ဒီမေးခွန်းလေးကတော့ ဦးဇင်းအက်ဒမင်းလုပ်ပေးနေတဲ့ အပြုံးပန်းဈေးခင်း ဆိုဒ်မှာ မေးထားတဲ့မေးခွန်းလေးပါ။အားလုံးဗဟုသုတရအောင် ဖြေပြီး တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။
ကျွန်မသည် ကွန်ပျူတာသင်တန်းတစ်ခုတွင် သင်တန်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်သူ ဖြစ်ပါတယ်။ စာသင်လာသူ တပည့်မျာမှာ အရွယ်စုံ ဖြစ်ပါသည်။ သီလရှင်၊ ဘုန်းကြီး၊ ကိုရင်၊ ဦးလေး၊ အဒေါ် စသည်ဖြင့်ပေါ့။ ကလေးတွေက များပါသည်။ တခြားသူများက ကိစ္စမရှိသော်လည်း ဦးဇင်းများကို စာသင်ရသည့်အခါမှာတော့ သတိထားရပါသည်။ တစ်ခါတလေ စိတ်တိုင်းမကျသည့်အခါ ပြောမိဆိုမိသောလေသံများ၊ စိတ်မရှည်သော အမူအရာများ ဖြစ်တတ်ပါသည်။ ဤကဲ့သို့ ပြောဆိုမိပါက အပြစ်ရှိသလား မရှိဘူးလားဆိုတာ သိချင်ပါတယ်။ အကယ်၍ အပြစ်ရှိပါက မည်သို့လဲဆိုတာကို သိချင်ပါသဖြင့် ဖြေပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အလုပ်တစ်ခု ကိစ္စတစ်ခု ဘယ်ရာမဆို လုပ်ဆောင်တဲ့အခါမှာ စိတ်၊(မနောကံ) နှုတ်၊ (၀စီကံ) ကိုယ်(ကာယကံ) ဒီသုံးမျိုးထဲက တစ်ခုခုသော်လည်းကောင်း၊ နှစ်ခုသော်လည်းကောင်း သုံးခုလုံးသော်လည်းကောင်း လုပ်ဆောင်လေ့ရှိပါတယ်။ အဲဒီတော့ မိမိကစပြီး အလုပ်တစ်ခု လုပ်မယ်ဆိုတဲ့စိတ်ပေါ်တာနဲ့ မိမိမှာ ကောင်းတဲ့စိတ်နဲ့လား၊ ဥပမာ-သင်တန်းသားများပေါ် မိမိတက်ထားသမျှပညာများကို တကယ်တက်စေချင်တဲ့ မေတ္တာစိတ်နဲ့လား၊ မိမိလုပ်အားခရပြီးရော သူတို့တက်တက်မတက်တက် ငါသင်စရာရှိတာ သင်ပြီပြီးရောဆိုတဲ့စိတ်နဲ့လားဆိုတဲ့ ကောင်းမကောင်း စိတ်ဓာတ်ပေါ်မှာမူတည်ပြီး သံသရာအကျိုးပေးပါလိမ့်မယ်။
မိမိက သင်တန်းသားများပေါ် ပညာတက်စေချင်တဲ့စိတ်နဲ့ သူတို့ကို မခံချင်စိတ်ဖြစ်အောင် လှုံဆော်ပေးတဲ့အနေနဲ့ မေတ္တာစိတ်အရင်းခံကာ ကြမ်းတမ်းသောစကားကို ပြောဆိုမိလျှင် ၀စီကံ(၄)ပါးထဲက ဖရုသ၀ါစာ-ကြမ်းတမ်းသောစကားဖြစ်ခြင်းကြောင့် သေးငယ်သောအပြစ်တော့ ဖြစ်ပေသည်။ သင်တန်းသားများကို နိမ့်ချလိုသော အထင်သေးစိတ်ဖြင့် ကြမ်းတမ်းသောစကား ပြောဆိုမိပါက မိမိမှာ နောက်တစ်ချိန်၌ စူဠပန်မထေရ်ကဲ့သို့ ၀ဋ်ကြွေးခံရပေလိမ့်မည်။ မိမိသည် ကောင်းသောစိတ်ဖြင့် ကြမ်းတမ်းသောစကားကို ပြောဆိုမိသော်လည်း မိမိစိတ်အရင်းခံမှာ စိတ်ကောင်းရှိခြင်းကြောင့် ကြမ်းတမ်းသောစကားအကုသိုလ်ထက် ကုသိုလ်ကများနေသည့်အတွက် လုပ်ရကျိုးနပ်သော အလုပ်တစ်ခုဟု ဆိုနိုင်ပေသည်။ ဖြစ်နိုင်လျှင်တော့ တပည့်များကို အပြစ်ပြောဆုံးမတဲ့အခါ ဖရုသ၀ါစာ ကြမ်းတမ်းသောစကားလုံးများ မပါအောင် မိမိစိတ်ကို မိမိထိန်းကာ နှု့ညံ့သောစကားလုံးများဖြင့် သုံးနှုန်းပြောဆိုလျှင်တော့ အကောင်းဆုံးပါပဲ။
အမှားတစ်ခု အပြစ်တစ်ခုလုပ်မိနေသူကို မိမိက အပြစ်ပြပြီး စေတနာနဲ့ထောက်ပြကာ ယဉ်ကျေးသောစကားလုံးနှင့်ပြောဆိုလျှင်တော့ အပြစ်မရှိဘဲ ကုသိုလ်ပင် ရပါသည်။ အပြစ်လုပ်နေသူကလည်း မိမိအား အပြစ်ထောက်ပြပြောဆိုသူကို ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကဲ့သို့ ကျေးဇူးအထူးတင်ရှိကာ ရိုသေလေးစားစွာဖြင့် နာခံလိုက်နာသင့်ပေသည်။
ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် သူ့အား ကိုရင်ငယ်လေးတစ်ပါးက သင်္ကန်းရုံတာ မညီလို့ အပြစ်ကိုပြောတဲ့အခါမှာ ဒီလိုအပြစ်ထောက်ပြပြီးပြောပြမယ်ဆိုရင် မည်သူမဆို အကြိမ်များစွာ ပြောဆိုဆုံးမနိုင်ကြောင်း ပြောဆိုသည်ကိုထောက်ဆလျှင် တပည့်များကို ဆရာဖြစ်သူက စေတနာအရင်းခံကာ ယဉ်ကျေးသောစကားလုံးများဖြင့် ဆုံးမပြောဆိုလျှင် အပြစ်မရှိပါပေ။ တကယ်လို့ ဆရာဖြစ်သူက တပည့်ဖြစ်သူအား စေတနာအရင်းခံသော်လည်း ကြမ်းတမ်းသော စကားလုံးများဖြင့် ပြောဆိုဆုံးမလျှင် ဖရုသ၀ါစာဖြစ်ခြင်းကြောင့် သေးငယ်သောအကုသိုလ်တော့ ဖြစ်ပေသည်။
ဒီလောက်ဆို အပေါ်က မေးထားသောမေးခွန်း ရှင်းမည်ထင်ပါသည်။ မရှင်းပါက ဆက်လက်မေးမြန်းပါလေ။

No comments:
Post a Comment