Thursday, October 21, 2010

ဆန်နီနေမင်း အမေးအဖြေ ကံအကြောင်းနှင့်ပတ်သတ်၍

ဒကာတစ်ဦးက ဦးဇင်းကို မေးလ်ပို့ မေးထားတဲ့ မေးခွန်းနှင့်အဖြေလေးကို လူသားအပေါင်း ဗဟုသုတရအောင် တင်ပြပေးလိုက်ပါတယ်။

မေး။ ။ အရှင်မြတ်ဘုရား သဘာဝနိယာမကိုပေါ်လွင်အောင်ရှင်းလင်းပြောနိုင်တဲ့ ဘုရားရဲ့ဂုဏ်တော်ကြောင့် လူသားတွေဟာ သဘာဝနိယာမတရားကို နားလည်သဘောပေါက်လာကြပြီး ဆင်းရဲခြင်းအမှန်ကို မလိုချင်တော့လောက်အောင်ဖြစ်လာခဲ့ပြီး ဖြစ်ခြင်းပျက်ခြင်း ငြိမ်းသတ်သွားနိုင်ခဲ့ကြတယ်လို့ မှတ်သားဖူးပါတယ် ဘုရား။ ဒါပေမယ့် ဘုရင်းရှင်ရဲ့ ရှင်းလင်းချက်တွေကို တစ်ဆင့်ပြီးတစ်ဆင့် တစ်ဦးမှတစ်ဦး တစ်ဘာသာမှ တစ်ဘာသာ ပြောင်းလဲလာခဲ့ကြတော့ ပုဂ္ဂိုလ်ရေးအာဘော်တွေနဲ့ ရှုပ်ထွေးကုန်ပြီး ဝေါဟာရ သံသရာပြန်လည် သွားရပါတယ်ဘုရား။ အရှင်ဘုရားအချိန်ရရင် တပည့်တော်ရဲ့ မေးခွန်းလေးတွေကို အရှင်းဆုံးဝေါဟာရနဲ့ ဖြေကြားပေးပါလို့ တောင်းပန်လျောက်ထားပါတယ်ဘုရား။


၁။ ကံရဲ့သတ္တိစွမ်းအားဟာ စိတ်ဖြစ်စဉ်ဘယ်အဆင့်မှာ နောက်အကျိုးပေးဖို့ ကိန်းအောင်းသွားသလဲ။

ဥပမာ-ဆင်တစ်ကောင်ကိုသတ်ခြင်းနဲ့ ခြင်တစ်ကောင်ကိုသတ်ခြင်းတို့ရဲ့ အကျိုးပေးဟာ ဇောကွာဟမှုကြောင့် ကွဲပြားတဲ့အကျိုးပြန်လည်မယ်လို့ထင်ပါတယ်ဘုရား။ ဆင်ကိုသတ်ရာမှာ စိုက်ထုတ်လိုက်ရတဲ့ စိတ်အင်းအားကသာလွန်လို့ အကျိုးပေးကလဲ ကြီးမယ်လို့ထင်ပါတယ်။ အဲဒီအချိန်မှာ အဲဒီပုဂ္ဂိုလ်ရဲ့စိတ်သဏ္ဍန်မှာ သေစေချင်စိတ်ဇောတွေနဲ့ အားထုတ်လိုက်လို့ သေလောက်တဲ့အမှုကိုပြုမယ် ဆင်ကလဲသေသွားမယ်ဆိုရင် သေစေလောက်တဲ့ကံသတ္တိတွေက အဲဒီပုဂ္ဂိုလ်ရဲ့သဏ္ဍန်မှာ ကိန်းအောင်းသွားလို့ အဆင်သင့်တဲ့ တစ်ချိန်မှာပြန်လည်ခံစားရမယ်ဆိုတာ လက်ခံနိုင်ပါတယ်ဘုရား။ ဒါပေမယ့် ငရဲဆိုတာကဘယ်လိုဆက်စပ်ယူရမလဲဘုရား စိတ်ဇောရဲ့ဘယ်အဆင့်ဘယ်အချိန် ဘယ်အခြေအနေကငရဲကျဖို့ အခြေအနေဖြစ်သွားရပါသလဲဘုရား။

ရိုသေစွာဖြင့်

ဖြေ။ ။ ဒကာတော်က ကံရဲ့အကျိုးပေးပုံကို သိချင်တာကိုး။ အလုပ်သည် ကံဖြစ်တယ်ဆိုတာကို လူတိုင်းသိကြလိမ့်မယ် ထင်ပါတယ်။ မိမိစေတနာအလျှောက် ကောင်းတာရော မကောင်းတာရော လူသားတွေဟာ လုပ်ဖြစ်ကြပါတယ်။ ကောင်းတဲ့အလုပ်ကိုလုပ်မယ်ဆိုရင်လည်း စေတနာက ပါပြီးသားပါ။ စေတနာ အနည်းအများ ကွာခြားမှုတော့ ရှိမှာပေါ့နော်။ စိတ်ပါတဲ့အရာဆိုရင် စေတနာများစွာပါပြီး စိတ်မပါတဲ့အရာဆိုရင် စေတနာနည်းပါးပါမယ်။

အဲဒီတော့ မိမိရဲ့ စိတ်ပါမှု(စေတနာပါမှု) မပါမှုပေါ်မှာ မူတည်ပြီး အလုပ်ကိစ္စသည် အောင်မြင်မှု ကျရုံးမှုရှိသလို ကုသိုလ်ကံ အကုသိုလ်ကံသည်လည်း မိမိရဲ့ စိတ်(စေတနာ) ပါမှု မပါမှုပေါ်မှာမူတည်ပြီး အကျိုးပေး နည်းများ ကွာခြားသွားပါတယ်။

ပထမဦးဆုံး ကံရဲ့အကျိုးပေးမှုကို နားလည်အောင် ဥပမာပေးချင်ပါတယ်။ ကံသည် ဘယ်လိုအကျိုးပေးသလဲဆိုရင် ရေတွင်းတစ်ခုထဲကို ခဲလုံးတစ်ခု ပစ်ချလိုက်ရင် ခဲလုံးကျတဲ့နေရာမှာ ရေပွက်လေးဟာ ဗွမ်းကနဲ့ နဘေးကိုရေလှိုင်ကလေး ဖြစ်သွားပါတယ်။ အဲဒီရေလှိုင်လေးဟာ နဘေးသို့ရောက်သွားသော်လည်း မကြာခင်မှာ ခဲလုံးကျတဲ့နေရာကို ပြည်လည်စုစည်းပြီး ရောက်လာပါတယ်။

အဲဒီလိုပါပဲ မိမိလုပ်လိုက်တဲ့အမှုကိစ္စသည် အကျိုးပေးချိန်မရောက်သေးရင် ရေလှိုင်းကလေး နဘေးသို့ လွင့်နေတဲ့အချိန် ဖြစ်နေတတ်ပေမဲ့ အကျိုးပေးဖို့ အချိန်ရောက်လာရင်တော့ မိမိခဲလုံးလေးထံ ပြန်လည်ပြီး အကျိုးပေးပါတယ်။ မိမိသည် ခဲလုံးလေးနဲ့တူပြီး ကောင်းကံ မကောင်းကံသည် ရေလှိုင်းနဲ့တူပါတယ်။ လောကကြီးသည် ရေတွင်းနဲ့တူပါတယ်။ မိမိလုပ်တဲ့အလုပ်သည် မိမိကိုပြန်ပြီး ရောင်ပြန်ဟပ်တာပါပဲ။ လှိုင်ဂူထဲမှာ မိမိက ဟေ့လို့အော်လိုက်ရင် မကြာခင်မိမိဆီကို ဟေ့ဆိုတဲ့ရောင်ပြန်သံက ပြန်ရောက်လာသလို မိမိလုပ်တဲ့ကောင်းကံ မကောင်းကံက မိမိဆီကို ပြန်ရောက်လာတာပါပဲ။

မိမိလုပ်တဲ့အားထုတ်မှုပေါ်မှာ မူတည်ပြီး အကျိုးပေး နည်းများကလည်း ကွာခြားသွားပါတယ်။ ခဲလုံးကလေးကို လွတ်ချလိုက်တဲ့အခါ အားပါရင် အားပါသလောက် ရေပွတ်ဟာ ကြီးမားသကဲ့သို့ ရေလှိုင်းကလည်း ကြီးမားသွားသလို အကျိုးပေးဟာလည်း စေတနာပါမှုအားထုတ်မှုပေါ်မှာ မူတည်ပြီး အကျိုးပေးပါတယ်။

ဆင်တစ်ကောင်နှင့်ခြင်တစ်ကောင်သတ်ရမှာလည်း ဆင်ကိုသတ်ရာ၌ ခြင်ထက် ပိုမိုအားထုတ်သတ်ရသောကြောင့် အကျိုးပေး ကွာခြားပါတယ်။ ခဲလုံးကလေးကို မရွေ့ရသောအားထုတ်မှုနဲ့ ကျောက်တုံးကြီးကိုမရွေ့ရသော အားထုတ်မှုချင်း မတူသကဲ့သို့ ဖြစ်ပေသည်။

ကုသိုလ်ကံသည် အကျိုးပေးဖို့ရာ မိမိနောက်မိမိအရိပ်လိုက်သကဲ့သို့ လိုက်နေပါသည်။ အကုသိုလ်ကံသည် အကျိုးပေးဖို့ရာ နွားခြေရာနောက် လှည်းဘီးလိုက်သကဲ့သို့ လိုက်နေပါသည်။ ထို့ကြောင့် မိမိမှာ အကုသိုလ်ကံများနေလျှင် အကုသိုလ်ကံက အရင်အကျိုးပေး၍ ကုသိုလ်ကံက နောက်မှအကျိုးပေးလိမ့်မည်။ မိမိမှာ ကုသိုလ်ကံက များနေလျှင် ကုသိုလ်ကံက အရင်အကျိုးပေး၍ အကုသိုလ်ကံက နောက်မှ အကျိုးပေးပါလိမ့်မည်။

ဒီလောက်ဆိုရင် ရှင်းလိမ့်မည် ထင်ပါသည်။ မရှင်းလင်းသေးပါက ထပ်မံမေးမြန်းနိုင်ပါသည်။ ယခုတော့ ဤမျှနဲ့ နားပါရစေ။

No comments:

Post a Comment