Friday, November 5, 2010

ဘုရားမကွယ်ပါစေနဲ့

တနေ့ကသူငယ်ချင်းတစ်ယောက်နဲ့ စကားပြောမိရင်း ဘုရားစေတီတွေ အကြောင်းလေး ပြောမိပါတယ်။ သူကပြောပါတယ်.. ဒီဘုရားကတန်ခိုးကြီးတယ်.. ဆုတောင်းရင် ဆုတောင်းပြည့်တယ်.. လာဘ်လာဘလည်း ၀င်တယ်တဲ့။ ဟင်.. ဆိုပြီး ရင်ထဲမှာ တစ်မျိုးဖြစ်သွားပါတယ်။ မင်းပြောတဲ့ ဘုရားကတန်ခိုးကြီးတယ် ဆုတောင်းပြည့်တယ်ဆိုတော့ ကျန်တဲ့ဘုရားတွေက တန်ခိုးမကြီးတဲ့ သဘောပေါ့လို့ ပြန်ပြောမိပါတယ်။ ဒါနဲ့စကားစဖြတ်လိုက်ရင်း ကိုယ့်ဘာသာ အတွေးတွေထဲမှာ စဉ်းစားမိပါတယ်။ အော်.. ဘုရားတွေများ လာပါလားပေါ့။ ဘုရားစေတီပုထိုးတွေသာ များလာတယ်။ ဘုရားရဲ့ အဆုံးမတွေကို လိုက်နာ ကျင့်ကြံသူတွေတော့ နည်းသထက်နည်းနေပါလားဆိုပြီး တွေးမိပါတယ်။

ဘယ်ဘုရားက တန်ခိုးကြီးတယ် ဒီဘုရားကဆုတောင်းပြည့်တယ်ဆိုရင် ဘုရားကိုကိုးကွယ်တာ ဘာအတွက်လဲ.. ဆုတောင်းပြည့်ယုံ အားကိုးယုံနဲ့ ကိုးကွယ်နေတာလား။ ဆုတောင်းမပြည့်ရင် တန်ခိုးမကြီးရင် မကိုးကွယ် တော့ဘူးလားဆိုပြီး ပြန်မေးကြည့်မိ ပါတယ်။

ကိုယ့်ကိုယ်ကို ပြန်မေးလည်း မေးချင်စရာကောင်းပါတယ်။ ခုခေတ်မှာ တော်တော်လေး ခေတ်စားနေတာလေး တွေရှိပါတယ်။ ဘုရားဖူးသွားကြတာပါပဲ။ ဘုရားဖူးသွားကြတာ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ဘယ်ဘုရားက တန်ခိုးကြီးလို့ သွားကြရအောင်.. ဒီဘုရားက တန်ခိုးပြလို့ သွားကြရအောင်ဆိုပြီး သွားရင်တော့ ဘုရားဖူးသွားတယ်လို့တောင် မဆိုနိုင်ပါဘူး။ သွားဖူးတဲ့ဘုရားပျောက်ပြီး တန်ခိုးကို စိတ်ရောက်နေတာ ဆုတောင်းပြည့်တာ စိတ်ရောက်နေတာဟာ ဘုရားဖူးသွားတယ်လို့ မဆိုလိုနိုင်ပါဘူး။ ထူးဆန်းထွေလာ သွားကြည့်တယ်လို့တောင် ပြောနိုင်ပါတယ်။ ဒါမို့လိုလည်း ဖုံးကွယ်ခြင်းသုံးပါးထဲမှာ ဘုရားကိုစေတီကွယ် တယ်ဆိုပြီး ပထမဦးစွာ ထည့်သွင်းထားတယ်လို့ ထင်မိပါတယ်။ တကယ်တော့ စေတီတွေက ဘုရားကိုကွယ်စေတာ မဟုတ်ပါဘူး။ ဘုရားကိုကွယ်စေနိုင်အောင် ကိုယ့်စိတ်က ရည်မှန်းလိုက်တဲ့ ရည်ရွယ် လိုက်တဲ့ စိတ်ထားတွေကသာ ဘုရားကိုစေတီတွေက အလိုလိုကွယ်သွားစေတာပါ။ အမည်နာမတွေ အမျိုးမျိုးနဲ့ ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို ကွယ်ပြစ်နေတာ များလှပါပြီ။ ဒီတော့ ဘုရားကို စေတီမကွယ်အောင် ဘယ်လိုများ လုပ်ကြရပါ့မလဲ။

တိဋ္ဌန္တေ နိဗ္ဗူတေ စာ ပိ၊ သမေ စိတ္တေ သမံ ဖလံ။

စေတော ပဏိဓိ ဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ။


“တိဋ္ဌန္တေစ- သက်တော်ထင်ရှား မြတ်စွာဘုရား၌လည်းကောင်း၊ နိဗ္ဗူတော စ- ပရိနိဗ္ဗာန်ဝင်စံကြွာသွား မြတ်စွာဘုရား၏ လေးပါးသော စေတီတော်၌လည်းကောင်း၊ စိတ္တေ- ကြည်ညိုလိုသောစိတ် ပြစ်မှားလိုသောစိတ်သည်၊ သမေ- တူမျှသည်ရှိသော်၊ ဖလံ- ကောင်းကျိုးဆိုးကျိုးသည်၊ သမံ- တူမျှလေ၏၊ ကသ္မာ- အဘယ်ကြောင့်နည်းဟူမူကား၊ ဟိယသ္မာ- အကြင်ကြောင့်၊ စေတောပဏိဓိဟေတု ဟိ- စိတ်ထားကောင်းသောကြောင့် သာလျှင်၊ သတ္တာ- သတ္တ၀ါတို့သည်၊ သုဂတိ- သုဂတိဘ၀သို့၊ ဂစ္ဆန္တိ- လားကြရကုန်၏၊ တသ္မာ- ထို့ကြောင့်၊ ဖလံ- ကောင်းကျိုး ဆိုးကျိုးသည်၊ သမံ- တူမျှလေ၏” ဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးမတိုင်းပါပဲ။ သက်တော်ထင်ရှားဘုရားနဲ့ ဘုရားစေတီတော်ဟာ စိတ်ထားတတ်မယ် ဆိုရင် အတူတူပါပဲ။ ဘုရားစေတီတွေသွားမယ်ဆိုရင် စိတ်ထားတတ်ဖို့ဟာ အဓိကကျပါတယ်။ ဘုရားစေတီပုထိုး သွားမယ်ဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ အထပ်ထပ်ပွားပြီး ဘုရားရှင်ရဲ့ကျေးဇူးတရားတွေကို ရင်ထဲမှာအာရုံပြုပြီး သွားမှသာ ဘုရားဆီသွားတယ်လို့ ဆိုနိုင်မှာ ဖြစ်သလို ဘုရားသွားဖူးတယ်ဆိုတာလည်း သေချာသွားမှာပါ။ ကိုယ်သွားနေတဲ့ခြေလှမ်းတွေနဲ့ ရည်မှန်းနေတဲ့ စိတ်ထားတွေဟာ ဘုရားရှင်ဆီကို ဦးတည်နေဖို့ လိုအပ်ပါပေတယ်။

ခုတော့ဖြင့် ဘုရားရှင် ဆုံးမခဲ့တဲ့ အဆုံးမတွေနဲ့ လွဲပြီးရင်းလွဲနေပါတော့တယ်။ သူငယ်ချင်းတွေ ၀ိုင်းဖွဲ့ပြီး ပျော်ပွဲစားထွက်သလိုမျိုး ဘုရားကို သွားကြတယ်။ စားကြသောက်ကြ ပျော်ကြပါးကြဖို့အတွက် ဘုရားသွားဖူးကြတယ်။ တန်ခိုးကြီးတယ် အလုပ်အကိုင်အဆင်ပြေတယ် လာဘ်လာဘတိုးတယ်ဆိုလို့ အားကိုးတကြီးနဲ့ သွားကြတယ်။ တန်ခိုးပြတယ်၊ ရောင်ခြည်ပြတယ်ဆိုပြီး အထူးဆန်းအဖြစ်သွားဖူးကြတယ်။ ဘုရားဂုဏ်တော် တွေ ဘယ်ဆီရောက်နေမှန်း မသိကြပါဘူး။ ဘုရားရဲ့ ကျေးဇူးတရားတွေ ရင်ထဲမှာ ထည့်ထားပြီး သွားကြမယ်ဆိုတာလည်း မရှိကြပါဘူး..။ တကယ်စဉ်းစားကြည့်ရင် ၀မ်းနည်းဖို့ ကောင်းပါတယ်။ မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးရဲ့သြ၀ါဒ အတိုင်းဆိုရင်ဖြင့် “အိမ်ကဘုရားကို ဘုရားလို့မထင်ပဲ ဟိုဘုရားမှ ဘုရားထင်ပြီး ဘုရားလည်ထွက်နေကြတာဟာ ဘုရားကိုမျက်နှာပြောင် တိုက်နေတာပဲ”လို့ ပြောရမလိုပါပဲ။ ဘယ်စေတီဖြစ်ဖြစ် ဘယ်ဘုရားဖြစ်ဖြစ် ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို အာရုံပြုပြီး ကြည်ညိုသဒ္ဓါပွားကာ တန်းတူစိတ်ထားဖြင့် မကိုးကွယ်နိုင်သဖြင့်တော့ ဘုရားမမြင်သေးဖူးလို့ပဲ ပြောရမှာပါပဲ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ရင်ထဲမှာ ဘုရားကိုစေတီကွယ်နေပြီဆိုတာ သိစေချင်ပါတယ်။

ဒီတော့ဘုရားကို စေတီမကွယ်စေဖို့ ဘုရားရှင်ရဲ့ကျေးဇူးတရားတွေ သတိတရရှိဖို့ အတွက်ဆို ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးတွေကို အမြဲအမှတ်ရမယ့် စိတ်ထားလေးတွေကို ရင်ထဲနှလုံးသားထဲမှာ စွဲမြဲစေဖို့ အရေးကြီးပါတယ်။ ကျွန်တော်ပြောတဲ့အထဲမှာ ဘုရားမသွားနဲ့.. ဘုရားကိုသွားတာ အကျိုးမရှိဘူး.. ဘုရားကို စေတီတွေက ကွယ်နေတယ်လို့ မဆိုလိုပါဘူးနော်။ ဘုရားရှင် ခန္ဓပရိနိဗ္ဗာန်ဝင်စံတော်မူပြီးတဲ့နောက် ကြွင်းကျန်သော ဓါတ်တော်တွေကို ဘုရားရှင်ဟာ သာသနာတော်အတွက် ဓာတုစေတီဆိုတဲ့ ဓါတ်တော်တွေ၊ ဓမ္မစေတီဆိုတဲ့ တရားတွေ၊ ဥဒ္ဒိဿစေတီဆိုတဲ့ ရုပ်ပွားတော်တွေ၊ ပရိဘောဂဆိုတဲ့ အသုံးအဆောင်များကို ကိုယ်စားလှယ်အဖြစ်ထားခဲ့တာပါ။ ဒါ့ကြောင့် စေတီတော်တွေကို ဖူးမြင်ရတာဟာ သက်တော်ထင်ရှားဘုရားကို ဖူးမြင်ရတာနဲ့ ထပ်တူပါပဲ။ ဘုရားရှင်နှင့်အတူ စိတ်ထားနိုင်လျှင် ကောင်းကျိုးရတာခြင်းလည်းတူသလို အကျိုးပေးခြင်းလည်း တူညီပါတယ်။

အိမ်ကဘုရားစင်(ဘုရားကျောင်းဆောင်)ဟာလည်း ဘုရားဖြစ်သလို.. ရန်ကုန်မှာ တည်ထားကိုးကွယ်နေတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမှာ တည်ထားကိုးကွယ်တဲ့ မဟာမြတ်မုနိဘုရားကြီးနဲ့ စသည့်ဘုရားစေတီအဆူဆူတွေဟာလည်း ဘုရားပါပဲ။ ကိုယ့်ရင်ထဲ နှလုံးသားထဲမှာ ဘယ်ဘုရားစေတီပုထိုးကိုမြင်မြင် ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးတွေကိုမြင်ပြီး အမြတ်တနိုးတန်ဖိုးထားပြီး ဦးချကြည်ညိုတတ်ဖို့ဟာ ပိုပြီးတော့ အရေးကြီးပါတယ်။ ငါတို့ကိုးကွယ်နေတဲ့ ဘုရားစေတီမှ ဘုရားဆိုရင်တော့ ကိုယ့်ရင်ထဲမှာ ဘုရားစစ် ဘုရားမှန် ပျောက်နေပါတယ်လို့ ပြောလိုက်ပါရစေ..။ တန်ခိုးကြီးတဲ့ဘုရားမှ ဘုရားထင်ပြန်ရင်လည်း ဂုဏ်တော်ချင်းထပ်တူအာရုံပြု ရှိခိုးဦးချရမည့်ဘုရားကို မျက်နှာပြောင် တိုက်နေပါလားဆိုတာ သိလိုက်ပါလို့ သတိပေးလိုပါတယ်။ သတ္တ၀ါတွေအကျိုးစီးပွားအတွက် အဆူဆူပွင့်ထွန်းတော်မူလာခဲ့တဲ့ ဘုရားအဆူဆူရဲ့ကျေးဇူးတရားတွေကို ရင်ထဲမှာ ထင်မြင်ပြီး အမြတ်တနိုးထား ဦးချနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ဘုရားကိုဘုရားလို့ပဲမြင်ပြီး ဂုဏ်ကျေးဇူးတွေကို အမြတ်တနိုးတန်ဖိုးထားတတ်ပါစေလို့ ဆန္ဒပြုလျှက်..။

အိမ်လွမ်းသူဝက်ဆိုက်မှ Paingmin ၏ရေးသားချက်ကို အများဖတ်နိုင်ရန် ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်သည်။

Thursday, November 4, 2010

ဆန်နီနေမင်း အမေးအဖြေ သေပြီးလျှင် ဘာဖြစ်မလဲ

အရှင်ဘုရား။ ဘာသာရေးနှင့်ပတ်သတ်သည်များ စိတ်ထဲမရှင်းလင်းသည်များကို မေးမြန်းခွင့်ပြုပါ။ ပြန်လည် ဖြေကြားပေးပါရန်လည်း မေတ္တာရပ်ခံပါသည်။ ကမ္ဘာပေါ်တွင် အဓိကဘာသာကြီး(၄)ခုရှိပီး သူတို့အတွေးအခေါ် သူတို့အယူအဆများဖြင့် ကမ္ဘာအနှံ့အပြားတွင် နေထိုင်လျှက်ရှိပါသည်။ ဘာသာတခုတိုင်းတွင် သေလွန်ပီး နောက်တစ်ဘဝကို တနည်းနည်းတဖုံဖုံဖြင့် လက်ခံသည်များလည်းရှိပါသည်။ ဘာဘာသာအယူအဆ တစ်ခုမျှ လက်ကိုင်ယုံကြည်မှုမရှိဘဲ အသက်ရှင်နေထိုင် ရပ်တည်နေသူများလည်း အများအပြား ရှိပါသည်။ သိလို သည်မှာ သေလွန်ပီး အခြားတဖက်မှာကော ဘာသာကြီး(၄)ခုရှိပါသေးလော။

လူတစ်ဦးတစ်ယောက် သေဆုံးလျှင် သက်ဆိုင်ရာဘာသာအလိုက် မြှုပ်နှံသဂြိုလ်ကြသလို သေလွန်ပီး နောက်တစ်ဘဝမှာကော သက်ဆိုင်ရာ ဘာသာအလိုက်စီရင်ဆုံးဖြတ်သည့်အတိုင်း နေထိုင်ကြရပါသလော။ (ဥပမာ ဗုဒ္ဒဘာသာ တစ်ယောက်သေဆုံးလျှင် သူရဲ့ကုသိုလ်နဲ့ အကုသိုလ်ကိုလိုက်ပီး နိဗ္ဗာန်၊ ငရဲ၊ တိရစ္ဆန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုပီး သက်ဆိုင်ရာဘုံဘဝမှာ မှီကြရပါတယ်။ ခရစ်ယာန်တစ်ယောက် သေဆုံးလျှင် စီရင်ချက်မချခင် ကောင်းကင်ဘုံမှာ နေထိုင်ကြရသည်ဟု ဆိုပါသည်။) ဘာသာအယူအဆတစ်ခုမှ လက်ခံယုံကြည်ခြင်းမရှိဘဲ ရှင်သန်ရပ်တည်နေသူတစ်ယောက် သေဆုံးလျှင်ကော ထိုသူကား အဘယ်ဘုံဘဝမှာ နေထိုင်ရမည်လော။ ရိုသေစွာဖြင့် လျှောက်ထားမေးမြန်းလိုက်ရပါသည်ဘုရား။

အင်း မျက်မှောက်လောကကိုကြည့်မယ်ဆိုရင်တော့ လူများ၏ ယုံကြည်ချက် ကွဲလွဲမှုတွေကြောင့် ဘာသာတရားတွေဟာ အမျိုးမျိုးကွဲပြားနေရတာပါ။ တကယ်တော့ ဘာသာအယူဝါဒ ဆရာသမားများဟာ သဘာဝတရားရဲ့ဖြစ်ပေါ်နေမှုများကို သူတို့သိသလောက် ပြောပြနေခြင်းသာ ဖြစ်ပါတယ်။ သဘာဝတရား လောကကြီးမှာ ဖြစ်ပျက်နေတာတွေကို သူတို့ရဲ့အသိဉာဏ်နဲ့ သိမြင်နေတာကို ပြောပြခဲ့ကြတာပါ။


ဥပမာ-မြတ်ဗုဒ္ဓကလည်း သူသိတာကို သူပြောခဲ့တာပါ။ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာတွေကို သူ့ရဲ့ဉာဏ်နဲ့မြင်တွေ့တာကို ပြောပြခဲ့တာပါ။ သူဖန်ဆင်းတာမဟုတ်သလို သူကတီထွင်ကြံဆ ပြောပြခဲ့တာလည်း မဟုတ်ပါဘူး။ လောကကြီးအတွင်း ဖြစ်နေတာကို ပြောပြခဲ့တာပါ။ ဒါလုပ်ရင် လောကကြီးက ဒါတွေဖြစ်တယ်ဆိုတာကို သူမြင်ခဲ့သိခဲ့လို့ ပြန်ပြောပြခဲ့တာပါ။ သူ့လိုပြောပြမြင်တတ်အောင် သူ့လိုကျင့်ရင် လူတိုင်းမဆို သိမြင်ပါလိမ့်မယ်။ မြတ်ဗုဒ္ဓက မပြောခဲ့လို့ မသိတာဘဲရှိမယ် လောကသဘာဝတရားကြီးကတော့ ဒီတိုင်းပဲ ကောင်းတာလုပ်ရင် ကောင်းကျိုးကိုပေးနေပါမယ်။ မကောင်းတာလုပ်ရင်လည်း မကောင်းကျိုးကို ပေးမှာပါပဲ။

သေလွန်ပြီးရင်တော့ မိမိက ဘာဖြစ်မယ်ဆိုတာ အရိယာပုဂ္ဂိုလ်မဖြစ်သေးရင် မခန့်မှန်းနိုင်သေးတဲ့အတွက် ဘယ်ဘ၀ရောက်မယ်ဆိုတာ မပြောနိုင်ဘူးလေ။ လူ့ဘ၀ကိုရောက်ရင်တော့ ဘာသာအယူဝါဒတွေ အမျိုးမျိုးရှိနိုင်ပါသေးတယ်။ နတ်ဘ၀ ဗြဟ္မာဘ၀ တိရစ္ဆာန် ငရဲစတာတွေဖြစ်ရင်တော့ ဘာသာအယူဝါဒတွေ မရှိတော့ပါဘူး။ နတ်တွေဗြဟ္မာတွေဆိုရင် သူတို့တန်ခိုးနဲ့သူတို့ဘာသာ ကံတရားအလိုက် စည်စိမ်းချမ်းသာကို ခံစားနေကြပါလိမ့်မယ်။ အပါယ်လေးဘုံမှာဖြစ်ရင်တော့ အသိဉာဏ်မရှိတဲ့အတွက် ဘာသာအယူဝါဒ မရှိပါဘူး။ သူတို့ထင်ရာ သူတို့လုပ်ကြပါလိမ့်မယ်။

သေလွန်ပြီးလျှင် ဘာသာအယူဝါဒအလိုက် ကိုယ့်ဘာသာတရားထဲကအတိုင်း ခံစားရမှာ မဟုတ်ပါဘူး။ ဘယ်ဘာသာမဆို ကောင်းတာလုပ်ခဲ့တဲ့လူက ကောင်းတဲ့ဘုံမှာ ကောင်းတဲ့အကျိုးကို ခံစားရသလို မကောင်းတာလုပ်ခဲ့တဲ့လူက မကောင်းတဲ့ဘုံမှာ မကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ယခု လူ့ဘ၀၌ ဘာသာအယူအဆမရှိဘဲ နေထိုင်တဲ့ပုဂ္ဂိုလ်သည်လည်း သူ့လုပ်ခဲ့တဲ့အလုပ်ပေါ်မှာမူတည်ပြီး ကောင်းကျိုး မကောင်းကျိုးကို ခံစားရပါလိမ့်မယ်။

ဘာသာအယူဝါဒဆိုတာ ဆရာတွေအယူအဆ မတူကြလို့ ကွဲပြားနေကြတာပါ။ တကယ်တော့ သဘာဝတရားကြီးက သူ့အလိုလိုဖြစ်နေတဲ့ဟာတွေပါ။ မကောင်းတာလုပ်တဲ့လူက မကောင်းကျိုးကို ခံစားရတာဟာ သူ့အလိုလို သဘာဝတရားက တုန့်ပြန်ပေးနေတာပါ။ ကောင်းတာလုပ်တဲ့လူက ကောင်းကျိုးကို ခံစားရတယ်ဆိုတာလည်းပဲ သဘာဝတရားရဲ့ တုန့်ပြန်မှုပါပဲ။

ဥပမာ-မျက်မှောက်ဘ၀မှာလည်း အလုပ်လုပ်မှ ပိုက်ဆံရလို့ စားချင်တာဝယ်စားလို့ရပါတယ်။ ထို့အတူ ကောင်းတာလုပ်ရင် ကောင်းကျိုးကို မျက်မှောက်ဘ၀၌ချက်ချင်းလည်း အကျိုးပေးပါတယ်။ အရင်ဘ၀ တွေတုန်းက ပြုလုပ်ခဲ့တဲ့ မကောင်းကျိုးလက်ကျန်များက အကျိုးပေးဆဲမို့ ယခုမျက်မှောက်လုပ်တဲ့ကောင်းကျိုးကို မခံစားရသေးတာတော့ ရှိနိုင်ပါတယ်။ ကောင်းကျိုးလုပ်ရင် ကောင်းကျိုးကလည်း တစ်ချိန်ချိန်၌ အကျိုးပေးမှာ သေချာသလို မကောင်းတာလုပ်ရင် မကောင်းကျိုးကလည်း အကျိုးပေးဖို့ စောင့်နေမှာ သေချာပါတယ်။

အဲဒီတော့ သဘာဝတရားကြီးက သူ့အလိုလို အကျိုးပေးနေတဲ့အတွက် ဘယ်သူမဆို ဘယ်ဘာသာဝင်မဆို သူ့နဲ့တန်ရာတန်ရာကို မျက်မှောက်လူ့လောက၌ တရားသူကြီးများက တရားခံကို စီရင်ချက်ချသလို ကံဆိုတဲ့သဘာဝတရားကြီးကလည်း တန်ရာတန်ရာအကျိုးကို သူ့အချိန်တန်ရင် အကျိုးပေးပါလိမ့်မယ်။

ဒီလောက်ပြောပြလျှင် ရှင်းမည်ထင်ပါတယ်။ မိမိ၏ ထင်မြင်ချက်များကို ရေးသားလိုက်ခြင်းဖြစ်၍ မည်သူ့ကိုမျှ ထိခိုက်နစ်နာစေလိုသော ဆန္ဒမပါပေ။ မိမိ၏ အသိဉာဏ်များကို ဖြေပေးလိုက်ခြင်းသာ ဖြစ်သည်။ မှားမှန်ကိုတော့ ကိုယ်ပိုင်ဉာဏ်များဖြင့် သုံးသပ်ကြပါလေ။

ယခုတော့ ဤမျှနဲ့နားပါရစေ။

Wednesday, November 3, 2010

ဆန်နီနေမင်း အမေးအဖြေ ခံစားနေရမှုနဲ့ပတ်သတ်၍

ဘုန်းဘုန်းဘုရား တပည့်တော် မမေးသင့်ဘူးဆိုတာ သိပါတယ် ဒါပေမဲ့ ဘယ်လိုမှ မခံစားနိုင်တော့လိုပါ။ မိန်းကလေးတစ်ယောက်အတွက်နဲ့ ခံစားနေရတာ ဖြစ်သင့်လားဘုရား။ သူကိုတော့ အရမ်းချစ်ပါတယ်။ ဒါပေမဲ့ တရားသဘောနဲ့ကြည့်ရင်တော့ ဘာမှမမြဲဘူးလေ။ တပည့်တော် ဘယ်လို လုပ်သင့်ပါသလဲဘုရား။

အင်း ဒကာက မေးမှတော့ ဦးဇင်းလည်း သိသလောက် အသိဉာဏ်များဖြင့် ဖြေရှင်းပေးပါမယ်။ မြတ်ဗုဒ္ဓတောင် တစ်ချို့နေရာတွေမှာ မပြောမဟောသင့်တဲ့ စကားလုံးတွေကို ပြောဟောခဲ့သေးရတယ်ဆိုတော့ ဦးဇင်းလည်း ဦးဇင်းသိသလောက် ပြောပြပေးပါမယ်။


လူတစ်ယောက်ကို ချစ်တဲ့နေရာမှာ ပိုင်ဆိုင်လိုသောအချစ်၊ သနားလို့ ကူညီချင်သောအချစ်၊ သူတစ်ပါးစိတ်ချမ်းသာအောင် ပြုလုပ်ပေးချင်သောအချစ်စသည်ဖြင့် အချစ်များစွာ ရှိပါလိမ့်မယ်။ မိမိချစ်တဲ့အချစ်ဟာ ဘယ်အမျိုးစားထဲတွင် ပါဝင်သလဲဆိုတာ အရင်စဉ်းစားပါ။ မိမိချစ်တဲ့အချစ်သည် ပိုင်ဆိုင်လိုသောအချစ်ဖြစ်ပြီး သူ့ကိုမပိုင်ဆိုင်ရလျှင် မိမိမပိုင်ဆိုင်ရမှုကြောင့် သောက၀မ်းနည်းမှုတွေ စိတ်ခံမြင်းမှုတွေ ဖြစ်နေပါလိမ့်မယ်။

သနားချစ်၊ ကူညီပေးချင်သောအချစ်တို့ဖြင့် မိမိက သူတစ်ပါးကိုချစ်လျှင်တော့ မိမိသည် သူ့အပေါ်မှ ပြန်လည်တုန့်ပြန်မှု မည်သို့ပင်ဖြစ်ပေါ်လာစေကာမှု မိမိမှာ သောက၀မ်းနည်းမှုစတာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဘုရားရှင်ကဟောခဲ့တာ ရှိတယ်။ ချစ်ခင်နှစ်သက်ရသောသူနဲ့ ကွဲကွာရခြင်းသည် ဒုက္ခဆင်းရဲဖြစ်သလို မချစ်မနှစ်သက်ရသောသူနဲ့ ပေါင်းသင်းနေထိုင်ရခြင်းသည်လည်း ဒုက္ခပါတဲ့။ အဲဒီတော့ မိမိချစ်တဲ့နေရာမှာ မိမိဝမ်းနည်းမှုစတာတွေ မခံစားရအောင် သူတစ်ပါးကို ပိုင်ဆိုင်ရမှ ဖြစ်မယ်ဆိုတဲ့ စွဲလမ်းစိတ်နဲ့မချစ်ဘဲ ပိုင်ဆိုင်ရသည်ဖြစ်စေ မပိုင်ဆိုင်ရသည်ဖြစ်စေ သူစိတ်ချမ်းသာအောင် ပြုလုပ်ပေးမည်ဟု စိတ်ဆုံးဖြတ်ချက်ချပြီး ချစ်မယ် စိတ်ချမ်းသာအောင်ပြုလုပ်ပေးမယ်ဆိုရင် မိမိအတွက် ကံကောင်း၍ ပိုင်ဆိုင်ရလျှင် ၀မ်းသာနိုင်သလို ကံမကောင်း၍ မပိုင်ဆိုင်ရလျှင်လည်း ၀မ်းနည်းမှုတွေ ဖြစ်လာတော့မည် မဟုတ်ပေ။

အဲဒီတော့ သူတစ်ပါးကိုချစ်တဲ့အခါ ပိုင်ဆိုင်မှု မပိုင်ဆိုင်မှုကို ကံတရားအနေနဲ့ သဘောထားပြီး သူစိတ်ချမ်းသာအောင်ပြုလုပ်ပေးမည်၊ သူ့အကျိုးကို တက်နိုင်သလောက်ပြုလုပ်ပေးလျှက် ချစ်မယ်ဆိုရင် အကောင်းဆုံးသော အချစ်ဖြစ်ပြီး ကံကောင်းလို့ပိုင်ဆိုင်ရလျှင် မိမိသည် ကံအကောင်းဆုံးသော လူတစ်ယောက်ဖြစ်ပါလိမ့်မယ်။ အကယ်၍ ကံမကောင်းလို့ မပိုင်ဆိုင်ရသော်လျှင်လည်း သူ့အတွက် စိတ်ချမ်းသာအောင်ပြုလုပ်ပေးရသော ကုသိုလ်လေးဟာ မိမိအတွက် ထာဝရကုသိုလ်လေး ဖြစ်နေမှာပါ။

တရားသဘောနဲ့ကြည့်လျှင် ဘယ်အရာမှ မမြဲဘူးဆိုပြီး မြင်သမျှကို ရှု့မှတ်နိုင်လျှင်တော့ အကောင်းဆုံးပေါ့လေ။ မိမိသည် ထိုကဲ့သို့ မြင်သမျှသော ရုပ်တရားများကို တရားသဘောနဲ့ မကြည့်နိုင်သေးလျှင် လိုချင်မှု ပိုင်ဆိုင်ချင်မှုတို့ကို စိတ်ထဲမှာ စွဲလမ်းမထားဘဲနဲ့ သူ့ကိုငါချစ်နေတာသည် သူ့စိတ်ချမ်းသာအောင် ပြုလုပ်ပေးချင်သော အချစ်စိတ်သာဖြစ်ရမည်ဟု စိတ်ဆုံးဖြတ်ထားနိုင်အောင် ကြိုးစားပေါ့လေ။ အကယ်၍ မိမိသည် ဘ၀ရေစက်ရှိလျှင် နှစ်ဦးအတူ ဘ၀ကိုလျှောက်လှမ်းရပါလိမ့်မယ်။

အကယ်၍ မိမိသည် ဘ၀ရေစက်ဖူးစာမပါလို့ ကိုယ်ချစ်တဲ့လူကို မပိုင်ဆိုင်ရလျှင်လည်း မိမိသည် သူ့ကိုစိတ်ချမ်းသာစေချင်သောအချစ်နဲ့ ချစ်ခဲ့တာမို့ မိမိမှာဝမ်းနည်းမှုတွေ ခံစားရမှာ မဟုတ်တော့ပါဘူးလေ။ ထို့ကြောင့် မိမိသည် သူတစ်ပါးကိုချစ်ရာ၌ အကျိုးလိုလားသောအချစ်ကို ဦးစားမပေးဘဲ ပေးဆပ်ချင်သာအချစ်နဲ့သာ ချစ်တတ်အောင် ကြိုးစားပါလေ။ ရှေးကံပါလျှင် အချစ်က ချက်ချင်းအကျိုးပေးမယ်။ ရှေးကံမပါလျှင်တော့ နောက်ဘ၀တွေအတွက် ပါရမီဖြည့်ခြင်းပဲလို့ သဘောထားပေါ့။

အင်း ဦးဇင်းကိုယ်တိုင်ကလည်း အချစ်စာရေးဆရာမဟုတ်သောကြောင့် ဤမျှလောက်ပဲ ဖြေပေးလိုက်ပါတယ်။ မိမိထင်မြင်ချက်မျှကိုသာ ရေးသားပေးလိုက်ခြင်း ဖြစ်ပေသည်။

ယခုတော့ ဤမျှနဲ့နားပါရစေ။

Monday, November 1, 2010

ဆန်နီနေမင်း အမေးအဖြေ မြတ်ဗုဒ္ဓ၏လက္ခဏာတော်နဲ့ပတ်သတ်၍

အရှင်ဘုရား

မြတ်စွာဘုရားရှင်၏ လက္ခဏာတော် အသွယ်သွယ်ကို သိပါရစေဘုရား။ တပည့်တော်မ အကြမ်းဖျင်းသာ သိလိုပါဘုရား။

ကျေးဇူးတင်လျက်...........

သုံးဆယ်နှစ်ပါးသောလက္ခဏာဆိုသည်မှာ


၁။ အညီအညွတ်ကောင်းစွာထိသော ခြေဖ၀ါးရှိခြင်း။

၂။ ခြေဖ၀ါးပြင်ပေါ်၌ အကန့်တစ်ထောင်ရှိသော စက်ဝန်းတို့ ဖြစ်ပေါ်ခြင်း။

၃။ ရှည်သော ဖနှောင့်ရှိခြင်း။

၎။ ရှည်သွယ်သော လက်ချောင်းခြေချောင်းရှိခြင်း။

၅။ နု့ညံနုနယ်သော လက်ဖ၀ါး ခြေဖ၀ါးရှိခြင်း။

၆။ ကွန်ရက်ပမာ ညီညာသော လက်ချောင်းခြေချောင်းရှိခြင်း။

၇။ ဖမျက်မြင့်သော ခြေရှိခြင်း။

၈။ သလုံးမြင်းခေါင်းရှိခြင်း။

၉။ မကိုင်းညွတ်ဘဲ ရပ်လျက် လက်ဖြင့်ဒူးဆစ်တို့ကို ထိနိုင်ခြင်း။

၁၀။ အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်ရှိခြင်း။

၁၁။ ရွှေအဆင်းနှင့်တူသော အသားအရေရှိခြင်း။

၁၂။ အသားအရေသည် ချောမွေ့နေသောကြောင့် ဖုန်မုန့်စသည်တို့ မငြိကပ်ခြင်း။

၁၃။ တစ်ပင်ချင်းပေါက်သော မွေးညင်းရှိခြင်း။

၁၄။ အထက်သို့ကော့တက်သော မွေးညင်းရှိခြင်း။

၁၅။ ဖြောင့်မတ်သော ကိုယ်ရှိခြင်း။

၁၆။ အသားအရေဖြိုးမောက်ခြင်း။

၁၇။ ခြင်္သေ့နဲ့တူသော ရှေ့ပိုင်းကိုယ်ရှိခြင်း။

၁၈။ လက်ပြင်နှစ်ဖက်အကြား၌ ပြည့်ဖြိုးသော ကျောပြင်ရှိခြင်း။

၁၉။ ပညောင်ပင်ကဲ့သို့ ၀န်းသော ကိုယ်ရှိခြင်း။

၂၀။ ညီညာစွာလုံးဝန်းသော လည်ပင်းတိုင်ရှိခြင်း။

၂၁။ အရသာကိုဆောင်သော အလွန်ကောင်းမြတ်သော အကြောရှိခြင်း။

၂၂။ ခြင်္သေ့၏ မေးနှင့်တူသော မေးရှိခြင်း။

၂၃။ သွားချောင်းရေ လေးဆယ်ရှိခြင်း။

၂၄။ ညီညွတ်သော သွားရှိခြင်း။

၂၅။ မကျဲသော သွားရှိခြင်း။

၂၆။ အလွန်ဖြူစင်သော အစွယ်လေးချောင်းရှိခြင်း။

၂၇။ ကြီးမားရှည်လျား နု့ညံ့သော လျှာရှိခြင်း။

၂၈။ ကရ၀ိက်ငှက်သံနဲ့တူသော အသံရှိခြင်း။

၂၉။ အလွန်ညိုသော မျက်လုံးရှိခြင်း။

၃၀။ နွားငယ်မျက်တောင်နဲ့တူသော မျက်တောင်ရှိခြင်း။

၃၁။ မျက်မှောင်နှစ်ခု အကြား၌ နု့ညံ့သော ၀ါဂွမ်းနဲ့တူသော ဥဏ္ဏလုံမွေးရှင် ပေါက်လျက်ရှိခြင်း။

၃၂။ သင်းကျစ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိခြင်း။

ဤ(၃၂)ပါးသော လက္ခဏာနဲ့ပြည့်စုံသောပုဂ္ဂိုလ်သည် လူ့ဘောင်၌နေသော် သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရပြီး ရတနာခုနှစ်ပါးနဲ့ပြည့်စုံသော စကြ၀တေးမင်းဖြစ်ပေသည်။ အကယ်၍ လူ့ဘောင်မှရဟန်းဘောင်သို့ ၀င်ရောက်သည်ရှိသော် ကိလေသာအားလုံးကို ပယ်သတ်နိုင်ပြီး ကိုယ်တိုင်မှန်ကန်စွာ သစ္စာလေးပါးကို သိသော မြတ်ဗုဒ္ဓဧကန်ဖြစ်ကြပါသည်။

(ပါထိက၀ဂ်ပါဠိတော်၊ လက္ခဏသုတ်တော်တွင် အကျယ်ကြည့်ရှု့နိုင်ပါသည်။)

Sunday, October 31, 2010

ဆန်နီနေမင်း အမေးအဖြေ အလှူခံပုဂ္ဂိုလ်တစ်ဆယ့်လေးယောက်

အရှင်ဘုရား၊ ဘုရားတပည့်တော်တို့ ဗုဒ္ဓသာသနာတွင် ဆရာမြတ်ဗုဒ္ဓ ဟောကြားတော်မူသော အလှူခံပုဂ္ဂိုလ် တစ်ဆယ့်လေးမျိုးကို သိရှိလိုပါသည်ဘုရား။ အရှင်းဘုရား အချိန်ရလျှင် မေးပို့လ်ပေးစေလိုပါသည်။ အကယ်၍ မျှဝေထားသော ဆိုက်ရှိပါက လင့်ခ်ပေးတော်မူပါဘုရား။ အရှင်ဘုရား ကိုယ်စိတ်နှစ်ပါး မျှတစွာဖြင့် သာသနာ့ အကျိုး ဆထက်ထမ်းပိုး သယ်ပိုးနိုင်ပါစေ။ ဘုရားတပည့်တော် ရိုသေစွာ ဦးခိုက်ခဲ့ပါသည် ဘုရား။

အလှူခံပုဂ္ဂိုလ်တစ်ဆယ့်လေးမျိုးဆိုသည်မှာ......


၁။ တိရစ္ဆာန်

၂။ သီလမရှိသူ

၃။ သီလရှိသူ

၎။ ဈာန်ရရသေ့

၅။ သောတာမတ္တိမဂ်ပုဂ္ဂိုလ်

၆။ သောတာမတ္တိဗိုလ်ပုဂ္ဂိုလ်

၇။ သကဒါဂါမိမဂ်ပုဂ္ဂိုလ်

၈။ သကဒါဂါမိဗိုလ်ပုဂ္ဂိုလ်

၉။ အနာဂါမိမဂ်ပုဂ္ဂိုလ်

၁၀။ အနာဂါမိဗိုလ်ပုဂ္ဂိုလ်

၁၁။ အရဟတ္တမဂ်ပုဂ္ဂိုလ်

၁၂။ အရဟတ္တဗိုလ်ပုဂ္ဂိုလ်

၁၃။ ပစ္စေကဗုဒ္ဓါ

၁၄။ သမ္မာသမ္ဗုဒ္ဓဘုရားရှင် တို့ဖြစ်ပေသည်။

အကျိုးပေးမှုမှာလည်း အဆင့်ဆင့်များ၍ အကျိုးပေးလေသည်။

Friday, October 29, 2010

ဆန်နီနေမင်း အမေးအဖြေ သူတစ်ပါးကို သူများခိုင်း၍သတ်သည်ရှိသော်

အရှင်ဘုရား တပည့်တော် မရှင်းတာလေးရှိလို့မေးပါရစေဘုရား။ တပည့်တော်ကတော့ ၀န်ထမ်းတစ်ယောက်ပါ။ တပည့်တော်တို့သိချင်တာက သူတစ်ပါး၏အသက်ကို မိမိရဲ့စိတ်မပါဘဲ သူများခိုင်း၍ သတ်ရလျှင် ဘယ်သူ့မှာ အပြစ်ရှိပါသလဲဘူရား။ ကိုယ်ကိုယ်တိုင်က မလုပ်ချင်ပေမယ့်လည်း တာဝန်အမိန့်အရလုပ်ရတာတွေရှိပါတယ်။ အဲဒီအကြောင်းအရာ လေးကိုဖြေကြားပေးတော်မူပါဘုရား။
နောက်ထပ်တစ်ခုအနေနဲ့ အရှင်ဘုရားဖြတ်သန်းလာခဲ့ရတဲ့ဘ၀အတွေ့ အကြုံလေးတွေ တပည့်တော်တို့ ဘယ်လိုနေဘယ်လိုထိုင်ရမယ်ဆိုတာလေးတွေကိုပါ ပြောကြားပေးတော်မူပါဘုရား။ အရှင်ဘုရားရဲ့ ဘလော့လ် မှာအမြဲလာရောက် ဖတ်ရှု့သူ တစ်ဦးပါ။

ဟုတ် ဒကာ။ ဒကာမေးတဲ့မေးခွန်းမျိုးကို သီဟိုဠ်ဘုရင်တစ်ပါးဖြစ်သော ဒုဋ္ဌဂါမဏီမင်းကြီးကလည်း အဘယရဟန္တာမထေရ်မြတ်ကို လျှောက်ဖူးတယ်။ ဘုရင်က သူလည်း တိုင်းပြည်အတွင်းသို့ကျူးကျော်လာတဲ့ ရန်သူတွေကို တိုင်းပြည်နှင့်လူမျိုးဘာသာ အတွက် မသတ်ချင်သော်လည်း သတ်ခဲ့ရသည့်အတွက် သူ့မှာပါဏာတိပါတကံတွေ များနေပြီလို့တွေးပြီး စိတ်မချမ်းမြေ့ဖြစ်နေပါတယ်။ အဲဒါနဲ့ ရှင်အဘယ ရဟန္တာမထေရ်ကို မေးခဲ့တာပါ။ ရဟန္တာမထေရ်မြတ်က သီလလုံခြုံတဲ့ပုဂ္ဂိုလ်၊ သူတော်ကောင်းစိတ်ရှိသော ပုဂ္ဂိုလ်၊ (ယခုခေတ်အလို သဘောကောင်းသောပုဂ္ဂိုလ်ကို) သတ်မိရင် လူတစ်ယောက်ကို သတ်တာနဲ့ တူပါသည်။ စိတ်ထားမကောင်းသော လူယုတ်မာကိုသတ်မိလျှင် တိရစ္ဆာန်ကို သတ်တာနဲ့တူတယ်ဟု မိန့်ကြား ပေးခဲ့ပါသည်။


သူတစ်ပါးကို ကိုယ်စားသတ်ခိုင်းသော ပုဂ္ဂိုလ်မှာ အပြစ်ပိုမိုရှိပါသည်။ ကိုယ်စားသတ်ပေးသောပုဂ္ဂိုလ်မှာလည်း သူများခိုင်း၍သတ်ရပါသည် မိမိစိတ်ထဲ၌ သူတစ်ပါးကို သေစေလိုသော စေတနာမပါဘူးဆိုလျှင် အပြစ်နည်းပါသည်။ အပြစ်ကတော့ နည်းနည်းရှိပါသည်။

အဘယ့်ကြောင့်ဆိုသော် ဘုရားလောင်းပါရမီဖြည့်စဉ်အခါက ရှင်ဘုရင်လုပ်ရ မည်ကို အင်မတန်ကြောက်ရွံ့၍ စကားမပြောခဲ့သော တေမိဇာတ်ဆိုတာ ရှိခဲ့ပါတယ်။ ရှင်ဘုရင်ဖြစ်လျှင် အများကိုမသတ်ချင်သော်လည်း သတ်ရမည့်အလုပ်သည် ဧကန်ပင် ရှိနေပါသည်။ သူတစ်ပါးကိုသတ်လျှင် မိမိစိတ်ပေါ်နှင့်သတ်ခံရသောပုဂ္ဂိုလ်ပေါ်မှာ မူတည်ပြီး အကျိုးပေးအနည်းအများကွာခြားသော်လည်း မိမိ၏ ကာယကံလုပ်ဆောင်မှု ပါနေသောကြောင့် အပြစ်တော့ရှိနေပါသည်။

မိမိသည်လည်း နောက်ဘ၀များ၌ သူများသတ်ခံရသလို မိမိကိုယ်ကိုလည်း သူတစ်ပါးက မိမိသတ်ခဲ့သလို သူများခိုင်း၍ သတ်ခြင်းများကို ခံရပေလိမ့်မည်။ ထို့ကြောင့် ဘုရားလောင်းသည် ရှင်ဘုရင်လုပ်ရမည်ကို အင်မတန်မှ ကြောက်ရွံ့ခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍ မိမိသည်မလွဲသာ၍ သူများအသတ်ကို သတ်ခဲ့ရသည်ရှိသော် ကောင်းမှုကုသိုလ်များဖြင့် အစားထိုး၍ ဖြေဖျောက်ပါလေ။

ဒကာ၏ ဘ၀နေထိုင်ရေးနဲ့ပတ်သတ်သည့် လုပ်သင့်လုပ်ထိုက် ကျင့်သင့်ကျင့်ထိုက်သည့် အကြောင်းအရာများကို `လူတော်လူကောင်း´ဆောင်းပါးရှည်ကို ဖတ်ကြည့်ပါလေ။ မိမိဘ၀အတွေ့အကြုံအခက်အခဲ စိတ်မရှင်းသည့် အကြောင်းအရာများရှိပါက ပြန်လည်၍ မေးမြန်းပါလေ။

ယခုတော့ ဤမျှနဲ့ပဲ နားပါရစေ။

Wednesday, October 27, 2010

ဆန်နီနေမင်း အမေးအဖြေ ဒုသနသောနဲ့ပတ်သတ်၍

ဆရာတော်ဘုရား။ လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ဒုသနသောအကြောင်း သိသ၍ အကြောင်းပြန်ကြား ပေးစေချင်ပါတယ်။ ဆရာတော်ဆီက ပြန်စာရမှ မသိသေးတဲ့သူများကိုပြန်၍ ဖေါက်သည်ချနိုင်ပါမည်ဘုရား။

ရိုသေစွာဖြင့်

ဒကာတော်ရေ ဒုသနသောနဲ့ပတ်သတ်ပြီး မြန်မာဇာတ်ကား ရိုက်ထားတာရှိပါတယ်လေ။ ကဿပဘုရားရှင် လက်ထက်တော်အခါတုန်းက သူဌေးသား(၄)ဦးသည် ယောက်ျားရှိသော မိန်းမများအားလည်းကောင်း၊ ပိုက်ဆံပေးပြီး ငှားရမ်း၍ရသော မိန်းကလေးများအားလည်းကောင်း ကာမေသုမိစ္ဆာစာရကံကို ကျူးလွန် ခဲ့ကြတယ်။


အဲဒီကံကြောင့် သူတို့လေးဦးသည် သေလွန်သောအခါမှာ လောဟကုမ္ဘီငရဲ၌ ဆင်းရဲဒုက္ခများစွာကို ခံစားနေရလေတယ်။ ဒီလိုနဲ့ ယခုပွင့်တော်မူခဲ့သော ဂေါတမဗုဒ္ဓလက်ထက်တွင် ကောသလအမည်ရှိသောဘုရင်သည် တစ်ပါးသောယောက်ျားရှိ မယားတစ်ယောက်အား လိုချင်၍ ယောက်ျားဖြစ်သူကို သေဒဏ်ပေးနိုင်အောင် မဖြစ်နိုင်သောအလုပ်တစ်ခုကို ခိုင်းခဲ့လေသည်။ ထိုယောက်ျားသည် သူတော်ကောင်းတစ်ယောက်ဖြစ်သောကြောင့် သူမဖြစ်နိုင်သည့် နဂါးပြည်ရှိသော မြေမုန့်နှင့်သစ်ပင်ကို နဂါးမင်း၏ အကူအညီဖြင့် ရရှိခဲ့လေသည်။

သို့သော်လည်း နေ့ချင်းမပြန်နိုင်အောင် ဘုရင်၏ အထောက်တော်အမတ်များက မြို့ရိုးတံခါးကို မိုးမချုပ်ခင် ပိတ်ထားခဲ့ကြတယ်။ ယောက်ျားဖြစ်သူလည်း တံခါးပိတ်ထားသောကြောင့် မြို့ပြင်မှာပင် အိပ်ခဲ့ရ၏။ ကောသလဘုရင်သည် သူ၏ မကောင်းသော အကြံကြောင့် ထိုညမှာပင် ကဿပဘုရားရှင်လက်ထက်၌ ကာမေသုမိစ္ဆာစာရကံကို ကျုးလွန်ခဲ့သော သူဌေးသားလေးဦးတို့၏ အော်ဟစ်သံကို ကြားခဲ့ရလေသည်။ သူဌေးသားလေးဦးတို့သည် ၎င်းတို့ခံနေရသော ငရဲပြည်ဒယ်အိုးကြီးထဲမှ အပေါ်သို့ ခေတ္တပေါ်လာချိန်တွင် နောက်တစ်ခါ ငရဲပြည်မှလွတ်၍ လူပြည်ပြန်ရောက်လျှင် ထိုကာမေသုမိစ္ဆာစာရကံစသော မကောင်းမှုများကိုရှောင်ကြဉ်ပြီး ကောင်းမှုကုသိုလ်များကိုသာ ပြုလုပ်မည်ဟု အော်ဟစ်ပြောဆိုကြလေသည်။

ထိုလေးဦးတို့သည် တစ်ယောက်ပေါ်လာလျှင် တစ်ခါအော်ဟစ်ကြရာ လေးဦးလုံးခေတ္တပေါ်ပေါက်လာချိန် သူတို့ပြောချင်သောစကားများကို အကုန်ပြောချင်ကြသော်လည်း ငရဲအိုးထဲမှ ခေတ္တမျှသာ အပေါ်သို့ လည်ပင်းပေါ်ရုံလေးပေါ်လာပြီး အောက်သို့ပြန်နစ်မြုစ်သွားကြလေသည်။ ထို့ကြောင့် သူတို့ပြောသောစကား၏ အဓိပ္ပါယ်ကို ကောသလမင်းသည် အကုန်မကြားရဘဲ လေးယောက်လုံး၏ အစဦးဆုံးတစ်လုံးစီသာ ကြားခဲ့ရလေ၏။

ကောသလဘုရင်သည် အဲဒီသူဌေးသားလေးဦးတို့၏ ဒုသနသော လေးလုံးကိုကြားရသောအခါ ထိတ်လန့်ခြင်းများဖြစ်ပြီး ဇောချွေးပြန်၍ နှိုးခဲ့လေသည်။ ထိုအကြောင်းအရာများကို မြတ်စွာဘုရားအား သွားရောက်မေးမြန်းသောအခါ မြတ်ဗုဒ္ဓက ထိုဒုသနသောဟူသော အသံလေးမျိုးသည် အရင်ဘုရားရှင်လက်ထက်က ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့သော သူဌေးသားလေးဦး၏ အော်သံများဖြစ်ကြောင်း မိန့်ကြားခဲ့လေသည်။

ကာမေသုမိစ္ဆာစာရကံနဲ့ပတ်သတ်၍ သိသင့်သိထိုက်သော အချက်အလက်များကို ဦးဇင်းအရင်က ကိုယ်ပိုင်ဘဘော့၌လည်းကောင်း သူများဝက်ဆိုက်များ၌လည်းကောင်း တင်ထားခဲ့ပြီးဖြစ်သောကြောင့် ထိုနေရာများ၌သာ ဖတ်ရှု့ကြပါလေ။

(ဓမ္မပဒအဋ္ဌကထာ(ပ)အုပ်၊ စာမျက်နှာ(၂၈၄)တွင် အကျယ်ကြည့်ရှု့နိုင်ပါသည်။)