Wednesday, June 29, 2011

ကာမေသုမိစ္ဆာစာရကံ အကျယ်ဖွင့်ဆိုချက်

ဒီကာမေသုမိစ္ဆာစာရကံနှင့်ပတ်သတ်ပြီး ဦးဇင်းကို လူတော်တော်များ မေးကြပါတယ်။ ခဏခဏလည်း ဖြေပေးပါတယ်။ ဒါပေမဲ့ ဒီကံနှင့်ပတ်သတ်ပြီး ယောင်ဝါးဝါးနားမလည် ဖြစ်နေကြတယ် ထင်ပါဘိ။ အဲဒါကြောင့် ဒီတစ်ခါတော့ ဦးဇင်း တက်သိလေ့လာထားသမျှကို ပွင့်ပွင့်လင်းလင်း စုံစုံလင်လင်ဖြစ်အောင် ဖြေပေးလိုက်ပါတယ်။ ပွင့်လင်းအားကြီးလို့ လူကြီးလူကောင်းများအနေဖြင့် မသုံးသင့်တဲ့ မပြောသင့်တဲ့စကားလုံးများ ပါနေလျှင်လည်း နားနှင့်မနာ ဖ၀ါးနှင့်နာပါလို့ပဲ တောင်းပန်လိုက်ပါတယ်။ လူငယ်များ ဒီကံနှင့်ပတ်သတ်ပြီး နားရှင်းကာ ရှောင်ကြဉ်လိုက်နာနိုင်အောင် ယခုအောက်က မေးထားတဲ့ မေးခွန်းကိုပါ တစ်ဆက်တည်း ဖြေပေးလိုက်ပါတယ်။ အမေးနှင့်အဖြေလေးကတော့ ဒီလိုပါ။


အရှင်ဘုရားတပည့်တော် ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။ ကာမေသု မိစ္ဆာစာရကံနှင့် ပတ်သက်၍ သေချာစွာသိရှိလိုပါသဖြင့် မေးမြန်းခြင်းဖြစ်ပါသည်ဘုရား။

(၁) ကာမပိုင် မိဘမှအစ ဆွေမျိုး၊ ရပ်ဆွေရပ်မျိုးများ မရှိတော့သော အမျိုးသားအမျိုးသမီးတစ်ယောက်ကို ကျူးလွန်လျှင်အပြစ်မဖြစ်ဘူးဆိုသည်မှာ ဟုတ်ပါသလားဘုရား။

(၂) အရူးမများအား ကျူးလွန်လျှင်လည်း အပြစ်မဖြစ်ဘူးဆိုသည်မှာ ဟုတ်ပါသလားဘုရား။

(၃) မိမိ ကာမပိုင်သောအမျိုးသမီးရှိသော်လည်း အပျော်မယ်များနှင့် ပျော်ပါးခြင်းစသည်များသည်လည်း အပြစ်ကျူးလွန်ရာရောက်ပါသလားဘုရား။

(၄) ၄င်းအပြင် အမျိုးသမီးတစ်ယောက်မှ နောက်တစ်ယောက်ပြီးတစ်ယောက် ထပ်ယူခြင်းသည် အပြစ် သင့်ပါသလားဘုရား။

(၅) တပည့်တော်တို့မြန်မာသမိုင်းတွင် ဘုရင်အဆက်ဆက်သည် အမျိုးသမီးများစွာထားရှိပါသည်ဘုရား။ ထိုမင်းများသည် မင်းကျင့်တရားနဲ့ ညီညွတ်ပါသလားဘုရား။

(၆) ထို့ပြင် သိကြားမင်းသည်လဲ နတ်ပြည်တွင် နတ်သမီး (၂၅၀၀၀၀၀၀)နှင့်နေခြင်းသည် ဘယ်လိုဘုန်းကံမျိုးပါလဲဘုရား။

(၇) မိဘအုပ်ထိန်းသူအောက်တွင်ရှိသော အမျိုးသမီးနှင့် ရယ်ငန်၍ ကျူးလွန်နေကြသော်လည်း (အမျိုးသမီးသည် ခွင့်ပြုကြည်ဖြူ၏) နောင်တွင် လက်ထပ်ယူကြလျင်လည်း အပြစ်ဖြစ်ပါသလားဘုရား။ မည်ကဲ့သို့အပြစ်ရှိပါသလဲဘုရား။ ကံကိုကျူးလွန်တိုင်း အပြစ်ဖြစ်ပါသလားဘုရား။

အထက်ပါမေးခွန်းများကို တပည့်တော်အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ဖြေကြားပေးတော်မူပါဘုရား။

အင်း ပထမဦးဆုံး ကာမေသုမိစ္ဆာစာရကံနဲ့ပတ်သတ်ပြီး သိထားရမည်က လောကတွင် လောက၀စ္စ၊ ပဏ္ဏတ္တိဝစ္စဟု နှစ်မျိုးရှိရာ ဒီကံတရားသည် လောက၀စ္စထဲတွင် ပါဝင်ပေသည်။ လောက၀စ္စဆိုသည်မှာ မိမိနှင့်ကိုယ်ချင်းစာပြီး နားလည်သိရှိ သဘောပေါက်ရမည်ဖြစ်ပါသည်။ သူတစ်ပါးသားမယားကို မိမိက ကျုးလွန်မယ်လို့ စိတ်ပေါ်လာတဲ့အခါမှာ မိမိစိတ်ထဲမှာ ဒီလိုလေး တွေးတောကြည့်သင့်ပါတယ်။ ငါကျုးလွန်မဲ့ မိန်းကလေးဟာ ငါ့ရဲ့ မိခင်၊ အမ၊ နှမဆိုလျှင်ရော ငါဘယ်လိုခံစားရမလဲ။

အဲဒီလိုတွေးတောတဲ့အခါမှာ မိမိရဲ့မောင်နှမဆွေမျိုးသားချင်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် မိမိစိတ်ရဲ့ ခံစားချက်အတိုင်း တစ်ဘက်လူမှာလည်း သူနဲ့ဆက်စပ်သူများ ဘယ်လိုခံစားရမယ် ဆိုတာ တွေးဆကြံဆနိုင်ပါလိမ့်မယ်။ အဲဒါကြောင့် ကာမေသုမိစ္ဆာစာရကံကိုမကျုးလွန်မိအောင် ရှောင်ကြဉ်သင့်ပါတယ်။

ကာမေသုမိစ္ဆာစာရကံထိုက်သည့်အင်္ဂါရပ်များကို ပထမဦးဆုံးပြောပြပါမယ်။

၁။ အဂမနိယဌာနတာ - မသွားလာအပ်သော အရာဌာနဖြစ်ခြင်း။

၂။ သေ၀နာစတ္တံ - မှီဝဲလိုသော စိတ်ရှိခြင်း။

၃။ မဂ္ဂေနမဂ္ဂပဋိပတ္တိ - မဂ်ခေါ်လိင်ဖြင့် လိင်ထဲသို့ သွင်းခြင်း။

၎။ သာဒိယနံ - သာယာခြင်း။

ဒီအင်္ဂါ (၄)ရပ်လုံးပြည့်စုံမှ ကာမေသုမိစ္ဆာစာရကံထိုက်ပါတယ်။ ဒီလေးပါးထဲက အင်္ဂါတစ်ပါးပါး ချို့ယွင်းလျှင် ကံမထိုက်ပေ။ သို့သော် တစ်ပါးပါးကျုးလွန်မိလျှင် အပြစ်သေးသော အကုသိုလ်တော့ ဖြစ်ပေသည်။

သူတပါး၏ ခင်ပွန်း၊ ဇနီး၊ မယားတို့ကို သဘောတူ၍ဖြစ်စေ မတူပဲဖြစ်စေ ပြစ်မှားကျူးလွန်ခြင်းကို ပါရဒါရကံဟု ခေါ်သည်။ ပရဒါရကံက ကာမေသုမိစ္ဆာစာရကံထက် ပို၍ အပြစ်ကြီးပါသည်။ ကာမေသုမိစ္ဆာစာရကံဆိုသည်မှာ မိမိတရားဝင်ယူထားသော ယူထားသူမှအပ အုပ်ထိန်းခြင်းမကင်းသော မိန်းမ(၂၀)ကို သဘောတူ၍ဖြစ်စေ၊ မတူ၍ဖြစ်စေ ကာမဆက်ဆံလျှင် ကာမေသုမိစ္ဆာစာရကံထိုက်ပေသည်။

အဆိုပါ မိန်းမ(၂၀)တို့မှာ

၁။ အမိအုပ်ထိန်းသောသူ။

၂။ အဘအုပ်ထိန်းသောသူ။

၃။ အမိအဘစုံ အုပ်ထိန်းသောသူ။

၎။ မောင်ကြီး မောင်ငယ် အုပ်ထိန်းသောသူ။

၅။ အမကြီး အမငယ် အုပ်ထိန်းသောသူ။

၆။ ဆွေမျိုးတို့ အုပ်ထိန်းသောသူ။

၇။ အမျိုးအနွယ်တို့ အုပ်ထိန်းသောသူ။

၈။ အပေါင်းအသင်း မိတ်ဆွေသီတင်းသုံးဖော်တို့ အုပ်ထိန်းသောသူ။

၎င်းမိန်းမ(၈)ဦးတို့ကို ကျူးလွန်လျှင် ယောက်ျားတွေမှာသာ ကံထိုက်၍ မိန်းကလေးများမှာ ကံမထိုက်ပေ။ အဘယ့်ကြောင့် ထိုမိန်းကလေးများသည် သူတို့ကာမကို သူတို့ပိုင်သေးသောကြောင့် ဖြစ်သည်။ မိဘစသော အုပ်ထိန်းစောင့်ရှောက်သူများကို တစ်ပါးသူက တရားဝင်မတောင်းယူရသေးသောကြောင့် ဖြစ်ပေသည်။

၉။ ထိန်းမြား (တစ်နည်း)လက်ထပ်ပြီးသောသူ။

၁၀။ ဘုရင်ကောက်ယူရန် သတ်မှတ်ထားသောသူ။

၁၁။ ဥစ္စာဖြင့် ၀ယ်ယူထားသောသူ။

၁၂။ အလိုတူ ပေါင်းသင်းနေသောသူ။

၁၃။ ပုဆိုးတန်းတင်ပေါင်းသင်းနေသောသူ။

၁၄။ စည်းစိမ်ကိုပေး၍ပေါင်းသင်းနေသောသူ။

၁၅။ ရေခွက်၌ လက်ဆုံချ၍ မိဘကပေးစားထားသောသူ။

၁၆။ ခေါင်းခုချ၍ လင်မယားအဖြစ်နေသောသူ။

၁၇။ ကျွန်ကို မယားပြုထားသောသူ။

၁၈။ အမှုလုပ်ကို မယားပြုထားသောသူ။

၁၉။ စစ်မြေပြင်မှ သုံးပန်းရခဲ့သောသူ။

၂၀။ ခေတ္တမျှပေါင်းရန် ငှားယူထားသောမိန်းမတို့ပင် ဖြစ်ပေသည်။

ထိုတွင် အမှတ်(၉)မှ(၂၀)ထိ မိန်းမ(၁၂)ယောက်အနက် တစ်ယောက်ယောက်ကို လွန်ကျူးလျှင် ယောက်ျားရော မိန်းမပါ ကာမေသုမိစ္ဆာစာရကံထိုက်ပေသည်။

ထို့ပြင် မိမိမယားပင် ဖြစ်စေကာမူ အောက်ပါအကြောင်း (၄)ပါကြောင့်လည်း ကံထိုက်ပါသည်။

၁။ ကိုယ်ဝန် အလွန်ရင့်သောအခါ။

၂။ မိဘ၊ဆရာ၊ သူတကာမြင်၍မသင့်သောနေရာ။

၃။ ကျင့်ရိုး ကျင့်စဉ် မဟုတ်သော နည်းစနစ်များဖြင့် ကျင့်ခြင်း။

၎။ ဆေးဝါးမှီးဝဲ ရှိမြဲအင်္ဂါထက် လွန်နေခြင်းတို့ပင် ဖြစ်ပေသည်။

ဒကာမေးထားတဲ့ မေးခွန်းများကို ဦးဇင်းတစ်ခုချင်းစီ ထပ်ရှင်းပြပေးပါမယ်။ နံပါတ်(၁-၂)သည် အထက်ပါအုပ်ထိန်းသူ (၂၀)ထဲ မပါရှိလျှင်တော့ အပြစ်မရှိပါ။ အုပ်ထိန်းသူရှိနေလျှင်တော့ အပြစ်ရှိပေသည်။

နံပါတ်(၃)သည် မိမိမှာ ကာမပိုင်ရှိသောကြောင့် မည်သည့်မိန်းမမျိုးနှင့်မဆို ကျူးလွန်လျှင် အပြစ်ရှိပေသည်။

နံပါတ်(၄) အုပ်ထိန်းသူခွင့်ပြုချက်ရ၍ နောက်ထပ်မိန်းမယူလျှင် မိမိသည် တရားဝင် တောင်းယူထားသောကြောင့် အပြစ်မရှိပါပေ။

နံပါတ်(၅) ဘုရင်များသည် မိဖုရားကော်ယူရာ၌ တရားဝင်လက်ထက်ယူလျှင် အပြစ်မရှိပေ။ တိတ်တိတ်ပုန်းယူလျှင်တော့ မင့်ကျင့်တရား၌လည်း ငါးပါးသီလလုံခြုံရမည့်ဖြစ်၍ အပြစ်ရှိပြီး မင့်ကျင့်တရားနှင့်မညီပေ။

နံပါတ်(၆) သိကြားမင်းသည် အရင်လူ့ဘ၀က မာဃအမည်နှင့် လမ်းပြင်ခြင်း၊ တံတားဆောက်ခြင်း၊ ဇရပ်ဆောက်ခြင်းစတဲ့ ကောင်းမှုများလုပ်ခဲ့၍ သိကြားမင်းဖြစ်ပြီးလျှင် ယခုပွင့်ခဲ့တဲ့ ဂေါတမဘုရားရှင်လက်ထက်တွင် ဘုရားရှင်ထံခဏခဏသွားပြီး တရားနာခဲ့ခြင်းကြောင့် သောတာပန်ဖြစ်သွားပါတယ်။ အဲဒီသောတာပန်ဖြစ်ပြီးနောက် အရင်သိကြားမင်း ဘ၀ကနေ ယခုတစ်ဖန်ဆက်လက်ပြီး သိကြားမင်းဖြစ်ရပါတယ်။ နတ်မိဖုရားများရခြင်းကတော့ နတ်သမီးဖြစ်လာမည့်သူများသည် နတ်သားများ၏ ဗိမာန်တွင်း၊ ဗိမာန်ရှေ့တည့်တည့်တွင် မဖြစ်ဘဲ လေးဘက်လေးလံနတ်သားများ၏ဗိမာန်ကြားတွင် လာဖြစ်ပါက သိကြားမင်းသည် နတ်သားများ အငြင်းပွားစရာလုစရာဖြစ်နေလျှင် သူကပဲ ကောက်ယူခြင်းကြောင့် နတ်မိဖုရားများရခြင်း ဖြစ်ပေသည်။

နံပါတ်(၇) မိန်းကလေးဘက်ကကြည်ဖြူသော်လည်း မိဘစသောအုပ်ထိန်းသူများထံ တရားဝင်ခွင့်မတောင်းရသေးဘဲ ကျုးလွန်လျှင် အပြစ်ရှိပေသည်။ စေ့စပ်ခြင်းစသည့် တရားဝင်အုပ်ထိန်းသူများထံ ခွင့်တောင်းပြီးသားဖြစ်လျှင်တော့ တကယ်လည်း တရားဝင်လက်ထက်ယူဖြစ်ပါက အပြစ်မရှိပါပေ။

ယခုခေတ် ရည်းစားအတွဲများသည် အုပ်ထိန်းသူရှိသူများအား ကျုးလွန်မိလျှင် အပြစ်ရှိပေသည်။ အထက်ပါ မိန်းမ(၂၀)မှ တစ်ကနေရှစ်အထိ ပါဝင်နေသော မိန်းကလေးများမှာမှု ကာမေသုမိစ္ဆာစာရကံတော့ မထိုက်ပေ။ သို့သော် ယောက်ျားများအား သွေးဆောင်မာယာများမှုရှိပါက အကုသိုလ်အပြစ်တော့ ဖြစ်ပေသည်။ ထို့ပြင် အိမ်ထောင်ကျပြီးသူများသည် မိမိတရားဝင်ယူထားသော မိန်းမမှတစ်ပါး ကျန်သောသူများနှင့် အယုတ်ဆုံး ပြည်တန်ဆာမနှင့်ကျုးလွန်လျှင်လည်း ကာမေသုမိစ္ဆာစာရကံထိုက်ပေသည်။ အိမ်ထောင်မကျသေးသောသူများသည် အုပ်ထိန်းသူက ခွင့်ပြုထားသော ပြည်တန်ဆာမလည်းဖြစ်၊ ကာယကံရှင်ပြည်တန်ဆာမကလည်း ကြည်ဖြူမည်၊ သူများစပွန်ဆာပေးထားတာလည်း မရှိသေးလျှင် ကာမေသုမိစ္ဆာစာရကံ မထိုက်ဘဲ ရာဂသောင်းကျန်မှု အကုသိုလ်တော့ ဖြစ်ပေသည်။ အုပ်ထိန်းသူက ခွင့်ပြုမထားသော သူများက မိမိအရင် သတ်မှတ်ထားပြီးသား ပြည်တန်ဆာမကိုကျူးလွန်မိလျှင်တော့ ကာမေသုမိစ္ဆာစာရကံ ထိုက်ပေသည်။

ဒကာမေးထားတဲ့ မေးခွန်းတွေရဲ့ တစ်ခုချင်းစီကိုရော၊ ကာမေသုမိစ္ဆာစာရကံထိုက်သည့် အင်္ဂါရပ်များကိုရော၊ မကျုးလွန်သင့်သည့် မိန်းကလေးများကိုရော၊ မကျင့်သင့်သည့်အချိန်ကာလ နည်းစနစ်များကိုပါ ရှင်းပြပြီးဆိုတော့ ဒီလောက်ဆို ရှင်းမည်ထင်ပါသည်။ ဒါ့ကြောင့် ဒီမှာပဲ ဦးဇင်းရဲ့အဖြေကို နိဂုံးချုပ်ရင်း လူသားအားလုံး ကာမေသုမိစ္ဆာစာရကံမှ ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါပေသည်။

Monday, June 27, 2011

သီရိလင်္ကာနှင့်ဘွဲ့နှင်းသဘင်



စာရေးသူ ဘွဲ့နှင်းသဘင်အပြီး အမှတ်တရ



ဘွဲ့နှင်းဘဘင်မတက်မီအမှတ်တရ



သီရိလင်္ကာကျောင်းသားနှင့်အမှတ်တရ



သီရိလင်္ကာကျောင်းသူများနှင့်အမှတ်တရ




ဘွဲ့ယူသူငယ်ချင်းများ အမှတ်တရ



သီရိလင်္ကာနှင့်ဘွဲ့နှင်းသဘင်


ဒါကတော့ စာရေးသူတို့ သီရိလင်္ကာနိုင်ငံရှိ ကေလနိယတက္ကသိုလ်မှ ကျင်းပသော (၅၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းနား အမှတ်တရဓာတ်ပုံများ ဖြစ်ပါတယ်။ ယခု ဘွဲ့ယူကြသောပုဂ္ဂိုလ်များသည် (၂၀၀၉) ခုနှစ်တွင် Ph.D. Mphil. M.A. B.A ဘွဲ့အောင်မြင်သူများဖြစ်ကြပါတယ်။


ဒီနိုင်ငံရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားပြုလုပ်ပုံကို စာရေးသူတွေ့ကြုံခံစားရသမျှ တင်ပြပေးရမည်ဆိုလျှင် ဘွဲ့နှင်းသဘင်အခမ်းအနား မနက်တစ်ကြိမ်၊ နေ့ခင်းတစ်ကြိမ်ဖြင့် နှစ်ကြိမ်ခွဲပြီး ကျင်းပပါတယ်။ ဘွဲ့အောင်မြင်ထားသောပုဂ္ဂိုလ်များသည် တစ်ကြိမ်ကို (၅၀၀)ကျော် တက်ရောက်ကြသည်ကိုထောက်ဆလျှင် ဒီနှစ်ဘွဲ့ရရှိသူ (၁၀၀၀)ကျော်ပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ စာရေးသူမြင်ဖူးခဲ့သော အဝေးသင်တက္ကသိုလ် ဘွဲ့ရရှိသူများကဲ့သို့ပင် ဒီနိုင်ငံက လူတွေကလည်း သူတို့ဘွဲ့ရသော သားသမီးဆွေမျိုးများနောက် လိုက်လာကြပေသည်။ စာရေးသူတို့သာ မိဘဆွေမျိုးမပါဘဲ မိမိတို့သူငယ်ချင်းအချင်းချင်းစုရုံးပြီး ဘွဲ့နှင်းသဘင်ကို ပျော်ရွှင်စွာ တက်ရောက်ခဲ့ကြရလေသည်။

စာရေးသူတို့လည်း ဒီနိုင်ငံရဲ့ဘွဲ့နှင်းသဘင်ကို အမှတ်တရဖြစ်အောင် မြန်မာပြည်ရောက်လျှင် မိမိနီးစပ်ရာကို ပြသနိုင်အောင်၊ ဘလော့တင်ရအောင်ဆိုပြီး တက်နိုင်သမျှ ဘွဲ့နှင်းသဘင်အပြင်ဘက်မှာတော့ မှတ်တမ်းများကို ရိုက်ကူးခဲ့ပေသည်။ ဘွဲ့နှင်းသဘင်အတွင်းမှာရိုက်သော ဓာတ်ပုံဗွီဒီယိုများ ကိုတော့ နောက်မှတက္ကသိုလ်က ပေးမည်ဖြစ်သောကြောင့် နောက်မှပဲ တက်နိုင်သမျှ ဘလော့တွင် တင်ပေးပါမည်။

သီရိလင်္ကာနိုင်ငံဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဘွဲ့ယူသူများ ဧည့်သည်များ၊ ဆရာ၊ ဆရာများသည် သီရိလင်္ကာနိုင်ငံသီချင်းနှင့်တက္ကသိုလ်သီချင်းများ သီဆိုကာ အခမ်းနားဖွင့်လှစ်ပြီး တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော်က မိန့်ခွန်းအနည်းငယ်ပြောပြီးသကာလ ဘွဲ့ရသူများကို အစဉ်လိုက် ဘွဲ့ပေးပါသည်။ ဒီနိုင်ငံရဲ့ထူးခြားချက်မှာ တက္ကသိုလ်ကျောင်းအုပ်ရာထူးကို ဘုန်းတော်ကြီးတစ်ပါးက ယူထားခြင်းကြောင့် ဘွဲ့ရရှိသူများသည် ဘွဲ့လက်မှတ်ယူခါနီးတွင် ကျောင်းအုပ်ပါမောက္ခချုပ်ဆရာတော်ကို ရှိခိုးကန်တော့ သည်ကို မြင်ရသောအခါ အံ့သြ၀မ်းသာဖြစ်ရသည့်အပြင် လေးစားစရာကောင်းသော အချက်တစ်ခုဟုပင် ထင်မှတ်မိပါသည်။

ထို့ပြင် ဒီနိုင်ငံရဲ့ဘွဲ့လက်မှတ်ပေးတဲ့အခါမှာလည်း အတုယူစရာကောင်းတာ တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ အောင်လက်မှတ်မပေးခင် စာပလွေဗူးလေးထဲမှာ အောက်ပါစာကိုရေးပြီး ထည့်ပေးခြင်းပါ။ ရေးထားတဲ့စာရဲ့ လိုရင်းကတော့

Dear Graduand,

By bearing awarded your degree today, which has armed you with academic knowledge and scientific thinking, you have proven to be competent to assume the responsibility of our couutry’s future.

It is our hope that you will utilize your educational qualifications and your experience for the development of our motherland. We wish you strength and courage in this endeavour.

Further, we believe that your professional contribution will enhance the prestige of the University of Kelaniya.

We would also like to use this opportunity to bestow our best wishes upon you on this momentous occasion.

ဒါကတော့ ဘွဲ့ယူသူများအား စာရေးသူဓာတ်ပုံထဲတွင် ကိုင်ဆောင်ထားသော စာပလွေထဲမှာ ထည့်ပေးလိုက်တဲ့ စာသားလေးပဲ ဖြစ်ပါတယ်။ ဒီလို စာလေးထည့်ပေးခြင်းအားဖြင့် ဘွဲ့ရသူများရဲ့စိတ်ထဲမှာ နိုင်ငံအတွက် အနာဂတ်မှာတန်ဖိုးရှိတဲ့ လူတစ်ယောက်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်သန္ဒိဋ္ဌာန်လေးတော့ ဖြစ်သွားမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလိုတက္ကသိုလ်က မိမိတို့အား တွန်းအားပေးတဲ့စကားလေးကို ပြောလိုက်ခြင်းကြောင့်ပါ။ ဘာမှမပြော မရေးဘဲနဲ့စာလျှင် ထိုသို့စာလေးထည့်ပေးခြင်းသည် ဘွဲ့ရရှိသူများအတွက် အကျိုးရှိပါလိမ့်မယ်။

ထို့ပြင် အားကျစရာကောင်းလှတဲ့ ဒီနိုင်ငံရဲ့ခေါင်းဆောင်တစ်ဦး ပြောသွားတဲ့စကားလေးကိုလည်း ဆက်စပ်နေလို့ တင်ပြပေးလိုက်ပါဦးမယ်။ တက္ကသိုလ်ရဲ့ ကျောင်းဆောင်သစ်တစ်ခုဖွင့်လှစ်ပွဲမှာ သမ္မတဖြစ်သူ တက်ရောက်ပါတယ်။ အခမ်းနားမှာ သမ္မတက သူတို့နိုင်ငံဟာ ဘာသာရေးပညာနယ်ပယ် မှာ နိုင်ငံတကာမှလာရောက်၍ သင်ကြားနေရတဲ့နိုင်ငံဖြစ်ကြောင်း။ နောင်အနာဂတ်မှာလည်း ဒီထက်မက ကမ္ဘာကိုဘာသာရေးပြန့်နှံ့အောင် ကြိုးစားပေးကြပါရန် ကျောင်းသားရဟန်းတော်များအား လျှောက်ထားပါတယ်။ ထို့ပြင် သံဃာတော်များလိုအပ်သည်ကိုလည်း မိန့်ကြားပါ။ သံဃာတော်များ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးရန်ကား နိုင်ငံတော်ရဲ့တာဝန်ဖြစ်၍ အစစအရာရာ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း သမ္မတကလျှောက်ထားပါတယ်။

ထိုအခါ သံဃာတော်တစ်ပါးက ဦးဇင်းတို့သံဃာတွေမှာ ဘာသာရေးပညာ တက်မြောက်ပြီး နိုင်ငံတကာကိုပြန့်နှံ့အောင်၊ နိုင်ငံတကာမှ မိမိတို့နိုင်ငံသို့ လာရောက်သင်ယူနိုင်အောင် အားထုတ်နေပါတယ်။ သို့ရာတွင် မိမိတို့သံဃာများ၌ လူမှုရေးနှင့်ပတ်သတ်သည့်ပညာရပ်များ မသိရှိသဖြင့် ထိုပညာရပ်များပါသိရှိပါက ဒီထက်မက တိုးတက်အောင်ပြုလုပ်နိုင်မည်ဖြစ်၍ လူမှုရေးနှင့်သက်ဆိုင်သည့် ပညာများရပ်ကိုပါ ထည့်သွင်းသင်ကြားခွင့်ရရန် မိန့်တော်မူရာ သမ္မတမှချက်ချင်းပင် သံဃာတော်များ လူမှုရေးပညာသင်ကြားရန် တရားဝင်ပြဋ္ဌာန်းပေးလိုက်ပါတယ်။

ထိုဖြစ်ရပ်လေးကိုကြည့်လျှင် သီရိလင်္ကာနိုင်ငံပြည်သူအစိုးရနှင့် သံဃာတော်များသည် သူတို့နိုင်ငံ၌ အဘက်ဘက်မှ ပညာရပ်များတိုးတက်ပြီး နိုင်ငံတကာသို့ဘာသာရေးပညာ ထိုးဖောက်နိုင်ပြီး လျှင် နိုင်ငံတကာမှလည်း သူတို့နိုင်ငံသို့လာရောက်ကာ ဘာသာရေးပညာများ သင်ယူနိုင်အောင် ကြိုးစားနေကြသည်ကို တွေ့ရပေသည်။

ယခုကဲ့သို့ ဒီနိုင်ငံရဲ့ အလေ့အကျင့် လုပ်နည်းလုပ်ထုံးများကို တွေ့မြင်ရသောအခါ အမိနိုင်ငံကိုလည်း ဤနိုင်ငံကဲ့သို့ ပြုလုပ်ပေးမည်ဆိုလျှင် မည်မျှလောက် ကောင်းမလဲလို့ စဉ်းစားနေမိပါတယ်။ ဤနိုင်ငံကလူများသည် ကိုးကွယ်သည့်က ကိုးကွယ်သည့်အခန်းကဏ္ဍ၊ ပညာရေးက ပညာရေးကဏ္ဍအဖြစ်ထားရှိကာ သူ့နေရာနှင့်သူ ပြုလုပ်ထားကြပါသည်။ ပညာရေးနယ်ပယ်မှာ လူနှင့်ရဟန်းဟာ တန်းတူဖြစ်နေသော်လည်း သီလ၊ သမာဓိပိုင်းဆိုင်ရာမှာ လူထက်ရဟန်းသံဃာက ပိုသာလွန်ခြင်းကြောင့် ရိုသေလေးစားကိုးကွယ်တဲ့နေရာမှာလည်း ယုံကြည်မှုသဒ္ဓါတရားပြည့်ဝစွာဖြင့် ကိုးကွယ်ကြသည် ကို တွေ့ရပေသည်။

စာရေးသူတို့ အမိမြန်မာနိုင်ငံလူမျိုးများသည် ရဟန်းသံဃာများ လောကီပညာတက်မြောက်လျှင် လူထွက်ကြလိမ့်မယ်လို့ ထင်နေကြပေသည်။ တကယ်တော့ လူထွက်ချင်တဲ့ရှင်ရဟန်းဟာ သူ့ဘာသာသူ ဘာမှမတက်လည်း ထွက်ချင်ထွက်မှာပါ။ ယခုခေတ် လူငယ်လေးများ၏ စိတ်သန္တာန်၌ ရဟန်းသံဃာများသည် သူတို့လောက် ပညာအရည်အချင်းမရှိ၊ အင်္ဂလိပ်စာမတက်၊ ကွန်ပျုတာမတက်စသည်ဖြင့် အထင်သေးကာ ရိုသေလေးစားစိတ်ပင် နည်းလာကြသည်ကို တွေ့ရပေသည်။ တကယ်လို့သာ ရဟန်းသံဃာနှင့်လူပညာရေးတွဲစပ်သင်ပေးမည်ဆိုလျှင် ပညာရေးနယ်ပယ်တူညီသည့်အတွက်ကြောင့် လူငယ်လေများသည် ရဟန်းသံဃာများနှင့်နီးစပ်မှုရှိခြင်းကြောင့် ဘာသာရေးအသိပညာ တိုးတက်မည်။ နောက်ပြီး ရဟန်းသံဃာများကိုလည်း သူတို့တက်ထားသည့်ပညာများ တက်သည့်အပြင် သီလ၊ သမာဓိလည်း သူတို့ထက်သာလွန်သည့်မို့ လူငယ်များ၏စိတ်သန္တာန်၌ ရဟန်းသံဃာများအား ပိုမိုလေးစားကိုးကွယ်မှုများ ဖြစ်လာလိမ့်မည်ဟု ထင်မြင်မိတွေးဆကြည့်ရင်း နိဂုံးချုပ်လိုက်ပါပေသည်။

Saturday, June 25, 2011

ကြောက်စရာကောင်းလှပါလား ၀ဋ်ကြွေးရယ်


ဒီခေါင်းစဉ်ကို စာရေးသူသည် ရှင်သီဝလမထေရ်အကြောင်းကို ဖတ်မိ၍ ရေးချင်စိတ်ပေါက်တာနဲ့ ပေးလိုက်တာပါ။ ဘုန်းကံအရာမှာ အလွန်တရာကြီးမားသူဖြစ်ပါလျက် အဘယ့်ကြောင့်များ ဒီလောက်ကြီးမားတဲ့ဝဋ်ကို ခံစားရသလဲလို့ စေ့စပ်သေချာစွာ ဖတ်ကြည့်လိုက်ပါတယ်။ ရှင်သီဝလိမထေရ် ခံစားခဲ့ရတဲ့ ၀ဋ်ကြွေးတွေကတော့


အမိဝမ်းတွင်း၌ (၇)နှစ်ကြာနေရခြင်း၊ ဖွားမြင်သောအခါ အမိ၏ ယောနိဝတွင် ကန့်လန့်ခံပိတ်ဆို့၍ (၇)ရက်ကြာ အပြင်ထွက်ဖို့ရန် စောင့်ဆိုင်းရခြင်းတို့ကို ယခုနောက်ဆုံးဘ၀မှာ ပေးဆပ်ခဲ့ရပါတယ်။ ဒီဝဋ်ကြွေးများအပြင် ရှင်သီဝလိမထေရ်ဟာ ငရဲသို့ပင် ကျရောက်ခဲ့ရပါသေးတယ်။ ဘာဖြစ်လို့များ ဒီလောက်ကြီးမားတဲ့ ပြစ်ဒဏ်များကို ခံစားရတာလဲလို့ သူအတိတ်ကြောင်း ဖတ်ကြည့်လိုက်တော့

တစ်ခုသောအတိတ်ဘ၀၀ယ် ရှင်သီဝလိနှင့် မယ်တော်သုပ္ပ၀ါသာတို့သည် ဗာရာဏသီမင်း၏ မိဖုရားကြီးနှင့် သားတော်ဖြစ်ခဲ့ကြတယ်။ တစ်နေ့မှာ ကောသလမင်းဟာ စစ်တပ်အလုံးအရင်းဖြင့် ဗာရာဏသီမင်းကို တိုက်ခိုက်လုပ်ကြံ၍ ထိုမင်း၏ မိဖုရားကြီးကို သိမ်းပိုက်လိုက်တယ်။ သူ့ဖခင် ဗာရာဏသီမင်းကြီး စစ်ရှုံး၍ နတ်ရွာစံသောအခါ ရေထုတ်ပြွန်ပေါက်မှ တိတ်တဆိတ် ထွက်ပြေးခဲ့ပါတယ်။ နောင်အခါ စစ်သည်ဗိုလ်ပါများ စုရုံးပြီး သားဖြစ်သူက ဗာရာဏသီမြို့ကို ပြန်လည်တိုက်ခိုက်သောအခါ မအောင်မြင်၍ အတွင်းရှိ မယ်တော်ကြီးက မြို့ကိုဝိုင်းထားရန် အကြံပေးခဲ့ပါတယ်။ မယ်တော်ကြီး အကြံပေးသည့်အတိုင်း သားဖြစ်သူက မြို့တံခါးမကြီးလေးပေါက်တို့ကို အ၀င်အထွက်မရှိ ပိတ်ဆို့ထားရာ (၇)နှစ်မျှ ကြာသွားသည့်တိုင်း အကြောင်းမထူး၍ မယ်တော်ကြီးထံ ထပ်မံ၍ အကြံဉာဏ်တောင်းခံရာ တံခါးငယ်ပါမကျန် အားလုံးပိတ်ဆို့ဝန်းရံထားပါဟု အကြံပေးပြန်တယ်။

ဒီလိုနဲ့ မယ်တော်ကြီး အကြံပေးသည့်အတိုင်း ၀င်ပေါက်ထွက်ပေါက်မရှိအောင် (၀င်မရထွက်မရအောင်) ပိတ်ဆို့ဝန်းရံထားလေရာ မြို့သူမြို့သားတွေ အစာရေစာအတွက် ဒုက္ခရောက်ပြီး အနေကျပ်သောကြောင့် ကောသလမင်း၏ ဦးခေါင်းကို ဖြတ်၍ သီဝလိအလောင်း ဗာရာဏသီမင်းသားအား ဆက်သပြီး ထီးနန်းကို ထိုးအပ်ကြပါတယ်။

ဒီအပြစ်တွေဟာ နောင်အခါမှာ ဒီလောက်အပြစ်များတဲ့ ငရဲကိုရောက်စေနိုင်တဲ့အပြစ်၊ အမိ ၀မ်းတွင်းမှာ(၇)နှစ်ကြာနေရပြီး (၇)ကြာမျှ အမိ၏ယောနိဝတွင် ပိတ်ဆို့ခံစားနေရမည်ကို မသိလို့ ကျူးလွန်မိတာ ဖြစ်ပါလိမ့်မယ်။ တကယ်လို့များ အဲဒီလိုအပြစ်တွေ ခံစားရမှန်းသိရင် ကျုးလွန်မိမယ် မထင်ပါဘူး။ ဒါဟာလည်း ဘ၀တိုင်းမှာ သူတော်ကောင်းစိတ်ရှိဖို့ဆိုတာ မလွယ်ဘူးဆိုတော့ ဘယ်ပြောရပါမလဲလေ။ အဲဒါကြောင့် ကျွန်ုပ်တို့လူသားများသည် မကောင်းမှုဆိုလျှင် အပြစ်ငယ်များကိုတောင် မကျူးလွန်မိဖို့ အထူးသတိထား ရှောင်ကြဉ်နိုင်ရန် လိုအပ်ပါတယ်။

ယခုလို လူ့ဘ၀လေးအသက်ရှိချိန်၊ ဗုဒ္ဓအသိဉာဏ်များရှိချိန်၊ သူတော်ကောင်းတရားများ ထွန်းကားနေချိန်လေးဝယ် မကောင်းမှုများကို အသေးစားလေးများမှအပ ရှောင်ကြဉ်ကာ ကောင်းမှုများကို နေ့စဉ်နဲ့အမျှ များများပြုလုပ်ကြဖို့ရန် အထူးလိုအပ်လှသဖြင့် ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါပေတယ်။

Thursday, June 23, 2011

အာမခံ၍မရသော သဒ္ဓါတရား

အာမခံ၍မရသော သဒ္ဓါတရား

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက ရှင်သီဝလိမထေရ်မြတ်၏ မိခင်ဖြစ်သော သုပ္ပ၀ါသာမင်းသမီးသည် ရှင်သီဝလိကို ကိုယ်ဝန်ဆောင်ထားရစဉ် သေမလား ရှင်မလားဆိုသည်ကို သေချာမသိနိုင်သောကြောင့် မသေခင်ကုသိုလ်လုပ်သွားချင်၍ သူ၏ခင်ပွန်းဖြစ်သော ကောလိယမင်းသားအား မြတ်စွာဘုရားထံသို့ ဆွမ်းစားပင့်ရန် စေလွှတ်ခဲ့လေသည်။


ကောလိယမင်းသားသည် ဇနီးဖြစ်သူ သုပ္ပ၀ါသာ၏စကားကို ယူဆောင်၍ မြတ်စွာဘုရားထံသို့သွားရောက်ကာ အကျိုးအကြောင်းကို လျှောက်ထားလေသညိ။ သုပ္ပ၀ါသာမင်းသမီး၏ သဒ္ဓါတရားကိုငဲ့၍ နေအိမ်သို့ အလှူခံကြွရောက်ပါရန်လည်း ပင့်လျှောက်လေသည်။ မြတ်စွာဘုရားက သုပ္ပ၀ါသာမင်းသမီး၏ အလှူကို ချက်ချင်း လက်မခံသေးဘဲ ဆိုင်းငံ့ထား၏။ ဤသို့ဆိုင်းငံ့ထားရခြင်းမှာ သုပ္ပ၀ါသာမင်းသမီးထံမှ အပင့်မရောက်မီ အရှင်မောဂ္ဂလာန်ကို ဆည်းကပ်ကိုးကွယ်သော ဒကာတစ်ဦးက ပင့်ထားပြီးဖြစ်၍ ချက်ချင်း ၀န်မခံခြင်း ဖြစ်ပေသည်။

အလှူ (၂)ခု တိုက်ဆိုင်နေသဖြင့် မြတ်စွာဘုရားရှင်က အရှင်မောဂ္ဂလာန်ကိုခေါ်၍ အရှင်ဒကာကို အလှူရက်များ နောက်ဆုတ်ပေးနိုင်မလား မေးဖို့ရန် စေလွှတ်လိုက်လေသည်။ အရှင်မောဂ္ဂလာန်က သူ၏ဒကာကို ပြောပြသည်မှာ အလှူ(၂)ခု တိုက်ဆိုင်နေသည့်အတွက် ဝေဒနာသည်ကို ဦးစားပေးသောအားဖြင့် ဒကာကြီး၏ အလှူရက်ကို (၇)ရက်မျှ နောက်သို့ ရွှေ့ပေးရန် ဖြစ်နိုင်မလားလို့ မေးသောအခါ အလှူဒကာကြီးက ပြတ်ပြတ်သားသား ပြန်၍လျှောက်ထားလိုက်သည်မှာ အရှင်ဘုရားများ ဖြစ်စေချင်သလို တပည့်တော်၏ အလှူရက်ကို နောက်သို့ ရွေ့ဆိုင်းပေးပါမည်။ သို့ရာတွင် ခုနစ်ရက်အတွင်း တပည့်တော်၏ အသက်ရယ်၊ စည်းစိမ်ဥစ္စာရယ်၊ သဒ္ဓါတရားရယ် ဤသုံးမျိုး မပျက်စီးစေရပါဘူးလို့ အရှင်ဘုရားတို့ အာမခံနိုင်ပါ့မလား၊ အာမခံနိုင်ရင် တပည့်တော်ရဲ့ အလှူရက်ကို ရွေ့ပေးပါမယ်ဘုရားဟု လျှောက်ထားလေသည်။
ထိုအခါ အရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်က ဒကာကြီးရဲ့ တင်ပြချက်ဟာ သဘာဝကျပါပေတယ်။ ဒါပေမဲ့ အသက်နှင့် စည်းစိမ်ကိုတော့ (၇)ရက်အတွင်း မပျက်စီးစေရပါဘူးလို့ အာမခံမယ်ဆိုလျှင် ခံနိုင်စရာ ရှိပါတယ်။ သဒ္ဓါတရားကိုတော့ အာမမခံနိုင်ပါ။ ဒကာကြီးဘာသာ လိမ္မာသလို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပါဟု မိန့်တော်မူလေသည်။

မှန်ပေသည်။ သဒ္ဓါတရားဆိုသည်မှာ သူပေါ်ချင်တဲ့ချိန်မှ ပေါ်ပေါက်လာသောအရာဖြစ်ပေသည်။ အမြဲတမ်းသဒ္ဓါတရားဖြစ်ဖို့ရန်မှာ ဘုရားလောင်းများနှင့်အရိယာပုဂ္ဂိုလ်များမှသာ ဖြစ်နိုင်ပေသည်။ ပုထုဇဉ်များအနေဖြင့် မိမိသန္တာန်၌ သဒ္ဓါတရားပေါ်ပေါက်လာချိန် သဒ္ဓါတရားရှိနေခိုက်မှာ ဒါန၊ သီလ၊ ဘာဝနာများကို ပြုလုပ်ပေးသင့်ပါသည်။ ထို့ကြောင့် စာရေးသူတို့ လူသားများသည် မိမိသန္တာန်ဝယ် သဒ္ဓါတရားဖြစ်ချိန်ကိုသာ အဓိကထား၍ နေ့ရက်ကောင်းများကို အဓိကမထားဘဲ အလှူဒါနစသည်များကို ပြုလုပ်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ရပေသည်။

Tuesday, June 21, 2011

ဗုဒ္ဓနည်းကျ ရှင်ပြုနည်း

ဗုဒ္ဓနည်းကျ ရှင်ပြုနည်း
Justify Full
ဗုဒ္ဓနည်းကျရှင်ပြုပွဲကို မည်သို့ပြုလုပ်ပေးရမည်ဆိုသော် ဘုရားရှင်လက်ထက်က သားတော်ရာဟုလာအား ရှင်ပြုပေးပုံလေးကို ပြောပြပေးပါမယ်။ မြတ်စွာဘုရားနောက်လိုက်လာသော သားတော်ရာဟုလာကို မြတ်စွာဘုရားရှင်က ကျောင်းကိုရောက်တာနဲ့ အရှင်သာရိပုတ္တရာအား “ချစ်သား သာရိပုတ္တရာ၊ သားတော်ရာဟုလာကို ရှင်ပြုပေးလိုက်ပါ၊ ကိုရင်ဝတ်ပေးလိုက်ပါ” ဟုအမိန့်ရှိလိုက်လေသည်။ အရှင်သာရိပုတ္တရာလည်း ဤသို့ တစ်ခါမျှစေခိုင်းခံရခြင်း မရှိသေးသောကြောင့် “ အရှင်ဘုရား တပည့်တော် မည်သို့ ရှင်ပြုပေးပါရမည်နည်း ”ဟုတင်လျှောက်သောအခါ ဘုရားရှင်က


(၁) ခေါင်းရိတ်ခြင်းဖြင့် ရှင်ပြုခြင်း (ကေသစ္ဆဒနပဗ္ဗဇ္ဇ)

(၂) သင်္ကန်းဝတ်ခြင်းဖြင့် ရှင်ပြုခြင်း (ကာသာဝစ္ဆနပဗ္ဗဇ္ဇ)

(၃) သရဏဂုံပေးခြင်းဖြင့် ရှင်ပြုခြင်း (သရဏဂမနပဗ္ဗဇ္ဇ) ဟူသော အချက်သုံးချက်ဖြင့် ရှင်သာမဏေ ပြုပေးလိုက်ပါသည်။

ထို့နောက်တွင် မြတ်ဗုဒ္ဓသည် ရာဟုလာအား ကုမာရကပဉ္စသုတ္တန်၊ ရာဟုလောဝါဒသုတ္တန် စသည်ဖြင့် သုတ္တန်ပေါင်းနှစ်ဆယ်ကျော်ကို ရာဟုလာအား ဟောပေးခဲ့ပါသည်။ ဒီလိုနဲ့ သားတော်ရာဟုလာလည်း တရားနာယူလိုက် သင်ယူလိုက်ဖြင့် ခုနစ်နှစ်သားမှစ၍ ကျင့်ကြံအားထုတ်လာခဲ့ရာ အသက်(၁၈)နှစ်ပြည်သည့်နှစ်မှာပင် ရဟန္တာ ဖြစ်သွားပေသည်။

မိမိတို့ရင်မှဖြစ်သော သားသမီးတို့အား ဗုဒ္ဓသာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်မည်ဆိုလျှင်

(၁) ရှစ်ဖြာပရိက္ခရာ စုံလင်ကောင်းမွန်ခြင်း၊

(၂) ရှင်လောင်းမလှည့်ခြင်း၊

(၃)နတ်မပြခြင်း၊

(၄)အတီးအမှုတ် အဆိုအက အပျော်အပါးများမပါခြင်း၊

(၅)အသောက်အစားနှင့်မဖြုန်းခြင်းစသည်တို့နှင့် ညီညွှတ်စွာ ပြုလုပ်လျှင် ဗုဒ္ဓနည်းကျ ရှင်ပြုပွဲဖြစ်ပါသည်။

တစ်နည်းပြောရလျှင်

(၁) သာသနာ့အမွေခံသောအားဖြင့် ရှင်ပြုခြင်း၊

(၂) သာသနာတော်ကို ချီးမြှောက်သောအားဖြင့် ရှင်ပြုခြင်း၊

(၃) သာသနာ့ဝန် ထမ်းပေးသောအားဖြင့် ရှင်ပြုခြင်း၊

(၄) သာသနာပြုသောအားဖြင့် ရှင်ပြုခြင်း ရည်ရွယ်ချက်ဖြင့် ရှင်ပြုခြင်းကို ဗုဒ္ဓနည်းကျရှင်ပြုခြင်းဟု ခေါ်ဆိုပါသည်။

ရှင်ပြုပြီးပါက ရှင်သာမဏေတို့သည် သင်ကြားစရာကို သင်ကြားခြင်း၊ ကျင့်စရာများကို ကျင့်ခြင်းကို ပြုရပါမည်။

ဤသို့သင်မှကျင့်မှသာလျှင် ဗုဒ္ဓနည်းကျရှင်ပြုခြင်းဖြစ်ပေမည်။ သာသနာပြုပွဲလည်း ဖြစ်ပေမည်။

အဘယ်ကြောင့်ဆိုသော် အိမ်တွင်နေစဉ်က ငါးပါးသီလမျှပင် တည်ဆောက်ရမှန်း မသိသောကလေးသည် ယနေ့ ရှင်ဖြစ်သွားပြီ။ ထိုအခါ သူတို့စိတ်သန္တာန်တွင် ရှင်နှင့်ပတ်သက်သော သိက္ခာ သီလ သာသနာကြီးတည်သွားပေသည်။

ခေါင်းရိပ်သည့်အခါတွင်လည်း “ ငါ၏ကိုယ်မှာ နံ့သာမွှေးကြိုင် ကောင်းရာမမြင်၊ ဆံပင်သာရှိ အမွှေးရှိ၍ ရှိသည့်လက်သည်း ခြေအသည်းနှင့် သွားလည်းတစ်ထွေ၊ အရေတစ်မျိုး၊ ညှီနံ့ဆိုးသည်၊ အသိုးအပုတ်ချည်းပါတကား ” ဟူသော ငါးခုမြောက် တစပဉ္စက ကမ္မဋ္ဌာန်းကို သင်ရပါသည်။

ထို့ကြောင့်ပင် ရှင်မဖြစ်ခင်က ပရိယတ်သာသနာ တည်သွားပါပြီ။ ခေါင်းရိတ်ပြီးသောအခါ မိမိပိုင်ဆိုင်သော သင်္ကန်းပရိက္ခရာများ ယူဆောင်ပြီး ဆရာတော်ထံ “ အရှင်ဘုရား၊ တပည့်တော်သည် အလုံးစုံသော သံသရာ ၀ဋ်ဆင်းရဲမှ ထွက်မြောက်ရာဖြစ်သော နိဗ္ဗာန်ကို မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့်လျင်မြန်စွာ မျက်မှောက်ပြုပါရခြင်းငှာ တပည့်တော်လက်၌ရှိသော သင်္ကန်းကိုယူတော်မူ၍ တပည့်တော်အား အစဉ်သနားတော်မူသည်ကို အကြောင်းပြု၍ ယုတ်နိမ့်သော လူအဖြစ်မှ မြင့်မြတ်သော ရှင်သာမဏေဖြစ်အောင် ပြုပေးတော်မူပါဘုရား ” ဟုလျှောက်ထားတောင်းပန်ရသည်။

အဲဒီလို မိမိရင်းမှဖြစ်သော သားအားလည်းကောာင်း။ သူတစ်ပါးသားအားလည်းကောင်း ရှင်ပြုပေးခြင်း၊ ရဟန်းခံပေးခြင်း၊ သိမ်ထပ်ပေးခြင်းကုသိုလ်ကံကြောင့် မိမိတို့မှာလည်း ရှင်ဒကာ။ ရဟန်းဒကာဘွဲ့အမည်ရရှိသွားကာ သာသနာ့ဒကာတွေဖြစ်သွားပြီး မိမိတို့နဲ့ပတ်သတ်သော ရှင်ရဟန်းများရှိနေသည့်အတွက် သူတို့ကိုအကြောင်းပြု၍ ဘုန်းကြီးကျောင်းသို့သွားဖြစ်ကာ ဝေယျာဝစ္စကုသိုလ်၊ ကျောင်းတွင်လိုအပ်သော ဆွမ်းကွမ်းများမှအစ လှူဒါန်းဖြစ်ခြင်း။ မိမိပတ်သတ်သည့်ရှင်ရဟန်းကိုလည်း လှူဒါန်းဖြစ်ခြင်းစတဲ့ကုသိုလ်တွေ ရရှိသည့်အပြင် မိမိသံဃာရဲ့ သာသနာတော်အတွက် လုပ်ဆောင်ချက်များကိုပါ သိရှိမြင်တွေ့ရသောအခါတွင်လည်း မိမိမှာ ပြောမပြနိုင်သည့် ပီတိများဖြစ်ကာ ရေမတွက်နိုင်သော ကုသိုလ်များ ရရှိသဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို လျင်မြန်စွာ ရရှိခြင်းစတဲ့ အကျိုးများစွာတို့ကို ရရှိပါသည်။

Saturday, June 18, 2011

လင်္ကာသားတို့၏ အသည်းနှလုံး

ယခု တင်ပြထားသည့် လင်္ကာသားတို့၏အသည်းနှလုံးအမည်ရှိ ဆောင်းပါးသည် စာရေးသူတို့ သီရိလင်္ကာရောက် မြန်မာရဟန်းတော်များ စုစည်းထုတ်ဝေသော ဒုတိယအကြိမ်မြောက် လင်္ကာတမန်မဂ္ဂဇင်းတွင်ပါဝင်သော စာရေးသူ၏ ဆောင်းပါးလေးပင် ဖြစ်ပါသည်။ အားလုံး ဗဟုသုတအသိပညာ တိုးပွားကြပါစေလို့ ဆန္ဒပြုလိုက်ပါသည်။

လင်္ကာသားတို့၏ အသည်းနှလုံး

လူသားတိုင်းသည် မိမိခန္ဓာကိုယ်အတွင်းရှိ အသည်းနှလုံးကို တန်ဖိုးထားချစ်မြတ်နိုးကြသလို ခန္ဓာကိုယ်ပြင်ပရှိ အချို့အရာများကိုလည်း အသည်းနှလုံးနှင့်ထပ်တူ တန်ဖိုးထားမြတ်နိုးတတ်ကြပေသည်။ မိမိတို့တန်ဖိုးထားမြတ်နိုးသောအရာများအတွက် အသက်ကိုပင် စတေး၍ကာကွယ်စောင့်ရှောက်ဖို့အတွက်လည်း ၀န်မလေးတတ်ကြပေ။


ထိုအချက်ကို သမိုင်းတစ်လျှောက် လင်္ကာသားတို့၏ ဗုဒ္ဓမြတ်စွယ်တော်ကို မိမိတို့၏အသည်းနှလုံးပမာ အသက်ပေးကာကွယ်စောင့်ရှောက်ခဲ့ကြခြင်းက အခိုင်အမာသက်သေခံလျက်ရှိပါသည်။

လင်္ကာသားတို့သည် ဗုဒ္ဓမြတ်စွယ်တော်ကို သူတို့၏အသည်းနှလုံးကဲ့သို့ မြတ်နိုးတန်ဖိုးထားသည်ကို စွယ်တော်လှည့်လည်ပူဇော်ပွဲတွင် စားရေးသူကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသော ရင်သပ်ရှု့မောဖွယ်ရာ မြင်ကွင်းလေးများဖြင့် ဦးစွာတင်ပြလိုပါသည်။

ထိုပွဲတော်ကို ပေရာဟေရဟုခေါ်ဆိုကြပြီး မြတ်ဗုဒ္ဓစွယ်တော်တည်ရှိရာ ကန္ဒီမြို့တွင် နှစ်စဉ်နှစ်တိုင်း သြဂုတ်လ(သို့မဟုတ်) စက်တင်ဘာလတွင် (၁၀)ရက် တိုင်တိုင် ပူဇော်ကျင်းပလေ့ရှိပါသည်။ ဤစွယ်တော် စီတန်းလှည့်လည်ပူဇော်ပွဲသည် သီရိလင်္ကာနိုင်ငံ၏ အကြီးအကျယ်ဆုံးသော ဘာသာရေးပွဲတော်တို့တွင် တစ်ခုအပါအ၀င်ဖြစ်သကဲ့သို့ အာရှတိုက်၏ စိတ်ဝင်စားဖွယ်အကောင်းဆုံးသော ဘာသာရေးဆိုင်ရာ အလှပြစီတန်းလှည့်လည်ပူဇော်ပွဲ တစ်ခုအဖြစ်လည်း ကျော်ကြားလှပါသည်။ ပွဲတော်အတွင်း ရောင်စုံမီးများဖြင့် လှလှပပ အနုပညာလက်ရာမြောက်စွာ တန်ဆာဆင်ထားသော စွယ်တော်တိုက်အဆောက်အအုံနှင့် ပရိဝုဏ်ခြံဝင်းသည်းလည်း နတ်ဘုံနတ်နန်းအလား ထင်မှတ်မှားလောက်ပါသည်။

မြတ်ဗုဒ္ဓစွယ်တော်လှည့်လည် အပူဇော်ခံမည့်လမ်းများကို ရှေးဦးစွာ သန့်ရှင်းစင်ကြယ်အောင် ရေဖြင့်ဆေးကြောပါသည်။ စွယ်တော်စီးတန်းလှည့်လည်ပူဇော်ပွဲကို ကျယ်လောင်သော ဗြောက်ဖောက်သံဖြင့် ည(၈)နာရီခွဲတွင် စတင်ပါသည်။ ထို့နောက် မကြာမီ ယောက်ျားလေး(၁၀)ယောက်ခန့်က ကြာပွတ်ကြိုးရစ်များကို “ဗြောက် ဗြောက်“ အသံများမြည်းအောင် ညီညာစွာဝှေ့ရမ်းလျက် ရှေ့ဆုံးမှ ထွက်လာပါသည်။ ထို့နောက်

၁။ မီးဆိုင် မီးကွင်း အမျိုးမျိုးကို သိုင်းကစားနည်းမျိုးများဖြင့် ကစားကပြသောအဖွဲ့၊

၂။ ကုလားမခြေထောက်များဖြင့် မီးဝိုင်းများကို ကပြဖျော်ဖြေသောအဖွဲ့၊

၃။ ရိုးရာဗုံအကများဖြင့် ကပြဖျော်ဖြေသောအဖွဲ့၊

၎။ ဗုဒ္ဓသာသနာ့အလံတော်ကို ကိုင်ဆောင်လာသော ဒဠဒါ မာဠိဂါဝအဖွဲ့၊

၅။ တံခွန်၊ ကုက္ကားကိုင်ဆောင်လာသည့် ဝတ်ဖြူစင်ကြယ် ဥပါသကာအဖွဲ့၊ ဓါးများကိုင်ဆောင် ကပြသောအဖွဲ့။

၆။ အမတ်ဝတ်စုံဖြင့် ဆင်စီးလာသောလူတစ်ယောက်။

၇။ ပိဋကတ်သုံးပုံကို တင်ဆောင်လာသော ဆင်ရတနာများ။

၈။ စွယ်တော်အသုံးအဆောင်ပစ္စည်းများကို တင်ဆောင်လာသော ဆင်ရတနာများ ဖြင့် အဆက်မပြတ် လိုက်လာလှည့်လည်ပူဇော်ကြသည်ကို တွေ့ရပါသည်။

စီးတန်းလှည့်လည်ပူဇော်ပွဲ၏ အလယ်လောက်တွင် မြတ်ဗုဒ္ဓစွယ်တော်ကို အကြီးမားအခန့်ညားဆုံး စွယ်စုံဆင်တော်ကြီးဖြင့် ပင့်ဆောင်လာပြီး ထိုဆင်တော်ကြီးကိုလည်း သူနဲ့ထပ်တူနီးပါး ကြီးမားကြံ့ခိုင်သော ဆင်နှစ်ကောင်က ခြံရံထားပါသည်။ ထိုမြင်ကွင်းသည် ဤပွဲတော်တွင် ရင်သပ်ရှု့မောဖွယ် အကောင်းဆုံးဖြစ်ပါသည်။ ဆင်များ၏ ရှေ့နှင့်နောက်တွင် ရိုးရာဗုံများနှင့်နှဲကို မြိုင်မြိုင်ဆိုင်ဆိုင် ဟန်ချက်ညီညီ တီးမှုတ်လျက် လေးယောက်တစ်တန်းပုံစံဖြင့် ကန္ဒီခေတ်အကကို ညီညီညာညာ ကပြလျက် လိုက်ပါလာကြပါသည်။

အဖွဲ့အားလုံး၏ ဟန်ချက်ညီသော အတီးအမှုတ်၊ အားပါသောအကများက ကြည့်ရှု့သူအားလုံး၏ စိတ်နှလုံးကို ပီတိအတိ ဖုံးစေပါသည်။ ပူဇော်ပွဲကို (၁၀)ညဆက်တိုက် ကျင်းပလေ့ရှိပြီး တစ်ညထက်တစ်ည ဆင်အကောင်ရေ ပိုများလာသည်။ ယခုနှစ် စွယ်တော်လှည့်လည်ပူဇော်ပွဲ နောက်ဆုံးညတွင် ဆင်(၆၅)ကောင်အထိ ပါဝင်လာသည်ကို တွေ့ရပါသည်။ ပွဲတော် လှည့်လည်ပူဇော်ချိန်သည် ည(၈)နာရီခွဲကနေ ည(၁၂)နာရီထိ ဖြစ်ပါသည်။

ဤပူဇော်ပွဲတော်တွင် ပါဝင်တင်ဆက်သူအားလုံးသည် အခကြေးငွေမရ၊ စေတနာသက်သက်ဖြင့် ပါဝင်ပူဇော်ကြခြင်းဖြစ်ပါသည်။ လှည့်လည်ပူဇော်ချိန်သည် (၃)နာရီကျော် ကြာမြင့်သောကြောင့် ဘာသာရေးစိတ်ဓာတ်သာ မပြင်းပြပါက ပါဝင်ပူဇော်ဖို့ မလွယ်ကူပေ။ ဤပွဲတော်တွင် လင်္ကာသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံမျိုးစုံကို ရှု့မြင်ခံစားနိုင်ပြီး သူတို့၏ရိုးရာယဉ်ကျေးမှုများကို သူတို့ကိုယ်တိုင် မည်မျှတန်ဖိုးထား မြတ်နိုးကြသည်ကိုလည်း တွေ့ရှိနိုင်ပါသည်။ ဤကဲ့သို့ ထူးထူးကဲကဲပူဇော်ခြင်းဖြင့် သူတို့တွက်သာမက ကမ္ဘာတစ်ဝှမ်းလုံးရှိ ဗုဒ္ဓဘာသာဝင်များ၏ ဗုဒ္ဓမြတ်စွာအပေါ် အထူးအလေးဂရုပြုမှုကို ဖော်ကျုးရာလည်း ရောက်ပါသည်။

မြတ်ဗုဒ္ဓစွယ်တော်ကို နေ့စဉ်နံနက် (၆)နာရီမှ (၇)နာရီအထိ တစ်ကြိမ်၊ (၁၁)နာရီမှ (၁၂)နာရီအထိ တစ်ကြိမ်၊ ညနေ(၆)နာရီမှ (၇)နာရီခွဲအထိ တစ်ကြိမ် ကန္ဒီမြို့ရှိ စွယ်တော်တိုက်တွင် ဖူးမြော်ကြည်ညိုနိုင်ပါသည်။

လင်္ကာသားတို့သည် ဤမြတ်ဗုဒ္ဓ၏စွယ်တော်အစစ်ကို သူတို့၏အသည်းနှလုံးကဲ့သို့ မြတ်နိုးတန်ဖိုးထားသည့်အားလျော်စွာ မိမိတို့အိမ်၌ အလှူဒါနပြုလုပ်သည့်အခါတိုင်း စွယ်တော်ပွားကြုပ်ကို ပင့်ဆောင်ပူဇော်လေ့ရှိကြပါသည်။ ဤကဲ့သို့ မြတ်ဗုဒ္ဓ၏ စွယ်တော်ဓာတ်ကို လင်္ကာသားတို့ မြတ်နိုးတန်ဖိုးထားနေကြခြင်းသည် ထိုစွယ်တော်မြတ်ကို သမိုင်းတစ်လျှောက် ခက်ခက်ခဲခဲ ကာကွယ်စောင့်ရှောက်ခဲ့ရခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံလွန်တော်မူသောအခါ လက်ဝဲအောက်စွယ်တော်မြတ်ကို အရှင်သာရိပုတ္တရာမထေရ်မြတ်၏ တပည့်ဖြစ်သော ခေမာအမည်ရှိ ရဟန္တာမထေရ်မြတ်က တေဇောဓာတ်လောင်းကျွမ်းနေသော စန္ဒကူးနံ့သာထင်းပုံထဲမှ ပင့်ဆောင်၍ ကလိင်္ဂတိုင်း၊ ဒန္တပူရမြို့၌ ထီးနန်းစိုးစံနေသော ဗြဟ္မဒတ်မင်းအား ကိုးကွယ်စေခဲ့လေသည်။

ကလိင်္ဂတိုင်း မင်းအဆက်ဆက်တို့သည် မြတ်ဗုဒ္ဓစွယ်တော်ကို မိမိတို့အသက်နှင့်ထပ်တူ မြတ်နိုးတန်ဖိုးထားလျက် ဂုဟသိဝမင်းလက်ထက်အထိ နှစ်ပေါင်း(၈၀၀)ကျော် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့ကြသည်။ ထိုအချိန်က ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော ဂုဟသိဝမင့်နှင့် သီဟိုဠ်ဘုရင် မဟာသေနနှတို့သည် မိတ်ဆွေများဖြစ်ခဲ့ကြသည်။ သို့ရာတွင် အိမ်နီးချင်း ဟိန္ဒူမင်းများနှင့်ကား မသင့်မမြတ် ဖြစ်နေခဲ့သည်။ ယင်းအချိန်သည် ဟိန္ဒူမင်းများက ကလိင်္ဂတိုင်းကို သိမ်းပိုက်ဖို့ ပြင်ဆင်နေကြချိန်ဖြစ်ပြီး မြတ်ဗုဒ္ဓစွယ်တော်ကိုလည်း ဖျက်ဆီးပစ်လိုကြသည်။ ထိုအချိန်က ကလိင်္ဂတိုင်းသည် အိမ်နီးချင်းတိုင်းပြည်များနှင့်ယဉ်လျှင် အဘက်ဘက်မှ အားနည်းနေ၍ မိမိထီးနန်း ကျဆုံးသွားလျှင် မြတ်ဗုဒ္ဓစွယ်တော် ဖျက်ဆီးခံရမည်ကို ဘုရင်ဂုဟသိဝက စိုးရိမ်ပူပန်နေသည်။

ဘုရင်ဂုဟသိဝမင်းသည် မိမိ၏အသက် ထီးနန်းစည်းစိမ်ဥစ္စာထက် အမျိုးဘာသာ သာသနာတော်ကို ပို၍ ချစ်ခင်မြတ်နိုးသောသူ ဖြစ်၏။ ထို့ကြောင့် မြတ်ဗုဒ္ဓစွယ်တော်အား ထိန်းသိမ်းကာကွယ်ရန်အတွက် သူ၏သမီးတော် ဟေမမာလာကို “ချစ်သမီး….အကယ်၍ ခမည်းတော်တို့ စစ်ရှုံးမည့်အခြေအနေဖြစ်ခဲ့လျှင် စွယ်တော်ကို တိတ်တဆိတ်ပင့်ဆောင်၍ သမီး၏ခင်ပွန်းနှင့်အတူ သီဟိုဠ်ကျွန်းသို့အရောက်သွားပြီး သီဟိုဠ်ဘုရင်မဟာသေနထံသို့ ဆက်သပါ”ဟု လျှို့ဝှက်မှာကြားထားသည်။

စစ်ဖြစ်လာသောအခါ ကလိင်္ဂတိုင်း ရှုံးလေ၏။ ထိုအခါ ဖခင်မှာကြားထားသည့်အတိုင်း သမီးတော်ဟေမမာလာနှင့်သူ၏ခင်ပွန်းဖြစ်သူ ဒန္တမင်းသား တို့သည် အရပ်သားအသွင်ဖြင့် ကလိင်္ဂဆိပ်ကမ်းမှ တိတ်တဆိတ်ထွက်ခွာခဲ့ကြရာ သီဟိုဠ်ကျွန်း လင်္ကာပတ္တနားဆိပ်ကမ်းသို့ ဆိုက်ရောက်၏။ ထိုဆိပ်ကမ်းမှသည် အနုရာဓပူရမင်းနေပြည်တော်အထိ ဆင်းရဲပင်ပန်းစွာ ခြေလျင်ခရီး ပြင်းနှင်းခဲ့ကြရသည်။

၎င်းတို့ အနုရာဓပူရမင်းနေပြည်တော်သို့ ရောက်ရှိသော (အေဒီ-၃၀၃) သာသနာတော်(၈၅၅)တွင် မဟာသေနမင်းနတ်ရွာစံ၍ သားတော်ကိတ္တိသီရိမေဃ၀ဏ္ဏမင်း နန်းတက်နေလေသည်။ ဟေမမာလာမင်းသမီးတို့ဇနီးမောင်နှံသည် သီဟိုဠ်သို့ရောက်သည်နှင့်တစ်ပြိုက်နက် မြတ်ဗုဒ္ဓစွယ်တော်ကို ဘုရင်ကိတ္တိသီရိမေဃ၀ဏ္ဏမင်းအား ဆက်သလိုက်သည်။ ထိုမင်းသည်လည်း ဖခင်နည်းတူ ဗုဒ္ဓသာသနာတော်ကို အထူးယုံကြည် လေးစားကြည်ညိုသူဖြစ်ခြင်းကြောင့် စွယ်တော်ကို ပင့်ဆောင်လာသော ဇနီးမောင်နှံတို့အား ထူထူကဲကဲချီးမြှောက်၍ စွယ်တော်မြတ်ကိုလည်း “ဓမ္မစက္ကဂေဟ”အမည်ရှိ ကြီးကျယ်ခမ်းနားသော အဆောက်အအုံကြီးတွင် ကိုးကွယ်ထားခဲ့လေသည်။

ကိတ္တိသီရိမေဃ၀ဏ္ဏမင်းမှစ၍ ဓမ္မပါလမင်းတိုင်အောင် မင်းအဆက်ဆက်တို့သည် မြတ်ဗုဒ္ဓစွယ်တော်ကို မိမိတို့၏ အသည်းနှလုံးကဲ့သို့ တန်ဖိုးထား၍ လေးမြတ်ယုံကြည်စွာ ကိုးကွယ်ပူဇော်ခဲ့ကြလေသည်။ ထိုမင်းအဆက်ဆက်တို့သည် အနုရာဓပူရ၊ ပေါလောနာရုဝ၊ ဂမ်ဂေါလစသော မိမိတို့ထီးနန်းဆိုက်ရာ မြို့တော်များသို့ ပင့်ဆောင်၍ ကိုးကွယ်ခဲ့ကြသည်။ အေဒီ(၁၅၉၁)သို့ ရောက်သောအခါ ပထမ၀ိမလဓမ္မသူရိယမင်းသည် ကန္ဒီနန်းသစ်ကို တည်ထောင်လေသည်။ ထိုအချိန်တွင်လည်း စွယ်တော်မြတ်ကို ပေါ်တူဂီတို့ဖျက်ဆီးမည့် အန္တရာယ်ကြောင့် ဟိရီပိတိယေဒိယ၀ဒနရလနှင့်ဒေ၀နဂလ ရတနာလင်္ကာရထေရ်တို့သည် ရတနပူရမြို့အနီး ရာဇမဟာဝိဟာရကျောင်းတော်သို့ လျှို့ဝှက်စွာ ပင့်ဆောင်ထားခဲ့ရသည်။

နိုင်ငံတော်ကို အေးချမ်းစွာတည်ရှိစေရန် အလိုရှိသော ပထမ၀ိမလဓမ္မသူရိယမင်းသည် စွယ်တော်တည်ရှိရာနေရာကို စုံစမ်းသိရှိခဲ့ပြီး ကန္ဒီနန်းသစ်သို့ ပင့်ဆောင်ခဲ့သည်။ နန်းတော်နှင့်တွဲလျက် နှစ်ထပ်အဆောက်အအုံ စွယ်တော်တိုက်တစ်ခုကို ဆောက်လုပ်၍ ကိုးကွယ်ထားခဲ့လေသည်။ အေဒီ(၁၆၀၃)ခုနှစ် ပေါ်တူဂီတို့ ကန္ဒီနေပြည်တော်ကို ကျုးကျော်တိုက်ခိုက်လာသည့်အခါမှာလည်း စွယ်တော်မြတ်ကို မေဒမဟာနုဝါအရပ်သို့ ပင့်ဆောင်လျှို့ဝှက်ထားခဲ့ရပြန်သည်။

ကန္ဒီခေတ် ဒုတိယမင်းဆက်ဖြစ်သော ကိတ္တိသီရိရာဇဆင်ဟာလက်ထက်ရောက်သောအခါမှ စွယ်တော်မြတ်ကို ကန္ဒီနေပြည်တော်သို့ ပြန်လည်ပင့်ဆောင်ခဲ့ရသည်။ ထိုမင်းလက်ထက်တွင် နှစ်စဉ်ကျင်းပခဲ့သော မြတ်ဗုဒ္ဓစွယ်တော်စီးတန်းလှည့်လည်ပူဇော်ပွဲ၊ အဘယဂီရိဝိဟာရ စီးတန်းလှည့်လည်ပူဇော်ပွဲအပါအ၀င် ပူဇော်ပွဲ(၅)ခုကို မြတ်ဗုဒ္ဓစွယ်တော် စီးတန်းလှည့်လည်ပူဇော်ပွဲတစ်ခုတည်း၌ပေါင်း၍ ကျင်းပခဲ့သည်။

ထိုအချိန်မှစ၍ နှစ်စဉ်နှစ်တိုင်း ဗြိတိသျှတို့လက်ထက်၌ပါ ကျပလာခဲ့ကြရာ ယခုအချိန်ထိ စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပေသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓနဲ့ပတ်သတ်သော ပူဇော်ပွဲများတွင် လင်္ကာသားများ အသည်းနှလုံးကဲ့သို့ တန်ဖိုးထား၍ ကာကွယ်စောင့်ရှောက် ထိန်းသိမ်းကိုးကွယ်ခဲ့ခြင်းများသည် မှတ်တမ်းတင်လောက်သည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရခြင်းဖြစ်ပေသည်။

လင်္ကာတို့၏ အသည်းနှလုံးဖြစ်သော မြတ်ဗုဒ္ဓစွယ်တော်အကြောင်းကို ပြည့်စုံစွာတင်ပြရန်ကား ခဲယဉ်းပေလိမ့်မည်။ မည်သို့ဆိုစေ လင်္ကာသားတို့သည် မိမိတို့ကိုယ်တိုင် တိုင်းတစ်ပါးလက်ထက် အကြိမ်ကြိမ် ကျရောက်ခဲ့ရသော်လည်း ဗုဒ္ဓမြတ်စွယ်တော်ကိုကား အရောက်မခံခဲ့ပေ။ မိမိတို့၏ အသက်နှင့်ထပ်တူ မြတ်နိုးတန်ဖိုးထားလျက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့ကြသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓစွယ်တော်ကို “လင်္ကာသားတို့၏ အသည်းနှလုံး”ဟု တင်စားဆိုလိုက်ခြင်းသည် မပိုရုံမျှမက လိုပင်လိုနေဦးမည် ဖြစ်ပါသည်။

Monday, June 13, 2011

ဗုဒ္ဓဘာသာဆိုတာ ဘယ်ပေါ်မှာ အခြေခံရပ်တည်ပါသလဲ

ဒီမေးခွန်းလေးကတော့ ဗုဒ္ဓကမ္ဘာဆိုဒ် မှာ မေးထားတဲ့မေးခွန်းလေးပါ။ ဦးဇင်း တက်သိနားလည်သလောက် ဖြေပေးလိုက်ပါတယ်။


ဗုဒ္ဓဘာသာဆိုတာ ဗုဒ္ဓရဲ့အယူအဆ၊ အဆုံးအမကို နာခံလိုက်နာကျင့်သုံးတဲ့ ဘာသာပါ။ ဗုဒ္ဓရဲ့ ဆုံးမမှု၊ ဟောပြောမှုမှန်သမျှသည် သစ္စာလေးပါး အမှန်တရားမှ ကင်းသောတရားဓမ္မများ မရှိပါ။ ထို့ကြောင့် အကျဉ်းချုပ်အနေဖြင့် ပြောရမယ်ဆိုလျှင် လောကရှိအမှန်တရားသဘာဝများကို အမှန်အတိုင်း သိမြင်အောင် လိုက်နာကျင့်သုံး လေ့ကျင့်ရမှာပါ။ မြတ်ဗုဒ္ဓကလည်း သဘာဝအတိုင်း ဖြစ်ပျက်နေတဲ့တရား အမှန်တရားအတိုင်း ဖြစ်ပေါ်နေတဲ့တရား၊ တကယ်ရှိတဲ့အရာများကိုသာ သိမြင်အောင် ကျင့်ကြံအားထုတ်ခဲ့ပြီး သူသိသလို အများသိအောင် ဟောပြောလမ်းညွှန်ပေးခဲ့တာပါ။ သူကိုယ်တိုင်ဖန်ဆင်း၊ တီထွင်ပြောဆိုခဲ့တာ မဟုတ်ပါဘူး။ အမှန်ကို အမှန်အတိုင်း သူသိတာကို ဗုဒ္ဓဘာသာဝင်များသာမက သတ္တ၀ါအားလုံးသိအောင် ပင်ပန်းခံပြီး ပြောပြခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီတော့ ဗုဒ္ဓသည် အမှန်တရား သစ္စာကိုသိအောင် လုပ်ခဲ့သလို အများကိုလည်း သိအောင် ပြုလုပ်ပေးခဲ့တဲ့အတွက် ဗုဒ္ဓလမ်းစဉ်ကိုလိုက်သောသူများသည် အမှန်တရားသစ္စာပေါ်မှာ အခြေခံခြင်းဖြစ်လို့ အမှန်တရား ပင်ကိုယ်ရှိနေတဲ့သဘာဝသဘောတရားများကို သိမြင်အောင် လိုက်နာကျင့်သုံးကျင့်ကြံရပါမယ်။
ဒါကတော့ ဦးဇင်းရဲ့ထင်မြင်ယူဆချက်ပင် ဖြစ်ပါတယ်။ မှားမှန်ကိုလည်း ကိုယ်ပိုင်ဉာဏ်ဖြင့် သုံးသပ်ကြည့်ကြပါလေ။

Thursday, June 9, 2011

လူတော်လူကောင်း စာအုပ်လေးပါ

ဦးဇင်းကိုယ်တိုင် ရေးသားထားသော လူတော်လူကောင်း စာအုပ်လေးကို လူသားအားလုံး အလွယ်တကူ ဒေါင်းလော့လုပ်ပြီး နေ့စဉ်ဖတ်ရှု့နိုင်ရန်နှင့် တဆင့်ပြန်လည် မျှဝေပေးနိုင်ရန် ရည်ရွယ်လျက် တင်ပေးလိုက်ပါတယ်။ အားလုံးဖတ်ရှု့လေ့လာ မျှဝေကြပြီး ဗဟုသုတအသိပညာများ တိုးပွားကြပါစေလို့ ဆန္ဒပြုလျက်...........။

http://www.mediafire.com/file/qidcz5hrap70jwq/sanninaymin-gentleman.pdf

တကယ်လို့များ စာအုပ်ဒေါင်းပြီး မိမိကွန်ပျုတာထဲမှာ PDF ဆော့ဝဲ မထည့်ရသေးလျှင် အောက်ကနေရာမှာဖွင့်ပြီး ဒေါင်းလော့လုပ်ကာ Install မောင်းထားလိုက်ပါ။ ဒါဆို စာအုပ်ဒေါင်းပြီးသားကို ဖွင့်လိုက်လျှင် ဖတ်လို့ရပါလိမ့်မယ်။
PDF ဆော့ဝဲဒေါင်းရန်ကတော့ http://adobe-reader.software.informer.com/ ဒါလေးပါပဲ။

ကော်နရှင်မကောင်းလျှင် သုံးနိုင်သော နည်းစနစ်များ

မြန်မာပြည်ရောက်တုန်း အင်တာနက်သုံးကြည့်တဲ့ခါ ဘလော့တင်မရ၊ ဖွင့်မရ၊ gtalk gmail ဖွင့်မရတာတွေ များနေလို့ မိမိတက်သိနားလည်သလောက် လိုက်ရှာကြည့်ရာ အောက်ပါဆိုဒ်လေးတွေကို တွေ့ရှိခဲ့ပါတယ်။ အဲဒီဆိုဒ်လေးတွေကို ဖွင့်ကြည့်တဲ့ခါ တော်တော်လေး အဆင်ပြေတာ တွေ့ရပါတယ်။ ကော်နရှင်ကျတဲ့ချိန်တွေမှာ သုံးလို့ရတဲ့အတွက် အဲဒါတွေကို သုံးကြည့်ပြီး မြန်မာပြည်မှ ဒကာ၊ ဒကာမများ အသုံးပြုလွယ်ကူစေရန် ဦးဇင်းမျှဝေပေးလိုက်ပါတယ်။ ဦးဇင်းအကောင့်ထဲမှာမရှိတဲ့သူတွေကိုလည်း တစ်ဆင့်ချင်းစီ ပြန်လည်မျှဝေပေးကြပေါ့လေ။ အထူးသဖြင့် မြန်မာပြည်ကလူတွေကို မျှဝေပေးကြပါ။


ပထမဦးဆုံး gtalk ၀င်လို့ရတဲ့ ဆိုဒ်တွေကို အရင်ပြောပြပေးပါမယ်။

၁။ http://www.ebuddy.com/#gtalk ကို Mozilla Firefox မှာ ရိုက်ထည့်လိုက်ပါ။ ပွင့်လာတဲ့အခါမှာ gtalk ပုံလေး တွေ့ပါလိမ့်မယ်။ အဲဒီပုံလေးနှိပ်ပြီး အကောင့်ဝင်လိုက်တာနဲ့ နောက်စာမျက်နှာတစ်ခုပေါ်လာပြီး ခဏနေရင် ပွင့်လာလိမ့်မယ်။

၂။ နောက်တစ်ဆိုဒ်က http://x15.iloveim.com/servlets/logoutPage ပါ။ အဲဒီမှာလည်း gtalk ၀င်လို့ ရပါတယ်။

၃။ နောက်တစ်ခုက http://webuzz.im/ ပါ။ သူကလည်း gtalk ၀င်လို့ရတဲ့ဆိုဒ်ပါပဲ။

အကောင်းဆုံးကတော့ နံပါတ်တစ်ဆိုဒ်ပါ။ တစ်ခုမရမှ နောက်တစ်ခု စမ်းကြည့်ကြပေါ့လေ။

gmail ၀င်မရရင်တော့ ဒီကနေ http://mistakeproxyarea.appspot.com/gmail.com ၀င်လိုက်ပါ။ အကောင့်ဝင်ပြီး မေးလ်ဖတ်လို့ ရပါပြီ။ အဲဒီကမှာမရရင် ဒီကနေ ၀င်လိုက်ပါ။ http://mistakeproxyarea.appspot.com/webuzz.im/ ဒါကိုဖွင့်ပြီးတာနဲ့ အောက်ဆုံးမှာ မောက်လေးနဲ့ရမ်းလိုက်ပါ။ gtalk gmail ၀င်လို့ရမဲ့ ပုံလေးတွေ တွေ့ပါလိမ့်မယ်။ gtalk ပုံကတော့ ရှင်းပါတယ်။ gmail ပုံကတော့ gtalk အောက်ဆုံးမှာပေါ်တဲ့ပုံစံလေးအတိုင်းပါပါတယ်။ အဲဒါလေးကို ထောက်နှိပ်လိုက်ရင် gmail ၀င်လို့ရပါပြီ။

ဒါလေးကတော့ http://mistakeproxyarea.appspot.com/ မိမိကြည့်ချင်သောဆိုဒ်များကို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်လေးပါ။ ဒါလေးကို အရင်ဖွင့်ပြီး မိမိကြည့်ချင်တဲ့ဆိုဒ်နာမည်ကိုရိုက်ထည့်ပြီး Go ကိုနှိပ်လိုက်တာနဲ့ ပွင့်လာပါလိမ့်မယ်လေ။ ဒါကလည်း http://www.polysolve.com/ ၀က်ဆိုဒ်များကို ကျော်ကြည့်တဲ့ ဆိုဒ်တစ်ခုပါ။ အဲဒီဆိုဒ်ကို ဖွင့်ပြီးတဲ့ခါ ကြော်ညာတစ်ခုအပေါ်ကနေ ဖုံးနေတာတွေ့ပါလိမ့်မယ်။ အဲဒါကို ကြက်ခြေခတ်လေးနှိပ်ပိတ်လိုက်ပါ။ ပြီးရင် Begin Solving ရှေ့မှာ မိမိဖွင့်ချင်တဲ့ဆိုဒ်နာမည်ကို ရိုက်ထည့်လိုက်ပါ။ ရိုက်ထည့်ပြီးတာနဲ့ Begin Solving ဆိုတာကို နှိပ်လိုက်ပါ။ ပွင့်လာပါလိမ့်မယ်။ အပေါ်ကဟာနဲ့မရရင် ဒါလေးနဲ့ ကျော်ဝင်ကြည့်ပေါ့လေ။

တစ်ခါတလေကျတော့လည်း မြန်မာပြည်ကော်နရှင်က Access has been Denied လို့ ပြတတ်ပါတယ်။ အဲဒီလိုပြတဲ့အခါ မိမိဖွင့်နေတဲ့ဆိုဒ် သို့မဟုတ်မေးလ်ရဲ့အပေါ်ဘားတန်း http:// နောက်မှာ https:// ဆိုပြီး (S) လေးထည့်ပေးမှ ပွင့်တာမျိုးလည်း ရှိပါတယ်။

ဒီနည်းစနစ်တွေကတော့ မြန်မာပြည်အလည်ပြန်လာမှ သိတဲ့နည်းစနစ်တွေပါ။ မြန်မာပြည်ကော်နရှင်အား အံတုနိုင်အောင် စိတ်တိုင်းကျမွှေနှောက်ထားတဲ့ နည်းလေးတွေပါ။ ဦးဇင်းရဲ့ အင်တာနက်မှာ ဘာသာရေးအကြောင်း အမေးအဖြေများနဲ့သိသင့်သည့်များ ရေးသားတင်ပြချက်များကိုတော့ (၅)လပိုင်း ပြည်ပပြန်ရောက်မှပဲ ဖတ်ရှု့ကြပေါ့လေ။ ခုတော့ သွားလာစရာများတာနဲ့ရော အင်တာနက်မသုံးဖြစ်တာများတာကရောကြောင့် ဘလော့ပို့စ်တင်ခြင်းများ မပြုလုပ်နိုင်တာကို သည်းခံစောင့်ဆိုင်းပေးကြပါလေ။

ခုပြောခဲ့တဲ့နည်းတွေမှ မရရင်တော့ proxyနဲ့ကျော်ကြည့်ပေါ့လေ။ တစ်ချို့ proxy ကျတော့လည်း ၀ယ်မှရတာဆိုတော့ မ၀ယ်နိုင်တဲ့လူတွေအတွက် ဒုက္ခများပါတယ်။ အဲဒီတော့ မိမိမ၀ယ်နိုင်ရင် ခုပြောပြခဲ့တဲ့ နည်းစနစ်လေးတွေနဲ့ သုံးကြည့်ကြပါ။ ဦးဇင်းကတော့ ခုဖော်ပြခဲ့တဲ့နည်းစနစ်လေးတွေရှာဖွေအသုံးပြုခဲ့တာ အဆင်ပြေပါတယ်။ ကော်နရှင်အား လုံးဝကျမှသာလျှင် ဖွင့်မရတာပါ။ ကော်နရှင်နည်းနည်းလေးရှိရင်တော့ အနည်းဆုံး gtalk တော့ ကျော်ဝင်လို့ ရပါတယ်။

မှတ်ချက်။ နည်းပညာများ ကျွမ်းကျင်၍ ရေးသားတင်ပြခြင်းမဟုတ်ပါ။ စေတနာထား၍ သိသမျှကို မြန်မာပြည်ကော်နရှင်သုံးနေသူများအား ကိုယ်ချင်းစာလို့ မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်လေ။ တကယ်လို့များ ခုပြောပြခဲ့တဲ့နည်းစနစ်များကို နားမလည်ပါက ဆက်လက်မေးလို့ရပါတယ်လေ။

အားလုံးအား စေတနာထားလျှက် ယခုတင်ပြချက်ကို နိဂုံးချုပ်ပါရစေ။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

Wednesday, June 8, 2011

ဆွမ်းကပ် ပျက်မပျက်

ဆွမ်းကပ် ပျက်မပျက်

အရှင်ဘုရား သံဃာတော်များအား ဆွမ်းကပ်ပြီးသားစားပွဲကို လူများသွားရောက်ထိမိလျှင် ဆွမ်းကပ်ပျက်ပါသလားဘုရား။ တပည့်တော်တို့ လူသားများ ဆွမ်းကပ်လျှင် ဇဝေဇ၀ါဖြစ်နေပါတယ်။ တစ်ချို့က ထိကောင်းတယ်။ တစ်ချို့က မထိကောင်းဘူးလို့ ပြောနေကြလို့ပါ။ အဲဒါလေးကို အရှင်ဘုရား ကျေးဇူးပြုပြီး ဖြေကြားပေးစေချင်ပါတယ်ဘုရား။


ဒီမေးခွန်းလေးက ဗုဒ္ဓဘာသာဝင်များ သိတဲ့ပုဂ္ဂိုလ်ရှိသလို ယောင်ဝါးဝါးဖြစ်နေတဲ့သူတွေလည်း ရှိကြပါတယ်။ တကယ်တော့ ဆွမ်းကပ်ပြီးသား စားပွဲကို သံဃာတော်များလက်နဲ့ဖြစ်စေ၊ ခန္ဓာကိုယ်နဲ့ဖြစ်စေ နှစ်တောင်ထွာအတွင်းမှာ ထိစပ်မှုရှိနေလျှင် လူပုဂ္ဂိုလ်များ သွားရောက်ထိနိုင်ပါတယ်။ သံဃာတော်များနဲ့ ကပ်ပြီးသားစားပွဲကိုဖြစ်စေ၊ ဆွမ်း၊ ဟင်းပုဂံများကိုဖြစ်စေ ထိစပ်မှုရှိနေလျှင် ဆွမ်းကပ်အာနိသင်မပျက်သောကြောင့် သံဃာတော်များထိစပ်သော စားပွဲပေါ်မှာ မုန့်၊ ခဲဘွယ်စတဲ့ လဘက်ရည်စာများကို တင်လိုက်လျှင်လည်း ကပ်ပြီးသားဖြစ်လို့ ထပ်ကပ်စရာမလိုတော့ပါဘူး။ ထပ်ကပ်လျှင်လည်း ကပ်ပြီးသားဖြစ်လို့ သံဃာများအနေဖြင့် ထူးခြားမှုမရှိပါဘူး။ သို့သော် အလှူရှင်များအတွက်တော့ ထပ်ကပ်ရတဲ့အတွက် သဒ္ဓါတရားတော့ တိုးပါတယ်။

ဆွမ်းကပ်ပြီးသား စားပွဲကို သံဃာတော်များနဲ့ နှစ်ထောင်ထွာအတွင်းမှာ ထိစပ်မှုမရှိဘဲ ကင်းလွတ်နေလျှင်တော့ သွားရောက်မထိပါနဲ့။ ဆွမ်းကပ်အာနိသင် ပျက်သွားပါတယ်။ အဲဒီလို ဆွမ်းကပ်ပျက်သွားရင် သံဃာတော်များကို တဖန်ပြန်လည် ကပ်ပေးရပါမယ်။ သို့မှသာလျှင် သံဃာတော်များဟာ ဘုဉ်းပေးလို့ ရပါမယ်။

သံဃာတော်များသည် တစ်ခါကပ်ခံပြီးသားဆွမ်းကို လုံလောက်ပြီ၊ တော်ပြီဟု တားမြစ်ပြီးလျှင် ဆွမ်းဆက်စားလို့ မရပါဘူး။ စားလျှင်လည်း အပြစ်သင့်ပါတယ်။ အဲဒီတော့ အကျဉ်းချုပ်လူသားများ မှတ်ထားသင့်တာက ကပ်ပြီးသားဆွမ်း၊ ဆွမ်းဟင်း၊ စားပွဲတို့ကို သံဃာတော်များနဲ့ နှစ်တောင်ထွာအတွင်းမှာရှိနေလျှင် သွားရောက်ထိနိုင်၍ နှစ်တောင်ထွာအတွင်းမှ လွတ်ကင်းနေလျှင်တော့ သွားရောက်မထိမိဖို့ပါပဲလေ။ ကဲ ဒီလောက်ဆို ရှင်းမည်ထင်ပါတယ်နော်။ နောက်မှ မရှင်းတာရှိရင် ဆက်လက် မေးမြန်းပါလေ။

Tuesday, June 7, 2011

အသက်ကြီးသူများကို ဘာ့ကြောင့် ရှိခိုးဦးချရိုသေရပါသလဲ

အသက်ကြီးသူများကို ဘာ့ကြောင့်ရှိခိုးဦးချရိုသေရပါသလဲ။

အရှင်ဘုရား မိမိထက် အသက်ကြီးသူများကို ဘာ့ကြောင့်ရှိခိုး ဦးချရိုသေရသလဲဆိုတာကို သိချင်ပါတယ်ဘုရား။ အရှင်ဘုရား အချိန်ရရင် ဖြေပေးစေချင်ပါတယ်ဘုရား။ တပည့်တော်တို့ နိုင်ငံခြားမှာ တစ်ခြား ဘာသာဝင်များ မေးတော့ မဖြေနိုင်ဘူးဖြစ်နေတယ်ဘုရား။ အဲဒါလေးကို တပည့်တော်တို့အား သနားသောအားဖြင့်လည်းကောင်း၊ မိမိတို့ ဘာသာဝင်များ တက်သိနားလည်အောင်လည်းကောင်း ဖြေကြားပေးစေချင်ပါတယ် ဘုရား။

အင်း။ တကယ်တော့ စဉ်းစားကြည့်မယ်ဆိုရင် ဒါတွေဟာ သိနိုင်ပါတယ်။ ဦးဇင်း စဉ်းစားမိသလောက် စာပေမှတ်သားမိသလောက် ပြောပြရေးပြရမယ်ဆိုရင် မိမိတို့ထက် အသက်ကြီးသူများသည် မိမိတို့ထက် ကုသိုလ်ကံကောင်းလို့ သူတို့ကအရင် လူ့လောကကို ရောက်လာကြတာပါ။


နောက်ပြီး သူတို့ဟာ လူ့လောကကို မိမိထက်အရင် ရောက်လာကြတဲ့အတွက် မိမိတို့ထက် ဗဟုသုတကြွယ်ဝမှုလည်းရှိကြပါတယ်။ မိမိတို့ကိုလည်း ထိုက်သည်အားလျော်စွာ ပြောဆိုဆုံးမသွန်သင် လမ်းညွှန်ပေးကြပါတယ်။ အဲဒီလို ဂုဏ်ကျေးဇူးတွေနဲ့ ပြည့်စုံနေတဲ့အပြင် မိမိတို့ထက်လည်း သီလစောင့်ထိန်းတဲ့ ပုဂ္ဂိုလ်ဆိုရင် မိမိတို့ထက် သီလပိုများပါတယ်။ ဒါနလုပ်တဲ့လူဆိုရင်လည်း ဒါနကုသိုလ်ပိုများပါတယ်။ တရားအားထုတ်တဲ့လူဆိုရင်လည်း မိမိတို့ထက် တရားသိတာ ပိုများပါတယ်။

အဲဒါကြောင့်လည်း လူ့လောကမှာသာ မဟုတ်ဘဲ ရဟန်းသံဃာလောကမှာပါ မြတ်စွာဘုရားရှင်က မိမိတို့ထက် သိက္ခာကြီးသူများကို ရိုသေလေးစား ရှိခိုးကြဖို့ မိန့်တော်မူခဲ့တာပါ။ ဒါ့ကြောင့် မိမိတို့က ကိုယ့်ထက်ကြီးသူများကို ရိုသေလေးစားရပါမယ်။ ထိုသို့ ရိုသေလေးစား ရှိခိုးတဲ့အခါမှာလည်း ထိုကျေးဇူးဂုဏ်များကို အာရုံပြုပေးမယ်ဆိုလျှင် မိမိမှာ တန်ဖိုးမဖြတ်နိုင်သော အကျိုးတရားများ ရရှိမည့်အပြင် လူကောင်းတစ်ယောက်လို့လည်း ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ခြင်းကို ခံရပါလိမ့်မယ်။

ဒီလောက်ဆို ရှင်းမယ်ထင်ပါတယ်နော်။ အားလုံး ဗဟုသုတအသိဉာဏ်များ တိုးပွား၍ လိုက်နာကျင့်သုံး ပြုမှုနိုင်ကြပါစေလို့ ဆန္ဒပြုလျက်………………….။

Monday, June 6, 2011

မြတ်စွာဘုရားကို ဘာ့ကြောင့် ရှိခိုးရပါသလဲ

မြတ်စွာဘုရားကို ဘာ့ကြောင့် ရှိခိုးရပါသလဲ။

Why do you pay homage to the Buddha?

ဒီမေးခွန်းလေးကို ဦးဇင်းအား နိုင်ငံခြားသားများရော ယဉ်ကျေးမှုသင်တဲ့အခါတိုင်းမှာရော လူငယ်တွေနဲ့ စကားထိုင်ပြောဖြစ်တဲ့အခါတိုင်းမှာရော မေးလေ့ကြရှိတဲ့ မေးခွန်းလေးပါ။ နိုင်ငံခြားသားတွေက သူတို့တန်ခိုးကြီးဘုရားတွေ သွားတဲ့ခါ ဗုဒ္ဓဘာသာများ မြတ်ဗုဒ္ဓရုပ်ပွားတော်ကို ရှိခိုးနေတာတွေ့ရတော့ အဲဒါ ဘာလုပ်တာလဲ။ ဘာေ့ကြာင့် ဒူးထောက်အညံ့ခံ ရှိခိုးရတာလဲတဲ့။ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းမှာလည်း လူငယ်တွေက သေချာမသိတော့ ဘယ်လိုအာရုံပြုပြီး ရှိခိုးရမလဲတဲ့။ ဦးဇင်းရောက်တဲ့အရပ်မှာ ဦးဇင်းကိုခင်ပြီး ကျောင်းလာကြတဲ့ ကျောင်းသား၊ ကျောင်းသူလေးများနဲ့ စကားပြောဖြစ်တဲ့အခါမှာလည်း သူတို့က ဘုရားကို ရှိခိုးတဲ့ခါ ဘာသာတစ်ခုနှင့်တစ်ခု ရှိခိုးတာခြင်း မတူသလို အာရုံပြုတာချင်းလည်း မတူလောက်ဘူးနော်တဲ့။ ဦးဇင်း အဲဒီမေးခံရတဲ့ မေးခွန်းတွေကို ဦးဇင်းတက်သိနားလည်သလောက် ဒီလို ဖြေပေးခဲ့ပါတယ်။


ဦးဇင်းတို့ မြတ်စွာဘုရားသည် ဦးဇင်းတို့ သတ္တ၀ါတွေအတွက် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး သူ့အတွက်မဟုတ်ဘဲ အများကောင်းကျိုးရဖို့ရန် သူများမလုပ်နိုင်သော ပါရမီများကို ဖြည့်ကျင့်ပြီး သဗ္ဗညုတဉာဏ်ရအောင် လုပ်ခဲ့ပါတယ်။ သူ့တစ်ယောက်တည်းအတွက်ဆို သုမေဓာရှင်ရသေ့ဘ၀တည်းက နိဗ္ဗာန်ကိုရပါလျက်နဲ့ နိဗ္ဗာန်ကို မသွားသေးဘဲ ဆင်းရဲပင်းပန်းခံကာ ပါရမီတွေကို ဖြည့်ကျင့်ပေးခဲ့တယ်။

နောက်ပြီး ဘုရားဖြစ်လာတဲ့အခါမှာလည်း တစ်ရက်ကို(၂၄)နာရီ ရှိရာ ဘုရားရှင်က (၂)နာရီပဲ အနားယူကျိန်းစက်ပြီး (၂၂)နာရီ အလုပ် လုပ်ပေးခဲ့ပါတယ်။ မိမိတို့ သတ္တ၀ါတွေ ကောင်းတာမကောင်းတာ ခွဲခြားတတ်ပြီး ပြုလုပ်ဆောင်ရွက်နိုင်အောင် ချမ်းသာသုခများရရှိအောင် လုပ်ပေးခဲ့တဲ့ ဘုရားရှင်ရဲ့ ကျေးဇူးများဟာ မိမိတို့အပေါ်မှာ များပြားလှတဲ့အတွက်ကြောင့် အဲဒီကျေးဇူးတွေကို အာရုံပြုပြီး ရှိခိုးဦးချသလို ဘုရားရှင် သည် မိမိတို့ထက် သီလ သမာဓိ ပညာအစရှိတဲ့ ဂုဏ်တော်တွေသည် မိမိတို့ထက် အများကြီးသာလွန်ပါတယ်။ ဘုရားရှင်ကို မိမိတို့ တုနိုင်တဲ့အရာ တစ်ခုမှမရှိပါဘူး။ အဲဒါကြောင့် မိမိတို့အပေါ်ရှိနေတဲ့ ကျေးဇူးတရားတွေ၊ မိမိတို့ထက် သာလွန်သောဂုဏ်အပေါင်းနှင့်ပြည့်စုံနေသော မြတ်စွာဘုရားရှင်ကို မိမိတို့က ရှိခိုးဦးချ ရိုသေလေးစားရခြင်း ဖြစ်ပါတယ်လို့ နိုင်ငံခြားသားများကို ဖြေရှင်းပေးခဲ့ပါတယ်။

ထို့အတူ တရားတော်များသည်လည်း မိမိတို့အား ကောင်းတာ မကောင်းတာကို ညွှန်ပြပေးခြင်းစတဲ့ ဂုဏ်ကျေးဇူးများရှိတာကြောင့် ရှိခိုးရတာပါ။ သံဃာတော်များသည်လည်း မိမိတို့အား မျက်မှောက်သံသရာ ကောင်းစားရေးများကို လမ်းညွှန်ဆုံးမပြောဆိုပေးတဲ့ ဂုဏ်ကျေးဇူးတွေရှိတာရယ်၊ မိမိတို့ မစောင့်ထိန်းနိုင်တဲ့ အကျင့်သီလများကို စောင့်ထိန်းလိုက်နာ ကျင့်သုံးနိုင်တာကြောင့်ရယ် လှူဒါန်းပူဇော် ရှိခိုးဦးချရခြင်းဖြစ်ပါတယ်။

တစ်ခါ မိဘဆရာသမားများသည်လည်း မိမိတို့အပေါ်၌ ကျေးဇူး တရားများပြားသောကြောင့်ရယ်၊ မိမိတို့အား အတက်ပညာ လူလိမ်မာလေးများဖြစ်အောင် ပြောဆိုဆုံးမသွန်သင်ပေးတာကြောင့်ရယ် ရှိခိုးဦးချ ရိုသေရခြင်းဖြစ်ပါတယ်လို့ ဖြေကြားပေးခဲ့ပါတယ်။

ဦးဇင်းလည်း ခု 5.6.2011 မှ သီရိလင်္ကာကို ပြန်ရောက်တာဆိုတော့ ဒီကရှေ့ အရင်မြန်မာပြည်နေစဉ် မေးထားတဲ့မေးခွန်းများကို ဖြေပေးပါတော့မယ်။ ခု ဦးဇင်းအမေးအဖြေလုပ်ထားတဲ့ ဦးဇင်းကိုယ်ပိုင်ဆိုဒ်မှာရော ကျန်တဲ့ဆိုဒ်တွေမှာရော တင်ထားတဲ့ အမေးအဖြေတွေကို မြန်မာပြည်ပြန်စဉ် စိတ်ဝင်စားတဲ့လူတွေက စာအုပ်ထုပ်ဝေကြပါတယ်။ Shade မန္တလေးထုတ်ဂျာနယ်ကလည်း ဦးဇင်းစာတွေကို ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီလို ဦးဇင်းစာတွေကို အားပေးကြတာတွေ့ရတော့ ဦးဇင်းလည်း တော်တော်လေး ပီတိဖြစ်ခဲ့ရပါတယ်လေ။ အဲဒီလိုပီတိတွေ များများစားနိုင်ဖို့အတွက် ဒေါက်တာဘွဲ့တက်ရင်း ဆက်လက်ကြိုးစားသွားပါမယ်လို့ ဆန္ဒပြုလျက်…………..။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

သာသနတက္ကသီလဓမ္မာစရိယ

B.A (Buddhism)

M.A (Sri lanka)

sanninaymin@gmail.com

http://www.sanninaymin.com