Wednesday, August 15, 2012

ပဏ္ဍုက်နဲ့အကြွေးရှိသူ ဘယ်လိုခွဲခြားမလဲ




မေး။ ။ အရှင်ဘုရား တပည့်တော် မေးချင်တာလေး တခုနှစ်ခု မေးလျောက်ခွင့်ပြုပါဘုရား။ ရပာန်းအသစ်ပြုဖို့ လူစင်စစ်ဖြစ်ရခြင်း နပုန်းပုဏ္ဍဋ် (ဂျီပုန်း၊အခြောက်၊ဖြတ်ဖောက်ချုပ်) မဖြစ်ရခြင်း၊ ကြွေးမြီကင်းရခြင်း စသည်တို့ တွေ့ရပါ၏ဘုရား။ အကယ်၍ လိမ်လည်ပြီး ထွက်ဆိုခဲ့သော် အစဦးတည်းက ရပာန်းမပာုတ် ရပာန်းအရာအထမမြောက် ဖြစ်ပေမည်ပာု နာကြားဖူးပါသည်။ လက်ရှိတွင် လူမပာုတ်သော နဂါးစသည်တို့မှ လူပာန်ဖန်တီး၍ ရပာန်းပြုလာသည်ကို တပည့်တော်တို့ ဉာဏ်မမှီ၍ မမြင်ပါ။ သို့သော် ယိုးဒယားတွင် အခြောက်များ ဒုလ္လဘရပာန်းခံသင့်မခံသင့် မေးခွန်းများပေါ်ထွက်နေပါသည်။ အချို့လည်းခွင့်ပြုသင့်သည် အချို့လည်း ထိုသူတို့မှာ ယောင်္ကျားအဖြစ်မှ လျောကျခဲ့ပြီဖြစ်၍ ရပာန်းအဖြစ် မရနိုင်ပာုဆိုကြပါသည်။ နောက်ဆုံးအချက်အနေဖြင့် ကြွေးမြီတင်ခြင်း ကိစ္စမေးလိုပါသည်။ တဦးခြင်းအနေ ဖြင့်တင်ရှိသော ကြွေးတင်ရှိသူသည် အကယ်၍ ကြွေးမရှိပါပာု မြွက်ဆိုဝန်ခံပြီး ဒုလ္လဘရပာန်းခံပါက သူ၏ရပာန်းဖြစ်မှု မည်သို့ဖြစ်ပါမည်နည်း။ တနိုင်ငံလုံး နိုင်ငံတော်ကြွေး သန်းတထောင်ရှိနေပါက နိုင်ငံသားတဦးခြင်း၌လည်း ကြွေးမြီတင်ရှိနေသည်သာဖြစ်၍ တဦးခြင်းပါစင်နယ်အကြွေးကင်းသော် လည်း ထိုသူ၌ အခြားသော တနိုင်ငံတခုခုသို့ ကြွေးတင်နေသည်သာ ဖြစ်နေပါသည်။ အကယ်၍ ထိုတဦး တယောက်က ငါ့၌ကြွေးမရှိ ကြွေးကင်း၏ ဆိုငြားအံ့၊ လိမ်လည်ရာသို့ရောက်မရောက်။ ကျေးဇူးတင်ပါ၏ ဘုရား။ ရှိခိုးဦးတင်ကန်တော့ပါ၏ဘုရား။ အသေးစိတ်ကလေးဖြေပေးတော်မူပါဘုရား။


ဖြေ။ ။ ပထမဦးဆုံး ပဏ္ဍုက်ကိစ္စနဲ့ပတ်သတ်ပြီး အများနားလည်အောင် ဦးဇင်းလေ့လာထားသမျှ ဖြေပေးပါမယ်။

ဘိက္ခဝေ-ရဟန်းတို့၊ အနုပသမ္ပန္နော-ဘုရားသာသနာထွန်းခိုက်ခါဝယ် သိက္ခာရွက်ထမ်း ရဟန်းမဖြစ်ထိုက် သော၊ ပဏ္ဍကော-ပဏ္ဍုက်ကို၊ န ဥပသမ္ပာဒေတဗ္ဗော-ရဟန်းခံ၍ မပေးအပ်၊ ဥပသမ္ပန္နော-ရဟန်းခံ၍ပေးပြီး သော ပဏ္ဍုက်ကို။ နာသေတဗ္ဗော-ရဟန်းသွင်ဇာတ် ဖျက်ဆီးအပ်၏လို့ မြတ်ဗုဒ္ဓက မဟာဝါပါဠိတော် စာမျက်နှာ(၁၀၇)မှာ မိန့်တော်မူထားတာ ရှိပါတယ်။

ပဏ္ဍုက်များနဲ့ပတ်သတ်ပြီး မြတ်စွာဘုရားလက်ထက်က ဘယ်လိုအကြောင်းတွေကြောင့် ရဟန်းပြုခွင့်ကို တားမြစ်ခဲ့ရသလဲဆိုတာကို လေ့လာကြည့်တဲ့အခါ ပဏ္ဍုက်များဟာ သံဃာအဖြစ်ဝင်ရောက်၍ အခြားသောသံဃာတို့နဲ့ မသင့်လျော်သော နေထိုင်မှုတို့ပြုလုပ်ကြတဲ့အခါ အခြားသောတိတ္ထိဂိုဏ်းဝင်များက သံဃာရတနာအား ပုတ်ခက်ပြောဆိုခြင်းများ ပြုလာကြပါတယ်။ အဲဒီအခါ ဒါယကာ ဒါယိကာမများက မြတ်ဗုဒ္ဓအားလျှောက်ထားကြတဲ့အတွက် ရဟန်းပြုရာတွင် ယောက်ျားစစ်စစ်များသာ စီရင်ပေးရန် မိန့်ကြားတော်မူခဲ့ပါတယ်။

တကယ်တော့ မြတ်ဗုဒ္ဓဟာ လူသားအားလုံးအပေါ် ကရုဏာထားတဲ့အပြင် ယောက်ျား၊ မိန်းမ၊ အမျိုးမြတ်၊ အမျိုးနိမ့်တွေ မခွဲခြားခဲ့ပါဘူး။ ဒါကြောင့် ပဏ္ဍုက်ဆိုရာတွင်လည်း ဘယ်လိုပဏ္ဍုက်များကို ရဟန်းခံမပေးနဲ့ ဘယ်လိုပဏ္ဍုက်ဖြစ်နေရင်တော့ ရဟန်းခံပေးနိုင်တယ်ဆိုပြီး ခြွင်းချက်အနေနဲ့ ကရုဏာထားခွင့်ပြုခဲ့တာကို ကင်္ခါဝိတရဏီအဋ္ဌကထာ စာမျက်နှာနှာ-၁၀၄၊ ပါရာဇိကကဏ္ဍ ပထမပါရာဇိက၀ဏ္ဏနာ ဒုပုဒ်ရေ(၄)တွင် 'ပဏ္ဍကာဒယော ၀ဇ္ဇနှီယပုဂ္ဂလ ကထာယံ ၀ုတ္တာ၊ တေသု အာသိတ္တပဏ္ဍကဉ္စ ဥသူယပဏ္ဍကဉ္စ ဌပတွာ ဩပက္ကမိကပဏ္ဍကော နပုံသကပဏ္ဍကော ပဏ္ဍကဘာဝပက္ခေဌိတော ပက္ခပဏ္ဍကော စ ဣဓ အဓိပ္ပေတောလို့ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။

အဲဒီအဋ္ဌကထာ စကားရပ်များအဆိုအရဆို "ပဏ္ဍုက်အစရှိတဲ့ အပြစ်နှင်တကွဖြစ်သော ရဟန်းအဖြစ်မရထိုက်သော အဘဗ္ဗပုဂ္ဂိုလ် (၁၁)ယောက်တို့တွင် အာသိတ္တကပဏ္ဍုက်၊ ဥသူယပဏ္ဍုက် တို့သည်ရဟန်းပြုကောင်း၏။ ဩပက္ကမိကပဏ္ဍုက်၊ နပုံသကပဏ္ဍုက်တို့သည်ကား လုံးဝရဟန်းမပြုကောင်း၊ ပက္ခပဏ္ဍုက်သည်ကား ပဏ္ဍုက်ပက္ခလွန်ရာအခါ၌ ရဟန်းပြုကောင်း၍ ပဏ္ဍုက်ပက္ခ၌တည်ရာ၌ ရဟန်းမပြုကောင်း"ဟု မိန့်ဆိုထားတာကို တွေ့ရပါတယ်။ ဒါဟာ မြတ်ဗုဒ္ဓရဲ့ မဟာကရုဏာရှင်ဖြစ်တယ် ဆိုတာကို ပေါ်လွင်စေတဲ့အချက်လည်း ဖြစ်ပါတယ်။ ပဏ္ဍုက်များကို ရဟန်းမပြုပေးရလို့ဆိုထားပေးမဲ့ ဒီလိုလေးတော့ ခြွင်းချက်ပေးထားလိုက်တာဟာ မြတ်ဗုဒ္ဓရဲ့ စေတနာနဲ့ဉာဏ်အမြှော်အမြင်တွေပါ။

ဒီနေရာမှာ ပဏ္ဍုက်အမျိုးအစားများကို သေချာကျနစွာ သိရှိကြရန်အတွက် ပဏ္ဍုက်(၆)မျိုးကို အနည်းငယ် ရှင်းပြပေးပါဦးမယ်။ စာဖတ်သူများ ဗဟုသုတရအောင် ဦးဇင်းက ရေးသားပေးမှာဖြစ်လို့ ရိုင်းတဲ့ စကားများဖြစ်ရင် နားလည်ပေးကြပေါ့လေ။

(၁) အာသိတ္တကပဏ္ဍုတ်-ယောက်ျားတစ်ယောက်ရဲ့ ပလွေထည့်ပြီး သွေးသားထည့်မှ ရာဂငြိမ်းသူ။
(၂) ဥသူယပဏ္ဍုတ်-သူတစ်ပါးမေထုန်ပြုတာကို ကြည့်ပြီး ငြူစူမှရာဂငြိမ်းသူ။
(၃) သြပက္ကမိကပဏ္ဍုတ်-ဝှေးစေ့ထုတ်ထားသူ။ (နတ်ကွပ်၊ မွေးရာပါစသည်တို့လည်း ပါသလို တရုတ်ကား တွေထဲက ကုန်းကုန်းတွေလည်း ပါတယ်။)
(၄)ပက္ခပဏ္ဍုတ်-လဆုတ်ပက္ခတွင် ရာဂလောင်ကျွမ်းပြီး လဆန်းပက္ခတွင် ရာဂငြိမ်းသူ။ (ယောက်ျားဖြစ်ချိန် ဖြစ်ပြီး မိန်းမပုံစံပြောင်းချိန် ပြောင်းသွားတဲ့လူတွေ)
(၅)နပုံးပဏ္ဍုတ်(နပုံသကပဏ္ဍုက်)-ယောကျာ်းဟာရော မိန်းမဟာရော မရှိတဲ့သူ။
(၆) ဥဘတောဗျဉ်း= ယောက်ျား၊ မိန်းမလိင်အင်္ဂါနှစ်ခုပါသူ။

အထက်မှာဖော်ပြထာားခဲ့တဲ့ အဋ္ဌကထာဆရာတို့ရဲ့ စကားအရ အာသိတ္တက ပဏ္ဍုတ်၊ ဥသူယပဏ္ဍုတ်များ သာ ရဟန်းပြုနိုင်ကြပြီး သြပက္ကမိကပဏ္ဍုတ်တို့မှာမူ ယောက်ျားလို့ အသိအမှတ်ပြုစရာ ပျောက်နေတဲ့ အတွက်ကြောင့် ယောက်ျား စင်စစ်ဟုမဆိုနိုင်ပေ၊။ နပုံးပဏ္ဍုတ်(နပုံသကပဏ္ဍုက်)တို့မှာမူ လိင်အဂါင်္ သတ်မှတ်နိုင်မှုမရှိနိုင်သလို ဥဘတောဗျဉ်းမှာမူ လိင်အဂါင်္(၂)ခုလုံးပါဝင်နေတာကြောင့် ဘာကိုသတ်မှတ်ရ မှန်း မသိဖြစ်နေပါတယ်။ တကယ်လို့ ရဟန်းပြုပါက ဘိက္ခူနီမလော ရဟန်းလောဟု မေးစရာဖြစ်နေပါလိမ့် မယ်။

ဒါကြောင့် မဖြစ်နိုင်တဲ့အခြေအနေ၊ သူများကဲ့ရဲ့စရာဖြစ်မဲ့လူတွေကို ရဟန်းပြုခွင့်မပေးဘဲ ဖြစ်နိုင်သမျှကို တော့ မြတ်ဗုဒ္ဓက မဟာကရုဏာရှင်ပီပီ ခွင့်ပြုပေးခဲ့ပါတယ်။ ဒီလောက်ဆို ပဏ္ဍုက်ကိစ္စများနဲ့ပတ်သတ်ပြီး ရှင်းလောက်မယ်၊ ဗဟုသုတရလောက်ပြီထင်တာမို့ ဒီမှာပဲ အဆုံးသတ်ပါရစေ။

တစ်ခါ အကြွေးကိစ္စနဲ့ပတ်သတ်ပြီး ဖြေပေးရမယ်ဆိုရင် မြတ်ဗုဒ္ဓလက်ထက် အကြွေးရှိတဲ့လူတစ်ယောက် ဟာ အကြွေးရှင်ထံမှလွတ်ရာလွတ်ကြောင်းဖြစ်တဲ့ ရဟန်းတော်များထံသွားပြီး ရဟန်းပြုခွင့် တောင်းခဲ့ပါ တယ်။ ဒါနဲ့ ရဟန်းတော်များကလည်း သာသနာ့ဘောင်မှာ တကယ်ကို တရားရအောင်ပြုလုပ်ချင်သူလို့ မှတ်ထင်ပြီးသကာလ ရဟန်းပြုပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ အကြွေးရှိတဲ့ရဟန်းကို အကြွေးရှင်များ က ဖမ်းဆီးမယ်၊ ရိုက်ပုတ်မယ်လုပ်တဲ့အခါ ကျန်တဲ့ရဟန်းတော်များက ဗိမ္ဗိသာရမင်းကြီးဟာ သာသနာ့ဘောင်က ရဟန်းတော်တွေကို ဘေးမပြုရလို့ အမိန့်ထုတ်ထားတယ်။ ဒါကြောင့် သင်တို့ ဒီရဟန်း ကို ဖမ်းလည်းမရ၊ ရိုက်ပုတ်လို့လည်း မရဟု မိန့်တော်မူကြပါတယ်။

အဲဒီအခါ လူများက ဘာဖြစ်လို့ အကြွေးရှိတဲ့လူကို ရဟန်းတော်များက ရဟန်းပြုပေးကြတာလဲလို့ ကဲ့ရဲ့စကားများပြောဆိုလာကြပါတယ်။ ဒါကို မြတ်ဗုဒ္ဓကြားတော်မူတဲ့အခါ လူများကဲ့ရဲ့စရာဖြစ်တဲ့ အကြွေးရှိတဲ့လူကို ရဟန်းပြုမပေးရ။ ပြုပေးလျှင် ဒုက္ကဋ်အာပတ်သင့်စေဆိုပြီး ဘိက္ခဝေ-ရဟန်းတို့၊ ဣဏာယိကော-သူတစ်ပါးကြွေးပြီတင်ရှိသောသူကို၊ နပဗ္ဗာဇေတဗ္ဗော-သာသနာ့ဘောင်ဝန်ထမ်း ရှင်ရဟန်း ပြု၍ မပေးအပ်လို့ မြတ်ဗုဒ္ဓက မဟာဝါပါဠိတော် စာမျက်နှာ(၁၀၄)မှာ မိန့်တော်မူခဲ့တာကို ထောက်ဆကြည့် မယ်ဆိုရင် မိမိကိုယ်တိုင် ချေးငှားထားတဲ့ အကြွေးကိုသာ ဆိုလိုရာရောက်ပြီး မိမိကိုယ်တိုင် ချေးငှား မထားတဲ့ နိုင်ငံနဲ့ဆိုင်တဲ့ အကြွေးများကို မဆိုလိုကြောင်း သိသာထင်းရှားနေပါတယ်။

ဒါကြောင့် မိမိကိုယ်တိုင်ဆပ်စရာရှိတဲ့ လူများက လိုက်လံဖမ်းဆီး သတ်ပုတ်ချင်လောက်အောင် အကြွေးတွေရှိနေသူများကိုသာ မြတ်ဗုဒ္ဓက ရဟန်းပြုမပေးရလို့ လူအများရဲ့ ကဲ့ရဲ့စရာဘေးကနေလွတ် အောင် မိန့်တော်မူခဲ့တာမို့ ဒီလောက်ဆို နားလည်သဘောပေါက်ရှင်းလိမ့်မယ် ထင်ပါတယ်။

စာဖတ်ပရိတ်သတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး ဗဟုသုတများတိုးပွားကာ ငြိမ်းချမ်းခြင်းပန်းတိုင်းကို လျင်မြန်စွာရောက်အောင် အားထုတ်နိုင်ပါစေလို့ ဆန္ဒပြုလျက်…..။

Thursday, August 9, 2012

ဘုန်းကြီးကျောင်းမှာ သီလယူရန်ခက်ခဲ့သူများအတွက်

ပထမဦးဆုံးတော့ မိမိတို့ရပြီးသားဖြစ်တဲ့ အောက်ပါဘုရားရှိခိုးကို ရွတ်ဆိုကြပါလေ။

သြကာသ၊ သြကာသ၊ သြကာသ ကာယကံ၊ ၀စီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ဤရတနာမြတ်သုံးပါးတို့အား အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြှော်မှန်းလျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

အဲဒါရွတ်ဆိုပြီးရင်တော့ ဦးဇင်းဆုပေးကို ရွတ်ဆိုပေးပါမယ်။ ပြီးရင် သီလယူကြပေါ့။

ဦးဇင်းအသံဖိုင်ကို ပထမဦးဆုံး မိမိတို့ ကန်တော့ကျိုးကို ရွတ်ဆိုပြီးမှဖွင့်တာ ပိုအဆင်ပြေပါမယ်။ ဦးဇင်းလည်း တစ်ယောက်တည်း သီလပေးနေရတော့ သီလယူသူက နောက်ကနေဆိုတာ ပြီးမပြီးကို မမှန်းဆတတ်တာနဲ့ အမြန်ဖြစ်နေမယ် ထင်ပါတယ်။ တစ်ယောက်တည်း ဟန်းဆက်ကိုကိုင်ကာ သီလပေးနေရတာမို့ အဆင်မပြေမှုများရှိရင်လည်း နားလည်ပေးကြပေါ့လေ။

သီလယူရန် ခက်ခဲသူများက တောင်းဆိုကြတဲ့အတွက် ဦးဇင်းတက်နိုင်သမျှ ပြုလုပ်ပေးလိုက်ပါတယ်။ သီလနဲ့ပတ်သတ်ပြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာများကို ဦးဇင်းဆိုဒ်မှာရော၊ Facebook မှာပါ တင်ပြီးသားဖြစ်တဲ့အတွက် သီလနဲ့ဆိုင်ရာတွေတော့ သိလောက်ပြီ ထင်ပါတယ်။ မသိသေးသူများရှိပါကလည်း ဦးဇင်းရေးထားတာများကို ပြန်လည်ဖတ်ရှု့ကြပါလေ။

အသံဖိုင်ကို ဒီနေရာမှာ http://soundcloud.com/user4877834/ebnqdhkcmp0a#ကို ပြန်တင်ထားပါတယ်။ အဲဒီမှာ မရဘူးဆိုရင် ဒီ http://www.mediafire.com/?8u60a9gcgma4v1e ကနေ  ဒေါင်းလော့ဆွဲသိမ်းထားနိုင်ပါတယ်။

ဒါကတော့ သီလယူတဲ့အခါ ရွတ်ဆိုရတဲ့ ပါဠိတော်များ ဖြစ်ပါတယ်။

ရှစ်ပါးသီလတောင်းခြင်း
• အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။
• ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။
• တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။
အာမ ဘန္တေ ပါ၏ဘုရား။

ဘုရား ရှိခိုးခြင်း
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

သရဏဂုံ ဆောက်တည်ခြင်း
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
အာမ ဘန္တေ ပါ၏ဘုရား။

ရှစ်ပါးသီလ ဆောက်တည်ခြင်း
၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၃။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၎။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၅။သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၆။ ဝိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသန ဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၈။ ဥစ္စာ သယန မဟာသယန ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
အာမ ဘန္တေ ပါ၏ဘုရား။

စာဖတ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာကာ ချမ်းသာစစ်ရှိရာအမှန်ကို လျင်မြန်စွာ ရောက်ရှိအောင် ပြုလုပ်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျက်.....။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
www.sanninaymin.com
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

Wednesday, August 8, 2012

အာပတ်နဲ့တကွ စုတေလျှင်

ဦးဇင်း သွားလေရာနေရာတိုင်းမှာ ကြုံခဲ့သမျှ သံဃာကြီးငယ်၊ ခေတ္တသာသနာ့ဘောင်ဝင်တဲ့ ဒုလ္လဘများပါ မေးကြပါတယ်။ သာသနာဘောင်ကို ခဏပဲဝင်ရောက်သည်ဖြစ်စေ၊ တစ်သက်လုံးနေသည်ဖြစ်စေ အာပါတ်သင့်ရင်တော့ သင့်သလိုအပြစ်ရရှိမှာမို့ ခဏသင်္ကန်းဝတ်တဲ့ ဒုလ္လဘရဟန်းများကလည်း သိချင်ကြလို့ ခဏခဏဖြေပေးခဲ့ရပါတယ်။ အဲဒီလိုမေးတဲ့အခါ အကျယ်တ၀င့်တော့ မဖြေပေးနိုင်ခဲ့ပေမဲ့ သာသနာဘောင်ကနေ လျှော့ကျပြီး နောက်ထပ်တဖန် သာသနာဘောင်မရနိုင်တဲ့ ရဟန်းဘ၀မှာ အရေးကြီးဆုံးဖြစ်တဲ့ မေထုန်မှု၊ ခိုးမှု၊ လူသတ်မှု၊ ဈာန်မဂ်ဗိုလ်တရားများ ကြွားဝါပြောမှုတို့ကလွဲရင် ကျန်တဲ့အပြစ်အာပါတ်များကြောင့်တော့ အပါယ်ငရဲကို တိုက်ရိုက်မရောက်နိုင်ဘူးလို့ ဖြေပေးခဲ့ပါတယ်။

အရင်က စာပေမနှံ့စပ်သေးတော့ ကျမ်းကိုးကျမ်းကားတွေနဲ့ မဖြေပေးနိုင်ခဲ့ပေမဲ့ ခုတော့ မိမိဒေါက်တာကျမ်းအတွက် စာပေများစွာဖတ်ရင်းနဲ့ ကျမ်းများစွာထဲကနေ ဆိုင်ရာဆိုင်ရာ အသိပညာများကို ကျမ်းအထောက်အထားများနဲ့ သိရှိလာရတဲ့အတွက် နောက်နောင်သာသနာဘောင်သို့ ၀င်ရောက်မည့်သူများပါ သိရှိကြရအောင် အကျယ်တ၀င့် ရေးသားပေးသွားပါမယ်။

ဦးဇင်း ငယ်စဉ်ဘ၀ကလည်း တချို့က သာသနာဘောင်မှာနေပြီး စာဖတ်၊ စာသင်၊ စာချ၊ တရားဟော၊ ကျောင်း၊ သံဃာ့ဝေယျာဝစ္စများစွာပြုလုပ်တယ်။ သီလတွေလည်း သူတော်ကောင်းတစ်ယောက် လိုဖြစ်အောင် စောင့်ထိန်းရတယ်။ အစစအရာရာလည်း ထိန်းချုပ်နေထိုင်ရတယ်။ အဲဒီလို မိမိဖြစ်ချင်၊ သွားချင်၊ နေချင်၊ ပျော်ချင်ပါးချင် ဖြစ်ချင်တာတွေကို ထိန်းသိမ်းနေထိုင်ပြီး ကောင်းမှုများစွာပြုလုပ်ခဲ့ပေမဲ့ ရှောင်ရခက်တဲ့ တချို့သော အာပါတ်လေးများ သင့်ရောက်ခဲ့လို့ အဲဒီအာပါတ်ကြောင့် အပါယ်ငရဲကို ရောက်ရတယ်ဆိုရင် သာသနာဘောင်မှာနေရတာ မထိုက်တန်ဘူးဆိုပြီး လူထွက်သွားကြတာတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်။ အဲဒီအခါတုန်းက ကိုယ်က စာပေမနှံ့စပ်၊ အသိပညာမကြွယ်သေးတော့ ထိုသူများကို နားလည်အောင်မပြောပြပေးနိုင်လို့ ဆုံးရှုံးနစ်နာခဲ့ရတာပါ။ ခုတော့ နောက်နောင်ဒီလို သာသနာဘောင်ကနေ အမြင်မှားတွေကြောင့် ဆုံးရှုံးရမဲ့အဖြစ်ဆိုးတွေ မကြုံတွေ့ရအောင် မိမိသိရှိသမျှ အများသိရအောင် အချိန်ပေးရေးသားလိုက်ပါတယ်။

ပထမဦးဆုံး ရဟန်းသံဃာများ စုတေလျှင် ခေါ်ဆိုသုံးနှုန်းရေးသားကြတဲ့ ပျံနဲ့ပြန်(၂)မျိုးရဲ့ အဓိပ္ပါယ်ကို ရှင်းပြပေးပါမယ်။ တချို့က ရဟန်းသံဃာများ စုတေလျှင် အထက်ဘုံကိုသွားကြတယ်။ ငှက်တွေလို အထက်ကိုပျံတတ်သွားကြတယ်ဆိုပြီး ဘုန်းကြီးပျံလို့ သုံးနှုန်းကြပါတယ်။ တချို့က ရဟန်းသံဃာများဟာ အရင်ဘ၀က ဗြဟ္မာ့ပြည်ကနေလာတဲ့အတွက် လူ့ဘုံရောက်တဲ့အခါ အိမ်ထောင်သားမွေးအမှု မပြုလိုကြလို့ တစ်သက်လုံး သာသနာဘောင်မှာ နေထိုင်သွားကြတယ်။ အဲဒီလို နေထိုင်သွားပြီးသကာလ စုတိစိတ်ကျသောအခါ အရင်နေထိုင်ရာ ဗြဟ္မာ့ပြည်ကို ပြန်လည်သွားကြတယ်ဆိုပြီး ဘုန်းကြီးပြန်လို့ သုံးနှုန်းကြပါတယ်။ ဒါကတော့ ယူဆပုံအမျိုးမျိုးကိုလိုက်ပြီး ရေးသားကြတာကို ဗဟုသုတရအောင် ရေးသားပေးလိုက်တာပါ။ ရဟန်းသံဃာများမှာ အများကြီးမို့ တစ်ပါးနဲ့တစ်ပါးတော့ မတူနိုင်ဘူးပေါ့။ တချို့က ဗြဟ္မာ့ပြည်ကလာတာဖြစ်နိုင်သလို တချို့ကျတော့လည်း ဒီဘ၀ကနေစတင်ပြီး ပါရမီဖြည့်ရတာလည်း ဖြစ်နိုင်ပါတယ်။

တချို့သော ရပ်ရွာမြို့တွေမှာ ဘုန်းကြီးပျံလွန်တော်မူပြီး မကျွတ်လွတ်ဘဲ ဖြစ်နေတယ်လို့ ကြားသိရတာတွေလည်း ရှိပါတယ်။ အဲဒီလို မကျွတ်လွတ်လို့ ကျောင်းနေသူများကို နှောက်ယှက်တယ်။ ခြောက်လှန့်တယ်ဆိုတာမျိုးလည်း ကြားရပါတယ်။ အဲဒီလိုကြားရတာဟာ တကယ်တော့ ဘုန်းကြီးသေပြီး အပါယ်ပြိတ္တာဘ၀ကို ရောက်တာလို့ တိုက်ရိုက်ပြောသလို ဖြစ်သွားပါတယ်။ အဲဒီလို ဘုန်းကြီးသေပြီး ပြိတ္တာဖြစ်သွားတာကို တချို့က ဒါဟာ ဘုန်းကြီးအာပါတ်နဲ့သေလို့ ဖြစ်ရတာလို့ ယူဆတတ်ကြပါတယ်။ သေခါနီးကာလမှာ ဘုန်းကြီးဟာ ဘယ်မကောင်းမှုကိုအာရုံပြုမိပြီး ပျံလွန်တော်မူတယ်ဆိုတာကို သေချာကျနစွာမသိဘဲ ရမ်းပြောလိုက်တဲ့စကားက ဘုန်းကြီးအာပါတ်သင့်လို့ အပါယ်ကျတာဆိုပြီး ပြောဆိုကြတာပါ။

အဲဒီလို မဟုတ်တမ်းစကားတွေကို ကြားသိရပြီး ရဟန်းသံဃာတွေသေရင် အာပါတ်ကြောင့် အပါယ်ကျတယ်လို့ယူဆကြကာ တချို့သံဃာတွေဟာ အသက်ထက်ဆုံး သာသနာ့ဘောင်မှာနေပြီးမှ သေခါနီးအခါမှာတော့ အာပါတ်နဲ့သေရင် အပါယ်ကျမှာကြောက်တယ်ဆိုပြီး လူဝတ်လဲသေသွားတဲ့ သံဃာတွေလည်း အများကြီးရှိခဲ့တယ်ဆိုတာ ရှေးရှေးမထေရ်ကြီးများ ပြောပြတာကို ကြားဖူးရပါတယ်။ အဲဒီလို တစ်သက်လုံး သာသနာ့ဘောင်မှာနေလာပြီး သေခါနီးအချိန်နီးမှ အာပါတ်နဲ့သေရင် အပါယ်ကျမှာကြောက်လို့ အာပါတ်စင်ကြယ်အောင် လူဝတ်လဲတာဟာ အဓိပ္ပါယ်ကင်းမဲ့လွန်းရာ ရောက်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဟန်းသံဃာများသင့်တဲ့အာပါတ်တွေထဲမှာ အထက်မှာဖော်ပြခဲ့တဲ့ ပါရာဇိက(၄)ပါးထဲက တစ်ပါးပါးကျုးလွန်မိရင် ကျုးလွန်မိတာနဲ့ ရဟန်းမဟုတ်တော့ဘဲ လူဖြစ်သွားတဲ့အတွက် ရဟန်းကတော့ ပြန်ဖြစ်မလာတော့ပါဘူး။ ကျန်တဲ့အာပါတ်များကလည်း သင့်ရင်သင့်သလို အာပါတ်ဖြေပါက စင်ကြယ်သွားပါတယ်။ နောက်ထပ်မလုပ်ဖြစ်အောင်လည်း မိမိကိုယ်ကို ထိန်းသိမ်းပါက စင်ကြယ်တဲ့သံဃာပင် ဖြစ်နေမှာပါ။ တကယ်လို့ အာပါတ်မဖြေတဲ့အတွက် သေးငယ်တဲ့အာပါတ်များသင့်နေရင်လည်း မိမိက အဲဒီအာပါတ်သင့်တဲ့ မကောင်းမှုထက် သာလွန်တဲ့ကောင်းမှုကုသိုလ်များ လုပ်ပေးနေမယ်ဆိုရင် မိမိမှာကောင်းကျိုးတွေပေးနေလို့ မကောင်းမှုဟာ အကျိုးပေးချိန်မရဘဲ ဖြစ်နေမှာပါ။

ဆက်လက်ရေးသားပါဦးမယ်။


Thursday, August 2, 2012

သီလယူရန် ခက်ခဲသူများ


ပြည်ပမှာ ဘုန်းတော်ကြီးကျောင်းများနဲ့ ဝေးတဲ့လူတွေ၊ မြန်မာပြည်တွင် ဘုန်းတော်ကြီးကျောင်းသွားဖို့ ရုံးအလုပ်နဲ့ ခက်ခဲတဲ့လူတွေက ဦးဇင်းကို ၀ါတွင်းကာလမှာ အလွယ်တကူသီလယူလို့ရအောင် ဥပုသ်သီလကို ပါဠိ-မြန်မာ (၂)ဘာသာနဲ့ အသံသွင်းပြီး facebook နဲ့ ဦးဇင်းဆိုဒ်မှာ တင်ပေးဖို့ တောင်းဆိုကြတယ်။
ဒါပေမဲ့ ဦးဇင်းဖြစ်စေချင်တာက သီလယူတာကို ဖြစ်နိုင်သမျှ ဘုန်းတော်ကြီးကျောင်းတွေမှာသွားပြီး လူသူများရှေ့မှာ သီလယူစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ဘုန်းတော်ကြီးရှေ့မှာ သီလယူရင် မိမိကသီလကျုးလွန်မယ်လို့ ကြံစည်မိရင် သီလပေးထားတဲ့ပုဂ္ဂိုလ်အပေါ် ရိုသေလေးစားမှုကြောင့်လည်း သီလကို ကျုးလွန်ဖို့ ခက်ခဲသွားတယ်။

နောက်တစ်ခုက လူသူများရှေ့မှာ သီလယူထားတဲ့အခါကျတော့ မိမိသီလကျုးလွန်တော့မယ်ဆိုရင် ငါသီလယူထားတာ သူများတွေသိတယ်။ ကျုးလွန်လို့မဖြစ်ဘူးဆိုတဲ့ ဟီရိသြတ္တပ္ပစိတ်ကြောင့် သီလလုံခြုံမှုများလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘုန်းတော်ကြီးကျောင်းမှာတွင် လူသူများရှေ့မှာ ဖြစ်နိုင်သမျှ သီလယူကာ ကျင့်သုံးကြစေချင်ပါတယ်။

တကယ်လို့ လုံးဝ(လုံးဝ)ကို ဘုန်းတော်ကြီးကျောင်းများတွင် သီလယူဖို့ရန် ခက်ခဲလို့ သီလယူဖြစ်မဲ့ အခြေအနေမရှိဘူးဆိုရင်တော့ သီလမယူဘဲနေမှာဆိုးတဲ့အတွက် ဥပုသ်သီလယူရန် ဦးဇင်း ဟန်းဆက်နဲ့အသံသွင်း တင်ပေးပါမယ်လေ။

Tuesday, July 31, 2012

ဥပုသ်နေ့နဲ့ပတ်သတ်သမျှ သိကောင်းစရာများ

ဝါတွင်းကာလလည်း နီးလာပြီးမို့ ဥပုသ်နေ့အကြောင်းနဲ့ပတ်သတ်သမျှကို သိရှိနားလည်ဖို့ရန် လိုမယ်ထင်လို့ မိမိသိရှိသမျှ စုံလင်အောင် ရေးသားတင်ပေးလိုက်ပါတယ်။ ဥပုသ်ဆိုသည်မှာ ဥပေါသထ-ဟူသောပါဠိကို ဥပုသ်-ဟု မြန်မာပြန်ထားကြတာပါ။ ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်းစတဲ့ ကောင်းသော အကျင့်များနဲ့ ပြည့်စုံစွာ ၀သထ-နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

 ကိုယ်ကျင့်သီလမပျက်အောင် စောင့်ထိန်းကျင့်သုံးတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။ ဥပုသ်စောင့်ဖို့ အတွက် နေ့ရက်များကို ဘုရားပွင့်တော်မမူမီကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြပါတယ်။ ဥပုသ်သီလဆောက်တည်ရန်အတွက် ရှေးအစဉ်အလာကပင် ရက်သတ်မှတ်ထားတာကို အောက်ပါ အတိုင်း တွေ့ရပါတယ်။

တစ်လကို (၁) အဋ္ဌမီ လဆန်း၊ လဆုတ်(ရှစ်ရက်မြောက်နေ့)ဥပုသ်။ (၂) စတုဒ္ဒသီ (ရက်မစုံလအတွက် (၁၄)ရက်မြောက်လကွယ်နေ့) ဥပုသ်။ (၃) ပန္နရသီ (၁၅)ရက်မြောက် လပြည့်၊လကွယ်နေ့)ဥပုသ်။ (၄) ပါဋိဟာရိက (အကြိုအပို) ဥပုသ်ဟု အကျဉ်းအားဖြင့် (၄)မျိုးရှိကြောင်း ကျမ်းဂန်များ တွင် ဖော်ပြထားကြပါတယ်။

ပါဋိဟာရိက-အကြိုဥပုသ်နဲ့ အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်မရောက်မီ ကြိုတင်စောင့်ရတဲ့ (၇)ရက်မြောက်၊ (၁၃)ရက်မြောက်၊ (၁၄)ရက်မြောက်ဥပုသ်တို့ ဖြစ်ပါတယ်။ အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်နောက်တွင် အပိုဖြည့်စွက်ပြီး စောင့်ရသော (၉)ရက်၊ လပြည့်ကျော်(၁)ရက်၊ လဆန်း(၁)ရက်ဥပုသ်၊ ၀ါတွင်းမှာဆိုရင်တော့ (၁၅)ရက်ဖြစ်စေ၊ တစ်ဝါတွင်းလုံးဖြစ်စေ စောင့်ထိန်းကြတဲ့ ဥပုသ်များလည်း ရှိပါတယ်။ အဲဒီလို ဥပုသ်စောင့်ရက်ကို ရှေးရှေးက သတ်မှတ်ထားကြပါတယ်။

ဘာဖြစ်လို့ ဒီလိုရက်ရှည်ကာလများစွာ ဥပုသ်သီလဆောက်တည်ကြတာလဲဆိုတော့ လူများရဲ့ စိတ်အစဉ်မှာ ကိလေသာမြူတွေ နေ့စဉ်တင်နေတဲ့အတွက် ထိုကိလေသာမြူတွေကို ဥပုသ်သီလ စောင့် ထိန်းပြီး ဆေးကြောသုတ်သင်ကြဖို့ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓကိုယ်တိုင်ကလည်း ဥပုသ်စောင့်ခြင်းကို ဦးခေါင်းလျှော်ခြင်းနဲ့ ဥပမာပြပြီး ၀ိသာခါကျောင်းအမကြီးကို ဒီလိုဟောကြားပေးခဲ့ပါတယ်။ လဆန်း (၁)ရက်နေ့ဆို နေရောင်ရှိလို့ ဆံပင်ခြောက်သွေ့မည်ကိုမြင်တဲ့ အမျိုးသမီးဟာ ရေချိုးခေါင်းလျှော်ကြတယ်။ အဲဒီလို ခေါင်းလျှောက်လိုက်တော့ ဦးခေါင်းမှာ အညစ်အကြေးသန့်ရှင်းလိုက်တဲ့အခါ ဆံပင်လည်း သွေ့ခြောက်သွားလို့ ဦးခေါင်းဟာ သန့်ရှင်းပြီးပေါ့ပါး သွားတယ်။ ဒါပေမဲ့ နောက်ရက်များမှာ ဦးခေါင်းပေါ်ဝယ် မြူမှုန်ကျခြင်း၊ အတွင်းက အညစ်အကြေးများ ဦးခေါင်းပေါ်ထွက်လာတဲ့အခါ (၇)ရက်လောက်ကြာတော့ ဦးခေါင်းဟာ လေးလံလာပြန်တယ်။ အဲဒါနဲ့ တစ်ပါတ်လောက်ကြာတဲ့ အခါ နောက်တစ်ကြိမ် ခေါင်းလျှော်ရတယ်။

အဲဒီလိုပဲ လူတို့ရဲ့စိတ်မှာ နေ့စဉ် စီးပွားရှာတဲ့အခါဖြစ်စေ၊ ပျော်ပါးတဲ့အခါဖြစ်စေ၊ ပုံစံမျိုးစုံနဲ့နေထိုင် သွားလာလှုပ်ရှားနေရင်း ရာဂ၊ ဒေါသစတဲ့ ကိလေသာမြူမှုန်တွေဟာ ကပ်ငြိနေတယ်။ သံသရာတစ်လျှောက်လုံးကလည်း ဘ၀မျိုးစုံနဲ့ ကပ်ငြိလာခဲ့ကြတယ်။ အဲဒါကြောင့် မိမိတို့သန္တာန်မှာ ကိလေသာတွေဟာ မရေတွက်နိုင်အောင် များနေတယ်။ တစ်ဦးနဲ့တစ်ဦး တရားထူးရတာချင်း မတူတာ၊ တရားအသိမတူတာ၊ အကျိုးပေးမတူတာတွေဟာ မိမိတို့ရဲ့ ကျင်လည်ခဲ့ရတဲ့ဘ၀တွေမှာ ကိလေသာတွေ ဘယ်လောက်ညစ်ကြေးလာအောင် ပြုလုပ်ခဲ့သလဲဆိုတာ မသိရတဲ့အတွက် မတူကြတာပါ။

တချို့က သူများလို ခဏလေးနဲ့တရားမှတ်ရင် တရားသိမယ်ထင်တယ်။ သူများလို ကောင်းတာလေး တစ်ခုလောက်လုပ်ရင် အကျိုးပေးမယ်ထင်နေတာလေ။ မိမိမှာ ဘ၀များစွာက ကောင်းမှု၊ မကောင်းမှုကို မသိလို့ဖြစ်စေ၊ သိလျက်နဲ့မိုက်ခဲ့လို့ဖြစ်စေ ပြုလုပ်ခဲ့တဲ့ ကိလေသာအညစ်ကြေးတွေက ဘယ်လောက်များ သလဲဆိုတာ မသိရဘူးလေ။ ဒါကြောင့် မိမိတို့က မိမိတို့သန္တာန်မှာရှိတဲ့ ကိလေသာအညစ်ကြေးတွေကို များများပယ်သတ်နိုင်အောင် ကြိုးစားမှ ကိလေသာကင်းရာကိုရောက်မှာဖြစ်သလို မရောက်ခင်မှာလည်း ကိလေသာနည်းတဲ့ အကျိုးပေးကောင်းမှုတွေကို ခံစားရမှာပါ။

အဲဒီလို မိမိတို့ရဲ့စိတ်အစဉ်မှာ ကပ်ငြိမ်နေတဲ့ ကိလေသာမြူမှုန်တွေ သန့်ရှင်းအောင် အိမ်ရာအလုပ်တွေကို အနားပေးပြီး မကောင်းမှုများကိုလည်း ရှောင်ကြဉ်ကာ ဥပုသ်သီလဆောက်တည်ခြင်းနဲ့ ဆေးကြောပေးရပါတယ်။ တစ်ပါတ်တစ်ခါလောက် မိမိသန္တာန်မှာရှိတဲ့ ကိလေသာညစ်ကြေးတွေ မသန့်ရှင်းနိုင်၊ မလျှော့ပါးနိုင်သေးလို့ အကြိုရက်၊ အပိုရက်များမှာပါ ဥပုသ်သီလ စောင့်ထိန်းပေးရခြင်း ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာဆိုရင်တော့ ရုံးပိတ်ရက်များဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့များကို ဥပုသ်နေ့များလို့သတ်မှတ်ပေးပြီး စောင့်ထိန်းကြရင် ပိုမိုကောင်းမွန်ပါလိမ့်မယ်။ တစ်ပါတ်ရဲ့ အစဆုံးနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ တစ်ခါသန့်ရှင်းထားလိုက်ပြီး တစ်ပါတ်ရဲ့အဆုံးဖြစ်တဲ့ စနေနေ့မှာ ထပ်သန့်ရှင်းလိုက်မယ်ဆိုရင် ကိလေသာတွေဟာ ကပ်လိုက်၊ လျှော့လိုက်နဲ့ဆိုတော့ ခံသာသေးတာပေါ့လေ။ အဲဒီလိုမဟုတ်ဘဲ တစ်ပါတ်တစ်ခါလောက်ဆို ကိလေသာကပ်တာကပိုများပြီး လျှော်တာကနည်းနေရင် ကိလေသာက ဘယ်တော့မှ ကင်းမှာမဟုတ်တော့ဘူး။ ပြောသာ ပြောရတာပါ။ ခုခေတ်က တစ်ပါတ်တစ်ခါမပြောနဲ့ ၀ါတွင်းလေး(၃)လကိုတောင်မှ တစ်ပါတ်တစ်ခါ ကိလေသာမလျှော်တဲ့လူတွေက များနေတာပါလေ။

အဓိကကတော့ မိမိစောင့်ထိန်းနိုင်တဲ့ရက်ကို စောင့်ထိန်းရင် အကောင်းဆုံးပါပဲ။ ကောင်းမှုကုသိုလ်ဖြစ်တဲ့ သီလစောင့်ထိန်းမှုကို မြတ်ဗုဒ္ဓက ဘယ်နေ့မှ စောင့်ထိန်းရမယ်လို့ သေချာမပြောခဲ့ဘဲ အနည်းဆုံးတစ်ပါတ်တစ်ခါလောက်တော့ ဦးခေါင်းလျှော်သလို စောင့်ထိန်းသင့်တယ်လို့ပဲ ပြောခဲ့ပါတယ်။ မိမိတို့က နေ့စဉ်စောင့်ထိန်းနိုင်လေ ကောင်းလေပါပဲ။ ငါးပါးသီလကတော့ လူသားတွေ စောင့်ထိန်းရမဲ့ အရာပါ။ ရှစ်ပါးသီလဥပုသ်သီလကတော့ အရိယာသူတော်ကောင်းဖြစ်အောင် စောင့်ထိန်းတဲ့ သီလပါ။ အဲဒီတော့ မိမိက လူသားတစ်ယောက်ဖြစ်ချင်ရင် ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းရမယ်။ အရိယာသူတော်ကောင်းတစ်ယောက်ပါ ဖြစ်ချင်ရင်တော့ ရှစ်ပါးသီလဥပုသ်သီလကို နေ့စဉ် စောင့်ထိန်း ရမယ်။ ဒါမှမဟုတ် မိမိက တစ်ပါတ်တစ်ခါပဲ အရိယာသူတော်ကောင်းဖြစ်ချင်တယ်ဆိုရင်တော့ တစ်ပါတ်တစ်ခါ ဥပုသ်သီလ စောင့်ထိန်းပေါ့။ ဘယ်တော့မှမဖြစ်ချင်ဘူးဆိုရင်တော့ ဘယ်တော့မှဥပုသ် မစောင့်နဲ့ပေါ့လေ။

အဲဒီတော့ ရှစ်ရက်၊ လပြည့်၊ လကွယ်နေ့များကို ဥပုသ်နေ့ဟု သတ်မှတ်ကြတာဟာ လူသားတွေရဲ့ အချိန်အခါအခြေအနေကိုကြည့်ပြီး သတ်မှတ်ကြတာပါ။ ဥပုသ်သီလကို မြတ်ဗုဒ္ဓအလိုကျဆိုရင် အနည်းဆုံးတော့ တစ်ပါတ်တစ်ခါတော့ စောင့်ထိန်းပေးရမှာဖြစ်ပြီး မိမိစောင့်ထိန်းနိုင်ရင် မိမိစောင့်ထိန်းတဲ့နေ့ဟာ ဥပုသ်နေ့ဖြစ်တာမို့ စောင့်ထိန်းနိုင်လေ ကောင်းလေးဆိုတာပဲ မှတ်သားထားကြပါလေ။

တစ်ခါ ဥပုသ်စောင့်တဲ့အခါ ညစာမစားရခြင်းနဲ့ပတ်သတ်ပြီး မြတ်စွာဘုရားရှင်လက်ထက် စတင်ဖြစ်ပေါ်လာပုံကို ပြောပြပေးပါမယ်။ မြတ်စွာဘုရားရှင်လက်ထက်က အစပထမပိုင်းမှာ ရဟန်းသံဃာများပင် ညနေစာအတွက် ဆွမ်းခံထွက်စားခဲ့ကြပါတယ်။ ဒါပေမဲ့ မြတ်စွာဘုရားရှင် ၀ိနည်းသိက္ခာပုဒ်များပညတ်ရာ မြတ်ဗုဒ္ဓ၀ါတော်(၂၀)လွန်တဲ့နောက်ပိုင်းမှာတော့ ၀ိကာလဘောဇန သိက္ခာပုဒ်လည်း ပညတ်ဖို့ရန် အကြောင်းဖြစ်ပေါ်လာတာကြောင့် ပညတ်ခဲ့ရပါတယ်။

ပညတ်ရခြင်းအကြောင်းကတော့ (၁) ရဟန်းတော်တစ်ပါး ညပိုင်းဆွမ်းခံထွက်တဲ့အခါ အိမ်တစ်အိမ်ရှေ့ဆွမ်းခံသွားရပ်ရာ အိမ်ရှင်မက ရဟန်းတော်ရဲ့ သင်္ကန်းရောင်ကိုမြင်ပြီး ရဟန်းတော်ကို အစိမ်းသရဲ၊ မြေပုံဘီလူးလို့ထင်တဲ့အတွက် ဆန်ဆေးရည်နဲ့ ပတ်ခဲ့မိပါတယ်။ အဲဒီတော့ ရဟန်းသံဃာတွေ ညနေဆွမ်းခံတာဟာ လူတွေအတွက် အပြစ်ဖြစ်ကြတယ်။ (၂) ညနေပိုင်းမှာ ရဟန်းတော်များဆွမ်းခံသွားတဲ့ အခါ နွားအုပ်တွေရွာထဲသွင်းချိန်မို့ နွားရောင်နဲ့သင်္ကန်းရောင် ရောနှောနေတဲ့အတွက် လူတွေက ရဟန်းတွေကို နွားတွေထင်ပြီး နွားတွေနဲ့ရောနှော ပြစ်မှားမိကြပါတယ်။ အဲဒီလိုပြစ်မှားမိရင် လူတွေမှာ အပြစ်ဖြစ်ကြရတယ်။ (၃) ရဟန်းတော်များ ညနေပိုင်းမှာ ဆွမ်းခံသွားရခြင်း၊ ဆွမ်းစားပြီးသား သပိတ်တို့ကို ဆေးကြောသန့်ရှင်းရခြင်းစတဲ့ ဗာဟိယအလုပ်တွေကြောင့် ရဟန်းတော်များရဲ့ ပရိယတ္တိ စာသင်၊ စာချ၊ ပရိပတ္တိ တရားအားထုတ်မှုတို့ အချိန်လျှော့နည်းသွားတယ်။ အဲဒီလို အချိန်လျှော့နည်းနေမယ်ဆိုရင် တရားထူးရဖို့ရန် ခက်ခဲမှာဖြစ်သလို သံဃာ့ဝေယျာဝစ္စ၊ လူတွေအား တရားဟောသွန်သင်ပေးဖို့ကိစ္စ၊ စာချ၊ စာသင်ကိစ္စတွေပါ နောင့်နှေးမှုများဖြစ်တာမို့ ညစာမစားကြ ရန် မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီလိုပဲ လူတွေမှာလည်း အရိယာသူတော်ကောင်းတစ်ယောက်ဖြစ်အောင်၊ ကိလေသာများကပ်ငြိနေတာ ကို လျှော့ပါးသွားအောင်ပြုလုပ်တတ်တဲ့ ဥပုသ်ရှစ်ပါးသီလ ဆောက်တည်တဲ့အခါမှာ ညစာမစားခိုင်းခြင်းဟာ အလုပ်ရှုပ်သက်သာပြီး သမထ၊ ၀ိပဿနာတရားများ ပိုမိုပွားများအားထုတ်နိုင်အောင်၊ အစာစားလျှင် အိပ်ချင်စိတ်လျင်မြန်စွာဖြစ်ခြင်း၊ အိပ်ချင်စိတ်နောက်ကနေ ဗိုက်ထဲမှာအစာပြည့်နေရင် ကိလေသာစိတ်တွေ ဖြစ်ပေါ်လာခြင်းတို့ကြောင့် ဥပုသ်သီလဆောက်တည်တဲ့ရက်လေးမှာ ညစာ မစားရခြင်း ဖြစ်ပါတယ်။

အစာစားလျှင် ကိလေသာစိတ်ဖြစ်တယ်၊ ကိလေသာကိုပိုမိုအားပေးတယ်ဆိုတာကို ဦးဇင်းအရင်ကလည်း အမေးအဖြေများမှာ ဖြေပေးထားတာရှိသလို အွန်လိုင်းမှာတင်ထားတဲ့ တရားခွေထဲမှာ လည်း ပြောထားပါတယ်။ ညစာစားထားလို့ရှိရင် စိတ်ကမကောင်းမှုဘက်ကို အာရုံရောက်သွားတတ်ပါ တယ်။ တချို့ဆို ညပိုင်းမှာ ကိလေသာစိတ်တွေ စိတ်တိုင်းကျဖြစ်ပြီး စိတ်တိုင်းကျပျော်ပါးဖို့အတွက် စားသောက်ဆိုင်များမှာ ရှယ်သွားစားကြတာမျိုးတောင် ရှိကြပါတယ်။ ကောင်းစွာစားပြီး ကောင်းစွာပျော်ပါး ချင်ကြလို့ ဖြစ်မှာပါ။ ဒါကြောင့်လည်း တချို့စားသောက်ဆိုင်တွေမှာ နေ့နဲ့ညဆို ညမှာပိုရောင်း ရပြီး နေ့စာထက်ညစာက ပိုမိုတန်ဖိုးများနေတာလည်း ရှိပါတယ်။

နောက်တစ်ခုက မိမိတို့ခန္ဓာကိုယ်ထဲက အစာအိမ်ဟာ နေ့စဉ်စားသောက်သမျှကို အစာချက်နေရတဲ့အတွက် အနားမယူရသလို အညှီအနှောက်၊ အသိုးအပုပ်တွေနဲ့ အမြဲလိုလိုဖြစ်နေလို့ အစာအိမ်ဟာ မနားရတဲ့အပြင် အစာအိမ်လည်း သန့်ရှင်းမှုမရှိဘဲ ဖြစ်နေတာကြောင့် ကျန်းမာရေးလည်း ထိခိုက်ပါတယ်။ ခုလို တစ်ပါတ်တစ်ခါ ဥပုသ်စောင့်တဲ့နေ့မှာ ညစာမစားတဲ့အခါကျတော့ အစာအိမ်လည်း နားရတယ်။ အသိုးအပုပ်တွေလည်း သန့်ရှင်းပေးရာရောက်တာကြောင့် အစာအိမ်ကောင်းတဲ့အတွက် ကျန်းမာရေးလည်း ကောင်းမွန်မှုအကျိုးရလာဒ်တွေ ရရှိပါတယ်။ ဒါဟာ ဥပုသ်စောင့်ရခြင်း မျက်မှောက်ရရှိတဲ့ အကျိုးရလာဒ်ပါ။

ဥပုသ်သီလဆောက်တည်တဲ့နေ့ရက်မှာ ၀ိကာလဘောဇနသိက္ခာပုဒ်-ညစာနဲ့ပတ်သတ်ပြီး သိသင့်ထားတဲ့ အချက်အလက်တွေကို ရေးသားပေးရမယ်ဆိုရင် နေ့မွန်တည့်ချိန်မှစပြီး နောက်နေ့နံနက် လစဉ်အလိုက် အရုဏ်တက်ချိန်ထိအတောအတွင်း ဘောဇဉ် (၅)မျိုးဖြစ်တဲ့ ဆွမ်း၊ မုယောမုန့်၊ ပဲမုန့်လုံး၊  ငါး၊ အသားတွေနဲ့ ခဲဖွယ်ဖြစ်တဲ့ ယာမကာလိက၊ သတ္တာဟကာလိက၊ ယာဝဇီဝိကအစာတွေကို မစားရပါ။ နေမွန်တည့်ချိန်မှ အရုဏ်တက်သည့်အချိန်ထိလို့ ၀ိကာလဘောဇနသိက္ခာပုဒ်က ပြောဆိုထားတဲ့အတွက် နေမွန်တည့်သည် ဆိုတာနဲ့ ဘာမှစားလို့မရတော့ပါ။ စားနေဆဲဖြစ်ရင်လည်း ကားဘရိတ်အုပ်သလို ဘရိတ်အုပ်ပြီးသကာလ ပါးစပ်ထဲရောက်နေတာကို ထွေးထုတ်ပစ်ရပါမယ်။ နေ့မွန်တည့်ကျော်သွားပါလျက် ပါးစပ်ထဲကစားစရာ ကို ထွေးမထုတ်ဘဲ မျိုချလျှင်လည်း အပြစ်ဖြစ်ပါတယ်။ ၀ိကာလဘောဇနသိက္ခာပုဒ်က နေ့မွန်တည့်လျှင်ကို ဘာမှမျိုချလို့ မရတော့ပါ။

နေမွန်တည့်ချိန်မမြင်ရရင် သူ့နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ နေမွန်တည့်ချိန်ကို ယူရပါမယ်။ အရုဏ်တက်ချိန်ကိုလည်း နိုင်ငံအလိုက်၊ လအလိုက်ယူရပါမယ်။ အကောင်းဆုံးနည်းကတော့ မိမိနေထိုင်ရာနိုင်ငံမှာရှိတဲ့ နေ့တည့်တည့်အချိန်(၁၂)နာရီနဲ့ မနက်(၆)နာရီအတွင်း ၀ိကာလဘောဇန သိက္ခာပုဒ်ကို စောင့်ထိန်းတာဟာ အကောင်းဆုံးပါပဲ။ မနက်အရုဏ်တက်ချိန်ကတော့ တချို့လတွေမှာ မနက်(၄)နာရီကျော် အရုဏ်တတ်တာလည်းရှိပါတယ်။ မိမိက ဥပုသ်သီလယူထားလို့ မနက်စောစော ဗိုက်စာနေတဲ့အတွက် မနက်စာကို စောစောစားချင်တယ်ဆိုရင် အရုဏ်တက်ချိန်ကို လေ့လာပြီး စားကြပါလေ။ ခုပြောခဲ့တဲ့ နေမွန်တဲ့ချိန်နဲ့မနက်အရုဏ်တက်ချိန်အတွင်းကလွဲရင် ကျန်တဲ့အချိန် ဘယ်ချိန်ပဲစားစား စားသောက်ပြီးသကာလ ဥပုသ်သီလဆောက်တည်နိုင်ပါတယ်။

ခဲဖွယ်များဖြစ်တဲ့ ယာမကာလိကဆိုသည်မှာ အရုဏ်မတက်မီ မိုးသောက်ယံတိုင်အောင် သောက်ကောင်း တဲ့ သပြေသီး၊ သရက်သီး၊ မုဒရက်သီး၊ စပျစ်သီး၊ ဖက်သက်သီး၊ သစ်မည်စည်သီး၊ တောငှက်ပျောသီး၊ အိမ်ငှက်ပျောသီး၊ ကြာစွယ်တို့ရဲ့ ဖျော်ရည်နဲ့မန်ကျည်း၊ ဆီး၊ ရှောက်ဟူသော အနုလောမဖျော်ရည် များ ဖြစ်ပါတယ်။

သတ္တာဟကာလိကဆိုသည်မှာ (၇)ရက်လုံးလုံးထားပြီးစားသုံးနိုင်တဲ့ ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်းလဲ၊ ထန်းလျက်၊ ကြံသကာ၊ သကြားဆိုတဲ့ ဆေးငါးမျိုးကို သတ္တာဟကာလိကလို့ ခေါ်ပါတယ်။

ယာဝဇီဝိကဆိုသည်မှာ တစ်သက်ပတ်လုံးစားကောင်းတဲ့ ဆား၊ ဂျင်း၊ ဆီးဖြူ၊ ဖန်ခါးစတဲ့ ဆေးဖက်ဝင် အမြစ်၊ အရွက်၊ အသီး၊ အခေါက်များ ဖြစ်ပါတယ်။

ရဟန်းတော်များအတွက် ပညတ်ထားတဲ့ (ဝိ၊ ၂၊ ၁၁၂) ၀ိကာလဘောဇနသိက္ခာပုဒ်မှာတော့ အထက်ပါ ယာမကာလိက၊ သတ္တာဟကာလိက၊ ယာဝဇီဝိက(၃)မျိုးကို ရဟန်းတော်များ အလှူခံရင်ဖြစ်စေ၊ စားသောက်ရင်ဖြစ်စေ ပါစိတ်အာပါတ်မသင့်ဘဲ ဒုက္ကဋ်အာပါတ်သာ သင့်တယ်လို့ အပြစ်လျှော့ပါး သွားတာကို တွေ့ရပါတယ်။ ဒါပြင် မနေနိုင်အောင် ဆာလောင်မွတ်သိပ်လို့ဖြစ်စေ၊ အနာရောဂါ ကျန်းမာရေးကြောင့်ဖြစ်စေ အထက်ပါ ခဲဖွယ်(၃)မျိုးကို အဆာပြေ၊ ကျန်းမာရေးသက်သာရုံ စားသောက်ရင် အပြစ်မရှိပါပေ။ ရူးသွတ်နေသူများလည်း အပြစ်မရှိပါ။

အဲဒီတော့ လူတွေမှာလည်း ဥပုသ်သီလ ၀ိကာလဘောဇနသိက္ခာပုဒ်ကို စောင့်ထိန်းတဲ့ရက်မှာ မနေနိုင်အောင် ဆာလောင်တဲ့အခါ၊ အသက်အန္တရာယ်အတွက် ကျန်းမာရေးထိခိုက်နိုင်တဲ့အခါမျိုး ဆိုရင်တော့ အထက်ပါ ခဲဖွယ်(၃)မျိုးကို အဆာပြေ၊ ကျန်းမာရေးသက်သာရုံ စားသောက်နိုင်ပါတယ်။ အစာပြေမဟုတ်ဘဲ အ၀စားလျှင်၊ ကျန်းမာရေးသက်သာရုံမဟုတ်ဘဲ လွန်လွန်ကဲကဲတော့ မပြုလုပ်ရပါ။ ဆာလောင်မှုလည်းမဖြစ်၊ ကျန်းမာရေးလည်းကောင်းနေရင်တော့ ဘာမှမစားသောက်ရပါ။ စားသောက် လျှင် သီလသိက္ခာပုဒ် မကျိုးပေါက်နိုင်သော်လည်း သီလအကျိုးပေးတော့ လျှော့ပါးနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ ဥပုသ်နေ့နဲ့ပတ်သတ်သမျှ ပြည့်စုံလိမ့်မယ်ထင်ပါတယ်။ ဥပုသ်နေ့နဲ့ဆိုင်တဲ့ တချို့အကြောင်းအရာများကို လူတော်လူကောင်းဆောင်းပါးတွင် သီလအဓိပ္ပါယ်အခန်းမှာ သီလနဲ့ ပတ်သတ်တာများ ရေးထားတာတွေရှိတဲ့အတွက် သိချင်သူများ ၀င်ရောက်လေ့လာနိုင်ပါတယ်။

စာဖတ်ပရိတ်သတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကာ သူတော်ကောင်း များဖြစ်အောင် ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်….။


Monday, July 30, 2012

ရှင်သာမဏေဘ၀နဲ့အပြစ်


မေး။ ။ အရှင်ဘုရား ရှင်ပြုစဉ်သာမဏေဘဝမှာမသိ၍ သင့်ခဲ့သောအာပတ်သည်နောင်ရဟန်းပြုလျှင် ထိုအာပတ်သည် ဆက်လက်အကျုံးဝင်နေပါသလားဘုရား။ ဒုတိယအကြီးဆုံးသံဃာဒိသိသ်အာပတ်ဖြစ်ရင် ဘယ်လိုကုစားရမလဲဘုရား။
ဖြေ။ ။ ရှင်သာမဏေများအတွက် လိင်(၁၀)ပါးတွင် တစ်ပါးပါးကိုကျုးလွန်ရင် လူ့အဖြစ် ရောက်သွားပါတယ်။ အဲဒီလိင်(၁၀)ပါးကတော့ 
(၁) သူ့အသက်ကို သေအောင်ကိုယ်တိုင်သတ်ခြင်း, သူတပါးကိုသတ်ခိုင်းခြင်း၊
(၂) အရှင်မပေးသောသူ့ဥစ္စာကို ခိုးယူခြင်း၊ ခိုးခိုင်းခြင်း၊
(၃) မေထုန်မှုကျုးလွန်ခြင်း၊
(၄) လိမ်ညာ၍ပြောခြင်း၊
(၅) သေရည်အရက်တို့ကို သောက်စားခြင်း၊
(၆) ဘုရားရှင်၏ ဂုဏ်သရေကို ကဲ့ရဲ့ခြင်း၊
(၇) တရားတော်၏ ဂုဏ်ကို ကဲ့ရဲ့ခြင်း၊
(၈) သံဃာတော်၏ ဂုဏ်ကိုကဲ့ရဲ့ခြင်း၊
(၉) သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ အယူကို ယူခြင်း၊
(၁၀) ဘိက္ခုနီမကို ဖျက်ဆီးခြင်းတို့ ဖြစ်ပါတယ်။ ကိုရင်ဘ၀နဲ့ ဒီလိင်(၁၀)ပါးထဲက တစ်ပါးပါးကျုးလွန်မိရင် အဲဒီသာမဏေဟာ တိုက်ရိုက်ရဟန်းခံလို့ မရပါ။ လူထွက်ပြီး ကိုရင်ပြန်ဝတ်၍ဖြစ်စေ၊ သာမဏေသီလကို ပြန်လည်ယူလို့ဖြစ်စေ ပြုလုပ်ပြီးမှသာ ရဟန်းဘောင်ကို တက်ရပါတယ်။

သံဃာဒိသိသ်အာပါတ်သင့်လျှင် မိမိသင့်တဲ့အာပါတ်ဖုံးကွယ်ထားသလောက် ပရိဝတ်ဆောက်တည်ရမယ်၊ ပြီးလျှင် (၆)ရက် မာနတ်ကျင့်ရမယ်၊ ထို့နောက် သံဃာ(၂၀)ရှိတဲ့သိမ်တွင် အဗ္ဘာန်သွင်းခြင်းကိစ္စတို့ကို ပြုလုပ်ပြီး စင်ကြယ်အောင် ပြုလုပ်ရပါတယ်။ သံဃာဒိသိသ်အာပါတ် ကုစားနည်းနဲ့ပတ်သတ်ပြီး ရေးရလျှင် အများကြီးမို့ အွန်လိုင်းပိဋကတ်မြန်မာပြန်ဝက်ဆိုဒ်ဖြစ်တဲ့ http://tipitakamyanmar.blogspot.com/ 2010/07/blog-post_8425.html ဒီလင့်လေးကို ဖွင့်ဖတ်လိုက်ပါ။ အဲဒီမှာ ပြည့်စုံစွာ မြန်မာပြန်ဆိုထား တာ ရှိပါတယ်။

ဦးဇင်းရသမျှအချိန်လေးနဲ့ ဖြေပေးလိုက်တာမို့ ဒီလောက်ဆို ကျေနပ်လိမ့်မယ် ထင်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျက်....။ 

Friday, July 27, 2012

ခန္တီပါရမီဆိုတာ

မေတ္တာရှင်ဆရာတော်နဲ့ တရားပွဲတွေလိုက်ဟောရင်း ဆရာတော်က သူ့ကို မဟာဗောဓိမြိုင်ဆရာတော်ကြီးက ဒီလိုမိန့်ခဲ့တယ်။ အဲဒါ မင့်လည်း လိုက်နာကျင့်သုံး မှတ်ထားနော်လို့ပြောတဲ့စကားလေးကို အမှတ်ရတာနဲ့ လိုက်နာကျင့်သုံးချင်သူများအတွက် တင်ပေးလိုက်ပါတယ်။

Saturday, July 21, 2012

အချစ်နဲ့ဘဝ

ကိလေသာမကုန်သေးတဲ့သတ္တ၀ါတိုင်းရဲ့သန္တာန်မှာ အချစ်ဆိုတာ ရှိနေကြဦးမှာပါ။ အဲဒီအချစ်ကို ပယ်ဖျောက် နိုင်ဖို့ဖြစ်စေ၊ မှန်ကန်တဲ့နည်းနဲ့ ချစ်တတ်အောင်ဖြစ်စေ ပြုလုပ်တတ်ဖို့အတွက်က ဘာသာတရားရဲ့ အဆုံးအမ၊ မှန်ကန်တဲ့ အသိဉာဏ်များ ရှိမှဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အချစ်ဆိုတာ မေတ္တာနဲ့ချစ်ရင် လမ်းမှားမရောက်၊ ဒုက္ခ မရောက်တတ်ပေမဲ့ တဏှာနဲ့ချစ်တဲ့အခါမှာ နည်းလမ်းမမှန်၊ ချစ်နည်းမမှန်ပါက ဒုက္ခပင်လယ်နဲ့ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ချစ်နည်းနဲ့ ချစ်တဲ့အခါ တကယ်ချစ်ရာရောက်ပြီး အပေါ်ယံချစ်ခြင်းကနေ ရှောင်ကြဉ်နိုင်ဖို့အတွက် မှန်ကန်တဲ့အသိပညာ ဘာသာရေးတရားများ သိရှိထားဖို့ လေ့လာထားရပါလိမ့်မယ်။ ဘာသာရေးဆိုတာ မှားတဲ့ဘက်ကို မရောက်အောင်၊ မှားတာကိုမပြုလုပ်မိအောင်၊ စိတ်သက်သာရအောင် အားထားရတဲ့၊ ကူညီပေးတဲ့အရာဖြစ်နေတာမို့ မသိမဖြစ် သိထားရမဲ့အရာပါ။

ဘ၀တစ်ခုမှာ အယူဝါဒလွဲမှားခဲ့လို့ အမှားများစွာပြုလုပ်မိခဲ့မယ်ဆိုရင် အဲဒီအမှားရဲ့ ဆိုးကျိုးဒဏ်တွေဟာ ပြေပျောက်အောင် လုပ်ဖို့ခက်သလို ကောင်းကျိုးတွေပြန်လည်ရရှိဖို့ကလည်း ခက်ပါတယ်။ ဒါပြင် ကောင်းကျိုးတွေရရှိအောင်ပြုလုပ်နိုင်မဲ့ ဘ၀တွေ၊ အသိဉာဏ်ရှိတဲ့ ဘ၀ကိုရဖို့က ပိုပြီးခက်ပါတယ်။ အဲဒါကြောင့် မျက်မှောက်အသိဉာဏ်ရှိတဲ့ လူ့ဘ၀လေးရရှိချိန်မှာ မျက်မှောက်ဘ၀ခဏတာ ကောင်းစားရေးကိုပဲမကြည့်ဘဲ ဘ၀များစွာ ရေရှည်ခရီးကောင်းစားရန် ကိုကြည့်ပြီး အယူဝါဒလွဲမှားမှုတွေနဲ့ မကောင်းမှုတွေကို မပြုလုပ်မိရန်၊ မကောင်းတာကို အကောင်းမထင်တတ်ရန်၊ မကောင်းတာလုပ်နေတာကိုပဲ အကောင်းလုပ်နေတယ်လို့ မထင်မြင်တတ်ရန်အတွက် မိမိမှာ ကောင်းသောအယူဝါဒအမြင် ရှိနေရေးသည် အဓိကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ အဲဒီလို ကောင်းတဲ့အမြင်၊ ယုံကြည်ချက်ကို မိမိဒီဘ၀မှာ လက်ကိုင်ထားပြုလုပ်ဆောင်ရွက်မှသာလျှင် နောက်နောင်ဘ၀များစွာမှာလည်း ကောင်းတာ များဆက်လုပ်ပြီးသကာလ ကောင်းတဲ့အရပ်ဌါနကို လျင်မြန်စွာရောက်ရှိကာ ဒုက္ခငြိမ်းခြင်းချမ်းသာကို ခံစားရမှာပါ။

ယခုခေတ်လူတွေဟာ ရေရှည်ကောင်းကျိုးခံစားရမဲ့ဟာကိုမကြည့်ဘဲ အတိုကာလလေး ကောင်းစားရေးကိုပဲကြည့် ပြီး ဖြစ်သလိုနေထိုင်စားသောက်ပျော်ပါးကာဖြင့် ဘ၀ကိုအဆုံးသတ်ဖို့ ဆုံးဖြတ်နေကြပါတယ်။ နောက်နောင်ဘ၀တွေဟာ ကိုယ့်မသိနိုင်သေးတဲ့ဘ၀မို့ ဘယ်လိုပဲ ဆိုးကျိုးများကိုခံစားရပါစေ ဒါတွေက ထည့်တွက်စရာမလိုဘူးလို့ ထင်နေကြပါတယ်။ ဒါပေမဲ့ တကယ်စဉ်းစားကြည့်ရင် ဘယ်လုပ်မဆို ကိုယ့်လုပ်ရင် ကိုယ့်လုပ်သလောက် ခံစားရတာမို့ အဆုံးသတ်နိုင်တဲ့နေရာကို မရောက်မချင်း ကိုယ့်လုပ်ခဲ့တဲ့အရာတွေကို ကိုယ်ပဲပြန်လည်ခံစားရမယ်ဆိုတာ မျက်မှောက်လုပ်ငန်းများနဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် ယခုဘ၀တစ်ချက်အမှားပြုလုပ်မိလိုက်တာနဲ့ နောက်နောင်မရေတွက်နိုင်တဲ့ ဘ၀တွေမှာ မိမိရဲ့အမှားတစ်ချက်ဟာ ဘ၀များစွာမှာ ဒုက္ခပယ်လယ်နဲ့ကြုံတွေ့ရမှာမို့ ဒီဘ၀မှာ အရေးကြီးဆုံးဖြစ်တဲ့ အမြင်အယူဝါဒ ယုံကြည်ချက်မမှားဖို့နဲ့ မဟုတ်တာကို မပြုလုပ်မိအောင် သတိထား စဉ်းစားရပါမယ်။ ကျန်တဲ့အမှားတွေဟာ ပြင်ဆင်နိုင်ရင် ခဏတာနဲ့ပြေပျောက်ပေမဲ့ အယူဝါဒအမှားကြီးဟာ မှားပြီးရင်မှား လုပ်နေကာ မကောင်းမှုတွေ မိမိဆီမှာ အမြဲရောက်လာအောင် ဖိတ်ခေါ်သလို ပြုလုပ်တတ်တာကြောင့် အလွန်ကြောက်စရာကောင်းတဲ့ အရာတစ်ခုဖြစ်နေတယ်ဆိုတာ သတိထားကြပါ။

မိမိတို့က ယခုလူ့ဘ၀၀ယ် ဘ၀ခရီးဖော်ရှာတဲ့အခါ မိမိလူမျိုး၊ မိဘဆွေမျိုးအသိုင်းဝိုင်းများနဲ့ ရိုးစွဲစွာ ယုံကြည်လာခဲ့တဲ့ ကောင်းတဲ့အယူဝါဒကနေ သူတစ်ပါးရဲ့ သွေးဆောင်ဖျားယောင်မှု၊ တခဏတာပျော်ပါးစားသောက်နိုင်မဲ့ အခွင့်အရေး ရေတိုကိုကြည့်ပြီး မကောင်းတဲ့အယူဝါဒဘက်ကို မကူးပြောင်းဖို့နဲ့ အယူဝါဒမှားဘက်ကို မလိုက်မိအောင် သတိထားစောင့်ထိန်းကြရမယ်။ ခဏတာကောင်းစားရေးကို အဟုတ်မှတ် အကောင်းထင်ပြီး မကောင်းတဲ့ဘက်ကိုပါသွား၊ ပြောင်းသွား တတ်တာဟာ တကယ်စဉ်းစားကြည့်ရင် ကိုယ့်အတွက် ဘယ်လောက်တောင် နစ်နာဆုံးရှုံးတယ်ဆိုတာ စဉ်းစား ချင့်ချိန်ကြည့်ရင် သိနိုင်ပါတယ်။

မင့်ကို ကိုယ် တကယ်ချစ်တာပါ။ မင့်နဲ့ရရင် ကိုယ်မင့်အတွက် တစ်ဘ၀စာ ချမ်းသာစွာနဲ့ ထားမှာပါ။ နောက်ပြီး မင့်နဲ့ကိုယ်နဲ့ လက်ထက်ပြီးတဲ့ အခါကျရင်လည်း ကိုယ်ကမင့်နဲ့အတူ မင့်ယုံကြည်ချက်အတိုင်း ကောင်းမှုတွေကို အတူလက်တွဲလုပ်ကိုင်မှာပါ။ ကိုယ်တို့ ရရှိလာမဲ့ အနာဂတ်မျိုးဆစ်သစ်များကိုလည်း မင့်ရဲ့ဆွေမျိုးမိဘ အစဉ်အလာတိုင်း ယုံကြည်ရာကို လုပ်ခိုင်းမှာပါစသည်ဖြင့် ပြောဆိုတတ်ကြပါတယ်။ ဒါပြင် အဲဒီလို ပြောဆိုတဲ့ လူများဟာ မိန်းကလေးရဲ့အဌါကို ကျကျနနသိအောင်လေ့လာပြီး မိန်းကလေးရဲ့အားနည်းချက်၊ အားသားချက်များကိုပါ အမိဖမ်းနိုင်လေ့ရှိပါတယ်။ ဒီမိန်းကလေးက ဘယ်လို ယောက်ျားလေးမျိုးမှ ကြိုက်တာလဲ။ ဘယ်လိုပုံစံမှ ကြိုက်တာလဲ။ သူ့ကို ဘယ်လိုယုယပြီး သူ့အလိုကို ဘယ်လိုလိုက်မှ ကြိုက်သလဲစတဲ့အချက်များအပြင် ကာမဂုဏ်ကိစ္စနဲ့ပါ အပိုင်သေချာအောင် သိမ်းသွင်းလေ့ ရှိကြပါတယ်။

အဲဒီလိုနဲ့ မိန်းကလေးဟာ မိမိလူမျိုး၊ ဆွေမျိုးမိဘအစဉ်လာ ယုံကြည်လာတဲ့ အယူဝါဒကို ယောက်ျားလေးက တကယ်လိုက်မလိုက်ကို သေချာမစဉ်းဘဲ ယောက်ျားလေးရဲ့ ဆွဲဆောင်မှုတွေပေါ်မှာ သာယာပြီး လက်ထက်လိုက်ကြတာ အများကြီးပါ။ တချို့ကျတော့လည်း မိမိလူမျိုး၊ ဆွေမျိုးမိဘတွေ ယုံကြည်လာတဲ့အယူဝါဒကို မလေးစား၊ ဂရုမစိုက်သလို ကိုယ်တိုင်ကလည်း လေ့လာမှုအားနည်းတာရယ်၊ မိဘဆွေမျိုးများရဲ့ သွန်သင်ပေးမှု အားနည်းတာရယ်ကြောင့် အယူဝါဒကို အလေးမထားဘဲ လိုက်သွားကြပါတယ်။ တချို့ကျတော့လည်း ကာမဂုဏ်အာရုံဘက်ကို သာယာမိပြီး ပါသွားတတ်ကြပါတယ်။

အဆိုးဆုံးကတော့ မိဘဖြစ်သူကပါ ဘ၀များစွာအတွက်မကြည့်တတ်ဘဲ တစ်ဘ၀စာကိုပဲကြည့်ပြီး မိမိရင်သွေးများကို အယူမှားတဲ့ဘက်မှာ ထည့်ပေးကြတာတွေပါ။ ခေါင်ကမိုးမလုံရင် ကျန်တဲ့နေရာတွေက ဘယ်လိုလုပ်လုံတော့မလဲ ဆိုတာလို အုပ်ထိန်းသူမိဘ မောင်နှမများကပါ လိုက်လံသဘောတူတာတွေက ပိုဆိုးပါတယ်။ အဲဒီလိုလူတွေကတော့ မိမိသွေးသားများကို ကောင်းစားစေရေးအတွက်မဟုတ်ဘဲ မိမိအတွက် ကောင်းစားရေးကိုကြည့်တတ်တာရှိသလို တစ်ဘ၀ စာချမ်းသာနဲ့ ဘ၀များစွာဒုက္ခခံရမဲ့အရာများကို မတွေးတောမဆင်ခြင်ကြတာပါပဲ။ တကယ်တမ်းဆို အုပ်ထိန်းသူများက မိမိမျိုးဆက်သစ်များ လမ်းမှား၊ အယူမှားဘက်မမှားအောင်၊ တစ်ဘ၀စာထက် ဘ၀များစွာကောင်းစားရေးကို ပြုလုပ်ဆောင် ရွက်တတ်အောင် ပြုပြင်ထိန်းသိမ်းသွန်သင်ပေးရမှာပါ။ အယူဝါဒမတူသူနဲ့ အိမ်ထောင်ကျသွားတဲ့အခါမှာ မိမိတို့အယူဝါဒ ဘက်ကို မလိုက်ဘဲ သူတို့ဘာသာဘက်ကိုလိုက်ရမယ်ဆိုပြီး အတင်းအကျပ်စေခိုင်းတာမျိုးတွေကြောင့် မိမိယုံကြည်ချက် များ ပျောက်ဆုံးသွားရတဲ့ လူတွေလည်း ကမ္ဘာပေါ်မှာ အများကြီးပါ။ ဒါကြောင့် မိမိတို့လျှောက်လှမ်းရမဲ့ ခရီးရှည်ကြီးမှာ အဓိကကျတဲ့ အယူဝါဒမှားယွင်းမှုကို ယခုဘ၀မှာရော နောင်ဘ၀များစွာမှာပါ မဖြစ်ရလေအောင် မိမိတို့ကိုယ်တိုင်လည်း စဉ်းစားဆင်ခြင်ဝေဖန် စမ်းစစ်ရမှာဖြစ်သလို မိမိတို့ရဲ့ မိဘမောင်နှမများကလည်း သံသရာခရီးရှည်ကိုကြည့်ပြီး တစ်ဘ၀ ကောင်းစားရေးကို မကြည့်ကြမိဖို့ သတိထားရပါလိမ့်မယ်။

မိမိနဲ့ဘာသာအယူဝါဒ လူမျိုးမတူသူနဲ့ လက်မထပ်လို့မရတဲ့အခြေအနေကို ရောက်ရှိနေလို့ လက်ထပ်ပေါင်းသင်း ရမယ်ဆိုရင် ထိုလူဟာ မိမိယုံကြည်ချက်ကို တကယ်လိုက်မှာဟုတ်မဟုတ်သိရအောင်  သေချာလေး အချိန်ယူလေ့လာ သုံးသပ်ပေးရပါမယ်။ မိမိကိုတစ်ကယ်ချစ်တဲ့လူဆိုရင် ထိုသူဟာ မှန်တဲ့ဘက်ကိုလိုက်လာမှာမို့ ဘယ်သူကမှားတယ်၊ မှန်တယ်ဆိုတာသိရအောင် အယူဝါဒတစ်ခုရဲ့ လုပ်ရပ်နဲ့ရည်မှန်းချက်များ၊ စိတ်အေးချမ်းသာမှု ရှိမရှိတို့ကို လိုက်လံစစ်ဆေး ကြည့်လိုက်ရင် အဖြေထွက်လာမှာပါ။ အဲဒီလို ဘယ်သူဘက်မှန်တယ်၊ မှားတယ်ဆိုတာ အဖြေထွက်လာတဲ့အခါမှာ မှန်တဲ့ဘက်ကိုလိုက်လံဖို့အတွက် ဘယ်သူ့မျက်နှာမှမကြည့်ဘဲ မှန်ရာကိုဦးစားပေးဆုံးဖြတ်ပြီး လမ်းမှန်ကိုနှစ်ဦးသဘောတူ ဘ၀တစ်ခုကို တည်ထောင်ကြရပါမယ်။ မိမိတို့ အမှန်တရားကို စမ်းသပ်လို့တွေ့ရှိတာကို သူကမလုပ်နိုင်ဘူးဆိုရင်တော့ မိမိနဲ့ဘာသာတူချင်း ဘ၀ခရီးလက်တွဲဖော်ရဖို့ရန် မခဲယဉ်းတာမို့ အဆက်ဖြတ်လိုက်ပါ။ ဖြစ်နိုင်ရင်တော့ မိမိနဲ့ဘာသာ လူမျိုးမတူသူများကို ဝေးဝေးကနေ ရှောင်နိုင်လေ အကောင်းဆုံးပါပဲလေ။

တကယ်တမ်းကျတော့လည်း တချို့လူတွေပြောတဲ့စကားဟာ ခဏတာပဲ မှန်တယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်၊ ကျွန်မက ဒီလူကိုရမှဖြစ်မယ်၊ ဒီလူမှမရရင် သေမယ်စတာတွေပြောတဲ့ လူတွေဟာ နောက်ပိုင်းကျတော့လည်း မုန်းတတ်သွားသလို၊ အိမ်ထောင်ကွဲသွားတဲ့လူတွေလည်း အများကြီးပါ။ ဒါပြင် အဆိုးဆုံးကတော့ တစ်ယောက်ဆို တစ်ယောက်လို့ပြောတဲ့လူတွေက အဲဒီလူနဲ့မရလို့ဖြစ်စေ၊ အဲဒီလူက သေသွားရင်ဖြစ်စေ တခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုချစ်ကြိုက်တဲ့လူတွေလည်း အများကြီးပါ။ တချို့ကျတော့လည်း အိမ်ထောင်ပြုတယ် ဆိုတာ ဆေးပေးမီးယူအတွက် လိုတယ်ဆိုပြီးအကြောင်းပြကြပါသေးတယ်။

အဲဒီလိုအကြောင်းပြချက်သာ တကယ်တမ်းမှန်ပါက အဖိုးကြီး၊ အဖွားကြီးများ လမ်းပေါ်မှာ တစ်ယောက်တည်း သွားလာနေရခြင်း၊ လိုင်းကားစီးတဲ့အခါ တစ်ယောက်တည်းစီးနေရခြင်း၊ လက်တွဲခေါ်ရမဲ့ အရွယ်မှာ တစ်ဦးနဲ့တစ်ဦး လက်တွဲမသွားကြဘဲ ဖြစ်နေကြရတာတွေဟာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ မိမိတို့အကြောင်း ပြချက်က အိမ်ထောင်ပြုတာဟာ အသက်ကြီးတဲ့ အခါ ဆေးပေးမီးယူရအောင်လို့ ပြောဆိုထင်ထားခဲ့ပေမဲ့ မိမိအိမ်ထောင် ဖက်က အရင်သေသွားရင်လည်း မိမိမှာ ဆေးပေးမီးယူမရနိုင်သလို မိမိသားသမီးများက မလိမ်မာလို့ဖြစ်စေ၊ အိမ်ထောင်ခွဲ သွားလို့ဖြစ်စေ မိမိတစ်ယောက်တည်း ဘ၀လမ်းခရီးကြမ်းကို လျှောက်လှမ်းနေရတဲ့အခါမှာ မိမိအိမ်ထောင်ပြုစဉ် က ပြောခဲ့တဲ့ ဆေးပေးမီးယူစကားဟာ ဘယ်မှာလဲလို့ ပြန်လည်သတိရလိမ့်မယ် ထင်ပါတယ်။

မိမိအိမ်ထောင်ဖက်က ဘ၀တစ်ပါးပြောင်းသွားလို့ ကျန်တဲ့သူက ဖြစ်သလိုဘ၀ကို လျှောက်လှမ်းရတာဆို ခံသာပါပေတယ်။ ဒါပေမဲ့ နှစ်ဦးလုံး အသက်ရှင်ရှိနေပါလျက် တစ်ယောက်တည်း လမ်းမပေါ်မှာ အဖော်မပါဘဲ လမ်းမလျှောက်နိုင်တာကို လမ်းလျှောက် နေရခြင်း၊ လိုင်းကားစီးတဲ့အခါ မလှုပ်နိုင်မသွားနိုင်ဖြစ်နေပေမဲ့ လျှောက်လှမ်းနေရခြင်းတွေဟာ တကယ်တမ်း မိမိအတွက် ဆေးပေးမီးယူစကားအတိုင်းဆို မဖြစ်သင့်ပါ။ အဲဒီအတိုင်းမဟုတ်လို့ ခုလို တစ်ယောက်တည်းနဲ့ ဘ၀ခရီးလမ်းကို လျှောက်လှမ်းနေကြရတာမို့ ဆေးပေးမီးယူဆိုတဲ့အကြောင်းပြချက်ဟာ မှန်ကန်မှုမရှိဘူးဆိုတာ သိသာနေပါတယ်။

တချို့က တစ်ယောက်ဆိုတစ်ယောက်၊ မင့်မှမင့်ပါဆိုပြီး ပြောဆိုတတ်ကြပေမဲ့ မိမိပြောဆိုထားတဲ့လူနဲ့ မပေါင်းသင်းရရင် လည်း တခြားလူကို စိတ်နဲ့တောင် မပြစ်မှားသင့်ပါဘူး။ ခုတော့ အဲဒီလိုမဟုတ်ကြဘဲ အပေါ်ယံခဏတာ ပါးစပ်ကနေ ပြောပြီးတာနဲ့ လေထဲမှာပျောက်သွားတတ်ကြပြီး မိမိစိတ်ကို မပိုင်ကြပါဘူး။ ဒါကြောင့် မိန်းကလေးဖြစ်စေ၊ ယောက်ျားလေး ဖြစ်စေ ချစ်ခင်ဖို့၊ ဘ၀ခရီးဖော်ရဖို့၊ အိမ်ထောင်ပြုဖို့အတွက် မိမိကသာ လူပီသပါက ခဲယဉ်းသော အရာမဟုတ်ဘူးဆိုတာ သိရှိထားကြပါ။ အဓိကမိန်းဟာ ဒီဘ၀မှာ နောက်ဘ၀များစွာအတွက် ရိက္ခာကောင်းတွေ များများ စုသွားနိုင်ဖို့ပါပဲ။

အဲဒီတော့ ရခဲလှတဲ့ ဘ၀ကောင်းလေး၊ ရှိခဲ့လှတဲ့ သူတော်ကောင်းတရားလေး၊ ကြုံခဲလှတဲ့ သာသနာထွန်းကားနေ ချိန်လေးမှာ အချစ်ရေးနဲ့ ဘာသာရေးကို စဉ်းစားတဲ့အခါ ဒီဘ၀ထက် နောက်နောင်ဘ၀တွေအတွက်ကို အဓိကထား စဉ်းစားပြီး ပြုလုပ်သွားကြရမယ်ဆိုတာ မမေ့ကြပါနဲ့။ ဘာသာရေးအယူမှားမှုဟာ ဘာမှမဟုတ်ပါဘူးဆိုပြီး ဖြစ်သလိုစဉ်းစား ဆုံးဖြတ်ကာ အယူမှားမှုဘက်ကိုလိုက်သွားမိရင် မိမိတစ်ဘ၀စာ ကောင်းစားခဲ့မယ်ဆိုရင်တောင် နောက်နောင် ဘ၀များစွာမှာ ဒုက္ခများစွာ ခံစားရမှာမို့ ထိုက်တန်တဲ့ပေးဆပ်မှု မဟုတ်ဘူးဆိုတာ သေချာစဉ်းစားကြည့်ရင် သိပါလိမ့်မယ်။

ဒါကြောင့် ရခဲလှတဲ့မိမိရဲ့ဘ၀လေးကို တစ်ဘ၀စာကြည့်ပြီး ဘာသာအယူ လွဲမှားမှုများမဖြစ်အောင် သတိတရားအမြဲထာဝစဉ် ရှိနေကြပါလို့ တိုက်တွန်းရင်း စာဖတ်ပရိတ်သတ်အားလုံး အသိဉာဏ်များတိုးပွားပြီး ကိုယ်စိတ်နှစ်ပါးချမ်းသာကာ ပန်းတိုင်ကို လျင်မြန်စွာ ရောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းပေးလျက်……………။

ဒီဆောင်းပါးလေးကတော့ ဒီတစ်ပါတ်နည်းနည်းအချိန်ရတာနဲ့ ဂျာနယ်မှာရေးပေးလိုက်တဲ့ ပညာပေးဆောင်းပါးလေးပါ။ ဂျာနယ်ကို Download ဆွဲဖတ်ချင်ရင်တော့ http://www.thithtoolwin.net/2012/07/shade-weekly-journal-july-18-to-24.html မှာ ဆွဲယူဖတ်ရှု့နိုင်ပါတယ်။


Thursday, July 19, 2012

Presentation in University Of Kelaniya

ယနေ့ မိမိတက်ရောက်ပညာသင်ကြားနေတဲ့ ကေလနိယတက္ကသိုလ်မှာ M.phil ကနေ Ph.D တက်ရန် Presentation လုပ်တဲ့ သီရိလင်္ကာလူမျိုးတစ်ယောက်၊ Ph.D ကျမ်းပြီးလို့ Presentation လုပ်တဲ့ သီရိလင်္ကာလူမျိုးတစ်ယောက်နဲ့ Ph.D ကျမ်းပြီးလို့ Presentation လုပ်တဲ့ မြန်မာရဟန်းတော်တစ်ပါး စုစုပေါင်း(၃)ဦး တက္ကသိုလ်စည်းဝေးခန်းမမှာ စည်းဝေးထိုင်ကြပါတယ်။ အဲဒီအစည်းဝေးကို ဦးဇင်းလည်း နောက်တစ်ချိန်ကြုံတွေ့ရမဲ့ဟာမို့ သွားရောက်လေ့လာခဲ့ရာ မနက်(၁၁)နာရီကနေ ညနေ(၂)နာရီထိုးခါနီးမှ ပြီးဆုံးသွားခဲ့ပါတယ်။

Wednesday, July 18, 2012

လောကတွင် အမှန်တကယ်ရှိသောအရာများ

မေး။ ။ ကားဆိုတာ အမည်သာ မရှိတာပါ။ အစိုင်အခဲအနေနဲ့တော့ ရှိပါတယ်။ အစိုင်အခဲအနေနဲ့မရှိဘူးဆိုရင် ဘာဖြစ်လို့ ကားတိုက်ရင် သေရပါသလဲဘုရား။ အဲ့ဒီအချက်လေး ကို ဖြေကြားပေးတော်မူပါ။

Sunday, July 15, 2012

လောကသုံးပါးဆိုသည်မှာ

 မေး။ ။ ဘုရားရှိခိုးတဲ့အခါ လောကသုံးပါးအကြောင်းကို မြန်မာလို သိချင်ပါတယ်။ တပည့်တော်တင် မကဘူး။ သူငယ်ချင်းတွေပါ သိချင်နေတာမို့ အရှင်ဘုရားဝက်ဆိုဒ်ပေါ်မှာ တင်ပေးပါဘုရားဆိုတာနဲ့ တင်ပေးလိုက်ပါတယ်။

ဖြေ။ ။ လောကသုံးပါးဆိုသည်မှာ
၁။ သတ္တလောက-လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့ရဲ့ လောက။
၂။ သင်္ခါရလောက-ပြုပြင်စီရင် ပြောင်းလဲနေသော လောက။
၃။ သြကာသလောက-တော၊ တောင်၊ ရေ၊ မြေ သက်မဲ့လောကတို့ ဖြစ်ပါတယ်။

အများနားလည်အောင် ပြောရမယ်ဆိုရင် သက်ရှိလောက၊ သက်မဲ့လောက၊ အဲဒီသက်ရှိ၊ သက်မဲ့တို့ ပြုပြင်ပြောင်းလဲနေတဲ့လောက အားလုံးကို မြတ်ဗုဒ္ဓက သိမြင်တော်မူခြင်းကြောင့် မြတ် ဗုဒ္ဓဟာ လောက၀ိဒူဆိုတဲ့ဂုဏ်နဲ့ပြည့်စုံနေလို့ အဲဒါကို အာရုံပြုပြီး ရှိခိုးရိုသေလေးစား ပူဇော်ခြင်း ပြုလုပ် ရတာပါ။

Sunday, July 8, 2012

သာသနာကွယ်လျှင် ဗုဒ္ဓအသုံးအဆောင်များ ရှိမရှိ

မေး။ ။ အရှင်ဘုရား။ မသိလို့မေးလျှောက်ခွင့်ပြုပါ။ တပည့်တော်လေ့လာမိသလောက်ဆိုရင် ဘုရားရှင်တစ်ဆူရဲ့ သာသနာကွယ်တယ်ဆိုရင် ထိုဘုရားရှင်၏ ဓါတ်တော်၊ မွေတော်၊ အသုံးအဆောင်တို့သည် မြူမှုန်စာမျှမရှိအောင် ကွယ်တယ်လို့သိရပါတယ်။ ဒါဟုတ်ပါသလားဘုရား။ ဟုတ်တယ်ဆိုရင်လဲ ရွှေတိဂုံစေတီတော်မှာ ဘုရားလေးဆူရဲ့အသုံးအဆာင်တွေက ဘာလို့မကွယ်ဘဲ ရှိနေရတာလဲဘုရား။ နောက်ပြီး ကမ္မ၀ါစာက ဘုရားဟောပါလားဘုရား။ ဘာလို့အရမ်း အစွမ်းထက်တာလဲဆိုတာ သိပါရစေဘုရား။ တပည့်တော် မရှင်းတာလေးတွေမို့ပါ။

Saturday, June 30, 2012

တိုင်းတာလို့မရနိုင်တဲ့ ဆွမ်းကပ်ပွဲလေး

(၂၉. ၀၆. ၂၀၁၂) သောကြာနေ့မှာ မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် အရှင်ဇ၀နကို အမှူးထား၍ တပည့်ဖြစ်သူ အရှင်ကောမလ(ခ)ဆန်နီနေမင်းမှ နေ့ဆွမ်းကပ်လှူခဲ့ပါတယ်။ သီရိလင်္ကာရောက် မြန်မာသံဃာ(၂၀၀)ကျော်ရှိရာ အဝေးရောက်သံဃာများကို ကားကြိုဖို့လုပ်ပြီး ဆွမ်းကပ်ခဲ့လှူတဲ့အတွက် သီရိလင်္ကာနိုင်ငံ၊ မြန်မာကျောင်း ဆွမ်းကပ်သက်တမ်းတစ်လျှောက် မကြုံဖူးသော သံဃာများကြွရောက်မှုကို တွေ့မြင်ရခြင်း၊ ဆန်ကီလို(၃၀)နဲ့ ဆီသန့်(၁၂)လီတာ မကုန်သဖူး ပြတ်လပ်ကာ ကုန်ခဲ့ခြင်း၊ ပုဇွန်တုတ်ကီလို(၃၀) မလုံလောက်ဖြစ်ခဲ့ခြင်း၊ ဒိန်ချဉ်အိုး (၂၅)အိုး မလောက်သဖြင့် ဒိန်ချဉ်ဗူး(၅၀) ထပ်မံဖြည့်ပေးခဲ့တာကို မလုံလောက်ဘဲ ဖြစ်ခဲ့ရပါတယ်။

တောအရပ်မှာ သီတင်းသုံးနေတဲ့သံဃာများကပင် အရှင်ကောမလပင့်လို့လာတာဆိုပြီး ကြွရောက်ခဲ့ကြတာကိုပါ ဖူးမြင်ရလို့ စိတ်ထဲမှာလည်း အတိုင်းမသိ ၀မ်းသာပီတိ ကြည်နူးမိပါတယ်။ သီဟိုဠ်ကျွန်းတစ်ကျွန်းလုံးရှိ သံဃာများအားလုံးနီးပါး ဆွမ်းကပ်လေးကို ကြွရောက်ကြတဲ့အတွက် ၀ိုင်းဝန်းကူညီလုပ်ကိုင်ပေးကြတဲ့ သူငယ်ချင်းသံဃာများနဲ့ နာယကဆရာတော်များကပင် အရှင်ကောမလ ဆွမ်းကပ်ကတော့ စံချိန်တင်ရုံတင်မကဘူး။ စံချိန်ပါ ကျိုးတယ်ဆိုပြီး ပြောဆိုသံများကို ကြားရတော့လည်း မိမိထင်ထားတာထက် ပိုမိုလှူဒါန်းရတာပဲလို့တွေးတောကာ စိတ်ချမ်းသာမှု ရရှိခဲ့ပါတယ်။

ဦးဇင်းလည်း သီရိလင်္ကာရောက်တဲ့(၂)နှစ်ကျော်အတွင်းမှာ ဆွမ်းကပ်များစွာ ကြုံဖူးရသလို သူငယ်ချင်းများရဲ့ ဆွမ်းကပ်၊ ဒကာ၊ ဒကာမများရဲ့ ဆွမ်းကပ်တွေကို ကိုယ်တိုင်လိုက်ဝယ်ပေးခဲ့တာ မှတ်မှတ်ရရ (၃)ကြိမ်ရှိခဲ့ပါတယ်။ အဲဒီ(၃)ကြိမ်လုံးမှာလည်း ကုန်ချင်သလောက်ကုန်ဆိုပြီး ၀ယ်ခိုင်းခဲ့ကြပေမဲ့ အမေရိကန်ဒေါ်လာ(၅၀၀) မကုန်ခဲ့ပါဘူး။ ခု ကိုယ်တိုင် ဆွမ်းကပ်လေးမှာ လိုလေစိတ်မရှိဘဲ ပိုလျှံအောင်ဆိုပြီး ဒေါ်လာ(၆၀၀)ကျော်ဖိုး ပိုမိုကာ ဈေးဝယ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သံဃာတော်များရဲ့ မိမိအပေါ် စေတနာထားမှုနဲ့ မေတ္တာထားကာ ကြွရောက်ချီးမြှင့်ပေးမှုတို့ကြောင့် မိမိရည်မှန်းထားတာထက် ပိုမိုကာ ဈေးဝယ်ပေးထားသော်လည်း မကျန်တဲ့အပြင် မလုံလောက်အောင်ကို ပါ ဖြစ်ခဲ့ရပါတယ်။ ဒါဟာလည်း ဦးဇင်းရဲ့ သံဃာတော်များအပေါ် စေတနာထားပြီး ဒေါ်လာ(၁၀၀)ကျော် အကုန်ခံကာ ကားနဲ့အကြိုအပို့ စီစဉ်ပေးတဲ့ စေတနာကြောင့်လည်း ပါမယ်ဆိုတာတော့ သေချာပါတယ်။ အဲဒီလို ကိုယ်က စေတနာ မေတ္တာထားလို့ သံဃာတော်များကလည်း မိမိပေါ် စေတနာ မေတ္တာထားပြီး ကြွရောက်ချီးမြှင့်ပေးကြတာပါလေ။

သံဃာတော်များ ဆွမ်းဘုဉ်းမပေးခင် နာယကဆရာတော်က ဆွမ်းအလှူရှင်နာမည်ကြေညာတဲ့အခါမှာ လည်း အရှင်ကောမလ(ခ)ဆန်နီနေမင်းဟာ ကမ္ဘာအရပ်ရပ်ရှိ စာဖတ်ပရိသတ်များအား တရားဟောကြားပေးနေသလို ပြည်တွင်းမှာလည်း မေတ္တာရှင်ဆရာတော်နဲ့အတူ တရားတော် များ ဟောကြားပေးနေတဲ့ ဓမ္မကထိက ဆရာတော်ဖြစ်တဲ့အပြင် ဒေါက်တာလောင်း လျာဖြစ်ကြောင်း ပြောတဲ့အခါ မိမိကိုယ်ကိုယ် ခြေလွတ် မတတ် ဖြစ်သွားခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ထင်ထားတာထက် ပိုမိုချီးကျုးနေတာလို့ ထင်သွားခဲ့လို့ပါ။ ဒါနဲ့ နာယကဆရာတော်က သံဃာတော်များအား ဆွမ်းအလှူရှင် ကြေညာပေးပြီးနောက် မှာ သံဃာတော်များမှ ပရိတ်ရွတ်၊ မေတ္တာ ပို့သံများကို နာကြားရတဲ့အခါ ဦးဇင်းတစ်သက်တာတွင် မဖြစ်ဖူးခဲ့သော ပီတိများ ဖြစ်ခဲ့ရပါတယ်။

‘’ အော်-ငါ ခု ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို အာရုံပြုလှူနေတာ။ သံဃာအားလုံးကလည်း ပရိတ်ရွတ်၊ မေတ္တာပို့နေတာဆိုတဲ့ အသိဉာဏ်ပေါ်ကာ စိတ်ထဲမှာ တကယ့်ကိုပဲ မြတ်ဗုဒ္ဓနဲ့ရဟန်းသံဃာများ ဆွမ်းဒါနအတွက် ချီးမြှင့်ပေးနေတာပါလား”လို့ ၀မ်းသာပီတိတွေ လျှံတက်ခဲ့ရပါတယ်။ ဒီလို ကုသိုလ်စိတ်ဖြစ်တဲ့အတွက် ငါ့ဘ၀မှာ အတိုင်းမသိသော ကြည်နူးဝမ်းမြောက်မှုတွေဖြစ်ရလို့ အတိုင်း မသိသော ကုသိုလ်များရရှိမယ်ဆိုတာ ထူးထွေပြောစရာလိုမယ် မထင်ပေ။

အဲဒီလို ၀မ်းသာပီတိများဖြစ်နေတဲ့အတွက် ဦးဇင်းတစ်နေ့လုံး ဆွမ်းမစားဘဲ နေနိုင်ခဲ့ပါတယ်။ မနက်ခင်းကလည်း ကော်ဖီမစ်လေး တစ်ခွက်သောက်ပြီး ဈေးသွားလိုက်၊ လိုအပ်တာတွေ လိုက်လုပ်ပေးလိုက်၊ ကားစီစဉ်ပေးလိုက်၊ သိမ်းဆည်းပေးရနဲ့ တစ်နေ့သာကုန်သွားပါတယ်။ ဗိုက်ဆာခြင်းလည်းမဖြစ်၊ ဆွမ်းစားချင်စိတ်လည်း မပေါ်ဘဲ ပီတိနဲ့သာ ကုန်လွန်ခဲ့ပါတယ်။ သူများတကာတွေ ဘာမှမစားဘဲ ပီတိနဲ့နေတယ်ဆိုတဲ့အချက်ကို မိမိကိုယ်တိုင်ခံစားရမှ အော်-ပီတိ အရှိန်ကြောင့် အစာမစားဘဲ နေနိုင်ကြတယ်၊ ပီတိဖြစ်ပြီး ကုသိုလ်များတိုးပွားကာ တရားထူးတွေရတယ်။ ဈာန်ပျံနိုင်တာတွေဟာ ငါဖြစ်တဲ့ပီတိထက် သာလွန်တဲ့ပီတိမျိုး ဖြစ်လိမ့်မယ်။ ငါတောင် ဒီလိုအလှူလေး လုပ်လိုက်ရတာကို ပီတိဖြစ်ပြီး တစ်နေ့လုံး ဘာမှမစားဘဲ နေနိုင်သေးရင် ငါထက်သာလွန်သော ကောင်းမှု များလုပ်တဲ့သူတွေဟာ ငါထက်အဆများစွာ ပီတိဖြစ်ပြီး များလှစွာသော ကောင်းကျိုးများရမယ် ဆိုတာ သေချာပါတယ်လို့ ရဲရဲကြီး ထောက်ခံနိုင်သွားပါတယ်။

ပုံမှန်နေ့မျိုးဆို မနက်ခင်း ဘာမှမစားရရင် နေ့ခင်းမှာ ဟင်းမကောင်းရင်တောင် နှစ်ပုဂံလောက် စားနိုင်ပါတယ်။ ခု ဟင်းတွေလည်း အရန်သင့်ရှိနေတာကို ဘာမှမစားချင်တာဟာ တော်တော်တော့ ထူးဆန်းနေတယ်လို့ ခံစားမိခဲ့ပါတယ်။ တကယ်တော့ မိမိစိတ်မှာ အလှူဒါနအတွက် အတိုင်းမသိသော ၀မ်းသာမှုပီတိတွေကြောင့်ဆိုတာ ထင်ရှားနေပါတယ်။

အဲဒီလို သံဃာများအားလုံး ကြွရောက်ချီးမြှင့်ကြတာကို တွေ့မြင်ရတဲ့အခါ ဦးဇင်းတင်မကဘဲ လုပ်အားပေးကြတဲ့ သူငယ်ချင်းသံဃာ(၄၀)ကျော်တို့ကပါ ၀မ်းသာပီတိတွေ ဖြစ်နေကြပါတယ်။ တကယ်တော့ လုပ်အားပေးကြတဲ့ သူငယ်ချင်းတွေ(၄၀)ကျော်ဟာ သူတို့ကိုယ်တိုင် ပင်ပန်းစွာနဲ့ လုပ်အားပေးခဲ့ရပေမဲ့ သံဃာတော်များစွာ ကြွရောက်ပြီး အားရပါးရဘုဉ်းပေးတာကိုမြင်ရတဲ့အခါ သူတို့မစားရလည်း ကိစ္စမရှိပါဘူး။ လာတဲ့သံဃာတွေကို ၀၀လင်လင်ဖြစ်အောင် ကုန်သလောက်ထည့် လိုက်ပေးပါဆိုပြီး ၀မ်းသာအားရနဲ့ လုပ်အားပေးခဲ့ကြတဲ့ သူငယ်ချင်းများရဲ့ စိတ်ဓာတ်ကိုလည်း ချီးကျုးမိခဲ့ပါတယ်။ အခုလို ဦးဇင်းရဲ့ဆွမ်းကပ်ကို အဖက်ဖက်မှပြည့်စုံအောင် ၀ိုင်းဝန်းကူညီပေးကြသော သူငယ်ချင်းအပေါင်းတို့အား တစ်သက်တာမှတ်တမ်းထဲမှာ အမြဲထာဝရမှတ်ထားလျက် ကျေးဇူးတင်နေ လျက်ပါ။

မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် အရှင်ဇ၀နနဲ့ ဒကာ၊ ဒကာမအပေါင်းတို့အားလည်း ယနေ့ပြုသမျှ ကောင်းမှုအားလုံးကို သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြရန် အမျှ(၃)ကြိမ် ပေးဝေ လျက်ပါ….။ နောက်နောင် ထပ်မံလှူဒါန်းနိုင်ပါရစေလို့ ဆုတောင်းလျက်…။
ဆွမ်းအလှူရှင် ကြေညာဆိုင်းဘုတ်
ဆိုင်းဘုတ်နဲ့အလှူရှင် အမှတ်တရ
ကြွရောက်လာသော သံဃာများအား နာယကဆရာတော်မှ ဆွမ်းအလှူရှင် ကြေညာပေးပြီး ပရိတ်မေတ္တာတရားတော်များ ချီးမြှင့်ပေးရန် လျှောက်ထားနေပုံ
ဘုရားဆွမ်းတော်ကပ်နေစဉ်
ဆွမ်းဝိုင်းများ ပြင်ဆင်ပြီး အမှတ်တရ
သံဃာတော်များ ပရိတ်၊ မေတ္တာချီးမြှင့်မှုကို အလှူရှင် အရှင်ကောမလမှ နာကြားနေစဉ်
သံဃာတော်များ ပရိတ်၊ မေတ္တာချီးမြှင့်နေပုံ
သံဃာတော်များ ဆွမ်းဘုဉ်းပေးနေစဉ်
လုပ်အားပေး သူငယ်ချင်းများမှ ပရိတ်မေတ္တာ ချီးမြှင့်ပေးနေပုံ
သံဃာတော်များ ဆွမ်းဘုဉ်းပေးနေစဉ် အမှတ်တရ
သံဃာတော်များ ဆွမ်းဘုဉ်းပေးနေပုံ

သူငယ်ချင်းများ ဆေးကျောင်းသား ပြုလုပ်နေပုံ

မြန်မာ-နီပေါ ဆရာလေးများ လုပ်အားပေးနေပုံ

သူငယ်ချင်းများ ပဲသီးသင်နေပုံ

သူငယ်ချင်းများ လုပ်အားပေးနေပုံ

တောငရုပ်သီးဟင်းပြုလုပ်နေပုံ

ပဲသီးသုတ် လက်စွမ်းပြ နှယ်နေပုံ

တုန့်ယမ်းဟင်းချို

ပုဇွန်တုတ်ဟင်း

အရန်ဟင်းများ

လိုက်ပွဲ ပုဇွန်ဟင်းနဲ့ တုန့်ယမ်းဟင်းချို

ဆွမ်းပွဲပြင်ဆင်ထားပုံ

သူငယ်ချင်းများ ပုဇွန်အခွံခွာနေပုံ

ပုဇွန်ခွာသူကခွာ၊ ကြော်သူက ကြော်နေကြစဉ်

မနက်စောစော ဟင်းချက်ရန် ပြင်ဆင်နေစဉ်

နာယကဆရာတော်မှာ သံဃာများဆွမ်းစားကြွရန် တုံးမောင်းခေါက်နေပုံ

အိုက်တိုးပဂေးဆံ အဖွဲ့သားများ လုပ်အားပေးနေပုံ

ဒီလိုကားများနဲ့ သံဃာများအား ဆွမ်းစားကြွရန် အကြိုအပို့ လုပ်ပေးခဲ့တာ

Sunday, June 24, 2012

ဆွမ်းစားလေးတော့ ကြွစေချင်

(၂၉. ၀၆. ၂၀၁၂) သောကြာနေ့တွင် မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် အရှင်ဇ၀နကို အမှူးထား၍ တပည့်ဖြစ်သူ အရှင်ကောမလ(ခ)ဆန်နီနေမင်းမှ ရှယ်ပုဇွန်တုတ်ဟင်းဖြင့် နေ့ဆွမ်းကပ်လှူပါမည်ဘုရား။ ထို့ပြင် ဆရာလေး မသုသိင်္ဂီမှလည်း ထိုနေ့တွင်ပင် အကြော်ကပ်လှူမည်ဖြစ်ပါသောကြောင့် သီရိလင်္ကာရောက် မြန်မာသံဃာတော်များ မကုဋာရာမမြန်မာကျောင်းတော်သို့ ဆွမ်းဒကာ၊ ဒကာမအပေါင်းတို့အား သနားငဲ့ညာ ကရုဏာထားသောအားဖြင့် ဆွမ်းဘုဉ်းပေးကြွရောက် မူပေးကြပါရန် ခြေတော်ဦးခိုက် ရိုသေလေးမြတ်စွာနဲ့ တပည့်တော်မှ ဒကာ၊ ဒကာမအပေါင်းတို့ကိုယ်စား လျှောက်ထားအပ်ပါသည် သံဃာတော်အရှင်သူမြတ်တို့ဘုရား။

တပည့်တော်ဆွမ်းကပ်သည်ဆိုသည်မှာလည်း တကယ်တော့ တပည့်တော်ကိုယ်ပိုင် ပိုက်ဆံများမဟုတ်ပါ။ ဆရာတော်မှ ထောက်ပံ့ပေးမှုကြောင့် တရားပွဲများတွင် ရရှိသောငွေနဲ့ ကျောင်းစရိတ်၊ စာအုပ်စာတမ်းများအတွက် လှူဒါန်းကြသော ဒကာ၊ ဒကာမအပေါင်းတို့ရဲ့ ၀တ္ထုငွေများကို တပည့်တော် ဒကာ၊ ဒကာမများအား ပြောထားသည့်အတိုင်း ကုသိုလ်များထပ်မံတိုးပွားအောင် တပည့်တော်မှ ပြန်လည်၍ အလှူဒါနကုသိုလ် ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်ဘုရား။

တစ်ခါတလေကျတော့လည်း အလှူဒါနပေါင်းများစွာကို ပြုလုပ်ကြပေမဲ့ မိမိနှစ်သက်ဝမ်းမြှောက် စွာ စေတနာပါပါနဲ့ ခက်ရခက်ဆစ်လှူဒါန်းရတဲ့ အလှူဒါနကိုမှ စိတ်ထဲတွင် စွဲကျန်ရစ် မှတ်မိကြတာမျိုး ရှိကြပါတယ်။ ဥပမာ-သီဟိုဠ်ဘုရင်တစ်ပါးဖြစ်တဲ့ ဒုဋ္ဌဂါမဏိမင်းကြီးဟာ အလှူဒါနမျိုးစုံကို ပြုလုပ်ခဲ့ပါတယ်။ သို့ပေမဲ့လည်း သူ့တစ်သက်တာတွင် ခက်ရခက်ဆစ်နဲ့ တောထဲမှာ လှူဒါန်းခဲ့ရတဲ့ ဆွမ်းအလှူဒါနကိုပဲ စိတ်ထဲစွဲကျန်နေခဲ့သလို တပည့်တော်လည်း ကျေးဇူးရှင်ဆရာတော်နဲ့ဒကာ၊ ဒကာမတို့ရဲ့ ကျေးဇူးကို ဆပ်သောအားဖြင့် ပြည်ပတွင် ခဲယဉ်းစွာပညာသင်နေကြသည့် သံဃာတော်များအား ဆွမ်း လှူဒါန်းခြင်း ဖြစ်ပါတယ်ဘုရား။

သို့ပါကြောင့် သံဃာတော်များအနေဖြင့် တပည့်တော်လှူဒါန်းသော ဆွမ်းအလှူကို မေတ္တာရှေ့ထားပြီး ကြွရောက်ပေးတော်မူကြပါရန် ရိုသေလေးမြတ်စွာ ခြေတော်ဦးခိုက် လျှောက်ထားလိုက်ပါတယ်ဘုရား။ တပည့်တော်ဆွမ်းအလှူတွင် ဝေယျာဝစ္စပြုလုပ်ပေးကြမည့် သူငယ်ချင်းသံဃာတော်များကိုတော့ တပည့်တော် လမ်းစရိတ်တာဝန်ယူပါတယ်ဘုရား။



ဆရာတော်နဲ့ဒကာ၊ ဒကာမတို့ကိုယ်စား

အရှင်ကောမလ(ခ)ဆန်နီနေမင်း

Friday, June 22, 2012

မြတ်ဗုဒ္ဓရဲ့ဆံတော်နဲ့နားရွက်တော် အနေအထား

မေး။ ။ ဗုဒွ၏ဦးခေါင်းထက်မှာ ဆံတော်တကယ်ထုံးတာလား။ ပုံတော်တွေထဲမှာပဲ ရှိတာလား။ ဦးခေါင်းထက်က အဖု့အဖု့လေးတွေက ဘာကြောင့်လဲ။ နားရွက်တော်က လူသာမန်ထက် ဘာကြောင့်ရှည်နေရပါသလဲ။ ဘုရားရှင်က လူသာမန်နဲ့နှိုင်းလို့ မရတာကို လက်ခံပါတယ်။ ဘာသာခြားများက မေးလာလျှင် အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ သိချင်လို့ပါဘုရား။

ဖြေ။ ။  ဗုဒ္ဓရဲ့ဆံတော်နဲ့ပတ်သတ်ပြီး ဖြေပေးရမယ်ဆိုရင် မြတ်ဗုဒ္ဓကို အဂ္ဂိဘာရာဒွါဇပုဏ္ဏားနဲ့ သိင်္ဂါရ၀ပုဏ္ဏားတို့က ဦးပြည်းကတုံးစုတ် လို့ နှိပ်ချပြောဆိုခဲ့ဖူးပါတယ်။ ဒါပြင် မြတ်ဗုဒ္ဓကိုယ်တိုင်လည်း ဆံပင်မုတ်ဆိတ်တို့ကိုရိတ်ပြီး ဖန်းရည်ဆိုးအ၀တ်ကိုဝတ်ကာ ရဟန်းပြုခဲ့၏ဟု သစ္စကဆရာကြီးကို မိန့်တော်မူခဲ့ပါတယ်။

ရဟန်းသံဃာများ ဆံပင်ထားခြင်းပတ်သတ်ပြီး ဆဗ္ဗဂ္ဂီရဟန်းတွေ ဆံပင်အရှည်ထားတာမြင်တဲ့အခါ လူအများက ဒီလိုဆံပင်ရှည်ထားရင် လူတွေနဲ့အတူတူဖြစ်နေမှာပေါ့လို့ ပြောဆိုကဲ့ရဲ့ကြတဲ့အတွက် မြတ်ဗုဒ္ဓက ကာလအားဖြင့်(၂)လရှိသောဆံပင်၊ ပမာဏအားဖြင့် လက်နှစ်သစ်ရှိသော ဆံပင်အရှည်ထိသာ ငါဘုရားရှင် ခွင့်ပြုတော်မူ၏လို့ မိန့်တော်မူခဲ့ပါတယ်။

ယခုခေတ် မြန်မာရဟန်းတော်များက များသောအားဖြင့် တစ်ပါတ်တစ်ကြိမ် ရိတ်ကြပါတယ်။ ထိုင်းနိုင်ငံကတော့ လပြည့်၊ လကွယ်နေ့တိုင်း သံဃာအားလုံး ရိတ်ကြတယ်လို့ သိရပါတယ်။ သီရိလင်္ကာ၊ လာအို၊ ကမ္ဗောဒီယားတို့ကတော့ တစ်လလောက်ထိ ဆံပင်အရှည်ထားတဲ့ သံဃာများရှိသလို တစ်ပါတ် တစ်ကြိမ်လည်း ရိတ်ကြပါတယ်။

မြတ်ဗုဒ္ဓရဲ့ညီတော်ဖြစ်တဲ့ ရှင်နန္ဒမထေရ်ဟာ မြတ်စွာဘုရားရှင်နဲ့ အရပ်အမောင်းတူတဲ့အတွက် မြတ်စွာဘုရားသင်္ကန်းကို တစ်ရက်မှာဝတ်ရုံလာတဲ့အခါ သံဃာများက ရှင်နန္ဒမထေရ်ကို မြတ်စွာဘုရားရှင်ဟု အမှတ်မှားခဲ့ကြပါတယ်။ ရဟန်းသံဃာများသာ ခေါင်းရိတ်ရပြီး မြတ်ဗုဒ္ဓက ဦးခေါင်းမရိတ် ဘူးဆိုရင် ရှင်နန္ဒနဲ့မြတ်စွာဘုရားဟာ မှားစရာအကြောင်း မရှိပါဘူး။ ဒါကြောင့် စာပေများတွင် ဖော်ပြထားတာများကို ထောက်ဆကြည့်ပါက မြတ်ဗုဒ္ဓရဲ့ဦးခေါင်းမှာ သာမာန်ရဟန်းများကဲ့သို့ ဆံတော်များပင် ရှိနေမှာပါ။

နှောင်းခေတ်ကျမ်းတွေဖြစ်တဲ့ ဇာတ်အဋ္ဌကထာတို့မှာတော့ မြတ်ဗုဒ္ဓရဲ့ဦးခေါင်းပေါ်မှာ ရစ်ခွေနေတဲ့ လက်နှစ်သစ်လောက် ဆံပင်ရှည်ရှိတယ်။ မုတ်ဆိတ်မွှေးလည်း အနေတော်မျှ ရှိတယ်။ အသက်ထက်ဆုံး ဆံပင်နဲ့မုတ်ဆိတ်တို့ဟာ ထိုထက်ပိုမရှည်ဘဲ ရှိနေကြတယ်လို့ ဖွင့်ဆိုပြထားပါတယ်။

မြတ်ဗုဒ္ဓပုံတူ ဆင်းတုတော်ကို ထုလုပ်ကြတဲ့ ပန်းပုဆရာတွေထဲမှာ တချို့က ဆံပင်ကို ပယ်ထားပြီး တချို့က ညာဘက်ကို ရစ်ခွေနေတဲ့ လက်နှစ်သစ်ဆံပင်ပုံပါတာကို တွေ့ရပါတယ်။ တချို့ဆင်းတုတော်တွေရဲ့ အလယ်တည့်တည့်မှာ မြတ်ဗုဒ္ဓရဲ့ သဗ္ဗညုတဉာဏ်ကို ကိုယ်စားပြုတဲ့အနေနဲ့ ဆံပင်ပေါ်က သန်လျက်ပုံ ရှည်ရှည်မျှောမျှော တစ်ခုပါနေတာကို တွေ့ရပါတယ်။ ဒါကတော့ ပထမမေးခွန်းဖြစ်တဲ့ ဗုဒ္ဓဆံတော်နဲ့ ပတ်သတ်ပြီး သိရှိသမျှကို ဖြေပေးလိုက်တာပါ။

ဒုတိယမေးခွန်းဖြစ်တဲ့ ဗုဒ္ဓရဲ့နားရွက်တော်နဲ့ပတ်သတ်ပြီး ဖြေပေးရမယ်ဆိုရင် မြတ်ဗုဒ္ဓမှာ သာမာန်လူတို့ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့မတူသော လက္ခဏာကြီး(၃၂)ပါးဆိုတာ ရှိပါတယ်။ အဲဒီ(၃၂)ပါးထဲမှာတော့ နားရွတ်တော်ဆိုတာ မပါရှိပါဘူး။ လက္ခဏာတော်(၈၀)ထဲမှာတော့ အာယတ ရုစိရကဏ္ဏတာ-ရှည်ပြီး လှပတင့်တယ်သော နားရွတ်တော်ရှိခြင်းဆိုတာတော့ တွေ့ရပါတယ်။ သာမန်လူတို့ထက် ထူးခြားစွာရှိပေမဲ့ အချိုးအစားကျပြီး ကြည့်ကောင်းရုံ အနေအထားလောက်ပဲ ရှိမှာပါ။ ကြည်လို့မကောင်းအောင် ပခုံးတော်ကိုထောက်နေတဲ့ အနေအထားထိတော့ ရှည်လိမ့်မယ်လို့ မထင်ပါ။ ပန်းပုဆရာတွေက အောက်ကျိုးမကျအောင် နားရွတ်တော်ကို ပခုံးမှာ ထောက်ပေးထားခြင်း ဖြစ်နိုင်ပါတယ်။ တချို့ဆင်း တုတော်တွေဆို နားရွက်တော် အလွန်ကြီးမားတာမျိုးတွေရှိသလို နားရွက်အောက်တည့်တည့်မှာ နားရွက်အနေအထား မရွေ့အောင် သံချောင်းရှည်တွေ ထည့်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် တချို့ဆင်းတုတော်များမှာ မြတ်ဗုဒ္ဓရဲ့ နားရွက်တော် ကြည့်မကောင်းဖြစ်နေတာမျိုးသည် ပန်းပုပညာရှင်များရဲ့ ပညာစွမ်းရည်နဲ့ စိတ်ကူးပိုင်းတို့နဲ့သာ သက်ဆိုင်ပါတယ်လို့ ထင်မြင်မိပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

(မ၊ ၂၊ ၄၂၄။ သုတ္တနိ၊ ၂၉၇။ ၀ိ၊ ၄၊ ၂၄၀။ မ၊ ၁၊ ၃၀၃။ မ၊ ၂၊ ၄၂၄။ ဇာ၊ ဋ္ဌ၊ ၁၊ ၇၄။)တို့တွင် အကျယ်ကြည့်လိုပါက ကြည့်ရှု့နိုင်ပါတယ်။

 ဖြစ်နိုင်ချေ အနီးကပ်ဆုံး မြတ်ဗုဒ္ဓပုံတော်ကို တင်ပေးလိုက်ပါတယ်။

စာဖတ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်……။

Monday, June 18, 2012

သေခါနီးမှာ ဘာအရေးကြီးဆုံးလဲ အပိုင်း(၄)

ဦးဇင်း မြန်မာပြည်မှာ ဟောကြားခဲ့တဲ့ တရားတော်များကို ပြည်ပရောက် စာဖတ်ပရိသတ်များ ကြည့်ရှု့နာကြားနိုင်အောင် တင်ပေးလိုက်ပါတယ်။ ပြည်တွင်းကလူတွေကတော့ မေတ္တာရှင်(ရွှေပြည်သာ) အရှင်ဇ၀နဆရာတော်ရဲ့ မန်းလေးကျောင်းတိုက်မှာဖြစ်စေ၊ မှော်ဘီရိပ်သာမှာဖြစ်စေ၊ တရားခွေရောင်းတဲ့ ဆိုင်တွေမှာလည်း ဆရာတော်ရဲ့ မှော်ဘီကျောင်းတိုက် သင်္ကြန်အတွင်းဟောတဲ့ သုဒ္ဓ၀ိပဿနာ တရားခွေလို့ မေးဝယ်ရင်လည်း ရနိုင်ပါတယ်။ ဒါပြင် ဖုန်း 09-5180684။ 0943207891 တို့မှာလည်း ဓမ္မဒါနအဖြစ် ပေးလှူနေသဖြင့် ဆက်သွယ်ယူနိုင်ပါတယ်။

 

သေခါနီးမှာ ဘာအရေးကြီးဆုံးလဲ အပိုင်း(၃)

သေခါနီးမှာ ဘာအရေးကြီးဆုံးလဲ အပိုင်း(၂)

သေခါနီးမှာ ဘာအရေးကြီးဆုံးလဲ အပိုင်း(၁)

Friday, June 15, 2012

ငရဲထိန်းနဲ့ယမမင်းအကြောင်း သိကောင်းစရာ

မေး။ ။ ဆရာတော်ဘုရား တပည့်တော် မသိတာလေးတစ်ခုမေးချင်ပါတယ်။ အပါယ်လေးဘုံမှာ ငရဲကျခံရမဲ့ ငရဲသားတွေကို လှံနဲ့ထိုး၊ သံရေပူထဲထည့်ကြော်၊ ဆူးပင်ပေါ်တတ်ခိုင်း၊ မီးတောင်ပေါ် တတ်ခိုင်းနေတဲ့ ငရဲထိန်းတွေဟာ ဘာအကုသိုလ်ကံကြောင့် အဲလိုငရဲမှာ လာသမျှငရဲသားတွေကို သတ်ပေးနေရတာလဲ သိချင်လို့ပါ။ စာအုပ်တော်တော်များများမှာ ငရဲသားတွေအကြောင်း ရေးထားပေမယ့် သူတို့အကြောင်းကို ရေးတာသိပ်မတွေ့လို့ သိချင်ပါတယ်ဘုရား။ အရှင်ဘုရား အချိန်ရရင်ဖြေပေးတော်မှုပါ။
ဖြေ။ ။ ပထမဦးဆုံး မေးခွန်းရှင်သိချင်တဲ့ ငရဲဘုံရောက်ရခြင်းအကြောင်းကို ပြောပြပေးပါမယ်။ ငရဲကိုဘယ်လိုကံကြောင့်ရောက်ရလဲဆိုတာကို မြတ်ဗုဒ္ဓသိမြင်တော်မူခဲ့တဲ့အတိုင်း ဒေ၀ဒူတသုတ်တော်မှာ ဟောခဲ့တာကို ဖော်ပြပေးရမယ်ဆိုရင် သတ္တ၀ါတစ်ဦးတစ်ယောက်သည် ကာယကံ၊ ၀စီကံ၊ မနောကံသုံးပါးတို့နဲ့ မကောင်းမှုပြုလုပ်ခဲ့၏။ အရိယာပုဂ္ဂိုလ်ကို စွပ်စွဲပြစ်မှားခဲ့၏။ မှားသောအယူ၏။ ထိုမှားသောအယူဖြင့် မကောင်းမှုတွေကို ပြုလုပ်၏။ ထိုသို့သောသူများသည် သေလွန်လျှင် ငရဲသို့ ကျရောက်ရလေ၏။ ဒါက ငရဲဘုံကို ရောက်ရခြင်းအကြောင်း ကံတွေကို မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့အတိုင်း ရေးသားတင်ပြပေးလိုက်တာပါ။

ငရဲဘုံတွင် ငရဲသူ ငရဲသားများ အမျိုးမျိုးခံရပုံတို့ကို နိမိဇာတက (နေမိဇာတ်)၊ ဒေ၀ဒူသုတ်၊ အင်္ဂုတ္တရ တိကနိပါတ စသည်တို့၌ ပါရှိပါတယ်။ ပါဠိတော်များဖြစ်၍ ဘုရားဟော ဖြစ်ပါတယ်။ ယင်းပါဠိတော်များ၌ပင် တမေနံ ဘိက္ခဝေ နိရယပါလာ နာနာဗာဟာသု ဂဟေတွာ၊ နိရယပါလာ ပဉ္စ၀ိဓဗန္ဓနံ နာမ ကမ္မကရဏံ ကရောန္တိ-စသည့် ဟောတော်မူချက်များကို ထောက်ဆကြည့်ရင် ငရဲထိန်းများရှိသည်မှာ ထင်ရှားပါတယ်။ ယင်းငရဲထိန်းတွေဟာ နိရယ သံဝတ္တနိက ကမ္မတောဟိ အညေနေ၀ကမ္မုနာ တေ နိဗ္ဗတ္တန္တိ။ ရက္ခသဇာတိ ကတ္တာ-ဟု အင်္ဂုတ္တရအဋ္ဌကထာ ဒေ၀ဒူတသုတ် အဖွင့်တို့တွင် တွေ့ရှိချက်အရ ငရဲထိန်းသတ္တ၀ါများမှာ ဘီလူး ရက္ခိုသ် အမျိုးဇာတိများဖြစ်၍ ငရဲ၌ သွားရောက်ဖြစ်စေသောကံကြောင့် ငရဲတွင် ငရဲထိန်းဖြစ်၍ ငရဲသူ ငရဲသားများအား နှိပ်စက်နေကြကြောင်း ဖွင့်ဆိုထားပါတယ်။

အဲဒီတော့ ငရဲထိန်းဆိုတာ စတုမဟာရာဇ်နတ်မျိုးဝင် နတ်ဘီလူး နတ်ရက္ခိုသ်များဖြစ်ပြီး သူတို့ရဲ့အလုပ်မှာ အနည်းငယ်သောအကုသိုလ်ဖြင့် ငရဲကျရောက်လာသူများကို ယမမင်းထံပို့ပေးခြင်း၊ ငရဲသို့ရောက်ပြီးသူများကို သင့်လျော်တဲ့ မကောင်းမှုအလျှောက် ပြုလုပ်ဆောင်ရွက်ပေးရပါတယ်။ ဒါပြင် လက်မရွံ့အာဏာသားများကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ သတ်ပုတ်ရိုက်နှက်ခြင်းတို့လည်း ပြုလုပ်ပေးရ ပါတယ်။ ငရဲမီးစသော အန္တရာယ်တွေဟာ ကံကြောင့်ဖြစ်ရသော ကမ္မပစ္စယ ဥတုဇရုပ်များဖြစ်ရကား ငရဲခံမည့်သူ၌သာပူလောင်၍ ငရဲထိန်းတို့မှာ ပူလောင်ခြင်းမရှိပါ။

စတုမဟာရာဇ်နတ်တို့တွင် အပါအ၀င်ဖြစ်တဲ့ ဝေမာနိက ပြိတ္တာမင်းကို “ယမမင်း” ဟုခေါ်ပါတယ်။ ထိုယမမင်းဟာ တစ်ခါတစ်ရံ နတ်စည်းစိမ်ကိုခံစားပြီး တစ်ခါတစ်ရံ မကောင်းမှုကံ အကျိုးကို ရိုးရိုးသာမာန်ပြိတ္တာများကဲ့သို့ ခံစားရရှာပါတယ်။ ယမမင်းဆိုတာကလည်း တစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲ အများကြီးရှိပါတယ်။ လူ့ဘုံတွင် လုပ်ငန်းအတွက်၊ စည်းဝေးအတွက် ရုံးထိုင်ကြသလို ယမမင်းများလည်း ငရဲဘုံရဲ့ တံခါးလေးဖက်တို့၌ ရုံးစိုက်ကြပြီးလျှင် ငရဲရောက်လာသူများကို စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ကြပါတယ်။

ငရဲသို့ ရောက်လာသူတိုင်းကို စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ကြတာတော့ မဟုတ်ပါဘူး။ မကောင်းမှု အကုသိုလ်ကြီးမားသူများကတော့ တစ်ခါတည်းငရဲသို့ ကျခံရပါတယ်။ ကုသိုလ်ကောင်းမှုများပြီး အနည်းငယ်သော မကောင်းမှုလေးကို အာရုံပြုမိလို့ဖြစ်စေ၊ သတိလက်လွတ်ဖြစ်လို့ဖြစ်စေ ငရဲသို့ ရောက်လာသူများအား ငရဲမှလွတ်လိုလွတ်ငြားအနေအားဖြင့် ယမမင်းထံ အစစ်အဆေးခံခွင့်ရပြီး ကောင်းမှု ကုသိုလ်များသူဆိုရင် ငရဲမှလွတ်ပြီး ကျန်တဲ့သင့်လျော်ရာဘုံဌါနများကို ရောက်ရှိခံစားရပါတယ်။ ဒါကြောင့် ယမမင်း၏စစ်ဆေးမှုမှာ အပြစ်ရှာလို၍မဟုတ်။ လွတ်သင့်ကလွတ်ခွင့်ရစေလိုသောကြောင့် ယမမင်းက စစ်ဆေးပေးခြင်း ဖြစ်ပါတယ်။ ယခုခေတ်အလိုဆို အယူခံရုံးမင်းများနဲ့ အလားတူပါတယ်။ အဲဒီတော့ ယမမင်းဆိုတာ တရားစောင့်တဲ့ မင်းကောင်းမင်းမြတ်လို့ ပြောနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ ငရဲဘုံဖြစ်ရခြင်း၊ ငရဲထိန်းဖြစ်ရခြင်း၊ ယမမင်းဖြစ်ရခြင်းနဲ့ သူတို့အကြောင်း တို့ကို နားလည်လောက်ပြီ ထင်ပါတယ်။ ငရဲသားများ ဘယ်လိုဆင်းရဲဒုက္ခခံစားရသလဲ၊ ယမမင်းက ဘယ်လိုစစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်သလဲဆိုတာတွေကတော့ စာဖတ်ဝါသနာပါသူဆိုရင် ဖတ်မှတ်ပြီး သားဖြစ်မှာမို့ သိနေလောက်ပါပြီ။ စာဖတ်ပရိသတ်များအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာကာ ချမ်းသာမှု ခံစားရာအမှန်ကို ရောက်ရှိအောင်ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်……။