Sunday, October 31, 2010

ဆန်နီနေမင်း အမေးအဖြေ အလှူခံပုဂ္ဂိုလ်တစ်ဆယ့်လေးယောက်

အရှင်ဘုရား၊ ဘုရားတပည့်တော်တို့ ဗုဒ္ဓသာသနာတွင် ဆရာမြတ်ဗုဒ္ဓ ဟောကြားတော်မူသော အလှူခံပုဂ္ဂိုလ် တစ်ဆယ့်လေးမျိုးကို သိရှိလိုပါသည်ဘုရား။ အရှင်းဘုရား အချိန်ရလျှင် မေးပို့လ်ပေးစေလိုပါသည်။ အကယ်၍ မျှဝေထားသော ဆိုက်ရှိပါက လင့်ခ်ပေးတော်မူပါဘုရား။ အရှင်ဘုရား ကိုယ်စိတ်နှစ်ပါး မျှတစွာဖြင့် သာသနာ့ အကျိုး ဆထက်ထမ်းပိုး သယ်ပိုးနိုင်ပါစေ။ ဘုရားတပည့်တော် ရိုသေစွာ ဦးခိုက်ခဲ့ပါသည် ဘုရား။

အလှူခံပုဂ္ဂိုလ်တစ်ဆယ့်လေးမျိုးဆိုသည်မှာ......


၁။ တိရစ္ဆာန်

၂။ သီလမရှိသူ

၃။ သီလရှိသူ

၎။ ဈာန်ရရသေ့

၅။ သောတာမတ္တိမဂ်ပုဂ္ဂိုလ်

၆။ သောတာမတ္တိဗိုလ်ပုဂ္ဂိုလ်

၇။ သကဒါဂါမိမဂ်ပုဂ္ဂိုလ်

၈။ သကဒါဂါမိဗိုလ်ပုဂ္ဂိုလ်

၉။ အနာဂါမိမဂ်ပုဂ္ဂိုလ်

၁၀။ အနာဂါမိဗိုလ်ပုဂ္ဂိုလ်

၁၁။ အရဟတ္တမဂ်ပုဂ္ဂိုလ်

၁၂။ အရဟတ္တဗိုလ်ပုဂ္ဂိုလ်

၁၃။ ပစ္စေကဗုဒ္ဓါ

၁၄။ သမ္မာသမ္ဗုဒ္ဓဘုရားရှင် တို့ဖြစ်ပေသည်။

အကျိုးပေးမှုမှာလည်း အဆင့်ဆင့်များ၍ အကျိုးပေးလေသည်။

Friday, October 29, 2010

ဆန်နီနေမင်း အမေးအဖြေ သူတစ်ပါးကို သူများခိုင်း၍သတ်သည်ရှိသော်

အရှင်ဘုရား တပည့်တော် မရှင်းတာလေးရှိလို့မေးပါရစေဘုရား။ တပည့်တော်ကတော့ ၀န်ထမ်းတစ်ယောက်ပါ။ တပည့်တော်တို့သိချင်တာက သူတစ်ပါး၏အသက်ကို မိမိရဲ့စိတ်မပါဘဲ သူများခိုင်း၍ သတ်ရလျှင် ဘယ်သူ့မှာ အပြစ်ရှိပါသလဲဘူရား။ ကိုယ်ကိုယ်တိုင်က မလုပ်ချင်ပေမယ့်လည်း တာဝန်အမိန့်အရလုပ်ရတာတွေရှိပါတယ်။ အဲဒီအကြောင်းအရာ လေးကိုဖြေကြားပေးတော်မူပါဘုရား။
နောက်ထပ်တစ်ခုအနေနဲ့ အရှင်ဘုရားဖြတ်သန်းလာခဲ့ရတဲ့ဘ၀အတွေ့ အကြုံလေးတွေ တပည့်တော်တို့ ဘယ်လိုနေဘယ်လိုထိုင်ရမယ်ဆိုတာလေးတွေကိုပါ ပြောကြားပေးတော်မူပါဘုရား။ အရှင်ဘုရားရဲ့ ဘလော့လ် မှာအမြဲလာရောက် ဖတ်ရှု့သူ တစ်ဦးပါ။

ဟုတ် ဒကာ။ ဒကာမေးတဲ့မေးခွန်းမျိုးကို သီဟိုဠ်ဘုရင်တစ်ပါးဖြစ်သော ဒုဋ္ဌဂါမဏီမင်းကြီးကလည်း အဘယရဟန္တာမထေရ်မြတ်ကို လျှောက်ဖူးတယ်။ ဘုရင်က သူလည်း တိုင်းပြည်အတွင်းသို့ကျူးကျော်လာတဲ့ ရန်သူတွေကို တိုင်းပြည်နှင့်လူမျိုးဘာသာ အတွက် မသတ်ချင်သော်လည်း သတ်ခဲ့ရသည့်အတွက် သူ့မှာပါဏာတိပါတကံတွေ များနေပြီလို့တွေးပြီး စိတ်မချမ်းမြေ့ဖြစ်နေပါတယ်။ အဲဒါနဲ့ ရှင်အဘယ ရဟန္တာမထေရ်ကို မေးခဲ့တာပါ။ ရဟန္တာမထေရ်မြတ်က သီလလုံခြုံတဲ့ပုဂ္ဂိုလ်၊ သူတော်ကောင်းစိတ်ရှိသော ပုဂ္ဂိုလ်၊ (ယခုခေတ်အလို သဘောကောင်းသောပုဂ္ဂိုလ်ကို) သတ်မိရင် လူတစ်ယောက်ကို သတ်တာနဲ့ တူပါသည်။ စိတ်ထားမကောင်းသော လူယုတ်မာကိုသတ်မိလျှင် တိရစ္ဆာန်ကို သတ်တာနဲ့တူတယ်ဟု မိန့်ကြား ပေးခဲ့ပါသည်။


သူတစ်ပါးကို ကိုယ်စားသတ်ခိုင်းသော ပုဂ္ဂိုလ်မှာ အပြစ်ပိုမိုရှိပါသည်။ ကိုယ်စားသတ်ပေးသောပုဂ္ဂိုလ်မှာလည်း သူများခိုင်း၍သတ်ရပါသည် မိမိစိတ်ထဲ၌ သူတစ်ပါးကို သေစေလိုသော စေတနာမပါဘူးဆိုလျှင် အပြစ်နည်းပါသည်။ အပြစ်ကတော့ နည်းနည်းရှိပါသည်။

အဘယ့်ကြောင့်ဆိုသော် ဘုရားလောင်းပါရမီဖြည့်စဉ်အခါက ရှင်ဘုရင်လုပ်ရ မည်ကို အင်မတန်ကြောက်ရွံ့၍ စကားမပြောခဲ့သော တေမိဇာတ်ဆိုတာ ရှိခဲ့ပါတယ်။ ရှင်ဘုရင်ဖြစ်လျှင် အများကိုမသတ်ချင်သော်လည်း သတ်ရမည့်အလုပ်သည် ဧကန်ပင် ရှိနေပါသည်။ သူတစ်ပါးကိုသတ်လျှင် မိမိစိတ်ပေါ်နှင့်သတ်ခံရသောပုဂ္ဂိုလ်ပေါ်မှာ မူတည်ပြီး အကျိုးပေးအနည်းအများကွာခြားသော်လည်း မိမိ၏ ကာယကံလုပ်ဆောင်မှု ပါနေသောကြောင့် အပြစ်တော့ရှိနေပါသည်။

မိမိသည်လည်း နောက်ဘ၀များ၌ သူများသတ်ခံရသလို မိမိကိုယ်ကိုလည်း သူတစ်ပါးက မိမိသတ်ခဲ့သလို သူများခိုင်း၍ သတ်ခြင်းများကို ခံရပေလိမ့်မည်။ ထို့ကြောင့် ဘုရားလောင်းသည် ရှင်ဘုရင်လုပ်ရမည်ကို အင်မတန်မှ ကြောက်ရွံ့ခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍ မိမိသည်မလွဲသာ၍ သူများအသတ်ကို သတ်ခဲ့ရသည်ရှိသော် ကောင်းမှုကုသိုလ်များဖြင့် အစားထိုး၍ ဖြေဖျောက်ပါလေ။

ဒကာ၏ ဘ၀နေထိုင်ရေးနဲ့ပတ်သတ်သည့် လုပ်သင့်လုပ်ထိုက် ကျင့်သင့်ကျင့်ထိုက်သည့် အကြောင်းအရာများကို `လူတော်လူကောင်း´ဆောင်းပါးရှည်ကို ဖတ်ကြည့်ပါလေ။ မိမိဘ၀အတွေ့အကြုံအခက်အခဲ စိတ်မရှင်းသည့် အကြောင်းအရာများရှိပါက ပြန်လည်၍ မေးမြန်းပါလေ။

ယခုတော့ ဤမျှနဲ့ပဲ နားပါရစေ။

Wednesday, October 27, 2010

ဆန်နီနေမင်း အမေးအဖြေ ဒုသနသောနဲ့ပတ်သတ်၍

ဆရာတော်ဘုရား။ လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ဒုသနသောအကြောင်း သိသ၍ အကြောင်းပြန်ကြား ပေးစေချင်ပါတယ်။ ဆရာတော်ဆီက ပြန်စာရမှ မသိသေးတဲ့သူများကိုပြန်၍ ဖေါက်သည်ချနိုင်ပါမည်ဘုရား။

ရိုသေစွာဖြင့်

ဒကာတော်ရေ ဒုသနသောနဲ့ပတ်သတ်ပြီး မြန်မာဇာတ်ကား ရိုက်ထားတာရှိပါတယ်လေ။ ကဿပဘုရားရှင် လက်ထက်တော်အခါတုန်းက သူဌေးသား(၄)ဦးသည် ယောက်ျားရှိသော မိန်းမများအားလည်းကောင်း၊ ပိုက်ဆံပေးပြီး ငှားရမ်း၍ရသော မိန်းကလေးများအားလည်းကောင်း ကာမေသုမိစ္ဆာစာရကံကို ကျူးလွန် ခဲ့ကြတယ်။


အဲဒီကံကြောင့် သူတို့လေးဦးသည် သေလွန်သောအခါမှာ လောဟကုမ္ဘီငရဲ၌ ဆင်းရဲဒုက္ခများစွာကို ခံစားနေရလေတယ်။ ဒီလိုနဲ့ ယခုပွင့်တော်မူခဲ့သော ဂေါတမဗုဒ္ဓလက်ထက်တွင် ကောသလအမည်ရှိသောဘုရင်သည် တစ်ပါးသောယောက်ျားရှိ မယားတစ်ယောက်အား လိုချင်၍ ယောက်ျားဖြစ်သူကို သေဒဏ်ပေးနိုင်အောင် မဖြစ်နိုင်သောအလုပ်တစ်ခုကို ခိုင်းခဲ့လေသည်။ ထိုယောက်ျားသည် သူတော်ကောင်းတစ်ယောက်ဖြစ်သောကြောင့် သူမဖြစ်နိုင်သည့် နဂါးပြည်ရှိသော မြေမုန့်နှင့်သစ်ပင်ကို နဂါးမင်း၏ အကူအညီဖြင့် ရရှိခဲ့လေသည်။

သို့သော်လည်း နေ့ချင်းမပြန်နိုင်အောင် ဘုရင်၏ အထောက်တော်အမတ်များက မြို့ရိုးတံခါးကို မိုးမချုပ်ခင် ပိတ်ထားခဲ့ကြတယ်။ ယောက်ျားဖြစ်သူလည်း တံခါးပိတ်ထားသောကြောင့် မြို့ပြင်မှာပင် အိပ်ခဲ့ရ၏။ ကောသလဘုရင်သည် သူ၏ မကောင်းသော အကြံကြောင့် ထိုညမှာပင် ကဿပဘုရားရှင်လက်ထက်၌ ကာမေသုမိစ္ဆာစာရကံကို ကျုးလွန်ခဲ့သော သူဌေးသားလေးဦးတို့၏ အော်ဟစ်သံကို ကြားခဲ့ရလေသည်။ သူဌေးသားလေးဦးတို့သည် ၎င်းတို့ခံနေရသော ငရဲပြည်ဒယ်အိုးကြီးထဲမှ အပေါ်သို့ ခေတ္တပေါ်လာချိန်တွင် နောက်တစ်ခါ ငရဲပြည်မှလွတ်၍ လူပြည်ပြန်ရောက်လျှင် ထိုကာမေသုမိစ္ဆာစာရကံစသော မကောင်းမှုများကိုရှောင်ကြဉ်ပြီး ကောင်းမှုကုသိုလ်များကိုသာ ပြုလုပ်မည်ဟု အော်ဟစ်ပြောဆိုကြလေသည်။

ထိုလေးဦးတို့သည် တစ်ယောက်ပေါ်လာလျှင် တစ်ခါအော်ဟစ်ကြရာ လေးဦးလုံးခေတ္တပေါ်ပေါက်လာချိန် သူတို့ပြောချင်သောစကားများကို အကုန်ပြောချင်ကြသော်လည်း ငရဲအိုးထဲမှ ခေတ္တမျှသာ အပေါ်သို့ လည်ပင်းပေါ်ရုံလေးပေါ်လာပြီး အောက်သို့ပြန်နစ်မြုစ်သွားကြလေသည်။ ထို့ကြောင့် သူတို့ပြောသောစကား၏ အဓိပ္ပါယ်ကို ကောသလမင်းသည် အကုန်မကြားရဘဲ လေးယောက်လုံး၏ အစဦးဆုံးတစ်လုံးစီသာ ကြားခဲ့ရလေ၏။

ကောသလဘုရင်သည် အဲဒီသူဌေးသားလေးဦးတို့၏ ဒုသနသော လေးလုံးကိုကြားရသောအခါ ထိတ်လန့်ခြင်းများဖြစ်ပြီး ဇောချွေးပြန်၍ နှိုးခဲ့လေသည်။ ထိုအကြောင်းအရာများကို မြတ်စွာဘုရားအား သွားရောက်မေးမြန်းသောအခါ မြတ်ဗုဒ္ဓက ထိုဒုသနသောဟူသော အသံလေးမျိုးသည် အရင်ဘုရားရှင်လက်ထက်က ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့သော သူဌေးသားလေးဦး၏ အော်သံများဖြစ်ကြောင်း မိန့်ကြားခဲ့လေသည်။

ကာမေသုမိစ္ဆာစာရကံနဲ့ပတ်သတ်၍ သိသင့်သိထိုက်သော အချက်အလက်များကို ဦးဇင်းအရင်က ကိုယ်ပိုင်ဘဘော့၌လည်းကောင်း သူများဝက်ဆိုက်များ၌လည်းကောင်း တင်ထားခဲ့ပြီးဖြစ်သောကြောင့် ထိုနေရာများ၌သာ ဖတ်ရှု့ကြပါလေ။

(ဓမ္မပဒအဋ္ဌကထာ(ပ)အုပ်၊ စာမျက်နှာ(၂၈၄)တွင် အကျယ်ကြည့်ရှု့နိုင်ပါသည်။)

Monday, October 25, 2010

ဆန်နီနေမင်း အမေးအဖြေ ကောင်းကျိုးမကောင်းကျိုး

အရှင်ဘုရား ကံရဲ့သတ္တိစွမ်းအားဟာ စိတ်ဖြစ်စဉ်ဘယ်အဆင့်မှာ နောက်အကျိုးပေးဖို့ကိန်း အောင်းသွားသလဲ အရှင်ဘုရား။ စိတ်ရဲ့ဖြစ်စဉ် အဆင့်တဆင့်ချင်းစီရဲ့ ပြောင်းလဲမှုထိမဟုတ်တောင် ကံသတ္တိစွမ်းအင် ဘယ်လိုဖြစ်တည်လဲဆိုတာကို သိချင်တာပါဘုရား။

ဖြေ။ ကံစွမ်းသတ္တိဟာ စိတ်ကသော်လည်းကောင်း ပါးစပ်နဲ့သော်လည်းကောင်း ကိုယ်နဲ့သော်လည်းကောင်း ကောင်းတာမကောင်းတာ လုပ်လိုက်တာနဲ့ ကံအစွမ်းသတ္တိဟာ သူအလိုလို ကိုယ်ပေါ်မှာ ပြန်တုန့်ပြန်ဖို့ စောင့်နေပါတယ်။ ကိုယ့်အရိပ်ဟာ ကိုယ်နောက်မှာ အမြဲလိုက်နေသလို ကောင်းကံမကောင်းကံတွေကလည်း ကိုယ်လုပ်တာနဲ့ပြန်လည်း အကျိုးပေးဖို့ စောင့်နေတော့တာပါ။ ကံရဲ့အစွမ်းကို ဘုရားရှင်က ဇောနဲ့ဥပမာပေးခဲ့တာပါ။ ဇောတစ်ဇောနဲ့တစ်ဇောဟာ အင်မတန်မြန်ဆန်ပါတယ်။ အဲဒါကြောင့် ချက်ချင်းပဲ အကျိုးပေးဖို့ စောင့်နေတာလို့ ပြောလို့ရပါတယ် ဒကာ။

မေး/ တင်ပါ့ ကောင်းခြင်း မကောင်းခြင်းဟာ သတ်မှတ်ချက်နဲ့ ဝေါဟာရမို့ ကောင်းမကောင်းခြင်းကို ထည့်မစဉ်းစားပဲ အမှုကိစ္စတခုလုပ်ဆောင်ရွက်ချိန်အခိုက်မှာ ဇောပေါင်းများစွာဖြစ်တယ်လို့ မှတ်သားဘူး ပါတယ် အဲဒီဇောဒီဂရီအလိုက် အကျိုးပေးတာကိုလဲ လက်ခံနိုင်ပါတယ်ဘုရား။ ဒါပေမယ့် တပည့်တော်ကို စိတ်ရှုပ်ထွေးစေတာက ကံရဲ့နိယာမဟာ ပုံသေတွက်လို့ ရလားဘုရား။


ဖြေ/ ဒီဘ၀နဲ့နောက်ဘ၀ အကျိုးပေးပုံက များတဲ့ကံက အရင်ပေးပြီး နည်းတဲ့ကံက နောက်မှ အကျိုးပေးပါတယ်။ ဒီဘ၀ သေခါနီးကာလမှာ ဒကာ လုပ်ခဲ့တဲ့ ကောင်းကံ မကောင်းကံနဲ့ စိတ်ပါအမှတ်ရမဲ့ အလုပ်တွေက အရင်အကျိုးပေးပါမယ်။ ရှေးရှေးဘ၀တွေက ပြုလုပ်ခဲ့တဲ့ ကောင်းကံမကောင်းကံတွေနဲ့ ယခုဘ၀လုပ်ခဲ့တဲ့ ကောင်းကံ မကောင်းကံတွေ နှိုင်းယှဉ်ကြည့်ပြီးတော့ များတဲ့ဘက်က အရင်အကျိုးပေးပါတယ်။

မေး/ အရှင်ဘုရား ကောင်းခြင်းမကောင်းခြင်းကို ဂရုမခွဲရင်ရောဘုရား အုပ်စုမခွဲရင် သညာကြောင်သာ ကောင်းတာတွေဆိုးတာတွေဖြစ်ရတာမလားဘုရား။

ဖြေ/ ကောင်းတာ မကောင်းတာဆိုတာက ဘုရားရှင်ပွင့်ခဲ့လို့ ဘုရားဟောခဲ့လို့ သာသနာရှိနေတုန်းမို့ သိရတာပါ။ သာသနာကွယ်တဲ့အချိန်ဆိုရင် ဘယ်ဟာက ကောင်းတယ် ဘယ်ဟာက မကောင်းဘူးဆိုတာကို မခွဲခြားတတ်တော့ပါဘူး။ တောထဲမှာပဲနေတဲ့ လူရှိုင်းတွေဆိုရင် သူတို့ကောင်းတဲ့အလုပ် မကောင်းတဲ့အလုပ် မခွဲခြားတတ်ပါဘူး။ သူတို့ဖြစ်ချင်တာကိုပဲ သူတို့ကောင်းတာလို့သတ်မှတ်ပြီး လုပ်ကြပါလိမ့်မယ် ဒကာ။

မေး/ တပည့်တော်ဆိုလိုချင်တာက သညာမှာဥာဏ်ဦးစီးနိုင်ရင် ကောင်းဆိုးစေတသိတ်တွေ ဖြစ်နိုင်ပါ့မလား ဘုရား။ ဖြစ်လာတဲ့စိတ်က ဘာစေတသိတ်တွေပါနေလဲဘုရား။

ဖြေ/ ကောင်းကျိုးစေတသိက်တွေဖြစ်ချင်ရင် ကောင်းတာ မကောင်းတာကို အရင်ခွဲခြားတတ်ရပါမယ်။ နောက်ပြီး ကိုယ့်ရဲ့စိတ်ကို အမြဲဖြူစင်နေအောင် ဆင်ခြင်ဉာဏ်ရှိနေရပါမယ်။ မြင်စိတ်နဲ့မြင်ခံရတဲ့ အရာဝတ္ထုပေါ်မှာ မူတည်ပြီး စေတသိက်ကဖြစ်ပါတယ်။ အဲဒီစေတသိက်က မြင်စိတ်နဲ့အရာဝတ္ထုပေါ်မှာ မူတည်ပြီး ကောင်းတဲ့စေတသိက် မကောင်းတဲ့စေတသိက် ကွာခြားသွားပါတယ်။

ယခုတော့ ဤမျှနဲ့ နားပါရစေ။

Sunday, October 24, 2010

ဆန်နီနေမင်း အမေးအဖြေ စိတ်စေတနာနှင့်ပတ်သတ်၍

အရှင်ဘုရား...အဝေးမှ ဦးတင်ပါသည်..အရှင်ဘုရား။

တပည့်တော်မှာမေးစရာမေးခွန်းတွေရှိနေလို့မေးခွင့်ပြုပါဘုရား။

၁။ စေတနာသည် ကံဖြစ်သည်လို့ဖတ်ဘူးပါတယ်(ဟုတ် မဟုတ်အရင်သိလိုပါတယ်ဘုရား) ဟုတ်ခဲ့ရင်

(က) စေတနာစေတသိက်ပါသော အမှုကိစ္စအားလုံးသည် သံသရာရှည်စေသော အကြောင်းရင်းဟုတ်ပါသလား (အရပ်သုံးပြောဆိုနေကြသောစေတနာသည် စေတနာစေတသိက်ကိုပဲ ရည်ရွယ်ပါသလား)

(ခ) ဘုရားရဟန္တာတွေရဲ့စိတ်တွေဟာ ကြိယာသက်သက်ဖြစ်တယ်လို့လဲ မှတ်သားဘူးပါတယ်ဘုရား။ (ဟုတ် မဟုတ်) ဟုတ်ခဲ့ရင်။

(ဂ) ကြိယာစိတ်မှာ ဘယ်လိုစေတသိတ်တွေနဲ့ ဘယ်လိုအမှုကိစ္စတွေဆောင်ရွက်လဲ သိချင်ပါတယ်ဘုရား။

၂။ ကောင်းမှုမကောင်းမှု ဘယ်လိုအမှုပဲပြုပြု သဘာဝနိယာမအရ တူညီတဲ့အကျိုး ပြန်လည် သက်ရောက်တယ်.(ကောင်းတာရော..မကောင်းတာတွေပါ..ပြန်လည်လာမယ်)လို့လဲမှတ်သားဘူးပါတယ်ဘုရား။ (ဟုတ် မဟုတ်) ဟုတ်ခဲ့ရင် ဥပမာလေးတခုနဲ့ စိတ်တခုဖြစ်ပုံနဲ့ စိတ်ရဲ့ ဘယ်အခြေအနေ ဘယ်အဆင့်မှာ ဘယ်လိုစွမ်းအားနဲ့ (action & reaction) သဘာဝနိယာမကို ဘယ်လိုဆက်စပ်ဆင်ခြင်ရမလဲဆိုတာ သိချင်ပါတယ်ဘုရား။ ရိုသေစွာဦးတင်လျှက်..


ဖြေ။ ။ (၁-က) စေတနာသည် ကံဖြစ်တယ်ဆိုတာ ဟုတ်ပါပေသည်။ စေတနာသည် စေတသိက်ပင်ဖြစ်ပါသည်။ အလုပ်ကိစ္စမှန်သမျှသည် ကံပင်ဖြစ်ပါတယ်။ စေတနာပါသော အမှုကိစ္စအားလုံးသည် သံသရာရှည်စေသော အလုပ်များမဟုတ်ပါပေ။ သံသရာမှ တဖြည်းဖြည်း လွှတ်အောင်အားထုတ်မှုနဲ့ အမြန်လွှတ်အောင် အားထုတ်မှုသာ ကွာခြားပေသည်။

ဒါနအမှုကိုပြုလုပ်သောသူသည် သံသရာတွင် ကြီးပွားချမ်းသာပြည့်စုံ၍ နေသောကြောင့် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာကို အေးဆေးစွာ ပြုလုပ်နိုင်ပါသည်။ ဒါနအမှုကို မလုပ်ခဲ့၍ ဆင်းရဲနေသောပုဂ္ဂိုလ်သည် စားဝတ်နေရေးအတွက် အလုပ်မအားသောကြောင့် ဥပုသ်သီလ ဆောက်တည်ရန် ခက်ခဲသကဲ့သို့ တရားအလုပ်ကို အေးဆေးစွာလုပ်ရန်မှာလည်း မိမိမှာ မပြည့်စုံသောကြောင့် နောက်ကြောင်းမအေးဘဲဖြစ်နေတတ်၍ တရားအလုပ်ကို စိတ်ချလက်ချ မပြုလုပ်နိုင်ကြပေ။

ထို့ကြောင့် ဒါနအလုပ်သည် သီလ ဘာဝနာတို့ကိုလုပ်ဆောင်ရန်အတွက် နောက်ခံအထောက်အပံ့ဖြစ်ပေသည်။ သို့ဖြစ်၍ ဘုရားရှင်သည် ဒါနပါရမီကို အစဦးစွာ ဖြည့်ကျင့်ခဲ့ပေသည်။

သံသရာရှည်စေသောတရားများသည် အကုသိုလ်အလုပ်များသာ ဖြစ်ပေသည်။ တစ်ချို့က ဒါနလုပ်ခဲ့၍ ချမ်းသာသော်လည်း သီလအလုပ် တရားအလုပ်တို့ကို မလုပ်သောကြောင့် သံသရာ၌ ရှည်လျားနေတတ်ပေသည်။ ဒီလောက်ဆိုရင် နံပါတ်(၁-က) ရှင်းလိမ့်မည်ထင်ပါသည်။

(ခ) ဘုရားရဟန္တာများ၏ စိတ်သည် ကြိယာစိတ်ဖြစ်ပါပေသည်။

(ဂ) ကြိယာစိတ်ဆိုသည်မှာ ကုသိုလ်အကုသိုလ်မှလွတ်သောစိတ်ကို ဆိုလိုပေသည်။ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်တယ်ဆိုရာ၌ အကြောင်းတရား၏ ရည်ရွယ်ချက် မျှော်လင့်မှုပေါ်မှာမူတည်ပြီး အလုပ်လုပ်ကြသောကြောင့် ထိုမူတည်လုပ်သော အမှုကိစ္စအလျောက် အကျိုးပေးဆိုတာ ဖြစ်လာရပေသည်။

ဥပမာ-မိမိက လူတစ်ယောက်ကို ကူညီရာ၌ သူ့ဆီမှ ပြန်လည်၍ ကူညီမှုကို လိုချင်သောကြောင့်လည်းကောင်း၊ သူ့၏ ကျေးဇူးဆပ်ခြင်းတစ်ခုခုကို လိုချင်သောကြောင့် လည်းကောင်း ပြုလုပ်ပေးလျှင် ထိုသူထံမှ တုန့်ပြန်မှုကို မိမိက ခံစားချင်သော ဆန္ဒနဲ့ပြုလုပ်ခြင်းကြောင့် ထိုသူက ကောင်းသောတုန့်ပြန်မှုကိုပေးလျှင် ကောင်းသောတုန့်ပြန်မှုကို ခံစားရမည်။ မကောင်းသောတုန့်ပြန်မှုကို ပေးလျှင် မကောင်းသော တုန့်ပြန်မှုကို ခံစားရပေမည်။

မိမိက လူတစ်ယောက်ကို ကူညီသောအခါ သူ့ဆီမှ ဘာမျှော်လင့်ချက် အကူအညီ တုန့်ပြန်မှုကိုမှ မလိုချင်ဘဲ ကူညီရုံသက်သက်ဖြစ်လျှင် ထိုလူဆီမှ ဘယ်လိုတုန့်ပြန်မှုလာလာ မိမိသည် လက်မခံသောကြောင့် သူ၏တုန့်ပြန်မှုသည် အရာမရောက်တော့ပေ။

ထို့အတူ ကိလေသာမကင်းသေးသော ပုဂ္ဂိုလ်များသည် အကြောင်းတစ်ခုခုကိုပြုလုပ်ရာတွင် အကျိုးတစ်ခုခုရဖို့ရန် မျှော်လင့်ချက်ထားပြီး ပြုလုပ်ကြသောကြောင့် မိမိလုပ်သောအကြောင်းတရားသည် အကျိုးပေးတစ်ခုခု ရရှိနေပေသည်။ ထို့ပြင် မိမိတို့မှာ အကျိုးပေးရန်အတွက် အကျိုးပေးကိုခံစားရန် ခန္ဓာတစ်ခုခုဖြစ်ရန်လည်း ရှိနေပေသေးသည်။ ထိုအကျိုးပေးရန် ခန္ဓာကိုယ်ကို နောက်ထပ်ခန္ဓာကိုယ်မဖြစ်အောင် မပယ်သတ်နိုင်သေးသောကြောင့်လည်းကောင်း အကြောင်းတစ်ခုကို ပြုလုပ်ရာတွင်လည်း မျှော်လင့်ချက်ကိလေသာတစ်ခုခုနဲ့ လုပ်နေသေးသောကြောင့် ကုသိုလ်အကုသိုလ်ကံ တို့က အကျိုးပေးနေခြင်း ဖြစ်ပေသည်။

ဘုရားရဟန္တာတို့သည် အကျိုးပေးရန် ခန္ဓာကိုယ်ကိုလည်း နောက်ထပ် မဖြစ်နိုင်အောင် ပယ်သတ်ထားသောကြောင့်လည်းကောင်း အကြောင်းတစ်ခုခုကို လုပ်သောအခါ၌လည်း ဘာမျှော်လင့်ချက်မှမရှိဘဲ လူတစ်ယောက်အပေါ်မှာ ကူညီရုံသက်သက်မျှသာ သဘောထားသကဲ့သို့ လုပ်ဆောင်သောကြောင့် ကုသိုလ်ကံတို့က အကျိုးပေးချင်သော်လည်း အကျိုးပေးခွင့်မရဘဲ ပြောက်ပျယ်သွားရပေ သည်။ ဘုရားရဟန္တာများသည် မိမိချမ်းသာသလို နေနိုင်သော်လည်း သူတော်ကောင်းများဖြစ်၍ သူတို့လုပ်ပေးနိုင်သောအလုပ်များကို လုပ်ပေးနေခြင်း ဖြစ်ပေသည်။

(၂) ကုသိုလ်အကုသိုလ်တို့ရဲ့ အကျိုးပေးပုံကိုတော့ ဦးဇင်းရှေ့၌တင်ပြခဲ့သော ရေတွင်းထဲက ခဲလုံးကလေး ဥပမာနဲ့ဆို လုံလောက်မယ်ထင်ပါတယ်လေ။ ဒီလောက်ဆို လုံလောက်ပြီးဟု ထင်မြင်မိသောကြောင့် ဒီမျှနဲ့ပဲ နားပါရစေ။ မရှင်းလင်းတာများရှိပါက ထပ်မံမေးမြန်းဆွေးနွေးနိုင်ပါသည်။

Thursday, October 21, 2010

ဆန်နီနေမင်း အမေးအဖြေ ကံအကြောင်းနှင့်ပတ်သတ်၍

ဒကာတစ်ဦးက ဦးဇင်းကို မေးလ်ပို့ မေးထားတဲ့ မေးခွန်းနှင့်အဖြေလေးကို လူသားအပေါင်း ဗဟုသုတရအောင် တင်ပြပေးလိုက်ပါတယ်။

မေး။ ။ အရှင်မြတ်ဘုရား သဘာဝနိယာမကိုပေါ်လွင်အောင်ရှင်းလင်းပြောနိုင်တဲ့ ဘုရားရဲ့ဂုဏ်တော်ကြောင့် လူသားတွေဟာ သဘာဝနိယာမတရားကို နားလည်သဘောပေါက်လာကြပြီး ဆင်းရဲခြင်းအမှန်ကို မလိုချင်တော့လောက်အောင်ဖြစ်လာခဲ့ပြီး ဖြစ်ခြင်းပျက်ခြင်း ငြိမ်းသတ်သွားနိုင်ခဲ့ကြတယ်လို့ မှတ်သားဖူးပါတယ် ဘုရား။ ဒါပေမယ့် ဘုရင်းရှင်ရဲ့ ရှင်းလင်းချက်တွေကို တစ်ဆင့်ပြီးတစ်ဆင့် တစ်ဦးမှတစ်ဦး တစ်ဘာသာမှ တစ်ဘာသာ ပြောင်းလဲလာခဲ့ကြတော့ ပုဂ္ဂိုလ်ရေးအာဘော်တွေနဲ့ ရှုပ်ထွေးကုန်ပြီး ဝေါဟာရ သံသရာပြန်လည် သွားရပါတယ်ဘုရား။ အရှင်ဘုရားအချိန်ရရင် တပည့်တော်ရဲ့ မေးခွန်းလေးတွေကို အရှင်းဆုံးဝေါဟာရနဲ့ ဖြေကြားပေးပါလို့ တောင်းပန်လျောက်ထားပါတယ်ဘုရား။


၁။ ကံရဲ့သတ္တိစွမ်းအားဟာ စိတ်ဖြစ်စဉ်ဘယ်အဆင့်မှာ နောက်အကျိုးပေးဖို့ ကိန်းအောင်းသွားသလဲ။

ဥပမာ-ဆင်တစ်ကောင်ကိုသတ်ခြင်းနဲ့ ခြင်တစ်ကောင်ကိုသတ်ခြင်းတို့ရဲ့ အကျိုးပေးဟာ ဇောကွာဟမှုကြောင့် ကွဲပြားတဲ့အကျိုးပြန်လည်မယ်လို့ထင်ပါတယ်ဘုရား။ ဆင်ကိုသတ်ရာမှာ စိုက်ထုတ်လိုက်ရတဲ့ စိတ်အင်းအားကသာလွန်လို့ အကျိုးပေးကလဲ ကြီးမယ်လို့ထင်ပါတယ်။ အဲဒီအချိန်မှာ အဲဒီပုဂ္ဂိုလ်ရဲ့စိတ်သဏ္ဍန်မှာ သေစေချင်စိတ်ဇောတွေနဲ့ အားထုတ်လိုက်လို့ သေလောက်တဲ့အမှုကိုပြုမယ် ဆင်ကလဲသေသွားမယ်ဆိုရင် သေစေလောက်တဲ့ကံသတ္တိတွေက အဲဒီပုဂ္ဂိုလ်ရဲ့သဏ္ဍန်မှာ ကိန်းအောင်းသွားလို့ အဆင်သင့်တဲ့ တစ်ချိန်မှာပြန်လည်ခံစားရမယ်ဆိုတာ လက်ခံနိုင်ပါတယ်ဘုရား။ ဒါပေမယ့် ငရဲဆိုတာကဘယ်လိုဆက်စပ်ယူရမလဲဘုရား စိတ်ဇောရဲ့ဘယ်အဆင့်ဘယ်အချိန် ဘယ်အခြေအနေကငရဲကျဖို့ အခြေအနေဖြစ်သွားရပါသလဲဘုရား။

ရိုသေစွာဖြင့်

ဖြေ။ ။ ဒကာတော်က ကံရဲ့အကျိုးပေးပုံကို သိချင်တာကိုး။ အလုပ်သည် ကံဖြစ်တယ်ဆိုတာကို လူတိုင်းသိကြလိမ့်မယ် ထင်ပါတယ်။ မိမိစေတနာအလျှောက် ကောင်းတာရော မကောင်းတာရော လူသားတွေဟာ လုပ်ဖြစ်ကြပါတယ်။ ကောင်းတဲ့အလုပ်ကိုလုပ်မယ်ဆိုရင်လည်း စေတနာက ပါပြီးသားပါ။ စေတနာ အနည်းအများ ကွာခြားမှုတော့ ရှိမှာပေါ့နော်။ စိတ်ပါတဲ့အရာဆိုရင် စေတနာများစွာပါပြီး စိတ်မပါတဲ့အရာဆိုရင် စေတနာနည်းပါးပါမယ်။

အဲဒီတော့ မိမိရဲ့ စိတ်ပါမှု(စေတနာပါမှု) မပါမှုပေါ်မှာ မူတည်ပြီး အလုပ်ကိစ္စသည် အောင်မြင်မှု ကျရုံးမှုရှိသလို ကုသိုလ်ကံ အကုသိုလ်ကံသည်လည်း မိမိရဲ့ စိတ်(စေတနာ) ပါမှု မပါမှုပေါ်မှာမူတည်ပြီး အကျိုးပေး နည်းများ ကွာခြားသွားပါတယ်။

ပထမဦးဆုံး ကံရဲ့အကျိုးပေးမှုကို နားလည်အောင် ဥပမာပေးချင်ပါတယ်။ ကံသည် ဘယ်လိုအကျိုးပေးသလဲဆိုရင် ရေတွင်းတစ်ခုထဲကို ခဲလုံးတစ်ခု ပစ်ချလိုက်ရင် ခဲလုံးကျတဲ့နေရာမှာ ရေပွက်လေးဟာ ဗွမ်းကနဲ့ နဘေးကိုရေလှိုင်ကလေး ဖြစ်သွားပါတယ်။ အဲဒီရေလှိုင်လေးဟာ နဘေးသို့ရောက်သွားသော်လည်း မကြာခင်မှာ ခဲလုံးကျတဲ့နေရာကို ပြည်လည်စုစည်းပြီး ရောက်လာပါတယ်။

အဲဒီလိုပါပဲ မိမိလုပ်လိုက်တဲ့အမှုကိစ္စသည် အကျိုးပေးချိန်မရောက်သေးရင် ရေလှိုင်းကလေး နဘေးသို့ လွင့်နေတဲ့အချိန် ဖြစ်နေတတ်ပေမဲ့ အကျိုးပေးဖို့ အချိန်ရောက်လာရင်တော့ မိမိခဲလုံးလေးထံ ပြန်လည်ပြီး အကျိုးပေးပါတယ်။ မိမိသည် ခဲလုံးလေးနဲ့တူပြီး ကောင်းကံ မကောင်းကံသည် ရေလှိုင်းနဲ့တူပါတယ်။ လောကကြီးသည် ရေတွင်းနဲ့တူပါတယ်။ မိမိလုပ်တဲ့အလုပ်သည် မိမိကိုပြန်ပြီး ရောင်ပြန်ဟပ်တာပါပဲ။ လှိုင်ဂူထဲမှာ မိမိက ဟေ့လို့အော်လိုက်ရင် မကြာခင်မိမိဆီကို ဟေ့ဆိုတဲ့ရောင်ပြန်သံက ပြန်ရောက်လာသလို မိမိလုပ်တဲ့ကောင်းကံ မကောင်းကံက မိမိဆီကို ပြန်ရောက်လာတာပါပဲ။

မိမိလုပ်တဲ့အားထုတ်မှုပေါ်မှာ မူတည်ပြီး အကျိုးပေး နည်းများကလည်း ကွာခြားသွားပါတယ်။ ခဲလုံးကလေးကို လွတ်ချလိုက်တဲ့အခါ အားပါရင် အားပါသလောက် ရေပွတ်ဟာ ကြီးမားသကဲ့သို့ ရေလှိုင်းကလည်း ကြီးမားသွားသလို အကျိုးပေးဟာလည်း စေတနာပါမှုအားထုတ်မှုပေါ်မှာ မူတည်ပြီး အကျိုးပေးပါတယ်။

ဆင်တစ်ကောင်နှင့်ခြင်တစ်ကောင်သတ်ရမှာလည်း ဆင်ကိုသတ်ရာ၌ ခြင်ထက် ပိုမိုအားထုတ်သတ်ရသောကြောင့် အကျိုးပေး ကွာခြားပါတယ်။ ခဲလုံးကလေးကို မရွေ့ရသောအားထုတ်မှုနဲ့ ကျောက်တုံးကြီးကိုမရွေ့ရသော အားထုတ်မှုချင်း မတူသကဲ့သို့ ဖြစ်ပေသည်။

ကုသိုလ်ကံသည် အကျိုးပေးဖို့ရာ မိမိနောက်မိမိအရိပ်လိုက်သကဲ့သို့ လိုက်နေပါသည်။ အကုသိုလ်ကံသည် အကျိုးပေးဖို့ရာ နွားခြေရာနောက် လှည်းဘီးလိုက်သကဲ့သို့ လိုက်နေပါသည်။ ထို့ကြောင့် မိမိမှာ အကုသိုလ်ကံများနေလျှင် အကုသိုလ်ကံက အရင်အကျိုးပေး၍ ကုသိုလ်ကံက နောက်မှအကျိုးပေးလိမ့်မည်။ မိမိမှာ ကုသိုလ်ကံက များနေလျှင် ကုသိုလ်ကံက အရင်အကျိုးပေး၍ အကုသိုလ်ကံက နောက်မှ အကျိုးပေးပါလိမ့်မည်။

ဒီလောက်ဆိုရင် ရှင်းလိမ့်မည် ထင်ပါသည်။ မရှင်းလင်းသေးပါက ထပ်မံမေးမြန်းနိုင်ပါသည်။ ယခုတော့ ဤမျှနဲ့ နားပါရစေ။

Monday, October 18, 2010

ဆန်နီနေမင်း အမေးအဖြေ စပွန်ဆာနဲ့ပတ်သတ်၍

ဦးဇင်းအား မေးလ်ပို့ပြီးမေးထားတဲ့ မေးခွန်းလေးကို လူသားအားလုံး ဗဟုသုတရစေရန် ပို့စ်တင်၍ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။

မေး။ ။ မေးထားတဲ့မေးခွန်းလေးက....အရှင်ဘုရား အခုခေတ်မှာ စပွန်ဆာဆိုပြီး အရမ်းခေတ်စားနေတယ်လေ၊ မင်းသမီးတွေဆိုလဲ ဒီအတိုင်းပဲ ဘယ်သမီးကို ဘယ်သူက စပွန်ဆာပေးတာစသည်ဖြင့်ပေါ့နော်။ တကယ်တမ်းစဉ်းစားကြည့်မယ်ဆို အဲဒီစပွန်ဆာပေးတဲ့ လူတွေမှာ မိန်းမရှိနေတာပဲ။ အဲဒီတော့ ပေးတဲ့သူရော လက်ခံတဲ့သူရော ကာမေသုမိစ္ဆာစာရကံ ထိုက်မထိုက် သိချင်ပါတယ်။ နှစ်ယောက်စလုံး ထိုက်ပါသလား မထိုက်ဘူးလားဘုရားတဲ့။


ဖြေ။ ။ အင်း ဒီမေးခွန်းတွေကို ဖြေပေးဖို့က တော်တော်ကို ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးလုပ်နေတဲ့လူတွေက အပြစ်တင်မှာဆိုးလို့လေ။ နောက်ပြီး ဒီကိစ္စတွေက တွင်ကျယ်စွာဖြစ်နေကြတာကို လူတိုင်းလိုလို သိရှိမယ်ထင်ပါတယ်။ အဲဒီတော့ လိုရင်းပဲ ဖြေပေးလိုက်ပါမယ်။

အိမ်ထောင်ကျပြီးသား ယောက်ျားမိန်းမတို့သည် မိမိလင်မိန်းမမှတစ်ပါး တစ်ပါးသူနဲ့ ကျူးလွန်လျှင် အပြစ်ရှိပါတယ်။

ယောက်ျားလေးများသည် မိမိတရားဝင် တောင်းရမ်းထားသူ၊ လက်ထပ်ထားသူမှတစ်ပါး ကျန်သောမိန်းကလေးများနဲ့ ကျူးလွန်လျှင် အပြစ်ရှိပေသည်။ ပြည်တန်ဆာမနဲ့ကျူးလွန်လျှင်လည်း အပြစ်ရှိပေသည်။ ပြည်တန်ဆာမသည် ဘ၀ပေးအခြေအနေ စားဝတ်နေရေးအတွက် လုပ်နေရသော်လည်း သူ၏အုပ်ထိန်းသူထံမှ တရားဝင်တောင်းရမ်းမယူသောကြောင့် ဖြစ်ပေသည်။ ပြည်တန်မကိုယ်တိုင်လည်း အုပ်ထိန်းသူများ၏ ခွင့်ပြုချက်မရဘဲ ကျူးလွန်ပါက အပြစ်ရှိပေသည်။ အုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရရှိသော ပြည်တန်ဆာမသည် တစ်ယောက်သူ၏ ကမ်းလှမ်းမှုကို လက်ခံထားပြီး ထိုလက်ခံထားသူအား တာဝန်မကျေသေးဘဲ ကျန်တစ်ပါးနဲ့ ကျူးလွန်လျှင်လည်း အပြစ်ရှိပေသည်။

အိမ်ထောင်မရှိသော မိန်းကလေးများသည် အိမ်ထောင်မရှိသော ယောက်ျားလေးနဲ့ ကျူးလွန်ရာ၌ အမိ၊ အဖ၊ မိဘနှစ်ပါး၊ အကိုမောင်၊ အမညီမ၊ ဆွေမျိုး၊ အမျိုးအနွယ်၊ သူငယ်ချင်းများ အုပ်ထိန်းသူ ဤမိန်းမ(၈)ဦးတွင်ပါဝင်ပါက အပြစ်မရှိပါပေ။ သို့သော် ယောက်ျားလေးများအား ကာမရာဂထကြွအောင်ပြုလုပ်လျှင် ထိုမိန်းကလေးသည် တဏှာရာဂဖြစ်မူ အကုသိုလ်ဖြစ်ပါပေသည်။

တစ်ချို့သော ယောက်ျားလေးများက ပြောပေလိမ့်မည်။ မိန်းကလေးက သဘောတူ၍ ပြုကျင့်တာ အပြစ်မရှိဟု။ တရားဝင် စောင့်ရှောက်သူများ၏ ခွင့်ပြုချက်မရဘဲ ကာမကို ယူခြင်းကြောင့် အပြစ်ရှိပေသည်။ မိန်းကလေးသည် အထက်ဖော်ပြပါ (၈)ယောက်စာရင်းတွင် ပါဝင်ပါက သူတို့သည် သူတို့၏ ကာမကို ပိုင်ဆိုင်သောကြောင့် အပြစ်မရှိခြင်း ဖြစ်ပေသည်။ တစ်စုံတစ်ယောက်က သူတို့၏ အုပ်ထိန်းသူထံမှ တရားဝင်တောင်းယူထားပြီးပါက ထိုသူနဲ့မှတစ်ပါး ကျန်တစ်ပါးနဲ့ ကျူးလွန်လျှင် မိန်းကလေးသည် အပြစ်ရှိပါသည်။

ဤမျှလောက် ရေးသားတင်ပြလျှင် ရှင်းမည်ထင်ပါသည်။ မရှင်းလင်းသေးပါက ထပ်မံမေးမြန်းဆွေးနွေးနိုင်ပါသည်။