Tuesday, July 19, 2011

အသုံးကျမည်ထင်၍ ပြန်လည်မျှဝေပေးခြင်း

အခုအချိန်အခါမှာ G-Talk အကောင့်သစ်လေးတစ်ခုရဖို့ သာမန်အားဖြင့်ခက်ခဲနေပါတယ်။ ဒီပြသနာတွေကို http://bluworld.org/registration/account/signup.php ကနေဖြေရှင်းပေးလိုက်တာကို ၀မ်းသာဖွယ်ရာ တွေ့ရှိရပါတယ်။ ကဲ ဘယ်လိုလုပ်ရမယ်ဆိုတာပြောပြမယ်နော်။


အရင်ဆုံး အထက်က ပြထားတဲ့ Website ကိုဝင်လိုက်ပါ။ အကောင့်နာမည်ကို (၁၀)လုံးထက် မကျော်စေပါနဲ့။ နောက်ပြီး ပတ်စ၀က်ကိုလည်း (၈)လုံးမှ (၁၀)လုံးအတွင်းဖြစ်ပါစေ။ ထို့နောက် ကျန်တာ ဖြည့်စရာရှိတာဖြည့်ပြီး Continue လုပ်ပါ။ 10% ကနေ 90% ထိ Loading လုပ်ပါလိမ့်မယ်။ ပြီးသွားရင် Security Question နေရာမှာ အောက်ဆုံးကဟာကို ရွေးပြီး Answer မှာ မိမိမှတ်မိမဲ့ဂဏန်းရိုက်ပေးပါ။ ကျန်တဲ့ နိုင်ငံ၊ ကျားမ၊၊ ပညာရည်ချင်း၊ အသက်တို့ကို ဖြည့်လိုက်ပါ။ မိမိက ဒီဆိုဒ်မှာ အကောင့်တစ်ခါမှ မလုပ်ဖူးသေးရင် Secondary Email Adress မှာ ဖြည့်စရာမလိုပေ။ ဒါတွေပြီးရင် create account ကိုနှိပ်ပါ။ နောက်တစ်မျက်နှာရောက်လျှင် Mail ကို နှိပ်ပြီး အကောင့်ဝင်လိုက်ပါ။ အင်္ဂလိပ်စာကွက်လပ်ဖြည့်တစ်ခုတော့ အစဦးဆုံး လုပ်ခိုင်းပါလိမ့်မယ်။ နောက်တော့ မလုပ်ရတော့ပါ။

ဒါပေမယ့် aungaung လို့ အကောင့်သစ်ဖွင့်ရင် Gmail မှာတော့ aungaung@gmail.com လို့ ရေးရပါတယ်။ gtalk ၀င်ရာမှာလည်း aungaung လို့ ရိုက်ထည့်လိုက်ရုံနဲ့ ၀င်လို့ရပါတယ်။

ဒီ BluMail မှာတော့ aungaung လို့အကောင့်ဖွင့်ရင် gmail gtalk မှာ aungaung@blumail.org လို့ ရေးပြီး အကောင့်ဝင်ရပါမယ်။ ကဲ..စမ်းသပ်ရင်းနဲ့ ပျော်ရွှင်နိုင်ကြပါစေနော်။

Connection ကောင်းရင်ကောင်းသလို အဆင်ပြေပါလိမ့်မယ်ခင်ဗျာ။ (မသိသေးသူများအတွက်သာ ရည်ရွယ်ပါသည်။)

ချစ်သူမြို့တော်ဆိုဒ်တွင် အညာသားလေး ရေးသားတင်ပြထားသည်ကို မြန်မာပြည်ကလူများ အသုံးကျမည် ထင်၍ ကိုယ်တိုင်စမ်းသပ်ပြီး အများနားလည်အောင် ပြန်လည်ဖြည့်သင့်တာဖြည့်ပြီး မျှဝေပေးလိုက်ခြင်း ဖြစ်ပေသည်။

Friday, July 15, 2011

နိဗ္ဗာန်အကြောင်းသိချင်လျှင်

စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များ၏ ပန်းတိုင်သည် နိဗ္ဗာန်ဖြစ်သကဲ့သို့ အခြားဘာသာများ၏ ပန်းတိုင်များသည်လည်း နိဗ္ဗာန်နည်းတူ ကောင်းကင်ဘုံရှိကြပါသည်။ ထို့ကြောင့် မိမိတို့ဆိုင်ရာ ပန်းတိုင်များ၏အကြောင်းကို ပြောပြဖို့ဆိုလျှင် မည်သူကမျှ ပြည့်စုံလုံလောက်အောင် မပြောပြနိုင်ကြပါ။ အဘယ့်ကြောင့်ဆိုသော်မည်သူမျှမရောက်ဖူးကြသေးလို့ပါ။ ရောက်ဖူးသူကလည်း ပြန်လည်၍ပြောပြရိုးထုံစံမရှိသောကြောင့်ပင် ဖြစ်ပေသည်။ ပြောပြမည့်လူရော နားထောင်ဖတ်ရှု့မည့်လူရော ပန်းတိုင်ကို မရောက်ဖူးလို့သာ ယခုလို ဘ၀ဇာတ်ခုံပေါ်မှာ ကျင်လည်နေကြရတာပါ။ တကယ်လို့များ ပန်းတိုင်ကိုရောက်မယ်ဆိုလျှင် မည်သူမျှလည်း မေးမည်မဟုတ်၍ မည်သူမျှလည်း နားထောင်ဖတ်ရှု့ရန် မလိုတော့ပေ။ အဘယ့်ကြောင့်ဆိုသော် မိမိတို့ကိုယ်တိုင် ပန်းတိုင်ကိုရောက်နေသောကြောင့်ပါတည်း။


အဲဒီလို မိမိတို့တစ်ခါမှမရောက်ဖူးသည့်နေရာအကြောင်းကို ပြောပြရမယ်ဆိုလျှင် ပြောပြသူရော နားထောင်ဖတ်ရှု့သူရော ပြည့်စုံလုံလောက်စွာ သိရှိနားလည်ရန် ခက်ခဲပါသည်။ ဥပမာ-အမေရိကန်နိုင်ငံကို မရောက်ဖူးသူအချင်းချင်း အမေရိကန်နိုင်ငံအကြောင်းကို ဘယ်လိုရှိတယ်၊ ဘယ်လိုမြင်ရတယ်။ အဲဒီမှာဘယ်လိုနေရတယ်။ ဘယ်လိုစိတ်ချမ်းမှုတွေခံစားရတယ်ဆိုတာ နှစ်ယောက်လုံး ကိုယ်တိုင်မခံစားဖူးသောကြောင့် တိကျခိုင်မာသည့် အဖြေကိုရဖို့ ခဲယဉ်းပေလိမ့်မည်။

သို့သော် စာရေးသူအား မိမိတို့ဗုဒ္ဓဘာသာဝင်များ၏ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်အကြောင်းကို မေးလာသဖြင့် နိဗ္ဗာန်ကိုရောက်အောင်ကြိုးစားခဲ့သူများ၏ကိုယ်တိုင်အတွေ့အကြုံခံစားချက်များ၊ ရောက်အောင်မည်သို့မည်ပုံ
ပြုလုပ်ရမည့်ဆိုသည့် အချက်အလက်များကို တင်ပြပေးလိုက်ရပေသည်။ ကိုယ်တိုင်မရောက်ဖူးသူများဖြစ်၍ နားမလည်မှုများ မရှင်းလင်းမှုများရှိလျှင် ကိုယ်တိုင်ပဲရောက်အောင် ပြုလုပ်ကျင့်ကြံကြပါလို့ တိုက်တွန်းပါရစေ။ ဦးဇင်းကိုယ်တိုင်လည်း ရောက်အောင်တော့ ပါရမီဖြည့်နေလျက်ပါ။

စာရေးသူအား မေးထားတဲ့ မေးခွန်းလေးကတော့

ကျနော်တစ်ခုလောက်မေးချင်ပါတယ်။ နိဗ္ဗာန်ဝင်တော့မဲ့ အရိယာပုဂ္ဂိုလ်တစ်ယောက်သည် သှုပရိနိဗ္ဗာန်ပြုခါနီးမှာ နိဗ္ဗာန်ကိုကြိုပြီး မြင်ရပါသလား။ ဘယ်လိုမြင်ရပါသလဲ။ ဘာကြောင့်နိဗ္ဗာန်လို့ပြောနိင်တာလဲ။ ဒီမေးခွန်းလေးများကို ကျေးဇူးပြုပြီး ဖြေကြားပေးတော်မူပါဘုရား။

ခုမေးထားတဲ့ မေးခွန်းများကို အစအဆုံးနားလည်အောင် ဘယ်လိုပြုလုပ်လျှင် ဘယ်လိုရမယ်၊ ဘယ်လိုမြင်မယ်၊ဘယ်လိုခံစားရတယ်ဆိုတာတွေ ပေါ်လွင်အောင်တရားသဘောလေးပါ ရေးသားတင်ပြပေးလိုက်ပါတယ်။ သေချာဖတ်ပြီး နားလည်အောင် အဖန်ဖန်သုံးသပ်ကြည့်လျှင်တော့ သိမြင်ရှင်းလင်းလာပါလိမ့်မယ်။

ပထမဦးဆုံး နိဗ္ဗာန်ကို သိမြင်ခံစားရောက်ရှိဖို့ရန်အတွက် ၀ိပဿနာအရင် မှတ်ရပါမယ်။ ၀ိပဿနာစရှု့တဲ့အခါ မိမိခန္ဓာကိုယ်မှာ ဝေဒနာထူးထူးခြားခြားပေါ်တဲ့သူဆိုရင် ဝေဒနာကိုရှု့ပါ။ စိတ်ထူးထူးခြားခြားပေါ်တဲ့သူဆိုရင် စိတ်ကိုရှု့ပါ။ မိမိခန္ဓာကိုယ်ရဲ့ ဖြစ်ပျက်မှုကို သိမြင်တယ်ဆိုရင် ခန္ဓာကိုယ်ကို အာရုံပြုရှု့ပါ။ မိမိဉာဏ်မှာ တရားသဘောများကို နားလည်သဘောပေါက်တယ်ဆိုရင် တရားများကို ဆင်ခြင်စဉ်းစားရှု့မှတ်ပေးပါ။ အဲဒီလိုရှု့မှတ်ပွားများမှုများလာရင် သံသရာစက်ကို လည်စေတတ်တဲ့ ကိလေသာတွေ ပါးပါးသွားပါလိမ့်မယ်။ ကိုယ်ကြိုက်ရာကိုယ်ရှုလို့ ဝေဒနာဖြစ်ပျက်တွေဆုံး၊ စိတ်ဖြစ်ပျက်တွေဆုံး၊ ရုပ်ဖြစ်ပျက်တွေဆုံးသွားရင် မဂ္ဂင်ရှစ်ပါးပြည့်တဲ့ မဂ္ဂသစ္စာအစစ်ပေါ်လာပါမယ်။ တစ်မဂ်ပေါ်ရင် သောတာပန်၊ နောက်တစ်မဂ်ပေါ်ရင် သကဒါဂါမ်၊ နောက်တစ်မဂ်ထပ်ပေါ်တော့ အနာဂါမ်၊ နောက်တစ်မဂ်ထပ်ပေါ်လာပါက ရဟန္တာဖြစ်သွားပါတယ်။ အဲဒီလို နောက်ဆုံးမဂ်သိမြင်ဆိုက်ရောက်ပြီးဆိုလျှင် နောက်ခန္ဓာကြီး မလာနိုင်မဖြစ်နိုင်တော့ပါဘူး။

အဲဒီလိုခန္ဒာကိုယ်ဆက်မဖြစ်တော့တဲ့ ရဟန္တာပုဂ္ဂိုလ်တွေစုတိစိတ်ကျတော့ ဒုက္ခတွေ အကုန်သိမ်းသွားပါတယ်။ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခ၊ မရဏဒုက္ခ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ ဥပါယာသတွေ မဖြစ်တော့ပါဘူး။ အဲဒါကြောင့် ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံတာသည် ဒုက္ခသိမ်းသွားတာပဲလို့ မှတ်ရပါမယ်။ ပုထုဇဉ်တွေ သေကြတဲ့အခါကျတော့ ဒုက္ခဆက်ဖြစ်နေပါတယ်။ ဒုက္ခသိမ်းတဲ့ပုဂ္ဂိုလ်နဲ့ ဒုက္ခဆက်တဲ့ပုဂ္ဂိုလ် ခြားနားသွားအောင် မဂ်က လုပ်ပေးလိုက်တာပါ။

ရဟန္တာပုဂ္ဂိုလ်သည် စုတိစိတ်ကျပြီးတဲ့နောက် နောင်ခန္ဓာ နောင်ဇာတိတွေမရတော့ဘဲ ဒုက္ခသိမ်းလို့ ဒုက္ခငြိမ်းသွားပါတယ်။ ပုထုဇဉ်များစုတိစိတ်ကျပြီးရင်တော့ ဒုက္ခ၀န်ထုပ်တစ်ခုကိုချပြီး ခန္ဓာဒုက္ခ၀န်ထုပ် တစ်ခါပြောင်းထမ်းရပါတယ်။ ဒုက္ခ၀န်ပြောင်းထမ်းတဲ့ သဘောလေးပဲ တစ်ဘ၀နှင့်တစ်ဘ၀ ကွာခြားသွားတာကိုပဲ ဘ၀ပြောင်းတဲ့လို့ ခေါ်ပါတယ်။ အသေဒုက္ခပြီး အနေဒုက္ခအသစ်ပြန်ယူလိုက်တဲ့ သဘောပါ။ ရဟန္တာများမှာ အသေဒုက္ခပြီးတာနဲ့ အနေဒုက္ခမရှိတော့ပါဘူး။ သူ့ဒုက္ခတွေ ဒီမှာတင် ထားပစ်ခဲ့ပြီး နောက်ဒုက္ခတွေ အကုန်သိမ်းသွားပါတယ်။ ကိလေသာတွေ ကင်းစင်အောင်လုပ်ထားတဲ့ ရဟန္တာပုဂ္ဂိုလ်သည် ဒုက္ခချုပ်ငြိမ်း ရုပ်သိမ်းတာကို နိဗ္ဗာန်လို့ခေါ်ပါတယ်။ အသေဒုက္ခတွေသိမ်းပြီး အနေဒုက္ခတွေ မလာတာမဖြစ်တော့တာဟာ နိဗ္ဗာန်ပါပဲ။

ရဟန္တာပုဂ္ဂိုလ်စုတိပြီးနောက် ဘယ်ကြွသွားလဲဆိုရင် သူ့ဒုက္ခတွေ သူ့မဂ်ဉာဏ်နဲ့ သူသိမ်းသွားပြီး ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်သွားပါတယ်။ ဒုက္ခသဘောမှ သုခသဘောသို့ သက်ရောက်သွားတာ၊ ဒုက္ခချုပ်၍ သုခပေါ်လာတာကို နိဗ္ဗာန်လို့ ခေါ်ဆိုရပါတယ်။ ပုထုဇဉ်ကတော့ ဒီဘ၀ အသေဒုက္ခပြီး အနေဒုက္ခနဲ့ ပြန်ဆက်ရတယ်။ ရဟန္တာပုဂ္ဂိုလ်က ဒုက္ခသိမ်းတဲ့ပုဂ္ဂိုလ်၊ ပုထုဇဉ်က ဒုက္ခဆက်တဲ့ပုဂ္ဂိုလ်ပါ။ ဒါကြောင့် ဦးဇင်းတို့သတ္တ၀ါများသည် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရအောင်လုပ်နေကြခြင်းသည် ဒုက္ခသိမ်းချင်လို့၊ ဒုက္ခသိမ်းရာနိဗ္ဗာန်ကို ရချင် လိုချင်လို့ လုပ်နေကြတာ ဖြစ်ပါတယ်။

နိဗ္ဗာန်ဘယ်မှာရှိသလဲဆိုတာကို ရှင်းလင်းထင်မြင်အောင် ဥပမာလေးနဲ့ ပြောပြပါမယ်။ မီးလောင်းနေတဲ့အခါ လောင်းနေတဲ့မီးတွေငြိမ်းသွားလျှင် အဲဒီလောင်းနေတဲ့မီးတွေ ဘယ်ရောက်သွားလဲဆိုတာ တိကျမှန်ကန်စွာ မည်သူမျှမပြောနိုင်ပေ။ ထို့အတူ နိဗ္ဗာန်ဆိုတာ ဒုက္ခတွေငြိမ်းသွားတာကို ခေါ်ခြင်းကြောင့် မိမိသန္တာန်မှာ ဒုက္ခမရှိတော့တာကို နိဗ္ဗာန်ရောက်သွားတယ်လို့ ပြောရပါမယ်။ တကယ်တော့ နိဗ္ဗာန်ဆိုတာ နေရာဌာနနဲ့တည်ရှိနေတာ မဟုတ်ပါဘူး။ အဲဒါကြောင့် နိဗ္ဗာန်ရဲ့တည်ရာဌာနကို ပြောပါညွှန်ပြပါဆိုရင်တော့ မိမိခန္ဓာကိုယ်သန္တာန်မှာရှိတဲ့ ဒုက္ခတွေဟာ မီးပုံကြီးကဲ့သို့ဖြစ်နေပြီး အဲဒီမီးတွေငြိမ်းသွားသောအခါ ဘယ်မှာရောက်သွားသလဲလို့ သေချာမပြောနိုင်ပဲ မီးငြိမ်းရာကိုသာ ပြောပြနိုင်သလို မိမိခန္ဓာကိုယ်ထဲမှာရှိသော ဒုက္ခဆင်းရဲတွေ ဘယ်မှာပျောက်သွားလဲဟု မပြောပြနိုင်သော်လည်း မိမိခန္ဓာကိုယ်ထဲမှာရှိတဲ့ ချမ်းသာမှုကိုပဲ နိဗ္ဗာန်ရဲ့နေရာဌာနဟု ညွှန်ပြပြောဆိုရပါမယ်။

တဖန် နိဗ္ဗာန်ချမ်းသာနဲ့ပတ်သတ်ပြီး ဘယ်လိုဒုက္ခငြိမ်းခြင်းတွေ ခံစားရသလဲဆိုတာကိုလည်း ဦးဇင်း ဥပမာလေးနဲ့ ပြောပြပေးပါမယ်။ ကင်ဆာရောဂါကဲ့သို့ ဆင်းရဲခြင်းဒုက္ခများစွာ ခံစားနေရသော လူနာတစ်ယောက်သည် သူ့ဒုက္ခများကို မခံစားနိုင်တဲ့အခါ ဆရာဝန်ဖြစ်သူက သူ့အား ချမ်းသာမှုလေးအနည်းငယ်တော့ ရပါစေဆိုပြီး အိပ်ဆေးထိုးပေးလိုက်ပါတယ်။ အဲဒီလူနာဟာ အိပ်ဆေးထိုးပေးလိုက်တဲ့အချိန်ကစပြီး တစ်ညလုံးသူ့မှာ နာကျင်မှုစတဲ့ဆင်းရဲတွေ ငြိမ်းချမ်းနေပါတယ်။ သို့သော်လည်း အိပ်ဆေးအရှိန်ကုန်လာတဲ့အခါ လူနာနိုးလာပါတယ်။ သူအိပ်ဆေးကြောင့် အိပ်ပျော်နေတဲ့အချိန်မှာ ဆင်းရဲတော့ ငြိမ်းနေပါတယ်။ သို့သော် သူဘာခံစားရလဲဆိုတော့ ဘာမှလည်း မခံစားရပါဘူး။ ကောင်းတာမခံစားရသော်လည်း ဆင်းရဲဒုက္ခတွေကတော့ ငြိမ်းချမ်းနေပါတယ်။

ဒါပေမဲ့ သူနိုးလာတဲ့အချိန်မှာတော့ အနာရောဂါရဲ့ နာကျင်မှုဒုက္ခတွေ ခံစားရပြန်ပါတယ်။ ဒါ့ကြောင့် ကိလေသာများကုန်အောင် လုပ်ထားတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဘယ်လိုငြိမ်းချမ်းမှုချမ်းသာကို ခံစားရသလဲဆိုရင် လူနာအိပ်ဆေးထိုးထားတဲ့အချိန်၌ ခံစားမှုမရှိဘဲ ဆင်းရဲဒုက္ခတွေငြိမ်းနေတဲ့ ချမ်းသာမှုမျိုးကို နိဗ္ဗာန်ချမ်းသာလို့ ဥပမာတင်စားပြောရပါမယ်။ ဒါက အားလုံးနားလည်အောင် ဥပမာနှိုင်းယှဉ်ပြီး ရေးလိုက်ရတာပါ။ နိဗ္ဗာန်ချမ်းသာဟာ ဒီထက်မက သာလွန်မှာတော့ အမှန်ပါပဲ။ ဒီလောက်ဆို မေးထားတဲ့ မေးခွန်းများထဲက နိဗ္ဗာန်ကို ကြိုတင်မြင်နိုင်သလား၊ ဘယ်လိုမြင်ရတာလဲဆိုတာ နားလည်လောက်မည် ထင်ပါတယ်။

ယခုရေးသားရသော အကြောင်းအရာများသည် စာရေးသူကိုယ်တိုင် မတွေ့မမြင်မရောက်မခံစားဖူးသေးသော အကြောင်းအရာကို ရေးသားတင်ပြရခြင်းကြောင့် မှန်ကန်တိကျသော အဖြေဟုမဆိုနိုင်သလို စာဖတ်သူများလည်း ကိုယ်တိုင်မတွေ့၊ မမြင်၊ မရောက်ဖူးသေးသောအကြောင်းအရာကို ဖတ်ရခြင်းကြောင့် မှန်ကန်တိကျသော အဖြေကို ရချင်မှရပါလိမ့်မည်။ သို့သော် စာရေးသူသည် ဤခက်ခဲသော အကြောင်းအရာကိုစာဖတ်သူများအပေါ် မေတ္တာစေတနာအားကြီးလွန်၍သာ ရောက်အောင်ကြိုးစားခဲ့သူများ
ဟောပြောရေးသားခဲ့သော အကြောင်းအရာများကိုအခြေခံပြီး အနီးစပ်ဆုံးမှန်ကန်အောင် ရေးသားတင်ပြပေးလိုက်ခြင် ဖြစ်ပါသည်။

သတ္တ၀ါတိုင်းဟာ ဆင်းရဲဒုက္ခအမျိုးမျိုးမှ ချုပ်ငြိမ်းရာကိုတော့ လိုချင်ကြပါလိမ့်မည်။ အဲဒီလို လိုချင်လျှင်တော့ ဆင်းရဲဒုက္ခတွေငြိမ်းပြီး ချမ်းသာမှုသာရှိတဲ့ နိဗ္ဗာန်ကိုရအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုမလုပ်ဘူးဆိုရင်တော့ ဆင်းရဲဒုက္ခတွေ ဆက်တိုက်ဖြစ်ပျက်နေတဲ့ သံသရာစက်ဝိုင်းကြီးထဲမှာ ကျင်လည်ကျရဦးမှာပါ။ ဒါ့ကြောင့် အားလုံး ဒုက္ခတွေထပ်မဖြစ်အောင် ကိုယ့်ဒုက္ခသူများဒုက္ခရောက်မည့်အရာများမှ ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပါပေသည်။

Wednesday, July 13, 2011

ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာ

ဝါဆိုလပြည့်နေ့သည် စာရေးသူတို့ဗုဒ္ဓဘာသာဝင်များ၏ ဘာသာရေးပွဲတော်များတွင် အမှတ်တရဖြစ်စေသော ပွဲတော်တစ်ခု ဖြစ်ပေသည်။ ၀ါဆိုလပြည့်နေ့သည် မြတ်ဗုဒ္ဓစတင်တရားဦးဟောရာနေ့ဖြစ်သကဲ့သို့ သံဃာတော်များ ၀ါဆိုဝါကပ်ရမည့် အချိန်ကာလလည်း ရောက်ရှိသောကြောင့် ၀ါဆိုလတွင် သင်္ကန်းကပ်လှူခြင်း၊ ၀ါဆိုပန်းများလှူဒါန်းခြင်း၊ ဆွမ်းကပ်ခြင်းများ ပြုလုပ်ကြပေသည်။


ထို့ပြင် ဝါဆိုလတွင် အသက်သိက္ခာ၊ ဂုဏ်သိက္ခာကြီးမားသူများကို လိုက်လံကန်တော့ကြသော အခါသမယလည်း ဖြစ်ပေသည်။ ဤအစဉ်အလာသည် ရှေးဘုရင်မင်းများလက်ထက်ကတည်းက ဝါဝင်ကာလတွင်တစ်ကြိမ် ဝါကျွတ်ကာလတွင်တစ်ကြိမ် ဘုရင်၏သာသမီးများ ဆွေတော်မျိုးတော်များ၊ မင်းမှူထမ်းများသည် ဂါရဝမင်္ဂလာပူဇာစ ပူဇာနေယျာနံ မင်္ဂလာနှင့်အညီ အသက်သိက္ခာ ဂုဏ်ဝါကြီးသူများကို ပူဇော်ဖွယ်ရာများနှင့်ကန်တော့ပူဇော်ခဲ့ကြလေသည်။

ထို့အတူ ရဟန်းတော်အရှင်မြတ်များသည်လည်း နောက်လိုက်နောက်ပါ တပည့်ပရိသတ်များနှင့်အတူ သိက္ခာဝါကြီးတော်မူသည့် နီးစပ်ရာဆရာတော်ကြီးများအား လိုက်လံကန်တော့ကြပေသည်။

ဝါဆိုလတွင် စိုက်ပင်ပျိုးပင်များကြီးထွားစအချိန်ဖြစ်သဖြင့် သံယာတော်များ လယ်ယာများဖြတ်၍ ခရီးလှည့်လည်သွားနေလျှင် ကောက်ပဲသီနှံများ ထိခိုက်ပျက်စီးပါက လူအများ၏ပြစ်တင်ငြိုငြင်ခြင်းကိုခံကြရလျှင် မကောင်းသောကြောင့် မြတ်စွာဘုရားရှင်သည် မိမိ၏တပည့်သားသံယာများအား (ဝါဆိုလပြည့်ကျော် တစ်ရက်နေ့မှဖြစ်စေ ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့မှာဖြစ်စေ ဝါဆိုဝါကပ်ပြုကြရမည်။ ဝါတွင်းသုံးလပတ်လုံး မည်သည့်အရပ်ကိုမှ ညအိပ်ညနေမသွားကြပါနဲ့)ဟူ၍ ပညတ်တော်မူခဲ့လေသည်။

သံဃာတော်များ ဝါဆိုဝါကပ်ရာတွင် ပုရိမဝါကို ဝါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်လျှင် သီတင်းကျွတ်လပြည့်နေတွင် သုံးလပြည့်ကာဝါမှ လွတ်ကင်းသွားလေသည်။ တကယ်လို့ အကြောင်မညီညွတ်၍ ပုရိမဝါဆိုလိုက်ရသော သံဃာတော်များသည် ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့တွင် ပစ္ဆိမဝါဆိုပြီးလျှင် တန်ဆောင်မုန်းလပြည့်နေ့တွင် သုံလပြည့်ကာဝါကျွတ်လေသည်။

ဝါဆိုဝါကပ်ခြင်းကို ညနေပိုင်းတွင်ဖြစ်စေ ညဦးပိုင်းတွင်ဖြစ်စေ ကျောင်းတိုင်အတွင်း၌ ရဟန်းသာမဏေများ စုရုံး၍ ဘုရားတပည့်တော်သည် ဤကျောင်းတွင် ဤဝါတွင်းသုံလတာ ကာလပတ်လုံးဝါဆိုဝါကပ်ပါ၏ဟူသော အဓိပ္ပါယ်ရှိသည့် ပါဠိကိုရွတ်ဆိုရလေသည်။

ထိုသို့ သံဃာတော်များ ၀ါဆိုဝါကပ်သောအခါ အလှူရှင်များသည် ၀ါဆိုသင်္ကန်းကပ်လှူခြင်း၊ ၀ါဆိုပန်းကပ်လှူခြင်း၊ အဖျော်ရည်စသော လှူဒါန်းဖွယ်ရာ ကပ်လှူခြင်းများကို ပြုလုပ်ကြသည်မှာလည်း မွန်မြတ်သော အလှူဒါနတစ်ခုပင် ဖြစ်ပေသည်။ အချို့သော တောရွာများရှိ ရပ်သူရွာသားများသည် ဘုရားပန်ကပ်လှူရန်အတွက်နှင့် သံယာတော်များအား ၀ါဆိုပန်းကပ်လှူရန်အတွက် ပန်းများ ထွက်ခူးကြပြီး ခူး၍ရရှိသောပန်းများကို ညနေပိုင်းတွင် စုဆောင်ကာဆေးကြောပြီး အတီးအမှုတ် အကအခုန်များဖြင့် နီးစပ်ရာဘုရားများ ကျောင်းများသို့ လှည့်လည်ကပ်လှူကြလေသည်။ တစ်ချို့သော အလှူရှင်များသည် ကျောင်းများသို့ကပ်လှူရာ၌ ပန်းမျှသာမဟုတ် ကြီးမားသော ဝါဆိုဖယောင်တိုင်ကြီးများနှင့် အခြားလှူဖွယ်များလည်း လှူဒါန်းကြလေသည်။

ထို့ပြင် ၀ါတွင်းကာလနှင့်ပတ်သတ်၍ စာရေးသူအား ခဏခဏ လူမေးများသော ၀ါတွင်းကာလမင်္ဂလာဆောင်ခြင်းနှင့်ပတ်သတ်တာကို ဒီနေရာမှာ ပြောခဲ့ရပါစေ။ ၀ါတွင်းကာလမှာ မင်္ဂလာဆောင်ခြင်း မလုပ်ရဘူးလို့ ဘုရားရှင်ကတော့ မဟောခဲ့ပါဘူး။ မြတ်စွာဘုရားရှင်လက်ထက်က မင်္ဂလာဆောင်ရန် ရက်ရွေးနေလို့ မင်္ဂလာသတိုးသမီးနဲ့မရလိုက်တဲ့​ ပုဏ္ဏားသားတစ်ယောက်ကို ဘုရားရှင်က ရက်ရာဇာတွေ မရွေးချယ်ဖို့ ဟောထားတာရှိပါတယ်။ နောက်ပြီး မိမိတို့မင်္ဂလာဆောင်ရာဝယ် ကောင်းမှုကုသိုလ်လည်းလုပ်မည်ဖြစ်ပါက ကောင်းမှုကုသိုလ်လုပ်ခြင်းနှင့်ပတ်သတ်၍ ဘုရားရှင်က ရက်ရွေးဖို့မလိုကြောင်း ဟောထားပါသေးတယ်။ အဲဒီတော့ ၀ါတွင်းမင်္ဂလာမဆေင်ခြင်းသည် ဘုရားဟောမဟုတ်ဘဲ ဗေဒင်စသော လောကီပညတ်ချက်မျှသာ ဖြစ်ပါတယ်။ ထို့ကြောင့် မိမိရဲ့စိတ်ယုံကြည်မှုပေါ်မူတည်သဖြင့် မိမိဆန္ဒအတိုင်း ပြုလုပ်ဆောင်ရွက်သင့်ပေသည်။

ဝါဆိုလဆန်းတရက်နေမှ ဝါဆိုလပြည့်နေ့အတွင်း၌ ဘုန်းတော်ကြီးကျောင်းများတွင် လှူဒါန်းပွဲများ ကျင်းပ၍ ဖြစ်စေ၊ မိမိနေအိမ်တွင်ဖြစ်စေ တတ်စွမ်းနိုင်သမျှ သံယာတော်များပင့်ဖိတ်ကာ ဆွမ်းခဲဖွယ်နှင့်ဝါဆိုသင်္ကန်းစသော လှူဒါန်းဖွယ်ရာအစုစုတို့ကို ဆက်ကပ်လှူဒါန်းကာ ဥပုသ်သီလပင် ဆောက်တည်ကြသူများလည်း ပေါများလှပေသည်။

ထို့ပြင် မိမိတို့နီးစပ်ရာ နာမည်ကြီးဘုရားများတွင်လည်း ဝါဆိုပန်းကပ်သူများနှင့် စည်ကားစွာရှိသည်မှာ စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များ၏ ချစ်စရာကောင်းအလေ့အထများတွင် ၀ါဆိုလလည်း ပါဝင်သောကြောင့် ၀ါဆိုလအကြောင်းကို စာရေးသူအကျဉ်းချုပ်ပြ တင်ပြလိုက်ရခြင်း ဖြစ်ပါပေတော့သည်။

Monday, July 11, 2011

အမျှဝေတဲ့အခါ

ဒါလေးကတော့ ဦးဇင်းကို ဘာသာရေးနှင့်ပတ်သတ်ပြီးမေးလာသမျှကိုတက်နိုင်သမျှဖြေဆိုပေး ရန် တောင်းဆိုထားသောဗုဒ္ဓကမ္ဘာဆိုဒ်မှာ မေးထားသောမေးခွန်းလေးကို ဖြေပေးလိုက်ခြင်း ဖြစ်ပါတယ်။
မေးခွန်းလေးကတော့

အရှင်ဘုရား အမျှဝေစာတမ်းထဲမှာပါတဲ့ သတ္တ၀ါသ၊ ဘုံကိုးဝနှင့်၊ ၀ိညာဏဋ္ဌိတိ၊ တည်ရှိခုနှစ်ပါးဆိုတဲ့ စာပိုဒ်လေးရဲ့ အဓိပ္ပါယ်ကို အကျယ်တ၀င့် ရှင်းပြပေးပါရန် ရိုသေစွာလျှောက်ထားပါသည်ဘုရား။


ပထမဦးဆုံး ဒီတည်ရှိခုနစ်ပါးရေတွက်ပုံကို ထင်ရှားစွာသိမြင်အောင် သုံးဆယ့်တစ်ဘုံကို အရင်ရေတွက်ပြပေးပါမယ်။ (၃၁)ဘုံကား

အပါယ်(၄)ဘုံ၊ လူ့ဘုံ၊ နတ်ပြည်(၆)ထပ်၊ ပထမဈာန်(၃)ဘုံ၊ ဒုတိယဈာန်(၃)ဘုံ၊ တတိယဈာန်(၃)ဘုံ၊ ပဉ္စမဈာန်(၅)ဘုံ၊ အသညသတ်ဘုံ၊ အရူပ(၄)ဘုံ၊ ပေါင်း(၃၁)ဘုံဖြစ်ပေသည်။

ဝိညာဏဋ္ဌိတိ တည်ရှိခုနှစ်ပါးဆိုသည်မှာ

၁။ လူ့ပြည်နှင့်နတ်ပြည် ခြောက်ထပ်သည် ခန္ဓာကိုယ်လည်း ထူးခြားစွာ တစ်ဦးနှင့်တစ်ဦး မတူညီအောင် ထူးခြားကြ၏။ ပဋိသန္ဓေသညာမှာလည်း အထူးထူးအပြားပြားရှိ၍ နာနတ္တကာယ နာနတ္တသညီဖြစ်ခြင်းကြောင့် တည်ရာတစ်ပါးအဖြစ် ရေတွက်ခြင်းဖြစ်၏။

၂။ ပထမဈာန်သုံးဘုံနှင့် အပါယ်လေးဘုံသည် ခန္ဓာကိုယ်သဏ္ဍာန်ကား အထူးထူးအထွေထွေဖြစ်သော်လည်း ပဋိသန္ဓေသညာမှာ ပထမဈာန်သုံးဘုံ၌ ပထမဈာန်ဝိပါက်စိတ်၊ အပါယ်လေးဘုံ၌ အကုသလ၀ိပါက် သန္တီရဏစိတ် တစ်ခုစီသာဖြစ်၍ နာနတ္တကာယ ဧကတ္တသညီ ဖြစ်ခြင်းကြောင့် တည်ရာတစ်ပါးအဖြစ် ရေတွက်ခြင်းဖြစ်၏။

၃။ ဒုတိယဈာန် သုံးဘုံသည် သတ္တ၀ါတို့၏ ကိုယ်သဏ္ဍာန် အရောင်အ၀ါတူသော်လည်း ဒုတိယဈာန်ဝိပါက်၊ တတိယဈာန်ဝိပါက်ဆိုပြီး ပဋိသန္ဓေသညာထူးခြား၍ ဧကတ္တကာယ နာနတ္တသညီ ဖြစ်ခြင်းကြောင့် တည်ရာတစ်ပါးအဖြစ် ရေတွက်ခြင်းဖြစ်၏။

၎။ တတိယဈာန်သုံးဘုံ , ဝေဟပ္ဇိုလ်ဘုံ, သုဒ္ဓါဝါသငါးဘုံတို့သည် သတ္တ၀ါတို့ ကိုယ်သဏ္ဍာန်လည်း တူသည်၊ ပဋိသန္ဓေသညာမှာလည်း စတုက္ကနည်းအားဖြင့် စတုတ္ထဈာန်ဝိပါက်စိတ်တစ်ပါးသာဖြစ်၍ ဧကတ္တကာယ ဧကတ္တသညီဖြစ်ခြင်းကြောင့် တည်ရာတစ်ပါးအဖြစ် ရေတွက်ခြင်းဖြစ်၏။

၅။ အာကာသာနဉ္စာယတန။

၆။ ၀ိညာဏဉ္စာယတန။

၇။ အာကိဉ္စညာယတန ဤအရူပသုံးဘုံသည် ပဋိသန္ဓေသညာတစ်ပါးစီသာဖြစ်ခြင်းကြောင့် တည်ရာတစ်ပါးစီအဖြစ် သုံးပါးရေတွက်ခြင်းဖြစ်၏။ ဤသို့ရေတွက်လျှင် ၀ိညာဏဋ္ဌိတိ ခုနစ်ပါး ဖြစ်သွားလေသည်။

ထိုရေတွက်ခြင်းများတွင် ပဋိသန္ဓေသညာာရှိသည်လည်းမဟုတ်၊ မရှိသည်လည်း မဟုတ်သော နေ၀သညာနာသညာဘုံနှင့် လုံးဝသညာ (စိတ်) မရှိသော အသညသတ်ဘုံတို့သည် ဧကတ္တသညီ၊ နာနတ္တသညီ နှစ်ပါးတို့တွင် ရေတွက်၍မရသောကြောင့် မထည့်ဘဲ ထားရလေသည်။ ထိုဘုံနှစ်ခုကို သတ္တာဝါသ ဘုံကိုးဝယူရာ၌သာ နေ၀သညာနာသညာဘုံကို တစ်ရပ်၊ အသညသတ်ဘုံကို တစ်ရပ် ထည့်၍ရေတွက်လျှင် ဘုံကိုးပါးရသည်။ ဤသို့ ရေတွက်သောအခါ သုံးဆယ့်တစ်ဘုံ အလုံးစုံသောသတ္တ၀ါတို့ကို တိကျမှန်ကန်စွာ ထပ်မံရေတွက်၍ သတ္တာဝါသ ဘုံကိုးဝနှင့် ၀ိညာဏဋ္ဌိတိ တည်ရှိခုနစ်ပါးဟု အမျှပေးဝေခြင်း ဖြစ်ပေသည်။

တကယ်တော့ ဘုံသုံးဆယ့်တစ်ဟု အမျှဝေထဲမှာပါနေ၍ ပြီးပြည့်စုံနေပါပြီ။ သို့သော် အလုံးစုံကို သူ့နေရာသူတိကျမှန်ကန်စွာ ရေတွက်၍အမျှဝေသောအခါ အမျှယူသူ အမျှပေးသူတို့မှာ ကျေနပ်မှုများပိုမိုရရှိသဖြင့် ကောင်းကျိုးများလည်း ထပ်မံတိုးရအောင် ထိုကဲ့သို့ ထည့်သွင်းပေးလိုက်ခြင်း ဖြစ်ပေသည်။ အကယ်၍များ မိမိတို့က အမျှဝေတဲ့အခါ မေတ္တာပို့တဲ့အခါများမှာ ထိုသုံဆယ့်တစ်ဘုံကို ရေတွက်ခြင်းငှာမစွမ်းနိုင်ပါက အားလုံးသောသတ္တ၀ါများ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာအမျှဝေလိုက်လျှင်လည်း အကျိုးရှိပါသည်။

သို့သော် လူသားများတွင် မိမိနာမည်ထည့်၍ ခေါ်ဆိုတာနဲ့ အားလုံးဆိုပြီး ရောချခေါ်ဆိုတာခြင်း မတူသကဲ့သို့ ဥပမာ-ကျေးဇူးတင်ကြောင်းပြောတဲ့အခါ အားလုံးကို ကျေးဇူးတင်ပါသည်ဟု ပြောလိုက်လျှင် ထိုကျေးဇူးတင်ထိုက်သူတွေထဲမှာ မိမိပါသွားသော်လည်း မိမိနာမည်ကိုထည့်ပြောလျှင်ကား ပိုမို၍ ကျေနပ်သွားခြင်းကြောင့် အမျှဝေမေတ္တာပို့တဲ့အခါ၌ အမည်နာမ နေရာဌာနတို့ကို ထည့်နိုင်လျှင်ကား ပိုမိုကောင်းပါသည်။

ဒီလောက်ဆို အားလုံးရှင်းမည်ထင်သောကြောင့် ဤမျှနဲ့ပဲ နိဂုံးချုပ်ပါရစေ။ ကျမ်းကိုး (ဒီဃနိကာယ်၊ မဟာနိဒါနသုတ်)

Friday, July 8, 2011

ဘုရားကိုးဆူပူဇော်ပွဲနှင့်ပတ်သတ်၍

ဦးဇင်း (၅)လပိုင်း မြန်မာပြည်အလည်ပြန်စဉ်က ဘုရားကိုးဆူနှင့်ပတ်သတ်၍ မေးလာကြသူတွေ သိချင်တဲ့လူတွေများလာတဲ့အတွက်ရယ် ဒီဘုရားကိုးဆူပွဲကို ဦးဇင်းတို့မြန်မာနိုင်ငံမှာ ကျင့်ပသံတွေ ခဏခဏကြားရသော်လည်း သေချာကျနစွာ သိရှိသူကလည်း နည်းလိမ့်မည်ထင်သောကြောင့်ရယ် ဦးဇင်းလေ့လာသိရှိထားသမျှကို တင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

တကယ်တော့ ဘုရားကိုးဆူပူဇော်ပွဲဖြစ်လာရခြင်းမှာ မြတ်စွာဘုရားရှင်လက်ထက်က အာယုဝဍ္ဎနသတိုးသားသည် (၇)ရက်အတွင်း ဘီလူးစားခံရမည့်သေဘေးနှင့်ကြုံလာသဖြင့် ဖခင်ဖြစ်သူက မြတ်စွာဘုရားကို မည်ကဲ့သို့ ပြုလုပ်ပေးလျှင် သူ့သား သေဘေးမှလွတ်နိုင်မည်နည်းဟု လျှောက်တင်ရာ မြတ်စွာဘုရားက သင့်အိမ်သို့ သံဃာတော်များနေ့စဉ်(၇)ရက်တိတိ ပင့်ဖိတ်ပြီး သင့်သားအား သံဃာများအလယ်မှာထား၍ ပရိတ်များရွတ်ဖတ်ပေးလျှင်တော့ လွတ်နိုင်ပါတယ်ဟု မိန့်ကြား ပေးလိုက်လေသည်။

ဖခင်ဖြစ်သူသည် မြတ်စွာဘုရားမိန့်ကြားသည့်အတိုင်း သူ့အိမ်သို့ သံဃာတော်များအား (၇)ရက်တိတိ ပင့်ဖိတ်သောအခါ သံဃာတော်များကလည်း အလှည့်ကျစနစ်ဖြင့် အာယုဝဍ္ဎနသတိုးသားငယ်လေးကို အလယ်၌ထားပြီးလျှင် ပရိတ်များရွတ်ဖတ်ပေးကြလေသည်။

ဒီလိုရွတ်ဖတ်ပေးရင်း (၇)ရက်ပြည့်၍ (၈)ရက်မြောက်သောနေ့တွင် အာယုဝဍ္ဎနသတိုးသားသည် မြတ်စွာဘုရားကိုရှိခိုးရာ မြတ်စွာဘုရားရှင်က အသက်(၁၂၀)ရှည်စေသော်ဟု ဆုမွန်ကောင်း တောင်းပေးလိုက်သောအခါ ထိုအချိန်မှစ၍ အာယုဝဍ္ဎနသတိုးသားသည် အသက်(၁၂၀)ရှည်သွားခဲ့ပါတယ်။

ယခုတင်ပြခဲ့တဲ့ အာယုဝဍ္ဎနသတိုးသားကိုအကြောင်းပြု၍ ဘုရားကိုးဆူကျင်းပြခြင်း အစကဖြစ်လာပေမဲ့ နောက်ပိုင်းတွင် ဗေဒင်နက္ခတ်ဂြိုလ်တွေပါလာပြီး ဘုရားဟောနဲ့ဆန့်ကျင်ဘက်တွေ များလာတာ တွေ့ရပါတယ်။ တကယ်တော့ ဘုရားကိုးဆူကျင်းပခြင်းသည် မိမိမှာအန္တရာယ်ဘေးကင်းပြီး သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရအောင်လို့ပါ။ ဒါပေမဲ့ မဟုတ်တဲ့အရာတွေပါလာ၍ အကျိုးပေးများ ဆုတ်ယုတ်သွားသဖြင့် ကောင်းကျိုးများ မခံစားရတော့ပေ။

မြတ်ဗုဒ္ဓက မိမိမှာ သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာဆိုတဲ့ အကျိုးတရားတွေလိုချင်ရင် မိမိအိမ်မှာ ပရိတ်ရွတ်ခြင်း၊ သီလ၊ သမာဓိ၊ ပညာကြီးမားသူများအား ရိုသေလေးစားခြင်း၊ ဘုရား၊ တရား၊ သံဃာအား လှူဒါန်းပေးကမ်း ကန်တော့ခြင်းများ ပြုလုပ်ပါဟု မိန့်တော်မူခဲ့ပေသည်။ ယခုတော့ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်များက ထိုဘုရားဟောကိုဆန့်ကျင်ပြီး မဟုတ်တဲ့အရာတွေကို ထည့်သွင်းပူဇော်ကိုးကွယ်မှုများ ပြုလုပ်နေခြင်းကြောင့် မိမိမှာကောင်းသောအကျိုးများ မရရှိသည့်အပြင် ဆိုးကျိုးများနှင့်ရင်ဆိုင်နေရပေသည်။

ထို့ကြောင့် မိမိတို့ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်၊ ဘယ်လိုလုပ်ရင် ဘယ်လိုကောင်းကျိုးဆိုးကျိုးများ ရရှိမည်ဆိုတာကတွေကအစ သိရှိနားလည်အောင် လေ့လာမှတ်သားပြီး ပြုလုပ်သင့်တာကို ပြုလုပ်ပြီး ရရှိသင့်သည့်အကျိုးတရားများ ရရှိအောင် ပြုလုပ်ကြဖို့ရန် လိုပေသည်။

ဘုရားကိုးဆူပူဇော်ပွဲသည် ဗုဒ္ဓဘာသာတို့ရဲ့ ပွဲလမ်းသဘင်ဖြစ်တဲ့အတွက် မနက်ခင်းပိုင်းအချိန်ကိုလုပ်မှသာ သင့်တော်ပြီး မျက်နှာကြည်လင် ကောင်းမှုများတိုးပွားချိန် ဖြစ်၍ ညနေတို့ညပိုင်းတို့နဲ့စာလျှင် ဘုရားအနေကဇာတင်ပွဲကဲ့သို့ မနက်ခင်းပိုင်းတွင် ပြုလုပ်သင့်ပါသည်။ တကယ်လို့ ညနေပိုင်းညပိုင်းတို့မှာ ပြုလုပ်မယ်ဆိုရင် မြတ်ဗုဒ္ဓကို ဆွမ်းတော်တင်ခြင်း၊ သစ်သီးဝလံကပ်လှူခြင်းများ ပြုလုပ်၍မရနိုင်သဖြင့် ထိုအခွင့်ရေးလည်း လက်လွတ်ဆုံးရှုံးရပြီး ကောင်းမှုကုသိုလ်တစ်ခုလည်း လျှော့နည်းသွားပေမည်။ တကယ်လို့များ ညနေညပိုင်းမှာ ဘုရားကိုးဆူပူဇော်ပွဲများပြုလုပ်ပြီး မြတ်ဗုဒ္ဓအား သစ်သီးဝလံကပ်လှူခြင်းများ ပြုလုပ်လျှင် ထိုသူသည် မြတ်ဗုဒ္ဓကို စော်ကားရာရောက်တဲ့အတွက် အပြစ်များစွာ ဖြစ်ပေလိမ့်မည်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားမကြိုက်တာ ဘုရားခွင့်မပြုတာကို သွား၍လုပ်မိခြင်းကြောင့် ဖြစ်ပေသည်။

ထို့ပြင် ဘုရားကိုးဆူပူဇော်ပွဲဟု အမည်ပေးထားသော်လည်း တကယ်တမ်းကျတော့ သဗ္ဗညုတဘုရားရှင်တွေမဟုတ်ဘဲနဲ့ လောကီဝိဇ္ဇာဗေဒင်များဖြင့် စီမံထားသော ပွဲတော်တစ်ခု ဖြစ်နေသည်ကို ဘုရားကိုးဆူအမည်ပေးထားသော ဤစီစဉ်ထားပုံလေးကိုကြည့်သောအားဖြင့် သိနိုင်ပေသည်။

ဘုရားကိုးဆူပူဇော်ပွဲများ၌ စီစဉ်ထားပုံမှာ

(၁) ဘုရားသခင် = အလယ်အရပ်မှာ ဗောဓိပင်ကို ရည်စူး၍လည်းကောင်း။

(၂) အရှင်သာရိပုတ္တရာ=ဗုဒ္ဓဟူသား၊ တောင်အရပ်လက်ျာဘက်တွင်လည်းကောင်းး။

(၃) အရှင်မောဂ္ဂလာန် = သောကြာသား၊ မြောက်အရပ်၊ လက်ဝဲဘက်တွင်လည်းကောင်း။

(၄) အရှင်ဥပါလိ = စနေသား၊ အနောက်တောင်အရပ်တွင်လည်းကောင်း။

(၅) အရှင်ရာဟုလာ = တနင်္ဂနွေသား၊ အရှေ့မြောက်အရပ်တွင်လည်းကောင်း။

(၆) အရှင်အာနန္ဒာ = ကြာသပတေးသား၊ အနောက်မျက်နှာအရပ်တွင်လည်းကောင်း။

(၇) အရှင်ကောဏ္ဍည = တနင်္လာသား၊ အရှေ့အရပ်တွင်လည်းကောင်း။

(၈) အရှင်ရေ၀တ = အင်္ဂါသား၊ အရှေ့တောင်ထောင့်အရပ်တွင်လည်းကောင်း။

(၉) အရှင်ဂ၀မ္ပတိ = ရာဟုသား၊ အနောက်မြောက်ထောင့်အရပ်တွင်လည်းကောင်း စီစဉ်ထားသည်ကို ကြည့်သော်အားဖြင့် ဒီလုပ်ရပ်သည် ဘုရား ရဟန္တာတွေကို ကြည်ညိုလို့ ပူဇော်တဲ့ပုံစံမဟုတ်တော့ဘဲ လောကီအကျိုးစီးပွား တိုးတက်ရေးအတွက် ကိုယ်လိုသလို ဘုရား ရဟန္တာတွေကို နေရာချပြီး လုပ်စားကြတဲ့ ပုံစံဖြစ်နေပါတယ်။

တကယ်တော့ သဗ္ဗညုတဘယ်ဘုရားမဆို၊ ဘယ်ရဟန္တာမဆို ပွင့်ခဲ့ပြီးတဲ့ဘုရားတွေဟာ ဘုရားပါပဲ။ ထို့အတူ ရဟန္တာတွေဟာလည်း သံဃာပါပဲ။ ဒါ့ကြောင့် ရတနာသုံးပါးဂုဏ်ကိုအာရုံပြု ပူဇော်မယ်ဆိုရင် ထိုက်တန်တဲ့အကျိုးကျေးဇူးများသည် မလွဲဧကန် ခံစားရမည်ဖြစ်ပါတယ်။ သို့ဖြစ်၍ ဘယ်ဂြိုဟ်ဘယ်နံတွေနဲ့ ကိုက်ညီတဲ့ ဘယ်ရဟန္တာရယ်လို့ ခွဲခြားသတ်မှတ် ပူဇော်ဖို့ မလိုပေ။ ရတနာသုံးပါးရဲ့ ဂုဏ်တွေသာ နှလုံးသားမှာ ထုံနေအောင် ပူဇော်သင့်ပါတယ်။ ဒီလိုပူဇော်မှသာ စစ်မှန်တဲ့ ပူဇော်နည်းဖြစ်ပါတယ်။

ဦးဇင်းတို့ ဗုဒ္ဒဘာသာဝင်များလုပ်နေတဲ့ ဘုရားကိုးဆူပူဇော်ပွဲဟာ လောကီနည်းလမ်းများနှင့် စီစဉ်ထားခြင်းဖြစ်တာကြောင့် မိမိတို့အမြတ်တနိုး ကိုးကွယ်အားထားရာဖြစ်တဲ့ အနှိုင်းမဲ့ မြတ်ဗုဒ္ဓနှင့်ရဟန္တာမထေရ်မြတ်တွေကို ဂြိုဟ်စောင့်နတ်ပုံစံ၊ အစောင့်နတ်ပုံစံမျိုး အဆင့်နိမ့်ချလိုက်သလို ဖြစ်နေတဲ့အတွက် ကုသိုလ်ထက် အကုသိုလ်က ပိုများနေတယ်လို့ ထင်ပါတယ်။ အဲဒီတော့ မိမိတို့ အလှူဒါနလုပ်တဲ့အခါမှာ ရတနာသုံးပါးဂုဏ်ကျေးဇူးများကိုသာ အာရုံပြုပြီး မိမိတို့တက်နိုင်သလောက် နေ့စဉ်လှူဒါန်းမှုများ၊ သီလဆောက်တည်မှုများ၊ ဘာဝနာပွားမှုများပြုလုပ်ပေးပြီးဆိုလျှင် ဦးဇင်းတို့ဗုဒ္ဓဘာသာများဟာ ဖြစ်လေရာမှာ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး သန္တိသုခနိဗ္ဗာန်ရွှေပြည်မြတ်ကိုလည်း လျင်မြန်စွာရောက်ရှိမှာ သေချာပါတယ်။ အဲဒီလို ချမ်းသာသုခများခံစားရပြီး နိဗ္ဗာန်ရွှေပြည်မြတ်ကို လျင်မြန်စွာရောက်ရှိရန်အတွက် ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်များ လုပ်သင့်တာလုပ်ပြီး လုပ်သလောက် အကျိုးရရှိအောင် မှားယွင်းမှုလေးများကို မီးမောင်းထိုးပြပေးလိုက်ခြင်း ဖြစ်ပေသည်။

Tuesday, July 5, 2011

လက်အုပ်ချီ ရှိခိုးခြင်းနှင့်ပတ်သတ်၍

လက်အုပ်ချီရှိခိုးခြင်းနှင့်ပတ်သတ်၍ ဦးဇင်းတို့ ဗုဒ္ဓဘာသာလူမျိုးများ သိရှိသူနည်းလို့လား။ ဒါမှမဟုတ် သိရဲ့သားနဲ့ မလိုက်နာကျတာလားတော့ မသိပါဘူး။ ရှိခိုးတဲ့အခါမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြတာကို ဦးဇင်းမြန်မာပြည်နေစဉ်က ခဏခဏ တွေ့ဖူးပါတယ်။ ဦးဇင်းကလည်း လူတစ်ယောက်ရှိခိုးတဲ့အခါမှာ ဒီလူ ဘာသာရေးလိုက်စားလား မလိုက်စားဘူးလားဆိုတာ သိချင်လို့ အဲဒီရှိခိုးတဲ့ပုံစံကို လူတစ်ယောက်ရှိခိုးတဲ့အခါ သေချာကြည့်တာက များပါတယ်။ သို့သော် မိမိနဲ့မရင်းနှီးသောသူများဖြစ်ပါက ပြောဆိုပေးဖို့က မဖြစ်နိုင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ မိမိနှင့်မရင်းနှီးရင် ဦးဇင်းက စကားလည်းမပြောတက် မပြောရဲတာကြောင့်လည်း ပါပါတယ်။ ဒါ့ကြောင့် ဦးဇင်းက အားလုံးကို ရင်းနှီးချင်တယ်။ ဒါမှလည်း အမြင်မတော်တာရှိရင် ကိုယ်က ရဲရဲတင်းတင်း ပြောရဲမှာလေ။


ဦးဇင်း နိုင်ငံခြားသားများနှင့် ဘုရားစေတီပေါ်တွင် တွေ့ဆုံ၍ စကားပြောဖြစ်သောအခါမှာလည်း သူတို့က မင့်တို့ ဗုဒ္ဓဘာသာလူမျိုးတွေ ဘာ့ကြောင့် ဘုရားရှိခိုးတဲ့အခါ တစ်ဦးနှင့်တစ်ဦး မတူညီကြတာလဲ။ မင့်တို့ဘုရားက ရှိခိုးခြင်းနှင့်ပတ်သတ်ပြီး မိန့်ကြားပေးခဲ့တာ မရှိဘူးလားဆိုပြီး အမေးခံရဖူးလို့ ဖြေရှင်းပေးခဲ့ရတာလည်း မနည်းပါဘူး။ အခုတစ်ခါ သီရိလင်္ကာနိုင်ငံရောက်၍ မိမိတက်နိုင်သမျှ ပညာများကို အွန်လိုင်းကနေတဆင့် ဖြန့်ဖြူးပေးနေတော့လည်း gmail ကနေ ရှိခိုးခြင်းနှင့်ပတ်သတ်ပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက ခဏခဏ အမေးခံရလို့ ဖြေပေးရတာလည်း များလှပါပြီ။ ဒါ့ကြောင့် နောက်တစ်ခါမေးခြင်းများကို မဖြေရအောင်နှင့် လူသားအားလုံးသိရှိပြီး လိုက်နာကျင့်သုံးနိုင်အောင် ဘယ်လိုရှိခိုးရမလဲဆိုတာကို တင်ပြပေးလိုက်ပါတယ်။


လက်အုပ်ချီမိုးရှိခိုးသောအခါ

ဥက္ခောင်းမြေထိ၊ ပြားပြားပိမျှ၊ အတိဂါရဝ၊ ရိုသေခလျက်၊ တုပ်ကွကျစ်လစ်၊ မြတ်ရှင်ချစ်အား၊ ပုဆစ်နှစ်ဖက်၊ စုံလက်ပြိုင်ပူး၊ နဖူးထိပ်စ၊ ဦးနှိမ်ချပြီး၊ ပဉ္စပတိဋ္ဌီ၊ ငါးလိမယွင်း၊ တည်ညွတ်ခြင်းဖြင့်၊ အချင်းခပ်သိမ်း၊ ညွတ်ညွတ်တိမ်းမှ….ဟု မဃဒေဝလင်္ကာပိုဒ်ရေ (၁၈)မှာ တင်ပြထားသကဲ့သို့

ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး ငါးဦးညီမှသာဆိုသည့်အတိုင်း မိမိခြေဖျားဆယ်ချောင်း၊ လက်ဖျားဆယ်ချောင်း၊ နဖူး၊ တံတောင်နှစ်ဖက်၊ ဒူးခေါင်နှစ်ဖက်တို့သည် ကြမ်းပြင်(သို့မဟုတ်) မြေကြီးနဲ့ ထိစပ်ပြီး ရှိခိုးရပါမည်။

ထို့ပြင် လက်အုပ်ချီတဲ့အခါမှာလည်း ကြာဖူးသဏ္ဍာန်ပြုလုပ်ပြီး နဖူးတည့်တည့်မှာ တည်ထားကာ ခါးညွတ်၍ရှိခိုးတဲ့အခါ လက်အုပ်ကလေးကြဲလိုက်ပြီးလျှင် မြေကြီးကို အထက်ပါငါးချက်လုံး ထိစပ်မှုရှိအောင် ရှိခိုးရပါမည်။

ယခုတင်ပြခဲ့သလို ဦးဇင်းတို့ဗုဒ္ဓဘာသာလူမျိုးများအားလုံး လိုက်နာကျင့်သုံးကြမယ်ဆိုလျှင် မိမိတို့ဘာသာကို အခြားသူများမြင်ပါက ကဲ့ရဲ့စရာ အထင်သေးခြင်းများလည်း ကင်းလွတ်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘူး တစ်ယောက်တစ်ပေါက်နှင့်လုပ်ချင်သလို လုပ်နေမယ်ဆိုပါက မိမိတို့ဘာသာကို တစ်ခြားဘာသာဝင်များက မင့်တို့ဘာသာက အခြေခံအဆင့်ဖြစ်တဲ့ ရှိခိုးတာတောင် တစ်ယောက်နှင့်တစ်ယောက်မတူညီကြဘူးဆိုပြီး ကဲ့ရဲ့အထင်သေးခြင်းများ ခံရမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။

ယခုလောက်တင်ပြလျှင် လုံလောက်မည်ဟုထင်သောကြောင့် ဒီမှာပဲ နိဂုံးချုပ်ရင်း ဦးဇင်းတို့ဗုဒ္ဓဘာသာလူမျိုးများသည် အခြေခံအဆင့်ဖြစ်တဲ့ ရှိခိုးခြင်းလေးကိုတော့ အားလုံးညီညွတ်စွာဖြင့် လိုက်နာကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါပေသည်။

Saturday, July 2, 2011

စိတ်မရှည်တာ အပြစ်လား

ဒီမေးခွန်းလေးကတော့ ဦးဇင်းအက်ဒမင်းလုပ်ပေးနေတဲ့ အပြုံးပန်းဈေးခင်း ဆိုဒ်မှာ မေးထားတဲ့မေးခွန်းလေးပါ။အားလုံးဗဟုသုတရအောင် ဖြေပြီး တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

ကျွန်မသည် ကွန်ပျူတာသင်တန်းတစ်ခုတွင် သင်တန်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်သူ ဖြစ်ပါတယ်။ စာသင်လာသူ တပည့်မျာမှာ အရွယ်စုံ ဖြစ်ပါသည်။ သီလရှင်၊ ဘုန်းကြီး၊ ကိုရင်၊ ဦးလေး၊ အဒေါ် စသည်ဖြင့်ပေါ့။ ကလေးတွေက များပါသည်။ တခြားသူများက ကိစ္စမရှိသော်လည်း ဦးဇင်းများကို စာသင်ရသည့်အခါမှာတော့ သတိထားရပါသည်။ တစ်ခါတလေ စိတ်တိုင်းမကျသည့်အခါ ပြောမိဆိုမိသောလေသံများ၊ စိတ်မရှည်သော အမူအရာများ ဖြစ်တတ်ပါသည်။ ဤကဲ့သို့ ပြောဆိုမိပါက အပြစ်ရှိသလား မရှိဘူးလားဆိုတာ သိချင်ပါတယ်။ အကယ်၍ အပြစ်ရှိပါက မည်သို့လဲဆိုတာကို သိချင်ပါသဖြင့် ဖြေပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အလုပ်တစ်ခု ကိစ္စတစ်ခု ဘယ်ရာမဆို လုပ်ဆောင်တဲ့အခါမှာ စိတ်၊(မနောကံ) နှုတ်၊ (၀စီကံ) ကိုယ်(ကာယကံ) ဒီသုံးမျိုးထဲက တစ်ခုခုသော်လည်းကောင်း၊ နှစ်ခုသော်လည်းကောင်း သုံးခုလုံးသော်လည်းကောင်း လုပ်ဆောင်လေ့ရှိပါတယ်။ အဲဒီတော့ မိမိကစပြီး အလုပ်တစ်ခု လုပ်မယ်ဆိုတဲ့စိတ်ပေါ်တာနဲ့ မိမိမှာ ကောင်းတဲ့စိတ်နဲ့လား၊ ဥပမာ-သင်တန်းသားများပေါ် မိမိတက်ထားသမျှပညာများကို တကယ်တက်စေချင်တဲ့ မေတ္တာစိတ်နဲ့လား၊ မိမိလုပ်အားခရပြီးရော သူတို့တက်တက်မတက်တက် ငါသင်စရာရှိတာ သင်ပြီပြီးရောဆိုတဲ့စိတ်နဲ့လားဆိုတဲ့ ကောင်းမကောင်း စိတ်ဓာတ်ပေါ်မှာမူတည်ပြီး သံသရာအကျိုးပေးပါလိမ့်မယ်။

မိမိက သင်တန်းသားများပေါ် ပညာတက်စေချင်တဲ့စိတ်နဲ့ သူတို့ကို မခံချင်စိတ်ဖြစ်အောင် လှုံဆော်ပေးတဲ့အနေနဲ့ မေတ္တာစိတ်အရင်းခံကာ ကြမ်းတမ်းသောစကားကို ပြောဆိုမိလျှင် ၀စီကံ(၄)ပါးထဲက ဖရုသ၀ါစာ-ကြမ်းတမ်းသောစကားဖြစ်ခြင်းကြောင့် သေးငယ်သောအပြစ်တော့ ဖြစ်ပေသည်။ သင်တန်းသားများကို နိမ့်ချလိုသော အထင်သေးစိတ်ဖြင့် ကြမ်းတမ်းသောစကား ပြောဆိုမိပါက မိမိမှာ နောက်တစ်ချိန်၌ စူဠပန်မထေရ်ကဲ့သို့ ၀ဋ်ကြွေးခံရပေလိမ့်မည်။ မိမိသည် ကောင်းသောစိတ်ဖြင့် ကြမ်းတမ်းသောစကားကို ပြောဆိုမိသော်လည်း မိမိစိတ်အရင်းခံမှာ စိတ်ကောင်းရှိခြင်းကြောင့် ကြမ်းတမ်းသောစကားအကုသိုလ်ထက် ကုသိုလ်ကများနေသည့်အတွက် လုပ်ရကျိုးနပ်သော အလုပ်တစ်ခုဟု ဆိုနိုင်ပေသည်။ ဖြစ်နိုင်လျှင်တော့ တပည့်များကို အပြစ်ပြောဆုံးမတဲ့အခါ ဖရုသ၀ါစာ ကြမ်းတမ်းသောစကားလုံးများ မပါအောင် မိမိစိတ်ကို မိမိထိန်းကာ နှု့ညံ့သောစကားလုံးများဖြင့် သုံးနှုန်းပြောဆိုလျှင်တော့ အကောင်းဆုံးပါပဲ။

အမှားတစ်ခု အပြစ်တစ်ခုလုပ်မိနေသူကို မိမိက အပြစ်ပြပြီး စေတနာနဲ့ထောက်ပြကာ ယဉ်ကျေးသောစကားလုံးနှင့်ပြောဆိုလျှင်တော့ အပြစ်မရှိဘဲ ကုသိုလ်ပင် ရပါသည်။ အပြစ်လုပ်နေသူကလည်း မိမိအား အပြစ်ထောက်ပြပြောဆိုသူကို ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကဲ့သို့ ကျေးဇူးအထူးတင်ရှိကာ ရိုသေလေးစားစွာဖြင့် နာခံလိုက်နာသင့်ပေသည်။

ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် သူ့အား ကိုရင်ငယ်လေးတစ်ပါးက သင်္ကန်းရုံတာ မညီလို့ အပြစ်ကိုပြောတဲ့အခါမှာ ဒီလိုအပြစ်ထောက်ပြပြီးပြောပြမယ်ဆိုရင် မည်သူမဆို အကြိမ်များစွာ ပြောဆိုဆုံးမနိုင်ကြောင်း ပြောဆိုသည်ကိုထောက်ဆလျှင် တပည့်များကို ဆရာဖြစ်သူက စေတနာအရင်းခံကာ ယဉ်ကျေးသောစကားလုံးများဖြင့် ဆုံးမပြောဆိုလျှင် အပြစ်မရှိပါပေ။ တကယ်လို့ ဆရာဖြစ်သူက တပည့်ဖြစ်သူအား စေတနာအရင်းခံသော်လည်း ကြမ်းတမ်းသော စကားလုံးများဖြင့် ပြောဆိုဆုံးမလျှင် ဖရုသ၀ါစာဖြစ်ခြင်းကြောင့် သေးငယ်သောအကုသိုလ်တော့ ဖြစ်ပေသည်။

ဒီလောက်ဆို အပေါ်က မေးထားသောမေးခွန်း ရှင်းမည်ထင်ပါသည်။ မရှင်းပါက ဆက်လက်မေးမြန်းပါလေ။