Saturday, June 26, 2010

ဟိရီသြတ္တပ္ပ အဓိပ္ပါယ်

ဤနေရာ၌ ဟိရီနှင့်သြတ္တပ္ပ နှစ်ခုကို တစ်ခုစီခွဲပြီး မရေးတော့ဘဲ ပေါင်းပြီး ရေးသားတင်ပြလိုက်ပါသည်။ ဟိရီနှင့်သြတ္တပ္ပဆိုသည်မှာ မကောင်းမှုပြုလုပ်ရာ၌ ရှက်ခြင်းနှင့်ကြောက်ခြင်း ဖြစ်ပါသည်။

ဟိရီဆိုသည်မှာ ကာယဒုစရိုက်သုံးပါး၊ ၀စီဒုစရိုက်လေးပါးတို့ကို ပြုလုပ်ရာ၌ ရှက်ခြင်းကို ဆိုလိုပါသည်။ ရှက်သည်ဟူရာ၌ “မိကောင်းဖခင် သားသမီးဖြစ်သော အမျိုးကောင်းမှ မွေးဖွားသောငါသည် မကောင်းမှု ပြုလုပ်နေလျှင် ရှက်စရာကောင်းသည်”ဟု မိမိအမျိုးဂုဏ်သိက္ခာကြောင့် ရှက်သူလည်းရှိ၏။

ထို့ပြင် “ငါသည် ပညာတတ်သူ တစ်ယောက်ဖြစ်သောကြောင့် ပညာမရှိသူ ဘာမှအသိဉာဏ်မရှိသော နလပိန်းတုံးများရဲ့ အလုပ်ဖြစ်သည်“ဟု မိမိပညာဂုဏ်ကြောင့် ရှက်သူလည်းရှိ၏။ တဖန် အစွမ်းသတ္တိနှင့် ပြည့်စုံသောသူသည် “မကောင်းမှုကို ပြုလုပ်သောသူသည် သတ္တိမရှိသောသူတို့၏ အလုပ်ဖြစ်သည်“ဟု စဉ်းစားကြံဆ၍ မကောင်းမှုပြုလုပ်ရမည်ကို ရှက်သူလည်းရှိ၏။


ဤနေရာ၌ သတ်ဖြတ်မှုစသည်ကို ပြုလုပ်ရဲခြင်းသည် အစွမ်းသတ္တိရှိသူ မဟုတ်ပေ။ မိုက်မဲခြင်းသာ ဖြစ်ပေသည်။ တစ်ချို့က “မင့်ဒါလေးကို မလုပ်ရဲဘူးလား မင့်မလုပ်ရဲရင် ငါလုပ်မည်“ဟု ပြောပြီး သတ်ဖြတ်မှု စသည်ကို ပြုလုပ်ခြင်းသည် အစွမ်းသတ္တိရှိခြင်းမဟုတ် မိုက်မဲခြင်းသာ ဖြစ်ပေသည်။ သတ္တိရှိခြင်းဆိုသည်မှာ အများအတွက် လုပ်ဆောင်သောအမှုကိစ္စ၊ ကောင်းသောအမှုကိစ္စတို့ကို လုပ်ရဲခြင်းသည်သာ သတ္တိရှိခြင်း ဖြစ်ပေသည်။

ထို့ပြင် အသက်သိက္ခာကြီးမားသောပုဂ္ဂိုလ်၊ သီလရှိသော ပုဂ္ဂိုလ်များသည်လည်း မိမိရဲ့ အသက်သိက္ခာ သီလသိက္ခာတို့ကို စောင့်ထိန်းသောအားဖြင့် မကောင်းမှုပြုလုပ်ရမည်ကို ရှက်သောသူများလည်း ရှိပါသည်။ ထိုကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်းသည် ဟိရီပင်ဖြစ်ပါသည်။

သြတ္တပ္ပဆိုသည်မှာ ကာယဒုစရိုက်၊ ၀စီဒုစရိုက်တို့ကို ပြုလုပ်ခြင်း၌ ကြောက်ခြင်းပင် ဖြစ်ပါသည်။ မိမိမကောင်းမှု ပြုလုပ်နေသည်ကို သူတစ်ပါးသိမှာ ကြောက်ခြင်းကို ဆိုလိုပါသည်။ ကြောက်သည်ဆိုရာဝယ် ငါတစ်ယောက်က မကောင်းမှုပြုလုပ်လျှင် ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့ဆရာသမားများ သူတစ်ပါးတို့၏ ကဲ့ရဲ့ခြင်းကိုခံရ၍ “တံထွေးခွက်ထဲ ပက်လက်မျောကာ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရလိမ့်မည်”ဟု မိမိနဲ့ သက်ဆိုင်သောသူများကို ငဲ့ညှာထောက်ထားပြီး မကောင်းမှုပြုလုပ်ရမည်ကို ကြောက်ခြင်းမျိုး ဖြစ်ပါသည်။

ထိုသြတ္တပ္ပနှင့်ဟိရီကို နှိုင်းယှဉ်ကြည့်လျှင် ဟိရီက မိမိကိုယ်ကိုရှက်ခြင်း၊ သြတ္တပ္ပက သူတစ်ပါးသိမည်ကို ကြောက်ခြင်းဖြစ်၍ သြတ္တပ္ပထက် ဟိရီက ပိုမိုမြင့်မြတ်ကြောင်း တွေ့ရပါသည်။

ဟိရီနှင့်သြတ္တပ္ပနှစ်ပါးရှိလျှင် မိမိကိုယ်ကိုလည်းရှက် သူတစ်ပါးသိမည်ကိုလည်း ကြောက်သောကြောင့် မကောင်းမှုပြုလုပ်ရန် ရှောင်ကြဉ်နိုင်ပါလိမ့်မည်။ ထိုနှစ်ပါးမရှိပါက မကောင်းမှုပြုလုပ်ခြင်းသည် ရှက်စရာ ကြောက်စရာမှန်းးမသိ၍ ပြုလုပ်ချင်တိုင်း ပြုလုပ်နေမည်မှာ သေချာလှပါသည်။ သို့ဖြစ်၍ ဤဟိရီနှင့်သြတ္တပ္ပ တရားနှစ်ပါးသည် အကုသိုလ်လုပ်ငန်းများမှ ရှောင်ကြဉ်၍ ကုသိုလ်ကောင်းမှုပြုလုပ်ရန် အကြောင်းမူလ တရားများပင် ဖြစ်ပါသည်။

ဤဟိရီသြတ္တပ္ပတရားနှစ်ပါးကို “လောကပါလ-ကမ္ဘာစောင့်တရားဟုလည်းကောင်း၊ သုက္ကဓမ္မ-ဖြူစင် သန့်ရှင်းသောတရား”ဟုလည်းကောင်း ခေါ်ဆိုကြပါသည်။ အကြောင်းမှာ လူနှင့်တိရစ္ဆာန် ကွဲပြားခြားနားအောင် ဤတရားနှစ်ပါးက စောင့်ရှောက်ပေးသောကြောင့် ဖြစ်ပါသည်။ ဤတရားနှစ်ပါးမရှိလျှင် သားနဲ့အမိ၊ အဖနဲ့သမီး၊ မောင်နဲ့နှမ ဖောက်ပြန်မှုများဖြစ်ပြီး တိရစ္ဆာန်များနဲ့ တူကုန်ပါလိမ့်မည်။

တစ်ချို့နိုင်ငံများတွင် ဤတရားနှစ်ပါးမရှိသောကြောင့် ဖြစ်ချင်တိုင်းဖြစ်နေကြပြီး တိရစ္ဆာန်များနဲ့ ထူးမခြားနား ဖြစ်နေကြပါသည်။ ထို့ကြောင့် ဤတရားနှစ်ပါးရှိရန် လူသားတိုင်းတွင် အလွန်အရေးကြီးပါသည်။

ယခုခေတ်၌ ဟိရီသြတ္တပ္ပကင်းမဲ့သော အ၀တ်အစားများ ၀တ်ဆင်လာကြသည်ကို တွေ့မြင်နေရပါသည်။ ထိုကဲ့သို့ ၀တ်ဆင်သောသူများသည် မိမိကိုယ်ကို ခေတ်မှီသောလူတစ်ယောက်၊ လှပသောလူတစ်ယောက်၊ ၀တ်ဆင်နိုင်သောလူတစ်ယောက်ဟု အထင်ကြီးနေကြပါသည်။ ထိုကဲ့သို့ ဟိရီသြတ္တပ္ပကင်းမဲ့သောသူများသည် တိရစ္ဆာန်များနဲ့ ထူးမခြားသောကြောင့် မိမိကိုယ်ကို အမြှီးပေါက်နေသည်ကိုတော့ သတိမထားမိကြပေ။ ထိုကဲ့သို့ အမြှီးပေါက်နေသောသူများကို အတုယူပြီး ၀တ်ဆင်ခြင်းသည် မြန်မာရိုးရာ ပျက်စီးခြင်း၊ ဟိရီသြတ္တပ္ပ ကင်းမဲ့ခြင်းများသာ ဖြစ်ပါသည်။ ထို့ကြောင့် အမြှီးမပေါက်ရန် ရှောင်ကြဉ်သင့်ပါသည်။ သို့မှသာလျှင် “လူကောင်း”တစ်ယောက် ဖြစ်ပါလိမ့်မည်။

တစ်ချို့နိုင်ငံများ၌ ဟိရီသြတ္တပ္ပကင်းမဲ့သော အ၀တ်အစားများကို ၀တ်ဆင်ခြင်းသည် သူတို့ယဉ်ကျေးမှုနဲ့ သူတို့ဝတ်ဆင်ခြင်းဖြစ်သော်လည်း လူသားဖြစ်သည့်အတွက် သူတစ်ပါးအကုသိုလ်မဖြစ်အောင် ရှောင်ကြဉ်ရပါ လိမ့်မည်။ ထိုကဲ့သို့ ဟိရီသြတ္တပ္ပကင်းမဲ့သော အ၀တ်အစား အပြောအဆို အနေအထိုင်တို့ကြောင့်လည်း သူတို့တွင် ကာမရာဂနဲ့ပတ်သတ်သော အကုသိုလ်များ အလွယ်တကူ ဖြစ်နေကြပါသည်။ မိမိတို့မှာ အကုသိုလ်ဆိုသည်ကို မသိသောကြောင့် ထိုကဲ့သို့ ၀တ်ဆင်ခြင်းဖြစ်သည်ဟု အကြောင်းပြပါကလည်း မိမိလုပ်သောကံသည် မိမိကိုယ်တိုင် ခံစားရမည့် သဘောတရားရှိနေသည့်အတွက် မည်သည့်သတ္တ၀ါမဆို အကုသိုလ်မဖြစ်အောင် ရှောင်ကြဉ်ရပါလိမ့်မည်။ လူသားဖြစ်သောသူများမှာ အသိဉာဏ်ရှိသောကြောင့် ပို၍ပင် မကောင်းမှုမဖြစ်အောင် ရှောင်ကြဉ်သင့်ပါသည်။

ဟိရီ သြတ္တပ္ပ အတု

ရှက်မှု၊ ကြောက်လန့်မှုကို ဟိရီသြတ္တပ္ပဟုဆိုသော်လည်း တွေ့ကရာကို ရှက်ကြောက်ခြင်းသည် ဟိရီသြတ္တပ္ပအစစ်မဟုတ်ပေ။ ဒုစရိုက်မကောင်းမှုများကို ပြုလုပ်ရမည်မှ ရှက်ခြင်း ကြောက်ခြင်းသည်သာ ဟိရီသြတ္တပ္ပ အစစ်ဖြစ်ပါသည်။

ထို့ကြောင့် “ဥပုသ်စောင့် တရားနာ ဘုရားသွားရမည်ကို ရှက်မှု၊ ပရိသတ်အလယ်၌ စာဖတ် စကားပြောရမည်ကို ရှက်မှု၊ အလုပ်လက်မဲ့နဲ့ တေလေလုပ်နေသည်ကို မရှက်ဘဲနဲ့ အောက်ကျသည်ဟုထင်ရသော အလုပ်တစ်ခုခုလုပ်ရမည်ကို ရှက်မှု၊ ယောက်ျားနှင့်မိန်းကလေးတို့ အချင်းအချင်း တွေ့သောအခါ ရှက်ကြောက်နေမှုများသည် ဟိရီသြတ္တပ္ပအစစ်မဟုတ်ပါ။ ပရိယာယ်မာယာများခြင်း၊ ဟန်ကြီးပန်ကြီး လုပ်ခြင်းသာ ဖြစ်ပါသည်။ အဘိဓမ္မာ-အလိုအားဖြင့် တဏှာသဘောပင် ဖြစ်ပါသည်။

ထို့ပြင် မရှက်မကြောက်ရမည့် နေရာများမှာ-
၁။ ရောင်းဝယ်ဖေါက်ကား အတိုးအပွါး ပေးသောအခါ၊
၂။ ဆရာ့ထံသို့ ချဉ်းကပ်၍ ပညာသင်ယူသောအခါ၊
၃။ အစာစားသောအခါ၊
၎။ သမီးရည်းစား စကားပြောသောအခါတို့၌ မရှက်မကြောက်ရဟု လောကနီတိကျမ်း၌ ပြဆိုထားပါသည်။

တရားရုံးစသည်တို့၌ အရာရှိများကို ကြောက်ခြင်း၊ ရထား သင်္ဘောပေါ်၌ အပေါ့အပါးသွားချင်သည်ကို မသွားဝံ့အောင် ကြောက်ခြင်း၊ လူတစ်ယောက်နှင့်တစ်ယောက်ကြောက်ခြင်း၊ ခွေးစသော တိရစ္ဆာန်များကို ကြောက်ခြင်း၊ တစ္ဆေသရဲများကို ကြောက်ခြင်း၊ မရောက်ဖူးသောအရပ်သို့ ခရီးသွားရမည်ကို ကြောက်ခြင်းတို့သည် သြတ္တပ္ပအစစ် မဟုတ်ပါ။ သတ္တိညံ့ဖျင်းမှု၊ သူရဲဘောကြောင်မှုပင် ဖြစ်ပါသည်။

မကောင်းမှုလုပ်ရမည်ကို ရှက်ကြောက်ပြီး မရှက်မကြောက်သင့်သော နေရာတို့၌ မရှက်မကြောက်အောင် သတိထားပြီး နေသောသူသည်သာ “လူကောင်း”တစ်ယောက် ဖြစ်ပါလိမ့်မည်။ နေရာတိုင်း၌ ရှက်ကြောက်နေသောသူကို “လူကောင်း”ဟု ခေါ်ဝေါ်ပြောဆိုမရသကဲ့သို့ နေရာတိုင်း၌ ဟိရီသြတ္တပ္ပကင်းမဲ့ နေလျှင်လည်း “လူမိုက်”ဖြစ်သွားပါလိမ့်မည်။

ဤဟိရီသြတ္တပ္ပတရားများသည် လူသားမှန်လျှင် မရှိမဖြစ်လိုအပ်သော တရားများဖြစ်သောကြောင့် လိုက်နာစောင့်ထိန်း ကျင့်ကြံကြရန်အတွက် ဟိရီသြတ္တပ္ပအကြောင်းကို မိမိသိသလောက် ရေးသားတင်ပြလိုက်ပါသည်။

သုတ၏ အဓိပ္ပါယ်ကို ဆက်လက်ရေးသားတင်ပြပေးပါမည်။

Friday, June 25, 2010

သီလနဲ့ပတ်သတ်သော အကြောင်းအရာများ

ငါးပါးသီလကို ဆောက်တည်လျှင်ဖြစ်စေ၊ မဆောက်တည်လျှင်ဖြစ် ကျုးလွန်သောသူသည် အပါယ်လေးဘုံသို့ ရောက်ရခြင်းစသော ဆိုးကျိုးများကို မည်သူမဆို ရရှိမည်ဖြစ်သောကြောင့် လူသားစသောသတ္တ၀ါများ အမြဲစောင့်ထိန်းရမည့် ကိုယ်ကျင့်တရားများ ဖြစ်ပါသည်။ ၀ိကာလဘောဇနစသော သီလများကား မဆောက်တည်နိုင်လျှင် အပြစ်မရှိသကဲ့သို့ အပါယ်ဘုံသို့ ကျရောက်ခြင်းစသော ဆိုးကျိုးများကိုလည်း မခံစားရပါ။ သို့သော် ဆောက်တည်လျှင်ကား ဆောက်တည်သောသီလကို အကြောင်းပြု၍ အကုသိုလ်ဖြစ်ခွင့်နည်းပြီး ကုသိုလ်တရား တိုးဖွယ်ရာသာရှိသောကြောင့် ဆောက်တည်နိုင်လျှင် အကျိုးများစွာ ရရှိပါသည်။


အဗြဟ္မစရိယကံ၏ အကျိုးများ


မေထုန်မှီဝဲခြင်းကို ရှောင်ကြဉ်သောသူသည် ကုသိုလ်တရားများကို ပိုမို၍လုပ်ဆောင်နိုင်ပါသည်။ အရိယာသူတော်ကောင်းတို့သည် ဤမေထုန်အမှုကို အပြစ်မြင်၍ တောထွက်ပြီး တရားအားထုတ်ကျင့်ကြံသောကြောင့် နိဗ္ဗာန်ကို ရရှိခဲ့ကြပါသည်။



ရဟန်သံဃာများကို မေထုန်အကျင့် ရှောင်ကြဉ်ရန် သိက္ခာပုဒ် ပညတ်တော်မူခဲ့ခြင်းမှာ မေထုန်အမှုသည် အကုသိုလ်တိုးပွားအောင် လုပ်ဆောင်တတ်သောကြောင့် ဖြစ်ပါသည်။ သီလပျက်စီးအောင် တရားဘာဝနာအားထုတ်မှု ပျက်စီးအောင် လုပ်ဆောင်တတ်သော မေထုန်အမှုသည် သံသရာမှထွက်မြောက်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နေသော ရဟန်းသံဃာများ၏ ဆန့်ကျင်ဘက် ရန်သူဖြစ်သောကြောင့် မြတ်စွာဘုရားက တားမြစ်ပိတ်ပင်ခဲ့ခြင်း ဖြစ်ပါသည်။


လူသားစသော သတ္တ၀ါများသည် မေထုန်အမှုကို မရှောင်ကြဉ်နိုင်ကြ၍ သံသရာဝဲသြဃထဲ၌ ကျင်လည်နေကြရပါသည်။ ဤမေထုန်အမှုကြောင့် လူသားများသည် သူများအသက်သတ်ခြင်း၊ သူတစ်ပါးဥစ္စာခိုးယူခြင်း၊ မုဒိမ်းမှုဖြစ်ရခြင်း၊ မုသားပြောပြီး စီးပွားရှာနေရခြင်း၊ တစ်ဦးနှင့်တစ်ဦး ဆဲရေးတိုင်းထွာ ရန်ဖြစ်ရခြင်း၊ သားသမီးဇနီးမယားအတွက် မနေမနား စီးပွားရှာနေရခြင်းအစရှိသော ဆင်းရဲဒုက္ခမှန်သမျှကို ခံစားနေရသည်မှာ မေထုန်အမှုကို မရှောင်ကြဉ်နိုင်သောကြောင့် ဖြစ်ပါသည်။


ဝိကာလဘောဇနကံ၏ အကျိုးများ


နေ့လွဲညစာ မစားသောသူသည် ညစာစားရန် ချက်ပြုတ်မှုစသော အလုပ်တို့ကို မလုပ်ရ၍ တရားအားထုတ်ရန် အချိန်ပိုမိုရပါသည်။ ထို့ပြင် လူများသည် နံနက်စာနှင့်ညစာတွင် ညစာကို အထူးချက်ပြုတ် စားသောက်လေ့ရှိကြပါသည်။ ထို့ကြောင့် စားသောက်ဆိုင်များ၌ ညစာသည် မနက်စာထက် ပိုမို၍ ရောင်းရသကဲ့သို့ ညစာကပို၍ တန်ဖိုးများသည်ကို တွေ့ရပါသည်။ ထိုကဲ့သို့ ညစာကို အထူးချက်ပြုတ်စားရခြင်း၏ အကြောင်းနှင့်ညစာကို လူအများက ဈေးကြီးမှန်းသိလျက် စားသောက်ဆိုင်တို့၌ သွားရောက်စားသောက်ခြင်းတို့၏ အကြောင်းတို့ကို စဉ်းစားကြည့်သောအခါ “ကောင်းမွန်သောအစားများကိုစားပြီး ကောင်းမွန်စွာပျော်ပါးလိုသောကြောင့်ပင် ဖြစ်သည်၏”ဟု ခန့်မှန်း၍ သိနိုင်ပါသည်။ ညစာစားခြင်းသည် ကာမအာရုံတို့ကို အားပေးပါသည်။ ဗိုက်ထဲမှာ အစာပြည့်နေပါက စိတ်သည် ကာမအာရုံဘက်သို့ ညွတ်နေတတ်ပါသည်။


ထို့ကြောင့် သံဃာတော်များနှင့် ဥပုသ်စောင့်သောသူများသည် ညစာမစားလျှင် အလုပ်မရှုပ်၍ တရားအားထုတ်ရန် အချိန်ပိုရခြင်း၊ လောကီအာရုံကာမဂုဏ်ဘက်သို့ စိတ်မညွတ်နိုင်ခြင်းစသော အကျိုးတရားများ ရရှိအောင် ညစာရှောင်ကြဉ်ရခြင်း ဖြစ်ပါသည်။ ညစာစားကောင်းလေ ကာမအာရုံကို ပို၍ အားပေးရာရောက်လေဖြစ်၏။ သို့ဖြစ်၍ မြတ်စွာဘုရားရှင်က ညစာစားခြင်းကို ရှောင်ကြဉ်ခိုင်းခြင်း ဖြစ်ပါသည်။


တစ်ချို့ ညစာမစားခိုင်းခြင်းသည် အစာငတ်ခံခိုင်းခြင်း ဖြစ်သည်ဟု ယူဆကြပါသည်။ အငတ်ခံခိုင်းခြင်း မဟုတ်ပါ။ ညစာမစားခြင်းသည် ကျန်းမာရေးအတွက်လည်း ပိုမိုကောင်းမွန်စေပါသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ပါတ်မှ တစ်ရက်သာ ဥပုသ်စောင့်သောသည် နေ့စဉ် မနက်ရောညပါ အစားတွေ စားထားသဖြင့် အစာအိမ်ထဲမှာ အစာတွေကို ချေပေးနေရသော အစာချက်စက်လေးသည် အစာကို အမြဲချက်နေရသောကြောင့် အစာဟောင်း အစာသစ်တို့၏ အညစ်အကြေးများဖြင့် ပြည့်နေပါသည်။ ညစာတစ်ရက်လောက် မစာသောအခါ အစာချက်လည်း အနာရ၍ အညစ်အကြေးများလည်း ကင်စင်သောကြောင့် ခန္ဓာကိုယ်ကျန်းမာရေး ကောင်းမွန်ပါသည်။ အကယ်၍ မနေနိုင်အောင် ဆာနေပါက အစာပြေအောင် ဖျော်ရည်၊ စတုမဓု၊ ဂျင်းသုတ်စသည်တို့ကို စားသောက်၍ ရပါသည်။


နစ္စဂီတစသောကံ၏ အကျိုးများ


ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းတို့ကို ကိုယ်တိုင်သော်လည်းကောင်း၊ သူတစ်ပါးတို့အား ပြုလုပ်ခိုင်းခြင်းတို့သည်လည်းကောင်း၊ ပန်းအစရှိသော မွှေးစေတတ်သော အရာမှန်သမျှတို့ကို လိမ်းခြင်း ပန်ခြင်းတို့သည်လည်းကောင်း ကာမစိတ်တိုးပွားခြင်း၏ အကြောင်းဖြစ်သောကြောင့် ရှောင်ကြဉ်ရပါမည်။


သို့သော်လည်း ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းတို့ကို မိမိဘာသာနေ့စဉ် မြင်လောက်ကြားလောက်သော အရပ်သို့လာ၍ ကခြင်းစသည်တို့ ပြုလုပ်သည်ကို ကြည့်ရှု့နားထောင်မိလျှင်၊ အဝေးတစ်နေရာသို့ အလုပ်ကိစ္စဖြင့် သွားရင်းလာရင်းတွေ့မြင်၍ မလွဲသာမရှောင်သာ ကြည့်ရှု့နားထောင်မိလျှင် သီလမပျက်ပါ။ သို့သော် မမြင်မြင်အောင် တမင်တကာလှည့်၍ မကြည့်ရပါ။ TV Video စသည်တို့ကိုလည်း မမြင်မြင်အောင် မကြည့်ရပါ။


နံ့သာခဲများကို အနာရောဂါရှိလျှင် လိမ်းကောင်းပါသည်။ ရေမွှေးဆပ်ပြာခဲများကို ကိုယ်နံ့မကောင်းလျှင် ကာကွယ်သည့်အနေဖြင့် သုံးကောင်းပါသည်။


ပန်းနံ့သာအစရှိသော အမွှေးတို့ကို သီလမယူခင် ပြုလုပ်ကောင်းသော်လည်း သီလယူသည်နဲ့တပြိုင်နက် ထိုမွှေးစေတက်သော အရာမှန်သမျှတို့ကို ဖျက်ဆီးပစ်ရပါမည်။ ယခုခေတ် ဥပုသ်စောင့်သောသူများသည် သီလမယူခင် ပြုလုပ်ထားသောအရာဖြစ်သောကြောင့် အပြစ်မရှိဟု ထင်နေကြပါသည်။ ထိုကဲ့သို့ မွှေးစေတတ်သော အရာဝတ္ထုတို့သည် ကာမစိတ်ကို ဖြစ်စေတတ်သောကြောင့်လည်းကောင်း၊ မိမိက သီလယူသောအခါ ပန်ခြင်းလိမ်းခြင်း အစရှိသည်တို့ကို မပြုလုပ်ပါဟု ၀န်ခံထားသောကြောင့်လည်းကောင်း ထိုအရာဝတ္ထုတို့ကို ပြုလုပ်ထားပါက အပြစ်ရှိသောကြောင့် ဖျက်ဆီးပစ်ရပါမည်။ သို့မှသာလျှင် မိမိမှာ ထိုကာမစိတ်များမဖြစ်ဘဲ တရားကို ကောင်းမွန်စွာ စောင့်ထိန်းကျင့်ကြံနိုင်ပါလိမ့်မည်။


ဥစ္စာသယန မဟာသယနကံ၏ အကျိုးများ


တစ်တောင်ထွာထက်မြင့်သော အိပ်ရာ နေရာ၊ အလွန်ကောင်းမွန် ခမ်းနားသော အိပ်ရာနေရာတို့၌ အိပ်ခြင်း၊ ထိုင်းခြင်းတို့သည် ထိုနေရာတို့၌ သာယာသောအတွေ့အထိ တဏှာလောဘ ကာမစိတ်များဖြစ်သောကြောင့် ရှောင်ကြဉ်ရပါမည်။


ထို့ကြောင့် သီလဆောက်တည်ထားသောသူသည် မိမိထက်ကြီးသောသူရှိမှသာလျှင် ထိုနေရာတို့၌ မထိုင်ရ မအိပ်ရခြင်း မဟုတ်ပါ။ တစ်တောင်ထွာထက်မြင့်သော ထိုင်ခုံအိပ်ရာတို့၌လည်းကောင်း၊ ကောဇောမွေ့ရာ စသည်တို့ဖြင့်ခင်း၍ ပြုလုပ်ထားသော ထိုင်ခုံအိပ်ရာတို့၌သော်လည်းကောင်း ထိုနေရာတို့၌ သာယာမိသောလောဘစိတ် ဤကဲ့သို့သောနေရာကို ငါမှနေနိုင်သည်ဟူသော မာနစိတ်များ ဖြစ်တတ်ပါသည်။ သီလဆောက်တည်ထားသော ဥပုသ်သည်များသည် သီလကို အသေးစားဖြစ်သော အကုသိုလ်များသော်မှမဖြစ်အောင် စောင့်ထိန်းရမည်ဖြစ်သော ကြောင့် ရှောင်ကြဉ်ရပါသည်။


သို့မှသာလျှင် မိမိစိတ်သည် စင်ကြယ်နေသောကြောင့် မိမိစောင့်သောဥပုသ်နေ့မှာ သီလစင်ကြယ်နေ၍ ကုသိုလ်တရားများ တိုးပွားအောင်ပြုလုပ်နေမှသာလျှင် ဥပုသ်စောင့်ရကျိုးနပ်သော ဥပုသ်သည်ဖြစ်ပါလိမ့်မည်။ ထိုသို့မဟုတ်ဘဲ သီလယူထားပြီး သီလမယူသောသူ၊ သီလမရှိသောသူတို့နဲ့ တန်တူနေထိုင်ပါက ဥပုသ်စောင့်ရကျိုး မနပ်၍ ဥပုသ်သည်မပီသဘဲ ဖြစ်နေပေလိမ့်မည်။


ယခုခေတ်လူများသည် ဥပုသ်နေ့တိုင်းကို ဥပုသ်မစောင့်ကြသောသူများ ပေါများပါသည်။ သို့ဖြစ်၍ မိမိတို့သည် ဥပုသ်သီလကို စောင့်ထိန်းရန်နှင့် မိမိစောင့်သော ဥပုသ်သီလကိုလည်း မည်သည့်နည်းနဲ့မျှ မကျိုးမပေါက်အောင် စောင့်ထိန်းကြရန် လိုပါသည်။


တစ်ချို့က မအား၍ဥပုသ်မစောင့်ခြင်းဖြစ်သည်ဟု ပြောဆိုကြပါသည်။ မိမိလုပ်သော တစ်နေ့တာအလုပ်သည် မိမိဘ၀အတွက် မည်မျှထိကောင်းအောင် ပြုလုပ်ပေးနိုင်မည်နှင့် ဥပုသ်စောင့်၍ ရရှိသောအကျိုးတရားသည် မိမိအတွက် မည်မျှအကျိုးရမည်ကို နှိုင်းယှဉ်ကြည့်နိုင်ရန် လိုပါသည်။


သုမနပန်းသည်ကဲ့သို့ တစ်နေ့တာအတွက် ရရှိမည့်အကျိုးနှင့်မရေမတွက်နိုင်သောဘ၀တို့၌ ရရှိမည့်အကျိုးတရားတို့ကို စဉ်းစားပြီး ဒါနအမှုလုပ်ရန်လိုသကဲ့သို့ သီလစောင့်ထိန်းရန်လည်း လိုအပ်ပါသည်။ ထိုကဲ့သို့ စဉ်းစားတက်မှသာလျှင် “လူကောင်း”တစ်ယောက်၏ အရည်အချင်းများနဲ့လည်း ပြည့်စုံပါလိမ့်မည်။


သီလနဲ့ပတ်သတ်၍ ဤမျှလောက်ဖော်ပြလျှင် သီလ၏ကောင်းကျိုးဆိုးကျိုးများကို သိမြင်လောက်ပြီဟု ယူဆမိပါသည်။ သီလနဲ့ပတ်သတ်သော အကြောင်းအရာများ သီလစောင့်ထိန်းခြင်းအကျိုး သီလပျက်စီးခြင်း၏ အကျိုးတရားတို့ များစွာရှိပါသည်။



အနာထပိဏ်သူဌေး၏ ကျွန်လုပ်သားတစ်ယောက်သည် နေ့ဝက်ဥပုသ်ကို မကျိုးမပေါက်အောင် စောင့်ထိန်းရသော သီလကုသိုလ်ကံကြောင့် ဘုန်းတန်ခိုးကြီးမားသော ရုက္ခစိုးနတ်ဖြစ်ခဲ့ရပါသည်။ သီလနဲ့ ပတ်သတ်သော ကောင်းကျိုးဆိုးကျိုးသာဓကတို့ များစွာရှိသော်လည်း ရှေ့ဆက်ရေးသားရမည့် အကြောင်းအရာတို့ ရှိနေသေးသည့်တွက် ဥပုသ်သီလကို နေ့ဝက်ကလေးမျှ စောင့်ထိန်းရသောကုသိုလ်ကံကြောင့် ဘုန်းတန်ခိုးကြီးသော ရုက္ခစိုးနတ်ဖြစ်ရသည်ဟူသော သာဓကကိုထောက်ဆ၍ သီလစောင့်ထိန်းရခြင်း၏ အကျိုးတရားများကို မှန်းဆ၍ သိကြပါလေ။


ဟိရီသြတ္တပ္ပ အဓိပ္ပါယ်ကို ဆက်လက်ရေးသားတင်ပြပါမည်။

Saturday, June 19, 2010

လင်္ကာတမန်မဂ္ဂဇင်း ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်ဆရာတော်များ





လင်္ကာတမန် မဂ္ဂဇင်း အစည်းအဝေး





သီရိလင်္ကာနိုင်ငံ၌ လာရောက်ပြီး ပညာသင်ကြသော မြန်မာရဟန်းတော်များသည် မိမိတို့နောက် ပညာသင်လာရောက်ကြမည့် နောင်တော် ညီတော်များနှင့် မြန်မာလူမျိုးများ သိရှိရန်အတွက် ဤနိုင်ငံ၌ မိမိတို့ တွေ့ကြုံရသော ဗဟုသုတအဖြာဖြာ၊ သီရိလင်္ကာနိုင်ငံ၏ ယဉ်ကျေးမှု၊ မိမိတို့ပညာသင်ကြားရသော အခြေအနေ၊ တက္ကသိုလ်များ အခြေအနေ၊ စားဝတ်နေရေး အခြေအနေ၊ သီရိလင်္ကာနိုင်ငံသို့ လာရောက်ရန် အတွက် လုပ်ဆောင်ရမည့် ကိစ္စများကို ကြိုတင်သိရှိနိုင်ရန် မိမိတို့ သိရှိသလောက်လေးကို မြန်မာစာအရေး အသား၊ အင်္ဂလိပ်စာအရေးအသားလေးတွေနဲ့ ဒုတိယအကြိမ်မြောက် လင်္ကာတမန်မဂ္ဂဇင်း ထုတ်ဝေရန် ယနေ့ (၁၉.၀၆.၂၀၁၀) စနေနေ့ ညနေ (၃)နာရီတွင် စာအုပ်ဖြစ်မြောက်ရေးအဖွဲ့ဝင် သံဃာတော်များ အစည်းအဝေးပွဲ ပြုလုပ်ကြပါသည်။





အစည်းအဝေးပွဲတွင် ဥက္ကဋ္ဌဆရာတော်၊ ဒုတိယဥက္ကဋ္ဌဆရာတော်၊ အတွင်းရေးမှူးဆရာတော်၊ ဒုတိယအတွင်းရေးမှူးဆရာတော်၊ စာရင်းစစ်ဆရာတော်၊ ဘဏ္ဍာရေးမှူးဆရာတော်နှင့် စာမူများကို စစ်ဆေးရန် အယ်ဒီတာချုပ်ဆရာတော်နှင့် အယ်ဒီတာအဖွဲ့ဝင်ဆရာတော် (၅)ပါး၊ သတင်းအချက်အလက် ပြန်ကြားရန်နှင့် ဆက်သွယ်ရေးပြုလုပ်ပေးရန်၊ စာရိုက်ရန်၊ စာရွက်ထုတ်ရန်၊ မိတ္တူဆွဲရန်အတွက် ပြန်ကြားရေး ဆရာတော်(၃)ပါး၊ အကြံပေးအဖွဲ့ဝင်ဆရာတော် (၁၉)ပါးတို့ကို စတင်ရွေးချယ်ကြပါသည်။





ထို့နောက် သီရိလင်္ကာနိုင်ငံရောက် မြန်မာရဟန်းတော်များ ရေးသားသော စာမူများကို မြန်မာနိုင်ငံမှ ပညာသင်လာရောက်ကြမည့် သံဃာတော်များနှင့် မြန်မာလူမျိုးများ ဖတ်ရန် အဓိကထား၍ ဤလင်္ကာတမန် မဂ္ဂဇင်းကို ထုတ်ဝေရန် စဉ်းစားထားသည့်အတွက် မြန်မာနိုင်ငံ စာပေးစီစစ်ရေးတွင် တင်ပြပြီး မြန်မာနိုင်ငံ၌ စာအုပ်ထုတ်ဝေရန် တိုင်ပင်ကြပါသည်။





မနှစ်က မြန်မာနိုင်ငံ၌ ထုတ်ဝေရန် အခက်အခဲများ ရှိခဲ့သည့်အတွက် မလေးရှားနိုင်ငံတွင် စာအုပ်ပြုလုပ်၍ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ သီရိလင်္ကာနိုင်ငံတို့သာ ဖြန့်ဝေနိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ အနည်းအကျဉ်းသာ ရောက်ရှိခဲ့သဖြင့် မြန်မာနိုင်ငံမှ သံဃာတော်များနှင့်ပြည်သူလူထုများ အသိနည်းခဲ့ပါသည်။ အဓိကသိချင်သည့် မြန်မာနိုင်ငံမှ ပညာသင်လာရောက်ကြမည့် သံဃာတော်များ မသိလိုက်သည့်အတွက် ၀မ်းနည်းမိပါသည်။





ယခုနှစ်၌ မြန်မာနိုင်ငံမှာ ထုတ်ဝေရန် တိုင်ပင်ကြသည့်အခါ စာပေစီစစ်ရေးဌါနက မိမိတို့စာမူများကို ပယ်ဖျက်သည့်အခါ အနီးကပ် ပြန်လည်ပြင်ဆင်နိုင်ရန်၊ စာအုပ်ထုတ်ဝေရန် လိုအပ်သည့် အလုပ်ကိစ္စများကို ပြုလုပ်ရန် အနည်းဆုံး မြန်မာပြည်သို့ သွားနိုင်မည့် အယ်ဒီတာဆရာတော်တစ်ပါး ရှိရန်အတွက် လိုအပ်သည့် အခက်အခဲ၊ စာပေစီစစ်ရေးတင်သည့်အခါ လုပ်ထုံးလုပ်နည်းများကို သိရှိရန်လိုအပ်သည့် အခက်အခဲ၊ စာမူများကို ရေးသားသောဆရာတော်များ၏ အတ္ထုပ္ပတ္တိများကို စာပေစီစစ်ရေးသို့ ပေးပို့ရန် လိုအပ်သည့် အခက်အခက်၊ မြန်မာနိုင်ငံ စာအုပ်အရောင်းများသို့ ဖြန့်ဝေရန် အခက်အခဲများစွာတို့ ရှိပါသည်။





စာပေစီစစ်ရေးမှ ခွင့်ပြုချက်ပါမှသာ မြန်မာနိုင်ငံရှိ စာအုပ်အရောင်းများတွင် ရောင်းရန် အဆင်ပြေမည့် အတွက် အထက်ပါ အခက်အခဲများကို အဖွဲ့ဝင်ဆရာတော်များမှ တက်နိုင်သလောက် ကြိုးစားကြည့်မည်ဟု တိုင်ပင်ကြပြီး မြန်မာနိုင်ငံ၌ စာအုပ်ထုတ်ဝေရန် ဆုံးဖြတ်ချက်ချခဲ့ကြပါသည်။





စာမူများကို ရေးသားရန်၌လည်း ကဗျာနှင့်ဆောင်းပါးသာ အဓိကထားပြီး ရေးကြရန်၊ မနှစ်က ထုတ်ဝေခဲ့သော လင်္ကာတမန်မဂ္ဂဇင်း၌ ပါဝင်ပြီးသော စာမူများမဖြစ်စေရန်၊ ဤနိုင်ငံ၏ဘာသာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ဆက်သွယ်သွားလာရေးစသည့်တို့သာ ရေးသားကြရန်၊ (၂)လအတွင်း စာမူများကို ပေးပို့ကြရန် တိုင်ပင်ဆုံးဖြတ်ကြပါသည်။





သီရိလင်္ကာနိုင်ငံ၌ ပညာလာသင်ကြသော သံဃာတော်များသည် စာရေးဆရာများ မဟုတ်သလို ဘုန်းကံကြီးမား ပိုက်ဆံချမ်းသာကြသော သံဃာတော်များလည်း မဟုတ်ကြပါ။ သို့သော်လည်း စာအုပ် ထုတ်ဝေရန် လှူဒါန်းကြသော ဒါယကာ၊ ဒါယိကာမများ၏ စေတနာ သဒ္ဓါတရားများကို အကျိုးရှိအောင် လုပ်ပေးချင်တာရယ်၊ မိမိတို့နောက် ပညာသင်လာရောက်ကြမည့် သံဃာတော်များနှင့် မြန်မာလူမျိုးများ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သော သီရိလင်္ကာနိုင်ငံ၏ အကြောင်းအရာများကို သိစေချင်သည့် ဆန္ဒများကြောင့် မိမိတို့ အသုံးဝင်သည့် အချိန်များထဲမှ ထုတ်နှုတ်ပြီး “လင်္ကာတမန်မဂ္ဂဇင်း”စာအုပ်ကို ထုတ်ဝေရန် ပြုလုပ်ကြခြင်း ဖြစ်ပါသည်။







စာရေးသူလည်း စာရေးဆရာ မဟုတ်ပါ။ စာရေးချင်သောစိတ်ရှိပြီး မိမိသိသော အသိဉာဏ်ဗဟုသုတများကို အများအား မိမိကဲ့သို့ သိချင်စေသော စေတနာကြောင့် စာရေးသားနေခြင်း ဖြစ်ပါသည်။ မိမိသည် မိမိတတ်နိုင်သည့်ဘက်မှ ပညာဒါနပြုမည်ဟု ဆုံးဖြတ်ပြီး အယ်ဒီတာ တာဝန်၊ ဥက္ကဋ္ဌ တာဝန်များကို မထမ်းဆောင်နိုင်သော်လည်း မိမိတတ်နိုင်မည့် ပြန်ကြားရေးတာဝန်ကို ယူခဲ့ပါသည်။





စာရေးသူသည် ဤတစ်နှစ်ပညာသင်ပြီးလျှင် ပညာအသိဉာဏ်နည်းပါးပြီး မဖွံ့ဖြိုးသေးသော တောင်းတန်ဒေသတွင် ပညာဒါန သွားပြုမည်ဟု ဆုံးဖြတ်ထားပါသည်။ ထိုအခါတွင် အင်တာနက်လည်း သုံးခွင့်ရှိတော့မည် မဟုတ်ပါ။ ထို့ကြောင့် မိမိရနေသည့် အခွင့်အရေးလေး ရနေချိန်တွင် မိမိတတ်နိုင်သည့် အသိဉာဏ်လေးများကို အင်တာနက်ပေါ်၌ မျှဝေပေးလိုက်ခြင်း ဖြစ်ပါသည်။





လင်္ကာတမန်မဂ္ဂဇင်း အယ်ဒီတာဆရာတော်များနှင့် ပြန်ကြားရေးဆရာတော်များ









Friday, June 18, 2010

သီလ၏ ကောင်းကျိုး ဆိုးပြစ်များ

သီလစောင့်ထိန်းခြင်း၏ ကောင်းကျိုးရပုံများ၊ သီလမရှိခြင်း၏ ဆိုးကျိုးရပုံတို့ များစွာရှိပါသည်။ ကောင်းကျိုးဆိုးကျိုးများသည် စောင့်ထိန်းသောသီလ၊ လွန်ကျုးသောသီလတို့အပေါ်၌ မူတည်ပြီး အကျိုးတရားများ ရရှိခံစားကြရပါသည်။ ထို့ကြောင့် သီလတစ်ခုချင်း၏ ကောင်းကျိုးဆိုးကျိုးများကို ရေးသားတင်ပြလိုက်ပါသည်။


ပါဏာတိပါတကံ၏ အကျိုးများ


သူတစ်ပါးအသက်ကို ညှင်းဆဲသတ်ဖြတ်သောသူသည် သေသောအခါ၌ ငရဲဘုံအစရှိသော အပါယ်လေးဘုံသို့ ကျရောက်ပြီး ဆင်းရဲဒုက္ခမှန်သမျှတို့ကို ခံစားရပါသည်။ အကယ်၍ ရှေးကောင်းမှုကုသိုလ်ကံကြောင့် အပါယ်ဘုံမှလွတ်မြောက်ပြီး လူ့ဘ၀ကိုရခဲ့လျှင်လည်း.......


၁။ အသက်တိုခြင်း။

၂။ အနာရောဂါများ၍ ကျန်းမာမှုနည်းခြင်း။

၃။ အားအင်မရှိခြင်း။

၎။ ကြောက်ရွံ့တတ်ခြင်း။

၅။ စိုးရိမ်ပူပန်စိတ်များခြင်း။

၆။ သူတစ်ပါး၏ နှိပ်စက်မှုကို ခံရခြင်း။

၇။ သူတစ်ပါးသတ်၍လည်းကောင်း၊ မိမိကိုယ်တိုင်ပြန်သတ်၍လည်းကောင်း သေရခြင်း။

၈။ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊

၉။ ခန္ဓာကိုယ်ပြေပြစ်မှုမရှိခြင်း။

၁၀။ မိမိချစ်ခင်သောသူများနဲ့ ကွဲကွာရခြင်းစသော ဆိုးကျိုးများကို ခံစားရပါသည်။


စောင့်ထိန်းသောသူသည် သုဂတိဘုံသို့ရောက်ရပြီး ထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးချမ်းသာ သုခတို့ကို ခံစားရပါသည်။

ထို့ကြောင့် လူတစ်ယောက်ကိုကြည့်လျှင် ပါဏာတိပါတကံအစရှိသော သီလရှိခဲ့မရှိခဲ့ သိနိုင်ပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့လူသားများသည် အသိဉာဏ်ပညာကြီးမားသော လူသားပီပီ “လူကောင်း”တစ်ယောက်ဖြစ်အောင် ဤသီလတို့ကို စောင့်ထိန်းလိုက်နာကြရန် လိုပါသည်။


အဒိန္နာဒါနကံ၏ အကျိုးများ


ပစ္စည်းဥစ္စာပိုင်ရှင်က ကိုယ်နှုတ်ဖြင့် ကြည်ဖြူစွာ မပေးသောဥစ္စာတို့ကို မည်သည့်နည်းနဲ့မဆို ယူသောသူသည် သေသောအခါ၌..........

၁။ အပါယ်လေးဘုံသို့ ရောက်ရခြင်း။

၂။ ဆင်းရဲမွဲတေခြင်း။

၃။ ပစ္စည်းဥစ္စာရအောင် မရှာဖွေနိုင်ခြင်း။

၎။ ရှိသောပစ္စည်းများလည်း ရန်သူမျိုးငါးပါးကြောင့် ပျက်စီးရခြင်း။

၅။ လိုအပ်သောပစ္စည်းဥစ္စာမှန်သမျှ မရရှိခြင်း။

၆။ ဆင်းရဲစွာနေရပြီး အစာငတ်မွတ်ခြင်းစသော ဆိုးကျိုးများ ခံစားရပါသည်။


စောင့်ထိန်းသောပုဂ္ဂိုလ်သည် သုဂတိဘုံသို့ရောက်ပြီး ထိုဆိုးကျိုးများ၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးချမ်းသာတို့ကို ခံစားရပါသည်။ အပြစ်ကြီးငယ်တို့မှာ ဥစ္စာပိုင်ရှင်၏ ဂုဏ်သိက္ခာ အကျင့်သီလ ဥစ္စာတန်ဖိုးအားလျော်စွာ အပြစ်ရပါသည်။


ဤနေရာ၌ အဒိန္နာဒါနကံ ကျုးလွန်သည်ဆိုသည်မှာ သူတစ်ပါးမသိအောင် အလေးခိုး၍ ဈေးရောင်းခြင်း၊ ခြင်းတောင်းတို့ဖြင့် ခိုးဝှက်၍ ရောင်းခြင်းများ၊ ပစ္စည်းဝတ္ထုများ အနာအဆာပါသည်ကို တစ်စုံတစ်ခုဖြင့်ဖုံးပြီး ရောင်းချခြင်းအစရှိသည်တို့သည်လည်း အဒိန္နာဒါနကံနဲ့ မလွတ်ကင်းသော ပြစ်မှုများ ဖြစ်ပါသည်။


ကာမေသုမိစ္ဆာစာရကံ၏ အကျိုးများ


ဤကံကို ကျူးလွန်သောသူသည် သေသောအခါ၌........

၁။ အပါယ်ဘုံသို့ ရောက်ရခြင်း။

၂။ လူဖြစ်လျှင် မိန်းမ(သို့) အခြောက်ဖြစ်ရခြင်း။

၃။ အများက မုန်းတီးရွံရှာခြင်း။

၎။ ရန်သူများခြင်း။

၅။ စိုးရိမ်ကြောင့်ကြများခြင်း။

၇။ ချမ်းချမ်းသာသာ မနေရခြင်း။

၈။ ချစ်သူနဲ့ခွဲရခြင်း၊ အိမ်ထောင်မမြဲခြင်း။

၉။ မျက်နှာမကြည်လင်ခြင်း။

၁၀။ အင်္ဂါလက္ခဏာ သေးသိမ်ခြင်းစသော ဆိုးကျိုးများကို ခံစားရပါသည်။

စောင့်ထိန်းသောပုဂ္ဂိုလ်သည် သုဂတိဘုံသို့ ရောက်ရ၍ ထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးတရားများကို ခံစားရပါသည်။


ဤမေထုန်အမှု ပြစ်မှားကျုးလွန်သောသူကို လောကလူသားတို့ အမုန်းဆုံးဖြစ်ပါသည်။ သို့သော်လည်း ယခုခေတ်၌ များစွာလွန်ကျုးနေကြသည်ကို တွေ့မြင်ကြားသိနေရပါသည်။ မေထုန်အမှုကို ပုထုဇဉ်လူသားတို့အနေဖြင့် ထိန်းချုပ်ရန်ခက်သည်ဟု ထင်ကြပါလိမ့်မည်။ အကယ်၍ မိမိသည်တစ်ဘ၀လုံး မထိန်းချုပ်နိုင်ပါက တရားဝင်လက်ထက်ယူပြီး မေထုန်မှီဝဲလို့ ရပါသည်။ ဤမျှနဲ့အားမရဘဲ တွေ့တိုင်းသောမေထုန်အမှုကို လွန်ကျုးနေမည် ဆိုပါက လောကကြီးသည် ပျက်စီးရုံသာ ရှိပါတော့သည်။ ယခုခေတ်၌ HIV ပိုးဆိုသော AIDS ဖြစ်လာရခြင်းမှာလည်း ထိုကဲ့သို့ ထိန်းချုပ်မှုမရှိဘဲ တွေ့တိုင်းသော မေထုန်အမှုတို့ကို မှီဝဲသောကြောင့် ဖြစ်လာရခြင်း ဖြစ်ပေသည်။


ကမ္ဘာဦးကာလ ဗြဟ္မာတို့သည်လည်း လူဘ၀ကို ရောက်ခါစ၌ အစားအသောက်များ မြေပြင်ကနေ ခူးယူစားသောက်၍ရအောင် ပေါများနေပါသည်။ ထိုအစားအသောက် အ၀တ်အစားများသည် ဗြဟ္မာပြည်က လူသားစဖြစ်သော ဗြဟ္မာလူသားများ ဤမေထုန်အမှုကို လွန်ကျူးသောကြောင့် အစားအစာများ ပျောက်ကွယ် သွားသဖြင့် ဒုက္ခများစွာနဲ့ ရင်ဆိုင်ခဲ့ရပါသည်။


သီလကို မစောင့်ထိန်းသောသူ၊ စောင့်ထိန်းရမှန်းမသိသော နိုင်ငံတို့၌ ဤမေထုန်အမှုကို ရှက်ရမှန်းမသိအောင်ဖြစ်ပြီ လွန်ကျုးနေသောကြောင့် ဘေးဆိုးကြီးများနဲ့ ရင်ဆိုင်နေရသည် မဟုတ်ပါလော။ ယခုခေတ်လူငယ် မိန်းမငယ်လေးများသည် ဤမေထုန်အမှုကို ဘုရားစေတီ၊ ပန်းခြံအစရှိသော လူပေါများသော နေရာတို့၌ မရှက်မကြောက်ဘဲ ပြုလုပ်နေကြသည်မှာ ပြုလုပ်နေသောသူတို့တော့မသိ၊ တွေ့ရသောသူများမှာ ရှက်စရာကောင်းသကဲ့သို့ ရိုင်းစိုင်းသည်ဟု ထင်မြင်မိပါသည်။


ထိုသူများသည် အသိဉာဏ်ပညာ ကင်းမဲ့သော တိရစ္ဆာန်များနဲ့ ထူးမခြားနားဖြစ်နေသည်ကို သတိထားဖို့ ကောင်းပါသည်။ မိမိကိုယ်မိမိ အသိဉာဏ်ရှိသော လူလား၊ အသိဉာဏ်မရှိသော တိရစ္ဆာန်လားဆိုတာ ခွဲခြားသိဖို့ လိုပါသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းသည် ရှက်စရာကောင်းသည်ဟု အသိဉာဏ်လေးရှိဖို့၊ သတိတရားထားဖို့ လိုအပ်လှပါသည်။ မိမိတို့မှာ တရားဝင်ယူပြီး ကျုးလွန်၍ရနေသော အခွင့်အရေးရှိပါလျက် ထိုကဲ့သို့ပြုလုပ်ခြင်းသည် တရားလက်မဲ့နိုင်လွန်သည်ဟု ထင်ပါသည်။


မြတ်စွာဘုရားရှင်က ရဟန်းများကို ဆုံးမခဲ့သော စကားရှိပါသည်။ ထိုစကားမှာ “ရဟန်းတို့ မိန်းမများကိုမြင်လျှင် မိမိထက်အသက်ကြီးပါက ကိုယ့်အမရင်းသဖွယ် သဘောထားပြီး မိမိထက်ငယ်သောသူကို ကိုယ်နှမရင်းသဖွယ် သဘောထားပြီးဆက်ဆံဖို့ရာ ဆုံးမခဲ့သောစကားမှာ ရဟန်းများသာမက လူသားများပါ လိုက်နာစောင့်ထိန်းပါက မုဒိမ်းမှုစသည်တို့ ဖြစ်လာတော့မည် မဟုတ်ပေ။


လူသားများသည် ရဟန်းသံဃာများကိုကြည့်ပြီး စောင့်ထိန်းလျှင် ပို၍စောင့်ထိန်းနိုင်ပြီး ပိုမို၍ကြည်ညိုခြင်းများ ဖြစ်လာပေလိမ့်မည်။ လူသားတို့၌ တရားဝင်ယူပြီး ကျုးလွန်ခွင့်ရှိပါသည်။ ရဟန်းသံဃားများသည် ထိုမေထုန်အမှုကို သတ္တ၀ါမှန်သမျှတို့နဲ့ ကျုးလွန်ခွင့်မရှိပါ။ ရဟန်းသံဃာများသည် ထိုသို့မည်သည့် သတ္တ၀ါနဲ့မျှ မကျုးလွန်ဘဲ နေနိုင်သေးလျှင် လူသားတို့သည် ရဟန်းသံဃာတို့ထက် မိမိတရားဝင်ယူထားသော ယောက်ျား မိန်းမများကို ကျုးလွန်ခွင့်ရှိသောကြောင့် ကျန်သောသူများကို မကျုးလွန်မိအောင် စောင့်ထိန်းသင့်ပါသည်။


ဤနေရာ၌ မင်းတုန်းမင်းကြီးပြောသော စကားကို အမှတ်ရမိပါသည်။ မင်းတုန်းမင်းကြီးကို မှုမတ်များက ရဟန်းသံဃာများ ပွဲလမ်းသဘင်ကြည့်နေသည်ကို တားမြစ်ပိတ်ပင်ဖို့ရာ လျှောက်ထားကြသောအခါ မင်းတုန်းမင်းကြီးက “ငါသည် မိန်းမမယူဘဲ နေနိုင်တာ တစ်ခုတည်းနဲ့ပင် ရဟန်းသံဃာများကို ကြည်ညိုလှပါသည်”ဟု ပြောဆိုပြီး မှုမတ်များ၏ လျှောက်တင်ချက်ကို ငြင်းပယ်ခဲ့သည်ဟူသော စကားကို ကြားဖူး၍ အမှတ်ရမိပါသည်။


ထို့ကြောင့် လူသားများသည် မေထုန်အမှုကို လုံးဝရှောင်ကြဉ်သော ရဟန်းတော်တို့ကို အတုယူကာ စောင့်ထိန်းကြရန် လိုပါသည်။ ဤမေထုန်အမှုသည် စောင့်ထိန်းရခက်မည်ဟု ထင်ရသော်လည်း မိမိ၏စိတ်သာ အဓိကကျပါသည်။ ကမ္ဘာပေါ်ရှိ သတ္တ၀ါများသည် အဓိကကျသော ဤမေထုန်အမှုကို မရှောင်ကြဉ်နိုင်သောကြောင့်သာ ဒုက္ခများနဲ့ ရင်ဆိုင်နေရပါသည်။ ထို့ပြင် သံသရာမှ မလွတ်မြောက်ဘဲ ကျင်လည်နေရသည်မှာလည်း ဤမေထုန် အမှုကြောင့်ပင် ဖြစ်ပါသည်။


မုသာဝါဒကံ၏ အကျိုးများ


သူတစ်ပါး၏ အကျိုးစီးပွားကို ပျက်ပြားစေသော လိမ်ညာမှု လှည့်ပတ်မှုဟူသမျှသည် ဆိုးကျိုးရစေနိုင်သော ကံမြောက်သည့်မုသာဝါဒ ဖြစ်ပါသည်။ နှုတ်ဖြင့်မပြောဘဲ ကိုယ်အမှုအရာဖြင့် လိမ်ညာလျှင်လည်း မုသာဝါဒပင် ဖြစ်ပါသည်။


သူတစ်ပါး၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ တစ်စုံတစ်ယောက် အကျိုးရစေလို၍ ပရိယာယ်သုံး၍ပြောဆိုခြင်း၊ အမှားကိုအမှန် သိစေလို၍ ပြောဆိုခြင်း၊ ဂုဏ်ပြုလို၍ ပြုမှုပြောဆိုခြင်းများမှာလည်း မုသာဝါဒပင် ဖြစ်ပါသည်။ သို့သော်လည်း သူတစ်ပါး၏ အကျိုးစီးပွားကို မပျက်စီး မထိခိုက် ဆိုးကျိုးရစေနိုင်လောက်အောင် မပြုလျှင် ကံမမြောက်၍ အပြစ်နည်းပါသည်။ ထိုသို့အပြစ်နည်းသော်လည်း ဤသီလကို လုံခြုံအောင် စောင့်ထိန်းသင့်ပါသည်။ လူသားတို့သည် အများအားဖြင့် “မုသားမပါ လင်္ကာမချော”ဟူသောစကားကို လက်သုံးစကားအဖြစ် ပြောဆိုပြီး မုသာဝါဒကံကို အလွယ်တကူဖြင့် ကျုးလွန်နေကြသည်ကို တွေ့ရှိရပါသည်။ ထိုစကားသည် လိမ်နေကြလူတို့ ပြောဆိုနေသော စကားသာ ဖြစ်ပါသည်။


မြတ်စွာဘုရားသည်ပင် သစ္စာဆိုသည့်အမှန်တရားကို ရရန်အတွက် ပါရမီဖြည့်သောအခါ ဤမုသာဝါဒကို လုံးဝရှောင်ကြဉ်ခဲ့ရပါသည်။


သူတစ်ပါးအကျိုးစီးပွားပျက်စီးအောင် လိမ်ညာပြောဆို လှည့်ပတ်မှုမှန်သမျှကို ပြုလုပ်ခဲ့သောသူသည် သေသောအခါ၌.......

၁။ အပါယ်ဘုံသို့ရောက်ရခြင်း။

၂။ မျက်စိနားစသော ဣနြေ္ဒများ မကြည်လင်ခြင်း။

၃။ စကားမပီခြင်း၊ ပလုံးမထွေးပြောဆိုတတ်ခြင်း။

၎။ သွားမညီခြင်း။

၅။ ပါးစပ်အနံ့ပုပ်ခြင်း။

၆။ အသားအရေ မစိုပြေဘဲ မွဲခြောက်ခြင်း။

၇။ ကိုယ်ခန္ဓာအချိုမကျခြင်း။

၈။ သူတစ်ပါးအပေါ် သြဇာအာဏာမညောင်းခြင်း။

၉။ နှုတ်ကြမ်းလျှာကြမ်းဖြင့် ပြောဆိုတတ်ခြင်း။

၁၀။ စိတ်ကြည်လင်မှုမရှိခြင်းစသော ဆိုးကျိုးများကို ခံစားရပါသည်။

စောင့်ထိန်းလိုက်နာသောသူသည် သုဂတိဘုံသို့ ရောက်ရှိရပြီး ထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးချမ်းသာတို့ကို ခံစားရပါသည်။


သုရာမေရယကံ၏ အကျိုးများ


မူးယစ်စေတတ်သော အရည်ဆေးဝါးမှန်သမျှကို ကျန်းမာရေးအတွက် မဟုတ်ဘဲ သောက်သုံးသောသူသည် သုရာမေရယကံပျက်၏။ ကာမေသုမိစ္ဆာစာရကံကဲ့သို့ ဤသီလသည် အပြစ်ကြီးသော မိစ္ဆာစာရတစ်မျိုးဖြစ်သည်ဟု ကျမ်းဂန်တို့၌ ပြဆိုထားပါသည်။ ထို့ကြောင့် ဤသီလကို ကျုးလွန်ခြင်းမှာ အပြစ်ကြီးသည်ဟု တစ်ထစ်ချမှတ်ယူ၍ ရပါသည်။


သို့သော် မည်မျှလောက် အပြစ်ရှိသည်ကို ထပ်မံ၍ စစ်ဆေးကြည့်လျှင် ယခုခေတ်၌ အချို့သော ဆေးရည်ဆေးဝါးများတွင် မထင်မရှား အရက်ပါတတ်ပါသည်။ သုရာမေရယသိက္ခာပုဒ်၌ ဟင်းလျာကောင်းစေလိုသဖြင့် ဟင်း၌သေရည် အနည်းငယ်မျှ ခတ်၍ချက်ရာဝယ် သေရည်အနံ့မထင်ရှားလျှင် ထိုဟင်းကို သံဃာတော်များပင် သုံးဆောင်ကောင်းသည်ဟု မြတ်စွာဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပါသည်။


ထို့ကြောင့် (၁)မထင်မရှား အရက်ပါသောဟင်းများကို စားသောက်မှု၊ (၂)မလွဲသာ၍ ဆေးဝါးအဖြစ် အနည်းအကျဉ်းသောက်သုံးမှု၊ (၃)တကယ့်ကို အရက်သီးသန့် သောက်သုံးမှုဟု (၃)မျိုးရှိသည်ကို တွေ့ရှိရပါသည်။


ထို့တွင် ပထမဦးဆုံးအချက်သည် အပြစ်မရှိပါ။ ဒုတိယအချက်သည် အရက်စစ်ဖြစ်လျှင် ဤသီလပျက်၏။ သို့သော် အပြစ်ကြီးလှသည် မဟုတ်ပါ။ နောက်ဆုံးအချက်သည် သောက်ပြီး သူတစ်ပါးအကျိုးစီးပွား ပျက်စီးအောင်လုပ်မှု၊ စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မှု၊ ပတ်ဝန်းကျင်နှောက်ယှက်မှု၊ မူးယမ်းပြီး အော်ဟစ်နေမှုစသော အပြစ်တစ်စုံတရာ မလုပ်ဘဲနေပါက ဤသီလပျက်ပြီး ကုသိုလ်ကောင်းမှုပြုလုပ်ရန် မေ့လျော့မှု၊ စီးပွားပျက်မှု၊ အိမ်ထောင်ရေးပျက်စီးမှုစသော မျက်မှောက် ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။


တစ်ချို့သောသူများက အရက်သောက်ပြီး သူတစ်ပါးကို မနှောက်ယှက်လျှင် အပြစ်မရှိမှုဟု မှတ်ထင်နေကြပါသည်။ အပြစ်ရှိပါသည်။ ထိုအပြစ်များမှာ ကုသိုလ်ကောင်းမှုမလုပ်ဖြစ်သောအပြစ်၊ ဉာဏ်ထိုင်သောအပြစ်၊ စီးပွားရေးထိခိုက်စေသောအပြစ်၊ အိမ်ထောင်ရေး အဆင်မပြေနိုင်စေသောအပြစ်အစရှိသော အပြစ်တို့ ရရှိပါသည်။


ထို့ပြင် ဤသီလကို ကျုးလွန်ပြီးနေသောသူသည် မျက်မှောက်ဘ၀၌ အထက်၌ဖော်ပြခဲ့သော သူတစ်ပါးမထိခိုက်အောင် နေနိုင်သောသူမှလည်း ထိုသို့သောအပြစ်များရရှိသည်ကို ထောက်ဆလျှင် သူတစ်ပါးထိခိုက်အောင် ပြုလုပ်သောသူသည် ပို၍ပင် အပြစ်များရရှိမည်ကို မှန်းဆကြည့်လျှင် သိနိုင်ပေလိမ့်မည်။


ထို့ကြောင့် ကျုးလွန်သောသူသည် အသိဉာဏ်ကင်းမဲ့ပြီး မူးမိုင်းနေသောကြောင့် အထက်ပါလေးပါးသောသီလတို့ကို ကျုးလွန်မိရန် လွယ်ကူသည်ဟု ပြောဆိုသောစကားမှာ မှန်ကန်ကြောင်း သိသာထင်ရှားလှပါသည်။


ဤနေရာ၌ စာရေးသူ ကြားဖူးသော ပုံပြင်လေးတစ်ခုကို အမှတ်ရ၍ ရေးသားတင်ပြချင်ပါသည်။ အရက်သမားတစ်ယောက်ကို မိဘများက အရက်မသောက်အောင် ဘယ်လိုမှသွန်သင် ချော့မော့ပြီး ပြောဆိုမရသောကြောင့် ဘုန်းကြီးတစ်ပါးထံ အရက်ပျက်အောင် ကျောင်းမှာထားပြီး ဆုံးမခိုင်းသော်လည်း အရက်သမားသည် အရက်မပျက်ခဲ့ပါပေ။ တစ်နေ့သောအခါ အရက်သမားသည် သူ၏သူငယ်ချင်းများနဲ့ အရက်ဝိုင်းမှာ အမြည်းမျိုးစုံဖြင့် ၀ိုင်းဖွဲ့ကြနေချိန်တွင် အနားမှလမ်းဖြတ်သွားသောအရူးကို အရက်သောက်ရန် လှမ်းခေါ်သောအခါ အရူးက “အရင်က အမူးတောင် မပြေသေးဘူး၊ နောက်ထပ် မမူးချင်တော့ပါဘူး“ဟု ပြန်ပြောလိုက်ပါသည်။ “အရူးပြောသည့် အဓိပ္ပါယ်က အရင်ဘ၀က အရက်သောက်ခဲ့တဲ့ ဆိုးကျိုးကြောင့် ယခုဘ၀မှာ အရူးဖြစ်နေရတယ်။ ဒီဘ၀မှာ ထပ်သောက်ရင် နောင်ဘ၀မှာလည်း ထပ်ရူးနေမှာပေါ့လို့ ပြောဆိုခြင်းဖြစ်ပါသည်“။ မိဘဆရာသမားများ ဆုံးမသွန်သင်၍ အရက်မပျက်ခဲ့သော အရက်သမားသည် အရူးသမား ချွတ်လိုက်သောအခါ ထိုအချိန်မှစ၍ အရက်ကို လုံးဝမသောက်ဘဲ အရက်ပျက်သွားခဲ့ပါသည်။


အထက်၌ ဖော်ပြခဲ့သော အပြစ်များသည် မျက်မှောက်ဘ၀၌ ရရှိသောဆိုးကျိုးများသာ ဖြစ်ပါသည်။ ဤသီလကို ကျုးလွန်သောသူများသည် ဖြစ်လေရာဘ၀တို့၌......

၁။ သတိကင်းလွတ်ခြင်း။

၂။ အရှက်မရှိခြင်း။

၃။ အကောင်းအဆိုး အမှားအမှန် မခွဲခြားတတ်ခြင်း။

၎။ ခိုက်ရန်ဒေါသ ဖြစ်ပွားတတ်ခြင်း။

၅။ မကောင်းသောသတင်း ပျံ့နှံ့ခြင်း၊ ကျက်သရေမင်္ဂလာမရှိခြင်း။

၆။ ရောဂါများခြင်း၊ ကိုယ်လက်အင်္ဂါတုန်ခြင်း၊

၇။ မွေးဖွားလာသော သားသမီးများ စိတ်ဓာတ်ကျပ် မပြည့်ခြင်း။

၈။ လုပ်ငန်းတို့ကို မေ့လျော့၍ စီးပွားပျက်ခြင်း။

၉။ နောင်ဘ၀တို့၌ အရူးဖြစ်ရခြင်း။

၁၀။ သေရည်အရက်သောက်မှု များပြီး ကုသိုလ်ကောင်းမှုမလုပ်ဘဲ သေပါကနောင်ဘ၀တွင် အပါယ်ဘုံသို့ ကျရောက်ခြင်းစသော ဆိုးကျိုးများကို ခံစားရပါသည်။ စောင့်ထိန်းလိုက်နာသောသူသည် သုဂတိဘုံသို့ ရောက်ရပြီး ထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးချမ်းသာများကို ခံစားရပါသည်။


ထို့ကြောင့် အရက်သောက်ခြင်းသည် မျက်မှောက် တမလွန်တို့၌ မကောင်းသောဆိုးကျိုးတို့ကိုသာ ခံစားရ၍ လုံးဝရှောင်ကြဉ်ရန် လိုအပ်ပါသည်။


ဤဖော်ပြခဲ့သော ငါးပါးသီလတို့သည် သူတစ်ပါး ဆင်းရဲဒုက္ခမရောက်အောင် မိမိလည်း လူသားပီသပြီး သံသရာအတွက် ဆင်းရဲဒုက္ခမရောက်အောင် စောင့်ထိန်းရမည့် သီလများ ဖြစ်ပါသည်။ ငါးပါးသီလသည် လူသားတိုင်း စောင့်ထိန်းလိုက်နာရမည့် လူကျင့်ဝတ်များဖြစ်သောကြောင့် လူသားတိုင်းစောင့်ထိန်းရန် အထူးလိုအပ်ပါသည်။


ရှစ်ပါးသီလသည် မိမိစိတ်ကို မြင့်မြတ်အောင် အမှန်စင်စစ် စောင့်ထိန်းရသော သီလမျိုးဖြစ်သောကြောင့် “အရိယဥပုသ်”ဟု ခေါ်ပါသည်။ ထိုအရိယဥပုသ်သည် စောင့်ထိန်းသောသူသည် သီလဆောက်တည်ပြီးနောက် ဘုရားတရားသံဃာစသော ဂုဏ်တော်တစ်ပါးပါးကိုဖြစ်စေ၊ မိမိ၏ဒါနကုသိုလ်၊ သီလကုသိုလ်တစ်မျိုးမျိုးကိုဖြစ်စေ အာရုံပြု၍ တရားဘာဝနာ ပွားများနေရပါသည်။


သို့မှသာလျှင် မိမိစိတ်ဝယ် လောဘ၊ ဒေါသ၊ မောဟ၊ မာနစသော အကုသိုလ်စိတ်များ နည်းသည်ထက် နည်းပါး၍ စိတ်နေစိတ်ထား မြင့်မြတ်လာပါလိမ့်မည်။ ထို့ကြောင့် ဥပုသ်စောင့်သည်ဆိုသည်မှာ သီလမည်ရုံသာမက ဘာဝနာနဲ့လည်း အပေါင်းအဖော် ဖြစ်ပါသည်။ ဥပုသ်စောင့်သောအခါ ကဲ့ရဲ့ခံရမည်ကို ကြောက်သောကြောင့် လည်းကောင်း၊ အိမ်နီးချင်း ရိုသေမှု ရချင်သောကြောင့်လည်းကောင်း၊ သူများတကာ ဥပုသ်စောင့်သည်ကိုမြင်၍ ယောင်ဝါးဝါးလိုက်စောင့်ခြင်းစသည်တို့ မဖြစ်ရန်လိုပါသည်။


ဤနေရာ၌ ရှစ်ပါးသီလသည် သူတော်ကောင်းဥစ္စာ(၇)ပါး၌ပါဝင်သော သီလနဲ့မဆိုင်ပါ။ “လူကောင်း”တစ်ယောက်ဖြစ်အောင် စောင့်ထိန်းရမည့် သီလသည် ငါးပါးသီလပင်ဖြစ်သော်လည်း လူအများ စောင့်နေကြသော ရှစ်ပါးသီလတွင် ပါဝင်သော ကျန်သောသီလတို့၏ အကျိုးတရားများ သိရှိနားလည်အောင် အနည်းငယ်မျှ ရေးသားတင်ပြလိုက်ပါသည်။

နောက်တစ်ပါတ်တွင် ဆက်လက်ရေးသားတင်ပြပါမည်။

Wednesday, June 16, 2010

သီလ၏ အဓိပ္ပါယ်


သီလဆိုသည်မှာ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတို့ကို ရုန့်ရင်းကြမ်းတမ်းမှုမရှိစေဘဲ နူ့ညံ့သိမ်မွေ့အောင် ကောင်းစွာထားတတ်သောကြောင့်လည်းကောင်း၊ ကုသိုလ်တရားတို့ကို အဆင့်ဆင့်တိုးပွားအောင် ကောင်းစွာ လုပ်ဆောင်တတ်သောကြောင့်လည်းကောင်း သီလဟု ခေါ်ဆိုပါသည်။

တစ်နည်းအားဖြင့် သီသ-ဦးခေါင်းဟူသော စကားမှ ဆင်းသက်ရွေ့လျောလာ၍ သီသမှသီလဟု ပြောင်းလဲ လာခဲ့သည်။ သတ္တ၀ါများ ဦးခေါင်းပြတ်သွားလျှင် တစ်ကိုယ်လုံးပျက်စီးသွားသကဲ့သို့ လူတစ်ယောက်မှာ သီလတရားပျက်စီးသွားလျှင်လည်းကောင်း၊ သီလတရားမရှိလျှင်လည်းကောင်း ကုသိုလ်ဟူသမျှ မရရှိနိုင်တော့၍ အလုံးစုံပျက်စီးသွားတော့သည်ဟု ဆိုလိုပါသည်။ တစ်နည်းအားဖြင့် လောက၌ အပူအေးငြိမ်းခြင်းကို “သီတလ”ဟု ခေါ်ကြ၏။ ထို“သီတလ”မှ အလယ်အက္ခရာ (တ၀မ်းပူ)ဖြုတ်၍ သီလဟု ခေါ်ကြပါသည်။ သတ္တ၀ါ တို့၏ သန္တာန်၌ ကိလေသာအပူဟူသမျှတို့ကို ငြိမ်းအေးအောင် ပြုလုပ်ပေးတတ်သောကြောင့် သီလဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။

ထို့ပြင် သီလဆိုသည်မှာ ကောင်းသောအကျင့်ဟု ဆိုလိုပါသည်။ ကောင်းသောအကျင့်ဆိုသည်မှာလည်း.....

၁။ မိမိ၏စိတ်ကို ကောင်းစွာထားရှိခြင်း။
၂။ မိမိလုပ်သောအလုပ်သည် ကောင်းသောအလုပ်သာဖြစ်ခြင်းဟု နှစ်မျိုးရှိပါသည်။

မိမိ၏စိတ်ကို ကောင်းစွာထားရှိခြင်း

မိမိ၏စိတ်ကို ကောင်းစွာထားရှိခြင်းဆိုသည်မှာ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတို့ကို ဖရိုဖရဲမရှိစေရန် ထိန်းသိမ်းခြင်းကို ဆိုလိုပါသည်။ သီလမစောင့်ထိန်းသောသူ၏ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတို့သည် အထိန်းမရှိသောချည်းကဲ့သို့ ဖရိုဖရဲဖြစ်နေတတ်ပါသည်။ သီလစောင့်ထိန်းထားမှသာ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတို့ကို ဖရိုဖရဲမဖြစ်အောင် ထိန်းနိုင်ပါလိမ့်မည်။

စိတ်နေစိတ်ထား ခက်ထန်ကြမ်းတမ်းသူ တစ်ယောက်သည် သီလစောင့်ထိန်းထားပါက အခြားသောသူများ သည်းမခံနိုင်လောက်အောင် လာရောက်ပြောဆို ရန်စပါသော်လည်း သီလစောင့်ထိန်းထားသောကြောင့် အတုန့်အပြန်လက်စားချေလိုသော ကာယကံမှု၊ ၀စီကံမှု၊ မနေကံမှု သောင်းကျန်းးမှုများမဖြစ်အောင် ကောင်းစွာ ထိန်းနိုင်ပါလိမ့်မည်။ အကယ်၍ ထိုသို့မဟုတ်ဘဲ သီလဆောက်တည်မထားပါက ထိုသူ၏ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတို့သည် တားမရဆီးမရဖြစ်ပြီး ဖရိုဖရဲ သောင်းကျန်းမှုများ ပြုလုပ်မည်မှာ သေချာသလောက် ဖြစ်ပေသည်။

မိမိအလုပ်သည် ကောင်းသောအလုပ်ဖြစ်ခြင်း

ကုသိုလ်တရားမှန်သမျှသည် သီလနဲ့မကင်းသောကြောင့် သီလရှိသောသူသည်သာလျှင် ကောင်းသောကုသိုလ် အလုပ်တို့ကို လုပ်ဖြစ်ပါလိမ့်မည်။ သီလသည် ကုသိုလ်တရားတို့၏ မူလအကြောင်းရင်းဖြစ်၍ သီလကိုအခြေခံပြီး ကောင်းသောအလုပ်တို့ကို လုပ်ကြရပါသည်။ သီလမရှိသောသူသည် ကောင်းသောအလုပ်တို့ကို လုပ်ဖြစ်ပါသော်လည်း ထိုလုပ်သောကောင်းမှုကုသိုလ်တို့သည် သီလရှိပြီးလုပ်သောသူလောက် အကျိုးပေးထက်သန်မှု မရှိပေ။

ထို့ကြောင့် ဒါန သီလ ဘာဝနာဟူသော အကျင့်လမ်းစဉ်၌ ဒါနကိုရှေ့၌ထား၍ ဖော်ပြထားသော်လည်း သီလကိုအခြေခံ၍ပြုလုပ်သော ဒါနကုသိုလ် ဘာဝနာကုသိုလ်တို့သည် ပိုမို၍အကျိုးပေးထက်သန် စည်ပင်ပြန့်ပြောပါသည်။ သို့ဖြစ်၍ အလှူအတန်းများ၌ ရေစက်မချမီ ငါးပါးသီလ၊ ရှစ်ပါးသီလတစ်ခုခု ခံယူဆောက်တည်ပြီးမှ အလှူဒါနကို ရေစက်ချပေးခြင်းသည် ထိုအလှူဒါနအား အကျိုးပေးထက်သန်အောင် ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။

ဒါနထက် သီလမြတ်ပုံ

ဒါနထက် သီလမြတ်သည်ဟုပြောလျှင် သာမန်တွေးတောကြည့်ပါက ၀န်ခံရန် ခဲယဉ်းပေးလိမ့်မည်။ သို့သော် လေးလေးနက်နက်စဉ်းစားကြည့်ပါက ခိုင်မာသောအကြောင်းအရာ အချက်အလက်တို့ကို တွေ့ရပါလိမ့်မည်။ ကောင်းမှုကုသိုလ် အလုပ်မှန်သမျှတို့သည် သူတစ်ပါးမဆင်းရဲအောင် စောင့်ရှောက်သောအလုပ်နှင့် သူတစ်ပါးချမ်းသာအောင် ကူညီသောအလုပ်များ ဖြစ်ပါသည်။

ဒါနအလုပ်နှင့် သီလအလုပ်နှစ်မျိုးတွင် ဒါနသည် သူတစ်ပါးချမ်းသာအောင် ပြုလုပ်ပေးသော အလုပ်ဖြစ်၍ သီလအလုပ်သည် သူတစ်ပါးဆင်းရဲဒုက္ခမရောက်အောင် စောင့်ရှောက်သောအလုပ် ဖြစ်ပေသည်။ ထိုဒါနအလုပ်နှင့် သီလအလုပ်တို့ကို နားလည်အောင် ရှင်းပြမှသာလျှင် ဘယ်အရာက ပိုမြတ်ကြောင်းကို သိသာထင်ရှားပြီး နားလည်လိမ့်မည်ဖြစ်သောကြောင့် ထိုနှစ်မျိုး၏အကျယ်ကို အနည်းငယ်ရှင်းပြလိုပါသည်။

ဒါနအလုပ်ဆိုသည်မှာ

ဒါနအလုပ်ဆိုသည်မှာ “ဘယ်သူမပြု မိမိမှု”ဟု ဆိုသည့်အတိုင်း သတ္တ၀ါတစ်ဦးတစ်ယောက်သည် သူကံအားလျော်စွာ ဆင်းရဲနေသူကို မိမိကကူညီထောက်ပံ့ခြင်း၊ စွန့်ကြဲပေးကမ်းခြင်းသည် ဒါနအလုပ် ဖြစ်ပါသည်။ ထို့အတူ ပစ္စည်းလေးပါးရှားပါးသော ရဟန်းသာမဏေတို့အား လှူဒါန်းခြင်းသည်လည်း ကူညီရာရောက်သော ဒါနအလုပ်ပင် ဖြစ်ပါသည်။ ဘုန်းကံကြီးမား၍ ပစ္စည်းလေးပါးပေါများသော ရဟန်း သာမဏေတို့အား ထိုရဟန်းသာမဏေတို့ထံ၌ မရှိသေးသော ပစ္စည်းအရာဝတ္ထုများကို လှူဒါန်းခြင်းသည်လည်း ကူညီရာရောက်သော ဒါနအလုပ်ပင် ဖြစ်ပါသည်။

ထို့ကြောင့် ဒါနအလုပ်ဟူသမျှသည် ဆင်းရဲသူများမှအစ ရဟန်းသံဃာအားလုံးအပါအ၀င် ကမ္ဘာပေါ်မှာရှိသော သတ္တ၀ါအားလုံးတို့အား ချမ်းသာအောင် ကူညီစောင့်ရှောက်သော အလုပ်ကောင်းတစ်မျိုးဖြစ်ပါသည်။

သီလအလုပ်ဆိုသည်မှာ

သီလအလုပ်ဆိုသည်မှာ သူတစ်ပါးဆင်းရဲဒုက္ခမရောက်အောင် စောင့်ရှောက်ထိန်းသိမ်းသော အလုပ်ဖြစ်ပါသည်။ ပါဏာတိပါတာဝေရာမဏိစသော သီလသိက္ခာပုဒ်များကို မစောင့်ထိန်းဘဲ တွေ့သမျှသတ္တ၀ါတို့အား လိုက်၍ သတ်နေလျှင် အသတ်ခံရသော ပုဂ္ဂိုလ်သတ္တ၀ါများ မည်မျှဆင်းရဲ ဒုက္ခရောက်မည်ကို စဉ်းစားကြည့်လျှင် သိနိုင်ပါသည်။ “ပါဏာတိပါတ”သိက္ခာပုဒ်မစောင့်ထိန်းဘဲ သတ်ချင်းတိုင်း သတ်နေကြသည့်အတွက် မြစ်, ပင်လယ်, ချောင်းများ၌ရှိသော ငါးစသောသတ္တ၀ါများ၊ မြို့ရွာတို့၌ရှိသော နွား၊ ကျွဲ၊ ဆိတ်၊ ကြက်၊ ၀က်၊ ငှက်အစရှိသော သတ္တ၀ါများ အသတ်ခံရ၍ မည်မျှဆင်းရဲရှာကြမည်ကိုလည်းကောင်း၊ လူအချင်းအချင်း ညှင်းပန်းနှိက်စက်ပြီး ရက်စက်စွာသတ်ဖြတ်မှုမှစ၍ စစ်အကြီးအကျယ်ဖြစ်ပြီး သွေးယိုစီးကျအောင် သတ်နေကြသည်ကိုလည်းကောင်း၊ ကမ္ဘာအရပ်ရပ်ဝယ် စစ်ဖြစ်တော့မည်ဟုကြားရလျှင် လူသားများ မည်မျှစိတ်ဆင်းရဲရသည်ကိုလည်းကောင်း စဉ်းစားကြည့်ပါက ၀မ်းနည်းဖွယ်ကောင်းလှပါသည်။ “ပါဏာတိပါတ” သီလတစ်ပါးကို မစောင့်ထိန်းနိုင်သောကြောင့် တစ်ယောက်နှစ်ယောက်ကစ၍ ကမ္ဘာပေါ်မှာရှိသော သတ္တ၀ါ အားလုံး ဆင်းရဲဒုက္ခရောက်နေကြရသည် မဟုတ်ပါလော။

“ပါဏာတိပါတ”သီလကို စောင့်ထိန်း၍ ရှောင်ကြဉ်လိုက်နာကြပါမှု သတ်ပုတ်ရိုက်နှက် ညှင်းပန်းနှိက်စက်ခံရ၍ မျက်ရည်တလည်လည်းနဲ့ အားငယ်ကြရသောဆင်းရဲ၊ မချိမဆံ့ခံစားကြရသောဆင်းရဲများမှ ကယ်ဆယ်ရာ ရောက်သောကြောင့် ဤသီလကို စောင့်ထိန်းသင့်ပါသည်။ တစ်ယောက်စောင့်ထိန်းလျှင် တစ်ယောက်အတွက်၊ နှစ်ယောက်စောင့်ထိန်းလျှင် နှစ်ယောက်အတွက်စသည်ဖြင့် ကမ္ဘာပေါ်ရှိသတ္တ၀ါအားလုံး စောင့်ထိန်းလျှင် သတ္တ၀ါအားလုံးအတွက် ထိုဆင်းရဲမျိုးမခံစားရတော့ဘဲ တွေ့မြင်သမျှသော သတ္တ၀ါတို့အပေါ်၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားများထားလျှင် အလွန်ကျက်သရေရှိ၍ စိုစိုပြေပြေနဲ့ ပျော်ရွှင်စရာကောင်းသော ကမ္ဘာကြီး ဖြစ်နေမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။

ဒါနနှင့်သီလ နှိုင်းယှဉ်ချက်

အထက်၌ဖော်ပြခဲ့သော “ပါဏာတိပါတ”သီလတစ်ပါးတည်းနဲ့ပင် ဒါနနှင့်နှိုင်းယှဉ်ကြည့်လျှင် သီလက သာလွန်မြင့်မြတ်ကြောင်း သိသာထင်ရှားလှပါသည်။ သူတစ်ပါးက တစ်စုံတစ်ရာပေး၍ စိတ်ချမ်းသာနေသူ တစ်ယောက်နှင့် အသတ်ခံရမည့်ဆဲဆဲမှ လွတ်မြောက်လာ၍ စိတ်ချမ်းသာနေသူ တစ်ယောက်၏ ချမ်းသာသုခ ခံစားရပုံချင်း နှိုင်းယှဉ်ကြည့်လျှင် တစ်စုံတစ်ခုရ၍ ချမ်းသာမှုထက် အသတ်ဘေးမှ လွတ်မြောက်လာသူ၏ ချမ်းသာမှုက အဆရာထောင်မက သာလွန်မည်ကို စဉ်းစားကြည့်သူတိုင်း သိမြင်ပါလိမ့်မည်။

အစာမစားရလျှင် သေရတော့မည့်သူကို အစာကျွေးလိုက်သဖြင့် စိတ်ချမ်းသာမှုရသောသူသည် အသတ်ခံရတော့မည့်ဘေးမှ လွတ်မြောက်ခွင့်ရခဲ့သူ၏ စိတ်ချမ်းသာမှုကို မီနိုင်လိမ့်မည် မဟုတ်ပါ။

ထိုမှတစ်ပါး “အဒိန္နာဒါန”သီလကို စောင့်ထိန်းကြလျှင် ကမ္ဘာပေါ်မှာ သို့မဟုတ် မိမိ၏ပတ်ဝန်းကျင်မှာ ခိုးယူတိုက်ဖျက်လုယက်မှုများကင်း၍ စိတ်ချမ်းသာစွာဖြင့် နေရပါလိမ့်မည်။ “ကာမေသုမိစ္ဆာစာရ”သီလကို စောင့်ထိန်းကြလျှင် သူတစ်ပါး၏ သားမယားကို ဖျက်ဆီးမှု၊ မုဒိမ်းမှု၊ လင်ခိုး မယားခိုး နောက်မီးလင်းခြင်းများကင်းပြီး စိတ်ချမ်းသာစွာဖြင့် နေရပါလိမ့်မည်။ “မုသာဝါဒ”သီလကို စောင့်ထိန်းကြလျှင် မိတ်ပျက်ခြင်းစသည့်တို့ကင်းပြီး တစ်ဦးကိုတစ်ဦး ချစ်ခင်မှုများဖြစ်ကြပြီး စီးပွားပျက်သော အခြေအနေများ မဖြစ်ကြရ၍ စိတ်ချမ်းသာစွာဖြင့် နေရပါလိမ့်မည်။ “သုရာမေရယ”သီလကို စောင့်ထိန်းကြလျှင် မူးရူးပြီးမိုက်မဲစွာဖြင့် အော်ဟစ်ဆဲရေးသောင်းကျန်းမှုများ၊ ပတ်ဝန်းကျင်ကို နှောက်ယှက်မှုများ၊ ရန်ဖြစ်မှုများ ဖြစ်၍ ရုံးရောက်တတ်မှုများ ကင်းဝေး၍ အားလုံးသောပုဂ္ဂိုလ်များ စိတ်ချမ်းသာမှုများ ရရှိပါလိမ့်မည်။

` ဤကဲ့သို့ အခြားသောသီလတို့ကို စောင့်ထိန်းလျှင် မည်သို့မည်မျှ ချမ်းသာမှုရမည်ကို စဉ်းစားကြည့်လျှင် သိနိုင်ပေလိမ့်မည်။ ဤနေရာ၌ “ပါဏာတိပါတသီလ”၏ အကျယ်ကို သိရလျှင် ကျန်သောအဒိန္နာဒါနအစရှိသော သီလတို့၏ အကျယ်ကိုလည်း ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားကြည့်ကြပါကုန်။

ကူဋဒန္တပုဏ္ဏားကြီးက အလှူဒါနအကြီးအကျယ်ပေးလို၍ အဘယ်ကဲ့သို့ ပြုလုပ်ရမည်နည်းဟု မြတ်စွာဘုရားရှင်ကို လျှောက်ထားသောအခါ ဘုရားရှင်က သူများကို ချမ်းသာအောင် အလှူဒါနပေးလှူခြင်းထက် သူတစ်ပါး ဆင်းရဲဒုက္ခမရောက်အောင် ငါးပါးသီလအစရှိသော သီလတို့ကို စောင့်ထိန်းခြင်းက သာ၍မွန်မြတ်ကြောင်း ဟောကြားခဲ့ပါသည်။

သို့ဖြစ်၍ အနည်းဆုံး ငါးပါးသီလကို မိမိကိုယ်တိုင်စောင့်ထိန်း သူတစ်ပါးတို့ကိုလည်း စောင့်ထိန်းအောင် နည်းပေးလမ်းညွှန်မှု ပြုလုပ်ပေးပြီး သတ္တ၀ါအားလုံးတို့အပေါ်၌ မေတ္တာ ကရုဏာထားနိုင်မည်ဆိုလျှင် ထိုသူသည် ”လူကောင်း”တစ်ယောက် အရည်အချင်းနဲ့ ပြည့်စုံသောကြောင့် “လူကောင်း” တစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။

နောက်တစ်ပါတ်တွင် သီလ၏ ကောင်းကျိုးဆိုးကျိုးများကို ဆက်လက်ရေးသားတင်ပြပါမည်။

Friday, June 11, 2010

သုမနပန်းသည်၏ သဒ္ဓါတရား ကောင်းမွန်ပုံ

သုမနပန်းသည်သည် ဗိမ္ဗိသာရမင်းကြီးကို နေ့စဉ်မပြတ် နံနက်တိုင်း ပန်းဆက်သရပါသည်။ ထို့သို့ဆက်သလျှင် တစ်နေ့ကို အသပြာရှစ်ကျပ်ရလေသည်။ တစ်နေ့ဝယ် သုမနပန်းသည်သည် မင်းကြီးကို ဆက်သရန် မြတ်လေးပန်းတို့ကို ယူဆောင်လာစဉ် မြို့ထဲသို့ ဆွမ်းခံကြွလာသော ဘုရားရှင်နဲ့တွေ့၍ ဖူးမြင်ရသောအခါ ကြည်ညိုသောသဒ္ဓါတရားများ တဖွားဖွား ဖြစ်ပေါ်လာသဖြင့် လှူရန်ပစ္စည်းလိုက်ရှာကြည့်သောအခါ တစ်စုံတစ်ခုသောဝတ္ထုကိုမျှ မမြင်ဘဲ ဖြစ်နေပါသည်။


ထိုအခါ သုမနပန်းသည်သည် ”ယခု ငါယူလာခဲ့သော မင်းကြီးအား ဆက်သရမည့်ပန်းတို့ကို လှူဒါန်းပူဇော်မည်။ မင်းကြီးသည် သူ့ကို ဆက်သရမည့် ပန်းတို့ကို မဆက်သ၍ ငါ့ကိုဖမ်းချင်လည်း ဖမ်းပါစေ၊ သတ်ချင်လည်း သတ်ပါစေ၊ တိုင်းပြည်မှ နှင်ထုတ်ချင်လည်း နှင်ထုတ်ပါစေ၊ ထိုမင်းကို ဆက်သလျှင် ငါ့အား တစ်ဘ၀စာ လုံလောက်ရုံမျှသော ဥစ္စာများကိုသာ ပေးလိမ့်မည်။ ဘုရားရှင်အား လှူဒါန်းလျှင် တစ်သံသရာလုံး၌ ချမ်းသာမည့်အပြင် အမြတ်ဆုံး အချမ်းသာဆုံးဖြစ်တဲ့ နိဗ္ဗာန်ကိုလည်း ရောက်ပေလိမ့်မည်” ဟု ယုံကြည်ခြင်းသဒ္ဓါတရား လွန်ကဲစွာဖြင့် မိမိအသက်ကို ပဓာနမထားဘဲ မတွန့်မဆုတ်သော သဒ္ဓါတရားဖြင့် မြတ်လေးပန်းတို့ကို လှူဒါန်းပူဇော်လေသည်။


သုမနပန်းသည် လှူဒါန်းသော ပန်းတို့သည် ဘုရားရှင်၏ ဦးထိပ်အထက် လက်ဝဲလက်ယာ ခြံရံလျက် လိုက်ပါကြလေသည်။ စိတ်မရှိသော ပန်းတို့သည် စိတ်ရှိသော ဘုရားရှင်ကို အမှီပြု၍ စိတ်ရှိသကဲ့သို့ ဘုရားရှင်နဲ့အတူတကွသာလျှင် တည်နေကြ၏။ ဘုရားရှင်ကြွတော်မူလျှင် လိုက်ပါသွားပြီး ဘုရားရှင်ရပ်တော်မူလျှင် ရပ်နေကြကုန်၏။ သုမနပန်းသည်သည် မိမိလှူသောပန်းတို့နှင့် မြတ်စွာဘုရားရှင်၏ တင့်တယ်ခြင်းတို့ကို မြင်ရသောအခါ ခန္ဓာကိုယ်တစ်ခုလုံး၌ ပီတိများဖြင့် ပြည့်နေလေသည်။


သုမနပန်းသည်သည် ဘုရားရှင်ကို ရှိခိုးပြီးလျှင် ပန်းမရှိသောခြင်းကိုကိုင်ပြီး အိမ်သို့ပြန်လာလေသည်။ အိမ်ရောက်သောအခါ သူ့၏မယားအား ဘုရားရှင်ကို ပန်းတို့ဖြင့် ပူဇော်ခဲ့ကြောင်း ပြောပြရာတွင် မယားဖြစ်သူက ထိတ်လန့်ခြင်းများဖြစ်ပြီး ”ထိုပန်းတို့ကို ဘုရားရှင်အားလှူဒါန်းခဲ့လျှင် မင်းကြီးအား ဆက်သရန် မည်ကဲ့သို့လုပ်မည်နည်း”ဟု မေးလေသည်။


ထိုအခါ သုမနပန်းသည်က ”ချစ်နှမ ငါသည် ငါ့အသက်ကို ပဓာနမထားဘဲ ငါ့အသက်ကိုစွန့်လွှတ်ပြီး လှူဒါန်းခဲ့ခြင်းဖြစ်သည်။ မင်းကြီးသည် ငါ့အား ပေးချင်သည့်ပြစ်ဒဏ်ပေးပါစေ အသင်ချစ်နှမသည် လူအပေါင်းတို့ ကြွေးကြော်သော အသံကို မကြားဘူးလား၊ ထိုအသံသည် ငါပန်းပူဇော်ရာ၌ အံ့ဖွယ်သရဲဖြစ်၍ ကြွေးကြော်ကြသော အသံဖြစ်ပေသည်”ဟု ပြောလေသည်။ မိုက်မဲတွေဝေလှသော သုမနပန်းသည်၏ မယားသည် ဤသို့အံ့ဖွယ်ဖြစ်သော အလှူဒါန၌ ကြည်ညိုနှစ်သက်ခြင်းမဖြစ်ဘဲ လင်ဖြစ်သူအား “မင်းတို့မည်သည် တစ်ကြိမ်ဖြစ်သောအမှုဖြင့် လက်ခြေတို့ကိုဖြတ်ခြင်း အစရှိသော အကျိုးစီးပွါးမဲ့အောင် ပြုလုပ်တတ်ကုန်၏။ အသင်ပြုသော အမှုသည် ငါ့နဲ့မဆိုင်”ဟု ဆဲဆိုပြီးလျှင် ကလေးများကိုခေါ်၍ မင်းနန်းတော်သို့သွားပြီး မင်းကြီးအား သူမ၏လင် သုမနပန်းသည်ပြုလုပ်သော အမှုကိစ္စသည် သူနဲ့မပတ်သတ်ကြောင်း ကြိုတင်လျှောက်ထားလေသည်။


အမှာစာ=ထိုကဲ့သို့ ဇနီးမောင်နှံနှစ်ယောက်သည် စိတ်ဓာတ်ချင်း မတူပါက ပစ္စုပ္ပန်ဘ၀တွင်သာ ဒုက္ခရောက်သည်မဟုတ်၊ သံသရာတစ်လျှောက်လုံးပါ ဒုက္ခရောက်နိုင်ပါသည်။ ဇနီးမောင်နှံနှစ်ယောက်တွင် တစ်ဦးက ဒါန၊ သီလ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှုများကို လုပ်ချင်သော်လည်း ကျန်တစ်ဦးက မလုပ်ချင်၍ တားမြစ်ပိတ်ပင် ချောက်တွန်းမည်ဆိုလျှင် ကောင်းမှုကုသိုလ် လုပ်ချင်သောသူသည် မျက်မှောက်တမလွန် နှစ်ဖြာလုံးပါ ဒုက္ခနဲ့ရင်ဆိုင်ရမည်မှာ သေချာပါသည်။ ထို့ကြောင့် အိမ်ထောင်ပြုသည်ဆိုသည်မှာ မျက်မှောက်ဘ၀ကိုသာကြည့်၍ အိမ်ထောင်မပြုသင့်ပါ။ တမလွန်အတွက်ပါကြည့်ပြီး ဇနီးမောင်နှံရွေးချယ်သင့်ပါသည်။


မိမိနှင့်အိမ်ထောင်ပြုမည့်သူသည် မိမိကဲ့သို့သော စိတ်သဘောထား၊ ဘာသာတူမတူ၊ ဘာသာရေးလိုက်စားမှုရှိမရှိစသော အချက်အလက်တို့ တူညီမှုရှိရန် အထူးလိုအပ်ပါသည်။ သို့မှသာ မျက်မှောက်ဘ၀၌လည်း သာယာပျော်ရွှင်အောင်၊ စီးပွားရေးတိုးတက်အောင်၊ အိမ်ထောင်ရေးအဆင်ပြေအောင် နေနိုင်မည့်အပြင် တမလွန်အတွက်လည်း ကောင်းမှုကုသိုလ်ပြုလုပ်သောအခါ နှစ်ဦးသဘောတူ ပြုလုပ်ရ၍ စိတ်ပျော်ရွှင်မှုရရှိပြီး ချမ်းသာသုခမှန်သမျှတို့ကို မျက်မှောက်တမလွန်နှစ်ဖြာလုံး၌ ရရှိမည်ဖြစ်ပါသည်။


ထိုသို့မဟုတ်ဘဲ စိတ်ထားမတူ၊ ဘာသာမတူ၊ ဘာသာရေးလိုက်စားမှု မတူညီသောသူတို့ အိမ်ထောင်ကျလျှင် ထိုအိမ်ထောင်ရေးသည် မျက်မှောက်ဘ၀၌ ချမ်းသာစွာနေခဲ့ရလျှင်တောင်မှ တမလွန်ဘ၀အတွက် စိတ်အေးရမည် မဟုတ်ပေ။


ယခုခေတ်ကာလ၌ အိမ်ထောင်ပြုနေကြသူများကို လေ့လာကြည့်သောအခါ ငွေကြေးဥစ္စာနှင့် ရာထူးဂုဏ်သိက္ခာတို့ကို ကြည့်၍လည်းကောင်း တဏှာကို ဦးစားပေး၍လည်းကောင်း အိမ်ထောင်ပြုနေကြသည်က များနေသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့ အိမ်ထောင်ပြုကြသူတို့သည် အသိဉာဏ်ဗဟုသုတ နည်းပါးသောကြောင့်လည်းကောင်း၊ ဘာသာရေးစိတ်ဓာတ် နည်းပါးသောကြောင့်လည်းကောင်း မိုက်မဲစွာဖြင့် အိမ်ထောင်ပြုကြခြင်း ဖြစ်သည်ဟု ထင်မြင်မိပါသည်။


ဇနီးမောင်နှံနှစ်ယောက်တွင် အနည်းဆုံးတူညီရမည့် အချက်တို့မှာ စိတ်သဘောထား၊ ဘာသာနှင့် ဘာသာရေးးလိုက်စားမှု၊ နားလည်ပေးမှုတို့ရှိမှသာလျှင် မျက်မှောက် တမလွန်နှစ်ဖြာလုံး၌ ကိုယ်စိတ်နှစ်ပါးချမ်းသာစွာဖြင့် နေနိုင်လိမ့်မည်ဟု ထင်မြင်မိပါသည်။


မိမိသည် ယခုအခါ လူ့ဘ၀ကို ရရှိနေသောကြောင့် ယခုဘ၀ထက် တမလွန်ဘ၀ကို ဦးစားပေး၍ ဘယ်ကိစ္စမဆို ပြုလုပ်ရပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ယခု မိမိသည် လူ့ဘ၀ကို ရရှိနေပြီးဖြစ်သည့်အတွက် ထမင်းမစားရလို့ ငတ်သေရင်တောင် အကုသိုလ်မလုပ်မိပါက စိုးရိမ်ပူပန် ကြောက်လန့်စရာ မရှိပါ။ နောင်ဘ၀တွင် အကုသိုလ်မကောင်းမှု မရှိသောကြောင့် ကောင်းသောဘ၀မှာဖြစ်ရပြီး ကောင်းကျိုးများကို ခံစားရမည်မှာ သေချာပါသည်။ ထို့ပြင် မိမိသည် အရင်ဘ၀က ကောင်းမှုကုသိုလ်ရှိခဲ့သောကြောင့် အသိဉာဏ်ရှိသော လူ့ဘ၀မှာ ရောက်လာပြီး ဖြစ်သည့်အတွက် ဒီဘ၀သည် နောက်ဘ၀လောက် ပူပန်းစရာ မလိုပါ။ နောက်ဘ၀မှာ မိမိသည် ဒီထက်နှိမ့်တဲ့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုသည့် အပါယ်လေးဘုံများ ရောက်မည်လား၊ ဒီထက်မြင့်သည့် နတ်ဘုံ၊ ဗြဟ္မာ့ဘုံများ ရောက်မည်လားဆိုတာ မသေချာသေးပါ။ ထို့ကြောင့် ယခုရနေတဲ့ လူ့ဘ၀အတွက်ထက် နောက်ဘ၀ကောင်းစားအောင် ကုသိုလ်ကောင်းမှုလုပ်ရန် အဓိကဦးစားပေး လုပ်ဆောင်သင့်ပါသည်။


အဆက်= ဗိမ္ဗိသာရမင်းကြီးသည် ရှေးဦးစွာ မြတ်စွာဘုရားရှင်ကို ဖူးမြင်ရစဉ်ကပင် သောတာပန်တည်ခဲ့သူ ဖြစ်၏။ “ဤမိန်းမသည် အလွန်မိုက်မဲတွေဝေလေစွ၊ ဤသို့သဘောရှိသော ဂုဏ်ကျေးဇူးတို့၌ နှစ်သက်ကြည်ညိုခြင်းကို မဖြစ်ဘဲ အပြစ်မြင်နေသည်မှာ အံ့သြဖွယ်ကောင်းလေစွ”ဟု မင်းကြီးသည် စဉ်းစားပြီးနောက် “အသင်ပန်းသည်မ ယခုအခါ သင်သည် သုမနပန်းသည်ကို စွန့်လွှတ်လိုက်ခြင်းသည် အလွန်ကောင်းပေစွ၊ သုမနပန်းသည်သည် ငါ့ကိုဆက်သရမည့် ပန်းတို့ကို ဘုရားရှင်အား လှူဒါန်းပူဇော်လိုက်ခြင်းကြောင့် ငါ့အကြောင်းကို သိစေရမည်”ဟု သုမနပန်းသည်ကို အမျက်ထွက်သည့်ဟန်ဖြင့် ပြောဆိုပြီး ပန်းသည်မကို ပြန်ခိုင်းလိုက်လေ၏။ ထိုမိန်းမသည် သူ့ကို အမှုမပတ်တော့သဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်ပြီး ပြန်သွားလေသည်။


ဗိမ္ဗိသာရမင်းကြီးသည် သုမနပန်းသည်ကို ခေါ်ခိုင်းပြီး ရောက်လာသောအခါ “ငါ့အားဆက်သရန် ယူဆောင်လာသော ပန်းတို့ကို အဘယ်သို့နှလုံးသွင်းပြီး ဘုရားရှင်အား လှူဒါန်းပူဇော်လိုက်ပါသလဲ”ဟု မေးသောအခါ သုမနပန်းသည်က “အရှင်မင်းကြီးသည် အကျွန်ုပ်အား သတ်လိုလည်း သတ်ပါစေ၊ တိုင်းပြည်မှ နှင်းထုတ်မှုလည်း နှင်းထုတ်ပါစေဟု အသက်ကိုစွန့်ပြီး လှူဒါန်းပူဇော်ခဲ့ပါသည်”ဟု လျှောက်ထားလေသည်။ ထိုကဲ့သို့ သုမနပန်းသည် ဖြေကြားပြီးသောအခါတွင် မင်းကြီးသည် သုမနပန်းသည်ကို ဆုတော်လာဘ်တော်များ ပေးလိုက်လေသည်။


သုမနပန်းသည်၏ အလှူဒါနသည် အံ့သြဖွယ်ကောင်းသောကြောင့် အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားရှင်အား ဘယ်လိုသောအကျိုးကျေးဇူးများ ရလိမ့်မည်နည်းဟု မေးလေ၏။ ထိုအခါ ဘုရားရှင်က “သုမနသည်သည် ငါ့ဘုရားအား ကြည်ညိုသောသဒ္ဓါတရား ပြင်းထန်စွာဖြစ်ပြီး အသက်ကိုစွန့်လွှတ်၍ လှူဒါန်းပူဇော်ပူဇော်ခဲ့ခြင်းကြောင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး အပါယ်လေးပါးသို့ မကျရောက်ရဘဲ သုမနမည်သော ပစ္စေကဗုဒ္ဓါ ဖြစ်လိမ့်မည်။ အကြင်သို့သော ကောင်းမှုကုသိုလ်ကို ပြုအပ်သည်၏အဖြစ်ကြောင့် နောင်တတဖန် ပူပန်ကြေကွဲဆင်းရဲခြင်း မဖြစ်၊ အောက်မေ့တိုင်း အောက်မေ့တိုင်းခဏ၌ နှစ်သက်ဝမ်းသာခြင်း ပီတိသောမနဿသာလျှင် ဖြစ်၍နေ၏။ ထိုကဲ့သို့ နောင်တတဖန် မပူပန်ရသော နှလုံးပီတိတို့ဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်၍ ဆည်းပူးကြိုးကုတ် အားထုတ်အပ်သော ကောင်းမှုကုသိုလ်၏ အကျိုးတရားသည် မျက်မှောက်တမလွန်နှစ်ဖြာလုံး၌ ကောင်းမွန်သောချမ်းသာသုခတို့ကိုသာ ခံစားရလိမ့်မည်”ဟု မိန့်ကြားတော်မူလေသည်။


ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် ကောင်းမှုကုသိုလ်ပြုလုပ်ခွင့်ရသော ဘုရားသာသနာနဲ့လည်း တွေ့ကြုံနေချိန်၊ လူ့ဘ၀ကိုလည်း ရရှိနေချိန်၊ ကောင်းမှုမကောင်းမှုကို ခွဲခြားတတ်သော ဗုဒ္ဓရဲ့အသိဉာဏ်ရှိနေချိန်တွင် ကောင်းမှုကုသိုလ်ကို မပြုလုပ်ပါက ထိုသူထက်မိုက်သောသူ အဘယ်မှာရှိတော့မည်နည်း။ ကောင်းမှုကုသိုလ်ပြုလုပ်သောအခါ၌လည်း သုမနပန်းသည်ကဲ့သို့ အသက်ကိုစွန့်ပြီး ယုံကြည်သောသဒ္ဓါတရား မဖြစ်နိုင်စေကာမှု သဒ္ဓါတရားအပြည့်အ၀ဖြင့် ယုံကြည်ပြီး လှူဒါန်းကြရန် လိုပါသည်။


သို့မှသာလျှင် သုမနပန်းသည်ကဲ့သို့ မျက်မှောက်ဘ၀မှာလည်း ချမ်းသာပြီး တမလွန်ဘ၀မှာလည်း နိဗ္ဗာန်သို့မရောက်သေးသမျှ ကာလပတ်လုံး ချမ်းသာသုခခံစားရာအမှန် လူ့ဘ၀၊ နတ်ဘ၀တို့သို့သာ ရောက်ရှိခံစားရမည် ဖြစ်ပါသည်။


သီလ၏ အဓိပ္ပါယ်ကို နောက်တစ်ပါတ်တွင် ဆက်လက်ရေးသား တင်ပြပါမည်။