒါန်းရာ၌ နှုတ်ကလည်းဆို စိတ်ကလည်း သံဃာအားလုံးကို အာရုံပြု၍ လှူဒါန်းကြရန် လိုပါသည်။


စာဂနဲ့ပြည့်စုံသော “လူကောင်း”တစ်ယောက်သည် လှူဒါန်းမှုတို့ကို ပြုသောအခါ၌ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာတို့ကို မတောင်းတပါ။ နိဗ္ဗာန်ချမ်းသာ တစ်ခုတည်းကိုသာ ရရန်အတွက် ရည်မှန်း၍ လှူဒါန်းပါသည်။ လူချမ်းသာ၊ နတ်ချမ်းသာတို့သည် ကောင်းမှုကုသိုလ်ပြုသည့်အလျောက် အကျိုးတရား ခံစားရမည်ဖြစ်သောကြောင့် ဆုတောင်းစရာမလိုဘဲ ပြည့်စုံသောကြောင့်လည်းကောင်း၊ ဤကာမချမ်းသာတို့သည် ၀ဋ်ဒုက္ခမှ မလွတ်မြောက်သေး သောကြောင့်လည်းကောင်း မတောင်းတခြင်း ဖြစ်ပါသည်။


စာဂနဲ့ပြည့်စုံ၍ လှူဒါန်းပူဇော်သူတို့သည် နောင်သံသရာတို့၌ ဆုတောင်းစရာမလိုဘဲ ဧကန်ရရှိမည့် အကျိုးတရား (၇)ပါးရှိပါသည်။ ၎င်းတို့မှာ......

၁။ သိကြားမင်းစည်းစိမ်၊

၂။ မာရ်နတ်စည်းစိမ်၊

၃။ ဗြဟ္မာစည်းစိမ်၊

၎။ စကြာမင်းစည်းစိမ်၊

၅။ သာဝကပါရမီဉာဏ်၊

၆။ ပစ္စေကဗောဓိဉာဏ်၊

၇။ အဘိသမ္ဗောဓိဉာဏ်တို့ကို အကျိုးတရား အားလျော်စွာ ရရှိပါသည်။


ထို့ပြင် မျက်မှောက် တမလွန်ဘ၀တို့၌ရရှိမည့် အကျိုးတရားများလည်း ရှိပါသေးသည်။ ယင်တို့မှာ မျက်မှောက်ဘ၀၌..........

၁။ များစွာသော ရဟန်းရှင်လူတို့၏ ချင်ခင်မှုကို ခံရခြင်း၊

၂။ သူတော်ကောင်းတို့၏ ချဉ်းကပ်မှုကို ခံရခြင်း၊

၃။ ကောင်းသောကျော်စောသတင်း ပျံ့နှံ့ခြင်း၊

၎။ ပရိသတ်အလယ်သို့ ရဲဝင့်စွာ သွားလာရဲခြင်းစသော အကျိုးတရားများ ရရှိပါသည်။ ထို့ပြင် နောင်ဘ၀၌ နတ်ပြည်သို့ရောက်ရခြင်း အကျိုးတရားလည်း ရရှိပါလိမ့်မည်။


စာဂ-စွန့်ကြဲပေးကမ်းမှုပြုရာ၌ ပေးကမ်းလှူဒါန်းပုံ (၃)မျိုးဖြင့် ပေးလှူလေ့ရှိကြပါသည်။ ယင်းတို့မှာ..........

၁။ ဒါနဒါသ-ပေးကမ်းစွန့်ကြဲသူသည် မိမိကကောင်းသော အရာဝတ္ထုတို့ကို သုံးဆောင်ခံစား၍ သူတစ်ပါးတို့အား ကျေးကျွန်ကဲ့သို့ သဘောထားပြီး မကောင်းသောအရာဝတ္ထုတို့ကို ပေးကမ်းစွန့်ကြဲသောသူ။

၂။ ဒါနသဟာယ-မိမိသုံးဆောင်ခံစားသော အရာဝတ္ထုကိုပင် သူတစ်ပါးတို့အား သူငယ်ချင်းကဲ့သို့ သဘောထားပြီး ပေးကမ်းစွန့်ကြဲသောသူ။

၃။ ဒါနပတိ-မိမိက သင့်လျော်ရုံသာဖြစ်သော ပစ္စည်းဝတ္ထုတို့ကို သုံးဆောင်ခံစား၍ သူတစ်ပါးတို့အား အရှင်သခင်ကဲ့သို့ သဘောထားပြီး ကောင်းမွန်သော အရာဝတ္ထုတို့ကိုသာ ပေးကမ်းစွန့်ကြဲသောသူတို့ ဖြစ်ပါသည်။


ထိုကဲ့သို့ ပေးကမ်းစွန့်ကြဲမှု (၃)မျိုးတို့ဖြင့် ပေးကမ်းလှူဒါန်းတတ်ကြရာတွင် “လူကောင်း” တစ်ယောက်ဖြစ်ရန်အတွက် စာဂမှုကိုပြုသောအခါ ဒါနပတိဖြင့် ပေးကမ်းစွန့်ကြဲလှူဒါန်းရန် လိုပါသည်။ သို့မှသာလျှင် ယခုဘ၀မှာလည်း အလှူခံပုဂ္ဂိုလ်တို့ ၀မ်းမြောက်ဝမ်းသာဖြစ်ရသကဲ့သို့ လှူရသောမိမိတို့မှာလည်း ၀မ်းသာမှုများဖြစ်ပြီး နောင်ဘ၀တို့၌လည်း ကောင်းမွန်သော ချမ်းသာသုခတို့ကို ရရှိမည်ဖြစ်ပါသည်။


ဤကဲ့သို့ မိမိတို့သည် စာဂ-စွန့်ကြဲပေးကမ်းမှုကို ပြုခဲ့မှသာလျှင် ဖြစ်လေရာဘ၀တို့၌ ကျန်ရှိသောပါရမီတို့ကို ဖြည့်ကျင့်နိုင်ပါလိမ့်မည်။ ဒါန-ကောင်းမှုသည် ပါရမီအားလုံးတို့၏ အခြေခံဖြစ်ပါသည်။ ထိုကဲ့သို့ ဒါနအမှုသည် ပါရမီအားလုံးတို့၏ အခြေခံဖြစ်သောကြောင့် မြတ်ဗုဒ္ဓသည်ပင် ဒါနပါရမီကို ရှေးဦးစွာ ဖြည့်ကျင့်ခဲ့ခြင်း ဖြစ်ပါသည်။


ဒါန-စွန့်ကြဲပေးကမ်းမှုကိုပြုလျှင် သတ္တ၀ါတို့ကို လွှမ်းမိုးအုပ်စိုးနိုင်ပါသည်။ ပေးကမ်းသောသူ၏စကားကို ပေးကမ်းခံရသောပုဂ္ဂိုလ်က နားထောင်တတ်ကြပါသည်။ ပေးကမ်းမှုပြုလျှင် မယဉ်ကျေးသောသူကို ယဉ်ကျေးစေနိုင်သကဲ့သို့ မုန်းသူသည်ပင် မိမိအလိုသို့ ပါလာနိုင်ပါသည်။ ၀မ်းမြောက်ဝမ်းသာဖြင့် ပေးကမ်းစွန့်ကြဲနေရ ခြင်းသည် အလွန်ပျော်ရွှင်စရာကောင်းသကဲ့သို့ သံသရာဝယ် ကြီးကျယ်ခမ်းနားပေါများလေသမျှသည်လည်း ဒါန၏ အကျိုးများပင် ဖြစ်ပါသည်။



“အူမတောင့်မှ သီလဆောက်တည်နိုင်မည်”ဟု ပြောဆိုနေကြသည့်အတိုင်း ဒါနမရှိလျှင် သီလပါရမီကို ဖြည့်ကျင့်ရန် ခဲယဉ်းပါသည်။ ထို့အတူ ပညာပါရမီဖြည့်ကျင့်ဖို့ရာ၊ ပညာရှာဖို့ရာမှာလည်း ဒါနချို့တဲ့ ပစ္စည်းမဲ့သူများမှာ ဖြစ်သလိုပညာသင်ကြား ဖြည့်ကျင့်ရပါသည်။ ပစ္စည်းမရှိလျှင် မိမိက ရိုးရိုးသားသား ပြောသောစကားကိုပင် အထင်လွဲခံရတတ်ရ၍ ခန္တီပါရမီဖြည့်ကျင့်ရန်မှာလည်း မလွယ်ကူလှပေ။ “ဥစ္စာမရှိ ကတိမတည်”ဆိုသည့်အတိုင်း ကတိသစ္စာဟူသော သစ္စာပါရမီဖြည့်ရန်လည်း ၀န်လေးလှပေသည်။ မိမိ၌ ဥစ္စာပစ္စည်းမရှိ၍ မိမိထက်သာသောသူကို မြင်လျှင်လည်း “ကိုယ့်ထက်သာ မနာလို”ဆိုသည့်အတိုင်း တွေ့သမျှလူများ၊ သတ္တ၀ါများပေါ်မှာ မေတ္တာပါရမီ ထားတတ်ရန်မှာလည်း ဝေးကွာလှပေသည်။



ထို့ကြောင့် ဒါနပါရမီသည် ပါရမီအားလုံး၏ အခြေခံဖြစ်သည်ဟု ဆိုရခြင်း ဖြစ်ပေသည်။ ထို့ကြောင့်လည်း မြတ်စွာဘုရားသည် ပါရမီဖြည့်စဉ် အလောင်းတော်ဘ၀၌ ဒါနပါရမီကို ရှေးဦးစွာ ဖြည့်ကျင့်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ဒါန-ပေးကမ်းစွန့်ကြဲခြင်း၏ အရေးပါပုံကိုသိသော ကျွန်ုပ်တို့လူသားများသည် စာဂမှုကိုပြုလုပ်လျှင် “လူကောင်း”တစ်ယောက် ဖြစ်ရုံသာမက သံသရာအတွက်ပါ အကျိုးတရားများကို ရရှိမည်ဖြစ်သောကြောင့် စာဂမှုကို အမြဲတစေ ပြုလုပ်ကြရန် လိုအပ်လှပါသည်။

နောက်တစ်ပါတ်တွင် ပညာ၏ အဓိပ္ပါယ်ကို ဆက်လက်ရေးသားတင်ပြပေးပါမည်။

Wednesday, July 7, 2010

စာဂ အဓိပ္ပါယ်

စာဂဆိုသည်မှာ သန့်ရှင်းစင်ကြယ်သော စိတ်ရှိရမည်။ တွန့်တိုမှုမရှိသော ပေးကမ်းစွန့်ကြဲမှုရှိရမည်။ လှူဒါန်းမှုနဲ့မပြတ်သော လက်ရှိရမည်။ လှူဒါန်းမှု၌ မွေ့လျော်ရမည်။ အလှူခံပုဂ္ဂိုလ်တို့နှင့် ယှဉ်တွဲမှုရှိရမည်။ ဤအချက်များနှင့် ပြည့်စုံသောသူကို စာဂနဲ့ပြည့်စုံသောသူဟူ၍ ခေါ်ပါသည်။

“စာဂ” စွန့်ကြဲပေးကမ်းသည်ဆိုသည်မှာ ဒါနအမှုကို ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။ ဒါနကုသိုလ်ပြုလုပ်ရာတွင် စေတနာဒါန ၀တ္ထုဒါနဟု နှစ်မျိုးရှိပါသည်။ ဆွမ်းသင်္ကန်းစသော လှူဖွယ်ပစ္စည်းများသည် ၀တ္ထုဒါနဖြစ်၏။ ထိုဝတ္ထုများကို စွန့်ကြဲပေးကမ်းလှူဒါန်းနေသောအခါ မိမိ၏စိတ်သန္တာန်၌ ဖြစ်ပေါ်နေသော စေတနာသည် စေတနာဒါနဖြစ်ပါသည်။

မိမိလှူဒါန်းသော ကောင်းမှုကုသိုလ်ကံက အကျိုးပေးသောအခါ မိမိစိတ်သန္တာန်၌ဖြစ်ပေါ်နေသော စေတနာဒါနအားလျော်စွာ အကျိုးကျေးဇူးခံစားရပါသည်။ ဆွမ်းစသော လှူဖွယ်များနှင့် ရဟန်းသံဃာစသော အလှူခံပုဂ္ဂိုလ်များသည် အလှူဒါနကို စေတနာထက်သန်အောင် ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် လှူဒါန်းမှုပြုလုပ်သောအခါ ပစ္စည်းဝတ္ထုမွန်မြတ်လေ စိတ်စေတနာမွန်မြတ်အောင် ထားနိုင်ခြင်း ဖြစ်ပါသည်။

ဥပမာ- သာမန်ရိုးရိုးဆွမ်းလှူသောအခါနှင့် အထူးတလည် စီမံချက်ပြုတ်၍ ဆွမ်းလှူသောအခါ နှစ်မျိုးတို့တွင် ရိုးရိုးသူများစီမံပေးသောဆွမ်းကို အာရုံပြုရသောစေတနာသည် ကိုယ်တိုင်ချက်ပြုတ်ပြီး လှူဒါန်းရသော စေတနာလောက် ထက်သန်ခြင်း မရှိလှပေ။

ထို့ပြင် ပစ္စည်းနည်းနည်းကိုလှူရန်နှင့် ပစ္စည်းများစွာဖြင့် ကြီးကျယ်ခမ်းနားစွာလှူရန် အားထုတ်ရာ၌လည်း အားထုတ်မှုလုံးလချင်း မတူသကဲ့သို့ စေတနာဖြစ်မှုလည်း မတူညီနိုင်ပါ။ နည်းနည်းလှူရန် အားထုတ်သောအခါ တစ်ခဏမျှသာ အားထုတ်ရသောကြောင့် မလှူမီပစ္စည်းဝတ္ထုများကို စုဆောင်းစဉ်၌ဖြစ်သော ပုဗ္ဗစေတနာ၊ လှူဒါန်းနေသောအခါ၌ဖြစ်သော မုဉ္စစေတနာ၊ လှူဒါန်းပြီးနောက် မိမိအလှူကို ၀မ်းမြောက်ဝမ်းသာဖြစ်သော အပရစေတနာတို့သည် တခဏမျှသာ ဖြစ်ရပါသည်။ များများလှူရန် အားထုတ်သောအခါ အလှူဝတ္ထု များသလောက် အချိန်ကြာအောင် အားထုတ်ရသောကြောင့် စေတနာဖြစ်မှုကလည်း အချိန်ကြာမြင့်စွာ ဖြစ်နိုင်ပါသည်။

သို့သော် အချို့သောပုဂ္ဂိုလ်များသည် အကြီးအကျယ်လှူဒါန်းနေပါသော်လည်း ၀မ်းမြောက်ဝမ်းသာမဖြစ်ဘဲ လှူဒါန်းသူများလည်း ရှိပါသေးသည်။ ထိုသို့သောပုဂ္ဂိုလ်များကို လှူဖွယ်ဝတ္ထုများ၍ စေတနာဖြစ်မှု များမည်ဟု မဆိုနိုင်ပါ။ အချို့သောပုဂ္ဂိုလ်များသည် စေတနာဖြစ်နေစဉ် လှူရသောကြောင့် လှူဖွယ်ဝတ္ထုနည်းသော်လည်း စေတနာဖြစ်မှုများသော ပုဂ္ဂိုလ်များလည်းရှိပါသည်။

ထိုကဲ့သို့ စေတနာအမျိုးမျိုးဖြင့် ပေးလှူသော စွန့်ကြဲမှုကို စာဂဟုခေါ်နိုင်သော်လည်း စင်ကြယ်သောစိတ်၊ တွန့်တိုမှုမရှိသောစိတ်၊ လှူဒါန်းပေးကမ်းမှု၌ မွေ့လျော်သောစိတ်တို့ဖြင့် ပေးကမ်းစွန့်ကြဲသောသူကိုသာလျှင် စာဂနဲ့ပြည့်စုံသော “လူကောင်း”ဟု ခေါ်ဆိုနိုင်ပါသည်။

စာဂနဲ့ပြည့်စုံသော လူကောင်းတစ်ယောက်သည် စွန့်ကြဲပေးကမ်းရာ၌လည်း မိမိပေးကမ်းမည့် အလှူခံ ပုဂ္ဂိုလ်တို့ကို ရွေးချယ်လှူဒါန်းတက်သောကြောင့် အကျိုးများစွာ ရရှိပါသည်။ ရွေးချယ်တတ်ပုံမှာ မိမိလှူမည့် အလှူခံပုဂ္ဂိုလ်သည် သီလ သမာဓိ ပညာရှိမရှိကိုကြည့်ပြီး လှူဒါန်းပေးကမ်းပါသည်။ ထို့အတူ သံဃာကို လှူဒါန်းလျှင်လည်း ပုဂ္ဂိုလ်စွဲ ဂိုဏ်းစွဲမထားဘဲ သံဃိကဒါနဖြစ်အောင် လှူဒါန်းပါသည်။ ထိုသို့လှူဒါန်းမှသာလျှင် အကျိုးပို၍ များမည်ဟု သိရှိပါသည်။

လှူဒါန်းပေးကမ်းသောပုဂ္ဂိုလ်သည် သီလ သမာဓိ ပညာကြီးမားသော ရဟန်းရှင်လူတို့ကို လှူဒါန်းလျှင် ပို၍အကျိုးများပေသည်။ သီလ သမာဓိ ပညာနည်းသော ရဟန်းရှင်လူတို့ကို လှူဒါန်းလျှင် အကျိုးရရှိမှု နည်းပါသည်။ ထိုကဲ့သို့ အကျိုးများမှု အကျိုးနည်းမှုတို့နဲ့ ပတ်သတ်၍ ပေတ၀တ္ထုပါဠိတော်၌ “အလှူခံပုဂ္ဂိုလ်သည် လယ်ယာနဲ့တူ၏။ အလှူရှင်တို့သည် လယ်ယာလုပ်သူနဲ့တူ၏။ လှူဖွယ်ဝတ္ထုများသည် မျိုးစေ့နဲ့တူ၏။ နောင်သံသရာ၌ ရရှိမည့်အကျိုးတရားတို့သည် မျိုးစေ့မှအပင်ပေါ်က်၍ အသီးသီးခြင်းနဲ့တူ၏”ဟု ဥပမာဖြင့် ပြဆိုထားပါသည်။

၁။ လယ်ယာမြေကောင်း မကောင်းလိုက်၍ အသီးအပင်ကွာခြားသကဲ့သို့ အလှူခံပုဂ္ဂိုလ် သီလရှိမရှိလိုက်၍ အကျိုးပေး ကွာခြားနိုင်ပါသည်။
၂။ မျိုးစေ့အောင် မအောင်လိုက်၍ အသီးအပင်ကွာခြားသကဲ့သို့ တရားသဖြင့်ရသောပစ္စည်း ဟုတ်မဟုတ်နှင့် အနည်းအများပေါ်မူတည်၍ အကျိုးပေးကွာခြားနိုင်ပါသည်။
၃။ လယ်ယာလုပ်သူက နားလည်မလည်၊ လုံးလ၀ီရိယ ရှိမရှိလိုက်၍ အသီးအပင်ကွာခြားသကဲ့သို့ အလှူရှင်က ယုံကြည်ခြင်း သဒ္ဓါတရား အပြည့်အ၀ရှိပြီး အားတက်သရောနှင့် ၀မ်းမြောက်ဝမ်းသာဖြစ်မှု မုဉ္စစေတနာ ဖြစ်မဖြစ်ပေါ်မူတည်၍ အကျိုးပေးကွာခြားနိုင်ပါသည်။
၎။ မစိုက်ပျိုးမီ မျိုးစေ့တို့ကို ပြုပြင်ခြင်းရှိမရှိလိုက်၍ အသီးအပင် ကွာခြားသကဲ့သို့ မိမိပုဗ္ဗစေတနာ ထက်သန်အောင် ပြုမပြုပေါ်မူတည်၍ အကျိုးပေးကွာခြားနိုင်ပါသည်။
၅။ မျိုးစေ့စိုက်ပျိုးပြီးနောက် ရေလောင်းခြင်း၊ ပေါင်းသင်းခြင်းစသည်တို့ ပြုမပြုပေါ်မူတည်၍ အသီးအပင်ကွာခြားသကဲ့သို့ လှူဒါန်းပြီးနောက် မိမိပြုသောကုသိုလ်ကို ထပ်မံ၍ သတိရမှု ၀မ်းမြောက်မှုဟူသော အပရစေတနာ ဖြစ်မှုမဖြစ်မှုပေါ်မူတည်၍ အကျိုးပေးကွာခြားနိုင်ပါသည်။
၆။ မျိုးစေ့စိုက်ပျိုးပြီးနောက် ဒေါသထွက်ပြီး အပင်များကို ဖျက်ဆီးလိုက်သကဲ့သို့ လှူဒါန်းပြီးနောက် “ငါလှူမိတာ ကုန်တာပဲ အဖတ်တင်သည်”ဟု စိတ်ပျက်မှုဖြစ်လျှင် စေတနာပျက်စီးခြင်းကြောင့် မိမိလှူခဲ့သော အလှူဒါနသည် အကျိုးမရဘဲ ပျက်စီးဖွယ်ရှိပါသည်။
၇။ မျိုးစေ့စိုက်သောအခါ စိုက်ပျိုးသင့်သောအချိန် စိုက်မှသာလျှင် အသီးအပင်ဖွံ့ဖြိုးသကဲ့သို့ အလှူခံပုဂ္ဂိုလ်လိုအပ်သော အရာဝတ္ထုကို လှူတက်မှသာလျှင် အကျိုးများစွာ ရဖွယ်ရှိပါသည်။

ထို့ကြောင့် စာဂမှုကိုပြုသောသူသည် အထက်ပါအချက်တို့ဖြင့် ပြည့်စုံအောင် လှူဒါန်းတတ်ရန် လိုပါသည်။ ထို့ပြင် သံဃာတော်များကို လှူဒါန်းရာ၌ ပုဂ္ဂလိကဒါနအဖြစ် မလှူဒါန်းဘဲ သံဃိကဒါနဖြစ်အောင် လှူဒါန်းတတ်ရန်လည်း လိုပါသည်။ သို့မှသာလျှင် စာဂနဲ့ပြည့်စုံသော “လူကောင်း”တစ်ယောက်ဖြစ်ပါလိမ့်မည်။ သံဃိကဒါနဆိုသည်မှာ မည်သို့မည်ပုံ လှူဒါန်းရသနည်းဟု မသိသေးသောသူများအတွက် သံဃိကဒါနဖြစ်အောင် လှူပုံလှူနည်းကို အနည်းငယ် ရေးသားတင်ပြပေးပါမည်။

ဆက်လက်ရေးသား တင်ပြပေးပါမည်။

Saturday, July 3, 2010

သုတ အဓိပ္ပါယ်

သုတဆိုသည်မှာ အကြားအမြင် ဗဟုသုတရှိခြင်းကို ဆိုလိုပါသည်။ အကြားအမြင် ဗဟုသုတဆိုသည်မှာ..........

၁။ အကြားအမြင် ဗဟုသုတကို ဆောင်ရခြင်း၊

၂။ အတတ်ပညာကို ဆည်းပူးလေ့လာခြင်းတို့ ဖြစ်ပါသည်။

ထိုပညာတို့သည် အစ အလယ် အဆုံး သုံးပါးလုံးကောင်းမွန်ပြီး အကျိုးရှိ၍ လူအများချီးမွမ်းသော ပညာတို့ ဖြစ်ရပါမည်။


သုတဟူသောပညာကို သူတစ်ပါးသင်ပေး၍သော်လည်းကောင်း၊ ကြားမြင်၍သော်လည်းကောင်း၊ စာအုပ်စာပေ ဖတ်ရှု့လေ့လာ၍သော်လည်းကောင်း ရရှိနိုင်ပါသည်။


အတတ်ပညာသည် ကောင်းသောအတတ်ပညာရှိသကဲ့သို့ မကောင်းသော အတတ်ပညာများလည်း ရှိပါသည်။ ဤနေရာ၌ သုတဟူသောအတတ်ပညာသည် ကောင်းသော အတတ်ပညာကို ယူရပါမည်။ ကောင်းသောအတတ်ပညာ ဆိုသည်မှာ ကံ ကံ၏အကျိုးကို သိတတ်သောပညာ၊ စာပေကျမ်းဂန်တို့၏ အဓိပ္ပါယ်မှန်ကိုသိသောပညာ၊ ဒါန သီလ ဘာဝနာတို့၏ အကျိုးတရားကို သိသောပညာ ကောင်းကျိုးမကောင်းကျိုးကိုသိသောပညာ၊ အများအကျိုးကို ဖြစ်စေနိုင်သော ပညာရပ်တို့ ဖြစ်ပါသည်။


မကောင်းသော အတတ်ပညာဆိုသည်မှာ ပါးနပ်သူဟုခေါ်သော ပရိယာယ်မာယာများသောပညာ၊ သတ်နည်း ဖြတ်နည်း တိုက်ခိုက်နည်းများကို သိသောပညာ၊ လက်နက်တို့ကို လုပ်တက်သောပညာတို့သည် မိမိအတွက် အကျိုးရှိနိုင်သော်လည်း သူတစ်ပါးအတွက် အကျိုးမဲ့စေနိုင်သော အတတ်ပညာများဖြစ်သောကြောင့် မကောင်းသော ပညာများဖြစ်ပါသည်။


ထိုမကောင်းသော အတတ်ပညာများ တတ်သိနားလည်သောသူကို “လူကောင်းတစ်ယောက်”ဟု သတ်မှတ်၍မရပါ။ ကောင်းသောအတတ်ပညာများကို တတ်သိနားလည်သော သူကိုသာလျှင် “လူကောင်း”ဟု သတ်မှတ်ရပါမည်။


မကောင်းသော အတတ်ပညာများဖြစ်သော ပါးနပ်မှုစသည်တို့သည် ထုံထိုင်းဖျင်းအသော သူတို့မှာ ထိုသို့သော အသိပညာများမရှိပါ။ ပင်ကိုယ်က ပညာဓာတ်ခံပါသူ အတွေ့အကြုံ အကြားအမြင် ဗဟုသုတများသူတို့၌သာ ရှိနိုင်ပေသည်။


ထိုကဲ့သို့ ပင်ကိုယ်ပညာဓာတ်ခံပါသူတို့သည် ကောင်းသောလုပ်ငန်းကုသိုလ်လမ်း၌ အမြင့်ဆုံးရောက်အောင် အားထုတ်စွမ်းဆောင်နိုင်သကဲ့သို့ မကောင်းသောလုပ်ငန်း အကုသိုလ်လမ်း၌လည်း ကမ်းကုန်အောင် အစွမ်းကုန် ဆိုးသွမ်းကြပေသည်။


ထို့ကြောင့် ပင်ကိုယ်ပညာဓာတ်ခံပါသူများသည် လမ်းမှားသို့ မရောက်အောင် မိမိကိုယ်ကို စောင့်ထိန်းကြရန် လိုပါသည်။ မိဘဆရာသမားစသော နီးကပ်သောသူများကလည်း ထိုကဲ့သို့ ပညာဓာတ်ခံပါသူများကို ကောင်းသောဘက်၌ ထိပ်တန်းရောက်အောင် စောင့်ရှောက်ထိန်းသိမ်း ပေးကြရန်လိုပါသည်။


ပညာဓာတ်ခံသည် ပဋိသန္ဓေတည်စဉ်ကပင် ပါလာသောပညာဖြစ်ပေသည်။ ပညာဓာတ်ခံမပါသောသူသည် ပညာများကို သင်ယူရာ၌ ပင်ပင်းစွာကြိုးစားသင်ယူရပြီး ပညာဓာတ်ခံပါသူသည် အလွယ်တကူဖြင့် သင်ယူ၍ရပါသည်။ ပညာဓာတ်ခံပါသူများသည် လောကီပညာများကို သင်ယူရာ၌သာ အလွယ်တကူဖြင့် တတ်မြောက်သည်မဟုတ် တရားအားထုတ်ရာ၌လည်း ဈာန်မဂ်ဖိုလ်ရအောင် အလွယ်တကူဖြင့် အားထုတ်နိုင်ပါသည်။


ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် ဖြစ်လေရာဘ၀တို့၌ ပဋိသန္ဓေပညာ ဓာတ်ခံပါဖို့ရန်အတွက် ယခုဘ၀ကပင် ကြိုးစားအားထုတ်ကြရန် လိုပါသည်။ မည်ကဲ့သို့ အားထုတ်ရမည်နည်းဟုဆိုသော်..........


၁။ ပညာထက်မြတ်ချင်သူ ဖြစ်ရမည်။

၂။ ပညာတိုးပွားကြောင်း ရေးသားထားသော စာအုပ်များကို စိတ်ပါဝင်စားစွာ ဖတ်ရှု့ရမည်။

၃။ ပညာရှိနဲ့ဆက်ဆံ၍ အကြံကောင်းများကို မေးမြန်းမှတ်သားထားရမည်။

၎။ သူတစ်ပါးတို့အား တရားစကား ဟောပြောပေးရမည်။

၅။ အပြစ်ကင်းစင်သော အတတ်ပညာတို့ကို သင်ပေးရမည်။

၆။ တရားဟောဓမ္မကထိကတို့၏ တရားစကားကို ရိုသေစွာ နာယူမှတ်သားရမည်။

၇။ ဒါနကောင်းမှုတို့ကို ပြုလုပ်သောအခါတို့၌ နောင်သံသရာဝယ် ပညာရှိဖြစ်ရပါလို၏ဟု ဆုပန်ရမည်။


ဤမျှလောက်ပြုလုပ်လျှင် နောင်သံသရာအတွက် ဉာဏ်ပညာ အထုံပါသွားပါလိမ့်မည်။ သို့သော် သည်ထက်မက ဉာဏ်ပညာပွင့်လင်းရန် မိမိကိုယ်ကို သန့်သန့်ရှင်းရှင်းနေပြီး အ၀တ်အစား၊ အိပ်ရာနေရာတို့ကိုလည်း သန့်ရှင်းအောင် လုပ်ရမည်။ ထို့ပြင် ရဟန်းသံဃာများကို လှူဒါန်းသောအခါ “စာပေများကို သင်ယူနိုင်ပို့ချ ရေးသားနိုင်သော ပုဂ္ဂိုလ်ဖြစ်ရပါစေ“ဟု စိတ်စေတနာထားပြီး လှူဒါန်းရမည်။ တတ်နိုင်ပါက စာသင်တိုက်များ ဆောက်လုပ်လှူဒါန်းခြင်း၊ စာသင်ကျောင်းများ ထောက်ပံ့ပေးခြင်းစသော ပညာရေးဆိုင်ရာတို့၌ ထောက်ပံ့လှူဒါန်းပေးပါ။ ထို့သို့ ပြုလုပ်သောသူသည် သံသရာဝယ် ပဋိသန္ဓေပညာဓာတ်ခံပါ ပညာရှင်ကြီးဖြစ်မည်မှာ မလွဲဧကန် အမှန်ပင် ဖြစ်ပါသည်။


သုတဟူသော အတတ်ပညာသည် လူသားတိုင်းရှိရန် အရေးကြီးလှပေသည်။ လူတို့ အသက်ရှင်ရန်အတွက် နှလုံးသည်းမွတ်သည် အရေးအကြီးဆုံးဖြစ်သကဲ့သို့ ပစ္စုပ္ပန်သံသရာနှစ်ဖြာ ကြီးပွားရေးအတွက်လည်း ပညာသည် အရေးအကြီးဆုံး နှလုံးသည်းပွတ်ပင် ဖြစ်ပေသည်။ ဒါနသီလဘာဝနာတို့၏အကျိုးကို ပညာရှိသောသူသည်သာ သိမြင်၍ ပညာကြောင့်သာ ရရှိခြင်းဖြစ်ပေသည်။


လောက၌ အိမ်တွင်းရေး ငြိမ်းချမ်းမှုသည် မိဘတို့၏ အသိအလိမ္မာပညာပေါ်မှာ မူတည်နေသကဲ့သို့ ထို့အတူ “လူကောင်း”တစ်ယောက်ဖြစ်ရန်မှာလည်း သုတဟူသော အသိပညာရှိရမှသာ ဖြစ်နိုင်ပေလိမ့်မည်။ ထို့ပြင် ကံ ကံ၏အကျိုးကိုသိသော အသိပညာ၊ ဒါနသီလဘာဝနာစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ရမည်ဟု သိသောအသိပညာ၊ သူတစ်ပါးအကျိုးရှိသော အလုပ်တို့ကိုလုပ်ပါက အကျိုးရှိ၏ဟုသိသော အသိပညာ၊ သူတော်ကောင်းတို့ကို ချဉ်းကပ်၍ ကောင်းသောဗဟုသုတ အတတ်ပညာများကို သင်ကြားရမည်ဟု သိသော အသိပညာတို့ သိရှိရန်မှာလည်း မူလကပညာရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။ ထိုကဲ့သို့ ပညာရှိမှသာ ကောင်းသော အရာတို့ကို လုပ်သောကြောင့် “လူကောင်း”တစ်ယောက် ဖြစ်လာပေလိမ့်မည်။


စာဂ၏ အဓိပ္ပါယ်ကို ဆက်လက်ရေးသားတင်ပြပါမည်။