Wednesday, August 31, 2011

နောင်ပွင့်မဲ့ဘုရားကျမှ ကျွတ်တမ်းဝင်အောင်လုပ်မယ်ဆိုရင်

အမေး။ ။ အရှင်ဘုရား ယခုခေတ်လူငယ်နဲ့လူအတော်များများဟာ အရိမေတ္တေယျဘုရားရှင်လက်ထက်မှာ လူဖြစ်ခွင့်ရအောင်လုပ်ပြီး၊ ကျွတ်တမ်းဝင်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်တွေထားကြပါတယ်။ အဲဒါ သင့်မသင့်ဆိုတာသိချင်ပါတယ်ဘုရား။

ခင်ဖုန်းမြင့်

ကွန်ပျုတာတက္ကသိုလ်



အဖြေ။ ။ နောင်ပွင့်မဲ့ဘုရားရှင်လက်ထက်မှာ လူဖြစ်ခွင့်ရဖို့ဆိုတာ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ သေချာတဲ့အလုပ်မဟုတ်ဘူး။ ဘာ့ကြောင့်ဆိုရင် ဘုရားရှင်က “မနုဿတ္တဘာဝေါ ဒုလ္လဘော” လူ့အဖြစ်ရဖို့အတ်ာခဲယဉ်းတယ်။ ဘယ်လောက်ခဲယဉ်းလဲဆိုရင် ဗြဟ္မာ့ပြည်က အပ်တစ်စင်းကျလာတဲ့အခါ လူ့ပြည်က အပ်တစ်စင်းက ထောင်ထားမယ်။ ဒီအခါမှာ အပ်သွားချင်းသာ ထိသွားနိုင်တယ်။ လူဘ၀ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါကြောင့် အရိမေတ္တေယျဘုရားရှင်လက်ထက်မှာ လူဖြစ်ဖို့ထက် ယခုဘ၀မှာ သေချာပေါက် လူဖြစ်နေကြရတယ်ဆိုတာကိုတော့ ကိုယ့်ကိုယ်ကို သတိထားစေချင်တယ်။



ဒီလိုလူ့ဘ၀ရနေတဲ့အပြင် ကြုံခဲလှတဲ့ ဘုရားရှင်သာသနာနဲ့လဲ ကြုံနေရပါပြီ။ နာရခဲတဲ့တရားတော်များကိုလဲ နာနေရပြီလေ။ ဒီလိုအဆင်ပြေနိုင်မဲ့ဘ၀ ဘယ်ဘ၀များရှိခဲ့လို့လဲ၊ ဘ၀ါဘ၀များစွာက ဘုရားအဆူဆူနဲ့လွဲခဲ့ပြီ။ ယခုလက်ရှိဘ၀မှာ ဘုရားရှင်သာသနာရှိနေတဲ့အတွက် အပျင်းမထူဘဲ တရားအားထုတ်ရင် မဂ်ဖိုလ်နိဗ္ဗာန် ရောက်နိုင်ပါတယ်။ ဒီလိုအခွင့်ကောင်းကို လက်လွတ်အဆုံးအရှုံးခံပြီး မသေချာမရေရာတဲ့ နောင်လာမဲ့အနာဂတ်ကို မမျှော်လင့်ပါနဲ့။ မေးပါအုံးမယ်။ စာရှုသူများ တကယ်လို့ ယခုအခါမှာ ငွေသိန်းပေါင်းများစွာ ရမယ်ဆိုပါစို့ ဒီအခွင့်အရေးကို အခုမယူဘဲ နောက်ဘ၀မှယူမယ်လို့ဆိုရင် လောကမှာ ဒီလူလောက်မိုက်တဲ့သူ ရှိပါအုံးမလား။



ဒါကြောင့် ရနိုင်တဲ့အခွင့်အရေးကို လက်လွတ်ဆုံးရှုံးမခံကြပါနဲ့၊ စိတ်ကူးမလွဲကြပါနဲ့လို့ ပြောလိုက်ပါရစေ။ တုမှေဟိ ကိစ္စမာတပ္ပံ=ချစ်သားတို့ အားထုတ်မှုကိစ္စကို ပွားများအားထုတ်ပါလော့၊ အားထုတ်သင့် အားထုတ်ထိုက်နေပါပြီလို့ ဘုရားရှင် တိုက်တွန်းမိန့်တော်မူခဲ့တဲ့စကားတော်အရ ယခုဘ၀မှာ တရားထူးရအောင် အားထုတ်ကြပါတော့။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



နာမ်နှစ်ခုရဲ့အဓိပ္ပါယ်မရှင်းပါ

အမေး။ ။ အရှင်ဘုရား မြန်မာစာအသုံးအနှုန်းမှာ နာမ်ဆိုတာ သက်ရှိ၊ သက်မဲ့၊ ဒြပ်ရှိ၊ ဒြပ်မဲ့၊ အမည်ဟူသမျှကို ‘နာမ်’ လို့ခေါ်ပါတယ်လို့ သင်ရပါတယ်ဘုရား။ ဒီဘက် ဘာသာရေးမှာကျတော့ နာမ်ဆိုတာ စိတ်+စေတသိက်လို့ ခေါ်တာလားဘုရား။ အဓိပ္ပါယ်နှစ်မျိုးကို ဝေါဟာရတစ်မျိုးတည်း သတ်မှတ်ထားတာဟာ မသိတဲ့သူတွေအတွက် နားမရှင်းစရာ ဖြစ်ရပါတယ်။ ဒီအတွက် အဖြေပေးတော်မူပါဘုရား။

အောင်မော်ဟိန်း

ရန်ကုန်





အဖြေ။ ။ ပါဠိတစ်ချက် အနက်ဆယ်ထွေဆိုတဲ့အတိုင်း အချို့ပါဠိဝေါဟာရတွေဟာ အဓိပ္ပါယ်ဆယ်ခုထွက်တယ်ဆိုတာရှိပါတယ်။ အဓိပ္ပါယ်များတဲ့ ပါဠိဝေါဟာရတစ်ခုကို သုံးတဲ့နေရာမှာ သူ့နေရာနဲ့သူ သုံးတတ်ဖို့၊ ဖတ်တဲ့သူကလဲ ဒီဝေါဟာရက ဘာကိုဆိုလို တာလဲဆိုတာ သူ့ရဲ့ စာကြောင်းကိုကြည့်ပြီးသိဖို့လိုပါတယ်။ တစ်ခါတစ်ရံ ဒဿနဆန်ဆန်တွေးတယ်ဆိုတဲ့နေရာမှာ လိုတာထက်ပိုတွေးရင်လဲ အဖြေရှာမရဖြစ်တတ်ပါတယ်။ ဆိုကြပါစို့ ဘုရားရှင်သည် သစ္စာတရားကို ဟောတော်မူသည်။ မောင်သစ္စာသည် အိမ်စာလုပ်နေသည်။ ဒီဝါကျနှစ်ခုကိုကြည့်ပါ ပထမ၀ါကျမှ သစ္စာက သစ္စာလေးပါးကို ပြောတာပါ။ ဒုတိယသစ္စာက မောင်သစ္စာဆိုတဲ့ လူရဲ့နာမည်ကို ပြောတာပါ။



မေးခွန်းရှင်ပြောတဲ့အတိုင်းဆိုရင် မောင်သစ္စာမှာပါတဲ့ သစ္စာဟာ သစ္စာတရားကိုပြောတာလားလို့ ဘယ်သူမှ တွေးမှာလဲမဟုတ်ပါဘူး။ ဒီလိုပါပဲ သစ္စာလေးပါးမှာပါတဲ့ သစ္စာဟာ မောင်သစ္စာလားလို့ ဘယ်သူမှ မထင်ပါဘူး။ အခုလဲ စာပေနယ်က နာမ်ကိုဟောတာနဲ့ ဓမ္မဘက်ကဟောတဲ့ နာမ်တရားဟာ မတူပါဘူး။ စာပေက အမည်နာမကိုနာမ်။ ဓမ္မက အာရုံကိုသိတတ်တာကိုနာမ် မတူပါဘူး။ သူ့နေရာနဲ့သူ အဓိပ္ပါယ်ယူတတ်ဖို့ အရေးကြီးပါတယ်။ ရှင်းတာကို ရှုပ်အောင်မလုပ်မိဖို့ အရေးကြီးပါတယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



ဗုဒ္ဓဘာသာကိုမယုံကြည်ဘဲ သုဂတိဘုံရောက်နိုင်ပါသလား

အမေး။ ။ ခရစ်ယာန်မှာတော့ သခင်ယေရှုကိုမယုံရင် ငရဲကိုအားလုံး ဒိုးပဲဘုရား။ ဘယ်လောက်ပဲ လှူလှူ။ ကျင့်ကျင့် ကောင်းကင်ဘုံကို မရောက်နိုင်ဘူးလို့ ကျမ်းစာက အတိအလင်း ဆိုထားပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဗုဒ္ဓဘာသာကို မကိုးကွယ်ဘဲ ရတနာသုံးပါးကို မယုံကြည်ဘဲ ကောင်းရာမွန်ရာ (သုဂတိဘုံတွေ)ကို ရောက်နိုင်သလား။



ဆလိုင်း ဟန်သာစန်း



နယူးဒေလီ





အဖြေ။ ။ လူတစ်ယောက်ဟာ အကြောင်းအားလျော်စွာ ဗုဒ္ဓဘာသာမဖြစ်သေးပေမဲ့ သူ့အဖို့ကောင်းတာလေးတွေ လုပ်နေမယ်၊ ကောင်းတာလေးတွေ ပြောနေမယ်၊ ကောင်းတာလေးတွေ တွေးနေမယ်ဆိုရင် စိတ်ထဲဖြူစင်နေပါတယ်။ စိတ်ထားဖြူစင်တဲ့ပုဂ္ဂိုလ်ဟာ သေတဲ့အခါ သုဂတိဘုံ ရောက်နိုင်ပါတယ်။ ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလက ဘ၀အမျိုးမျိုးကျင်လည်ခဲ့ရတယ်။ ဒီလိုဘ၀များစွာ ကျင်လည်ရတဲ့အခါမှာ ဗုဒ္ဓဘာသာဝင်ရယ်လို့ အတိအလင်းမပါရှိပါဘူး။ ဒါပေမဲ့ ကုသိုလ်ပါရမီတွေကို ဖြည့်ကျင့်ခဲ့အတွက် သုဂတိဘုံသို့ ရောက်တဲ့အခါလဲ ရှိခဲ့ပါတယ်။ ဆိုလိုတာက ဗုဒ္ဓဘာသာမဟုတ်သော်လဲ ကောင်းတာလုပ်ရင် သုဂတိဘုံရောက်တဲ့သဘောပါ။



ယနေ့ခေတ်မှာလဲ စူနာမီဘေးဒါဏ်ခံခဲ့ရတဲ့ ဒုက္ခသည်များကို စိတ်ရောကိုယ်ပါ အကူအညီပေးနေကြပါတယ်။ မကြာသေးခင်က ဟေတီနိုင်ငံမှာ လှုပ်သွားတဲ့ငလျင်ကြောင့် လူပေါင်းများစွာသေကြေပျက်စီးပြီး၊ အချို့မှာ အိုးမဲ့အိမ်မဲ့ တကောင်ကြွက်ဘ၀၊ အတိဒုက္ခရောက်ခဲ့ရတယ်။ ဒါကို အခြားဘာသာဝင်များက လူသားချင်းစာနာကာ ဒေါ်လာသန်းချီပြီး ချက်ခြင်းပေးလှူတဲ့အပြင် ကယ်ဆယ်ရေးတွေ ကိုလဲ ပြုလုပ်ခဲ့ကြတာဟာ ကောင်းတဲ့အလုပ်ပါ။ ရတနာသုံးပါယုံကြည်မှုမရှိသော်လဲ လူသားတွေကို ကရုဏာ သနား စာနာတဲ့ တရားတွေက သူတို့နှလုံးသားမှာ တည်နေကြပါတယ်။ ကောင်းတဲ့စိတ်ထားလေးတွေပါ။ ဓမ္မလမ်းကြောင်းက ပြောရင် တော့ ကုသိုလ်စိတ်ပေါ့။ ဒါဟာ သုဂတိကို ရောက်နိုင်တဲ့လမ်းစတွေပါပဲ။



ဒါကြောင့် ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး၊ (၁)မကောင်းတာမလုပ်နဲ့။ (၂)ကောင်းတာကိုပြည့်စုံအောင်လုပ်ကြ။ (၃) စိတ်ကိုဖြူစင်အောင်ထားကြ) ဒီအဆုံးအမအတိုင်း ဘာသာမရွေး လူမျိုးမရွေး ကျင့်သုံးရင် ကောင်းတဲ့(သုဂတိ)ဘုံကို ရောက်နိုင်တယ်ဆိုတာပါပဲ။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



စော်ကားမှုအပေါ် ဘယ်လိုမြင်ပါသလဲ

အမေး။ ။ အရှင်ဘုရား http://messengerforbuddhist.blogspot.com/ဆိုက်နဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာကို ရစရာမရှိအောင်ပြောထားတာ စိတ်မကောင်းစရာပါဘုရား၊ ဒီအတွက် အရှင်ဘုရားအနေနဲ့ ဘယ်လိုမြင်ပါသလဲ ဘုရား။

Dr.ဦးတင့်

မန်းစဖီးလ်၊အင်္ဂလန်



အဖြေ။ ။ ဒီဝက်ဘ်ဆိုက်ကတော့ ယခုတလော ပေါ်ပြူလာဖြစ်နေတဲ့ ၀က်ဘ်ဆိုက်ပါပဲ၊ မကောင်းတဲ့ဖက်က ပေါ်ပြူလာဖြစ်တာကိုဆိုလိုတာပါ။ အမြင်ပြောရရင် ၀က်ဘ်ဆိုက်ပိုင်ရှင်ဟာ ဗုဒ္ဓအကြောင်းတွေကို အပြစ်ပြောဖို့အတွက် ဗုဒ္ဓဘာသာအကြောင်းကို အတော်လေ့လာထားပုံရပါတယ်။ သူ ဒီလိုပြောတာဟာ အကြောင်းမဲ့မဟုတ်ဘူးလို့ ထင်ပါတယ်။ နာကျည်းချက် တစ်ခုခုများရှိနေမလားလို့ တွေးမိပါတယ်။ မကြာခင်ကမှ စာရေးသူထံ ၀င်လာတဲ့မေးလ် တစ်စောင်မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။



(http://myanmartruthers.blogspot.com/

http://anti786.blogspot.com/

http://islamsucks.wordpress.com/feed/

http://www.badbuddhistblog.com/



အထက်ပါ ဘလော့ဂ် (၄)ခုကို ဖျက်ပေးပါက http://messengerforbuddhist.blogspot.com/ ဒီဘလော့ဂ်ကို ဖျက်ပေးပါမည်လို့ ဘလော့ဂ်ပိုင်ရှင်က ပြောပါတယ်။ ဆရာတော်ကြီးများကို ကြည်ညိုလေးစားသောအားဖြင့် ကိုယ်တတ်နိုင်သည့်ဘက်မှ ယဉ်ကျေးစွာဖြင့် ၀င်ရောက် ကူညီပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်။)



ဒီ အီးမေးလ်အရ မှန်တယ်ဆိုရင်တော့ ဘာဖြစ်လို့ သူဟာ ဗုဒ္ဓဘာသာအပေါ် အပြစ်ပြောရတာလဲ၊ သူ့ရဲ့နာကျည်းချက်၊ မကျေနပ်ချက်ကြောင့် ဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ဘာသာကို အပြစ်ပြောလာရင် ပြောလာသူကို ဘယ်သူမှ မကြိုက်ကြပါ။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ စော်ကားမှု သက်သက်ဖြစ်နေပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကမ္ဘာမှာ ထင်ရှားတဲ့ ဘာသာကြီးလေးဘာသာရှိပါတယ်။ သူ့ယုံကြည်ချက်နဲ့သူချည်းပါပဲ။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အပြစ်ပြောနေမယ်ဆိုရင် ‘ဂျာအေး သူ့အမေရိုက်’ ဆိုတဲ့သီချင်းလို ဘယ်တော့မှ မဆုံးနိုင်ပါဘူး။ ကိုယ့်ဘာသာမို့ အမှန်မပြောလိုပါဘူး။ ဘုရားရှင် ကလဲ သူ့ရဲ့တရားတော်များကို ဘယ်သူမဆို လွတ်လပ်စွာတွေးခေါ်ခွင့် ဝေဖန်ခွင့်ပေးထားတာကို ကာလာမသုတ်တော်မှာ အထင်အရှား တွေ့မြင်နိုင်ပါတယ်။



အချုပ်ပြောရရင် ဒီစော်ကားမှုအတွက် ဘယ်လိုတုံပြန်မလဲလို့ မေးလာရင်တော့ ခန္တီပရမံတပေါ တိတိက္ခာ သည်းခံခြင်းဟာ အမြတ်ဆုံးအကျင့်လို့ဆိုတဲ့အတိုင်း သည်းခံရုံမှတစ်ပါး အခြားလမ်းမရှိတော့။ အယူဝါဒများစွာတို့ရဲ့ ဘာသာဝင်တိုင်း ကျန်းမာပျော်ရွှင်ကြပါစေ။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



ဘုရားများပွင့်တော်မူရာ ကာလအပိုင်းအခြား

အမေး။ ။ အရှင်ဘုရား ဘုရားရှင်ငါးဆူဟာ ဘဒ္ဒကမ္ဘာမှာပွင့်တော်မူတယ်လို့ သိရပါတယ်ဘုရား။ တပည့်တော်သိချင်တာက နှစ်ကျိတ်ရှစ်ဆူသောဘုရားရှင်များ ပွင့်တော်မူတဲ့ ကာလအပိုင်းအခြားနဲ့ (၅၁၂၀၂၈)ဆူသောဘုရားရှင်များဟာ ဘယ်ကာလ အပိုင်းအခြားမှာ ပွင့်တော်မူခဲ့ပါသလဲဘုရား။ နောက်တစ်ခုက ဓါရဏပရိတ်တော်မှာ ခုနှစ်ဆယ်ခုနှစ်ကုဋေသောဘုရားများ၊ ကိုးဆယ့် ကိုးကုဋေသောဘုရားများဆိုပြီး ဘုရားရှင်က ဘာကြောင့် ခွဲခြားဟောထားတော်မူခဲ့ပါသလဲဘုရား။

ကိုဝင်းဇော်ဦး

တောင်ငူမြို့



အဖြေ။ ။ နှစ်ကျိတ်ရှစ်ဆူသော မြတ်စွာဘုရားများဟာ ဂေါတမမြတ်စွာဘုရားအလောင်းတော် နိယတဗျာဒိတ်ရတော်မူတဲ့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းမှာ ပွင့်တော်မူခဲ့ကြပါတယ်။ (၅၁၂၀၂၈)ဆူသောဘုရားရှင်များရဲ့ ပွင့်ရာကာလအပိုင်းခြားနဲ့ပတ်သက်ပြီး ဖြစ်ခဲ့တဲ့လွန်ခဲ့တဲ့ အတိတ်သံသရာဟာ အချိန်အားဖြင့် အသင်္ချေယျ မရေမတွက်နိုင်တော့ပါဘူး၊ ထိုမရေမတွက်နိုင်တဲ့ကာလ အပိုင်းအခြားမှာ မရေမတွက်နိုင်တဲ့ ဘုရားရှင်များ ပွင့်တော်မူပြီးခဲ့ကြပါပြီ။ ဒါကြောင့်လဲ “ဂင်္ဂါဝါဠု သဲစုမက”ဆိုတဲ့အတိုင်း ပွင့်တော်မူခဲ့ပြီးတဲ့ ဘုရားရှင်များဟာလဲ ဂင်္ဂါမြစ်ထဲက သဲပွင့်နဲ့အမျှ မရေမတွက်နိုင်တော့ပါဘူး။ ဒါကြောင့် မရေမတွက်နိုင်တဲ့ ဘုရားရှင်များဟာ မရေမတွက်နိုင်တဲ့ ကာလအပိုင်းအခြားမှာ ပွင့်တော်မူခဲ့ကြပြီးဖြစ်ပါတယ်။



နောက်တစ်ခုက ဓါရဏပရိတ်တော်ဟာ ဘုရားရှင်ဟောတော်မူခဲ့တဲ့ ပရိတ်တော်ထဲ မပါပါဘူး။ ဒါပေမဲ့ ရှေးဆရာတော်များက ဘုရားရှင်ရဲ့ဂုဏ်တော်များကို ထည့်သွင်းပြီး ပရိတ်တော်အဖြစ် ပြုလုပ်ပေးထားပါတယ်။ ဓါရဏဆိုတာ ပါဠိစကားလုံးပါ၊ “ဆောင်ခြင်း”လို့အဓိပ္ပါယ် ရပါတယ်။ ဆောင်ထားသင့်တဲ့ဂုဏ်တော်များကို ဆောင်းထားတဲ့အခါ အကျိုးအကျေးဇူး အလွန်ကြီးပြီး အန္တရာယ်များကို ကာကွယ်တားဆီးလို့ “ဓါရဏပရိတ်”လို့ နာမည်တတ်ပြီး ရှေးဆရာတော်ကြီးများက စီစဉ်ထားတာဖြစ်ပါတယ်။ ဓါရဏပရိတ်တော်အစ ဘုရားမှာ ဘယ်သူမှ အန္တရာယ်မပြုနိုင်တဲ့ဂုဏ်လေးခိုင်ကို ထည့်ထားပါတယ်။ အလယ်မှာကျတော့ ဘုရားရှင်များမှာသာရှိတဲ့ အာဝေဏိကဂုဏ်တော်(၁၈)ပါး ထည့်ထားပါတယ်။ အဆုံးမှာတော့ ဘုရား(၇)ဆူတို့ကို ရှိခိုးဆုတောင်းကာ သစ္စာအဓိဋ္ဌာန်ပြုပြီး အဆုံးသတ်ထားတာကို တွေ့ရပါတယ်။ မေးခွန်းရှင်မေးတဲ့ ဘုရားအဆူများစွာဟာ ရှေး ဆရာတော်ကြီးများ နှစ်သက်သလို ထည့်တော်မူကြတာ ဖြစ်ပါလိမ့်မယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



မလွန်ဆန်နိုင်လို့လုပ်ရတာ အပြစ်ဖြစ်ပါသလား

အမေး။ ။ အရှင်ဘုရား ဗုဒ္ဓဘာသာဝင်တစ်ယောက်က အခြေအနေတစ်ခုကို မလွန်ဆန်နိုင်လို့ တစ်ခြားဘာသာဝင်အဖြစ် လက်ခံလိုက်ရပါတယ်ဘုရား။ သူဟာတစ်ခြားဘာသာကို ယုံကြည်မှုမရှိပေမဲ့ သူတို့ရဲ့ထုံးတမ်းစဉ်လာကို တစ်သက်လုံးလုပ်ခဲ့ရပါတယ်။ ထိုအလုပ်အတွက် အပြစ်ဖြစ် နိုင်ပါသလားဘုရား။ ဒီလိုလုပ်လိုက်လို့ သရဏဂုဏ်ပျက်သွားနိုင်ပါသလား၊ တကယ်လို့ ပျက်သွားတယ်ဆိုရင် အပြစ်ဖြစ်နိုင်ပါသလား။

ပြည့်စုံအောင်

ရုရှား





အဖြေ။ ။ ဗုဒ္ဓဘာသာဝင်တစ်ဦးဟာ စိတ်မပါဘဲ မတတ်သာလို့ အခြားဘာသာဝင်အဖြစ်ကို လက်ခံတယ်ဆိုတော့ အဖြေကပါပြီးသားပါ။ စိတ်မပါဘူးဆိုရင် ဘယ်လောက်ပဲ အပြင်ဘက်က အခြားဘာသာဝင်ဖြစ်နေပါစေ၊ သူဟာ စိတ်ထဲမှာ ရတနာသုံးပါး ယုံကြည်မှုရှိနေသေးတဲ့အတွက် သရဏဂုဏ်မပျက်နိုင်ပါဘူး။



အခြားဘာသာဝင်ရဲ့ ထုံးတမ်းစဉ်လာကို လုပ်နေရတယ်ဆိုတာက ဘယ်လိုအလုပ်ပါလဲ? တကယ်လို့ အကုသိုလ်ဖြစ်စေတဲ့အလုပ်ဆိုရင်တော့ မကောင်းဘူး။ အပြစ်ဖြစ်တာပေါ့။ ကုသိုလ်ဖြစ်စေတဲ့ အလုပ်မျိုးဆိုရင်တော့ အပြစ်မဖြစ်နိုင်ပါဘူး။



သရဏဂုံပျက်တယ်ဆိုတာ ရတနာသုံးပါးမှတစ်ပါး အခြားဘာသာဝင်အဖြစ်ကို ယုံကြည်စွာ ခံယူလိုက်တဲ့အချိန်ကစလို့ သရဏဂုံပျက်တယ်လို့ ခေါ်ရပါတယ်။ သရဏဂုံညိုးနွမ်းတယ်ဆိုတာ ရှိပါသေးတယ်။ ရတနာသုံးပါးမှတစ်ပါး ဘိုးဘိုးကြီး ဘိုးဘိုးမင်းခေါင်၊ ဘိုးဘိုးအောင် မနဲလေး၊ (၃၇)မင်းနတ်များစတာတွေကို အားကိုးအားထားရာ ပြုနေကြတဲ့ ဗုဒ္ဓဘာသာဝင်များအချို့ဟာ သရဏဂုံ ညိုးနွမ်းတယ်လို့ ခေါ်ပါတယ်။ ဗုဒ္ဓဘာသာအမည်ခံ ဖာသိဖာသာတွေလို့ ပြောလဲရပါတယ်။



လူတစ်ယောက်ကိုကုသိုလ်ဖြစ်စေနိုင်အောင် အများဆုံး စွမ်းဆောင်ထောက်ပံ့ပေးနိုင်တာက ရတနာသုံးပါးဖြစ်ပါတယ်။ ဒါ့ပြင် ရတနာသုံးပါးဟာ လူနတ်နိဗ္ဗာန်သုံးတန်ချမ်းသာကို ရောက်နိုင်၊ ရနိုင်တဲ့ အထောက်အပံ့ကောင်းတွေပါ။ ဘိုးဘိုးကြီးစတာတွေကို အမှီပြုရတယ်ဆိုတာက မိမိရဲ့တစ်ဘ၀တာ လိုအပ်ချက်များကို ဦးစားပေးထားတဲ့အတွက် လောဘဦးစီးနေပါတယ်။ ဒီအတွက် ဘယ်နည်းနဲ့မှ ကုသိုလ်မရနိုင်ပါဘူး။ ဒါ့အပြင်သရဏဂုံလဲ ညိုးနွမ်းပါတယ်။



သရဏဂုံပျက်လောက်အောင် အခြားဘာသာဝင်အဖြစ်ခံယူတယ်ဆိုတာ ဗုဒ္ဓအယူဝါဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားတယ်လို့ ဆိုရပါမယ်။ ဗုဒ္ဓ၀ါဒက သူ့အသက်သတ်တာရှောင်ကြဉ်တယ်ဆိုရင် သူတို့က သူတစ်ပါးအသက်သတ်ရတယ်၊ သတ်ပြီး ယဇ်တောင်ပူဇော်ရပါတယ်။ ဒါဟာ မကောင်းတဲ့အကုသိုလ်ပါ။ ဒါကြောင့် သရဏဂုဏ်ပျက်သွားတဲ့ပုဂ္ဂိုလ်မှာ အပြစ်ဖြစ်ဖို့ပဲများပါတယ်။ ဒီအတွက် မကောင်းကျိုးလဲပေးနိုင် ပါတယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



Tuesday, August 30, 2011

ဘာသာခြားများ ၀ိပဿနာအားထုတ်ရပါသလား

အမေး။ ။ အရှင်ဘုရား ဘာသာခြားတစ်ဦးက တပည့်တော်ကိုမေးလာပါတယ်။ သူဟာ ၀ိပဿနာကို စိတ်ပါလက်ပါ အားထုတ်ချင်ပါတယ်။ ၀ိပဿနာတရားအား ထုတ်လို့ရပါသလားဘုရား။ ရတနာသုံးပါးကို မကြည်ညိုသေးတဲ့အတွက် တရားအားထုတ်တဲ့နေရာမှာ အနှောက်အယှက်များ ဖြစ်နိုင်ပါသလားဘုရား။ ဒီလိုမေးရတာကလဲ သရဏဂုဏ်မတည်ပဲ တရားမရနိုင်ဘူးဆိုလို့ သိထားလို့ပါဘုရား။ မေတ္တာရှေ့ထား ဖြေကြားပေးပါဘုရား။

ပြည့်စုံအောင်

ရုရှား



အဖြေ။ ။ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်ဟာ ဗုဒ္ဓဘာသာဝင်များမှ ကျင့်သုံးရမယ်၊ အခြားဘာသာဝင်များနဲ့ ဘာသာမဲ့များ မကျင့်သုံးရဘူးဆိုတဲ့ ကန့်သန့်ချက် မရှိပါဘူး။ လူမျိုးမရွေး ဘာသာမရွေး ကျင့်သုံးနိုင်ပါတယ်။ အားလုံးနဲ့သင့်ဆိုင်တဲ့(universal)တရားတော်ဖြစ်ပါတယ်။ ဒါကြောင့် ၀ိပဿနာတရားကို ဗုဒ္ဓဘာသာဝင်များအပြင် အခြားဘာသာဝင်များအားလုံး လွပ်လပ်စွာကျင့်သုံးနိုင်ခွင့်ရှိတယ်၊ ကျင့်သုံးလို့ ရပါတယ်။ ရတနာသုံးပါးကိုးကွယ်မှုမရှိသေးသော်လဲ တရားအားထုတ်တဲ့နေရာမှာ ဘာအနှောက်အယှက်မှ မရှိနိုင်ပါ။ လွပ်လပ်စွာ စိတ်ချလက်ချ အားထုတ်နိုင်ပါတယ်။ တစ်ခုတော့ရှိတယ်။ တချို့ဘာသာခြားများက အခုလိုပဲ တရားအားထုတ်ချင်ပါတယ်ဆိုပြီး အားထုတ်တယ်၊ နောက်ပိုင်း တရားရိပ်သာကပြန်ထွက်လာပြီး ပြည်ပနိုင်ငံတစ်ခုမှာ သူဟာ စတုတ္ထဈာန်ရတယ်ဆိုပြီး လူတွေကို အခကြေးငွေယူကာ တရားပြနေတယ်လို့ ကြားရတယ်။ သတိထားစရာတစ်ခုပါ။



ဘုရားရှင်လက်ထက်တော်က ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ပဉ္စ၀ဂ္ဂီငါးဦးအား ဓမ္မစကြာတရားဦးကို ဟောတော်မူခဲ့တယ်။ ပဉ္စ၀ဂ္ဂီငါးဦးဟာ တရားကို စတင်နာယူတဲ့အချိန်မှာ ရတနာသုံးပါးကို ယုံကြည်မှုမရှိသေးဘူး(သရဏဂုံမတည်သေးဘူး)လို့ ဆိုရပါမယ်။ ဓမ္မစကြာတရားနာယူပြီး၊ တရားထူးသိမြင်တဲ့အခါမှသာ ဘုရားရှင်နဲ့တကွ တရားတော်ကိုပါ ယုံကြည်မှုရှိသွားတာပါ။



ယနေ့ခေတ်မှာလဲ အခြားဘာသာဝင်အချို့ဟာ သရဂုံတည်တာပဲဖြစ်စေ၊မတည်တာပဲဖြစ်စေ၊ ၀ိပဿနာတရားကို လွပ်လပ်စွာ နည်းခံကျင့်သုံး နေကြတယ်ဆိုတာ သတိပြုမိကြမှာပါ။ ဥပမာ-လူတစ်ယောက်ဟာ ဟင်းချက်ကောင်းတာကို လူတွေက မယုံကြည်ပါဘူး။ ဒါပေမဲ့ ဒီလူချက်တဲ့ဟင်းကို စားသုံးလိုက်ကြရတဲ့အခါ အရသာအထူးကောင်းမွန်နေတာကို ခံစားကြရပါတယ်။ အဲဒီအခါမှာ “ဒီဟင်းဟာ အရသာကောင်းလှတယ်။ ဒီဟင်းကိုချက်တဲ့သူဟာလဲ ဟင်းချက်ကောင်းတဲ့လူတစ်ယောက်ပဲဖြစ်တယ်”ဆိုတာကို စားသုံးသူများက တထစ်ချလက်ခံပေးနိုင်လာကြပါတယ်။ ဒီလိုပါပဲ ဘုရားရှင်က ဓမ္မံ အပဿန္တော မံ နပဿတိ၊ ဓမ္မံ ပဿန္တော မံ ပဿတိလို့ ဟောတော်မူထားပါတယ်။ အဓိပ္ပါယ်က တရားမမြင်ရင် ဘုရားမမြင်ဘူး၊ တရားမြင်မှ ဘုရားမြင်မယ်လို့ ဟောတော်မူထားပါတယ်။ ဒါကြောင့် ပထမမှာ တရားမြင်သိဖို့ အရေးကြီးပါတယ်၊ တရားသိရင် ဘုရားစစ်ဘုရားမှန်ကို ဘယ်သူမှတိုက်တွန်းစရာမလို အလိုအလျောက်လက်ခံလာမှာပါ။ အချုပ်ပြောရရင် ဘုရားရှင်ရဲ့တရားတော်ဟာ လူမျိုးမရွေးဘာသမရွေးကျင့်လို့ရတဲ့ (universal) တရားတော်ဖြစ်တယ်ဆိုတာပါပဲ။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



ကိုးန၀င်းနဲ့ ၀ိပဿနာ ဘာကွာလဲ

အမေး။ ။ အရှင်ဘုရား အခု ကိုးန၀င်းအဓိဌာန် ၀င်တာ နှစ်ခေါက် မြှောက် ပီ ဘုရား။ဒီလိုအဓိဋ္ဌာန်ဝင်တာဟာ ကိုယ်ကျိုးမျှော်ပြီး လုပ်တာဖြစ်တဲ့ အတွက် နားသင့်တယ်လို့ ၀ိပဿနာပဲအားထုတ်ပါ လို့ ဓမ္မမိတ်ဆွေတစ်ဦးက အကြံပေးလာပါတယ်။ တပည့်တော် သိချင် တာက အဓိဋ္ဌာန်ဝင်တာနဲ့ ၀ိပဿနာအားထုတ်တာတို့ ကွာခြားပုံကို သိလိုပါတယ်ဘုရား။

မမြသွေး

အင်းလေး



အဖြေ။ ။’အဓိဋ္ဌာန်’ဆိုတဲ့စကားဟာ ဗုဒ္ဓဘာသာဝင်များအဖို့ ရင်းနှီးတဲ့စကားတစ်ခုပါ။ ဘုရားအလောင်းတော်ပါရမီဖြည့်တော်မူခဲ့တဲ့ ပါရမီ(၁၀)ပါးထဲမှာ အဓိဋ္ဌာနပါရမီ ဆိုတာရှိပါတယ်။ အဓိဋ္ဌာန်ဆိုတာက အလုပ်တစ်ခုကို လုပ်မယ်လို့ စိတ်နဲ့ဆုံးဖြတ်ပြီး အလုပ်ပြီးဆုံးတဲ့အထိ ပြုလုပ်သွားတာ ကို ခေါ်တာပါ။ အခုလဲ မမြသွေးရဲ့ ကိုးန၀င်းဖြစ်အောင် ပုတီးစိတ်မယ်လို့ စိတ်က ဆုံးဖြတ်ထားတဲ့အတိုင်း ရက်ပြီးဆုံးအောင် ပုတီးစိတ်လိုက်တာ အဓိဋ္ဌာန် လို့တော့ခေါ်ပါတယ်။ ဒါပေမဲ့ ကိုးန၀င်းပုတီးစိပ်တာဟာ အဓိဋ္ဌာန်ပါရမီနဲ့တော့ လုံးဝမဆိုင်ပါဘူး။



ကိုးန၀င်းပုတီးစိတ်တယ်ဆိုတာ ကိုယ့်အကျိုးအတွက် လုပ်တယ်ဆိုတာ မေးခွန်းထဲပါနေတယ်။ လူတစ်ယောက်အတွက် ဘ၀မှာလိုအပ်ချက်များစွာ ရှိကြပါတယ်။ ဒီလိုအပ်ချက်တွေကို ကိုးန၀င်းပုတီးစိပ်ပြီး ဖြေရှင်းမယ်ဆိုရင် ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်နေပါတယ်။ အမှန်က ဘ၀လိုအပ်ချက်တွေ ပြီးပြည့်စုံဖို့အတွက် ဒါန၊သီလ၊ဘာဝနာတို့ကိုပဲ ပြုလုပ်ရမှာပါ။ ဘ၀မှာ စိတ်က တောင့်တလိုက်တိုင်းပြီးပြည့် စုံချင်ပါတယ်ဆိုရင် ကိုယ်ကျင့်တရားလို့ခေါ်တဲ့ သီလ တရားကို စောင့်ထိန်းကြရမယ်။ သီလမြဲနေတဲ့ပုဂ္ဂိုလ်ဟာ စိတ်ကတောင့်တတိုင်း အကုန်ပြည့်စုံတယ်လို့ ဘုရားရှင်ဟောတော်မူထားတာရှိပါတယ်။ ဒါကြောင့်သီလအခြေခံပြီး ကျန်တဲ့ ဒါနကုသိုလ်ဘာဝနာ ကုသိုလ်များကို ပြုလုပ်အားထုတ်ဖို့ပဲလိုတာပါ။



ကိုးန၀င်းပုတီးစိပ်တာနဲ့ ၀ိပဿနာပွားတာ ဘာကွာသလဲဆိုရင် ကိုးန၀င်းပုတီးစိပ်တာ ဟာ လောကီမျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေပါတယ်။ ၀ိပဿနာပွားတာက လောကီအကျိုးမျှော်လင့်ချက်လုံးဝ မပါရှိတဲ့ပြင် ကိလေသာမရှိ(ကိလေသာများဆိတ်သုဉ်း)တဲ့ဆီသို့ ဦးတည်ပြီး အားထုတ်တာပါ။ ဒီနှစ်ခုယှဉ်လိုက်ရင် အရှေ့နဲ့အနောက် တောင်နဲ့မြောက်ဆိုသလို မဆုံနိုင်တဲ့ ဆန့်ကျင်ဘက် ဆုံမှတ်များဖြစ်တယ်လို့ပြောပါရစေ။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



သင်္ကန်းဘယ်ဘက်တင်တာ ဘာ့ကြောင့်လဲ

အမေး။ ။ အရှင်ဘုရား သံဃာတော်များ သင်္ကန်းကို ဘာကြောင့် ဘယ်ဘက်သို့ ရုံကြတာလဲဘုရား။ ညာဘက်ရုံရင်ရော ဘာဖြစ်နိုင်ပါသလဲ။ နောက်တစ်ခုက အလှူပြုခြင်းအကြောင်းနဲ့ပတ်သက်ပြီး တပည့်တော်က တစ်ဦးတစ်ယောက်အား ငွေ(သို့မဟုတ်) ပစ္စည်းလှူလိုက်ပါတယ်။ အလှူခံတဲ့သူက ထိုပစ္စည်းကို တစ်ခြားသူတစ်ယောက်ကို ပေးလှူလိုက်ပါတယ်။ ဒါဆိုရင် တပည့်တော်မှ ကုသိုလ်နှစ်ခါရနိုင်ပါသလားဘုရား။



အဖြေ။ ။ သင်္ကန်းကို ဘယ်ဘက်ပုခုံးပေါ်တင်ပြီး ရမ်းကြတာနဲ့ပတ်သက်ပြီး စာပေမှာ ရှာကြည့်တဲ့အခါ (ပဌမံ ကေသမဿုံ သြဟာရာပေတွာ ကာသာယာနိ ၀တ္ထာနိ အစ္ဆာဒါပေတွာ ဧကံသံ ဥတ္တရာသင်္ဂံ ကာရာပေတွာ )လို့ မဟာဝါပါဠိတော်၊ မဟာခန္ဓက၊ ပဗ္ဗဇ္ဇူပသမ္ပဒါကထာမှာ မိန့်တော်မူထားတာတွေ့ရပါတယ်။ ထိုပါဠိထဲက ‘ဧကံသံ ဥတ္တရာသင်္ဂံ’ကိုကြည့်ရမှာဖြစ်တယ်။ ဒီစကားလုံးဟာ အခြားနေရာတွေမှာလဲ တွေ့ရပါတယ်။ အဓိပ္ပါယ်က ရှင်ပြုတဲ့အခါ ရှေးဦးစွာ ဆံမုတ်ဆိတ်ကို ပယ်ပြီး ဖန်ရည်စွန်းတဲ့သင်္ကန်းကို ဖုံးလွမ်းကာ အပေါ်ရုံသင်္ကန်းကို ပုခုံးတစ်ဖက်မှာ တင်ရမယ်လို့ လာပါတယ်။



ဘယ်ဘက်ပုခုံးမှာတင်ပါလို့တော့ အထူးဝိသေသမပါပါဘူး။ ဒါပေမဲ့ ခေတ်အဆင့်ဆင့်က ဒီလိုပဲ ဘယ်ဘက်ကို တင်လာကြပါတယ်။ နောက်တစ်ခုက ကမ္ဘာမှာရှိကြတဲ့လူများဟာ အများအားဖြင့် ညာဘက်လက်က သန်တာများကြပြီး၊ လက်နဲ့ပြုလုပ်တဲ့အခါ အများအားဖြင့် ညာဖက်က ပြုလုပ်ကြတာများကြပါတယ်။ ဒါကြောင့်လဲ သင်္ကန်းရမ်းတဲ့အခါ ညာဖက်လက်က သင်္ကန်းအစကိုင်ပြီး ဘယ်ဘက်ပုခုံးပေါ်တင်ကြတာ သဘာဝဖြစ်နေပါတော့တယ်။ ပါဠိတော်ကတော့ ဘာ့ကြောင့် ဘယ်ဘက်ပုခုံးတင်ရတာလဲဆိုတဲ့ အကြောင်းပြချက်တော့ အထူးမရှိပါဘူး။ တကယ်လို့ ပညာရှင်များ အဋ္ဌကထာတွေမှာ ရှာတွေ့တယ်ဆိုရင် ထပ်မံဖေါ်ပြပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ။



အလှူနဲ့ပတ်သက်ပြီး ကိုယ်လှူလိုက်တဲ့ဒါနအပေါ်မှာ အလှူခံသူက တစ်ခြားတစ်ယောက်ကို ပေးလှူလိုက်တယ်။ ဒီလိုပေးလှူလိုက်တဲ့အကြောင်းကို ပထမအလှူရှင်ကသိသွားလို့ ကျေနပ်ဝမ်းမြောက်မှုဖြစ်ရင်တော့ ကုသိုလ်ထပ်ရတယ်။ ဒါပေမဲ့ “ငါကသူ့ကိုသုံးစေချင်လို့လှူတာ သူကတစ်ခြားသူကို ပေးလိုက်ရကောင်းလား”ဆိုပြီး စိတ်ဆိုးနေမယ်ဆိုရင်တော့ ကုသိုလ်မရနိုင်ပါဘူး။ အမှန်က လှူလိုက်တဲ့ပစ္စည်းကို ရရှိတဲ့သူက အခြားသူအားပေးတာဖြစ်စေ၊ မပေးတာဖြစ်စေ အဓိကမဟုတ်ပါဘူး။ ကိုယ်ပြုလိုက် တဲ့ကုသိုလ်အပေါ်မှာပဲ ထပ်ခါတလဲလဲတွေးပြီး ကြည်နူးဝမ်းမြောက်နေမယ်ဆိုရင် ၀မ်းမြောက်မှုဖြစ်သလောက် ကုသိုလ်ရနေမယ်ဆိုတာပါပဲ၊ အကြိမ်ကြိမ်တွေးရင် အကြိမ်ကြိမ် ကုသိုလ်ရနေမယ်။ ဒါဆိုရင် သဘောရှင်းလောက်ပါပြီ။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



Sunday, August 28, 2011

တရားကို ကူထိုင်ပေးလို့ ရပါသလား

အမေး။ ။ အရှင်ဘုရား တပည့်တော်က “တရားထိုင်ရာမှာ မြတ်စွာဘုရားက ကူထိုင်ပေးတာမရှိ၊ ကျွတ်တမ်းဝင်လိုသူက တရားနာပြီး မိမိဘာသာ ဆိတ်ငြိမ်ရာမှာ တရားထိုင်ရပါတယ်။ ယခုဆရာတော်က တရားကူထိုင်ပေးလို့ရတယ်ဆိုတာ ဖြစ်နိုင်ပါသလားဘုရား”လို့ ဆရာတော်တစ်ပါးအားလျှောက်တော့ ထိုဆရာတော်က “ မြတ်စွာဘုရား ရတာ-မရတာ ဘုန်းကြီးမသိ၊ ဘုန်းကြီးတစ်ပါးကတော့ရတယ်”လို့ အွန်လိုင်းကနေ ပြန်ဖြေလာပါတယ်ဘုရား။ ဆိုလိုတာက တရားအားထုတ်တဲ့အခါ တရားကူထိုင်ပေးလို့ရပါသလားဆိုတာကို ဘုရားဟောကျမ်းဂန်ထောက်ပြီး အားလုံးသိအောင် ဖြေကြားပေးတော်မူပါဘုရား။



ဒေါက်တာတင့်ဇင်ဦး

မန်းစဖီးလ်၊ အင်္ဂလန်



အဖြေ။ ။ တရားကူထိုင်ပေးတယ်ဆိုတာ ဦးတင့်ပြောမှပဲ ကြားဖူးတော့တယ်။ တရားကူထိုင်ပေးလို့ရတယ်ဆိုတာ ဟိုရှေးယခင်က မရှိခဲ့ဖူးသလို အခုလဲ မရှိပါဘူး၊ နောင်လဲ ရှိလာမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်ဆိုရင် ဘုရားရှင်က ဥပရိပဏ္ဏာသပါဠိတော်၊ ဒေ၀ဒဟ၀ဂ်၊ ဂဏကမောဂ္ဂလ္လာနသုတ်မှာ ပုဏ္ဏားက ဘုရားရှင်အား “အရှင်ဂေါတမ နိဗ္ဗာန်ဆိုတာရှိတယ်။ နိဗ္ဗာန်သွားရမဲ့လမ်းလဲရှိတယ်၊ လမ်းပြမဲ့သူအရှင်ဂေါတမလဲရှိတယ်။ ဒါပေမဲ့အရှင်ဂေါတမက တပည့်တွေကို အဖန်ဖန်ထပ်ထပ်ဆုံးမပေမဲ့လို့ အချို့ရဟန်းများက နိဗ္ဗာန်သို့ရောက်ကြပြီး အချို့ရဟန်းများက နိဗ္ဗာန်ကို မရောက်ကြပါ။ ဘာ့ကြောင့်ဒီလိုဖြစ်ရတာလဲ”မေးတဲ့အခါ ဘုရားရှင်က “ငါဘုရားပြန်မေးမယ် သင်ဟာ ရာဇဂြိုဟ်ကိုသွားတဲ့လမ်းကို သိပါသလား” မေးတော့ “သိပါတယ် အရှင်ဂေါတမ”လို့ ပုဏ္ဏားကပြန်ဖြေပါတယ်။ ထိုအခါ ဘုရားရှင်က“ ငါဘုရားပြောမယ်။ ရာဇဂြိုဟ်ဆိုတာရှိတယ်။ ရာဇဂြိုဟ်ကို သွားမဲ့လမ်းလဲရှိတယ်၊ ရာဇဂြိုဟ်ကိုသွားဖို့ရာ လမ်းညွန်နိုင်တဲ့သင်လဲရှိတယ်။



ဒါပေမဲ့ ခရီးသွားတစ်ယောက်က ရာဇဂြိုဟ်ကိုသွားဖို့အတွက် သင့်ကိုလာမေးတဲ့အခါ သင်က မြို့တည်ရှိတဲ့နေရာနဲ့တကွ လမ်းမှန်ကိုတော့ ပြောပြလိုက်ပါတယ်။ အဲဒီအခါ ခရီးသွားသူဟာ သင်လမ်းညွန်တဲ့အတိုင်း လမ်းမှန်ကိုလျှောက်လှမ်းမိတဲ့အတွက် ရာဇဂြိုဟ်ကိုရောက်သွားတယ်။ ဒါပေမဲ့အခြားခရီးသွား တစ်ယောက်ကတော့ သင်လမ်းညွန်ပေမဲ့ လမ်းမှားလျှောက်မိတဲ့အတွက် ရာဇဂြိုဟ်မရောက်ခဲ့ဘူး၊ အဲဒါဘာ့ကြောင့်ပါလဲပုဏ္ဏား”လို့ ဘုရားရှင်က ပြန်မေးလိုက်ပါတယ်။ ပုဏ္ဏားက “အရှင်ဂေါတမ ဒီကိစ္စမှာ အကျွန်ပ်ဘာမှ မတတ်နိုင်ပါ။ အကျွန်ပ်ဟာ ခရီးလမ်းညွန်ပြသူသာဖြစ်တယ်”လို့ ဖြေပါတယ်။



“ဒီလိုပါပဲပုဏ္ဏား နိဗ္ဗာန်ဆိုတဲ့ အမှန်တရားလဲရှိတယ်၊ နိဗ္ဗာန်သို့သွားမဲ့ လမ်းလဲရှိနေတယ်၊ လမ်းညွန်သူငါဘုရားလဲရှိပါတယ်။ ဒါပေမဲ့ အချို့ရဟန်းများက ပြောတဲ့အတိုင်း လမ်းမှန်လျှောက်လို့ နိဗ္ဗာန်ရောက်သွားကြတာရှိသလို လမ်းညွန်တဲ့အတိုင်းမသွားဘဲ လမ်းမှားလျှောက်မိတဲ့အတွက် နိဗ္ဗာန်မရောက်ကြတဲ့သူများလဲ ရှိပါတယ်။ ဒီကိစ္စမှာ ငါဘုရား ဘာတတ်နိုင်မှာလဲ၊ ငါဘုရားဟာ နိဗ္ဗာန်လမ်းခရီးကို ညွန်ကြားသူသာဖြစ်တယ်”လို့ မိန့်တော်မူလိုက်ပါတယ်။



အထက်ပါဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် ဘုရားရှင်ဟာ နိဗ္ဗာန်ရောက်အောင် လမ်းညွန်သူသာဖြစ်တယ်။ နိဗ္ဗာန်ရောက်အောင် တရားကို ကူပြီးရှုမှတ်ပေးလို့ မရပါဘူး။ (တရားကူထိုင်ပေးလို့မရပါဘူး)။ တစ်နေရာမှာလဲ ဘုရားရှင်ကိုယ်တိုင်မိန့်မှာတော်မူခဲ့တဲ့ စကားလေးတစ်ခုရှိပါတယ်။ တုမှေဟိ ကိစ္စ မာတပ္ပံ အက္ခတာရော တထာဂတာ၊ အဓိပ္ပါယ်က “ကိုယ့်ကိစ္စ ကိုယ်တိုင်အားထုတ်ကြပါ၊ လုပ်ကြပါ၊ ဘုရားဆိုတာ လမ်းညွန်ပေးရုံပဲဖြစ်ပါတယ်” လို့မိန့်တော်မူထားပါတယ်။ ဒီလောက်ဆိုရင် တရားကူထိုင်ပေးလို့ မရပါဘူးဆိုတာကို စာဖတ်သူများ သဘောပေါက်လောက်ပါပြီ။ “ကုန်ရှုံးရင်တစ်ခေါက်၊ ဆရာမှားရင် တစ်သံသရာလုံးမှောက်”ဆိုတာလိုပဲ ကံကောင်းလို့လူဖြစ်လာရတဲ့ဘ၀မှာ ဆရာမမှားဖို့ သိပ်အရေးကြီးပါတယ်ဆိုတာ စာဖတ်သူများအား နောက်ဆက်တွဲ သတိပေးလိုက်ရပါတယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



ဥပုသ်နဲ့ (Chatting)ချက်တင် ၀င်လို့ရပါသလား

အမေး။ ။ အရှင်ဘုရား မနက်ဖြန် လပြည့်နေ့မှာ တပည့်တော် ဥပုသ်သီလ ယူလိုပါတယ်ဘုရား။ ဥပုသ်ယူပြီး လုပ်ငန်းခွင်ကိုရောက်တဲ့အခါ အင်တာနက်သုံးတာ ချက်တင်ဝင်တာ(Chatting) အပြစ်ရှိနိုင်ပါသလား အရှင်ဘုရား။ ကရုဏရှေ့ထားပြီး ဖြေကြားပေးတော်မူပါ အရှင်မြတ်ဘုရား ။



မနှင်းလွင်လွင်ကျော်

မကွေး







အဖြေ။ ။ ဥပုသ်သီလနဲ့ အင်တာနက်သုံးတာ ချက်တင်ဝင်တာ အပြစ်ရှိတယ်လို့ တစ်ထစ်ချကြီး ပြောလို့မရပါဘူး။ ယခုအခါ အင်တာနက်စာမျက်နှာများဟာ ဘာသာရေးသီးသန့်လဲ အများကြီးရှိသလို ဘာသာရေးမဟုတ်တဲ့ တစ်ခြားလူမှုရေးဆိုက်တွေ၊ စီးပွားရေးဆိုက်တွေလဲ အများကြီးပါ။ ထိုစာမျက်နှာများအနက် လူမှုရေးနဲ့ စီးပွားရေး အိမ်ထောင်ရေးစတဲ့ဆိုက်များကို ၀င်မယ်ဆိုရင်တော့ သီလကျိုးပေါက်ဖို့များပါတယ်။ ဘာသာရေးသက်သက်ရေးထားတဲ့ ၀က်ဘ်ဆိုက်တွေကို ၀င်ဖတ်တယ်ဆိုရင် ကုသိုလ်တောင်ရပါသေးတယ်။



နောက်တစ်ခုက (Chatting)ချက်တင်ဝင်တာနဲ့ပတ်သက်ပြီး ချက်တင်ဝင်တယ်ဆိုတာ အင်တာနက်ကနေ တစ်ဦးနဲ့တစ်ဦး စကားစမြည် ပြောကြတာပါ။ စကားပြောတဲ့နေရာမှာ တရားဆွေးနွေးရင်တော့ ကုသိုလ်ရတာပေါ့။ လောကုတ္တရာနှင့်မစပ်တဲ့ ဟိုအကြောင်းဒီအကြောင်းတွေပြောနေမယ်၊ အရည်မရအဖတ်မရတာတွေပြောနေမယ်၊ ကိလေသာတိုးပွားကြောင်းတွေပြောနေမယ်ဆိုရင်တော့ သီလကျိုးနိုင်ပါတယ်။ သီလကျိုးမကျိုးကိုတော့ မိမိဆောက်တည်ထားတဲ့ ရှစ်ပါးသီလနှင့်မအပ်စပ်တာကို မလုပ်ဘဲ ကိလေသာဖြစ်ကြောင်းများကို ရှောင်ကြဉ်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။



ဖြစ်နိုင်ရင်တော့ တစ်ပါတ်မှတစ်ရက်သာစောင့်ထိန်းတဲ့ ဥပုသ်သီလလေးစင်ကြယ်အောင် ဥပုသ်သီလစောင့်တဲ့နေ့မှာ ချက်တင်မလုပ်ဘဲ ကျန်တဲ့တရားဆိုဒ်များကိုသာ ကြည့်ရှု့လေ့လာတာက အကောင်းဆုံးပါ။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



ကမ္ဘာဦးကြာပန်းထဲက ပရိက္ခရာစောင့်တာ ဃဋိကာရဟုတ်ပါသလား

အမေး။ ။အရှင်ဘုရား ဃဋိကာရဗြဟ္မာဟာ ကဿပဘုရားရှင်လက်ထက်တော်ကမှ သုဒ္ဓါဝါသဘုံကို ရောက်တယ်လို့ ရေးထားပါတယ်ဘုရား။ ကဿပဘုရားရှင်လက်ထက်မှာ လူဖြစ်ရအုံးမယ်ဆိုတော့ ကမ္ဘာဦးမှာပေါ်လာတဲ့ ကြာပန်းထဲက ပရိက္ခရာတွေ သိမ်းထားတာ ဃဋိကာရမှဟုတ်ရဲ့လားလို့ တွေးမိပါတယ်။ ကမ္ဘာဦးထဲက သုဒ္ဓါဝါသဘုံရောက်နေရင်လဲ ကဿပဘုရားရှင်လက်ထက်တော်မှာ လူလာဖြစ်လို့ မရတော့ပါ။ တစ်ခြားကမ္ဘာက ကဿပဘုရားကို ပြောတာလားဘုရား။



Dr.ဒေါ်စန္ဒ၀တီ

မြိတ်





အဖြေ။ ။ မေးခွန်းရှင်က ကမ္ဘာဦးကတည်းကပေါ်လာတဲ့ ကြာပန်းထဲက ပရိက္ခရာကိုစောင့်တဲ့ ဃဋိကာရဗြဟ္မာနဲ့ ကဿပဘုရားရှင်လက်ထက်ကမှဖြစ်ပေါ်လာတဲ့ ဃဋိကာရဟာ အတူတူလား တစ်ယောက်စီလားဆိုတဲ့ သဘောကို သိချင်လို့မေးတာဖြစ်တယ်။ ဒါနဲ့စပ်ပြီး ကမ္ဘာမြေကြီးမှာ ဗောဓိပင်ပေါက်ရာအရပ်ဟာ ကမ္ဘာပျက်ရင် နောက်မှပျက်ပြီး ကမ္ဘာသစ်တည်ရင် ရှေးဦးစွာ ဖြစ်ပေါ်ရပါတယ်။ ကမ္ဘာသစ်တည်တဲ့အခါ ဗောဓိပင်ပေါက်ရာ မြေအရပ်မှာ ကြာရုံကြီးတစ်ခု ထူးဆန်းစွာပေါ်ပေါက်လာပါတယ်။ တကယ်လို့ ဘုရားတစ်ဆူမှ မပွင့်တဲ့ကမ္ဘာဆိုရင်တော့ ကြာရုံကြီးမှာ ကြာပန်းတစ်ပွင့်မှ မရှိပါ။ ဘုရားရှင်တစ်ဆူ၊ နှစ်ဆူ၊ သုံးဆူ၊ လေးဆူ၊ ငါးဆူ ပွင့်မယ့်ကမ္ဘာဆိုရင်တော့ ကြာရုံကြီးရဲ့ ကြာရိုးတန်ကြီးမှာ ကြာပွင့်များ တစ် နှစ် သုံး လေး ငါးပွင့်ဆိုပြီး ပွင့်ကြပါတယ်။ ကြာပန်းတစ်ပွင့်စီမှာ ပွင့်တော်မူလာမဲ့ ဘုရားရှင်များရဲ့ သင်္ကန်းပရိက္ခရာများ ပါရှိလာပါတယ်။



ကမ္ဘာသစ်တည်တော့ သုဒ္ဓါဝါသဘုံက ဗြဟ္မာများဟာ ဒီကမ္ဘာမှာ ဘုရားပွင့်-မပွင့်ဆိုတာကို သိလိုကြတဲ့အတွက် ကြာရုံကြီးမှာ ကြာပန်းနိမိတ်တွေ လာရောက်ကြည့်ရှုကြပါတယ်လို့ ကျမ်းဂန်များက ဆိုပါတယ်။ ကမ္ဘာဦးအစမှာ ကြာပန်းများထဲမှ ဘုရားရှင်ရဲ့ပရိက္ခရာများကို ဘယ်ဗြဟ္မာက စောင့်ရှောက်တယ်ဆိုတာ မပါပါဘူး။ ဘုရားပွင့်မပွင့် သိလိုတဲ့အတွက်ကြောင့်သာ သုဒ္ဓါဝါသဗြဟ္မာများက လာရောက်ကြည့်ရှုကြခြင်းဖြစ်တယ်။ ဒါကြောင့် ကမ္ဘာဦးအစ လာရောက်ကြည့်ရှုတဲ့အထဲမှာ ဃဋိကာရဗြဟ္မာဆိုတာ မပါပါဘူး။ ဃဋိကာရက ကဿပဘုရားရှင်လက်ထက်ကျမှ လူလာဖြစ်တာပါလို့ ဖြေကြားပေးလိုက်ပါတယ်။ (မဟာသုတဒီပနီကျမ်း၊ဒု၊ နှာ ၁၇၇)



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



တရားအားထုတ်တဲ့အခါ စကားပြောရမှာလား

အမေး။ ။ အရှင်ဘုရား တရားအားထုတ်ရင် စကားမပြောရဘူး၊ စကားဟာ တရားရဲ့ အနှောက်အယှက်ဖြစ်တယ်လို့ပဲ သင်ကြားနာယူခဲ့ရဘူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းတရားစခန်းတွေမှာတော့ စကားပြောရင် သတိနဲ့ပြောတာကို တရားစခန်းမှာ လေ့ကျင့်ရမယ် အပြင်ရောက်ရင် ကျင့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် သတိထားတတ်အောင် စခန်းဝင်နေတဲ့အချိန်လဲ စကားပြောရမယ်။ သတိနဲ့ပြောရမယ်လို့ ညွန်ကြားလာတာတွေ ကြားလာရပါတယ်ဘုရား။ ဆရာတော်ကြီးတစ်ပါးရဲ့ ဟောတရားထဲမှာ “စကားမပြောရင် သမ္မာဝါစာမဖြစ်လို့ မဂ္ဂင်တစ်ပါး ချို့ယွင်းနေသလိုလို” ပြောသွားပါတယ်။ ဒါဆိုရင် ဒီယောဂီတွေက မဂ္ဂင်(၈)ပါးမပြည့်လို့ တရားမရကြတော့ဘူးလို့ အဓိပ္ပါယ်ဖြစ်နေပါတယ်။ တပည့်တော်သိချင်တာက တရားကျင့်ရင် စကားပြောရမှာလား မပြောရဘူးလားဆိုတာကို တိတိကျကျ သိချင်ပါတယ်ဘုရား။



Dr ဒေါ်စန္ဒ၀တီ

မြိတ်-မဟာစည်



အဖြေ။ ။ တရားစခန်းမှာ သတိနဲ့စကားပြောတတ်အောင်လေ့ကျင့်ရမယ်ဆိုတာက မဟုတ်သေးပါဘူး။ တကယ်က သတိနဲ့စကားပြောတတ် အောင်လေ့ကျင့်ဖို့ထက် သတိနဲ့ တရားရှုမှတ်တတ်ဖို့က ပိုပြီးအရေးကြီးပါတယ်။ တရားအားထုတ်တဲ့အခါ သတိနဲ့စကားပြောရတယ်ဆိုတာက မဖြစ်မနေစကားပြောဖို့ လိုအပ်တာရှိရင် စကားပြောရပါမယ်။ ပြောတဲ့အခါ သတိနဲ့ပြောရပါမယ်။ စကားပြောဖို့ လုံးဝမလိုအပ်ဘူးဆိုရင်တော့ စကားမပြောဘဲ တရားရှုမှတ်နေက ပိုမိုကောင်းမွန်ပါတယ်။ ယခုအခါ အချို့တရားစခန်းတွေမှာ တရားအားထုတ်ရင် ၀စီပိတ်ဆိုပြီး စကားမပြောဘဲ အားထုတ်နေကြပါတယ်။ လိုအပ်တာရှိလဲ စကားမပြောရဘူးဆိုရင် အဆင်မပြေပါဘူး။ လုံးဝစကားပြောရဘူးဆိုတာတော့ မဖြစ်နိုင်ပါဘူး။



ပြောချင်တာက တရားနဲ့စပ်လို့ အခက်အခဲတွေကိုတင်ပြဖို့ လိုအပ်လာပါက တိုကျဉ်းလိုရင်းပြောရမှာဖြစ်ပြီး မလိုအပ်ပါက လုံးဝမပြောဘဲ တရားရှုမှတ်နေရပါမယ်။ စကားမပြောရင် မဂ္ဂင်တစ်ပါးချွတ်ယွင်းနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောပါ့မယ်။ သမ္မာဝါစာဆိုတာ မဂ္ဂင်ထဲသွင်းရင် သီလမဂ္ဂင်ပါ။ ဒါတင်မက သမ္မာကမ္မန္တ သမ္မာအာဇီဝ ဆိုတဲ့မဂ္ဂင်နှစ်ပါးလဲ သီလမဂ္ဂင်ပါပဲ။ မဂ္ဂင်ရှစ်ပါးမှာ သီလမဂ္ဂင်ကသုံးပါးပါပါတယ်။ မှန်တဲ့စကားကိုပြောဆိုရင် သမ္မာဝါစာဖြစ်မယ်ဆိုပြီး တရားကျင့်ရင်းစကားပြောရမယ်ဆိုရင် သီလမဂ္ဂင်ထဲက ကျန်တဲ့ သမ္မာအာဇီဝကိုလဲ သတိထားရတော့မှာပါ။ သမ္မာအာဇီဝဆိုတာ မှန်ကန်တဲ့ အသက်မွေးဝမ်းကျောင်း မှုဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင် တရားအားထုတ်ရင်းနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ပါ လုပ်ရတော့မလို ဖြစ်နေပါပြီ။ စကားမပြောရင် သမ္မာဝါစာမဖြစ်လို့ မဂ္ဂင်တစ်ပါး ချွတ်ယွင်းနေတယ်ဆိုရင် တရားအားထုတ်ရင်းနဲ့ အသက်မွေးဝမ်းကျောင်းမှုမလုပ်ဘူးဆိုရင်လဲ မဂ္ဂင်တစ်ပါး ချွတ်ယွင်းနေတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။ ဆရာတော်ကြီးရဲ့အလိုက သမ္မာဝါစာပေါ်လွင်အောင် အသားပေးပြီး ဟောတာလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။



အမှန်က တရားရှုမှတ်တဲ့သူများဟာ အစဦးမှာ သီလဆောက်တည်ရပါတယ်။ သီလဆိုတာ ကိုယ်နဲ့နှုတ်ကိုစောင့်ထိမ်းတာပါ။ သီလမဂ္ဂင်ကလဲ ကိုယ်နဲ့နှုတ်ကိုစောင့်ထိမ်းတာပါပဲ။ ဆက်လက်ပြီး တရားအားထုတ်တဲ့အခါ မဂ္ဂင်ဖြစ်ပေါ်ပုံကို ပြောပါ့မယ်။ ဖြစ်ပေါ်လာတဲ့အာရုံကို မှတ်သိနိုင်ဖို့အတွက် ကြောင့်ကျစိုက်ပေးတာ သမ္မာဝါယမမဂ္ဂင်ပါ။ ဖြစ်ပေါ်တိုင်းအာရုံများကို သတိဖြင့်အမှတ်ရနေတာက သမ္မာသတိမဂ္ဂင်ပါ။ ဖြစ်ပေါ်လာတဲ့အာရုံပေါ်မှာ မှတ်သိစိတ်လေး တည်နေတာက သမ္မာသမာဓိမဂ္ဂင်ဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အာရုံပေါ်မှာ မှတ်သိနိုင်အောင် အာရုံပေါ်သို့ မှတ်သိစိတ်ကို တင်တင်ပေးရတယ် အဲဒါကို သမ္မာသင်္ကပ္ပမဂ္ဂင်လို့ခေါ်ပါတယ်။



ဖြစ်ပေါ်လာတဲ့အာရုံမှာ အမှန်အတိုင်းသိမြင်နေတာက သမ္မာဒိဋ္ဌိမဂ္ဂင်ပါ။ တရားအားထုတ်တဲ့အခါ မဂ္ဂင်ငါးပါး (သမာဓိမဂ္ဂင်နဲ့ပညာမဂ္ဂင်)က ရှုမှတ်ချက်တိုင်းမှာ ပါနေပါတယ်။ တရားအားထုတ်လို့ဉာဏ်အားပြည့်တဲ့အခါ မဂ်ဖိုလ်နိဗ္ဗာန်မျက် မှောက်ပြုသွားရင် သီလမဂ္ဂင်ပါ ပြည့်စုံသွားတော့တာပါ။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



အကြွေးကင်းမှ ရဟန်းခံရမှာလား

အမေး။ ။အရှင်ဘုရား လူတစ်ယောက်ဟာ သူများရဲ့ အကြွေးတွေ တင်နေပါတယ်။ သူက ရဟန်းလဲပြုချင်တယ်။ တပည့်တော်သိလိုတာက အကြွေးရှိရက်နဲ့ ရဟန်းခံလို့ ရ/မရ ဆိုတာပါဘုရား၊ ကရုဏာရှေ့ထား ဖြေကြားပေးတော်မူပါဘုရား။



စံမင်းအောင်

တိုက်ကြီး



အဖြေ။ ။ ဘုရားလက်ထက်က အကြွေးတင်နေတဲ့သူတစ်ယောက်ဟာ အကြွေးမဆပ်နိုင်လို့ဆိုပြီး ရဟန်းတွေထံမှာ ရဟန်းပြုခဲ့ပါတယ်။ အကြွေးရှင်တွေက လိုက်လာကြပြီး အကြွေးတင်နေတဲ့ရဟန်းကို ဖမ်းဖို့ လုပ်ကြတယ်။ အဲဒီမှာ အခြားသူများက “ဗိမ္ဗိသာရမင်းကြီးက ဘုရားသားတော် ရဟန်းတော်ဖြစ်လာရင် ဒီလိုအပြစ်မလုပ်ကောင်းဘူး။ သံသရာဝဋ်ကကျွတ်အောင် လွတ်လွတ်လပ်လပ် ကျင့်သုံးကြဖို့ ခွင့်ပြုထားပါတယ်” လို့ပြောတော့ အကြွေးရှင်တွေက အကြွေးတင်နေတဲ့သူကို ရဟန်းခံပေးရကောင်းလားလို့ အပြစ်တင်ကြပါတယ်။ ဒါကို ဘုရားရှင် ကြားတော်မူတော့ အကြွေးတင်နေတဲ့သူကို ရဟန်းခံပေးလို့မရပါဘူး။ တကယ်လို့ အကြွေးရှိသူကို ရဟန်းခံပေးရင် ရဟန်းခံပေးတဲ့ရဟန်းများမှာ ဒုက္ကဋ်အာပတ်သင့်ပါတယ်။ (၀ိနည်းမဟာဝါပါဠိတော်)



သာဓကအရ ရဟန်းခံသူဟာ တင်နေတဲ့အကြွေးကို ပြန်မဆပ်နိုင်တာဖြစ်တယ်။ တကယ်လို့ အကြွေးဆပ်နိုင်သူဖြစ်ပါက အကြွေးပြန်ဆပ်ပါ့မယ်လို့ ဆုံးဖြတ်ချက်ချထားသူဖြစ်ပါက ရဟန်းခံလို့ရပါတယ် ဆိုတာပါပဲ။ ဒါကြောင့် သူတစ်ပါးအကြွေးရှိနေပါရက်နဲ့ စိတ်ဖြောင့်စွာ ရဟန်းပြုချင်တယ်ဆိုရင် မိမိအကြွေးကို ဆပ်ပေးနိုင်သူတစ်ဦးဦးက အကြွေးဆပ်ပေးခဲ့ပါမယ်လို့ တာဝန်ယူလာရင်ဖြစ်စေ၊ တင်နေတဲ့ကြွေးမြည်ကို ကိုယ်တိုင် အကြွေးဆပ်နိုင်တဲ့အတွက် ဆွေးမျိုးသားချင်းဖြစ်စေ၊ အခြားသူတစ်ယောက်ယောက်ကိုဖြစ်စေ အကြွေးဆပ်ခဲ့ဘို့အတွက် စိတ်ချရတဲ့ကိုယ်စားလှယ်တစ်ယောက်ကို တာဝန်ပေးထားခဲ့မယ်။ ကိုယ်စားလှယ်ကလဲ ရဟန်းများကို အကြွေးပြန်ဆပ်ပေးပါ့မယ်လို့ အသိပေးလျှောက်ထားမယ်ဆိုရင် ရဟန်းခံ လို့ရပါတယ်ဆိုတဲ့အကြောင်း ဖြေကြားပေးလိုက်ပါတယ်။ (မဟာဝါဘာသာဋီကာ၊ ပ၊ ဣဏာယိက၀တ္ထုကထာ၊ နှာ-၁၇၁)



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



တရားနဲ့ပူဇော်တာ အမြတ်ဆုံးလို့ ဘာကြောင့်ပြောရတာလဲ

အမေး။ ။ အရှင်ဘုရား ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီးမှာ နတ်ဗြဟ္မာတွေက ပန်းနံ့သာတို့နဲ့ပူဇော်လာကြတာကို အကြောင်းပြုပြီး ဘုရားရှင်က “ငါဘုရားကို ပန်းနံ့သာတို့နဲ့ ပူဇော်ပေမဲ့ ပူဇော်တယ်လို့ မခေါ်သေးပါဘူး။ သီလ သမာဓိ ပညာ တရားအားလျော်တဲ့အကျင့်ပဋိပတ္တိကို ကျင့်နေတဲ့ပုဂ္ဂိုလ်မှသာ ငါဘုရားကို အမွန်မြတ်ဆုံး ပူဇော်ခြင်းနဲ့ ပူဇော်ရာရောက်ပါတယ်”လို့ မိန့်တော်မူထားပါတယ်။ တပည့်တော် သိချင်တာက ဘုရားရှင်ဟာ ယခင်က ပစ္စည်းဝတ္ထုနဲ့ ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးကိုဆင်ခြင်ပြီးလှူရင် အကျိုးကြီးမြတ်ကြောင်း ကို ဟောကြားတော်မူပါလျှက် ယခုပရိနိဗ္ဗာန်ပြုခါနီးကျမှ ပစ္စည်းနဲ့ပူဇော်တာထက် တရားနဲ့ပူဇော်တာက ပိုပြီးအကျိုးကြီးမြတ်တယ်လို့ ဘာကြောင့် ပစ္စည်းနဲ့ပူဇော်တာကို ပယ်ရတာလဲဘုရား။



မနွယ်နွယ်အေး

ရန်ကုန်



အဖြေ။ ။ ပန်းနံ့သာတို့ဖြင့်ပူဇော်တာထက် သီလ သမာဓိ ပညာတို့ဖြင့် ပူဇော်တာက အမြတ်ဆုံးရယ်လို့ ဟောတော်မူတဲ့အကြောင်းအရင်းက ဘုရားရှင်ဟာ ပရိသတ်ကို ချီးမြှောက်လိုတော်မူတာက တစ်ကြောင်း၊ သာသနာတော်ကြီး အရှည်တည်တံ့ခြင်းကို လိုလားတော်မူတာကတစ်ကြောင်း ဖြစ်ပါတယ်။



ဒီလိုသာဟောတော်မမူခဲ့ဘူးဆိုရင် နောင်အခါမှာ သီလ သမာဓိ ပညာနဲ့ပတ်သက်ပြီး ဟောပြောတိုက်တွန်းမှု နည်းပါးလာကာ ဘာဝနာတရားအားထုတ်မှုမရှိတော့။ ပန်းနံ့သာစတာတွေနဲ့ ပူဇော်ရတဲ့အကျိုးကိုသာဟောပြော ညွန်ကြားကာ ဒကာ-ဒကာမများ အလှူဒါန(အာမိသပူဇာ)ကိုသာ ပြုနေရစ်ကြပါလိမ့်မယ်။



သာသနိကအဆောက်အအုံဖြစ်တဲ့ ကျောင်းကန်ဘုရားများဟာ သာသနာကို အရှည်တည်တံ့အောင် မစွမ်းဆောင်နိုင်ပါဘူး။ လှူဒါန်းပူဇော်သူရဲ့ လူနတ်နိဗ္ဗာန် သုံးတန်ချမ်းသာအတွက်သာ ဖြစ်တယ်။



အမှန်က ကောင်းမွန်တဲ့အကျင့်ဆိုတဲ့ သီလ သမာဓိ ပညာအကျင့်တရားတွေကသာ သာသနာတော်ကြီး အရှည်တည်တံ့အောင် စွမ်းဆောင်နိုင်ပါတယ်။ အာမိသာပူဇာကို အကျိုးမရှိဘူးလို့ ဟောတော်မမူသလို ပယ်တာလဲမဟုတ်ဘူးဆိုတာ ဖြေကြားပေးလိုက်ပါတယ်။



ဒါကြောင့် အခုခေတ်တရားပွဲတွေမှာ အချို့တရားဟောဆရာများက ဘုရားမှာ အာမိသပူဇာဖြစ်တဲ့ ပန်းနံ့သာစတာတွေကိုလှူရင် အပိုအလုပ်တွေပါလို့ ဟောနေပြောနေကြတာတွေကို စာချစ်သူများအား သတိထားဖို့ပြောပါရစေ၊ ဒီဝါဒဟာ ဟိုယခင်တုန်းက ပေါ်ပေါက်ခဲ့တဲ့ အဓမ္မ အယူဝါဒဖြစ်ပါတယ်။ (မဟာဗုဒ္ဓ၀င်၊ပဉ္စမတွဲ၊နှာ-၄၂၆-၄၂၇)



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



Saturday, August 27, 2011

ဘုရားရှင်က ကျားမ တန်းတူထားပါသလား

အမေး။ ။ အရှင်ဘုရား ဓမ္မမိတ်ဆွေအမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။ သူဟာ မြတ်စွာဘုရားကိုတော့ ကြည်ညိုပါတယ်။ဒါပေမဲ့ ဘိက္ခုနီမတွေမှာ ပါရာဇိက(၈)ပါးအထိ ပညတ်ထားခြင်း၊ ဂရုဒဏ်တရား(၈)ပါးလိုက်နာနိုင်မှ ဘိက္ခုနီမပြုလုပ်ရခြင်း၊ အခုအခါ ဗမာပြည်က ဘုရားအချို့ပေါ်မှာ မိန်းမမတက်ရခြင်း၊ နိယတဗျာဒိတ်ကို မိန်းမမခံရခြင်း စတာတွေဟာ အမျိုးသမီးများကို ဖိနှိပ်ထားတဲ့သဘောဖြစ်နေပါတယ်။ ဒါတွေကို ထောက်ပြီး မြတ်စွာဘုရားဟာ (discrimination) ကျားမခွဲခြားတယ်လို့ မြင်နိုင်ပါသလား။ တကယ်လို့ ဘုရားရှင်ဟာ အင်္ဂလန်မှပွင့်ခဲ့မယ်ဆိုရင် ဒီစည်းကမ်းတွေမထားဘဲ ကျားမ တန်းတူထားနိုင်မှာလားလို့ မေးလာပါတယ်။ တပည့်တော်က အရှင်ဘုရားဖြေပါလိမ့်မယ်လို့ပဲ အာမခံခဲ့ပါတယ်ဘုရာ။ ဒါကြောင့် ကမ္ဘာ့အမျိုးသမီးထုကြီးတစ်ရပ်လုံးအတွက် ဖြေကြားပေးတော်မူပါဘုရား။



Dr. တင့်ဇင်ဦး

မန်းစဖီးလ်၊အင်္ဂလန်





အဖြေ။ ။အမျိုးသမီးများကို ခွဲခြားပြီး တန်းတူအခွင့်အရေးမပေးလို့ဆိုပြီး မကျေနပ်မှုများ ရှိနေတယ်ထင်ပါတယ်။ ဒီအတွက် စိတ်အနှောက်အယှက်မဖြစ်ရအောင် ရှင်းလင်းဖြေကြားပေးပါ့မယ်။



ဘိက္ခုနီမများကို ဂရုဓမ်တရား(၈)ပါး ထားရခြင်းအကြောင်း နောင်အခါမှာ သဒ္ဓါ ပညာ ၀ီရိယနည်းပါးတဲ့အမျိုးသမီးများဟာ သာသနာတော်အတွင်း ၀င်ရောက်လာခဲ့ကြလိမ့်မယ်။ တကယ်လို့ ဂရုဓမ်တရား(၈)ပါးမထားခဲ့၊ မပညတ်ခဲ့ဘူးဆိုရင် ဘိက္ခုနီမများဟာ ရဟန်းတော်ယောင်္ကျား များနဲ့ ရောယှက်ရှုပ်ထွေးလာလိမ့်မယ်။ အဲဒီအခါ သာသနာတော်ကြီး တစ်ဝက်လောက်လျော့ပါးကာ ခပ်မြန်မြန် ကွယ်ပျောက်သွားဖွယ်ရာရှိပါတယ်။ အခုအခါ ဂရုဓမ်(၈ပါး ပညတ်တော်များကြောင့် သာသနာတည်တံ့ချိန် မလျော့ပါးဘဲ နဂိုအတိုင်း အချိန်ပြည့် တည်တံ့နိုင်ဖွယ်ရှိပါတယ်။ဒါကြောင့် ဂရုဓမ်(၈)ပါး လိုက်နာနိုင်မှ ဘိက္ခုနီမပြုခွင့်ပေး ရခြင်းဖြစ်ပါတယ်။



သိက္ခာပုဒ်တိုးလာရခြင်းအကြောင်း



ဂရုဓမ်ပညတ်တော်များဖြင့် လာမဲ့ဘေးကို ကြိုတင်တားဆီးထားပါသော်လဲ အတော်ကြာတဲ့အခါ ထူးထူးခြားခြားပေါက်ကြားမှုများလဲ ပေါ်ပေါက်လာလိမ့်မယ်။ ဒါကြောင့် ရဟန်းယောင်္ကျားများအားပညတ်ထားတဲ့ (မေထုန်မမှီဝဲရ၊သူ့ဥစ္စာမခိုးရ၊သူ့အသက်မသတ်ရ၊ဈာန်မဂ်ဖိုလ်မရဘဲ ရတယ်လို့ မလိမ်ရစတဲ့ သိက္ခာပုဒ်အချို့ကို ဘိက္ခုနီမများအတွက် သက်ဆိုင်စေပြီး၊ ရဟန်းယောင်္ကျားများနဲ့ အပြစ်ပြုပုံခြင်း မတူတဲ့ကိစ္စများအတွက် သီးခြားထပ်ပြီး ပညတ်တော်မူရပြန်ပါတယ်။ (ဘုရားဥပဒေတော်ကြီး၊နှာ-၃၁၂)



သာသနာတော်မှာ ဘ၀ပန်းတိုင်ဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရဟန်းယောင်္ကျားများသာမဟုတ် ရဟန်းမိန်းမများလဲ ရပိုင်ခွင့်တွေရှိနေကြ တဲ့အပြင် အဂ္ဂသာဝက၊ မဟာသာဝကရာထူးတွေကိုလဲ ရရှိနေကြပါတယ်။ ရဟန်းယောင်္ကျားများကိုပေးတဲ့ ဧတဒဂ်ဘွဲ့ထူးတွေကိုလဲ ရဟန်းမိန်းမ များသာမက ဥပါသိကာမိန်းမများ(ဥပမာ-ခုဇုတ္တရာ)ကိုလဲ ဧတဒဂ်ဘွဲ့ထူးကို ပေးပါသေးတယ်။ ဒါဟာ သတ္တ၀ါတွေအပေါ် ကျားမမခွဲခြားဘဲ တန်းတူအခွင့်အရေးပေးထားတယ်ဆိုတာ သိသာနေပါတယ်။



ဗမာပြည်က အချို့ဘုရားအပေါ် မိန်းမ မတက်ရ။ ဘုရားဆိုလို့ ကျိုက်ထီးရိုးဘုရားမှာလဲ တံတားလေးကနေ စေတီတော်ဘက်သို့ မသွားရတာကတော့ စေတီတော်ရဲ့ဝန်းကျင်က ကျဉ်းတယ်။ အကာအရံလဲမရှိတဲ့အတွက် အားငယ်ပြီးကြောက်တတ်တဲ့ အမျိုးသမီးများနဲ့မသင့်လျော်ဘူး၊ မူးမော်ပြီး လိမ့်ကျမှစိုးတဲ့အတွက် အန္တရာယ်များလှတဲ့အတွက်ကြောင့် တားမြစ်ထားတာဖြစ်တယ်၊ အမျိုးသမီးများစေတီတော်ရင်ပြင်နားအထိ လာရောက်ရှိခိုးတာကို နတ်များက မကြိုက်လို့ တားမြစ်တာ မဟုတ်ပါဘူးလို့ (၁၂၇၇) ခုနှစ်က ကျိုက်ထီးရိုးစေတီတော်မှာ အုပ်ချူပ်တဲ့ ဆရာတော်ဦးအာဒိစ္စက ပြောပါတယ်။



ဒါဆိုရင် သတ္တိရှိတဲ့ အမျိုးသမီးများက စေတီတော်အနီးအထိသွားမယ်ဆိုရင် သွားရောက်ဖူးမျှော်နိုင်ပါတယ်။

တကယ်တော့ အမျိုးသမီးများမတက်ရ၊ ဘုရားနားအထိမသွားကောင်းဘူးဆိုတဲ့ ဒိဋ္ဌိဆန်ဆန် အယူသည်းနေတဲ့ သမိုင်းဆရာကြီးတချို့ရဲ့ သမိုင်းစာမျက်နှာအမှားတွေပါ။ အမှားကြာတော့ အမှန်ဖြစ်ဆိုတာလို အခုတော့ ဘုရားပေါ်အထိ အမျိုးသမီးများ မသွားဝံ့တဲ့အထိ ဖြစ်ကုန်ကြပါတယ်။ လောကမှာ ဘယ်သူမဆို ကောင်းမှုကုသိုလ်လုပ်ရင် ကောင်းကျိုးချမ်းသာရကြမှာ အမှန်ပါ။ အမျိုးသမီးများ ဘုရားအနီးသွားပြီး ဘုရားရှိခိုးတော့ ကုသိုလ်ရတာပေါ့။ ကုသိုလ်ရရင် ကောင်းကျိုးချမ်းသာကတော့ ရကြမှာပါ။ ထိတ်လန့်ဖွယ်ရာတွေနဲ့ခြောက်လန့်ထားပေမဲ့ ဘာမှမဖြစ်ပါဘူး။ ရဲရဲကြီးသာသွားကြဖို့ တိုင်တွန်းပါတယ်။



ကျိုက္ခမီရေလည်ဘုရားလဲ ထိုနည်းအတူပါပဲ။ အမျိုးသမီးများ ၀င်ရောက်မဖူးရ အဝေးကဖူးရမယ်၊ သတ်မှတ်ထားတဲ့နေရာက ဖူးရမယ်၊ တကယ်လို့ ၀င်ဖူးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတာတွေဟာ အလကားပါ။ သမိုင်းဆရာတွေရဲ့ အဓိပ္ပါယ်မဲ့ တဲ့လုပ်ရပ်တွေပါ။ ပြောလိုတာကတော့ သာသနာတော်ကိုကြည်ညိုရင်းစွဲရှိတဲ့ သဒ္ဓါတရားကောင်းတဲ့အမျီုးသမီးများ ဘယ်ဘုရားမဆို အနီးသို့ ၀င်ရောက်ဖူးမျှော်နိုင်ပါတယ်။ ဘာအန္တရာယ်မှမဖြစ်တဲ့အပြင် ကုသိုလ်ရပြီး ကောင်းကျိုးချမ်းသာများ ရရှိနိုင်ပါတယ်။ (သုတေသန သမ္မာမဂ္ဂင်္ဂပဥှာကျမ်း၊နှာ-၂၇၅-၂၇၆)



အမျိုးသမီးများ နိယတဗျာဒိတ်မခံရ နိယတဗျာဒိတ်ဆိုတာ ဘုရားဧကန်ဖြစ်မယ်ဆိုမှသာ နိယတဗျာဒိတ်ပေးတော်မူကြတာပါ။ ဘယ်အမျိုးသမီးကမှ ဘုရားမဖြစ်ပါဘူး။ လောကမှာ ယောင်္ကျားကသာ ဘုရားဖြစ်ရတာပါ။ ဒါကြောင့် အမျိုးသမီးကို နိယတဗျာဒိတ်ပေးလို့မရပါဘူး။ တကယ်လို့ နိယတဗျာဒိတ်ခံချင် သပဆိုရင်တော့ ပထမ မိမိကိုယ်ကို ယောင်္ကျားဖြစ်အောင် ကျင့်သုံးရပါအုံးမယ်။



အဆူဆူဘုရားရှင်တို့ ပွင့်တော်မူမြဲနေရာဒေသဟာ မဇ္ဈိမဒေသဖြစ်တဲ့အတွက် ဘယ်နည်းနဲ့မှ အင်္ဂလန်မှာ ပွင့်ရိုးထုံးစံမရှိပါဘူး။ တကယ်လို့ပွင့်မယ်ဆိုရင်တောင်မှ စည်းကမ်းဥပဒေသကတော့ နေရာဒေသ လိုက်ပြီး ပြောင်းလဲမှာမဟုတ်ပါ။ အရင်ကလဲ ဒီဥပဒေသ အခုလဲဒီဥပဒေသ နောင်လဲ ဒီဥပဒေသပဲဖြစ်မယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



မုသားနှင့်ပရိယာယ်

အမေး ။ ။ အရှင်ဘုရား မုသားနဲ့ပရိယာယ် ဘယ်လိုကွာခြားပါသလဲဘုရား



ခင်ဖုန်းမြင့်

မြိတ်-ကွန်ပျူတာတက္ကသိုလ်





အဖြေ။ ။ မုသားဆိုတာ လိမ်လည်ခြင်း၊ ညာဖြန်းခြင်း၊ လှည့်စားခြင်းစတဲ့ မဟုတ်မမှန်တာ အားလုံးကို “မုသား”လို့ခေါ်ပါတယ်။ မုသားဆိုမှတော့ ၀ါဒလဲရှိသေးတဲ့အတွက် ပြောပါအုံးမယ်။“၀ါဒ”ဆိုတာက လက်ပြခြေပြခေါင်းညိတ်ခေါင်းခါ စာရေးသားမှုစတာတွေပါ။ နားလည်အောင်ပြောရင် မဟုတ်မှန်းသိရက်နဲ့ ဒါတွေကို လက်ပြခြေပြ ခေါင်းညိတ်ခေါင်းခါ စာရေးခြင်း(ကာယပယောဂ၊၀စီပယောဂ)တွေကို “မုသာဝါဒ”လို့ခေါ်ပါတယ်။ မုသာဝါဒဟာ သူတစ်ပါးထိခိုက်ပျက်စီးမှာ မဟုတ်ပါဘူး။ မထိခိုက်လဲ မဟုတ်မမှန်ပြောရင် မုသာဝါဒ ကံထိုက်ပါတယ်။ အောက်ပါအင်္ဂါလေးချက်ပြည့်စုံရင် ကံထိုက်ပါတယ်။





(၁)မဟုတ်မမှန်ပြောသောအကြောင်းအရာဖြစ်ခြင်း။

(၂)မဟုတ်မမှန်ပြောလိုစိတ်ရှိခြင်း။

(၃)ပြောလည်းပြောခြင်း။

(၄)လိမ်တဲ့အတိုင်း သူတစ်ပါးက ယုံကြည်သွားခြင်း။ ဒါဆိုရင် မုသာဝါဒကံပျက်ပါတယ်။

ပရိယာယ်

“ပရိယာယ်”ဆိုတာကို ပရိယာယဆိုတဲ့ ပါဠိကဆင်းသက်လာတဲ့ ပါဠိပျက်ပါ။ ဒါကိုပါဠိ-မြန်မာအဘိဓါန်က (အလှည့်။ အကြိမ်။ အစဉ်။ အကြောင်း။ ပရိယာယ်။ဒေသနာ)လို့ ဆိုထားပါတယ်။ ဒီနေရာယူရမှာက ပရိယာယ် ကိုယူရပါမယ်။ စကားကိုလှည့်ပြောင်း ပြောဆိုတာပါ။ ပရိယာယ်ကို နားလည်အောင် ပြောရရင် မိမိအကျိုးသူတစ်ပါး အကျိုးဖြစ်ထွန်းစေချင်တဲ့အတွက် စကားပရိယာယ်သုံးပြီး ပြောဆိုတာပါ။



ဥပမာ- သားသမီးများအား အန္တရာယ်ရှိတဲ့ လမ်းကို မသွားစေချင်တဲ့ မိဘများက ဒီလမ်းမသွားနဲ့ ဒီလမ်းမှာ တစ္ဆေသရဲရှိတယ်၊ ကျားရှိတယ်ဆိုပြီး ပရိယာယ်သုံးပြီးပြောဆိုကြတာပါ။



ဘုရားရှင်လက်ထက်က သာကီဝင်မင်းမျိုးတွေအပေါ် အညိုးအာဃာတကြီးလွန်းလှတဲ့ ၀ိဋဋူဘမင်းသားဟာ သူမင်းဖြစ်တဲ့အခါ သာကီဝင်မင်းမျိုးနွယ်တွေကို တွေ့ရာသချိုင်း ဓါးမဆိုင်းဆိုပြီး မြင်သမျှလူတွေ အကုန်သတ်နေပါတယ်။ ဒီအချိန်မှာ သာကီဝင်မင်းမျိုးများဟာ အောက်ဆုံးအဆင့် သီလလုံခြုံကြတဲ့သူများက များပါတယ်။ သူသတ်သမားများကလဲ မင်းဟာ သာကီဝင်မျိုးလား လို့မေးတဲ့အခါ သာကီဝင်တွေက ပါးစပ်မှာ မြက်ပင်ကိုက်ထားပြီး “သာကီမြက်တွေပါ”လို့ ပြောကြတဲ့အခါ သေဘေးမှ အချို့လွတ်ကုန်ကြတယ်လို့ စာကဆိုပါတယ်။



ဒါဟာမိမိအကျိုးအတွက် စကားပရိယာယ်ဆင်ပြောလိုက်တဲ့စကားတွေပါ။ မဟာသုတသောမဇာတ်မှာ တစ်ရာ့တစ်ပါးမင်းတွေ သွေးချောင်းစီး သေမဲ့အဖြစ်ကလွတ်အောင် အများအကောင်းကျိုးအတွက် ရည်ရွယ်ပြီး ညောင်စောင့်နတ်က ပေါရိသာဒကို သုတသောမမင်းပါမှ ငါပူဇော်ခံမယ်လို့ ပြောခဲ့တယ်။ ရှင်သာရိပုတ္တရာက တမ္ဗဒါဌိကလူဆိုးကြီးဟာ တရားတော်ကို ဖြောင့်စွာ မနာနိုင်တာကို မြင်တဲ့အတွက် မင်းလူသတ်တာဟာ သတ်ချင်လို့သတ်တာလား ခိုင်းလို့သတ်တာလား မေးလိုက်တယ်။ လူဆိုးကြီးက သူသတ်ချင်လို့မဟုတ်၊ မင်းကခိုင်းလို့သာ သတ်ရတာပါဆိုတော့ အရှင်သာရိပုတ္တရာက ဒါဆိုရင် မင်းမှာ မပြစ်မရှိဘူးလို့ ပရိယာယ်စကားပြောလိုက်မှ စိတ်သက်သာရသွားကာ စိတ်ဖြောင့်ဖြောင့်ဖြင့် တရားနိုင်ပါ တော့တယ်။ တစ်ခါဘုရားရှင်က နန္ဒမင်းသားရဲ့တရားရရေးကို ရည်ရွယ်ပြီး နန္ဒမင်းသားအား ဒီမန္တန်ကိုရွတ်ရင် နတ်သမီးရလိမ့်မယ်လို့ ပရိယာယ်နဲ့ ပြောခဲ့ပါတယ်။



သတိပြုရမဲ့အချက်က မုသာဝါဒက အကုသိုလ်စိတ်နဲ့ဖြစ်ပေါ်လာပါတယ်။ ပရိယာယ်က အများအားဖြင့် ကိုယ်စိတ်ဖြစ်တယ် ဆိုတာပါပဲ။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



Thursday, August 25, 2011

ရဟန်းခံစဉ်မေးတဲ့အထဲမှာ အရူးရောဂါပါသလား

အမေး။ ။ ရဟန်းခံတဲ့အခါ အနာကြီးငါးမျိုးကို မေးပါတယ်။ ဒီအနာရောဂါငါးမျိုးထဲမှာ စိတ်ပေါ့သွပ်ရူးသွပ်တဲ့ရောဂါ ပါ-မပါ သိချင်ပါတယ်ဘုရား။ ပုထုဇဉ်တွေအားလုံးကို အရူးလို့ သတ်မှတ်ထားတဲ့အတွက် ဘယ်လောက်အဆင့်ထိရူးရင် ရဟန်းခံလို့မရနိုင်ဆိုတာကို သိချင်ပါတယ်ဘုရား။ စိတ္တဇရောဂါကို မြတ်ဘုရားက ဘယ်လိုသတ်မှတ်ပါသလဲဘုရား။



Dr.စမ်းစမ်းဦး

စိတ်ကျန်းမာရေးဌာန

ဆေးရုံကြီး-မြိတ်





အဖြေ။ ။ရဟန်းခံစဉ်မေးတဲ့ အနာကြီးရောဂါငါးမျိုးထဲမှာ အရူးရောဂါလဲပါဝင်ပါတယ်။ အရူးရောဂါနဲ့ပတ်သက်လို့ စာထဲပါတဲ့အရူးတွေက သည်းခြေပျက်တဲ့အရူးရောဂါ၊ ဘီလူးဖမ်းစားတဲ့အတွက် ရူးသွပ်တဲ့ရောဂါ၊ ၀က်ရူးရောဂါ၊ ကြက်ရူးရောဂါနဲ့တကွ အရူးမှန်သမျှအားလုံးကို အရူးရောဂါလို့ သတ်မှတ်ပါတယ်။



ရဟန်းခံတဲ့အခါ သတ်မှတ်ထားတဲ့အရူးရောဂါနဲ့ပတ်သက်ပြီး “အနည်းငယ်ရူးနေတဲ့ပုဂ္ဂိုလ်ကိုလဲ ရှင်မပြုပေးထိုက်”လို့ ဘုရားရှင်က မိန့်တော်မူပါတယ်။ ဘုရားရှင်ရဲ့အလိုတော်က ပရိသတ်ထဲမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသူ၊ တရားအားမထုတ်နိုင်လောက်အောင် ရောဂါဖြစ် နေသူများကို ရှင်မပြုပေးထိုက်ဘူးလို့ မိန့်တော်မူပါတယ်။ (မဟာဝါဘာသာဋီကာ၊၁၆၀)



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



အဆူဆူဗုဒ္ဓအဆုံးအမ

အမေး။ ။ အရှင်ဘုရား တပည့်တော်တို့ ရဟန်းတွေမှာ အခုအခါ သံဃဥပုသ်ပြုတဲ့အခါ ဘိက္ခုပါတိမောက်ပြရပါတယ်ဘုရား။ ဘုရားရှင်လက်ထက်တော်က ဥပုသ်ပြုတဲ့အခါ ဘုရားရှင်ကိုယ်တော်တိုင် သြ၀ါဒပါတိမောက်ဖြင့် သြ၀ါဒပေးတော်မူပြီး ဥပုသ်ပြုတော်မူကြတယ်လို့ သိရပါတယ်ဘုရား။ တပည့်တော်သိချင်တာက အဆူဆူဘုရားရှင်များ သြ၀ါဒပေးတော်မူခဲ့တဲ့ သြ၀ါဒပါတိမောက်ကို မြန်မာလို အဓိပ္ပါယ် ရှင်းရှင်းလင်းလင်း သိချင်ပါတယ်၊ အားလုံးလိုက်နာ ကျင့်သုံးနိုင်အောင် ဖြေကြားပေးတော်မူပါဘုရား။



မနွယ်နွယ်အေး

ရန်ကုန်





အဖြေ။ ။ သြ၀ါဒပါတိမောက်မှာ ဖတ်ကြည့်တဲ့အခါ သြ၀ါဒပါတိမောက်က (၁၃)ပါးရှိပါတယ်။



(၁) သည်းခံတာဟာ မြတ်တဲ့အကျင့်ဖြစ်ပါတယ်။



(၂) အမြတ်ဆုံးတရားတွေထဲမှာ နိဗ္ဗာန်က အမြတ်ဆုံးဖြစ်တယ်။



(၃) ပဗ္ဗဇ္ဇိတ ရဟန်းကောင်းတို့ရဲ့အကျင့်က သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်တာဖြစ်တယ်။



(၄) သမဏ ရဟန်းကောင်းတို့ရဲ့အကျင့်က သူတစ်ပါးကို မညှဉ်းဆဲတာဖြစ်တယ်။



(၅) မကောင်းမှုမှန်သမျှကို ရှောင်ကြဉ်ရမယ်။



(၆) ကုသိုလ်ကောင်းမှုမှန်သမျှ ပြုလုပ်ရမယ်။



(၇) မိမိစိတ်ကို အကုသိုလ်အညစ်အကြေးမရှိအောင် ဖြူစင်သန့်ရှင်းစေရမယ်။



(၈) နှုတ်နဲ့သူတစ်ပါးကို မစွပ်စွဲပါနဲ့ (မဟုတ်မမှန်လုပ်ကြံပြီး အပြစ်မဖို့ပါနဲ့)။



(၉) သူတစ်ပါးအား ကိုယ်ထိလက်ရောက် မညှဉ်းဆဲ မသတ်ဖြတ်ရဘူး။



(၁၀) ရဟန်းရဲ့ဝိနည်းသိက္ခာ၊ လူရဲ့ ငါးပါးသီလ၊ အာဇီဝဋ္ဌမကသီလ ကိုယ်ဆိုင်ရာဆိုင်ရာကို စောင့်ထိန်းရမယ်။



(၁၁) အစာအာဟာရစားတဲ့အခါ အတိုင်းအရှည်(သင့်မသင့်)ကို ချင့်ချိန်ရမယ်။



(၁၂) ဆိတ်ငြိမ်တဲ့အရပ်မှာ နေရမယ်။



(၁၃) ဈာန်မဂ်ဖိုလ်ဆိုတဲ့ စိတ်ထူးစိတ်မြတ်အတွက် ဦးစောက်ချ အားထုတ်ရမယ်တို့ ဖြစ်ကြပါတယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



လူဟာ မျောက်ကနေ ဖြစ်လာတာပါလား

အမေး။ ။ အရှင်ဘရား ကမ္ဘာဦးကာလ လူများဟာ မျောက်ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဗြဟ္မာများ စုတေပြီး ကမ္ဘာဦးကာလ လူလာဖြစ်ပုံကို ဘုရားရှင်ဟောထားတာ ဖတ်ရပါတယ်ဘုရား။ ပဋ္ဌာန်းတရားတော်မှာက လူတွေ ပဋိသန္ဓေနေပြီးမှ ဖြစ်တယ်လို့လဲ ပြောထားပါတယ်ဘုရား။ ဒါဆိုရင် ကမ္ဘာဦးအစ လူဖြစ်တာနဲ့ နောက်ပိုင်းလူဖြစ်တာ လွဲမနေဘူးလားဘုရား။ တပည့်တော် ဉာဏ်မမီတဲ့အတွက် ဖြေကြားပေးတော်မူပါဘုရား။



စောဝတ်မှုံခင်

ခေတ္တ ဂျပန်





အဖြေ။ ။ ကမ္ဘာကြီးတည်စကာလ ရသပထ၀ီ မြေဆီပေါ်ပြီးတဲ့အခါ ကမ္ဘာပျက်တုန်းက မပါခဲ့တဲ့ ဗြဟ္မာများဟာ အောက်အောက်ဗြဟ္မာ့ဘုံနတ်ဘုံများကို ရောက်ကြရပါတယ်။ အချို့ ဗြဟ္မာများဟာ လူ့ပြည်မှာ ပဋိသန္ဓေတည်ကြပါတယ်။ ကမ္ဘာဦးကလူများဟာ ဗြဟ္မာ့ပြည်ကစုတေပီး လူလာဖြစ်ကြတာပါ။ မျောက်ကနေတဆင့် လူဖြစ်လာတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဘာ့ကြောင့်ဆိုရင် သုံးဆယ့်တစ်ဘုံဘ၀သံသရာကြီးထဲ ကျင်လည်နေကြရတဲ့သူတိုင်း မဖြစ်ဖူးတဲ့ဘ၀ရယ်လို့ မရှိဘူးလို့ပါပဲ။(သဂြိုလ်ဘာသာဋီကာ-နှာ၃၂၄)



နောက်တစ်ခုက ကမ္ဘာဦးအစ ပဋိသန္ဓေနေကြတဲ့လူများနဲ့ နောက်ပိုင်း ပဋိသန္ဓေနေကြတဲ့လူများ မတူကွဲပြားပုံနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် သံသေဒဇ၊ သြပပါတိက၊ အဏ္ဍဇ၊ ဇလာဗုဇဆိုပြီးပဋိသန္ဓေလေးမျိုး ရှိပါတယ်။ (သုတ်ပါထေယျ၊သံဂီတိသုတ်ဋီကာ)



(က) သံသေဒဇပဋိသန္ဓေ ပဒုမ္မာကြာတိုက်၊ ကိုယ်ဝန်အညစ်အကြေး၊ ပန်းမှိုက်ပုပ်၊ ငါးပုပ်၊ရေပုပ်၊ မစင်ပုပ်စတဲ့ စိုစွတ်တဲ့နေရာအရပ်မှာ ဖြစ်တဲ့သတ္တ၀ါများဟာ သံသေဒဇပဋိသန္ဓေလို့ ခေါ်ပါတယ်။ ပဒုမာကြာမှာ ပဋိသန္ဓေတည်တဲ့ ပဒုမ၀တီမိဖုရားနဲ့ပေါက္ခရသာတိပုဏ္ဏား၊ ၀ါးလုံးခေါင်းမှာ ပဋိသန္ဓေနေတဲ့ ဝေဠုဝတီမိဖုရား၊ ပဒုမ၀တီရဲ့ သားတော် ၄၉၉ယောက်ဟာ ပဒုမ၀တီမိဖုရားရဲ့ကိုယ်ဝန်အညစ်အကြေးကြောင့် ဖြစ်တယ်။ ဒါတွေဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။



(ခ) သြပပါတိက ဘ၀ဟောင်းမှ ခုန်လွှားကျရောက်လာသလို လူ့ဘ၀မှာ ဘွားကနဲ ဖြစ်ပေါ်လာတာဟာ “သြပပါတိကပဋိသန္ဓေ”လို့ခေါ်ပါတယ်။ သြပပါတိက ပဋိသန္ဓေနေကြတဲ့သူများက ငရဲသား၊ ပြိတ္တာ၊ တိရစ္ဆာန်အချို့၊ ကမ္ဘာဦးကလူများနဲ့ နတ်ဗြဟ္မာများ ဖြစ်ပါတယ်။



(ဂ) အဏ္ဍဇပဋိသန္ဓေ ဥခွံအတွင်းမှာ ပဋိသန္ဓေနေတာကို အဏ္ဍဇပဋိသန္ဓေလို့ခေါ်ပါတယ်။ ငှက်အမျိုးမျိုး၊ မြွေ၊ လိပ်၊ ငါးစတဲ့ သတ္တ၀ါများဟာ ဥခွံအတွင်း ပဋိသန္ဓေ နေကြတဲ့သတ္တ၀ါများ ဖြစ်ပါတယ်။



(ဃ) ဇလာဗုဇသားအိမ်မှ ဖြစ်တာကို ဇလာဗုဇ ပဋိသန္ဓေ လို့ခေါ်ပါတယ်။ လူ၊ ဆင်၊ မြင်း၊ ခွေး စတဲ့ သတ္တ၀ါများဖြစ်တယ်။ ဆိုခဲ့တဲ့ပဋိသန္ဓေများအနက် လူများဟာ သံသေဒဇ၊ သြပပါတိက၊ ဇလာဗုဇများမှာ ပဋိသန္ဓေ ဖြစ်နိုင်ပါတယ်။ ကမ္ဘာဦးလူများရဲ့ပဋိသန္ဓေက ဘွားကနဲဖြစ်ပေါ်လာရတဲ့ သြပပါတိကပဋိသန္ဓေဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ အမိဝမ်းတွင်းပဋိသန္ဓေနေရတဲ့ ဇလာဗုဇ ပဋိသန္ဓေဖြစ်ပါတယ်ဆိုတာ ဖြေကြားပေးလိုက်ရပါတယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



စာရေးသူဆောင်းပါးပါသော ဂျာနယ်အသစ်

ဒါကတော့ စာရေးသူရဲ့ အတုယူမမှားစေဖို့ အမည်ရှိသော ဆောင်းပါးပါတဲ့ ဂျာနယ်လေးပါ။ ဒီမှာ ဒေါင်းလော့ယူပြီး ဖတ်ယူနိုင်ကြပါတယ်။ http://www.mediafire.com/?2yb512g1kvnx459



စာရေးသူဆောင်းပါးပါသော ဂျာနယ်အားလုံးကို ဒေါင်းလော့ယူချင်ရင်တော့ ဒီနေရာမှာhttp://www.mediafire.com/myfiles.php ဒေါင်းယူလို့ ရပါတယ်။



ဘ၀ကိုကျော်ဖြတ်တဲ့အခါ မိမိကိုယ်ဘယ်လိုသုံးသပ်မလဲ

အမေး။ ။ အရှင်ဘုရား တပည့်တော်အလုပ်တစ်ခု လုပ်တာနဲ့ပတ်သက်ပြီး အချို့လူတွေက မှားတယ်ဆိုပြီး ကဲ့ရဲ့ကြတာရှိသလို၊ မှန်တယ်ဆိုပြီး အားပေးလာတဲ့သူလဲ ရှိပါတယ်ဘုရား။ ဒီလိုအခါမျိုးမှာ တပည့်တော်ဘ၀အတွက် ဘယ်လိုနှလုံးသွင်းရမလဲ၊ ဘယ်လိုသုံးသပ်ရမလဲဆိုတာ အဖြေပေးပါဘုရား။



မနွယ်နွယ်အေး

ရန်ကုန်





အဖြေ။ ။ ဘ၀မှာ တစ်ခါတစ်ရံ မထင်မှတ်တဲ့အမှားများ လုပ်မိတတ်တာရှိသလို အမှန်ကို လုပ်မိတာလဲ ရှိပါတယ်။ ကိုယ်လုပ်တဲ့အလုပ်အတွက် ပတ်ဝန်းကျင်က အမှား-အမှန်ဝေဖန်လာတာထက် မိမိကိုယ်တိုင်က အမှား အမှန်သိဖို့ အရေးကြီးပါတယ်။ ဒီအတွက် ရှေးသူတော်ကောင်းများ သုံးသပ်နည်းဆိုတာ ရှိပါတယ်။



(၁) ငါဟာ ဘယ်သူလဲ ဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးရပါ့မယ်။ ငါဟာ လူလား ၊ ရဟန်းလား၊ လူပျိုလား၊ အိမ်ထောင်ရှင်လား၊ လူကြီးလား၊ လူငယ်လား စသဖြင့် မိမိကိုယ်ကို ပြန်မေးရပါ့မယ်။



(၂) ငါ အခု ဘာလုပ်နေလဲဆိုတာ သုံးသပ်ရပါ့မယ်။ ငါအခုလုပ်နေတဲ့အလုပ်ဟာ ဘာအလုပ်လဲ ဆိုတာကို ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ပတ်သက်ပြီး သုံးသပ်ရမယ်။



(၃) ငါ လုပ်တာ မှန်သလား မှားသလားဆိုတာကို ကိုယ့်ကိုယ်ကို မလိမ်ဘဲ အမှန်အတိုင်း သုံးသပ်ရမယ်။



ဒီအချက်သုံးချက်ဟာ ရှေးရှေးဘုရားလောင်း သူတော်ကောင်းတို့ သုံးသပ်တဲ့နည်းဖြစ်တယ်။ ပိုပြီးရှင်းလင်သွားအောင် ပြောရမယ်ဆိုရင် ဘုရားအလောင်းတော် ဝေဿန္တရာမင်းဘ၀ ဖြစ်စဉ်တုန်းက သူဟာ တိုင်းပြည်ရဲ့ ရတနာတစ်ခုဖြစ်တဲ့ ဆင်ဖြူတော်ကို အလှူခံပုဂ္ဂိုလ်အား လှူဒါန်းလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းသူပြည်သားတွေက ဝေဿန္တရာမင်းကို တိုင်းပြည်က နှင်ထုတ်စေချင်ကြတယ်။



ဒါနဲ့ပတ်သက်ပြီး ဝေဿန္တရာမင်းဟာ သူ့ရဲ့လုပ်ရပ် အမှားအမှန်ကို ပြန်လည်သုံးသပ်ပါတယ်။ ငါဟာဘယ်သူလဲ၊ ငါဟာ ဝေဿန္တရာမင်းဖြစ်တယ်။ ငါ ဘာလုပ်လိုက်လဲ၊ ငါပိုင်ဥစ္စာဖြစ်တဲ့ ဆင်ဖြူတော်ကို သဗ္ဗညုတဉာဏ်တော်အတွက် အထောက်အပံ့ဖြစ်အောင် လှူဒါန်းလိုက်တယ်။ ငါ လုပ်ရပ်ဟာ မှန်သလား၊ ငါလုပ်ရပ်ဟာ မှန်တယ်။ ဒါကြောင့် တိုင်းသူပြည်သားများ နှင်ထုတ်လို့ တိုင်းပြည်က ထွက်သွားရတယ်ဆိုပေမဲ့ “ငါ့လုပ်ရပ်ဟာ မှန်နေတဲ့အတွက် အသက်ရှင်နေသ၍ ဘုရားဖြစ်ဖို့အတွက် လှူဒါန်းရအုံးမှာပဲ”လို့ ဆုံးဖြတ်ချက်ကို ပိုင်နိုင်စွာချပြီး ဆက်လက်လှူဒါန်းသွားပါတယ်။စာချစ်သူများ မိမိဘ၀ကို ပိုင်နိုင်ရဲရင့်စွာ သုံးသပ်နိုင်တဲ့သူများဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ (မဟာသုတဒီပနီ)



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ





ဆောက်တည်ထားတဲ့သီလ ဘယ်ခါပျက်ပါလဲ

အမေး။ ။ ဆရာတော်ဘုရား ရှစ်ပါးသီလယူပြီး ဥပုသ်စောင့်ထားသူဟာ နောက်နေ့နံနက် အရုဏ်တက်ပြီးတဲ့အခါ ရှစ်ပါးသီလက ကိုယ့်မှာဆက်လက်ပြီး ရှိနေပါသေးလားဘုရား။ အလိုလိုပျောက်သွားသလားဘုရား၊ ဒါမှမဟုတ် ရှစ်ပါးသီလပျက်သွားအောင် ငါးပါးသီလ ပြန်ဆောက်တည်စရာ လိုပါသေးသလားဘုရား။



ရဲလင်း

သထုံ





အဖြေ။ ။ ရှစ်ပါးသီလစောင့်ထိန်းတဲ့အခါ ကာလပရိယန္တ–ဘယ်အချိန်အထိ စောင့်ထိန်းပါ့မယ်ဆိုပြီး ကာလအပိုင်းအခြားနဲ့ သီလဆောက်တည်မယ်ဆိုရင် ဆောက်တည်တဲ့အချိန်ကနေ ရည်မှန်းထားတဲ့အချိန်အထိ သီလရှိနေပြီး ထိုထက်လွန်သွားရင် သီလပျက်ပါတော့တယ်။ ဆိုလိုတာက သီလကို နောက်တစ်ရက် (၆)နာရီအထိစောင့်ထိန်းမယ်လို့ ဆောက်တည်ထားရင် ထို(၆)နာရီအထိသာ သီလရှိပြီး (၆)နာရီထက်လွန်သွားရင် သီလပျက်ပြီး ဖြစ်တော့တယ်။ ဒါမှမဟုတ် ကာလအပိုင်းအခြားနဲ့မဆောက်တည်ဘဲ သာမန်ဆောက်တည်ထားရင်တော့ ငါးပါးသီလ ဆောက်တည်လိုက်တဲ့အချိန်မှာ ရှစ်ပါးသီလ ပျက်ပီးဖြစ်တော့တယ်။



သီလဆောက်တည်တာနဲ့ပတ်သက်ပြီး ဗဟုသုတအနေနဲ့ ပြောချင်ပါသေးတယ်။ သီလဆောက်တည်တဲ့အခါ “ငါးပါး-ရှစ်ပါးသီလဆောက်တည်ပါ၏”လို့ သီလကို အတိုဆောက်တည်ထားမယ်ဆိုပါစို့။ သီလဆောက်တည်သူဟာ သီလထဲက တစ်ပါးပါးပျက်သွားပြီဆိုရင် ငါးပါး-ရှစ်ပါး အားလုံးပျက်သွားပါတယ်။ ငါးပါး-ရှစ်ပါးသီလကို အစဉ်အတိုင်း အပြည့်အစုံဆောက်တည်ထားရင်တော့ တစ်ပါးပျက်လို့လဲ အားလုံးမပျက်ပါဘူး။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ





Wednesday, August 24, 2011

လူထွက်တဲ့အခါ ဆံပင်ပြန်ရိတ်ရမှာလား

အမေး။ ။ အရှင်ဘုရား ရဟန်းသိက္ခာချပြီး လူထွက်လို့ လူ့ဘ၀ရောက်လာတဲ့အခါ ခေါင်းပြန်ရိတ်ဖို့ လိုသေးလားဘုရား။ တပည့်တော်မှာ ကိစ္စတစ်ခုကြောင့် ဆံပင်ကို ပြန်မရိတ်ချင် ဖြစ်နေပါတယ်။ တပည့်တော်ရဲ့ အဒေါ်ဖြစ်သူက လူထွက်လာတဲ့အခါ ဆံပင်ပြန်ရိတ်ရတယ်။ ပြန်မရိတ်ရင် ငရဲကြီးတတ်တယ်လို့ပြောပါတယ်။ ဒါကြောင့် ဆံပင်ပြန်ရိတ်သင့် မရိတ်သင့်ဆိုတာကို ဖြေကြားပေးစေချင်ပါတယ်ဘုရား။



ကိုစံမင်းအောင်

တိုက်ကြီး





အဖြေ။ ။ ဒါနဲ့ပတ်သက်ပြီး “ဘုန်းကြီးလူထွက်ပြီးရင် ဘုန်းကြီးဘ၀ကပါလာတဲ့ ဆံပင်ဖြစ်တဲ့အတွက် ရိတ်ရမယ်။ မရိတ်ရင် ငရဲကြီးတတ်တယ်လို့ စာရေးသူတို့ငယ်စဉ်က လူကြီးတွေ ပြောတာကြားခဲ့ပါတယ်။ ဒါကြောင့်စာရေးသူလဲ ငယ်စဉ်က လူထွက်ပီးတဲ့အခါ ပြန်ပြီးဆံပင်ရိတ်ခဲ့ပါတယ်။ တကယ်ကတော့ လူထွက်ပြီးတဲ့အခါ ဆံပင်ရိတ်တာနဲ့ မရိတ်တာက အဓိကမကျပါဘူး။ လူထွက်တဲ့ပုဂ္ဂိုလ်ရဲ့ အကျင့်သီလကသာ အဓိကဖြစ်ပါတယ်။ လူထွက်ပြီး ဆံပင်တော့ရိတ်ပါရဲ့ ငါးပါးသီလတောင်မှ မစောင့်ထိန်းဘူးဆိုရင် ဆံပင်ဘယ်လောက်ပဲ ရိတ်ပါစေ ငရဲကျမှာပါ။ ဒီအဖြေနဲ့ပတ်သက်ပြီး ရုပ်ဝတ္ထုပစ္စည်းက အဓိကမဟုတ်၊ ကိုယ်ကျင့်တရားသာအဓိက၊ ကုသိုလ်ရရေးသာအဓိကဖြစ်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



ပရိတ်အစွမ်းထက်ခြင်း

အမေး။ ။ ဆရာတော်ဘုရား တစ်နာရီအတွင်းမှာပဲ ပရိတ်ကြီး(၁၁)သုတ်လုံးရွတ်တာနဲ့ ပရိတ်ကြီး(၁၁)သုတ်ထဲမှ တစ်သုတ်သုတ်ကို တစ်နာရီလုံးရွတ်တဲ့အနက် ဘယ်ဟာက ပိုအစွမ်းထက်ပါလဲဆိုတာ အဖြေပေးတော်မူပါဘုရား။



ရှင်သန့်

ရေနီ





အဖြေ။ ။ ပရိတ်အစွမ်းထက်ဖို့အတွက် အခေါက်ရေများများ ရွတ်ဖတ်တာ အဓိကမဟုတ်ပါဘူး။ ပရိတ်ရွတ်ဖတ်သူနဲ့ နာယူသူတို့ရဲ့အင်္ဂါပြည့်စုံရင် အစွမ်းထက်ပါတယ်။ ပရိတ်ရွတ်ဖတ်သူက ပုဒ်ပါဌ်အက္ခရာကို မှန်မှန်ကန်ကန် ရွတ်တတ်ရမယ်။ ပရိတ်ရဲ့အနက်အဓိပါယ်ကို ကောင်းကောင်းနားလည်ရမယ်။ ပရိတ်နာတဲ့သူအပေါ်မှာ သနားတဲ့ ကရုဏာစိတ်၊ အကျိုးလိုလားတဲ့မေတ္တာစိတ် ထားရမယ်။



နာယူသူရဲ့အင်္ဂါက ကံကြီးထိုက်နေရင် နာယူသူကို ပရိတ်က မစောင့်ရှောက်ဘူး။ နာယူတဲ့သူက မိစ္ဆာဒိဋ္ဌိ အယူမှားနေရင်လဲ ပရိတ်က မစောင့်ရှောက်ဘူး။ နာယူသူက ပရိတ်ကို မယုံပြန်ဘူးဆိုရင်လဲ ပရိတ်ကမစောင့်ရှောက်ဘူး။ ဒါကြောင့် နာယူသူက ကံကြီးထိုက်တာမရှိဘူး၊ အယူမှန်နေမယ်။ ပရိတ်ကို ယုံကြည်မယ်ဆိုရင် နာယူသူရဲ့အင်္ဂါပြည့်စုံပြီလို့ ဆိုရမယ်။ ဒီလိုပါပဲ ပရိတ်နာယူသူနဲ့ ရွတ်ဖတ်သူတို့ရဲ့အင်္ဂါပြည့်စုံမယ်ဆိုရင် ပရိတ်က အစွမ်းထက်မယ်ဆိုတာ ဖြေကြားပေးလိုက်ရပါတယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

ရဟန်းတော်များ အင်တာနက်သုံး ရ-မရ

အမေး။ ။ အရှင်ဘုရား ရဟန်းသံဃာတော်များ အင်တာနက်သုံးတာ ပိတ်ပင်တားဆီးခြင်း ရှိပါသလား၊ ရဟန်းတော်များ အင်တာနက်သုံးမယ်ဆိုရင် ဘယ်လို အကျိုးအပြစ်များ ရနိုင်တယ်ဆိုတာ ဖြေကြားပေးစေလိုပါ တယ်ဘုရား။



သဇင်ကျော်

ရှရှား





အဖြေ။ ။ လောလောဆယ်မှာတော့ ရဟန်းတော်များ အင်တာနက်သုံးတာ ပိတ်ပင်တားဆီးခြင်း မရှိသေးပါဘူး။ ရဟန်းတော်များ အင်တာနက်သုံးတာနဲ့ပတ်သက်ပြီး ပြောရရင် နေရာအတော်များများမှာ အကောင်းနဲ့အဆိုး ဒွန်တွဲလျက် ရှိနေပါတယ်။ အင်တာနက်စာမျက်နှာများမှာလဲ ရဟန်းတော်များ ကြည့်သင့်တဲ့အရာများရှိသလို မကြည့်သင့်တဲ့အရာများလဲရှိပါတယ်။



အင်တာနက်သုံးတဲ့နေရာမှာ လမ်းကြောင်းမှန်ကန်မယ်ဆိုရင်တော့ သုံးသင့်တယ်လို့ပြောရမယ်။ တကယ်လို့ လမ်းကြောင်း မမှန်ဘူးဆိုရင်တော့ မသုံးသင့်ဘူးလို့ပဲ ပြောပါရစေ။ ဆိုရေးရှိက ဆိုအပ်စွဆိုတာလို ရဟန်းတော်များ တီဗွီကြည့်တာနဲ့ပတ်သက်ပြီး လူမြင်ကွင်းမှာမကြည့်ဘဲ ကိုယ့်အခန်းထဲမှပဲ ရဟန်းတော်များနဲ့ သင့်တော်တဲ့အကြောင်းအရာတွေ ကြည့်မယ်ဆိုရင် ကြည့်နိုင်ပါတယ်လို့ တည်တောရဆရာတော်က “ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ”ဆိုတဲ့စာအုပ်မှာ အကျယ်တ၀င့် ရှင်းလင်းရေးသားထားတာ ဖတ်လိုက်ရပါတယ်။



ဒီလိုပါပဲ ရဟန်းတော်များ အင်တာနက်သုံးတဲ့နေရာမှာ ဘုရားရှင်ရဲ့ တရားတော်များ ကမ္ဘာပြန့်စေဖို့ဆိုတဲ့ မွန်မြတ်တဲ့ရည်ရွယ်ချက်နဲ့ အသုံးပြုတယ်ဆိုရင် အသုံးပြုတိုင်းမှာ ကုသိုလ်ရနေပါတယ်။ ပညာဗဟုသုတဆည်းပူးဖို့ ရည်ရွယ်ချက်နဲ့အသုံးပြုရင် ပညာဗဟုသုတ တိုးပွားတဲ့အကျိုး ရရှိပါတယ်။ ဒီလိုမှမဟုတ်ဘဲ မသင့်တော်တဲ့ ၀က်ဘ်ဆိုက်တွေကို ကြည့်ဖို့ အသုံးပြုမယ်ဆိုရင်တော့ ကိလေသာတွေတိုးပွားပြီး အကုသိုလ်တွေပဲ များလာတော့မှာပါ။ နောင်အခါ သာသနာတော်မှာ မပျော်ပိုက် ဖြစ်သွားတတ်ပါတယ်။





ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



ရသေ့ကို ဖျက်ဆီးသော သိကြားမင်း

ဘုန်းဘုန်းဘုရား တပည့်တော် စိတ်ထဲမှာ သိလိုတာလေးတစ်ခု ရှိလာပါတယ် အဲဒါလေးကို မေးခွင့်ပြုပါဘုရား။ "ဣသိသိင်္ဂရသေ့ဟာ ရရှိထားသော ဈာန်ကိုကစားရင်း ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်လေရာ သိကြားမင်း၏ ဗိမာန်ပင် တုန်လှုပ်လေ၏။ သိကြားမင်းသည် စုံစမ်းဆင်ခြင်၍ ထိုရသေ့၏ သီလတန်ခိုးကြောင့် တုန်လှုပ်ခြင်းဖြစ်ကြောင်းသိသဖြင့် `ငါ့နေရာကို လိုချင်လို့များလား´ဟု ယုံမှားသံသယဖြင့် ကြောက်ရွံလှသဖြင့် အလမ္ဗုသာမည်သော နတ်သမီးကို စေလွှတ်၍ ထိုဣသိသိင်္ဂရသေ့၏ သီလကို ဖျက်ဆီးလေ၏။"

သိကြားမင်းသည် ရသေ့၏သီလကို နတ်သမီးအား စေလွှတ်ပြီးတော့ ရသေ့၏သီလကို ဖျက်ဆီးစေခဲ့ပါတယ်။ အဲဒီ့လို ရသေ့သီလကိုဖျက်ဆီးသော သိကြားမင်းက ငရဲကျလားဆိုတာကို သိလိုပါတယ်ဘုရား။

တပည့်တော်စာတွင် အမှားယွင်းပါရှိခဲ့လျှင် ရှိခိုးကန်တော့ တောင်းပန်ပါတယ်ဘုရား။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများ ကိုဦးထိပ်ပန် ကန်တော့လျှက်



ဒကာ ဟိန်းထွန်းစိုး





ဖြေ။ ။ အထက်ပါမေးခွန်းကို မေးလ်ပို့ပြီး မေးမြန်းထားတာ ကြာပါပြီ။ သို့ပါသော်လည်း အကြောင်းကြောင်းတွေကြောင့် အချိန်တွေ ကြန့်ကြာနေခဲ့ပါတယ်၊ ဘာသာရေးကို စိတ်ဝင်စားကြတဲ့ လူငယ်လူရွယ်လေးတွေ များပြားလာတာကို တွေ့ရတဲ့အတွက် စိတ်ထဲမှာလည်း ပီတိဖြစ်မိတယ်။ ဒါကြောင့်လဲ စာရေးသူဟာ လူငယ်လူရွယ် မျိုးဆက်သစ်လေးတွေ ဘာသာရေးနဲ့ မစိမ်းအောင် သူတို့စိတ်ဝင်စားမဲ့အကြောင်းအရာလေးတွေကို အလျင်းသင့်လျင် သင့်သလို ရေးသားလေ့ရှိခဲ့တယ်၊ အထက်ပါ မေးခွန်းအရ တိုတိုနဲ့လိုရင်းဖြေဆိုရရင် သိကြားမင်းဟာ အဲဒီ သိကြားမင်းဘ၀နဲ့ သောတာပန်ဖြစ်သွားတာကြောင့် သောတာပတ္တိမဂ်က လုပ်ခဲ့ဖူးသမျှ အကုသိုလ်ကို ပယ်သတ်ကာ အနိုင်ယူလိုက်တဲ့အတွက် ငရဲမကျတော့ဘူးလို့လွယ်လွယ် မှတ်သားနိုင်ပါတယ်၊ သို့သော်လည်း သူ့နောက်ကွယ်မှာ နက်နဲတဲ့ သမိုင်းကြောင်းတွေ ရှိနေခဲ့တယ်ဆိုတာကို သိရမှ ဒီအဖြေကို လက်ခံနိင်လိမ့်မယ်။



အခုလူ့လောကမှာ မေးနေကြတယ်၊ အကုသိုလ်တွေ နှစ်ပေါင်းများစွာလုပ်ပြီး အသက်မွေးဝမ်းကျောင်း စီးပွားရေးလုပ်နေသော်လည်း ဆက်လက်ကြီးပွားနေကြတယ်၊ အကုသိုလ်က သူတို့ကို အကျိုးမပေးဘူးလား၊ ဒဏ်မခတ်ဘူးလားတဲ့။ ကံ ကံရဲ့ သဘောအရ ဆိုလျင်တော့ သူတို့ အကုသိုလ်တွေဟာ ဒီဘ၀မှာ အကျိုးမပေးရင်တောင် နိဗ္ဗာန်မရောက်ခင် ဘ၀တွေအကြား ဘ၀တစ်ခုမှာ အကုသိုလ်အကျိုးကို ခံစားရမှာပါ၊ ယခုဘ၀ ချမ်းသာပြည့်စုံနေတာ အရင်ဘ၀တွေက ဒါနအကျိုးပေးတွေ မကုန်သေးလို့ပဲ ဖြစ်ပါတယ်။



သိကြားမင်းဆိုတာကလဲ ဟို(၅၅၀)ဇာတ်တော်တွေမှာလာတဲ့ သာသနာပကာလ သိကြားမင်းတွေလဲ အများကြီးရှိတယ်။ ဒီသိကြားမင်းကတော့ တို့ဂေါတမဗုဒ္ဓဘုရားမပွင့်ခင် မဂဓတိုင်း မစလရွာမှာ ရပ်ရွာကောင်းကျိုး သယ်ပိုးပြီး သူငယ်ချင်းတွေ အုပ်စုလိုက် နတ်ပြည်ရောက်သွားတဲ့ သူပါ၊ အဲဒီထဲမှာ ခေါင်းဆောင်နာမည်က ကိုမာဃလို့ ခေါ်တယ်။ အခု ဒီသိကြားမင်းကိုလဲ ကိုမာဃ သိကြားမင်းလို့ အလွယ်မှတ်နိုင်ပါတယ်၊



အခု သိကြားမင်းဟာ ရသေ့သီလကို ဖျက်ဆီး(ပျက်စီး)စေတာ မှန်သော်လည်း ဒီအဖြစ်အပျက်က ဘုရားမပွင့်ခင် သာသနာပကာလမှာ ဖြစ်ခဲ့တာပါ။ ဗုဒ္ဓစာပေတွေမှာ သက္ကပဥှသုတ္တန်ဆိုတာ ရှိတယ်၊ သိကြားမင်းက သူသိလိုတဲ့ မေးခွန်းတွေကို တန်းစီပြီး ဘုရားရှင်ကို မေးမြန်းထားတာကို မြတ်စွာဘုရားကလဲ အကျယ်တ၀င့် ဖြေဆိုဟောကြားပေးလိုက်တယ်။ တရားတော် အဆုံးမှာ သိကြားမင်းဟာ သောတာပန် ဖြစ်သွားတယ်။ တစ်ဆက်တည်းမှာ ထူးဆန်းအံ့သြစရာ ကောင်းတာ က သောတာပန်လဲဖြစ်ပြီးရော သိကြားမင်းဟာ ဘုရားရှင်ရှေ့မှာတင် စုတေသွားတယ်။ စုတေပြီး ဘွားကနဲ ခန္ဓာကိုယ်အသစ် ချက်ချင်းဖြစ်လာတယ်။ နောက်ကပါလာတဲ့ နတ်သား နတ်သမီးတွေ တစ်ယောက်မှ မသိလိုက်ဘူး၊ သိကြားမင်းကိုယ်တိုင်နဲ့ ဘုရားရှင်ပဲ သိလိုက်တယ်။



ဗဟုသုတအဖြစ်သိနိုင်တာက ဖယောင်းတိုင် ဆီမီးတိုင်များကုန်သွားရင် ဘာမှမကျန်ခဲ့သလိုပဲ။ နတ်တွေဗြဟ္မာတွေ သေပြီဆိုရင် လူတွေသေသလို ခန္ဓာကိုယ် မကျန်ရစ်ဘူး။ ဖျတ်ကနဲ့ ပျောက်သွားတယ်။ အခု သိကြားမင်းလဲ နောက်တကြိမ် သိကြားထပ်ဖြစ်တာဆိုတော့ ခန္ဓာကိုယ်က ဘွားကနဲ ပေါ်လာတာပေါ့၊ အဲဒီလို သောတာပန်လဲဖြစ်၊ ခန္ဓာကိုယ်အသစ် ဘ၀အသစ်လဲ ရလိုက်တယ်ဆိုတော့ သိကြားမင်းဟာ သိပ်ပြီးပျော်လွန်းလို့ ၀မ်းသာအားရ ဘုရားရှင်ကို လျောက်ထားတဲ့ စကားတွေ အများကြီးရှိခဲ့တယ်။



တပည့်တော် သိကြားမင်း တော်တော်အလုပ်များပါတယ်။ ဒါကြောင့် အရှင်ဘုရားဆီကို ခဏတိုင်း လာရောက် မဖူမျှော်နိုင်ခဲ့ဘူး။ အခုတော့ လာဖူးရကျိုး နပ်ပါပြီ။ နောက်ဘ၀သစ်ကိုလဲ ရလိုက်ပါပြီဆိုပြီး လျောက်ထားတယ်။ ဘာကြောင့် သိကြားမင်း အလုပ်များသလဲလို့ဆိုရင် ကာမဂုဏ်အာရုံတွေ ခံစားတာသက်သက်မဟုတ်ပဲ အခြားသော နတ်သားနတ်သမီးတွေရဲ့ အခက်အခဲတွေကိုလဲ ဖြေရှင်းပေးရသတဲ့။



ဥပမာ တစ်ချို့နတ်သား နတ်သမီးတွေက ဘွားကနဲ့ နတ်ပြည်မှာ ဗိမာန်နှစ်ခုအကြား လာဖြစ်ရင် နတ်သားတွေက သူယူမယ် ငါယူမယ် လုနေကြတော့ အဲဒီပြဿနာတွေကို သိကြားမင်းက ဒိုင်ခံဖြေရှင်း ပေးရတယ်။ နီးတဲ့ဗိမာန်ပိုင်ရှင် နတ်သားပိုင်စေပေါ့။ ဒီအကြောင်းတွေကို လင်္ကာလေးတွေနဲ့ အလွယ်မှတ်နိုင်ပါတယ်။



နတ်သမီး ခွဲတမ်း ဥပဒေ



ရင်ခွင်ထက်တွင်၊ ဖြစ်ပေါ်လျင်၊ ခေါ်တွင် သားနှင့် သမီး၊



အဓိပ္ပါယ်က ဗိမာန်ပိုင်ရှင် နတ်သားရဲ့ ရင်ခွင်ထဲမှာ ဘွားကနဲပေါ်လာရင် နတ်သားရဲ့ သား သမီးတွေပါတဲ့။



အိပ်ယာထက်တွင်၊ ဖြစ်ပေါ်လျင်၊ ခေါ်တွင် ပါဒပရိစာရိက။



နတ်သားရဲ့ အိပ်ယာပေါ် လာဖြစ်ရင်တော့ မိဖုရားအနေနဲ့ သိမ်းပိုက်နိုင်ပါတယ်။



အိပ်ယာဘေးမှာ၊ ဖြစ်ပေါ်လာ၊ မှတ်ပါ အထိန်းတော်ဘ၀။



အိပ်ရာပတ်ပတ်လည်မှာ တဦးတည်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေပေါ်လာရင် မိဖုရားရဲ့ အထိန်းတော်တဲ့၊ အခုခေတ်လို ပြောရရင် ငယ်ကျွန် အိပ်ဖော်လို့ပဲ ပြောရမယ်။



ဗိမာန်အတွင်းမှာ၊ ဖြစ်ပေါ်က ၊ မှတ်ကြ အလုပ်သမား။



နတ်သားရဲ့ ဗိမာန်ထဲ တနေရာရာမှာဖြစ်လျင် အလုပ်သမား၊ အခြံအရံတွေပါတဲ့။



ဗိမာန်နှစ်ခုကြားဖြစ်၊ တရားစစ်။



နီးရာဘက် ၊ ပိုင်စေ ၊ ဆုံးဖြတ်ပေ။



မျက်နှာမူရာ၊ ပိုင်ဆိုင်ပါ၊



အနီး အဝေး၊ အကွာအဝေးက တူညီနေလျင် နတ်သမီး မျက်နှာမူထားရာ အရပ်က ဗိမာန်ရှင် နတ်သားကိုပေးဖို့ ဆုံးဖြတ်ပေးတယ်။



မဝေလောက်က ၊ ဆရာ ကောက်ရ။



ဟိုဘက် ဒီဘက် ဘာမှချိန်ညှိလို့မရရင် တရားသူကြီး သိကြားမင်းက တော်ကောက်တယ်လို့ စာပေများမှာ ဆိုပါတယ်။ ဒါကြောင့် အလုပ်ရှုတ်တယ် ဘုရားဖူးကို အမြဲမလာနိုင်တာလို့ သိရတယ်။



ဘုံစဉ်စံ သောတာပန်များ



သိကြားမင်းဟာ ဟောဒီသုတ္တန်အဆုံးမှာ သောတာပန်ဖြစ်လို့ တော်သေးတယ်။ စာပေတွေမှာတော့ တော်တော်အပျော်အပါးမက်ကြောင်း၊ ၀ဋဇ္ဈာသယ၊ ၀ဋာဘိရတလို့ ဖွင့်ဆိုကြတယ်၊ သိကြားမင်းရယ်၊ သာဝတ္ထိကဇေတ၀န်ကျောင်ဒကာ အနာထပိဏ်သူဌေးကြီးရယ်၊ ပုဗ္ဗာရုံကျောင်းအမကြီး ၀ိသာခါတို့ဟာ သတ္တက္ခတ္တု ပရမ သောတာပန်အဖြစ်နဲ့ နောက်ထပ် လူ့ပြည်နဲ့ နတ်ပြည်တို့မှာ (၆)ဘ၀တိတိ ကျင်လည်ပြီး လူ့စည်းစိမ် နတ်စည်းစိမ်တွေကို ခံစားပြီးရင် နောက်ဆုံးဘ၀မှာ အနာဂါမ်အဖြစ်နဲ့ သုဒ္ဓါဝါသ ဗြဟ္မာ့ပြည် ပထမထပ် အ၀ိဟာဘုံမှာ သက်တမ်းပြည့် ကပ်ပေါင်း တစ်ထောင်ခံစားအုံးမယ်။



နောက်ထပ် ဒုတိယ အတပ္ပါဘုံမှာ သက်တမ်းပြည့် ကပ်ပေါင်း နှစ်ထောင်၊ သုဒဿာဘုံမှာ သက်တမ်း ဆတိုးတက်ကာ ကပ်ပေါင်း လေးထောင်၊ သုဒဿီဘုံမှာ ကပ်ပေါင်း (၈)ထောင်၊ နောက်ဆုံး အကနိဋ္ဌဘုံမှာ ကပ်ပေါင်း (၁၆၀၀၀)ထောင်တိတိ နေရပါမယ်။ စုစုပေါင်း ကပ်ပေါင်း (၃,၁၀၀၀) သုံးသောင်း တစ်ထောင်သက်တမ်း နေကြရအုံးမယ်။ နားလည်လွယ်အောင် ပြောရရင် နောက်ထပ် ဘုရားရှင်တွေအဆူဆူ ပွင့်တာတောင်မှ သူတို့ဟာ ရဟန္တာမဖြစ်သေးဘူး၊ နိဗ္ဗာန်မ၀င်နိုင်သေးဘူးပေါ့။ ဒါကို သတိထားရပါမယ်။



ပြည့်စုံလွန်းရင် လက်မလွှတ်ချင်တာ လူ့သဘာဝ



အခု လူ့ဘ၀မှာ လူသားတွေတောင်မှ ကိုယ့်နေရာ၊ ရရှိပြီးသား ရာထူးအာဏာ စည်းစိမ်ဥစ္စာ၊ ဂုဏ်ဒြပ်တွေကို များပြားအောင် အထက်တက်နိုင်အောင်ပဲ ကြိုးစားနေကြတယ်၊ အကြောင်းတိုက်ဆိုင်လာလို့ လုယူမယ့်သူ ရှိရင်တောင် အသက်အိုးအိမ် စည်းစိမ်ဥစ္စာနဲ့ မိသားစုမပြိုကွဲဖို့ နည်းမျိုးစုံသုံးပြီး ကာကွယ်လေ့ရှိကြတယ်။ နောက်ဆုံး အသက်တောင် အသေခံပြီး ကာကွယ်နေကြတယ်၊ ဒါကြောင့် လူသားတွေရဲ့စိတ်ဟာ ပြည့်စုံလွန်းနေရင် ဘ၀မှာ မသေချင်ကြသေးဘူး၊ တစ်ချို့များဆို ဒီဘ၀မှာပဲ ပျော်ပျော်ပါးပါး နေချင်သေးတယ်။ နိဗ္ဗာန် မ၀င်ချင်သေးဘူးလို့ဆိုတဲ့သူတွေတောင် ရှိနေကြတယ်။



သိကြားမင်း အနာထပိဏ် ၀ိသာခါတို့ဟာလဲ လောကီဘက်ကကြည့်ရင် ဘာမှ လိုလေသေးမရှိဆိုတော့ ဘ၀ကို တွယ်တာနေကြတယ်။ မစွန့်ချင်ကြသေးဘူး၊ လောကုတ္တရာဘက်က ကြည့်ရင်လဲ သောတာပန်ဖြစ်နေပြီဆိုတော့ အပါယ်ငရဲကျမှာ ပူပင်စရာ မလိုတော့ဘူး၊ လူ့ပြည် နတ်ပြည် စိတ်ကြိုက် ခံစားနေရတာဆိုတော့ လက်ရှိဘ၀ ပြည့်စုံမှုကို တွယ်တာနေကြတယ်လို့ ဆိုရမယ်။



ဒီဆောင်းပါးကို ကောက်ချက်ဆွဲလိုက်ရင် သိကြားမင်းဟာ ဘုရားရှင်ဆီကို တရားနာ လာရမှာ မပျင်းရိတဲ့အတွက် ရလိုက်တဲ့ အကျိုးကျေးဇူးပါပဲ။ ဒါကြောင့် သူတော်ကောင်းတရားတွေကို နာကြားရခြင်းဟာ တစ်မဂ်တစ်ဖိုလ်ကို ရစေနိုင်တယ်လို့ မှတ်သားထားရင်း နိဂုံးချုပ်ပါတယ်။



အကိုး။ သုတ်မဟာဝါ ပါဠိတော်အဋ္ဌကထာမှ သက္ကပဥှသုတ္တ၀ဏ္ဏနာ အဖွင့်ကို မှီငြမ်းဖြေဆိုပါသည်။



မေတ္တာဖြင့်

အရှင်သုနန္ဒာလင်္ကာရ M.A (ပန်းကမ္ဘာ)