Sunday, January 30, 2011

ဆန်နီနေမင်း အမေးအဖြေများ

ဆရာတော်ဘုရား မသိတာတွေမေးလို့ရတယ်ဆိုလို့ ၀မ်းသာရပါတယ်ဘုရား။ တပည့်တော်မေးလိုတာကတော့

၁။ ဆရာဝန်တွေဟာ ဆေးထိုးတဲ့အခါပိုးတွေကိုသေစေလို့ ပါဏာတိပါတကံ မထိုက်ဘူးလားဘုရား။

၂။ ရဲဘော်သေ သေသော်ငရဲမလားဆိုတော့ စစ်သားတွေဟာငရဲ မရောက်ဘူး လားဘုရား။

၃။ နိဗ္ဗာန်ကို ပုထုဇဉ်တွေဘယ်လိုသိနိုင်မလဲဘုရား။ သိရောသိနိုင်ပါသလား ဘုရား။


ဒါတွေက တပည့်တော် နွေအခါ သူငယ်ချင်းဦးဇင်းများနဲ့ ကလေးများကို တောဒေသများမှာ ဒုလ္လဘ၀တ်ရင်း လိုက်သင်ပေးရာက သိခဲ့ရတဲ့ ပြဿနာတွေပါဘုရား။ သည်းခံပြီးဖြေကြားပေးပါလို့ တောင်းပန်ပါတယ်ဘုရား။ နောက်နောင်ကိုလည်း တပည့်တော်မသိတာတွေကို မေးခွင့်ပြုပါဘုရား။ လေးစားခင်မင်လျက် ရှိခိုးဦးခိုက်လိုက်ပါသည်ဆရာတော်ဘုရား။



အင်း ဒီမေးခွန်းလေးတွေက လူတိုင်းသိထားသင့်တဲ့ အရာလေးတွေပါ။ ဒီတော့ ဦးဇင်းသိသလောက် ဖြေပေးပါမယ်။ အရင်ဦးဆုံး ပါဏာတိပါတကံထိုက်သည့် အင်္ဂါ(၅)ပါးကို အရင်ဆုံး တင်ပြပေးပါမယ်။ ထိုငါးပါးသိထားလျှင် ဆုံးဖြတ်ရတာ လွယ်လိမ့်မည် ထင်ပါသည်။ ပါဏာတိပါတကံ(၅)ပါးမှာ သက်ရှိသတ္တ၀ါဖြစ်ခြင်း၊ သတ္တ၀ါဟု အမှတ်ရှိခြင်း၊ သတ်လိုသောစိတ် သေစေလိုသောစိတ်ရှိခြင်း၊ သေစေရန် ပြုလုပ်ပြောဆိုခြင်း၊ ထိုပြုလုပ်ပြောဆိုခြင်းကြောင့် သေခြင်းဟူ၍ ဤငါးပါးပြည့်စုံမှသာ ပါဏာတိပါတကံ ထိုက်ပေသည်။


နံပါတ်(၁) ဆရာဝန်များသည် လူ့အသက်ကို ကယ်တင်လိုသောစေတနာနှင့် တိရစ္ဆာန်များကို မသတ်ချင်သော်လဲ သတ်လိုက်ရသည့်အတွက် အပြစ်မရှိနိုင်ပါ။ သေစေလိုသော စိတ်ဆန္ဒဖြင့်သတ်မိ၍ အပြစ်ရှိလျှင်လည်း မကောင်းမှုကနည်းပြီး ကောင်းမှုများကများပါသည်။ အဘယ့်ကြောင့်ဆိုသော် လူနှင့်တိရစ္ဆာန်တွင် လူသည်တိရစ္ဆာန်ထက် ကုသိုလ်ကံ ကြီးမားသောကြောင့် လူ့ဘ၀ကိုရလာခြင်းဖြစ်၍ လူ့သိက္ခာသည် တိရစ္ဆာန်ထက် မြင့်မားနေခြင်း၊ လူသည် တိရစ္ဆာန်ထက် အသိဉာဏ်ပညာပိုမိုကြီးမား နေခြင်းတို့ကြောင့် လူ့အသက်ကိုကယ်တင်သော ကုသိုလ်သည် တိရစ္ဆာန်ကိုသတ်သော အကုသိုလ်ထက် ပို၍များပြားပါသည်။ ထို့ကြောင့် သေစေလိုသောစေတနာဖြင့်သတ်၍ အပြစ်ရှိလျှင်သော်မှ လူ့အသက်ကို ကယ်ခြင်းက ပို၍အကျိုးများပေသည်။ သေစေလိုသော စေတနာမပါဘဲ သူ၏တာဝန်အရ ဆေးထိုးရခြင်းသာ ဖြစ်ပါက စေတနာမပါခြင်းကြောင့် အပြစ်မရှိဘဲ ကုသိုလ်သာ ဖြစ်ပေသည်။


လူ့အသက်ကို သတ်ခြင်း၌ အသတ်ခံရသူ၏ သီလ၊ သိက္ခာ၊ ပညာတို့ပေါ်မူတည်၍ အပြစ်အနည်းအများ ကွာခြားပါသည်။ တိရစ္ဆာန်များကိုသတ်ရာ၌ သတ်ခြင်းလုံးလ အချိန်ကြာညောင်းမှုပေါ်မူတည်၍ အပြစ်နည်းများ ကွာသွားပေသည်။ ဥပမာ-ဆင်နှင့်ခြင်ကို သတ်ရာဝယ် ဆင်ကိုသတ်ရာ၌ လုံ့လ၀ီရိယအားထုတ်မှုများ၍ အပြစ်ပိုများပါသည်။ တချို့သော ပိုးမွှားများသည် လူတို့ပကတိမျက်စိဖြင့် မမြင်နိုင်ပါ။ ထိုသို့ ပကတိမျက်စိဖြင့် မမြင်နိုင်သော ပိုးမွှားကိုသတ်လျှင် ပါဏာတိပါတကံ မထိုက်ပါပေ။ ဆရာဝန်များသည် လူနာကိုဆေးကုရာ၌ ရောဂါပျောက်ကင်းရေးကိုသာ အဓိကထားပြီး ပိုးမွှားကို သေစေချင်သော စိတ်ဆန္ဒမရှိလျှင်လည်းကောင်း၊ ပိုးမွှားများကို သတ္တ၀ါအမှတ်ဟု ထင်မှတ်မထားလျှင်လည်းကောင်း အပြစ်မရှိပါပေ။


နံပါတ်(၂) စစ်သားများသည် ရန်သူကို သေစေလိုသော စေတနာမရှိဘဲ မိမိတာဝန်အရ မိမိတိုင်ပြည်အေးချမ်းရေးအတွက် တစ်ဘက်သူကို လွတ်ရာသွားအောင် သဘောမျိုးဖြင့် ပစ်သတ်လျှင် အပြစ်မရှိပါ။ ထို့သို့မဟုတ်ဘဲ လက်နက်ချပြီး အရှုံးပေးနေသောရန်သူကို ဒေါသစိတ်ဖြင့် ပစ်သတ်လျှင်တော့ အပြစ်ရှိပေသည်။


သူတစ်ပါးအသက်ကို သေစေလိုသော စေတနာမရှိဘဲ သူတစ်ပါးသက်သည်ကို အားပေးသည့် သဘောမျိုးဖြင့် မိမိတာဝန်အရ လုပ်ရသည်လည်း ရှိတတ်ကြပေသည်။ ဥပမာ-အိမ်ထောင်ရှင်မတစ်ယောက် သည် သူ့လင်ခင်ပွန်း သားသတ်သွားရန်အတွက် ဓါးစသည့်လက်နက်များကို ယူဆောင်ပေးရမည့် အိမ်ရှင်မတာဝန်ရှိ၍ ယူပေးလိုက်ပါသည်။ သို့သော် ဇနီးသည် သူ၏အိမ်ထောင်ရှင်မတာဝန်ကျေးပွန်အောင် ပြုလုပ်ပေးသော သဘောသာဖြစ်ပြီး သတ္တ၀ါများအား သေစေလိုသော စိတ်စေတနာမရှိသောကြောင့် ဇနီးမှာ အပြစ်မရှိပါပေ။ အိမ်ထောင်ရှင်ယောက်ျားသည်ကား သူတစ်ပါးကိုသေအောင် သတ်မှ သူ၏ဇနီးမယား စသည်တို့ စားသောက်ဝတ်ဆင်ရမည်မဟုတ်ဘဲ သမ္မာအာဇီဝဖြင့် လုပ်ကျွေးလျှင်လည်းရသောကြောင့် မိသားစုအတွက် သူတစ်ပါးကိုသတ်လျှင် လင်ယောက်ျား၌သာ အပြစ်ရှိပေသည်။ ထို့အတူ ခိုးမှု၊ လိမ်ညာလှည့်ပတ်ယူမှုစသည့် မကောင်းမှုများ လုပ်လျှင်လည်း လင်ယောက်ျားသည် အပြစ်ရှိပေသည်။


ထို့ကြောင့် လင်ယောက်ျားများသည် မိမိ၏အိမ်ထောင်ဦးစီးတာဝန်ကို မတရားသောနည်းဖြင့် အသက်မွေးဝမ်းကြောင့်ပြုလျှင် မိမိသာခံရပြီး ကျန်သူတို့ မခံရသောကြောင့် မိမိရဲ့မိသားစုကို တရားသောနည်းလမ်းဖြင့် ရှာဖွေလုပ်ကိုင်ကျွေးရန် လိုပေသည်။ တချို့သော ယောက်ျားလေးများသည် မိန်းကလေးများအား မိမိဘက်ပါအောင် သိမ်းသွင်းရန်အတွက် မတရားသောနည်းဖြင့်ရှာဖွေကာ လက်ဆောင်စသည်တို့ ပေးကမ်းတတ်ကြပေသည်။ သေချာစဉ်းစားကြည့်ပါက တစ်ဘ၀လေးကောင်းဖို့အတွက် ဘ၀ပေါင်းမြောက်များစွာ ခံရမည့်ဒုက္ခနှင့်နှိုင်းယှဉ်လျှင် မထိုက်တန်ပါ။ သို့ဖြစ်၍ တရားသောနည်းဖြင့်သာ ရှာဖွေကာ မိမိချစ်သောသူများကို မိမိဘက်သို့ပါအောင် သိမ်းသွင်းသင့်ပါသည်။ မတရားသောနည်းဖြင့် ရှာဖွေပေးမှ မိမိဘက်သို့ပါမည်ဆိုလျှင် မပါချင်နေပါစေ ရှာဖွေမပေးသင့်ပါပေ။ သို့မဟုတ်ပါက မိမိသည်သာ ဘ၀ပေါင်းများစွာ၌ မကောင်းကျိုးများကို တ၀ကြီးခံစားနေရပေမည်။


နံပါတ်(၃) နိဗ္ဗာန်ကို ပုထုဇဉ်များအနေဖြင့် သညာသိလို့ခေါ်သည့် စာပေဖတ်လို့သိရသောအသိ၊ တရားနား၍ကြားသိရသောအသိ၊ တရားအားထုတ်သော အခါ မိမိသန္တာန်၌ ငြိမ်းချမ်းနေသော ချမ်းသာမှုမျိုးကို နိဗ္ဗာန်ချမ်းသာသည် ဒီထက်မက ချမ်းသာသည်ဟုမှန်းဆ၍ သိနိုင်သောအသိမျိုးဖြင့်သာ သိနိုင်ပါပေမည်။ နိဗ္ဗာန်၏ ချမ်းသာအစစ်ကို လက်တွေ့ကိုယ်တိုင် ခံစားရသကဲ့သို့ တရားထူးမရရှိဘဲ ပုထုဇဉ်ဘ၀ဖြင့် မသိနိုင်ပါပေ။


ဤမျှလောက်ရေးသားတင်ပြလျှင် လုံလောက်မည်ထင်ပါသည်။ စာရေးသူ သိသမျှကိုသာ ရေးသားတင်ပြခြင်းဖြစ်၍ အမှားများလည်း ပါနိုင်သောကြောင့် အမှားပါပါက စေတနာအမှားသာ ဖြစ်ပါလိမ့်မည်။ အားလုံး အသိဉာဏ်ပညာဗဟုသုတများ တိုးပွား၍ မကောင်းမှုများမှ ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်………………။

Friday, January 28, 2011

ဆန်နီနေမင်း အမေးအဖြေ သိမ်ဝင်ခြင်းနဲ့ပတ်သတ်၍

အရှင်ဘုရား သိမ်ဝင်ရင် ရဟန်း ဘယ်နှစ်ပါးပင့်ရပြီး ဘယ်နှစ်ပါးကို တပြိုက်နက် ရဟန်းပြုပေးနိုင်ပါသလဲဘုရား။ နောက်ပြီး ပရိက္ခရာရှစ်ပါးကိုလည်း အသေးစိတ် သိချင်ပါတယ်ဘုရား။ တပည့်တော်နှင့်အတူ အားလုံးအတွက် ဗဟုသုတလည်းရအောင် အရှင်ဘုရား တက်နိုင်မယ်ဆို post လေးတင်ပေးပါအုန်းဘုရား။

အင်း သိမ်ဝင်ခြင်းနှင့်ရဟန်းခံအကြောင်းကို ဦးဇင်းမှတ်မိလေ့လာထားသမျှ ရေးသားတင်ပြပေးပါမယ်။ ရဟန်းခံရန်အတွက် ရဟန်းဒကာလုပ်မယ့်သူပဲဖြစ်ဖြစ် ရဟန်းလောင်းကိုယ်တိုင်မှာပဲဖြစ်ဖြစ် ပရိက္ခရာရှစ်ပါး ပြည့်စုံအောင် ရှိနေရပါမယ်။ ကိုရင်ဝတ် လျှင်လည်း ထိုပရိက္ခရာရှစ်ပါး ပြည့်စုံရပါမယ်။


ရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများ အဓိကပြည့်စုံရမည့် ပရိက္ခရာ ရှစ်ပါးမှာ-(၁) အပေါ်ရုံဧကသီ၊ (၂) ခါးဝတ်သင်ပိုင်၊ (၃) နှစ်ထပ်သင်္ကန်း၊ (၄) သပိတ်၊ (၅) ခေါင်းရိပ်ဓါး၊ (၆) သင်္ကန်းချုပ်ရန်အပ်၊ (၇) ပိုးမွှားပါသော ရေကိုသောက်လျှင် ပိုးမွှားများ မသေမပါရအောင် ရေစစ်သောက်ရန် ရေစစ်၊ (၈) ခါးဝတ်သင်ပိုင်ကိုပတ်ထားရန် ခါးပတ်တို့ လိုအပ်ပါတယ်။ ကျန်သည့်ပစ္စည်းမပါလျှင်လည်း ဒီပရိက္ခာရှစ်ပါးရှိလျှင် ရဟန်းပြုခြင်း၊ ရှင်ပြုခြင်းများ လုပ်ပေးနိုင်ပါတယ်။ ကျန်သည့် အသုံးအဆောင်လှူခြင်း၊ ဆွမ်းကပ်ခြင်းတို့မှာ မိမိတို့ တက်နိုင်ပြီး စေတနာရှိမှသာ လှူပါ။ မလှူလျှင်လည်း အပြစ်မရှိပါ။ ဆွမ်းအကျိုး၊ အသုံးအဆောင် လှူရကျိုး ကုသိုလ်မရရုံသာ ရှိပါမယ်။

ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းဆိုသည်မှာ မိမိ၏ရင်သွေးသားရတနာများကို ပြုလုပ်ပေးမှသာ ရဟန်းဒကာ၊ ရဟန်းအမ၊ ရှင့်ဒကာ၊ ရှင့်အမ ဖြစ်ကြတာမဟုတ်ပါဘူး။ မိမိရင်သွေးများကို မပြုလုပ်ပေးနိုင်၍ သူတစ်ပါးကို ပြုလုပ်ပေးလျှင်လည်း ရဟန်းဒကာ ရဟန်းအမ၊ ရှင့်ဒကာ ရှင့်အမအဖြစ် ရရှိနိုင်ပါတယ်။

သိမ်ဝင်တဲ့အခါမှာ ရဟန်းများကိုပင့်ဖိတ်ရန် ဘုရားရှင်ကတော့ ငါးပါးသိမ်ထဲမှာရှိရင် ရပါပြီတဲ့။ ဒါပေမဲ့ ယခုခေတ်မှာ ရဟန်းခံပေးတဲ့ ကိုရင်အား ပို၍စင်ကြယ်သန့်ရှင်းအောင် ငါးပါးထက်အလွန် ဆယ်ပါး နှစ်ဆယ်လောက် ပင့်ဖိတ်ကြပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲ ဆိုတော့ အကယ်၍ မိမိတို့က ငါးပါးထဲသိမ်ဝင်ရန် ပင့်လိုက်တဲ့အခါ အဲဒီငါးပါးထဲ၌ မေထုန်အမှု၊ ခိုးမှု၊ လူသတ်မှု၊ ဈာန်မဂ်ဖိုလ် လိမ်လည်ကြွားဝါးမှုဆိုသည့် ပါရာဇိကလေးပါးတွင် တစ်ပါးပါးကျပြီး မစင်ကြယ်သော ရဟန်းတစ်ပါးပါနေလျှင် ထိုရဟန်းခံပေးသော ကိုရင်သည် ရဟန်းအဖြစ်သို့ အထမမြောက်သောကြောင့်ပါ။ ပါရာဇိကအာပတ်မှလွတ်ပြီး သန့်ရှင်းစင်ကြယ် သော ရဟန်းငါးပါးအနည်းဆုံး သိမ်အတွင်းရှိမှသာလျှင် ရဟန်းခံပေးသော ကိုရင်သည် ရဟန်းအဖြစ်သို့ ထမြောက်အောင်မြင်ပါတယ်။ ဒါ့ကြောင့် ရဟန်းခံရာဝယ် သံဃာငါးပါးမကဘဲ (၁၀)ပါးကျော်လောက်ထိ သိမ်ဝင်ရန် ပင့်ဖိတ်ကြခြင်း ဖြစ်ပါတယ်။

ရဟန်းခံသောအခါ ရဟန်းလောင်း(၃)ပါးကို တပြိုင်နက် ရဟန်းခံသိမ်ဝင်ပေးလို့ ရပါတယ်။ ထို့အထက် ကျော်လွန်ပြီး (၄)စသည်ကို တပြိုက်နက် ရဟန်းခံပေးရန် မဖြစ်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင် ပညတ်ခဲ့သော ကမ္မ၀ါစာ၌ (၃)ပါးကိုသာ တပြိုက်နက်ရဟန်းပြုပေးရန် အမည်နာမများ ထည့်သွင်းထားခြင်း ကြောင့်ပါ။ ရဟန်းလောင်း (၄)ပါးကျော်ကို တစ်ခါတည်းသိမ်တွင်းထားပြီး ရဟန်းဆိုင်ရာ ၀ိနည်းစည်းကမ်းများ ပြောကြားခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်ထားပြီး (၃)ပါးကို ကမ္မ၀ါဖတ်ပေးပြီးလျှင် နောက်ထပ်တဖန် အနေဖြင့်တော့ ရဟန်းပြုပေး၍ ရပါတယ်။ တပြိုင်နက် (၃)ပါးကျော်ကို ကမ္မ၀ါဖတ်ပေးပြီး ရဟန်းခံပေးလို့တော့ မရပါပေ။

သိမ်သည် အနည်းဆုံး သံဃာ(၂၁)ပါး ထိုင်နိုင်လောက်သော နေရာဖြစ်ရပါမယ်။ အများအားဆုံးအားဖြင့် (၃)ယူဇနာတိုင်အောင် ကျယ်ဝန်းနိုင်ပါတယ်။ တစ်ယူဇနာကို ခုခေတ်မိုင်အားဖြင့်တွက်ကြည့်လျှင် (၁၀)မိုင်ကျော်ပါတယ်။ မြတ်ဗုဒ္ဓသက်တော် ထင်ရှားရှိစဉ်အခါက ရှင်သာရိပုတ္တရာရဟန္တာမထေရ်မြတ်သည် ရာဇဂြိုလ်မြို့ပတ်ဝန်းကျင် ရှိ ကျောင်းတိုက်ပေါင်း(၁၈)ခုလုံးကို ခြုံငုံမိအောင် သိမ်သမုတ်ပေးတော်မူခဲ့ပါတယ်။ ရာဇဂြိုလ်မြို့သည် သိမ်သမုတ်နယ်မြေအတွင်းပါဝင်သောကြောင့် ထိုမြို့ထဲတွင် လူများနေကြသည်ကို ထောက်ဆလျှင် သိမ်အတွင်းသို့ လူဒါယကာ ဒါယိကာမများ ၀င်ကောင်းပါတယ်။ သို့သော် ကမ္မ၀ါဖတ်နေချိန်တွင် ရဟန်းတော်များနှင့် နှစ်တောင်ထွာ လွတ်ကင်းအောင် နေရပါမယ်။

ရဟန်းများသည် တကယ်လို့ မိမိရဟန်းဘောင်၌မပျော်၍ လူထွက်ချင်ပါက ရဟန်းသိက္ခာကျအောင် နည်းစနစ်သိသော ဆရာတော်များထံ သိက္ခာကို စနစ်တကျ ချခိုင်းပြီးမှ လူဝတ်လဲသင့်ပါတယ်။ နည်းစနစ်မှန်ကန်စွာ ရဟန်းသိက္ခာမချဘဲဖြစ်ဖြစ် ဒီတိုင်းသိက္ခာမချဘဲနဲ့ လူဝတ်လဲ၍ပဲဖြစ်ဖြစ် မေထုန်မှုစတဲ့ ပြစ်မှုများကို ပြုလုပ်မိလျှင် ထိုရဟန်းသည် ရဟန်းသိက္ခာမကျဘဲဖြစ်နေပါက ပါရာဇိကအာပတ်များ သင့်ရောက်၍ ယခုဘ၀တွင် နောက်ထပ်ရဟန်းပြုခွင့်မရတော့သည့်အပြင် အကုသိုလ်အပြစ်များလည်း သင့်ရောက်နေပါလိမ့်မယ်။

ထို့ကြောင့် ယခုခေတ် ခေတ္တခဏ ဒုလ္လဘ၀တ်သော လူပုဂ္ဂိုလ်များအနေဖြင့် အထူးသတိထားပါ။ တချို့က ကောင်းကောင်းနားမလည်၍ ဖြစ်သလိုသိက္ခာချကာ လူဝတ်လဲသော်လည်း ရဟန်းသိက္ခာမကျသေးဘဲ ဖြစ်နေသည့်အတွက် အကုသိုလ်များ နေ့စဉ်သင့်ရောက်နေတတ်ပါတယ်။

ထို့ပြင် မိမိရဟန်းသိက္ခာချသောအခါ အဓိကထားရမည့် မိမိလူထွက်ချင်သောစိတ် ဧကန်မုချဖြစ်ရပါမယ်။ မိမိစိတ်က လူမထွက်ချင်ဘဲ သူများထွက်ခိုင်း၍ ရဟန်းသိက္ခာချလျှင်မကျပါ။ ထို့ကြောင့် ရဟန်းသိက္ခာ ချသောအချိန်ဝယ် အဓိကအချက်ဖြစ်သည့် လူထွက်ချင်စိတ် ဧကန်မုချဖြစ်အောင် ပြုလုပ်ပေးရပါမယ်။ တချို့သည် ရဟန်းဘ၀ ပျော်သော်လည်း အခြေအနေအရ သိက္ခာချရတာမျိုး ရှိတတ်ပါတယ်။ ထိုသို့သော သူများသည် မိမိသန္တာန်၌ လူထွက်ချင်စိတ်မဖြစ်လျှင် သိက္ခာမကျသောကြောင့် လူဝတ်လဲသော်လည်း ရဟန်းသိက္ခာများ ဧကန်မုချ ရှိနေတတ်ပါတယ်။

ယခု အမေးအဖြေသည် မေးသူကိုယ်တိုင် ဖေဖ၀ါရီလမှာ ဒုလ္လဘရဟန်းခံပေးမည်ဖြစ်သောကြောင့်လည်း ကောင်း၊ ဦးဇင်း ယခု ရောက်ရှိနေသော မလေးရှားနိုင်ငံ၌ တရုတ်နှစ်သစ်ကူးအချိန်ဝယ် ဦးဇင်းတို့မြန်မာ လူမျိုးများ ဒုလ္လဘ၀တ်ကြမည်ဖြစ်သောကြောင့်လည်းကောင်း အချိန်ပေး၍ ဖြေပြီးတင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဤမျှလောက် ရေးသားတင်ပြလျှင် ရဟန်းခံခြင်း၊ သိမ်ဝင်ခြင်းများနဲ့ပတ်သတ်၍ ပြည့်စုံလောက်မည်ဟု ထင်ပါသောကြောင့် ဒီမျှနဲ့ပဲ နိဂုံးချုပ်လိုက်ပါပေတယ်။ အားလုံး သတိတရားလက်ကိုင်ထားကာ ကျင့်သုံးလိုက်နာ ဆောင်ရွက်ပြုမှုနိုင်ကြပါစေလို့ ဆန္ဒပြုလျက်…………………………….။(၂၈.၀၁.၂၀၁၁၊ မလေးစံချိန် 23:45 PM)

Tuesday, January 25, 2011

ဆန်နီနေမင်း ဆွမ်းတော်တင်ခြင်းနှင့်ပတ်သတ်၍ (၂)

ရှေ့၌တင်ပြခဲ့သော ဆွမ်းတော်တင်ခြင်းနဲ့ပတ်သတ်၍ ယူဆချက်အမျိုးမျိုး မေးခွန်းအမျိုးမျိုးပေါ်နေသောကြောင့် ထပ်မံပြည့်စုံအောင် တင်ပြပေးလိုက်ခြင်း ဖြစ်ပေသည်။

တချို့က ဆွမ်းတော်တင်ခြင်းသည် ဗုဒ္ဓဘာသာအစဉ်အလာမို့ မိမိအိမ်ဘုရားစင်ရှေ့၌ ၀တ်ကျေး တန်ကျေး ဖြစ်ကလပ်ဆန်း တင်လေ့ရှိပါသည်။ တစ်ချို့က မိမိအိမ်မှာ ဆွမ်းတော်တင်ခြင်းသည် အကျင့်ဖြစ်နေ၍ မိမိမစားခင် စေတနာပါစွာဖြင့် ကပ်လေ့ရှိကြပါသည်။


တကယ့်တော့ ဆွမ်းတော်တင်ခြင်းသည် မိမိတို့ သံသရာအဆက်ဆက်အတွက် ဒုက္ခမရောက်အောင် လမ်းညွှန်ပေးသော အတုမရှိသော ဂုဏ်တော်တို့နဲ့လည်း ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓကို အစားအသောက် ကပ်လှူခြင်း ဖြစ်ပါသည်။ မြတ်ဗုဒ္ဓသက်တော်ထင်ရှားမရှိသော်လည်း သက်တော်ထင်ရှားရှိသကဲ့သို့ အာရုံပြုပြီး လှူဒါန်းပေးရပါမည်။

သို့သော် စာရေးသူတို့ ဗုဒ္ဓဘာသာများသည် ဆွမ်းတော်တင်လျှင် ဖြစ်ကလပ်ဆန်း လုပ်ကြသည်က များပေသည်။ ဆွမ်းတော်တင်လျှင် ဆွမ်းကလည်း နည်းနည်းလေး မဖြစ်စလောက်၊ ဟင်းဆိုလည်း မဖြစ်စလောက် တင်လေ့ရှိကြပါသည်။ တကယ်တော့ မိမိတို့ သာမန်လူသားတစ်ယောက် စားသောက်နိုင်ရန် ဘုရားရှင်ကိုလည်း အဲဒီလောက်တော့ တင်သင့်ပါသည်။ မိမိတို့ကျတော့ တစ်ပုဂံနှစ်ပုဂံစားပြီး ဘုရားကျတော့ တစ်ဇွန်စာလောက်တင်လျှင် သဒ္ဓါတရားနည်းရာကျသကဲ့သို့ အလေးမထားရာလည်း ရောက်ပေသည်။

ထို့ကြောင့် ရှေးခေတ်က လူကြီးများ ဆွမ်းတော်တင်လျှင် သပိတ်ထဲမှာ ဆွမ်းရောဟင်းပါထည့်ပြီး တစ်ယောက်စာ တင်လေ့ရှိကြပါသည်။ ယခုခေတ်ကျမှ တစ်ဇွန်စာလောက် တင်ကြပါတော့သည်။ ထို့ပြင် သစ်သီးဝလံများကို ဆွမ်းတော်တင်ရာ၌လည်း သစ်သီးများကို မိမိတို့စားသကဲ့သို့ ခွဲခြမ်းစိတ်ဖြာသင့်တာ ခွဲခြမ်းစိတ်ဖြာပြီး အခွံသင်ရမည့်ဟာ အခွံသင်၍ တင်သင့်ပါသည်။ မိမိတို့ကျတော့ သစ်သီးကို အခွံသင် ခွဲခြမ်းစိတ်ဖြာစားပြီး ဘုရားကျတော့ အလုံးလိုက်တင်ခြင်းသည်လည်း သဘာဝမကျပေ။

တချို့သောသူများက ဆွမ်းတော်တင်ခြင်းသည် သူများမစားအောင် သိမ်းထားသည့် သဘောမျိုးနဲ့ တင်ထားကြသူများလည်း ရှိတတ်ကြပေသည်။ သစ်သီးဝလံ အစားသောက်ကောင်းများ မုန့်များကို သူများမြင်၍တောင်းလျှင် မပေးချင်သောကြောင့် ဘုရားစင်ရှေ့တင်ထားကာ အကယ်၍များ တစ်ယောက်ယောက်က တောင်းလာလျှင် အဲဒါက ဆွမ်းတော်တင်ထားတာ စားလို့မရဘူးဟု ဘုရားကို အစောင့်ခိုင်းခြင်းမျိုး တင်သူများလည်း ရှိပေသည်။ အဲဒီလို အစောင့်ခိုင်ခြင်းမျိုးတော့ မတင်သင့်ပါပေ။

ဆွမ်းတော်တင်ထားသည့် အစားအစာများကို စွန့်စားလို့တော့ရပါသည်။ ငရဲမကြီး အပြစ်မရှိပါပေ။ သို့သော် အလှူဒါနတစ်ခုကို ပြုလုပ်လျှင် မုတ္တစာဂီ-နှမြှောတွန့်တိုမှုမရှိဘဲ စွန့်လွတ်လှူဒါန်းရမည်ဟု ဘုရားရှင်မိန့်ခဲ့ခြင်းကြောင့် မိမိလှူပြီးသားကို ပြန်စွန့်စားလျှင် ဆွမ်းတော်တင်လှူရခြင်း အကျိုးပေးတော့ နည်းပါလိမ့်မည်။ ဘုရားရှင်သည် မိမိတို့ကို စွန့်မစွန့် သေချာမသိနိုင်သောကြောင့် ကျောင်းမှာတင်သော ဆွမ်းတော်ဆိုလျှင် ကျောင်းသံဃာများထံ ခွင့်ပန်ပြီး ကောက်ယူစားနိုင်ပါသည်။

အကယ်၍ မိမိတို့က ဆွမ်းဟင်းတို့သာ မကဘဲ မုန့်သစ်သီးများကို ဘုရားဆွမ်းတော်မတင်ဘဲ မစားတတ်လျှင် မိမိစားဖို့ရန် ချန်ထားပြီး ဘုရားရှင်ကို သီးသန့်လှူဒါန်းသင့်ပါသည်။ မိမိတို့ တင်လှူပြီးထားသော ဆွမ်းတော်များကို နေ့(၁၂)နာရီ ကျော်လွန်သွားပါက တစ်နေ့လှူဒါန်းသမျှသော ဆွမ်းတော်များကို စွန့်ပစ်ကာ သူများကိုပေးလျှင်ပေး၊ တိရစ္ဆာန်များကို ကျွေးချင်လျှင် ကျွေးလိုက်ပါ။ တစ်ရက်တင်ပြီးသား ဆွမ်းတော်များကို နောက်ရက်အထိ မထားသင့်ပါပေ။

တချို့က သစ်သီးဝလံများသည် တစ်ပါတ်လောက် အထားခံသောကြောင့် နေ့စဉ်ဆက်ရက် လှူဒါန်းထားခြင်းများ ပြုလုပ်ကြပါသည်။ ထိုကဲ့သို့ နေ့စဉ်ဆက်ရက် လှူဒါန်းထားခြင်းများသည် ဘုရားရှင်၏ သြ၀ါဒနှင့်မကိုက်ညီသောကြောင့် မထားသင့်ပါ။ တစ်ရက်လှူပြီးသားကို တစ်ရက်စွန့်ပစ်ရပါမည်။ ဘုရားရှင်က ရဟန်းများကို နောက်တစ်ရက်အတွက် အစားအစာများကို သိုးမှီသိမ်းဆည်း မထားဖို့ရန် မိန့်တော်မူခဲ့ပေသည်။

ဘုရားရှင်ကိုယ်တိုင် မိန့်တော်မူခဲ့သောစကားဖြစ်၍ သူကိုယ်တိုင်လည်း နောက်ရက်အတွက် လှူဒါန်းမှုများကို လက်ခံထားလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် မိမိတို့ အလှူရှင်များသည် တစ်ရက်ဆွမ်းတော် တင်ထားသမျှကို တစ်ရက်တင်ပြီး နောက်ရက်ဆက်မထားဘဲ စွန့်ပစ်ပေးရပါမည်။

ဤမျှလောက် ရေးသားတင်ပြလျှင် ပြည့်စုံလိမ့်မည် ထင်ပါသည်။ သို့ဖြစ်၍ လူသားအားလုံး ဒါန သီလ ဘ၀နာကောင်းမှုများ နေ့စဉ်ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါပေသည်။ ယခု မလေးရှားရောက်နေ၍ နောက်မှ မလေးရှားအတွေ့အကြုံများကို တင်ပြရေးသားပါဦးမည်။

ယခုတင်ပြသော အကြောင်းအရာများသည် စာရေးသူ၏ ကိုယ်ပိုင်ထင်မြင်ချက်များသာဖြစ်၍ အမှားပါလျှင် သည်းခံကြရန်နှင့် စာဖတ်သူတို့ ကိုယ်ပိုင်ဉာဏ်ဖြင့်လည်း သုံးသပ်ဆင်ခြင်နိုင်ပါသည်။

Sunday, January 23, 2011

ဆန်နီနေမင်း အမေးအဖြေ ၀ဋ်နှင့်ငရဲ

တပည့်တော် ၀င်ရောက်ဖတ်သွားပါတယ်ဘုရား။ ဗဟုသုတရပါတယ်။ မေးခွန်းတခုတော့ မေးခွင့်ပြုပါဘုရား။ တပည့်တော် မသိလို့ပါဘုရား။ ဘယ်လို အမှုကိုပြုရင် ငရဲကျပြီး ဘယ်လိုအမှုကိုပြုရင် ၀ဋ်ဖြစ်ပါသလဲ အဲဒီ (၂)ခုကို ရှင်းလင်းအောင် သိချင်သည့်အတွက် ဖြေကြားပေးတော်မူပါ အရှင်ဘုရား။

အင်း ၀ဋ်မှာအမြဲ ငရဲမှအပဆိုသလို ငရဲဘုံမှလွဲ၍ ကျန်သော ဘုံဌာနများတွင် ၀ဋ်ခံစားရတတ်စမြဲ ဖြစ်ပေသည်။ ငရဲသို့လားစေနိုင်လောက်သော ပြစ်မှုမျိုးမဟုတ်သော မကောင်းကျိုးများ ပြုလုပ်မိလျှင် ထိုမကောင်းမှုများသည် ၀ဋ်လည်၍ မိမိကိုပြန်၍ ခံရတတ်ပါသည်။ တချို့သော မကောင်းမှုများသည် ငရဲသို့ရောက်အောင် အကုသိုလ်မကြီးမားသောကြောင့် ငရဲသို့မရောက်နိုင်သော်လည်း တိရစ္တာန်၊ ပြိတ္တာ၊ အသူရကယ်၊ လူ့ဘ၀သို့ရောက်ရှိပြီး မိမိပြုလုပ်ခဲ့သော မကောင်းမှုကံက မိမိကိုတဖန်ပြန်၍ ၀ဋ်လည်စေပါသည်။


တချို့သော မကောင်းမှုသည် မျက်မှောက်ဘ၀၌ပင် ၀ဋ်ပြန်လည်တတ်ပါသည်။ တချို့သော မကောင်းမှုများသည် ယခုမျက်မှောက်ဘ၀တွင် မခံစားရဘဲ နောက်ဘ၀များ၌ ၀ဋ်လည်ခံစားရတတ်ပါသည်။

သူတစ်ပါးအသက်ကို သေအောင်သတ်သောသူသည် ငရဲကိုလားစေနိုင်သော အပြစ်ဖြစ်ပေသည်။ ထိုသို့မဟုတ်ဘဲ သေအောင်မသတ်ဘဲနဲ့ သူတစ်ပါးကို ညှင်းဆဲရုံမျှပြုလုပ်သော မကောင်းမှုသည် ငရဲကိုရောက်စေနိုင်သော မကောင်းမှုမဟုတ်သော်လည်း ၀ဋ်လည်စေတတ်သော မကောင်းမှုတော့ ဖြစ်ပါသည်။ မိမိကိုယ်လည်း နောင်တစ်ချိန်ဝယ် ညှင်းဆဲခြင်း ခံရပါပေမည်။

ထို့အတူ သူတစ်ပါးအား သရုပ်ပျက်အောင်၊ ဂုဏ်သိက္ခကျဆင်းအေင် ပျက်ပြယ်ပြုခြင်းများသည် ငရဲကိုလားစေနိုင်သော အပြစ်များမဟုတ်ပါ။ သို့သော် ထိုမကောင်းမှုများသည် မိမိကိုယ် ၀ဋ်ပြန်လည်စေတတ်သော မကောင်းမှုတော့ ဖြစ်နေပါသည်။

ဥပမာအနေဖြင့် ထင်းရှားအောင် ပြရမည်ဆိုလျှင် မြတ်ဗုဒ္ဓသည် တစ်ခုသောဆေးဆရာဘ၀၀ယ် ဆေးကုသခမပေးသော ရောဂါသည်တစ်ယောက်အား မုန်းတီးစိတ်များဖြစ်ပြီး နောက်တစ်ရက်ဝယ် ရောဂါပျောက်မည့်ဆေးကို မတိုက်ဘဲ ၀မ်းနှုတ်ဆေးကို တိုက်ကြွေးခဲ့ပေသည်။ ထိုအကုသိုလ်မကောင်းကျိုးသည် ငရဲကို မကျရောက်စေနိုင်သော်လည်း ယခုနောက်ဆုံးဘ၀၀ယ် မြတ်ဗုဒ္ဒဖြစ်တာတောင်မှ ထိုဝဋ်ကြွေးကြောင့် ၀မ်းလျှောရောဂါ ဖြစ်ခဲ့ရပါပေသည်။

တချို့သော မကောင်းမှုများသည် မထင်ရှားသကဲ့သို့ မသိသာသော မကောင်းမှုများလည်း မိမိတို့သန္တာန်မှာ ဖြစ်တတ်ကြပါသည်။ သူတစ်ပါး တစ်ခုခုကြောင့် ဒုက္ခရောက်လျှင် ၀မ်းသာမိတာမျိုး၊ သူတစ်ပါးပျက်စီးမှုဖြစ်လျှင် ၀မ်းသာမှု ဖြစ်တာမျိုးများသည် သိသာထင်ရှားသော မကောင်းမှုမဟုတ်ပါ။ သို့သော် ထိုအရာများသည် မကောင်းမှုသာဖြစ်၍ မိမိ၌လည်း တစ်ချိန်ချိန်ဝယ် ပြန်လည်၍ ထိုကဲ့သို့ပျက်စီးချိန်ဝယ် သူတစ်ပါးတို့က ၀မ်းသာနေကြပေလိမ့်မည်။

မြတ်ဗုဒ္ဓရှင်တော်မြတ်တောင်မှ တစ်ခုသောတံငါသည်ဘ၀၀ယ် ငါးများ၏ ဦးခေါင်းကို ထုထောင်းနေတာမြင်သောအခါ စိတ်ထဲ၌ ၀မ်းသာကြည်နှုးမှု ဖြစ်ခဲ့မိလေသည်။ ထိုမကောင်းမှုကြောင့် ယခုမျက်မှောက်ဝယ် ခေါင်းကိုက်ခြင်း ဝေဒနာကို ၀ဋ်လည် ခံစားခဲ့ရပေသည်။

ထို့ကြောင့် သူတစ်ပါးကို ညှင်းဆဲခြင်း၊ ဒုက္ခရောက်အောင်ပြုလုပ်ခြင်း၊ ပျက်ရယ်ပြုခြင်းစသော မကောင်းမှုမျိုးများသည်လည်းကောင်း၊ မသိမသာပြုလုပ်မိသော မကောင်းမှုများသည်လည်းကောင်း မိမိသန္တာန်၌ ၀ဋ်ကြွေးတစ်ခုအဖြစ် တည်ရှိနေတတ်သောကြောင့် မကောင်းမှုမှန်လျှင် မည်သို့သောမကောင်းမှုကလေးမျှ မဖြစ်ကြရလေအောင် သတိထားပြီး နေထိုင်ကြရန် အထူးပင်လိုအပ်ကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ရပါပေသည်။

စာရေးသူသည် (၂၄.၀၁.၂၀၁၁)နေ့မှ (၂၃.၀၂.၂၀၁၁)ထိ မလေးရှား၊ စင်္ကာပူနိုင်ငံများသို့ ဒေသစာရီ အလည်အပတ်ကြွပြီး (၂၃.၀၂.၂၀၁၁)နေ့တွင် မြန်မာနိုင်ငံသို့ ဒေါက်တာဘွဲ့အတွက် ပြုလုပ်ရမည့်ကိစ္စများ ပြုလုပ်ရန် ကြွမည်ဖြစ်သောကြောင့် ပို့စ်များ မတင်နိုင်ပါက အားလုံး နားလည်ခွင့်လွတ်ပေးကာ အရင်တင်ခဲ့သော ပို့စ်များကိုသာ မကျန်ရှိရလေအောင် ဖတ်ကြပါလို့ တိုက်တွန်းလိုက်ပါပေသည်။

Saturday, January 22, 2011

ဆန်နီနေမင်း အမေးအဖြေ မေတ္တာပို့ခြင်းနဲ့ပတ်သတ်၍

အရှင်ဘုရား။ တပည့်တော်ကို လမ်းခွဲစကားပြောတဲ့ချစ်သူနဲ့ ပြန်အဆင်ပြေချင်လို့ မေတ္တာပို့ပါတယ်။ ဖြစ်ချင်တဲ့ဆန္ဒက ချစ်သူနဲ့ ပြန်အဆင်ပြေဖို့ပါဘုရား။ တစ်ခုခု အဆင်ပြေချင်တဲ့ ရည်ရွယ်ချက်နဲ့ မေတ္တာပို့ရင် အပြစ်ဖြစ်ပါသလားဘုရား။ မေတ္တာပို့တဲ့ အချိန်မှာ တပ်မက်စိတ်ကင်းသဖြင့် စိတ်အေးချမ်းမှုကိုခံစားရပါသည်။ တစ်ခါတစ်ရံမှာ မေတ္တာသက်သက်ဖြစ်ပြီးအေးချမ်းသော်လည်း တစ်ခါတစ်ရံမှာ ချစ်သူကို လိုချင် တပ်မက်ပြီး လောဘစိတ်နဲ့ ပူလောင်နေရပါသည်။ လောဘမဖြစ်အောင် မေတ္တာ ဘယ်လိုပို့ရမလဲဘုရား။
ကိုယ်ဘက်က မေတ္တာပို့ရင် တစ်ဖက်လူရဲ့စိတ်မှာ ပြောင်းလဲသွားတတ်ပါသလား။ မေတ္တာပို့တဲ့အချိန် တပည့်တော် စိတ်အေးချမ်းနေတာကိုတော့ ခံစားရပါသည်ဘုရား။ ပုထုဇဉ်မို့ ချစ်သူရဲ့ အချစ်ကို ပြန်ရချင်တဲ့စိတ်က ပိုပြင်းထန်နေပါသည်ဘုရား။ မေတ္တာပို့ရုံသက်သက်ဖြင့် တစ်ဦးနဲ့တစ်ဦးချစ်ခင်ပါသလား။ မေတ္တာဘာဝနာ အကြောင်း အကျယ်သိလိုပါသည်ဘုရား။ လောကီနဲ့မကင်းတာမို့မေးရတာ အရှင်ဘုရားကို အားနာပါသည်ဘုရား။ တပည့်တော် မေးတာ အမှားပါရင်ခွင့်လွှတ်ပါဘုရား။


အင်း မေးထားတဲ့မေးခွန်းရဲ့ အဓိကသိချင်တာသည် မေတ္တာပွားရကျိုးဖြစ်၍ မေတ္တာပွားရခြင်းကြောင့် ရရှိသောအကျိုး(၁၁)ပါးကို ပထမဦးစွာ ရေးသား တင်ပြပေးပါမည်။ မေတ္တာပွားများသူသည်

၁။ ချမ်းသာစွာ အိပ်ရခြင်း။

၂။ ချမ်းသာစွာနိုးရခြင်း။

၃။ မကောင်းသောအိပ်မက် မမြင်မက်ရခြင်း။

၎။ လူနတ်တို့ ချစ်ခင်ကြခြင်း။

၅။ ဘေးလွတ်အောင် နတ်တို့စောင့်ရှောက်ကြခြင်း။

၆။ မီးဘေးမှ ကင်းလွတ်ခြင်း။

၇။ ဓါးလက်နက်တို့ မထိခိုက်ရခြင်း။

၈။ အဆိပ်ဖြင့် မသေရခြင်း။

၉။ စိတ်ဓာတ်များ တည်ကြည်ခြင်း။

၁၀။ မျက်နှာအဆင်းလှပခြင်း။

၁၁။ သေသောအခါ ဆင်းရဲဒုက္ခမရှိ တွေးဝေခြင်းမရှိဘဲ သေရပြီး ဗြဟ္မာ့ပြည်သို့ ရောက်ရခြင်းစတဲ့ အကျိုးများကို ရရှိခံစားရပေသည်။


မေတ္တာပို့ခြင်းသည် လောဘစိတ်မပါဘဲ မေတ္တာပို့လျှင် ပိုမိုသန့်ရှင်းသောကြောင့် မေတ္တာစွမ်း ပိုထက်ပါသည်။ အကယ်၍ မိမိပို့သော မေတ္တာသည် လောဘစိတ်မကင်းပါက အပြစ်တော့မဖြစ်ပါ။ မေတ္တာပွားများရကျိုးတော့ လျှော့သွားပါပေသည်။


ထို့ကြောင့် မိမိပို့သသောမေတ္တာသည် ချစ်ခင်မှုကိုပြန်လည်လိုချင်သော လေဘစိတ်ပါနေပါက မေတ္တာပွားရကျိုး လျှော့ပါသည်။ မိမိအား ပြန်လည်ချင်ခင်လာအောင် မေတ္တာပို့ခြင်းကြောင့် မိမိကိုအပြန်အလှန်အားဖြင့် မေတ္တာအစွမ်းလေးတော့ ရရှိပါလိမ့်မည်။ တဏှာစိတ်နဲ့ချစ်ခင်မှုကိုတော့ ရရှိမည်မထင်။ သူငယ်ချင်းမိတ်ဆွေ ချစ်ခင်ခြင်းမျိုး၊ မောင်နှမချစ်ခင်မျိုးတော့ ရရှိနိုင်ပါသည်။


မိမိမုန်းသောသူကို မေတ္တာပို့လျှင် ထိုသူသည် မိမိထံသို့ မေတ္တာစိတ်ပြန်လည် ရရှိပါပေသည်။ မေတ္တာပို့သည်ဆိုသည်မှာလည်း (၅၂၈)မေတ္တာဖြင့် ပို့ရသည်ဖြစ်သောကြောင့် ပြန်လည်ရရှိသော မေတ္တာသည်လည်း (၅၂၈)မေတ္တာသာ ဖြစ်ပေသည်။


ထို့ကြောင့် မိမိတို့သည် မိမိချစ်သူကိုလည်းကောင်း၊ မုန်းသူကိုလည်းကောင်း၊ မိဘဆွေမျိုးများမှအစ သတ္တ၀ါအားလုံးကို သန့်ရှင်းစင်ကြယ်သော မေတ္တာစစ် မေတ္တာမှန်ပို့ရန် အဓိကလိုအပ်ပါပေသည်။ ထိုသို့မေတ္တာပို့ရန် မိမိ၌ အထက်ဖော်ပြခဲ့ပါ မေတ္တာအကျိုးများရရှိပြီး မျက်မှောက်မှာရော တမလွန်မှာရော ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် နေထိုင်ရပေလိမ့်မည်။ သို့ဖြစ်၍ လူသားအားလုံး တစ်ဦးပေါ်တစ်ဦး မေတ္တာစစ် မေတ္တာမှန်ဖြင့် နေ့စဉ်မပြတ် ပို့သနိုင်ပြီး ချစ်ခင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပါပေသည်။

Friday, January 21, 2011

ဆန်နီနေမင်း အမေးအဖြေ ရုပ်ပွားတော်နဲ့ပတ်သတ်၍

Dear Sayardaw,

May I ask you a question please, Sayardaw. I live in England. There is one English Family in here. They want to know that why the Image of Buddha is several kind of face in Japan, China, India and Myanmar? There are different kinds of Buddha's Face. They really want to know. I didn't know how to answer for their question at this time. Therefore, would it be OK if you explain me. So, I can explain them next time. Thank you so much Sayardaw.

Best Regard,

မြတ်ဗုဒ္ဓရုပ်ပွားတော်မျက်နှာအသွင်များ ကွဲပြားရခြင်းမှာ ဗုဒ္ဓရုပ်ပွားတော် ပြုလုပ်သူများ၏ နိုင်ငံနှင့်လူမျိုး အပေါ်မှာမူတည်၍ ကွဲပြားသွားကြပါသည်။ အဘယ့်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓရုပ်ပွားတော်ကို မိမိတို့ လူမျိုးမျက်နှာနှင့်ယဉ်ကျေးမှုကို ကြည့်ရှု့ပြီး ထုလုပ်ကြသည်က များသောကြောင့်ပင် ဖြစ်ပေသည်။


မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်အခါက မြတ်ဗုဒ္ဓသည် မိခင်ရင်းဖြစ်သော မယ်တော်မာယာဒေ၀ီ ရောက်ရှိနေသည့် တာဝတိံသာနတ်ပြည်သို့ သွားရောက်၍ တရားဟောကြားသောအခါ ကုဒါယနအမည်ရှိသော မင်းသည် မြတ်ဗုဒ္ဓနတ်ပြည်မှ ပြန်ကြွမလာ သောကြောင့် ရှင်မောဂ္ဂလာန်အား မြတ်ဗုဒ္ဓအစား ကိုးကွယ်ဖို့အတွက် ရုပ်ပွားတစ်ခု ယူဆောင်ပေးရန် တောင်းပန်းလျှောက်ထားခဲ့ပေသည်။

ထိုအခါ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်သည် မြတ်ဗုဒ္ဓရုပ်ပွား ပြုလုပ်ရန်အတွက် ပန်းပုဗိသုကာ ဆရာတစ်ယောက်အား တာဝတိံသာနတ်ပြည်သို့ ခေါ်ဆောင်သွားပြီးလျှင် မြတ်ဗုဒ္ဓအားဖူးမျှော်စေပြီး စန္ဒကူးနံ့သာသားနဲ့ မြတ်ဗုဒ္ဓဆင်တုတော်ကို ပြုလုပ်ခိုင်းခဲ့ပါပေသည်။

မဟာဝံသကျမ်းအလိုအရ မြတ်ဗုဒ္ဓရုပ်ပွားတော်များကို ဒေ၀ါနံပိယတိဿမင်း လက်ထက်ကတည်းက ရှိခဲ့သည်ဟု ဆိုပေသည်။ အချို့သော ပညာရှင်များ၏ အလိုအရမှာတော့ ဒုတုဂါမုနုမင်းလက်ထက်ကတည်းက သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓရုပ်ပွား တော်များ ရှိခဲ့သည်ဟု ဆိုပေသည်။ ထေရ၀ါဒဗုဒ္ဓဘာသာတို့ရဲ့ အစဉ်အလာအရ ဗုဒ္ဓရုပ်ပွားတော်များသည် ပုံစံ(၃)မျိုး ရှိပေသည်။ (၁) မတ်တပ်ရပ် ရုပ်ပွားတော်၊ (၂) ထိုင်တော်မှုရုပ်ပွားတော်၊ (၃) လျောင်းတော်မူရုပ်ပွားတော်ဟူ၍ (၃)မျိုး ရှိပေသည်။

မြတ်ဗုဒ္ဓရုပ်ပွားတော်များ၏ မျက်နှာပုံစံ ကွဲပြားရခြင်းမှာ ရုပ်ပွားတော်ပြုလုပ်သော ဗိသုကာ ပညာရှင်များ၏ မိမိတို့လူမျိုးနှင့်ယဉ်ကျေးမှုပေါ်မူတည်ပြီး သူတို့စိတ်ကူးအတိုင်း ပုံဖော်ကြသောကြောင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီဘဲ ကွဲပြားသွားကြပါသည်။ သီရိလင်္ကာနိုင်ငံ၌ ထုလုပ်သောရုပ်ပွားတော်များသည် သီရိလင်္ကာဗိသုကာပညာရှင်များ၏ စိတ်ကူးအတိုင်း ဖြစ်လာသလို မြန်မာနိုင်ငံ၌ ထုလုပ်သောရုပ်ပွားတော်များ သည်လည်း မြန်မာဗိသုကာများ၏ ယဉ်ကျေးမှုနှင့်စိတ်ကူးအတိုင်း ဖြစ်လာပေသည်။

ထိုကဲ့သို့ နိုင်ငံနှင့်လူမျိုး ယဉ်ကျေးမှုတို့ကွဲပြား၍ ဗုဒ္ဓရုပ်ပွားတော်မျက်နှာ အသွင်အပြင် ကွဲပြားခြားနားကြသော်လည်း မြတ်ဗုဒ္ဓ၏ လက္ခဏာတော်များ၊ ကြည်ညိုဖွယ်ရာဂုဏ်တော်များ၊ မြတ်ဗုဒ္ဓသီတင်း သုံးတော်မူခဲ့သော ပုံစံများမှာကား တူညီကြပေသည်။

မည်သို့ပင်ဖြစ်စေ မိမိတို့၏ စိတ်သန္တာန်၌ မိမိရှေ့တွင်ရှိသော ဗုဒ္ဓရုပ်ပွားတော်ကို သက်တော် ထင်ရှားရှိသော မြတ်ဗုဒ္ဓကဲ့သို့ ရည်မှန်းပူဇော်ကာ ကောင်းမှုကုသိုလ်များ ပြုလုပ်လျှင် ထိုက်တန်သော ဆိုင်ရာဆိုင်ရာအကျိုးကျေးဇူးများသည် ဧကန်မုချရရှိမည် ဖြစ်သောကြောင့် မိမိစိတ်သာလျှင် အာရုံပြုတတ်ဖို့နှင့် ကြည်ညိုမှုအစစ်ဖြစ်ဖို့သာ အဓိကကျပေသည်။ ထို့ကြောင့် လူသားအားလုံး မြတ်ဗုဒ္ဓအား ယုံကြည်မှုသဒ္ဓါတရား ပြည့်ဝစွာဖြင့် ကိုးကွယ်ဆည်းကပ် ကျေးဇူးဆပ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ် လိုက်ရပါပေသည်။

Thursday, January 20, 2011

ဆန်နီနေမင်း အမေးအဖြေ ကခြင်းနဲ့ပတ်သတ်၍


အရှင်ဘုရား မရှင်းတာလေးမေးခွင့်ပြုတော်မူပါဘုရား။ ဘုရားရှင်လက်ထက်တော် အခါက ရဟန်းများဟာ (Dance Teacher) လုပ်ခဲ့ဘူးတာများရှိပါသလားဘုရား။ နောက်ပြီး ဝိနည်းကျမ်းထဲမှာကော (Dance Teacher) လုပ်ခွင့်ပြုထားတဲ့ သိက္ခာပုဒ်များကော ရှိပါသလားဘုရား။ ရှိရင်လဲအဲဒီသိက္ခာပုဒ်ကိုရှင်းပြပေးစေလိုပါတယ်။ မရှိရင်လဲမရှိပါပဲနဲ့လုပ်တဲ့ ရဟန်းဟာဘယ် လိုအပြစ်များရှိတယ်ဆိုတာ ဖြေကြားပေးစေ လိုပါတယ်ဘုရား။

ဒကာရေ ကခြင်းကို ဥပုသ်စောင့်ထားတဲ့ လူတွေတောင် သူတစ်ပါးအား ကခိုင်းခြင်း ကိုယ်တိုင်ကခြင်းများ မပြုလုပ်ရပါဘူး။ သူတစ်ပါးကို ခိုင်းလျှင်လည်းကောင်း၊ ကိုယ်တိုင် ပြုလုပ်လျှင်လည်းကောင်း ဥပုသီလကျိုးပါတယ်။ ဥပုသ်သီလကျိုးတဲ့အတွက် ဥပုသ် စောင့်ထိန်း၍ ရရှိမည့်အကျိုးများ မရရှိတော့ပါပေ။


ရဟန်းတစ်ပါးသည် ရဟန်းဝတ်ပြီဆိုကတည်းက ကခြင်းစတဲ့ ဆိုင်ရာသီလတွေကို ထိန်းရပါတယ်။ အဲဒီတော့ ရဟန်းဝတ်နဲ့ ကိုယ်တိုင်လည်း မကရပါ။ သူများကိုလည်း မကခိုင်းရပါ။ တကယ်လို့ မိမိကိုယ်တိုင် ကလျှင်လည်းကောင်း၊ သူတစ်ပါးအား ကခိုင်းလျှင်လည်းကောင်း ထိုရဟန်းအား ပါစိတ်အာပတ်သင့်ပါတယ်။

ထိုကဲ့သို့ မြတ်ဗုဒ္ဓပညတ်ခဲ့သော အသေးစားသိက္ခာပုဒ်များကို ကျူးလွန်ပါက ထိုရဟန်းသည် ဈာန်မဂ်ဖိုလ်စတဲ့ တရားထူးများကို မရရှိနိုင်တော့ပါ။ အဓိကကျတဲ့ ပါရာဇိက(၄)ပါးကို ကျူးလွန်လျှင်တော့ လူသားတွေ ပဉ္စာနန္တရိယကံငါးပါးကို ကျူးလွန်းလျှင် အပါယ်လေးပါးသို့ တိုက်ရိုက်ရောက်နိုင်သကဲ့သို့ ရဟန်းများသည်လည်း အပါယ်လေးပါးသို့ တိုက်ရိုက်ရောက်နိုင်ပါပေသည်။

တကယ်လို့ မိမိမှာ သိက္ခာပုဒ်အသေးစားလေးများ သင့်ရောက်နေပါက သင့်ရောက်သည့်နေ့ ရက်မကုန်ခင် မိမိသင့်ရောက်သည့် အာပတ်ကို ကုစားရပါတယ်။ အကယ်၍ မကုစားပါက ထိုအပြစ်များသည် နေ့စဉ်လိုလို သင့်ရောက်နေပါပေသည်။

တကယ်စဉ်းစားကြည့်လျှင် ရဟန်းဘောင်သည် လွယ်သလိုလိုနဲ့ အလွန် စောင့်ထိန်းရခက်သော ဘ၀ပင်ဖြစ်ပေသည်။ ရဟန်းဘ၀သည် နေတတ်လျှင် အမြင့်ဆုံးသို့ အရောက်လွယ်သလောက် မနေတတ်လျှင်လည်း အောက်သို့ရောက်အောင် လွယ်ကူလှသော ဘ၀ပင်ဖြစ်ပါသည်။

ယခုခေတ်ကာလတွင် ရဟန်းဘ၀နေရခြင်းသည် ပို၍ပင် စောင့်ထိန်းရခက်လှပေသည်။ တော်ရုံတန်ရုံ စိတ်ဓာတ်ဆုံးဖြတ်ချက်ဖြင့် ရဟန်းဘ၀ကို နေတတ်ဖို့ရန် မလွယ်ကူလှပေ။ ထို့ကြောင့် ရဟန်းဘ၀သည် လူသားတို့အနေဖြင့် အပေါ်ယံ ကြည့်လျှင်လည်းကောင်း၊ မြတ်ဗုဒ္ဓပညတ်ဟောကြားခဲ့သော ၀ိနည်းဥပဒေသများကို နားမလည်လျှင်လည်းကောင်း လွယ်ကူလှသောဘ၀ဟု ထင်မြင်တတ်ပေသည်။

တချို့က ရဟန်းဘ၀သည် ချမ်းသာတယ်၊ ဇိမ်ကျတယ်ဟု ထင်မြင်မိတတ်ကြပေသည်။ ရဟန်းအလုပ်ကို တကယ်လုပ်ပါက လူသားများထက် ပို၍ပင် အလုပ်များသလို ပို၍လည်း ထိန်းချုပ်မှုတွေများသောကြောင့် စိတ်ကျဉ်းကျပ်မှုများ ရှိလှပေသည်။ အကယ်၍ ယောက်ျားလေးများသည် လူ့ဘ၀ရခိုက် ရဟန်းဘ၀ကို ရချင်သောစိတ်ဆန္ဒများရှိပါက ဒုလ္လလရဟန်း မ၀တ်ခင် မိမိစိတ်ဓာတ်ကို အရင်ဆုံးခိုင်မာအောင် ပြုလုပ်ထားရပေမည်။ အဘယ်ကဲ့သို့ ဆုံးဖြတ်ထားရမည်နည်းဆိုသော် မိမိတို့သည် ရဟန်းဝိနည်းဥပဒေသများကို မသိသေးလျှင် ရဟန်းဝတ်ပြီးသိလာတဲ့အခါမှာ ထိုသိက္ခာပုဒ်များကို ရဟန်းဘ၀တည်သမျှ မကျိုးပေါက်အောင် စောင့်ထိန်းမည်ဟု သန္ဒိဋ္ဌာန်ပြတ်သားဖို့တော့ လိုပေသည်။

အဲဒီတော့ အဖြေရှည်လျားသွားပြီးဖြစ်တဲ့အတွက် ဤမျှနဲ့နိဂုံးချုပ်လိုက်ပါတော့မည်။ လူသားအားလုံး ကောင်းမှုကုသိုလ်များ နေ့စဉ်မပြတ် ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်…..။

ဆန်နီနေမင်း အမေးအဖြေ တဘတ်တင်ခြင်းနဲ့ပတ်သတ်၍

တပည့်တော်တို့ ဘုရားရှစ်ခိုးတဲ့အခါမှာ တဘတ်ပါရင် ပိုပြီးအကျိုးဖြစ်ထွန်းပါလား။ တချို့က စိတ်သာအဓိကပါလို့ ပြောပါတယ်။ တပည့်တော်ကို အဲဒီအကြောင်းလေး ရှင်းပြပေးပါဘုရား။

အင်း မိန်းကလေးများ ရှိခိုးတဲ့အခါ တဘတ်ပါရခြင်းအကြောင်းကတော့ မြန်မာ့ရိုးရာ အစဉ်အလာတစ်ခု ဖြစ်လိမ့်မည် ထင်ပါသည်။ မိန်းကလေးများ ပွဲလမ်းသဘင် တက်ရောက်ရာတွင် တဘတ်အသုံးပြုခြင်းကို ထောက်ဆကြည့်လျှင် တဘတ်သည် မိန်းကလေးများ၏ အဆင်းတန်ဆာလည်း ဖြစ်နိုင်ပါပေသည်။


ထိုတဘတ်သည် အိန္ဒိယလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုမှ ဆင်းသက်လာတယ်လို့ လည်းယူဆနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရှေးအိန္ဒိယလူမျိုး မိန်းကလေးများ၏ အ၀တ်အစားသည် အပေါ်ယံအခြုံတစ်ခု ပါပါသည်။ ထိုအ၀တ်အစားကို မိန်းကလေးများ ၀တ်ဆင်အသုံးပြုတဲ့အခါ အပေါ်ရုံအစလေးတစ်ခုကို တဘတ်ကဲ့သို့ ပခုံးပေါ်မှာ တင်လေ့ရှိကြပါသည်။

ထိုခေတ်ကနေ စတင်အသုံးပြုခဲ့သော အ၀တ်အစားများသည် ယခုနောက်ပိုင်း အ၀တ်အစားများ ပြောင်းလဲလာတဲ့အခါ မိန်းကလေးများတွင် ပခုံးပေါ်မှာ တင်စရာမရှိတော့သောကြောင့် တဘတ်ကို အစားထိုး အသုံးပြုလာခြင်း ဖြစ်လိမ့်မည်ဟု ယူဆရပါသည်။

ရဟန်းတော်များ သံဃာအချင်းချင်း ဒေသနာကြားသောအခါ၌လည်းကောင်း၊ ဘုရားရှင်နှင့်ထေရ်ကြီးဝါကြီးများအား ရှိခိုးသောအခါ၌လည်းကောင်း သင်္ကန်းကို လက်ကတော့ထိုးပြီး ရှိခိုးခြင်း အရိုအသေပေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ထို့အတူ လူဝတ်ကြောင်များသည်လည်း ဘုရားရှင်နှင့်သံဃာတော်များအား ရှိခိုးသောအခါ ရဟန်းသံဃာများကဲ့သို့ လက်ကတော့ထိုးရန် အ၀တ်အစားမရှိသဖြင့် ယောဂီတဘတ်ပုံစံ ခါးသိုင်းတဘတ်ကို အသုံးပြုကြခြင်း ဖြစ်နိုင်ပါသည်။ ယခုနောက်ပိုင်းတွင် ယောက်ျားလေးများသည် တဘတ်ကိုင်ခြင်းကို မိန်းကလေးများ၏ အ၀တ်အစားတစ်ခုအဖြစ်သတ်မှတ်ကာ ယောက်ျားလေးများ အသုံးပြုခြင်း မရှိကြတော့ပေ။

တဘတ်ကို အသုံးပြု၍ ရှိခိုးခြင်းဖြင့် ထူးခြားသော အကျိုးဖြစ်ထွန်းမှု သီးသန့်မရရှိသော်လည်း မိမိတို့မြန်မာ့ရိုးရာ ဗုဒ္ဓဘာသာအစဉ်အလာကို ထိန်သိမ်းသော အားဖြင့်လည်းကောင်း၊ မိန်းကလေးများ၏ အဆင်တန်ဆာအနေဖြင့်လည်းကောင်း၊ ဘုရားရှိုခိုးတဲ့အခါ လူကြီးများကို အရိုအသေပေးတဲ့အခါ တရားနားကြတဲ့အခါမှာတော့ အသုံးပြုသင့်ပါပေသည်။ သို့မှသာလျှင် မိမိတို့လူမျိုးဘာသာကို အခြားလူမျိုးဘာသများက ကြည့်ရှု့မြင်တွေ့မိလျှင် မိမိတို့ဘာသာအပေါ် အလေးထားမှုများဖြစ်ပြီး သူတို့သန္တာန်၌လည်း ကြည်နှုးအံ့သြမှုများ ဖြစ်နေမည်မှာ သေချာပေသည်။

စာရေးသူ သိသမျှ စဉ်းစားမိသမျှတော့ ဤမျှပင်ဖြစ်၍ ဒီမှာပင် နိဂုံးချုပ်လိုက်ပါပေည်။ မိန်းကလေးများအားလုံး တဘတ်ကို ယဉ်ကျေးမှုအနေဖြင့် သူ့နေရာနဲ့သူ ကောင်းမွန်မှန်ကန်စွာ အသုံးပြုနိုင်ကြပါစေလို့ ဆန္ဒပြုလျက်………………။

Wednesday, January 19, 2011

ဆန်နီနေမင်း အမေးအဖြေ တရားဂုဏ်တော်နဲ့ပတ်သတ်၍

ဘုန်းဘုန်း ရိုသေစွာ လျှောက်ထားပါတယ်ဘုရား။ “သန္ဒိဋ္ဌိက”နဲ့ “အကာလိက” ဆိုတဲ့ တရားဂုဏ်တော်နှစ်ပါးကို ကွဲကွဲပြားပြား နားမလည်လို့ပါဘုရား။ တရားဂုဏ်တော် ခြောက်ပါးထဲမှာ ဒီလိုပါပါတယ်ဘုရား။ သန္ဒဋ္ဌိတဂုဏ်-မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ရှုမြင်နိုင်ခြင်း၊ အကာလိက-အခါမလင့် အကျိုးပေးခြင်း။ အကာလိက (အခါမလင့် အကျိုးပေးခြင်း)ဆိုတာ “မဂ်ပြီးလျှင်ဖိုလ် အချိန်မဆိုင်းဘဲဖြစ်ခြင်း”ကို ဆိုလိုတယ်လို့ မှတ်သားရပါတယ်ဘုရား။
အခါမလင့် ချက်ချင်း အကျိုးပေးခြင်း၊ မျက်မှောက်ဘ၀၌ ကိုယ်တိုင် ရှုမြင်နိုင်ခြင်း။ ဒီဂုဏ်တော်နှစ်ခု အဓိပ္ပါယ် အတူတူပဲ မဟုတ်လားဘုရား။ “အခါမလင့် အကျိုးပေးတယ်၊ မဂ်ပြီးရင် ဖိုလ်လာတယ်”ဆိုတာ “ခုဘ၀ မျက်မှောက်ဘ၀မှာ မဂ်ဖိုလ်ရတဲ့သူတွေ ကိုယ်တိုင် သိမြင်နိုင်တာ” မဟုတ်ဘူးလားဘုရား။ အကယ်၍ အဲဒီနှစ်ခုတူတယ်ဆိုရင် တရားဂုဏ်တော် ငါးပါးထဲပဲ ရှိမှာပေါ့နော်ဘုရား။ အဲဒီဂုဏ်တော်နှစ်ခု မတူဘူးဆိုရင် မတူပုံကို ရှင်းပြပေးပါဘုရား။ “အခါမလင့် အကျိုးပေးတယ်၊ မဂ်ပြီးရင် ဖိုလ်လာ တယ်”ဆိုတာ “ခုဘ၀ မျက်မှောက်ဘ၀မှာ မဂ်ဖိုလ်ရတဲ့သူတွေ ကိုယ်တိုင် သိမြင်နိုင်တာ” မဟုတ်ဘူးဆိုတဲ့အကြောင်း ရှင်းပြပေးပါဘုရား။

ရိုသေစွာဖြင့်


အင်း တကယ်တော့ သန္ဒိဋ္ဌိကနှင့်အကာလိကဂုဏ်နှစ်ပါးဟာ မတူပါ။ သေချာကျနစွာ နားလည်မှု မရှိသေးသောကြောင့် တူသလိုဖြစ်ပြီး အထင်မှားနေတာပါ။


အကာလိကဂုဏ်ဆိုသည်မှာ မဂ်(၄)ပါး ကုသိုလ်ကံတရားများသာ ဖြစ်ပေသည်။ ပုဂ္ဂိုလ်တစ်ဦးသန္တာန်၌ မဂ်ရအောင် ကမ္မဋ္ဌာန်းအားထုတ်၍ မဂ်ကုသိုလ်စိတ်ဖြစ်လျှင် ချက်ချင်းဖိုလ်စိတ်တည်းဟူသော အကျိုးလည်း တစ်ဆက်တည်း ပေါ်လာပေသည်။ လောကီကုသိုလ်ကံများကဲ့သို့ (၅)ရက် (၇)ရက် တစ်ဘ၀ နှစ်ဘ၀စသည်ဖြင့် အချိန်ဆွဲခြင်း မရှိဘဲ ချက်ချင်းအကျိုးပေးနိုင်သော ဂုဏ်သတ္တိ ရှိပေသည်။

သန္ဒိဋ္ဌိကဂုဏ်ဆိုသည်မှာ ကိုယ်တိုင်သိမြင်တော်မူထိုက်၏ဟု အဓိပ္ပါယ်ရပါသည်။ ထို့ကြောင့် မဂ်လေးပါး ကုသိုလ်တရားသည် ပြင်ပဘုရားဟောခဲ့သော အကာလိကဂုဏ်ဖြစ်ပြီး ထိုမဂ်လေးပါးကို ကိုယ်တိုင် သိမြင်ခြင်းသည် သန္ဒိဋ္ဌိကဂုဏ်တော်ဖြစ်ပေသည်။

အဲဒီတော့ ဗဟိဒ္ဓပြင်ပ၌ဘုရားရှင်ဟောခဲ့သော မဂ်လေးပါးအကာလိက ဂုဏ်တော်နှင့် မိမိသန္တာန်မှာ ထိုတရားများကို အမှန်တကယ် သိမြင်ခြင်း သန္ဒိဋ္ဌိကဂုဏ်တို့သည် အတွင်းအပြင် ကွာခြားသောကြောင့် မတူညီကြပါပေ။

ဘုရားရှင်ဟောတော်မူသော တရားတော်သည် ဟောတော်မူထားသည့် အတိုင်းသာ ကျင့်ကြံအားထုတ်ပါက မဂ်ဖိုလ်အထိ ပေါက်ရောက်နိုင်ပါသည်။ မဂ်ဖိုလ်ရလျှင် နိဗ္ဗာန်ကို ကိုယ်တိုင်သိမြင်ပါ လိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့ လူသားများသည် မြတ်ဗုဒ္ဓဟောကြားခဲ့သော တရားတော်များကို ယုံကြည်ရုံမျှ မဟုတ်ဘဲ နိဗ္ဗာန်ကို ကိုယ်တိုင်သိမြင်အောင် ကြိုးစားရန် အထူးလိုအပ်ပါသည်။

စာရေးသူတို့ ဗုဒ္ဓတရားတော်များသည် ကိုယ်တိုင်မျက်မှောက်သိမြင် လောက်အောင် ထင်ရှားသော ဂုဏ်တော်များ ရှိပေသည်။ အခြားဘာသာများ၏ တရားတော်များတွင် ကိုယ်တိုင်သိမြင်နိုင်အောင် ထင်ရှားသော တရားများ မရှိပေ။ ဥပမာ-ဟိန္ဒူတရား၌ လောကီဈန်အဘိညာဉ်ကို ရစေနိုင်သော တရားသာ ရှိပေသည်။ လောကမှ လွတ်မြောက်ကြောင်း မဂ်တရား ဖိုလ်တရားကား မရှိပါချေ။ ထို့အတူ အခြားသော ဘာသာများ၌လည်း ကိုယ်တိုင်သိမြင်နိုင်သော တရားမရှိဘဲ တရားဟောဆရာတို့၏ အပြောဖြင့်သာ ကျေနပ်နေရပေသည်။

ကိုယ်တိုင်သိမြင်နိုင်လောက်သော တရားပင်မရှိတာ မဟုတ်ပါဘူး။ ထိုတရားကို ဟောပြပညတ်ခဲ့သော ဘုရားလုပ်သူကိုပင် အချို့ဘာသာများ၌ အထင်အရှား ပြနိုင်စွမ်း မရှိကြပေ။ ကောင်းကင်ဘုံမှာ နေသလိုလို၊ ဟိုမှာလိုလို၊ ဒီမှာလိုလိုနဲ့ ယီးတီးယားတားဖြင့်သာ ကျေနပ်နေကြရပေသည်။ ထိုဘုရားတို့၌ ဘုရားဖြစ်ဖို့ရာ မည်သည့်ကောင်းမှုပါရမီကို ဆည်းပူးဖြည့်ကျင့်လျက် မည်သည့်အမျိုးတွင် ဖွားမြင်ပါသလဲ။ မည်ကဲ့သို့သော တရားကိုအားထုတ်၍ မည်သည့်တရားများ ရရှိသနည်း။ ဘယ်နေရာမှာ ဘုရားဖြစ်ပြီး မည်မျှလောက်ကြာအောင် တရားဟောခဲ့ပါသလဲ။ မည်မျှလောက်သော သတ္တ၀ါတွေကို အကျွတ်တရား ရစေကာ ကောင်ကင်ဘုံကို ရောက်စေနိုင်ခဲ့ပါသနည်း စသည့် အချက်အလက်များကို ကျကျနန ပြစရာမရှိကြသောကြောင့် ကိုးကွယ်သူများသည် မျက်မမြင်တစ်ယောက်ကဲ့သို့ ရမ်းသမ်းပြီး သူများပြောတာ ယုံကြည်ကာ ကိုးကွယ် နေကြရပေသည်။

ဗုဒ္ဓဘာသာဝင်တို့သည် ထိုအရာအားလုံးကို စေ့စေ့ငှငှ ပြသနိုင်သည်။ လွန်ခဲ့သောနှစ်ပေါင်း (၂၅၅၀)ကျော်ကာလက အိန္ဒိယပြည်ဝယ် မြတ်ဗုဒ္ဓ ပွင့်တော်မူခဲ့ကြောင်းကို ဘုရားရှင်၏ သီတင်းသုံးတော်မူရာ အရပ်နှင့်အဆောက်အအုံ အစအနများသည် သက်သေတည်လျက် ရှိနေပေသည်။ ထိုအရာများကို မဟုတ်မမှန်ဟု မည်သူမျှ ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ပါ။ သို့ဖြစ်၍ စာရေးသူတို့ ဗုဒ္ဓဘာသာ မြတ်စွာဘုရားရှင်သည် လေဖမ်းဒန်းစီး ကောင်းကင်မှာ တိုက်ကြီးတည်သလို ဟိုလိုလို သည်လိုလိုနှင့် လည့်ပတ်ထားသော ဘုရားရှင် မဟုတ်ပါပေ။ တကယ်ပင် ထင်ရှားရှိခဲ့သော ဘုရားရှင် ဖြစ်ပေသည်။ စာရေးသူ ယခုတင်ပြတာသည် အခြားသောဘာသာများအား စော်ကားလိုသော မနာလိုသောစိတ်ဆန္ဒဖြင့် ရေးသားဖော်ပြခြင်း မဟုတ်ပေ။ စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များ သိရှိနားလည်အောင် ရေးသားတင်ပြခြင်း ဖြစ်ပါသည်။

ထို့ပြင် ဘုရားရှင်၏ တရားတော်များသည် ယခုတိုင် ထင်ရှားရှိနေပေသည်။ ထိုတရားတော်လာသည့်အတိုင်း ကျင့်ကြံပါလျှင် ကိုယ့်သန္တာန်မှာ မဂ်တရား ဖိုလ်တရားများ ဖြစ်ပေါ်နေသည်ကို ကိုယ်တိုင်သိမြင်ပါလိမ့်မည်။ ဤသို့ ကိုယ်တိုင်မြင်နိုင်သော တရားများ မိမိသန္တာန်၌ရှိပါက အခြားဘာသာတို့က လောကီဂုဏ်ကိုပြ၍ မည်မျှပင် သွေးဆောင်ကြပါစေ မိမိသည် ဗုဒ္ဓဘာသာအကြောင်းကို တကယ်နစ်နစ် ကာကာ သိရှိနားလည်ပြီး ယုံကြည်ထားပါက မည်သို့မျှ ပျက်ပြားအောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။

ယခုခေတ်အခါ၌ ထိုကဲ့သို့ မိမိယုံကြည်ကိုးကွယ်သော ဗုဒ္ဓဘာသာအကြောင်းကို ကောင်းကောင်း နားမလည်သောကြောင့် ယုံကြည်မှုသဒ္ဓါတရား ခိုင်မြဲမှုမရှိဖြစ်ပြီး ဘာသာခြားများက လောကီအာရုံများဖြင့် သိမ်းသွင်းလျှင် ဘာသာပြောင်းသွားတတ်သော ဗုဒ္ဓဘာသာအချို့ကို စာရေးသူ မြင်တွေ့မိပေသည်။ ထို့ကြောင့် မိမိတို့ရဲ့ ဘာသာ အကြောင်းကို ကောင်းကောင်းမွန်မွန် နားလည်သိရှိအောင် လေ့လာလိုက်စားပြီး မိမိဘာသာရဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါပေသည်။

Tuesday, January 18, 2011

ဆန်နီနေမင်း အမေးအဖြေ အောင်မြေနဲ့ပတ်သတ်၍

ဦးဇင်းဘုရား တပည့်တော် မေးလျှောက်စရာလေး ရှိပါတယ်ဘုရား။ ဘုရားစေတီ တွေမှာ အောင်မြေဆိုပြီး သတ်မှတ်ထားတဲ့ ကိစ္စပါဘုရား။ အဲဒါ ဘုရားဟော ပိဋကတ်တော်တွေမှာ ပါ/မပါ သိပါရစေဘုရား။ အကျိုးထူးကွာခြားမှုလည်း သိချင်ပါတယ်ဘုရား။ ဦးဇင်း အချိန်ရရင် ပို့ရေးတင်ပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဦးဇင်းဘုရား။

အင်း ဘုရားဟောထဲမှာတော့ ဦးဇင်းသိသလောက် အောင်မြေနေရာ သီးသန့်ဌာနတစ်ခုအဖြစ် ဟောကြားထားတာ မတွေ့ဖူးပါ။ မြတ်စွာဘုရားရှင်သည် ဗောဓိညောင်ပင်ရင်း၌ပင် ကိလေသာ အားလုံးကိုလည်း အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့တယ်။ အောင်ခြင်းရှစ်ပါးကိုလည်း အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ထိုဗောဓိညောင်ပင်မြေနေရာကို အောင်မြေဟု သတ်မှတ်ကြပါတယ်။


ဘုရင်တစ်ပါးသည် သူစစ်အောင်မြင်နေရာကို သူ၏အောင်မြေဟု သတ်မှတ်သကဲ့သို့ ကျန်သောသူများသည်လည်း မိမိတို့ဆိုင်ရာ အောင်မြင်သော နေရာများကို အောင်မြေဟု သတ်မှတ်လေ့ရှိကြပါတယ်။

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အဓိကအောင်မြေကတော့ မြတ်ဗုဒ္ဓ ကိလေသာများကိုရော အောင်ခြင်းရှစ်ပါးကိုရော အောင်မြင်ခဲ့တဲ့ ဘုရားဖြစ်ရာ ဗောဓိညောင်ပင်မြေနေရာပဲ ဖြစ်ပါတယ်။ ထိုမြေနေရာမှ မြေများကိုယူကာ မိမိတို့နေရာအသီးသီးသို့ ယူဆောင်ပြီး အောင်မြေနေရာအဖြစ် သတ်မှတ်ကြပါတယ်။

စာရေးသူတို့ မြန်မာနိုင်ငံရှိ စေတီများတွင် အောင်မြေနေရာအဖြစ် သီးသန့်နေရာလေးတွေရှိတာ တွေ့ဖူးပါတယ်။ အဲဒီနေရာလေးသည် အိန္ဒိယနိုင်ငံ ဗောဓိညောင်ပင်မြေနေရာမှ မြေများကိုပွားယူ၍ ထားကြသည်ဟု သိရှိရပါတယ်။ ထို့အတူ အိန္ဒိယနိုင်ငံတွင်လည်း ဘုရားရှင်သီတင်းသုံးတော်မူခဲ့သော ဗောဓိညောင်ပင်မြေနေရာကို အောင်မြေနေရာဟု ယနေ့ထိတိုင်း သတ်မှတ်ထားကြပါတယ်။

ဒီနေရာဟာ မြတ်ဗုဒ္ဓ ကိလေသာအားလုံးကိုရော အောင်ခြင်းရှစ်ပါးကိုရော အောင်မြင်ခဲ့တဲ့ အောင်မြေနေရာပဲဟု မိမိစိတ်မှာ ယုံကြည်ချက်ကြီးစွာဖြင့် ခြေနင်းကာ အလုပ်ကိစ္စ စာမေးပွဲကိစ္စတို့ကို ဖြေဆိုလုပ်ကိုင်လျှင် အောင်မြင်ဖို့ ရာခိုင်းနှုန်း များနိုင်ပါတယ်။ မြတ်ဗုဒ္ဓအောင်မြေက အောင်မြင်အောင် ဖန်တီးပေးခြင်းတော့ မဟုတ်ပါဘူ။ မိမိရဲ့စိတ်ဓာတ်တက်ကြွပြီး ဆန္ဒဦးဆောင်မှု အားကောင်းသောကြောင့် စိတ်ပါလက်ပါဖြင့် စာမေးပွဲဖြေဆို အလုပ်အကိုင်များ ကောင်းကောင်းမွန်မွန် လုပ်ကိုင် ဖြေဆိုမည်ဖြစ်သောကြောင့် အောင်မြင်ဖို့ ရာခိုင်နှုန်း များနိုင်ပါတယ်။

မိမိကိုယ်တိုင်က စာလည်းမကျက် အလုပ်လည်း လုံလ၀ီရိယမစိုက်ဘဲ အောင်မြေနေရာနင်းရုံးနဲ့တော့ စာမေးပွဲလည်း မအောင်မြင်နိုင်သလို အလုပ်လည်း အဆင်ပြေလိမ့်မည် မဟုတ်ပါ။

အဲဒီတော့ အောင်မြင်နေရာကိုနင်းခြင်းသည် မိမိအတွက် စိတ်ဓာတ် လှုပ်ဆော်ပေးမှုနှင့် ဆန္ဒပြင်းပြမှုတို့သာ ပေးနိုင်စွမ်း ရှိပါလိမ့်မည်။ မြတ်ဗုဒ္ဓကိုယ်တိုင်က ကယ်တယ်ဖန်တီးရှင် မဟုတ်ဘဲ လမ်းညွှန်ပုဂ္ဂိုလ်သာဖြစ်သောကြောင့် မိမိကိုယ်ကို အားကိုးခြင်းသည်သာလျှင် အောင်မြင်ခြင်းအားလုံး၏ အဓိကဖြစ်ပါတယ်။ မြတ်ဗုဒ္ဓလမ်းညွှန်မှုကို မိမိတို့က လိုက်နာကျင့်သုံးပြီး အားထုတ်လုပ်ကိုင်မည်ဆိုလျှင် မျက်မှောက်သံသရာမှာ အရားအားလုံး အောင်မြင်ပါလိမ့်မယ်။

နိဂုံးချုပ်အနေဖြင့် ပြောရမည်ဆိုလျှင် အောင်မြေနေရာဟူ၍ ကမ္ဘာမြေကြီးတွင် သီးသန့်နေရာ မရှိနိုင်ပါ။ ဗုဒ္ဓဘာသာတို့၏ အယူအဆ မြတ်ဗုဒ္ဓဘုရားဖြစ်ရာ ဗောဓိညောင်ပင်မြေနေရာကိုသာလျှင် အောင်မြေဟု သတ်မှတ်ကြပါသည်။ အောင်မြေနေရာကို နင်းရုံးဖြင့် အောင်မြင်ဖို့ မဖြစ်နိုင်ပါ။ မိမိတို့၏ ကြိုးစားအားထုတ်မှုလည်း လိုပေသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓသည် ကိလေသာအားလုံးနှင့် အောင်ခြင်းရှစ်ပါးကို အောင်မြင်အောင် လုပ်နိုင်သလို မိမိတို့သည်လည်း မျက်မှောက်ဘ၀မှာရော နောင်ဘ၀များမှာရော အစစအရာရာ အောင်မြင်ချောမွေ့အောင် ဒါန၊ သီလ၊ ဘာဝနာများကို နေ့စဉ်အောင်မြင်အောင် ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…..။

ဆန်နီနေမင်း အမေးအဖြေ ဆွမ်းတော်တင်ခြင်းနဲ့ပတ်သတ်၍

အရှင်ဘုရား။ ဘုရားမှာ တင်ထားတဲ့ သစ်သီးကိုကျတော့ လူတွေစားကြတယ်။ ပန်းကျတော့ လူတွေပြန်မသုံးရဘူးလို့ ပြောကြတယ်ဘုရား။ အဲ့ဒါဘယ်လိုလဲ သိချင်လို့ပါဘုရား။ နောက်ပြီး ငရဲကြိးတယ်ဆိုတာမျိုးရောရှိလားဘုရား။ အဲဒါလေး ဖြေပေးစေချင်ပါတယ်ဘုရား။

တကယ်တော့ ပန်းကိုလည်း မပန်သင့်ဘူး သစ်သီးလည်း ပြန်မယူသင့်ပါဘူး။ လှူတဲ့လူဆိုရင် ပိုတောင် မယူသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လှူတဲ့လူက မုတ္တစာဂီ-တွယ်တာတပ်မက် တွန့်တိုမှုမရှိဘဲ လွတ်လွတ်စွန့်ကြဲပြီးသားဖြစ်လို့ပါ။


မြတ်ဗုဒ္ဓကလည်း အလှူဒါနကို ပြုတဲ့အခါမှာ တွယ်တာမှုတွေ၊ နှမြှောမှုတွေ၊ နောင်တတဖန် ပူပန်မှုတွေမရှိဘဲ လှူဒါန်းရမယ်လို့ မိန့်ခဲ့ပါတယ်။ ဒါမှလည်း မိမိသန္တာန်မှာရှိတဲ့ မိမိပစ္စည်းဝတ္ထုကို တွယ်တာနှစ်သက်တတ်တဲ့ လောဘကိလေသာကို ပယ်သတ်နိုင်ပြီး ကောင်းကျိုးတွေ ရရှိမှာပါ။

ဒါနအမှုပြုလုပ်ခြင်းသည်လည်း ကိလေသာခေါင်းပါးအောင်ကျင့်တဲ့ ကျင့်စဉ်တစ်ခု ပါ။ ဒါနအမှုလုပ်ခြင်းသည် ပါရမီမပြည့်စုံသေး၍ တစ်ဘ၀တည်းနဲ့ သံသရာမှလွတ်အောင် မလုပ်နိုင်သေးတဲ့ သတ္တ၀ါတွေအတွက် နောင်ဖြစ်လေရာမှာ ချမ်းသာသုခ ပြည့်စုံအောင် လောဘစတဲ့ ကိလေသာများကိုလည်း နည်းနည်းခြင်း ပယ်သတ်နိုင်အောင် ဒါနပြုလုပ်ရန်အတွက် ဟောကြားခဲ့ခြင်း ဖြစ်ပါတယ်။

တွယ်တာခြင်းမရှိဘဲ လှုထားပြီးသားဖြစ်တဲ့ ပန်းတို့ သစ်သီးတို့ကို မိမိက ပြန်ယူရင် အလှူဒါန အကျိုးလှျော့့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိလှူဒါန်းပြီးသားကို မစွန့်နိုင်သေးဘဲ နှမြှောတမ်းတမှု လောဘဖြစ်နေကြောင့် မိမိအလှူဒါနသည် ရာနှုန်းပြည့် အောင်မြင်ခြင်း မရှိလို့ပါ။

တခြားလူက ဘုရားလှူပြီးသား သစ်သီး ပန်းတို့ကို ဘုရားရှင်ထံမှ စွန့်ယူချင်လျှင် သေချာခွင့်ပန်းပြီးယူရင်တော့ ရပါတယ်။ သို့သော် ဘုရားရှင် ခွင့်ပြု မပြုကို မိမိက သေချာမသိနိုင်သောကြောင့် ကျောင်းကန် ဘုရားများမှာဆိုလျှင် ထိုကျောင်းဝင်းမှာရှိသော သံဃာများထံ ခွင့်တောင်းပြီး စွန့်ယူလျှင် ပိုကောင်းပါတယ်။ မိမိအိမ်မှာ တင်ထားသော သစ်သီး ပန်းတို့ဆိုလျှင်တော့ စွန့်ပစ်လိုက်ပါ။ စားစရာဖြစ်နေပါလျှင် တခြားတိရစ္ဆာန်တွေကို ကျွေးတာက ပိုမိုကောင်းပါတယ်။

တစ်ခါ ငရဲကြီးတယ်ဆိုတဲ့ စကားနဲ့ပတ်သတ်ပြီး ရှင်းပြရမယ်ဆိုလျှင် ငရဲကြီးမယ်ဆိုတာ လူကြီးတွေက ငရဲရောက်လိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်ကို မှတ်ရလွယ်ကူ နားလည်အောင် အလွယ်ပြောတဲ့ စကားပါ။ ငရဲရောက်နိုင်မယ့်အရာမဟုတ်သော တစ်ချို့သော မကောင်းမှုအသေးစားများကိုလည်း အလွယ်သဘောမျိုးဖြင့် ငရဲကြီး လိမ့်မယ်၊ ငရဲကြီးတတ်တယ်ဟု လူကြီးများက ကလေးများကို သတိပေး တားမြစ်တဲ့ စကားလုံး ဖြစ်ပါတယ်။

ရှေ့သူတော်ကောင်း လူကြီးများသည် သူတို့ကိုယ်တိုင် မကောင်းမှုများမှ ရှောင်ကြဉ်ပြီး ကလေးလူငယ်များကိုလည်း အသေးစားမကောင်းမှုများကိုပင် မပြုစေချင်သောကြောင့် တစ်ခုခုသော မကောင်းမှုများ ပြုလုပ်တော့မည်ကိုမြင်လျှင် ငရဲကြီးလိမ့်မယ် မလုပ်နဲ့ဟု တားမြစ်လေ့ရှိကြပါတယ်။ ယခုခေတ်မှာတော့ လူကြီးများကိုယ်တိုင်က မကောင်းမှုများလုပ်နေ၍ ကလေးများ မကောင်းမှု ပြုလုပ်တော့မည်ကိုမြင်လျှင်လည်း သူတို့ကိုယ်တိုင် မရှောင်ကြဉ်နိုင်သောကြောင့် တားမြစ်ဖို့ရန် ခက်ခဲနေသလို တားမြစ်ခြင်းလည်း မရှိကြတော့ပါ။

ထို့ကြောင့် မိမိတို့ခေတ်ကာလ၌ ကလေးလူငယ်များကို မကောင်းမှုများ ပြုလုပ်တော့မည်ကိုမြင်လျှင်ဖြစ်စေ၊ ပြုလုပ်ပြီးလျှင်လည်း နောင်မလုပ်အောင် တားမြစ်ကြရန် လိုအပ်သကဲ့သို့ မိမိတို့လူကြီးများကိုယ်တိုင်လည်း မကောင်းမှုများမှ ရှောင်ကြဉ်ကာ ကောင်းမှုများဖြင့် မွေ့လျော်ကြဖို့ လိုပါတယ်။ သို့မှသာလျှင် နောင်အနာဂတ်လူငယ်လေးများ ဘ၀သည်လည်း သာယာလှပကာ ချမ်းမြေ့ပျော်ရွှင်ဖွယ် ဖြစ်နေပါမယ်။

ထိုကဲ့သို့ ပြုလုပ်ပေးမည်ဆိုလျှင် မြတ်ဗုဒ္ဓ ဆင်းရဲပင်ပန်းခံကာ မဟာကရုဏာ ကြီးစွာဖြင့် တည်ထောင်ခဲ့သော သာသနာကြီးလည်း အဓွန့်တည်တံ့မှာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓကိုလည်း ကျေးဇူးဆပ်ရာ ရောက်မည်ဖြစ်သောကြောင့် လူသားအားလုံး မိမိကိုယ်တိုင်လည်း မကောင်းမှုများ ရှောင်ကြဉ်ကာ သူတစ်ပါးတို့ကိုလည်း မကောင်းမှုမှ ရှောင်ကြဉ်နိုင်အောင် တားမြစ်ပြုပြင်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါပေသည်။

Monday, January 17, 2011

ဆန်နီနေမင်း အမေးအဖြေ ဘာ့ကြောင့် ကိုးကွယ်မှုဖြစ်လာပါသလဲ

လောကရှိ လူသားတို့သည် ရေဘေး၊ လေဘေး၊ မီးဘေး၊ သားရဲတိရစ္ဆာန်တို့ဘေး အစရှိတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ရဲ့ အားကိုးရာကို ရှာလာကြပါတယ်။ အဲဒီလို ရှာလာကြရာ ပထမဦးဆုံး သစ်ပင် တော တောင်တွေကို အားကိုးရာဆရာအဖြစ် ကိုးကွယ်ကြတယ်။ သစ်ပင်တောတောင်တွေမှာ နတ်တွေရှိတယ်။ သူတို့က ကယ်တင်နိုင်မယ်လို့ ယုံကြည်ပြီး ကိုးကွယ်ကြတယ်လေ။ အဲဒီကနေ တဖြည်းဖြည်း ဆရာလုပ်မဲ့ပုဂ္ဂိုလ်တွေ အမျိုးမျိုးပေါ်ကာ အယူဝါဒတွေလည်း အမျိုးမျိုးဖြစ်ခဲ့ပါတယ်။ အဲဒီလို လူသားတွေဟာ ဘယ်သူ့အယူဝါဒက မှန်တယ်။ ဘယ်သူ့အယူဝါဒက လက်ခံသင့်တယ်ဆိုပြီး ၀ါဒအမျိုးမျိုးပေါ် ဆရာအမျိုးမျိုးလည်း ကွဲပြားခဲ့ကြတယ်။


အင်း အဓိကကတော့ အယူဝါဒကို မိဘဆရာသမားတွေဆီကနေလည်ကောင်း မိမိတို့ ပတ်ဝန်းကျင်ကနေလည်းကောင်း နီးစပ်ရာ ကိုးကွယ်မှုတွေ ဖြစ်လာကြတာ များပါတယ်။ မိမိအယူဝါဒကို ကောင်းကောင်းမွန်မွန်သိပြီး ဘာသာအားလုံးရဲ့ ၀ါဒကိုလည်း နားလည်တဲ့ပုဂ္ဂိုလ်ဆိုရင်တော့ ဘယ်ဟာက မှန်တယ် မှားတယ်ဆိုတာသိပြီး ဆရာသမား မိဘ မျိုးရိုး အာဏာတို့ ထိန်းချုပ်မှုမရှိဘူးဆိုရင် မှန်တဲ့ဘက်ကို ပြောင်းလဲလာကြပါတယ်။ တစ်ချို့ကျတော့ မှန်တဲ့ဝါဒဘက်ကို လိုက်ချင်သော်လည်း မိဘဆရာသမား မျိုးနွယ် အာဏာတို့ကို မလွန်ဆန်နိုင်၍ ရှိရင်းဝါဒကိုပဲ လက်ခံကျင့်သုံးနေရတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။

ခုခေတ်မှာကြည့်ရင်တော့ အဓိကဘာသာကြီးလေးခုထဲမှာ မိမိတို့နီးစပ်ရာ ဘာသာကို ကိုးကွယ်ကြတာ များသလို မိမိတို့ကိုးကွယ်ရာဘာသာ အယူဝါဒကိုလည်း ကောင်းကောင်းမသိ တခြားဘာသာတို့၏ အယူဝါဒကိုလည်း ကောင်းကောင်း မသိကြသူများက များပါတယ်။ ဒါ့ကြောင့်လည်း ဘာသာတစ်ခုနှင့်တစ်ခု သိမ်းသွင်းမှုများ ဖြစ်လာလျှင် သူများဘာသနောက်ပါသွားကြသည်က များပေသည်။

ထို့ကြောင့် မိမိဘာသာအယူဝါဒကို သေချာသိအောင် လေ့လာလိုက်စားပြီး ကျင့်သုံးနေထိုင်သင့်နိုင်သလို တက်နိုင်လျှင် တခြားဘာသာအကြောင်းကိုလည်း လေ့လာသင့်ပါတယ်။ အားလုံး အယူဝါဒ အမှန်တရားကို ကောင်းစွာနားလည် သဘောပေါက်ပြီး လိုက်နာကျင့်သုံးနေထိုင်ကြပြီး မျက်မှောက်တမလွန် နှစ်ခုလုံး၌ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပေသည်။

Sunday, January 16, 2011

ဆန်နီနေမင်း အမေးအဖြေ အမွေးတိုင်ပူဇော်ခြင်းနဲ့ပတ်သတ်၍

အရှင်ဘုရား မေးခွန်းနောက်တစ်ခုလောက် မေးပါရစေ။ ဖယောင်းတိုင်၊ အမွေးတိုင် ထွန်းတယ်ဆိုတာ လေထဲကို ကာဗွန်တိုင် အောက်ဆိုက်များစေတယ်။ လေထု ညစ်ညမ်းမှုသာဖြစ်စေပြီး ဘာမှထူးမှာမဟုတ်ဘူးဆိုတာ မှန်ပါသလားဘုရား။

အင်း ဒီမေးခွန်းဟာလည်း တကယ်သိသင့်တဲ့ မေးခွန်းလေးပါ။ မြတ်စွာဘုရားရှေ့မှာ အမွေးတိုင်ပူဇော်တယ်၊ ဆီးမီးပူဇော်တယ်၊ ပန်းပူဇော်တယ်ဆိုတာ ဘာကြောင့် ဘယ်လိုပူဇော်ရတယ်ဆိုတာကို မသိကြတာက များပါတယ်။


တကယ်တော့ မြတ်ဗုဒ္ဓသည် ကိလေသာအားလုံးကင်စင်ပြီးဖြစ်လို့ အမွေးနံ့သာ စသည်တို့ မလိုအပ်တော့ပါ။ မြတ်ဗုဒ္ဓခန္ဓာကိုယ်၌လည်း အတုမရှိသော အမွေးနံ့သာတို့ ပြည့်စုံနေပါတယ်။ အဲဒီလို အမွေးနံ့သာစသည်တို့လည်း အလိုမရှိ၊ သူကိုယ်တိုင်၌လည်း အမွေးနံ့သာနဲ့ပြည့်စုံနေတဲ့ မြတ်ဗုဒ္ဓသည် အဘယ့်ကြောင့် အမွေးနံ့သာ ပူဇော်ခြင်း၊ ပန်းများပူဇော်ခြင်းတို့ကို လက်ခံရသလဲဆိုတာ သေချာစဉ်းစား ကြည့်သင့်ပါတယ်။

မြတ်ဗုဒ္ဓသည် စာရေးသူတို့ သတ္တ၀ါတွေအပေါ်မှာ မဟာကရုဏာတော်ရှင် ဖြစ်တယ်ဆိုတာ ဒီဟာကို ထောက်ဆကြည့်တာနဲ့ပင် အတော်လေး ကြည်ညိုစရာ လေးစားစရာ ကောင်းလှပါတယ်။ သူ့အတွက် မလိုအပ်တဲ့အရာတွေ သူတစ်ပါးက လာပြုလုပ်တာကို လက်ခံခြင်းသည် မဟာကရုဏာရှင်မို့သာ တစ်ခြားမည်သူမျှ လက်ခံမည်မဟုတ်ပေ။

စာရေးသူတို့ လူသားများတွင် တစ်စုံတစ်ယောက်သည် ရေမွှေးအကောင်းဆုံးတွေ သုံးထားတယ်ဆိုပါစို့၊ အဲဒီလူကို တစ်ယောက်ယောက်က သူ့ရေမွေးလောက် မကောင်းတဲ့အနံ့ဆိုးတဲ့ အနံ့တစ်ခုနဲ့ ဖြန့်ပက်ပေးမည်ဆိုလျှင် မဟာကရုဏာရှင် မဟုတ်သော စာရေးသူတို့ လူသားများ သည်းခံခွင့်လွတ်မည် မဟုတ်သလို အသာတကြည်နဲ့လည်း ခွင့်ပြုမှာ မဟုတ်ပါဘူး။

အင်း မြတ်ဗုဒ္ဓကတော့ မဟာကရုဏာရှင်ဖြစ်တဲ့အတွက် သူ့ပင်ကိုယ် သဘာဝလောက် အမွေးနံ့သာမရှိတဲ့ အမွေးတိုင်၊ ပန်းများ သူနားမှာ ပူဇော်ခြင်းကို လက်ခံထားပေသည်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ သတ္တ၀ါတွေကို သနားငဲ့ညာပြီး တရားထူး မြန်မြန်ရစေချင်လို့ပါ။

အမွေးတိုင် ပူဇော်တယ်၊ ပန်းပူဇော်တယ်ဆိုတာ တကယ်တော့ အဲဒီအမွေးတိုင်၊ ပန်းပွင့်တို့ရဲ့ ဖြစ်ပျက်ကို ရှု့မြင်ပြီး မိမိရဲ့ခန္ဓကိုယ်ကိုလည်း ရှု့တတ်အောင်လို့ပါ။ အမွေးတိုင်လေးကို ကြည့်လိုက်လျှင် တစ်စ တစ်စနဲ့ လောင်းမြိုက်ကုန်ဆုံးပြီး ပြာဖြစ်ကာ မြေကြီးထဲရောက်သွားပါတယ်။

အဲဒီလိုပဲ မိမိရဲ့ ခန္ဓာကိုယ်ကြီးဟာ မွေးလာပြီးကနေ တစ်ရက်တစ်ရက်နဲ့ ကုန်ဆုံးကာ နောက်ဆုံးပျက်စီးပြီး မြေကြီးဖြစ်သွားပါတယ်။ ဘယ်လောက်ပင် မိမိတို့က မာန်မာနတွေတက်ပြီး ပြုပြင်စေကာမှု ခန္ဓာကိုယ်ကြီးကတော့ ပျက်စီးရင်း ပျက်စီးလျက်ပါ။ ဒီလို အမြဲတမ်းပျက်စီးနေတဲ့ ခန္ဓာကိုယ်ကြီးအတွက် ရှာဖွေကျွေးမွေးရ၊ ပြုပြင်ပေးရနဲ့ မိမိမှာ နေ့စဉ် လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတွေ ဖြစ်နေပါတယ်။ တစ်ချို့ဆို သာမာန်လုပ်ရိုးလုပ်စဉ် လောဘ၊ ဒေါသသာမကဘဲ သူများထက် သာလွန်သော မတရားမှု လောဘ ဒေါသတွေဖြစ်ပြီး ငါးပါးသီလတွေ ကျုးလွန်းကြကာ မကောင်းမှုများကို သူများထက်ပို၍ ပြုလုပ်နေကြပါတယ်။

မိမိခန္ဓာကိုယ်ကြီးဟာ အမွေးတိုင်လိုပဲ တစ်ရက်တစ်ရက်နဲ့ ကုန်ဆုံးကာ ပျက်စီးသွားမည်ဆိုတာကို နေ့စဉ်နဲ့အမျှ သတိရှိနေမယ်ဆိုလျှင် သာမာန်ထက်ပိုသော ကိလေသာမကောင်းမှုများ မိမိသန္တာန်မှာ မဖြစ်ဘဲ ကောင်းမှုကုသိုလ်များကိုလည်း နေ့စဉ်နဲ့ အမျှ ပြုလုပ်နေမှာ သေချာပါသည်။

အမွေးတိုင်နည်းတူ ပန်းပွင့်တို့ ဖယောင်းမီးတို့ ပူဇော်ခိုင်းခြင်းသည်လည်း ထိုကဲ့သို့ အဖြစ်အပျက်များကို ကျောင်းမှာလာခိုက်၊ ဘုရားရှေ့မှာရှိနေခိုက်တွင် တရားရှု့မှတ် တတ်အောင်နှင့် တရားရှု့မှတ်ရန် ပူဇော်ခိုင်းခြင်း၊ ခွင့်ပြုခြင်းဖြစ်ပါပေသည်။ ဖယောင်မီးလှူလို့ အသိဉာဏ်ကောင်းခြင်းစတဲ့ အကျိုးတွေရရှိတာတော့ မှန်ပါပေသည်။ သို့သော် ထိုအကျိုးများသည် သာမညအရာသာဖြစ်ပြီး တရားရှု့မှတ်ဖို့ရန်သာ အဓိကအချက်ဖြစ်ပေသည်။

မိမိတို့လူသားများက အမွေးတိုင်ပူဇော်ရခြင်း၊ ပန်းပူဇော်ရခြင်း၊ ဆီးမီး ပူဇော်ရခြင်းများ၏ အဓိကအဓိပ္ပါယ်ကို သေချာကျနစွာ မသိသောကြောင့် ဖြစ်သလို တွေးကာ ဖြစ်သလိုလုပ်နေကြပေသည်။ ဘုရား၌မီးထွန်းပူဇော်ပါဆိုလျှင် တစ်ချို့ဆို ဘုရားကို မီးပူတိုက်သလိုဖြစ်အောင် ဘုရားနားကပ်ကာ ပူဇော်သူများကိုလည်း စာရေးသူတွေ့ဖူးပေသည်။ သို့သော် စာရေးသူသည် ပါးစပ်နဲ့ပြောလျှင် အပြစ်တင်ခံရမည်ကြောက်သောကြောင့် စာနဲ့ပဲ ပြောလိုက်ပါသည်။ ဆီးမီးပူဇော်ခြင်း၊ အမွေးတိုင်လှူခြင်းများသည် မိမိအတွက်သာ အဓိကဖြစ်၍ ဘုရားနားကပ်ထားရန် မလိုပေ။ ဘုရားရှေ့ဝယ် မိမိမြင်လောက်သော နေရာဆိုလျှင် ရပေသည်။

ယခုခေတ် ဆီးမီးပူဇော်ရာဝယ် လျှပ်စစ်မီးများဖြင့် ပူဇော်ထားကြသည်များလည်း တွေ့ရပေသည်။ ထိုကဲ့သို့ လျှပ်စစ်မီးဖြင့် ပူဇော်ခြင်းသည် မိမိတို့အဓိကလုပ်ရမည့် တရားရှု့မှတ်ရန် မဖြစ်နိုင်သောကြောင့် အဓိကအကျိုးတော့ ရရှိတော့မည် မဟုတ်ပေ။ လျှပ်စစ်မီးပူဇော်သော အကျိုးသာ ရရှိပေမည်။ တကယ်တော့ မြတ်ဗုဒ္ဓသည် ခြောက်ပါးသောရောင်ခြည်တော်များဖြင့် ပြည့်စုံသူဖြစ်သောကြောင့် မည်သည့် အလင်းရောင်ကမျှ မထိုးဖောက်နိုင်ပါ။ သို့သော် သတ္တ၀ါများအတွက် တရားရှု့မှတ်နိုင်ရင် ဆီးမီးပူဇော်ခွင့် ပေးခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် စာရေးသူတို့ လူသားများသည် အမွေးတိုင်ကဲ့သို့ တစ်စတစ်နဲ့ ပျက်စီးနေသော ဤခန္ဓာကိုယ်ကြီး မပျက်စီးခင် မာန်မာန လောဘစသည့် မကောင်းမှုများ ရှောင်ကြဉ်ကာ အမြဲပျက်စီးနေသော ခန္ဓာကိုယ်ကြီးကို တရားသဘောဖြင့် နေ့စဉ်ရှု့မှတ်ပြီး ကောင်းမှုများ ပြုလုပ်ဖို့ရန် အရေးကြီးပေသည်။ အမွေးတိုင်စသည်တို့ လှူဒါန်းပူဇော် ကြသောအခါတွင်လည်း တရားများ ရှု့မှတ်ပွားများနိုင်ကြပါစေလို့ ဆန္ဒပြုလျက်..............။

မှတ်ချက်/ ယခုဖြေဆိုခဲ့သော အကြောင်းအရာများတွင် အမှားများလည်း ပါနိုင်ပေသည်။ စာရေးသူသည် ပိဋကတ်ကျမ်းတတ်ဆရာတော် မဟုတ်သလို စာပေတတ်ကျွမ်းသူလည်း မဟုတ်သောကြောင့် ဖြစ်ပေသည်။

Friday, January 14, 2011

ဒုစရိုက်နှင့်သုစရိုက်

ဒုစရိုက်ဆယ်ပါးနှင့်သုစရိုက်ဆယ်ပါးအကြောင်းကို ရှင်းပြခိုင်းလို့ ရှင်းပြပေးလိုက်ပါတယ်။ ဒုစရိုက်ဆယ်ပါးဆိုသည်မှာ တကယ်တော့ ကာယကံ ၀စီကံ မနောကံများသာ ဖြစ်ပါတယ်။ အဲဒီကာယကံ ၀စီကံ မနောကံများကို အကျယ်ချဲ့လိုက်တော့


၁။ ပါဏာတိပါတ-သူတစ်ပါးအသတ်ကို သတ်ခြင်း။

၂။ အဒိန္နာဒါန-သူတစ်ပါး ပစ္စည်းဥစ္စာကို ခိုးယူခြင်း။

၃။ ကာမေသုမိစ္ဆာစာရ-သူတစ်ပါး သားမယားကို ပြစ်မှားခြင်းဆိုတဲ့ ကာယကံသုံးပါးနှင့်

၎။ မုသာဝါဒ-မဟုတ်မမှန်ပြောဆိုခြင်း။

၅။ ပိသုဏ၀ါစာ-ကုန်းချောစကား ပြောဆိုခြင်း။

၆။ ဖရုသ၀ါစာ-ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း။

၇။ သမ္ဖပ္ပလာပ၀ါစာ-အကျိုးမရှိ အချည်းနှီးသော စကားကိုပြောဆိုခြင်းဆိုတဲ့ ၀စီကံလေးပါး

၈။ အဘိဇ္ဈာ-သူတစ်ပါးစည်းစိမ်ကို မတရားကြံစည်ခြင်း။

၉။ ဗျာပါဒ-သူတစ်ပါးပျက်စီအောင် ကြံစည်ခြင်း။

၁၀။ မိစ္ဆာဒိဋ္ဌိ-လွဲမှားသော အယူဝါဒလက်ခံကျင့်သုံးခြင်းဆိုတဲ့ မနောကံသုံးပါး။

အထက်ဖော်ပြပါ (၁၀)ပါးသည် မလုပ်သင့် မပြုကောင်းသော အကျင့်ဆိုးများ ဖြစ်ပေသည်။ ထို့ကြောင့် ထို(၁၀)ပါးကို ဒုစရိုက်-လူမိုက်တို့ ပြုလုပ်သောအကျင့်ဟု ခေါ်ဆိုပါသည်။

တစ်ခါ သုစရိုက်ဆယ်ပါးဆိုသည်မှာ

1) ဒါန-စိတ်ထားဖြူစင် စေတနာကောင်းစွာ နှမြောမှုမရှိဘဲ လွတ်လွတ်စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း။

(2) သီလ-ကိုယ်နှုတ်နှစ်ပါးတို့၌ ကောင်းမွန်မှန်ကန်သော အကျင့်ရှိခြင်း။

(3) ဘာဝနာ-သမထ,၀ိပဿနာ ဘာဝနာ(၂)ပါးကို လေ့လာပွားများခြင်း။

(4) အပစာယန-ရတနာသုံးပါး ဆရာသမား မိဘတို့ကို ရိုသေလေးစားခြင်း။

(5) ဝေယျာဝစ္စ-ကုသိုလ်ပြုလုပ်သောပွဲများ၌ တက်နိုင်သည့်ဘက်မှ မပျင်းမရိ ဝေယျာဝစ္စ အသွယ်သွယ်ကို ပြုလုပ်ပေးခြင်း။

(6) ပတ္တိဒါန-မိမိပြုလုပ်ထားသော ကုသိုလ်များကို ကိုယ်ပိုင်အတ္တမရှိဘဲ ဘုရားရှင်၏ အနတ္တ၀ါဒအတိုင်း အများအား အမျှဝေပေးခြင်း။

(7) ပတ္တာနုမောဒန-သူတစ်ပါးပြုလုပ်သော ကောင်းမှုများကို ကောင်းချီးဝမ်းမြောက်ပေးကာ သာဓုခေါ်ဆိုခြင်း။

(8) ဓမ္မသ၀န-မြတ်ဗုဒ္ဓ၏ တရားများကို နာယူမှတ်သားခြင်း။

(9) ဓမ္မဒေသနာ-မိမိတက်သိသလောက် မြတ်ဗုဒ္ဓ၏တရားများကို အများအား ဖြန့်ဝေ ဟောကြားပေးခြင်း။

(10) ဒိဋ္ဌိဇုကမ္မ-နိဗ္ဗာန်ရောက်ကြောင်း ကောင်းမွန်သော အယူဝါဒ ယုံကြည်ချက်ရှိခြင်း။

အထက်ပါ(၁၀)ပါးသော ကောင်းမှုများသည် လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကိုရောက်အောင် လုပ်ဆောင်ပေးသောကြောင့် ကောင်းမွန်သောသုစရိုက် တရားဟုလည်းကောင်း၊ လူသားတို့အား ကောင်းကျိုးချမ်းသာများ တိုးပွားစေတတ်သော တရားများဖြစ်သောကြောင့် ကုသလကမ္မပထတရားဟုလည်းကောင်း ခေါ်ဆိုကြပေသည်။

ဤမျှလောက် ရှင်းပြလျှင် လူသားတို့သည် ရှောင်ကြဉ်ရမည့် အရာများဖြစ်သော ဒုစရိုက်ဆယ်ပါးနှင့် လိုက်နာကျင့်သုံးဆောင်ရွက်ရမည့် သုစရိုက်ဆယ်ပါးတို့ကို သိရှိနားလည်လိမ့်မည် ထင်ပါသည်။

ထို့ကြောင့် လူသားအားလုံး ရခဲလှတဲ့လူ့ဘ၀လေး မကုန်ခင်မှာ ဒုစရိုက်များကို ရှောင်ကြဉ်နိုင်ကာ သုစရိုက်တရားများ ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်နာ ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်.........................။

Wednesday, January 12, 2011

ဆန်နီနေမင်း အမေးအဖြေ သံဃာတုကို လှူမိခဲ့လျှင်

အရှင်ဘုရား။ တကယ်လို့ ရဟန်းမစစ်တဲ့ ကိုယ်တော်ကို ကိုးကွယ်မိရင် ဘယ်လိုအကျိုးယုတ်မှုတွေ ဖြစ်နိုင်ပါသလဲ။ ဥပမာ သင်္ကန်းဝတ်နဲ့ မမြင်ကွယ်ရာမှာ လုပ်ချင်တာလုပ်တဲ့ ကိုယ်တော်မျိုးကို ဆိုလိုတာပါဘုရား။ အဲလိုရဟန်းမျိုးကို လှူမိရင် မကောင်းမှုလုပ်တာကို အားပေးရာရောက်တယ်လို့ ကြားဖူလို့ပါ။ ရှင်းပြပေးပါဘုရား။

အင်း... ဒကာမေးတဲ့ မေးခွန်းလေးက ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာ တော်တော်လေးကို သံသယဖြစ်နေကြမဲ့ မေးခွန်းလေးပါပဲ။ မိမိက ရဟန်းစစ်မစစ်ကို အရင်သိအောင် လေ့လာစုံစမ်းဖို့တော့ လိုပါတယ် ဒကာ။ ဥပမာ..ဒီရဟန်းသည် ရဟန်းယောင်ဆောင်ကာ လုပ်စားနေသော ရဟန်းလား။ ရဟန်းစစ်ပါလျက် ရဟန်းနဲ့မသင့်လျော်သည့်အရာများကို ပြုလုပ်နေသော ရဟန်းလားဆိုတာကို သေချာစမ်းသပ် လေ့လာစုံစမ်းပါ။


ထိုသို့ မစုံစမ်းမလေ့လာဘဲ သံဃာစစ်ကို သံဃာတုဟု စွပ်စွဲမိပါက လူပုဂ္ဂိုလ်များမှာ အပြစ်များစွာ ဖြစ်သောကြောင့် သေချာစုံစမ်းဖို့ရန်တော့ လိုပါတယ်။

ရဟန်းမစစ်ဘဲ ရဟန်းယောင်ဆောင်ထားသော ပုဂ္ဂိုလ်ကို လှူမိလျှင် လှူသောလူမှာ အပြစ်မရှိပါပေ။ ရဟန်းယောင်ဆောင်ထားသော ပုဂ္ဂိုလ်မှာသာလျှင် သာသနာကို အလွဲသုံးစားလုပ်သောကြောင့် ငရဲကိုလားစေနိုင်သော ကြီးစွာသော ပြစ်မှုဖြစ်ပါသည်။

ရဟန်းတော့ စစ်ပါသည်။ သို့သော် ရဟန်းနဲ့မသင့်လျော်သည့် အရာများကို ပြုလုပ်သောပုဂ္ဂိုလ်ကို လှူမိလျှင်လည်း လှူသောသူများမှာ အပြစ်မဖြစ်ပါ။ သို့သော် ရဟန်းဖြစ်ပြီး ရဟန်းနဲ့မသင့်လျော်သည့် ၀ိနည်းစည်းကမ်းများကို ဖောက်ဖျက်ပါက ဆိုင်ရာဝိနည်းစည်းကမ်းအလိုက် အပြစ်ရှိပေသည်။ ဥပမာ...ရဟန်းဖြစ်အောင် သိမ်ဝင်ထားသော သံဃာသည် (၁) မေထုန်အမှုကိစ္စ ပြုလုပ်ခြင်း၊ (၂) ပစ္စည်းဥစ္စာ ခိုးယူလည်ပတ်လိမ်ယူခြင်း၊ (၃) လူကိုသတ်ခြင်း၊ လူသေစေလောက်သော အရာဝတ္ထုများကို သူတစ်ပါးအားပေးခြင်း၊ ခိုင်းခြင်း၊ (၄) ဈာန်တရား မဂ်တရားစတဲ့ တရားထူးများ မရရှိဘဲ ရရှိသည်ဟု သူများနားလည်ယုံကြည်အောင် ပြောဆိုခြင်းများ ပြုလုပ်ပါက ထိုသံဃာသည် ငရဲကိုလားစေတတ်သော အပြစ်များ ဖြစ်ပေသည်။

ထိုလေးမျိုးသော အပြစ်ကြီးများမှအပ အခြားသော အပြစ်များသည် သိမ်ဝင်ထားသော ရဟန်းဖြစ်ပါက ကုစားလို့ရသောကြောင့် ကြီးလေးသော အပြစ်မဟုတ်ပါ။ သို့သော် လူမြင်မကောင်းသည့်အရာများကို လူမြင်အောင်ပြုလုပ်သော အခြားအပြစ်များသည်လည်း သာသနာထိခိုက်သောကြောင့် ထိုက်သင့်သော အပြစ်များ ရှိပေသည်။

လှူဒါန်းသူနှင့် အလှူခံသည့်ပုဂ္ဂိုလ်နှစ်ဦးမှာ လှူဒါန်းသူဘက်က အပြစ်မရှိပါ။ အလှူခံပုဂ္ဂိုလ်မှာသာလျှင် အလှူခံထိုက်သော ဂုဏ်မရှိလျှင် အပြစ်ရှိပေသည်။ လှူဒါန်းသူများမှာ စိတ်ထားပေါ်မူတည်၍ အကျိုးနည်းများမှုသာ ကွာခြားပါသည်။

လှူဒါန်းမည့် ဒကာ ဒကာမများသည် မည်သည့်သံဃာကိုမဆို မိမိက လှူဒါန်းမည်ဆိုလျှင် မိမိလှူဒါန်းသူ၏ ဂုဏ်သိက္ခာ သမာဓိတို့ကို အာရုံမပြုဘဲ သံဃာအားလုံး၏ ဂုဏ်တော်များကို အာရုံပြုကာ လှူဒါန်းမည်ဆိုလျှင် မရေတွက်နိုင်သော အကျိုးများ ရရှိပါသည်။ အကယ်၍ မိမိသည် သံဃာ့ဂုဏ်ကို အာရုံပြုရန် ခက်ခဲပြီး သံဃာကောင်း သံဃာစစ် သီလ၊ သမာဓိ၊ ပညာစတဲ့ တစ်ခုခုသော ဂုဏ်များနဲ့ပြည့်စုံသော သံဃာမှသာ လှူဒါန်းချင်လျှင်တော့ သေချာစုံစမ်းလေ့လာ၍ လှူဒါန်းမှု ပြုလုပ်ပါလေ။

မြတ်ဗုဒ္ဓအလိုအရ နောင်အချိန် သာသနာကွယ်ခါနီးကာလတွင် လက်မှာသင်္ကန်း ပတ်ထားသော လူကိုတောင်မှ သံဃာအမှတ်ဖြင့် သံဃာ့ဂုဏ်ကို အာရုံပြုပြီး လှူဒါန်းလျှင် ရှင်သာရိပုတ္တရာအစရှိသော ရဟန္တာများအပါအ၀င် သံဃာအားလုံးအား လှူဒါန်းရာ ရောက်သောကြောင့် အကျိုးပေးများသည်ဟု ဟောကြားထားသည်ကို ထောက်ဆလျှင် မိမိတို့၏ စိတ်စေတနာသည် အဓိကကျပေသည်။

နိဂုံးချုပ်အနေဖြင့် ပြောချင်သည်မှာ လှူဒါန်းမည့် ဒကာ ဒကာမများသည် အကယ်၍ မိမိ၌ လှူဒါန်းချင်သော စေတနာလည်းဖြစ်နေ၊ လှူဒါန်းရန်လည်း ပစ္စည်းဝတ္ထုကအရန်သင့်၊ အလှူခံပုဂ္ဂိုလ်ကလည်း မိမိရှေ့တွင် ရောက်နေပါက မိမိလှူမည့် အလှူခံပုဂ္ဂိုလ်၏ သီလ၊ သမာဓိ၊ ပညာတို့ကို မိမိက မသိထားလျှင် သံဃာ့ဂုဏ်ကို အာရုံပြုကာ လှူဒါန်းမှု ပြုလုပ်ပါလေ။

တကယ်တော့ အလှူခံနှင့် လှူသူနှစ်ဦးတွင် လှူသည့်ပုဂ္ဂိုလ်၌ အပြစ်မရှိသော ကြောင့် မိမိစေတနာထားတတ်ဖို့ရန်သာ မိမိ၏အကျိုးပေးပေါ်မူတည်နေသဖြင့် မိမိရဲ့ စိတ်စေတနာလေးကို ကောင်းမွန်စွာ ထားတတ်အောင်သာ ကျင့်ကြံကြိုးစား အားထုတ်ပေးပါလို့ ပြောကြားရင်း အားလုံး ရခဲလှတဲ့ လူ့ဘ၀လေး မကုန်ခင်မှာ ဒါန၊ သီလ၊ ဘာဝနာများကို နေ့စဉ်မပြတ် ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်...............။

Tuesday, January 11, 2011

ဆန်နီနေမင်း အမေးအဖြေ မြတ်ဗုဒ္ဓကို ကိုးကွယ်ခြင်းနဲ့ပတ်သတ်၍

အရှင်ဘုရား တပည့်တော်ဗုဒ္ဓဘာသာစစ်စစ်ပါ စကားလေးတစ်ခွန်းလောက် မေးလျှောက်ချင်လို့ပါဘုရား။ မင်းတို့ကကွာ နေ့တိုင်းနေ့တိုင်း စဉ်ပေါ်မှာတင်ထားတဲ့ ခြောက်လက်မလောက်ရှိတဲ့ ရုပ်တုလေးကိုနေ့တိုင်းနေ့တိုင်း ရှိခိုးနေတယ် နေ့တိုင်းနေ့တိုင်း ထမင်းတွေဘာတွေလဲကြွေးနေတယ် အကယ်၍မင်းတို့အိမ်မီးလောင်ရင် အဲ့ဒီရုပ်တုက မင်းတို့ကို ကယ်ဖို့နေနေသာသာ သူတောင်မှ မီးအရင်လောင်သေးတယ် ကိုယ့်ဟာနဲ့ကိုပဲ လွတ်အောင်ပြေးကြရတယ် မင်းတို့ကိုဘယ်အရာကကယ်မှာလဲ”တဲ့။ အရှင်ဘုရားအနေနဲ့ ဒီမေးခွန်းလေးကိုဖြေကြားစေချင်ပါတယ်။

အင်း။ ဒီမေးခွန်းလေးဟာ ဗုဒ္ဓဘာသာဝင်တိုင်း သံသယဖြစ်နေကြမယ် ထင်ပါတယ်။ ခု ဒကာမေးထားတဲ့ မေးခွန်းက ဆင်တုတော်ကို အိမ်မှာ ပူဇော်ထားတာ အိမ်မီးလောင်ရင် ဘယ်သူမှ မကယ်တင်နိုင်ဘူးတဲ့။ ဒါမှန်ပါတယ်။ ဦးဇင်းတို့ မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိရင်လည်း ကယ်တင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့ဆိုတော့ မြတ်ဗုဒ္ဓသည် ကယ်တင်ရှင် မဟုတ်လို့ပါ။


ဘာသာတိုင်းရဲ့ အိမ်ကျောင်းများ၌ မိမိတို့ဆိုင်ရာ ကိုးကွယ်မှုတွေ ထားရှိကြပါတယ်။ ဦးဇင်းတို့ မြတ်ဗုဒ္ဓက ကယ်တင်ရှင်မဟုတ်လို့ မကယ်တင်နိုင်သလို ကယ်တင်ရှင်ဘုရားများသည်လည်း ရုတ်တရက် အိမ်ကျောင်းများကို မီးလောင်လျှင် မကယ်တင်နိုင်ပါ။ ဘုရားတွေသာ မဟုတ်ပါဘူး။ မိမိတို့၏ မိခင်ဖခင်ဘိုးဘွားများကိုလည်း မိမိတို့၏အိမ်များ၌ ကိုးကွယ်ရာအဖြစ် ထားကြပါတယ်။ သို့သော် သူတို့သည်လည်း ကယ်တင်ရှင် မဟုတ်သောကြောင့် မကယ်တင်နိုင်ပါ။ မိမိကိုးကွယ်ဆည်းကပ်ခြင်းသည် သူတို့၏ ကယ်တင်မှုကို ရယူလိုသောကြောင့် မဟုတ်ပါ။ သူတို့၏ ဂုဏ်ကျေးဇူးများကို တန်ဖိုးထား မြတ်နိုးသောကြောင့်လည်းကောင်း သူတို့ကို ကျေးဇူးဆပ်ခြင်းတစ်မျိုး အနေနဲ့လည်းကောင်း ကိုးကွယ်ကြခြင်း ဖြစ်ပါတယ်။

ဦးဇင်းတို့ မြတ်ဗုဒ္ဓအား ကိုးကွယ်ဆည်းကပ်ခြင်းသည် မြတ်ဗုဒ္ဓက မိမိတို့ကို ကယ်တင်ပေးရန် မဟုတ်ပါ။ မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိသကဲ့သို့ အမြဲ အောက်မေ့နိုင်အောင်၊ မြတ်ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးများကို မမေ့အောင်၊ မြတ်ဗုဒ္ဓ ဟောကြားခဲ့သော တရားတော်များကို သတိရနေပြီး အမြဲကျင့်ကြံနေထိုင်နိုင်အောင်၊ မြတ်ဗုဒ္ဓရဲ့ မိမိတို့အပေါ်မှာ ထားရှိခဲ့တဲ့ ကျေးဇူးတရားတွေကို ပြန်လည်ကျေးဇူးဆပ်သော အားဖြင့် မိမိတို့၏ အိမ်ကျောင်းများ၌ စေတီဆင်တုတော်များအား ပူဇော်မှုစသည်တို့ကို ပြုလုပ်ပေးနေကြခြင်း ဖြစ်ပေသည်။

မြတ်ဗုဒ္ဓသည် သူတစ်ယောက်တည်းအတွက် နိဗ္ဗာန်ချမ်းသာကို အလွယ်တကူနဲ့ရနိုင်ပါလျက် သတ္တ၀ါတွေကို ငဲ့ညာသနားပြီး မေတ္တာကရုဏာထားကာ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံးနှင့် ဘုရားဖြစ်သော (၄၅)၀ါကာလပတ်လုံး သူများမလုပ်နိုင်သော ဆင်းရဲပင်းပန်းခြင်းများကို ရင်းနှီးကာ လုပ်ပေးခဲ့ပေသည်။ ထိုကဲ့သို့ မိမိတို့အပေါ်မှာ ကျေးဇူးကြီးမားသော ပုဂ္ဂိုလ်ကို မိမိတို့က အလေးမထား ဂရုမစိုက်ဘဲနေမည်ဆိုလျှင် ထိုသူလောက် မိုက်မဲ့သောသူ အဘယ်မှာရှိမည်နည်း။ မျက်မှောက်ကာလတွင်တောင်မှ လတ်တလော ကျေးဇူးတင်စရာကောင်းသော ပုဂ္ဂိုလ်များကို မိမိတို့၏အိမ်၊ ရုံး၊ အင်္ကျီများ၌ အမှတ်တရအဖြစ် ကိုးကွယ်ပူဇော် နေသေးတာပဲ ဘ၀ပေါင်းများစွာအတွက် ကျေးဇူးများလှသော မြတ်ဗုဒ္ဓကို မိမိတို့က ကိုးကွယ်ပူဇော်မှု မလုပ်ဘဲ မနေသင့်ပါဘူးလေ။

တကယ်တော့ မိမိတို့ စေတီရုပ်တုတော်များကို အိမ်များ၌လည်းကောင်း၊ ကျောင်းကန်များ၌လည်းကောင်း ကိုးကွယ်ပူဇော်လျှင် သက်တော်ထင်ရှားရှိသော မြတ်ဗုဒ္ဓကဲ့သို့ ကိုးကွယ်ပူဇော်မှု ပြုလုပ်ပေးရပါမည်။ ဖြစ်ကလတ်ဆန်း မလုပ်သင့်ပါ။ ထိုသို့ ကိုးကွယ်ရာ၌လည်း မြတ်ဗုဒ္ဓကို ကိုးကွယ်ရုံဖြင့် ကောင်းကျိုးမရနိုင်သော်လည်း မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကျေးဇူးတော်များအား ပူဇော်လျှင်၊ မြတ်ဗုဒ္ဓဟောကြားခဲ့သော တရားတော်များကို လိုက်နာကျင့်သုံးလျှင်ကား တုနိုင်မရသော ကောင်းကျိုးချမ်းသာများ ရရှိပါလိမ့်မည်။
ဤမျှလောက် ရှင်းပြလျှင် လုံလောက်မည် ထင်ပါသည်။ မြတ်ဗုဒ္ဓကိုလည်း ကိုးကွယ်ပုံ ကိုးကွယ်နည်းများလည်း သိရှိမည်ထင်ပါသည်။ မြတ်ဗုဒ္ဓ၏ တရားတော်များအတိုင်းလည်း လိုက်နာကျင့်သုံးလိမ့်မည်ဟု ထင်သောကြောင့် ယခု အမေးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါပေသည်။ အားလုံး လိုက်နာကျင့်သုံးနိုင်ပြီး ကောင်းကျိုးချမ်းသာများ ဆထက်တပိုး တိုးပွားကြပါစေလို့ ဆန္ဒပြုလျက်............။

Monday, January 10, 2011

မိမိကိုယ်ကို သန့်ရှင်းပါ

လူသားတို့သည် များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာ မိမိခန္ဓာကိုယ် သန့်ရှင်းရေးကို နေ့စဉ်လိုလို ပြုလုပ်နေကြသော်လည်း စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းဖို့ရန်အတွက်တော့ မေ့လျော့နေသလို မပြုလုပ်ချင်သလို ဖြစ်နေကြပေသည်။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ မည်မျှပင် သန့်ရှင်းနေစေကာမှု စိတ်ပိုင်းဆိုင်ရာ ညစ်ပတ်နေပါက အသုံးမကျ လူရာမ၀င်သော လူတစ်ယောက်သာ ဖြစ်ပေသည်။ များသောအားဖြင့် လူသားတို့သည် ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းပြီး လူကြည့်ကောင်းအောင် အဖိုးတန်ရတနာပစ္စည်း အ၀တ်အစားများ ပြုလုပ်ထားလျှင် လူရာဝင် အဆင့်တန်းမှီသော လူတစ်ယောက်ဟု ထင်မှတ်နေကြပေသည်။


ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော နှစ်မျိုးလုံး တိုးတက် လှပသန့်ရှင်းအောင် ပြုလုပ်နိုင်လျှင်တော့ လူရာအ၀င်ဆုံးသော လူတစ်ယောက်ပင် ဖြစ်ပါသည်။ တကယ်လို့ မိမိက (၂)ခုလုံးစလုံး သန့်ရှင်းအောင် မလုပ်နိုင်လျှင် အဓိကအကျဆုံးဖြစ်သည့် စိတ်ပိုင်းဆိုင်ရာကို အလေးထား၍ သန့်ရှင်းပေးရပါမည်။

စိတ်ပိုင်းဆိုင်ရာ တိုးတက်သန့်ရှင်းအောင် သီလစောင့်ထိန်းခြင်း ပြုလုပ်ပေးရပါမည်။ အနည်းဆုံး ငါးပါးသီလစောင့်ထိန်းကာ မိမိနေ့စဉ် ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းသကဲ့သို့ စိတ်ပိုင်းဆိုင်ရာကိုလည်း နေ့စဉ်သန့်ရှင်းအောင် ပြုလုပ်ပေးသင့်ပါသည်။ သီလဆောက်တည်သောအခါ၌လည်း မိမိတက်နိုင်သည့်နေ့ရက်များတွင် ဆောက်တည်နိုင်ပါသည်။ ရှစ်ရက် လပြည့် လကွယ်နေ့များမှာ ဥပုသ်သီလ မဆောက်တည်နိုင်လျှင် မိမိအားသည့်ရက်များ၌ ရှစ်ပါးသီလဥပုသ်ကို တစ်ပါတ် တစ်ရက်တော့ စောင့်ထိန်းသင့်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ငါးပါးသီလသည် လူသားမှန်လျှင် စောင့်ထိန်း လိုက်နာရမည့် လူ့ကျင့်ဝတ်ဖြစ်၍ စောင့်ထိန်းလိုက်နာရပေမည်။ ရှစ်ပါးသီလကိုမှု လူသားတို့သန္တာန်တွင် နေ့စဉ်နဲ့အမျှ ကိလေသာအညစ်အကြေးများ ငြိကပ်နေ၍ ထိုကိလေသာများကို တစ်ပါတ်တစ်ရက်တော့ သန့်ရှင်းပေးသင့်ပါသည်။

မိန်းကလေးများ ဦးခေါင်း၌ရှိသော ဆံပင်များသည် အစလျှော်ခါစရက်တွင် ဆံပင်များသန့်ရှင်း၍ ပေါ့ပါးကာ နေလို့ကောင်းသော်လည်း တစ်ပါတ်ခန့်ကြာသောအခါ မြူမှုန်းအစရှိသော ညစ်ပေမှုများ ဖြစ်လာသောကြောင့် ခေါင်းလေးလံထိုင်မှိုင်းမှုများ ဖြစ်လာကာ ဦးနှောက်များပင် မလန်းဆန်းတော့ပါ။

ထို့အတူ စိတ်ပိုင်းဆိုင်ရာ ကိလေသာများသည် လူသားတို့သန္တာန်၌နေ့စဉ် ထူထပ်ညစ်ပေနေသောကြောင့် တစ်ပါတ်တစ်ရက် ရှစ်ပါးသီလဥပုသ် စောင့်ထိန်းကာ စိတ်သန့်ရှင်းမှု ပြုလုပ်ပေးသင့်ပါသည်။ ရှစ်ပါးသီလစောင့်ထိန်းသောအခါ ညစာတစ်ရက်မစား၍ ခန္ဓာကိုယ်အစားအိမ် အနားပေးသောကြောင့် အစာအိမ်သန့်ရှင်းပေးခြင်းဖြစ်၍ ကျန်းမာရေးလည်း ညီညွတ်ပေသည်။ ထို့နောက် မေထုန်ကိစ္စစသော ကိလေသာစိတ်များ မိမိသန္တာမှာမရှိ၍ စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းမှုများဖြစ်ကာ ဦးနှောက်များ ကြည်လင်လန်းဆန်းနေပေမည်။

ထို့ပြင် သီလဆောက်တည်သောအခါ မိမိသည် ဘုန်းကြီးကျောင်းသို့သွားပြီး သီလယူရန် အခွင့်မသာပါက မိမိအိမ်၌ရှိသော ဘုရားစင်ရှေ့၌ သီလဆောက်တည်၍ ရပါသည်။ သီလဆောက်တည်သောအခါ၌လည်း မိမိသည် ပါဠိဘာသာမရပါက မိမိတတ်သိနားလည်သည့် မြန်မာစကားဖြင့် ရွတ်ဆို၍ သီလဆောက်တည်နိုင်ပေသည်။

နိဂုံးချုပ်အနေဖြင့် ပြောချင်သည်မှာ လူသားတို့သည် ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းတောက်ပြောင်ပြီး တန်ဖိုးကြီးမားသော အ၀တ်ပစ္စည်းများဖြင့် တန်ဆာဆင်ထားလျှင် လူရာဝင်သည်ဟု ထင်မြင်နေကြသောကြောင့် ရုပ်ပိုင်းဆိုင်ရာကိုပဲ အဓိကထား၍ ပြုလုပ်နေကြပေသည်။ တကယ်တော့ စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းမှုသည်သာ လူရာဝင်သောကြောင့် စိတ်ကိုသာလျှင် အဓိကထား၍ သန့်ရှင်းပေးရန် အထူးလိုအပ်ပေသည်။ စိတ်ရောကိုယ်ပါ သန့်ရှင်းနိုင်လျှင်တော့ လူရာအ၀င်ဆုံးသော လူသားတစ်ယောက်ဖြစ်၍ လူရာအ၀င်ဆုံးလူသားများဖြစ်အောင် ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါပေသည်။

Sunday, January 9, 2011

ဘုန်းကြီးကျောင်းဝင်းတွင် ဖိနပ်စီးကောင်းပါသလား

အထက်ဖော်ပြပါ ခေါင်းစဉ်နဲ့ပတ်သတ်၍ စာရေးသူတို့ ဗုဒ္ဓဘာသာလူမျိုးများ၌ အတော်လေးကို သံသယဖြစ်နေကြပေသည်။ ရှေးရှေးသော လူကြီးများက ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်မစီးနဲ့ ဗိမ္ဗိသာရမင်းကြီးကဲ့သို့ ခြေဖ၀ါးကို ဓါးနဲ့ခွဲခံရမယ်ဆိုပြီး ပြောဆိုခဲ့သောကြောင့် ဗုဒ္ဓဘာသာဝင်များ ဖိနပ်မစီးရဲကြပေ။ သို့သော် ဗိမ္ဗိသာရမင်းသည် အဘယ့်ကြောင့် ခြေဖ၀ါးကို ဓါးနဲ့အခွဲခံရသည်ကိုတော့ သေချာကျနစွာ သိရှိနားလည်သူက နည်းပါးပေသည်။


တကယ်တော့ ဗိမ္ဗိသာရမင်းသည် ဘုန်းကြီးကျောင်းဝင်းထဲတွင် ဖိနပ်စီးခဲ့၍ ခြေဖ၀ါးကို ဓါးဖြင့်ခွဲခံရခြင်း မဟုတ်ပါပေ။ ဘုရားစေတီတော်ရင်ပြင်ပေါ်ဝယ် ဖိနပ်စီးခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ ထို့ပြင် ဗိမ္ဗိသာရမင်းသည် ရဟန်းသံဃာများ သီတင်းသုံးနေထိုင်ရန် ခင်းထားသောအခင်းပေါ် ခြေဆေးခြင်းမရှိဘဲ ညစ်ပေသော ခြေထောက်ဖြင့် နင်းခဲ့ခြင်းအကုသိုလ်ကံကြောင့် ယခုမျက်မှောက်ဘ၀တွင် ခြေဖ၀ါးကို ဓါးဖြင့်ခွဲခံရခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုန်းကြီးကျောင်းများတွင် ကျောင်းထိုင်သံဃာများက ခွင့်ပြုလျှင် စီးကောင်းပါသည်။

စာရေးသူတို့ ဗုဒ္ဓဘာသာများသည် တကယ်အလေးထားရမည်ကို အလေးမထားဘဲ မဖြစ်စလောက်လေးကိုတော့ အလေးထား၍ ပြုလုပ်လိုက်နာကျင့်သုံးနေကြပေသည်။ တကယ်စဉ်းစားကြည့်လျှင် ဘုန်းကြီးကျောင်းပေါ်တွင် ဖိနပ်မစီးဘဲ ညစ်ပေသောခြေထောက်ဖြင့် တက်လျှင်သာ သံဃိကကျောင်း ညစ်ပေသောကြောင့် အပြစ်ရှိပေသည်။ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်စီးလျှင် အပြစ်ရှိတယ်ဆိုလို့ လိုက်နာကြသော်လည်း ကျောင်းဝင်းအတွင်း တံတွေးထွေးခြင်း၊ ကျင်ကြီးကျင်ငယ်စွန့်ခြင်း၊ အမှိုက်ပြစ်ခြင်းစတဲ့ ညစ်ပေသောအမှုကိစ္စကိုများတော့ အလွယ်တကူ ပြုလုပ်ကြပေသည်။ တကယ်စဉ်းစားကြည့်လျှင် မည်သည့်အရာက ပိုမို၍ အပြစ်ရှိသည်ကို သိနိုင်လိမ့်မည် ထင်ပါသည်။

ထို့ပြင် ဗုဒ္ဓဘာသာများသည် ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်စီးလျှင် အပြစ်ရှိတယ်လို့တော့ ယူဆကြပါတယ်။ သို့သော်လည်း ကားဆိုင်ကယ်စက်ဘီးဖြင့် ဖိနပ်စီးလျှက် ၀င်နေကြပေသည်။ တကယ်လို့သာ ကျောင်းဝင်းအတွင်း ဖိနပ်စီးလျှင် အပြစ်ရှိပါက ထိုသို့ကားများပေါ်တွင် ဖိနပ်စီးခြင်းသည်လည်း အပြစ်ရှိပေလိမ့်မည်။

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက မဟာရာဇာအမည်ရှိသောမင်းသည် သံဃာတော်များ စကြံကြွနေသည့်နေရာတိုင်အောင် ဖိနပ်စီးကာ သံဃာတော်များအား ဘုရားရှင် အဘယ်မှာ သီတင်းသုံးနေသလဲလျှောက်သောအခါ သံဃာတော်များက ဘုရားရှင် ကျောင်းပေါ်၌သီတင်းသုံးနေသည်ဟု ဖြေကြားသောအခါမှသာ ဘုရားရှင်ရှိရာ ကျောင်းပေါ်သို့တက်ခါနီးတွင် ဖိနပ်ချွတ်ခြင်း၊ မင်းဝတ်တန်ဆာများ ချွတ်ထားခြင်းတို့ကိုထောက်ဆ၍လည်းကောင်း၊ ဗိမ္ဗိသာရမင်းသည် ဘုရားရင်ပြင်ပေါ်ဝယ် ဖိနပ်စီးခဲ့ခြင်း၊ သံဃာတော်များ သီတင်းသုံးရန်အတွက် ခင်းထားသောအခင်းပေါ်၌ ညစ်ပေသော ခြေထောက်ဖြင့် နင်းခဲ့ခြင်းတို့ကို ထောက်ဆလျှင် ကျောင်းဝင်းအတွင်း တလင်ပြင်ပေါ်ဝယ် ဖိနပ်စီး၍ ရပါသည်။

မိထွေးတော်ဂေါတမီနှင့် မင်းသမီးငါးရာတို့သည် ဘိက္ခနီဝတ်ရန် ကျောင်းတော်သို့သွားသောအခါ ဘုရားရှင်ကို အရိုအသေ ကင်းမဲ့ရာရောက်မည်ဆိုး၍ ယာဉ်ရထားမစီးဘဲ ခြေလျင်သွားခဲ့သည်ကိုထောက်လျှင် မိမိတကယ် ရတနာသုံးပါးကို ရိုသေလေးစားပါက ဖိနပ်၊ ယာဉ် မစီးဘဲ ကျောင်းဝင်းသို့ဝင်လျှင်တော့ ကောင်းပါသည်။ သို့သော် ကျောင်းပေါ်၊ ဘုရားရင်ပြင်ပေါ်သို့ တက်မည်ဆိုလျှင်တော့ ခြေဆင်းပြီးမှ တက်သင့်ပါသည်။ မိမိ၏ ကျန်းမာရေးကြောင့် ရတနာသုံးပါးကို ရိုသေလေးစားသော်လည်း ကျောင်းဝင်းအတွင်း ဖိနပ်စီးခြင်း၊ ယာဉ်စသည်စီးခြင်းတို့သည် အပြစ်မရှိ၍ ပြုလုပ်နိုင်ပါသည်။

ယခုခေတ် လူငယ်များသည် များသောအားဖြင့် ဘုန်းကြီးကျောင်းများတွင် ဖိနပ်ချွတ်ရမည်ကို ၀န်းလေးနေကြသည်။ ဖိနပ်ချွတ်ရမည့်ကိစ္စကြောင့် တစ်ချို့ဆိုလျှင် ဘုန်းကြီးကျောင်းကိုပင် မသွားချင်ကြပေ။ သူတို့၏ ခြေထောက်များ ဘာများဖြစ်သွားမလဲလို့များ စိုးရိမ်နေကြတယ် ထင်ပါဘိ။ အဲဒီလို ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်ချွတ်ရန် ၀န်းလေးနေသည့် လူငယ်များအတွက် စာရေးသူတင်ပြသော ယခုပို့စ်လေးက အကျိုးရှိမည်ထင်ပါသည်။

နိဂုံးချုပ်အနေဖြင့် စာရေးသူပြောချင်သည်မှာ စာရေးသူတို့ ဗုဒ္ဓဘာသာများသည် အဓိကထားရမည့်အရာနှင့် သာမညထားရမည့်အရာတို့ကို သေချာကျနစွာ လေ့လာလိုက်စားပြီး လိုက်နာကျင့်သုံးရန် လိုပေသည်။ စာရေးသူ သိစေချင်သော ဘုန်းကြီးကျောင်းဝင်းအတွင်း၌ ဖိနပ်စီးသင့် မစီးသင့်သည်ကို ဒီလောက်တင်ပြလျှင် လုံလောက်မည်ဟု ထင်မြင်မိသောကြောင့် ဤမျှနဲ့ပင် နားပါရစေ။ ဆက်လက်တင်ပြနိုင်အောင် အမြဲကြိုးစားလျက်.................။

Saturday, January 8, 2011

အပါယ်လေးပါးမှ လွတ်လိုလျှင်

လူသားတို့သည် နတ်ရွာသုဂတိသို့ ရောက်ချင်ကြသော်လည်း အပါယ်လေးပါးသို့ ကျရောက်မည်ကိုတော့ လူတိုင်းကြောက်ရွံ့နေကြပေသည်။။ အပါယ်လေးပါး၏ ဆင်းရဲဒုက္ခကို သိကြသူများသည် အပါယ်လေးပါးအသံကြားရုံမျှဖြင့် ကြောက်လန့်မှုများ ဖြစ်နေကြ၏။ သို့သော် အပါယ်လေးပါးမှလွတ်အောင် ကျင့်သုံးနေထိုင် လိုက်စားသူများကနည်းပြီး မလေ့လာ မလိုက်စား မကျင့်သုံးသူက များနေပေသည်။


လူသားတို့သည် များသောအားဖြင့် သေရမည်ကို အလွန်အင်မတန် ကြောက်ရွံ့ထိတ်လန့်ကြသည်။ ဘာဖြစ်လို့လဲဆိုတော့ မိမိသေလျှင် မည်ကဲ့သို့သော နေရာဌာနမှာ မည်ကဲ့သို့ နေထိုင်ရမည်ကို သေချာမသိသေး၍ ရနေသော လူ့ဘ၀လေး၌ ပျော်ရွှင်စွာ နေထိုင်ချင်ကြသောကြောင့် ဖြစ်ပေသည်။ တကယ်လို့များ လူ့ဘ၀ထက် ပျော်စရာကောင်းသော နတ်ပြည်နတ်ဘုံကို ခေါ်ဆောင်သွားပြီး နတ်ပြည်၏စည်းစိမ်ချမ်းသာကိုပြ၍ နတ်ပြည်၌နေမည်လော လူ့ပြည်၌ပြန်မည်လောဟု မေးလျှင် လူ့ဘ၀လေးကို အလွယ်တကူ စွန့်ပြစ်ကြပေလိမ့်မည်။

အဲဒီတော့ သေရမည်ကိုလည်း မကြောက်ရအောင် သေလျှင်လည်း ကောင်းသောဘုံမှာဖြစ်ပြီး ကောင်းသောချမ်းသာသုခကို ခံစားရအောင် မသေခင် အချိန်လေးမှာ ပြုလုပ်ရမည့် ကောင်းမှုများကို ပြုလုပ်ပေးပါ။ သိပ်အများကြီး ပြုလုပ်စရာ မလိုပေ။ လူသားတိုင် ပြုလုပ်နိုင်မည့် သရဏဂုံသုံးပါး ယုံကြည်ခြင်းနှင့် ငါးပါးသီလကို လုံခြုံအောင်စောင့်ထိန်းလျှင် နောင်ဘ၀အတွက်တော့ စိတ်ချရပါသည်။ ဒီထက်မက မိမိက လျင်မြန်စွာ ချမ်းသာဆုံးဖြစ်သော သန္တိသုခနိဗ္ဗာန်ကိုရောက်ချင်လျှင် ဒီထက်မကသော ဘာဝနာတရားများကို ပွားများပေးရပေမည်။

မိမိက ဘ၀နာတရား အားထုတ်ဖို့မဖြစ်နိုင်လျှင်သော်မှ ခက်ခဲလှသည်မဟုတ်သော သရဏဂုံသုံးပါးကို ယုံကြည်ခြင်းနှင့်ငါးပါးသီလ ဆောက်တည်ခြင်းကိုတော့ လူသားတိုင်း လုပ်နိုင်မည်ဟု ထင်ပါသည်။

သရဏဂုံသုံးပါးကို ယုံကြည်ခြင်း၌ အပေါ်ယံ ယုံကြည်ခြင်းမျိုး မဟုတ်ဘဲ နစ်နစ်ကာကာ ယုံကြည်မှုရှိဖို့ရန်တော့ လိုပေသည်။ ဥပမာ....မြတ်စွာဘုရားကို ရှိခိုးရာဝယ် မြတ်ဗုဒ္ဓသက်တော်ထင်ရှားမရှိ၍ မြတ်ဗုဒ္ဓကိုယ်ပွားဖြစ်သော စေတီ ဆင်းတုတော်တို့ကို ရှိခိုးသောအခါ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိနေသကဲ့သို့ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကျေးဇူးတော်များကို အာရုံပြုပြီး ရှိခိုးခြင်း၊ လှူဒါန်းခြင်း၊ အရိုအသေပေးခြင်း စသည်တို့ကို ပြုလုပ်ပေးရပါမည်။ ဗုဒ္ဓဘာသာဖြစ်၍ ၀တ်ကျေတန်ကျေသဘောဖြင့် ဖြစ်ကလပ်ဆန်း ရှိခိုးခြင်း လှူဒါန်းခြင်းများ မပြုလုပ်ရန် အရေးကြီးပေသည်။

ထိုအတူ တရားတော်ကို ယုံကြည်ရာ၌လည်း မြတ်စွာဘုရားရှင် ဟောကြားခဲ့သော တန်ဖိုးကြီးမားလှသော တရားတော်များဟု ယုံကြည်မှုအပြည့်အ၀ထားကာ နားယူဖတ်ရှု့ဖို့ လိုပေသည်။

တဖန် သံဃာတော်များကို ယုံကြည်ကိုးကွယ် လှူဒါန်းပေးကမ်းသောအခါ၌လည်း ပုထုဇဉ်သမုတိသံဃာဖြစ်၍ လက်လွတ်သဖွယ် မလုပ်ဘဲ မြတ်ဗုဒ္ဓ၏ လက်ယာရံ ပညာအရာဧတဒဂ် ရဟန္တမထေရ် အရှင်သာရိပုတ္တရာအစရှိသော သံဃာတော်များကို လှူဒါန်းပေးကမ်း ရိုသေရသကဲ့သို့ အာရုံပြုကာ သံဃာတော်များကို ယုံကြည်ကိုးကွယ်ဖို့ရန် လိုပေသည်။

ထို့အပြင် ငါးပါးသီလကို ဆောက်တည်ရာ၌လည်း ငယ်ရွယ်စဉ် မသိသေးသော ကာလများ၌ သီလမလုံခြုံခဲ့လို့ အားတော့မလျှော့လိုက်ပါနဲ့။ သိတတ်သည့်အချိန်တွင် သီလကို လုံခြုံစွာ စောင့်ထိန်းလျှင်လည်း အကျိုးပေးကများသောကြောင့် တက်နိုင်လျှင် တက်နိုင်သလောက် လုံခြုံအောင် စောင့်ထိန်းသင့်ပေသည်။ တစ်ရက်စောင့်ထိန်းလျှင် တစ်ရက်စောင့်ထိန်းရတဲ့ သီလအကျိုးကိုတော့ ခံစားရပေမည်။ အလုပ်တစ်ရက်လုပ်လျှင် တစ်ရက်လုပ်အားခရသလို သီလကို တစ်ရက်စောင့်ထိန်းလျှင် တစ်ရက်စောင့်ထိန်းသော အကျိုးကတော့ ဧကန်ခံစားရပါလိမ့်မည်။

ထို့ကြောင့် မိမိတို့ လူ့ဘ၀လေး မသေခင်အချိန်လေးမှာ သေရန်မကြောက်ဖို့ရန်နှင့် သေလျှင်လည်း နောင်ဘ၀မှာ ကောင်းကျိုးချမ်းသာများခံစားရရန် အနည်းဆုံးတော့ သရဏဂုံသုံးပါးကို ကောင်းမွန်မှန်ကန်စွာ သက်ဝင်ယုံကြည်ပြီး ငါးပါးသီလ ရှစ်ပါးသီလများကိုလည်း တက်နိုင်သလောက် စောင့်ထိန်းသွားမည်ဆိုလျှင် ကြောက်စရာကောင်းလှသော အပါယ်လေးပါးမှ လွတ်ကင်းပါလိမ့်မည်။

ထိုကဲ့သို့ ကျင့်သုံးနေထိုင်သွားမည်ဆိုလျှင် လူသားတိုင်း ကြောက်ရွံ့နေကြသော သေခြင်းတရားကိုလည်း ရဲရဲဝင့်ဝင့် ရင်ဆိုင်ရဲကာ နောင်ဘ၀မှာလည်း ကောင်းကျိုးချမ်းသာများ ဧကန်ခံစားရမည်ဖြစ်သောကြောင့် အပါးလေးပါးမှ ကင်းလွတ်စေတတ်သော သရဏဂုံသုံးပါးနှင့် ငါးပါးသီလတို့ကို နေ့စဉ်တတ်နိုင်သလောက် စောင့်ထိန်းကျင့်ကြံလိုက်နာ ဆောင်ရွက်ကြပါဟု ဆန္ဒပြုလိုက်ရပါပေသည်။

Friday, January 7, 2011

ကံတရားနှင့်အပျော်အပါး

အင်း ရေးစရာဘာရှိလည်းလို့ စဉ်းစားလိုက်တော့ ရခဲလှတဲ့ လူ့ဘ၀လေးရနေချိန်မှာ အပျော်ပါးပဲ ဦးစားပေးပြီး ဘ၀ဆက်တိုင်းကောင်းကျိုးခံစားရမည့် ကောင်းမှုလုပ်ဖို့တော့ မေ့နေကြတဲ့ လူသားများအတွက် သတိပေးစာရေးအုန်းမယ်ဆိုပြီး ဒီခေါင်းစဉ်ကို ပေးလိုက်တာပါ။ လူသားများသည် ကောင်းမှုလုပ်ဖို့ကိုသာ အပျော်ပါးကိစ္စလောက် စိတ်ဝင်စားမယ် လုပ်ကိုင်ဆောင်ရွက်မယ်ဆိုလျှင် လူ့ဘ၀ရရကျိုး နပ်ပါလိမ့်မယ်။ သို့သော် များသောအားဖြင့် လူသားတို့သည် လူ့ဘ၀ရလာတာကို အပျော်ပါးလုပ်ဖို့ပဲဟု ထင်မြင်ယူဆနေကြကာ အပျော်အပါးအတွက်ပဲ အားထုတ်ကြံစည် ပြုလုပ်နေကြတယ်လေ။


လူ့ဘ၀ရခဲပုံကိုလည်း စာရေးသူ အရင်ပို့စ်များ၌ ရေးသားခဲ့ပြီးဖြစ်၍ ဤနေရာမှာ မရေးချင်တော့ပါ။ လူ့ဘ၀သည် တကယ်တော့ ကောင်းမှုကုသိုလ်လုပ်ဖို့အတွက် အကောင်းဆုံးသောနေရာပါ။ ဘာဖြစ်လို့လဲဆိုတော့ နတ်ဘုံသည် သတ္တ၀ါတို့အတွက် ပျော်ပါးစရာ အကောင်းဆုံးသောနေရာဖြစ်ပြီး လူ့ဘုံသည် ကောင်းမှုကုသိုလ်လုပ်ရန် အကောင်းဆုံးသော နေရာဌာနတစ်ခုဖြစ်ပေသည်။ ဒါ့ကြောင့် သူတော်ကောင်းများသည် လူ့ဘ၀ထက် အဆပေါင်းများစွာသာလွန်အောင် ပျော်ရွှင်စရာကောင်းတဲ့ နတ်ဘုံကိုရောက်သော်လည်း မပျော်ရွှင်နိုင်ဘဲ လူ့ဘ၀ကို ကောင်းမှုကုသိုလ်လုပ်ချင်ကြ၍ လူ့ဘ၀ကိုပဲ ရချင်ကြသည်။

ဒီလို ရခဲလှတဲ့ လူ့ဘ၀၊ ကောင်းမှုလုပ်ဖို့ရန် အခွင့်ကောင်းတဲ့လူ့ဘ၀၊ သာသနာထွန်းကားချိန်မှာ လူ့ဖြစ်နေရတဲ့ လူ့ဘ၀၊ ကောင်းမှုလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့ အသိဉာဏ်လေးရှိနေတဲ့ လူ့ဘ၀မှာ အပျော်ပါးပဲ လိုက်စားကြံစည်ပြုလုပ်နေမည်ဆိုလျှင် ဘယ်လောက်များ ၀မ်းနည်းစရာ ကောင်းလိုက်မလဲ။ ဒီလို အပျော်ပါးကိစ္စနဲ့ လူ့ဘ၀လေး ကုန်ဆုံးသွားမည်ဆိုလျှင် ကျန်တဲ့ဘုံက သတ္တ၀ါတွေက အော် တယ်မိုက်တဲ့ လူပါလားလို့ အပြစ်အတင်းတွေ ပြောနေကြပေလိမ့်မည်။

နောက်တစ်ခုက လူသားတွေသည် ကံတရား၏ အကျိုးပေးပုံကိုလည်း သေချာမသိ၊ သေချာနားမလည်၊ အကြွင်းမဲ့ယုံကြည်မှုမရှိ၊ ယောင်ဝါးဝါးဖြစ်နေကြ၍ ကောင်းမှု မကောင်းမှုတို့ကို သေချာမခွဲခြား ဂရုမမှုဘဲ ဖြစ်ချင်သည့်ဆန္ဒစိတ်ကိုသာလျှင် ရှေးတန်းတင်ကာ လုပ်နေကြသည်။

ကံတရားဆိုသည်မှာ မိမိလုပ်ခဲ့တဲ့ ကောင်းမှု မကောင်းမှုများက သူ့အချိန်တန်လျှင် အကျိုးပေးလာပါတယ်။ ကံတရားသည် မြင်ရတဲ့အရာမဟုတ်သလို တည်နေရာဌာနလည်း အတိအကျ မသိကြသည့်အတွက် ကံတရား၏အကျိုးပေးခြင်းကို ဂရုမစိုက်ဘဲ လုပ်ချင်ရာကိုသာ စဉ်းစားပြီး လုပ်နေကြခြင်း ဖြစ်ပေသည်။

တကယ်တော့ ကံတရားသည် မြင်၍ရအပ်တဲ့အရာလည်း မဟုတ်သလို တည်ရာဌာနလည်း အတိအကျပြောဆိုဖို့ရန် ခက်ခဲလှပါတယ်။ ဒါဆို ကံတရားကအကျိုးပေးတယ်၊ ကောင်းမှုလုပ်ရင် ကောင်းကျိုးရတယ်၊ မကောင်းမှုလုပ်ရင် မကောင်းကျိုးရတယ်ဆိုတာ ဘယ်ဖြစ်နိုင်မလဲလို့ စောဒကတတ်လာနိုင် ကံတရားအကျိုးပေးကို ယုံကြည်မှု ကင်းမဲ့လာနိုင်ပါတယ်။

ဒါ့ကြောင့် ဒီနေရာမှာ ရှင်နာဂသိန်နှင့်မိလိန္ဒမင်းကြီးတို့၏ အမေးအဖြေထဲမှ ကံတရားနှင့်ပတ်သတ်၍ မေးဖြေထားပုံကို တင်ပြပေးလိုက်ပေသည်။ မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ရဟန္တာမထေရ်ကို ''အရှင်ဘုရား...ကံတရားသည် တည်ရာဌာန ရှိပါသလား"လို့ မေးတဲ့အခါ ရှင်နာဂသိန်မထေရ်မြတ်က ''မင်းကြီး...သရက်ပင်တစ်ပင်မှာ အသီးမသီးသေးခင် သရက်သီးသည် ဘယ်နေရာမှာ ရှိပါသလဲ"လို့ မေးမြန်းလိုက်ပါတယ်။ ထိုအခါ မင်းကြီးက အရှင်ဘုရား..သရက်သီး၏ တည်ရာဌာနကို မမြင်ရသလို ဘယ်နေရာမှာ တည်ရှိနေသလဲဆိုတာလည်း မသိနိုင်ပါဘုရားလို့ ပြန်လျှောက်ပါတယ်။ အဲဒီလို ဖြေကြားတဲ့အခါ ရှင်နာဂသိန်မထေရ်က မင်းကြီး...ထို့အတူပဲ ကံတရားဆိုတာ တည်ရာဌာန အတိအကျမသိနိုင် မမြင်နိုင်သော်လည်း သရက်ပင်မှ သရက်သီးသည် အချိန်တန်လျှင်သီးလာသလို ကံတရားဟာလည်း အချိန်တန်လျှင် ဆိုင်ရာဆိုင်ရာ အကျိုးပေးမဲ့ အစွမ်းသတ္တိရှိပါတယ်မင်းကြီးလို့ မိန့်ကြားတော်မူခဲ့ပါတယ်။။ သရက်ပင်မှ သရက်သီးသည် အချိန်တန်လျှင် အသီးဖြစ်လာသလို ကံတရားဟာလည်း ကောင်းမှုများတဲ့ချိန် ကောင်းကျိုးကိုပေးပါတယ်။ မကောင်းမှုများတဲ့ချိန် မကောင်းမှုကို ပေးနေစမြဲဖြစ်ပေသည်။

ဒါကိုကြည့်သောအားဖြင့် ကံတရားရဲ့ သဘောသဘာဝကို နားလည်မယ် ထင်ပါတယ်။ ကံတရားသည် အရင်ဘ၀တွေက ကောင်းမှုနှင့်ယခုမျက်မှောက်ဘ၀ ကောင်းမှုတွေကများနေရင် ကောင်းကျိုးကို ပေးပါတယ်။ အကယ်၍ အရင်းဘ၀တွေက မကောင်းမှုတွေများပြီး ဒီဘ၀မှာလည်း မကောင်းမှုတွေများနေမယ်ဆိုရင် မကောင်းကျိုးတွေ ပေးနေပါမယ်။

ဒီသဘောတရားကိုမသိကြသော လူသားအချို့သည် ယခုဘ၀မှာ ကောင်းတာလုပ်သော်လည်း မကောင်းကျိုးက အကျိုးပေးနေသည်ကို ခံစားရသောအခါ ကံတရားကို မယုံသလိုဖြစ်လာကာ ကံတရားယုံကြည်မှုမရှိတဲ့ နေရာဌာနများသို့ အလိုက်မှားသွားတတ်ကြသည်။ ဒီဘ၀မှာ ကောင်းမှုလုပ်သော်လည်း အရင်းဘ၀တွေက မကောင်းမှုများခဲ့၍ မကောင်းကျိုးကို ခံစားနေရလျှင် ''ငါသည် နောက်နောင်ဘ၀တွေမှာ ယခုလို မကောင်းကျိုးများ မခံစားရအောင် ယခုသိတတ်တဲ့ လူ့ဘ၀လေး၌ ကောင်းမှုများများလုပ်မည်ဟု စိတ်ဆုံးဖြတ် လုပ်ကိုင်သင့်ပေသည်။ သို့မှသာလျှင် သံသရာ၌ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် နေထိုင်သွားရပါလိမ့်မည်။

မိမိတို့ လူ့ဘ၀လေးရနေချိန်မှာ ကံတရားသဘောကို သေချာနားလည်ယုံကြည်ကာ လူ့ဘ၀မကုန်ခင်၌ မကောင်းမှုများသာ ဖြစ်လေ့ရှိပြီး မကောင်းကျိုးများသာ ပေးတတ်သော အပျော်အပါးအတွက်ပဲ အားထုတ်ကြံစည် ပြုလုပ်ခြင်းများလျှော့ကာ ကောင်းမှုများကို အရင်က အပျော်ပါးအတွက် ပြုလုပ်ကြံစည်သလို ပြုလုပ်ကြပါလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပေသည်။

မှတ်ချက်။ စာရေးသူ ဘလော့တင်တိုင်း မေးလ်မှတဆင့် ဖတ်ချင်သောဆန္ဒရှိပါက စာရေးသူအကောင့်ကို အပ်ထားနိုင်ပါသည်။

Monday, January 3, 2011

သိထားသင့်သော အမေးအဖြေ

အာဠာဝကအမည်ရှိသော ဘီးလူးမင်းကြီးသည် မြတ်စွာဘုရားနှင့် တွေ့ဆုံသောအခါ စိတ်ဝင်စားဖွယ်ကောင်းသော အောက်ပါမေးခွန်း(၄)ခုကို မေးခဲ့လေသည်။

၁။ လောက၌ရှိသောအရာတို့တွင် အမြတ်ဆုံးသောရတနာသည် အဘယ်အရာ ဖြစ်ပါသနည်း။


၂။ လေ့ကျက်ခြင်းတကာတို့တွင် အဘယ်မည်သော အလေ့အကျက်သည် ချမ်းသာကို ဆောင်ပေးပါသနည်း။

၃။ အရသာတို့တွင် အဘယ်အရာသည် အကောင်းဆုံးသော အရသာဖြစ်သနည်း။

၎။ အသက်မွေးခြင်းတို့တွင် အဘယ်ကဲ့သို့သော အသက်မွေးခြင်းသည် အမြတ်ဆုံး ဖြစ်မည်နည်း။

အထက်ပါ စိတ်ဝင်စားစရာ မှတ်သားစရာ လိုက်နာကျင့်သုံးစရာကောင်းသော ပုစ္ဆာ(၄)မျိုးကို အာဠာဝကဘီးလူးမင်းသည် မြတ်စွာဘုရားကို လျှောက်ထားခဲ့ပေသည်။ ထိုအခါ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က

၁။ ရတနာ(၃)ပါးကို ယုံကြည်လေးစား မြတ်နိုးကြည်ညိုခြင်းသည် အမြတ်ဆုံးသော ရတနာ ဖြစ်ပေသည်။

၂။ လေ့ကျက်ခြင်းတကာတို့တွင် ကုသိုလ်ကမ္မပထတရား (၁၀)ပါးကို လေ့ကျက် ခြင်းသည် ချမ်းသာကို ဆောင်ပေးပါသည်။ ၎င်း(၁၀)ပါးမှာ

(1) ဒါန-စိတ်ထားဖြူစင် စေတနာကောင်းစွာ နှမြောမှုမရှိဘဲ လွတ်လွတ်စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း။

(2) သီလ-ကိုယ်နှုတ်နှစ်ပါးတို့၌ ကောင်းမွန်မှန်ကန်သော အကျင့်ရှိခြင်း။

(3) ဘာဝနာ-သမထ,၀ိပဿနာ ဘာဝနာ(၂)ပါးကို လေ့လာပွားများခြင်း။

(4) အပစာယန-ရတနာသုံးပါး ဆရာသမား မိဘတို့ကို ရိုသေလေးစားခြင်း။

(5) ဝေယျာဝစ္စ-ကုသိုလ်ပြုလုပ်သောပွဲများ၌ တက်နိုင်သည့်ဘက်မှ မပျင်းမရိ ဝေယျာဝစ္စ အသွယ်သွယ်ကို ပြုလုပ်ပေးခြင်း။

(6) ပတ္တိဒါန-မိမိပြုလုပ်ထားသော ကုသိုလ်များကို ကိုယ်ပိုင်အတ္တမရှိဘဲ ဘုရားရှင်၏ အနတ္တ၀ါဒအတိုင်း အများအား အမျှဝေပေးခြင်း။

(7) ပတ္တာနုမောဒန-သူတစ်ပါးပြုလုပ်သော ကောင်းမှုများကို ကောင်းချီးဝမ်းမြောက်ပေးကာ သာဓုခေါ်ဆိုခြင်း။

(8) ဓမ္မသ၀န-မြတ်ဗုဒ္ဓ၏ တရားများကို နာယူမှတ်သားခြင်း။

(9) ဓမ္မဒေသနာ-မိမိတက်သိသလောက် မြတ်ဗုဒ္ဓ၏တရားများကို အများအား ဖြန့်ဝေ ဟောကြားပေးခြင်း။

(10) ဒိဋ္ဌိဇုကမ္မ-နိဗ္ဗာန်ရောက်ကြောင်း ကောင်းမွန်သော အယူဝါဒ ယုံကြည်ချက်ရှိခြင်း။

အထက်ပါ(၁၀)ပါးသော ကောင်းမှုများသည် လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကိုရောက်အောင် လုပ်ဆောင်ပေးသောကြောင့် ကောင်းမွန်သောသုစရိုက် တရားဟုလည်းကောင်း၊ ကုသလကမ္မပထတရားဟု ခေါ်ဆိုကြပေသည်။

၃။ အရသာတကာတို့တွင် မှန်ကန်ဖြောင့်မတ်သော စကားကိုပြောဆိုခြင်းသည် အမြတ်ဆုံး အရသာ ဖြစ်ပါသည်။

၎။ အသက်မွေးခြင်းတကာတို့တွင် ကောင်းမွန်မှန်ကန်သော ပညာဖြင့် အသက် မွေးခြင်းသည် အမြတ်ဆုံးဖြစ်ပေသည်။

အထက်ပါ အမေးအဖြေများသည် လူသားတိုင်းအတွက် အသုံးဝင်ပြီး လိုက်နာကျင့်သုံးသင့်သော အမေးအဖြေများ ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် လူသားတို့သည် အာဠာဝကဘီးလူးမင်းကြီးမေးခဲ့သော အမေးနှင့်မြတ်ဗုဒ္ဓဖြေကြား ပေးခဲ့သော အမေးအဖြေများကို အမှန်တကယ်သိမြင်ပြီး လိုက်နာကျင့်သုံးမည်ဆိုလျှင် မျက်မှောက်ရော နောက်ဘ၀များမှာပါ ကောင်းကျိုးသုခများ ခံစားရ၍ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် နေထိုင်ရမည့်အပြင် ချမ်းသာတကာတို့တွင် အချမ်းသာဆုံးဖြစ်ပြီး အမြတ်တကာတို့တွင် အမြတ်ဆုံးဖြစ်သော ရောက်နိုင်ရနိုင်ခဲလှသော မြတ်နိဗ္ဗာန်ကို ရောက်ရှိခံစားရပေလိမ့်မည်။

Sunday, January 2, 2011

အလိုလိုက်သည် ဆိုသည်မှာ

''အလိုလိုက်သည် အလိုလိုက်လိုက်တာ"စသည့် စကားလုံးကို လူ့လောကတွင် ပြောဆိုတတ်ကြသည်။ အလိုလိုက်သည်ဆိုရာဝယ် မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ လင်နှင့်မယား စသူတို့ကြားတွင် သုံးနှုန်းသော စကားဖြစ်သော်လည်း ထိုစကား၏ အဓိပ္ပါယ်ကို မှန်ကန်တိကျ ကောင်းမွန်စွာ နားလည်ခြင်းမရှိကြသည်က များပေသည်။ ''အလိုလိုက်သည်"ဆိုသည့် စကားလုံးသည် ''အလိုက်သိသည်"စကားလုံးနဲ့ စာသားချင်း ဆင်သော်လည်း အဓိပ္ပါယ်ချင်း မတူညီကြပေ။


တကယ်တော့ အလိုလိုက်သည်ဆိုသည်မှာ သူတစ်ပါးလိုအပ်ချက်အား မိမိကအမှန်တကယ်သိမြင်၍ သူ့လိုအပ်ချက်ကို အလိုသိစွာ ဖြည့်ဆည်းပေးခြင်း ဖြစ်ပေသည်။ မိဘများက သားသမီးများ၏ လိုအပ်ချက်ကို အလိုက်သိစွာ သူတို့လိုအပ်သောပစ္စည်းများအား ၀ယ်ပေးခြင်းမျိုး ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ မိဘများက သားသမီးတို့၏ စိတ်အလိုကိုလိုက်၍ သူတို့လုပ်ချင်သည့်အရာ လုပ်ခွင့်ပေးခြင်းသည် အလိုလိုက်သည်ဟု ယူဆကာ လိုက်လျှော့ပေးမည်ဆိုလျှင် သားသမီးများ လမ်းမှားကိုပင် ရောက်သွားနိုင်ပေသည်။ ထိုမျှမကဘဲ သားသမီးများ၏အလိုကို လိုက်ပေးတာများလျှင် နောက်ပိုင်း၌ သားသမီးများသည် မိဘများအား မထိမဲ့မြင် အလေးမထား ဂရုမစိုက် ခပ်ပေါ့ပေါ့တွက်ကာ လုပ်ချင်ရာလုပ်ကြပေလိမ့်မည်။ ''မိဘတွေက တို့ကိုဘာမှမပြော အလိုလိုက်တယ် ဒါ့ကြောင့် ငါတို့ဘာလုပ်လုပ် အပြစ်မပြော"ဟု ထင်မြင်ယူဆချက်များ ဖြစ်ပေါ်လာပေလိမ့်မည်။ ထိုသားသမီးများသည် မိဘတို့၏ သွန်သင်ဆုံးမှုမရှိတော့၍ မိဘတို့၏သြဇာများ အားနည်းသောအခါ သူတို့စိတ်ကို သူတို့ပိုင်တယ်ဟုထင်လာကာ ထင်ရာဆိုင်းပြီး မိဘများ အရှုံးပေးရသော သားသမီးများ ဖြစ်သွားလျှင် လူတော်လူကောင်းတစ်ယောက် ဖြစ်လာတော့မည် မဟုတ်ပေ။

ထိုအတူ ဆရာနှင့်တပည့်မှာလည်း ထိုကဲ့သို့ တပည့်များ၏ အလိုကိုလိုက်ကာ နေထိုင်ကျင့်သုံးပေးမည်ဆိုလျှင် တပည့်များသည် ဆရာကို မကြောက်မလေးစားတော့၍ နောက်ပိုင်းတွင် ဆိုးသွမ်းမှုများ ဖြစ်လာပေလိမ့်မည်။

မိဘများသည် သားသမီးတို့၏ အုပ်ထိန်းသူဖြစ်၍ မိဘစကားကို သားသမီးက တသွေမတိမ် လိုက်နာသောပုဂ္ဂိုလ်ဖြစ်ရန် မိဘများတွင် သြဇာအာဏာရှိရမည်။ ထိုသို့ သြဇာအာဏာရှိရန်မှာလည်း သားသမီးများကို မိဘများက အလိုက်သိစွာ ပြုလုပ်ပေးသင့်သည်ကို ပြုလုပ်ပေးကာ အလိုမလိုက်ဖို့ အရေးကြီးပေသည်။ မိဘများက သားသမီးများကို အလိုလိုက်ပေးမည်ဆိုလျှင် မိဘများ၏ သြဇာအာဏာကို သားသမီးများက တဖြည်းဖြည်းချင်း ဂရုမစိုက်ဘဲဖြစ်ကာ နောက်ပိုင်းတွင် မိဘစကားကို နားမထောင်တော့မည်ဆိုလျှင် မိဘများမှာ ပူဆွေးမှုသောကများဖြစ်လာတက်သလို သားသမီးများမှာလည်း ဆင်းရဲဒုက္ခများ ကြုံတွေ့လာနိုင်ပေသည်။

ထိုအတူ ဆရာနှင့်တပည့်မှာလည်း ဆရာ့စကားကို တပည့်က နားထောင်မှသာလျှင် ထိုတပည့်သည် လူတော်လူကောင်းတစ်ယောက် ဖြစ်လာပါလိမ့်မည်။ ထိုကဲ့သို့ တပည့်က ဆရာ့စကားကို နားထောင်ရန်အတွက် ဆရာသည် မှန်ကန်တိကျသော ဆရာဖြစ်ရမည်။ တပည့်ကို အလိုမလိုက်ဘဲ အလိုက်သိစွာ ပြောဆိုဆက်ဆံ ကျင့်သုံးနေထိုင်တက်ရန် လိုအပ်ပါသည်။ သို့မှသာလျှင် ဆရာတပည့်ကောင်း ပီသလာပါလိမ့်မည်။

တကယ်တော့ လူ့လောကတွင် သူ့စည်းနှင့်သူ လိုက်နာကျင့်သုံးနေထိုင်တက်ရန် စည်းကမ်းသတ်မှတ်ပေးသူရှိရန်လိုအပ်သလို စည်းကမ်းသတ်မှတ်ပေးသူ၏ သြဇာအာဏာလည်းရှိရန်လည်း လိုအပ်ပါပေသည်။ သို့မှသာလျှင် ကောင်းမွန်သော စည်းကမ်းသတ်မှတ်ချက်များ လူသားတိုင်းတွင်ရှိနေ၍ လောကကြီး သာယာလှပနေပေလိမ့်မည်။

ထို့ကြောင့် လူသားအားလုံး အလိုမလိုက်ဘဲ အလိုက်သိစွာ ကျင့်သုံး ဆက်ဆံတက်ကြပါစေလို့ ဆန္ဒပြုလိုက်ရပေသည်။

မှတ်ချက်။ စာရေးသူ၏ ထင်မြင်ယူဆချက်များသာ ဖြစ်ပေသည်။ မှားမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်စဉ်းစားကြပါကုန်။ စာရေးသူ ဘလော့တင်တိုင်း မေးလ်မှတဆင့် ဖတ်ချင်သောဆန္ဒရှိပါက စာရေးသူအကောင့်ကို အပ်ထားနိုင်ပါသည်။

Saturday, January 1, 2011

ဗုဒ္ဓဘာသာများအတွက် သိထားသင့်သောအချက်များ

သြကာသ၊ သြကာသ၊ သြကာသ ကာယကံ၊ ၀စီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ဤရတနာမြတ်သုံးပါးတို့ကို (နှင့်ဆရာသမားတို့ကို) အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြှော်မှန်းလျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

အောက်ပါဆုတောင်းသည် ဆုပေးမည့်ဆရာတော် သို့မဟုတ် မိဘဆရာသမား များကို ရှိခိုးပါက ရွတ်ဆိုရန် မလိုပေ။ မိမိဘာသာ ရှိခိုးမှသာလျှင် ဆုတောင်းရန် ဖြစ်ပေသည်။


ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပ္ပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဗိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရရပါလို၏ အရှင်ဘုရား။

ထိုဆုတောင်းများထဲမှ အပါယ်(၄)ပါး ဆိုသည်မှာ

၁။ ငရဲ

၂။ တိရစ္ဆာန်

၃။ ပြိတ္တာ

၎။ အသူရကာယ်

ထို့တွင် ပြိတ္တာဘုံနှင့်အသူရကာယ်ဘုံသည် သေချာအောင် နားမလည်သူများ ရှိပေလိမ့်မည်။ တကယ်တော့ ပြိတ္တာဘုံသည် အစားရေစာ ငတ်မွတ်ပြီး အိမ်ကြား၊ မြောင်းကြား၊ တော တောင်ကြားများတွင် လိုက်လံရှာဖွေ စားသောက်ကြရသော သတ္တ၀ါများ ဖြစ်ပေသည်။ တစ်ချို့သောလူများသည် မြို့ရွာများတွင် လိုက်လံရှာဖွေ စားသောက်နေသော ပြိတ္တာများကို မိမိ၏ ဘုန်းကံနည်းပါးနေချိန်တွင် တွေ့မြင်သောအခါ ထိုပြိတ္တာများ၏ ရုပ်ဆင်းသဏ္ဍာန်ကိုမြင်ရပြီး ကြောက်လန့်ကာ ပြိတ္တာဘုံသားများကို တစ္တေ၊ သရဲဟု ခေါ်ဆိုကြပေသည်။ ပြိတ္တာဘုံသားများတွင် တစ်ချို့ဘုံကံရှိသော သတ္တ၀ါများသည် နေ့၌ နတ်တို့ကဲ့သို့ ခံစားရ၍ ည၌ ဆင်းရဲဒုက္ခများကို ခံစားရသော ပြိတ္တာများလည်း ရှိပေသည်။

အသူရကာယ်ဘုံသည် ပြိတ္တာဘုံနှင့် ခပ်ဆင်ဆင် ရှိပေသည်။ ထို့ကြောင့် အသူရကယ်များကို ပြိတ္တာအကြီးစားဟု ခေါ်ဝေါ်ကြသည်။ တကယ်တော့ အသူရကယ်သည် ပြိတ္တာများကဲ့သို့ လူတို့နဲ့ နီးစပ်ရာများ၌ မနေဘဲ မြစ်ချောင်းကမ်းပါးတို့၌ နေတတ်ကြသည်။ သို့သော် သူတို့သည် မြစ်ကမ်းများ၌နေသော်လည်း ရေသောက်ချင်၍ ရေသောက်မည်ဆိုလျှင် သူတို့၏ အကုသိုလ်ကံကြောင့် ရေများခန်းခြောက်ကာ သဲသောင်းများကိုသာ တွေ့ရှိရပြီး ရေကိုမသောက်ရပေ။ ဤမျှလောက် ဆင်းရဲကြပေသည်။

တစ်ချို့ ပြိတ္တာဘုံသားများနှင့် အသူရကာယ်ဘုံသားများသည် ဘုရားတစ်ဆူနှင့် တစ်ဆူကြားထိ မကျွတ်လွတ်ဘဲ ဒုက္ခခံကြရသည်။ အဆိုးဆုံး သက်တမ်းရှည်ပြီး ဒုက္ခအများဆုံး ခံရသည့်သတ္တ၀ါများကား ငရဲသားများပင် ဖြစ်ပေသည်။ ငရဲသားများသည် ငရဲ(၈)ထပ်တွင် သူတို့အကုသိုလ်ကံအလျောက် သက်တမ်းနှင့် ဆင်းရဲဒုက္ခများကို လှလှကြီး ခံကြရပေသည်။

ကပ်(၃)ပါးဆိုသည်မှာ

၁။ သတ္ထန္တရကပ်- ဒုတ်၊ ဓါး၊ လက်နက်များဖြင့် ပျက်စီးသေကြရသောကပ်။

၂။ ရောဂန္တရကပ်- ပလိပ်ရောဂါစသော ခေတ်၌ဖြစ်လေ့ရှိသော ရောဂါများ မြို့ရွာတိုင်းပြည် များ၌ ပျံ့နှံ့ကာ ပျက်စီးသေကြရသောကပ်။

၃။ ဒုဗ္ဘိက္ခ န္တရကပ်- မြို့ရွာတိုင်းပြည်တို့၌ အစားရေစာ ငတ်မွတ်ပြီး သေကြရသော ကပ်တို့ ပင် ဖြစ်ပေသည်။

ရပ်ပြစ်ရှစ်ပါးဆိုသည်မှာ

၁။ ငရဲ

၂။ တိရစ္ဆာန်

၃။ ပြိတ္တာ၊ (အသူရကာယ်ဘုံကို ပြိတ္တာဘုံ၌ သွင်းယူထားခြင်း ဖြစ်ပေသည်။

၎။ သက်တမ်းရှည်သော အသညသတ်ဗြဟ္မာနှင့် အရူပဗြဟ္မာများ၊ အသညသတ်ဗြဟ္မာ သည် ရုပ်ခန္ဓာသာရှိ၍ စိတ်မရှိသောကြောင့် တရားမရနိုင်ပေ။ အရူပဗြဟ္မာများသည် စိတ်သာရှိ၍ ရုပ်ခန္ဓာမရှိသောကြောင့် တရားနာခွင့် မရှိပေ။ ထို့ကြောင့် သက်တမ်းရှည်ပြီး တရားနာခွင့်မရှိသော ဗြဟ္မာနှစ်မျိုးတွင် မဖြစ်ရအောင် ဆုတောင်းခြင်း ဖြစ်သည်။

၅။ ဘုရားရှင်နှင့်ရဟန်းတော်များ မရောက်နိုင်သော ပစ္စ န္တရာဇ်ကျသော အရပ်ဒေသ။

၆။ သာသနာရှိနေချိန်တွင် တရားနာခွင့်ရှိပါသော်လည်း မိစ္ဆာအယူမှားနေသူများ။

၇။ သာသနာရှိနေပြီး ကောင်းသောအယူရှိပါသော်လည်း ဉာဏ်ပညာနည်းသူများ။

၈။ အသိဉာဏ်ပညာလည်းရှိ၊ ကောင်းသောအယူရှိသော်လည်း သာသာနာမရှိသော အချိန်၌ လူဖြစ်ရသူများ။

အထက်ပါအပြစ်ရှိသော နေရပ်ဒေသများသို့ ရောက်ရှိနေလျှင် မဂ်ဗိုလ် ကုသိုလ်ကံတရားများ အားမထုတ်နိုင်၍ မဂ်ဗိုလ်တရားများ မရရှိနိုင်သောကြောင့် ထိုအရပ်များသို့မရောက်အောင် ဆုတောင်းရခြင်း ဖြစ်ပေသည်။

ရန်သူမျိုးငါးပါးဆိုသည်မှာ

၁။ ရေဘေး

၂။ မီးဘေး

၃။ ခိုးသူဓါးမြဘေး

၎။ အမွေးခံ သားဆိုးသမီးဆိုး

၅။ မင်းဆိုး

တစ်ချို့က မိမိမုန်းသောသူကို ရန်သူဟု ထင်မှတ်ကာ ရန်သူမျိုးငါးပါး၌ ထည့်သွင်းတက်ကြပေသည်။ မိမိကမုန်းရုံဖြင့် ရန်သူမဖြစ်နိုင်ပါ။ မိဘကို မကြာခဏ ဒုက္ခပေးတတ်၊ စုဆောင်းထားသော ပစ္စည်းများကို အလကားဖြုန်းတက်သော သားသမီး များသည်သာ မိမိ၏ ပစ္စည်းများကို အလဟဿပြုန်းတီးအောင် ပြုလုပ်သောကြောင့် ရန်သူမျိုးငါးပါး၌ ထည့်သွင်းရခြင်း ဖြစ်ပေသည်။

ဝိပ္ပတ္တိတရားလေးပါးဆိုသည်မှာ

၁။ မင်းဆိုးများ အုပ်စိုးနေခြင်း

၂။ အပါယ်လေးဘုံ၌ ဖြစ်နေရခြင်း

၃။ ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခြင်း

၎။ ကိုယ်နှုတ်စိတ်သုံးပါးလုံး၌ ပြုသင့်သည်ကို မပြုဘဲ မပြုသင့်သည်ကို ပြုမှုပြောဆို ကြံစည်တတ်ခြင်း။

ဗျသနတရားငါးပါးဆိုသည်မှာ

၁။ ဆွေမျိုးများ ပျက်စီးခြင်း။

၂။ စည်းစိမ်ဥစ္စာပျက်စီးခြင်း။

၃။ အနာရောဂါများ နှိပ်စက်၍ပျက်စီးခြင်း။

၎။ မိစ္ဆာအယူရှိခြင်း။

၅။ သီလပျက်စီးခြင်း။

အထက်ဖော်ပြပါ အချက်များသည် ထေရ၀ါဒဗုဒ္ဓဘာသာ လူမျိုးများ တကယ်သိထားသင့်သည် အချက်များဖြစ်ပေသည်။ တစ်ချို့သောသူများသည် နေ့စဉ်ဘုရားရှိခိုးခြင်း ဆုတောင်းခြင်းများ ပြုလုပ်နေသော်လည်း အထက်ပါအချက်များကို တိတိကျကျ သိမထားကြသည်က များပေသည်။
ထို့ကြောင့် စာရေးသူသည် သိသင့်သိထိုက်သည်ဟု ယူဆရသည့် အထက်ပါ အချက်များကို တင်ပြလိုက်ရခြင်း ဖြစ်ပေသည်။