Friday, September 30, 2011

ပါရာဇိကကျရင် ဘယ်လိုလုပ်ရမလဲ

အမေး။ ။ ပါရာဇိကလေးပါးမှာ တစ်ပါးပါးကို ကျူးလွန်မိတဲ့ရဟန်းတစ်ပါးအနေနဲ့ သာသနာတော်မှာ ဆက်နေချင်သေးရင် ဘာတွေလုပ်ရသလဲဘုန်းဘုန်း။ တကယ်လို့ အဲဒီရဟန်းဟာ လူထွက်သွားတယ်။ ကိုယ်တိုင် ပါရာဇိကကျူးလွန်တာကို ကျူးလွန်မှန်းမသိရင် ဘာဖြစ်တတ်ပါသလဲ ဘုန်းဘုန်း။ တကယ်လို့ သိခဲ့ရင်ကော အဲဒီလူထွက်ထားတဲ့ ပုဂ္ဂိုလ်အနေနဲ့ အပြစ်ကို ဘယ်လိုချေဖျက်လို့ ရနိုင်ပါသလဲ ဖြေကြားပေးတော်မူပါဘုရား။

ပြည့်စုံအောင်။ စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း

အဖြေ။ ။ ပါရာဇိကလေးပါးမှာ တစ်ပါးပါးကို ကျုးလွန်မိတဲ့ ရဟန်းတစ်ပါးအနေနဲ့ သာသနာတော်မှာ ဆက်နေချင်သေးတယ်ဆိုရင် သာမဏေ (ကိုရင်)အသွင်ဖြင့် နေနိုင်ပါတယ်။ ကိုယ်တိုင် ပါရာဇိကကျုးလွန်မှန်းမသိဘဲ ကျုးလွန်ထားတဲ့ရဟန်းဟာ သီးခြား လူထွက်နေစရာမလိုပါ။ ရဟန်းအဖြစ်မှ လူ့အဖြစ်သို့ အော်တိုမစ်တစ်ရောက်ရှိသွားပါတယ်။ တကယ်လို့ ပါရာဇိကကျတဲ့ရဟန်းဟာ လူမထွက်ဘဲနေရင် သေလွန်တဲ့အခါ ငရဲကျခံရမှာဖြစ်ပါတယ်။ တကယ်လို့ ပါရာဇိကကျမှန်းသိတဲ့အတွက် လူထွက်ထားတဲ့သူဟာ လူ့အသွင်နဲ့နေကာ ဒါန၊သီလ၊ဘာဝနာများအားထုတ်လျှင် မဂ်ဖိုလ်နိဗ္ဗာန်တောင် ရောက်နိုင်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

သိကြားသာသနာလား ဘုရားသာသနာလား

အမေး။ ။ သာသနာတော်မှာ သိကြားသာသနာဆိုတာ တကယ်တမ်း ရှိပါသလားပါဘုရား။ သာသနာတော်ကို သိကြားက တကယ်စောင့်တာလားဆိုတာ သိချင်ပါတယ်ဘုရား။

ရဲနိုင်ထွန်း။ အိန္ဒိယ

အဖြေ။ ။ သာသနာတော်ကြီးဟာ ဘုရားရှင်တည်ထောင်တော်မူခဲ့တာပါ။ ဒါကြောင့်လည်း ဘုရားသာသနာလို့ခေါ်တာပေါ့၊ သာသနာဆိုတာ အဆုံးမပါ၊ ဒီအဆုံးမဟာ ဘယ်သူ့အဆုံးမလည်းဆိုရင် ဘုရားအဆုံးမပါ။ ဒါကြောင့် ဘုရားသာသနာလို့ခေါ်ပါတယ်။ ဘုရားသာသနာတော်ကြီးကို နောက်ပိုင်းတွင် သိကြားမင်းက စောင့်မယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ကဏှဇာတ်တော်မှာ ကဿပဘုရားရှင် လက်ထက်တော်နောက်ပိုင်း လူအများ အကျင့်ပျက်ကြတဲ့အတွက် သိကြားမင်းက မုဆိုးယောင်ဆောင်ပြီး၊ မာတလိနတ်သားက ခွေးနက်ကြီးအဖြစ် ယောင်ဆောင်ကာ လူအများအား တရားဟောပါတယ်။ ဒီကနေစလို့ လူအများ အကျင့်သီလ လုံခြုံလာပါတယ်။ အဲဒီအကြောင်းနှင့်စပ်ပြီး သိကြားမင်းက လူ့ပြည်ဆင်းလာပြီး သာသနာပြုလိမ့်မယ်လို့ ဆိုပါတယ်။ ဒီစကားအရ ဇာတ်သဘင်များ၊ ကွက်စိပ်ဆရာများက လူ့လောကမှာ သိကြားသာသနာဆိုတဲ့အကြောင်း ထင်ရှားလာဟန်တူပါတယ်။

နောက်တစ်ခုက စလေဦးပုညရဲ့ (အင်ကြင်းမြိုင် ကုသိန်နန်းမှာလ စာ စာတမ်းထိုးလျက်ရှိပါ။ ဘုရားက သိကြားကိုမှာတယ်၊ အဋ္ဌကထာစကား၊ သာသနာငါထားလို့၊ မမှားအောင် စောင့်ဆော်)ဆိုတဲ့ သိကြားတိုင်တေးထပ်အရ သိကြားသာသနာစကား ပိုထင်ရှားလာ ဟန်တူပါတယ်။ ပရိနိဗ္ဗာန်စံတော်မူခါနီး ဘုရားရှင်က “ ဣမေ စ သုဘဒ္ဒ ဘိက္ခု သမ္မာဝိဟရေယျုံ ၊ အသုညော လောကော အရဟန္တေဟိ အဿ”လို့ သုဘဒ္ဒပရိပိုဇ်အား မိန့်တော်မူခဲ့တယ်။ “ရဟန်းတော်များ ကောင်းမွန်စွာနေမယ်ဆိုရင် လောကကြီးတွင် ရဟန္တာများမှ မဆိတ်သုဉ်းနိုင်လို့ အားရစွာ မိန့်တော်မူခဲ့တဲ့အတွက် ဘုရားသာသနာကို နောက်ပိုင်းစောင့် တာဟာ သိကြားမင်းလည်း မဟုတ် သူရဿတီလည်းမဟုတ်၊ ရဟန်းတော်များသာဖြစ် ပါကြောင်း ဖြေပေးလိုက်ရပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

ပွဲဘာကြောင့်ထိုးရသလဲ

အမေး။ ။ သာသနာပွဲအကြောင်းဖတ်ရတဲ့အတွက် ကျေးဇူးများလှပါတယ်ဘုရား။ အခြားပွဲထိုးတာနဲ့ပတ်သက်ပြီး အခမ်းအနား၊ ပွဲ၊ အိမ်ဆောက်စသည်ဖြင့် ပွဲထိုးတာတွေ့ဖူးကြုံဖူးပါသည်။ ဒီပွဲတွေကို ဘာကြောင့်ထိုးရလဲ။ ဘာအတွက်လဲ။ အကျိုးရမလား။ ရိုးရာလား။ ကွဲပြားစွာ သိလိုပါသည်ဘုရား။


အဖြေ။ ။ ဒီမှာ ထိုးတဲ့ပွဲတွေက ငှက်ပျောပွဲအုန်းပွဲတွေပဲများပါတယ်။ ဒါကြောင့်လည်း သိပ်မကုန်တဲ့အတွက် ထိုးကြတာပေါ့။ ဒီပွဲတွေကို ဘာကြောင့်ထိုးရလဲ။ အကြောင်းကို ရှာကြည့်တဲ့အခါ ကိုယ်လုပ်တဲ့ အခမ်းအနား၊ ဇာတ်သဘင်စတာတွေမှာ အန္တရာယ်ကင်းအောင်လို့ ဆိုတာရယ်။ လာဘ်လာဘရွှင်အောင်လို့ဆိုပြီး ပွဲတင်ကြတာပါ။ တချို့ကလည်း ရိုးရာလို့ဆိုပြီး ပွဲတင်ကြတာရှိပါတယ်။ အိမ်ဆောက်မယ်ဆိုရင်လည်း အဆင်ပြေအောင် အန္တရာယ်ကင်းအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ အိမ်တည်ဆောက်ခါစမှာ ပွဲပေးကြတယ်။ ဒီတင်လိုက်တဲ့ ပွဲတွေဟာ အမှန်တကယ်အကျိုးပေးမှာလားဆိုတော့ “ဟင့်အင်း”လို့ပဲ ပြောလိုက်ပါရစေ။

ဒီလိုပွဲတင်တဲ့အတွက် ငှက်ပျော်သီး၊ အုန်းသီးများကို စားရမှာသေချာသလောက် ဖြစ်ပေမဲ့ ပွဲတင်သူ လူသားများအတွက် ဘာအကျိုးမှ မရနိုင်ပါကြောင်း၊ ပွဲတင်ခြင်းဖြင့်ရိုးရာဟု ဆိုကြသော်လည်း ထေရ၀ါဒ ရှုထောင့်ကနေကြည့်ရင် ရိုးရာပွဲများလည်း မရှိစေကောင်းပါလို့ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

ကံအကျိုးပေးရာကာလများကို သိချင်တယ်

အမေး။ ။ (၁) ဗုဒ္ဓဘာသာဝင်တွေ လုပ်လေ့လုပ်ထရှိတဲ့ ဘုရားရှိခိုး ပုတီးစိတ် ဂါထာရွတ် မေတ္တာပို့ စတဲ့ အလုပ်တွေဟာ တကယ်လက်တွေ့မှာ လောကီစီးပွားကို အကျိုးပေးနိုင်မပေးနိုင် သိလိုပါတယ်ဘုရား။ မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံသားတွေဟာ တခြား အနောက်နိုင်ငံသားတွေနဲ့ယှဉ်ရင် အလွန်ချို့တဲ့နေတာကို တွေ့နေရပါတယ်။ အဲဒါဘာ့ကြောင့်ပါလဲဘုရား။ (၂) သံဃာတော်များအား ကိုယ်ထိလက်ရောက် စော်ကားတဲ့သူ အများစုကို မြင်ဖူးပါတယ်။ သူတို့ဟာ မြေမြို မိုးကြိုးပစ်စတဲ့ ကံကြီးထိုက်တယ်ဆိုတာ မကြားရတဲ့အပြင် တခြားလူတွေထက်တောင်မှ ပိုမိုပြီး ကြီးပွားချမ်းသာနေကြပါတယ်။ ဘာကြောင့်လည်းဆိုတာ သိချင်ပါတယ်ဘုရား။ (၃) အရှင်ဥက္ကဋ္ဌရေးတဲ့ စာအုပ်တွေမှာ လက်ဝဲဆန်ဆန် ၀ိပဿနာတရားတော်ကလွဲရင် တခြားအလုပ်တွေကို ဘုရားမကြိုက်၊ လုပ်လဲမလုပ်စေချင်၊ ဗုဒ္ဓဘာသာနဲ့လည်းမဆိုင်သလို ရေးထားတာ တွေ့ရပါတယ်။ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်များအနေနဲ့ ဘယ်လို အယူအဆမျိုးကို ကျင့်သုံးသင့်တယ်ဆိုတာကို သိလိုပါတယ်ဘုရား။

ကိုကိုအောင်။ ဆန်ဖရန်စစ်စကို

(၁)။ ကံအကျိုးပေးရာကာလ…. ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအပြင် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများတွင်နေထိုင်တဲ့သူများဟာ အကျိုးပေးရာကာလ မတူ ကွဲပြားကြတယ်။ ဘုရားရှင်ရဲ့ ဒေသနာတော်နဲ့ ပြောရရင် သင်္ဂြီုလ်ဘာသာဋီကာ၊ ၃၄၄၊ပါပကာစတုက္ကမှာ အကျိုးပေးရာကာလ ကွဲပြားသော ကံ(၄)မျိုးကို ပြဆိုထားပါတယ်။ ၄င်းတို့မှာ….. (က)။ ဒိဋ္ဌဓမ္မဝေဒနိယကံ-မျက်မှောက်ဘ၀မှာ အကျိုးပေးသောကံ။ (ခ)။ ဥပပဇ္ဇှဝေဒနိယကံ-ဒုတိယဘ၀ အကျိုးပေးသောကံ။ (ဂ)။ အပရာပရိယကံ-တတိယဘ၀မှ နိဗ္ဗာန်ရတဲ့ ဘ၀တိုင်အောင် အကျိုးပေးသောကံ။ (ဃ)။ အဟောသိကံ-အကျိုးပေးခွင့် မရသောကံတို့ ဖြစ်ကြပါတယ်။ အကျိုးပေးရာ ကံ(၄)မျိုးဟာ ဇောစေတနာများကြောင့်ဖြစ်ပါ တယ်။ ဇောစေတနာများဟာ (၇)ကြိမ်စောကြပါတယ်။ ဒီဇော(၇)ကြိမ်အနက် ပထမဇောကထက်သန်ရင် ပစ္စုပ္ပန်ဘ၀ အကျိုးပေးခွင့်ရပါတယ်။ နောက်ဆုံးဇောဖြစ်တဲ့ သတ္တမဇောကထက်သန်ရင် ဒုတိယဘ၀ အကျိုးပေးပါတယ်။ ပထမဇောနဲ့သတ္တမဇောရဲ့ ကြားမှာရှိတဲ့ အလယ်ဇောငါးချက်က ထက်သန်ရင် တတိယဘ၀မှ နိဗ္ဗာန်ရတဲ့ နောက်ဆုံးဘ၀တိုင်အောင် အကျိုးပေးပါတယ်။ ထို့အတူ မိမိပြုတဲ့ကုသိုလ်ကံ အကုသိုလ်ကံများရဲ့ အကျိုးပေးဟာလည်း ဇော(၇)ကြိမ်တို့ရဲ့ အကျိုးပေးထက်သန်ပုံ အမျိုးမျိုးတို့ကြောင့် အကျိုးပေးပုံ ကွာခြားကြတယ်လို့ အဖြေပေးလိုက်ပါတယ်။

(၂)။ ကံကြီးထိုက်သူများဟာ ပစ္စုပ္ပန်ဘ၀မှာ အကျိုးမပေးတာ ဘာ့ကြောင့်လဲ.. ကံကြီး ငါးပါးရှိတယ်။ ဒါကို အာနန္တရိယ ငါးပါးလို့လည်းခေါ်တယ်။ ဒီကံငါးပါးအနက် တစ်ပါးပါး ကျုးလွန်မိပြီဆိုရင် တစ်ခါတစ်ရံ မျက်မှောက်ဘ၀မှာ အကျိုးပေးတတ်ပါတယ်။ ဒါပေမယ့် ယခုဘ၀အကျိုးပေးတယ်ဆိုတာ ယနေ့ခေတ်မှာ မကြားရ၊ မမြင်ရသလောက်ပါပဲ၊ အဲဒါဘာကြောင့်ပါလဲလို့မေးရင် ကောင်းမှု၊ မကောင်းမှုကံများ ဇော(၇)ချက်အတိုင်း အကျိုးပေးခွင့်ရတယ်ဆိုတာဟာ သမ္ပတ္တိ၊ ၀ိပတ္တိတို့နှင့် အများကြီးသက်ဆိုင်တယ်လို့ ဆိုရမှာဖြစ်တယ်။ ဒီအကြောင်းပြောရင် အလွန်ရှည်သွားလိမ့်မယ်၊ ဒါပေမယ့် နားလည်အောင် အတိုချူံးပြောရပါမယ်။ သမ္ပတ္တိတရား(၄)ပါး၊ ၀ိပတ္တိ(၄)ပါးရှိတယ်။ အဲဒါက ဂတိ၊ ဥပဓိ၊ ကာလ၊ ပယောဂတို့ဖြစ်ကြပါတယ်။

(၁)။ လူပြည်နတ်ပြည်ဟာ ဂတိသမ္ပတ္တိဖြစ်ပြီး၊ အပါယ်လေးပါးဟာ ဂတိဝိပတ္တိ ဖြစ်ပါတယ်။ (၂)။ ခန္ဓာကိုယ်ရဲ့ ဥပဓိအသွင်အပြင်နှင့်ပြည့်စုံတာကို ဥပဓိသမ္ပတ္တိလို့ခေါ်ပြီး၊ ခန္ဓာကိုယ်ရဲ့ ဥပဓိအသွင်အပြင်နှင့်မပြည့်စုံတာ ကိုတော့ ဥပဓိဝိပတ္တိ လို့ခေါ်ပါတယ်။ (၃)။ ကောင်းသောမင်း၊ ကောင်းသောလူလက်ထက်ဆို တဲ့ ပြည့်စုံသောကာလကို ကာလသမ္ပတ္တိ ခေါ်ပြီး၊ မကောင်းသောမင်း၊ မကောင်းသောလူလက်ထက်ဆိုတဲ့ မပြည့်စုံသောကာလကို ကာလ၀ိပတ္တိ ဖြစ်တယ်။ (၄)။ ကာယ၊၀စီ၊မနောဖြင့် ကောင်းသော လုံ့လပြုခြင်းဟာ ပယောဂသမ္ပတ္တိခေါ်ပြီး၊ ကာယ၊၀စီ၊မနောဖြင့် မကောင်းသော လုံ့လပြုခြင်းဟာ ပယောဂ၀ိပတ္တိ လို့ခေါ်တယ်။

သမ္ပတ္တိ၊ ၀ိပတ္တိနှင့်ကံအကျိုးပေးခွင့် (၁)။ မကောင်းအကုသိုလ်ကံရှိသောသူဟာ ဂတိသမ္ပတ္တိဖြစ်စဉ် အကျိုးမပေးနိုင်ပေမယ့် မကောင်းမှုကံဟာ တကယ်လို့ ဂတိဝိပတ္တိဖြစ်နေမယ်ဆိုရင် အကျိုးပေးနိုင်ပါ တယ်။ ကောင်းမှုကုသိုလ်ကံရှိသူဟာ ဂတိသမ္ပတ္တိဖြစ်စဉ် အကျိုးပေးနိုင်ပြီး၊ ဂတိဝိပတ္တိဖြစ်စဉ် ကုသိုလ်ကံ အကျိုးမပေးနိုင်ပါဘူး။ (၂)။ မကောင်းမှု အကုသိုလ်ကံရှိသောသူဟာ ဥပဓိသမ္ပတ္တိဖြစ်စဉ် အကျိုးမပေးနိုင်ပေမယ့် ဥပဓိဝိပတ္တဖြစ်ဉ် အကျိုးပေးနိုင်ပါတယ်။ ကောင်းမှုကံရှိသူဟာ ဥပဓိသမ္ပတ္တိဖြစ်စဉ် အကျိုးပေးခွင့်ရရှိပြီး ၊ ဥပဓိဝိပတ္တိဖြစ်စဉ် အကျိုးပေးခွင့်မရပါဘူး။ (၃)။ မကောင်းမှု အကုသိုလ်ကံ ရှိသူသောသူဟာ ကာလသမ္ပတ္တိဖြစ်တဲ့အခါ အကျိုးမပေးနိုင်ပေမယ့် ကာလ၀ိပတ္တိဖြစ်တဲ့အခါ အကျိုးပေးနိုင်ပါ တယ်။ ကောင်းမှုကံရှိသောသူဟာ ကာလသမ္ပတ္တိဖြစ်တဲ့အခါ ကုသိုလ်ကံ အကျိုးပေးခွင့်ရနိုင်ပြီး၊ ကာလ၀ိပတ္တိဖြစ်တဲ့အခါ ကုသိုလ်ကံက အကျိုးပေးခွင့် မရနိုင်ပါဘူး။ (၄)။ မကောင်းမှု အကုသိုလ်ကံရှိသောသူဟာ ပယောဂသမ္ပတ္တိဖြစ်တဲ့အခါ အကုသိုလ်ကံရဲ့ အကျိုးပေးခွင့်မရနိုင်ပါ။

ဒါပေမယ့် ပယောဂ၀ိပတ္တိဖြစ်နေတဲ့အခါ အကုသိုလ်ကံရဲ့ အကျိုးပေးခွင့်ရနိုင်ပါတယ်။ ကောင်းမှုရှိသောသူဟာ ပယောဂသမ္ပတ္တိဖြစ်တဲ့အခါမှာ ထိုကံအကျိုးပေးခွင့်ရရှိနိုင်ပါတယ်။ သို့သော်လည်း ပယောဂ၀ိပတ္တိဖြစ်နေမယ် ဆိုရင် ကုသိုလ်ကံရဲ့ အကျိုးပေးခွင့်မရနိုင်ပါဘူး။ အကျယ်သိချင်ရင်တော့ (၀ိဘင်းပါဠိတော်၊ဥာဏ၀ိဘင်း၊ဒသ၀ိဓ ညဏ၀တ္ထုနိဒ္ဒေသ၊ ဒုတိယဗလနိဒ္ဒေသ) (အဘိ၊ဋ္ဌ၊၂။၄၂၁)တို့မှာ အကျယ်ဖတ်ရှုနိုင်ပါတယ်။

တကယ်လို့ မျက်မှောက်ဘ၀ အကျိုးပေးခွင့်မရဘူးဆိုပါက ဒုတိယဘ၀တွင် အမှန်တကယ်အကျိုးပေးနိုင်ပါတယ်။ သင်္ဂြီုလ်ဘာသာဋီကာ၊(၃၅၀)မှာ ဖေါ်ပြထားတာက ပဉ္စာနန္တရိယကံ-မိစ္ဆာဒိဋ္ဌိကံတို့ဟာ သတ္တမဇောစေတ နာ ဖြစ်တယ်။ ဒါကြောင့် သတ္တမဇောရဲ့ အကျိုးပေးခွင့်ဖြစ်တဲ့ ဒုတိယဘ၀မှာ အကျိုးပေးမှာ အမှန်ဖြစ်ပါကြောင်း ဖြေကြားပေးလိုက်ရပါတယ်။

(၃)။ စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်များအနေနဲ့ ဘယ်လိုကျင့်သုံးသင့်သလဲ… စစ်မှန်တဲ့ ဗုဒ္ဓဘာသာဖြစ်ဖို့ အတိုဆုံးအရှင်းဆုံး အဖြေပေးပါ့မယ်။ အဆူဆူသော ဘုရားရှင်တို့ မိန့်တော်မူခဲ့ တဲ့ သြ၀ါဒတော် ဆိုတာရှိပါတယ်။ အဲဒါက (၁)အကုသိုလ်မှန်သမျှ လုံးဝမလုပ်နဲ့ ရှောင်ကြဉ်ကြ။ (၂) ကုသိုလ်တရားမှန်သမျှ့ များသထက်များအောင် ပြည့်စုံသထက်ပြည့်စုံအောင် အားထုတ်ကြ။ (၃) စိတ်ကို ဖြူစင်အောင်ထားကြဆိုတဲ့ တရားတော်မှာ ကုသိုလ်ဆိုရင် ဒါန သီလ ဘာဝနာ၊ သီလာ၊သမာဓိ၊ပညာ ကုသိုလ်မှန်သမျှအားလုံးပါ၊ အကုသိုလ်ဆိုရင် ဒုစရိုက်တရားဆယ်ပါး ရှောင်ကြဉ်ကြ။ မကောင်းတာမှန်သမျှ မပြုနဲ့၊ မပြောနဲ့၊ မတွေးနဲ့။ စိတ်ကို ကောင်းတဲ့ဖက်ရောက်နေအောင် ကျင့်သုံးပေးပါလို့ ဘုရားညွန်ကြားတဲ့အတိုင်း ကျင့်သုံးရုံပါပဲလို့ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

ကန်တော့ပွဲ

အမေး။ မင်္ဂလာဆောင်၊ စေ့စပ်ပွဲ၊ ခိုးပြေးပြီးမှ ပြန်အပ်တဲ့အခါ ကန်တော့ပွဲထိုးပြီး ကန်တော့တာဟာ ဘာအဓိပ္ပာယ်ပါလဲဘုရား။

အိအိ။ စင်္ကာပူ

အဖြေ။ ။ ကန်တော့ပွဲဆိုတာ နတ်တင်တဲ့ငှက်ပျောပွဲ အုန်းပွဲနဲ့ အယူအဆခြင်း မတူပါဘူး။ နတ်တင်တဲ့ပွဲက မမြင်ရတဲ့နတ်တွေကို ဘေးအန္တရာယ်များက စောင့်ရှောက်လိမ့်နိုးဖြင့် နတ်ကို တင်ကြတာပါ။ ကန်တော့ပွဲဆိုတာက ဘုရား၊တရား၊သံဃာရတနာသုံးပါး ဆရာမိဘတို့ရဲ့ဂုဏ်ကို အာရုံပြုပြီး ရှိခိုးကန်တော့တဲ့အခါ ကန်တော့ပွဲကို အရှေ့မှာထားပြီး ကန်တော့ကြတယ်။ ဒါဟာ ရှေးအစဉ်အလာတစ်ခုပါ။ မြန်မာပြည်ရဲ့ ဆွမ်းကျွေးကောင်းမှုပွဲတွေမှာ အများအားဖြင့် ကန်တော့ပွဲထိုးကြပြီး သံဃာတော်များအား ကန်တော့ကြပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် လူကြီးမိဘများကို တောင်းပန်ကန်တော့တဲ့အခါ လူကြီးမိဘများရဲ့ဂုဏ်ကို အာရုံပြုပြီး ရိုသေမှုဂါရ၀ဆိုတဲ့ အဓိပ္ပာယ်ဖြင့် ကန်တော့ပွဲပေးကာ ကန်တော့ကြတဲ့ အဓိပ္ပါယ်ပါ။ ရှင်းအောင်ပြောရရင် ကန်တော့ပွဲနဲ့ လာရောက်တောင်းပန်သူများရှိသလို ကန်တော့ပွဲနဲ့ အနန္တောအနန္တငါးပါးဂုဏ်ကို ရိုသေလေးစားကန်တော့တဲ့လူတွေလည်း ရှိပါတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ

အမေး။ ။ အရှင်ဘုရား….အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးဟာ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ ရှိသူဖြစ်ပါသလဲဘုရား။ ဒီဒိဋ္ဌိဟာ ဘယ်နှစ်မျိုးရှိပါသလဲ၊ သိချင်ပါတယ်၊ အဖြေပေးတော်မူပါဘုရား။

ငြိမ်းလွင်။ Moscow

အဖြေ။ ။ လက်ရှိအခြေအနေတွင် မဆင်းရဲဘဲ ချမ်းချမ်းသာသာ နေရတာ၊ ကိုယ်ချမ်းသာစိတ်ချမ်းသာ ခံစားရတဲ့ ချမ်းသာဟာနိဗ္ဗာန်ပဲလို့ မိစ္ဆာအယူရှိသူဟာ ‘ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ’ အယူရှိသူဖြစ်တယ်။ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ ဒိဋ္ဌိငါးမျိုး ရှိပါတယ်။ (၁) ကာမဘုံမှာ ကာမဂုဏ် စည်းစိမ်ကို ခံစားပြီး ကိုယ်စိတ်ချမ်းသာမှုနှင့် ပြည့်စုံနေတာဟာ နိဗ္ဗာန်ရောက်နေတာပဲလို့ယူဆတဲ့ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ။ (၂) ပထမဈာန်နှင့် ပြည့်စုံခံစားနေရတာကိုပဲ နိဗ္ဗာန်ရောက်ပြီလို့ ယူဆသော မိစ္ဆာအယူဝါဒ။ (၃)ဒုတိယဈာန်ချမ်းသာကို ခံစားပြီး ဒီချမ်းသာကို ရောက်နေတာဟာ နိဗ္ဗာန်ကို ရောက်နေတာပဲလို့ယူဆတဲ့ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ။ (၄)တတိယဈာန် ချမ်းသာကိုခံစားပြီး ဒီချမ်းသာကို ရောက်နေတာဟာ နိဗ္ဗာန်ကို ရောက်နေတာပဲလို့ ယူဆတဲ့ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ။ (၅)စတုတ္ထဈာန် ချမ်းသာကိုခံစားပြီး ဒီချမ်းသာကို ရောက်နေတာဟာ နိဗ္ဗာန်ကို ရောက်နေတာပဲလို့ယူဆတဲ့ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒတို့ဖြစ်ကြတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

ဓမ္မက္ခန္ဓာ-၈၄၀၀၀

အမေး။ ။ ဘုန်းဘုန်းဘုရား….တပည့်တော် မရှင်းတာလေးတစ်ခုရှိလို့ မေးလျှောက်ပါရစေ။ မြတ်စွာ ဘုရားရှင် ဟောကြားတော်မူတဲ့ ဓမ္မက္ခန္ဓာပေါင်း(၈၄၀၀၀)ရှိတယ်လို့ ကြားဖူးပါတယ်။ ဘယ်အရာတွေကို ဓမ္မက္ခန္ဓာတွေလို့ ခေါ်ခြင်းဖြစ်ပါသလဲဘုရား။ ဒီဓမ္မက္ခန္ဓာတစ်ခုစီဟာ နိဗ္ဗာန်ရောက်အောင် ပို့ဆောင်နိုင်စွမ်း ရှိပါသလားဘုရား။

ကျော်ဇင်လတ်(သုခရိပ်)။ MePhi.Universit,။ Mosscow


အဖြေ။ ။မောင်ကျော်ဇင်လတ်ရေ….ဘယ်အရာတွေကို ဓမ္မက္ခန္ဓာလို့ခေါ်တာလဲဆိုရင် ဥပမာ ခန္ဓငါးပါးဆိုတာ အစုငါးပါးပါ။ ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာ-ရုပ်အစု ဝေဒနာအစု သညာအစု သင်္ခါရအစု ၀ိညာဏအစုဆိုပြီး သူ့အစုလိုက်အစုလိုက်ရှိသလို တရားအစုတစ်ခုကို ဓမ္မက္ခန္ဓာတစ်ခု ဖြစ်တယ်။ မင်္ဂလသုတ်ထဲမှာ အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နံဆိုတဲ့ တရားတော်မှာ အသေ၀နာစ ဗာလာနံ-လူမိုက်ကို မပေါင်းရဆိုတာ ၀ါကျတစ်ကြောင်းပါ။ ဒီဝါကျတစ်ကြောင်းကိုပဲ ဓမ္မက္ခန္ဓာတစ်ခုလို့ ခေါ်ပါတယ်။ ထို့အတူ ပဏ္ဍိတာနဉ္စ သေ၀နံ-ပညာရှိကို ပေါင်းသင်းရမယ်ဆိုတာလည်း ဓမ္မက္ခန္ဓာတစ်ခုလို့ ခေါ်ပါတယ်။ ဒါက သာမန်လူများ နားလည်အောင် အဖြေပေးရတာပါ။ ရှင်/ရဟန်းများအတွက် ဖြေရမယ်ဆိုရင်…. (ဧကာနုသန္ဓိကံ သုတ္တံ ဧကော ဓမ္မက္ခန္ဓော (ပေယျာလ) ဧ၀ံ ဓမ္မက္ခန္ဓ၀သေန စတုရာသီတိသဟဿာတိဝိဓံ) ၀ိနည်းပါရာဇိကဏ်အဋ္ဌကထာမှာလာပါတယ်။ အဓိပ္ပါယ်က သုတ္တန်မှာ အဆက်အစပ်စကား (အနုသန္ဓေ)တစ်ခုရှိတဲ့သုတ်ဟာ ဓမ္မက္ခန္ဓာတစ်ခုလို့ခေါ်တယ်။ အနုသန္ဓေများတဲ့သုတ်မှာ အနုသေန္ဓေရဲ့အစွမ်းဖြင့် ဓမ္မက္ခန္ဓာအရေအတွက်ကို သိရပါမယ်။ ဂါထာဗန္ဓတို့မှာ အမေးပုစ္ဆာတစ်ခုသည် ဓမ္မက္ခန္ဓာတစ်ခုဖြစ်သလို အဖြေတစ်ခုဟာလည်း ဓမ္မက္ခန္ဓာတစ်ခု ဖြစ်တယ်။ အဘိဓမ္မာမှာ တိက် ဒုက်တို့ကို ဝေဖန်ထားခြင်းနှင့် တစ်ခုသောစိတ်အစုကို ဝေဖန်ထားတာတွေဟာ ဓမ္မက္ခန္ဓာတစ်ခုလို့ခေါ်ပါတယ်။ ၀ိနည်းမှာ ၀တ္ထုကိုဖြစ်စေ၊ ခေါင်းစဉ် မာတိကာဖြစ်စေ၊ ပုဒ်ကိုဝေဖန်ထားတဲ့ ပဒဘာဇနီကိုဖြစ်စေ၊ အကြားတွင် သင့်သောအာပတ်ဆိုတဲ့ အန္တရာပတ္တိကိုဖြစ်စေ၊ အာပတ်သင့်တဲ့ အလှည့်အကြိမ်ပေါင်းဆိုတဲ့ အာပတ္တိဝါရကို ဖြစ်စေ၊ အနာပတ္တိဝါရကိုဖြစ်စေတိက်ကို ပိုင်းခြားခြင်းကိုဖြစ်စေ၊ ဒီအရာတွေမှာ တစ်ခုခုသောအစုကို ဓမ္မက္ခန္ဓာတစ်ခုလို့ ခေါ်ဆိုရပါတယ်။ နောက်တစ်ခုက တရားတော်မှန်သမျှဟာ သစ္စာတရားမှလွတ်တဲ့ တရားမရှိလို့ ဟောတော်မူထားတဲ့အတွက် ဓမ္မက္ခန္ဓာတစ်ခုဟာ နိဗ္ဗာန်ရောက်အောင် ပို့ဆောင်နိုင်ပါကြောင်း အဖြေပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

Thursday, September 29, 2011

ကာမေသုမိစ္ဆာစာရကံ ကျုးလွန်ခြင်းအကျိုးများ

ဤကံကို ကျူးလွန်သောသူသည် သေသောအခါ၌........


၁။ အပါယ်ဘုံသို့ ရောက်ရခြင်း။

၂။ လူဖြစ်လျှင် မိန်းမ(သို့) အခြောက်ဖြစ်ရခြင်း။

၃။ အများက မုန်းတီးရွံရှာခြင်း။

၎။ ရန်သူများခြင်း။

၅။ စိုးရိမ်ကြောင့်ကြများခြင်း။

၇။ ချမ်းချမ်းသာသာ မနေရခြင်း။

၈။ ချစ်သူနဲ့ခွဲရခြင်း၊ အိမ်ထောင်မမြဲခြင်း။

၉။ မျက်နှာမကြည်လင်ခြင်း။

၁၀။ အင်္ဂါလက္ခဏာ သေးသိမ်ခြင်းစသော ဆိုးကျိုးများကို ခံစားရပါသည်။
စောင့်ထိန်းသောပုဂ္ဂိုလ်သည် သုဂတိဘုံသို့ ရောက်ရ၍ ထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုး တရားများကို ခံစားရပါသည်။

ဤမေထုန်အမှု ပြစ်မှားကျုးလွန်သောသူကို လောကလူသားတို့ အမုန်းဆုံးဖြစ်ပါသည်။ သို့သော်လည်း ယခုခေတ်၌ များစွာလွန်ကျုးနေကြသည်ကို တွေ့မြင်ကြားသိနေရပါသည်။ မေထုန်အမှုကို ပုထုဇဉ်လူသားတို့အနေဖြင့် ထိန်းချုပ်ရန်ခက်သည်ဟု ထင်ကြပါလိမ့်မည်။ အကယ်၍ မိမိသည်တစ်ဘ၀လုံး မထိန်းချုပ်နိုင်ပါက တရားဝင်လက်ထက်ယူပြီး မေထုန်မှီဝဲလို့ ရပါသည်။ ဤမျှနဲ့အားမရဘဲ တွေ့တိုင်းသောမေထုန်အမှုကို လွန်ကျုးနေမည်ဆိုပါက လောကကြီးသည် ပျက်စီးရုံသာ ရှိပါတော့သည်။ ယခုခေတ်၌ HIV ပိုးဆိုသော AIDS ဖြစ်လာရခြင်းမှာလည်း ထိုကဲ့သို့ ထိန်းချုပ်မှုမရှိဘဲ တွေ့တိုင်းသော မေထုန်အမှုတို့ကို မှီဝဲသောကြောင့် ဖြစ်လာရခြင်း ဖြစ်ပေသည်။ ကမ္ဘာဦးကာလ ဗြဟ္မာတို့သည်လည်း လူဘ၀ကို ရောက်ခါစ၌ အစားအသောက်များ မြေပြင်ကနေ ခူးယူစားသောက်၍ရအောင် ပေါများနေပါသည်။ ထိုအစားအသောက် အ၀တ်အစားများသည် ဗြဟ္မာပြည်က လူသားစဖြစ်သော ဗြဟ္မာလူသားများ ဤမေထုန်အမှုကို လွန်ကျူးသောကြောင့် အစားအစာများ ပျောက်ကွယ်သွားသဖြင့် ဒုက္ခများစွာနဲ့ ရင်ဆိုင်ခဲ့ရပါသည်။



သီလကို မစောင့်ထိန်းသောသူ၊ စောင့်ထိန်းရမှန်းမသိသော နိုင်ငံတို့၌ ဤမေထုန်အမှုကို ရှက်ရမှန်းမသိအောင်ဖြစ်ပြီ လွန်ကျုးနေသောကြောင့် ဘေးဆိုးကြီးများနဲ့ ရင်ဆိုင်နေရသည် မဟုတ်ပါလော။ ယခုခေတ်လူငယ် မိန်းမငယ်လေးများသည် ဤမေထုန်အမှုကို ဘုရားစေတီ၊ ပန်းခြံအစရှိသော လူပေါများသောနေရာတို့၌ မရှက်မကြောက်ဘဲ ပြုလုပ်နေကြသည်မှာ ပြုလုပ်နေသောသူတို့တော့ မသိ၊ တွေ့ရသောသူများမှာ ရှက်စရာကောင်းသကဲ့သို့ ရိုင်းစိုင်းသည်ဟု ထင်မြင်မိပါသည်။

ထိုသူများသည် အသိဉာဏ်ပညာ ကင်းမဲ့သော တိရစ္ဆာန်များနဲ့ ထူးမခြားနားဖြစ်နေသည်ကို သတိထားဖို့ ကောင်းပါသည်။ မိမိကိုယ်မိမိ အသိဉာဏ်ရှိသော လူလား၊ အသိဉာဏ်မရှိသော တိရစ္ဆာန်လားဆိုတာ ခွဲခြားသိဖို့ လိုပါသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းသည် ရှက်စရာကောင်းသည်ဟု အသိဉာဏ်လေးရှိဖို့၊ သတိတရားထားဖို့ လိုအပ်လှပါသည်။ မိမိတို့မှာ တရားဝင်ယူပြီး ကျုးလွန်၍ရနေသော အခွင့်အရေးရှိပါလျက် ထိုကဲ့သို့ပြုလုပ်ခြင်းသည် တရားလက်မဲ့နိုင်လွန် သည်ဟု ထင်ပါသည်။

မြတ်စွာဘုရားရှင်က ရဟန်းများကို ဆုံးမခဲ့သော စကားရှိပါသည်။ ထိုစကားမှာ “ရဟန်းတို့ မိန်းမများကိုမြင်လျှင် မိမိထက်အသက်ကြီးပါက ကိုယ့်အမရင်းသဖွယ် သဘောထားပြီး မိမိထက်ငယ်သောသူကို ကိုယ်နှမရင်းသဖွယ် သဘောထားပြီးဆက်ဆံဖို့ရာ ဆုံးမခဲ့သောစကားမှာ ရဟန်းများသာမက လူသားများပါ လိုက်နာစောင့်ထိန်းပါက မုဒိမ်းမှုစသည်တို့ ဖြစ်လာတော့မည် မဟုတ်ပေ။

လူသားများသည် ရဟန်းသံဃာများကိုကြည့်ပြီး စောင့်ထိန်းလျှင် ပို၍စောင့်ထိန်းနိုင်ပြီး ပိုမို၍ကြည်ညိုခြင်းများ ဖြစ်လာပေလိမ့်မည်။ လူသားတို့၌ တရားဝင်ယူပြီး ကျုးလွန်ခွင့်ရှိပါသည်။ ရဟန်းသံဃားများသည် ထိုမေထုန်အမှုကို သတ္တ၀ါမှန်သမျှတို့နဲ့ ကျုးလွန်ခွင့်မရှိပါ။ ရဟန်းသံဃာများသည် ထိုသို့မည်သည့် သတ္တ၀ါနဲ့မျှ မကျုးလွန်ဘဲ နေနိုင်သေးလျှင် လူသားတို့သည် ရဟန်းသံဃာတို့ထက် မိမိတရားဝင်ယူထားသော ယောက်ျား မိန်းမများကို ကျုးလွန်ခွင့်ရှိသောကြောင့် ကျန်သောသူများကို မကျုးလွန်မိအောင် စောင့်ထိန်းသင့်ပါသည်။

ဤနေရာ၌ မင်းတုန်းမင်းကြီးပြောသော စကားကို အမှတ်ရမိပါသည်။ မင်းတုန်းမင်းကြီးကို မှုမတ်များက ရဟန်းသံဃာများ ပွဲလမ်းသဘင်ကြည့်နေသည်ကို တားမြစ်ပိတ်ပင်ဖို့ရာ လျှောက်ထားကြသောအခါ မင်းတုန်းမင်းကြီးက “ငါသည် မိန်းမမယူဘဲ နေနိုင်တာ တစ်ခုတည်းနဲ့ပင် ရဟန်းသံဃာများကို ကြည်ညိုလှပါသည်”ဟု ပြောဆိုပြီး မှုမတ်များ၏ လျှောက်တင်ချက်ကို ငြင်းပယ်ခဲ့သည်ဟူသော စကားကို ကြားဖူး၍ အမှတ်ရမိပါသည်။
ထို့ကြောင့် လူသားများသည် မေထုန်အမှုကို လုံးဝရှောင်ကြဉ်သော ရဟန်းတော်တို့ကို အတုယူကာ စောင့်ထိန်းကြရန် လိုပါသည်။ ဤမေထုန်အမှုသည် စောင့်ထိန်းရခက်မည်ဟု ထင်ရသော်လည်း မိမိ၏စိတ်သာ အဓိကကျပါသည်။ ကမ္ဘာပေါ်ရှိ သတ္တ၀ါများသည် အဓိကကျသော ဤမေထုန်အမှုကို မရှောင်ကြဉ်နိုင်သောကြောင့်သာ ဒုက္ခများနဲ့ ရင်ဆိုင်နေရပါသည်။ ထို့ပြင် သံသရာမှ မလွတ်မြောက်ဘဲ ကျင်လည်နေရသည်မှာလည်း ဤမေထုန်အမှုကြောင့်ပင် ဖြစ်ပါသည်။

ဘုရားရှင်ဟာ အစာအိမ်ကင်ဆာနဲ့ ဆုံးတာလား

အမေး။ ။ အရှင်ဘုရား….အနောက်တိုင်းသားတွေရဲ့အယူအဆက ဘုရားရှင်ဟာ အစာအိမ်ကင်ဆာနဲ့ ဆုံးတယ်လို့ ယူဆကြပါတယ်။ ၀မ်းတော်လားတယ်ဆိုတော့လည်း အစာအိမ်နဲ့ နည်းနည်းပတ်သက်တယ်ထင်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရှင်းပြပေးတော်မူပါဘုရား။

ကိုကိုအောင်။ အမေရိကန်


အဖြေ။ ။ အများအမြင်မှာ ဘုရားရှင်ဟာဝမ်းတော်လားတဲ့အတွက် ပရိနိဗ္ဗာန်စံတယ် ထင်ကြတယ်။ အမှန်က ဘုရားရှင်ဟာ ဒီအချိန်ကျရင် ၀မ်းတော်မလားလည်း ပရိနိဗ္ဗာန်စံဝင်ရမှာပါ။ ဘာကြောင့်လည်းဆိုရင် ဘုရားရှင်ဟာ ပရိနိဗ္ဗာန်မစံမှီ ဆယ်လလောက်အလိုမှာ ဝေဠုဝရွာမှာ ၀ါကပ်တော်မူစဉ် ပြင်းထန်ပြီး အသက်သေစေနိုင်တဲ့ အနာရောဂါတစ်ခု ဖြစ်ပေါ်ခဲ့တယ်လို့ ဒီဃနိကာယ်၊ မဟာဝဂ်ပါဠိ၊ မဟာပရိနိဗ္ဗာနသုတ်မှာ ဖေါ်ပြထားပါတယ်။ (အထေ ခေါ ဘဂ၀တော ၀ဿူပဂတဿ ခရော အာဗာဓော ဥပ္ပဇ္ဇိ, ဗာဠှာ ဝေဒနာ ၀တ္တန္တိ မာရဏန္တိကာ။) ပြင်းထန်တဲ့ဝေဒနာဟာ ဘယ်လိုလဲဆိုတာကို မဟာဝဂ္ဂ မဟာပရိနိဗ္ဗာသုတ်ဋီကာက ဘုရားရှင် ဓါတ်ဖေါက်ပြန်တဲ့ရောဂါလို့ ပြောပါတယ်။ ဘုရားရှင်ဟာ ဖြစ်ပေါ်လာတဲ့ ဓါတ်ဖေါက်ပြန်ပြီး ပြင်းထန်သောရောဂါကို အရဟတ္တဖလ သမာပတ်ကိုဝင်စားပါတယ်။ ဒီလို မ၀င်စားမီ “ယခုအနာရောဂါ နောက်ဆယ်လကြာအောင်မဖြစ်ဘဲ တည်နေပါစေသတည်း”လို့ အဓိဋ္ဌာန်တော်မူကာ အရဟတ္တဖလသမာပတ်ကို ၀င်စားပါတယ်။ ဒီသမာပတ်ဝင်စားခြင်းဖြင့် ဖြစ်ပေါ်နေတဲ့ ပြင်းထန်သော ရောဂါကို မဖြစ်အောင် တားထားနိုင်ပါတယ်။ ဒါကြောင့် ဘုရားရှင်ဟာ ၀မ်းတော်လားတဲ့အခါမှာ အဓိဋ္ဌာန်ထားခဲ့တာဟာ ဆယ်လည်းပြည့်ခဲ့ပြီမို့ ယခင်ပြင်းထန်တဲ့ ရောဂါလည်းပြန်ဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်တော်မူရပါတယ်။ ၀မ်းတော်လားလို့ မဟုတ်သလို အစာအိမ်ကြောင့်ဆိုတာလည်း မမှန်ပါဘူးဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

အချင်းချင်း အရိုသေပေးမှု

အမေး။ ။ အရှင်ဘုရား…မြန်မာ့ယဉ်ကျေးမှုမှာ လူကြီးကလူငယ်ကို ၀န်ချကန်တော့တဲ့ အစဉ်အလာရှိတယ်လို့ သိရပါတယ်။ ကြီးသူငယ်သူ အပြန်အလှန်ကန်တော့နည်းကိ သိလိုပါတယ်၊ အဖြေပေးတော်မူပါဘုရား။

ငြိမ်းလွင်။ မော်စကို


အဖြေ။ ။ ၀န်ချကန်တော့တယ်ဆိုတာ ဘုရားရှင်ရဲ့ အဆုံးအမဖြစ်တယ်။ ဘုရားဆုံးအမကိုလိုက်နာတဲ့ သူများကိုလည်း ဗုဒ္ဓဘာသာဝင်လို့ခေါ်တယ်။ ယခုအခါ ဗုဒ္ဓဘာသာဝင်အများစုဟာ မြန်မာလူမျိုး များဖြစ်တာကြောင့် မြန်မာ့ယဉ်ကျေးမှုဆိုတာဟာလည်း ဘုရားအဆုံးမတွေပါပဲ။ ဘုရားရှင်က မင်္ဂလသုတ်တော်မှာ ဂါရဝေါစ ဧတံ မင်္ဂလမုတ္တမံ-ရိုသေထိုက်သူကို ရိုသေခြင်းဟာ မြတ်သောမင်္ဂလာမည်၏။ “အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ဆည်းကပ်ခစား ရိုသေလေ”လို့ ဟောတော်မူထားပါတယ်။ ကိုယ့်ထက် အသက်ဂုဏ်သိက္ခာအားဖြင့် ကြီးမားသူကို ရိုသေမှု ဂါရ၀ရှိရပါမယ်။ အဘိဓမ္မာလာ ပုညကြိယာဝတ္ထုဆယ်ပါးမှာ လည်း အပစါယနဆိုတာရှိတယ်။ ရိုသေထိုက်သူကို ရိုသေရမယ်တဲ့။ နှစ်ခုစလုံးကတော့ သဘောအတူတူပါပဲ။ ပြောလိုသည်မှာ ငယ်သူကကြီးသူကို ၀န်ချကန်တော့တယ်ဆိုတာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာတစ်ရပ်ပါ။ သို့သော် ကြီးသူက ငယ်သူကို ကန်တော့တယ်ရတယ်ဆိုတာ ဘုရားရှင် မဟောခဲ့ပါဘူး။ တစ်ခုတော့ရှိတယ် ကြီးသူက အမှားလုပ်မိလို့ ငယ်သူအားမှားကြောင်းကို တောင်းပန်တာလောက်ပဲရှိပါတယ် ကန်တော့ဖို့အထိတော့ မလုပ်ကောင်းပါဘူး။ ဒါက အသက်အားဖြင့်ပြောတာပါ။

ဂုဏ်အားဖြင့် ရိုသေရမယ်ဆိုတာကျတော့ ဂုဏ်ဆိုတာ သီလ၊သမာဓိ၊ပညာဂုဏ်ပါ။ ကိုယ့်ထက်သီလ၊သမာဓိ၊ ပညာဂုဏ်းအားဖြင့် ကြီးမားသူအား ရိုသေကန်တော့ရပါ့မယ်။ ရဟန်းတော်များမှာ သိက္ခာဝါတော်ကြီးသူကို သိက္ခာဝါငယ်သူက ရိုသေရတယ်၊ကန်တော့ရတယ်။ တကယ်လို့ အသက်ငယ်ပြီး သိက္ခာအားဖြင့်ကြီးသူကို အသက်ကြီးပြီး သိက္ခာငယ်တဲ့ရဟန်းက ရှိခိုးကန်တော့ရပါတယ်။ မေးခွန်းရှင်က အချင်းချင်း အပြန်အလှန်ကန်တော့နည်း လို့မေးထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဂါရ၀(၁၀)ပါးထဲမှာ အညမညဂါရ၀ါဆိုတာ ရှိတယ်။ အညမညဂါရ၀ါဆိုတာ အချင်းချင် ရိုသေရမယ်ဆိုတာပဲ။ နားလည်အောင် ရှင်းပြရရင် ကြီးသူကို ငယ်သူက ရိုသေစွာ ကန်တော့လိုက်တာကို ကြီးသူက အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။ ဒီလို တစ်ယောက်နဲ့တစ်ယောက် အပြန်လှန်အသိအမှတ်ပြုကြတာကိုပဲ အညမညဂါရ၀ါလို့ခေါ်ပါတယ်။ ကြီးသူက ရှိခိုးကန်စရာမလိုပါဘူးဆိုတာ အဖြေပေးလိုက်ပါတယ်။ တစ်ခုတော့ရှိတယ် ထိုင်းနိုင်ငံယဉ်ကျေးမှုမှာကျတော့ ရဟန်းတော်များနှင့် လူများဟာ မျက်နှာခြင်းဆိုင်နေပြီး အချင်းချင်း လက်အုပ်ချီကြတာတော့ တွေ့ဖူးပါတယ်။ အဲဒါက ထိုင်းနိုင်ငံယဉ်ကျေးမှုပါ။ မြန်မာယဉ်ကျေးမှုနှင့်မတူပါဘူး။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

မွေးခါစ စကားပြောကြသူများ

အမေး။ ။ အရှင်ဘုရား…မွေးခါစမှာ စကားပြောကြတဲ့ ဘုရားအလောင်းတော် ဘယ်နှစ်ဦး ရှိပါသလဲဘုရား။ ထိုသူတို့ရဲ့ မွေးခါစမှာ ပြောတဲ့စကားများကို ပါဠိလိုမြန်မာလို နှစ်ဘာသာဖြင့် ဖော်ပြပေးပါရန် တပည့်တော် ရိုသေစွာ လျှောက်ထားပါတယ်ဘုရား။

ပြည့်စုံအောင်။ စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း


အဖြေ။ ။မွေးဖွားခါစ စကားပြောဖူးသောသူများမှာ ဘုရားအလောင်းတော်များဖြစ်ကြတဲ့ ဝေဿန္တရာ၊ မဟောသဓာ၊ သိဒ္ဓတ္တမင်းသားတို့ဖြစ်တယ်။ ဘုရားအလောင်းတော် သုံးဦးတို့ရဲ့ မွေးခါစပြောစကားများကို နားလည်အောင် အကျယ်ပြောပေးပါမယ်။ (၁) ဘုရားအလောင်းတော်ဟာ မဟောသဓသုခမိန်ဘ၀တွင် မယ်တော်ဝမ်းမှ ဖွားမြင်တော်မူခိုက် သိကြားမင်းလာပြီး ဘုရားအလောင်းတော်ရဲ့လက်ထဲမှာ စန္ဒကူးနံ့သာနှစ်တုံးကို ထားခဲ့တဲ့အတွက် ဒီစန္ဒကူးနံ့သာနှစ်တုံးကို ဆုပ်ကိုင်လျက် ဖွားမြင်လာသောအခါ မယ်တော်က သားတော်လေးအား “ချစ်သား…အဘယ်ဝတ္ထုကို ယူလာခဲ့သလဲ”လို့ မေးမြန်းရာ သားတော်က “အို မွေးမိခင်….ဆေးဖြစ်ပါတယ်” (သြသဓံ,အမ္မာ)လို့ မဟောသဓသုခမိန်မင်းသားလေးဟာ မွေးခါစမှာ စကားပြောခဲ့တယ်။(သာ တဿ ဟတ္ထေ သြသဓဃဋိကံ ဒိသွာ “တာတ,ကိံ တေ လဒ္ဓ” န္တိ အာဟ။ “သြသဓံ, အမ္မာ” တိ ဒိဗ္ဗောသဓံ မာတု ဟတ္ထေ ဌပေသိ။)

(၂) ဘုရားအလောင်းတော် ဝေဿန္တရာမင်းဘ၀မှာ မယ်တော်ဝမ်းမှ ဖွားမြင်ခါစမှာပင် လက်ျာလက်ကို ဆန့်တန်းဖြန့်ခင်းပြီး “အမ္မ ဒါနံ ဒဒိဿာမိ၊ အတ္ထိနု ကိဉ္စိ တေ ဓနံ”လို့ ပြောပါတယ်။ အဓိပ္ပါယ်က “မွေးမယ်တော်.. မယ်တော်မှာ တစ်စုံတစ်ခုသော ဥစ္စာဝတ္ထု ရှိပါသလား။ အလှူဒါနကို လှူပါအံ့”လို့ဆိုပြီး ဖွားမြင်လာပါတယ်။

(၃) ဂေါတမမြတ်စွာဘုရားအဖြစ်သို့ ရောက်တော်မူမယ့် နောက်ဆုံးဘ၀မှာ မွေးဖွားလာတာနဲ့ မြောက်အရပ်သို့ ဖ၀ါးခုနှစ်လှမ်း လှမ်းကြွတော်မူပါတယ်။ ခုနှစ်ဖ၀ါးမြောက်ရောက်တဲ့အခါ ရပ်တန့်တော်မူပြီး အဂ္ဂေါဟမသ္မိ လောကဿ=ငါဟာ လူသုံးပါးမှာ အမြတ်ဆုံးဖြစ်တယ်။ ဇေဋ္ဌောဟမသ္မိ လောကဿ=ငါဟာ လူသုံးပါးမှာ အကြီးအကဲဆုံးဖြစ်တယ်။ သေဋ္ဌောဟမသ္မိ လောကဿ=ငါဟာ လူသုံးပါးမှာ အချီးမွမ်းအပ်ဆုံး ဖြစ်တယ်။ အယမန္တိမာ ဇာတိ=ယခု ပဋိသန္ဓေတည်ရခြင်းဟာ ငါ့အဖို့ နောက်ဆုံးပဋိသန္ဓေ တည်နေရခြင်း ဖြစ်တယ်။ နတ္ထိဒါနိ ပုနဗ္ဘဝေါ=ယခုအခါ ငါအဖို့ တဖန်ဘ၀အသစ်ဖြစ်ရခြင်း မရှိတော့ပြီလို့ ပြောကြားတော်မူခဲ့ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

Wednesday, September 28, 2011

သာသနာ(၅၀၀၀)ဆိုတာ ဘယ်သူပြောခဲ့လဲ

အမေး။ ။ အရှင်ဘုရား..ဗုဒ္ဓသာသနာသည် နှစ်(၅၀၀၀)၊ ယခုကာလသည် အရိယာများစွာ ပေါ်ထွန်းနေရမည့် ကာလဟူ၍ ဘယ်သူကဆိုခဲ့ပါသလဲ၊ အဖြေပေးတော်မူပါဘုရား။

ငြိမ်းလွင်။ Mosscow

အဖြေ။ ။ ဒါနဲ့ပတ်သက်ပြီး မြတ်စွာဘုရားက အရှင်အာနန္ဒာအား “အာနန္ဒာ…မာတုဂါမများ သာသနာအတွင်း ၀င်လာတဲ့အတွက်ကြောင့် သာသနာဟာ အနှစ်ငါးရာသာ တည်လိမ့်မယ်။ (ဂရုဓံတရားရှစ်ပါး ပြဋ္ဌာန်းပေးထားတဲ့ အတွက် အနှစ်တစ်ထောင် တည်မြဲလိမ့်မယ်)လို့ စူဠ၀ါပါဠိတော်မှာ ဟောတော်မူထားပါတယ်။ မြတ်စွာ ဘုရားဟောတော်မူတဲ့ အနှစ်တစ်ထောင်ဆိုတာနဲ့စပ်ပြီး အဋ္ဌကထာဆရာများက ပဋိသမ္ဘိဒါပတ္တ ရဟန္တာတစ်ထောင်ကိုသာဆိုတယ်။ ဒါ့အပြင် သုက္ခ၀ိပဿက ရဟန္တာခေတ်ကတစ်ထောင်၊ အနာဂါမ်ခေတ်က တစ်ထောင်၊ သကဒါဂါမ်ခေတ်က တစ်ထောင်၊ သောတာပန်ခေတ်က တစ်ထောင်ရှိသေးတဲ့အတွက် စုစုပေါင်း သာသနာငါးထောင်ဆိုပြီး အဋ္ဌကထာများမှာ ဖေါ်ပြကြတဲ့အတွက် သာသနာငါးထောင်ဆိုတာ ထင်ရှားလာဟန်တူပါတယ်။

တစ်ဖန် သုတ်ပါထေယျ အဋ္ဌကထာ၊ အင်္ဂုတ္ထိုရ် အဋ္ဌကထာတို့မှာလည်း ဘုရားရှင်ဆိုလိုတဲ့ နှစ်တစ်ထောင်ဆိုတာ ပဋိသမ္ဘိဒါပတ္တခေတ် ကိုဆိုလိုကြောင်း၊ ဆဠာဘိည၊ တေ၀ိဇ္ဇ၊ သုက္ခ၀ိပဿက၊ ပါတိမောက္ခခေတ်လို့ဆိုကာ သာသနာအနှစ်ငါးထောင်ပင် ဖြစ်ကြကြောင်း အဋ္ဌကထာဆရာများက မိန့်တော်မူကြပါတယ်။ ဒါပေမယ့် မဟာဝဂ္ဂပါဠိ၊ မဟာပရိနိဗ္ဗာနသုတ်၊ သုဘဒ္ဒပရိဗ္ဗာဇကသုတ်မှာ ဘုရားရှင်က “သုဘဒ္ဒ သာသနာတော်မှာ ရဟန်းများဟာ ကောင်းမွန်စွာ နေကြမယ်(မိမိတရားထူးရပြီး ထိုတရားအား အခြားသူများအား ပြောဟောကာ အခြားသူများကလည်း တရားထူးရကြမယ်)ဆိုပါရင် လောကကြီးမှာ ရဟန္တာများ မဆိတ်သုဉ်းနိုင်ဘူး” လို့ သုဘဒ္ဒပရိဗိုဇ်အား မိန့်တော်မူထားပါတယ်။ (ဣမေစ သုဘဒ္ဒ ဘိက္ခူ သမ္မာ ၀ိဟရေယျုံ အသုညော လောက အရဟန္တေဟိ အဿတိ) ထိုစကားတော်အရ ရဟန်းတော်များ ကောင်းမွန်စွာနေကြမယ်ဆိုရင်တော့ အရိယာများ မဆိတ်သုဉ်းနိုင်ဘူး၊ ရှိနေဦးမှာပါဆိုတာပါပဲ။ တကယ်လို့ ရဟန်းတော်များ ကောင်းမွန်စွာ မနေကြဘူးဆိုရင်တော့ မရှိနိုင်ဘူးလို့ အဓိပ္ပါယ်နှစ်မျိုး ယူလို့ရပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

Tuesday, September 27, 2011

အိန္ဒိယမှာ ဘာ့ကြောင့်သာသနာကွယ်ခဲ့လဲ

အမေး။ ။ အရှင်ဘုရား…တပည့်တော်တို့ ဂေါတမရှင်တော်မြတ်ဘုရား ပွင့်တော်မူခဲ့တဲ့ အိန္ဒိယစတဲ့ မဇ္ဈိမဒေသမှာ အဘယ့်ကြောင့် သာသနာတော်ကြီး ကွယ်လုကွယ်ခင် ဖြစ်ခဲ့ရတာလဲဘုရား။

လင်းလင်း။ ထိုင်ဝမ်


အဖြေ။ ။ လင်းလင်းရေ…..မဇ္ဈိမဒေသမှာ အဘယ့်ကြောင့် သာသနာတော် ကွယ်ခဲ့ရတာလဲဆိုရင် ပရိယတ္တိအားထုတ်မှု၊ ပဋိပတ္တိအားထုတ်မှု မရှိတဲ့အတွက် သာသနာတော်ကြီး ကွယ်ခဲ့ရတယ်လို့ပဲ ပြောရပါလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး သာသနာကွယ်ကြောင်းကိုပြောရရင် ရဟန်းတော်များ စာပေပရိယတ္တိ သင်ကြားမှုမရှိတော့၊ တကယ်လို့ သင်ကြားစေဦးတော့ သဒ္ဓါ ၀ီရိယ သတိ သမာဓိ ပညာများ အားနည်းလာမှုကြောင့် စာပေသင်ကြားမှု အားနည်းလာခြင်း၊ စာချပေးမှု နည်းပါးလာရာကနေ လုံးဝမရှိတော့ခြင်းတို့ ဖြစ်တယ်။ ဆရာသမားတို့ရဲ့အဆုံးအမကို လိုက်နာမှုမရှိဘဲ ပြောဆိုဆုံးမရခက်ခြင်းနှင့် ပရိယတ္တိစာပေများကို သင်ကြားပေမယ့်လို့ တရားတော်လာအတိုင်း အားထုတ်မှု မရှိတော့ခြင်းတို့ ဖြစ်တယ်။ ဒါ့အပြင် ရဟန်းတော်များ လာဘ်လာဘ ပေါများအောင် ဖန်တီးလာကြပါတယ်။ အဲဒီမှာ ဘုရားမကြိုက်တဲ့ ဆေးဝါးကုသမှု၊ ဗေဒင်ဟောမှု၊ ဓာတ်ရိုက်ဓါတ်ဆင်ပြုလုပ်ပေးမှု အခါပေးအလုပ်များ ပြုလုပ်ပေးမှု၊ ဂန္ဓာရီအတတ်မျိုးစုံကို သင်ကြားပြီး ထိုအတတ်တို့ကို လက်တွေ့အသုံးချကြခြင်းစတဲ့ အလုပ်များကို လုပ်လာကြတာဟာ သာသနာကွယ်ဖို့ ဖြစ်လာတာပါပဲ။

အိန္ဒိယမှာ သာသနာကွယ်လုကွယ်ခင်ဖြစ်သွားတဲ့ အနေအထားကို ပြောမယ်ဆိုရင် သာသနာနှစ် (၂၀၀)ကျော်က မောရိယအင်ပါယာကို ပိုင်ဆိုင်ခဲ့တဲ့ သိရီဓမ္မာသောကမင်းကြီး အုပ်စိုးခဲ့တဲ့ ခေတ်ကာလကို ပြန်ပြောင်းပြောရပါလိမ့်မယ်။ သိရီဓမ္မာသောကမင်းလက်ထက် နန်းတော်ထဲရှိ အချို့သော မူးမတ်များဟာ ဗြဟ္မဏဘာသာဝင် ဂျိန်းဘာသာဝင်များဖြစ်ခဲ့ကြတယ်။ မင်းကြီး ဘုန်းတန်ခိုးတောက်ပအချိန်မှာ ဗြဟ္မဏ၀ါဒီများနှင့် ဂျိန်းဘာသာဝင်များဟာ မေးမှိန်နေတာပေါ့၊ မင်းကြီးဟာ သေလောက်တဲ့ရောဂါဖြင့် အိပ်ရာထဲလှဲနေတဲ့အခိုက် သားတော်ကုဏာလရဲ့သား (မြေးတော်စပ်သူ) သမ္ပဒီမင်းသားက အာဏာသိမ်းလိုက်တယ်။ မင်းကြီးရဲ့သားတော် ကုဏာလမင်းသားကို ဂျိန်းဘာသာဝင်၊ ဗြဟ္မဏဘာသာဝင်များက အားပေး ထောက်ခံလျက်ရှိပါတယ်။ ထိုမင်းသားကိုယ်တိုင်ကလည်း ဂျိန်းဘာသာဝင်အဖြစ်ကို ခံယူခဲ့ပါတယ်။ ကုဏာလမင်းသားနည်းတူ သူ့ရဲ့သားဖြစ်တဲ့ သမ္ပဒီမင်းသားဟာလည်း ဂျိန်းဘာသာဝင်ဖြစ်ခဲ့ရတယ်။ သီရိဓမ္မာသောကမင်းကြီး နတ်ရွာစံပြီးနောက်ပိုင်းမှာ တိုင်းပြည်အုပ်ချုပ်နေတဲ့မင်းက ဂျိန်းဘာသာဝင်ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာများကို အားပေးထောက်ပံ့မှုမရှိတော့ပါ။

အဲဒီကနေ အသောကမင်းကြီးရဲ့နောက်က မင်း(၆)ဆက်မြောက်မှာ သုင်္ဂပုရှာမိတြလို့ခေါ်တဲ့ ဗြဟ္မဏစစ်သူကြီးက သုင်္ဂမင်းဆက်ကို ထည်ထောင်ခဲ့တယ်။ ဒီမင်းဟာ ဗြဟ္မဏ၀ါဒကို အားပေးတဲ့အတွက် တိုင်းပြည်မှာ သားကောင်များသတ်ပြီး ယဇ်ပူဇော်မှုကို တရားဝင်ခွင့်ပြုလိုက်ပါတယ်။ ဗြဟ္မဏ၀ါဒစာပေများကိုလည်း အသစ်တဖန်ပြန်လည် ရေးသားစေပြီး ဗြဟ္မဏ၀ါဒထွန်းကားအောင် လုပ်ခဲ့ပါတယ်။ ဒီအချိန်မှာ ဗြဟ္မဏ၀ါဒီများက ဗုဒ္ဓဘာသာကိုဦးတည်ပြီး အထူးတလည် တိုက်ခိုက်ခဲ့တယ်။ ဗုဒ္ဓသာသနာ့ဝန်ထမ်းများကို လိုက်လံသတ်ဖြတ်ကာ ဗုဒ္ဓ၀ါဒအမြစ်ပြုတ်အောင် တိုက်ခိုက်ခဲ့ကြတဲ့အတွက် ဗုဒ္ဓဘာသာရဟန်းတော်များ မဇ္ဈိမဒေသမှာမနေနိုင်တော့ဘဲ နယ်စွန်အဖျားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။

ဒါဟာ မဇ္ဈိမဒေသမှာ ဗုဒ္ဓသာသနာ ကွယ်လုကွယ်ခင် ဖြစ်ခဲ့ရတဲ့အကြောင်းပဲဆိုတာ ဖြေကြားပေးလိုက်ပါတယ်။ မကြာသေးမီက သတင်းတစ်ပုဒ်ကို နောက်ဆက်တွဲ ဖေါ်ပြလိုက်ပါတယ်။ နိပေါလ်နိုင်ငံမှာ နွားတွေကိုသတ်ပြီး ယာဇ်ပူဇော်မှု မပြုလုပ်ရဆိုတဲ့ တားမြစ်ချက်ကို နိပေါလ်အစိုးရက ထုတ်ပြန်တော့ တိုင်းသူပြည်သားတွေက ထိုတားမြစ်ချက်ကို သဘောမတူတဲ့အတွက် ကန့်ကွက်ဆန္ဒပြကြတယ်လို့ ပြောပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

ဘုရားရှင်ရဲ့အရပ်တော်

ဘုရားရှင်ဟာ သာမန်အချိန်မှာ ပကတိလူသားထက်ပိုပြီး မြင့်နိုင်စရာမရှိပေမဲ့လို့ ခန္ဓာကိုယ်ကို ကြီးချင်ရင် သူတကာထက်ပိုပြီး ကြီးလို့ရသလို ငယ်ချင်ရင်လည်း ငယ်ချင်သလောက် ငယ်လို့ရတယ်ဆိုတဲ့ ဘုရားရှင်ရဲ့ တန်ခိုးတော်အရာလည်း ရှိပါသေးတယ်။ သာဓကတစ်ခုပြောချင်ပါသေးတယ်။ တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ ဘုရားရှင်ရဲ့ အရပ်တော်ကို သိချင်တဲ့အတွက် သူ့အိမ်အရှေ့ ဘုရားရှင် ဆွမ်းခံကြွရာနေရာမှာ ၀ါးလုံးတစ်လုံး စိုက်ထူထားပါတယ်၊ ဘုရားကြွတော်မူလာတော့ ၀ါးလုံးထက် ဘုရားရှင်ရဲ့အရပ်တော်က မြင့်နေတယ်၊ ဒီလိုနဲ့ ၀ါးခုနှစ်လုံးဆက်ပြီး ထောင်ထားလိုက်တယ်။ ဒါပေမဲ့ ဘုရားရဲ့ အရပ်တော်က မြင့်လျက်ပါပဲ။ အဲဒီအခါ မြတ်စွာဘုရားက “ဘာလို့ ၀ါးလုံးတွေ ထောင်ထားတာလဲ”လို့ ပုဏ္ဏားအားမေးတဲ့အခါ “ အရှင်ဘုရားရဲ့ အရပ်တော်ကို သိချင်လို့ပါ”လို့ ပုဏ္ဏားက လျှောက်တယ်။ အဲဒီအခါ ဘုရားရှင်က “ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ကျင့်လာတဲ့ ပါရမီဘုန်းတော်ကို မင်းဝါးလုံးနဲ့ တိုင်းတာလို့ရပါ့မလား”လို့ ဟောကြား ဆုံးမတော်မူပါတယ်။

တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရား ဟောတော်မူတဲ့အခါကလည်း ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ပလာထက်မှာ သီတင်းသုံးတော်မူနေတဲ့အခါ သိကြားမင်းက “ပဏ္ဍုကမ္ပလာက တစ်ဆယ့်ငါး ယူဇနာတောင်ရှိတာဆိုတော့ ဘုရားရှင်ထိုင်တော်မူရင် နေရာတွေ ပိုနေမှာပဲ”လို့ တွေးမိတယ်။ ဒါနဲ့ ဘုရားရှင် ပဏ္ဍုကမ္ပလာထက် ထိုင်တော်မူလိုက်တဲ့အခါ ကမ္ပလာတစ်ခုလုံး ပြည့်သွားရုံမျှမက သင်္ကန်းအစွန်းဟာ ကမ္ပလာရဲ့အပြင်ကို ထွက်ကျနေပါတော့တယ်။ အဲဒီအခါ သိကြားမင်းက “ ငါဟာ မိုက်လေစွ၊ မြတ်စွာဘုရားရဲ့ ဘုန်း တန်ခိုးတော်ကို မသိလေစွ”လို့ နောင်တရတော်မူပါတယ်သတဲ့။

တစ်ခါက ‘ရာဟု’အမည်ရှိ အသူရာနတ်မင်း တစ်ဦးရှိတယ်။ သူရဲ့ ခန္ဓာကိုယ်က အလွန်ကြီးမားတယ်။ ဒါနဲ့ နတ်တွေက ဘုရားသွားဖူးသွားဖို့ခေါ်တဲ့အခါ အသူရာနတ်မင်းကြီးက “ ငါသွားရင် ဘုရားရှင်က ငယ်ငယ်ဆိုတော့ ငါငုံ့ကြည့်ရမယ်။ ငါမသွားဘူးလို့တွေးကာ မလိုက်ဘဲနေတယ်၊ နတ်တွေက ဖန်ခါထပ်ထပ်ခေါ်တဲ့အခါမှာ မတတ်သာတော့ဘဲ လိုက်သွားတယ်၊ ဘုရားအရှေ့ရောက်တော့ ဘုရားရှင်ရဲ့ ခြေဖမိုးတော်ပဲ မြင်ရတယ်၊ မျက်နှာတော်ကိုဖူးဖို့ အပေါ်မော့ကြည့်တဲ့အခါမှာလည်း မျက်နှာတော်က မြင့်လွန်းနေတဲ့အတွက် ရင်ခေါင်းတော်လောက်သာ မြင်ရပါတယ်။ အဲဒီအခါကျမှ အသူရာနတ်မင်းက “အော်…ဘုရားဆိုတာ အံ့သြဖွယ် အလွန်ကောင်းတာပဲ၊ ဘုရားရှင်ဟာ သေးသေးငယ်ငယ် ထင်မိပြီး မထီမဲ့မြင် ထင်မှားမိလေခြင်း”လို့ တွေးကာ နောင်တရနေပါတော့တယ်။

ဒါဟာ လူသာမန်တို့ မကြံစည်နိုင်တဲ့ ဘုရားရှင်ရဲ့ တန်ခိုးအရာပါပဲ။ မြတ်စွာဘုရားရဲ့ ဘုန်းတော်နဲ့ ပတ်သက်ပြီး မကြံစည်အပ်တဲ့တရားလေးပါးရှိတယ်။ ဒါကို အစိန္တေယျလေးပါးလို့ ခေါ်ပါတယ်။ ဒီလေးပါးကို ဗဟုသုတအလို့ငှါ ဖေါ်ပြပေးချင်ပါတယ်။ (၁) တန်ခိုးတော်ကို မကြံစည်အပ်။ (၂) ကံ၏အကျိုးပေးရာတွင် မကြံစည်အပ်။ (၃)သဗ္ဗညုတဉာဏ်တော်အရာတွင် မကြံစည်အပ်။ (၄) လောကအကြောင်း မကြံစည်အပ်ခြင်းတို့ ဖြစ်တယ်။

တစ်ခါက နိုင်ငံခြားသားတစ်ယောက်က လယ်တီဆရာတော်ကြီးအား မေးဖူးတယ် “အရှင်ဘုရား… မြတ်စွာဘုရားဟာ အလိုတော်ရှိရင် မုန်ညင်းစေ့ထဲလည်း ပကတိကိုယ်ခန္ဓာဖြင့် ၀င်နိင်တယ်ဆိုတာ ဟုတ်ပါ့မလားဘုရား၊ ဘုရားရှင်ရဲ့ ခန္ဓာကိုယ်က ပင်ကိုယ်ဆိုရင် မုန်ညင်းစေ့က ကျယ်လာတာ ဖြစ်ရမယ်။ မုန်ညင်းစေ့ကလည်း ပုံမှန်အတိုင်း ဘုရားရှင်ကလည်း ပကတိအတိုင်း ၀င်တယ်ဆိုတာတော့ တပည့်တော်မယုံပါဘူးဘုရား” မေးလျှောက်တယ်။ ဆရာတော်ကြီးက “ဣဒ္ဓိဝဒေါ အစိန္တိယော တန်ခိုးတော်ကို မကြံစည်အပ်ဘူး”လို့ မိန့်တော်မူပါတယ်။ နိုင်ငံခြားသားက “အရှင်ဘုရားတို့က ပြဿနာပေါ်လာရင် ဒီအစိန္တေယျဆိုတာကြီးနဲ့ ကာကြတာပဲ၊ တပည့်တော် မကျေနပ်နိုင်ပါဘူး” လို့ဆိုသတဲ့၊

ဒီတော့ ဆရာတော်ကြီးက နိုင်ငံခြားသားမှာပါလာတဲ့ မှန်ပြောင်းကို လက်ညိုးထိုးပြီး “ ဒီမှန်ပြောင်း ဘယ်လောက်ပေးရလဲ”လို့မေးတယ်၊ “(၆၅)ကျပ်ပေးရပါတယ်ဘုရား”လို့ နိုင်ငံခြားသားက လျှောက်တယ်။ ဆရာတော်ကြီးက “ ဒါဖြင့် ဒီမှန်ပြောင်းနဲ့ တောင်ရိုးကြီးကို ကြည့်လိုက်စမ်း၊ ဘာမြင်ရတုန်း”လို့မေးတယ်၊ နိုင်ငံခြားသားက “ အရှင်ဘုရား… တောင်ရိုးကြီးကို မြင်ရပါတယ်ဘုရား”လို့ လျှောက်တယ်၊ “မင်းဟာက မှန်ပြောင်းလေးက အပေါက်ဝသေးသေးလေးပဲ ဒီလောက်ကြီးတဲ့ တောင်ရိုးကြီးကို မြင်ရတယ်ဆိုတာ ဟုတ်ပါ့မလား၊ တောင်ရိုးကြီးကိုမြင်ရအောင် မှန်ပြောင်းက ကျယ်လာလို့လား၊ တောင်ရိုးကပဲ သေးလာလို့လား” လို့ ဆရာတော်က မေးပါတယ်။ အဲဒီအခါ နိုင်ငံခြားသားက “မှန်ပါ …မှန်ကလည်း မကျယ်ပေးသလို၊ တောင်ရိုးကြီးကလည်း မသေးလာပါ၊ ဒါပေမဲ့ အကုန်လုံးကိုတော့ မြင်နေရတာပဲ ဘုရား”လို့ လျှောက်တယ်။ ဆရာတော်ကြီးက “ အေး…မင်းရဲ့ (၆၅)ကျပ်တန် မှန်ပြောင်းကတောင် ဒီလောက် အစွမ်းထက်နေရင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီဖြည့်ကျင့်ခဲ့တဲ့ မြတ်စွာဘုရားက ဒါလောက်တော့ရှိမှာပေါ့”လို့ ပြောလိုက်တဲ့အခါကျမှသာ နိုင်ငံခြားသား ၀မ်းမြောက်စွာနဲ့ ကျေကျေနပ်နပ်ကြီး လက်ခံသွားပါတော့တယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

Monday, September 26, 2011

အမဲသားရှောင်တာဟာ လောကီအကျိုးရှိ/မရှိ

အမေး။ ။ လယ်တီဆရာတော်ဘုရားက လူတွေအား အမဲသားလှူဖို့ တိုက်တွန်းခဲ့တယ်။ အမဲသားရှောင်ြပီး မေတ္တာပို့တဲ့အတွက် မြို့တစ်မြို့မှာ ဘီလူးသဘက်စတာတွေကို ဟန့်တားနိုင်တယ်လို့ စာဖတ်ဖူးပါတယ်ဘုရား။ တပည့်တော်သိချင်တာက အမဲသားစားတာကို ရှောင်ခြင်းဖြင့် လောကီအကျိုး ရှိ/မရှိဆိုတာကို သိချင်ပါတယ်ဘုရား။

ကိုကိုအောင်။ ဆန်ဖရန်စ္စကို

အဖြေ။ ။ အမဲသားမစားတာဟာ လောကီအကျိုးရှိတယ်လို့ ပြောရမယ်။ နားလည်အောင်ပြောရရင် အသားမစားခြင်းဖြင့် အစိမ်း၊ သရဲ၊ သင်းကွဲပြိတ္တာ၊ တစ္ဆေ၊ မြေဖုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာများဘေး၊ ခြသေ့င်္၊ သစ်၊ ကျားစတဲ့ သားရဲဘေးအန္တရာယ်မှကင်းဝေးခြင်း၊ သက်ရှည်ကျန်းမာ ရောဂါကင်းသဖြင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာခြင်းစတဲ့ အကျိုးများရနိုင်တယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ကျွဲနွားတို့၏အသားကိုမစားဘဲ ရှောင်ကြဉ်ခြင်းဟာ ပိုပြီးရောဂါကင်းတယ်၊ သက်ရှည်ကျန်းမာတယ်လို့ သုတ္တနိပါတ်ပါဠိတော်မှာ ဟောတော်မူထားပါတယ်။‘ တယော ရောဂါ ပုရေ အာသုံ၊ ဣစ္ဆာ အနသနံ ဇရာ။’ပသူနဉ္စ သမာရမ္ဘာ၊ အဋ္ဌန၀ုတိ မာဂမုံ။’လို့ဟောတော်မူပါတယ်၊ အဓိပ္ပါယ်က နွားသားကျွဲသားစားသူတို့ မပေါ်မှီ ရှေးအခါက

(၁) ဣစ္ဆာ-လိုချင်တာမရတဲ့အတွက် စိတ်ပူပန်အနှောက်ယှက်ဖြစ်ရတဲ့ရောဂါ။

(၂) အနသန–စားချိန်မှာ မစားရ၊ အိပ်ချိန်မှာ မအိပ်ရတဲ့အတွက် စိတ်ပူပန်အနှောင့်အယှက်ဖြစ်ရတဲ့ရောဂါ။

(၃) ဇရာ – အိုချိန်ကျတဲ့အခါ အိုရတဲ့ရောဂါ။ ထိုရောဂါ (၃)မျိုးသာ ပေါ်ပေါက်ခဲ့ပါတယ်။ ထမင်းရှင်ဟင်းရှင်ဖြစ်တဲ့ ကျွဲနွားသတ္တ၀ါတွေကို သတ်ဖြတ်စားသောက်တဲ့အချိန်ကစပြီး လောကမှာ ကိုးဆယ့်ရှစ်ပါးသော ရောဂါဝေဒနာ များ ဖြစ်ပေါ်လာကြပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမဲသားများကိုရှောင်တာဟာ အထက်ဖေါ်ပြပါ လောကီကောင်းကျိုးများ ရနိုင်ပါတယ်လို့ အဖြေပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

မာဂဓဘာသာနှင့်ပါဠိဘာသာ

အမေး။ ။ ဆရာတော်ဘုရား…. တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါတယ်ဘုရား။ မြတ်စွာဘုရားရှင်က မာဂဓဘာသာစကားနှင့် သတ္တ၀ါများကို တရားရေအေး တိုက်ကျွေးခဲ့တယ်ဆိုတာ သိရပါတယ်ဘုရား။ တပည့်တော်သိချင်တာက မာဂဓဘာသာစကားနှင့် ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ တရားတော်များကို ပါဠိဘာသာစကားသို့ အဘယ်အချိန်က ပြောင်းလဲခဲ့ပါသလဲဆိုတာ အဖြေပေးတော်မူပါဘုရား။

လင်းလင်း။ ထိုင်ဝမ်

အဖြေ။ ။ ဘုရားရှင်ဟာ မာဂဓဘာသာစကားနှင့် တရားဟောတယ်ဆိုတာ မှန်ပါတယ်။ မေးခွန်းရှင်စိတ်ထဲမှာ မာဂဓဘာသာကနေ ပါဠိဘာသာကို ပြောင်းလဲခဲ့တယ်လို့ ထင်နေတယ်။ အမှန်က ပါဠိဘာသာစကားဆိုတာလည်း မာဂဓဘာသာစကားပါပဲ။ ဆက်ပြောဦးမယ်၊ ဘုရားရှင်ပွင့်တော်မူခဲ့တဲ့ အိန္ဒိယပြည် အရှေ့မြောက်ပိုင်းအပါအ၀င် ထိုအချိန်က အိန္ဒိယတစ်ပြည်လုံးမှာ သက္ကတဘာသာ။ ပြာကရိုက် ဘာသာ၊ မာဂဓဘာသာစကားသုံးမျိုးကို အရပ်သုံးဘာသာစကားအနေနဲ့ သုံးစွဲပြောဆိုကြပါတယ်။ အဲဒီမှာ ထီးသုံးနန်းသုံးစကားအဖြင့် သက္ကတဘာသာကို သုံးစွဲကြတယ်၊ ပြာကရိုက်ဘာသာစကားကိုတော့ အထက်တန်းလွှာက သုံးကြတယ်။ လူတန်းစားအားလုံး သုံးကြတာက မာဂဓဘာသာစကားဖြစ်တယ်။ မာဂဓဘာသာစကား (ပါဠိဘာသာစကား)ဟာ အက္ခရာအနေနဲ့ မရှိပါဘူး၊ ဒါကြောင့် မာဓဂ (ပါဠိ)ဘာသာစကားကို ဟိန္ဒူဗြဟ္မဏအက္ခရာနဲ့ ရေးထားတာရှိသလို ရောမအက္ခရာ၊ ဂျာမန်အက္ခရာ၊ အင်္ဂလိပ်အက္ခရာနဲ့လည်း ရေးလို့လည်း ရပါဘယ်။ အဘယ်လူမျိုး အဘယ်အက္ခရာမဆို ရေးလို့ရပါတယ်။ မာဂဓဘာသာ(ပါဠိ)ဘာသာစကားကို မြန်မာအက္ခရာနဲ့ ရေးလို့ရတဲ့အတွက် ပိဋကတ်သုံးပုံကို မြန်မာ အက္ခရာဖြင့်ရေးထားတဲ့ ပါဠိတော်တွေလည်း ယခုအချိန်မှာ တွေ့မြင်နေရတာပါပဲ။ ရှင်းရှင်းပြောရရင် ပါဠိဘာသာစကားကို ပါဠိအသံထွက်အတိုင်း အဘယ်အက္ခရာနဲ့ပဲဖြစ်စေ ရေးထားတဲ့ ပိဋကတ်တော်တွေ ရှိတယ်ဆိုတာကိုလည်း ဗဟုသုတအဖြစ် ဖေါ်ပြပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

ဘုရားရှင်လက်ထက် စာပေကျမ်းဂန် ရှိမရှိ

အမေး။ ။ အရှင်ဘုရား….ဘုရားရှင်လက်ထက်တော်ကတည်းက ကျမ်းဂန်တတ်ကျွမ်းတဲ့ သံဃာတော်များ ရှိတယ်လို့ ဆိုတယ်။ ထိုခေတ် အခါကတည်းက မှတ်တမ်းတစ်ခါတည်းလုပ်လို့ ကျမ်းဂန်ဆိုတာ ရှိနေရပါသလား။ အဖြေပေးတော်မူပါဘုရား။

ငြိမ်းလွင်။ မော်စကို၊ ရုရှားနိုင်ငံ

အဖြေ။ ။ ဘုရားရှင်လက်ထက်တော်က စာပေကျမ်းဂန်ဆိုတာ ရှိပါတယ်။ ဘာ့ကြောင့် ပြောနိုင်တာလဲဆိုရင် ဗိမ္ဗိသာရမင်းက ပက္ကုသာတိမင်းအား စာသ၀ဏ်လွှာပို့ခြင်း ဓါတုဝိဘင်္ဂသုတ်လာစကားနှင့် ဥတ္တရာနှင့်သီရိမာဝတ္ထု ဓမ္မပဒအဋ္ဌကထာလာစကားတို့ကို ထောက်ပြီး သိနိုင်ပါတယ်။ ဒါဖြင့် စာပေကျမ်းဂန်ရှိရက်နဲ့ ဘုရားရှင်ရဲ့တရားတော်များကို စာပေဖြင့် အဘယ့်ကြောင့် မှတ်တမ်းမတင်တာလဲလို့ မေးစရာရှိတယ်။ ဒီတုန်းက စာပေဖြင့် တင်လို့ရပေမဲ့ တရားဓမ္မအပေါ်မှာ ရိုသေမြတ်နိုးလွန်းတဲ့အတွက် ပထမသင်္ဂါယနာတင်ပွဲမှာ နုတ်တက်အာဂုံ ရွတ်ဆိုပူဇော်ကာ မှတ်တမ်းတင်တော်မူခဲ့ကြတယ်၊ ဒါအပြင် ဒုတိယသင်္ဂါယနာ၊ တတိယ သင်္ဂါယနာတို့မှာလည်း နုတ်ဖြင့် မှတ်တမ်းတင်ခဲ့ပါတယ်။ နောင်တွင် လူအများ သဒ္ဓါ၊ ပညာ အားနည်းလာတာကို ရဟန္တာအရှင်မြတ်များက သိမြင်တော်မူကြတဲ့အတွက် စတုတ္ထသင်္ဂါယနာတင်ပွဲမှာ သီဟိုဠ်ဘာသာဖြင့် ပေထက်အက္ခရာ တင်တော်မူခဲ့ကြပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

ဗုဒ္ဓအဘိဓမ္မာအရ မသိစိတ်ဆိုတာ ဘာစိတ်မျိုးလဲ

အမေး။ ။ ဆိုက်ကိုလော်ဂျစ် စိတ်ပညာရှင်တွေအဆိုအရ လူတစ်ယောက်မှာ သိစိတ်ဟာ (conscious) မသိစိတ်(subconscious mind)ထက် စွမ်းအားနည်းလှပါတယ်။ လူတစ်ယောက်မှာ သိစိတ်က (၁၀%)ရာခိုင်နှုန်းခန့်သာရှိပြီး၊ မသိစိတ်က (၉၀%)ရာခိုင်နှုန်းခန့်ရှိတယ်လို့ ယူဆကြပါတယ်ဘုရား။ လူတစ်ယောက်ဟာ မသိစိတ်ရဲ့စွမ်းအားတွေကို သိစိတ်နှင့် ယဉ်ပါးလာအောင် ပြုလုပ်နိုင်လျှင်(Unify)လုပ်နိုင် လျှင် အဘက်ဘက်အရာရာ ထူးချွန်လာနိုင်တယ်လို့ ကြားဖူးပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဗုဒ္ဓအဘိဓမ္မာမှာ မသိစိတ်ဟာ ဘယ်လိုစိတ်မျိုးလဲဆိုတာကို အနီးစပ်ဆုံးတွေးတောလို့ ရနိုင်ပါသလဲဘုရား။

ကိုကိုအောင်

ဆန်ဖရန်စစ္စကို

အဖြေ။ ။ မသိစိတ်နဲ့ပတ်သက်ပြီး (ဆိုက်ကိုလော်ဂျစ်) စိတ်ပညာရှင်အချို့က “ဘ၀င်စိတ်”လို့ ယူဆကြတယ်ဆိုတာ သိရပါတယ်။ ဒါပေမယ့် ဗုဒ္ဓရဲ့အဘိဓမ္မာအရ အနီးစပ်ဆုံး တွေးကြည့်ပါက “မောဟ”စိတ်ဖြစ်ဖို့များပါတယ်။ ဘာ့ကြောင့်လည်းဆိုရင် မောဟစိတ်ဟာ ပုထုဇဉ်လူသားတစ်ယောက်ရဲ့ ဘ၀ကို အတော်မျာများ နေရာယူထားလို့ပါပဲ။ မောဟတရားရဲ့ ဆိုလိုရင်းမှာ အမှန်တိုင်းမသိခြင်း ဖြစ်တယ်။ မောဟတရား နှစ်မျိုးရှိတယ်။ အနုသယမောဟနှင့် ပရိယုဋ္ဌာနမောဟတို့ ဖြစ်ကြတယ်။ ‘အနုသယ’ပါဠိက ငြိမ်ဝပ်ခြင်း၊ ကိန်းအောင်းနေခြင်းဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ‘ပရိယုဋ္ဌာန’ ပါဠိကထကြွခြင်းဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

သတ္တ၀ါတို့ရဲ့သန္တာန်မှာ သိထိုက်တဲ့တရားမှန်သမျှကို မသိအောင် ဖုန်းကွယ်ထားတတ်တဲ့ ဓါတ်သတ္တိတစ်မျိုး ကိန်းအောင်းနေတယ်။ အဲဒီဓါတ်သတ္တိကို ‘အနုသယမောဟ’လို့ခေါ်တယ်။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရိယာများတောင်မှ အနုသယမောဟကို အဆင့်ဆင့်ပါးလှပ်ရုံသာဖြစ်ပြီး အဆင့်လိုက်ကိန်းအောင်းမြဲ ကိန်းအောင်နေခြင်း ဖြစ်တယ်။ ရဟန္တာဖြစ်မှ ပြတ်စဲပါတယ်။ တစ်ဖန် စိတ်နှင့်တွဲဖက်ပြီး မောဟဖြစ်လာပြီဆိုရင် အကုသိုလ်စိတ်သာ ဖြစ်ဖို့များပါတယ်။ ထိုအကုသိုလ်စိတ်ဖြစ်ပြီဆိုရင် အမှားအမှန်ကိုလည်း မသိတော့၊ သင့်/မသင့်ဆိုတာကိုလည်း သိတော့၊ ထိုပရိယုဋ္ဌာနမောဟ ဖုန်းကွယ်မှုကြောင့် ပညာရှိများတောင်မှ ဒုစရိုက်အမှုများ ပြုမိတဲ့အဖြစ်သို့ ရောက်ရတော့တယ်။

သာဓကတစ်ခု ထုတ်ပြပါ့မယ်။ တစ်ခါတုန်းက ဟရိတဆိုတဲ့ ဘုရားအလောင်းရသေ့ဟာ ဟိမ၀န္တာတောမှာ နေထိုင်ပြီး ဈာန်အဘိညာဏ်တွေရရှိပါတယ်။ တစ်နှစ်မှာ ဟိမ၀န္တာမှာ မိုးများတဲ့အတွက် ဗာရာဏသီမြို့သို့ လာခဲ့ပါတယ်။ ဗာရဏာသီပြည့်ရှင်မင်းက ရသေ့အား မြင်မြင်ခြင်း အလွန်ကြည်ညိုတဲ့အတွက် မင်းရဲ့ဥယျာဉ်တော်မှာ နေထိုင်ဖို့ရာ ပြောပါတယ်။ တစ်နေ့ ဗာရဏာသီမင်းက သူပုန်များအား နှိမ်နှင်းဖို့ တိုင်းစွန်ပြည်ဖျားသို့ ထွက်ခါနီး မိဖုရားအား သူ့ဆရာရသေ့ကြွလာရင် ဆွမ်းလောင်းဖို့မှာကြားပြီး စစ်မြေပြင်ထွက်ခဲ့တယ်။ မိဖုရားကြီးလည်း ဖြီးလိမ်းပြင်ဆင်ကာ ဆရာရသေ့အလာကို စောင့်မျှော်နေပါတယ်။ ရသေ့ကလည်း အချိန်တန်တော့ ဈာန်အဘိညာဏ်ဖြင့် ကောင်ကင်ခရီးကနေကြွလာပြီး မိဖုရားရဲ့တိုက်ခမ်းလေသာ ပြူတင်းကနေ ၀င်ခဲ့ပါတယ်။ အဲဒီမှာ ရသေ့ရဲ့ လျှော်တေသင်္ကန်းနဲ့ ပွတ်တိုက်တဲ့အသံကို ကြားလိုက်ပါတယ်။ မိဖုရားဟာ လန့်ဖြန့်ပြီး ထိုင်နေရာကနေ မတ်ရပ်လိုက်တဲ့အချိန်မှာ သူ့ရဲ့ခါးအ၀တ်အောက်ကို လျှောကျသွားတယ်။ အဲဒီအခြေအနေကို တွေ့မြင်လိုက်ရသောအခါ ကိန်းဝပ်နေတဲ့ အနုသယမောဟများဟာ စိတ်နှင့်တွဲဖက်ကာ ပရိယုဋ္ဌာနမောဟအသွင် ရောက်ရှိသွားပါတယ်၊ ရသေ့လည်း မောဟရဲ့ဖုန်းကွယ်မှုကြောင့် ဘာကိုမှ မမြင်တော့ဘဲ တဏှာလောဘဖြစ်ကာ မိဖုရားနဲ့ ကျုးလွန်ခဲ့ရတဲ့အဖြစ်ကို ရောက်ခဲ့တော့တယ်။ ဒါဟာ လူတစ်ယောက်မှာ အားကြီးတဲ့ မောဟတရားကြောင့်ဆိုတာ သိသာလှပါတယ်။ ဒါကြောင့် လူတစ်ယောက်မှာ ရာနှုန်းအတော်များများ နေရာယူနေတဲ့ မသိစိတ်ဆိုတာ ‘မောဟ’ ဖြစ်နိုင်ကြောင်း ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

Sunday, September 25, 2011

သိက္ခာထပ်ခြင်းဖြင့် ဘာအကျိုးထူးရပါသလဲ

မေး။ ။ ဖိုးသူတော် ဘဝကနေ ပြုစုပျိုးထောင်လို့ အခုဆို စာချကျောင်းထိုင် ဆရာတော်ဖြစ်နေတဲ့ ဘုန်းကြီးကို သိက္ခာထပ်ပေးခြင်းဖြင့် ထိုဘုန်းကြီးနဲ့ဒကာမှာ လောကီလောကုတ္တရာ ဘာအကျိုးများ ထူးပါသလဲ ဘုရား။ ဖြေကြားစေချင်ပါတယ်။

အဖြေ။ ။ သိက္ခာထပ်ပေးတာနဲ့စပ်ပြီး ဘုန်းကြီးနဲ့ ဒကာမှာ ဘာအကျိုးများရနိုင်မလဲလို့ မေးခွန်းရှင်ကဆိုလိုဟန် ရှိပါတယ်။ သိက္ခာထပ်ခြင်းနှင့် ပတ်သက်ပြီး ရဟန်းဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်များမှာ နောက်တစ်ကြိမ် သိက္ခာထပ်ပေးခြင်းဖြင့် ပိုထူးလာတာ မတွေ့ရပါဘူး။ ဒါဖြင့် သိက္ခာထပ်တာ အလကားဖြစ်နေတာပေါ့လို့ ဆိုနိုင်တယ်။ အလကားတော့ မဖြစ်နိုင်ဘူး။ သိက္ခာထပ်ခြင်းဖြင့် ရဟန်းမှာ ဘာမျှ ထူးခြားမှုမဖြစ်လာပေမဲ့ ပရိက္ခရာလှူဒါန်းတဲ့ ဒကာမှာတော့ လှူဒါန်းရတဲ့ အကျိုးတော့ခံစားခွင့် ရရှိပါတယ်။

လောကမှာ မွေးနေ့၊ သိက္ခာထပ်၊ မင်္ဂလာဦးအထိမ်းအမှတ် သေသူကိုရည်စူးစတဲ့ အကြောင်းအမျိုးမျိုးက ပဓာနမကျပါဘူး၊ ကုသိုလ်ရဖို့သာ အဓိကပဓာနကျတာပါ။ ဘုရားလက်ထက်က နတ်သမီးလိုချင်တဲ့အတွက် တရားအားထုတ်တဲ့ ညီတော်နန္ဒတို့ရဲ့ သာဓကဖြစ်ရပ်လည်း ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် မင်္ဂလာဦး၊ နတ်သမီးလိုချင်စတဲ့ အကြောင်းတွေနဲ့စာရင် သိက္ခာထပ်တာက ပိုပြီးအကြောင်းကောင်းတာပေါ့။ ဒါကြောင့် သိက္ခာထပ်တာဟာ ဒကာအတွက် အကျိုးမယုတ်တဲ့အပြင် ကုသိုလ်အကျိုးများစွာ ရရှိပေမယ့် ဘုန်းကြီးမှာတော့ ဘာအကျိုးမှ ထူးလာမှာမဟုတ်ဘူး၊ သိက္ခာထပ်တဲ့ ဒါယကာကို မေတ္တာပို့ရင်တော့ ကုသိုလ်များရမှာပါ။

နောက်ဆက်တွဲအနေနဲ့ ဒါနရဲ့ အကျိုးတရားကို မျှော်ကိုးပြီး အလှူမလုပ်စေချင်ဘူး။ ဘာ့ကြောင့်လဲ? အကျိုးကိုမျှော်ပြီး ကုသိုလ်ပြုရင် ရသင့်ရထိုက်တဲ့ အကျိုးတရားများစွာ ဆုံးရှုံးရလို့ ပါပဲ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အင်းဝခေတ်တုန်းက အုတ်ကျောင်းကြီးကို လှူဒါန်းခဲ့တဲ့ နန်းမတော်မယ်နုဆိုတာရှိတယ်။ သူလှူခဲ့တဲ့ကျောင်း ဖြစ်တဲ့အတွက် ယခုတိုင် နန်းမတော်မယ်နုအုတ်ကျောင်းရယ်လို့ နာမည်တွင်လျက်ရှိပါတယ်။ နန်းမတော်မယ်နုက အုတ်ကျောင်းကြီးကို ဆရာတော်ဦးဗုဓ်အား လှူဒါန်းပြီး ကိုးကွယ်ခဲ့တယ်။ တစ်နေ့ နန်းမတော်မယ်နုက ဆရာတော်ထံ အဖူးအမျှော် ရောက်ရှိလာတယ်။ သူပြုလုပ်ထားတဲ့ ဘုရားတည်၊ ကျောင်းဆောက်စတဲ့ ကုသိုလ်လုပ်ငန်းများကို ဖေါ်ပြပြီး ဒီအလှူရဲ့အကျိုးတရားကို သိချင်ပါတယ်ဆိုတဲ့အကြောင်း ဆရာတော်အား လျှောက်ထားတယ်။ ဒီအခါ ဆရာတော်ဦးဗုဓ်က ဖလားတစ်လုံးထဲကို ရေအပြည့်ဖြည့်ခိုင်းပြီး “ဖလားထဲက ရေတွေကို ဟိုနားက သစ်ပင်ရင်းမှာ အားလုံးလောင်းခဲ့၊ ပြီးရင်ငါ့ ဆီပြန်လာခဲ့” လို့ မိန့်တော်မူပါတယ်၊ ဆရာတော် အမိန့်ရှိတဲ့အတိုင်း မယ်နုက သစ်ပင်ရင်းမှာ ရေသွန်ပြီး ဖလားပြန်ယူလာခဲ့ပါတယ်။ ထိုအခါ ဆရာတော်က “ဖလားထဲမှာ ဘာများပါလာတုန်း ကျောင်းအစ်မ”လို့ မိန့်တော်မူတော့ မယ်နုက “ ဖလားထဲမှာ အကန့်အသန့် ရေလောက်ပဲ ကျန်ပါတယ်ဘုရား” လို့လျှောက်တယ်၊ ဆရာတော်က “ ဒီလိုပါပဲ ကျောင်းအစ်မပြုတဲ့ကုသိုလ်က အကျိုးလိုလားပြီးပြုတဲ့အတွက် ဖလားထဲ ကျန်တဲ့ ရေအကန့်အသန့်လောက်ပဲ အကျိုးရရှိမှာပါ”လို့ မညှာမတာ မိန့်လိုက်တယ်၊ မယ်နုဟာ စိတ်မဆိုးတဲ့အပြင် သဘောပေါက်ပြီး ပိုလို့တောင်ကြည်ညိုသွားပါတယ်။ ဆိုလိုတာက အကျိုးကိုမျှော်ပြီး ကုသိုလ်ပြုရင် အရနည်းတတ်တယ်၊ အကျိုးကို မမျှော်ဘဲ သဒ္ဓါတရားသက်သက်နဲ့ လှူဒါန်းရင် အကျိုးရတာများတယ် ဆိုတာပါပဲ။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

ဒီနေရာမှာ ဆက်စပ်မိလို့ ဦးဇင်းအား အမေရိကန်မှ ဒကာမတစ်ယောက်က သိက္ခာထပ်ခြင်းအကြောင်းရေးပေးရန် တောင်းဆိုထားတဲ့အတွက် ဒီနေရာမှာ ဆက်စပ်နေတာနဲ့ အကျယ်တ၀င့် ရေးပေးပါမယ်။

သိက္ခာထပ်တဲ့အခါ သိမ်အတွင်းမှာ သိက္ခာထပ်မဲ့ရဟန်းအပြင် ရဟန်း(၄)ပါးရှိပါက သိက္ခာထပ်ခြင်း ပြုလုပ်လို့ ရပါတယ်။ သိက္ခာထပ်ခံရတဲ့ရဟန်းဟာ ရဟန်းဖြစ်နေတဲ့အတွက် ထိုရဟန်းကိုပါ ရေတွက်လျှင် သံဃာ(၅)ပါးဖြစ်နေလို့ သိမ်ဝင်ခြင်းကိစ္စ လုံလောက်ပါတယ်။ ကိုရင်ကို ရဟန်းခံပေးမှသာ ရဟန်းသံဃာ(၅)ပါး လိုအပ်တာပါ။

သိက္ခာထပ်၊ ကံထပ်ခံရတဲ့ရဟန်းဟာ ပထမရဟန်းခံစဉ်က သူရဟန်းခံခဲ့တဲ့ သိမ်ဟာ မအောင်မြင်တဲ့ သိမ်လို့ခံစားရလို့ မိမိကိုယ်ကို မသန့်ရှင်းတဲ့ ရဟန်းဟု ခံစားနေရလျှင်လည်း သိက္ခာထပ်ပေးတဲ့သိမ်ဟာ သန့်ရှင်းအောင်မြင်တဲ့သိမ်လို့ သူကယူထားပါက အဲဒီသံသယဟာ ပျောက်ကင်းခြင်းအကျိုး ရပါတယ်။ ဒီအပြင် ပထမရဟန်းခံခဲ့စဉ်က ပစ္စန္တရာဇ်အရပ်မှာ ရဟန်းခံခဲ့ရလို့ ရဟန်းအရေတွက်နည်းနည်းနဲ့ပဲ ရဟန်းခံခဲ့ရအတွက် အဲဒီနည်းနည်းရှိတဲ့ရဟန်းထဲမှာလည်း မသန့်ရှင်းတဲ့ရဟန်းပါရင် သူရဟန်းဖြစ်တာဟာ မသန့်ရှင်းဘူးလို့ ခံစားနေရရင်လည်း နောက်တစ်ခါ ကံထပ်မှုလုပ်တဲ့အခါ သူ့အတွက် သံသယရှင်းခြင်းအကျိုးများ ခံစားရပါတယ်။ အဲဒီတော့ ကံထပ်ပေးခြင်းဖြင့် ကံထပ်ခံရတဲ့သံဃာဟာ တကယ်လို့ သူ့မှာ အခုပြောခဲ့တဲ့ သံသယတွေရှိနေရင် ပျောက်ကင်းခြင်း အကျိုးတွေ ရပါတယ်။


ကံထပ်ခံရတဲ့ရဟန်းဟာ ကုသိုလ်အနေနဲ့ကတော့ ကိုယ့်ဒကာ၊ ဒကာမတွေကို မေတ္တာပို့ပေးတာ၊ သူတို့အကျိုးများမဲ့ တရားတွေဟောပေးတာ၊ ကိုယ့်ဒကာ၊ ဒကာမတွေ စိတ်ကျေနပ်အောင် သာသနာပြုပေးတာတွေ လုပ်ပေးမယ်ဆိုရင်တော့ သိက္ခာထပ်ခံရတဲ့ရဟန်းမှာ အကျိုးဖြစ်ပါတယ်။


လှူဒါန်းပေးတဲ့ ဒကာ၊ ဒကာမတွေမှာလည်း မိမိရဟန်းရဲ့ သာသနာပြုလုပ်ငန်းတွေကိုကြည့်ပြီး ၀မ်းသာပီတိဖြစ်မှု ကုသိုလ်၊ ရဟန်းရဲ့လိုအပ်တဲ့အရာကို ထောက်ပံ့ပေးတဲ့ကုသိုလ်၊ မိမိအရင်က သံယောဇဉ်ထားစရာမရှိလို့ မလှူဖြစ်ခဲ့ပေမဲ့ မိမိရဟန်းရှိတဲ့အခါ သင့်တော်တဲ့အလှူလေးတွေ လုပ်ဖြစ်တဲ့အကျိုးတွေ ရရှိပါတယ်။

တချို့သောသူများဟာ မိမိနဲ့ရင်းနှီးတဲ့လူမရှိရင် ဘုန်းကြီးကျောင်းရောက်ဖို့ ခဲယဉ်းပါတယ်။ မိမိနဲ့ရင်းနှီးတဲ့ ရဟန်းသံဃာများရှိရင် ကျောင်းကိုရောက်ဖြစ်ပြီး ဒါနကုသိုလ်၊ သီလကုသိုလ်၊ ကျောင်းဝေယျာဝစ္စ တံမြတ်လှည်းခြင်းစတဲ့ ကုသိုလ်များတိုးပွားစေပါတယ်။ ဒါဟာ မိမိနဲ့ရင်းနှီးမှုရအောင် မိမိဆွေမျိုးမတော်တဲ့ သံဃာကို သိက္ခာထပ်၊ ရဟန်းခံ၊ ကိုရင်ဝတ်ပေးခြင်းများရဲ့ အကျိုးရလဒ်တွေ ဖြစ်ပါတယ်။ သိက္ခာထပ်ခြင်းနဲ့ပတ်သတ်၍ ဆရာတော်ကြီးများရဲ့ အယူအဆတွေ အများကြီးရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ ဦးဇင်းလက်လှမ်းမီသလောက်ကို အားလုံး ဗဟသုတရအောင် ရေးသားတင်ပြပေး လိုက်ပါတယ်။ ဒီလောက်ဆို ပြည့်စုံလိမ့်မယ် ထင်ပါတယ်။

ဆန်နီနေမင်း

ဘာသာစကားလေ့လာခြင်းဖြင့် ကုသိုလ်ရနိုင်မရနိုင်

အမေး။ ။ ဘာသာစကားတစ်ခုခုကို စူးစိုက်လေ့လာနေတဲ့စိတ်ဟာ ကုသိုလ်စိတ်ဖြစ်ပါသလားဘုရား။

ကိုသတ်

ကိုးရီးယား

အဖြေ။ ။ ဘာသာစကားလေ့လာတဲ့နေရာမှာ ကုသိုလ်ရ/မရဆိုတာက မိမိလေ့လာရတဲ့ ရည်ရွယ်ချက်အပေါ်မူတည်တယ်။ ဥပမာ-ဗုဒ္ဓရဲ့တရားတော်တွေကို ကမ္ဘာပြန့်ဖို့အတွက် သာသနာပြုဖို့အတွက် လေ့လာရင်တော့ ကုသိုလ်ရတယ်။ နောက်တစ်ခုက အများကောင်းကျိုးအတွက် သင်ယူလေ့လာနေရင်လည်း ကုသိုလ်ရတယ်လို့ ဆိုရမှာပေါ့။ အဓိကကတော့ ရည်ရွယ်ချက်မှန်ကန်ဖို့ လိုတာပါ။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

လူများကို အမျှဝေလို့ ရပါသလား

အမေး။ ။ သက်ရှိသတ္တ၀ါတွေ (လူအပါအ၀င်)ကို အမျှဝေလို့ ရပါသလား၊ လူသတ်တဲ့သူကို အမျှဝေရင် နတ်ပြည်ရောက်သလားဘုရားဆိုတာ သိချင်ပါတယ်ဘုရား။

မို့မို့။ ဒန်ဗာမြို့၊ အမေရိကန်

အဖြေ။ ။ ထိုအမေးနဲ့ ပတ်သက်ပြီး နှစ်ပိုင်းခွဲဖြေမှရမှာပါ။ (၁)အချက်က လူ့ဘ၀က သေသွားတဲ့သူများနှင့် (၂)ယခုဘ၀ အသက်ထင်ရှားရှိတဲ့သူများ ဖြစ်ပါတယ်။ (၁)အချက်၊ လူ့ဘ၀က သေသွားတဲ့သူများဟာ တကယ်လို့ နတ်များ၊ လူများဖြစ်ကြမယ်ဆိုရင် ထိုသူတို့ကို အမျှအတန်းပေးလို့ မရနိုင်သလို သာဓုလည်း မခေါ်နိုင်ပါဘူး။ ဒုဂ္ဂတိဘုံကို ရောက်ကြမယ်ဆိုရင်တော့ အပါယ်လေးဘုံအနက် ပြိတ္တာဘုံတစ်ဘုံသာလျှင် ရနိုင်ပါတယ်။ ဒီပြိတ္တာဘုံတောင်မှ ပြိတ္တာမျိုး အများကြီးရှိတဲ့အနက် ပရဒတ္တူပ ဇီဝိတပြိတ္တာတစ်မျိုးသာလျှင် အမျှပေးဝေတဲ့အခါ အကြောင်းညီညွတ်မှ သာဓုခေါ်နိုင်တာပါ။

(၂)အချက်က လူအပါအ၀င် သတ္တ၀ါများကို အမျှဝေလို့ ရ/မရဆိုတာနဲ့ ပတ်သက်ပြီး အမျှအတန်းပေးလို့ ရပါတယ်။ ရှင်းပြပါဦးမယ်။ ဒါနဲ့စပ်ပြီး……ကုသိုလ်လုပ်နိုင်တဲ့တရား (၁၀)မျိုး ရှိတယ်လို့ ဘုရားရှင် ဟောတော်မူထားပါတယ်။ အဲဒါကို မြန်မာလိုပဲ ပြောရအောင်ပါ။ (၁) ပေးကမ်းစွန့်ကြဲလှူဒါန်းမှု-ဒါနတရား။ (၂) ကိုယ်ကျင့်တရားဆိုတဲ့သီလ။ (၃) အားထုတ်မှုဆိုတဲ့ သမထ၀ိပဿနာဘ၀နာ။ (၄)ကြီးသူအား ငယ်သူက ရိုသေမှုဂါရ၀တရားထားတာ။ (၅) ရတနာသုံးပါးနဲ့စပ်တဲ့ ဝေယျဝေစ္စလုပ်အားပေး ကုသိုလ်၊ လောကနဲ့ပတ်သက်တဲ့ ဝေယျာဝေစ္စလုပ်အားပေးကုသိုလ်။ (၆) မိမိကုသိုလ်ကို လူစတဲ့ သုခိတ၊ ဒုက္ခိတသတ္တ၀ါများအား အမျှအတန်းပေးတာ။ (၇) ပေးတဲ့အမျှအတန်းကို သာဓုခေါ်ရတဲ့ ကုသိုလ်။(၈) တရားနာတာ ။ (၉) တရားဟောတာ ။ (၁၀) အယူကို ဖြောင့်မှန်စွာ ယူတာတို့ဖြစ်တယ်။

ဒီ(၁၀)မျိုးကို ပုညကြိယာဝတ္ထုဆယ်မျိုးလို့ခေါ်ပါတယ်။ ဒီဆယ်ပါးအနက် (၆)ခုမြောက်ဖြစ်တဲ့ ပတ္တိဒါနကုသိုလ်အရ လူများကိုလည်း အမျှအတန်းပေးဝေလို့ရပါတယ်။ နောက်တစ်ခုက လူတစ်ယောက်ဟာ လူသတ်တဲ့အတွက် အကုသိုလ်ကံက အမာရွတ်လို ထင်ကျန်နေမှာဖြစ်ပြီး၊ အမျှအတန်းပေးဝေလို့ ၀မ်းသာစွာသာဓုခေါ်ရင် ကုသိုလ်ကံက အမာရွတ်လို ထင်ကျန်ခဲ့မှာပါ။ ဒီကံနှစ်မျိုးအနက် အားကြီးတဲ့ကံက အကျိုးပေးသွားမှာပါ။ ပိုရှင်းသွားအောင် နောင်ဘ၀ အကျိုးပေးမယ့် ကံလေးမျိုးရှိပါတယ်။ ၁။ ဂရုကံ။ ၂။ အာသန္နကံ။ ၃။ အာစိဏ္ဏကံ။ ၄။ ကဋတ္တာကံတို့ ဖြစ်ကြတယ်။

(၁) ကောင်းတဲ့ဂရုကံဆိုတာ မဂ်ဖိုလ်ကိုပြောတာပါ။ လူတစ်ယောက်ဟာ အနည်းဆုံး သောတာပတ္တိမဂ်ဖိုလ်ရထားတယ်ဆိုရင် သူ့အတွက် သောတာပတ္တိမဂ်ဖိုလ်ဟာ ဂရုကံပဲ၊ အဲဒီဂရုကံက သေရင်သူ့ကို အပါယ်မကျအောင် အကျိုးပေးမှာပါ။ မကောင်းတဲ့ ဂရုကံဆိုတာက ပဉ္စာနန္တရိယကံကို ဆိုလိုတာပါ။ ဒီကံငါးပါးအနက် တစ်ခုခုထိုက်ထားတယ်ဆိုရင်တော့ ဒီအကုသိုလ်ကံက နောင်ဘ၀မှာ အကျိုးပေးဖို့ သေချာသွားပါပြီ။

(၂)အာသန္နကံဆိုတာ သေခါနီးဖြစ်ပေါ်လာတဲ့ကံပါ။ လူတစ်ယောက်ဟာ အသက်ရှင်စဉ်မှာ ကံငါးပါးကလွဲပြီး တခြားအကုသိုလ်တွေ ပြုလုပ်မိထားတယ်ဆိုပါစို့။ ဒီလူဟာ သေခါနီးမှာ သူတော်ကောင်းများက ကုသိုလ်ရနိုင်တဲ့ အာရုံများကို ပြုလုပ်ပေးကြတဲ့အတွက် ကုသိုလ်အာရုံဖြစ်လာမယ်၊ ဒီသေခါနီးဖြစ်လာတဲ့ကံဟာ ထိုသူ့အတွက် သေပြီး နောက်ဘ၀မှာ အကျိုးပေးမှာပါ။

(၃)အာစိဏ္ဏကံဆိုတာ အမြဲတမ်း အလေ့အကျင့်ဖြစ်နေတဲ့ကံပါ။ ဒါလည်း ကောင်းကံနှင့်မကောင်းကံ ရှိပါတယ်။ ကောင်းတဲ့ကံများနှင့် မကောင်းတဲ့ကံများအနက် ကံတစ်မျိုးမျိုးကို နေ့စဉ်ဖြစ်စေ လစဉ်ဖြစ်စေ အလေ့အကျင့်များစွာ ပြုထားမယ်ဆိုရင် ထိုကံက နောက်ဘ၀အကျိုးပေးပါလိမ့်မယ်။

(၄)ကဋတ္တာကကံဆိုတာက ပြုကာမတ္တကံဖြစ်ပါတယ်။ အသက်ရှင်စဉ် အမှတ်တမဲ့ သတိမထားမိဘဲ ပြုမိတဲ့ကံပါ။ အဲဒီကံကလည်း ကောင်းတာနဲ့မကောင်းတာ နှစ်မျိုးပေါ့။ အထက်ပါကံသုံးမျိုးက အကျိုးပေးခွင့်မကြုံဘူးဆိုရင် ပြုကာမတ္တဖြစ်တဲ့ကံက အကျိုးပေးမှာပါ။ ဖေါ်ပြခဲ့တဲ့ ကံလေးမျိုးမှ တစ်မျိုးမျိုးဖြင့် နောင်ဘ၀အကျိုးပေးမယ်ဆိုတာ အဖြေပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

ဥစ္စာသယန မဟာသယနနဲ့ပတ်သတ်ပြီး

အမေး။ ။ ဆရာတော်ဘုရား……တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။ တပည့်တော်ကို ရှစ်ပါးသီလထဲမှ ဥစ္စာသယန မဟာသယနဆိုတဲ့ မြင့်သော၊ မြတ်သောနေရာဆိုတာကို အနည်းငယ် ရှင်းပြပေးစေချင်ပါသည်ဘုရား။ တချို့သူများမှာ အေးသော တိုင်းပြည်များမှာနေပြီး ရှစ်ပါးသီလခံယူချင်ပါသော်လည်း ဥစ္စာသယန မဟာသယနဆိုတဲ့ သဘောကို မရှင်းလင်းဖြစ်နေပါသည်ဘုရား။

အဖြေ။ ။ မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သီလက္ခန်အဋ္ဌကထာမှာ ဖွင့်ဆိုထားတာတွေကို လိုရင်းအကျဉ်း ဖေါ်ပြပေးပါမယ်။ ဥစ္စာသယနဆိုတာ မြင့်သောနေရာပါ၊ တစ်ထောင့်ထွာထက် ပိုပြီးမြင့်တဲ့နေရာဟာ မြင့်သောနေရာရဲ့ သတ်မှတ်ချက်ပမာဏ ဖြစ်တယ်။ ဆိုလိုတာက တစ်ထောင့်ထွက်ထက် မြင့်သောနေရာတွေမှာ မနေအပ်၊ မထိုင်အပ်လို့ ဆိုလိုပါတယ်။

မဟာသယန မြတ်သောနေရာနှင့်ပတ်သက်ပြီး ပြောရရင် အမျိုးများလှပါတယ်။

(၁) အခြေများဟာ တစ်ထောင့်ထွာထက် နိမ့်သော်လည်း အခြေများကို သားရဲရုပ်၊ ခြင်္သေ့ရုပ်စတာတွေနဲ့ လှပအောင် ဖန်တီးထားမယ်ဆိုပါက ထိုနေရာကို မြတ်သောနေရာ ဖြစ်တယ်။ (ပလ္လက)

(၂) လက်လေးသစ်ထက် အရှည်ပမာဏရှိတဲ့ အမွေးများပါသော့  ကော်ဇောကြီးများ။(ဂေါနက) မှတ်ချက်။ ၀ိနည်းတွင် ပိုးချည်သက်သက် အခင်းဆိုလျှင် အပ်တယ်လို့ ဆိုပါတယ်။ လဲသွတ်တဲ့ အခင်းမှတပါး၊ (လက်လေးသစ်)ထက်ရှည်သော ကျန်အခင်းများ မအပ် လို့ ဒီဃနိကာယ်အဋ္ဌကထာမှာ ဆိုပါတယ်။

(၃) သားမွေးတို့ကို သားရဲရုပ် ပုံစံပြုလုပ်ပြီး စီမံထားသော အခင်းများ။ (စိတ္တကန္တိ)။

(၄) သားမွေးတို့နဲ့ ရက်လုပ်ထားပြီး အဖြူရောင်ဆိုးထားသော အခင်းများ။ (ပဋိက)

(၅) ရွှေချည်တို့နဲ့ ပိုးချည်တို့ ရောက်နှောပြီး ရက်လုပ်သောအခင်းများ။ (ကဋိဿ)

(၆) ရွှေချည်ချည်း သက်သက်နဲ့ ရက်လုပ်ထားသော အခင်းများ။ (ကောသေယျ)

(၇) ကချေသည် မင်းသမီး (၁၆)ယောက်ကနိုင်တဲ့ ပမာဏရှိသော သားမွေးအခင်းများ။ (ကုတ္တက)

(၈) ဆင်ကျောက်ကုန်း၊မြင်းကျောက်ကုန်းတို့မှာ ခင်းအပ်တဲ့ အခင်းများ။ (ဟတ္ထတ္ထရံအဿတ္ထရံ)

(၉) ရထား၌ ခင်းအပ်တဲ့ အခင်းများ။ (ရထတ္ထရ)

(၁၀) သစ်နက်ရေတို့ကို ညောင်စောင်း(ကုဋင်)ပမာဏခန့် ချူပ်ထားသော အခင်းများ။ (အဇိနပ္ပဝေဏီ)

(၁၁) ၀ံပိုင်ရေဖြင့် ပြုအပ်သော အခင်းများ။ (ကဒလီမိဂ ပ၀ရ မစ္စတ္ထရထာ)

(၁၂) အထက်မှာ အနီရောင်ရှိသော မျက်နှာကြက်နှင့်တကွ ပြုလုပ်ထားတဲ့ အခင်းများ။ (သဥတ္တရစ္ဆဒ)

(၁၃) ခေါင်းအုံးနှင့် ခြေအုံးနှစ်ခုရှိပြီး ထိုအုံးနှစ်ခုစလုံး နီသောအရောင်ရှိသောနေရာ။

(၁၄) အုံးမှီတစ်လုံးတည်းရှိသော်လည်း ထိုအုံးဟာ အနီရောင်အဆင်းဖြစ်စေ၊ ပဒုမ္မာအဆင်းဖြစ်စေ ပမာဏထက်မလွန်လျှင် အပ်၏။ ပမာဏထက် (တထောင်နှင့် တထောင်ဆုပ်) လွန်သောအုံးကြီးများဟာ မြတ်သောနေရာ ဖြစ်တယ်။

(၁၅) ခေါင်းအုံး၊ ခြေအုံးနှစ်လုံးပင်ရှိသော်လည်း အနီသောအရောင်မဟုတ်က အပ်ပါတယ်။ အထက်ပါ အကြောင်းအရာများဟာ မြတ်သောနေရာအဖြစ် သတ်မှတ်ထားသောအရာများ ဖြစ်တယ်။ မှတ်ချက်။ ကချေသည် (၁၆)ယောက်ခန့်ကနိုင်တဲ့ ပမာဏထက် သေးငယ်ပြီး၊ လက်လေးသစ်ထက်ရှည်သော သားမွေးကော်ဇောဖြစ်ပါက မြေအခင်း (ကြမ်းခင်း)အဖြစ် အသုံးပြုနိုင်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

သာဓုခေါ်တိုင်း ကုသိုလ်ရပါသလား

အမေး။ ။ အရှင်ဘုရား……ဗုဒ္ဓဘာသာဝင်အများစုဟာ သူတစ်ပါးအား အမျှအတန်းပေးဝေလို့ သာဓုခေါ်ဆိုနိုင်ကြရင် သာဓုခေါ်သူမှာ ကုသိုလ်ရတယ်လို့ ဆိုပါတယ်။ ဒီလိုသာ သာဓုခေါ်ရုံမျှနှင့် ကုသိုလ်ရကြစတမ်းဆိုရင် ကုသိုလ်မလုပ်ဘဲ သာဓုချည်းခေါ်တော့မှာပါဘုရား၊ တပည့်တော်သိလိုတာက သာဓုခေါ်သူတိုင်း ကုသိုလ်ရကြပါသလားဆိုတဲ့ တပည့်တော်ရဲ့အမေးကို ဖြေကြားပေးတော်မူပါဘုရား။

ကိုအောင်ဆန်း
ဖရန်စစ္စကိုမြို့


အဖြေ။ ။ ဒီအဖြေအတွက် ကုသိုလ်တရားရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဦးစွာပြောကြစို့ရဲ့၊ ကုသိုလ်ဆိုတာ အပြစ်မရှိခြင်း၊ ချမ်းသာသည့်အကျိုးကို ပေးခြင်းလက္ခဏာနှစ်ပါးနဲ့ပြည့်စုံရင် ကုသိုလ်လို့ ခေါ်ပါတယ်။ (ကုသလာဓမ္မာ အန၀ဇ္ဇ သုခ၀ိပါကလက္ခဏာ)၊ ဒီနေရာမှာ အပြစ်ဆိုတာက လောဘစတဲ့ ကိလေသာအပြစ်တွေပါ၊ စိတ်ထဲတွင် ထိုကိလေသာအပြစ်များ တခဏဖြစ်စေ မရှိဘူးဆိုပါစို့၊ အဲဒီစိတ်ဟာ ကိလေသာအနှောင်အဖွဲ့မှ တဒင်္ဂလွတ်ပြီး လွတ်လပ်ပေါ့ပါးကာ ချမ်းသာနေပါလိမ့်မယ်၊ ဒီလို ကိလေသာအပြစ်တွေကင်းပြီး ချမ်းသာနေတဲ့စိတ်ကို ကုသိုလ်လို့ခေါ်တယ်လို့ မှတ်ရပါမယ်။ နားလည်အောင်ပြောရရင် ကောင်းမှုပြုနေတဲ့အခိုက် ထိုကောင်းမှုအတွက် ကြည်နူးဝမ်းမြောက်နေတဲ့စိတ်ဟာ ကုသိုလ်စိတ်လို့ ခေါ်ပါတယ်။

ကုသိုလ်တရားနဲ့ပတ်သက်ပြီး (ပုညကြိယာဝတ္ထု) ကောင်းမှုကိုပြုခြင်း အကြောင်း(၁၀)ချက် ရှိတယ်လို့ဘုရားရှင် ဟောတော်မူထားပါတယ်။ ဒီ(၁၀)ချက်ထဲမှာ ပတ္တာနုမောဒ ကုသိုလ်တစ်ခုလည်း ပါဝင်ပါတယ်။ ဒီဟာက တစ်ပါးသူက ကုသိုလ်အမျှပေးတဲ့အခါ ‘သာဓု..သာဓု….သာဓု’လို့ ၀မ်းမြောက်စွာ သာဓုခေါ်ရင် ပတ္တာနုမောဒနဆိုတဲ့ ကုသိုလ်ရပါတယ်။ ဒီနေရာမှာ သူတစ်ပါးက အမျှပေးဝေသည်ဖြစ်စေ၊ အမျှမပေးသည်ဖြစ်စေ၊ သူတစ်ပါးရဲ့ ကုသိုလ်ကောင်းမှုအပေါ်မှာ ဣဿာ၊ မစ္ဆရိယမဖြစ်ဘဲ ၀မ်းမြောက်စွာ သာဓုခေါ်နိုင်ရင်လည်း ကုသိုလ်ရပါတယ်။ သက်တော်ထင်ရှားဘုရားရှင်လက်ထက်တော်အခါက နတ်ဒေ၀ါများဟာ လူအများရဲ့ ကုသိုလ်ကောင်းမှုကို ၀မ်းမြောက်စွာ သာဓုခေါ်ကြတဲ့အတွက် ရှိရင်းစွဲစည်းစိမ်ထက်ပိုကာ ချမ်းသာသွားကြသည်ကို ပါဠိတော်များတွင် ဖတ်ရပါတယ်

တစ်ခါတုန်းက အရှင်အနုရုဒ္ဓါလောင်းလျာဟာ ဒီဘဒ္ဒကမ္ဘာမှာ ဆင်းရဲသားအမျိုးမှာဖြစ်ခဲ့ဖူးတယ်။ သူဟာ သုမနလို့ခေါ်တဲ့ သူဌေးရဲ့အိမ်မှာ မြက်ရိတ်သမားဘ၀ဖြင့် အသက်မွေးနေရပါတယ်၊ သူရဲ့နာမည်က ‘ အန္နဘာရ’လို့ခေါ်တယ်။ သုမနသူဌေးက ဗုဒ္ဓဘာသာဝင်ပီပီ အလှူရေစက် လက်နှင့်မကွာဆိုတဲ့အတိုင်း အလှူဒါနကို မပြတ်ပြုလုပ်ပါတယ်။ တစ်နေ့ အန္နဘာရသူဆင်းရဲဟာ ထုံးစံအတိုင်း မြက်ရိတ်ဖို့အတွက် သူဌေးအိမ်ကနေ ထွက်ခဲ့တယ်။ စာရှည်မှာစိုးတဲ့အတွက် ဆိုလိုရင်းကို တိုကျဉ်းပြောပါ့မယ်၊ အန္နဘာရဟာ တစ်နေ့ဥပရိဋ္ဌအမည်ရှိတဲ့ အရှင်ပစ္စေကဗုဒ္ဓါကို ဖူးတွေ့ရတဲ့အခါ ဆွမ်းလှူဖို့အတွက် အိမ်ပြန်ပြီး သူ့အဖို့ချက်ထားတဲ့ထမင်းကို ပြန်ယူပါတယ်။ ရလာတဲ့ထမင်းနဲ့ အရှင်ပစ္စေကဗုဒ္ဓါအား လောင်းလှူလိုက်ပြီး “ တပည့်တော်သည် ဖြစ်လေရာဘ၀ ဆင်းရဲတဲ့အမျိုးမှာ လွတ်ရသည့်အပြင် မရှိဟူသော စကားကိုလည်း မကြားရတဲ့သူ ဖြစ်ရပါလို၏”လို့ ဆုတောင်းလိုက်ပါတယ်။

ဒီအချိန် သုမနသူဌေးအိမ်ရဲ့ တံခါးမှာစောင့်နေတဲ့ ထီးချက်စောင့် နတ်သမီးက အန္နဘာရ ရဲ့ကုသိုလ်ကို ကောင်းချီးပေးလိုက်တယ်။ သူဌေးက “အသင်ထီးချက်စောင့်နတ်…ငါကုသိုလ်ပြုတာ ကြာခဲ့ပြီး အခုမှသာဓုခေါ်ရသလား”ဟုပြောရာ နတ်က “သူဌေးရဲ့ကုသိုလ်ကို ကောင်းချီးပေးတာမဟုတ် အန္နဘာရရဲ့ ကုသိုလ်ကို ကောင်းချီးပေးတာဖြစ်တယ်”လို့ပြောပြီး အန္နဘာရရဲ့ကုသိုလ် တန်ဖိုးကြီးပုံ ကောင်းမြတ်ပုံတို့ကို သူဌေးအား ပြောပြတယ်။ ဒါနဲ့ သူဌေးကလည်း အန္နဘာရကိုခေါ်ပြီး ပြုခဲ့တဲ့ ကုသိုလ်ကို ငွေပေးပြီး ၀ယ်ပါတယ်။ ဆင်းရဲသားက မရောင်းတဲ့အတွက် ငွေကိုတိုးပေးပြီး ၀ယ်တယ်၊ မရောင်းဘူး။ “ဒါဆိုလည်း ကုသိုလ်ရဲ့အဘို့ကို ငါ့အားအမျှပေးပါ” ဟုသူဌေးကပြောရာ အန္နဘာရက အရှင်ပစ္စေကဗုဒ္ဓါထံ အပြေးသွားကာ မေးလျှောက်ပါတယ်။

အရှင်ပစ္စေကဗုဒ္ဓါက “ ဒါယကာ ငါဥပမာနဲ့ပြောမယ်၊ အိမ်ချေတစ်ရာခန့်ရှိတဲ့ ရွာတစ်ရွာမှာ အိမ်တစ်ဆောင်သာ ဆီမီးခွက်ထွန်းထားပါတယ်။ ထိုဆီမီးခွက်မှ မီးကိုကူးယူကာ ကျန်သည့်အိမ် (၉၉)လုံးကို မီးထွန်းပေးလိုက်ရသည့်အတွက် မူလကထွန်းထားတဲ့ အိမ်ကဆီမီးဟာ အရောင်မမိန်သွားတဲ့အပြင် ပိုပြီးတော့ လင်းလက်လာပါတယ်။ ဒီဥပမာလိုပဲ ဒါယကာလှူလိုက်တဲ့ ကုသိုလ်ရဲ့အဘို့ကို အခြားလူများအား အမျှပေးဝေရင် ကိုယ့်ရဲ့ကုသိုလ်ဟာ မလျော့တဲ့အပြင် အမျှပေးတဲ့ကုသိုလ်တစ်ခု ထပ်တိုးလာပါသေးတယ်၊ ဒါ့အပြင် ကုသိုလ်အဘို့ကို သာဓု ခေါ်ရတဲ့သူမှာလည်း ပတ္တာနုမောဒန ကုသိုလ်ရရှိပါတယ်”လို့ အန္နဘာရ မြက်ရိတ်သမားအား ပြောကြားခဲ့ပါတယ်။

အချူပ်ပြောရမယ်ဆိုရင် သူတစ်ပါးရဲ့ ကုသိုလ်အဘို့ကို ၀မ်းမြောက်ဝမ်းသာစွာနဲ့ သာဓု ခေါ်လိုက်တဲ့ခဏမှာ ကုသိုလ်အပေါ် ၀မ်းမြောက်ကြည်နူးတဲ့စိတ်ဖြစ်နေတဲ့အတွက် ထိုသူရဲ့စိတ်ဟာ အပြစ်ကင်းနေပြီး ချမ်းသာနေပါတယ်။ ဒါကြောင့် တစ်ပါးသူရဲ့ ကုသိုလ်အဘို့ကို သာဓုခေါ်ဆိုခြင်းဖြင့် ကုသိုလ်ပြုတဲ့သူနဲ့ထပ်တူ ကုသိုလ်ရပါကြောင်း ဖြေကြားပေးလိုက်ရပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

ရဟန်းတော်များ လူသာမဏေများနှင့် အတူတူစားအပ်ပါသလား

အမေး။ ။ ရဟန်းတော်များဟာ လူ/သာမဏေများနဲ့အတူ ဆွမ်းဘုဉ်းပေးတာဟာ အပ်/မအပ် သိချင်ပါတယ်ဘုရား။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ၀ိနည်းတော်မှာ ချွင်းချက်အနေနဲ့ရော ရှိပါသေးလားဆိုတာ သိချင်တဲ့အတွက် လျှောက်ထားပါတယ်ဘုရား။
သုခ
ရုရှားဖက်ဒရေးရှင်း


အဖြေ။ ။ ရဟန်းတော်များနှင့် လူသာမဏေများ တစ်ဝိုင်းထဲစားကြတာကို မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များရဲ့မျက်စိတွင် ရိုင်းနေမည်၊ အရုပ်ဆိုးနေပေလိမ့်မည်။ ထိုအကြောင်းနဲ့ပတ်သက်ပြီး ဗဟုသုတဖြစ်စေရန် ဖေါ်ပြပေးပါမည်။ ၀ိနည်းတော်လာ အကပ်မြောက်ကြောင်း အင်္ဂါ(၅)ပါး ရှိပါတယ်။

၁။ ကပ်မည့်သူက ရှေးရှုဆောင်ခြင်း။ (ရှေးရှုဆောင်ဆိုတာက လက်ဖြင့် ရှေ့တိုးပေး မှ ရှေးရှုဆောင်ရာ ရောက်တာမဟုတ်သေး၊ ဦးခေါင်းပေါ်တွင်ရွက်ထားတဲ့ စားဘွယ်ခွက်ကို လှူလို၍ ဦးခေါင်းကို အနည်းငယ် စောင်းပေးလိုက်လျှင် ရှေးရှုဆောင်ရာရောက်သောကြောင့် ရဟန်းက ထိုခွက်ကို လက်ဖြင့်ထိကာ အလိုရှိရာ ယူစားနိုင်ပါတယ်။ အားအလတ်ရှိသူ ကြွမြောက်နိုင်သော ယာဂုအိုးကြီးကို ကလေးများက မကြွနိုင်၍ မြေပေါ်လိမ့်ပြီး ကပ်ရာတွင်လည်း ရဟန်းက လက်ထိုးပေးကာ ထိရုံ၊ ထိ၍ဖြစ်စေ အကပ်ခံနိုင်ပါတယ်။)

၂။ အကပ်ခံမည့် ရဟန်းရဲ့ နှစ်တောင့်ထွာဟတ္ထပါသ်အတွင်းမှာရောက်ခြင်း။

၃။ အားအလတ်စားရှိသူ မြှောက်ချီနိုင်သော ၀တ္ထုဖြစ်ခြင်း။

၎။ ကိုယ်ဖြစ်ဖြစ်စေ၊ ကိုယ်နှင့်စပ်သော (ကိုင်ထားသော) ခွက်စသည်ဖြင့်ဖြစ်စေ၊ ပစ်၍ဖြစ်စေ၊ ဒီသုံးမျိုးတွင် တစ်မျိုးမျိုးဖြင့် ကပ်သူကပေးခြင်း။

၅။ လက်စသည်ဖြင့်ဖြစ်စေ၊ ကိုယ်နဲ့စပ်သော ကိုင်ထားသော ခွက်ဒုတ်စသည်ဖြင့်ခံ၍ ထိ၍ဖြစ်စေ ဒီ(၂)မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံခြင်း။ ထိုငါးပါးပြည့်စုံမှ အကပ်မြောက်ပါတယ်။ (ပါတိမောက်ဘာသာဋီကာ၊ နှာ ၂၇၁)

တစ်ဖန်…အကပ်ပျက်ကြောင်း(၆)ပါးလည်း ရှိပါသေးတယ်။ စွန့်၊ ချ၊ ပေး၊ လု၊ မစ္စု ၊ လိင်ပြန် ဤခြောက်တန် ကပ်ခံပျက်ကြောင်းတည်း။

၁။ (စွန့်) အကပ်ခံပြီးအစာကို မစားတော့ဘူးလို့ အာလယပြတ် (ငဲ့ကွက်မှုမရှိဘဲ) စွန့်လိုက်ခြင်းကြောင့်လည်း အကပ်ပျက်ပါတယ်။ ဒီိလိုစွန့်ရာမှာ လက်ကလွတ်မှ အကပ်ပျက်ပါတယ်။

၂။ (ချ) သိက္ခာချခြင်းကြောင့်လည်း အကပ်ပျက်တယ်။

၃။ (ပေး) သူတပါးကို ပေးခြင်းကြောင့်လည်း အကပ်ပျက်ပါတယ်။ (နှုတ်ကပေးသော်လည်း လက်မလွတ်သေးလျှင် အကပ်မပျက်)။

၎။ (လု) လူစသူတို့ လုယူသောကြောင့်လည်း အကပ်ပျက်ပါတယ်။

၅။ (မစ္စု) သေခြင်းကြောင့်လည်း အကပ်ပျက်ပါတယ်။

၆။ (လိင်ပြန်) ရဟန်းကနေ ရဟန်းမအဖြစ်၊ ရဟန်းမကနေ ရဟန်းအဖြစ်သို့ လိင်ပြန်ခြင်းတို့ကြောင့်လည်း အကပ်ပျက်ပါတယ်။ (ပါတိမောက် ဘာသာဋီကာ၊နှာ- ၂၇၅)

ဒီတော့ကား ခရီးသွားတဲ့အခိုက်တွင် မလွဲမရှောင်သာ၍ စားရလျှင် ပြောစရာလိုပေ၊ တကယ်လို့ သီးခြားခွဲပြီးစားဖို့ရာ အခွင့်အလမ်းရှိနေပါလျက်နဲ့ အတူတူစားကြလျှင် ရဟန်းအတွက် ဘာမျှမဖြစ်သော်လည်း ရဟန်းအောက်နိမ့်ကျသည့် လူစသည်များမှာ ရဟန်းတော်အပေါ် မလေးစားရာ ရောက်သည့်အတွက် အဂါရ၀ ဖြစ်ပါသည်။ အခြေအနေမပေး၍ တစ်ဝိုင်းတည်း စားကြသည်ဆိုရာဝယ် တစ်ဝိုင်းထဲတွင် ရဟန်းအတွက်က သန့်သန့်၊ လူစသည်များအတွက် သန့်သန့် ခွဲခြားပြီးစားလျှင် ရဟန်းအတွက်စားအပ်တယ်ဟု ပြောရချေမည်။

(သူ့ခွက်ကိုယ်နှိုက်၊ ကိုယ့်ခွက်သူနှိုက်ပါက မအပ်ပေ) ဒါဖြင့်ရင် လူတွေက လက်ဖြင့်ယူစားကြတဲ့အခါမှာ ရဟန်းများအတွက် အကပ်မပျက်နိုင်ဘူးလားဟုမေးစရာရှိတယ်။ ဒီအတွက် အကပ်ပျက်ကြောင်း(၆)ပါးအနက် ရဟန်းကစွန့်မှသာ အကပ်ပျက်သည့်အတွက် မစွန့်သေးသမျှ ဘယ်လိုပဲ ကိုယ့်ဆွမ်းဝိုင်းကို လာရောက်ထိကိုင်ပါစေ အကပ်မပျက်ဟု မှတ်ယူရမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ခရီးသွားခိုက် အခြေအနေမပေးဘူးဆိုပါက တစ်ဝိုင်းတည်းဖြစ်သော်လည်း ရဟန်းအတွက်သန့်သန့် (ဟင်းခွက်များ)ခွဲခြားပြီး ဘုဉ်းပေးမည်ဆိုပါက ဘုဉ်းပေးနိုင်ကြောင်း မောင်သုခရဲ့ အဖြေကို ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

သပိတ်အကြောင်း သိကောင်းစရာ

အမေး။ ။ ဘုန်းဘုန်းဘုရား။ သံဃာတော်တွေအတွက် သပိတ်ကို အမဲရောင်အဖြစ် ဘယ်သူသတ်မှတ်တာလဲ ဘုရား။ သတ်မှတ်တဲ့အချိန်ကာလနှင့် ရည်ရွယ်ချက်ကို တပည့်တော်သိလိုပါတယ် ဘုရား။ နောက်ပိုင်းမှာ မြသပိတ်လို အစိမ်းရောင်တွေ ပေါ်လာတာလေးလည်း တပည့်တော်သိလိုပါတယ်ဘုရား။

မောင်ပြည့်စုံအောင်။

ရုရှား


အဖြေ။ ။ သပိတ်အကြောင်းနဲ့စပ်ပြီး အကျယ်တ၀င့် ပြောချင်တယ်။ ဘုရားအလောင်းတော် တောထွက်တော် မူတော့ ဃဋိကာရဗြဟ္မာကြီးက ပရိက္ခရာလှူဒါန်းပါတယ်။ ဒီပရိက္ခရာထဲမှာ သပိတ်လည်း ပါပါတယ်။ ဗြဟ္မာလှူတဲ့သပိတ်ဟာ ဘာနဲ့လုပ်ထားတယ်ဆိုတာ တိတိကျကျ မဖေါ်ပေမဲ့ သုဇာတာသဌေးသမီး နို့ဃနာဆွမ်းလှူဒါန်းတဲ့ကာလမှာ (ဃဋိကာရမဟာဗြဟ္မုနော ဒိန္ဒော မတ္တိကာပတ္တော) ဗြဟ္မာကြီးလှူဒါန်းတာဟာ မြေဖြင့်ပြီးတဲ့ သပိတ်(မြေသပိတ်)လို့ ဆိုပါတယ်။ ဘုရားလောင်းတော်ဟာ ဒုက္ကရစရိယာအကျင့် ကျင့်နေတဲ့ကာလအတွင်း ဗြဟ္မာလှူတဲ့ မြေသပိတ်နဲ့ မကင်းခဲ့ပါ။ သို့သော်လည်း သုဇာတာသူဌေးသမီး နို့ဃနာဆွမ်းလှူဒါန်းဖို့ လာတဲ့အခါကျမှ မြေသပိတ်ဟာ အလိုလို ကွယ်ပျောက်သွားခဲ့တယ်။ ဘုရားလောင်းတော်ဟာ မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပါတယ်။

အဲဒီကနေ သတ္တာသတ္တဟစံတော်မူကာ နောက်ဆုံး ရာဇာယတနသတ္တာဟ စံနေတော်မူတဲ့အချိန်မှာ နတ်မင်းကြီးလေးပါးက (ဣန္ဒနီလမဏိမယေ ပတ္တေ) မြဖြင့်ပြီးတဲ့ သိပတ်(မြသပိတ်)ကို ကပ်လှူကြပါတယ်။ ဘုရားရှင်က ထိုမြသပိတ်ကို လက်မခံဘူး။ တစ်ဖန် ပဲနောက်အဆင်းရှိတဲ့ ကျောက်နဲ့လုပ်ထားတဲ့ သပိတ်လေးလုံးကို ဆက်ကပ်တော့မှ လက်ခံတော်မူပါတယ်။ ဘုရားရှင်က ထိုပဲနောက်အဆင်းရှိတဲ့ သပိတ်လေးလုံးကို ဆင့်ထားပြီး အဓိဋ္ဌာန်တော်မူရာ သပိတ်လေးလုံးကနေ အနားရစ်လေးရစ်ပါတဲ့ သပိတ်တစ်လုံးတည်း မြင်တွေ့ရပါတယ်။ ဒါကြောင့် ဘုရားရဲ့သပိတ်တော်အရောင်ဟာ ပဲနောက်အဆင်းရှိတဲ့ (အမဲ)ရောင်ပဲ ဖြစ်ပါတယ်။

တစ်ဖန် ပါတိမောက်ဘာသာဋီကာမှာ သပိတ်နဲ့စပ်ပြီး မြေသပိတ် သံပိတ် နှစ်မျိုးသာအပ်ပါတယ်လို့ဆိုပါတယ်။ ဒီနှစ်မျိုးမှာ မြေသပိတ်ကို (၂)ကြိမ်မီးဖုတ်ပြီး သံသပိတ်ကို (၅)ကြိမ် မီးဖုတ်ရမယ်လို့ အဋ္ဌကထာက ဆိုထားပါတယ်။ ဒီလို မီးဖုတ်ရတာက ဖြူကြောင်ကြောင် အဆင်းမရှိစေဘဲ ညိုမှောင်မှောင် အဆင်းရှိစေလိုရင်းဖြစ်တယ်။ သပိတ်အမဲရောင်ဖြစ်အောင် ပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ (သမဏသာရုပ္ပေန- ရဟန်းတို့အား လျောက်ပတ်သောအားဖြင့်၊ ပက္ကံ-ကျက်ပြီးသော)ဟုဆိုထားတဲ့အတွက် သမဏသာရုပ္ပဖြစ်အောင် (ရဟန်းများ ကြည်ညိုဖွယ် ဖြစ်အောင်) ဖြစ်ပါတယ်။

သတ်မှတ်တဲ့ကာလ ဘုရားအလောင်းတော် ဘုရားအဖြစ်သို့ ရောက်တော်မူတာက မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့ဖြစ်ပြီး၊ သတ္တာသတ္တာဟ (၄၉)ရက်အကြာ ၀ါဆိုလဆန်း(၄)ရက်နေ့ခန့်မှာ နတ်မင်းကြီးလေးဦး၏ ပဲနောက်အဆင်းရှိ သပိတ်ကို အလှူခံယူတော်မူတဲ့အတွက် သပိတ်သတ်မှာရာကာလကို မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ၀ါဆိုလဆန်းပိုင်းက စတင်ခဲ့တယ်လို့ ယူဆရပါတယ်။ မြသပိတ်လို အစိမ်းရောင်တွေ ပေါ်လာတာကိုပြောရမယ်ဆိုရင် ဘုရားဖြစ်တော်မူပြီး (၄၉)ရက်ခန့်အကြာမှာ နတ်မင်းကြီးလေးပါးက ဘုရားအား ပထမအကြိမ် မြသပိတ်လှူဒါန်းတာကို အကြောင်းပြုပြီး နောက်ပိုင်းမှာ လူတွေက ဘုရားရုပ်ပွားတော်မြတ်အား မြသပိတ်လို အစိမ်းရောင် သပိတ်များ လှူလာကြတာ ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ယနေ့ခေတ် လှူဒါန်းနေတဲ့ သပိတ်တွေက မြသပိတ်လို့ခေါ်ကြတဲ့ ဖန်သပိတ်တွေပါ။ အဲဒီသပိတ်တွေလည်း ဘုရာအား လှူဒါန်းဖို့ရာ မသင့်တော်ဘူးလို့ ထင်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

Friday, September 23, 2011

ရဟန်းတော်များ ဖိုထိုးတာ အပြစ်ရှိပါသလား

အမေး။ ။ အရှင်ဘုရား ရဟန်းတော်များ အဂ္ဂရတ်၊ ဖိုထိုးခြင်းစတာတွေ ပြုလုပ်ရင် အပြစ်ရှိ/မရှိ သိလိုပါတယ်ဘုရား။

ထက်စုနှင်းဆီ


အဖြေ။ ။ အဂ္ဂရိတ်ပညာဆိုတဲ့ ဖိုထိုးတဲ့ပညာဟာ မြန်မာနိုင်ငံကို ဘယ်အခါတုန်းက ၀င်လာတယ်ဆိုတာ မသိပါ။ သို့သော် အိန္ဒိယနိုင်ငံ သီရိဓမ္မာသောကမင်းကြီးလက်ထက်က သာသနာတော်နှစ်(၃၀၀)လောက်မှာ သာသနာတော်ကြီးအား အစွမ်းကုန်ထောက်ပံ့ခဲ့တဲ့အတွက် ရဟန်းတော်များမှာ လာဘ်လာဘ အလွန်ပေါများခဲ့ပါတယ်။ အဲဒီခေတ်မှာ တန္တရ၊ မန္တရအတတ်ပညာ ရှင်များဖြစ်ကြတဲ့ တိတ္တိတွေဟာ လာဘ်လာဘရှားပါးလွန်းတဲ့အတွက် သာသနာတော်အတွင်းကို လှိမ့်ဝင်လာကြပါတယ်။ အဲဒီပုဂ္ဂိုလ်များဟာ ဖိုထိုး၊ ဆေးကု၊ ဗေဒင်ဟော၊ ဓါတ်ရိုက်၊ ဓါတ်ဆင်၊ နတ်သွင်းစတဲ့ မဂ်ဖိုလ်မှ ဖီလာကတ်လန့်ဖြစ်တဲ့ တိရစ္ဆာနအတတ်တွေနှင့်အတူ သာသနာအတွင်း ရောက်လာကြပါတယ်။

ဒီအချိန်မှာ သီရိဓမ္မာသောကမင်း ကြီးနှင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿရဟန္တာအရှင်မြတ်တို့ ပူးပေါင်းကာ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ပြုလုပ်ခဲ့ကြတယ်။ သီရိဓမ္မာသောကမင်းကြီးဟာ သာသနာအတွင်း တိရစ္တာနအတတ်တို့ဖြင့် ၀င်ရောက်ရောမွှေနေကြတဲ့ ရဟန်းတုရဟန်းယောင်များကို လူဝတ်လဲစေကာ သာသနာတော်ကို သန့်ရှင်းအောင် ဆောင်ရွက်တော်မူခဲ့ကြတယ်။
ဒါပေမယ့် ရဟန်းတုယောင်များ ထွက်သွားပေမဲ့လို့ သူတို့ရဲ့ဖိုထိုး၊ ဆေးကု၊ ဗေဒင်ဟော၊ ဓါတ်ရိုက်ဓါတ်ဆင်၊ နတ်သွင်းစတဲ့ ပညာများကတော့ ရဟန်းတော်များကြားမှာ ကျန်ရစ်ခဲ့တယ်လို့ဆိုရပါမယ်။

ရဟန်းတော်များမှာ ဖိုထိုးခြင်းဖြင့် အပြစ်ရှိ/မရှိဆိုတာထက်၊ ဒီပညာကို ရဟန်းတော်များ လိုက်စားသင့်/မသင့်ဆိုတာကို ပြောကြရအောင်ပါ။ အဂ္ဂရိတ်ထိုးတယ်ဆိုတာဟာ ရည်ရွယ်ချက်အားဖြင့် လေးမျိုးရှိတယ်လို့ တည်တောဆရာတော် ဘုရားကြီးက မိန့်တော်မူခဲ့ပါတယ်။

ပထမအဂ္ဂရိတ်ဆရာက-ရွေဖြစ်ငွေဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထိုးတာပါ။ အဂ္ဂရိတ်ပေါက်မြောက်ရင် ရွှေငွေဖြစ်ပြီး သူဌေးကြီးဖြစ်အောင်လို့ပါ။

ဒုတိယအဂ္ဂရိတ်ဆရာက-ရွှေငွေကို မရည်ရွယ်ဘဲ ဓါတ်ကြီးလေးပါးကို အောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဓါတ်သဘောနားလည်လာတဲ့အခါ လိုတိုးပိုလျှော့ ဓါတ်ကစားပြီး ကျွမ်းကျင်စွာ ဆေးကုနိုင်အောင်လို့ ဖိုထိုးတာပါ။

တတိယအဂ္ဂရိတ်ဆရာက-ရွှေငွေလည်းမလိုဘူး၊ ဓါတ်ကိုနားလည်တဲ့ ဆေးဆရာလည်း မလုပ်လိုဘူး။ မြေလျှိုးမိုးပျံချင်တဲ့ ၀ိဇ္ဇာဓိုရ်ကြီးသာ ဖြစ်ချင်တယ်။

စတုတ္တအဂ္ဂရိတ်ဆရာက-အထက်က ရည်ရွယ်ချက်သုံးခုစလုံးမပါ။ ဘာရယ်လို့မဟုတ်ဘဲ၊ အပျင်းပြေရုံ သက်သက်ဖိုထိုးတာပါ။

အဂ္ဂရိတ်ဆရာလေးမျိုးအနက် ပထမ ရွှေငွေလိုချင်လို့ ထိုးတာက အဆိုးဆုံးပါ၊ မတော်လို့ စပ်ရွှေကို ရွှေအစစ်လို့သုံးမိရင် ပါရာဇိကအထိ အပြစ်ကြီးလွန်းလို့ပါ။ ဒီလိုဆိုရင် ကျန်တဲ့ အဂ္ဂရိတ်တွေကိုရော လိုက်စားသင့်သလားဆိုတော့ မဂ်ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်လို့ တိရစ္ဆာနအတတ်ဖြစ်တဲ့အတွက် မလိုက်စားသင့်ပါဘူး။ ရဟန်းမှန်ရင် တကယ်လိုက်စားရမှာက ပရိယတ္တိအတတ်၊ ပဋိပတ္တိအတတ်၊ အဓိဂမအတတ်တွေပဲဖြစ်တယ်ဆိုတာပြောရင်း အဖြေကို ကျေနပ်လောက်မယ်ထင်ပါရဲ့။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

အကုသိုလ်ကံ အကျိုးပေးခွင့် မရရှိခြင်းအကြောင်း။

အမေး။ ။ အရှင်ဘုရား….အင်္ဂုလိမာလဟာ လူကြမ်းကြီးဖြစ်ပြီး ညှင်းဆဲသတ်ဖြတ်တဲ့ အလုပ်ကို လုပ်ခဲ့ပါတယ်။ ကုန်ကုန်ပြောရရင် ဘုရားရှင်က ဆုံးမရတဲ့အထိ မိုက်မဲခဲ့တယ်လို့ ပြောရပါမယ်။ ဘုရားရှင်နဲ့တွေ့မှ အကျွတ်တရားရပြီး ရဟန္တာဖြစ်တော်မူခဲ့ရပါတယ်။ ဒါဆိုရင် အင်္ဂုလိမာလ ပြုခဲ့တဲ့ အကုသိုလ်တရားများဟာ အဘယ်ကြောင့် ပြန်လည်သက်ရောက်မှု မရှိရခြင်းအကြောင်းကို ကုသိုလ်ပွား လိုတဲ့အတွက် ဖြေကြားပေးတော်မူပါဘုရား……..။

မောင်ကျော်နိုင်
ဆစ္ဒနီ၊ၾသစေတးလ်


အဖြေ။ ။ ကံတရားများရဲ့ အကျိုးသက်ရောက်မှုရှိတာ၊ မရှိတာနဲ့ပတ်သက်ပြီး၊ သတ္တ၀ါတွေရဲ့ ကံတရားဟာ အလွန်ဆန်းကြယ်တယ်လို့ဆိုရပါမယ်။ သတ္တ၀ါတိုင်းမှာ ကုသိုလ်ကံ၊ အကုသိုလ်ကံများ အထမြောက်အောင် ပြုလုပ်တဲ့နေရာမှာ ဇော(၇)ကြိမ်ဆိုတာရှိပါတယ်။ ဆိုပါစို့…မိမိပြုလုပ်တဲ့ ကုသိုလ်၊ အကုသိုလ်ကံဟာ ဇော(၇)ခုအနက် ပထမဇောက အကျိုးပေးတယ်ဆိုရင် ယခုလက်ရှိဘ၀မှာပဲ အကျိုးပေးတာ ခံစားရပါတယ်။ ဒီကံကို ဒိဋ္ဌဓမ္မဝေဒနိယကံလို့ခေါ်ပါတယ်။ တကယ်လို့ လက်ရှိဘ၀မှာ အကျိုးမပေးဘူးဆိုရင် ဒီကံဟာ ပြန်လည်သက်ရောက်မှုမရှိတော့ဘဲ အဟောသိကံအဖြစ်သို့ ရောက်ရှိသွားပါတယ်။

သတ္တမဇောကတော့ ဒုတိယဘ၀မှာ အကျိုးပေးပါတယ်။ ဒီကံကို ဥပပဇ္ဇဝေဒနိယကံ လို့ခေါ်ပါတယ်။ တကယ်လို့ ဥပပဇ္ဇဝေဒနိယကံက ဒုတိယဘ၀မှာ အကျိုးပေးခွင့် မရလိုက်ဘူးဆိုပါက နောက်နောင် ဘ၀တွေမှာ ပြန်လည်သက်ရောက်မှုမရှိတဲ့ အဟောသိကံ ဖြစ်သွားပါတယ်။

ဒုတိယဇောမှ ဆဋ္ဌမဇောတိုင်အောင် အလယ်ဇောငါးချက်ကတော့ တတိယဘ၀မှ နိဗ္ဗာန်ရတဲ့အထိ အကျိုးပေးပါတယ်။ ဒီကံကို အပရာပရိယဝေဒနိယကံလို့ခေါ်တယ်။ အပရာပရိယဝေဒနိယကံရဲ့သဘောက တတိယဘ၀ကနေ နိဗ္ဗာန်မရမှီ ဘ၀တစ်ခုခုမှာ အကျိုးပေးပါတယ်။ ဒီလိုအကျိုးပေးပြီး နောက်ပိုင်းဘ၀တွေမှာ ဒီကံကုန်သွားတဲ့အတွက် အဟောသိကံဖြစ်သွားတယ်လို့ ဒီလိုယူဆလို့မရပါဘူး။ ဘာ့ကြောင့်လည်းဆိုရင် ကုသိုလ်၊ အကုသိုလ်ကံများဟာ ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်စတဲ့ အရိယာပုဂ္ဂိုလ်များမှာ မရေမတွက်နိုင်အောင် များလှပါတယ်။ ဘ၀တစ်ခုမှာ အကုသိုလ်ကံအားကြီးနေတယ်ဆိုရင် ကုသိုလ်ကံက လောလောဆယ်မှာ အကျိုးပေးခွင့်မရှိဘဲ မေးမိန်နေပါတယ်။ ကုသိုလ်ကံက အားကောင်းလာပြီဆိုရင် တစ်ဖက်မှာ အကုသိုလ်ကံဟာ မေးမိန်သွားပါတယ်။

ဘုရားရှင်ဟာ နောက်ဆုံးဘ၀မှာ ခါးနာ၊ ၀မ်းလျှောစတဲ့ ရောဂါများခံစားရတာဟော ယခင့်ယခင်ဘ၀များကပြုခဲ့ဖူးတဲ့ အပရာပရိယဝေဒနိယကံများကြောင့်ဖြစ်တယ်ဆိုတာ မှတ်ယူရပါမယ်။ ယခုဘ၀မှာ အင်္ဂုလိမာလပြုလုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံတရားများဟာ နောက်နောင်ဘ၀များမှာ ခံစားရမယ့်အနေအထားမှာ ရှိပါတယ်။ သို့သော်လည်း အင်္ဂုလိမာလဟာ ဘုရားရှင်ချေချွတ်မှုကြောင့် ယခုလက်ရှိဘ၀မှာ အရဟတ္တမဂ်ဖိုလ်သို့ ရောက်ရှိသွားပါတယ်။ ထို အရဟတ္တမဂ်က ယခုဘ၀သူပြုခဲ့တဲ့ ကံတရားများကို အကြွင်းမဲ့ပယ်သတ်လိုက်ပါတယ်။ နောက်နောင် ဘ၀အသစ်ဖြစ်စရာအကြောင်းလည်း မရှိတော့ပါ။ ဒါကြောင့် အင်္ဂုလိမာလပြုခဲ့တဲ့ အကုသိုလ်တရားများဟာ ပြန်လည်သက်ရောက်မှုမရှိတော့ဘဲ အဟောသိကံ ဖြစ်သွားရတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။
ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

ဥပုသ်ပြဿနာ

အမေး။ ။ ဥပုသ်ဆောက်တည်တဲ့အခါ တချို့က ဘုရားဆောင်အရှေ့မှာ သီလယူကြပါတယ်။ တချို့က သံဃာတော်များအရှေ့မှာ သီလယူကြပါတယ်။ တချို့က လူတွေအရှေ့မှာလည်း ယူကြတယ်။ တပည့်တော်သိချင်တာက ဘယ်သူ့ဆီမှာ သီလယူရင် အကောင်းဆုံးဖြစ်ပါသလဲဘုရား။ ပြီးတော့ ဥပုသ်ဆောက်တည်ရာမှာ အချိန်ကန့်သတ်ချက်နှင့် အကြုံးဝင်တဲ့ အချိန်ကာလ အပိုင်းအခြားကိုလည် သိချင်ပါတယ်။ ဥပုသ်ဆောက်တည်ခြင်းဖြင့်လည်း ဘယ်လိုအကျိုးများ ရရှိနိုင်ပါသလဲဘုရား။


အဖြေ။ ။ အင်္ဂုတ္တရ တိကအဋ္ဌကထာမှာ “ဥပေါသထဒိဝသေ ပန ပါတောဝ ဘိက္ခုဿဝါ ဘိက္ခုနိယာဝါ ဒသသီလ လက္ခဏာညုနော ဥပါသကဿဝါ ဥပါသိကာယ၀ါ”လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်က…ဥပုသ်သီလ ခံယူရာမှာ ရဟန်းဖြစ်ေ၊ ဘိက္ခုနီမဖြစ်စေ၊ သီလလက္ခဏာကိုသိတဲ့ ဥပါသကာ၊ ဥပါသိကာမထံမှဖြစ်စေ ခံယူနိုင်ပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သီလရှိသူထံမှသာ သီလကို ယူနိုင်တာမဟုတ်ဘဲ သီလလက္ခဏာကိုသိသူ၊ သီလကိုအစဉ်မှန်မှန် အရှေ့က တိုင်ပေးနိုင်သူ မည်သူ့ထံမှမဆို ဆောက်တည်လို့ရပါတယ်။ မိမိကိုယ်တိုင်လည်း သီလကို အစဉ်အတိုင်း မှန်မှန်ဆိုနိုင်ရင် ဘုရားဆောင်အရှေ့မှာလည်း ကိုယ့်ဟာကိုယ် သီလယူလို့ရပါတယ်။ အကောင်းဆုံးကတော့ ရတနာသုံးပါးမှာ ဥပုသ်သီလယူတာက အလေးနက်ဆုံး ဖြစ်ပါတယ်။

ဥပုသ်ယူဖို့အတွက် သီလစတင်ယူရတဲ့အချိန်ဟာ ကန့်သတ်ချက် မရှိပါဘူး၊ အချိန်မရွေး သီလယူနိုင်ပါတယ်။ ဥပုသ်ဆောက်တည်ထားတဲ့ သူများဟာ ပုံမှန်ဥပုသ်ယူထားရင်တော့ ယူတဲ့အချိန်ကနေစလို့ နောက်တစ်ရက် အရုဏ်တက်တဲ့အချိန်အထိ အကြုံးဝင်ပါတယ်။ တစ်လ၊ (၄၅)ရက်တိုင်အောင် ဥပုသ်ရက်ရှည်ဆောက်တည်ရင် လည်း ရပါတယ်။ ဘယ်နှစ်နာရီမှ ဘယ်နှစ်နာရီအထိဆိုပြီး ကာလအပိုင်းအခြားနဲ့ ဆောက်တည်တဲ့သီလကိုတော့ ကာလပရိယန္တသီလလို့ ခေါ်ပါတယ်။ ကာလပရိယန္တသီလနှင့် အကျိုးတရားကို ပြောပါဦးမယ်။

တစ်ခါက ကောသမ္ဗီပြည်မှာ ဃောသကသူဌေး၊ ကုက္ကုဋသူဌေး၊ ပါဝါရိကသူဌေးရယ်လို့ သူဌေးသုံးယောက်ရှိတယ်၊ သူတို့ဟာ ဘုရားရှင်ပွင့်လုခါနီးဖြစ်ပေမဲ့ ကံတရားကို ယုံကြည်ကြတဲ့အတွက် ကုသိုလ်ကောင်းမှုများ လုပ်ကြပါတယ်၊ ရသေ့ငါးရာကလည်း မိုးတွင်းကာလရောက်တော့ ကောသမ္ဗီပြည်မှာ လာရောက်နေထိုင်ကြတယ်။ ဒီရသေ့ငါးရာကို သူဌေးသုံးယောက်က လိုလေသေးမရှိရလေအောင် ဆွမ်းစတာတွေကို ထောက်ပံ့လှူဒါန်းကြတယ်။ တစ်နှစ်မှာတော့ မိုးတွင်းကာလထုံးစံအတိုင်း ရသေ့များဟာ ကောသမ္ဗီပြည်ကို လာခဲ့ကြတယ်။ လမ်းခုလတ်ရောက်တော့ ရေငတ်လှတာကြောင့် အနီးရှိ အခက်အလက်ဝေစည်နေတဲ့ ပညောင်ပင်ကြီးအောက်မှာ ခဏနားကြတယ်။ အဲဒီမှာ ရသေ့များဟာ ပညောင်ပင်အထက်ကို မော်ကြည့်ပြီး “အရှင်နတ်မင်း….ကျွန်ပ်တို့ ရသေ့ငါးရာ ရေငတ်နေပါ တယ်။ ရေများရှိရင် ပေးပါဦးအရှင်နတ်မင်း”လို့ ရုက္ခစိုးကို တိုင်တည်လိုက်ရာ ပညောင်ပင်မှာစောင့်နတ်က ကိုယ် ထင်ပြကာ သူတို့ အလိုရှိတဲ့ ဖျော်ရည်စတာတွေကို ပေးလှူပါတယ်။ ဒီလို ဘုန်းကံကြီးမားရတဲ့ အကြောင်းကို ရသေ့များက ပညောင်ပင်စောင့်နတ်အားမေးကြပါတယ်။

ထိုအခါ ပညောင်ပင်စောင့်နတ်က ဂေါတမဘုရားရှင်သာသနာတော်မှာ ဇေတ၀န်ကျောင်းကြီး ဆောက်လှူ တဲ့ ကျောင်းဒကာ အနာထပိဏ်ဆိုတာရှိတယ်။ အလှူရေစစ်လက်နှင့်မကွာဆိုသလို လှူဒါန်းကြတဲ့အပြင် အိမ်သူ/သား/အလုပ်သမားများလည်း ဥပုသ်သီလဆောက်တည်ရန် နိုးဆော်တိုက်တွန်းလေ့ရှိတယ်။ တစ်နေ့တော့ အလုပ်သမားတစ်ယောက်ဟာ လယ်ထွန်ရာကပြန်အလာ သူဌေးကြီးအိမ်ရောက်တော့ ထမင်းချက်တဲ့ ကျွန်မကို ဗိုက်ဆာလို့ ထမင်းစားချင်တယ်ဆိုတဲ့အကြောင်းပြောပါတယ်။ သူဌေးကြီးအိမ်မှာ နေ့တိုင်း ဒီအချိန်ဆို အလုပ်သမားများစွာတို့ ထမင်းစားနေကြတယ်၊ ဒီနေ့တော့ တစ်ယောက်မှမရှိဘဲ တိတ်ဆိတ်နေတာကို မြင်ရတော့၊ အလုပ်သမားက “လူတွေဘယ်သွားကုန်ကြတာလဲ တစ်ယောက်မှမတွေ့ပါလား”လို့ ကျွန်မအားမေးတယ်၊ ကျွန်မက “ဒီနေ့ဥပုသ်နေ့မို့လို့ တစ်အိမ်လုံး ဥပုသ်စောင့်နေကြတယ်၊ဒီအချိန်ဟာ ၀ိကာလ အချိန်ဖြစ်တဲ့အတွက် သူတို့ထမင်းမစားကြဘူး”လို့ ပြန်ပြောပါ တယ်။

အလုပ်သမားက တွေးတယ် “လူတွေအားလုံးဥပုသ်စောင့်ပြီးကုသိုလ်ယူနေကြတယ်၊ ငါကတော့ အလုပ်လုပ်ပြီး ထမင်းလည်းစားနေတယ်။ အလုပ်လုပ်ရင်း သေသွားရင် ဒုက္ခပဲ၊ ငါလည်း ဥပုသ်စောင့်ရင် ကောင်းမှာပဲ” လို့တွေးပြီး၊ “အိုအမိ….နေမွန်းလွဲနေပြီ၊ ဒီအချိန်ဥပုသ်ဆောက်တည်လို့ ရ/မရ၊ ကျွန်ပ် ဥပုသ်ဆောက်တည်ချင်တယ်၊ သူဌေးကြီးအား မေးပေးပါဦး”လို့ ထမင်းချက်ကျွန်မအား အမေးခိုင်းပါတယ်။ ကျွန်မလည်း သူဌေးကြီးထံ သွားရောက်မေးမြန်းတော့ သူဌေးက “ဥပုသ်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် စောင့်လို့ရပါတယ်။ နေ့တစ်ဝက်စောင့်ရင် နေ့တစ်ဝက် အကျိုးရပါလိမ့်မယ်” လို့ ပြောလိုက်တယ်၊

ဒီအကြောင်းကို အလုပ်သမားကြားတော့ ၀မ်းသာအားရ ဆာဆာနဲ့စားတော့မဲ့ ထမင်းကို မစားတော့ဘဲ ဥပုသ်စောင့်ပါတော့တယ်။ ညဖက်ရောက်တော့ ၀မ်းထဲက လေလုံးကြွပြီး လေရောဂါနဲ့သေဆုံးသွားတယ်။ အလုပ်သမားဟာ နေ့တစ်ဝက်ဆောက်တည်ခဲ့တဲ့ ဥပုသ်သီလကုသိုလ်ကံကြောင့် ပညောင်ပင်ကြီးမှာ တန်ခိုးကြီးတဲ့ညောင်ပင်စောင့်နတ် လာဖြစ်ရတယ်။ ဒါဟော ကာလပရိယန္တ ဥပုသ်သီလရဲ့ အကျိုးတရားပါ။ ဒါဆိုရင် ဥပုသ်သီလနဲ့ စပ်ပြီး ကျေနပ်လောက်ပီထင်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

ယခုတစ်ပါတ် ဂျာနယ်ပါဆောင်းပါး မမှားသင့်တာ မမှားရအောင်

လောကမှာ ကျင်လည်ကျက်စားနေကြတဲ့ သတ္တ၀ါမှန်သမျှဟာ သတိလက်လွတ်မှုကြောင့် မမှားသင့်တဲ့ အမှားလေးတွေ မှားနေကြပါတယ်။ တချို့အမှားလေးတွေကျတော့ မိမိဘက်က မှန်တယ်ထင်ရပေမဲ့ အများအမြင်မှာတော့ မှားတဲ့အရာဖြစ်နေပါတယ်။ ယနေ့ခေတ်တွင် လူငယ်များဟာ ကာမကိစ္စများနဲ့ပတ်သတ်ပြီး မှားသင့်တဲ့အရာလား၊ မမှားသင့်တဲ့အရာလားဆိုတာ ခွဲခြားဝေဖန်ခြင်း လေ့လာခြင်းမရှိဘဲ စိတ်ကိုအလိုလိုက်ကာ အလွယ်တကူ မှားယွင်းနေကြပါတယ်။ တကယ်ဆို ကာမအမှုဟာ မိမိအတွက် အပြစ်နဲ့အကျိုး ဘယ်ဟာက ပိုများသလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။


ဒါပြင် ယခုခေတ်လူငယ်များ ကျုးလွန်နေကြတဲ့ ကာမမှုများဟာ များသောအားဖြင့် ကာမေသုမိစ္ဆာစာရကံနဲ့ မကင်းဘူးဖြစ်နေပါတယ်။ မိမိတို့ဟာ ဘယ်လိုမိန်းမယောက်ျားနဲ့ ကျုးလွန်ရင် ကာမေသုမိစ္ဆာစာရကံ ထိုက်မလဲဆိုတာ သေချာမသိကြပါ။ တချို့ကျတော့လည်း သိသိကြီးနဲ့ မိုက်နေကြတာလည်း ဖြစ်ပါမယ်။ အဲဒီလိုမိုက်နေတာဟာ ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးများကို မိမိတို့က သေချာမစဉ်းစား မလေ့လာထားလို့ပါ။ တကယ်တမ်း လေ့လာဆင်ခြင် စဉ်းစားမယ်ဆိုရင် ဒီကာမေသုမိစ္ဆာစာရကံရဲ့အကျိုးဟာ မျက်မှောက်တမလွန်နှစ်ဘ၀လုံးအတွက် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ သိပါလိမ့်မယ်။

ခုတော့ အဲဒီလိုမသိတဲ့အတွက် ယနေ့ခေတ်လူငယ်များဟာ ကာမကိစ္စကို အလွယ်တကူ ဘာမှမဖြစ်ဟုထင်နေပြီး ကျုးလွန်နေကြပါတယ်။ ဒါဟာလည်း တခြားနိုင်ငံက ကံတရား အကျိုးပေးကို မယုံကြည်ကြတဲ့လူတွေရဲ့ လုပ်ရပ်များကို အတုယူလို့လည်း မမှားသင့်တာ မှားနေကြတာပါ။ မိန်းကလေးများကလည်း မိမိတို့ဣနြေ္ဒသိက္ခာကိုမထိန်းဘဲ ဒီလိုပြုကျင့်ခံရတာဟာ ထည့်တွက်စရာမလိုပါလို့ထင်ထားသော် လည်း နောက်ပိုင်းမဖုံးနိုင်မဖိနိုင်ဖြစ်လာတဲ့အခါ သူတစ်ပါးအသက်ကို အလွယ်တကူသတ်ဖြတ်ကြပါတယ်။ အဲဒီတော့ တစ်မှုကနေ နှစ်မှုထိ အဆင့်တိုးကာ မကောင်းမှုများ ဖြစ်လာပါတယ်။ အဲဒီလို လူသားတိုင်းမှာ မကောင်းမှုတွေများလာမယ်ဆိုရင် သဘာဝကပ်ဆိုးတွေကလည်း ဖြစ်လာမှာပါ။ အဲဒီတော့ သဘာဝကပ်ဆိုးတွေက လွတ်ကင်းပြီး နောက်နောင်ဘ၀တွေမှာလည်း ဆင်းရဲဒုက္ခမရောက်ရအောင် ကာမအမှုအမှားများမှ ရှောင်ကြဉ်ရပါမယ်။

ယနေ့ခေတ်လူငယ်များ ကာမကိစ္စကျုးလွန်တဲ့အခါ မိမိကျုးလွန်တဲ့လူဟာ ကာမေသုမိစ္ဆာစာရကံ ထိုက်မထိုက်ကို သေချာသိရှိနားလည်ဖို့အတွက် ကာမေသုမိစ္ဆာစာရကံ ထိုက်ကြောင်း အင်္ဂါလေးပါးကို ရေးသားတင်ပြပေးပါမယ်။

၁။ မသွားလာအပ်တဲ့ အရာဌာနဖြစ်ခြင်း။

၂။ မှီဝဲလိုသော စိတ်ရှိခြင်း။

၃။ မဂ်ခေါ်လိင်ဖြင့် လိင်ထဲသို့ သွင်းခြင်း။

၎။ သာဒိယနံ - သာယာခြင်း။ ဒီအင်္ဂါ (၄)ရပ်လုံးပြည့်စုံရင် ကာမေသုမိစ္ဆာစာရကံထိုက်ပါတယ်။ ဒီလေးပါးထဲက အင်္ဂါတစ်ပါးပါး ချို့ယွင်းရင်တော့ ကံမထိုက်ပါ။ ဒါပေမဲ့ တစ်ပါးပါးကျုးလွန်မိရင် အကုသိုလ်အပြစ်လေးတော့ ဖြစ်ပါတယ်။ အထက်ဖော်ပြထားတဲ့ အင်္ဂါလေးချက်မှာ နံပါတ်တစ်အရ

‘‘မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ’’ဆိုတဲ့အတိုင်း အမိစောင့် ရှောက်ရှောက်တဲ့မိန်းမ အဖစောင့်ရှောက်တဲ့မိန်းမစတဲ့ မိန်းမအမျိုအစား(၂၀)နဲ့ကိုပင် ယောက်ျားများဟာ မကျုးလွန်မိအောင် စောင့်ထိန်းရပါမယ်တဲ့။ အဲဒီမိန်းမအမျိုးအစား(၂၀)ကို အနှစ်ချုပ်လိုက်မယ်ဆိုရင် ကာမပိုင်မရှိသေးတဲ့အပျိုနှင့် စေ့စပ်ကြောင်းလမ်းထားသူ အပါအ၀င် ကာမပိုင် လင်ယောက်ျားရှိပြီးဖြစ်တဲ့ မိန်းမဟု နှစ်မျိုးရပါတယ်။

နံပါတ်တစ်ဖြစ်တဲ့ ကာမပိုင်မရှိသေးတဲ့ မိန်းကလေးများနဲ့ကျူးလွန်ရင် ယောက်ျားမှာသာ ကံထိုက်ပြီး မိန်းကလေးမှာ ကံမထိုက်ပါဘူးတဲ့။ မိန်းကလေးများ ဘာ့ကြောင့်ကံမထိုက်သလဲဆိုတော့ သူတို့ကာမကို သူတို့ပိုင်ဆိုင်နေတဲ့အချိန် ဖြစ်လို့ပါ။ ယောက်ျားများအား သွေးဆောင်မာယာများလို့ ယောက်ျားလေးများက ကျုးလွန်မိရင်တော့ မိန်းကလေးများမှာ အကုသိုလ်အပြစ် ဖြစ်ပါတယ်။ ကာမေသုမိစ္ဆာစာရကံကျုးလွန်တဲ့အခါ အလိုတူမဟုတ်ဘဲ အနိုင်အထက်ပြုကျင့်ရင် အပြစ်ကြီးပြီး နှစ်ဦးသဘောတူလို့ ကျူးလွန်ရင်တော့ အပြစ်ငယ်ပါတယ်။ နှစ်ဦးသဘောတူ ကျုးလွန်တဲ့အခါမှာလည်း ကိလေသာအားကြီး,မကြီး၊ လုံ့လအနည်းအများလိုက်ပြီး အပြစ်အကြီး အသေး ကွာခြားပါတယ်။

အမျိုးသားဘက်ကလည်း လွတ်လပ်သူမှန်ကန်မယ် အမျိုးသမီးဘက်ကလည်း စေ့စပ်ထားသူ, ငွေပေးထားသူ စတဲ့ ပိုင်ဆိုင်သူမရှိသေးဘူး။ ဒါပေမဲ့ မိဘသဘောမတူလို့ ခိုးထွက်ပြေးပြီး နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးကာ လွတ်လပ်စွာမယားအမှတ်နဲ့ ပေါင်းသင်းဆက်ဆံရင် ဆန္ဒ၀ါသီနီ-အလိုတူနေလို့ မယားအရာမြောက်တဲ့အတွက် ကံမထိုက်ပါ။ ဒီနေရာမှာ လက်မှတ်ထိုးတဲ့ရုံးဌာနဟာ နိုင်ငံတော်က လုပ်ပိုင်ခွင့်ပေးထားတဲ့ နေရာဖြစ်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်အုပ်ချုပ်သူများ ဆိုတာ ပြည်သူများရဲ့အုပ်ထိန်းသူများ ဖြစ်ပါတယ်။ ဒါကြောင့် ရုံးတက်လက်မှတ်ထိုးတာဟာ တရားဝင်ဖြစ်သွားလို့ ကံမထိုက်တာပါ။ တကယ်လို့ မိမိတို့က တရားဝင်လက်ထက်ယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိပြီး နှစ်ဦးသဘောတူ လွတ်လပ်တဲ့ရည်းစားများ ကျုးလွန်မိကြရင် လက်ထက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် အပြစ်သေးပါတယ်။ ဒါပေမဲ့ လက်မထက်ဖြစ်ခဲ့ဘူးဆိုရင်တော့ ကံထိုက်တဲ့အတွက် အပြစ်ကြီးပါလိမ့်မယ်။

ယောက်ျားလေးများပြည့်တန်ဆာမနှင့် ဆက်ဆံတဲ့အခါ ကိုယ့်ထက်အရင် ငွေပေးထားသူ ရှိပါက နောက်ယောက်ျား ကံထိုက်ပါတယ်။ ပြည့်တန်းဆာမလည်း ငွေလက်ခံထားသူနဲ့ မပြီးပြတ်ခင် အခြားယောက်ျားကို လက်ခံမယ်ပါက ကံထိုက်ပါတယ်။ ကာမပိုင်ရှိတဲ့သူဟာ လူဇာတ်မဟုတ်တဲ့ တိရိစ္ဆာန်တို့နဲ့ကျူးလွန်ရာရင်လည်း ကာမေသုမိစ္ဆာစာရဖြစ်ပါတယ်။ ဘူရိဒတ်နဂါးမင်းကြီးဟာ သီလဆောက်တည်ကြောင်း၊ ယုန်, ဖျံ, မြေခွေး, မျောက်တို့သည်လည်း သီလဆောက်တည်ကြောင်းကို ကျမ်းဂန်တို့၌ လာရှိတဲ့အတွက် တိရစ္ဆာန်များမှာလည်း ငါးပါးရှစ်ပါးစတဲ့ သီလများရှိကြပါတယ်။ ဒါကြောင့် တိရိစ္ဆာန်နဲ့ကျုးလွန်ရင်လည်း ကံထိုက်ပါတယ်။ ကောသလဘုရင်ရဲ့ မိဖုရားကြီးဖြစ်တဲ့ မလ္လိကာဟာ ခွေထီးနဲ့ဖောက်ပြန်မှုကို သာယာမိခဲ့လို့ ကာမေသုမိစ္ဆာစာရကံ အပြစ်ဖြစ်ခဲ့ရတာပါ။ အရူးမကို မိဘစသည်တို့ကလည်းကောင်း၊ တစ်ယောက်ယောက်ကလည်းကောင်း အုပ်ထိန်းသူရှိရင် ကျုးလွန်သူမှာ ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်။

ယောက်ျားချင်းချင်းသော်လည်း ၀စ္စမဂ်၊ မုခမဂ်တို့ကိုကျူးလွန်ရင် ကာမေသုမိစ္ဆာစာရ ကံထိုက်တယ်လို့ ဆရာကြီးတော်များ မိန့်ဆိုခဲ့ပါတယ်။ ထုံးစံဓမ္မတာမို့သာ မိန်းမကို ကာမေသုမိစ္ဆာ စာရအရ ယူကြတာပါ။ ယောက်ျားကိုလည်း ကာမေသုမိစ္ဆာစာရအရ ယူရပါမယ်။ ဒါကြောင့် ယောက်ျားချင်းချင်း ကျုးလွန်ရာတွင်လည်း မိန်းကလေးများနည်းတူ အုပ်ထိန်းသူရှိသူမယ် ကာမပိုင်ရှိမယ်ဆိုရင် ကံထိုက်ပါတယ်။

စွယ်စုံကျော်ထင်ကျမ်းတွင် `မိစ္ဆာဖြစ်ဖွယ်၊ အိမ်ရှင်ဝယ်၊ လေးသွယ်ရှိ၏ အဘယ်နည်း´ဆိုတဲ့ ကြည့်ကန်ရှင်ကြီးရဲ့အမေးကို ကျီးသဲလေးထပ်ဆရာတော်က အောက်ပါအတိုင်း ဖြေတော်မူခဲ့ပါတယ်။

၁။ ကိုယ်ဝန် အလွန်ရင့်၍ မပြုသင့်တဲ့အခါ။

၂။ မိဘဆရာ သူတကာတို့ မြင်လောက်တဲ့နေရာမှာ ကျင့်တဲ့အခါ။

၃။ ကျင့်ရိုးကျင့်စဉ်မဟုတ်တဲ့ နည်းများဖြင့်ကျင့်တဲ့အခါ။

၎။ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်ပြီးကျင့်တဲ့အခါ မိမိမယားပင်ဖြစ်သော်လည်း ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်တဲ့။ ဒီလေးချက်ဟာ အဓိကကတော့ ကံထိုက်ကြောင်း အင်္ဂါလေးပါးထဲက နံပါတ်အတွက် သီးသန့်ဖွင့်ဆိုပြတာပါ။ ကာမေသုမိစ္ဆာစာရကံထိုက်ကြောင်း အင်္ဂါလေးချက်ရှိရာမှာ နံပါတ်တစ်အချက်ကလွဲရင် ကျန်တဲ့အချက်သုံးချက်ဟာ ရှင်းလင်းပါတယ်။ ဒါကြောင့် ဆရာတော်ကြီးများ၊ အဋ္ဌကထာ၊ ဋီကာဆရာတော်များက နံပါတ်တစ်ကိုပဲ အဓိကနားလည်အောင် ဖွင့်ပြကြခြင်း ဖြစ်ပါတယ်။

ဒါကြောင့် မိမိတို့ဟာ သူတစ်ပါးသားသမီးဇနီးလင်များကို ကျုးလွန်ချင်တဲ့စိတ်ပေါ်လာရင် ငါကျုးလွန်မဲ့မိန်းကလေးနေရာမှာ ငါ့ရဲ့ မိခင်၊ အမ၊ နှမကို သူများကကျုးလွန်မယ်ဆိုရင် ငါဘယ်လိုခံစားရမလဲ။ ငါကျုးလွန်မဲ့ ယောက်ျားလေးဟာ သူများလင် သူများချစ်သူဖြစ်နေရင်ရော အဲဒီလူဘယ်လိုခံစားရမလဲ။ အဲဒီလူနေရာမှာ ငါဆိုရင်ရော ဘယ်လိုခံစားရမလဲစတာတွေ တွေးတောကြည့်ရပါမယ်။ အဲဒီလိုတွေးတော တဲ့အခါမှာ မိမိရဲ့မောင်နှမဆွေမျိုးသားချင်းများနဲ့ နှိုင်းယှဉ်ကြည့်ရင် မိမိစိတ်ရဲ့ခံစားချက်အတိုင်း တစ်ဘက်လူမှာလည်း သူနဲ့ဆက်စပ်သူများ ဘယ်လိုခံစားရမယ်ဆိုတာ တွေးဆကြံဆနိုင်ပါလိမ့်မယ်။ အဲဒီလိုသာ ရှေးနောက်စဉ်းစားတွေးခေါ်မယ်၊ မိမိစိတ်ကို သတိဖြင့်ထိန်းချုပ်မယ်ဆိုရင် ကာမေသုမိစ္ဆာစာရအမှုများမှ ရှောင်ကြဉ်နိုင်မှာပါ။

မိမိတို့ လူသားများဟာ ဒီကာမကိစ္စကို ရှောင်ကြဉ်ဖို့ခဲယဉ်းတယ်လို့ ထင်နေကြပါတယ်။ တကယ်တော့ မိမိစိတ်သာ အဓိကကျပါတယ်။ မိမိစိတ်ကို မိမိထိန်းနိုင်မယ်ဆိုရင် ဒါတွေမဖြစ်အောင် ထိန်းသိမ်းလို့ ရပါတယ်။ ရှေးဆရာတော်ကြီးများက ကာမရောဂါ ကိုယ်တွင်းနာ ကို ဟီရိဩတ္တပ် ပညာညှပ်၍ နှိပ်ကွပ်နိုင်ပါတယ်လို့ မိန့်ဆိုထားတာ ရှိပါတယ်။ အဲဒီလို မိမိတို့က ကာမကိစ္စဟာ ဟီရိသြတ္တပ္ပကင်းမဲ့တဲ့အလုပ်ဖြစ်တဲ့အတွက် မိမိတရားဝင်ယူထားသူမှလွဲ၍ တခြားသူများကို မပြစ်မှားမိအောင် ပညာဉာဏ်ကို သတိဖြင့် ထိန်းချုပ်ထားရပါမယ်။ လူသားများ မှာ မိမိတရားဝင်ယူထားတဲ့ ဇနီးမယားလင်တို့နဲ့ ကျုးလွန်လို့ ရပါတယ်။ ရဟန်းသံဃာများမှာ ဘယ်သူနဲ့မှ ကျုးလွန်လို့မရပါဘူး။ ကိလေသာမကင်းသေးတဲ့ လူအတူတူရဟန်းသံဃာများတောင် ကာမကိစ္စကို ထိန်းနိုင်သေးရင် လူသားများလည်း မိမိတရားဝင်ကျုးလွန်လို့ရတဲ့ဟာမှတစ်ပါး တခြားဟာကို မကျုးလွန်မိအောင် စောင့်ထိန်းနိုင်ရမှာပါ။

ငါတို့လူတွေက ဒါတွေမစောင့်ထိန်းနိုင်လို့ ဒီလိုနေတာကွဆိုရင်လည်း တရားဝင်ယူပြီး ကျုးလွန်လို့ရတာနဲ့ မလုံလောက်သေးဘဲ စိတ်တိုင်းကျ ကာမေသုမိစ္ဆာစာရကံ ကျုးလွန်နေမယ် ဆိုရင်တော့ နောက်နောင်ဘ၀တွေမှာ ကိုယ့်အလှည့်ကျမှာမို့ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားရပါ လိမ့်မယ်။ မိမိက ကံကောင်းလို့မြင့်မြတ်တဲ့ ယောက်ျားဘ၀လေးရလာတာကို နောက်ဘ၀တွေမှာ ထပ်ကံကောင်းအောင်မလုပ်ဘဲ မြင့်တဲ့ဖိုဓာတ်ဘ၀ကနေ ယုတ်နိမ့်တဲ့ မဓာတ်ဘ၀ကိုရောက်အောင် လုပ်နေမယ်ဆိုရင် ကိုယ်အလှည့်လည်း ခံရဦးမယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ ကိုယ်ယောက်ျားဘ၀ ရတုန်းကတော့ ထင်တိုင်းကျဲလာခဲ့ပြီး ကိုယ့်အလှည့်ကျမှ ကြောက်ပါပြီမဖြစ်ကြပါစေနဲ့။ အဲဒီလို မဖြစ်အောင် ယခုရရှိနေတဲ့ လူ့ဘ၀လေးမှာ မမှားသင့်တာ မမှားရအောင် သတိထားနေထိုင်ဖို့ လိုပါတယ်။

မိန်းကလေးများကလည်း မိမိတို့ အရင်ဘ၀တွေက မကောင်းတာလုပ်ခဲ့လို့ ယခုမျက် မှောက်မှာ ယုတ်နိမ့်တဲ့ဘ၀ရနေတာကို ကျေနပ်မနေဘဲ နောက်နောင်ဘ၀တွေမှာ မြင့်မြတ်တဲ့ ယောက်ျားဘ၀ရအောင် ကြိုးစားဖို့လိုပါတယ်။ ဘယ်လိုပဲ ယောက်ျားနှင့်မိန်းမတန်းတူ ယှဉ်နိုင်ပါ တယ်ပြောပါစေ ယုတ်နိမ့်တဲ့ဘ၀၊ အနိမ်ခံရတဲ့ဘ၀၊ အနိမ့်ကျင့်ခံရတဲ့ဘ၀ကတော့ မလွတ်တာ အမှန်ပါ။ အဲဒါကြောင့်မို့ မိန်းမဘ၀ကနေ ယောက်ျားဘ၀ရဖို့အတွက် ယခုဘ၀မှာ မိန်းကလေး ဣနြေ္ဒနှင့်နေပြီး မမှားသင့်တာ မမှားရအောင် သတိထားနေထိုင်ရပါမယ်။

ဒါကြောင့် လူသားအားလုံး ရရှိလာတဲ့လူ့ဘ၀လေးမှာ မမှားသင့်တဲ့အမှားများ မပြုလုပ်မိ အောင် သတိထားဆင်ခြင်ကာ နောက်အနာဂတ်ဘ၀များ ကောင်းစားရေးကိုသာ အဓိကထား လုပ်ဖို့လိုပါတယ်။ ယခု မိမိတို့ဟာ လူ့ဘ၀ကိုရနေပြီမို့ ဒီဘ၀မှာ ကြုံရမဲ့ဆင်းရဲဒုက္ခဟာ အသေး အဖွဲ့လေးပဲ ဖြစ်ပါ တယ်။ နောက်ဘ၀များစွာဟာ မိမိဘယ်လိုဘ၀တွေရောက်ပြီး ဘယ်လို ဆင်းရဲတွေကြုံရဦးမလဲဆိုတာ မသိနိုင်ပါ။ ဒါကြောင့် မသိနိုင်သေးတဲ့ဘ၀ကို ချမ်းသာမှုတွေနဲ့ ရင်ဆိုင်ရအောင် ယခုကတည်းက ပြင်ဆင်ထားဖို့ လိုပါတယ်။ တကယ်လို့ မိမိတို့က အမှားတွေပဲ လုပ်ပြီး လူ့ဘ၀ကြီးကိုဖြတ်သန်းသွားမယ်ဆိုရင် ဒုသနသော လေးယောက်ကဲ့သို့ နောက်မှနောင်တ တွေရနေပါလိမ့်မယ်။ အဲဒီလိုနောင်တတွေမရဖို့ရန် ယခုကတည်းက မမှားသင့်တာမမှားရအောင် သတိထားကြပါကုန်။



အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

အောက်ပါကျမ်းစာအုပ်များကို ဖတ်ရှု့လေ့လာပြီး ရေးသားထားခြင်း ဖြစ်ပါတယ်။

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၄၁၊
၂။ အာဂမနီယ၀တ္ထု(တည်တောဆရာတော်)

၃။ မဃဒေ၀လင်္ကာသစ် အပိုဒ်-၂၃၂
၎။ ပါရာဇိကဏ်အဋ္ဌကထာ

၅။ ဣတိဝုတ်၊ဋ္ဌ၊ ၂၂၀
၆။ ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂၀၄

၇။ သံခိပ်ဋီကာ
၈။ ဘာသာဋီကာ

၉။ ဆဂတိဒီပနီ
၁၀။ စွယ်စုံကျော်ထင်ကျမ်း

ဂျာနယ်ကိုတော့ ဒီနေရာမှာ Download လုပ်လိုက်ပါ။
http://www.mediafire.com/?o2r41n1w69y5uif
http://www.shadejournal.com/

Thursday, September 22, 2011

ကမ္ဘာကြီး ဘယ်ကစဖြစ်ပါသလဲ

အမေး။ ။ What does Buddhism believe how the world was made? ဗုဒ္ဓဘာသာမှာ ကမ္ဘာကို ဘယ်ကစတာလဲလို့ ယုံကြည်ပါသလဲဘုရား။
မောင်တိုးနန္ဒ
Sydney, Australia

အဖြေ။ ။ တစ်ခြားခြားသော ဘာသာများက ကမ္ဘာကြီးကို ထာဝရဘုရားက ဖန်ဆင်းတယ်လို့ ပြောပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကတော့ ကမ္ဘာကြီးကို ဘယ်သူမှ ဖန်ဆင်းတာ မဟုတ်ပါဘူး၊ သဘာဝတရားက ဖြစ်လာတာပါလို့ ပြောရပါ့မယ်။ လူသားများဟာ ဘယ်ကစတင်ဖြစ်တယ်ဆိုတာ မမြင်နိုင်သလို ကမ္ဘာကြီးဟာ ဘယ်ကစဖြစ်တာလဲဆိုတဲ့ အမေးအတွက် အဖြေမရှိပါဘူး၊ ကြက်ဥအစရှာမရသလိုပါပဲ။ ဒါပေမဲ့ မြတ်စွာဘုရားက ကမ္ဘာကြီး ဖြစ်ပေါ်လာပုံကိုတော့ မိန့်တော်မူထားတာရှိပါတယ်။ အဲဒါကို ခေတ်နဲ့လျော်ညီအောင် ပြောပေးပါမယ်။

မှောင်မိုက်မဲမဲ ဟင်းလင်းပြင်ကြီးအတွင်း တစ်နေရာမှာ ကမ္ဘာစတင်ဖြစ်ဖို့အတွက် ရှေးဦးစွာ ကမ္ဘာပြုမိုးလို့ခေါ်တဲ့ မိုးဖွဲလေးများကျ လာပါတယ်။ ဒါကြောင့် ကမ္ဘာအစမိုးဖွဲကလို့ ပြောရမလိုလိုပင်။ ထိုမိုးဖွဲလေးများဟာ တစတစနှင့် ကြာရိုးလောက်ကြီးလာပါတယ်။ ကြာလာတော့ ၀ါးလုံးလောက် ကြီးလာပါတယ်။ ၀ါးလုံးလောက်ကနေ၊ ကျည်ပွေ့လောက်ကြီးလာပါတယ်။ ကျည်ပွေ့မှတဆင့် ထန်းပင်လုံးလောက် မိုးရေအယဉ်ကြီးပြီး အဆက်မပြတ်ရွာသွန်းတဲ့အခါ ယခင်က ကမ္ဘာမီးလောင်ခဲ့တဲ့နေရာမှာ ရေများပြည့်လာပါတယ်။

ထိုရေများကို အောက်သို့ မဆင်းသွားရလေအောင် “အဇဋာကာသ”လို့ အောက်ဖက်ကောင်းကင် မှ လေအဟုန်ထပြီး အထက်သို့ပင့်တိုက်တင်ထားသလို၊ ရေအယဉ်များ နံဘေးသို့ မထွက်အောင် လေများ ပတ်လည်တိုက်ပြီး တားဆီးပေးထားတယ်။ ရေအယဉ်များဟာ လေကြောင့် အောက်သို့ လည်းမကျ နံဘေးကိုလည်းမထွက်ဘဲ ပဒုမ္မာကြာရွက်ပေါ်က ရေပေါက်များလို တစ်လုံးတစ်ခဲတည်း တည်နေပါတော့တယ်။ ကာလကြာတဲ့အခါ ကမ္ဘာဖြစ်မဲ့ ရေအယဉ်လုံးကြီးဟာ တဖြည်းဖြည်း အောက်သို့လျှောချ ခန်းခြောက်လာပြီး ယခင်က ကမ္ဘာမြေကြီး တည်ရာအရပ်ကိုရောက်တဲ့အခါ အလွန်အားကြီးတဲ့ လေအဟုန်ကြီး တစ်ခု ဖြစ်ပေါ်လာပါတယ်။

ဥပမာ-မတ်ခွက်ကို ဖင်အောက်မှာ အပေါက်ဖေါက်ထားပြီး မတ်ခွက်ထိပ်ကို ပိတ်ထားလိုက် ရင် လေကချူပ်ထားတဲ့အတွက် ရေအောက်ကို မဆင်းတော့ပါဘူး။ ထို့အတူ လေအဟုန်က ရေအယဉ်တွေကို ချူပ်ထားတဲ့အတွက် ရေအယဉ်များ အောက်သို့မလျှောကျဘဲ ရေပြင်ကြီး ရပ်တည်နေပါတယ်။ ဒီလို ရေပြင်ကြီး ရပ်တည်နေလာရာက ကာလကြာတဲ့အခါ ထိုရေအယဉ်များဟာ ရသပထ၀ီလို့ခေါ်တဲ့ မြေအဆီ အဖြစ်သို့ ပြောင်လွဲလာပါတော့တယ်။ (ရေများအနည်ထိုင်လို့ကြာရင် နွံဖြစ်သလို) ထိုရသ ပထ၀ီ မြေအဆီများဟာ နို့ရည်အထက်၌ တက်နေတဲ့ မလှိုင်များလို ကြိုင်မွေးချိုဆိမ့်သော အနံ့အရသာ ရှိတယ်။

ဒီလို ကမ္ဘာသစ်တည်ထောင်မိသော်လည်း လ၊ နေ၊ နေက္ခတ်တို့ မစုံသေးပါဘူး။ လ၊ နေ၊ နေက္ခတ်ပြည့်စုံမှ ကမ္ဘာတည်တာပြည့်စုံတယ်လို့ ဆိုရပါမယ်။ ဒီလိုနဲ့ ရသပထ၀ီ မြေအဆီများတည်နေတဲ့အချိန်မှာ ယခင်ကမ္ဘာပျက်တုန်းကမပါတဲ့ ဗြဟ္မာ့ဘုံမှ ဗြဟ္မာများဟာ ကံအရှိန်ကုန်လို့ဖြစ်စေ၊ သက်တမ်းစေ့လို့ပဲဖြစ်စေ စုတေကြကာ အောက်ဘုံများသို့ ရောက်ခဲ့ကြတယ်။ တချို့ဆိုရင် လူ့ပြည်မှာ ပဋိသန္ဓေ တည်ကြပါတယ်။ (ဆိုလိုတာက ဗြဟ္မပြည်မှ စုတေပြီး လူ့ပြည်မှာ လူလာဖြစ်တာပါ) ကမ္ဘာဦးလူသားတွေ ဟာ ဗြဟ္မာစိတ် အထုံပါတဲ့အတွက် ကာမစိတ်ကို အားပေးတဲ့ ဣတ္ထိဘာဝ၊ပုရိသာဘ၀ရုပ် မပေါ်သေးပါ။ ကိုယ်ရောင်ကိုယ်ဝါ တို့ဖြင့် ကောင်းကင်မှာ သွားလာနိုင်ကြတယ်။ ဘာအစားအစာမှ မစားရဘဲ ပီတိနဲ့သာ နေနိုင်ကြပါတယ်။

ကာလအတန်ကြာတဲ့အခါ လူတစ်ယောက်လက်ဆော့ပြီး မြေဆီလွှာကို “ဘယ်လိုများနေမလဲ”ဆိုပြီး လက်နဲ့တို့ကာ စားကြည့်တော့ အရသာရှိလှတာ တွေ့ရပါတယ်။“ ကောင်းမှန်းသိ သာအိတစိုစို”ဆိုတဲ့အတိုင်း ထပ်ကာထပ်ကာ လျက်စားပါတော့တယ်။ အတုမြင်အတတ်သင်ဆိုသလို တခြားသူများကလည်း လိုက်ပြီးလျက်ကြည့်ကြရာ နောက်တော့ အဆုပ်လေးလုပ်ပြီး ထမင်းလို စားလာကြပါတယ်။ အဲဒီအခါမှာ အရသာပေါ်တတ်မက်တဲ့ ရသတဏှာဖြစ်လာကာ ကိုယ်ရောင်များပျောက်ကွယ်ပြီး အမှောင်ကြီး ကျရောက်လာတော့တယ်။

ကမ္ဘာဦးလူအများဟာ အမှောင်ကြီးထဲနေရတာ အလွန်ကြောက်ကြတဲ့အတွက် ရဲ့ရင့်စေနိုင်ရန် ကံအားလျော်စွာ အရှေ့လောကဓာတ်မှ ယူဇနာအားဖြင့် (၅၀)မိုင်အားဖြင့် (၄၀၀)ခန့် အချင်းရှိတဲ့ အရောင်ဝန်းကြီးတစ်ခု ထွန်းတောက်လာပါတယ်။ ထိုအရောင်ဝန်းကြီးဟာ ကမ္ဘာ့လူများကို ရဲရင့်စေတတ်တဲ့အတွက် ‘နေ’လို့ခေါ်တွင်ပါတယ်။ သူရံ ဇနေတိ သူရိယံ= အရဲဓါတ်ကိုဖြစ်စေတတ်တဲ့အတွက် သူရိယ (နေ)လို့ ခေါ်တွင်ခဲ့ပါတယ်။ နေ၀န်းကြီးပျောက်သွားတဲ့နောက် ညဉ့်အခါသို့ရောက်သောအခါ လူတွေက“ အရင်ရောင်ဝန်းကြီးနှင့်တူတဲ့ အရောင်တစ်ခု ထပ်ထွက်ရင်ကောင်းမှာပဲ”လို့ ဆန္ဒတွေ ဖြစ်ပေါ်ကြပြန်တယ်။ အလိုဆန္ဒအတိုင်း (၄၉)ယူဇနာ၊ (၃၉၂)မိုင်ခန့်ရှိတဲ့ အရောင်ဝန်းတမျိုး ဖြစ်ပေါ်ခဲ့ပြန်ပါတယ်။ ကမ္ဘာဦးလူသားများ ဆန္ဒအတိုင်းဖြစ်ပေါ်လာတဲ့အတွက် ကာလကြာတဲ့အခါ ဆန္ဒမှ စန္ဒဖြစ်လာပါတယ်။ နေနဲ့လတို့ ဖြစ်ပေါ်လာတဲ့ အခါ အခြားနက္ခတ်များလည်း ပေါ်လာပါတော့တယ်။ ဒါဟာ ကမ္ဘာကြီး ဖြစ်ပေါ်လာပုံပါပဲ။ (သဂြိလ်ဘာသာဋီကာ၊ နှာ -၃၂၃၊၃၂၄)

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

ဗကဗြဟ္မာကြီးအား အောင်တော်မူခြင်းကို သိချင်တယ်

မေး။ ။ အရှင်ဘုရား တပည့်တော်အား မြတ်ဗုဒ္ဓမှ ဗကဗြဟ္မာကြီးအား အောင်တော်မူခြင်းကို သိချင်ပါသဖြင့် ရေးသားပို့ပေးရန် လျှောက်ထားအပ်ပါတယ်ဘုရား။

ဖြေ။ ။ အခါတစ်ပါး ဗကဗြဟ္မာကြီးရဲ့ စိတ်ထဲမှာ မိစ္ဆာဒိဋ္ဌိအယူများ ဖြစ်ပေါ်နေပါတယ်။ သူ့ရဲ့ အယူက “ဒီကိုယ်နှင့်တကွ ဗြဟ္မာလောကကြီးဟာ တည်တံ့ခိုင်မြဲတယ်။ သီးသန့်ဖြစ်နေပြီး ရွေ့လျောတဲ့သဘောလည်းမရှိ။ ဒီဗြဟ္မပြည်မှာ ပဋိသန္ဓေနေလာသူမရှိသလို အိုသူ၊ နာသူ၊ သေသူလည်းမရှိ၊ ဒီဗြဟ္မပြည်ကနေ အခြားလွန်မြတ်သော ထွက်မြောက်ရာလည်းမရှိ”လို့ အားကောင်းတဲ့ သဿတမိစ္ဆာဒိဋ္ဌိအယူ ဖြစ်ပေါ်နေတယ်။ ဒီအချိန်မှာ ဘုရားရှင်ဟာ ဥက္ကဋ္ဌမြို့ သုဘဂတောအုပ်အတွင်း အင်ကြင်းပင်ရင်းတွင် သီတင်းသုံးနေခိုက် ဗကဗြဟ္မာကြီးရဲ့ စိတ်အကြံကို သိတော်မူတဲ့အတွက် ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ အင်ကြင်းပင်ရင်းမှ ကွယ်ပြီး ဗကဗြဟ္မာကြီးရှိရာ ပဌမဈာန် ဗြဟ္မာ့ပြည်ကို ရောက်တော်မူခဲ့ပါတယ်။

ဗကဗြဟ္မာကြီးက ထင်ရှားတဲ့ပုဂ္ဂိုလ်တစ်ဦး သူ့ထံရောက်လာတယ်ဆိုတော့ ၀မ်းပမ်းတသာနဲ့ “အရှင်ဘုရား..ကြွလာတာ အလွန်ကောင်းတယ်၊ တပည့်တော်တို့ရဲ့ ဗြဟ္မာ့ဘုံနဲ့ တပည့်တော်တို့ ခန္ဓာကိုယ်ကြီးဟာ ဘယ်တော့မှ မပျက်မစီးတော့ဘဲ အမြဲတည်တံ့ ထင်ရှားနေပါတယ်။ တပည့်တော်တို့ဆီမှာ အို၊ နာ၊ သေဆိုတာတွေလည်းမရှိ၊ အပြည့်အစုံဆုံးဘုံနဲ့ အပြည့်အစုံဆုံး ခန္ဓာကိုယ်ကိုပြပါဆိုရင် တပည့်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီးနဲ့ တပည့်တော်တို့ရဲ့ ဗြဟ္မာ့ဘုံကိုပဲ ထိုးပြရပါလိမ့်မယ်။ ကြည့်ကြည့်ပါ တပည့်တော်တို့ ဘုံထက်သာတာ တွေ့ဖူးခဲ့ရဲ့လား၊ မရှိနိုင်ပါဘူး။ အရှင်ဘုရား ကြွလာတာ အလွန်ကံကောင်းတာပဲ”လို့ သူ့ဘုံနဲ့ သူ့ခန္ဓာ သူ့အစွဲလေးကို ထုတ်ပြီး ကြွားလိုက်တယ်။

ဘုရားရှင်က (အ၀ိဇ္ဇာ ဂတောဝတ ဘောဗကောဗြဟ္မာ) “ဗကဗြဟ္မာကြီး မိုက်လုံးကြီးလိုက်တာ၊ အသိဉာဏ်ကင်းမဲ့လိုက်တာ” လို့ မိန့်တော်မူတော့ ဗြဟ္မာကြီးက မခံနိုင်ဘူး။ “မြဲလို့ မြဲတယ်ယူတာ၊ ဟုတ်လို့ ဟုတ်တယ်လို့ယူတာ၊ မှန်လို့မှန်တယ် ပြောတာပဲ”လို့ သူက ခံငြင်းလိုက်တယ်။

ဘုရားရှင်က “ဗက….သင်ဟာ ဒီကနေဘယ်မှ မပြောင်းဘူး၊ ဘယ်ကမှလဲ လာခဲ့တာမဟုတ်ဘူးလို့ ယူလို့သာယူနေတာ၊ သင်ဟာ စတုတ္ထဈာန်ဘုံကနေ တဖြည်းဖြည်းဆင်းလာလိုက်တာ၊ သင့်ရဲ့ဘ၀၊ သင့်ရဲ့တန်ခိုး၊ သင့်ရဲ့အစွမ်းသတ္တိတွေကို ငါသိတယ်၊ ကုန်ကုန်ပြောမယ်၊ သင့်အကြောင်း ငါအကုန်လုံးသိတယ်”လို့ မိန့်တော်မူတော့ ဗကဗြဟ္မာကြီး စိတ်ထဲတွေဝေသွားတယ်။

တစ်ဖန် ဘုရားရှင်က “သင့်ဘ၀အကြောင်းကို ငါပြောပြမယ်” လို့ပြောတော့ ဗြဟ္မာကြီးက နားထောင်ချင်လာတယ်။ သို့နှင့်ဆက်လက်ပြီး ဘုရားရှင်က “သင်ဟာ စတုတ္ထဈာန်ဘုံမှာ ဖြစ်ခဲ့တယ်။ အဲဒီကနေ တတိယဈာန်ဘုံ၊ အဲဒီကနေ ဒုတိယဈာန်ဘုံ၊ ပဌမဈာန်ဘုံကို ရောက်လာတာ သင့်ရဲ့ ဖြစ်ခဲ့တဲ့ဘ၀ကို သင်ပြန်ကြည့်ဦးလေ”လို့ ဆိုလိုက်တော့ ဗြဟ္မာကြီးက သူ့ရဲ့နောက်ကြောင်းကို ဒိဗ္ဗစက္ခုအဘိဉာဏ်နဲ့ပြန်ကြည့် လိုက်တဲ့အခါမှာ ဘုရားရှင်ပြောတဲ့အတိုင်း မှန်နေတာ တွေ့ရတယ်။ ဗြဟ္မာကြီးဟာ သူ့အထက်က ဘုံတွေရှိပါသေးလားဆိုတဲ့ အသိက၀င်လာတော့ အ၀ိဇ္ဇာနဲနဲကွာပြီး ရှင်းလာတယ်။ ဘုရားရှင်က “ ဗက ဒါတင်မကသေးဘူး၊ သင် အတိတ်က ရှေးကုသိုလ်ကောင်းမှုတွေ ပြုခဲ့တာကိုလဲ ငါပြောဦးမယ်”ဆိုပြီး အတိတ်ဇာတ်ကြောင်းကို မိန့်တော်မူတယ်။

“တစ်ခါတုန်းက သင်ဟာ ဈာန်အဘိဉာဏ်ရတဲ့ ရသေ့တစ်ဦးဖြစ်ခဲ့ပြီး ဂင်္ဂါမြစ်ရဲ့တစ်ဖက်ကမ်းမှာ နေတယ်။ တစ်နေ့မှာ လှည်းငါးရာကုန်သည်တွေဟာ သဲကန္တာရထဲ ရေပြတ်ပြီး ဒုက္ခအကြီးအကျယ်တွေ့နေတာကိုမြင်တဲ့အတွက် “ဂင်္ဂါမြစ်ထဲက ရေတွေ သဲကန္တာရထဲ စီးပါစေသား”လို့ တန်ခိုးနဲ့ အဓိဋ္ဌာန်လိုက်တဲ့အတွက် ရေများသဲကန္တာရထဲစီးဝင်ကာ လှည်းကုန်သည် ငါးရာ အသက်ချမ်းသာခဲ့ဖူးတယ်။

နောက်တစ်ခါ ဒီလိုပဲ သင်ဟာ ဈာန်အဘိဉာဏ်ရ ရသေ့တစ်ဦးဖြစ်စဉ် ဂင်္ဂါမြစ်ကမ်းမှာပဲ နေပါတယ်။ အနီးအနားမှာ ရွာကြီးတစ်ရွာရှိတယ်၊ တစ်နေ့ သူခိုးဓါးမြတွေက ရွာထဲရှိ ကျွဲနွားလူအားလုံးသတ်မယ်ဆိုပြီး ရွာအပြင်အကုန်မောင်းထုတ်တယ်။ အဲဒီအချိန်သင်က “ငါ့မျက်စိအောက်မှာ ဒုက္ခမရောက်ကြပါစေနဲ့”ဆိုပြီး စစ်တပ်ကြီးကို ဖန်ဆင်းလိုက်တယ်။ စစ်တပ်ကြီးကိုမြင်တော့ သူခိုးတွေအားလုံး ထွက်ပြေးသွားကြတဲ့အတွက် လူအများ အသက်ချမ်းသာရာရသွားကြပါတယ်။

တစ်ခါတုံးက ဂင်္ဂါမြစ်ရဲ့အထက်ကလူနဲ့ အောက်ကလူတို့ လက်ထပ်မင်္ဂလာပွဲအတွက် ဂင်္ဂါမြစ်အတွင်းဖေါင်ကြီးများနဲ့ ဆင်းလာကြတယ်။ ထိုအခိုက် ဂင်္ဂါမြစ်ထဲက နဂါးကြီးတစ်ကောင်က လူတွေကို စိတ်ဆိုးပြီး ပါးပျဉ်းထောင်ပြလိုက်တယ်။ လူတွေဟာ ကြောက်လန့်တကြား အော်ဟစ်ကြတယ်။ ဒီအသံကို ဂင်္ဂါမြစ်ကမ်းမှာနေတဲ့ ရသေ့က ဂဠုန်ယောင်ဆောင်ကာ နဂါးကြီးအား မောင်းထုတ်ခဲ့တဲ့အတွက် လူအများ အသက်ချမ်းသာရာ ရသွားကြတယ်၊ အဲဒီလိုပဲ သင်ဟာ ဘ၀ါဘ၀က လူအများအား ကယ်တင်တဲ့ ကုသိုလ်အရှိန်အဟုန်ကိုလည်း ငါဘုရားမြင်တယ်”လို့ ဘုရားရှင်က မိန့်တော်မူတယ်။

အဲဒီအခါ ဗကကြီးဟာ နဲနဲ သဘောကျလာတယ်။ ဒါပေမယ့် ၀န်မခံချင်သေးဘူး၊ သူက “ အရှင်ဘုရားနဲ့ တပည့်တော်တို့ တန်ခိုးပြိုင်ရအောင်၊ တပည့်တော်က ကိုယ်ရောင်ဖျောက်ပြီး တန်ခိုးပြိုင်မယ်”လို့ပြောပါတယ်။ ဒီလိုလုပ်တာဟာ သူ့ပရိသတ်အရှေ့မှာ ဘုရားရှင်ပြောသမျှ ဟုတ်နေတော့ ရှက်လှတာနဲ့ ဒီလို တန်ခိုးပြိုင်တာတွေ လုပ်လာတာပါ။

အဲဒီမှာ ဗကကြီး ကိုယ်ရောင်ဖျောက်တော့ မပျောက်ဘူး။ ဘာ့ကြောင့်ဆိုရင် ဘုရားရှင်က အဘိဉာဏ်နဲ့ ဗကကိုယ်ဖျောက်ရင် မပျောက်စေသတည်းလို့ အဓိဋ္ဌာန်ထားလို့ပါပဲ။ ဗကကြီး ကိုယ်မပျောက်တော့ သူ့ရဲ့ဗိမာန်ထဲပြေးပြီး ပုန်းနေတယ်။ ဒါလည်းမြင်နေသေးတယ်။ တစ်ခါ မြေကြီးပေါ်မှာ သေးသေးလေးဖြစ်အောင် လုပ်ပြီး ၀ပ်နေတယ်၊ ဒါလည်းမရဘူး။ ဗကကြီး အရှက်ကွဲပြီး အကြီးအကျယ် ဒုက္ခတွေရောက်နေတယ်။ ဒါနဲ့ ဘုရားရှင်က “ဗက…သင်ကိုယ်ဖျောက်မရရင် ငါဖျောက်ပြမယ်ဆိုပြီး အဘိဉာဏ်နဲ့ ကိုယ်ဖျောက်တော်မူလိုက်ပါ တယ်။

ဘုရားရှင်ကို ကြည်ညိုရအောင်လို့ ပြောရရင် ဒါဟာ ဘဂ၀ါဂုဏ်တော် ခြောက်ပါးအနက် (အဏုမြူသဖွယ်၊ ပျောက်ကွယ်သိမ်မွေ့၊ မမြင်တွေ့အောင်၊ ရုပ်ဆောင်ဖန်ဆင်းနိုင်သော) အဏိမာ ဘုန်းတော် ဖြစ်ပါတယ်။

ဘုရားရှင်ကိုယ်ဖျောက်လိုက်တော့ ဘယ်သူမှ မမြင်ရတော့ဘူး၊ ဒီအချိန်မှာ ဘုရားရှင်က ကိုယ်တော်ပုံကို ကွယ်ပျောက်လျက်ကနေ ဗြဟ္မာများအား သစ္စာလေးပါးတရားဟောပါတယ်၊ တရားတော်အဆုံးမှာ ဗကဗြဟ္မာကြီးနှင့်ဗြဟ္မာပေါင်း တစ်သောင်းတို့ အကျွတ်တရား ရရှိသွားကြပါတယ်။ ဒီတင်ပဲ ဗကဗြဟ္မာကြီးအား ဘုရားရှင် အောင်တော်မူပုံ ဖြစ်ပါတယ်။ (မဟာဗုဒ္ဓ၀င်၊ စတုတ္ထတွဲ)

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

ကေသမုတ္တိတရားကို ကာလာမတို့ကိုသာ ဟောခဲ့တာလား

အမေး။ ။ အရှင်ဘုရား ဗုဒ္ဓဟောကြားတဲ့ ၀ိဘဇ္ဇ၀ါဒကို တပည့်တော် ၀က်ဆိုက်မှာ တင်ထားပါတယ်။ အဲဒါကို တစ်ယောက်က ဒီလိုလာမေးပါတယ်။ ဘုရားရှင်က ကေသမုတ္တိသုတ္တန်တရားတော်ကို ကာလာမတို့ကိုသာ ပြောခြင်းဖြစ်တယ်။ ဗုဒ္ဓဘာသာဝင် အားလုံးကို ပြောတာမဟုတ်ဘူးလို့ အငြင်းပွားနေတုံးပါဘုရား။ တပည့်တော်သိချင်တာက ကေသမုတ္တိသုတ္တန်တရားတော်ဟာ ကာလာမတို့ကိုသာ ဟောတာလား၊ တခြားသူများကိုလည်း မဟောဘူးလားဆိုတာကို အချက်အလက်နှင့်တကွ ရှင်းပြပေးစေလိုပါတယ်ဘုရား။

သူရသော်သော်
ကော့သောင်း


အဖြေ။ ။ မောင်သူရသော်သော်ရေ အမေးရှိလို့သာ ဖြေလိုက်ရတယ်။ ဘယ်လိုဖြေရမလဲ အချက်အလက်အထောက်အထား ဘယ်မှာရှာရမလဲဆိုတာ စဉ်းစားမတတ်အောင်ဖြစ်နေတယ်။ ဒါပေမဲ့ ဝေးဝေးမတွေးလိုက်ရဘူး။ အဲဒါက ဘုရားရှင်ဟောထားတဲ့ ပိဋကသုံးပုံပဲပေါ့။ ဘုရားရှင်ဟောကြားတဲ့ တရားတော်မှန်သမျှဟာ တစ်ဦးတစ်ယောက်အတွက်၊ မျိုးနွယ်စုတစ်ခုအတွက် မရည်ရွယ်ပါဘူး၊ တစ်ဦးတစ်ယောက်အတွက်၊ မျိုးနွယ်စုတစ်ခုအတွက်သာဆိုရင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတာလည်း မတန်ပါဘူး။

ကေသမုတ္တိတရားဟာ ကာလာမတွေကို ဟောတာမှန်ပေမဲ့ လူ၊နတ်၊ဗြဟ္မာအားလုံးအတွက် ဖြစ်တယ်။ ပိဋကတ်သုံးပုံမှာ ဟောထားတဲ့တရားတော်များဟာ အများအားဖြင့် ပုဂ္ဂိုလ်တစ်ဦး၊ မျိုးနွယ်စုတစ်ခုကို အကြောင်းပြုပြီး ဟောကြားထားတာဖြစ်တယ်။ ဆိုကြပါစို့ ဘုရားရှင်ဟာ ပဉ္စ၀ဂ္ဂီငါးဦးကို အကြောင်းပြုပြီး ဓမ္မစကြာတရားကို ဟောတော်မူခဲ့ပါတယ်။ တကယ်လို့ ကေသမုတ္တိတရားဟာ ကာလမများအတွက်သာ ဖြစ်ခဲ့မယ်ဆိုရင် ဓမ္မစကြာတရားတော်ဟာလည်း ပဉ္စ၀ဂ္ဂီငါးဦးနဲ့သာ ဆိုင်ရမှာပါ။ ပဉ္စ၀ဂ္ဂီငါးဦးမှတစ်ပါး အခြားဗုဒ္ဓဘာသာဝင်တိုင်း ဓမ္မစကြာတရားကို လိုက်နာကျင့်သုံးစရာ မလိုဘူးလို့ ထင်မှတ်စရာရှိနေပါတယ်။

ဓမ္မပဒအဋ္ဌကထာ (ပ-ဒု)နှစ်အုပ်စလုံးမှာပါတဲ့ တရားအပုဒ်တိုင်းဟာ ဘယ်သူ့ကို အကြောင်းပြုပြီး ဟောတယ်ဆိုတာ ပါပါတယ်။ ဒါဆိုရင် အကြောင်းပြုတဲ့သူနဲ့သာ ဆိုင်တယ်၊ အခြားဗုဒ္ဓဘာသာဝင်များနဲ့ မဆိုင်ဘူး၊ ကျင့်သုံးစရာမလို ဖြစ်နေတာပေါ့။

ဥပမာ-ဗာဟိယဒါရုစီရိယ၀တ္တုမှာ ဘုရားရှင်က ဗာဟိယကို “တသ္မာတိဟ တေ ဗာဟိယ ဧ၀ံ သိက္ခိတဗ္ဗံ ‘ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘ၀ိဿတီ တိ”လို့ မိန့်တော်မူပါတယ်။ အဓိပ္ပါယ်က-“ဗာဟိယ- သင်ဟာ မြင်လျှင် မြင်ရုံမျှဖြစ်ရမယ်ဆိုတဲ့အတိုင်း ကျင့်သင့်တယ်”လို့ မိန့်တော်မူထားပါတယ်။ ဒီမှာလည်း ဗာဟိယကိုသာ နာမည်တတ်ပြီး ဟောတာဆိုတော့ ဗာဟိယတစ်ယောက်ထဲသာ ကျင့်သုံးရမလိုဖြစ်နေတယ်။ ဗာဟိယမှတစ်ပါး အခြားဗုဒ္ဓဘာသာဝင်များ ကျင့်သုံးစရာမလိုဘူးလို့ မှတ်ထင်စရာရှိပါတယ်။

ဒါဆိုရင် ယနေ့အထိ ဒီတရားတွေကို လူအများကျင့်သုံးနေတယ်ဆိုတာ ပေါ်လွင်လောက်ပါပြီ။ အချူပ်ဆိုရရင် ဘုရားရှင်ဟာ ဒေသနာခံကိုအကြောင်းပြုပြီး ဟောပေမယ့် တရားအားလုံးဟာ လူမျိုးမရွေး ဘာသာမရွေး လူတိုင်းနဲ့သက်ဆိုင်တဲ့ (Universal)သာ ဖြစ်ပါကြောင်း ဖြေကြားပေးလိုက်ရပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

Tuesday, September 20, 2011

ဥပုသ်နဲ့ အွန်လိုင်း သုံးချင်တယ်

အမေး။ ။ အရှင်ဘုရား ဥပုသ်ယူပြီး onlineသုံးလို့ရ–မရ သိချင်ပါတယ်ဘုရား။ ပြီးတော့ ဥပုသ်သီလဆောက်တည်ထားတဲ့ လူစ်ယောက်ဟာလူနာတစ်ယောက်ကိုလည်း သွားမေးချင်တယ်၊ မကောင်းတဲ့စိတ်လည်း ဖြစ်မိမယ်ဆိုရင် ဥပုသ်သီလ ပျက်နိုင်ပါသလားဘုရား။ မရှင်းလင်းတဲ့အတွက် ဖြေကြားပေးတော်မူပါဘုရား။

စုမြတ်စန္ဒီ
ဝါးခယ်မ

အဖြေ။ ။ ဒီအမေးနဲ့ပတ်သက်ပြီးသီလအကြောင်းကို သိဖို့လိုလိမ့်မယ်။ ကိုယ်ကျင့်သီလရဲ့ သဘောက ကိုယ်နဲ့နှုတ်မှာ မကောင်းတာတွေ မပြုမိ၊ မပြောမိအောင် စောင့်ထိန်းဖို့ပါ။ ခန္ဓာကိုယ်နဲ့ မကောင်းတာမှန်သမျှမလုပ်ဘဲ ရှောင်ကြဉ်ရပါမယ်။ နှုတ်ကလည်း မကောင်းတာမှန်သမျှ မပြောမိပါစေနဲ့။ မုသာဝါဒရဲ့ နောက်ကွယ်မှာ ၀စီဒုရိုက်လေးပါး ရှိတယ်။ လိမ်ပြောခြင်း၊ ကြမ်းတမ်းတဲ့စကားပြောဆိုခြင်း၊ အနှစ်မရှိတဲ့ စကားပြောဆိုခြင်း၊ ရန်တိုက်ခြင်း စတာတွေပါ။ ဒါတွေကို မလွန်ကျူးမိဖို့ပဲ လိုတာပါ။ အရေးကြီးတာက ဥပုသ်သီလစောင့်ထိန်းတဲ့နေရာမှာ မေ့ပြီးမလုပ်မိ၊ မပြောမိဖို့ပါ။ သတိထားပြီး ပြောမယ် ပြုမယ်ဆိုရင် သီလမကျိုးနိုင်ပါဘူး။

ဥပုသ်စောင့်နေတဲ့သူရဲ့ online သုံးတာနဲပတ်သက်ပြီး ပြောရရင် သူရဲ့ online သုံးတဲ့အပေါ်မှာ မူတည်ပါတယ်။ တရားနဲ့ပတ်သက်တဲ့ ၀ဘ်ဆိုက်တွေကို လေ့လာဖတ်ရှုနားထောင်မယ်၊ ကုသိုလ်ရတဲ့ ၀ဘ်ဆိုက်တွေကို လေ့လာဖတ်ရှုနားထောင်မယ်ဆိုရင် ဥပုသ်သီလ မပျက်ပါဘူး။ ဒီလိုမှ မဟုတ်ဘဲ လမ်းကြောင်းပြောင်းနေမယ်ဆိုရင်တော့ သီလပျက်ဖို့များပါတယ်။ နောက်တစ်ခုမှာ လူနာကို မေးရုံလောက်ကတော့ မေးသင့်ပါတယ်။ လူနာမေးတယ်ဆိုပြီး လူနာအနီးသွားကာ အရပ်အကြောင်း ရွာအကြောင်းပြောနေမယ် ဆိုရင်တော့ သီလပျက်ဖို့များပါတယ်။

နောက်တစ်ခုက စိတ်မှာ မကောင်းတဲ့ စိတ်ဖြစ်ရုံနဲ့ သီလမပျက်သေးပါဘူး၊ ထိုမကောင်းတဲ့စိတ်ကြောင့် ကိုယ်နဲ့နှုတ်က လွန်ကျူးမိပြီဆိုမှ သီလပျက်ပါတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

စိတ်ကောင်းထားရင်ရပြီ၊ တရားအားထုတ်စရာမလိုဘူး

အမေး။ ။ ဘုန်းဘုန်းဘုရား ဘာသာခြားတစ်ယောက်က “စိတ်ကောင်းထားတယ်ဆိုရင် တရားအားထုတ်စရာမလိုဘူး။ စိတ်ကောင်းတယ်ဆိုပြီးတာပဲ၊ ဒါနဲ့ စိတ်ကောင်းတယ်ဆိုတာ နင်သိလား”လို့ မေးပါတယ်။ တပည့်တော်က “စိတ်ကောင်းတယ်ဆိုတာကုသိုလ်ပေါ့”လို့ ပြန်ဖြေတော့ သူက “ကုသိုလ်ဆိုတာ ဘာကိုခေါ်တာလဲ” လို့ မေးပါတယ်။ ဒီမေးခွန်းကို တပည့်တော် မဖြေနိုင်ဘူးဘုရား၊ ဒီလိုပဲ ဗုဒ္ဓဘာသာဝင်လူငယ်ရော လူကြီးပါ အများစုက ကုသိုလ်ဆိုတာကောင်းတာလောက်ပဲသိတယ်၊ ဒါကြောင့် တပည့်တော်အပါအ၀င် အားလုံးသိအောင် “ကုသိုလ်”ဆိုတဲ့အဓိပ္ပါယ်ကို ဖြေကြားပေးတော်မူပါဘုရား။

မစုမြတ်စန္ဒီ
ဝါးခယ်မ

အဖြေ။ ။ ကုသိုလ်ဆိုတာ ဘာကိုခေါ်တာလဲဆိုတာကို မဖြေသေးမီ စိတ်ကောင်းထားရင် တရားအားထုတ်စရာမလိုဘူးလို့ ပြောတဲ့စကားက ပိုအရေးကြီးလို့ ပြောရဦးမယ်။ ဒါက အပေါ်ယံ ကြည့်ပြီး ပြောလိုက်တဲ့စကားဖြစ်တယ်။ တကယ်က အားထုတ်စရာမလိုဘူး၊ လုပ်စရာမလိုဘူးဆိုတဲ့ အယူအဆတွေဟာ အကရိယ၀ါဒတွေပါ။ ဘုရားရှင်ဝါဒမှာ မလုပ်ရင် ဘာမှ မရလာနိုင်ပါဘူး၊ လုပ်မှ ရမှာပါ။ စိတ်ကောင်းထားပါပြီတဲ့ လောဘ ဒေါသ အားကြီးနေမယ်ဆိုရင် မဟုတ်သေးဘူး၊ စိတ်ကောင်းလည်း ရှိရမယ် လောဘ ဒေါသစတဲ့ ကိလေသာများနည်းအောင်၊ ပါးအောင်၊ ကင်းအောင်လည်း လုပ်ရမယ်၊ ဒီအတွက် သီလ၊သမာဓိ၊ပညာဆိုတဲ့ ဘုရားရှင်အဆုံးအမတွေ အထူးလိုအပ်ပါတယ်။ သီလ၊ သမာဓိ၊ ပညာဆိုတာ မဂ္ဂင်အကျင့်တွေပါ။

ဘုရားရှင်က “မဂ္ဂင်ရှစ်ပါး အကျင့်ရှိတဲ့ ငါဘုရားသာသနာမှာသာလျှင် ကိလေသာငြိမ်းအေးနိုင်တဲ့ သမဏဆိုတာရှိတယ်”လို့ သုဘဒ္ဒပုရပိုဇ်ကို မိန်တော်မူထားတာ ရှိပါတယ်။ ဆိုလိုတာက အားထုတ်မှုအပိုင်းမပါဘဲ စိတ်ကောင်းထားရုံမျှနဲ့ ကိလေသာမကင်းနိုင်သေးဘူးဆိုတာပဲ။ ဒါကြောင့် စိတ်ကောင်းထားရုံနဲမပြီး၊ ဒါန၊ သီလ၊ ဘ၀နာစတဲ့ အားထုတ်မှုအပိုင်းလည်း လိုသေးတယ်ဆိုတာပါပဲ။

နောက်တစ်ခုက ကုသိုလ်ရဲ့အဓိပ္ပါယ်ကို ပြောပါ့မယ်။ ကုသိုလ်ဆိုတာ ကုသလာ ဓမ္မာ အန၀ဇ္ဇ သုခ၀ိပါက လက္ခဏာ– အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာနှစ်ပါးနဲ့ပြည့်စုံသော၊ ဓမ္မာ-နိသတ္တနိဇ္ဇီ၀သဘာဝါ-သတ္တလည်းမဟုတ်၊ ဇီဝလည်းမဟုတ်ကုန်သော သဘောတရားတို့သည်၊ သံဝိဇ္ဇန္တိ-ရှိကုန်၏။ အဓိပ္ပါယ်က- ကုသိုလ်တရားဆိုတာ အပြစ်ကင်းတဲ့လက္ခဏာကတစ်ပါး၊ ချမ်းသာတဲ့အကျိုးကို ပေးခြင်းလက္ခဏာကတစ်ပါး၊ ထိုလက္ခဏာနှစ်ပါးနှင့်ပြည့်စုံရင် ‘ကုသိုလ်’လို့ခေါ်ပါတယ်။ အပြစ်ကင်းရမယ်ဆိုတာ (အသက်ကောင်လည်းမဟုတ် သတ္တ၀ါကောင်လည်းမဟုတ်တဲ့) စိတ်မှာ ကင်းရမှာပါ။ စိတ်ထဲမှာ လောဘအပြစ်၊ ဒေါသအပြစ်စတာတွေ ကင်းနေရပါမယ်၊ ထိုကိလာသာတွေ ကင်းနေတဲ့စိတ်ဟာ အနှောင်အဖွဲ့ကင်းပြီး ချမ်းသာနေပါတယ်။ ဒါကိုပဲ “ကုသိုလ်” ခေါ်တယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ