Saturday, September 3, 2011

ဟန်ဆောင်လင်မယားလုပ်ရင် ကာမေသုမိစ္ဆာစာရကံထိုက်ပါသလား



အမေး။ ။ ယနေ့ခေတ် အမျိုးသမီးတစ်ချို့ဟာ ဟန်ဆောင်လက်ထပ်ပြီး နိုင်ငံခြား တိုင်းပြည်မှာ နေထိုင်ခွင့်ရရှိအောင် ကြိုးပမ်းကြပါတယ်ဘုရား။ ဟန်ဆောင်လက်ထပ်တယ် ဆိုပေမဲ့ နှစ်နိုင်ငံစလုံးမှာ ဥပဒေအရတော့ တကယ်လက်ထက်ရပါတယ်ဘုရား။ ပြည်ပရောက်တဲ့အခါ ဟန်ဆောင်လက်ထပ်ထားတဲ့သူနဲ့ အတူနေထိုင်ခြင်းမရှိတော့ပဲ၊ ကိုယ်နှစ်သက်တဲ့သူနဲ့ မိန်းမကလည်း ယောင်္ကျားအသစ်ထပ်ယူသလို၊ ယောင်္ကျားကလည်း မိန်းမအသစ် ထပ်ယူပါတယ်ဘုရား။ သူတို့နှစ်ယောက်မှာ “ကာမေသု” ကံထိုက်/မထိုက်နှင့် ကာမေသုကိုလည်း အကျယ်သိလိုပါတယ်ဘုရား။ ထိုအဖြေအတွက် အရှင်ဘုရားရဲ့ အမေးအဖြေကဏ္ဍမှာ စောင့်မျှော်နေပါမယ်ဘုရား။

လှိုင်းအိမ်

ထိုင်ဝမ်





အဖြေ။ ။ ကာမေသုနဲ့ပတ်သက်ပြီး ဆရာတော်များလည်း ဖြေကြားတော်မူခဲ့ကြပြီးခဲ့ပြီ။ ဒါပေမဲ့ အမေးရှိက အဖြေရှိရမယ်ဆိုတာလိုပဲ။ ပထမကာမေသုအကြောင်းကို သဘောပေါက်ရုံ ပြောပေးပါ့မယ်။



ကာမေသုဆိုတာ ယောင်္ကျားတွေအတွက် (အဂမနီယ၀တ္ထု)မသွားလာအပ်တဲ့ မိန်းမများအား ကျုးလွန်မိရင် ကာမေသုမိစ္ဆာစာရ ဖြစ်ကြပါတယ်။ မသွားလာထိုက်တဲ့ မိန်းမ(၂၀)ရှိတယ်။ မိန်းမ(၂၀)ကို ဒီနေရာမှာ မဖေါ်ပြရင်လည်း အဖြေက မပြည့်စုံပါဘူး၊ ဒါကြောင့် အကျဉ်းမျှ ဖေါ်ပြလိုက်ပါတယ်။



(၁)အမိစောင့်ရှောက်တဲ့မိန်းမ၊



(၂)အဘစောင့်ရှောက်တဲ့မိန်းမ၊



(၃)အမိအဘစောင့်ရှောက်တဲ့မိန်းမ၊



(၄) မောင်ကြီးမောင်ငယ် စောင့်ရှောက်တဲ့မိန်းမ၊



(၅) အစ်မ ညီမ စောင့်ရှောက်တဲ့မိန်းမ၊



(၆) ဆွေမျိုးစောင့်ရှောက်တဲ့ မိန်းမ၊



(၇) အနွယ်တူစောင့်ရှောက်တဲ့မိန်းမ၊



(၈) တရားကျင့်သုံးဖက်စောင့်ရှောက်တဲ့မိန်းမ။



ထိုမိန်းမရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစဉ်မိန်းမများဖြစ်တယ်။



(၉)စေ့စပ်ကြောင်းလမ်းပြီးမိန်းမ၊



(၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့မိန်းမ၊



(၁၁) ဥစ္စာဖြင့်ဝယ်ထားတဲ့ မိန်းမ၊



(၁၂) ယောင်္ကားတစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့မိန်းမ၊



(၁၃) စည်းစိမ်ပေးပြီး မယားပြုလုပ်ထားတဲ့ မိန်းမ၊



(၁၄) အ၀တ်ပုဆိုးပေးပြီး မယားပြုထားတဲ့မိန်းမ၊



(၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြားလက်ထပ်ထားတဲ့မိန်းမ၊



(၁၆) ခေါင်းရွက်လုပ်ကိုင်စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့မိန်းမ၊



(၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့မိန်းမ၊



(၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့မိန်းမ၊



(၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊



(၂၀) တစ်ဦးဦးရဲ့ ခေတ္တမယားဖြစ်နေတဲ့မိန်းမ။



ထိုမိန်းမ(၁၂)ဦးကတော့ ကာမပိုင်ယောင်္ကျားရှိတဲ့ မိန်းမများဖြစ်တယ်။



ကာမပိုင်မရှိတဲ့ ပထမ မိန်းမရှစ်ယောက်ကတော့ တစ်ခြားယောင်္ကျားနဲ့ ဆက်ဆံမှုပြုသော်လည်း သူ့ကာမကို သူသာပိုင်တဲ့အတွက် ကာမေသုမိစ္ဆာ မထိုက်ပါဘူး။ ဒါပေမဲ့ ယောင်္ကျားမှာတော့ အဂမနီယဖြစ်တဲ့ မိန်းမကို ကျူးလွန်တဲ့အတွက် ကာမေသုမိစ္ဆာစာရ ထိုက်ပါတယ်။ ကာမပိုင်ရှိတဲ့ မိန်းမ(၁၂)ယောက်က ကာမပိုင်မှတစ်ပါး တစ်ခြားယောင်္ကျားနဲ့ ကျူးလွန်မိရင် ကာမေသုထိုက်သလို ကျူးလွန်တဲ့ယောင်္ကျားမှာလည်း ထိုက်ပါတယ်။



အခုဒီပြဿနာမှာ ပြည်ပသွားဖို့ရာ လွယ်ကူအောင် ဥပဒေလမ်းကြောင်းအရ ဟန်ဆောင် လင်မယားအဖြစ် လက်မှတ်ထိုးထားတာလောက်ပဲ ရှိတာပါ။ သူတို့နှစ်ဦးကလည်း အချင်းချင်း လင်မယားအဖြစ် မသတ်မှတ်ကြပါဘူး။ တစ်ဦးနှင့်တစ်ဦးကျုးလွန်ခြင်းများလည်းမရှိ၊ စိတ်မပါဘဲနဲ့ လက်ထက်တာဖြစ်ပြီး ပြည်ပသွားခွင့်ရအောင် လင်မယားအဖြစ် ဟန်ဆောင်ထားတာပဲရှိတဲ့ အတွက် နှစ်ဦးစလုံးဟာ လွတ်လပ်တဲ့သူများ ဖြစ်ကြပါတယ်။ ပြည်ပရောက်တဲ့အခါ ကိုယ်ချစ်ကြိုက်တဲ့သူနဲ့ တရားဝင်လက်ထပ်ကြပြီး သားမှတ်မှတ်၊ မယားမှတ်မှတ်ပေါင်းသင်းကြရင်တော့ ကာမေသုမိစ္ဆာစာရ မထိုက်ပါဘူး



နောက်ဆုံး ကာမေသုမိစ္ဆာစာရထိုက်တဲ့ အင်္ဂါများကိုသိထားရင် ကိုယ်ပြုလုပ်လိုက်တဲ့ အခြေအနေအပေါ် ကာမေသုထိုက်/မထိုက်ဆိုတာ ခွဲခြားတတ်လာမှာပါ။ အင်္ဂါများကတော့



(၁) မသွားလာထိုက်တဲ့ အဂမနီယမိန်းမဖြစ်ခြင်း။



(၂) မှီဝဲလိုတဲ့ စိတ်ရှိခြင်း။



(၃) လုံ့လပြုခြင်း။



(၄) မဂ်အချင်းချင်း ထည့်သွင်းးတာကို သာယာခြင်းလို့ အင်္ဂါလေးမျိုး ရှိပါတယ်။



ဒီအင်္ဂါလေးချက်နဲ့ညီရင် ကာမေသုမိစ္ဆာစာရထိုက်ပြီး၊ လေးပါးအနက်က တစ်ပါးပါး ချွတ်ယွင်းနေတယ်ဆိုရင်တော့ မထိုက်ပါဘူးလို့ပဲ ဖြေကြားပေးလိုက်ပါတယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



ဘုရားအထက်ကနေရင် ငရဲကျနိုင်ပါသလား

အမေး။ ။ အရှင်ဘုရားရဲ့ စာအုပ်ဖတ်ရတဲ့အတွက် တပည့်တော်တို့လူငယ်တွေမှာ ကိုယ့်ဘာသာရေးထဲေ၀၀ါးနေတဲ့အချက်တွေကို ရှင်းရှင်းလင်းလင်း သိမြင်ရပါတယ်။ တပည့်တော်တစ်ခုမေးလျှောက်ပါရစေဘုရား။ သက်တမ်းရှည်တဲ့ကကုသန်စတဲ့ဘုရားရှင်များဟာ ဓါတ်တော်သီးခြားမကျဘဲ ရုပ်ကလာပ်တော်ကျန်ရစ်ပြီး အဲဒီရုပ်ကလာပ်တော်များကို စေတီတည်ထားတယ်၊ ကမ္ဘမြေကြီးအတွင်းမှာ ယခုတိုင် တည်ရှိနေပါတယ်လို့ ဖတ်ရသိရပါတယ်ဘုရား။ ဒါနဲ့စပ်လို့ ဂေါတမဘုရားရှင် ဆံတော်ပယ်စဉ်က ဆံတော်ကို သိကြားမင်းက ကလပ်နဲ့ခံပြီး နတ်ပြည်မှာ စေတီတည်သလို မြင့်မြတ်တဲ့ဘုရားရှင်တို့ရဲ့ ရုပ်ကလာပ်တော်များရှိရာ စေတီများကို ဘာ့ကြောင့်နတ်ပြည်မှာမတည်ဘဲ မြေကြီးထဲထားရတာလဲဘုရား။ ဘုရားရင်ပြင်တော်ပေါ်ကိုတောင် ဖိနပ်စီးပြီး တက်လို့မှမရတာ။ ဒီအတိုင်းဆို တပည့်တော်တို့ ငရဲမကျနိုင်ဘူးလားဘုရား။



မေသက်လှိုင်

လာရှိုး



အဖြေ။ ။ ရှေးဘုရားရှင်တို့ရဲ့ ရုပ်ကလာပ်တည်ရှိရာ စေတီကို မေသက်လှိုင်ပြောသလို မြေကြီးထဲ ထားတာ မဟုတ်ပါဘူး။ စေတီတည်စဉ်အခါတုန်းက မြေကြီးပေါ်မှာပါပဲ။ ယနေ့ခေတ် စေတီတော်များ မြေကြီးပေါ်မှာ တည်ကြသလို တည်ခဲ့တာပါပဲ။ ဘုရားရှင်တစ်ဆူနဲ့တစ်ဆူကြားမှာ ကမ္ဘာမြေကြီး တစ်ယူဇနာ တစ်ယူဇနာတက်လာကြောင်းကို သံယုတ်ပါဠိတော် အနမတဂ္ဂသုတ်မှာ ဝေပုလ္လတောင်ရဲ့အနိမ့်အမြင့်ကို စံထိုးပြီး သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ကြာလာတာနဲ့အမျှ ကမ္ဘာမြေကြီးဟာ ပမာဏများစွာ ထူလာတာပါပဲ။



ကဿပဘုရားရှင်လက်ထက်က တည်ခဲ့တဲ့စေတီတော်ဟာ ယခုဂေါတမ ဘုရားရှင်လက်ထက်မှာ မြေကြီးအောက်ရောက်နေလောက်ပါပြီ။ ဘုရားတစ်ဆူနဲ့တစ်ဆူကြားကို ထားဦးတော့ နှစ်ပေါင်းသုံးလေးရာက အဆောက်အဦးများ ယခုအခါ မြေအောက်မှ တူးဖေါ်တွေ့ရှိနေပါတယ်။

ဒါဖြင့် ဘုရားရှင်စေတီက အောက်ကဖြစ်နေပြီး လူတွေက အပေါ်ကနေ ဖိနပ်စီးပြီး လုပ်ချင်ရာလုပ်နေကြတော့ ငရဲကြီး-မကြီးဆိုတာနဲ့ ပတ်သက်ပြီးပြောပါ့မယ်။



ယနေ့ခေတ် လူတွေနေကြတဲ့ကွန်ဒိုတိုက်တွေဟာ အထပ်ပေါင်းများစွာရှိပြီး အတော်မြင့်မားတဲ့ မိုးထိတိုက်တွေဖြစ်ပါတယ်။ ဒီတိုက်တွေရဲ့အောက်ဆုံး မြေညီထပ်မှာနေထိုင်ကြတဲ့မိသားစုမှာ ဘုရားအဆောင်ရှိမှာပဲ။ အပေါ်ကအထပ်များမှာလဲ လူတွေနေတာပါပဲ၊ ဒါဖြင့်ရင် မြေညီထပ်မှာ ဘုရားအဆောင်ရှိတဲ့အတွက် အပေါ်ထပ်မှာနေတဲ့လူများ ဘယ်လိုနေမလဲ။ နောက်တစ်ခု ယနေ့ခေတ်မြေကြီးပေါ်မှာ တည်ထားတဲ့ စေတီတော်တွေ များစွာရှိပါတယ်။ လူတွေက ထိုစေတီထက်မြင့်တဲ့ နေရာတိုက်တွေမှာ နေကြပါတယ်။ ဘယ်လိုလုပ်ကြမလဲ။



အမှန်က သူ့နေရာနဲ့သူပါ။ အပေါ်တိုက်ခန်းမှာနေတဲ့သူက သူ့အိမ်နဲ့သူ အောက်ကဘုရားအဆောင်ကို မရိုသေလို့ နေတာမဟုတ်ပါဘူး။ အဓိကကတော့စိတ်ပါပဲ “စိတ်သာရှင်စော ဘုရားဟော”ဆိုတဲ့အတိုင်း ဒီနေရာမှာ စိတ်နဲ့လဲသက်ဆိုင်နေပါတယ်။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ဆိုတာလို အစွဲကြောင့်လဲ ဖြစ်တတ်ပါတယ်။ သတိထားရပါမယ်။



ဆိုကြပါစို့။ မြို့တစ်မြို့မှ တစ်မြို့သို့ လေယာဉ်ပျံနဲ့ကောင်းကင်ပေါ်က သွားတဲ့အခါ အောက်မှာ အချို့နေရာတွေမှ စေတီတော်တွေကို မလွဲသာလို့ ဖြတ်ကျော်ပျံသန်းရတာတွေရှိပါတယ်။ အဲဒီအခါ လေယာဉ်ပေါ် လိုက်ပါတဲ့သူများဟာ ဘုရားကို မရိုသေလို့မဟုတ်ပါဘူး။ ဒါဆိုရင်အပြစ်မရှိပါဘူး။ ဘုရားရှင်ကို မရိုမသေတဲ့အနေနဲ့ အပေါ်ကနေရင်တော့ အပြစ်ရှိတာပေါ့။ ‘အထက်ကနေလို့ ငရဲကြီးမယ်’ဆိုတဲ့ ပူပန်မှုဟာ နေရာတိုင်းမှာ မဖြစ်သင့်ပါဘူး။ တစ်ခါတစ်ရံ လွန်ကဲတဲ့ ပူပန်မှုတွေဖြစ်ရင် မကောင်းပါဘူး။ ဒါကို ပါဠိလို ‘အတိကုက္ကုစ္စ’ လို့ ခေါ်ပါတယ်။ အတိကုက္ကုစ္စဖြစ်ပုံ ပစ္စုပ္ပန်အကြောင်းတစ်ခု ပြောချင်ပါသေးတယ်။



တစ်ခါက မြို့တစ်မြို့မှာ ဇနီးမောင်နှံနှစ်ဦးရှိပါတယ်။ စီးပွားဥစ္စာများလဲ အသင့်အတင့်ရှိလို့ လူလတ်တန်းစားအထဲပါဝင် တယ်လို့ဆိုရမယ်။ သူတို့ဟာ ယခုအချိန်အထိ ရွှေတိဂုံဘုရားကို မရောက်ဖူးဘူးတဲ့။ သူတို့မှာ သွားနိုင်တဲ့ ငွေကြေးဥစ္စာအသင့်အတင့် ရှိနေပါရက်နဲ့ ဘာပြုလို့များ မသွားရတာလဲဆိုတာကို စုံစမ်းကြည့်ပါတယ်၊ သူတို့ဟာ ရန်ကုန်ကို လေယာဉ်ပျံနဲ့ကောင်းကင်ကနေသွားရင် အောက်မှာရှိတဲ့စေတီ ပုထိုးတွေကို ဖြတ်သန်းသွားရမှာမို့ အပြစ်ကြီးမှာ ကြောက်လှတဲ့အတွက် ရန်ကုန်ကို သွားနိုင်ပါရက်နဲ့ မသွားခဲ့ပါဘူးတဲ့။ အသက်(၈၀)ကျော်နေပါပြီ၊ ယခုအချိန်ထိ မသွားဖြစ်သေးပါဘူး။ ဒါဟာ အတိကုက္ကုစ္စ -လွန်ကဲတဲ့ပူပန်မှုပါ။ ဒီလိုသာပူပန်နေမယ်ဆိုရင် ကမ္ဘာမြေကြီးအတွင်း နေရမဲ့နေရာ အလွန်ကျဉ်းမြောင်းသွားပါလိမ့်မယ်။ မဖြစ်သင့်ဘူးလို့ ယူဆမိပါတယ်။ လိုရင်းပြောရရင် စိတ်သာအဓိကလို့ ပြောချင်ပါတယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



အရိမေတ္တေယျဘုရား ဘယ်အချိန်ပွင့်သလဲ

အမေး။ ။ အရိမေတ္တေယျဘုရားရှင်ဟာ ဘယ်အချိန်မှာ ပွင့်မှာလဲဘုရား။ အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာက ပျက်မှာလား၊ မပွင့်သေးခင် ပျက်မှာလားဆိုတာ သိချင်ပါတယ်ဘုရား။

မေသက်လှိုင်

လာရှိုး



အဖြေ။ ။ ဒါမပြောမီ တစ်ကမ္ဘာရဲ့သက်တမ်းကို ပထမပြောပါ့မယ်။ ဒါပြောမယ်ဆိုရင် အသင်္ချေယျဆိုတဲ့စကားကို အရင်ပြောရမယ်။ အသင်္ချေယျဆိုတာ မရေမတွက်နိုင်တာကို ပြောတာပါ။ ဒါမှမဟုတ် တစ်အနောက်က သုညပေါင်း(၁၄၀) ရှိတဲ့ ကိန်းဂဏန်းကို ‘အသင်္ချေယျ’ လို့ခေါ်ပါတယ်။ လူတို့ရဲ့သက်တမ်းဟာ အသင်္ချေယျတမ်းကနေ တဖြေးဖြေးနဲ့ ဆယ်နှစ်သက်တမ်းအထိ ဆုတ်ယုတ်လာပါတယ်။ ဒါကိုပဲ ‘ဆုတ်ကပ်’လို့ခေါ်ပါတယ်။ ထိုဆယ်နှစ်သက်တမ်းကိုရောက်တဲ့အခါ ကပ်ကြီးသုံးပါးအနက် တစ်ပါးပါးကြောင့် လူအများသေကြေပျက်စီးကြရပါတယ်။ ကြွင်းကျန်ရစ်တဲ့ အချို့လူများဟာ သံဝေဂရပြီး ကုသိုလ်တရားများ တိုးပွားအောင် အားထုတ်လာကြရာကနေ တဖြေးဖြေး အသက်တမ်း ပြန်ရှည်လာပါတယ်။ ဒီလိုတဖြေးဖြေးရှည်လာရာ အသင်္ချေယျတိုင်အထိပါပဲ။ ဒါကို ‘တက်ကပ်’ လို့ခေါ်ပါတယ်။ ဒီလိုအသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တမ်းမှ အသင်္ချေယျတမ်းတိုင်အောင် တက်ကပ်+ဆုတ်ကဒ်တစ်စုံကို “အန္တရကပ်တစ်ကပ်” လို့ခေါ်ပါတယ်။



ဒီလို အန္တရကပ်ပေါင်း (၆၄)ကပ်ဟာ ဒီဘဒ္ဒကမ္ဘာရဲ့ သက်တမ်းပါပဲ။ ဒီဘဒ္ဒကမ္ဘာမှာ အန္တရာကပ်(၆၄)ကပ်အနက် အဋ္ဌမ(၈)ကပ်မြောက်မှစပြီး ကကုသန်မြတ်စွာဘုရား ပွင့်တော်မူပြီး၊ န၀မ(၉)ကပ်မြောက်မှာ ကောဏာဂုံဘုရားပွင့်တော်မူပါတယ်။ ဒသမ(၁၀)ကပ်မြောက်မှာတော့ ကဿပဘုရားရှင်ပွင့်တော်မူပြီး ဧကာဒသမ(၁၁)ကပ်မြောက်မှာ ဂေါတမဘုရားရှင်ပွင့်တော်မူတဲ့အတွက် အရိမေတ္တေယျဘုရားရှင်က ဒွါဒသမ(၁၂)ကပ်မြောက်မှာ ပွင့်တော်မူမယ်လို့ မှတ်ယူရပါမယ်။ (အာဒိကပ္ပကျမ်း/ ၁၄၇-၁၄၈)



မှန်နန်းရာဇ၀င်မှာတော့ အန္တရကပ် ပထမကပ်မှာ ကကုသန်ဘုရား၊ ဒုတိယကပ်မှ ကောဏာဂုံဘုရား၊ တတိယကပ်မှာ ကဿပဘုရား၊ စတုတ္ထကပ်မှာ ဂေါတမဘုရား ပွင့်တော်မူကြတဲ့အတွက် အရိမေတ္တေယျဘုရားက ပဉ္စမမြောက် အန္တရကပ်မှာ ပွင့်တော်မူပါမယ်လို့ မှတ်ယူရပါမယ်။ (မှန်နန်းရာဇ၀င်/ ပ-တွဲ ၅၄-၇)



ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးနဲ့ အခြားဆရာတော်ကြီးများကလဲ ဂေါတမမြတ်စွာဘုရားဟာ စတုတ္ထအန္တရကပ်မှာ ပွင့်တော်မူကြောင်း မိန့်ဆိုထားတဲ့အတွက် အရိမေတ္တေယျဘုရားဟာ ပဉ္စမအန္တရကပ်မှာ ပွင့်တော်မူမှာပါ။ ကြွင်းတဲ့ ကမ္ဘာများမှာတော့ ဘုရားပွင့်တဲ့ အန္တရကပ်များကတော့ ဆိုခဲ့ပြီးတဲ့အတိုင်း တထစ်ချမှတ်ယူလို့ မရပါ။ သင့်လျော်တဲ့ အန္တရကပ်မှာ ပွင့်တော်မူကြမယ်လို့ မှတ်ယူရပါမယ်။



နောက်တစ်ခုက ဒီဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူမဲ့ဘုရားရှင်များက ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမေတ္တေယျ ဘုရားများဖြစ်ကြပါတယ်။ ဒီဘုရားငါးဆူပွင့်တော်မူပြီးမှ ကမ္ဘာပျက်မှာဖြစ်တဲ့အတွက် အရေမေတ္တေယျဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာပျက်ပါမယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



ဘာသာတူမှ လက်ထပ်ရမှာလား

အမေး။ ။ တပည့်တော်တစ်ခုမေးချင်ပါတယ်ဘုရား ခရစ်ယာန်၊ အစ္စလာမ်တို့မှာ ဘာသာမတူရင် ယူလို့မရ၊ အပြစ်ဖြစ်တယ်လို့ သိရပါတယ်ဘုရား။ ဗုဒ္ဓဘာသာမှာကော ဘာသာမတူရင် မယူရဘူး မချစ်ကြိုက်ရဘူးလို့ ပါပါသလား၊ ရှိပါသလားဘုရား။



အဖြေ။ ။ ဘာသာခြားများရဲ့ အယူအဆနဲ့ပတ်သက်ပြီး မပြောလိုပါဘူး၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး တွေ့ရှိချက်တွေကိုတော့ ပြောပါ့မယ်။ ဘုရားရှင်က ဘာသာမတူရင် မပေါင်းရဘူး၊ မယူရဘူးလို့ မဟောပါဘူး။



ဒါနဲ့ပတ်သက်ပြီး တစ်ချိန်က သူငယ်ချင်းနှစ်ယောက်ဟာ ငယ်စဉ်က တက္ကသိုလ်ပြည်မှာ အတတ်ပညာများ အတူသင်ယူခဲ့ကြပါတယ်။ ပညာသင်ယူစဉ်က အလွန်ချစ်ခင်ကြတဲ့သူငယ်ချင်းများဖြစ်ပြီး အရွယ်ရောက်လို့ သားသမီးများရှိလာရင် “သားရှင်က သမီးတောင်းလာရင် သမီးရှင်က သားရှင်အား ပေးကြစတမ်း”ဆိုပြီး ကတိက၀တ်ထားခဲ့ကြတယ်။ အရွယ်ရောက်လာတဲ့အခါ အိမ်ထောင်ရက်သားကျလို့ တစ်ယောက်က သာဝတ္ထိမြို့မှာ အနာထပိဏ်သူဌေးဖြစ်လာပြီး၊ တစ်ယောက်က ဥဂ္ဂမြို့မှာ ဥဂ္ဂသူဌေးရယ်လို့ ထင်ရှားဖြစ်လာကြပါတယ်။



တစ်နေ့တော့ ဥဂ္ဂသူဌေးက လှည်းငါးရာနဲ့အတူ အနာထပိဏ်သူဌေးအိမ် ရောက်လာပါတယ်။ ဥဂ္ဂသူဌေးနဲ့ပါလာတဲ့သူများကို အနာထပိဏ်သူဌေးရဲ့သမီး စူဠသုဘဒ္ဒါက စီမံပြုစုလုပ်ကျွေးပါတယ်။ ဥဂ္ဂသူဌေးဟာ လိမ်မာရေးခြားရှိလှတဲ့ သူငယ်ချင်းရဲ့သမီးကို မြင်ရတော့ သူ့ရဲ့သားနဲ့ပေးစားချင်လာတယ်။ ဒါနဲ့ငယ်စဉ်က သူတို့အချင်းချင်း ကတိက၀တ်ထားတဲ့အကြောင်းကို ပြန်လည်ပြောပြပါတယ်။ အနာထပိဏ်သူဌေးဟာ သူငယ်ချင်းနဲ့ ကတိက၀တ်ထားခဲ့တဲ့အတွက် သမီးကိုမပေးလို့ကလဲ မကောင်း၊ ပေးလိုက်ပြန်ရင်လဲ သူ့သူငယ်ချင်းမိသားစုက ဘာသာခြားအယူဝါဒရှိသူဖြစ်နေတော့ စဉ်းစားရပါတယ်။



ဒါနဲ့ အနာထပိဏ်သူဌေးဟာ ဘာမှမပြောသေးဘဲ ဘုရားရှင်ဆီသွားပြီး အကျိုးအကြောင်း လျှောက်ထားပါတယ်။ ဘုရားရှင်ကလဲ ဥဂ္ဂသူဌေးရဲ့ နောင်မှာ သောတာပတ္တိမဂ်ဖိုလ်ရနိုင်တဲ့ အနေအထားကို သိမြင်တော်မူတဲ့အတွက် ဘာသာခြားဖြစ်တဲ့သူရဲ့သားနဲ့ စူဠသုဘဒ္ဒါတို့ရဲ့ကိစ္စကို ခွင့်ပြုတော်မူခဲ့ပါတယ်။ (မဟာဗုဒ္ဓ၀င်၊ စတုတ္ထတွဲ၊ ၄၇၇-၄၇၉)



ဒီဝတ္ထုအရ ဘုရားရှင်ဟာ ဘာသာခြားနဲ့ မယူရဘူးလို့ မိန့်တော်မမူခဲ့ပါဘူး။ ဒါပေမဲ့တစ်ခုတော့ သတိထားစရာရှိတယ်။ ယခုလက်ရှိဘ၀မှာ အိမ်ထောင်ရေး မပြိုကွဲဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အသက်ထက်ဆုံးပေါင်းသင်းနိုင်ပြီး နောင်တမလွန်ဘ၀မှာလဲ ဇနီးမောင်နှံနှစ်ဦးစလုံး လူ နတ် စတဲ့သုဂတိသို့ လားရောက်နိုင်ကြောင်း ဟောထားတာရှိပါတယ်။



တစ်နေ့ဘုရားရှင်ထံတော်ကို နကုလပိတာနဲ့နကုလမာတာ ဇနီးမောင်နှံတို့ ရောက်ရှိလာကာ “အရှင်ဘုရား တပည့်တော်တို့ဟာ အိမ်ထောင်ပြုခဲ့စဉ်ကနေ ယခုအချိန်အထိ သူတစ်ပါးသားမယားကို စိတ်နဲ့တောင်မှ မပြစ်မှားခဲ့ပါဘူးလို့ နှစ်ယောက်စလုံးလျှောက်ထားကြပါတယ်။ ဒါကို အကြောင်းပြုပြီး ဘုရားရှင်က မိန့်တော်မူပါတယ်။



လောကမှာ ဇနီးမောင်နှံများ အိမ်ထောင်ပြိုကွဲမှုမရှိဘဲ ချမ်းသာပျော်ရွှင်စွာနေကြရပြီး နောင်တမလွန်ဘ၀မှာလဲ နတ်ရွာသုဂတိမှာ ဖြစ်ချင်ကြတယ်ဆိုရင် အိမ်ထောင်ပြု လက်တွဲကြမဲ့သူများ သိထားသင့်တဲ့ အကြောင်းအရာ(၄)မျိုး ရှိပါတယ်။



အဲဒါက (၁) သမသဒ္ဓါ=ယုံကြည်မှုခြင်း တူကြရပါမယ်။ ဓမ္မရှုထောင့်ကနေကြည့်ရင် ရတနာသုံးပါးယုံကြည်မှုခြင်း တူမျှရပါမယ်။ (ဘာသာတူရင် ပိုပြီးကောင်းတယ်)။ လောကရှုထောင့်ကနေကြည့်ရင် တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုအပြည့်ရှိရမယ်။ ယုံကြည်မှုရှိအောင်လဲ နှစ်ဦးစလုံးက နေတတ်ရပါမယ်။ (၂) သမသီလာ=နှစ်ဦးစလုံးကိုယ်ကျင့်တရား ကောင်းမွန်ရပါမယ်။ (၃) သမစာဂါ=စွန့်ကြဲပေးကမ်းလှူဒါန်းတဲ့အခါ နှစ်ဦးသဘောတူတိုင်ပင်ပီး စွန့်ကြဲလှူဒါန်းရပါမယ်။ မိဘများအား ပေးကမ်းတဲ့အခါမှာလဲ တိုင်ပင်အသိပေးပြီး ပေးကမ်းရပါမယ်။ (၄) သမပညာ=နှစ်ဦးစလုံးတွေးခေါ်မြော်မြင်မှုနဲ့ ပြည်စုံရပါမယ်။



ဒီတရား(၄)မျိုးနဲ့ ပြည့်စုံအောင် ကျင့်သုံးကြတဲ့ ဇနီးမောင်နှံများဟာ ယခုဘ၀မှာ ပျော်ရွှင်စွာ ပေါင်းဖေါ်ကြရပြီး၊ နောင်ဘ၀မှာလဲ နတ်ရွသုဂတိသို့ ရောက်ရတယ်ဆိုတဲ့အကြောင်းကို ဘုရားရှင်ဟောကြားတော်မူပါတယ်။ အချူပ်ဆိုရရင် ဗုဒ္ဓ၀ါဒက ဘာသာခြားနဲ့ မပေါင်းရဘူးလို့ မပြောထားပေမဲ့ လက်ထပ်ယူတဲ့အခါ အကြောင်းအရာလေးမျိုးနဲ့ပြည့်စုံရင် ပိုကောင်းပါတယ်လို့ မိန့်တော်မူထားခြင်းဖြစ်ပါတယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



Friday, September 2, 2011

အွန်လိုင်းမှာ ချစ်သူဖြစ်ကြတာ ကာမေသုထိုက်ပါသလား

အမေး။ ။ အရှင်ဘုရား အွန်လိုင်းပေါ်မှာ လူတစ်ယောက်နဲ့တွေ့ပါတယ်၊ မမျှော်လင့်ဘဲ သူနဲ့ အွန်လိုင်းပေါ်မှာ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ နောက်တော့ လူလွတ်တစ်ယောက်မဟုတ်ဘဲ အိမ်ထောင်နဲ့လို့သိရပါတယ်။ တပည့်တော်မှာလဲ သမီးလေး တစ်ယောက်နဲ့ပါ။ တပည့်တော်သိချင် တာက အွန်လိုင်းပေါ်မှာပဲတွေ့ကြပြီး အွန်လိုင်းပေါ်မှာပဲ ချစ်ကြိုက်ကြတာ “ကာမေသုမိစ္ဆာစာရကံ” ထိုက်မထိုက် သိချင်ပါတယ်ဘုရား။



မငယ်ငယ်

မော်လမြိုင်





အဖြေ။ ။ မငယ်ငယ်ရေ အွန်လိုင်းပေါ်ပဲတွေ့ပြီး ပြောကြဆိုကြ ချစ်သူတွေဖြစ်ကြတာ အရေးမကြီးဘူး။ အပြင်မှာ လူချင်းတွေ့ပြီး ကျုးလွန်ခဲ့ကြတယ်ဆိုမှ ကာမေသုထိုက်တာပါ။ ကာမေသု ထိုက်မထိုက်ဆိုတာကို အချက်လေးချက်နဲ့ တိုက်ဆိုင်ကြည့်ပါ၊ အချက်လေးချက်ထဲက တစ်ခုခု ချွတ်ယွင်းနေတယ်ဆိုရင်တော့ မထိုက်ပါဘူး၊ လေးခုစလုံးနဲ့ ညီညွတ်နေတယ်ဆိုရင်တော့ ကာမေသုထိုက်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ နှစ်ဘက်စလုံးက အိမ်ထောင်ရှိရက်နဲ့ အွန်လိုင်းပေါ်ချစ်သူဖြစ်ကြတာဟာ ကာမေသု မထိုက်သော်လဲ ကိုယ့်ရဲ့ယောင်္ကျား၊ မိန်းမမှတစ်ပါး တစ်ခြားယောင်္ကျား၊မိန်းမအပေါ်မှာ စိတ်နဲ့ပြစ်မှားမိခဲ့ တာတော့ သေချာနေတယ်။ ဒါဟာ ကာမေသုထိုက်ဖို့ရာ နီးစပ်လာတဲ့သဘောပဲ။



ဘုရားရှင်လက်ထက်က တစ်နေ့မှာ အသက်ကြီးတဲ့ နကုလပိတာနဲ့ဇနီးမောင်နှံတို့ ဘုရားထံလျှောက်ကြပါတယ်။ သူတို့ဟာ လက်ထပ်ထိမ်းမြားတဲ့အချိန်မှ အခုအချိန်အထိ သူရဲ့ဇနီးမှတစ်ပါး တစ်ခြားမိန်းမတွေအပေါ်မှာ စိတ်နဲ့တောင် မပြစ်မှားခဲ့ဘူးလို့ လျှောက်တယ်။ ဇနီးဖြစ်သူ နကုလမာတာကလဲ သူလဲပဲ လက်ထပ်တဲ့အချိန်ကစ အခုအချိန်ထိ ကိုယ့်လင်ယောင်္ကျားမှတစ်ပါးတစ်ခြား ယောင်္ကျားတွေအပေါ်မှာ စိတ်နဲ့တောင်မှ မပြစ်မှားခဲ့ပါဘူးလို့ ဘုရားရှင်အားလျှောက်ထားကြပါတယ်။ ဒါဟာ ဇနီးမောင်နှံတိုင်းအတွက် စံနမူနာယူကြရမဲ့ အချက်ဆိုတာကို သတိထားစေချင်ပါတယ်။



ကာမေသုထိုက်တဲ့ အင်္ဂါလေးချက်



(၁)မသွားမလာ မဆက်ဆံကောင်းသူဖြစ်ခြင်း။



(၂)မှီဝဲလိုစိတ်ရှိခြင်း။



(၃)လုံ့လပြုခြင်း။



(၄)ပြုကျင့်မှုမှာသာယာခြင်း။ (အဋ္ဌသာလိနီ၊ ဋ္ဌ ၊ ၁၄၁)



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



ကာလာမသုတ်ဖြစ်ပေါ်လာပုံသမိုင်း

အမေး။ ။ အရှင်ဘုရား ဘာသာခြားများအား ဗုဒ္ဓဘာသာဝင်ဖြစ်စေတဲ့ ဗုဒ္ဓဘာသာရဲ့လွတ်လပ်မှုကိုပြတဲ့ ကာလာမသုတ်ကိုဟောဖြစ်ပုံ သမိုင်းကြောင်းသိချင်ပါတယ်။ ပါဠိ၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာနဲ့ အပြည့်အစုံသိချင်ပါတယ်ဘုရား။

ရိုသေစွာဖြင့်

မင်းမောင်

ဖြူး



အဖြေ။ ။ အမေးတာက နဲနဲလေးပေမဲ့ ဖြေရမှာက သုံးဘာသာတောင်ဆိုတော့ များတယ်၊ ဒါပေမဲ့ အများအကျိုးအတွက်ငဲ့ပြီး ဖြေပါ့မယ်။



မြန်မာဘာသာ



ကေသမုတ္တိနိဂုံးသားများဖြစ်ကြတဲ့ ကာလာမမင်းများဟာ ဘုရားရှင်ထံ ချည်းကပ်ကြတယ်။ အချို့က တစ်နေရာမှာ ထိုင်နေကြတယ်။ အချို့က ဘုရားရှင်နဲ့ ၀မ်းမြောက်ဝမ်းသာ ပြောဆိုနေကြတယ်။ အချို့က အမှတ်ရဖွယ်ပြောဆိုရင်း တစ်နေရာမှာ ထိုင်နေကြတယ်။ အချို့က ဘုရားရှင်ကို လက်အုပ်ချီပြီး တစ်နေရာမှာ ထိုင်နေကြတယ်။ အချို့က အမည်၊ အနွယ်တွေကိုပြောပြီး ထိုင်နေကြတယ်။ အချို့က ဘာမှမပြောဘဲ တိတ်ဆိပ်စွာထိုင်နေကြတယ်။



ကေသမုတ္တိနိဂုံးသားများဖြစ်ကြတဲ့ ကာလာမမင်းများဟာ ဘုရားရှင်အား အောက်ပါအတိုင်း လျှောက်ထားကြတယ်။ “အရှင်ဘုရား အချို့ရဟန်းပုဏ္ဏားများဟာ ကေသမုတ္တိနိဂုံးကို ရောက်ရှိလာကြပါတယ်။ သူတို့ရဲ့ဘာသာအယူဝါဒသာ မှန်တယ်လို့ ပြောဆိုပြီး သူတစ်ပါးအယူ ၀ါဒကိုကျတော့ မရိုမသေ ထိပါးပုတ်ခတ်ပြောဆိုကြပါတယ်။ အခြားအခြားရဟန်း ပုဏ္ဏားတွေလဲ ကေသမုတ္တိနိဂုံးကိုရောက်လာကြတယ်။ သူတို့လဲပဲ ကိုယ့်အယူဝါဒကိုသာ မှန်တယ်လို့ပြောဆိုကြပြီး သူတစ်ပါး အယူဝါဒကိုကျတော့ မရိုမသေ ထိပါးပုတ်ခတ်ပြောဆိုနေကြပါတယ်။ အရှင်ဘုရား ဘယ်ရဟန်းပုဏ္ဏားရဲ့ဝါဒကမှန်ပြီး ဘယ်ရဟန်းပုဏ္ဏားရဲ့ဝါဒက မှားပါသလဲဘုရား၊ တပည့်တော် ယုံမှားသံသယ ဖြစ်မိပါတယ်ဘုရား”လို့ လျှောက်တဲ့အခါ ဘုရားရှင်က “ကာလာမတို့ သင်တို့ဟာ ယုံမှားသင့်တဲ့အတွက် ယုံမှားတာပဲ၊ သံသယဖြစ်သင့်တဲ့အတွက် သံသယဖြစ်ကြတာပဲ”လို့ မိန့်တော်မူကာ ကာလာမသုတ်ကို ဟောတော်မူခဲ့ပါတယ်။



ပါဠိဘာသာ

အထေ ခေါ ကေသမုတ္တိယာ ကာလာမာ ယေန ဘဂ၀ါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အပ္ပေကစ္စေ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ဘဂ၀တာ သဒ္ဓိံ သမ္မောဒိံသု၊ သမ္မောဒနီယံ ကထံ သာရဏီယံ ၀ီတိသာရေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ယေန ဘဂ၀ါ တေနအဉ္ဇလိံ ပဏာမေတွာ ဧကမန္တံ နိသီဒိံသု၊ အပေကစ္စေ နာမဂေါတ္ထံ သာဝေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ တုဏှီဘူတာ ဧကမန္တံ နိသီဒိံသု၊ ဧကမန္တံ နိသိန္နော ခေါ တေ ကေသမုတ္တိယာ ကာလာမာ ဘဂ၀န္တံ ဧတဒဝေါစုံ-

သန္တိ ဘန္တေ ဧကေ သမဏဗြဟ္မဏာ ကေသမုတ္တံ အာဂစ္ဆန္တိ၊ တေ သကံယေ၀ ၀ါဒံ ဒီပေန္တိ ဇောတေန္တိ၊ ပရပ္ပ၀ါဒံ ပန ခုံသေန္တိ ၀မ္ဘေန္တိ ပရိဘ၀န္တိ၊ သြမက္ခိံ ကရောန္တိ၊ အပရေပိ ဘန္တေ ဧကေ သမဏဗြဟ္မဏာ ကေသမုတ္တံ အာဂစ္ဆန္တိ၊ တေ သကံယေ၀ ၀ါဒံ ဒီပေန္တိ ဇောတေန္တိ၊ ပရပ္ပ၀ါဒံ ပန ခုံသေန္တိ ၀မ္ဘေန္တိ ပရိဘ၀န္တိ၊ သြမက္ခိံ ကရောန္တိ၊ တေသံ နော ဘန္တေ အမှာကံ ဟောတေ၀ ကင်္ခါ၊ ဟောတိ ၀ိစိကိစ္ဆာ “ကော သု နာမ ဣမေသံ ဘ၀တံ သမဏဗြဟ္မဏာနံ သစ္စံ အာဟ၊ ကော မုသာ” တိ။ အလံ ဟိ ဝေါ ကာလာမာ ကင်္ခိတုံ အလံ ၀ိစိကိစ္ဆိတုံ၊ ကင်္ခနီယေ၀ ပန ဝေါ ဌာနေ ၀ိစိကိစ္ဆာ ဥပ္ပန္နာ။ (အင်္ဂုတ္ထရနိကာယ်၊ တိကနိပါတ၊ ကေသမုတ္တိသုတ်၊နှာ-၁၈၉)



အင်္ဂလိပ်

The history of the Kalarma Thote .KayThaMoutTiNiGone kings has approached to the Lord Buddha .Some were having a conversation with Lord Buddha ,while others engaged themselves in their own topics, or were just stayed silently .

The conversations that they have had with Lord Buddha was as below,“Lord , some of the monks came to KayThaMoutTiNiGone and stated that their beliefs, teachings and ideologies of their own religion were the universal truth and been giving offensive critiques over those of other religions with impolite manners.”

“There were monks who also come from different places to us and they have conducted the same manner towards the other religion.”

“Lord, whose beliefs are the truth and whose are wrong. We are becoming so sceptical on these matters”

Lord Buddha replied “Dear my kings, you all are being sceptical because you should be, you are being doubtful because you should be” and has delivered the Kalama Thote.



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



ဘုရားဥပဒေများကို ခေတ်ကာလအရ ပြောင်းလဲလို့ရပါသလား

အမေး။ ။ အခြေခံဥပေဒတွေဟာ ခေတ်ကာလနဲ့မညီရင် ပြုပြင်လို့ရပါတယ်ဘုရား၊ ဘုရားဥပေဒတော်များကိုလဲ ခေတ်ကာလအရ ပြောင်းလဲသင့်ရင် ပြောင်းလဲလို့ရပါသလားဘုရား။ သင်္ဂါယနာတင်တာနဲ့ အခု The world Buddhist summitနဲ့ အတူတူပါလားဆိုတာ သိချင်ပါတယ်ဘုရား။

မောင်ဇော်မျိုး(Activator)

ရန်ကုန်



အဖြေ။ ။မေးခွန်းမေးထားတာက (က) ခေတ်ကာလအရ ဘုရာဥပဒေကို ပြောင်းလဲသင့်ပါသလား။ (ခ) သင်္ဂါယနာနဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံ အတူတူလားဆိုတဲ့မေးခွန် နှစ်ခုဖြစ်ပါတယ်။ ဒါကို အစဉ်အတိုင်းပဲ ပြောပါမယ်။



(က) အခြေခံဥပဒေတွေက ခေတ်ကလာအလိုက် အဆင်မပြေရင် ပြောင်းလဲလို့ ရတယ်ဆိုပေမဲ့ ဘုရားရှင်ချမှတ်ခဲ့တဲ့ ဥပဒေတော်ကို ပြောင်းလဲလို့လဲ မရပါဘူး၊ ပြောင်းလဲပိုင်ခွင့်လဲ ဘယ်သူ့မှာမှ မရှိပါဘူး။ ဘုရာရှင်ပရိနိဗ္ဗာန်စံခါနီးမှာ ဘုရားရှင်က အရှင်အာနန္ဒာအား “ချစ်သားအာနန္ဒာ…ငါဘုရာကွယ်လွန်တဲ့အခါ အသေးအနုပ်သိက္ခာပုဒ်များကို ပယ်နှုတ်လိုခဲ့သော် ပယ်နှုတ်လေလော့”လို့ မိန့်တော်မူခဲ့တယ်။ (မဟာဗုဒ္ဓ၀င်၊ ပဉ္စမတွဲ၊နှာ-၄၇၇)



ဒီလိုမိန့်တော်မူခဲ့ပေမဲ့ အရှင်မဟာကဿပစတဲ့ မဟာသ၀ကကြီးများအစထားလို့ သံဃာအားလုံးက ပယ်နှုတ်ခြင်း၊ ပြင်ဆင်ခြင်း မပြုခဲ့ပါ။ ယနေ့အထိတိုင်အောင်လဲ ပယ်နှုတ်ခြင်း၊ ပြင်ဆင်ခြင်းများကို မပြုလုပ်ခဲ့ပါ။ ပထမသင်္ဂါယနာမှ ဆဋ္ဌမသင်္ဂါယနာတိုင်အောင် သံဃာထေရ်ကြီးများ အဆက်ဆက် အသက်စွန့်ကာ ထိန်းသိမ်းလာခဲ့ကြတာပါ။

“၀ိနည်းသည် သာသနာအသက်”ဆိုတဲ့အတိုင်း ဘုရားဥပဒေတော်ဆိုတဲ့ ၀ိနည်းတည်ရှိနေသမျှကာလပတ်လုံး သာသနာတော်ကြီး တည်မြဲနေမှာပါ။ ဒါကြောင့် ခေတ်ကာလများ ဘယ်လောက်ပဲ ပြောင်းလဲပေမဲ့ ဘုရားရှင်ချမှတ်ခဲ့တဲ့ ဥပဒေတော်ကြီးကတော့ ပြောင်းလဲသင့်တဲ့အချိန်ဆိုတာ ရှိလာမှာမဟုတ်သလို ဘယ်တော့မှလဲ ပြောင်းလဲမှာ မဟုတ်ပါဘူး။



(ခ) သင်္ဂါယနာနဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံဟာ တူပါသလားဆိုတော့ မတူပါဘူးလို့ပဲ ပြောပါရစေ။ မတူကြောင်းကို ရှင်းပါအုံးမယ်။ သင်္ဂါယနာဆိုတာ=အညီအညွတ်ရွတ်ဆိုခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ နားလည်အောင် ပထမသင်္ဂါယနတင်တဲ့အနေအထားလေးကို ပြောပါ့မယ်။ သင်္ဂါယနာတင်ရာမှာ ဦးစီးတော်မူတဲ့ ရှင်မဟာကဿပမထေရ်က ၀ိနည်းသိက္ခာပုဒ်များဖြစ်ပေါ်လာပုံ သိက္ခာပုဒ်ပညတ်ရာ တိုင်းပြည်၊မြို့၊ အပြစ်ကျုးလွန်တဲ့ပုဂ္ဂိုလ်၊ အာပတ်သင့်မှုမသင့်မှု အသေးစိတ်မေးစိစစ်တော်မူပါတယ်။ မေးတိုင်းပြဿနာများကို ၀ိနည်းဧတဒဂ်ရ အရှင်ဥပါလိမထေရ်က ရှင်းလင်းပြတ်သားစွာ ဖြေကြားတော်မူပါတယ်။



ဒီလိုအမေးအဖြေပြုပြီး သံဃာအားလုံးက သဘောတူညီတဲ့အခါ ရဟန္တာမထေရ်ငါးရာတို့က သံပြိုင်ရွတ်ဆိုကာ အတည်ပြုလက်ခံတော်မူကြပါတယ်။ ဒီလိုပါပဲ ကျန်တဲ့သိက္ခာပုဒ်များ၊ သုတ္တန်၊ အဘိဓမ္မာပိုင်းဆိုင်ရာမှာဆိုရင်လဲ အရှင်အာနန္ဒာက ဖြေကြားတော်မူပါတယ်။ သံဃာအား လုံးကသဘောတူညီတဲ့အခါ ရဟန္တာမထေရ်ငါးရာတို့က စုပေါင်းသံပြိုင်ရွတ်ဆို တော်မူကြပါတယ်။ ဒါကိုပဲ “သင်္ဂါယနာတင်တယ်” လို့ခေါ်ပါတယ်။



ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကတော့ သင်္ဂါယနာမှာလို သံဃာတော်အများက သုတ်၊ ၀ိနည်း၊ အဘိဓမ္မာများကို စုပေါင်းရွတ်ဆိုတာမရှိပါဘူး။ အချို့က ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံဟာ သင်္ဂါယနာတင်တာလို့ မသိဘဲပြောဆိုနေကြပါတယ်။ မဟုတ်ပါဘူးလို့ ပြောပါရစေ။ ဒါပေမဲ့ ညီလာခံရဲ့ရည်ရွယ်ချက်ကတော့ အလွန်ကောင်းပါတယ်။ ဒီညီလာခံအကြောင်းသိရအောင် (intention of Buddhist summit) ညီလာခံရဲ့ ရည်ရွယ်ချက်ကို အများသိဖို့ ဖေါ်ပြပေးလိုက် ပါတယ်။



ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံရဲ့ ရည်ရွယ်ချက်(၅)ခုရှိပါတယ်။



(၁) ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်သော နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ထွန်းကား လာစေရန်။

(၂) ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှုနဲ့ လိုက်နာကျင့်သုံးမှုတို့ကို ဗုဒ္ဓဘာသာအချင်းချင်း ထိန်းသိမ်းစောင့်ရှောက်ရန်။

(၃) ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပရိယတ္တိကို အခြေခံတဲ့ ဗုဒ္ဓဘာသာပညာရေး ထွန်းကားပြန့်ပွားစေရန်။

(၄) ကမ္ဘာ့လူသားထုတစ်ရပ်လုံးအတွက် ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာကြီးဖြစ်ထွန်း အကျိုးပြုစေရန်အတွက် ဗုဒ္ဓဘာသာရှုထောင့်က ၀ိုင်းဝန်းကူညီဆောင်ရွက်ရန်။

(၅) ဗုဒ္ဓရဲ့တရားဓမ္မများ မူရင်းမပျက် နိုင်ငံတကာသို့ ထွန်းကားပျံ့ပွားစေရန် တို့ဖြစ်ပါတယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ