Saturday, December 17, 2011

ရွှေငွေနဲ့သာသနာ အပ်စပ်မှုရှိမရှိ

ရဟန်းသံဃာများကို ပိုက်ဆံလှူတဲ့အခါ တိုက်ရိုက်လှူဒါန်းရင် ရဟန်းသံဃာများမှာရော၊ လှူဒါန်းသူများမှာပါ အကျိုးရသင့်သလောက် မရဘူးဆိုပြီး Comment ပေးထားတာကို လူတွေအနေနဲ့ ၀ိနည်းအကြောင်းနားမလည်လို့ ယောင်ဝါးဝါးဖြစ်ပြီး ပိုက်ဆံလှူခြင်းများအတွက် သံယယတွေဖြစ်နေကြတယ်။ အဲဒါ ဖြေရှင်းပေးပါဦးလို့ တောင်းဆိုတာနဲ့ ရွေငွေနဲ့သာသနာ အပ်စပ်မှုရှိမရှိ၊ ဘယ်လိုလုပ်ရင် အပ်စပ်တယ်ဆိုတာကို သိစေချင်လို့ အခုလို ရေးသားပေးလိုက်ခြင်း ဖြစ်ပါတယ်။

ရွှေငွေဟာ နိဗ္ဗာန်ရောက်အောင်အားထုတ်နေတဲ့ ရဟန်းတော်များအတွက် မအပ်ဘူးဆိုတာ နိဗ္ဗာန်ရောက်အောင် လက်တွေ့အားထုတ်နေတဲ့သံဃာမှာ ကိလေသာများ မဖြစ်အောင် မကိုင်ဆောင်ရဆိုပြီး မြတ်စွာဘုရားရှင်က မိန့်တော်မူခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ လက်တွေ့ကမ္မဋ္ဌာန်းအားထုတ်နေတဲ့သံဃာဆို ရွှေငွေတွေပေါ် တက်မက်မှုဖြစ်ခြင်း ကိလေသာ၊ ရွှေငွေရှိခြင်းကြောင့် သူခိုးဓါးမြအန္တရာယ်တို့မှ ကင်းဝေးအောင် မကိုင်ဆောင်ခိုင်ခြင်း ဖြစ်ပါတယ်။ တကယ်လို့သာ ရွှေငွေများကို သာသနာမှာ မလှူဒါန်းသင့်ဘူးဆိုရင် ဘယ်ရဟန်းသံဃာ၊ လူတွေကမှ ဘုရားရွှေချခြင်း၊ ရွှေသင်္ကန်းကပ်ခြင်းများ ပြုလုပ်ခိုင်းမည် မဟုတ်ပါပေ။ တကယ်လို့သာ ရွှေငွေလှူဒါန်းသူများမှာ အပြစ်ဖြစ်တယ်ဆိုရင် ဘုရားမှာရော ဘာဖြစ်လို့ ရွှေတွေ လှူကြတာလဲ။ ဒီလို ဘုရားရှင်ကလက်မခံတာကို လှူကြတာဟာ အပြစ်မဖြစ်ဘူးလား။ ဒါဆို ဘုရားမှာရွှေချခဲ့တဲ့ ရဟန်းရှင်လူမှန်သမျှ ကုသိုလ်မရဘဲ အကုသိုလ်ပဲ ရနေမှာလားဆိုတဲ့ မေးခွန်းတွေ ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် သာသနာနဲ့ရွှေငွေ အပ်စပ်မှုရှိမရှိကို ကျမ်းဂန်းများတွင် ဘယ်လိုဖော်ပြထားခဲ့ သလဲ၊ မြတ်ဗုဒ္ဓကရော ဘယ်လိုတွေ မိန့်ကြားခဲ့သလဲဆိုတာ လေ့လာစမ်းစစ်ကြည့်တဲ့အခါ မိလိန္ဒပဉှာ၊ ဝေဿန္တရာဒါနခန်းတွင် မလှူသင့်တဲ့ အဒါန၀တ္ထု(၁၀)ပါးထဲမှာ ရွှေငွေမပါတာ ကို တွေ့ရပါတယ်။ ရွှေငွေကို အသုံးအဆောင်အတွက်၊ ကျောင်းအတွက်စတဲ့ အကျဉ်းချုပ်နဲ့ပြောရမယ်ဆိုရင် ပစ္စည်လေးပါး၊ အကျယ်ချဲ့မယ်ဆိုရင်တော့ ရဟန်းသံဃာများဆိုင်ရာ လိုအပ်ချက်များသုံးဆောင်ရန်အတွက် ရွှေငွေများကို လှူဒါန်းလို့ရပါတယ်။ လှူဒါန်းသူမှာလည်း အပြစ်မရှိပါဘူး။

အဒါန၀တ္ထုဖြစ်တဲ့ ဒီ(၁၀)မျိုးကိုတော့ ရဟန်းသံဃာများအား မလှူကောင်းပါ။ လှူဒါန်းရင်လည်း လှူသူမှာ အပြစ်ရှိတယ်လို့ မိလိန္ဒပဉှာမှာ ဟောထားတာ တွေ့ရပါတယ်။ မလှူအပ်တဲ့ အဒါန၀တ္ထု(၁၀)မျိုးကို စာဖတ်သူများသိရှိထားအောင် အကျဉ်းချုပ်ရေးသားပေးရမယ်ဆိုရင်
၁။ ဘိန်းအရက်စတဲ့ မူးယစ်ဆေးပါးအလှူ။
၂။ မိန်းမအလှူ။
၃။ နွားမကို မိတ်လိုက်ဖို့ နွားထီးလွတ်ပေးတဲ့အလှူ။
၎။ ကိလေသာကို ဆွဲဆောင်နိုင်တဲ့ ပန်းချီဆေးရုပ်အလှူ။
၅။ လက်နက်အလှူ။
၆။ အဆိပ်အလှူ။
၇။ သတ္တ၀ါတွေကို ဖွဲ့နှောင်းဖို့အတွက် ခြေကျင်း၊ ကြိုး၊ ထိပ်တုန်း၊ လက်ထိပ်စတဲ့ အလှူ။
၈။ သတ်စားဖို့အတွက် သားငါးအလှူ။

၉။ အလေးတင်းတောင်း ဂဏန်းပေါင်းစက်စသည်များဖြင့် ရဟန်သံဃာအတွက် ငွေစတဲ့အရာဝတ္ထုများ ပိုမိုရရှိအောင် လိမ်လည်ပေးပြီး လှူသောအလှူ။ (ဥပမာ-ကျောင်းအတွက် လှူထားတဲ့ငွေများကို အဖွဲ့အစည်းကဖြစ်စေ၊ တစ်ယောက်ယောက်ဖြစ်စေ သိမ်းထားတာကို ကျောင်းငွေပိုရအောင်ဆိုပြီး ဂဏန်းပေါင်းစက်ဖြင့် ပေါင်းတဲ့အခါ ရှိရင်းထက် ပိုမိုတိုးပြီး လိမ်လည်ပေးတဲ့အလှူ၊ အဒိန္နာဒါန အလှူမျိုးပါ)
၁၀။ ကချေသည်လို့ခေါ်တဲ့ ဇာတ်သဘင်ပွဲလမ်းသဘင်အလှူ။

ဒီနေရာမှာလည်း ဘုရား၊ ရဟန်းသံဃာများအတွက်ဆိုပြီး ပွဲလမ်းသဘင်များ မလှူကောင်းဘူးဆိုပြီး ပါနေပါတယ်။ ခုပြောခဲ့တဲ့ အလှူတွေဟာ မလှူအပ်တဲ့အလှူတွေဖြစ်ပြီး လှူဒါန်းရင် အကျိုးမရတဲ့အပြင် အကုသိုလ်ပါရပါသတဲ့။ ဒါကြောင့် မိမိတို့က အလှူအတန်းအကြီးကြီးလုပ်တဲ့ပွဲတွေမှာ၊ ဘုရားပွဲတွေမှာ ဇာတ်သဘင်များ ၀ါသနာပါလို့ဖြစ်စေ၊ သူများတကာလည်း ကြည့်ရအောင်ဆိုတဲ့စေတနာနဲ့ဖြစ်စေ ပွဲလမ်းသဘင်များလုပ်တဲ့အခါမှာ ဘုရား၊ ရဟန်းသံဃာများကိုလှူတယ်ဆိုတဲ့ စကားနဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ မသုံးမိအောင် သတိထားဆင်ခြင်ပြီး မိမိတို့အလှူအောင်ပွဲအနေနဲ့ ပျော်ပွဲရွှင်ပွဲဆိုတာမျိုးသာ သုံးနှုန်းကျင့်ပပြုလုပ်ကြပါလေ။ တကယ်လို့ မိမိတို့က မသိနားမလည်ပြီး ဘုရား၊ ရဟန်းသံဃာကျောင်းအတွက် ပွဲလမ်းသဘင်လှူဒါန်းတာလို့ သုံးမိမယ်ဆိုရင် မိမိတို့မှာ ကုသိုလ်မရဘဲ အကုသိုလ်သာ ရရှိမှာမို့ပါ။ အဲဒီတော့ ပြောရင်းပြောရင်းနဲ့ လိုရင်းကိုမရောက်ဘဲ စာဖတ်သူများသိစေချင်တာတွေလွန်းကဲပြီး ရေးတာများသွားနေသဖြင့် လိုရင်းကို ပြန်ပြောပါမယ်။

ရွှေငွေများဟာ နိဗ္ဗာန်ရောက်အောင် တရားလက်တွေ့အားထုတ်နေတဲ့ ရဟန်းသံဃာအနေနဲ့ မသုံးဆောင်ကောင်း၊ အလှူမခံကောင်းတာ မှန်ပါတယ်။ ဒါပေမဲ့ အထက်ကပြောခဲ့သလို ရွှေငွေများဟာ မလှူဒါန်းသင့်တဲ့ အရာဝတ္ထုများတွင် မပါဘဲ လှူဒါန်းရင်လည်း လှူဒါန်းသူမှာ အပြစ်မရှိတာကြောင့် လှူဒါန်းတဲ့လူကလည်း လွတ်လပ်စွာလှူဒါန်းနိုင်သလို ပစ္စည်းလေးပါးအတွက်၊ အသုံးအဆောင်လိုအပ်တာများအတွက် အသုံးချရန် လိုအပ်လာရင် ရဟန်းသံဃာများအနေနဲ့လည်း အလှူခံပြီး ကိုင်ဆောင်ထားနိုင်ပါတယ်။

အဲဒီလိုကိုင်ဆောင်လို့ ရဟန်းသံဃာမှာ အပြစ်ကလည်း ပြောသလောက် အပြစ်ကြီးသွားတာ မဟုတ်ပါဘူး။ ရဟန်းသံဃာများအတွက် အာပတ်(၇)မျိုးရှိရာမှာ အသေးစားဖြစ်တဲ့ နိဿဂ္ဂိပါစိတ်သာ သင့်တာမို့ ဒါဟာလည်း ရွှေငွေကိုင်ပြီး ကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင် ပြန်လည်ချေပလို့ရနိုင်တာမို့ ဘယ်ဟာက ပိုအကျိုးများမလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ဥပမာ-ရွှေငွေကိုင်ရင် အာပတ်သင့်လို့အပြစ်အသေးစား ရရှိသွားတယ်။ ဒါပေမဲ့ ရွှေငွေကိုင်ပြီးတော့ အဲဒီအပြစ်သေးစားလေး ကို ချေပနိုင်တဲ့ ကုသိုလ်မျိုးကို ပြုလုပ်မယ်ဆိုရင် ဆုံးရှုံးတာနဲ့ ပြန်လည်ရယူတာတွင် ပြန်လည်ရယူခြင်းက ပိုမိုသာလွန်ပါက အမြတ်ထွက်တာကြောင့် အမြတ်ထွက်မဲ့ ကောင်းမှုမျိုးရရှိမယ်ဆို ပြုလုပ်သင့်ပါတယ်။

ရဟန်းသံဃာများဟာ ရွှေငွေကိုင်ရတာသည် အလွန်ကြမ်းကြုတ်တဲ့ ဆင်ပြောင်ကြီးကို ကိုင်ရသလို အန္တရာယ်ရှိမှန်းတော့ သိကြပါတယ်။ ဒါပေမဲ့ အဲဒီလို ခွန်အားကြီးတဲ့ ဆင်ပြောင်ကြီးကို အသုံးချပြီး ကောင်းမှုကုသိုလ်နဲ့ပတ်သတ်တာများ ပြုလုပ်ရမှာဖြစ်တဲ့အတွက် ဆင်ပြောင်းကြီးကို လက်မလွတ်နိုင်သလို ရွှေငွေကိုလည်း ကိုင်ဆောင်နေရခြင်း ဖြစ်ပါတယ်။

အဲဒီလိုပါပဲ ရွှေငွေကိုလှူဒါန်းတဲ့ ဒကာ၊ ဒကာမများမှာလည်း ယောနိသောမနသိကာရ ကုသိုလ်စိတ်ရှေ့သွားရှိပြီး ငါတို့လှူတဲ့ ရွှေငွေဟာ သာသနာအတွက် အကျိုးပြုမှာပဲဆိုတဲ့စိတ်ဓာတ်နဲ့ လှူဒါန်းရင် အကျိုးပေးသာရရှိပြီး မကောင်းကျိုးမရရှိတာ သေချာပါတယ်။ ဒါကြောင့် ယခုခေတ် ရွှေငွေကိုင်နေရတဲ့ ရဟန်းသံဃာများဟာလည်း မလွဲသာလို့သာ ကိုင်နေရခြင်းဖြစ်ပြီး လှူဒါန်းသူများကလည်း သာသနာအတွက်အကျိုးပေးများအောင် လှူဒါန်းကြခြင်းဖြစ်လို့ အကျိုးဆုတ်ယုတ်မှုများမရှိဘဲ သင့်လျော်လျောက်ပတ်မှု ရှိတယ်ဆိုတာ ထင်ရှားလှပါတယ်။

ဦးဇင်းကိုလည်း ဒကာတစ်ယောက်ကသာ ဦးဇင်းလိုအပ်တာကို နောက်ကနေ အမြဲတစေလိုက်ပြီး ပိုက်ဆံရှင်းပေးနေမယ်ဆို ဘယ်ငွေကိုင်နေမလဲနော်။ ငွေကိုင်ရတာ ပျောက်ရမှာကြောက်ရ၊ သိမ်းထားရ၊ ကိုင်သွားရနဲ့ အလုပ်အလွန်ရှုပ်ပါတယ်။ အဲဒီလို နောက်ကနေ လိုက်ရှင်းပေးမဲ့လူ မရှိလို့သာ ခုလို ကိုင်ဆောင်နေရတာပါ။ ဦးဇင်းလိုပါပဲ ငွေကိုင်နေရတဲ့ ရဟန်းသံဃာအားလုံးဟာ ကပ္ပိယမရှိလို့သာ ငွေကိုင်နေရတာပါ။ ကိုင်ချင်လို့ကိုင်နေရခြင်း မဟုတ်ဘူးဆိုတာ လူတိုင်းသိမယ်ထင်ပါတယ်။ ဒါပြင် ယခုခေတ်မှာ နောက်ကနေ တကောက်ကောက်လိုက်ပြီး ကူညီပေးမဲ့ ဒကာမရှိတဲ့ ရဟန်းသံဃာဆို ပိုက်ဆံမပါဘဲနဲ့ ဘယ်လိုလုပ်များ ခရီးသွားခြင်း၊ အသုံးအဆောင်ဝယ်ခြင်းများ ပြုလုပ်နိုင်မလဲဆိုတာ စဉ်းစားကြည့်ရင် သိပါလိမ့်မယ်။

မီးဟာ လိမ်မာပါးနပ်စွာ အသုံးချတတ်ရင် အကျိုးများသလို ရွှေငွေဟာလည်း သာသနာအတွက်အကျိုးရှိအောင် အသုံးချတတ်ရင် အလွန်အကျိုးများတယ်ဆိုတာ လူတိုင်းသိပါလိမ့်မယ်။ ဦးဇင်းရဲ့ စာဖတ်ပရိသတ်များကို ဗဟုသုတအသိဉာဏ်များ တိုးပွားစေချင်တဲ့ စေတနာ၊ မှားမှန်နဲ့အကျိုးပေး နည်းများကို ခွဲခြားသိစေချင်တဲ့ စေတနာ၊ လွဲမှားမှုများမဖြစ်စေချင်တဲ့ စေတနာတွေကြောင့် ယနေ့ (17.12.2011) မှာတော့ ည (03.00 AM ) မှ အိပ်ရပါတော့တယ်။ ဦးဇင်းရဲ့ စာဖတ်ပရိတ်သတ်များအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျက်……။

Thursday, December 15, 2011

မာရ်နတ်အကြောင်းနဲ့ပတ်သတ်၍

မေး။ ။ အရှင်ဘုရား မာရ်နတ်ကြီး အကြောင်းစဉ်းစားစရာတွေများနေလို့ မေးခွင့်ပြုပါအရှင်ဘုရား။ နတ်ပြည်ခြောက်ထပ်ရဲ့ အပေါ်ဆုံးအထပ်က မာရ်နတ်ကြီးဟာ ဘယ်လိုကောင်းမှုတွေကြောင့် နတ်စည်းစိမ်ကို ရရှိခဲ့ပါသလဲ။ ဘယ်လိုကြောင့် အများကောင်းမှုတွေပြုချိန်မှာ ဒေါသတကြီးနဲ့ လိုက်ဖျက်ဆီးတတ်ပါသလဲ။ ၀သဝတ္တီနတ်ပြည်က ကျန်နတ်များကရော ဆိုးယုတ်ကြပါသလား။ မြန်မာများရဲ့အသိမှာ ဆိုးယုတ်သောနတ်တစ်ပါးဖြစ်တဲ့ မာရ်နတ်ကြီးဟာ နတ်ပြည်ခြောက်ထပ်ရဲ့ အပေါ်ဆုံးအထပ်က နတ်အကြီးအမှူးဖြစ်တဲ့အတွက် တာဝတိ`ံသာက သိကြားမင်းထက် တန်ခိုးအရာမှာ သာလွန်လိမ့်မယ်လို့တော့ တွေးမိပါတယ်။ မာရ်နတ်မင်း ဖျက်ဆီးတာတွေကို သိကြားနတ်အပါအဝင် လောကပါလနတ်မင်းကြီးလေးပါးတို့ တားဆီးနိုင်ပါ့မလား အရှင်ဘုရား။

လေးစားစွာဖြင့် --ဒကာရဲညွန့်

ဖြေ။ ။ အင်း မာရ်နတ်အကြောင်းကို ပိဋကတ်လမ်းညွှန်ကျမ်း ဒုတိယတွဲ၊ စာမျက်နှာ (၂၅၁)မှာ မာရ်နတ်(အစစ်၊အတု)နှစ်မျိုး တွေ့ရပါတယ်။ (၁) မာရ်နတ်မင်း (အစစ်)မှာ ဝသဝတ္တီလို့ခေါ်ပြီး အဲဒီနတ်ပြည်မှာနေကာ နတ်ပြည်ခြောက်ထပ်ကို အစိုးရပါတယ်။ ဒီမာရ်နတ်မင်းအစစ်ကား ဘုရားရှင်အား နှောက်ယှက်တဲ့ မာရ်နတ်မဟုတ်ပေ။ ဒီမာရ်နတ်က မာရ်နတ်အစစ်။

(၂) ဘုရားရှင်အား အနှောက်အယှက် အမျိုးမျိုးပေးနေတဲ့မာရ်နတ်ကြီးမှာ ''မာရ၊ ကဏှ၊ ပဇာပတိ၊ အန္တဂူ၊ နမုစိ၊ ပမတ္တဗန္ဓု၊ ပါပိမ၊အန္တက''ဟုအမည်အမျိုးမျိုးခေါ်ကာ ပရနိမ္မိတဝသဝတ္တီဘုံမှာနေတဲ့ နတ်သားကြီးပါ။ ပရနိမ္မိတဝသဝတ္တီနတ်မင်း မဟုတ်ပါဘူး။ ဓားပြသဖွယ် ဆိုးသွမ်းတဲ့နတ်ဆိုးကြီးသာ ဖြစ်ပါတယ်။ ဒီမာရ်နတ်ကတော့ မာရ်နတ်အတု။

ဒီမာရ်နတ်ကြီးဟာ ကကုသန္နဘုရားရှင် လက်ထက်တော်တွင် မောင်ဖြစ်သူက ဒုဿီမာရ်နတ်ဖြစ်ပြီး နှမဖြစ်သူက ကာဠီအမည်ရှိကြောင်း၊ ၄င်းကာဠီရဲ့သားဟာ ယခု ဂေါတမဘုရားရှင်လက်ထက်တော်တွင် မာရ်နတ်ဖြစ်လာကြောင်း သိရပါတယ်။ အဖကိုမူ မသိရပါ။ ဒုဿီမာရ်နတ်ဟာ သူကြွယ်ပုဏ္ဏားတွင် စွဲဝင်ပြီး ဘုရားရှင်ကိုဆဲရေးခြင်း၊ ရဟန်းတို့ကို ဆဲရေးချောက်ချားစေခြင်း၊ ကဲ့ရဲ့ရှုတ်ချခြင်း၊ ရဟန်း၊ ရဟန်းမတို့အနီးတွင် ဝိသဘာဂအာရုံဖန်ဆင်းပြီး လူတို့ကိုမြင်စေခြင်း၊ ရဟန်း၊ ရဟန်းမတို့အား အပျိုမများ၊ လူပျိုများနှင့် ဆက်ဆံကြပုံတို့ကို ဖန်ဆင်းပြခြင်း၊ မုဆိုး တံငါတို့ကဲ့သို့ ငါးမျှားပုံ ငှက်ထောင်ပုံတို့ကိုဖန်ဆင်းပြခြင်း၊ လူတို့က မကြည်ညိုအောင်လုပ်ခြင်း၊ နောက်ဆုံးတွင် ကကုသန်ဘုရားရှင်ရဲ့ လက်ယာရံဖြစ်တဲ့ ဝိဓုရထေရ်ရဲ့ ဦးခေါင်းကို ကျောက်ခဲနဲ့ စုတ်ပြတ်ကွဲထွက်သွားအောင် ပစ်ခြင်းစသည်တို့ကို ပြုခဲ့ပါတယ်။

၎င်းသေသောအခါ အဝီစိငရဲတွင် နှစ်ပေါင်းတစ်သိန်းမျှ ကာလပတ်လုံး ဒုက္ခခံရပါတယ်။ ၄င်းကား အရဟန္တဃာတကကံကြီး ထိုက်ခဲ့သူဖြစ်ပါတယ်။ ယခုဂေါတမမြတ်စွာဘုရားရှင်ကို လိုက်လံဖျက်စီးနေတဲ့ မာရ်နတ်ဟာ ဒုဿီမာရ်နတ်ရဲ့ တူတော်ဖြစ်တယ်လို့ သိရပါတယ်။

မာရ်ဆိုသည်မှာ ဖျက်ဆီးခြင်း၊ ညှဉ်းဆဲခြင်း၊ နှောင့်ယှက်ခြင်း၊ တားဆီးခြင်း သဘောရှိတဲ့ အရာများကို ဆိုလိုပါတယ်။ ၎င်းမာရ်တို့ဟာ ဒေ၀ပုတ္တမာရ်၊ ကိလေသမာရ်၊ အဘိသင်္ခါရမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်ဟု ငါးမျိုးရှိပါတယ်။

(၁) ရွှေပလ္လင်တော်မြတ်ကို စစ်တပ်ဖြင့်တိုက်ပြီး လုယူလိုတဲ့ မာရ်နတ်သားကို ဒေ၀ပုတ္တမာရ်ဟု ခေါ်တယ်။

(၂) ကိလေသာတရား (၁၀^၁၅၀၀) တို့ကို ကိလေသမာရ်ဟု ခေါ်တယ်။

(၃) ဘ၀သစ်ဖြစ်ဖို့ရန် စီမံလျက် ပစ်ချတတ်၊ ညွတ်တတ်ပြုပြင်တတ်တဲ့ လောကီကုသိုလ်ကံ-အကုသိုလ်ကံတို့ကို အဘိသင်္ခါရမာရ်ဟု ခေါ်တယ်။

(၄) ရဟန္တာမဖြစ်မီ အတွင်းကာလမှာ အဆိုပါ အဘိသင်္ခါရကံတို့ရဲ့ စီမံချက်အရ ဘ၀သစ်ဖြစ်ရလတ္တံ့သော ခန္ဓာငါးပါးတို့ကို ခန္ဓမာရ်ဟု ခေါ်တယ်။

(၅) သေခြင်းတရားကို မစ္စုမာရ်ဟု ခေါ်ပါတယ်။

တကယ်တော့ ဘုရားရှင်များကို နှောက်ယှက်ဖျက်ဆီးနေတဲ့ မာရ်နတ်မင်းဟာ အစွန်းရောက်သူတစ်ဦးလို့ ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့စိတ်ထဲမှာ (၃၁)ဘုံရှိတဲ့ သတ္တ၀ါတို့တွင် သူသာတန်ခိုးကြီးတယ်၊ ကာမဂုဏ်ဆိုတာ သတ္တ၀ါတွေအတွက် သူကပဲ ဖန်ဆင်းပေးထားတာမျိုး အထင်ရောက်နေသူပါ။ သတ္တ၀ါတွေ သံသရာမှာ ဘ၀မျိုးစုံ ကျင်လည်ရင်း သူဖန်တီးပေးထားတဲ့ လောကီအာရုံ ကာမဂုဏ်တွေကို ခံစားနေကြတာပဲ သူကကြိက်ပါတယ်။ ဒါကြောင့် ကာမဂုဏ်ကို စွန့်ပယ်ဖို့ နည်းလမ်းမှန်မှန်နဲ့ တရားဟောမဲ့ ဘုရားလောင်းတွေဆိုရင် သူကလိုက်ပြီး နှောက်ယှက်တာပါ။

ဘုရားလောင်းတောထွက်မယ်ဆိုလဲ တားတာပဲ။ ဘုရားလောင်း တောထွက်ခါနီးမှာ အသင်မင်းသား တောမထွက်ပါနဲ့။ နောက် (၇)ရက်ကြာရင် စကြာရတနာ ဆိုက်ရောက်လာပါမယ်။ အသင်မင်းသား စကြာမင်းဖြစ်တော့မယ်။ အခုလို ငယ်တုန်းမှာ ကာမဂုဏ်တွေ ခံစားပါဦး၊ တရားအားထုတ်တယ်ဆိုတာ အသက်ကြီးပြီး ကာမဂုဏ်တွေ မခံစားနိုင်တော့မှ လုပ်ရမှာလေ။ နောက်ကြောင်းပြန်လှည့်ပါ အသင်မင်းသားလို့ တားပါတယ်။ ဘုရားဖြစ်ခါနီးတော့လည်း နှောက်ယှက်တာပါပဲ။ ဘုရားဖြစ်ပြီးတော့လည်း သင်လိုချင်တဲ့ သဗ္ဗညုတဉာဏ်ရပြီ တရားမဟောနဲ့လို့ တားပါသေးတယ်။ ဘုရားဖြစ်ပြီး တရားလိုက်ဟောနေတော့လည်း မြန်မြန်ပရိနိဗ္ဗာန်စံဖို့ မြတ်စွာဘုရားကို လာလာပြောပါတယ်။ အဲဒီတော့ ဒီမာရ်နတ်မင်းဟာ အစွန်းရောက်သူတစ်ဦးဖြစ်ပြီး သူအထင်မှားနေတဲ့ သူဖန်ဆင်းပေးထားတာလို့ ထင်နေတဲ့ လောကကြီးထဲမှာရှိတဲ့ ကာမဂုဏ်များကိုသာ သူလိုပဲ အများကိုပါ ခံစားစေချင်တဲ့ အစွန်းရောက် မာရ်နတ်မင်း ဖြစ်ပါတယ်။ သူဟာ မာရ်နတ်မင်းဘ၀ကနေ သက်တမ်းကုန်ရင်တော့ သူလုပ်ခဲ့တဲ့ မကောင်းမှုများကို ခံစားရပါလိမ့်မယ်။

ဒါကြောင့် စိတ်ထားမကောင်းဘဲ အများအကျိုးကို ဖျက်စီးချင်သူ၊ ကုသိုလ်လုပ်ဖို့ရန် မေ့နေပြီး ကာမဂုဏ်ထဲမှာပဲ ပျော်ပိုက်နေသူများဟာ မာရ်နတ်မင်းနဲ့တူနေတာကြောင့် မိမိတို့လည်း မာရ်နတ်မင်းမဖြစ်အောင် သတိထားကြပါလို့ ပြောကြားရင်း စာဖတ်သူများ ကိုယ်စိတ်နှစ်ပါးချမ်းသာပါစေလို့ ဆန္ဒပြုလျက်…..။

မေးခွန်း(၂) အရှင်ဘုရား မာရ်နတ်ဟာ ရှင်ဥပဂုတ်တ ကိုယ်တော်မြတ်ကြီးက ဘုရားရှင်အသွင်ဖန်းဆင်းပြမှခွေးသေကောင်ပုတ်ဖြုတ်ပေးမယ်ဆိုလို ဘုရားရှင်အသွင်ဖန်ဆင်းပြခဲ့ရဖူးတယ်လို့ဖတ်ဖူးပါတယ်ဘုရား။ အဲဒီမာရ်နတ်ကျတော့ဘယ်သူပါလဲဘုရား။

ဖြေ။ ။ ဒကာမရေ အရှင်ဥပဂုတ္တအကြောင်းဖတ်ရတဲ့စာထဲမှာလည်း မာရ်နတ်မင်းဟာ မြတ်စွာဘုရားရှင်ကိုတွေ့ဖူးတယ်လို့ ပါရှိတာကိုထောက်ဆကြည့်မယ်ဆိုရင် အဲဒီမာရ်နတ်ဟာလည်း ယခုပြောပြတဲ့ ဘုရားရှင်လက်ထက်က မာရ်နတ်မင်းပဲ ဖြစ်ပါတယ်။ မာရ်နတ်ရောက်နေတဲ့ ပရနိမ္မိတ၀သ၀တ္တီနတ်ပြည်ဟာ သက်တမ်းရှည်လှတဲ့အတွက် လူပြည်သက်တမ်းနဲ့ဆို အဲဒီချိန်ထိ အသက်ရှင်နေလို့ ရပါတယ် ဒကာမရေ။

မေးခွန်း(၃) ဆရာတော်ဘုရား တပည့်တော်စာအုပ်တစ်အုပ်ဖတ်ဖူးပါတယ်။ နာမည်ကြီးစာအုပ်တစ်အုပ်ပါပဲဘုရား။ စာအုပ်နာမည်က ဗုဒ္ဓဒိုင်ယာရီ ရေးသူက ပါရဂူ ဘာသာပြန်စာအုပ်တစ်အုပ်ပါပဲ။ အဲဒီထဲမှာ မာရ်နတ်ဆိုတာကို ခန္ဓာကိုယ်တွင်းက မကောင်းတဲ့စိတ်လို့ ညွှန်ပြထားပါတယ်။ အဲဒါကရောဘယ်အယူအဆက လာတာပါလဲဘုရား။ နောက်ပြီး မာရ်နတ်နဲ့ ရှင်ဥပဂုတ်ဇာတ်လမ်းဟာလည်း ထေရ၀ါဒပိဋကတ်ထဲမှာ လက်ခံထားပါသလား။ တော်တော်များများကျောင်းတွေထဲမှာ ရှင်ဥပဂုတ်ပုံတော်နဲ့ ပြဿာဒ်တော်ကို ရေကန်ဖြင့် ထားရှိပူဇော်ထားတာကိုတွေ့ရှိနေရပါသည်။ အများသိစေချင်တဲ့အရာဖြစ်မည်ဟု ယူဆမိပါသည်။ ဆရာတော်ဖြေကြားစေလိုပါသည်။

ဖြေ။ ။ ဗုဒ္ဓဒိုင်ယာရီထဲက မာရ်နတ်ဟာ တပည့်တော်အပေါ်မှာ ပြောခဲ့တဲ့ မာရ်နတ်ငါးပါးထဲက တစ်ပါးပါးကိုလည်းကောင်း၊ နှစ်ပါးသုံးပါးကို စုပေါင်းပြီးလည်းကောင်း ခေါ်ဆိုခြင်း ဖြစ်ပါလိမ့်မယ်။ တပည့်တော်ခုရေးတဲ့မာရ်နတ်က ပလ္လင်တုတဲ့မာရ်နတ်ပါ။ ရှင်ဥပဂုတ္တဇာတ်လမ်းဟာ ထေရ၀ါဒမှာမပါဘူးလို့တော့ ပြောကြပါတယ်။ ဒါပေမဲ့ တပည့်တော်ဖတ်ဖူးလေ့လာဖူးခဲ့တာကတော့ အပေါ်က ဒကာမ မေးခဲ့သလိုဖတ်ခဲ့ဖူးရတဲ့အတွက် အဲဒီဇာတ်လမ်းထဲမှာပါတဲ့အကြောင်းအရာကိုကြည့်မယ်ဆိုရင်တော့ အဲဒီမာရ်နတ်ဟာလည်း မြတ်ဗုဒ္ဓကိုတွေ့ဖူးတယ်လို့ပါရှိတာကြောင့် အဲဒီဇာတ်လမ်းအရကိုကြည့်ပြီး အဲဒီဇာတ်လမ်းပါ မာရ်နတ်ဟာလည်း တစ်ယောက်တည်းသာ ဖြစ်ပါတယ်။ တပည့်တော်လည်း ပိဋကတ်သုံးပုံကို အကုန်ကျွမ်းကျင်အောင် မလေ့လာရသေးတော့ ပိဋကတ်သုံးပုံမှာ ရှင်ဥပဂုတ္တအကြောင်း ပါမပါတော့ သေချာမပြောနိုင်ပါ။ ဒါပေမဲ့ တပည့်တော် စဉ်းစားလို့ ရတာကတော့ ရှင်ဥပဂုတ္တမထေရ်အကြောင်း ပိဋကတ်ထဲမှာ မပါဘူးဆိုတာ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပဂုတ္တဟာ တတိယသင်္ဂါယနာ မတင်ခင်အချိန်မှ ပေါ်ပေါက်ခဲ့တာဆိုတော့ ပိဋကတ်ထဲမှာ မပါဝင်နိုင်ပါ။ ဒါပြင် တတိယသင်္ဂါယနာမှာ ဂိုဏ်းဂဏတွေ အများကြီးကွဲသွားသေးတာဆိုတော့ ရှင်ဥပုဂုတ္တဟာ ဘယ်ဂိုဏ်းဝင်မှန်းမသိတာကြောင့်လည်း မှတ်တမ်းတင်ခြင်းများ မထားခဲ့ရတာလည်းဖြစ်နိုင်ပါတယ်။ အဲဒီတော့ ရှင်ဥပဂုတ္တအကြောင်းဟာ တကယ်ကို လေ့လာသုံးသပ်ဆင်ခြင်နိုင်ကြည့်မှသာ အဖြေမှန်ဟာ ထွက်လာမဲ့အရာမို့ တပည့်တော်လည်း အဲဒီလောက် အချိန်မပေးနိုင်တာရော၊ ပညာအဆင့်နိမ့်သေးတာရော၊ ဗဟုသုတနည်းပါးသေးတာရော၊ ဉာဏ်ပါရမီနည်းတာရောကြောင့် တပည့်တော်လိုပုဂ္ဂိုလ်အနေနဲ့တော့ သေချာပေါက် ဆုံးဖြတ်မပေးနိုင်ပါ။ အဲဒီတော့ အခြားအခြားသောပညာရှင်များရဲ့ စာပေများ၊ ဟောကြားချက်များကိုထောက်ဆကြည့်ပြီး ယုံသင့်မယုံသင့် စဉ်းစားရပါလိမ့်မယ်။

ဒါကတော့ ဦးဇင်းကို မာရ်နတ်နဲ့ပတ်သတ်ပြီး မေးလာသူများအား ပြန်ဖြေပေးထားတာ ဖြစ်ပါတယ်။ ဦးဇင်း စာဖတ်ပရိသတ်အားလုံး ဗဟုသုတတိုးပွားရန်အတွက် တင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။ မှားမှန်ပါလာရင်လည်း ဦးဇင်းရဲ့ စာပေအားနည်းမှုဟု မှတ်ယူကြပါလေ။ ဦးဇင်းစာဖတ်ပရိသတ်များအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်.......။

Monday, December 12, 2011

ဇာတ်တူသား စားခြင်းနဲ့ပတ်သတ်၍

မေး။ ။ အရှင်ဘုရား။ တပည့်တော်နာမည်က စိုင်းနေ၀င်သိန်းပါဘုရား။ အခုမလေးရှားမှာ အလုပ်လုပ်နေပါတယ်။ တပည့်တော်စိတ်ထဲမှာ တစ်နုန့်နုန့်ခံစားနေရလို့ သိချင်တာလေးကို မေးခွင့်ပြုပါဘုရား။ တပည့်တော်ဖူးစာရှင်လေးဆိုဒ်မှ သတင်းတစ်ပုဒ်ကို ဖတ်မိတော့ တော်တော်လေးတုန်လှုပ်သွားပါတယ်ဘုရား။ တရုတ်ပြည်မှာ ကလေးငယ်တွေကို လူသားစွပ်ပြုပ် လုပ်ပြီးသောက်နေကြတာကို ဖတ်မိလို့ပါဘုရား။ တော်တော်လေးလည်း သံဝေဂရပါတယ်ဘုရား။ အဲဒီအကြောင်းနဲ့ပက်သက်လို့ ဘုရားရှင်ဟောကြားခဲ့တဲ့ ဇာတ်တူသားမစားရဘူးဆိုတာကိုတော့ သိရပါတယ်ဘုရား။ ဘုရားရှင်ဟောကြားခဲ့တဲ့ ဇာတ်တူသားစားရင် ခံရမဲ့အပြစ်တွေကို တပည့်တော်တွင်သာမက စာဖတ်ပရိတ်သတ်များ သိရှိအောင်  ဖြေကြားပေးပါလို့ တောင်းပန်လျှောက်ထားအပ်ပါတယ်ဘုရား။ အရှုင်ဘုရားကျန်းကျန်း မာမာနဲ့  သာသနာ့အကျိုးကို ထမ်းရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဘုရား။

စိုင်းနေ၀င်းသိန်း

ခေတ္တ မလေးရှား

ဖြေ။ ။ အင်း ဒကာက သိချင်လို့မေးတော့လည်း ဖြေပေးရမှာပေါ့လေ။ မြတ်စွာဘုရားခင်ဗျလည်း (၄၅)နှစ်လေး အသက်ရှင်ရတဲ့ အချိန်ကာလလေးရှိတာမို့ စကြာဝဠာအနန္တမှာရှိတဲ့ စရိုက်စုံသတ္တ၀ါတွေအတွက် ဒါတွေတော့ မလုပ်နဲ့၊ ဒါတွေမစားနဲ့ဆိုပြီး အကုန်ဟောဖို့က အချိန်မရခဲ့ဘူးလေ။ ပါရမီကံရှိပြီး သူတော်ကောင်းစိတ်ရှိတဲ့ပုဂ္ဂိုလ်တွေကို အဓိကရွေးချယ်ပြီး နိဗ္ဗာန်ရောက်အောင် အဓိကထားဟောပေးနေရတာဆိုတော့ ရတဲ့အချိန်လေးကို အကျိုးများမဲ့ဘက်ကမှာ အသုံးချသွားရတယ်။ စရိုက်စုံရှိကြတဲ့သတ္တ၀ါတွေအားလုံးအတွက် ဒါတွေမလုပ်နဲ့၊ ဒါတွေမကြံနဲ့၊ ဒါတွေမစားနဲ့ဆိုပြီး ဖြစ်လာသမျှ သတ္တ၀ါတွေရဲ့စိတ်ဓာတ်တွေကို အကုန်ပြောပြဖို့ဆိုတာက အချိန်နဲ့အလုပ်လုပ်ရတာမို့ ပြည့်စုံအောင်တော့ ဘယ်ပြောပြနိုင်ပါမလဲ။ ဒါကြောင့် မြတ်စွာဘုရားက အဓိကအကျိုးမရှိတဲ့ သံသရာဘယ်ကစသလဲစတဲ့ အတွေးများကို မတွေးကြဘဲနဲ့ တရားဘယ်လိုရအောင် အားထုတ်ရမလဲဆိုတာ စဉ်းစားပြီး တရားအားထုတ်ဖို့ကိုပဲ အဓိကထား ပြောခဲ့တယ်လေ။

အင်း ဟုတ်တော့လည်း ဟုတ်ပါတယ်။ တချို့က သံသရာဘယ်ကစသလဲကို သိချင်နေကြသေးတယ်။ နိဗ္ဗာန်ရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အဓိကအချက်တော့ မစဉ်းစား၊ မမေးကြဘူး။ ဘာမဟုတ်တဲ့အလုပ်နဲ့ အချိန်ကိုအလဟဿဖြစ်အောင် သုံးပစ်နေချင်ကြတယ်လေ။ အဲဒီလိုမဟုတ်တာနဲ့ အချိန်ကုန်ချင်တဲ့လူတွေကို ဦးဇင်းကလည်း ဘာမှပြောမရတဲ့အခါ ဒီလောက်တောင် အကျိုးရှိမဲ့အရာနဲ့အချိန်မကုန်ချင်တဲ့လူ မင့်တကယ်သိချင်တဲ့ သံသရာဘယ်ကစဆိုတာကို နောက်မှစဉ်းစား၊ ၀ါးလေးတစ်လုံးကို ဖြတ်လိုက်တဲ့အခါ ၀ါးလုံးဝိုင်းလေးပေါ်လာတာကို မင့်မြင်ရလိမ့်မယ်။ အဲဒီဝါးလုံးဝိုင်းလေးဟာ ဘယ်ကနေစ၀ိုင်းသလဲဆိုတာကို မင့်အရင်စဉ်းစား၊ ဒါကို မင့်စဉ်းစားနေတာနဲ့ အဖြေမရဘဲ အချိန်တွေ အလဟဿဖြစ်မှာတော့ သေချာတယ်။ လူသာသေသွားမယ်။ ဒါကို စဉ်းစားရမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ သူက မဟုတ်တာနဲ့ အချိန်ကုန်ချင်မှတော့ သူစိတ်ချမ်းသာအောင် ကိုယ်ကလည်း ဖြေပေးလိုက်တယ်လေ။ တကယ်လည်း ဟုတ်ပါတယ်။ မြတ်စွာဘုရားက အဲဒီလို မဟုတ်တဲ့အရာတွေ စဉ်းစားပြီး ရရှိတဲ့အချိန်လေးကို မကုန်သွားအောင် မစဉ်းစားသင့်တာ မစဉ်းစားဘဲ အဓိကအရေးကြီးတာကိုပဲ စဉ်းစားလုပ်ဆောင်ကြပါလို့ ပြောခဲ့ခြင်းဖြစ်ပါတယ်။

မိမိတို့ လူ့လောကမှာလည်း နေ့စဉ်နဲ့အမျှ အလုပ်တွေတန်းစီးရှိနေကြပါတယ်။ အဲဒီလို တန်းစီရှိနေတာထဲက အဓိကအရေးကြီးတာကိုပဲ ဘယ်သူမဆို ဦးစားပေးလုပ်ကြလေ့ရှိပါတယ်။ အဲဒီလိုပဲ မြတ်စွာဘုရားရှင်ကလည်း (၄၅)နှစ်သက်တမ်းလေးရတဲ့အချိန်ကို သတ္တ၀ါပေါင်းစုံအတွက် ပြောစရာ၊ ဟောစရာ၊ မိန့်စရာတွေ အများကြီးရှိပြီး အများကြီးပြောပြချင်ပေမဲ့ အချိန်မရတဲ့အတွက် အဓိကကျတဲ့အရာတွေကိုပဲ ဦးစားပေးလုပ်ခဲ့ပါတယ်။ ဒါဟာလည်း မိမိတို့ သာမာန်လူတောင် ဘာမှမဟုတ်ဘဲနဲ့ တစ်ယောက်တည်းအလုပ်များနေတတ်တယ်ဆိုတာ လူတိုင်းသိပါလိမ့်မယ်။ အဲဒီလို ဘာမှမဟုတ်သေးတဲ့ မိမိတို့သာမာန်လူတောင် အလုပ်များနေတဲ့အတွက် အဓိကအလုပ်ကိုဦးစားပေးပြီး အဓိကအရေးမကြီးလှတဲ့အလုပ်ကို လျစ်လျူရှု့ထားခဲ့ရတာတွေ အများကြီးရှိကြပါလိမ့်မယ်။ ဒါကြောင့် တချို့အရာတွေကို မြတ်စွာဘုရားက ဘာဖြစ်လို့ မဟောခဲ့တာလဲလို့မေးရင် အဲဒီမေးတဲ့လူကိုပဲ ဦးဇင်းက မင့်ကရော အလုပ်များတဲ့အခါ ဘာဖြစ်လို့ အရေးမကြီးတဲ့အလုပ်ကို မလုပ်ခဲ့တာလဲလို့ ပြန်မေးရပါလိမ့်မယ်။

ခုလည်း ဒကာက ဇာတ်တူသားစားရင် ဘယ်လိုအပြစ်တွေဖြစ်သလဲလို့ သိချင်တဲ့အခါကျတော့ ဦးဇင်းကလည်း မြတ်စွာဘုရားရှင် အချိန်ရလို့ ပြောပြခဲ့တာလေးကို ပြန်ပြောပြပေးပါမယ်။ အသားငါးစားခြင်းနဲ့ပတ်သတ်ပြီး မြတ်စွာဘုရားရှင်က ရဟန်းတော်များကိုတော့ အောက်ပါအသားများ မစားကြနဲ့။ စားရင် အပြစ်ရှိတယ်လို့ မိန့်ပေးခဲ့ပါတယ်။ ဒါဟာလည်း တကယ်တော့ အပြစ်များစွာဖြစ်တဲ့အရာတော့ မဟုတ်ပါဘူး။ လူတွေကဲ့ရဲ့ခြင်းမှကင်းပြီး လူတွေကြည်ညိုဖွယ်ဖြစ်အောင်၊ ရောဂါများမဖြစ်အောင်၊ အန္တရာယ်လည်းကင်းအောင်ဆိုပြီး မစားကြနဲ့လို့ မြတ်စွာဘုရားရှင်က ကရုဏာနဲ့ပြောခဲ့ခြင်း ဖြစ်ပါတယ်။ ရဟန်းတော်များအတွက် မစားသင့်တဲ့ အသားများကတော့

၁။ လူသား-ဇာတ်တူသားဖြစ်လို့။

၂။ ဆင်သား-ရှင်ဘုရင်ရဲ့ အသုံးအဆောင်ဖြစ်တဲ့အတွက် မင်းပြစ်မင်းဒဏ်မသင့်အောင် ကြိုတင် ကာကွယ်နိုင်အောင်လို့။

၃။ မြင်းသား-ရှင်ဘုရင်ရဲ့ အသုံးအဆောင်ဖြစ်တဲ့အတွက် မင်းပြစ်မင်းဒဏ်မသင့်အောင် ကြိုတင်ကာကွယ် နိုင်အောင်လို့။

၎။ ခွေးသား-စက်ဆုပ်ရွံရှာဖွယ်ဖြစ်လို့။

၅။ မြွေသား-စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီး ရောဂါဖြစ်နိုင်လို့။

၆။ ကျားသား-အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့။

၇။ သစ်သား-အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့။

၈။ ခြင်္သေ့သား-အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့။

၉။ အောင်းသား-အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့။

၁၀။ ၀ံသား-အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ဆိုပြီး ဒီအသား(၁၀)မျိုးကိုတော့ ရဟန်းတော်များ အနေနဲ့ အထက်ကပြောခဲ့သလို လူတွေကြည်ညိုမမဲ့အောင်၊ ရောဂါမရအောင်၊ အန္တရာယ်ကင်းအောင်ဆိုပြီး မစားကြနဲ့လို့ မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့တာပါ။ ဒီအသားတွေမှလွတ်တဲ့ ကျန်တဲ့အသားများကိုတော့

၁။ ဒိဋ္ဌမံသ-ကိုယ့်ကိုရည်စူးပြီး ကိုယ့်မျက်စိရှေ့မှာ ချက်ထားတဲ့ဟင်းလျာ၊

၂။ သုတမံသ-ကိုယ့်ကိုရည်စူးပြီး သတ်ဖြတ်ထားတယ်လို့ တဆင့်စကားကြားသိထားတဲ့ဟင်းလျာ၊

၃။ ပရိသင်္ကိတမံသ - ကိုယ့်ကိုရည်စူးပြီး သတ်ဖြတ်ထားတယ်လို့ စိတ်က ယုံမှားသံသယရှိနေတဲ့ ဟင်းလျာတွေမဟုတ်ရင် စားသုံးနိုင်ပါတယ်၊ မစားဘဲ ရှောင်ရင်လည်း ရှောင်လို့ရပါတယ်လို့ မိန့်ကြားပေးခဲ့ ပါတယ်။

အင်း လူတွေသားအတွက်တော့ ကိုယ်တိုင်မသတ်တဲ့ဟင်းဆို ၀ယ်ယူချက်ပြုတ်စားသောက်နိုင်ပါတယ်။ မိမိသမ္မာအာဇီဝအလုပ်နဲ့ရတဲ့ငွေကို စိတ်တိုင်းကျဝယ်ယူ စားသုံးတာဟာ အပြစ်မရှိတဲ့အတွက် စိတ်တိုင်းကျစားနိုင်ပါတယ်။ တကယ်လို့ မိမိက သတ္တ၀ါတွေပေါ် သနားခြင်းကရုဏာမေတ္တာတွေရှိလို့ ဘယ်အသားငါးမဆို မစားဘဲနေနိုင်ရင်တော့ ဗြဟ္မစိုရ်တရားနဲ့နေထိုင်တဲ့အတွက် ကောင်းကျိုးတော့ ရရှိပါတယ်။

အဲဒီတော့ မေးခွန်းရှင်မေးတဲ့ ဇာတ်တူသား လူသားကို ရဟန်းတော်များအနေနဲ့တော့ လုံးဝမစားရပါ။ လူသားတွေအနေနဲ့တော့ မိမိသမ္မာအာဇီဝနဲ့ရလာတဲ့ငွေကို မေတ္တာကရုဏာ၊ ရွံရှာစိတ်မရှိဘူးဆိုရင်တော့ ဇာတ်တူသားကို စားကြပေါ့လေ။ ကိုယ်တိုင်သတ်ရင်တော့ ဘယ်သတ္တ၀ါကိုမဆို အပြစ်ရှိတယ်ဆိုတာတော့ လူတိုင်းသိကြမယ် ထင်ပါတယ်။

ပွင့်တော်မူခဲ့ပြီးတဲ့ မြတ်စွာဘုရားရှင်အားလုံးသော်မှ ချွတ်လို့မရနိုင်တဲ့လူအစရှိတဲ့ သတ္တ၀ါတွေ အများကြီးရှိခဲ့သေးတာဆိုတော့ ခုလိုခေတ်မျိုးမှာ လူဆိုးလူမိုက်စိတ်ပေါက်ပြီး ထင်ရာလုပ်နေတဲ့လူတွေလည်း အများကြီးရှိပါလိမ့်မယ်။ အဲဒီတော့ အဲဒီလို လူတွေကို မိမိတက်နိုင်ရင် ပြောဆိုဆုံးမပေးမယ်။ ပြောဆိုဆုံးမပေးလို့မှမရရင်တော့ သဗ္ဗေသတ္တာကမ္မဿကာ-သတ္တ၀ါတခု ကံတခု၊ ပြုသူအသစ် ခံရသူအဟောင်း၊ ၀ဋ်ကြွေးရှိလို့ ခံကြရတာ၊ ခုမကောင်းမှုလုပ်တဲ့လူတွေကို သူများဝဋ်ကြွေးတော့ ကိုယ့်ကပျောက်အောင်လုပ်ပေးပြီးရင် မိမိဝဋ်ကြွေးကို သူများကပြန်လည်ပြေပျောက်အောင် လုပ်ပေးတဲ့အခါကျရင်လည်း အလှည့်ကျရင် မနွဲ့ကြစတမ်းဆိုတဲ့အတိုင်း ကိုယ့်အလှည့်လည်း မကြာခင်ရောက်လာမှာမို့ ပြင်ဆင်ထားဖို့ မမေ့ကြနဲ့ပေါ့လေ။

ကိုင်း ဒီလောက်ဆိုရင်တော့ မေးခွန်းရှင်ရော၊ ဦးဇင်းစာဖတ်ပရိသတ်အားလုံးရော နားလည် သဘောပေါက်လိမ့်မယ် ထင်ပါတယ်။ အဲဒီတော့ ရခဲလှတဲ့လူ့ဘ၀လေး၊ သိခဲလှတဲ့ ဗုဒ္ဓအသိဉာဏ်လေးရှိနေချိန်၊ ကြုံခဲလှတဲ့ သာသနာနဲ့တွေ့ကြုံနေချိန်၊ ရှိခဲလှတဲ့ သူတော်ကောင်းတရားများ ထွန်းကားနေချိန် မသေခင်လေးဝယ် မိမိတို့ဘ၀ကို ဘယ်လိုကျင့်သုံးနေထိုင်ဖြတ်သွားရမယ်ဆိုတာ သဘောပေါက်လိမ့်မည် ထင်ပါရဲ့။

စာဖတ်သူအားလုံး ဘ၀ကိုကောင်းမွန်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြုလျက်……။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

http://www.sanninaymin.com

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

Saturday, December 10, 2011

အရှင်ဆန်နီနေမင်း (သို့မဟုတ်) ကောင်းကင်ထက်က နေတစ်စင်းနဲ့ အင်တာဗျုး

 အဖွဲ့ဝင်အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။ ခဏတာရပ်ဆိုင်းထားတဲ့ ထာဝရရဲ့ အင်တာဗျူးအစီအစဉ်လေးရှေ့ဆက်ကြရအောင်ပါ။ ထာဝရသူငယ်ချင်းများဆိုဒ်ထဲမှာ ရှိတဲ့ကိုယ်တိုင်ရေး ကလောင်ရှင်များနဲ့ အခြားသော အကျိုးဆောင် ပုဂ္ဂိုလ်များ၊ ထင်ရှားသူများကို ဆိုဒ်ထဲရှိ သူငယ်ချင်းအပေါင်းနဲ့ မိတ်ဆက်အင်တာဗျူးပြီး အတွေးအမြင်များကို ဖလှယ်သွားမှာ ဖြစ်ပါတယ်။ ဆိုဒ်ထဲမှာ အင်တာဗျူးအဖွဲ့က သတိမထားမိသေးသော အခြားပုဂ္ဂိုလ်များကိုလည်း အဖွဲ့မှာလာရောက်သတင်းပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ထာဝရသူငယ်ချင်းများလည်း အင်တာဗျူးအဖွဲ့ ရဲ့ လိုအပ်ချက်ကလေးများကိုအဖွဲ့လေးမှာ လာရောက် ဝေဖန်နိုင်ပါတယ်။

ယခုတစ်ပတ် ဖော်အဲဗားအဖွဲ့ရဲ့ အလှည့်ကျသူကတော့ အများသိပြီးသားဖြစ်တဲ့ " အရှင်ဆန်နီနေမင်း (သို့မဟုတ်) ကောင်းကင်ထက်ကနေတစ်စင်း" ပါ။

ကဲစလိုက်ကြရအောင်။

ဦးဇင်းဘုရား တပည့်တော်တို့ ထာဝရသူငယ်ချင်းများ အင်တာဗျူးအဖွဲ့လေးကပါဘုရား။

* ခုလို တွေ့ရတာ ၀မ်းသာပါတယ်။ ဘာတွေများ ကူညီပေးရမလဲ။

-တပည့်တော်တို့အဖွဲ့လေးကို ဦးဇင်းနဲ့ မိတ်ဆက်ပြီး အမေးအဖြေ လုပ်ခွင့် ပေးပါဘုရား။
တပည့် တော်ကဘာသာရေးထဲထဲဝင်ဝင်သိပ်မသိတော့ မှားတာလေးများရှိရင်ခွင့် လွှတ်ပေးစေချင်ပါတယ်ဘုရား။

* အော်-ဦးဇင်းက အားလုံးကို အမေးဖြေလုပ်ပေးနေတာဆိုတော့ စိတ်တိုင်းကျသိချင်တာများ မေးနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးရာရော၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေးတွေပါ မေးလို့ရပါတယ်။ ဦးဇင်း တက်သိထားသမျှအသိပညာများဟာ အများအတွက်မို့ အားတဲ့ချိန်တိုင်း ဖြေပေးနေပါတယ်။ ဘာသာရေးနဲ့ဝေးနေလို့ဖြစ်စေ၊ ရဟန်းသံဃာများနဲ့ စကားမပြောဘူးလို့ဖြစ်စေ ဦးဇင်းကို အားနာတာ၊ ကြောက်ရွံ့စရာ မလိုပါဘူး။ ဦးဇင်းနဲ့သိတဲ့ ကောင်လေးတွေ၊ ကောင်မလေးတွေအားလုံးကိုလည်း ဦးဇင်းက အားလုံးကို ညီအကိုမောင်နှမဆွေမျိုးသားချင်းလို သဘောထားပြီးသားဖြစ်တဲ့အတွက် လွတ်လပ်စွာပြောဆိုတိုင်ပင် ခင်မင်လို့ရပါကြောင်း အမြဲပြောပါတယ်။ ကိုယ့်မောင်နှမသားချင်လို သဘောထားလိုက်မယ်ဆိုရင် နှစ်ဦးနှစ်ဘက် အားနာစရာမလိုဘဲ မေးမြန်းပြောဆိုလို့ရသလို လွတ်လပ်ပွင့်လင့်စွာလည်း ပြောဆိုနိုင်သွားပါတယ်။ ဘယ်သူမဆို မွေးကတည်းက ဘာသာရေးအသိဉာဏ်များ သိရှိလာတာမဟုတ်သလို ရဟန်းသံဃာများနဲ့ စကားပြောတတ်လာတာလည်းမဟုတ်တဲ့အတွက် မပြောတတ်ခင်မှာ ပြောတတ်သလို ဆက်ဆံပြောဆိုလို့ ရပါတယ်။
ကိုယ့်စိတ်ထဲက ပြစ်မှားလိုတဲ့စိတ်မရှိရင် အပြစ်မဖြစ်တဲ့အတွက် ပြောတတ်သလိုပြောပါလို့ ဦးဇင်းနဲ့ခင်တဲ့ လူငယ်အားလုံးကို ဒီတိုင်းပဲ ပြောထားပေးပါတယ်။ ဒါကြောင့်လည်း ဦးဇင်းgamil မှာဆို အကောင့်(၂၀၀၀)ကျော်ရှိနေကာ facebook မှာလည်း ထောင်ကျော်ရှိနေတာပါ။ ဦးဇင်းရဲ့ ပွင့်လင်းစွာဆက်ဆံပြောဆိုမှုကြောင့် အားလုံးကလည်း မောင်နှမတွေလို ဖြစ်နေကြပါတယ်။ ဦးဇင်းကို တချို့က ဘုန်းကြီးနဲ့ စကားမပြောတတ်ဘူးဆိုပြီး အကောင့်ကနေထွက်သွားဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ ဦးဇင်းက မင့်တို့လူငယ်လေးတွေ အဲဒီလို ရဟန်းသံဃာများနဲ့မပြောမဆိုတတ်လို့ဆိုပြီး နေလာခဲ့ကြတဲ့အခါကျတော့ ဘာသာရေးအသိဉာဏ်များ လက်လွတ်ဆုံးရှုံးရတယ်။ ဒါကြောင့် ကိုယ့်စိတ်ထဲမှာပြစ်မှားလိုတဲ့စိတ်မရှိရင် ပြောတတ်သလို ပြောဆိုပြီး ရဟန်းသံဃာများနဲ့ပြောဆိုကာ သိချင်တာများကို မေးမြန်းဆွေးနွေးပါလို့ ဦးဇင်းကတော့ အားလုံးကို ပြောဆိုလေ့ရှိပါတယ်။

-ဦးဇင်းရဲ့ ဘွဲ့နာမည်၊သက်တော်နဲ့ ဝါတော်လေးသိပါရစေဘုရား။

* ဦးဇင်းဘွဲ့က အရှင်ကောမလ ပါ။ အသက်က(၂၈) ပါ။ ရဟန်းဝါကတော့(၈)၀ါ။ အသက်(၁၂)နှစ်သားကအရွယ်မှာ မိဘများရဲ့ အလှူမင်္ဂလာမှာ ကိုရင်ဝတ်ခဲ့တာကနေ သာသနာ့ဘောင်ကို ရောက်ရှိခဲ့တာပါ။ ဒါကြောင့်မို့ အတန်းပညာတောင် ကိုရင်ဝတ်နဲ့ ဆက်လက်သင်ယူခဲ့ရပါတယ်။ ဒါပေမဲ့ တက္ကသိုလ်ဝင်တန်းထိပဲ အတန်းပညာသင်ယူခဲ့ပြီး နောက်ပိုင်းတွင် ဗုဒ္ဓစာပေများကိုပဲ ဆက်လက်သင်ယူခဲ့ပါတယ်။

-ဦးဇင်းရဲ့လက်ရှိနေရပ်..နဲ့ ဇာတိလေးသိခွင့် ပေးပါဘုရား။

* ၂၀၁၀ ခုနှစ်ကနေ ယခုချိန်ထိ သီရိလင်္ကာနိုင်ငံမှာ ပညာသင်နေပါတယ်။ ဦးဇင်းမိဘတွေကတော့ မုံရွာမြို့မှာ နေတဲ့အတွက် မုံရွာမြို့ဟာ ဦးဇင်းဇာတိပါ။ ဒါပေမဲ့ မိဘများဟာ အဘိုအဖွားများ အသက်ကြီးလာတဲ့အတွက် အဘိုအဖွားများနေရပ်ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ လက်ပန်မြောက်ရွာမှာ ယခုနေထိုင်ကြပါတယ်။

-တက်ခဲ့တဲ့တက္ကသိုလ်နဲ့ရခဲ့တဲ့ဘွဲတော်၊ အခုလက်ရှိတက်နေတဲ့ တက္ကသိုလ်လေးလည်းမိန့်ပါအုန်းဘုရား။

* မန္တလေးမြို့၊ သာသနာ့တက္ကသိုလ်ကနေ B.A (Buddhism) ဘွဲ့ရရှိပြီး ယခု သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်မှာ M.A (philosophy) ဘွဲ့ အောင်မြင်လို့ Master of philosophy (M.phil) ဘွဲ့ ဆက်လက်သင်ယူနေပါတယ်။

-လက်ရှိဆန်နီနေမင်းဆိုတဲ့ ကလောင်နာမည်လေးရွေးဖြစ်ခဲ့ ပုံလေးသိပါရစေဘုရား။

* အင်း။ ဒီနာမည်ဖြစ်လာပုံကို ပြောရမယ်ဆိုရင် နည်းနည်းရှည်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းသီရိလင်္ကာကိုစရောက်တော့ ဒီနိုင်ငံမှာ အင်တာနက်ကအချိန်ပြည့်ရတဲ့အတွက် ပြည်ပရောက်နေလို့ ပလ္လင်ပေါ်တတ် တရားမဟောနိုင်ပေမဲ့ ငါအားတဲ့ချိန်လေးတွေမှာ လူသားများအတွက် အကျိုးရှိအောင် မိမိသိထားတဲ့ အသိပညာများကို အင်တာနက်ကနေ မျှဝေပေးမယ်ဆိုပြီး ဆောင်းပါးရေးခြင်း၊ အမေးအဖြေများလုပ်ပေးခြင်းတို့ ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီလိုလုပ်ပေးတဲ့အခါကျတော့ တချို့က အင်တာနက်ကို ရဟန်းသံဃာတွေ မသုံးသင့်ဘူး၊ ဆိုဒ်တွေထဲမှာလည်း မ၀င်သင့်ဘူးဆိုပြီး ဦးဇင်းကိုပြောလာကြပါတယ်။ ဒါနဲ့ ဦးဇင်းလည်း ဘုန်းကြီးဘွဲ့ကိုမသုံးဘဲ ဦးဇင်းအမေပေးထားတဲ့ ဆန်နီနေမင်းဆိုတဲ့ လူနာမည်နဲ့ ကလောင်နာမည်ပေးရင်းကနေ ဆန်နီနေမင်းဆိုတဲ့ ဦးဇင်းရဲ့လူနာမည်ကို သုံးဖြစ်သွားတာပါ။ အဲဒီလိုအသုံးပြုရင်း ပို့စ်တင်ခြင်းတွေများလာတဲ့အခါ နောက်ပိုင်း ဂျာနယ်များမှာ ဆောင်းပါးတွေရေးပေးနေရတာကြောင့် ဆန်နီနေမင်းဆိုတာ ရဟန်းတစ်ပါးဖြစ်ကြောင်း ယခုနောက်ပိုင်းတွင် အင်တာနက်သုံးသူတိုင်းနီးပါးရော၊ ဂျာနယ်ဖတ်သူများပါ သိနေကြပါပြီ။ လူသိများနေပြီးဖြစ်တဲ့ ဒီနာမည်ကိုပဲ မထူးတော့ပါဘူးဆိုပြီး ဦးဇင်းကိုယ်ပိုင်ဝက်ဆိုဒ်တစ်ခုလုပ်တဲ့အခါမှာလည်း ဒီနာမည်ပဲ အသုံးပြုလိုက်ပါတယ်။

-ဦးဇင်းအနေနဲ့တပည့်တော်တို့ ထာဝရသူငယ်ချင်းများဆိုဒ်ကလေးကို စသိခဲ့ပုံလေးများ မှတ်မိအုန်းမလားဘုရား။ မန်ဘာဝင်ဖြစ်ခဲ့ပုံလေးလည်း သိပါရစေဘုရား။

* စတင်သိရှိတာကတော့ (2011. 03) လပိုင်းလောက်မှာ ဦးဇင်းဘလော့တစ်ခုလုပ်ပြီး စာရေးတင်ပါတယ်။ အဲဒါနဲ့ ကိုယ့်ဆိုဒ်မှာရေးတာနဲ့ဆို လူသိနည်းပြီး ကိုယ့်ရေးတဲ့စာကို အများမသိရင် ငါလည်းရေးရကျိုးနည်းသလို အများလည်း ဗဟုသုတမရဘဲဖြစ်နေတယ်။ ဒါကြောင့် အများဖတ်ရအောင် ဆိုဒ်တွေကို လိုက်တင်ပေးမယ်ဆိုပြီး ဆိုဒ်တွေလိုက်ရှာရင်းကနေ ဒီဆိုဒ်ကို မန်ဘာဝင်ပြီး ပို့စ်များ တင်ဖြစ်ခဲ့တာပါ။

-ဒီဆိုဒ်မှာ post တွေတင်ဖြစ်ခဲ့ ပုံနဲ့ ရည်ရွယ်ချက်လေးလည်းသိပါရစေဘုရား။

* ဦးဇင်း သာသနာ့ဘောင်နေရခြင်း ရည်ရွယ်ချက်ကိုက အများအကျိုးလုပ်ပေးချင်လို့ပါ။ လူ့ဘောင်လူလောကမှာဆို အများအကျိုးကို သာသနာဘောင်လောက် လုပ်ပေးလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူ့ဘောင်လူလောကမှာ အများအကျိုးထက် ကိုယ့်ကျိုးလုပ်ပေးစရာတွေ အများကြီးရှိနေလို့ပါ။ ဥပမာ-အိမ်ထောင်ကျတာနဲ့ ကိုယ့်ကျိုးဆိုတာတွေက တစ်စတစ်စ တိုးပွားလာရတယ်လေ။ သာသနာ့ဘောင်မှာက တစ်စတစ်စတိုးပွားစရာ သံယောဇဉ်မရှိတာကြောင့် အများအကျိုးကို ပိုမိုလုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် လူ့ဘောင်လူလောကမှာ နေချင်တဲ့စိတ်ရှိသော်လည်း အဲဒီစိတ်ကို အများအကျိုးလုပ်ပေးချင်တဲ့စိတ်နဲ့ အနိုင်ရအောင် တိုက်ခိုက်ပြီး အများအကျိုးကို လုပ်ပေးနေတာပါ။ အဲဒါကြောင့်မို့လည်း ဦးဇင်းကိုယ်ပိုင်ဆိုဒ်မှာတင်မကဘဲ ဦးဇင်းလက်လှမ်းမီသမျှဆိုဒ်အားလုံးကို မန်ဘာဝင်ပြီး ပို့စ်တွေ တင်ပေးနေတာပါ။

-တင်ခဲ့ တဲ့ post အရေအတွက်နဲ့ .အကြိုက်ဆုံးpost ကလေးလည်းသိပါရစေ။

*ပို့စ်အရေအတွက်ကတော့ (၁၂၇)ခု ရှိပါပြီ။ အကြိုက်ဆုံးပို့စ်ကို ပြောပါဆိုရင်တော့ ကိုယ်တိုင်ရေးထားတာချည်းမို့ ကိုယ့်ငပိကိုယ်ချဉ်ဆိုသလို အားလုံးကို ကြိုက်တယ်လို့ပြောရမှာပါ။ ဒါပေမဲ့ လူငယ်တွေအတွက် ပညာပေးအနေနဲ့ ရေးသားပေးထားတဲ့ ဆောင်းပါးတွေထဲမှာတော့ အချောင်မလိုချင်ကြပါနဲ့ ဆောင်းပါးရယ်၊ ကာမေသုမိစ္ဆာစာရကံအကြောင်းအကျယ်ဖွင့်ဆိုချက်ပို့စ်(၂)ခုဟာ အသုံးအ၀င်ဆုံး ဖြစ်လိမ့်မယ် ထင်ပါတယ်။

-တပည့် တော်တို့ ဆိုဒ်ကလေးအပေါ်ဦးဇင်းရဲ့ အမြင်လေးသိပါရစေဘုရား။

* အင်း။ ဆိုဒ်တစ်ခုကို ပိုက်ဆံပေးပြီး လုပ်ရတယ်။ အများအတွက် မိမိအချိန်ထဲကနေ ထုတ်နှုတ်ပြီး လုပ်ပေးရတယ်ဆိုတာတွေက ပရဟိတစိတ်ရှိသူများသာ လုပ်နိုင်တာမို့ ကိုယ့်ကျိုးအတွက်ထက် အများအကျိုးကို ဦးစားပေးသူများဖြစ်တာကြောင့် အများကောင်းကျိုးလုပ်တဲ့ဆိုဒ်လို့ပဲ မြင်ပါတယ်။

-ဆိုဒ်ထဲက ဖော်အဲဗားဗုဒ္ဓဘာသာသင်တန်းအပေါ်ဦးဇင်းရဲ့ မှတ်ချက်ကလေးလည်းပေးပါအုန်းဘုရား။

* ခုလို မိမိတို့ဗုဒ္ဓဘာသာဝင်များအတွက် အသိပညာတိုးပွားအောင်လုပ်ပေးတဲ့အတွက် ကောင်းပါတယ်။ ဆက်လက်အမြဲတစေ လုပ်နိုင်အောင်လည်း လိုအပ်တာများရှိရင် ဦးဇင်းလည်း တက်နိုင်သမျှ ကူညီပေးပါမယ်။

-ဦးဇင်း ရဲ့ ကိုယ်ပိုင်ဘလော့ လေးကိုလည်းမိတ်ဆက်ပေးပါအုန်းဘုရား။

* ဦးဇင်းလည်း အစကတော့ ပြည်ပမှာအလကားရတဲ့ blogspot.com ကို လုပ်ခဲ့တာပါ။ ကိုယ်ပိုင်ဆိုဒ်ဝယ်ဖို့ကျတော့ ဘဏ်အကောင့်ရှိမှ ၀ယ်လို့ရတာမို့ မ၀ယ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဦးဇင်းဘလော့ကို နော်ဝေးနိုင်ငံမှာနေတဲ့ ဒကာမကြီးတစ်ယောက်က ဦးဇင်းဘလော့ကစာတွေဟာ အများအတွက် အကျိုးများတာမို့ မြန်မာပြည်ကလူတွေပါ အလွယ်တကူဖတ်ရှု့နိုင်အောင်ဆိုပြီး ဒေါ့ကွန်းဝယ်လှူပေးလိုက်ပါတယ်။ အဲဒါနဲ့ ခုတော့ http://www.sanninaymin.com/ ဖြစ်သွားပါပြီ။ တချို့ ဦးဇင်းမအားလို့ တခြားဆိုဒ်တွေမှာ မတင်ဖြစ်တဲ့ ပို့စ်တွေကိုလည်း ဦးဇင်းဆိုဒ်မှာ ရှိသေးတဲ့အတွက် အချိန်ရရင် ဦးဇင်းဆိုဒ်ကိုလည်း ၀င်ရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းချင်ပါတယ်။ အကျိုးရှိမဲ့ဗဟုသုတများ ရစေချင်လို့ပါ။ စာဖတ်သူများလဲ ဘာမှရတာမဟုတ်တဲ့အတွက် ကြော်ညာတယ်လို့တော့ မထင်လိုက်ပါနဲ့လေ။

-ဘလော့ လေးရေးဖြစ်ခဲ့ ပုံနဲ့ ရည်ရွယ်ချက်လေးသိပါရစေဘုရား။

* ရေးဖြစ်ခဲ့ပုံကတော့ အပေါ်မှာပြောခဲ့သလို ဒီနိုင်ငံမှာ အင်တာနက်အချိန်ပြည့်ရနေတာကြောင့်ရယ်၊ ပြည်ပမှာမို့ ပလ္လင်ပေါ်တတ်တရားမဟောနိုင်လို့ မိမိအသိပညာများ အများအတွက် အသုံးမချရတာမျိုး မဖြစ်ရလေအောင် အားတဲ့ချိန်တိုင်းမှာ ဆောင်းပါးရေးခြင်း၊ သိချင်လို့လာမေးထားတဲ့ မေးခွန်းများကို ဖြေဆိုပေးခြင်းများ လုပ်ပေးနေပါတယ်။

-တစ်ခါတစ်လေမှာဘာသာရေးနဲ့ ပတ်သက်လို့ သိချင်တာမရှင်းလင်းတာလေးများရှိခဲ့ ရင်..ဦးဇင်းကိုဘယ်လိုဆက်သွယ်မေးမြန်နိုင်ပါသလဲဦးဇင်းဘုရား။

* အင်း တစ်ခါတစ်လေမှမဟုတ်ပါဘူး။ သိချင်တာရှိတိုင်း မေးလ်ပို့ထားလို့ရပါတယ်။ ပြည်ပကလူတွေဆိုရင်တော့ မေးလ်မပို့နိုင်လည်း ဖုန်းဆက်မေးလို့ရပါတယ်။ ဦးဇင်းအားတဲ့ချိန်တိုင်း ဖြေပေးပါမယ်။ ဦးဇင်း gmail က sanninaymin@gmail.com. Facebook က http://www.facebook.com/sanninayminn ။ Phone က 0094-758320168.တို့မှာ ဆက်သွယ်လို့ ရပါတယ်။

-ပြီးခဲ့တဲ့တစ်ပတ်ကfacebookမှာ ရေပန်းစားသွားတဲ့ရေသန့်ဗူးနဲ့ စွယ်တော်ကိစ္စဦးဇင်းရဲ့ အမြင်နဲ့ ဖြစ်နိုင်ချေလေးမိန့် ပါအုန်းဘုရား။

* အဲဒါကတော့ နည်းနည်းဖြေရခက်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ လုပ်ကြံဖန်တီးမှုလည်း ဖြစ်နိုင်သလို တကယ်လည်း ဖြစ်နိုင်လို့ပါ။ အဲဒီတော့ ကိုယ်တိုင်ကိုယ့်ရှေ့မှာ မြင်ရမှသာ အမှားအမှန်ကို စာပေနဲ့ညှိပြီး ကောက်ချက်ချလို့ရမှာ။ ဒီလိုရေသန့်ဗူးထဲမှာ စွယ်တော်ရိပ်ပေါ်အောင် လုပ်ကြံဖန်တီးမှုနဲ့လည်း လုပ်လို့ရတယ်လေ။ ဦးဇင်းfacebook မှာ လိုက်လံကြည့်တဲ့အခါမှာတော့ ရေသန့်ဗူးမှာ စွယ်တော်ပုံပေါ်တယ်ဆိုတာ မရှင်ဘူးဖြစ်နေတာကို တွေ့ရပါတယ်။ စွယ်တော်ပုံမတူတာကိုပါ။ နောက်ပြီး ဒီရေသန့်ဗူးမှာပေါ်တယ်ဆိုတာက စွယ်တော်ကဘယ်နားရောက်နေလို့ ဘယ်လိုလာပေါ်ရတာလဲဆိုတာလည်း မသိရဘူးဖြစ်နေပါတယ်။ သူ့ဘာသာနေတဲ့ ရေသန့်ဗူးမှာ စွယ်တော်ကလာပေါ်တာလား။ လာပေါ်တာဆိုရင်လည်း စွယ်တော်ဟာ ခုရောက်နေတဲ့စွယ်ခင်းကျင်းပြထားပုံနဲ့ တူနေရပါမယ်။ ရေသန့်ဗူးမှာပေါ်တာက တစ်မျိုး၊ စွယ်တော်ခင်းကျင်းပြထားပုံက တစ်မျိုးဖြစ်နေမယ်ဆိုရင်တော့ လုပ်ကြံမှုကြောင့်ဖြစ်ဖို့က များနေပါတယ်။ စွယ်တော်က လမ်းရှေ့မှာ အပူဇော်ခံနေလို့ နီးစပ်ရာရေသန့်ဗူးမှာ စွယ်တော်ရိပ်လာထင်တယ်ဆိုရင်တော့ ဒါဟာ ရောင်ခြည်တော်ဟပ်တာ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဒီကိစ္စဟာ ရှေ့နောက်ဆက်စပ်ပြီး တွေးတာကြည့်မှရယ်၊ ကိုယ်တိုင်တွေ့ကြုံမှရယ် မှားမှန်ကိုဆုံးဖြတ်လို့ ရမှာပါ။ တကယ်လို့ ကိုယ့်ရှေ့မှာမြင်ရတဲ့လူရှိရင်လည်း အဲဒီလူက ဘာဖြစ်နိုင်တယ်ဆိုတာကို သူ့ကိုယ်တွေ့ကိုတင်ပြရင်း အများကိုပြောပြမယ်ဆိုရင် အများကလည်း ပြန်လည်သုံးသပ်ပြပေးနိုင်ပါလိမ့်မယ်။

-မြန်မာပြည်က ရဟန်းသံဃာတွေက နိုင်ငံခြားသွားပြီး စာသင်ကြတယ်၊ နိုင်ငံခြားသားတွေက မြန်မာပြည်လာပြီး စာပေတွေ သင်ကြားလေ့လာကြတယ်၊ အဲ့ဒါ ဘယ်လိုကွာခြားချက် ရှိတယ်ဆိုတာလေး ဖြေကြားပေးစေချင်ပါတယ်ဘုရား။ ဦးဇင်းရဲ့ အမြင်လေးပေါ့ဘုရား။

* အင်း အဲဒါကတော့ သွားလာသင်ယူတဲ့လူတွေပေါ်မှာ မူတည်တဲ့အတွက် ပုံသေတော့ ပြောလို့ မရဘူးပေါ့။ ပြည်ပကလူတွေကတော့ မြန်မာပြည်က စာပေထွန်းကားမှုကို လေ့လာချင်တာရယ်၊ မြန်မာပြည်မှာက အထူးသဖြင့် ၀ိပဿနာလိုင်း ပိုမိုအားကောင်း ဖြစ်ထွန်းခေတ်စားတာရယ်ကြောင့် မြန်မာပြည်ကို လေ့လာကြတာ ဖြစ်နိုင်ပါတယ်။ သီရိလင်္ကာနိုင်ငံက လူတွေဆိုရင်လည်း ၀ိပဿနာကို မြန်မာပြည်မှာ သင်ယူလေ့လာချင်တယ်လို့ ပြောကြပါတယ်။ မြန်မာပြည်ဟာ ပရိယတ္တိ၊ ပရိပတ္တိနဲ့ပြည့်စုံတဲ့အတွက် အလွန်ကောင်းမွန်ပါတယ်။ တစ်ခုရှိတာက ခေတ်နဲ့ညီအောင် သင်ပြပေးမှု အားနည်းခြင်း၊ ခေတ်မီပစ္စည်းများ မြန်မာပြည်မှာ အသုံးမပြုနိုင်ခြင်းတို့သာ လိုအပ်နေတာပါ။ တကယ်လို့ မြန်မာပြည်သာ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်အောင် ခေတ်မီပစ္စည်း အင်တာနက်မျိုးတွေကအစ အသုံးပြုပေးနိုင်မယ်ဆိုရင် မြန်မာပြည်မှာပဲ ကမ္ဘာပေါင်းစုံက ပညာလာသင်လို့ရအောင် လုပ်လို့ရပါတယ်။ အဲဒီတော့ မြန်မာပြည်မှာ အဓိက လိုအပ်နေတာက ခေတ်မီအောင် လုပ်နိုင်ဖို့ပါပဲ။

ဦးဇင်းကရော ဘာဖြစ်လို့ ပြည်ပကိုထွက်ပြီး ပညာသင်ရတာလဲ လို့မေးရင် မြန်မာပြည်မှာက ပြည်ပကလို ခေတ်မီပစ္စည်းများ အသုံးမပြုရလို့ ရယ်၊ နောက်ပြီး မြန်မာပြည်မှာနေရင် အနောက်တိုင်းပညာရှင်များရဲ့ အတွေးအခေါ်အယူအဆတွေ မသိရ၊ မဆွေးနွေးရလို့ရယ်၊ ပြည်ပမှာဆို ပညာသင်ရင်း ဆရာနဲ့တပည့်၊ ကျောင်းသားအချင်းချင်း အပြန်အလှန် အကြံဉာဏ်ယူလို့ရတာရယ်၊ ဒီမှာကျတော့ နိုင်ငံတကာလူမျိုးပေါင်းစုံနဲ့ ပေါင်းသင်းနေရတာ ဆိုတော့ နေ့စဉ်သူတို့ဗဟုသုတ၊ ကိုယ့်ဗဟုသုတများ မျှဝေလို့ရတာတို့ကြောင့် ဖြစ်ပါတယ်။ ဒါပြင် အဓိကအကျဆုံးအရာကတော့ ပြည်ပကဘွဲ့ရရင် နိုင်ငံတကာအသိမှတ်ပြုဘွဲ့ဖြစ်တာမို့ ဥရောပစတဲ့နိုင်ငံများကို သာသနာပြုသွားတဲ့အခါ ဒီဘွဲ့တွေပါရင် လူလေးစားတဲ့အတွက် တကယ်လို့ မိမိက သူတို့ကို ဟောပြောတဲ့အခါမှာလည်း ဘွဲ့အရှိန်ကြောင့် မိမိစကားကို သူတို့လက်ခံပေးကြနိုင်တဲ့ အခြေအနေရှိလို့ပါ။ ဦးဇင်းရဲ့အဓိကရည်ရွယ်ချက်ကလည်း နိုင်ငံတကာကို မိမိသိတဲ့ အသိပညာများ ဖြန့်ဝေပေးချင်တာကြောင့် မြန်မာပြည်ကနေ ပြည်ပကို ဆင်းရဲပင်ပန်းခံ ထွက်လာတာပါ။ တကယ်တော့ မိမိမြန်မာနိုင်ငံမှာ ဇိမ်နဲ့စားနေလို့ရပါတယ်။ ခုတော့ ပြည်ပမှာ ကိုယ်တိုင်ချက်ပြုတ်စားသောက် ဈေးဝယ်နေရတဲ့အတွက် နိုင်ငံတကာမှာ သာသနာပြုနိုင်ဖို့အတွက်သာ ခံယူချက်မရှိဘူးဆိုရင် ဦးဇင်းမြန်မာပြည်မှာပဲ ဇိမ်နဲ့နေနေမှာပါ။

_ယခုလို စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးတဲ့ ဦးဇင်းကို အထူးကျေးဇူးတင်ရှိပါတယ် ဘုရား။

* အင်း ဦးဇင်းလည်း ခုလို ကိုယ်ပြောချင်တာကို ပြောခွင့်ရတဲ့အတွက် ကျေးဇူးတင်စရာမလိုဘူးလို့ ပြောပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှမမေးဘဲ ကိုယ့်ဘာသာနေ့စဉ် ပညာပေးတွေ ရေးနေရတာကို ခုလို တကူးတကမေးတာကို ဖြေပေးရတော့ ဦးဇင်းဖြေပေးရတာ ထူးဆန်းမှုလေး ဖြစ်သွားတဲ့အတွက် ၀မ်းသာပါတယ်။

-တပည့်တော်တို့ ထာဝရသူငယ်ချင်းများအတွက် ဦးဇင်းရဲ့ဆုံးမစကားလေး မိန့်ပေးပါဦးဘုရား။

* ရခဲလှတဲ့ လူ့ဘ၀လေး ရနေချိန်၊ သိခဲလှတဲ့ ဗုဒ္ဓအသိဉာဏ်လေးရှိနေချိန်၊ ကြုံခဲလှတဲ့ သာသနာနဲ့ ကြုံနေရချိန်၊ ရှိခဲလှတဲ့ သူတော်ကောင်းတရားများထွန်းကားနေချိန်ဆိုတဲ့ ဒီလိုအချိန်လေးတွေ စုမိနေချိန်လေးတွင် ကောင်းမှုများနဲ့ ဘ၀ကိုဖြတ်သန်းပြီး မိမိပန်းတိုင်ကို လျင်မြန်စွာရောက်အောင် လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်။

- ကျေးဇူးတင်ပါတယ်ဘုရား။ ဦးဇင်းလဲ ကျန်းကျန်းမာမာနဲ့ သာသနာအကျိုး ဆထက် တိုးသယ်ပိုးနိုင်ပါစေလို့ ထာဝရသူငယ်ချင်းများကိုယ်စားဆုတောင်းပေးပါတယ်ဘုရား။

ဒါကတော့ Forever friends ၀က်ဆိုဒ်က ဦးဇင်းအား အင်တာဗျူးလုပ်ထားတာကို အားလုံးဖတ်လို့ရအောင် တင်ပေးလိုက်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်.....။

Wednesday, December 7, 2011

ဘုန်းကြီးကျောင်းဝင်းတွင် ဖိနပ်စီးကောင်းပါသလား


          မေး။ ။ အရှင်ဘုရား ဘုန်းကြီးကျောင်းဝင်းတွင် ဖိနပ်စီးသင့်မစီးသင့်ကို တပည့်တော်တို့ လူသားများအနေဖြင့် ငြင်းခုန်မှုတွေ အမျိုးမျိုးဖြစ်နေကြပါတယ်။ တချို့ကလည်း စီးလို့ရတယ်ဆိုပြီး စီးကြတယ်။ တချို့ကလည်း မစီးသင့်ဘူးဆိုပြီး မစီးကြဘူးဘုရား။ အထူးသဖြင့်တော့ လူငယ်ပိုင်းတွေက ဘုန်းကြီးကျောင်းဝင်းမှာ ဖိနပ်ချွတ်ရလို့ဆိုပြီး ဘုန်းကြီးကျောင်းကို သွားရမှာ အတော်ဝန်လေးပြီး ရှောင်နေကြတယ်ဘုရား။ အဲဒါ အရှင်ဘုရားအနေဖြင့် တက်နိုင်သလောက် ဖြေကြားပေးပါရန် လျှောက်ထားလိုက်ပါတယ်ဘုရား။

ဖြေ။ ။ အဲဒါနဲ့ပတ်သတ်ပြီး စာရေးသူတို့ ဗုဒ္ဓဘာသာလူမျိုးများတွင် အတော်လေးကို သံသယဖြစ်နေကြတာ တွေ့ရပါတယ်။ ရှေးရှေးသော လူကြီးများက ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်မစီးကြနဲ့။ ဗိမ္ဗိသာရမင်းကြီးကဲ့သို့ ခြေဖ၀ါးကို ဓါးနဲ့ခွဲခံရမယ်ဆိုပြီး ပြောဆိုခဲ့တာကြောင့် ဗုဒ္ဓဘာသာဝင်များ ဖိနပ်မစီးရဲကြပေ။ သို့သော် ဗိမ္ဗိသာရမင်း အဘယ့်ကြောင့် ခြေဖ၀ါးကို ဓါးနဲ့အခွဲခံရသည်ကိုတော့ သေချာကျနစွာ သိရှိနားလည်သူက နည်းပါးလှပါတယ်။
တကယ်တော့ ဗိမ္ဗိသာရမင်းဟာ ဘုန်းကြီးကျောင်းဝင်းထဲတွင် ဖိနပ်စီးခဲ့လို့ ခြေဖ၀ါးကို ဓါးနဲ့ခွဲခံရတာ မဟုတ်ပါဘူး။ ဘုရားစေတီတော်ရင်ပြင်ပေါ်ဝယ် ဖိနပ်စီးခဲ့ခြင်း၊ ရဟန်းသံဃာများ သီတင်းသုံးနေထိုင်ရန် ခင်းထားတဲ့အခင်းပေါ် ခြေဆေးခြင်းမရှိဘဲ ညစ်ပေတဲ့ခြေထောက်နဲ့ နင်းခဲ့ခြင်းအကုသိုလ်ကံကြောင့် ယခုမျက်မှောက်ဘ၀တွင် ခြေဖ၀ါးကို ဓါးနဲ့ခွဲခံရတာပါ။
စာရေးသူတို့ ဗုဒ္ဓဘာသာများဟာ တကယ်အလေးထားရမည်ကို အလေးမထားဘဲ မဖြစ်စလောက်လေးကိုတော့ အလေးထား ပြုလုပ်လိုက်နာကျင့်သုံးလေ့ ရှိကြပါတယ်။ တကယ်စဉ်းစားကြည့်ရင် ဘုန်းကြီးကျောင်းပေါ်တွင် ဖိနပ်မစီးဘဲ ညစ်ပေတဲ့ခြေထောက်နဲ့ တက်ရင်သာ သံဃိကကျောင်း ညစ်ပေလို့ အပြစ်ရှိပါတယ်။  ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်စီးရင် အပြစ်ရှိတယ်ဆိုလို့ လိုက်နာကြသော်လည်း ကျောင်းဝင်းအတွင်း တံတွေးထွေးခြင်း၊ ကျင်ကြီးကျင်ငယ်စွန့်ခြင်း၊ အမှိုက်ပြစ်ခြင်းစတဲ့ ကျောင်းဝင်းညစ်ပေစေတဲ့အမှုကိစ္စကိုများတော့ အလွယ်တကူ ပြုလုပ်နေကြတာကို တွေ့နေရပါတယ်။ ဘုန်းကြီးကျောင်းဝင်းသန့်ရှင်အောင်၊ ရဟန်းသံဃာများရှေ့ ရိုရိုသေသေဖြစ်အောင်ဆိုပြီး ဖိနပ်တော့ မစီးကြပါဘူး။ ဒါပေမဲ့ ကျန်တဲ့ညစ်ပေတဲ့အရာများကို ပြုလုပ်မယ်ဆိုရင် ဘယ်ကြည့်ကောင်းပါမလဲနော်။ တကယ်စဉ်းစားကြည့်ရင် ဘာကိုပြုလုပ်တာက ပိုအပြစ်ကြီးမယ်ဆိုတာ သိနိုင်လိမ့်မယ် ထင်ပါတယ်။

 ဒါပြင် ခြေလျင်သွားရင်တော့ ဖိနပ်မစီးရဘူးဆိုလို့ လိုက်နာတယ်ထားပါဦး။ ကျောင်းထဲကို ကားဆိုင်ကယ်စက်ဘီးနဲ့ ၀င်တဲ့အခါကျတော့ ဘာဖြစ်လို့ ဖိနပ်စီးပြီး ၀င်နေကြတာလဲ။ တကယ်လို့သာ ကျောင်းဝင်းအတွင်း ဖိနပ်စီးလို့ အပြစ်ရှိမယ်ဆိုရင် ကားစတဲ့ ယာဉ်များပေါ်တွင် ဖိနပ်စီးပြီး ကျောင်းသို့ဝင်ရင်လည်း အပြစ်ရှိပါလိမ့်မယ်။ ဒါကြောင့် လိုက်နာမယ်ဆိုရင်လည်း အားလုံးကို လိုက်နာပါ။ မလိုက်နာဘူးဆိုရင်လည်း ကျောင်းဝင်းညစ်ပစ်စေတာမျိုးတော့ မလုပ်ဘဲနဲ့ ဖိနပ်လောက်တော့ စီးကြပေါ့လေ။
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက မဟာရာဇာအမည်ရှိတဲ့မင်းဟာ သံဃာတော်များ စကြံကြွနေသည့်နေရာတိုင်အောင် ဖိနပ်စီးသွားခဲ့ပါတယ်။ သံဃာတော်များရှေ့ရောက်တဲ့အခါတွင် ဘုရားရှင် အဘယ်မှာ သီတင်းသုံးနေသလဲလျှောက်တဲ့အခါ သံဃာတော်များက ဘုရားရှင် ကျောင်းပေါ်တွင် သီတင်းသုံးနေတော်မူတယ်လို့ လမ်းညွှန်ပေးလိုက်ပါတယ်။ အဲဒီလို ဘုရားရှင်ရှိရာကိုသိပြီး ကျောင်းပေါ်သို့တက်ခါနီးမှသာ ဖိနပ်ချွတ်ခြင်း၊ မင်းဝတ်တန်ဆာများ ချွတ်ထားခြင်းတို့ကို ထောက်ဆကြည့်မယ်၊ ဗိမ္ဗိသာရမင်းဟာ ဘုရားရင်ပြင်ပေါ်ဝယ် ဖိနပ်စီးခဲ့ခြင်း၊ သံဃာတော်များ သီတင်းသုံးရန်အတွက် ခင်းထားတဲ့အခင်းပေါ်တွင် ညစ်ပေတဲ့ခြေထောက်နဲ့ နင်းခဲ့ခြင်းကြောင့် ခြေဖ၀ါးဓါးခွဲခံရခြင်းတို့ကို ထောက်ဆကြည့်မယ်ဆိုရင် ကျောင်းဝင်းအတွင်း တလင်ပြင်ပေါ်ဝယ် ဖိနပ်စီးနိုင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါပေမဲ့ ဘုရားဝင်းအတွင်းနှင့် စေတီရင်ပြင်ထက်မှာတော့ သံဃာများပင် မစီးရတာကြောင့် လူများစီးဖို့ဆို ပိုဝေးပါတယ်။
မိထွေးတော်ဂေါတမီနှင့် မင်းသမီးငါးရာတို့ ဘိက္ခနီဝတ်ရန် ကျောင်းတော်သို့သွားတဲ့အခါ ဘုရားရှင်ကို အရိုအသေ ကင်းမဲ့ရာရောက်မည်စိုးလို့ဆိုပြီး ယာဉ်ရထားမစီးဘဲ ခြေလျင်သွားခဲ့ကြပါတယ်။ အဲဒီတော့ မိမိတကယ် ရတနာသုံးပါးကို ရိုသေလေးစားပါက ဖိနပ်၊ ယာဉ်မစီးဘဲ ကျောင်းဝင်းသို့ဝင်ရင်တော့ ပိုကောင်းပါတယ်။ သို့သော် ကျောင်းပေါ်၊ ဘုရားရင်ပြင်ပေါ်သို့ တက်မည်ဆိုရင်တော့ ခြေဆင်းပြီးမှ တက်ပါလေ။ မိမိရဲ့ကျန်းမာရေးကြောင့် ရတနာသုံးပါးကို ရိုသေလေးစားသော်လည်း မလွဲသာတဲ့အခြေအနေဖြစ်နေရင်တော့ သံဃာတော်များထံ ခွင့်တောင်ပြီး ကျောင်းဝင်းအတွင်း ဖိနပ်စီးခြင်း၊ ယာဉ်စီးခြင်းများ ပြုလုပ်နိုင်ပါတယ်။
ယခုခေတ် လူငယ်များဟာ များသောအားဖြင့် ဘုန်းကြီးကျောင်းများတွင် ဖိနပ်ချွတ်ရမယ်ဆိုတာကို ၀န်းလေးနေကြပါတယ်။ ဖိနပ်ချွတ်ရမှာစိုးလို့ဆိုပြီး တချို့ဆိုရင် ဘုန်းကြီးကျောင်းကိုပင် မသွားချင်ကြပေ။ သူတို့ခြေထောက် တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေကြတယ် ထင်ပါဘိ။ အဲဒီတော့ ဘုန်းကြီးကျောင်းမှာ ဖိနပ်ချွတ်ရမှာစိုးလို့ဆိုပြီး မသွားဘဲနေတာစာရင် ဖိနပ်စီးသွားပြီး ကောင်းမှုလုပ်တာက ပိုမိုအကျိုးရှိတဲ့အတွက် ဖိနပ်ချွတ်ရမှာပျင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့တော့ ကောင်းမှုကုသိုလ်မလုပ်ဘဲ မနေလိုက်ပါနဲ့။ အဲဒီလို ကောင်းမှုကုသိုလ်များ မလုပ်ဖြစ်ပါက မိမိအတွက် သံသရာမှာ မျက်နှာငယ်လေးဖြစ်ပြီး ဒုက္ခပင်လယ် ကျော်ဖြတ်နေရပါဦးမယ်။ ဒါကြောင့် မိမိတို့အဓိကထားရမည့်အရာနဲ့ သာမညထားရမည့်အရာတို့ကို သေချာကျနစွာ လေ့လာလိုက်စားပြီး လိုက်နာကျင့်သုံးနိုင်အောင် ပြုလုပ်ကြပါလို့ တိုက်တွန်းရင်း ဤမျှနဲ့ပင် နားပါရစေ။ ဆက်လက်တင်ပြနိုင်အောင် အမြဲကြိုးစားလျက်.................။

Monday, December 5, 2011

ကံသုံးပါးနဲ့ပတ်သတ်၍



မေး။ ။ ဦးဇင်းဘုရား တပည့်တော် အမည်ကသိန်းဇော်ပါ။ ဦးဇင်းဆိုဒ်ကိုဝင်ပြီး ဖတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဘယ်နေရာကနေပြီး မေးခွန်းများ မေးမြန်းရမည်ကို မသိပါသဖြင့် ဂျီမေးမှ ပေးပို့၍ မေးလိုက်ရပါသည်။ တပည့်တော်အနေဖြင့် ကံသုံးပါးထဲတွင် မနောကံသည် အပြစ်အကြီးဆုံးဟု မြတ်စွာဘုရားမှ ဟောကြားထားသည်ကို မရှင်းလင်းပါသဖြင့် ဂရုဏာရှေ့ထား၍ ဖြေကြားပေးစေလိုပါသည်ဘုရား။ တပည့်တော်၏ သာမာန်အမြင်မှာ ကာယကံသည် မနောကံထက် အပြစ်ကြီးသည်ဟု မြင်မိလို့ပါဘုရား။ စိတ်ဖြင့် ပြစ်မှားခြင်းသည် ကိုယ်ထိလက်ရောက် (ကာယကံမြောက်) ပြစ်မှားသည်လောက် အပြစ်မကြီးဟု ယူဆမိသောကြောင့်ပါဘုရား။ တပည့်တော် မေးမြန်းလိုသည်မှာ ကြာမြင့်လှပါပြီဘုရား။


သိန်းဇော်၊ ပဲရစ်၊ ပြင်သစ်နိုင်ငံ။

Saturday, December 3, 2011

မိမိကိုယ်ကို သိကြရဲ့လား

သူငယ်ချင်းတွေအတွက် အလုပ်များနေတာနဲ့ (၃)ရက်ကျော် အချိန်ကုန်သွားလို့ ကိုယ့်အတွက်လည်း စာမရေးဖြစ်၊ အများအတွက်လည်း ဆောင်းပါးရော၊ အမေးအဖြေရော မရေးဖြစ်သေးပါ။ ဒါနဲ့ သူငယ်ချင်းတစ်ပါးက ဟာသတစ်ခုပြောတာကို ဦးဇင်းအကြံရတာနဲ့ ဦးဇင်းစာဖတ်ပရိတ်သတ်များအတွက် ပညာပေးချင်လို့ ဟာသရော ဦးဇင်းအကြံလေးပါ ချက်ခြင်းရေးသားတင်ပြပေးလိုက်ပါတယ်။

သူငယ်ချင်းပြောတဲ့ ဟာသလေးကတော့ ဒီလိုပါ။ " ကြက်ဥနှင့်ဘဲဥရောင်းတဲ့ အထမ်းသမားတစ်ယောက်ဟယ လမ်းမပေါ်မှာ ကြက်ဥလား? ဘဲဥလား? ဆိုပြီး အော်ဟစ်ရောင်းသွားနေတယ်တဲ့။ အဲဒါကို အဘိုကြီးတစ်ယောက်ကကြားပြီး အထမ်းသမားကို " မင့်ကြက်ဥတွေ၊ ဘဲဥတွေရောင်းပြီး ကြက်ဥနှင့်ဘဲဥတောင် မခွဲခြားတတ်ဘူးလားလို့ အပြစ်တင်ကာ ငါပြောပြမယ် သေချာမှတ်ထားလို့ပြောပြီး ရှေးကအထမ်းထဲမှာပါတဲ့ အ၀ါရောင်သမ်းနေတဲ့ဟာက ကြက်ဥ၊ နောက်အထမ်းမှာပါတဲ့ အဖြူရောင်နဲ့ကဟာက ဘဲဥဆိုပြီး ခွဲခြားပြလိုက်ပါသတဲ့"။

ဒီနေရာမှာ ဦးဇင်းလည်း စဉ်းစားမိသွားပါတယ်။ ဘာကို စဉ်းစားမိသလဲဆိုတော့ မိမိတို့ လူသားများဟာ လူ့တော့ဖြစ်လာပြီး ကိုယ့်ကိုကိုယ် လူဆိုတာရော သေချာရဲ့လား? လူဆိုရင် လူလိုရော နေထိုင်ပြုမှုကျင့်သုံး လိုက်နာဆောင်ရွက်သလား? မိမိတို့ရဲ့ နောက်ဆုံးပန်းတိုင်ကိုရောက်အောင် ကျင့်ဆောင်ကြိုးကုတ်မှုရှိရဲ့လား? ဆိုတဲ့ အချက်တွေပါပဲ။ တကယ်တော့ ဒါတွေဟာ ဆန်းစစ်ဝေဖန်သုံးသပ်ဆင်ခြင် ပြုလုပ်ဆောင်ရွက်ရမဲ့ အရာတွေပါ။ ဒါမှသာ မိမိတို့ဟာ လူဖြစ်မှန်းသိပြီး လူပီသတဲ့လူတစ်ယောက် ဖြစ်မှာပါ။ အဲဒီလို မစဉ်းစား ပြုလုပ်ဆောင်ရွက်မှုမျိုး မရှိဘူးဆိုရင်တော့ အဘိုကြီးထင်နေတဲ့အတိုင်း ကြက်ဥဘဲဥရောင်းနေပေမဲ့ ကြက်ဥဘဲဥမခွဲခြားတတ်သေးသလို မိမိတို့ဟာလည်း မိမိကိုယ်ကို ဘာဆိုတာ သေချာမသိသေးတဲ့သူများသာ ဖြစ်ပါလိမ့်မယ်။

စာဖတ်သူအားလုံး နေ့စဉ်နဲ့အမျှ ကောင်းသောအကြံများကြံစည်နိုင်ကာ ကောင်းမှုများနဲ့သာ အချိန်ကုန်လွန်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်.......။