Thursday, August 25, 2011
စာရေးသူဆောင်းပါးပါသော ဂျာနယ်အသစ်
စာရေးသူဆောင်းပါးပါသော ဂျာနယ်အားလုံးကို ဒေါင်းလော့ယူချင်ရင်တော့ ဒီနေရာမှာhttp://www.mediafire.com/myfiles.php ဒေါင်းယူလို့ ရပါတယ်။
Thursday, December 30, 2010
နိုက်ကလပ်မှ မြတ်ဗုဒ္ဓ
http://ashinayethaka.com/index.php?option=com_content&view=article&id=133:2010-12-28-00-20-44&catid=35:2010-11-13-06-53-37&Itemid=66
အပိုင်း(၂)
http://ashinayethaka.com/index.php?option=com_content&view=article&id=134:2010-12-28-20-20-03&catid=35:2010-11-13-06-53-37&Itemid=66
စိတ်ဝင်စားစရာကောင်းသလို ဗဟုသုတ အတုယုဖွယ်ကောင်းသောကြောင့် မျှဝေတင်ပေးလိုက်ခြင်း ဖြစ်ပေသည်။ တကယ့်ကို ဘာသာရေးအတွက် အရေးပါသော အကြောင်းအရာများ ဖြစ်ပေသည်။
Wednesday, September 29, 2010
မြန်မာပြည်နှင့် Sunday School အဆက်
သီရိလင်္ကာနိုင်ငံ၌ Sunday Schoolကို ၀ိုင်အမ်ဘီအေ(YMBA) အသင်းမှ (၁၉၀၁)ခုနှစ်တွင် စတင်တည်ထောင် ဖွင့်လှစ်သင်ကြားပေးခဲ့ပေသည်။ (၂၀၀၇)ခုနှစ်တွင် အစိုးရသည် ၀ိုင်အမ်ဘီအေ(YMBA)အသင်းမှတဆင့် လွဲပြောင်းတာဝန်ယူခဲ့သည်။ ယခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ Sunday School ပေါင်း (၉၂၁၂)ကျောင်း ရှိပါသည်။
ထိုကျောင်းများ၌ စေတနာမေတ္တာဖြင့် သင်ကြားပေးသော ဆရာဆရာပေါင်း (၁၄၃၀၈)ယောက် သင်ကြားပေးနေကြပါသည်။ သီရိလင်္ကာနိုင်ငံ၌ Sunday School တက်ရောက်နေသော ကျောင်းသား ကျောင်းသူစုစုပေါင်း (တစ်သန်းရှစ်သိန်းနှစ်သောင်း ငါးထောင်ခြောက်ရာခြောက်ဆယ်သုံး(၁၈၂၅၆၆၃) ယောက် ရှိပေသည်။ ကျောင်းသား ကျောင်းသူများအတွက် အဖြူရောင် ၀တ်စုံနှင့်ဗလာစာအုပ် ဘောလ်ပင်များကို အစိုးရမှ ထောက်ပံ့ပေးပါသည်။
အဓိကထားသင်ကြားပေးသည့် အကြောင်းအရာများမှာ အဘိဓမ္မာ၊ ပါဠိ၊ ဇာတ်တော်များနှင့် လူမှုကျင့်ဝတ် ယဉ်ကျေးစွာ နေထိုင်စားသောက်ပြောဆိုဆက်ဆံမှု များကို သင်ကြားပေးသည်။ သင်ကြားပေးသည့် အတန်းပေါင်းမှာ Great (1) မှ Great (12) ထိ (၁၂)ခု ခွဲခြားသတ်မှတ်ထားပေသည်။ Great (1) မှ Great (6) ထိကို ကျောင်းစစ်စာမေးပွဲ ကျင်းပပေးပြီး Great (7) မှ Great (12) ထိကို အစိုးရစစ်အဖြစ် သတ်မှတ်ဖြေဆိုရသည်။ Great (1) နှင့်(2) ၌ အင်္ဂလိပ်လိုပါ သင်ကြားပေးပြီး ကျန်သောအတန်းများ၌ မိခင်ဘာသာဖြင့်သာ သင်ကြားပေးကြပါသည်။
Sunday School အောင်မြင်ပြီးလျှင် အပြင်ကျောင်းပညာမရှိလျှင်လည်း တက္ကသိုလ်ဒီပလိုမာ တိုက်ရိုက်တက်ရောက်သင်ကြားနိုင်ပေသည်။ Sunday School ကျောင်းကို ဘုန်းတော်ကြီးကျောင်းများ၌ ညောင်ပင်ရိပ်အောက်၌သော်လည်းကောင်း ကျောင်းဆောင်အောက်များ၌လည်းကောင်း နေရာမလောက်လျှင် ကျောင်းကွင်းပြင်များ တွင် သင်ကြားကြသည်ကို တွေ့ရပေသည်။
ကျောင်းပိတ်ရက်များကို အတန်းစာသင်ကျောင်းများပိတ်ပေးသော ဧပြီ၊ ဇူလိုင်၊ ဒီဇင်ဘာလများတွင် ကျောင်းပိတ်ပေးပါသည်။ First Term မှာ ဧပြီလ တစ်လနား၊ Second Term တွင် ဇူလိုင်လ တစ်လနား၊ Third Term တွင် ဒီဇင်ဘာလ တစ်လနားပါ သည်။ အပြင်အတန်းကျောင်းများတွင်လည်း ဤကဲ့သို့ ကျောင်းနားရက်များအဖြစ် သတ်မှတ်ပေးပါသည်။ မြန်မာနိုင်ငံမှာကဲ့သို့ (၃)လတိတိ တိုက်ရိုက်ကျောင်းပိတ် ပေးခြင်း မဟုတ်ပေ။ အပြင်ကျောင်းများမှ တစ်ပါတ်ကို စနေ၊ တနင်္ဂနွေ ကျောင်း(၂)ရက်ပိတ် ပေးရာတွင် သီရိလင်္ကာကျောင်းသားများသည် စနေနေ့၌သာ နားရပြီး တနင်္ဂနွေနေ့၌ ဘုန်းတော်ကြီးကျောင်းများတွင် Sunday School တက်ရောက်ကြပါသည်။
သီရိလင်္ကာနိုင်ငံ ပညာရေးစနစ်သည် စာမသင်ရသော ကလေးဟူ၍ မရှိရအောင် ကလေးဟူသမျှ ပညာသင်ကြားရပေသည်။ အကယ်၍ မိဘများက မတတ်နိုင်လျှင် အစိုးရမှသော်လည်းကောင်း အလှူရှင်အဖွဲ့အစည်းမှသော်လည်းကောင်း ထောက်ပံ့ပေးပါ သည်။ ဤနိုင်ငံရှိ လူများသည် ပညာရေးကို မည်မျှလောက်ထိ စိတ်ဝင်စားသနည်းဆိုလျှင် အသက်(၅၀)ကျော်သောပုဂ္ဂိုလ်များ စာရေးသူတို့တက်ရောက် နေသော တက္ကသိုလ်တွင် လာရောက်ပညာသင်ကြားကြသည်ကို တွေ့ရှိရသောကြောင့် ပညာရေးကို အလွန်တန်ဖိုး ထားကြပါသည်။
ဤနိုင်ငံရှိ လူမျိုးများ၏ အားသာချက်တစ်ခုမှာ ကမ္ဘာသုံးအင်္ဂလိပ်စာကို ထမင်းစားရေသောက် လူတိုင်းလိုလို ပြောဆိုတတ်ခြင်း ဖြစ်ပေသည်။ အလုပ်သမား၊ ကားသမား၊ သုံးဘီးသမား၊ ဈေးရောင်းသူများမှစ၍ အင်္ဂလိပ်လို သူ့နေရာသူ ပြောဆို တတ်ကြသည်ကို တွေ့ရသောကြောင့် စာရေးသူတို့ မြန်မာနိုင်ငံထက် လူမှုဆက်ဆံရေး အတွက် သာလွန်သည်ကို တွေ့ရှိရပေသည်။ နိုင်ငံတကာမှ လာကြသော ဧည့်သည်များသည် ဧည့်လမ်းညွှန်မလိုဘဲ သွားချင်သည့်နေရာကို သွားလို့ရပေသည်။ စာရေးသူတို့လည်း မည်သည့်ကားကိုမဆို ငှား၍လည်းကောင်း လိုင်းကားစီး၍လည်းကောင်း အလွယ်တကူသွားနိုင်ခြင်းမှာ ဤနိုင်ငံရှိလူများ အင်္ဂလိပ်စာကို တီးမိခေါက်မိ တတ်ထားခြင်းကြောင့်ပင် ဖြစ်ပေသည်။
ထို့ကြောင့် စာရေးသူတို့ မြန်မာနိုင်ငံရှိ မြန်မာလူမျိုးများသည် တိုးတတ်နေသော အိုင်တီခေတ်ကြီး၌ ကမ္ဘာသုံးဖြစ်နေသည့် အင်္ဂလိပ်စာကို သူ့နေရာသူ အသုံးချတတ်ရန် ကမ္ဘာနှင့်ရင်ဘောင်တန်ပြီး ၀င်ဆန့်နိုင်ရန် မည့်သည့်အရွယ်မဆို လေ့လာလိုက်စားကြပါလို့ တိုက်တွန်းအကြံပေးလိုက်ရပါပေသည်။
အရှင်ကောမလ(ခ)ဆန်နီနေမင်း
Sanninaymin@gmail.com
သာသနတက္ကသီလဓမ္မာစရိယ
B.A (Buddhism)
M.A (university of Kelaniya)
Colombo, Sri lanka.
Sunday, September 26, 2010
မြန်မာပြည်နှင့် Sunday School
လောကတွင် “မပြုကောင်းသည်သာရှိ၍ မတတ်ကောင်းသည် မရှိပေ။ မတုပ ကောင်းသည်သာရှိ၍ မမြင်ကောင်းသည် မရှိပေ။ မလိုက်စားကောင်းသည်သာရှိ၍ မသိကောင်းသည်ဟူ၍ မရှိပါ”။ထို့ကြောင့် စာရေးသူတို့ သီရိလင်္ကာနိုင်ငံ၌ ပညာသင်နေကြသော သံဃာတော်များသည် မိခင်မြန်မာနိုင်ငံတွင် သီရိလင်္ကာနိုင်ငံမှ အတုယူစရာကောင်းသော ဘာသာရေးအလေးထားမှုလည်းဖြစ် လူသားတို့တွင် အသိပညာ ဘာသာရေးပညာ ယဉ်ကျေးမှုပညာများနှင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြင်နာ နားလည်မှုများရှိစေသည့်အပြင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး မည်သည့်လူသားမျှ မပြုကျင့် မဖြည့်စွမ်းနိုင်သည့် ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခဲ့ပြီး ခြောက်နှစ်တိတိ မသေရုံတမယ် ခက်ခဲလှသည့်အကျင့်ကိုကျင့်ကာ တစ်ရက်(၂၄)နာရီတွင် (၂)နာရီမျှ ခန္ဓာကိုယ်အတွက် အနားပေးပြီး (၄၅)နှစ်ကာလတာပတ်လုံး သတ္တ၀ါအားလုံးတို့အား စေတနာ မေတ္တာ ကရုဏာပေါင်းများစွာဖြင့် ဟောကြားပေးတော်မူခဲ့သော မြတ်ဗုဒ္ဓ၏ တရားတော်များ မပျောက်ကွယ်ရန်အတွက် သီရိလင်္ကာနိုင်ငံ၌ ကျင့်သုံးနေသော Sunday School ခေါ် ဗုဒ္ဓစာပေ ယဉ်ကျေးမှုစာပေများ သင်ကြားပေးမှုစနစ်များကို မြန်မာနိုင်ငံတွင် ကျင့်သုံးအကောင်အထည်ဖော်ရန် ၀ိုင်းဝန်းကြိုးစားလုပ်ဆောင်ပေးနိုင်ရန်အတွက် စည်းဝေးတိုင်ပင် ဆွေးနွေးအကြံပြုပွဲလေးကို (၂၅.၀၉.၂၀၁၀) ညနေ (၃)နာရီတွင် ပြုလုပ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင် Sunday School အကောင်အထည်ဖော်ရန်အတွက် စိတ်ပါဝင်စားသည့် သံဃာတော် (၁၈)ပါး တက်ရောက် ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ အဓိကထား တိုင်ပင်ခဲ့သည့် အကြောင်းအရာများမှာ ဒီနိုင်ငံ၌ ပညာသင်နည်းစနစ်များ၊ ပြဋ္ဌာန်းသင်ကြားသည့် ဘာသာရေးအကြောင်းအရာများ၊ အတန်းခွဲသင်ကြားပုံများ၊ သင်ကြားပေးခြင်း၏ အကျိုးရလဒ်များ၊ မိမိတို့ အမိမြန်မာပြည်နှင့် ဤနိုင်ငံ၏ မတူသည့် ဓလေ့ယဉ်ကျေးမှုများ၌ အစားထိုးသင်ကြားပေးသင့်သည့် ဘာသာရေးစာပေများစသည့် အကြောင်းအရာများကို ဆွေးနွေးအကြံပြု တိုင်ပင်ခဲ့ကြပါသည်။
ထိုဆွေးနွေးခဲ့သည့် အကြောင်းများနှင့် ဒီနိုင်ငံမှ မူရင်းပြဋ္ဌာန်းသည့် စာအုပ်များကို ဘာသာပြန်ပြီး သာသနာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်သံဃာ့မဟာနာယကဆရာတော် ကြီးများထံသို့ စာပေးဖို့ရန် တိုင်ပင်ခဲ့ကြသည်။ မြန်မာပြည်တွင် သင်ကြားရန်အတွက် သင်ရိုးညွန်တမ်းများ၌ ဤနိုင်ငံ၌ပြဋ္ဌာန်ထားသည့် စာအုပ်များကိုကြည့်၍ လိုအပ်သည့်များ ဖြည့်စွက်၊ ပယ်နှုတ်သင့်သည့်အချက်များကို ပယ်နှုတ်ကာ အတန်းအသီးသီအတွက် စာအုပ်များရေးသားရန် အသီးသီး တာဝန်ယူခဲ့ကြပါသည်။
ဤနိုင်ငံတွင် အတန်း(၁၂)တန်းခွဲကာ သင်ကြားပေးသောကြောင့် မြန်မာပြည်တွင်လည်း သူငယ်တန်းအပါအ၀င် အတန်း(၁၁)တန်းခွဲ၍သင်ကြားရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် စာအုပ်ထုတ်ရန်ကုန်ကျငွေ၊ Sunday School ကျောင်းများသို့ လိုအပ်သည့်များ လေ့လာရန် သွားခလာခစရိတ်၊ သူတို့သင်ကြားသည့် စာအုပ်များဝယ်ရန်ကုန်ကျငွေ၊ စာရွက်စာတမ်းခ မိတ္တူခများ ကုန်ကျငွေအတွက် ရန်ပုံငွေလိုအပ်သည်ကိုလည်း ဆွေးနွေးကြရာ ယခုလောလောဆယ်တွင် အဖွဲ့ဝင်ပါဝင်ပြုလုပ်သည့် သံဃာတော်(၁၈)ပါးမှ တစ်ပါးလျှင် ရူးပီငွေ (၅၀၀)ကျပ်စီ စာရေးသူထံသို့ လှူဒါန်းထားကြပါသည်။ နောင်လာမည့် ကုန်ကျစရိတ်ကိုတော့ မည်သို့လုပ်လျှင် ကောင်းမလဲလို့ စဉ်းစားဆဲပင်။
တကယ်တော့ စာရေးသူတို့ စာသင်သားသံဃာတော်များသည် ဘုန်းကံကြီးမား ငွေချမ်းသာ၍ ပြည်ပ၌ ပညာသင်ကြားနေကြခြင်း မဟုတ်ပေ။ ခေတ်ပညာအတွေးအခေါ်များနှင့် ဗုဒ္ဓစာပေများကို ဖြန့်ဖြူးပေးနိုင်ရန် မိဘဆွေမျိုးများထံမှ စုစည်းပြီး ချွေးတာသုံးစွဲကာ ပညာသင်ကြားနေကြခြင်းကြောင့် ယခု Sunday School အတွက် ကုန်ကျမည့်ငွေများကို ကိုယ်ပိုင်ကုန်ကျစရိတ် ထုတ်ပေးချင်သော်လည်း မဖြစ်နိုင်၍ စဉ်းစားနေရဆဲပင် ဖြစ်ပေသည်။
အော် ရခဲလှသည့် လူ့ဘ၀လေးရနေခိုက်မှ အများကောင်းကျိုးအတွက် ကောင်းမှုကုသိုလ်များ မလုပ်၊ ဘယ်တော့များမှ လုပ်ပါမလဲနော်။ ကုသိုလ်ကောင်းမှုလုပ်နိုင်သော ဘ၀သည် လူ့ဘ၀တစ်ခုမျှသာ ရှိပါသည်။ နတ်ပြည် ဗြဟ္မာပြည်၌ စည်စိမ်းချမ်းသာများသာ ခံစားနေရ၍ ကုသိုလ်ကောင်းမှုလုပ်ဖို့ရန် ခက်ခဲသကဲ့သို့ ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရာယ်ဟူသော အပါယ်(၄)ဘုံသို့ ရောက်လျှင်လည်း အသိဉာဏ်လည်းမရှိ။ ဒုက္ခများသာ ခံစားနေရသောကြောင့် ကုသိုလ်ကောင်းမှုလုပ်ဖို့ရန် မလွယ်ကူလှပေ။ လူ့ဘ၀သည် အထက်တက်မယ်ဆို အစွန်ဆုံးထိ တက်နိုင်အောင် လုပ်နိုင်သကဲ့သို့ အောက်သို့ကျမည်ဆိုလျှင် ဂျိုးကပ်သည့်အထိ လုပ်နိုင်သော ဘုံဘ၀ဖြစ်ပါသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက လူ့ဘ၀သည် ကုသိုလ်ကောင်းမှုပြုလုပ်ရန် အကောင်းဆုံးသော ဘုံဘ၀ဖြစ်သည်ဟု မိန့်ကြားခဲ့ခြင်း ဖြစ်ပေသည်။
ဆက်လက်၍ Sunday School နဲ့ပတ်သတ်၍ လေ့လာတွေ့ရှိ စုံစမ်းရသမျှကို တင်ပြပေးပါမည်။
Sanninaymin@gmail.com
သာသနတက္ကသီလဓမ္မာစရိယ
B.A (Buddhism)
M.A (university of Kelaniya)
Colombo, Sri lanka.
Monday, August 23, 2010
သီရိလင်္ကာနှင့်ဘုရားဖူး
မြန်မာပြည်မှ ဗုဒ္ဓဘာသာဝင်များသည် အိန္ဒိယနိုင်ငံသို့သာ ဘုရားဖူးသွားကြသည်က များပါသည်။ ဗုဒ္ဓဘာသာထွန်းကားသော သီရိလင်္ကာနိုင်ငံသို့ လာရောက်ကြသည်ကား နည်းပါးလှပါသည်။ နည်းပါးရခြင်းအကြောင်းမှာ သီရိလင်္ကာနိုင်ငံရှိ အထက်၌ဖော်ပြခဲ့သော နေရာဒေသတို့ကို ကောင်းစွာမသိသောကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံကဲ့သို့ ဘုရားဖူးသွားရန် အေဂျင်စီအဖွဲ့များ မရှိသောကြောင့်လည်းကောင်း၊ သီရိလင်္ကာနိုင်ငံသို့သွားသော လေယာဉ်သည် ထိုင်းလေဆိမ်မှ ည(၁၀)ကျော်တွင် ထွက်သောကြောင့် ထိုင်းလေဆိပ်မှာ ပျင်းရိအောင် စောင့်နေရသောကြောင့်လည်းကောင်း၊ သီရိလင်္ကာလေဆိပ်သို့ရောက်လျှင် ကြိုဆိုမည့်ပုဂ္ဂိုလ်ရှိမှသာလျှင် အဆင်ပြေနိုင်သောကြောင့်လည်းကောင်း ဘုရားဖူးလာရောက်ကြသူ နည်းပါးသည်ဟု ထင်ပါသည်။
သီရိလင်္ကာနိုင်ငံ၏ ထင်ပေါ်ကျော်ကြားသော အကြောင်းအရာများထဲမှ စာရေးသူ အဓိကထား တင်ပြချင်သည်ကား စိတ်ဝင်စားဖွယ်ကောင်းသကဲ့သို့ နိုင်ငံခြားသား လာရောက်လည်ပတ်အများ ဆုံးဖြစ်သည့် စရိပါဒ(Sri pada)တောင်အကြောင်းကို တင်ပြပေးချင်ပါသည်။
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်မှ စရိပါဒတောင်သို့ အတိုဆုံးနှင့်အလွယ်လမ်းမှသွားလျှင် ကီလိုမီတာ(၁၅၀) ဝေးပါသည်။ များသောအားဖြင့် စရိပါဒတောင်သို့ တိုက်ရိုက်မသွားဘဲ မြန်မာပြည်မှ ပြင်ဦးလွင်နဲ့ရာသီဥတုတူသည့် နုဝရေလိယ(Nuware Eliya) မြို့မှ တဆင့်သွားကြ သည်က များပါသည်။ နုဝရေလိယမြို့လေးသည် ကိုလိုနီခေတ်က အင်္ဂလိပ်တို့သဘောကျ နှစ်ခြိုက်ခဲ့သည့် တောင်ပေါ်အပန်းဖြေမြို့ကလေး ဖြစ်ပါသည်။ ဤမြို့လေးသည် မြင့်မားလှသည့် တောင်ခါးပန်းတို့ကိုပင် လှေခါးထစ်သဏ္ဍာန်ပြုလုပ်ပြီး ထိုပေါ်မှာ ဆေးရောင်စုံအိမ်လေးတွေ ဟိုတယ်တွေ တည်ဆောက်ထားသောကြောင့် နိုင်ငံခြားသားများ လာရောက်အခြေချ နေထိုင်ကြပါသည်။ မြို့လေးသည် သဘာဝအရ လှပရုံသာမက တောင်ခါးပန်းနံရံမှာ စိုက်ပျိုးထား သည့် လက်ဖက်စိုက်ခင်းများကြောင့်လည်း နာမည်ကျော်ခြင်း ဖြစ်ပေသည်။
စရိပါဒတောင်ပေါ်ကို ဤမြို့လေးမှတက်လျှင် (၃)နာရီကြာသော်လည်း လမ်းမှာစိုက်ပျိုးထားသည့် လက်ဖက်ခင်းများ၊ ရေတံခွန်ကြီးများ၊ အင်အိုင်ချောင်းမြောင်းများကိုကြည့်ရင်း တက်ရသောကြောင့် မောပန်းရကျိုး နပ်ပေသည်။ စရိပါဒတောင်သည် ချိုင့်ဝှမ်းထဲ ဆင်းသွားလိုက် အပေါ်ကို တက်သွားလိုက်နဲ့ ဖြစ်နေသောကြောင့် တက်ရသူများမှာ မြင်လိုက်ပျောက်သွားလိုက် ဖြစ်နေပေသည်။
ဤတောင်၏ထူးခြားချက်မှာ ဘာသာကြီးလေးခုတို့က သူ့နည်းသူ့ဟန်နဲ့ တန်ဖိုးထားကြခြင်း ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့က “စရိပါဒ (Sri pada-sacred footprint) မြင့်မြတ်သည့်ခြေတော်ရာ”ဟု ခေါ်ဝေါ်သည့် တောင်ထွဋ်ပေါ်မှ ခြေတော်ရာကို မြတ်စွာဘုရား၏ ၀ဲဖက်ခြေတော်ရာဟု ယုံကြည်ပြီး ကိုးကွယ်ပူဇော်ကြ၏။ ဟိန္ဒူဘာသာဝင်တို့က ဟိန္ဒူနတ်ဘုရားရှီဝ၏ ခြေတော်ရာဟု ယုံကြည်ပြီး ကိုးကွယ်ပူဇော်ကြ၏။ ခရစ်ယာန်ဘာသာဝင် တို့က ခရစ်ယာန်သူတော်စင် စိန့်သောမက်စ် (St Thomas)၏ ခြေတော်ရာ၊ ထိုတောင်ပေါ်မှ သူတို့၏ ကောင်ကင်ဘုံသို့ မိုင်လေးဆယ်သာ ဝေးကွာတော့သည်ဟု ယုံကြည်ပြီး ကိုးကွယ်ပူဇော်ကြ၏။ မူစလင်ဘာသာဝင်များက ကမ္ဘာမြေပေါ်ကို ပထမဦးဆုံးခြေချခဲ့သည့် Adam ၏ ခြေရာဟု ယုံကြည်ပြီး ကိုးကွယ်ပူဇော်ကြ၏။
စရိပါဒတောင်တ၀ိုက်နှင့်သီရိလင်္ကာတောင်တန်းများကို သုမနနတ်မင်းက စောင့်ရှောက်သည်ဟု သီရိလင်္ကာပြည်သူများက ယုံကြည်ကြသည်။ ယက္ခိုက်နတ်ဘီလူးများကို နှိမ်နင်းရန် မြတ်စွာဘုရား သီရိလင်္ကာနိုင်ငံ မဟီယင်္ဂဏသို့ ပထမအကြိမ်ကြွလာစဉ်က သုမနနတ်မင်းသည် မြတ်စွာဘုရားဟောကြားသော တရားတော်ကို နာယူရပြီး သောတာပန်တည်ခဲ့သည်။ မြတ်စွာဘုရားချီးမြှင့်သည့် ဆံတော်ကို ဌါပနာပြီး မဟီယင်္ဂဏစေတီ တည်ထားခဲ့သည်။ သီရိလင်္ကာနိုင်ငံ ကေလနိယသို့ တတိယအကြိမ်နောက်ဆုံး မြတ်စွာဘုရားကြွလာစဉ် သုမနနတ်မင်း၏ တောင်းပန်ချက်ကြောင့် စရိပါဒတောင်ထိပ်၌ ၀ဲဖက်ခြေတော်ရာချခဲ့ကြောင်း မဟာဝံသ၌ ရေးသားထားသည်ကို တွေ့ရပါသည်။
ဘုရားဖူးရာသီစတင်ချိန်ဖြစ်သည့် ဒီဇင်ဘာလတွင် အခမ်းအနားများဖြင့် သုမနနတ်မင်းကို တောင်ထိပ်ပေါ်သို့ ဘုရားဖူးများ အန္တရာယ်မကျရောက်အောင် သီရိလင်္ကာပြည်သူများက ပင့်ဆောင်ကြလေသည်။ ဘုရားဖူးရာသီ ဒီဇင်ဘာလမှ မေလအထိတွင် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသည်များ စရိပါဒတောင်သို့ လာရောက်လည်ပတ်ကြပါသည်။ ထိုရာသီအတွင်း ဘုရားဖူးခရီးသည်များ ခန့်မှန်းခြေအားဖြင့် တစ်လလျှင် နှစ်သိန်းခွဲခန့် ရှိသည်ဟုဆိုပါသည်။ ထိုအချိန်သည် အစည်းကားဆုံးအချိန်ဖြစ်သော်လည်း ကျန်သောလများတွင်လည်း ဘုရားဖူးခရီးသည်များ ထိုတောင်ပေါ်သို့ တက်ရောက်ကြပါသည်။
သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူးလာရောက်သူမြန်မာလူမျိုးများသည် သီရိလင်္ကာနိုင်ငံ၌ မြန်မာရဟန်းတော်များ ပညာသင်သီတင်းသုံးနေထိုင်သည့် မြန်မာကျောင်းတည်ရှိရာ ပထမမြို့တော်ဖြစ်သော ကိုလံဘိုမြို့သို့ ရောက်ရှိကြပါသည်။ ထိုသို့ရောက်ရှိလျှင် ဘုရားဖူးလာသူများသည် မိမိမြန်မာပြည်ဖွား ပြည်ပ၌ပညာသင်ကြားနေကြသော ရဟန်းတော်များ ကို ဖူးတွေ့ရသဖြင့် မိမိတို့တက်နိုင်သလောက် ဆွမ်းအစရှိသည်တို့ကို ဆက်ကပ်လှူဒါန်းကြလေ သည်။
သီရိလင်္ကာနိုင်ငံသည် အိန္ဒိယနိုင်ငံကဲ့သို့ မြန်မာပြည်မှဘုရားဖူးလာသူများ မပေါများသောကြောင့် မြန်မာကျောင်း၌ မြန်မာပြည်မှ လူမျိုးများ ဆွမ်းကပ်မှု၊ လှူဒါန်းမှုပြုလုပ်သူများ နည်းပါးပါသည်။ ထို့ကြောင့်လည်း သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိလာသော မြန်မာဘုရားဖူးခရီးသည်များသည် မြန်မာကျောင်းသို့ရောက်လျှင် ဆွမ်းအစရှိသော လှူဒါန်းမှုများ ပြုလုပ်ကြပါသည်။
ယခု ရောက်ရှိလာသော ဗန်းမော်ဆရာတော်နှင့်ပေါက်မြိုင်ဆရာတော်ဦးဆောင်သော ဘုရားဖူးအဖွဲ့များသည် သီရိလင်္ကာနိုင်ငံ၌ ပညာသင်ကြားနေသော မြန်မာရဟန်းတော်များ၏ ခရီးကြုံရှားပါးမှု၊ မြန်မာအစားအစာရှားပါးမှုတို့ကို သိသဖြင့် မြန်မာပြည်မှဆိုင်ရာဆိုင်ရာတို့၏ လူကြုံပါးမှုများကို ယူဆောင်ခဲ့သည့်အပြင် ဘုရားဖူးအဖွဲ့၌ပါသော ဒါယကာ-ဒါယိကာမများကလည်း မြန်မာအစားအစာ အစရှိသော လှူဒါန်းစရာအဖြာဖြာတို့ကို သယ်ဆောင်၍ မြန်မာကျောင်း၌ အရုဏ်ဆွမ်းစားရခဲသည့် မုန့်ဟင်းခါးနှင့်နေ့ဆွမ်းတို့ကို (၂၀.၀၈.၂၀၁၀) ရက်နေ့တွင် ဆက်ကပ် လှူဒါန်းကြပါသည်။ ထို့ပြင် မြန်မာကျောင်း၌ လိုအပ်သည်များ ၀ယ်ယူနိုင်ရန်အတွက် ၀တ္ထုငွေများ လည်း စုပေါင်း၍ လှူဒါန်းသွားကြပါသည်။
နိုင်ငံတော်သံဃနာယကဥက္ကဋ္ဌဗန်းမော်ဆရာတော်နှင့် ပေါက်မြိုင်ဆရာတော်ကြီးများ ကြွရောက် လာခိုက်လေးမှာ သီရိလင်္ကာ၌ပညာသင်ကြားနေသော မြန်မာရဟန်းတော်များအား လိုအပ် သည်များ မိန့်ကြားရန်အတွက် (၂၀.၀၈.၂၀၁၀) ရက်နေ့ နေ့ခင်းအချိန်တွင် သြ၀ါဒခံယူပွဲလေးလည်း ပြုလုပ်ခဲ့ကြပါသည်။ သီရိလင်္ကာနိုင်ငံ၌ ပညာသင်ကြားနေသော မြန်မာရဟန်းတော်များသည် ဆရာတော်ကြီးများကို ဖူးရသည့်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ မြန်မာရဟန်းတော်များက ဆရာတော်ကြီးများ လိုအပ်ရာရာ ပြုစုပေးသည်ကို တွေ့ရသည့်အတွက် ဆရာတော်ကြီးများ ကလည်း ၀မ်းမြောက်ဝမ်းသာဖြစ်သွားကြပါသည်။
သီရိလင်္ကာနှင့်ဘုရားဖူးဆောင်းပါးကို ဤမျှနဲ့ပဲ နိဂုံးသတ်ပါရစေ။ ဆက်လက်၍ စာရေးသူ မြင်တွေ့သမျှထဲမှ စာဖတ်သူများ အကျိုးဗဟုသုတ အသိဉာဏ်ရရှိမည့် အကြောင်းအရာတို့ကို ဆက်လက်ရေးသား တင်ပြပေးပါမည်။
Sunday, August 22, 2010
ဘုရားဖူးအဖွဲ့များ မြန်မာကျောင်း၌ အမှတ်တရများ










Type your summary hereType rest of the post here
Saturday, June 19, 2010
လင်္ကာတမန်မဂ္ဂဇင်း ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်ဆရာတော်များ

အစည်းအဝေးပွဲတွင် ဥက္ကဋ္ဌဆရာတော်၊ ဒုတိယဥက္ကဋ္ဌဆရာတော်၊ အတွင်းရေးမှူးဆရာတော်၊ ဒုတိယအတွင်းရေးမှူးဆရာတော်၊ စာရင်းစစ်ဆရာတော်၊ ဘဏ္ဍာရေးမှူးဆရာတော်နှင့် စာမူများကို စစ်ဆေးရန် အယ်ဒီတာချုပ်ဆရာတော်နှင့် အယ်ဒီတာအဖွဲ့ဝင်ဆရာတော် (၅)ပါး၊ သတင်းအချက်အလက် ပြန်ကြားရန်နှင့် ဆက်သွယ်ရေးပြုလုပ်ပေးရန်၊ စာရိုက်ရန်၊ စာရွက်ထုတ်ရန်၊ မိတ္တူဆွဲရန်အတွက် ပြန်ကြားရေး ဆရာတော်(၃)ပါး၊ အကြံပေးအဖွဲ့ဝင်ဆရာတော် (၁၉)ပါးတို့ကို စတင်ရွေးချယ်ကြပါသည်။
ထို့နောက် သီရိလင်္ကာနိုင်ငံရောက် မြန်မာရဟန်းတော်များ ရေးသားသော စာမူများကို မြန်မာနိုင်ငံမှ ပညာသင်လာရောက်ကြမည့် သံဃာတော်များနှင့် မြန်မာလူမျိုးများ ဖတ်ရန် အဓိကထား၍ ဤလင်္ကာတမန် မဂ္ဂဇင်းကို ထုတ်ဝေရန် စဉ်းစားထားသည့်အတွက် မြန်မာနိုင်ငံ စာပေးစီစစ်ရေးတွင် တင်ပြပြီး မြန်မာနိုင်ငံ၌ စာအုပ်ထုတ်ဝေရန် တိုင်ပင်ကြပါသည်။
မနှစ်က မြန်မာနိုင်ငံ၌ ထုတ်ဝေရန် အခက်အခဲများ ရှိခဲ့သည့်အတွက် မလေးရှားနိုင်ငံတွင် စာအုပ်ပြုလုပ်၍ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ သီရိလင်္ကာနိုင်ငံတို့သာ ဖြန့်ဝေနိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ အနည်းအကျဉ်းသာ ရောက်ရှိခဲ့သဖြင့် မြန်မာနိုင်ငံမှ သံဃာတော်များနှင့်ပြည်သူလူထုများ အသိနည်းခဲ့ပါသည်။ အဓိကသိချင်သည့် မြန်မာနိုင်ငံမှ ပညာသင်လာရောက်ကြမည့် သံဃာတော်များ မသိလိုက်သည့်အတွက် ၀မ်းနည်းမိပါသည်။
ယခုနှစ်၌ မြန်မာနိုင်ငံမှာ ထုတ်ဝေရန် တိုင်ပင်ကြသည့်အခါ စာပေစီစစ်ရေးဌါနက မိမိတို့စာမူများကို ပယ်ဖျက်သည့်အခါ အနီးကပ် ပြန်လည်ပြင်ဆင်နိုင်ရန်၊ စာအုပ်ထုတ်ဝေရန် လိုအပ်သည့် အလုပ်ကိစ္စများကို ပြုလုပ်ရန် အနည်းဆုံး မြန်မာပြည်သို့ သွားနိုင်မည့် အယ်ဒီတာဆရာတော်တစ်ပါး ရှိရန်အတွက် လိုအပ်သည့် အခက်အခဲ၊ စာပေစီစစ်ရေးတင်သည့်အခါ လုပ်ထုံးလုပ်နည်းများကို သိရှိရန်လိုအပ်သည့် အခက်အခဲ၊ စာမူများကို ရေးသားသောဆရာတော်များ၏ အတ္ထုပ္ပတ္တိများကို စာပေစီစစ်ရေးသို့ ပေးပို့ရန် လိုအပ်သည့် အခက်အခက်၊ မြန်မာနိုင်ငံ စာအုပ်အရောင်းများသို့ ဖြန့်ဝေရန် အခက်အခဲများစွာတို့ ရှိပါသည်။
စာပေစီစစ်ရေးမှ ခွင့်ပြုချက်ပါမှသာ မြန်မာနိုင်ငံရှိ စာအုပ်အရောင်းများတွင် ရောင်းရန် အဆင်ပြေမည့် အတွက် အထက်ပါ အခက်အခဲများကို အဖွဲ့ဝင်ဆရာတော်များမှ တက်နိုင်သလောက် ကြိုးစားကြည့်မည်ဟု တိုင်ပင်ကြပြီး မြန်မာနိုင်ငံ၌ စာအုပ်ထုတ်ဝေရန် ဆုံးဖြတ်ချက်ချခဲ့ကြပါသည်။
စာမူများကို ရေးသားရန်၌လည်း ကဗျာနှင့်ဆောင်းပါးသာ အဓိကထားပြီး ရေးကြရန်၊ မနှစ်က ထုတ်ဝေခဲ့သော လင်္ကာတမန်မဂ္ဂဇင်း၌ ပါဝင်ပြီးသော စာမူများမဖြစ်စေရန်၊ ဤနိုင်ငံ၏ဘာသာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ဆက်သွယ်သွားလာရေးစသည့်တို့သာ ရေးသားကြရန်၊ (၂)လအတွင်း စာမူများကို ပေးပို့ကြရန် တိုင်ပင်ဆုံးဖြတ်ကြပါသည်။
သီရိလင်္ကာနိုင်ငံ၌ ပညာလာသင်ကြသော သံဃာတော်များသည် စာရေးဆရာများ မဟုတ်သလို ဘုန်းကံကြီးမား ပိုက်ဆံချမ်းသာကြသော သံဃာတော်များလည်း မဟုတ်ကြပါ။ သို့သော်လည်း စာအုပ် ထုတ်ဝေရန် လှူဒါန်းကြသော ဒါယကာ၊ ဒါယိကာမများ၏ စေတနာ သဒ္ဓါတရားများကို အကျိုးရှိအောင် လုပ်ပေးချင်တာရယ်၊ မိမိတို့နောက် ပညာသင်လာရောက်ကြမည့် သံဃာတော်များနှင့် မြန်မာလူမျိုးများ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သော သီရိလင်္ကာနိုင်ငံ၏ အကြောင်းအရာများကို သိစေချင်သည့် ဆန္ဒများကြောင့် မိမိတို့ အသုံးဝင်သည့် အချိန်များထဲမှ ထုတ်နှုတ်ပြီး “လင်္ကာတမန်မဂ္ဂဇင်း”စာအုပ်ကို ထုတ်ဝေရန် ပြုလုပ်ကြခြင်း ဖြစ်ပါသည်။
စာရေးသူလည်း စာရေးဆရာ မဟုတ်ပါ။ စာရေးချင်သောစိတ်ရှိပြီး မိမိသိသော အသိဉာဏ်ဗဟုသုတများကို အများအား မိမိကဲ့သို့ သိချင်စေသော စေတနာကြောင့် စာရေးသားနေခြင်း ဖြစ်ပါသည်။ မိမိသည် မိမိတတ်နိုင်သည့်ဘက်မှ ပညာဒါနပြုမည်ဟု ဆုံးဖြတ်ပြီး အယ်ဒီတာ တာဝန်၊ ဥက္ကဋ္ဌ တာဝန်များကို မထမ်းဆောင်နိုင်သော်လည်း မိမိတတ်နိုင်မည့် ပြန်ကြားရေးတာဝန်ကို ယူခဲ့ပါသည်။
စာရေးသူသည် ဤတစ်နှစ်ပညာသင်ပြီးလျှင် ပညာအသိဉာဏ်နည်းပါးပြီး မဖွံ့ဖြိုးသေးသော တောင်းတန်ဒေသတွင် ပညာဒါန သွားပြုမည်ဟု ဆုံးဖြတ်ထားပါသည်။ ထိုအခါတွင် အင်တာနက်လည်း သုံးခွင့်ရှိတော့မည် မဟုတ်ပါ။ ထို့ကြောင့် မိမိရနေသည့် အခွင့်အရေးလေး ရနေချိန်တွင် မိမိတတ်နိုင်သည့် အသိဉာဏ်လေးများကို အင်တာနက်ပေါ်၌ မျှဝေပေးလိုက်ခြင်း ဖြစ်ပါသည်။
Sunday, May 30, 2010
ပညာပါရမီရှင်များ၏ ဆုံဆည်းရာ
28.05.2010. နေ့က ဒါနသီရိလင်္ကာအဖွဲ့မှ သီရိလင်္ကာနိုင်ငံ၌ Ph.D. M.phi. M.A. B.A ပညာ သင်ကြားနေကြသော မြန်မာသံဃာတော်များအား စင်္ကာပူ၊ ဘရူးးနိုင်း၊ အမေရိကန်၊ ထိုင်း၊ ကိုးရီယားစသော နိုင်ငံများမှ ပညာပါရမီရှင် ဒကာ-ဒကာမများမှ ပညာပါရမီ ထောက်ပံ့သော ပွဲပြုလုပ်ပါသည်။
ဘရူးးနိုင်းနိုင်ငံမှ ပညာပါရမီရှင် မယ်တော်ကြီး ဒေါက်တာ ဒေါ်သက်သက်နွယ်နှင့် စင်္ကာပူနိုင်ငံမှ ပညာပါရမီရှင် မယ်တော်ကြီး ဒေါ်တင်တင်မြင့်တို့မှ ဒါနသီရိလင်္ကာအဖွဲ့၏ကိုယ်စား ဦးဆောင်ပြီး လာရောက်လှူဒါန်း ကြပါသည်။ ပညာပါရမီရှင် မယ်တော်ကြီးတို့ ဦးဆောင်သော ဒါနသီရိလင်္ကာ အဖွဲ့သည် (၁၅)ကြိမ်မြောက် လာရောက် လှူဒါန်းခြင်း ဖြစ်ပါသည်။
ဒါနသီရိလင်္ကာအဖွဲ့သည် သီရိလင်္ကာနိုင်ငံ၌ ပညာသင်နေကြသော မြန်မာသံဃာပေါင်း (၂၀၀)နီးပါးကို ပညာသင်စရိတ် ထောက်ပံ့သည့်အပြင် သီရိလင်္ကာ၌ရှိသော မကုဋာရာမ မြန်မာကျောင်းကိုလည်း ဘက်စုံဖွဲ့ဖြိုး တိုးတက်အောင် လှူဒါန်းနေသော အဖွဲ့ပင် ဖြစ်ပါသည်။
သီရိလင်္ကာနိုင်ငံမှာ ပညာသင်လာကြသော မြန်မာရဟန်းတော်များသည် ချမ်းသာကြွယ်ဝပြီး ဘုန်းကံကြီးမား သော သံဃာတော်များ နည်းပါးပါသည်။ မိဘဆွေမျိုး ဒကာ-ဒကာမများဆီက မရှိမဲ့ရှိမဲ့လေးနဲ့ စုဆောင်းကာ လာရောက်ပညာ သင်ကြားနေရပါသည်။ ထို့ကြောင့်လည်း သူများနိုင်ငံမှာ လာရောက်ပညာသင် နေချိန်တွင် အသုံးစရိတ်များကို တတ်နိုင်သလောက် ချွေတာသုံးနေကြရပါသည်။ လိုင်းကားစီးသွားလို့ရသော နေရာတွင် Taxi မငှါးဘဲ လိုင်းကားစီးသွားပြီး အသုံးအဆောင်များကိုဝယ်ရာ၌လည်း မဖြစ်မနေအသုံးလိုသော ပစ္စည်းများကိုသာ ၀ယ်ယူကာ ချွေတာသုံးစွဲနေကြရပါတယ်။
မြန်မာနိုင်ငံမှာဆို အစားအသောက်ကို ကောင်းတာမှစားချင်လို့ ကောင်းတာဝယ်စား၊ ကောင်းတာကိုပဲ ဒကာ-ဒကာမတွေဆီမှာ အလှူခံပြီး စားခဲ့သောသံဃာတော်များသည် ဒီနိုင်ငံမှာ ပညာသင်နေချိန်တွင် မိမိဝတ္ထုငွေမလောက်မှာ စိုးရိမ်သောကြောင့် ကောင်းတာ စားချင်သော်လည်း ပိုက်ဆံသက်သာအောင် ဈေးအနည်းဆုံး အစားအစာများကို မကောင်းလည်း မြန်မာနိုင်ငံမှာလို ချေးများမနေနိုင်ဘဲ မှိတ်ကြိတ်ပြီး စားသောက်နေထိုင်ကြရပါသည်။ နေရာထိုင်ခင်းမှာလည်း မြန်မာနိုင်ငံမှာဆို အကောင်းဆုံး အိပ်ရာထိုင်ခင်း၊ အကောင်းဆုံးသင်္ကန်းတို့ကို သုံးဆောင်ခဲ့သော်လည်း ဒီမှာတော့ နေရာတကာချွေတာ နေရသောကြောင့် နေရာထိုင်ခင်း၊ သင်္ကန်းတို့မှာလည်း ဖြစ်သလိုနေ၊ ဖြစ်သလိုဝတ်၊ ဖြစ်သလိုစားကာ ဘ၀ကို ဖြတ်သန်း နေကြရပါသည်။
အခုလို ပညာတတ်သော ရဟန်းတော်များသည် မြန်မာနိုင်ငံမှာ ဇိမ်နဲ့ကိုယ်စားချင်တာစားပြီး ကိုယ်ဝတ်ချင်တာ၊ ကိုယ်နေချင်သလို နေနိုင်ဝတ်နိုင်သော်လည်း ဒီနိုင်ငံမှာ ဆင်းရဲပင်းပန်းခံကာ ဘာလို့ ပညာလာသင်ကြသလဲလို့ မေးလျှင် ကိုယ့်ဘာသာ သာသနာကို ဒီထက်မက တိုးတက်အောင်၊ ကိုယ့်လူမျိုးတွေကို အသိပညာ ဗဟုသုတတွေ တိုးတတ်အောင်၊ ကမ္ဘာကို မိမိတို့သာသနာဖြန့်ဖြူးနိုင်အောင် လုပ်ပေးချင်သောကြောင့် လာရောက် ပညာသင်ကြားနေကြခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့ မရှိမဲ့ရှိမဲ့ ၀တ္ထုငွေလေးနဲ့ ကိုယ်ရောစိတ်ရော ပင်ပန်းခံပြီး ပညာလာသင်ကြသော မြန်မာရဟန်းတော် များကို မြန်မာနိုင်ငံမှ တခြားနိုင်ငံအသီးသီးသို့ ကိုယ်ရောစိတ်ရော ပင်ပန်းခံကာ နဖူးမှချွေး မြေကြီးကျအောင် တစ်ချို့ဆို ကိုယ်အသက်နဲ့ ရင်း၍လုပ်၍ရသော ပိုက်ဆံလေးတွေကို စုဆောင်းကာ သီရိလင်္ကာနိုင်ငံမှာ ပညာသင်နေကြသော ရဟန်းတော်များကို ပညာပါရမီဖြည့်ကျင့်တာသည် ကောင်းမွန်မြင့်မြတ်ပြီး အလွန် အကျိုးများသော အလုပ်ဖြစ်ပါသည်။
အခုလို ပြည်ပမှာ ပညာသင်ကြားနေကြသော မြန်မာရဟန်းတော်များကို ဒါနသီရိလင်္ကာအဖွဲ့မှ ထောက်ပံ့ လှူဒါန်းခြင်းသည် အများတကာထက် သာလွန်သော အလှူတစ်ခုလည်း ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သံဃာတော်များ လိုအပ်နေသော အချိန်မှာ လှူဒါန်းသောကြောင့်ပင် ဖြစ်ပါသည်။ မြတ်စွာဘုရားရှင် ကိုယ်တိုင် ကလည်း ဒါန (၅)မျိုးထဲမှာ လိုအပ်နေတဲ့အချိန်မှာ လှူသောအလှူ (ကာလဒါန)သည် (ရွှန်းပျကျက်သရေ လက်လက်ဝေ) အမြဲတမ်းစိတ်ရွှန်းလန်းပြီး ကျက်သရေအပေါင်းနှင့်ပြည့်စုံကာ စည်းစိမ်ဥစ္စာများ လက်လက် ဝေနေနိုင်အောင် တိုးတတ်သောအကျိုးကို ခံစားရပါတယ်လို့ မိန့်ကြားခဲ့ပါသည်။
ဒီနိုင်ငံမှာပညာသင်ကြားနေကြသော မြန်မာရဟန်းတော်များသည် ယခုပညာသင်နေချိန်သာ ၀တ္ထုငွေရှားပါပြီး လိုအပ်နေပါလိမ့်မည်။ မြန်မာပြည်ကို ပြန်လာလျှင် သို့မဟုတ် ပညာတတ်ဖြစ်ပြီး တခြားနိုင်ငံမှာ သာသနာပြု နေထိုင်လျှင် ယခုလောက် လိုအပ်နေမည် မဟုတ်ပါ။ မြန်မာပြည်မှာပြန်လျှင်လည်း ပညာတတ် ဆရာတော်များ ဖြစ်သောကြောင့် သူ့ဒကာနဲ့သူတော့ ရှိနေပါလိမ့်မည်။ သို့မဟုတ်လည်း ကိုယ့်နိုင်ငံမှာမို့ အစစအရာရာ ပြည့်စုံ နေပါလိမ့်မည်။
အပြေးပြိုင်နေသောလူတစ်ယောက် မောပန်းနေချိန် လမ်းခုလပ်တွင် သူ့အတွက် ရေချမ်းတစ်ခွက်၊ သို့မဟုတ် လက်အုပ်သြဘာသံလေး တစ်ချက်ပေးလိုက်လျှင် အပြေးပြိုင်နေသူအတွက် အားရှိစရာ အဖိုးတန်ရတနာ တစ်ခုပင် ဖြစ်ပါသည်။ ပန်းတိုင်းရောက်လျှင် ပန်းကုံးစွပ်မည့်လူရော ရေချမ်းကမ်းမည့်လူရော လက်ခုပ်သြဘာသံ ပေးမည့်လူရော ပေါများနေချိန်တွင်ပေးသော ရေချမ်းတစ်ခွက်၊ လက်ခုပ်သြဘာသံ တစ်ချပ်သည် အများထဲတွင် ပေးသောအခါ ထိုအရာသည် မထင်ရှား၊ မထိရောက်ဘဲ ဖြစ်နေပါသည်။
ယခု ဒါနသီရိလင်္ကာအဖွဲ့သည် အပြေးပြိုင်နေသောသူကို လမ်းခုလပ်တွင် လက်ခုပ်သြဘာသံလို့တစ်မျိုး၊ ရေချမ်းလေးတစ်ခွက်လိုတစ်မျိုး ပေးကမ်းသကဲ့သို့ သီရိလင်္ကာ၌ ပညာသင်ကြားနေကြသော မြန်မာသံဃာ တော်များ လိုအပ်နေချိန်တွင် လှူဒါန်းသော အလှူငွေသည် မများသော်လည်း အလွန်ထိရောက် တန်ဖိုးရှိသော အလှူဒါနပင် ဖြစ်ပါသည်။ ထိုကဲ့သို့ တန်ဖိုးရှိပြီး မွန်မြတ်သော အလှူများကို ဒီထက်မက လှူနိုင်တန်နိုင်အောင် သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာများဖြင့် ပြည့်စုံကြပါစေလို့ အမြဲထာဝရစဉ် ဆုတောင်း မေတ္တာ ပို့သနေလျက်ပါ။
ထို့ပြင် ဒါနသီရိလင်္ကာအဖွဲ့သည် ဒီထက်မက ပညာပါရမီများ ဖြည့်ဆည်းနိုင်အောင် နိုင်ငံတကာ၌ နေကြသော မြန်မာများနှင့်လူမျိုးအားလုံး ဘာသာအားလုံးသည် ထိုဖွဲ့ကို ထောက်ပံ့လှူဒါန်းနိုင်ရန်လည်း ဆုတောင်းမေတ္တာ ပို့သနေရပါသည်။ နောက်ပြီး ဒါနသီရိလင်္ကာအဖွဲ့ကဲ့သို့ ပညာပါရမီဖြည့်သော အဖွဲ့များသည် နိုင်ငံတကာ၌ လည်း အဖွဲ့အစည်းများ ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျက်ပါ။
ဒါနသီရိလင်္ကာအဖွဲ့ကဲ့သို့ အဖွဲ့အစည်းများ အဘယ့်ကြောင့် နိုင်ငံတကာ၌ ရှိစေချင်တာလဲဟုမေးလျှင် ကောင်းသောအလုပ်၊ အများအကျိုးကို ဆောင်ရွက်သောအဖွဲ့ အစည်းမျိုးသည် ပိုများလေ ပိုကောင်းလေ ဖြစ်ပါသည်။ ဒါမှလည်း လူသားတို့သန္တာန်မှာ စိတ်ကောင်းလေးတွေ အမြဲတည်နေမှာပါ။ လူသားတို့သန္တာန်မှာ စိတ်ကောင်းရှိလေ ကမ္ဘာကြီး သာယာလေ ဖြစ်နေသောကြောင့် လူသားအားလုံးလည်း ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် နေထိုင်ရနေရပါလိမ့်မည်။
ပညာပါရမီသည် ဘ၀တိုင်းဘ၀တိုင်းမှာ အထူးလိုအပ်ပြီး အလွန်အရေးကြီးသော ပါရမီလည်းဖြစ်ပါသည်။ ပညာရှိမှ လူတော်ဖြစ်နိုင်သလို ပညာရှိမှ လူကောင်းလည်း ဖြစ်နိုင်ပြီး ဒုက္ခဆင်းရဲခပ်သိမ်း ကင်းငြိမ်းပြီး အချမ်းသာဆုံး အမြတ်ဆုံး ရွှေပြည်နိဗ္ဗာန်ကိုလည်း ပညာရှိမှ ရောက်ပါလိမ့်မည်။
ထို့ကြောင့် ပညာပါရမီပြည့်အောင် စာရေးသူလည်း ရခဲလှသော လူ့ဘ၀မှာ သိခဲလှသော ဗုဒ္ဓဘာသာ အသိဉာဏ်လေးရှိချိန် ကြုံခဲလှသော မြတ်စွာဘုရားသာသနာမှာ မိမိတတ်နိုင်သလောက် ပညာသင်ပြီး ကိုယ်တတ်သမျှကို ဘ၀နဲ့ရင်းပြီး အများအကျိုးရှိအောင် လုပ်ဆောင်သွားပြီးဟု ဆုံးဖြတ်ကာ တတ်နိုင်သလောက် ပညာသင်ကာ တတ်နိုင်သလောက်လည်း ဖြန့်ဖြူးပေးခဲ့ပြီးပါပြီ။ စာရေးသူသည် သာသနာ့တက္ကသိုလ်မှ B.A ဘွဲ့အောင်မြင်ပြီးချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့လေးသို့ သာသနာပြုတာဝန် (၂)နှစ်ထမ်းဆောင်ရန် မိမိဇာတိရပ်ရွာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ လက်ပန်မြောက်ရွာမှ ခွဲခွာပြီး တနိုင်းမြို့လေးကို သွားရောက်ကာ အတန်းပညာရေး၊ ဗုဒ္ဓဘာသာပညာရေး၊ ကွန်ပျုတာ၊ အင်္ဂလိပ်စာတို့ကို သင်ကြားပေးခဲ့ပါသည်။ (၂)နှစ်သာ တာဝန်ကျသော်လည်း မိမိသည် (၃)နှစ်တိုင်တိုင် ပညာပါရမီဖြည့်ခဲ့ပါသည်။
ယခု ဒီနိုင်ငံမှာ M.A တက်ပြီး နောက်နှစ်တွင် တနိုင်းမြို့လေးကို တဖန်ပြန်လည်ကာ ပညာပါရမီ ဖြည့်ဆည်းသွားဖို့ ဆုံးဖြတ်ထားခြင်းသည် မိမိရနေသော လူ့ဘ၀ကို အကျိုးရှိအောင် အသုံးချခြင်းပင် ဖြစ်ပါ သည်။ ထို့ကြောင့် လူသားအားလုံးသည် မိမိရနေသော လူ့ဘ၀ကို တန်ဖိုးရှိရှိနဲ့ ဘ၀ကို အသုံးချတတ်ကြပါစေလို့ မေတ္တာပို့သလျက်...........................
B.A (Buddhism)
M.A (university of Kelaniya)
Colombo, Sri lanka.




