Tuesday, January 18, 2011

ဆန်နီနေမင်း အမေးအဖြေ အောင်မြေနဲ့ပတ်သတ်၍

ဦးဇင်းဘုရား တပည့်တော် မေးလျှောက်စရာလေး ရှိပါတယ်ဘုရား။ ဘုရားစေတီ တွေမှာ အောင်မြေဆိုပြီး သတ်မှတ်ထားတဲ့ ကိစ္စပါဘုရား။ အဲဒါ ဘုရားဟော ပိဋကတ်တော်တွေမှာ ပါ/မပါ သိပါရစေဘုရား။ အကျိုးထူးကွာခြားမှုလည်း သိချင်ပါတယ်ဘုရား။ ဦးဇင်း အချိန်ရရင် ပို့ရေးတင်ပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဦးဇင်းဘုရား။

အင်း ဘုရားဟောထဲမှာတော့ ဦးဇင်းသိသလောက် အောင်မြေနေရာ သီးသန့်ဌာနတစ်ခုအဖြစ် ဟောကြားထားတာ မတွေ့ဖူးပါ။ မြတ်စွာဘုရားရှင်သည် ဗောဓိညောင်ပင်ရင်း၌ပင် ကိလေသာ အားလုံးကိုလည်း အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့တယ်။ အောင်ခြင်းရှစ်ပါးကိုလည်း အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ထိုဗောဓိညောင်ပင်မြေနေရာကို အောင်မြေဟု သတ်မှတ်ကြပါတယ်။


ဘုရင်တစ်ပါးသည် သူစစ်အောင်မြင်နေရာကို သူ၏အောင်မြေဟု သတ်မှတ်သကဲ့သို့ ကျန်သောသူများသည်လည်း မိမိတို့ဆိုင်ရာ အောင်မြင်သော နေရာများကို အောင်မြေဟု သတ်မှတ်လေ့ရှိကြပါတယ်။

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အဓိကအောင်မြေကတော့ မြတ်ဗုဒ္ဓ ကိလေသာများကိုရော အောင်ခြင်းရှစ်ပါးကိုရော အောင်မြင်ခဲ့တဲ့ ဘုရားဖြစ်ရာ ဗောဓိညောင်ပင်မြေနေရာပဲ ဖြစ်ပါတယ်။ ထိုမြေနေရာမှ မြေများကိုယူကာ မိမိတို့နေရာအသီးသီးသို့ ယူဆောင်ပြီး အောင်မြေနေရာအဖြစ် သတ်မှတ်ကြပါတယ်။

စာရေးသူတို့ မြန်မာနိုင်ငံရှိ စေတီများတွင် အောင်မြေနေရာအဖြစ် သီးသန့်နေရာလေးတွေရှိတာ တွေ့ဖူးပါတယ်။ အဲဒီနေရာလေးသည် အိန္ဒိယနိုင်ငံ ဗောဓိညောင်ပင်မြေနေရာမှ မြေများကိုပွားယူ၍ ထားကြသည်ဟု သိရှိရပါတယ်။ ထို့အတူ အိန္ဒိယနိုင်ငံတွင်လည်း ဘုရားရှင်သီတင်းသုံးတော်မူခဲ့သော ဗောဓိညောင်ပင်မြေနေရာကို အောင်မြေနေရာဟု ယနေ့ထိတိုင်း သတ်မှတ်ထားကြပါတယ်။

ဒီနေရာဟာ မြတ်ဗုဒ္ဓ ကိလေသာအားလုံးကိုရော အောင်ခြင်းရှစ်ပါးကိုရော အောင်မြင်ခဲ့တဲ့ အောင်မြေနေရာပဲဟု မိမိစိတ်မှာ ယုံကြည်ချက်ကြီးစွာဖြင့် ခြေနင်းကာ အလုပ်ကိစ္စ စာမေးပွဲကိစ္စတို့ကို ဖြေဆိုလုပ်ကိုင်လျှင် အောင်မြင်ဖို့ ရာခိုင်းနှုန်း များနိုင်ပါတယ်။ မြတ်ဗုဒ္ဓအောင်မြေက အောင်မြင်အောင် ဖန်တီးပေးခြင်းတော့ မဟုတ်ပါဘူ။ မိမိရဲ့စိတ်ဓာတ်တက်ကြွပြီး ဆန္ဒဦးဆောင်မှု အားကောင်းသောကြောင့် စိတ်ပါလက်ပါဖြင့် စာမေးပွဲဖြေဆို အလုပ်အကိုင်များ ကောင်းကောင်းမွန်မွန် လုပ်ကိုင် ဖြေဆိုမည်ဖြစ်သောကြောင့် အောင်မြင်ဖို့ ရာခိုင်နှုန်း များနိုင်ပါတယ်။

မိမိကိုယ်တိုင်က စာလည်းမကျက် အလုပ်လည်း လုံလ၀ီရိယမစိုက်ဘဲ အောင်မြေနေရာနင်းရုံးနဲ့တော့ စာမေးပွဲလည်း မအောင်မြင်နိုင်သလို အလုပ်လည်း အဆင်ပြေလိမ့်မည် မဟုတ်ပါ။

အဲဒီတော့ အောင်မြင်နေရာကိုနင်းခြင်းသည် မိမိအတွက် စိတ်ဓာတ် လှုပ်ဆော်ပေးမှုနှင့် ဆန္ဒပြင်းပြမှုတို့သာ ပေးနိုင်စွမ်း ရှိပါလိမ့်မည်။ မြတ်ဗုဒ္ဓကိုယ်တိုင်က ကယ်တယ်ဖန်တီးရှင် မဟုတ်ဘဲ လမ်းညွှန်ပုဂ္ဂိုလ်သာဖြစ်သောကြောင့် မိမိကိုယ်ကို အားကိုးခြင်းသည်သာလျှင် အောင်မြင်ခြင်းအားလုံး၏ အဓိကဖြစ်ပါတယ်။ မြတ်ဗုဒ္ဓလမ်းညွှန်မှုကို မိမိတို့က လိုက်နာကျင့်သုံးပြီး အားထုတ်လုပ်ကိုင်မည်ဆိုလျှင် မျက်မှောက်သံသရာမှာ အရားအားလုံး အောင်မြင်ပါလိမ့်မယ်။

နိဂုံးချုပ်အနေဖြင့် ပြောရမည်ဆိုလျှင် အောင်မြေနေရာဟူ၍ ကမ္ဘာမြေကြီးတွင် သီးသန့်နေရာ မရှိနိုင်ပါ။ ဗုဒ္ဓဘာသာတို့၏ အယူအဆ မြတ်ဗုဒ္ဓဘုရားဖြစ်ရာ ဗောဓိညောင်ပင်မြေနေရာကိုသာလျှင် အောင်မြေဟု သတ်မှတ်ကြပါသည်။ အောင်မြေနေရာကို နင်းရုံးဖြင့် အောင်မြင်ဖို့ မဖြစ်နိုင်ပါ။ မိမိတို့၏ ကြိုးစားအားထုတ်မှုလည်း လိုပေသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓသည် ကိလေသာအားလုံးနှင့် အောင်ခြင်းရှစ်ပါးကို အောင်မြင်အောင် လုပ်နိုင်သလို မိမိတို့သည်လည်း မျက်မှောက်ဘ၀မှာရော နောင်ဘ၀များမှာရော အစစအရာရာ အောင်မြင်ချောမွေ့အောင် ဒါန၊ သီလ၊ ဘာဝနာများကို နေ့စဉ်အောင်မြင်အောင် ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…..။

ဆန်နီနေမင်း အမေးအဖြေ ဆွမ်းတော်တင်ခြင်းနဲ့ပတ်သတ်၍

အရှင်ဘုရား။ ဘုရားမှာ တင်ထားတဲ့ သစ်သီးကိုကျတော့ လူတွေစားကြတယ်။ ပန်းကျတော့ လူတွေပြန်မသုံးရဘူးလို့ ပြောကြတယ်ဘုရား။ အဲ့ဒါဘယ်လိုလဲ သိချင်လို့ပါဘုရား။ နောက်ပြီး ငရဲကြိးတယ်ဆိုတာမျိုးရောရှိလားဘုရား။ အဲဒါလေး ဖြေပေးစေချင်ပါတယ်ဘုရား။

တကယ်တော့ ပန်းကိုလည်း မပန်သင့်ဘူး သစ်သီးလည်း ပြန်မယူသင့်ပါဘူး။ လှူတဲ့လူဆိုရင် ပိုတောင် မယူသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လှူတဲ့လူက မုတ္တစာဂီ-တွယ်တာတပ်မက် တွန့်တိုမှုမရှိဘဲ လွတ်လွတ်စွန့်ကြဲပြီးသားဖြစ်လို့ပါ။


မြတ်ဗုဒ္ဓကလည်း အလှူဒါနကို ပြုတဲ့အခါမှာ တွယ်တာမှုတွေ၊ နှမြှောမှုတွေ၊ နောင်တတဖန် ပူပန်မှုတွေမရှိဘဲ လှူဒါန်းရမယ်လို့ မိန့်ခဲ့ပါတယ်။ ဒါမှလည်း မိမိသန္တာန်မှာရှိတဲ့ မိမိပစ္စည်းဝတ္ထုကို တွယ်တာနှစ်သက်တတ်တဲ့ လောဘကိလေသာကို ပယ်သတ်နိုင်ပြီး ကောင်းကျိုးတွေ ရရှိမှာပါ။

ဒါနအမှုပြုလုပ်ခြင်းသည်လည်း ကိလေသာခေါင်းပါးအောင်ကျင့်တဲ့ ကျင့်စဉ်တစ်ခု ပါ။ ဒါနအမှုလုပ်ခြင်းသည် ပါရမီမပြည့်စုံသေး၍ တစ်ဘ၀တည်းနဲ့ သံသရာမှလွတ်အောင် မလုပ်နိုင်သေးတဲ့ သတ္တ၀ါတွေအတွက် နောင်ဖြစ်လေရာမှာ ချမ်းသာသုခ ပြည့်စုံအောင် လောဘစတဲ့ ကိလေသာများကိုလည်း နည်းနည်းခြင်း ပယ်သတ်နိုင်အောင် ဒါနပြုလုပ်ရန်အတွက် ဟောကြားခဲ့ခြင်း ဖြစ်ပါတယ်။

တွယ်တာခြင်းမရှိဘဲ လှုထားပြီးသားဖြစ်တဲ့ ပန်းတို့ သစ်သီးတို့ကို မိမိက ပြန်ယူရင် အလှူဒါန အကျိုးလှျော့့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိလှူဒါန်းပြီးသားကို မစွန့်နိုင်သေးဘဲ နှမြှောတမ်းတမှု လောဘဖြစ်နေကြောင့် မိမိအလှူဒါနသည် ရာနှုန်းပြည့် အောင်မြင်ခြင်း မရှိလို့ပါ။

တခြားလူက ဘုရားလှူပြီးသား သစ်သီး ပန်းတို့ကို ဘုရားရှင်ထံမှ စွန့်ယူချင်လျှင် သေချာခွင့်ပန်းပြီးယူရင်တော့ ရပါတယ်။ သို့သော် ဘုရားရှင် ခွင့်ပြု မပြုကို မိမိက သေချာမသိနိုင်သောကြောင့် ကျောင်းကန် ဘုရားများမှာဆိုလျှင် ထိုကျောင်းဝင်းမှာရှိသော သံဃာများထံ ခွင့်တောင်းပြီး စွန့်ယူလျှင် ပိုကောင်းပါတယ်။ မိမိအိမ်မှာ တင်ထားသော သစ်သီး ပန်းတို့ဆိုလျှင်တော့ စွန့်ပစ်လိုက်ပါ။ စားစရာဖြစ်နေပါလျှင် တခြားတိရစ္ဆာန်တွေကို ကျွေးတာက ပိုမိုကောင်းပါတယ်။

တစ်ခါ ငရဲကြီးတယ်ဆိုတဲ့ စကားနဲ့ပတ်သတ်ပြီး ရှင်းပြရမယ်ဆိုလျှင် ငရဲကြီးမယ်ဆိုတာ လူကြီးတွေက ငရဲရောက်လိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်ကို မှတ်ရလွယ်ကူ နားလည်အောင် အလွယ်ပြောတဲ့ စကားပါ။ ငရဲရောက်နိုင်မယ့်အရာမဟုတ်သော တစ်ချို့သော မကောင်းမှုအသေးစားများကိုလည်း အလွယ်သဘောမျိုးဖြင့် ငရဲကြီး လိမ့်မယ်၊ ငရဲကြီးတတ်တယ်ဟု လူကြီးများက ကလေးများကို သတိပေး တားမြစ်တဲ့ စကားလုံး ဖြစ်ပါတယ်။

ရှေ့သူတော်ကောင်း လူကြီးများသည် သူတို့ကိုယ်တိုင် မကောင်းမှုများမှ ရှောင်ကြဉ်ပြီး ကလေးလူငယ်များကိုလည်း အသေးစားမကောင်းမှုများကိုပင် မပြုစေချင်သောကြောင့် တစ်ခုခုသော မကောင်းမှုများ ပြုလုပ်တော့မည်ကိုမြင်လျှင် ငရဲကြီးလိမ့်မယ် မလုပ်နဲ့ဟု တားမြစ်လေ့ရှိကြပါတယ်။ ယခုခေတ်မှာတော့ လူကြီးများကိုယ်တိုင်က မကောင်းမှုများလုပ်နေ၍ ကလေးများ မကောင်းမှု ပြုလုပ်တော့မည်ကိုမြင်လျှင်လည်း သူတို့ကိုယ်တိုင် မရှောင်ကြဉ်နိုင်သောကြောင့် တားမြစ်ဖို့ရန် ခက်ခဲနေသလို တားမြစ်ခြင်းလည်း မရှိကြတော့ပါ။

ထို့ကြောင့် မိမိတို့ခေတ်ကာလ၌ ကလေးလူငယ်များကို မကောင်းမှုများ ပြုလုပ်တော့မည်ကိုမြင်လျှင်ဖြစ်စေ၊ ပြုလုပ်ပြီးလျှင်လည်း နောင်မလုပ်အောင် တားမြစ်ကြရန် လိုအပ်သကဲ့သို့ မိမိတို့လူကြီးများကိုယ်တိုင်လည်း မကောင်းမှုများမှ ရှောင်ကြဉ်ကာ ကောင်းမှုများဖြင့် မွေ့လျော်ကြဖို့ လိုပါတယ်။ သို့မှသာလျှင် နောင်အနာဂတ်လူငယ်လေးများ ဘ၀သည်လည်း သာယာလှပကာ ချမ်းမြေ့ပျော်ရွှင်ဖွယ် ဖြစ်နေပါမယ်။

ထိုကဲ့သို့ ပြုလုပ်ပေးမည်ဆိုလျှင် မြတ်ဗုဒ္ဓ ဆင်းရဲပင်ပန်းခံကာ မဟာကရုဏာ ကြီးစွာဖြင့် တည်ထောင်ခဲ့သော သာသနာကြီးလည်း အဓွန့်တည်တံ့မှာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓကိုလည်း ကျေးဇူးဆပ်ရာ ရောက်မည်ဖြစ်သောကြောင့် လူသားအားလုံး မိမိကိုယ်တိုင်လည်း မကောင်းမှုများ ရှောင်ကြဉ်ကာ သူတစ်ပါးတို့ကိုလည်း မကောင်းမှုမှ ရှောင်ကြဉ်နိုင်အောင် တားမြစ်ပြုပြင်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါပေသည်။

Monday, January 17, 2011

ဆန်နီနေမင်း အမေးအဖြေ ဘာ့ကြောင့် ကိုးကွယ်မှုဖြစ်လာပါသလဲ

လောကရှိ လူသားတို့သည် ရေဘေး၊ လေဘေး၊ မီးဘေး၊ သားရဲတိရစ္ဆာန်တို့ဘေး အစရှိတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ရဲ့ အားကိုးရာကို ရှာလာကြပါတယ်။ အဲဒီလို ရှာလာကြရာ ပထမဦးဆုံး သစ်ပင် တော တောင်တွေကို အားကိုးရာဆရာအဖြစ် ကိုးကွယ်ကြတယ်။ သစ်ပင်တောတောင်တွေမှာ နတ်တွေရှိတယ်။ သူတို့က ကယ်တင်နိုင်မယ်လို့ ယုံကြည်ပြီး ကိုးကွယ်ကြတယ်လေ။ အဲဒီကနေ တဖြည်းဖြည်း ဆရာလုပ်မဲ့ပုဂ္ဂိုလ်တွေ အမျိုးမျိုးပေါ်ကာ အယူဝါဒတွေလည်း အမျိုးမျိုးဖြစ်ခဲ့ပါတယ်။ အဲဒီလို လူသားတွေဟာ ဘယ်သူ့အယူဝါဒက မှန်တယ်။ ဘယ်သူ့အယူဝါဒက လက်ခံသင့်တယ်ဆိုပြီး ၀ါဒအမျိုးမျိုးပေါ် ဆရာအမျိုးမျိုးလည်း ကွဲပြားခဲ့ကြတယ်။


အင်း အဓိကကတော့ အယူဝါဒကို မိဘဆရာသမားတွေဆီကနေလည်ကောင်း မိမိတို့ ပတ်ဝန်းကျင်ကနေလည်းကောင်း နီးစပ်ရာ ကိုးကွယ်မှုတွေ ဖြစ်လာကြတာ များပါတယ်။ မိမိအယူဝါဒကို ကောင်းကောင်းမွန်မွန်သိပြီး ဘာသာအားလုံးရဲ့ ၀ါဒကိုလည်း နားလည်တဲ့ပုဂ္ဂိုလ်ဆိုရင်တော့ ဘယ်ဟာက မှန်တယ် မှားတယ်ဆိုတာသိပြီး ဆရာသမား မိဘ မျိုးရိုး အာဏာတို့ ထိန်းချုပ်မှုမရှိဘူးဆိုရင် မှန်တဲ့ဘက်ကို ပြောင်းလဲလာကြပါတယ်။ တစ်ချို့ကျတော့ မှန်တဲ့ဝါဒဘက်ကို လိုက်ချင်သော်လည်း မိဘဆရာသမား မျိုးနွယ် အာဏာတို့ကို မလွန်ဆန်နိုင်၍ ရှိရင်းဝါဒကိုပဲ လက်ခံကျင့်သုံးနေရတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။

ခုခေတ်မှာကြည့်ရင်တော့ အဓိကဘာသာကြီးလေးခုထဲမှာ မိမိတို့နီးစပ်ရာ ဘာသာကို ကိုးကွယ်ကြတာ များသလို မိမိတို့ကိုးကွယ်ရာဘာသာ အယူဝါဒကိုလည်း ကောင်းကောင်းမသိ တခြားဘာသာတို့၏ အယူဝါဒကိုလည်း ကောင်းကောင်း မသိကြသူများက များပါတယ်။ ဒါ့ကြောင့်လည်း ဘာသာတစ်ခုနှင့်တစ်ခု သိမ်းသွင်းမှုများ ဖြစ်လာလျှင် သူများဘာသနောက်ပါသွားကြသည်က များပေသည်။

ထို့ကြောင့် မိမိဘာသာအယူဝါဒကို သေချာသိအောင် လေ့လာလိုက်စားပြီး ကျင့်သုံးနေထိုင်သင့်နိုင်သလို တက်နိုင်လျှင် တခြားဘာသာအကြောင်းကိုလည်း လေ့လာသင့်ပါတယ်။ အားလုံး အယူဝါဒ အမှန်တရားကို ကောင်းစွာနားလည် သဘောပေါက်ပြီး လိုက်နာကျင့်သုံးနေထိုင်ကြပြီး မျက်မှောက်တမလွန် နှစ်ခုလုံး၌ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပေသည်။

Sunday, January 16, 2011

ဆန်နီနေမင်း အမေးအဖြေ အမွေးတိုင်ပူဇော်ခြင်းနဲ့ပတ်သတ်၍

အရှင်ဘုရား မေးခွန်းနောက်တစ်ခုလောက် မေးပါရစေ။ ဖယောင်းတိုင်၊ အမွေးတိုင် ထွန်းတယ်ဆိုတာ လေထဲကို ကာဗွန်တိုင် အောက်ဆိုက်များစေတယ်။ လေထု ညစ်ညမ်းမှုသာဖြစ်စေပြီး ဘာမှထူးမှာမဟုတ်ဘူးဆိုတာ မှန်ပါသလားဘုရား။

အင်း ဒီမေးခွန်းဟာလည်း တကယ်သိသင့်တဲ့ မေးခွန်းလေးပါ။ မြတ်စွာဘုရားရှေ့မှာ အမွေးတိုင်ပူဇော်တယ်၊ ဆီးမီးပူဇော်တယ်၊ ပန်းပူဇော်တယ်ဆိုတာ ဘာကြောင့် ဘယ်လိုပူဇော်ရတယ်ဆိုတာကို မသိကြတာက များပါတယ်။


တကယ်တော့ မြတ်ဗုဒ္ဓသည် ကိလေသာအားလုံးကင်စင်ပြီးဖြစ်လို့ အမွေးနံ့သာ စသည်တို့ မလိုအပ်တော့ပါ။ မြတ်ဗုဒ္ဓခန္ဓာကိုယ်၌လည်း အတုမရှိသော အမွေးနံ့သာတို့ ပြည့်စုံနေပါတယ်။ အဲဒီလို အမွေးနံ့သာစသည်တို့လည်း အလိုမရှိ၊ သူကိုယ်တိုင်၌လည်း အမွေးနံ့သာနဲ့ပြည့်စုံနေတဲ့ မြတ်ဗုဒ္ဓသည် အဘယ့်ကြောင့် အမွေးနံ့သာ ပူဇော်ခြင်း၊ ပန်းများပူဇော်ခြင်းတို့ကို လက်ခံရသလဲဆိုတာ သေချာစဉ်းစား ကြည့်သင့်ပါတယ်။

မြတ်ဗုဒ္ဓသည် စာရေးသူတို့ သတ္တ၀ါတွေအပေါ်မှာ မဟာကရုဏာတော်ရှင် ဖြစ်တယ်ဆိုတာ ဒီဟာကို ထောက်ဆကြည့်တာနဲ့ပင် အတော်လေး ကြည်ညိုစရာ လေးစားစရာ ကောင်းလှပါတယ်။ သူ့အတွက် မလိုအပ်တဲ့အရာတွေ သူတစ်ပါးက လာပြုလုပ်တာကို လက်ခံခြင်းသည် မဟာကရုဏာရှင်မို့သာ တစ်ခြားမည်သူမျှ လက်ခံမည်မဟုတ်ပေ။

စာရေးသူတို့ လူသားများတွင် တစ်စုံတစ်ယောက်သည် ရေမွှေးအကောင်းဆုံးတွေ သုံးထားတယ်ဆိုပါစို့၊ အဲဒီလူကို တစ်ယောက်ယောက်က သူ့ရေမွေးလောက် မကောင်းတဲ့အနံ့ဆိုးတဲ့ အနံ့တစ်ခုနဲ့ ဖြန့်ပက်ပေးမည်ဆိုလျှင် မဟာကရုဏာရှင် မဟုတ်သော စာရေးသူတို့ လူသားများ သည်းခံခွင့်လွတ်မည် မဟုတ်သလို အသာတကြည်နဲ့လည်း ခွင့်ပြုမှာ မဟုတ်ပါဘူး။

အင်း မြတ်ဗုဒ္ဓကတော့ မဟာကရုဏာရှင်ဖြစ်တဲ့အတွက် သူ့ပင်ကိုယ် သဘာဝလောက် အမွေးနံ့သာမရှိတဲ့ အမွေးတိုင်၊ ပန်းများ သူနားမှာ ပူဇော်ခြင်းကို လက်ခံထားပေသည်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ သတ္တ၀ါတွေကို သနားငဲ့ညာပြီး တရားထူး မြန်မြန်ရစေချင်လို့ပါ။

အမွေးတိုင် ပူဇော်တယ်၊ ပန်းပူဇော်တယ်ဆိုတာ တကယ်တော့ အဲဒီအမွေးတိုင်၊ ပန်းပွင့်တို့ရဲ့ ဖြစ်ပျက်ကို ရှု့မြင်ပြီး မိမိရဲ့ခန္ဓကိုယ်ကိုလည်း ရှု့တတ်အောင်လို့ပါ။ အမွေးတိုင်လေးကို ကြည့်လိုက်လျှင် တစ်စ တစ်စနဲ့ လောင်းမြိုက်ကုန်ဆုံးပြီး ပြာဖြစ်ကာ မြေကြီးထဲရောက်သွားပါတယ်။

အဲဒီလိုပဲ မိမိရဲ့ ခန္ဓာကိုယ်ကြီးဟာ မွေးလာပြီးကနေ တစ်ရက်တစ်ရက်နဲ့ ကုန်ဆုံးကာ နောက်ဆုံးပျက်စီးပြီး မြေကြီးဖြစ်သွားပါတယ်။ ဘယ်လောက်ပင် မိမိတို့က မာန်မာနတွေတက်ပြီး ပြုပြင်စေကာမှု ခန္ဓာကိုယ်ကြီးကတော့ ပျက်စီးရင်း ပျက်စီးလျက်ပါ။ ဒီလို အမြဲတမ်းပျက်စီးနေတဲ့ ခန္ဓာကိုယ်ကြီးအတွက် ရှာဖွေကျွေးမွေးရ၊ ပြုပြင်ပေးရနဲ့ မိမိမှာ နေ့စဉ် လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတွေ ဖြစ်နေပါတယ်။ တစ်ချို့ဆို သာမာန်လုပ်ရိုးလုပ်စဉ် လောဘ၊ ဒေါသသာမကဘဲ သူများထက် သာလွန်သော မတရားမှု လောဘ ဒေါသတွေဖြစ်ပြီး ငါးပါးသီလတွေ ကျုးလွန်းကြကာ မကောင်းမှုများကို သူများထက်ပို၍ ပြုလုပ်နေကြပါတယ်။

မိမိခန္ဓာကိုယ်ကြီးဟာ အမွေးတိုင်လိုပဲ တစ်ရက်တစ်ရက်နဲ့ ကုန်ဆုံးကာ ပျက်စီးသွားမည်ဆိုတာကို နေ့စဉ်နဲ့အမျှ သတိရှိနေမယ်ဆိုလျှင် သာမာန်ထက်ပိုသော ကိလေသာမကောင်းမှုများ မိမိသန္တာန်မှာ မဖြစ်ဘဲ ကောင်းမှုကုသိုလ်များကိုလည်း နေ့စဉ်နဲ့ အမျှ ပြုလုပ်နေမှာ သေချာပါသည်။

အမွေးတိုင်နည်းတူ ပန်းပွင့်တို့ ဖယောင်းမီးတို့ ပူဇော်ခိုင်းခြင်းသည်လည်း ထိုကဲ့သို့ အဖြစ်အပျက်များကို ကျောင်းမှာလာခိုက်၊ ဘုရားရှေ့မှာရှိနေခိုက်တွင် တရားရှု့မှတ် တတ်အောင်နှင့် တရားရှု့မှတ်ရန် ပူဇော်ခိုင်းခြင်း၊ ခွင့်ပြုခြင်းဖြစ်ပါပေသည်။ ဖယောင်မီးလှူလို့ အသိဉာဏ်ကောင်းခြင်းစတဲ့ အကျိုးတွေရရှိတာတော့ မှန်ပါပေသည်။ သို့သော် ထိုအကျိုးများသည် သာမညအရာသာဖြစ်ပြီး တရားရှု့မှတ်ဖို့ရန်သာ အဓိကအချက်ဖြစ်ပေသည်။

မိမိတို့လူသားများက အမွေးတိုင်ပူဇော်ရခြင်း၊ ပန်းပူဇော်ရခြင်း၊ ဆီးမီး ပူဇော်ရခြင်းများ၏ အဓိကအဓိပ္ပါယ်ကို သေချာကျနစွာ မသိသောကြောင့် ဖြစ်သလို တွေးကာ ဖြစ်သလိုလုပ်နေကြပေသည်။ ဘုရား၌မီးထွန်းပူဇော်ပါဆိုလျှင် တစ်ချို့ဆို ဘုရားကို မီးပူတိုက်သလိုဖြစ်အောင် ဘုရားနားကပ်ကာ ပူဇော်သူများကိုလည်း စာရေးသူတွေ့ဖူးပေသည်။ သို့သော် စာရေးသူသည် ပါးစပ်နဲ့ပြောလျှင် အပြစ်တင်ခံရမည်ကြောက်သောကြောင့် စာနဲ့ပဲ ပြောလိုက်ပါသည်။ ဆီးမီးပူဇော်ခြင်း၊ အမွေးတိုင်လှူခြင်းများသည် မိမိအတွက်သာ အဓိကဖြစ်၍ ဘုရားနားကပ်ထားရန် မလိုပေ။ ဘုရားရှေ့ဝယ် မိမိမြင်လောက်သော နေရာဆိုလျှင် ရပေသည်။

ယခုခေတ် ဆီးမီးပူဇော်ရာဝယ် လျှပ်စစ်မီးများဖြင့် ပူဇော်ထားကြသည်များလည်း တွေ့ရပေသည်။ ထိုကဲ့သို့ လျှပ်စစ်မီးဖြင့် ပူဇော်ခြင်းသည် မိမိတို့အဓိကလုပ်ရမည့် တရားရှု့မှတ်ရန် မဖြစ်နိုင်သောကြောင့် အဓိကအကျိုးတော့ ရရှိတော့မည် မဟုတ်ပေ။ လျှပ်စစ်မီးပူဇော်သော အကျိုးသာ ရရှိပေမည်။ တကယ်တော့ မြတ်ဗုဒ္ဓသည် ခြောက်ပါးသောရောင်ခြည်တော်များဖြင့် ပြည့်စုံသူဖြစ်သောကြောင့် မည်သည့် အလင်းရောင်ကမျှ မထိုးဖောက်နိုင်ပါ။ သို့သော် သတ္တ၀ါများအတွက် တရားရှု့မှတ်နိုင်ရင် ဆီးမီးပူဇော်ခွင့် ပေးခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် စာရေးသူတို့ လူသားများသည် အမွေးတိုင်ကဲ့သို့ တစ်စတစ်နဲ့ ပျက်စီးနေသော ဤခန္ဓာကိုယ်ကြီး မပျက်စီးခင် မာန်မာန လောဘစသည့် မကောင်းမှုများ ရှောင်ကြဉ်ကာ အမြဲပျက်စီးနေသော ခန္ဓာကိုယ်ကြီးကို တရားသဘောဖြင့် နေ့စဉ်ရှု့မှတ်ပြီး ကောင်းမှုများ ပြုလုပ်ဖို့ရန် အရေးကြီးပေသည်။ အမွေးတိုင်စသည်တို့ လှူဒါန်းပူဇော် ကြသောအခါတွင်လည်း တရားများ ရှု့မှတ်ပွားများနိုင်ကြပါစေလို့ ဆန္ဒပြုလျက်..............။

မှတ်ချက်/ ယခုဖြေဆိုခဲ့သော အကြောင်းအရာများတွင် အမှားများလည်း ပါနိုင်ပေသည်။ စာရေးသူသည် ပိဋကတ်ကျမ်းတတ်ဆရာတော် မဟုတ်သလို စာပေတတ်ကျွမ်းသူလည်း မဟုတ်သောကြောင့် ဖြစ်ပေသည်။

Friday, January 14, 2011

ဒုစရိုက်နှင့်သုစရိုက်

ဒုစရိုက်ဆယ်ပါးနှင့်သုစရိုက်ဆယ်ပါးအကြောင်းကို ရှင်းပြခိုင်းလို့ ရှင်းပြပေးလိုက်ပါတယ်။ ဒုစရိုက်ဆယ်ပါးဆိုသည်မှာ တကယ်တော့ ကာယကံ ၀စီကံ မနောကံများသာ ဖြစ်ပါတယ်။ အဲဒီကာယကံ ၀စီကံ မနောကံများကို အကျယ်ချဲ့လိုက်တော့


၁။ ပါဏာတိပါတ-သူတစ်ပါးအသတ်ကို သတ်ခြင်း။

၂။ အဒိန္နာဒါန-သူတစ်ပါး ပစ္စည်းဥစ္စာကို ခိုးယူခြင်း။

၃။ ကာမေသုမိစ္ဆာစာရ-သူတစ်ပါး သားမယားကို ပြစ်မှားခြင်းဆိုတဲ့ ကာယကံသုံးပါးနှင့်

၎။ မုသာဝါဒ-မဟုတ်မမှန်ပြောဆိုခြင်း။

၅။ ပိသုဏ၀ါစာ-ကုန်းချောစကား ပြောဆိုခြင်း။

၆။ ဖရုသ၀ါစာ-ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း။

၇။ သမ္ဖပ္ပလာပ၀ါစာ-အကျိုးမရှိ အချည်းနှီးသော စကားကိုပြောဆိုခြင်းဆိုတဲ့ ၀စီကံလေးပါး

၈။ အဘိဇ္ဈာ-သူတစ်ပါးစည်းစိမ်ကို မတရားကြံစည်ခြင်း။

၉။ ဗျာပါဒ-သူတစ်ပါးပျက်စီအောင် ကြံစည်ခြင်း။

၁၀။ မိစ္ဆာဒိဋ္ဌိ-လွဲမှားသော အယူဝါဒလက်ခံကျင့်သုံးခြင်းဆိုတဲ့ မနောကံသုံးပါး။

အထက်ဖော်ပြပါ (၁၀)ပါးသည် မလုပ်သင့် မပြုကောင်းသော အကျင့်ဆိုးများ ဖြစ်ပေသည်။ ထို့ကြောင့် ထို(၁၀)ပါးကို ဒုစရိုက်-လူမိုက်တို့ ပြုလုပ်သောအကျင့်ဟု ခေါ်ဆိုပါသည်။

တစ်ခါ သုစရိုက်ဆယ်ပါးဆိုသည်မှာ

1) ဒါန-စိတ်ထားဖြူစင် စေတနာကောင်းစွာ နှမြောမှုမရှိဘဲ လွတ်လွတ်စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း။

(2) သီလ-ကိုယ်နှုတ်နှစ်ပါးတို့၌ ကောင်းမွန်မှန်ကန်သော အကျင့်ရှိခြင်း။

(3) ဘာဝနာ-သမထ,၀ိပဿနာ ဘာဝနာ(၂)ပါးကို လေ့လာပွားများခြင်း။

(4) အပစာယန-ရတနာသုံးပါး ဆရာသမား မိဘတို့ကို ရိုသေလေးစားခြင်း။

(5) ဝေယျာဝစ္စ-ကုသိုလ်ပြုလုပ်သောပွဲများ၌ တက်နိုင်သည့်ဘက်မှ မပျင်းမရိ ဝေယျာဝစ္စ အသွယ်သွယ်ကို ပြုလုပ်ပေးခြင်း။

(6) ပတ္တိဒါန-မိမိပြုလုပ်ထားသော ကုသိုလ်များကို ကိုယ်ပိုင်အတ္တမရှိဘဲ ဘုရားရှင်၏ အနတ္တ၀ါဒအတိုင်း အများအား အမျှဝေပေးခြင်း။

(7) ပတ္တာနုမောဒန-သူတစ်ပါးပြုလုပ်သော ကောင်းမှုများကို ကောင်းချီးဝမ်းမြောက်ပေးကာ သာဓုခေါ်ဆိုခြင်း။

(8) ဓမ္မသ၀န-မြတ်ဗုဒ္ဓ၏ တရားများကို နာယူမှတ်သားခြင်း။

(9) ဓမ္မဒေသနာ-မိမိတက်သိသလောက် မြတ်ဗုဒ္ဓ၏တရားများကို အများအား ဖြန့်ဝေ ဟောကြားပေးခြင်း။

(10) ဒိဋ္ဌိဇုကမ္မ-နိဗ္ဗာန်ရောက်ကြောင်း ကောင်းမွန်သော အယူဝါဒ ယုံကြည်ချက်ရှိခြင်း။

အထက်ပါ(၁၀)ပါးသော ကောင်းမှုများသည် လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကိုရောက်အောင် လုပ်ဆောင်ပေးသောကြောင့် ကောင်းမွန်သောသုစရိုက် တရားဟုလည်းကောင်း၊ လူသားတို့အား ကောင်းကျိုးချမ်းသာများ တိုးပွားစေတတ်သော တရားများဖြစ်သောကြောင့် ကုသလကမ္မပထတရားဟုလည်းကောင်း ခေါ်ဆိုကြပေသည်။

ဤမျှလောက် ရှင်းပြလျှင် လူသားတို့သည် ရှောင်ကြဉ်ရမည့် အရာများဖြစ်သော ဒုစရိုက်ဆယ်ပါးနှင့် လိုက်နာကျင့်သုံးဆောင်ရွက်ရမည့် သုစရိုက်ဆယ်ပါးတို့ကို သိရှိနားလည်လိမ့်မည် ထင်ပါသည်။

ထို့ကြောင့် လူသားအားလုံး ရခဲလှတဲ့လူ့ဘ၀လေး မကုန်ခင်မှာ ဒုစရိုက်များကို ရှောင်ကြဉ်နိုင်ကာ သုစရိုက်တရားများ ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်နာ ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်.........................။

Wednesday, January 12, 2011

ဆန်နီနေမင်း အမေးအဖြေ သံဃာတုကို လှူမိခဲ့လျှင်

အရှင်ဘုရား။ တကယ်လို့ ရဟန်းမစစ်တဲ့ ကိုယ်တော်ကို ကိုးကွယ်မိရင် ဘယ်လိုအကျိုးယုတ်မှုတွေ ဖြစ်နိုင်ပါသလဲ။ ဥပမာ သင်္ကန်းဝတ်နဲ့ မမြင်ကွယ်ရာမှာ လုပ်ချင်တာလုပ်တဲ့ ကိုယ်တော်မျိုးကို ဆိုလိုတာပါဘုရား။ အဲလိုရဟန်းမျိုးကို လှူမိရင် မကောင်းမှုလုပ်တာကို အားပေးရာရောက်တယ်လို့ ကြားဖူလို့ပါ။ ရှင်းပြပေးပါဘုရား။

အင်း... ဒကာမေးတဲ့ မေးခွန်းလေးက ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာ တော်တော်လေးကို သံသယဖြစ်နေကြမဲ့ မေးခွန်းလေးပါပဲ။ မိမိက ရဟန်းစစ်မစစ်ကို အရင်သိအောင် လေ့လာစုံစမ်းဖို့တော့ လိုပါတယ် ဒကာ။ ဥပမာ..ဒီရဟန်းသည် ရဟန်းယောင်ဆောင်ကာ လုပ်စားနေသော ရဟန်းလား။ ရဟန်းစစ်ပါလျက် ရဟန်းနဲ့မသင့်လျော်သည့်အရာများကို ပြုလုပ်နေသော ရဟန်းလားဆိုတာကို သေချာစမ်းသပ် လေ့လာစုံစမ်းပါ။


ထိုသို့ မစုံစမ်းမလေ့လာဘဲ သံဃာစစ်ကို သံဃာတုဟု စွပ်စွဲမိပါက လူပုဂ္ဂိုလ်များမှာ အပြစ်များစွာ ဖြစ်သောကြောင့် သေချာစုံစမ်းဖို့ရန်တော့ လိုပါတယ်။

ရဟန်းမစစ်ဘဲ ရဟန်းယောင်ဆောင်ထားသော ပုဂ္ဂိုလ်ကို လှူမိလျှင် လှူသောလူမှာ အပြစ်မရှိပါပေ။ ရဟန်းယောင်ဆောင်ထားသော ပုဂ္ဂိုလ်မှာသာလျှင် သာသနာကို အလွဲသုံးစားလုပ်သောကြောင့် ငရဲကိုလားစေနိုင်သော ကြီးစွာသော ပြစ်မှုဖြစ်ပါသည်။

ရဟန်းတော့ စစ်ပါသည်။ သို့သော် ရဟန်းနဲ့မသင့်လျော်သည့် အရာများကို ပြုလုပ်သောပုဂ္ဂိုလ်ကို လှူမိလျှင်လည်း လှူသောသူများမှာ အပြစ်မဖြစ်ပါ။ သို့သော် ရဟန်းဖြစ်ပြီး ရဟန်းနဲ့မသင့်လျော်သည့် ၀ိနည်းစည်းကမ်းများကို ဖောက်ဖျက်ပါက ဆိုင်ရာဝိနည်းစည်းကမ်းအလိုက် အပြစ်ရှိပေသည်။ ဥပမာ...ရဟန်းဖြစ်အောင် သိမ်ဝင်ထားသော သံဃာသည် (၁) မေထုန်အမှုကိစ္စ ပြုလုပ်ခြင်း၊ (၂) ပစ္စည်းဥစ္စာ ခိုးယူလည်ပတ်လိမ်ယူခြင်း၊ (၃) လူကိုသတ်ခြင်း၊ လူသေစေလောက်သော အရာဝတ္ထုများကို သူတစ်ပါးအားပေးခြင်း၊ ခိုင်းခြင်း၊ (၄) ဈာန်တရား မဂ်တရားစတဲ့ တရားထူးများ မရရှိဘဲ ရရှိသည်ဟု သူများနားလည်ယုံကြည်အောင် ပြောဆိုခြင်းများ ပြုလုပ်ပါက ထိုသံဃာသည် ငရဲကိုလားစေတတ်သော အပြစ်များ ဖြစ်ပေသည်။

ထိုလေးမျိုးသော အပြစ်ကြီးများမှအပ အခြားသော အပြစ်များသည် သိမ်ဝင်ထားသော ရဟန်းဖြစ်ပါက ကုစားလို့ရသောကြောင့် ကြီးလေးသော အပြစ်မဟုတ်ပါ။ သို့သော် လူမြင်မကောင်းသည့်အရာများကို လူမြင်အောင်ပြုလုပ်သော အခြားအပြစ်များသည်လည်း သာသနာထိခိုက်သောကြောင့် ထိုက်သင့်သော အပြစ်များ ရှိပေသည်။

လှူဒါန်းသူနှင့် အလှူခံသည့်ပုဂ္ဂိုလ်နှစ်ဦးမှာ လှူဒါန်းသူဘက်က အပြစ်မရှိပါ။ အလှူခံပုဂ္ဂိုလ်မှာသာလျှင် အလှူခံထိုက်သော ဂုဏ်မရှိလျှင် အပြစ်ရှိပေသည်။ လှူဒါန်းသူများမှာ စိတ်ထားပေါ်မူတည်၍ အကျိုးနည်းများမှုသာ ကွာခြားပါသည်။

လှူဒါန်းမည့် ဒကာ ဒကာမများသည် မည်သည့်သံဃာကိုမဆို မိမိက လှူဒါန်းမည်ဆိုလျှင် မိမိလှူဒါန်းသူ၏ ဂုဏ်သိက္ခာ သမာဓိတို့ကို အာရုံမပြုဘဲ သံဃာအားလုံး၏ ဂုဏ်တော်များကို အာရုံပြုကာ လှူဒါန်းမည်ဆိုလျှင် မရေတွက်နိုင်သော အကျိုးများ ရရှိပါသည်။ အကယ်၍ မိမိသည် သံဃာ့ဂုဏ်ကို အာရုံပြုရန် ခက်ခဲပြီး သံဃာကောင်း သံဃာစစ် သီလ၊ သမာဓိ၊ ပညာစတဲ့ တစ်ခုခုသော ဂုဏ်များနဲ့ပြည့်စုံသော သံဃာမှသာ လှူဒါန်းချင်လျှင်တော့ သေချာစုံစမ်းလေ့လာ၍ လှူဒါန်းမှု ပြုလုပ်ပါလေ။

မြတ်ဗုဒ္ဓအလိုအရ နောင်အချိန် သာသနာကွယ်ခါနီးကာလတွင် လက်မှာသင်္ကန်း ပတ်ထားသော လူကိုတောင်မှ သံဃာအမှတ်ဖြင့် သံဃာ့ဂုဏ်ကို အာရုံပြုပြီး လှူဒါန်းလျှင် ရှင်သာရိပုတ္တရာအစရှိသော ရဟန္တာများအပါအ၀င် သံဃာအားလုံးအား လှူဒါန်းရာ ရောက်သောကြောင့် အကျိုးပေးများသည်ဟု ဟောကြားထားသည်ကို ထောက်ဆလျှင် မိမိတို့၏ စိတ်စေတနာသည် အဓိကကျပေသည်။

နိဂုံးချုပ်အနေဖြင့် ပြောချင်သည်မှာ လှူဒါန်းမည့် ဒကာ ဒကာမများသည် အကယ်၍ မိမိ၌ လှူဒါန်းချင်သော စေတနာလည်းဖြစ်နေ၊ လှူဒါန်းရန်လည်း ပစ္စည်းဝတ္ထုကအရန်သင့်၊ အလှူခံပုဂ္ဂိုလ်ကလည်း မိမိရှေ့တွင် ရောက်နေပါက မိမိလှူမည့် အလှူခံပုဂ္ဂိုလ်၏ သီလ၊ သမာဓိ၊ ပညာတို့ကို မိမိက မသိထားလျှင် သံဃာ့ဂုဏ်ကို အာရုံပြုကာ လှူဒါန်းမှု ပြုလုပ်ပါလေ။

တကယ်တော့ အလှူခံနှင့် လှူသူနှစ်ဦးတွင် လှူသည့်ပုဂ္ဂိုလ်၌ အပြစ်မရှိသော ကြောင့် မိမိစေတနာထားတတ်ဖို့ရန်သာ မိမိ၏အကျိုးပေးပေါ်မူတည်နေသဖြင့် မိမိရဲ့ စိတ်စေတနာလေးကို ကောင်းမွန်စွာ ထားတတ်အောင်သာ ကျင့်ကြံကြိုးစား အားထုတ်ပေးပါလို့ ပြောကြားရင်း အားလုံး ရခဲလှတဲ့ လူ့ဘ၀လေး မကုန်ခင်မှာ ဒါန၊ သီလ၊ ဘာဝနာများကို နေ့စဉ်မပြတ် ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်...............။

Tuesday, January 11, 2011

ဆန်နီနေမင်း အမေးအဖြေ မြတ်ဗုဒ္ဓကို ကိုးကွယ်ခြင်းနဲ့ပတ်သတ်၍

အရှင်ဘုရား တပည့်တော်ဗုဒ္ဓဘာသာစစ်စစ်ပါ စကားလေးတစ်ခွန်းလောက် မေးလျှောက်ချင်လို့ပါဘုရား။ မင်းတို့ကကွာ နေ့တိုင်းနေ့တိုင်း စဉ်ပေါ်မှာတင်ထားတဲ့ ခြောက်လက်မလောက်ရှိတဲ့ ရုပ်တုလေးကိုနေ့တိုင်းနေ့တိုင်း ရှိခိုးနေတယ် နေ့တိုင်းနေ့တိုင်း ထမင်းတွေဘာတွေလဲကြွေးနေတယ် အကယ်၍မင်းတို့အိမ်မီးလောင်ရင် အဲ့ဒီရုပ်တုက မင်းတို့ကို ကယ်ဖို့နေနေသာသာ သူတောင်မှ မီးအရင်လောင်သေးတယ် ကိုယ့်ဟာနဲ့ကိုပဲ လွတ်အောင်ပြေးကြရတယ် မင်းတို့ကိုဘယ်အရာကကယ်မှာလဲ”တဲ့။ အရှင်ဘုရားအနေနဲ့ ဒီမေးခွန်းလေးကိုဖြေကြားစေချင်ပါတယ်။

အင်း။ ဒီမေးခွန်းလေးဟာ ဗုဒ္ဓဘာသာဝင်တိုင်း သံသယဖြစ်နေကြမယ် ထင်ပါတယ်။ ခု ဒကာမေးထားတဲ့ မေးခွန်းက ဆင်တုတော်ကို အိမ်မှာ ပူဇော်ထားတာ အိမ်မီးလောင်ရင် ဘယ်သူမှ မကယ်တင်နိုင်ဘူးတဲ့။ ဒါမှန်ပါတယ်။ ဦးဇင်းတို့ မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိရင်လည်း ကယ်တင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့ဆိုတော့ မြတ်ဗုဒ္ဓသည် ကယ်တင်ရှင် မဟုတ်လို့ပါ။


ဘာသာတိုင်းရဲ့ အိမ်ကျောင်းများ၌ မိမိတို့ဆိုင်ရာ ကိုးကွယ်မှုတွေ ထားရှိကြပါတယ်။ ဦးဇင်းတို့ မြတ်ဗုဒ္ဓက ကယ်တင်ရှင်မဟုတ်လို့ မကယ်တင်နိုင်သလို ကယ်တင်ရှင်ဘုရားများသည်လည်း ရုတ်တရက် အိမ်ကျောင်းများကို မီးလောင်လျှင် မကယ်တင်နိုင်ပါ။ ဘုရားတွေသာ မဟုတ်ပါဘူး။ မိမိတို့၏ မိခင်ဖခင်ဘိုးဘွားများကိုလည်း မိမိတို့၏အိမ်များ၌ ကိုးကွယ်ရာအဖြစ် ထားကြပါတယ်။ သို့သော် သူတို့သည်လည်း ကယ်တင်ရှင် မဟုတ်သောကြောင့် မကယ်တင်နိုင်ပါ။ မိမိကိုးကွယ်ဆည်းကပ်ခြင်းသည် သူတို့၏ ကယ်တင်မှုကို ရယူလိုသောကြောင့် မဟုတ်ပါ။ သူတို့၏ ဂုဏ်ကျေးဇူးများကို တန်ဖိုးထား မြတ်နိုးသောကြောင့်လည်းကောင်း သူတို့ကို ကျေးဇူးဆပ်ခြင်းတစ်မျိုး အနေနဲ့လည်းကောင်း ကိုးကွယ်ကြခြင်း ဖြစ်ပါတယ်။

ဦးဇင်းတို့ မြတ်ဗုဒ္ဓအား ကိုးကွယ်ဆည်းကပ်ခြင်းသည် မြတ်ဗုဒ္ဓက မိမိတို့ကို ကယ်တင်ပေးရန် မဟုတ်ပါ။ မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိသကဲ့သို့ အမြဲ အောက်မေ့နိုင်အောင်၊ မြတ်ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးများကို မမေ့အောင်၊ မြတ်ဗုဒ္ဓ ဟောကြားခဲ့သော တရားတော်များကို သတိရနေပြီး အမြဲကျင့်ကြံနေထိုင်နိုင်အောင်၊ မြတ်ဗုဒ္ဓရဲ့ မိမိတို့အပေါ်မှာ ထားရှိခဲ့တဲ့ ကျေးဇူးတရားတွေကို ပြန်လည်ကျေးဇူးဆပ်သော အားဖြင့် မိမိတို့၏ အိမ်ကျောင်းများ၌ စေတီဆင်တုတော်များအား ပူဇော်မှုစသည်တို့ကို ပြုလုပ်ပေးနေကြခြင်း ဖြစ်ပေသည်။

မြတ်ဗုဒ္ဓသည် သူတစ်ယောက်တည်းအတွက် နိဗ္ဗာန်ချမ်းသာကို အလွယ်တကူနဲ့ရနိုင်ပါလျက် သတ္တ၀ါတွေကို ငဲ့ညာသနားပြီး မေတ္တာကရုဏာထားကာ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံးနှင့် ဘုရားဖြစ်သော (၄၅)၀ါကာလပတ်လုံး သူများမလုပ်နိုင်သော ဆင်းရဲပင်းပန်းခြင်းများကို ရင်းနှီးကာ လုပ်ပေးခဲ့ပေသည်။ ထိုကဲ့သို့ မိမိတို့အပေါ်မှာ ကျေးဇူးကြီးမားသော ပုဂ္ဂိုလ်ကို မိမိတို့က အလေးမထား ဂရုမစိုက်ဘဲနေမည်ဆိုလျှင် ထိုသူလောက် မိုက်မဲ့သောသူ အဘယ်မှာရှိမည်နည်း။ မျက်မှောက်ကာလတွင်တောင်မှ လတ်တလော ကျေးဇူးတင်စရာကောင်းသော ပုဂ္ဂိုလ်များကို မိမိတို့၏အိမ်၊ ရုံး၊ အင်္ကျီများ၌ အမှတ်တရအဖြစ် ကိုးကွယ်ပူဇော် နေသေးတာပဲ ဘ၀ပေါင်းများစွာအတွက် ကျေးဇူးများလှသော မြတ်ဗုဒ္ဓကို မိမိတို့က ကိုးကွယ်ပူဇော်မှု မလုပ်ဘဲ မနေသင့်ပါဘူးလေ။

တကယ်တော့ မိမိတို့ စေတီရုပ်တုတော်များကို အိမ်များ၌လည်းကောင်း၊ ကျောင်းကန်များ၌လည်းကောင်း ကိုးကွယ်ပူဇော်လျှင် သက်တော်ထင်ရှားရှိသော မြတ်ဗုဒ္ဓကဲ့သို့ ကိုးကွယ်ပူဇော်မှု ပြုလုပ်ပေးရပါမည်။ ဖြစ်ကလတ်ဆန်း မလုပ်သင့်ပါ။ ထိုသို့ ကိုးကွယ်ရာ၌လည်း မြတ်ဗုဒ္ဓကို ကိုးကွယ်ရုံဖြင့် ကောင်းကျိုးမရနိုင်သော်လည်း မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကျေးဇူးတော်များအား ပူဇော်လျှင်၊ မြတ်ဗုဒ္ဓဟောကြားခဲ့သော တရားတော်များကို လိုက်နာကျင့်သုံးလျှင်ကား တုနိုင်မရသော ကောင်းကျိုးချမ်းသာများ ရရှိပါလိမ့်မည်။
ဤမျှလောက် ရှင်းပြလျှင် လုံလောက်မည် ထင်ပါသည်။ မြတ်ဗုဒ္ဓကိုလည်း ကိုးကွယ်ပုံ ကိုးကွယ်နည်းများလည်း သိရှိမည်ထင်ပါသည်။ မြတ်ဗုဒ္ဓ၏ တရားတော်များအတိုင်းလည်း လိုက်နာကျင့်သုံးလိမ့်မည်ဟု ထင်သောကြောင့် ယခု အမေးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါပေသည်။ အားလုံး လိုက်နာကျင့်သုံးနိုင်ပြီး ကောင်းကျိုးချမ်းသာများ ဆထက်တပိုး တိုးပွားကြပါစေလို့ ဆန္ဒပြုလျက်............။