Saturday, August 28, 2010

မြတ်ဗုဒ္ဓစွယ်တော်

၂၄.၀၈.၂၀၁၀ ရက်နေ့တွင် စာရေးသူတို့ သူငယ်ချင်းတစ်စု သီရိလင်္ကာနိုင်ငံ မြတ်ဗုဒ္ဓစွယ်တော်တည်ရှိရာ ကန်ဒီမြို့သို့ ညနေ(၂)နာရီခွဲတွင် သွားရောက်ခဲ့ကြပါသည်။ စာရေးသူတို့ သီတင်းသုံးရာ မြို့တော်ကိုလံဘိုမှ ကန်ဒီသို့ ကားဖြင့်သွားလျှင် (၂)နာရီကျော် ကားစီးရပါသည်။ ကန်ဒီမြို့သည် မြန်မာပြည်က ပြင်ဦးလွင်မြို့လေးနဲ့ ရာသီဥတုတူသကဲ့သို့ လမ်းကြောကွေ့ကောက်မှုမှာလည်း တူနေသည်ကို တွေ့ရပါသည်။ သို့သော် ကန်ဒီမြို့သို့သွားသော ကားလမ်းသည် လမ်းကောင်းမွန်ခြင်း၊ လမ်းဖောက်ထားသည်မှာ စည်းစနစ်ကျခြင်းတို့ကြောင့် ကားမောင်းရသည်မှာ လွယ်ကူးချောမွေ့ပါသည်။ ကန်ဒီမြို့သည် ပြင်ဦးလွင်မြို့ကဲ့သို့ တောင်ပေါ်၌ တည်ဆောက်ထားသော မြို့တော်လေးဖြစ်ပါသည်။



ကန်ဒီမြို့လေးကို ရောက်တယ်ဆိုလျှင်ပဲ စာရေးသူတို့အဖွဲ့သည် ကားရပ်နားရမည့်နေရာတွင် ကားကိုရပ်ခဲ့ပြီး မြတ်ဗုဒ္ဓစွယ်တော်လှည့်လည်ပူဇော်ခံမည့် စွယ်တော်တိုက်ထားရာ ကားလမ်းဘေးနား ပတ်ဝန်းကျင်သို့ သွားရောက်ခဲ့ကြပါသည်။ မြတ်ဗုဒ္ဓစွယ်တော်တိုက်သည် စာရေးသူတို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရယူရန် ဗိုလ်ချုပ်တို့ လက်မှတ်ထိုးသော ကန်ဒီအဆောက်အဦးကြီး၏ အနီးနားပင် တည်ရှိပါသည်။ ဗိုလ်ချုပ်တို့ လက်မှတ်ထိုးခဲ့သော အဆောက်အဦးသည် ယခုအခါမှာတော့ နိုင်ငံခြားသားများ တည်းခိုးရာ အဆောက်အဦးဖြစ်နေပေသည်။ စာရေးသူတို့လည်း ထိုကန်ဒီအဆောက်အဦးကြီးနားတွင် နေရာရ၍ ထိုနေရာမှပင် ကြည့်ရူ့၍ မှတ်တမ်းတင်ဓာတ်ပုံများကို ဗုဒ္ဓဘာသာလူမျိုးများ ဖူးတွေ့ရန်အတွက် လူကြားတိုးဝှေ့ပြီး မှတ်တမ်းတင်များကို မရမက ရိုက်ကူးခဲ့ရပေသည်။


သီရိလင်္ကာပြည်သူများသည် နှစ်စဉ် သြဂုတ်လတွင် မြတ်ဗုဒ္ဓစွယ်တော်ဓာတ်အား ပူဇော်သောအနေဖြင့် စွယ်တော်ကို ရတနာတွေနဲ့အလှဆင်ထားသော ဆင်အကောင်(၁၀၀)ခန့်နှင့် သီရိလင်္ကာနိုင်ငံ၏ ရိုးရာတေးဂီတ အကပဒေသာ အနုပညာများဖြင့် စီတန်းလှည့်လည်ပူဇော်ပွဲကို (၇)ရက်ကျော် လှည့်လည်ပူဇော်ခံကြပါသည်။


ထိုပူဇော်ပွဲသည် သီရိလင်္ကာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ဘာသာရေးပွဲဖြစ်သကဲ့သို့ အာရှရဲ့စိတ်ဝင်စားဖွယ်အကောင်းဆုံး ဘာသာရေးဆိုင်ရာ အလှပြ စီတန်း လှည့်လည်ပူဇော်ပွဲ တစ်ခုအနေနဲ့လည်း ထင်ရှားကျော်ကြားသော ပွဲတော်တစ်ခု ဖြစ်ပါသည်။ စာရေးသူတွေ့မြင်ဖူးသမျှထဲမှာတော့ ဤစွယ်တော်ပူဇော်ပွဲသည် အလှပဆုံး၊ အစည်းကားဆုံး၊ ကြည့်ရူ့စိတ်ချမ်းသာဖွယ်အကောင်းဆုံးနှင့် အံ့သြပီတိဖြစ်စရာအကောင်းဆုံးသော ပွဲတော်တစ်ခုဟု ခံစားမိပါသည်။


ညအချိန်တွင် ရောင်စုံမီးများဖြင့် လှလှပပ အနုပညာလက်ရာမြောက်များစွာ အလှဆင်ထားသော စွယ်တော်တိုက်နှင့် ကန်ဒီမြို့ရှိ လမ်းများ၊ အဆောက်အဦးများသည် နတ်ဘုံနတ်နန်းအလား ထင်မှတ်စရာကောင်းလှအောင် လှပနေသည်ကိုလည်း တွေ့မြင်ရ၍ စိတ်ချမ်းမြေ့ခဲ့ရပါသည်။


မြတ်ဗုဒ္ဓ၏ စွယ်တော်ဓာတ်ကို ယခုကဲ့သို့ ဂုဏ်ပြုအလေးထားပူဇော်မှုပြုလုပ်ခြင်းသည် မြတ်ဗုဒ္ဓကို အမှန်တကယ်ယုံကြည်ခြင်းဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာကိုလည်း လက်တွေ့ပြခြင်းဖြစ်သောကြောင့် စာရေးသူတော့ ဗုဒ္ဓဘာသာကိုချီးမြှောက်သော ဒီပွဲတော်လေးကို အမြဲမှတ်ရနေမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ယခုကျင်းပသော ပွဲတော်လေးကိုကြည့်၍ စာရေးသူရဲ့စိတ်ထဲမှာ ဗုဒ္ဓဘာသာအတွက် ဂုဏ်ယူမိပါသည်။ အဘယ့်ကြောင့်ဆိုသော် ယခုပွဲတော်ကို မြင်တွေ့ရသော ဘာသာခြားများ၏ စိတ်သန္တာန်တွင် ဗုဒ္ဓဘာသာလူမျိုးများသည် သူတို့ဘာသာကို အလွန်တန်ဖိုးထားကြပါသည်လားဟု ဘာသာခြားတို့၏ စိတ်ထဲ၌ ထူးခြားမှုဖြစ်နေမည်မှာ သေချာသောကြောင့် ဗုဒ္ဓဘာသာအတွက် ဂုဏ်ယူထိုက်သော ပွဲတော်လေးလည်း ဖြစ်နေသည်မှာ မလွဲဧကန် အမှန်ပင်ဖြစ်ပါသည်။


မြတ်ဗုဒ္ဓစွယ်တော်ဓာတ်သည် မြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် စွယ်တော်ဓာတ် လေးဆူကြွင်းကျန်ခဲ့ရာ တစ်ဆူမှာ ယခုပွဲတော်ကျင်းပ၍ ပူဇော်နေသော ကန်ဒီမြို့ရှိ စွယ်တော်တစ်ခုဖြစ်ပြီး၊ အခြားသုံးဆူမှာ တရုတ်ပြည်၌ တစ်ဆူ၊ နတ်ပြည်၌တစ်ဆူ၊ နဂါးပြည်၌တစ်ဆူ ရှိနေပါသည်။

ယခုသီရိလင်္ကာ၌ရှိနေသော စွယ်တော်ဓာတ်သည် မြတ်ဗုဒ္ဓ၏ စွယ်တော်အစစ်ဖြစ်၍ သီရိလင်္ကာဗုဒ္ဓဘာသာဝင်များသည် စွယ်တော်ကို သူတို့၏အသက်ကဲ့သို့ လေးစားယုံကြည် တန်ဖိုးထားကြသောကြောင့် အိမ်တိုင်းတွင် မည်သည့်အလှူပြုလုပ်သည်ဖြစ်စေ စွယ်တော်ပွားကို ပင့်ဆောင်ပြီး ကိုးကွယ်ထားကြပါသည်။ ထိုနည်းတူစွာ စွယ်တော်ကဲ့သို့ တန်ဖိုးထားသောအရာတစ်ခုမှာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ မြတ်စွာဘုရားရှင် သဗ္ဗညုတရွှေဉာဏ်တော် ရရှိတော်မူခဲ့သည့် မူရင်းဗောဓိပင်မှ ပင့်ဆောင်ခဲ့သော သီရိမဟာဗောဓိပင် ဖြစ်ပါသည်။ သီရိလင်္ကာပြည်သူများသည် ဗောဓိပင်ကိုလည်း တန်ဖိုးထားကြသောကြောင့် နေ့စဉ်ညနေချမ်းအချိန်တွင် ဗောဓိပင်များသို့ ဆီးမီးအမွှေးတိုင်များဖြင့် ထွန်းညှိပူဇော်ကြပါသည်။


ထိုပူဇော်ပွဲတွင် မြန်မာပြည်ကဲ့သို့ ပွဲလမ်းသဘင်များဖြင့် ပူဇော်ခြင်းမျိုး မလုပ်ကြဘဲ မိမိတို့ရိုးးရာ အကများနဲ့ လှည့်လည်ပူဇော်ကြသည်ကို တွေ့ရပါသည်။ ဤပွဲတော်တွင် သီရိလင်္ကာပြည်သူလူထုနှင့်အစိုးရ၏ စည်းလုံးညီညွတ်မှု၊ ဘာသာရေးစိတ်ဓာတ် လေးစားမှုတို့ကို တွေ့ခဲ့ရပေသည်။ သီရိလင်္ကာပြည်သူများသည် ပွဲတော်အတွက် မြန်မာပြည်ကဲ့သို့ ပွဲလမ်းသဘင် ငှါးရမ်းခ၊ စားသောက်စရိတ်ကုန်ကျမှု၊ ပွဲတော်အတွင်း ရောင်းသော ပစ္စည်းများ ၀ယ်ယူမှုအတွက် ကုန်ကျမှုစရိတ်များ မရှိပေ။ သီရိလင်္ကာအစိုးရသည် ပွဲတော်အတွက် ပြည်သူများထံမှ ပိုက်ဆံကောက်ယူစရာမလိုဘဲ ကမ္ဘာလှည့်ခရီးသည်များထံမှ ရသောငွေများဖြင့်ပင် ပွဲတော်အတွက်ကုန်ကျစရိတ် လုံလောက်မှုရှိပါလိမ့်မည်။ စွယ်တော်လှည့်လည်ပူဇော်ခံကျင်းပသည့် ရက်များတွင် တည်းခိုးခန်းများသည် အရင်ထက်(၂)ဆတိုး၍ ဈေးနှုန်းများထားသော်လည်း နိုင်ငံတကာမှ ဧည့်သည်များ လာရောက်မှုသည် တည်းခိုးခန်းမလောက်အောင် များပြားသည်ကို တွေ့ရှိခဲ့ရပေသည်။ သူတို့ရိုးရာအကများနဲ့ ပူဇော်ပုံ ပူဇော်နည်းများကို ဓာတ်ပုံများဖြင့် တင်ပြပေးပါမည်။ သူတို့မှတ်တမ်းတင်ထားသော ဗွီဒီယိုကိုလည်း စာရေးသူဝယ်ဖြစ်လျှင် တင်ပြပေးပါအုန်းမည်။


စာရေးသူမှတ်မိသလောက် တင်ပြရမည်ဆိုလျှင် စွယ်တော်လှည့်လည်မည့် ကားလမ်းကို ရေများဖြင့် သန့်စင်အောင် ဆေးကြောထားပြီး ပထမရှေ့ဆုံးမှ လမ်းရှင်းရန်နှင့် အချက်ပြအဖြစ် တစ်ယောက်သုံးပေခန့်အကွာ၌ လူတစ်ယောက်စီက ကြိုးကျစ်များဖြင့် “ဖြောက်....ဖြောက်နဲ့မြည်းအောင် လမ်းကိုရိုက်ယမ်း၍ သွားကြပါသည်။


ဒုတိယမြောက် ထွက်ပေါ်လာကြသော အလှအပများမှာ ဆင်စီးသူကို ရှေ့မှတစ်ဖွဲ့ နောက်မှတစ်ဖွဲ့လူစုတို့က မီးပန်းအလှများဖြင့် ရိုးရာအက ကလျက်သွားကြပါသည်။ ထိုကသူများကို နားဘေးမှမီးတုတ်ကြီးများကိုင်၍ မီးပြသူများကလည်း လိုက်ပါပေးကြသည်။ ဆင်စီးသူများက သာသနာ့အလံကို ကိုင်ဆောင်၍သော်လည်းကောင်း၊ စေတီများကို ပူဇော်၍လည်းကောင်း လိုက်ပါကြသကဲ့သို့ ဆင်တစ်စီးစီရဲ့ ရှေ့နောက်တို့မှာလည်း ရိုးရာအကမျိုးစုံတို့ဖြင့် လိုက်ပါပူဇော်ကြသည်ကို တွေ့ရပါသည်။


ဆင်ပေါင်းမည်မျှများပြားသည်ကို စာရေးသူတော့ ဓာတ်ပုံရိုက်နေတာနဲ့ မမှတ်မိသော်လည်း ဆင်တစ်စီးနှင့်တစ်စီး အလွန်မဝေးကွာဘဲ တစ်နေရာတည်းမှ စွယ်တော်လှည့်လည်ပူဇော်သည်ကို ကြည့်နေချိန်သည် ည(၈)နာရီကနေ ည(၁၁)နာရီကျော်ထိ ကြာမြင့်ပါသည်။ အများပြောစကား ကြားရသည်မှာတော့ ဆင်အကောင်ပေါင်း(၁၀၀)ရှိသည်ဟု သိရှိရပါသည်။ ထိုပွဲတော်သို့ သီရိလင်္ကာနိုင်ငံ၌ရှိသော ပြည်သူပေါင်းစုံနှင့် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသည်များ လာရောက်ကြည့်ရှု့ကြသည်မှာ တိုး၍ပင် မပေါက်အောင် များပြားလှပါသည်။


သီရိလင်္ကာနိုင်ငံသည် ဘုရားပွဲများကျင်းပရာတွင် ပွဲလမ်းသဘင်များဖြင့် ကျင်းပခြင်းမရှိဘဲ မိမိတို့၏ရိုးရာအက၊ မိမိတို့၏ဘာသာရေးတရားတော်များဖြင့်သာ ပူဇော်ကြသည်ကို တွေ့ရှိရပါသည်။ စာရေးသူ ဒီနိုင်ငံတွင် ဘုရားပွဲကျင်းပသည်မှာ စွယ်တော်လှည့်လည်ပူဇော်ပွဲနဲ့ဆို (၂)ခါမျှသာ တွေ့ဖူးပါသည်။ တစ်ခုက မြတ်ဗုဒ္ဓဘုရားဖြစ်တော်မူသည့် ကဆုန်လပြည့်နေ့နှင့် ယခု မြတ်ဗုဒ္ဓ၏စွယ်တော် လှည့်လည်ပူဇော်ပွဲတို့သာ ဖြစ်ပါသည်။


ကဆုန်လပြည့်(Wesak day)နေ့ ဗုဒ္ဓပွဲတော်ကျင်းပချိန်(၇)ရက်လုံးတွင် သီရိလင်္ကာပြည်သူများသည် ဘုရားဖြစ်စဉ်ပုံတော်များကို ကြည့်ရူ့ခြင်း၊ တရားတော်များကို နားထောင်ခြင်း၊ စတုဒိသာကျွေးသော နေရာများတွင် စည်းစနစ်တကျ စားသောက်နေကြသည်တို့ကို တွေ့ရပါသည်။ လာရောက်ကြည့်ရူ့သူများသည် ထူးထူးထွေထွေ ကြည့်စရာမရှိလှသော်လည်း သူတို့ပွဲတော်နဲ့သူတို့မှာတော့ ပျော်ရွှင်နေကြသည်မှာ အမှန်ပင်ဖြစ်ပါသည်။


ယခုကျင်းပသော မြတ်ဗုဒ္ဓစွယ်တော် လှည့်လည်ပူဇော်ပွဲတွင်လည်း လာရောက်ကြည့်ရူ့သူများသည် မတိုးပေါက်နိုင်လောက်အောင် များပြားလှသော်လည်း သီရိလင်္ကာပြည်သူများနှင့်စီစဉ်သောတာဝန်ရှိသူများ၏ စနစ်ကျမှုကြောင့် သူ့နေရာနှင့်သူ ကြည့်ရူ့နေကြသည်ကို တွေ့မြင်ခဲ့ရပါသည်။ မရေမတွက်နိုင်လောက်အောင် လာရောက်ကြည့်ရူ့သူ များပြားသောကြောင့် ရဲအရာရှိများက လမ်းဘေးတန်းစီပေးရာ၌ စနစ်တကျဖြစ်အောင် စီစဉ်ပေးနေသော်လည်း အစဦးဆုံးဝင်ပေါက်မှာ မနည်းတိုးဝှေ့၍ ၀င်ခဲ့ရသည်ကို စိတ်ပျက်သလိုခံစားမိခဲ့ရပေမဲ့ ရဲအရာရှိများက စာရေးသူတို့ ဘုန်းကြီးများကို ဦးစားပေးခေါ်ယူသောကြောင့် တခဏမျှသာ တိုးဝှေ့ခဲ့ရပါသည်။

မြတ်ဗုဒ္ဓစွယ်တော်လှည့်လည်ပူဇော်ပွဲတွင် သီရိလင်္ကာပြည်သူများသည် သူ့နေရာသူ လှည့်လည်ရန်တာဝန်ယူသည်ကို မြင်တွေ့ရသောအခါ “သြော်-သူတို့သည် ဗုဒ္ဓဘာသာပီပီ ဗုဒ္ဓပွဲအတွက် လှည့်လည်ပူဇော်ပေးရမည့် ကြာရှည်လှသော တန်းစီလှည့်လည်ပွဲတွင် မည်မျှပင်းပန်းစေကာမှု အပင်းပန်းခံမည်”ဟု စိတ်ဆုံးဖြတ်ထားသည့်ပုံကို တွေ့ရပါသည်။ စွယ်တော်လှည့်လည်သည်မှာ ခန့်မှန်းခြေအားဖြင့် (၅)နာရီကျော် ကြာမြင့်မည်ဖြစ်သောကြောင့် ထိုအချိန်တိုင်းတွင် က၍သွားနေသောသူ၊ တီးမှုတ်သောသူ၊ မီးတုတ်ကြီးများကို ကိုင်ဆောင်ရသောသူ၊ ဆင်များနားဘေးမှ ခြေလျင်လျှောက်၍ လိုက်ရသောသူများသည် မည်မျှပင်းပန်းမည်ကို စာရေးသူစဉ်းစားကြည့်မိသည်မှာ ဘာသာရေးစိတ်ဓာတ်သာ မပြင်းပြပါက လွယ်ကူလှသော လုပ်ဆောင်မှုများ မဟုတ်သောကြောင့် ခံနိုင်ရည်ရှိဖို့ မလွယ်ကူလှပေ။ သီရိလင်္ကာပြည်သူများ၏ ဘာသာရေးစိတ်ဓာတ်ကို ဤပွဲတော်ကြည့်ရူ့မှုဖြင့် စာရေးသူလေးစားမိသကဲ့သို့ ဗုဒ္ဓဘာသာအတွက်လည်း ဂုဏ်ယူဝမ်းမြောက်မှု ဖြစ်ခဲ့ရပေသည်။


မြတ်ဗုဒ္ဓစွယ်တော်ဆောင်းပါးကို ဤမျှနဲ့ပဲ နိဂုံးသတ်ပါရစေ။ ဆက်လက်၍ စာရေးသူ မြင်တွေ့သမျှထဲမှ စာဖတ်သူများ အကျိုးဗဟုသုတ အသိဉာဏ်ရရှိမည့် အကြောင်းအရာတို့ကို ကျောင်းပိတ်ချိန်များတွင် ဆက်လက်ရေးသား တင်ပြပေးပါမည်။


မြတ်ဗုဒ္ဓစွယ်တော်ပွဲ အမှတ်တရ ဓာတ်ပုံများ

စာရေးသူနှင့်သူငယ်ချင်းများ အမှတ်တရရိုက်ခဲ့သောပုံ


စွယ်တော်ပင့်ဆောင်လာပုံ(၄)


မြန်မာပြည်လွတ်လပ်ရေး စာချုပ်ချုပ်ဆိုခဲ့သောတိုက်


ဆင်ရတနာများဖြင့် လှည့်လည်သောပုံ


စွယ်တော်ထားရှိရာ စွယ်တော်တိုက်မှမှတ်တမ်းပုံ

စွယ်တော်အား အနီးကပ်မှတ်တမ်းတင်ထားပုံ

စွယ်တော်ပင့်ဆောင်လာပုံ(၃)

စွယ်တော်ပင့်ဆောင်လာပုံ(၂)

စွယ်တော်ပင့်ဆောင်လာပုံ




စီးတန်းလှည့်လည်နေပုံ

ဝင်ပေါက်တွင် နေရာရရန် စောင့်ဆိုင်းနေကြပုံ

အစဦးဆုံးဝင်ပေါက် တိုးဝှေ့နေရပုံ(၂)

အစဦးဆုံးဝင်ပေါက် တိုးဝှေ့နေရပုံ

ရဲအရာရှိများမှ နေရာချထားပေးနေပုံ

မိမိတိုက်ပေါ်မှ ကြည့်ရူ့နေပုံ

ကမ္ဘာလှည့်ခရီးသည်များ ကြည့်ရူ့နေပုံ

လမ်းဘေးတွင် နေရာယူနေပုံ

ရိုးရာဝတ်စားများဖြင့် ကပြလှည့်လည်ပုံ

ရိုးရာတေးဂီတများဖြင့် လှည့်လည်နေပုံ

မိန်းကလေးများ အကဖြင့် လှည့်လည်နေပုံ(၃)

မိန်းကလေးများ အကဖြင့် လှည့်လည်နေပုံ(၂)

မိန်းကလေးများ အကဖြင့် လှည့်လည်နေပုံ

မိန်းကလေးများ အကဖြင့် လှည့်လည်နေပုံ

တန်းစီလှည့်လည်နေပုံ

ဝါးခြေထောက်ဖြင့် မီးဝိုင်းများ ကပြနေပုံ

ရိုးရာဝတ်စုံများဖြင့် လှည့်လည်ပြပုံ

မီးစက်ဝိုင်းဖြင့် ကပြပုံ

အကများဖြင့်ရှေ့နောက် လှည့်လည်ပြသပုံ


သာသနာ့အလံများဖြင့် ရှေ့ကနေ ထွက်လာသောဆင်ရတနာ


စွယ်တော်ပင့်ဆောင်လာသော ဆင်ရတနာ





Monday, August 23, 2010

သီရိလင်္ကာနှင့်ဘုရားဖူး

၁၁.၀၈.၂၀၁၀ ရက်နေ့က စာရေးသူတို့ သီရိလင်္ကာနိုင်ငံသို့ နိုင်ငံတော်သံဃနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်၊ တိပိဋကရွေးချယ်ရေးဥက္ကဋ္ဌ မန္တလေးမြို့ ပေါက်မြိုင်ဆရာတော်၊ ရန်ကုန် ဖြူမဟာစည် ဆရာတော်တို့နှင့် ဒါယကာ-ဒါယိကာမ စုစုပေါင်း(၆၈)ဦးတို့သည် သီရိလင်္ကာနိုင်ငံ၊ ကန်ဒီမြို့၌ရှိသော ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားသည့် မြတ်စွာဘုရား၏ စွယ်တော်အစစ်ကို ဖူးမြင်ရန် ရောက်ရှိလာကြပါသည်။ ထို့ပြင် နှစ်ပေါင်းနှစ်ထောင်ကျော်က ကျောင်းတော်ရာများ၊ နန်းတော်ဟောင်းများ၊ ဘီစီသုံးရာစုခန့်က စိုက်ပျိုးခဲ့သည့် မဟာဗောဓိပင်၊ သီရိလင်္ကာနိုင်ငံတွင် နာမည်အကြီးဆုံးတောင်ဖြစ်သည့် စရိပါဒ(Sri pada) တောင်နှင့် သီရိလင်္ကာပြည်သူတို့၏ ဗုဒ္ဓဘာသာယဉ်ကျေးမှု တန်ဖိုးထားပုံတို့ကိုလည်း အနီးကပ်လေ့လာခွင့် ရခဲ့ကြပေသည်။

မြန်မာပြည်မှ ဗုဒ္ဓဘာသာဝင်များသည် အိန္ဒိယနိုင်ငံသို့သာ ဘုရားဖူးသွားကြသည်က များပါသည်။ ဗုဒ္ဓဘာသာထွန်းကားသော သီရိလင်္ကာနိုင်ငံသို့ လာရောက်ကြသည်ကား နည်းပါးလှပါသည်။ နည်းပါးရခြင်းအကြောင်းမှာ သီရိလင်္ကာနိုင်ငံရှိ အထက်၌ဖော်ပြခဲ့သော နေရာဒေသတို့ကို ကောင်းစွာမသိသောကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံကဲ့သို့ ဘုရားဖူးသွားရန် အေဂျင်စီအဖွဲ့များ မရှိသောကြောင့်လည်းကောင်း၊ သီရိလင်္ကာနိုင်ငံသို့သွားသော လေယာဉ်သည် ထိုင်းလေဆိမ်မှ ည(၁၀)ကျော်တွင် ထွက်သောကြောင့် ထိုင်းလေဆိပ်မှာ ပျင်းရိအောင် စောင့်နေရသောကြောင့်လည်းကောင်း၊ သီရိလင်္ကာလေဆိပ်သို့ရောက်လျှင် ကြိုဆိုမည့်ပုဂ္ဂိုလ်ရှိမှသာလျှင် အဆင်ပြေနိုင်သောကြောင့်လည်းကောင်း ဘုရားဖူးလာရောက်ကြသူ နည်းပါးသည်ဟု ထင်ပါသည်။

သီရိလင်္ကာနိုင်ငံ၏ ထင်ပေါ်ကျော်ကြားသော အကြောင်းအရာများထဲမှ စာရေးသူ အဓိကထား တင်ပြချင်သည်ကား စိတ်ဝင်စားဖွယ်ကောင်းသကဲ့သို့ နိုင်ငံခြားသား လာရောက်လည်ပတ်အများ ဆုံးဖြစ်သည့် စရိပါဒ(Sri pada)တောင်အကြောင်းကို တင်ပြပေးချင်ပါသည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်မှ စရိပါဒတောင်သို့ အတိုဆုံးနှင့်အလွယ်လမ်းမှသွားလျှင် ကီလိုမီတာ(၁၅၀) ဝေးပါသည်။ များသောအားဖြင့် စရိပါဒတောင်သို့ တိုက်ရိုက်မသွားဘဲ မြန်မာပြည်မှ ပြင်ဦးလွင်နဲ့ရာသီဥတုတူသည့် နုဝရေလိယ(Nuware Eliya) မြို့မှ တဆင့်သွားကြ သည်က များပါသည်။ နုဝရေလိယမြို့လေးသည် ကိုလိုနီခေတ်က အင်္ဂလိပ်တို့သဘောကျ နှစ်ခြိုက်ခဲ့သည့် တောင်ပေါ်အပန်းဖြေမြို့ကလေး ဖြစ်ပါသည်။ ဤမြို့လေးသည် မြင့်မားလှသည့် တောင်ခါးပန်းတို့ကိုပင် လှေခါးထစ်သဏ္ဍာန်ပြုလုပ်ပြီး ထိုပေါ်မှာ ဆေးရောင်စုံအိမ်လေးတွေ ဟိုတယ်တွေ တည်ဆောက်ထားသောကြောင့် နိုင်ငံခြားသားများ လာရောက်အခြေချ နေထိုင်ကြပါသည်။ မြို့လေးသည် သဘာဝအရ လှပရုံသာမက တောင်ခါးပန်းနံရံမှာ စိုက်ပျိုးထား သည့် လက်ဖက်စိုက်ခင်းများကြောင့်လည်း နာမည်ကျော်ခြင်း ဖြစ်ပေသည်။

စရိပါဒတောင်ပေါ်ကို ဤမြို့လေးမှတက်လျှင် (၃)နာရီကြာသော်လည်း လမ်းမှာစိုက်ပျိုးထားသည့် လက်ဖက်ခင်းများ၊ ရေတံခွန်ကြီးများ၊ အင်အိုင်ချောင်းမြောင်းများကိုကြည့်ရင်း တက်ရသောကြောင့် မောပန်းရကျိုး နပ်ပေသည်။ စရိပါဒတောင်သည် ချိုင့်ဝှမ်းထဲ ဆင်းသွားလိုက် အပေါ်ကို တက်သွားလိုက်နဲ့ ဖြစ်နေသောကြောင့် တက်ရသူများမှာ မြင်လိုက်ပျောက်သွားလိုက် ဖြစ်နေပေသည်။

ဤတောင်၏ထူးခြားချက်မှာ ဘာသာကြီးလေးခုတို့က သူ့နည်းသူ့ဟန်နဲ့ တန်ဖိုးထားကြခြင်း ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့က “စရိပါဒ (Sri pada-sacred footprint) မြင့်မြတ်သည့်ခြေတော်ရာ”ဟု ခေါ်ဝေါ်သည့် တောင်ထွဋ်ပေါ်မှ ခြေတော်ရာကို မြတ်စွာဘုရား၏ ၀ဲဖက်ခြေတော်ရာဟု ယုံကြည်ပြီး ကိုးကွယ်ပူဇော်ကြ၏။ ဟိန္ဒူဘာသာဝင်တို့က ဟိန္ဒူနတ်ဘုရားရှီဝ၏ ခြေတော်ရာဟု ယုံကြည်ပြီး ကိုးကွယ်ပူဇော်ကြ၏။ ခရစ်ယာန်ဘာသာဝင် တို့က ခရစ်ယာန်သူတော်စင် စိန့်သောမက်စ် (St Thomas)၏ ခြေတော်ရာ၊ ထိုတောင်ပေါ်မှ သူတို့၏ ကောင်ကင်ဘုံသို့ မိုင်လေးဆယ်သာ ဝေးကွာတော့သည်ဟု ယုံကြည်ပြီး ကိုးကွယ်ပူဇော်ကြ၏။ မူစလင်ဘာသာဝင်များက ကမ္ဘာမြေပေါ်ကို ပထမဦးဆုံးခြေချခဲ့သည့် Adam ၏ ခြေရာဟု ယုံကြည်ပြီး ကိုးကွယ်ပူဇော်ကြ၏။

စရိပါဒတောင်တ၀ိုက်နှင့်သီရိလင်္ကာတောင်တန်းများကို သုမနနတ်မင်းက စောင့်ရှောက်သည်ဟု သီရိလင်္ကာပြည်သူများက ယုံကြည်ကြသည်။ ယက္ခိုက်နတ်ဘီလူးများကို နှိမ်နင်းရန် မြတ်စွာဘုရား သီရိလင်္ကာနိုင်ငံ မဟီယင်္ဂဏသို့ ပထမအကြိမ်ကြွလာစဉ်က သုမနနတ်မင်းသည် မြတ်စွာဘုရားဟောကြားသော တရားတော်ကို နာယူရပြီး သောတာပန်တည်ခဲ့သည်။ မြတ်စွာဘုရားချီးမြှင့်သည့် ဆံတော်ကို ဌါပနာပြီး မဟီယင်္ဂဏစေတီ တည်ထားခဲ့သည်။ သီရိလင်္ကာနိုင်ငံ ကေလနိယသို့ တတိယအကြိမ်နောက်ဆုံး မြတ်စွာဘုရားကြွလာစဉ် သုမနနတ်မင်း၏ တောင်းပန်ချက်ကြောင့် စရိပါဒတောင်ထိပ်၌ ၀ဲဖက်ခြေတော်ရာချခဲ့ကြောင်း မဟာဝံသ၌ ရေးသားထားသည်ကို တွေ့ရပါသည်။

ဘုရားဖူးရာသီစတင်ချိန်ဖြစ်သည့် ဒီဇင်ဘာလတွင် အခမ်းအနားများဖြင့် သုမနနတ်မင်းကို တောင်ထိပ်ပေါ်သို့ ဘုရားဖူးများ အန္တရာယ်မကျရောက်အောင် သီရိလင်္ကာပြည်သူများက ပင့်ဆောင်ကြလေသည်။ ဘုရားဖူးရာသီ ဒီဇင်ဘာလမှ မေလအထိတွင် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသည်များ စရိပါဒတောင်သို့ လာရောက်လည်ပတ်ကြပါသည်။ ထိုရာသီအတွင်း ဘုရားဖူးခရီးသည်များ ခန့်မှန်းခြေအားဖြင့် တစ်လလျှင် နှစ်သိန်းခွဲခန့် ရှိသည်ဟုဆိုပါသည်။ ထိုအချိန်သည် အစည်းကားဆုံးအချိန်ဖြစ်သော်လည်း ကျန်သောလများတွင်လည်း ဘုရားဖူးခရီးသည်များ ထိုတောင်ပေါ်သို့ တက်ရောက်ကြပါသည်။

သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူးလာရောက်သူမြန်မာလူမျိုးများသည် သီရိလင်္ကာနိုင်ငံ၌ မြန်မာရဟန်းတော်များ ပညာသင်သီတင်းသုံးနေထိုင်သည့် မြန်မာကျောင်းတည်ရှိရာ ပထမမြို့တော်ဖြစ်သော ကိုလံဘိုမြို့သို့ ရောက်ရှိကြပါသည်။ ထိုသို့ရောက်ရှိလျှင် ဘုရားဖူးလာသူများသည် မိမိမြန်မာပြည်ဖွား ပြည်ပ၌ပညာသင်ကြားနေကြသော ရဟန်းတော်များ ကို ဖူးတွေ့ရသဖြင့် မိမိတို့တက်နိုင်သလောက် ဆွမ်းအစရှိသည်တို့ကို ဆက်ကပ်လှူဒါန်းကြလေ သည်။

သီရိလင်္ကာနိုင်ငံသည် အိန္ဒိယနိုင်ငံကဲ့သို့ မြန်မာပြည်မှဘုရားဖူးလာသူများ မပေါများသောကြောင့် မြန်မာကျောင်း၌ မြန်မာပြည်မှ လူမျိုးများ ဆွမ်းကပ်မှု၊ လှူဒါန်းမှုပြုလုပ်သူများ နည်းပါးပါသည်။ ထို့ကြောင့်လည်း သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိလာသော မြန်မာဘုရားဖူးခရီးသည်များသည် မြန်မာကျောင်းသို့ရောက်လျှင် ဆွမ်းအစရှိသော လှူဒါန်းမှုများ ပြုလုပ်ကြပါသည်။

ယခု ရောက်ရှိလာသော ဗန်းမော်ဆရာတော်နှင့်ပေါက်မြိုင်ဆရာတော်ဦးဆောင်သော ဘုရားဖူးအဖွဲ့များသည် သီရိလင်္ကာနိုင်ငံ၌ ပညာသင်ကြားနေသော မြန်မာရဟန်းတော်များ၏ ခရီးကြုံရှားပါးမှု၊ မြန်မာအစားအစာရှားပါးမှုတို့ကို သိသဖြင့် မြန်မာပြည်မှဆိုင်ရာဆိုင်ရာတို့၏ လူကြုံပါးမှုများကို ယူဆောင်ခဲ့သည့်အပြင် ဘုရားဖူးအဖွဲ့၌ပါသော ဒါယကာ-ဒါယိကာမများကလည်း မြန်မာအစားအစာ အစရှိသော လှူဒါန်းစရာအဖြာဖြာတို့ကို သယ်ဆောင်၍ မြန်မာကျောင်း၌ အရုဏ်ဆွမ်းစားရခဲသည့် မုန့်ဟင်းခါးနှင့်နေ့ဆွမ်းတို့ကို (၂၀.၀၈.၂၀၁၀) ရက်နေ့တွင် ဆက်ကပ် လှူဒါန်းကြပါသည်။ ထို့ပြင် မြန်မာကျောင်း၌ လိုအပ်သည်များ ၀ယ်ယူနိုင်ရန်အတွက် ၀တ္ထုငွေများ လည်း စုပေါင်း၍ လှူဒါန်းသွားကြပါသည်။

နိုင်ငံတော်သံဃနာယကဥက္ကဋ္ဌဗန်းမော်ဆရာတော်နှင့် ပေါက်မြိုင်ဆရာတော်ကြီးများ ကြွရောက် လာခိုက်လေးမှာ သီရိလင်္ကာ၌ပညာသင်ကြားနေသော မြန်မာရဟန်းတော်များအား လိုအပ် သည်များ မိန့်ကြားရန်အတွက် (၂၀.၀၈.၂၀၁၀) ရက်နေ့ နေ့ခင်းအချိန်တွင် သြ၀ါဒခံယူပွဲလေးလည်း ပြုလုပ်ခဲ့ကြပါသည်။ သီရိလင်္ကာနိုင်ငံ၌ ပညာသင်ကြားနေသော မြန်မာရဟန်းတော်များသည် ဆရာတော်ကြီးများကို ဖူးရသည့်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ မြန်မာရဟန်းတော်များက ဆရာတော်ကြီးများ လိုအပ်ရာရာ ပြုစုပေးသည်ကို တွေ့ရသည့်အတွက် ဆရာတော်ကြီးများ ကလည်း ၀မ်းမြောက်ဝမ်းသာဖြစ်သွားကြပါသည်။

သီရိလင်္ကာနှင့်ဘုရားဖူးဆောင်းပါးကို ဤမျှနဲ့ပဲ နိဂုံးသတ်ပါရစေ။ ဆက်လက်၍ စာရေးသူ မြင်တွေ့သမျှထဲမှ စာဖတ်သူများ အကျိုးဗဟုသုတ အသိဉာဏ်ရရှိမည့် အကြောင်းအရာတို့ကို ဆက်လက်ရေးသား တင်ပြပေးပါမည်။


Sunday, August 22, 2010

ဘုရားဖူးအဖွဲ့များ မြန်မာကျောင်း၌ အမှတ်တရများ

အောက်မှာဖော်ပြထားသော ဓာတ်ပုံများမှာ နိုင်ငံတော်သံဃနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်နှင့် ပေါက်မြိုင်ဆရာတော်တို့ဦးဆောင်သော ဘုရားဖူးအဖွဲ့ သီရိလင်္ကာမြန်မာကျောင်း၌ ဆွမ်းကပ်ခြင်း၊ လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ ဆရာတော်ကြီးများမှ မြန်မာရဟန်းတော်များအား သြ၀ါဒချီးမြှင့်ခြင်း စသည်တို့ကို အမှတ်တရ ရိုက်ကူးထားသော ဓာတ်ပုံများပင် ဖြစ်ပါသည်။











Type your summary hereType rest of the post here

Sunday, August 8, 2010

ကိုယ်စီပြုပါ အိမ်းတွင်းသာသနာ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ။

သံဃံ သရဏံ ဂစ္ဆာမိ။

အစရှိသော ဂါထာကို တီတီတာတာ မပီကလာရွတ်ဆိုနေသော သုံးလေးနှစ်ကလေးငယ်၏ အသံကိုကြားလိုက်ရသောအခါ ရင်ထဲမှာ လွန်စွာအံသြမှုနဲ့အတူ ပီတိများလည်း ဖြာဝေအောင် ဖြစ်ခဲ့မိပါသည်။

ရွတ်ဆိုနေသော ကလေးငယ်သည် အရွယ်အားဖြင့် ငယ်သေး၍ အသိဉာဏ်မကြွယ်သေးသော်လည်း မိဘတို့၏ သွန်သင်ဆုံးမမှုကြောင့် ဗုဒ္ဓဘာသာဝင်တို့ ရသင့်ရထိုက်သော သြာကာသဘုရားရှိခိုး၊ သရဏဂုံနှင့်သမ္ဗုဒ္ဓေဂါထာစသည်တို့ကို နှုတ်တက်ရွရွ ရနေပါသည်။


ကလေးငယ် ဤအရာကို ဘယ်သူသင်ပေးသလဲဟု စာရေးသူက မေးလိုက်သောအခါ ဖေဖေနဲ့မေမေက သင်ပေးတာတဲ့။ ဤစကားကိုကြားလိုက်ရတော့ စာရေးသူ၏ရင်ထဲဝယ် အတိုင်းမသိသော ကြည်နူးဝမ်းမြောက်ခြင်းနှင့်အတူ တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ သြ၀ါဒစကားကို ပြန်လည်ကြားယောင်မိပါသည်။

“ယဉ်ကျေးမှုကို ရပ်ရွာထုံစံနှင့် မရနိုင်၊ မိဘ ဆရာသမား စာကောင်းပေကောင်းနှင့်တွေ့မှ ရနိုင်တယ်”ဆိုသည့် ဆရာတော်၏ သြ၀ါဒမှာ အလွန်လေးနက် ထိမိလှပေသည်။


ဤကလေးငယ်သည် ဘာသာတရား၌ ရိုသေလေးစားခြင်း၊ လေ့လာလိုက်စားခြင်းရှိသော မိဘတို့၏အထံ၌ လူဖြစ်ရ၍ မိဘတို့၏ သွန်သင်ဆုံးမမှုကိုရသောကြောင့် အရွယ်ငယ်ငယ်ဖြင့် ဘုရား တရား သံဃာဆိုသည့် ရတနာသုံးပါးတို့နှင့် ရင်းနှီးခွင့် ရခြင်းဖြစ်ပေသည်။

ယခုခေတ် ကျောင်းသူ ကျောင်းသား လူငယ် လူလတ်မှစ၍ အချို့လူကြီးများပင် မိမိတို့ ကိုးကွယ်ဆည်းကပ်အားထားရာ ရဟန်းသံဃာတို့နှင့် စကားမပြောတက်ကြပေ။ အရေးကြုံ၍ ဘုန်းကြီးကျောင်းသွားရန် အကြောင်းဖန်လာသော် ရဟန်းသံဃာများနှင့် စကားမပြောတတ်၍ သူသွားငါသွားဖြင့် ဒုက္ခများကြရပေသည်။


ဤသို့ ဘုန်းကြီးကျောင်းမသွားကြသဖြင့် ဘုရား တရား သံဃာ ရတနာသုံးပါးနှင့်ဝေးကွာပြီး မိမိတို့ ကိုးကွယ်ရာဘာသာအကြောင်း မေးမြန်းစုံစမ်းခြင်း၊ လေ့လာလိုက်စားခြင်းမရှိရာမှ ဘာသာရေး ဗဟုသုတနည်းပါးလာကာ ဘိုးဘွားမိဘအဆက်ဆက်မှ ကိုးကွယ်ခဲ့ကြသော မိမိတို့၏ ဘာသာတရားကိုပင် အထင်အမြင်သေးလာကြ၏။

ထိုသို့ မိမိတို့ ကိုးကွယ်သောဘာသာအပေါ် အထင်သေးသောသူများသည် အခြားသော ဘာသာများကို အထင်ကြီးလာတက်ရာမှ အခြားဘာသာဝင်များ၏ ဆွဲဆောင်မှုကို ခံရသောအခါ တခဏချင်း ဘာသာပြောင်းသွားတက်ကြပေသည်။ အကယ်၍ ဘာသာခြားမှ မဆွဲဆောင်သေးပါကလည်း မိမိတို့ဘာသာအကြောင်းကို ကောင်းကောင်းမသိ မလေ့လာသောကြောင့် ဘာသာမဲ့သလိုလည်း ဖြစ်နေတက်ကြပါသည်။


ဤသို့ ဘာသာကူးပြောင်းခြင်း၊ ဘာသာမဲ့ဖြစ်ရခြင်းမှာ အဘယ့်ကြောင့်နည်းဟု မေးလာသော် “သာသနာပြု အားနည်း၍”ဟုသာ ဖြေဆိုရပေမည်။ လူတို့သည် သာသနာပြုဟူသော စကားကိုကြားလျှင် သာသနာပြုခြင်းကိစ္စသည် ရဟန်းတော်များ၏အလုပ် ဒို့လူတွေနှင့်ဘာမှမဆိုင်ဟု ထင်မှတ်နေကြပေသည်။

သာသနာပြုခြင်းကိစ္စသည် ဆရာဒကာ ညီညာစွာလက်တွဲ၍ ထမ်းဆောင်ရမည့် အလုပ်ဖြစ်ပေသည်။ ဘုရားတည် ကျောင်းဆောက် သိန်းပေါင်းများစွာ အကုန်ကျခံ လှူဒါန်းမှ သာသနာပြုခြင်း မဟုတ်ပါ။


“လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ”ဆိုသည့်နှင့်အညီ အမိအဖတို့သည် မိမိတို့၏ ရင်မှပေါက်ဖွားလာသော သားရတနာ သမီးရတနာများကို မိမိတို့ စွမ်းနိုင်သမျှ ရတနာသုံးပါး၌ ယုံကြည်မှုရှိလာအောင် ကြည်ညိုတတ်လာအောင် သွန်သင်ဆုံးမ သြ၀ါဒများ ပေးရပါလိမ်မည်။

ထို့ပြင် မိမိတို့ တတ်စွမ်းနိုင်သော် အခါအားလျော်စွာ ဘုန်းတော်ကြီးများသို့ဖြစ်စေ၊ နွေရာသီ ယဉ်ကျေးမှုသင်တန်းများသို့ဖြစ်စေ ပို့ဆောင်၍ သင်ယူစေခိုင်းခြင်းများ ပြုလုပ်ပေးရပါမည်။ မိမိတို့ကိုယ်တိုင်ဖြစ်စေ စွမ်းဆောင်နိုင်သော ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များ၏ အထံ၌ဖြစ်စေ သားသမီးတို့အား ဘာသာရေး ဗဟုသုတ အဆုံးအမများကို သင်ယူလေ့လာစေခြင်းသည်လည်း သာသနာပြုခြင်းပင် ဖြစ်ပေသည်။ ဤကဲ့သို့ ပြုလုပ်ပေးခြင်းများကို “အိမ်းတွင်းသာသနာပြုနည်း”ဟု ခေါ်ပါသည်။


ဤအိမ်တွင်းသာသနာပြုနည်းသည် ငွေမကုန်လူမပန်းဘဲနဲ့ အလွန်အကျိုးများသော သာသနာပြုနည်း ဖြစ်ပါသည်။ မိဘတိုင်း မိဘတိုင်း “အိမ်တွင်းသာသနာပြုခြင်းကိစ္စ”ကို ပြုလုပ်ပေးကြမည်ဆိုလျှင် လူသားအားလုံး ယဉ်ကျေးလိမ္မာ အသိဉာဏ်များ တိုးတက်လာပါလိမ့်မည်။ မိမိတို့ ဗုဒ္ဓဘာသာဝင် လူသားအားလုံး အသိဉာဏ်တွေ တိုးတက်နေမည်ဆိုလျှင် ကျန်သောဘာသာဝင်တွေလည်း နီးစပ်ရာနီးစပ်ရာကနေ မိမိတို့ အသိဉာဏ်များ ကူးစက်ကာ ယဉ်ကျေးလိမ္မာကြလိမ့်မည်ဟု ယုံကြည်ပါသည်။


ထိုသို့ မိဘတိုင်း လူငယ်တိုင်းက သာသနာပြုခြင်းကိစ္စသည် တို့နဲ့လည်းဆိုင်သည်ဟု ခံယူချက်များထားပြီး လုပ်ဆောင်သွားမည်ဆိုလျှင် ဘာသာ သာသနာသည် ဒီထက်မက တိုးတက်ကာ သာသနာလည်း ကွယ်လိမ့်မည်မဟုတ်ပါ။

သာသနာ့ဝန်ဆောင် ရှင်ရဟန်းများသာမက မိဘဆရာ လူငယ်များပါ လက်တွဲပြီး သာသနာပြုခြင်းကိစ္စကို လုပ်ကိုင်ဆောင်ရွက် ဖြန့်ဝေပေးကြမည်ဆိုလျှင် မြတ်ဗုဒ္ဓသာသနာသည် အရှည်တည်တံ့ပြီး ကမ္ဘာလောကကြီးလည်း သာယာလှပကာ အမြဲထာဝစဉ် ငြိမ်းချမ်းနေပါလိမ့်မည်။ ကမ္ဘာကြီးငြိမ်းချမ်းနေပါက သတ္တ၀ါအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ရှင်သန်နေရပါမည်။


မိမိတို့တက်နိုင်သည့် တပိုင်တနိုင်သာသနာပြုနည်းဖြင့် သာသနာပြုနိုင်ကြပြီး အားလုံးသော သတ္တ၀ါများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီးလျှင် လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်.........။

Sunday, August 1, 2010

နိဂုံး


အမှောင်နှင့်အလင်းဆောင်သော ကမ္ဘာလောကကြီးအတွင်းဝယ် အကောင်းနှင့်အဆိုး အယုတ်နှင့်အမြတ်၊ လူဆိုးလူမိုက်နှင့် လူတော်လူကောင်းတို့သည် ဒွန်တွဲနေကြ၏။ မျက်မှောက်ခေတ် ဆုတ်ကပ်ကာလတွင် လူဆိုးလူမိုက်များထွန်းကား၍ နေရာအနှံ့အပြားတွင် ဒုနဲ့ဒေးပေါများလှပါသည်။ “လူတော်လူကောင်း”တို့မှာမူ လွန်စွာရှားပါးသော ခေတ်ကာလ ဖြစ်ပါသည်။

“အရင်းစစ်တော့ အမြစ်မြေက”ဆိုသကဲ့သို့ လူသားတို့သည် အကြောင်းအကျိုး အကောင်းအဆိုး လူတော်လူကောင်းစသည်တို့ကို ခွဲခြားနားလည်ရန် လိုပေသည်။ ထိုကဲ့သို့ ခွဲခြားနားမလည်ပါက လူဆိုးလူမိုက်များနှင့် ပေါင်းဖော်မိကာ ဘ၀နွံနစ်ကြရပေမည်။ လူဆိုးလူမိုက်ဆိုသည်မှာ မွေးရာပါ မဟုတ်သကဲ့သို့ ဦးချိုပါသောလူလည်း မဟုတ်ပါ။ ပတ်ဝန်းကျင်၏ သွန်သင်ဆုံးမမှုပေါ်တွေင် မူတည်၍ “လူဆိုးလူမိုက် လူတော်လူကောင်း”ဟု ဖြစ်လာကြရပေသည်။

“အတုမြင်အတက်သင်”နေကြသည့် လူ့လောကီနယ်ပင်တွင် “ပတ္တမြားစစ်၍ နွံမနစ်သော်လည်း နွံနှင့်အပတ်ခံရပါက ပတ္တမြား၏တန်ဖိုး ယုတ်လျော့သွားသကဲ့သို့” တန်ဖိုးရှိသော လူ့ဘ၀ကိုရရှိနေပြီး “လူတော်လူကောင်း” မဖြစ်ဘဲ လူဆိုးလူမိုက်ဖြစ်မည်ဆိုလျှင် လူသားတို့ကို အကျိုးမပြု၊ မိဘစသော ပတ်ဝန်ကျင်ကိုလည်း အကျိုးရှိအောင် လုပ်မပေးသောကြောင့် လူဖြစ်ရကျိုးမနပ်သော လူတစ် ယောက်ဖြစ်၍ ဘ၀တစ်ခုလုံးဆုံးရှုံးပြီး သံသရာတွင်လည်း ခေါင်းမဖော်နိုင်ဘဲ ဖြစ်နေပေလိမ့်မည်။

ထို့ကြောင့် “လူတော်လူကောင်း”သဘောလက္ခဏာ အရည်အချင်းတို့ကို မီးမောင်းထိုးပြသော စာရေးသူ၏ ဆောင်းပါးကို ဖတ်ရှု့ပြီး လိုက်နာကျင့်သုံးမည်ဆိုလျှင် မိမိတို့ဘ၀သည် “အမှောင်မသန်း ဘေးဘျမ်းမခဘဲ” အေးချမ်းလှပသော ဘ၀ကိုပိုင်ဆိုင်ပြီး သံသရာတွင်လည်း အခက်အခဲမရှိ လွယ်ကူစွာဖြင့် ဖြတ်သန်းနိုင်ပါလိမ့်မည်။

ဤဆောင်းပါးသည် လောကကြီးတွင် ခရီးနှင်ကြမည့် လူသားအာလုံးတို့အတွက် လိုအပ်သောကွက်လပ်ကို တစ်ထောင့်တစ်နေရာက အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ဖြည့်ဆည်းပေး လိမ့်မည်ဟု ယုံကြည်ပါသည်။ အချိန်ကာလအပိုင်းအခြားကာလအတွင်းမှာ ရေးသားဖော်ပြရခြင်း ကြောင့် အရည်အသွေးမီ မှတ်ကျောက်တင်နိုင်သောဆောင်းပါးဟု မဆိုနိုင်ပါ။ သဘာဝနိယာမ သဘောအရ အမှားတစ်စုံတစ်ရာ တွေ့ရှိနိုင်ပါသည်။ ထိုသို့ အမှားတွေ့မည်ဆိုလျှင် ပညာရှိပီသစွာ ဖြင့် ပြင်ဆင်၍ ဖတ်ကြစေလိုပါသည်။

စာရေးသူရေးသားသော “လူတော်လူကောင်း”အမည်ရှိသောဆောင်းပါးသည် အပြီးဆုံးတိုင် ရောက်ရှိခဲ့ပါပြီ။ ဤဆောင်းပါးကို ရေးသားရာ၌ အသိဉာဏ်ပညာဗဟုသုတ နုနယ်သေး၍ စာပေ အရေးအသားပိုင်းတို့ မကျွမ်းကျင်သေးသည့်အလျောက် အခက်ခဲများစွာနဲ့ ရင်ဆိုင်ပြီး ရေးသားခဲ့ရ ပါသည်။

စာရေးသူသည် လူသားတို့အား “လူတော်လူကောင်း”များ ဖြစ်စေချင်သည့်ဆန္ဒဖြင့် ဤဆောင်းပါးကို ရေးသားတင်ပြလိုက်ခြင်း ဖြစ်ပါသည်။ စာရေးသူ၏ ဆန္ဒကို လူသားအားလုံးသော်လည်းကောင်း၊ တစ်ဦးတစ်ယောက်သော်လည်းကောင်း သဘောပေါက်နားလည်ပြီး လိုက်နာကျင့်သုံးဆောင်ရွက် မည်ဆိုလျှင် စာရေးသူပင်ပန်းရကျိုး နပ်ပါသည်။

ထို့ပြင် စာရေးသူတင်ပြသော “လူတော်လူကောင်း”တို့သည် မျက်မှောက်ဘ၀၌ တွေ့ကြုံရမည့် ဘေးဒုက္ခအမျိုးမျိုး သံသရာ၌ရင်ဆိုင်ရမည့် ဆင်းရဲအမျိုးမျိုးတို့မှ ကင်းဝေးပြီးလျှင် မိမိတို့အလိုရှိရာပန်းတိုင်ကို ဧကန်ရောက်ရှိပါလိမ့်မည်။ ထိုသို့သော အကျိုးတရားများကို ရရှိနိုင်ရန်အတွက် အားလုံးသောလူသားများသည် “လူတော်လူကောင်း”များဖြစ်အောင် ကြိုးစားကြပါဟု ဆန္ဒပြုရင်း စာရေးသူ၏ “လူတော်လူကောင်း”ဆောင်းပါးကို အဆုံးနိဂုံးကမ္ဗည်းသတ်လိုက်ပါသည်။

ဆန္ဒမွန်

လူတို့နားတွင်၊ မိုက်မလင်းကို
ဝင်းဝင်းထွန်းငြီး၊ ဉာဏ်ဆီမီးဖြင့်
မှောင်းကြီးကင်းပျောက်၊ ငါ့စာရောက်က
ငါ့အောက်ပညာ၊ နုသေးစွာသား
သမ္ဘာမပြန့်၊ အလူအ၀ှန့်အား
စိတ်ပြားပညာ၊ ပွားပါစိမ့်မည်
သည်သို့ရည်၍...............။
ရှင်မဟာရဋ္ဌသာရ

လူတော်လူကောင်း

ပညာပြည့်ဝ၊ နှလုံးလှက
ဘ၀ဤခါ၊ သံသရာဝယ်
ဝေဖြာကောင်းကျိုး၊ စည်ပင်ဖြိုးလိမ့်
အကျိုးဂုဏ်အင်၊ ဖြိုးစုံလင်ဖို့
မမျှော်အကျိုး၊ အရိုးဂုဏ်တင်
ဝန်းကျင်အပေါင်း၊ ချီးမွမ်းရှောင်းသည့်
လူတော်လူကောင်း ဖြစ်ကြပါစေသော်.......။
တက္ကသိုလ် နန္ဒာ

မှီငြမ်းရေးသားသော ကျမ်းများ

၁။ သီလက္ခန္ဓ၀ဂ္ဂပါဠိ
၂။ ပါထိက၀ဂ္ဂပါဠိ
၃။ သဂါထာဝဂ္ဂ-နိဒါန၀ဂ္ဂသံယုတ္တပါဠိ
၎။ မဟာဝဂ္ဂသံယုတ္တပါဠိ
၅။ အင်္ဂုတ္တရပါဠိ(ဒု)
၆။ ပေတ၀တ္ထုပါဠိ
၇။ ပဋိသမ္ဘိဒါမဂ္ဂပါဠိ
၈။ သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ
၉။ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ
၁၀။ သံယုတ္တအဋ္ဌကထာ(တ)
၁၁။ အင်္ဂုတ္တရအဋ္ဌကထာ(တ)
၁၂။ အဋ္ဌသာလိနီအဋ္ဌကထာ
၁၃။ ဓမ္မပဒအဋ္ဌကထာ(ပ)
၁၄။ ဓမ္မပဒအဋ္ဌကထာ(ဒု)
၁၅။ ဣတိဝုတ္တအဋ္ဌကထာ
၁၆။ ပေတ၀တ္ထုအဋ္ဌကထာ
၁၇။ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ(ပ)
၁၈။ ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ပ)
၁၉။ ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာ(ပ)
၂၀။ အဘိဓာနတ္ထဒီပိကာသူစိ
၂၁။ မဟာဗုဒ္ဓ၀င်(ပ)- မင်းကွန်းဆရာတော်
၂၂။ ကိုယ့်ကျင့်အဘိဓမ္မာ-အရှင်ဇနကာဘိဝံသ
၂၃။ ရတနာ့ဂုဏ်ရည်- အရှင်ဇနကာဘိဝံသ
၂၄။ ပါရာယန၀တ္ထု- ရှင်မဟာသီလ၀ံသ
၂၅။ အပ္ပမာဒ-(နိုဝင်ဘာ၊ ၂၀၀၅) ယောဆရာတော်
၂၆။ ၀ိုင်အမ်ဘီအေအဘိဓမ္မာ- ဆရာဦးကျော်ထွတ်
၂၇။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်- သာ-ထွန်း-ပြန့်
၂၈။ လူမွန်လူချွန်- လှသမိန်
၂၉။ မြန်မာအဘိဓာန်အကျဉ်းချုပ် (အတွဲ-၄)- မြန်မာစာအဖွဲ့
၃၀။ ဗုဒ္ဓ၏လူမှုရေးလမ်းညွှန်ချက်များ -မောင်အံ့(မဟာဝိဇ္ဇာ)
၃၁။ ကျော်စွာ(၁၀၀) ဒုတိယတွဲ- ဒေါက်တာသန်းထွန်း

Friday, July 30, 2010

သုပ္ပဗုဒ္ဓကုဋ္ဌိလူနူဝတ္ထု

သုပ္ပဗုဒ္ဓသည် ခန္ဓာကိုယ်နူနေသောကြောင့် အစားအသောက်တို့ကို လိုက်လံရှာဖွေတောင်းရန်၍ စားသောက်ရသော ပုဂ္ဂိုလ်ဖြစ်ပါသည်။ သူသည် တစ်နေ့တွင် အစာအာဟာရတို့ကို လှည့်လည်တောင်းရမ်းရန် သွားသောအခါ မြတ်စွာဘုရား တရားဟောကြားသောနေရာသို့ ရောက်သွားလေ၏။ ထိုအခါ သူသည် လူအပေါင်း စုဝေးနေသည်ကိုမြင်၍ “ဤသူတော်ကောင်းများ စုဝေးရာအရပ်သို့သွားပါက တစ်စုံတစ်ခုသော စားဖွယ်သောက်ဖွယ်ကို ရနိုင်ပေအံ့”ဟု ကြံပြီးလျှင် ထိုလူစုဝေးရာအရပ်သို့ ချဉ်းကပ်လေ၏။


ထိုနေရာသို့ ရောက်သောအခါ မြတ်စွာဘုရားရှင်ကိုမြင်လျှင် သြော်-“ငါသည်ကား လူအများတို့ စားဖွယ်သောက်ဖွယ်များကို စီမံသောအရပ်ဟုထင်၍ လာခဲ့၏။ ဤနေရာသည် မြတ်စွာဘုရားတရားဟောသော နေရာပါလား။ သို့သော်လည်း ငါသည် မြတ်စွာဘုရားဟောကြားသော တရားတော်ကို မှတ်သားမိအောင် နာဦးမည်”ဟု ကြံစည်ပြီးလျှင် ပရိသတ်အစွန့်အဖျား၌နေလျှက် တရားတော်ကို ရိုသေစွာနာယူလေ၏။


မြတ်စွာဘုရားရှင်သည် တရားဟောတော်မူရင်း ကျွတ်ထိုက်သော သတ္တ၀ါကို ကြည့်သည်ရှိသော် ပရိသတ်အစွန့်အဖျား၌နေ၍ ရိုသေစွာ တရားနာကြားနေသော သုပ္ပဗုဒ္ဓလူနူကို မြင်တော်မူလေ၏။

တရားဟောကြားပြီးသည်ရှိသော် သုပ္ပဗုဒ္ဓလူနူသည် သောတာပတ္တိဖိုလ်တည်လေ၏။ သုပ္ပဗုဒ္ဓလူနူသည် မြတ်စွာဘုရားရှင်အား မိမိရအပ်သောတရားထူးကို လျှောက်ထားချင်သော်လည်း ပရိတ်သတ်အလယ်သို့ ၀င်ခြင်းငှါ မဖြစ်နိုင်သောကြောင့် မြတ်စွာဘုရားကျောင်းသို့ ကြွတော်မူသောအခါမှ နောက်ကလိုက်သွားလေ၏။


ထိုအခါ သိကြားမင်းသည် သုပ္ပဗုဒ္ဓလူနူ၏ တရားသိမြင်မှုကို စူးစမ်းလို၍ သုပ္ပဗုဒ္ဓလာသော လမ်းကစောင့်လျက် သုပ္ပဗုဒ္ဓရောက်လာသောအခါတွင် “သုပ္ပဗုဒ္ဓ-သင်သည် လူ့ဘောင်လူ့လောက၌ ဆင်းရဲစွာဖြင့် တောင်းရမ်း စားသောက် နေရသောသူဖြစ်၏။ သို့ဖြစ်၍ သင့်အား ငါသည် မရေမတွက်နိုင်သော ပစ္စည်းဥစ္စာတို့ကို ပေးမည်။ သင်သည် မြတ်စွာဘုရားအား ဘုရားမဟုတ်၊ တရားတော်အား တရားမဟုတ်၊ သံဃာအား သံဃာမဟုတ်၊ ဘုရား တရား သံဃာဖြင့် ငါ့အား အကျိုးမရှိ”ဟူ၍ ပြောဆိုပါဟု ခိုင်းလေ၏။


ထိုအခါ သုပ္ပဗုဒ္ဓသည် “အသင်သည် အဘယ်သူနည်း”ဟု မေးသောအခါ ငါသည် “သိကြားမင်းဖြစ်ပေ၏”ဟု သိကြားမင်းက ပြန်ပြောလေ၏။ သုပ္ပဗုဒ္ဓသည် သိကြားမင်းအား အသင်သည် အလွန်မိုက်မဲ့သူ အရှက်မရှိသောသူဖြစ်၏။ အသင်ကဲ့သို့ ဘုရား တရား သံဃာကို စော်ကားသော မိုက်မဲ့သော သိကြားမင်းနဲ့ ငါသည် စကားပြောဆိုခြင်းငှါ မသင့်လျော်။


အသင်သိကြားမင်းက ငါ့အား ဆင်းရဲသူဟု မှတ်ထင်နေ၏။ ငါသည် ဆင်းရဲသူမဟုတ်။ ငါသည် ချမ်းသာမှု မှန်သမျှတို့တွင် အမွန်မြတ်ဆုံးဖြစ်သော ချမ်းသာကို ရရှိသူဖြစ်၏။

ငါ့မှာ ရတနာသုံးတန် ကံ ကံ၏အကျိုးတို့ကို ယုံကြည်သော သဒ္ဓါတရား၊ ကိုယ့်ကျင့်တရား ကောင်းမွန်ခြင်း စာရိတ္တသီလနှင့် မကောင်းမှုတို့ကို မပြုလုပ်မိအောင် စောင့်ထိန်းခြင်း ၀ါရိတ္တသီလတို့ဖြင့် ပြည့်စုံသော သီလတရား၊ မကောင်းမှုပြုလုပ်ရမှာ ရှက်ခြင်းဟိရီတရား၊ မကောင်းမှုပြုလုပ်ရမှာကြောက်ခြင်း သြတ္တပ္ပတရား၊ ကောင်းသော အကြားအမြင်ရှိခြင်း သုတတရား၊ စွမ်းနိုင်သမျှ စွန့်ကြဲပေးကမ်းခြင်း စာဂတရား၊ အမှန်ကို သိမြင်ခြင်း ပညာတရား တည်းဟူသော သူတော်ကောင်းဥစ္စာ(၇)ပါးတို့သည် ထင်ရှားရှိကုန်၏။


ထိုသူတော်ကောင်းဥစ္စာ(၇)ပါးနဲ့ပြည့်စုံသော ယောကျာ်းမိန်းမတို့ကို ဆင်းရဲသောသူ မဟုတ်ဟူ၍ ဘုရား ပစ္စေကဗုဒ္ဓါအစရှိသော သူတော်ကောင်းပညာရှိတို့သည် သတ်မှတ်ကြကုန်၏ဟု ပြောဆိုလေ၏။

သိကြားမင်းသည် သုပ္ပဗုဒ္ဓလူနူ၏စကားကိုကြားလျှင် မြတ်စွာဘုရားထံသို့ လျင်မြန်စွာသွားရောက်ပြီး အကြောင်းစုံကို မေးမြန်းလျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က သင်ကဲ့သို့သော သိကြားမင်းတို့သည် ပစ္စည်းဥစ္စာကို ပေး၍သော်လည်းကောင်း သတ်လျှင်သော်လည်းကောင်း “လူကောင်း” တစ်ယောက်၏ အရည်အချင်းတို့နဲ့ ပြည့်စုံသော သုပ္ပဗုဒ္ဓလူနူသည် ဘုရား တရား သံဃာကို ပစ်ပယ်မည် မဟုတ်ကြောင်း မိန့်တော်မူလေ၏။


အထက်ပါသာဓကကို ကြည့်ခြင်းအားဖြင့် သူတော်ကောင်းဥစ္စာ(၇)ပါးနဲ့ပြည့်စုံသောသူကို မည်ကဲ့သို့သောဥစ္စာ၊ မည်ကဲ့သို့သော ခြိမ်းခြောက်မှုများဖြင့် စည်းရုံးပြီး ရတနာသုံးပါး ကံ ကံ၏အကျိုးတရားစသည်တို့ကို ယုံကြည်မှုပျက်ပြားအောင် မလုပ်နိုင်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် သူတော်ကောင်းဥစ္စာ(၇)ပါး တည်းဟူသော ချမ်းသာအစစ် အမှန်တို့နဲ့ ပြည့်စုံအောင် အားထုတ်ကြရန် လိုပါသည်။


ကျွန်ုပ်တို့ ဗုဒ္ဓဘာသာနွယ်ဝင်များသည် ဘာသာခြားတို့၏ ဖျားယောင်းမှုကိုခံရပြီး ဘာသာအယူဝါဒ ပြောင်းသွားသည်မှာ ဤသူတော်ကောင်းဥစ္စာ(၇)ပါးနဲ့ မပြည့်စုံသောကြောင့်ပင် ဖြစ်ပါသည်။ ဘာသာအယူဝါဒ ပြောင်းသွားသောသူများကို လေ့လာကြည့်သောအခါ ရတနာသုံးပါး ကံ ကံ၏အကျိုးတရားဂုဏ်ကျေးဇူးတို့ကို ယုံကြည်မှု ရှိသော “လူကောင်း”တစ်ယောက်၏ အရည်အချင်းများနဲ့ မပြည့်စုံသောကြောင့်လည်းကောင်း၊ စီးပွားရေးကြောင့်လည်း ကောင်း၊ ကိလေသာတဏှာလောဘကြောင့်လည်းကောင်း ဘာသာပြောင်းသွားကြခြင်း ဖြစ်ပါသည်။


အကယ်၍ သူတို့၏သန္တာန်၌ “လူကောင်း”အရည်အချင်းများရှိခဲ့သော် သုပ္ပဗုဒ္ဓပြောသောစကားကဲ့သို့ မိမိမှာ အချမ်းသာဆုံးဖြစ်သော သူတော်ကောင်းဥစ္စာ(၇)ပါးရှိ၍ လောကီဥစ္စာများနှင့် လဲလှယ်ရန် မဖြစ်နိုင်ပါ။

သို့ဖြစ်၍ ကျွန်ုပ်တို့လူသားများသည် “လူကောင်း”တစ်ယောက်ဖြစ်အောင်၊ လူကောင်းအရည်အချင်းများနှင့် ပြည့်စုံအောင် အားထုတ်ကြရန် လိုပါသည်။ သို့မှသာလျှင် ပစ္စုပ္ပန် သံသရာနှစ်ဖြာသော အကျိုးတို့ကို ကောင်းစွာ ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်များဖြစ်ကြပြီးလျှင် မျက်မှောက် တမလွန်တို့၌ ကောင်းကျိုးချမ်းသာများကို ခံစားရ ပါလိမ့်မည်။


ယခုခေတ်၌ “လူကောင်း”နည်းပါးပြီး “လူကောင်း”ဟု ဟန်ဆောင်ပြီး လိမ်လည်နေသောပုဂ္ဂိုလ်တို့ ပေါများလှပါသည်။ ထို့ကြောင့် “လူကောင်း”ဟု ဟန်ဆောင်ကြသောပုဂ္ဂိုလ်များကို “လူကောင်း”ဟုတ် မဟုတ် စိစစ်တက်ရန်အတွက် “လူကောင်း”တစ်ယောက်၏ အပေါ်ယံလက္ခဏာများကို ရေးသားတင်ပြလိုက်ပါသည်။


၁။ အသက်ရှင်သမျှ ကာလပတ်လုံး မိခင် ဖခင် ကျေးဇူးရှင်များကို ရိုသေစွာ ပြုစုလုပ်ကျွေးခြင်း။

၂။ အသက်ရှင်သမျှ ကာလပတ်လုံး မိမိထက် အသက်သိက္ခာကြီးသူများကို ရိုသေလေးစွာဖြင့် ပြုမှုဆက်ဆံခြင်း။

၃။ အသက်ရှင်သမျှ ကာလပတ်လုံး သာယာချိုမြိန်ချစ်ဖွယ်ကောင်းသော စကားတို့ကိုသာ ပြောဆိုခြင်း။

၎။ အသက်ရှင်သမျှ ကာလပတ်လုံး ကုန်းတိုက်စကား မပြောဆိုခြင်း။

၅။ အသက်ရှင်သမျှ ကာလပတ်လုံး ၀န်တိုမှုကင်းစွာဖြင့် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိခြင်း။

၆။ အသက်ရှင်သမျှ ကာလပတ်လုံး သီလလုံခြုံခြင်း။

၇။ အသက်ရှင်သမျှ ကာလပတ်လုံး အကြားအမြင် ဉာဏ်ပညာရှိပြီး မှားယွင်းသောအပြုအမှုများ မပြုလုပ်ခြင်း စသည်တို့ဖြစ်ပါသည်။


အထက်ပါ အချက်အလက်တို့နှင့် ပြည့်စုံမှုရှိမရှိကိုကြည့်၍သော်လည်းကောင်း၊ “လူကောင်း” တစ်ယောက် ပြည့်စုံရမည့် အချက်အလက်တို့ ရှိမရှိကို ကြည့်၍သော်လည်းကောင်း “လူကောင်း”ဟုတ် မဟုတ် သိနိုင်ပါသည်။

“လူကောင်းအစစ်အမှန်နဲ့ ပေါင်းဖော်ပါက လူကောင်းတစ်ယောက်ဖြစ်လာပါလိမ့်မည်”ဟု မြတ်ဗုဒ္ဓဟောကြားခဲ့ သော မင်္ဂလာသုတ်လာ “လူဆိုးနှင့်မပေါင်းနဲ့ လူကောင်းပညာရှိနှင့် ပေါင်းသင်းပါ”ဟူသော စကားတို့ကို လူတိုင်းပြောဆိုနေကြပါသော်လည်း လူကောင်းဆိုတာ မည်ကဲ့သို့သောပုဂ္ဂိုလ် လူကောင်းနှင့်ပေါင်းဖော်လျှင် မည်ကဲ့သို့သော အကျိုးတရားရရှိသည်ဟူသော အချက်တို့ကို သေချာကျနစွာ မသိသေးသော ပုဂ္ဂိုလ်တို့က များပါသည်။


ထို့ကြောင့် လူကောင်းနှင့်ပေါင်းဖော်ရခြင်း၏ အကျိုးတရားများကို ရေးသားတင်ပြလိုက်ပါသည်။ လူကောင်းနှင့်ပေါင်းဖော်သောသူသည်.........

၁။ လူကောင်းတစ်ယောက်ဖြစ်ရခြင်း။

၂။ အသိအလိမ္မာ ဉာဏ်ပညာရှိသောသူ ဖြစ်ရခြင်း။

၃။ စိုးရိမ်ပူပင်သောက ကင်းရခြင်း။

၎။ ဆွေမျိုး ပရိတ်သတ်အလယ် တင့်တယ်စွာ နေရခြင်း။

၅။ နတ်ပြည်သို့ ရောက်ရခြင်း။

၆။ နတ်ပြည်၌ ကြာမြင့်စွာ အမြဲတည်နေရခြင်း။

၇။ ဒုက္ခအပေါင်းမှ ကင်းလွတ်ရခြင်းစသော အကျိုးတို့ကို ရရှိသည့်အပြင် လူကောင်းတစ်ယောက်၏ တရားများ ကို ကျင့်ကြံအားထုတ်ပါက ၀ဋ်ဆင်းရဲမှ လျင်မြန်စွာ လွတ်မြောက်နိုင်ခြင်းဟူသော အကျိုးတရားများကို ရရှိပါသည်။


ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် မိမိကိုယ်တိုင်လည်း “လူကောင်း”တစ်ယောက်ဖြစ်အောင် နေထိုင်ပြီး “လူကောင်း”များနဲ့သာ ပေါင်းသင်းပါက လိုအပ်သောအကျိုးကျေးဇူးများကို ရရှိမှာသေချာပါသည်။

ထို့ပြင် မျက်မှောက်တမလွန်အတွက် အကျိုးရှိသော လုပ်ငန်းတို့ကို လုပ်ဆောင်သောကြောင့် ဖြစ်လေရာဘ၀မှာ နိဗ္ဗာန်သို့ရောက်အောင် အားထုတ်နိုင်သော ပုဂ္ဂိုလ်များ ဖြစ်ပါလိမ့်မည်။ သို့ဖြစ်၍ ဤဖော်ပြခဲ့သော အချက်အလက်တို့ကို ပြည့်စုံအောင် အားထုတ်ကျင့်ကြံကြပြီး “လူကောင်း”များ ဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်းလျက် “လူတော်လူကောင်း”ခေါင်းစဉ်ကို နိဂုံးချုပ်ပါရစေ။