Monday, January 10, 2011

မိမိကိုယ်ကို သန့်ရှင်းပါ

လူသားတို့သည် များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာ မိမိခန္ဓာကိုယ် သန့်ရှင်းရေးကို နေ့စဉ်လိုလို ပြုလုပ်နေကြသော်လည်း စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းဖို့ရန်အတွက်တော့ မေ့လျော့နေသလို မပြုလုပ်ချင်သလို ဖြစ်နေကြပေသည်။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ မည်မျှပင် သန့်ရှင်းနေစေကာမှု စိတ်ပိုင်းဆိုင်ရာ ညစ်ပတ်နေပါက အသုံးမကျ လူရာမ၀င်သော လူတစ်ယောက်သာ ဖြစ်ပေသည်။ များသောအားဖြင့် လူသားတို့သည် ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းပြီး လူကြည့်ကောင်းအောင် အဖိုးတန်ရတနာပစ္စည်း အ၀တ်အစားများ ပြုလုပ်ထားလျှင် လူရာဝင် အဆင့်တန်းမှီသော လူတစ်ယောက်ဟု ထင်မှတ်နေကြပေသည်။


ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော နှစ်မျိုးလုံး တိုးတက် လှပသန့်ရှင်းအောင် ပြုလုပ်နိုင်လျှင်တော့ လူရာအ၀င်ဆုံးသော လူတစ်ယောက်ပင် ဖြစ်ပါသည်။ တကယ်လို့ မိမိက (၂)ခုလုံးစလုံး သန့်ရှင်းအောင် မလုပ်နိုင်လျှင် အဓိကအကျဆုံးဖြစ်သည့် စိတ်ပိုင်းဆိုင်ရာကို အလေးထား၍ သန့်ရှင်းပေးရပါမည်။

စိတ်ပိုင်းဆိုင်ရာ တိုးတက်သန့်ရှင်းအောင် သီလစောင့်ထိန်းခြင်း ပြုလုပ်ပေးရပါမည်။ အနည်းဆုံး ငါးပါးသီလစောင့်ထိန်းကာ မိမိနေ့စဉ် ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းသကဲ့သို့ စိတ်ပိုင်းဆိုင်ရာကိုလည်း နေ့စဉ်သန့်ရှင်းအောင် ပြုလုပ်ပေးသင့်ပါသည်။ သီလဆောက်တည်သောအခါ၌လည်း မိမိတက်နိုင်သည့်နေ့ရက်များတွင် ဆောက်တည်နိုင်ပါသည်။ ရှစ်ရက် လပြည့် လကွယ်နေ့များမှာ ဥပုသ်သီလ မဆောက်တည်နိုင်လျှင် မိမိအားသည့်ရက်များ၌ ရှစ်ပါးသီလဥပုသ်ကို တစ်ပါတ် တစ်ရက်တော့ စောင့်ထိန်းသင့်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ငါးပါးသီလသည် လူသားမှန်လျှင် စောင့်ထိန်း လိုက်နာရမည့် လူ့ကျင့်ဝတ်ဖြစ်၍ စောင့်ထိန်းလိုက်နာရပေမည်။ ရှစ်ပါးသီလကိုမှု လူသားတို့သန္တာန်တွင် နေ့စဉ်နဲ့အမျှ ကိလေသာအညစ်အကြေးများ ငြိကပ်နေ၍ ထိုကိလေသာများကို တစ်ပါတ်တစ်ရက်တော့ သန့်ရှင်းပေးသင့်ပါသည်။

မိန်းကလေးများ ဦးခေါင်း၌ရှိသော ဆံပင်များသည် အစလျှော်ခါစရက်တွင် ဆံပင်များသန့်ရှင်း၍ ပေါ့ပါးကာ နေလို့ကောင်းသော်လည်း တစ်ပါတ်ခန့်ကြာသောအခါ မြူမှုန်းအစရှိသော ညစ်ပေမှုများ ဖြစ်လာသောကြောင့် ခေါင်းလေးလံထိုင်မှိုင်းမှုများ ဖြစ်လာကာ ဦးနှောက်များပင် မလန်းဆန်းတော့ပါ။

ထို့အတူ စိတ်ပိုင်းဆိုင်ရာ ကိလေသာများသည် လူသားတို့သန္တာန်၌နေ့စဉ် ထူထပ်ညစ်ပေနေသောကြောင့် တစ်ပါတ်တစ်ရက် ရှစ်ပါးသီလဥပုသ် စောင့်ထိန်းကာ စိတ်သန့်ရှင်းမှု ပြုလုပ်ပေးသင့်ပါသည်။ ရှစ်ပါးသီလစောင့်ထိန်းသောအခါ ညစာတစ်ရက်မစား၍ ခန္ဓာကိုယ်အစားအိမ် အနားပေးသောကြောင့် အစာအိမ်သန့်ရှင်းပေးခြင်းဖြစ်၍ ကျန်းမာရေးလည်း ညီညွတ်ပေသည်။ ထို့နောက် မေထုန်ကိစ္စစသော ကိလေသာစိတ်များ မိမိသန္တာမှာမရှိ၍ စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းမှုများဖြစ်ကာ ဦးနှောက်များ ကြည်လင်လန်းဆန်းနေပေမည်။

ထို့ပြင် သီလဆောက်တည်သောအခါ မိမိသည် ဘုန်းကြီးကျောင်းသို့သွားပြီး သီလယူရန် အခွင့်မသာပါက မိမိအိမ်၌ရှိသော ဘုရားစင်ရှေ့၌ သီလဆောက်တည်၍ ရပါသည်။ သီလဆောက်တည်သောအခါ၌လည်း မိမိသည် ပါဠိဘာသာမရပါက မိမိတတ်သိနားလည်သည့် မြန်မာစကားဖြင့် ရွတ်ဆို၍ သီလဆောက်တည်နိုင်ပေသည်။

နိဂုံးချုပ်အနေဖြင့် ပြောချင်သည်မှာ လူသားတို့သည် ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းတောက်ပြောင်ပြီး တန်ဖိုးကြီးမားသော အ၀တ်ပစ္စည်းများဖြင့် တန်ဆာဆင်ထားလျှင် လူရာဝင်သည်ဟု ထင်မြင်နေကြသောကြောင့် ရုပ်ပိုင်းဆိုင်ရာကိုပဲ အဓိကထား၍ ပြုလုပ်နေကြပေသည်။ တကယ်တော့ စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းမှုသည်သာ လူရာဝင်သောကြောင့် စိတ်ကိုသာလျှင် အဓိကထား၍ သန့်ရှင်းပေးရန် အထူးလိုအပ်ပေသည်။ စိတ်ရောကိုယ်ပါ သန့်ရှင်းနိုင်လျှင်တော့ လူရာအ၀င်ဆုံးသော လူသားတစ်ယောက်ဖြစ်၍ လူရာအ၀င်ဆုံးလူသားများဖြစ်အောင် ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါပေသည်။

Sunday, January 9, 2011

ဘုန်းကြီးကျောင်းဝင်းတွင် ဖိနပ်စီးကောင်းပါသလား

အထက်ဖော်ပြပါ ခေါင်းစဉ်နဲ့ပတ်သတ်၍ စာရေးသူတို့ ဗုဒ္ဓဘာသာလူမျိုးများ၌ အတော်လေးကို သံသယဖြစ်နေကြပေသည်။ ရှေးရှေးသော လူကြီးများက ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်မစီးနဲ့ ဗိမ္ဗိသာရမင်းကြီးကဲ့သို့ ခြေဖ၀ါးကို ဓါးနဲ့ခွဲခံရမယ်ဆိုပြီး ပြောဆိုခဲ့သောကြောင့် ဗုဒ္ဓဘာသာဝင်များ ဖိနပ်မစီးရဲကြပေ။ သို့သော် ဗိမ္ဗိသာရမင်းသည် အဘယ့်ကြောင့် ခြေဖ၀ါးကို ဓါးနဲ့အခွဲခံရသည်ကိုတော့ သေချာကျနစွာ သိရှိနားလည်သူက နည်းပါးပေသည်။


တကယ်တော့ ဗိမ္ဗိသာရမင်းသည် ဘုန်းကြီးကျောင်းဝင်းထဲတွင် ဖိနပ်စီးခဲ့၍ ခြေဖ၀ါးကို ဓါးဖြင့်ခွဲခံရခြင်း မဟုတ်ပါပေ။ ဘုရားစေတီတော်ရင်ပြင်ပေါ်ဝယ် ဖိနပ်စီးခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ ထို့ပြင် ဗိမ္ဗိသာရမင်းသည် ရဟန်းသံဃာများ သီတင်းသုံးနေထိုင်ရန် ခင်းထားသောအခင်းပေါ် ခြေဆေးခြင်းမရှိဘဲ ညစ်ပေသော ခြေထောက်ဖြင့် နင်းခဲ့ခြင်းအကုသိုလ်ကံကြောင့် ယခုမျက်မှောက်ဘ၀တွင် ခြေဖ၀ါးကို ဓါးဖြင့်ခွဲခံရခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုန်းကြီးကျောင်းများတွင် ကျောင်းထိုင်သံဃာများက ခွင့်ပြုလျှင် စီးကောင်းပါသည်။

စာရေးသူတို့ ဗုဒ္ဓဘာသာများသည် တကယ်အလေးထားရမည်ကို အလေးမထားဘဲ မဖြစ်စလောက်လေးကိုတော့ အလေးထား၍ ပြုလုပ်လိုက်နာကျင့်သုံးနေကြပေသည်။ တကယ်စဉ်းစားကြည့်လျှင် ဘုန်းကြီးကျောင်းပေါ်တွင် ဖိနပ်မစီးဘဲ ညစ်ပေသောခြေထောက်ဖြင့် တက်လျှင်သာ သံဃိကကျောင်း ညစ်ပေသောကြောင့် အပြစ်ရှိပေသည်။ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်စီးလျှင် အပြစ်ရှိတယ်ဆိုလို့ လိုက်နာကြသော်လည်း ကျောင်းဝင်းအတွင်း တံတွေးထွေးခြင်း၊ ကျင်ကြီးကျင်ငယ်စွန့်ခြင်း၊ အမှိုက်ပြစ်ခြင်းစတဲ့ ညစ်ပေသောအမှုကိစ္စကိုများတော့ အလွယ်တကူ ပြုလုပ်ကြပေသည်။ တကယ်စဉ်းစားကြည့်လျှင် မည်သည့်အရာက ပိုမို၍ အပြစ်ရှိသည်ကို သိနိုင်လိမ့်မည် ထင်ပါသည်။

ထို့ပြင် ဗုဒ္ဓဘာသာများသည် ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်စီးလျှင် အပြစ်ရှိတယ်လို့တော့ ယူဆကြပါတယ်။ သို့သော်လည်း ကားဆိုင်ကယ်စက်ဘီးဖြင့် ဖိနပ်စီးလျှက် ၀င်နေကြပေသည်။ တကယ်လို့သာ ကျောင်းဝင်းအတွင်း ဖိနပ်စီးလျှင် အပြစ်ရှိပါက ထိုသို့ကားများပေါ်တွင် ဖိနပ်စီးခြင်းသည်လည်း အပြစ်ရှိပေလိမ့်မည်။

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက မဟာရာဇာအမည်ရှိသောမင်းသည် သံဃာတော်များ စကြံကြွနေသည့်နေရာတိုင်အောင် ဖိနပ်စီးကာ သံဃာတော်များအား ဘုရားရှင် အဘယ်မှာ သီတင်းသုံးနေသလဲလျှောက်သောအခါ သံဃာတော်များက ဘုရားရှင် ကျောင်းပေါ်၌သီတင်းသုံးနေသည်ဟု ဖြေကြားသောအခါမှသာ ဘုရားရှင်ရှိရာ ကျောင်းပေါ်သို့တက်ခါနီးတွင် ဖိနပ်ချွတ်ခြင်း၊ မင်းဝတ်တန်ဆာများ ချွတ်ထားခြင်းတို့ကိုထောက်ဆ၍လည်းကောင်း၊ ဗိမ္ဗိသာရမင်းသည် ဘုရားရင်ပြင်ပေါ်ဝယ် ဖိနပ်စီးခဲ့ခြင်း၊ သံဃာတော်များ သီတင်းသုံးရန်အတွက် ခင်းထားသောအခင်းပေါ်၌ ညစ်ပေသော ခြေထောက်ဖြင့် နင်းခဲ့ခြင်းတို့ကို ထောက်ဆလျှင် ကျောင်းဝင်းအတွင်း တလင်ပြင်ပေါ်ဝယ် ဖိနပ်စီး၍ ရပါသည်။

မိထွေးတော်ဂေါတမီနှင့် မင်းသမီးငါးရာတို့သည် ဘိက္ခနီဝတ်ရန် ကျောင်းတော်သို့သွားသောအခါ ဘုရားရှင်ကို အရိုအသေ ကင်းမဲ့ရာရောက်မည်ဆိုး၍ ယာဉ်ရထားမစီးဘဲ ခြေလျင်သွားခဲ့သည်ကိုထောက်လျှင် မိမိတကယ် ရတနာသုံးပါးကို ရိုသေလေးစားပါက ဖိနပ်၊ ယာဉ် မစီးဘဲ ကျောင်းဝင်းသို့ဝင်လျှင်တော့ ကောင်းပါသည်။ သို့သော် ကျောင်းပေါ်၊ ဘုရားရင်ပြင်ပေါ်သို့ တက်မည်ဆိုလျှင်တော့ ခြေဆင်းပြီးမှ တက်သင့်ပါသည်။ မိမိ၏ ကျန်းမာရေးကြောင့် ရတနာသုံးပါးကို ရိုသေလေးစားသော်လည်း ကျောင်းဝင်းအတွင်း ဖိနပ်စီးခြင်း၊ ယာဉ်စသည်စီးခြင်းတို့သည် အပြစ်မရှိ၍ ပြုလုပ်နိုင်ပါသည်။

ယခုခေတ် လူငယ်များသည် များသောအားဖြင့် ဘုန်းကြီးကျောင်းများတွင် ဖိနပ်ချွတ်ရမည်ကို ၀န်းလေးနေကြသည်။ ဖိနပ်ချွတ်ရမည့်ကိစ္စကြောင့် တစ်ချို့ဆိုလျှင် ဘုန်းကြီးကျောင်းကိုပင် မသွားချင်ကြပေ။ သူတို့၏ ခြေထောက်များ ဘာများဖြစ်သွားမလဲလို့များ စိုးရိမ်နေကြတယ် ထင်ပါဘိ။ အဲဒီလို ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်ချွတ်ရန် ၀န်းလေးနေသည့် လူငယ်များအတွက် စာရေးသူတင်ပြသော ယခုပို့စ်လေးက အကျိုးရှိမည်ထင်ပါသည်။

နိဂုံးချုပ်အနေဖြင့် စာရေးသူပြောချင်သည်မှာ စာရေးသူတို့ ဗုဒ္ဓဘာသာများသည် အဓိကထားရမည့်အရာနှင့် သာမညထားရမည့်အရာတို့ကို သေချာကျနစွာ လေ့လာလိုက်စားပြီး လိုက်နာကျင့်သုံးရန် လိုပေသည်။ စာရေးသူ သိစေချင်သော ဘုန်းကြီးကျောင်းဝင်းအတွင်း၌ ဖိနပ်စီးသင့် မစီးသင့်သည်ကို ဒီလောက်တင်ပြလျှင် လုံလောက်မည်ဟု ထင်မြင်မိသောကြောင့် ဤမျှနဲ့ပင် နားပါရစေ။ ဆက်လက်တင်ပြနိုင်အောင် အမြဲကြိုးစားလျက်.................။

Saturday, January 8, 2011

အပါယ်လေးပါးမှ လွတ်လိုလျှင်

လူသားတို့သည် နတ်ရွာသုဂတိသို့ ရောက်ချင်ကြသော်လည်း အပါယ်လေးပါးသို့ ကျရောက်မည်ကိုတော့ လူတိုင်းကြောက်ရွံ့နေကြပေသည်။။ အပါယ်လေးပါး၏ ဆင်းရဲဒုက္ခကို သိကြသူများသည် အပါယ်လေးပါးအသံကြားရုံမျှဖြင့် ကြောက်လန့်မှုများ ဖြစ်နေကြ၏။ သို့သော် အပါယ်လေးပါးမှလွတ်အောင် ကျင့်သုံးနေထိုင် လိုက်စားသူများကနည်းပြီး မလေ့လာ မလိုက်စား မကျင့်သုံးသူက များနေပေသည်။


လူသားတို့သည် များသောအားဖြင့် သေရမည်ကို အလွန်အင်မတန် ကြောက်ရွံ့ထိတ်လန့်ကြသည်။ ဘာဖြစ်လို့လဲဆိုတော့ မိမိသေလျှင် မည်ကဲ့သို့သော နေရာဌာနမှာ မည်ကဲ့သို့ နေထိုင်ရမည်ကို သေချာမသိသေး၍ ရနေသော လူ့ဘ၀လေး၌ ပျော်ရွှင်စွာ နေထိုင်ချင်ကြသောကြောင့် ဖြစ်ပေသည်။ တကယ်လို့များ လူ့ဘ၀ထက် ပျော်စရာကောင်းသော နတ်ပြည်နတ်ဘုံကို ခေါ်ဆောင်သွားပြီး နတ်ပြည်၏စည်းစိမ်ချမ်းသာကိုပြ၍ နတ်ပြည်၌နေမည်လော လူ့ပြည်၌ပြန်မည်လောဟု မေးလျှင် လူ့ဘ၀လေးကို အလွယ်တကူ စွန့်ပြစ်ကြပေလိမ့်မည်။

အဲဒီတော့ သေရမည်ကိုလည်း မကြောက်ရအောင် သေလျှင်လည်း ကောင်းသောဘုံမှာဖြစ်ပြီး ကောင်းသောချမ်းသာသုခကို ခံစားရအောင် မသေခင် အချိန်လေးမှာ ပြုလုပ်ရမည့် ကောင်းမှုများကို ပြုလုပ်ပေးပါ။ သိပ်အများကြီး ပြုလုပ်စရာ မလိုပေ။ လူသားတိုင် ပြုလုပ်နိုင်မည့် သရဏဂုံသုံးပါး ယုံကြည်ခြင်းနှင့် ငါးပါးသီလကို လုံခြုံအောင်စောင့်ထိန်းလျှင် နောင်ဘ၀အတွက်တော့ စိတ်ချရပါသည်။ ဒီထက်မက မိမိက လျင်မြန်စွာ ချမ်းသာဆုံးဖြစ်သော သန္တိသုခနိဗ္ဗာန်ကိုရောက်ချင်လျှင် ဒီထက်မကသော ဘာဝနာတရားများကို ပွားများပေးရပေမည်။

မိမိက ဘ၀နာတရား အားထုတ်ဖို့မဖြစ်နိုင်လျှင်သော်မှ ခက်ခဲလှသည်မဟုတ်သော သရဏဂုံသုံးပါးကို ယုံကြည်ခြင်းနှင့်ငါးပါးသီလ ဆောက်တည်ခြင်းကိုတော့ လူသားတိုင်း လုပ်နိုင်မည်ဟု ထင်ပါသည်။

သရဏဂုံသုံးပါးကို ယုံကြည်ခြင်း၌ အပေါ်ယံ ယုံကြည်ခြင်းမျိုး မဟုတ်ဘဲ နစ်နစ်ကာကာ ယုံကြည်မှုရှိဖို့ရန်တော့ လိုပေသည်။ ဥပမာ....မြတ်စွာဘုရားကို ရှိခိုးရာဝယ် မြတ်ဗုဒ္ဓသက်တော်ထင်ရှားမရှိ၍ မြတ်ဗုဒ္ဓကိုယ်ပွားဖြစ်သော စေတီ ဆင်းတုတော်တို့ကို ရှိခိုးသောအခါ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိနေသကဲ့သို့ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကျေးဇူးတော်များကို အာရုံပြုပြီး ရှိခိုးခြင်း၊ လှူဒါန်းခြင်း၊ အရိုအသေပေးခြင်း စသည်တို့ကို ပြုလုပ်ပေးရပါမည်။ ဗုဒ္ဓဘာသာဖြစ်၍ ၀တ်ကျေတန်ကျေသဘောဖြင့် ဖြစ်ကလပ်ဆန်း ရှိခိုးခြင်း လှူဒါန်းခြင်းများ မပြုလုပ်ရန် အရေးကြီးပေသည်။

ထိုအတူ တရားတော်ကို ယုံကြည်ရာ၌လည်း မြတ်စွာဘုရားရှင် ဟောကြားခဲ့သော တန်ဖိုးကြီးမားလှသော တရားတော်များဟု ယုံကြည်မှုအပြည့်အ၀ထားကာ နားယူဖတ်ရှု့ဖို့ လိုပေသည်။

တဖန် သံဃာတော်များကို ယုံကြည်ကိုးကွယ် လှူဒါန်းပေးကမ်းသောအခါ၌လည်း ပုထုဇဉ်သမုတိသံဃာဖြစ်၍ လက်လွတ်သဖွယ် မလုပ်ဘဲ မြတ်ဗုဒ္ဓ၏ လက်ယာရံ ပညာအရာဧတဒဂ် ရဟန္တမထေရ် အရှင်သာရိပုတ္တရာအစရှိသော သံဃာတော်များကို လှူဒါန်းပေးကမ်း ရိုသေရသကဲ့သို့ အာရုံပြုကာ သံဃာတော်များကို ယုံကြည်ကိုးကွယ်ဖို့ရန် လိုပေသည်။

ထို့အပြင် ငါးပါးသီလကို ဆောက်တည်ရာ၌လည်း ငယ်ရွယ်စဉ် မသိသေးသော ကာလများ၌ သီလမလုံခြုံခဲ့လို့ အားတော့မလျှော့လိုက်ပါနဲ့။ သိတတ်သည့်အချိန်တွင် သီလကို လုံခြုံစွာ စောင့်ထိန်းလျှင်လည်း အကျိုးပေးကများသောကြောင့် တက်နိုင်လျှင် တက်နိုင်သလောက် လုံခြုံအောင် စောင့်ထိန်းသင့်ပေသည်။ တစ်ရက်စောင့်ထိန်းလျှင် တစ်ရက်စောင့်ထိန်းရတဲ့ သီလအကျိုးကိုတော့ ခံစားရပေမည်။ အလုပ်တစ်ရက်လုပ်လျှင် တစ်ရက်လုပ်အားခရသလို သီလကို တစ်ရက်စောင့်ထိန်းလျှင် တစ်ရက်စောင့်ထိန်းသော အကျိုးကတော့ ဧကန်ခံစားရပါလိမ့်မည်။

ထို့ကြောင့် မိမိတို့ လူ့ဘ၀လေး မသေခင်အချိန်လေးမှာ သေရန်မကြောက်ဖို့ရန်နှင့် သေလျှင်လည်း နောင်ဘ၀မှာ ကောင်းကျိုးချမ်းသာများခံစားရရန် အနည်းဆုံးတော့ သရဏဂုံသုံးပါးကို ကောင်းမွန်မှန်ကန်စွာ သက်ဝင်ယုံကြည်ပြီး ငါးပါးသီလ ရှစ်ပါးသီလများကိုလည်း တက်နိုင်သလောက် စောင့်ထိန်းသွားမည်ဆိုလျှင် ကြောက်စရာကောင်းလှသော အပါယ်လေးပါးမှ လွတ်ကင်းပါလိမ့်မည်။

ထိုကဲ့သို့ ကျင့်သုံးနေထိုင်သွားမည်ဆိုလျှင် လူသားတိုင်း ကြောက်ရွံ့နေကြသော သေခြင်းတရားကိုလည်း ရဲရဲဝင့်ဝင့် ရင်ဆိုင်ရဲကာ နောင်ဘ၀မှာလည်း ကောင်းကျိုးချမ်းသာများ ဧကန်ခံစားရမည်ဖြစ်သောကြောင့် အပါးလေးပါးမှ ကင်းလွတ်စေတတ်သော သရဏဂုံသုံးပါးနှင့် ငါးပါးသီလတို့ကို နေ့စဉ်တတ်နိုင်သလောက် စောင့်ထိန်းကျင့်ကြံလိုက်နာ ဆောင်ရွက်ကြပါဟု ဆန္ဒပြုလိုက်ရပါပေသည်။

Friday, January 7, 2011

ကံတရားနှင့်အပျော်အပါး

အင်း ရေးစရာဘာရှိလည်းလို့ စဉ်းစားလိုက်တော့ ရခဲလှတဲ့ လူ့ဘ၀လေးရနေချိန်မှာ အပျော်ပါးပဲ ဦးစားပေးပြီး ဘ၀ဆက်တိုင်းကောင်းကျိုးခံစားရမည့် ကောင်းမှုလုပ်ဖို့တော့ မေ့နေကြတဲ့ လူသားများအတွက် သတိပေးစာရေးအုန်းမယ်ဆိုပြီး ဒီခေါင်းစဉ်ကို ပေးလိုက်တာပါ။ လူသားများသည် ကောင်းမှုလုပ်ဖို့ကိုသာ အပျော်ပါးကိစ္စလောက် စိတ်ဝင်စားမယ် လုပ်ကိုင်ဆောင်ရွက်မယ်ဆိုလျှင် လူ့ဘ၀ရရကျိုး နပ်ပါလိမ့်မယ်။ သို့သော် များသောအားဖြင့် လူသားတို့သည် လူ့ဘ၀ရလာတာကို အပျော်ပါးလုပ်ဖို့ပဲဟု ထင်မြင်ယူဆနေကြကာ အပျော်အပါးအတွက်ပဲ အားထုတ်ကြံစည် ပြုလုပ်နေကြတယ်လေ။


လူ့ဘ၀ရခဲပုံကိုလည်း စာရေးသူ အရင်ပို့စ်များ၌ ရေးသားခဲ့ပြီးဖြစ်၍ ဤနေရာမှာ မရေးချင်တော့ပါ။ လူ့ဘ၀သည် တကယ်တော့ ကောင်းမှုကုသိုလ်လုပ်ဖို့အတွက် အကောင်းဆုံးသောနေရာပါ။ ဘာဖြစ်လို့လဲဆိုတော့ နတ်ဘုံသည် သတ္တ၀ါတို့အတွက် ပျော်ပါးစရာ အကောင်းဆုံးသောနေရာဖြစ်ပြီး လူ့ဘုံသည် ကောင်းမှုကုသိုလ်လုပ်ရန် အကောင်းဆုံးသော နေရာဌာနတစ်ခုဖြစ်ပေသည်။ ဒါ့ကြောင့် သူတော်ကောင်းများသည် လူ့ဘ၀ထက် အဆပေါင်းများစွာသာလွန်အောင် ပျော်ရွှင်စရာကောင်းတဲ့ နတ်ဘုံကိုရောက်သော်လည်း မပျော်ရွှင်နိုင်ဘဲ လူ့ဘ၀ကို ကောင်းမှုကုသိုလ်လုပ်ချင်ကြ၍ လူ့ဘ၀ကိုပဲ ရချင်ကြသည်။

ဒီလို ရခဲလှတဲ့ လူ့ဘ၀၊ ကောင်းမှုလုပ်ဖို့ရန် အခွင့်ကောင်းတဲ့လူ့ဘ၀၊ သာသနာထွန်းကားချိန်မှာ လူ့ဖြစ်နေရတဲ့ လူ့ဘ၀၊ ကောင်းမှုလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့ အသိဉာဏ်လေးရှိနေတဲ့ လူ့ဘ၀မှာ အပျော်ပါးပဲ လိုက်စားကြံစည်ပြုလုပ်နေမည်ဆိုလျှင် ဘယ်လောက်များ ၀မ်းနည်းစရာ ကောင်းလိုက်မလဲ။ ဒီလို အပျော်ပါးကိစ္စနဲ့ လူ့ဘ၀လေး ကုန်ဆုံးသွားမည်ဆိုလျှင် ကျန်တဲ့ဘုံက သတ္တ၀ါတွေက အော် တယ်မိုက်တဲ့ လူပါလားလို့ အပြစ်အတင်းတွေ ပြောနေကြပေလိမ့်မည်။

နောက်တစ်ခုက လူသားတွေသည် ကံတရား၏ အကျိုးပေးပုံကိုလည်း သေချာမသိ၊ သေချာနားမလည်၊ အကြွင်းမဲ့ယုံကြည်မှုမရှိ၊ ယောင်ဝါးဝါးဖြစ်နေကြ၍ ကောင်းမှု မကောင်းမှုတို့ကို သေချာမခွဲခြား ဂရုမမှုဘဲ ဖြစ်ချင်သည့်ဆန္ဒစိတ်ကိုသာလျှင် ရှေးတန်းတင်ကာ လုပ်နေကြသည်။

ကံတရားဆိုသည်မှာ မိမိလုပ်ခဲ့တဲ့ ကောင်းမှု မကောင်းမှုများက သူ့အချိန်တန်လျှင် အကျိုးပေးလာပါတယ်။ ကံတရားသည် မြင်ရတဲ့အရာမဟုတ်သလို တည်နေရာဌာနလည်း အတိအကျ မသိကြသည့်အတွက် ကံတရား၏အကျိုးပေးခြင်းကို ဂရုမစိုက်ဘဲ လုပ်ချင်ရာကိုသာ စဉ်းစားပြီး လုပ်နေကြခြင်း ဖြစ်ပေသည်။

တကယ်တော့ ကံတရားသည် မြင်၍ရအပ်တဲ့အရာလည်း မဟုတ်သလို တည်ရာဌာနလည်း အတိအကျပြောဆိုဖို့ရန် ခက်ခဲလှပါတယ်။ ဒါဆို ကံတရားကအကျိုးပေးတယ်၊ ကောင်းမှုလုပ်ရင် ကောင်းကျိုးရတယ်၊ မကောင်းမှုလုပ်ရင် မကောင်းကျိုးရတယ်ဆိုတာ ဘယ်ဖြစ်နိုင်မလဲလို့ စောဒကတတ်လာနိုင် ကံတရားအကျိုးပေးကို ယုံကြည်မှု ကင်းမဲ့လာနိုင်ပါတယ်။

ဒါ့ကြောင့် ဒီနေရာမှာ ရှင်နာဂသိန်နှင့်မိလိန္ဒမင်းကြီးတို့၏ အမေးအဖြေထဲမှ ကံတရားနှင့်ပတ်သတ်၍ မေးဖြေထားပုံကို တင်ပြပေးလိုက်ပေသည်။ မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ရဟန္တာမထေရ်ကို ''အရှင်ဘုရား...ကံတရားသည် တည်ရာဌာန ရှိပါသလား"လို့ မေးတဲ့အခါ ရှင်နာဂသိန်မထေရ်မြတ်က ''မင်းကြီး...သရက်ပင်တစ်ပင်မှာ အသီးမသီးသေးခင် သရက်သီးသည် ဘယ်နေရာမှာ ရှိပါသလဲ"လို့ မေးမြန်းလိုက်ပါတယ်။ ထိုအခါ မင်းကြီးက အရှင်ဘုရား..သရက်သီး၏ တည်ရာဌာနကို မမြင်ရသလို ဘယ်နေရာမှာ တည်ရှိနေသလဲဆိုတာလည်း မသိနိုင်ပါဘုရားလို့ ပြန်လျှောက်ပါတယ်။ အဲဒီလို ဖြေကြားတဲ့အခါ ရှင်နာဂသိန်မထေရ်က မင်းကြီး...ထို့အတူပဲ ကံတရားဆိုတာ တည်ရာဌာန အတိအကျမသိနိုင် မမြင်နိုင်သော်လည်း သရက်ပင်မှ သရက်သီးသည် အချိန်တန်လျှင်သီးလာသလို ကံတရားဟာလည်း အချိန်တန်လျှင် ဆိုင်ရာဆိုင်ရာ အကျိုးပေးမဲ့ အစွမ်းသတ္တိရှိပါတယ်မင်းကြီးလို့ မိန့်ကြားတော်မူခဲ့ပါတယ်။။ သရက်ပင်မှ သရက်သီးသည် အချိန်တန်လျှင် အသီးဖြစ်လာသလို ကံတရားဟာလည်း ကောင်းမှုများတဲ့ချိန် ကောင်းကျိုးကိုပေးပါတယ်။ မကောင်းမှုများတဲ့ချိန် မကောင်းမှုကို ပေးနေစမြဲဖြစ်ပေသည်။

ဒါကိုကြည့်သောအားဖြင့် ကံတရားရဲ့ သဘောသဘာဝကို နားလည်မယ် ထင်ပါတယ်။ ကံတရားသည် အရင်ဘ၀တွေက ကောင်းမှုနှင့်ယခုမျက်မှောက်ဘ၀ ကောင်းမှုတွေကများနေရင် ကောင်းကျိုးကို ပေးပါတယ်။ အကယ်၍ အရင်းဘ၀တွေက မကောင်းမှုတွေများပြီး ဒီဘ၀မှာလည်း မကောင်းမှုတွေများနေမယ်ဆိုရင် မကောင်းကျိုးတွေ ပေးနေပါမယ်။

ဒီသဘောတရားကိုမသိကြသော လူသားအချို့သည် ယခုဘ၀မှာ ကောင်းတာလုပ်သော်လည်း မကောင်းကျိုးက အကျိုးပေးနေသည်ကို ခံစားရသောအခါ ကံတရားကို မယုံသလိုဖြစ်လာကာ ကံတရားယုံကြည်မှုမရှိတဲ့ နေရာဌာနများသို့ အလိုက်မှားသွားတတ်ကြသည်။ ဒီဘ၀မှာ ကောင်းမှုလုပ်သော်လည်း အရင်းဘ၀တွေက မကောင်းမှုများခဲ့၍ မကောင်းကျိုးကို ခံစားနေရလျှင် ''ငါသည် နောက်နောင်ဘ၀တွေမှာ ယခုလို မကောင်းကျိုးများ မခံစားရအောင် ယခုသိတတ်တဲ့ လူ့ဘ၀လေး၌ ကောင်းမှုများများလုပ်မည်ဟု စိတ်ဆုံးဖြတ် လုပ်ကိုင်သင့်ပေသည်။ သို့မှသာလျှင် သံသရာ၌ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် နေထိုင်သွားရပါလိမ့်မည်။

မိမိတို့ လူ့ဘ၀လေးရနေချိန်မှာ ကံတရားသဘောကို သေချာနားလည်ယုံကြည်ကာ လူ့ဘ၀မကုန်ခင်၌ မကောင်းမှုများသာ ဖြစ်လေ့ရှိပြီး မကောင်းကျိုးများသာ ပေးတတ်သော အပျော်အပါးအတွက်ပဲ အားထုတ်ကြံစည် ပြုလုပ်ခြင်းများလျှော့ကာ ကောင်းမှုများကို အရင်က အပျော်ပါးအတွက် ပြုလုပ်ကြံစည်သလို ပြုလုပ်ကြပါလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပေသည်။

မှတ်ချက်။ စာရေးသူ ဘလော့တင်တိုင်း မေးလ်မှတဆင့် ဖတ်ချင်သောဆန္ဒရှိပါက စာရေးသူအကောင့်ကို အပ်ထားနိုင်ပါသည်။

Monday, January 3, 2011

သိထားသင့်သော အမေးအဖြေ

အာဠာဝကအမည်ရှိသော ဘီးလူးမင်းကြီးသည် မြတ်စွာဘုရားနှင့် တွေ့ဆုံသောအခါ စိတ်ဝင်စားဖွယ်ကောင်းသော အောက်ပါမေးခွန်း(၄)ခုကို မေးခဲ့လေသည်။

၁။ လောက၌ရှိသောအရာတို့တွင် အမြတ်ဆုံးသောရတနာသည် အဘယ်အရာ ဖြစ်ပါသနည်း။


၂။ လေ့ကျက်ခြင်းတကာတို့တွင် အဘယ်မည်သော အလေ့အကျက်သည် ချမ်းသာကို ဆောင်ပေးပါသနည်း။

၃။ အရသာတို့တွင် အဘယ်အရာသည် အကောင်းဆုံးသော အရသာဖြစ်သနည်း။

၎။ အသက်မွေးခြင်းတို့တွင် အဘယ်ကဲ့သို့သော အသက်မွေးခြင်းသည် အမြတ်ဆုံး ဖြစ်မည်နည်း။

အထက်ပါ စိတ်ဝင်စားစရာ မှတ်သားစရာ လိုက်နာကျင့်သုံးစရာကောင်းသော ပုစ္ဆာ(၄)မျိုးကို အာဠာဝကဘီးလူးမင်းသည် မြတ်စွာဘုရားကို လျှောက်ထားခဲ့ပေသည်။ ထိုအခါ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က

၁။ ရတနာ(၃)ပါးကို ယုံကြည်လေးစား မြတ်နိုးကြည်ညိုခြင်းသည် အမြတ်ဆုံးသော ရတနာ ဖြစ်ပေသည်။

၂။ လေ့ကျက်ခြင်းတကာတို့တွင် ကုသိုလ်ကမ္မပထတရား (၁၀)ပါးကို လေ့ကျက် ခြင်းသည် ချမ်းသာကို ဆောင်ပေးပါသည်။ ၎င်း(၁၀)ပါးမှာ

(1) ဒါန-စိတ်ထားဖြူစင် စေတနာကောင်းစွာ နှမြောမှုမရှိဘဲ လွတ်လွတ်စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း။

(2) သီလ-ကိုယ်နှုတ်နှစ်ပါးတို့၌ ကောင်းမွန်မှန်ကန်သော အကျင့်ရှိခြင်း။

(3) ဘာဝနာ-သမထ,၀ိပဿနာ ဘာဝနာ(၂)ပါးကို လေ့လာပွားများခြင်း။

(4) အပစာယန-ရတနာသုံးပါး ဆရာသမား မိဘတို့ကို ရိုသေလေးစားခြင်း။

(5) ဝေယျာဝစ္စ-ကုသိုလ်ပြုလုပ်သောပွဲများ၌ တက်နိုင်သည့်ဘက်မှ မပျင်းမရိ ဝေယျာဝစ္စ အသွယ်သွယ်ကို ပြုလုပ်ပေးခြင်း။

(6) ပတ္တိဒါန-မိမိပြုလုပ်ထားသော ကုသိုလ်များကို ကိုယ်ပိုင်အတ္တမရှိဘဲ ဘုရားရှင်၏ အနတ္တ၀ါဒအတိုင်း အများအား အမျှဝေပေးခြင်း။

(7) ပတ္တာနုမောဒန-သူတစ်ပါးပြုလုပ်သော ကောင်းမှုများကို ကောင်းချီးဝမ်းမြောက်ပေးကာ သာဓုခေါ်ဆိုခြင်း။

(8) ဓမ္မသ၀န-မြတ်ဗုဒ္ဓ၏ တရားများကို နာယူမှတ်သားခြင်း။

(9) ဓမ္မဒေသနာ-မိမိတက်သိသလောက် မြတ်ဗုဒ္ဓ၏တရားများကို အများအား ဖြန့်ဝေ ဟောကြားပေးခြင်း။

(10) ဒိဋ္ဌိဇုကမ္မ-နိဗ္ဗာန်ရောက်ကြောင်း ကောင်းမွန်သော အယူဝါဒ ယုံကြည်ချက်ရှိခြင်း။

အထက်ပါ(၁၀)ပါးသော ကောင်းမှုများသည် လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကိုရောက်အောင် လုပ်ဆောင်ပေးသောကြောင့် ကောင်းမွန်သောသုစရိုက် တရားဟုလည်းကောင်း၊ ကုသလကမ္မပထတရားဟု ခေါ်ဆိုကြပေသည်။

၃။ အရသာတကာတို့တွင် မှန်ကန်ဖြောင့်မတ်သော စကားကိုပြောဆိုခြင်းသည် အမြတ်ဆုံး အရသာ ဖြစ်ပါသည်။

၎။ အသက်မွေးခြင်းတကာတို့တွင် ကောင်းမွန်မှန်ကန်သော ပညာဖြင့် အသက် မွေးခြင်းသည် အမြတ်ဆုံးဖြစ်ပေသည်။

အထက်ပါ အမေးအဖြေများသည် လူသားတိုင်းအတွက် အသုံးဝင်ပြီး လိုက်နာကျင့်သုံးသင့်သော အမေးအဖြေများ ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် လူသားတို့သည် အာဠာဝကဘီးလူးမင်းကြီးမေးခဲ့သော အမေးနှင့်မြတ်ဗုဒ္ဓဖြေကြား ပေးခဲ့သော အမေးအဖြေများကို အမှန်တကယ်သိမြင်ပြီး လိုက်နာကျင့်သုံးမည်ဆိုလျှင် မျက်မှောက်ရော နောက်ဘ၀များမှာပါ ကောင်းကျိုးသုခများ ခံစားရ၍ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် နေထိုင်ရမည့်အပြင် ချမ်းသာတကာတို့တွင် အချမ်းသာဆုံးဖြစ်ပြီး အမြတ်တကာတို့တွင် အမြတ်ဆုံးဖြစ်သော ရောက်နိုင်ရနိုင်ခဲလှသော မြတ်နိဗ္ဗာန်ကို ရောက်ရှိခံစားရပေလိမ့်မည်။

Sunday, January 2, 2011

အလိုလိုက်သည် ဆိုသည်မှာ

''အလိုလိုက်သည် အလိုလိုက်လိုက်တာ"စသည့် စကားလုံးကို လူ့လောကတွင် ပြောဆိုတတ်ကြသည်။ အလိုလိုက်သည်ဆိုရာဝယ် မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ လင်နှင့်မယား စသူတို့ကြားတွင် သုံးနှုန်းသော စကားဖြစ်သော်လည်း ထိုစကား၏ အဓိပ္ပါယ်ကို မှန်ကန်တိကျ ကောင်းမွန်စွာ နားလည်ခြင်းမရှိကြသည်က များပေသည်။ ''အလိုလိုက်သည်"ဆိုသည့် စကားလုံးသည် ''အလိုက်သိသည်"စကားလုံးနဲ့ စာသားချင်း ဆင်သော်လည်း အဓိပ္ပါယ်ချင်း မတူညီကြပေ။


တကယ်တော့ အလိုလိုက်သည်ဆိုသည်မှာ သူတစ်ပါးလိုအပ်ချက်အား မိမိကအမှန်တကယ်သိမြင်၍ သူ့လိုအပ်ချက်ကို အလိုသိစွာ ဖြည့်ဆည်းပေးခြင်း ဖြစ်ပေသည်။ မိဘများက သားသမီးများ၏ လိုအပ်ချက်ကို အလိုက်သိစွာ သူတို့လိုအပ်သောပစ္စည်းများအား ၀ယ်ပေးခြင်းမျိုး ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ မိဘများက သားသမီးတို့၏ စိတ်အလိုကိုလိုက်၍ သူတို့လုပ်ချင်သည့်အရာ လုပ်ခွင့်ပေးခြင်းသည် အလိုလိုက်သည်ဟု ယူဆကာ လိုက်လျှော့ပေးမည်ဆိုလျှင် သားသမီးများ လမ်းမှားကိုပင် ရောက်သွားနိုင်ပေသည်။ ထိုမျှမကဘဲ သားသမီးများ၏အလိုကို လိုက်ပေးတာများလျှင် နောက်ပိုင်း၌ သားသမီးများသည် မိဘများအား မထိမဲ့မြင် အလေးမထား ဂရုမစိုက် ခပ်ပေါ့ပေါ့တွက်ကာ လုပ်ချင်ရာလုပ်ကြပေလိမ့်မည်။ ''မိဘတွေက တို့ကိုဘာမှမပြော အလိုလိုက်တယ် ဒါ့ကြောင့် ငါတို့ဘာလုပ်လုပ် အပြစ်မပြော"ဟု ထင်မြင်ယူဆချက်များ ဖြစ်ပေါ်လာပေလိမ့်မည်။ ထိုသားသမီးများသည် မိဘတို့၏ သွန်သင်ဆုံးမှုမရှိတော့၍ မိဘတို့၏သြဇာများ အားနည်းသောအခါ သူတို့စိတ်ကို သူတို့ပိုင်တယ်ဟုထင်လာကာ ထင်ရာဆိုင်းပြီး မိဘများ အရှုံးပေးရသော သားသမီးများ ဖြစ်သွားလျှင် လူတော်လူကောင်းတစ်ယောက် ဖြစ်လာတော့မည် မဟုတ်ပေ။

ထိုအတူ ဆရာနှင့်တပည့်မှာလည်း ထိုကဲ့သို့ တပည့်များ၏ အလိုကိုလိုက်ကာ နေထိုင်ကျင့်သုံးပေးမည်ဆိုလျှင် တပည့်များသည် ဆရာကို မကြောက်မလေးစားတော့၍ နောက်ပိုင်းတွင် ဆိုးသွမ်းမှုများ ဖြစ်လာပေလိမ့်မည်။

မိဘများသည် သားသမီးတို့၏ အုပ်ထိန်းသူဖြစ်၍ မိဘစကားကို သားသမီးက တသွေမတိမ် လိုက်နာသောပုဂ္ဂိုလ်ဖြစ်ရန် မိဘများတွင် သြဇာအာဏာရှိရမည်။ ထိုသို့ သြဇာအာဏာရှိရန်မှာလည်း သားသမီးများကို မိဘများက အလိုက်သိစွာ ပြုလုပ်ပေးသင့်သည်ကို ပြုလုပ်ပေးကာ အလိုမလိုက်ဖို့ အရေးကြီးပေသည်။ မိဘများက သားသမီးများကို အလိုလိုက်ပေးမည်ဆိုလျှင် မိဘများ၏ သြဇာအာဏာကို သားသမီးများက တဖြည်းဖြည်းချင်း ဂရုမစိုက်ဘဲဖြစ်ကာ နောက်ပိုင်းတွင် မိဘစကားကို နားမထောင်တော့မည်ဆိုလျှင် မိဘများမှာ ပူဆွေးမှုသောကများဖြစ်လာတက်သလို သားသမီးများမှာလည်း ဆင်းရဲဒုက္ခများ ကြုံတွေ့လာနိုင်ပေသည်။

ထိုအတူ ဆရာနှင့်တပည့်မှာလည်း ဆရာ့စကားကို တပည့်က နားထောင်မှသာလျှင် ထိုတပည့်သည် လူတော်လူကောင်းတစ်ယောက် ဖြစ်လာပါလိမ့်မည်။ ထိုကဲ့သို့ တပည့်က ဆရာ့စကားကို နားထောင်ရန်အတွက် ဆရာသည် မှန်ကန်တိကျသော ဆရာဖြစ်ရမည်။ တပည့်ကို အလိုမလိုက်ဘဲ အလိုက်သိစွာ ပြောဆိုဆက်ဆံ ကျင့်သုံးနေထိုင်တက်ရန် လိုအပ်ပါသည်။ သို့မှသာလျှင် ဆရာတပည့်ကောင်း ပီသလာပါလိမ့်မည်။

တကယ်တော့ လူ့လောကတွင် သူ့စည်းနှင့်သူ လိုက်နာကျင့်သုံးနေထိုင်တက်ရန် စည်းကမ်းသတ်မှတ်ပေးသူရှိရန်လိုအပ်သလို စည်းကမ်းသတ်မှတ်ပေးသူ၏ သြဇာအာဏာလည်းရှိရန်လည်း လိုအပ်ပါပေသည်။ သို့မှသာလျှင် ကောင်းမွန်သော စည်းကမ်းသတ်မှတ်ချက်များ လူသားတိုင်းတွင်ရှိနေ၍ လောကကြီး သာယာလှပနေပေလိမ့်မည်။

ထို့ကြောင့် လူသားအားလုံး အလိုမလိုက်ဘဲ အလိုက်သိစွာ ကျင့်သုံး ဆက်ဆံတက်ကြပါစေလို့ ဆန္ဒပြုလိုက်ရပေသည်။

မှတ်ချက်။ စာရေးသူ၏ ထင်မြင်ယူဆချက်များသာ ဖြစ်ပေသည်။ မှားမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်စဉ်းစားကြပါကုန်။ စာရေးသူ ဘလော့တင်တိုင်း မေးလ်မှတဆင့် ဖတ်ချင်သောဆန္ဒရှိပါက စာရေးသူအကောင့်ကို အပ်ထားနိုင်ပါသည်။

Saturday, January 1, 2011

ဗုဒ္ဓဘာသာများအတွက် သိထားသင့်သောအချက်များ

သြကာသ၊ သြကာသ၊ သြကာသ ကာယကံ၊ ၀စီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ဤရတနာမြတ်သုံးပါးတို့ကို (နှင့်ဆရာသမားတို့ကို) အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြှော်မှန်းလျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

အောက်ပါဆုတောင်းသည် ဆုပေးမည့်ဆရာတော် သို့မဟုတ် မိဘဆရာသမား များကို ရှိခိုးပါက ရွတ်ဆိုရန် မလိုပေ။ မိမိဘာသာ ရှိခိုးမှသာလျှင် ဆုတောင်းရန် ဖြစ်ပေသည်။


ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပ္ပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဗိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရရပါလို၏ အရှင်ဘုရား။

ထိုဆုတောင်းများထဲမှ အပါယ်(၄)ပါး ဆိုသည်မှာ

၁။ ငရဲ

၂။ တိရစ္ဆာန်

၃။ ပြိတ္တာ

၎။ အသူရကာယ်

ထို့တွင် ပြိတ္တာဘုံနှင့်အသူရကာယ်ဘုံသည် သေချာအောင် နားမလည်သူများ ရှိပေလိမ့်မည်။ တကယ်တော့ ပြိတ္တာဘုံသည် အစားရေစာ ငတ်မွတ်ပြီး အိမ်ကြား၊ မြောင်းကြား၊ တော တောင်ကြားများတွင် လိုက်လံရှာဖွေ စားသောက်ကြရသော သတ္တ၀ါများ ဖြစ်ပေသည်။ တစ်ချို့သောလူများသည် မြို့ရွာများတွင် လိုက်လံရှာဖွေ စားသောက်နေသော ပြိတ္တာများကို မိမိ၏ ဘုန်းကံနည်းပါးနေချိန်တွင် တွေ့မြင်သောအခါ ထိုပြိတ္တာများ၏ ရုပ်ဆင်းသဏ္ဍာန်ကိုမြင်ရပြီး ကြောက်လန့်ကာ ပြိတ္တာဘုံသားများကို တစ္တေ၊ သရဲဟု ခေါ်ဆိုကြပေသည်။ ပြိတ္တာဘုံသားများတွင် တစ်ချို့ဘုံကံရှိသော သတ္တ၀ါများသည် နေ့၌ နတ်တို့ကဲ့သို့ ခံစားရ၍ ည၌ ဆင်းရဲဒုက္ခများကို ခံစားရသော ပြိတ္တာများလည်း ရှိပေသည်။

အသူရကာယ်ဘုံသည် ပြိတ္တာဘုံနှင့် ခပ်ဆင်ဆင် ရှိပေသည်။ ထို့ကြောင့် အသူရကယ်များကို ပြိတ္တာအကြီးစားဟု ခေါ်ဝေါ်ကြသည်။ တကယ်တော့ အသူရကယ်သည် ပြိတ္တာများကဲ့သို့ လူတို့နဲ့ နီးစပ်ရာများ၌ မနေဘဲ မြစ်ချောင်းကမ်းပါးတို့၌ နေတတ်ကြသည်။ သို့သော် သူတို့သည် မြစ်ကမ်းများ၌နေသော်လည်း ရေသောက်ချင်၍ ရေသောက်မည်ဆိုလျှင် သူတို့၏ အကုသိုလ်ကံကြောင့် ရေများခန်းခြောက်ကာ သဲသောင်းများကိုသာ တွေ့ရှိရပြီး ရေကိုမသောက်ရပေ။ ဤမျှလောက် ဆင်းရဲကြပေသည်။

တစ်ချို့ ပြိတ္တာဘုံသားများနှင့် အသူရကာယ်ဘုံသားများသည် ဘုရားတစ်ဆူနှင့် တစ်ဆူကြားထိ မကျွတ်လွတ်ဘဲ ဒုက္ခခံကြရသည်။ အဆိုးဆုံး သက်တမ်းရှည်ပြီး ဒုက္ခအများဆုံး ခံရသည့်သတ္တ၀ါများကား ငရဲသားများပင် ဖြစ်ပေသည်။ ငရဲသားများသည် ငရဲ(၈)ထပ်တွင် သူတို့အကုသိုလ်ကံအလျောက် သက်တမ်းနှင့် ဆင်းရဲဒုက္ခများကို လှလှကြီး ခံကြရပေသည်။

ကပ်(၃)ပါးဆိုသည်မှာ

၁။ သတ္ထန္တရကပ်- ဒုတ်၊ ဓါး၊ လက်နက်များဖြင့် ပျက်စီးသေကြရသောကပ်။

၂။ ရောဂန္တရကပ်- ပလိပ်ရောဂါစသော ခေတ်၌ဖြစ်လေ့ရှိသော ရောဂါများ မြို့ရွာတိုင်းပြည် များ၌ ပျံ့နှံ့ကာ ပျက်စီးသေကြရသောကပ်။

၃။ ဒုဗ္ဘိက္ခ န္တရကပ်- မြို့ရွာတိုင်းပြည်တို့၌ အစားရေစာ ငတ်မွတ်ပြီး သေကြရသော ကပ်တို့ ပင် ဖြစ်ပေသည်။

ရပ်ပြစ်ရှစ်ပါးဆိုသည်မှာ

၁။ ငရဲ

၂။ တိရစ္ဆာန်

၃။ ပြိတ္တာ၊ (အသူရကာယ်ဘုံကို ပြိတ္တာဘုံ၌ သွင်းယူထားခြင်း ဖြစ်ပေသည်။

၎။ သက်တမ်းရှည်သော အသညသတ်ဗြဟ္မာနှင့် အရူပဗြဟ္မာများ၊ အသညသတ်ဗြဟ္မာ သည် ရုပ်ခန္ဓာသာရှိ၍ စိတ်မရှိသောကြောင့် တရားမရနိုင်ပေ။ အရူပဗြဟ္မာများသည် စိတ်သာရှိ၍ ရုပ်ခန္ဓာမရှိသောကြောင့် တရားနာခွင့် မရှိပေ။ ထို့ကြောင့် သက်တမ်းရှည်ပြီး တရားနာခွင့်မရှိသော ဗြဟ္မာနှစ်မျိုးတွင် မဖြစ်ရအောင် ဆုတောင်းခြင်း ဖြစ်သည်။

၅။ ဘုရားရှင်နှင့်ရဟန်းတော်များ မရောက်နိုင်သော ပစ္စ န္တရာဇ်ကျသော အရပ်ဒေသ။

၆။ သာသနာရှိနေချိန်တွင် တရားနာခွင့်ရှိပါသော်လည်း မိစ္ဆာအယူမှားနေသူများ။

၇။ သာသနာရှိနေပြီး ကောင်းသောအယူရှိပါသော်လည်း ဉာဏ်ပညာနည်းသူများ။

၈။ အသိဉာဏ်ပညာလည်းရှိ၊ ကောင်းသောအယူရှိသော်လည်း သာသာနာမရှိသော အချိန်၌ လူဖြစ်ရသူများ။

အထက်ပါအပြစ်ရှိသော နေရပ်ဒေသများသို့ ရောက်ရှိနေလျှင် မဂ်ဗိုလ် ကုသိုလ်ကံတရားများ အားမထုတ်နိုင်၍ မဂ်ဗိုလ်တရားများ မရရှိနိုင်သောကြောင့် ထိုအရပ်များသို့မရောက်အောင် ဆုတောင်းရခြင်း ဖြစ်ပေသည်။

ရန်သူမျိုးငါးပါးဆိုသည်မှာ

၁။ ရေဘေး

၂။ မီးဘေး

၃။ ခိုးသူဓါးမြဘေး

၎။ အမွေးခံ သားဆိုးသမီးဆိုး

၅။ မင်းဆိုး

တစ်ချို့က မိမိမုန်းသောသူကို ရန်သူဟု ထင်မှတ်ကာ ရန်သူမျိုးငါးပါး၌ ထည့်သွင်းတက်ကြပေသည်။ မိမိကမုန်းရုံဖြင့် ရန်သူမဖြစ်နိုင်ပါ။ မိဘကို မကြာခဏ ဒုက္ခပေးတတ်၊ စုဆောင်းထားသော ပစ္စည်းများကို အလကားဖြုန်းတက်သော သားသမီး များသည်သာ မိမိ၏ ပစ္စည်းများကို အလဟဿပြုန်းတီးအောင် ပြုလုပ်သောကြောင့် ရန်သူမျိုးငါးပါး၌ ထည့်သွင်းရခြင်း ဖြစ်ပေသည်။

ဝိပ္ပတ္တိတရားလေးပါးဆိုသည်မှာ

၁။ မင်းဆိုးများ အုပ်စိုးနေခြင်း

၂။ အပါယ်လေးဘုံ၌ ဖြစ်နေရခြင်း

၃။ ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခြင်း

၎။ ကိုယ်နှုတ်စိတ်သုံးပါးလုံး၌ ပြုသင့်သည်ကို မပြုဘဲ မပြုသင့်သည်ကို ပြုမှုပြောဆို ကြံစည်တတ်ခြင်း။

ဗျသနတရားငါးပါးဆိုသည်မှာ

၁။ ဆွေမျိုးများ ပျက်စီးခြင်း။

၂။ စည်းစိမ်ဥစ္စာပျက်စီးခြင်း။

၃။ အနာရောဂါများ နှိပ်စက်၍ပျက်စီးခြင်း။

၎။ မိစ္ဆာအယူရှိခြင်း။

၅။ သီလပျက်စီးခြင်း။

အထက်ဖော်ပြပါ အချက်များသည် ထေရ၀ါဒဗုဒ္ဓဘာသာ လူမျိုးများ တကယ်သိထားသင့်သည် အချက်များဖြစ်ပေသည်။ တစ်ချို့သောသူများသည် နေ့စဉ်ဘုရားရှိခိုးခြင်း ဆုတောင်းခြင်းများ ပြုလုပ်နေသော်လည်း အထက်ပါအချက်များကို တိတိကျကျ သိမထားကြသည်က များပေသည်။
ထို့ကြောင့် စာရေးသူသည် သိသင့်သိထိုက်သည်ဟု ယူဆရသည့် အထက်ပါ အချက်များကို တင်ပြလိုက်ရခြင်း ဖြစ်ပေသည်။