Sunday, January 30, 2011

ဆန်နီနေမင်း အမေးအဖြေများ

ဆရာတော်ဘုရား မသိတာတွေမေးလို့ရတယ်ဆိုလို့ ၀မ်းသာရပါတယ်ဘုရား။ တပည့်တော်မေးလိုတာကတော့

၁။ ဆရာဝန်တွေဟာ ဆေးထိုးတဲ့အခါပိုးတွေကိုသေစေလို့ ပါဏာတိပါတကံ မထိုက်ဘူးလားဘုရား။

၂။ ရဲဘော်သေ သေသော်ငရဲမလားဆိုတော့ စစ်သားတွေဟာငရဲ မရောက်ဘူး လားဘုရား။

၃။ နိဗ္ဗာန်ကို ပုထုဇဉ်တွေဘယ်လိုသိနိုင်မလဲဘုရား။ သိရောသိနိုင်ပါသလား ဘုရား။


ဒါတွေက တပည့်တော် နွေအခါ သူငယ်ချင်းဦးဇင်းများနဲ့ ကလေးများကို တောဒေသများမှာ ဒုလ္လဘ၀တ်ရင်း လိုက်သင်ပေးရာက သိခဲ့ရတဲ့ ပြဿနာတွေပါဘုရား။ သည်းခံပြီးဖြေကြားပေးပါလို့ တောင်းပန်ပါတယ်ဘုရား။ နောက်နောင်ကိုလည်း တပည့်တော်မသိတာတွေကို မေးခွင့်ပြုပါဘုရား။ လေးစားခင်မင်လျက် ရှိခိုးဦးခိုက်လိုက်ပါသည်ဆရာတော်ဘုရား။



အင်း ဒီမေးခွန်းလေးတွေက လူတိုင်းသိထားသင့်တဲ့ အရာလေးတွေပါ။ ဒီတော့ ဦးဇင်းသိသလောက် ဖြေပေးပါမယ်။ အရင်ဦးဆုံး ပါဏာတိပါတကံထိုက်သည့် အင်္ဂါ(၅)ပါးကို အရင်ဆုံး တင်ပြပေးပါမယ်။ ထိုငါးပါးသိထားလျှင် ဆုံးဖြတ်ရတာ လွယ်လိမ့်မည် ထင်ပါသည်။ ပါဏာတိပါတကံ(၅)ပါးမှာ သက်ရှိသတ္တ၀ါဖြစ်ခြင်း၊ သတ္တ၀ါဟု အမှတ်ရှိခြင်း၊ သတ်လိုသောစိတ် သေစေလိုသောစိတ်ရှိခြင်း၊ သေစေရန် ပြုလုပ်ပြောဆိုခြင်း၊ ထိုပြုလုပ်ပြောဆိုခြင်းကြောင့် သေခြင်းဟူ၍ ဤငါးပါးပြည့်စုံမှသာ ပါဏာတိပါတကံ ထိုက်ပေသည်။


နံပါတ်(၁) ဆရာဝန်များသည် လူ့အသက်ကို ကယ်တင်လိုသောစေတနာနှင့် တိရစ္ဆာန်များကို မသတ်ချင်သော်လဲ သတ်လိုက်ရသည့်အတွက် အပြစ်မရှိနိုင်ပါ။ သေစေလိုသော စိတ်ဆန္ဒဖြင့်သတ်မိ၍ အပြစ်ရှိလျှင်လည်း မကောင်းမှုကနည်းပြီး ကောင်းမှုများကများပါသည်။ အဘယ့်ကြောင့်ဆိုသော် လူနှင့်တိရစ္ဆာန်တွင် လူသည်တိရစ္ဆာန်ထက် ကုသိုလ်ကံ ကြီးမားသောကြောင့် လူ့ဘ၀ကိုရလာခြင်းဖြစ်၍ လူ့သိက္ခာသည် တိရစ္ဆာန်ထက် မြင့်မားနေခြင်း၊ လူသည် တိရစ္ဆာန်ထက် အသိဉာဏ်ပညာပိုမိုကြီးမား နေခြင်းတို့ကြောင့် လူ့အသက်ကိုကယ်တင်သော ကုသိုလ်သည် တိရစ္ဆာန်ကိုသတ်သော အကုသိုလ်ထက် ပို၍များပြားပါသည်။ ထို့ကြောင့် သေစေလိုသောစေတနာဖြင့်သတ်၍ အပြစ်ရှိလျှင်သော်မှ လူ့အသက်ကို ကယ်ခြင်းက ပို၍အကျိုးများပေသည်။ သေစေလိုသော စေတနာမပါဘဲ သူ၏တာဝန်အရ ဆေးထိုးရခြင်းသာ ဖြစ်ပါက စေတနာမပါခြင်းကြောင့် အပြစ်မရှိဘဲ ကုသိုလ်သာ ဖြစ်ပေသည်။


လူ့အသက်ကို သတ်ခြင်း၌ အသတ်ခံရသူ၏ သီလ၊ သိက္ခာ၊ ပညာတို့ပေါ်မူတည်၍ အပြစ်အနည်းအများ ကွာခြားပါသည်။ တိရစ္ဆာန်များကိုသတ်ရာ၌ သတ်ခြင်းလုံးလ အချိန်ကြာညောင်းမှုပေါ်မူတည်၍ အပြစ်နည်းများ ကွာသွားပေသည်။ ဥပမာ-ဆင်နှင့်ခြင်ကို သတ်ရာဝယ် ဆင်ကိုသတ်ရာ၌ လုံ့လ၀ီရိယအားထုတ်မှုများ၍ အပြစ်ပိုများပါသည်။ တချို့သော ပိုးမွှားများသည် လူတို့ပကတိမျက်စိဖြင့် မမြင်နိုင်ပါ။ ထိုသို့ ပကတိမျက်စိဖြင့် မမြင်နိုင်သော ပိုးမွှားကိုသတ်လျှင် ပါဏာတိပါတကံ မထိုက်ပါပေ။ ဆရာဝန်များသည် လူနာကိုဆေးကုရာ၌ ရောဂါပျောက်ကင်းရေးကိုသာ အဓိကထားပြီး ပိုးမွှားကို သေစေချင်သော စိတ်ဆန္ဒမရှိလျှင်လည်းကောင်း၊ ပိုးမွှားများကို သတ္တ၀ါအမှတ်ဟု ထင်မှတ်မထားလျှင်လည်းကောင်း အပြစ်မရှိပါပေ။


နံပါတ်(၂) စစ်သားများသည် ရန်သူကို သေစေလိုသော စေတနာမရှိဘဲ မိမိတာဝန်အရ မိမိတိုင်ပြည်အေးချမ်းရေးအတွက် တစ်ဘက်သူကို လွတ်ရာသွားအောင် သဘောမျိုးဖြင့် ပစ်သတ်လျှင် အပြစ်မရှိပါ။ ထို့သို့မဟုတ်ဘဲ လက်နက်ချပြီး အရှုံးပေးနေသောရန်သူကို ဒေါသစိတ်ဖြင့် ပစ်သတ်လျှင်တော့ အပြစ်ရှိပေသည်။


သူတစ်ပါးအသက်ကို သေစေလိုသော စေတနာမရှိဘဲ သူတစ်ပါးသက်သည်ကို အားပေးသည့် သဘောမျိုးဖြင့် မိမိတာဝန်အရ လုပ်ရသည်လည်း ရှိတတ်ကြပေသည်။ ဥပမာ-အိမ်ထောင်ရှင်မတစ်ယောက် သည် သူ့လင်ခင်ပွန်း သားသတ်သွားရန်အတွက် ဓါးစသည့်လက်နက်များကို ယူဆောင်ပေးရမည့် အိမ်ရှင်မတာဝန်ရှိ၍ ယူပေးလိုက်ပါသည်။ သို့သော် ဇနီးသည် သူ၏အိမ်ထောင်ရှင်မတာဝန်ကျေးပွန်အောင် ပြုလုပ်ပေးသော သဘောသာဖြစ်ပြီး သတ္တ၀ါများအား သေစေလိုသော စိတ်စေတနာမရှိသောကြောင့် ဇနီးမှာ အပြစ်မရှိပါပေ။ အိမ်ထောင်ရှင်ယောက်ျားသည်ကား သူတစ်ပါးကိုသေအောင် သတ်မှ သူ၏ဇနီးမယား စသည်တို့ စားသောက်ဝတ်ဆင်ရမည်မဟုတ်ဘဲ သမ္မာအာဇီဝဖြင့် လုပ်ကျွေးလျှင်လည်းရသောကြောင့် မိသားစုအတွက် သူတစ်ပါးကိုသတ်လျှင် လင်ယောက်ျား၌သာ အပြစ်ရှိပေသည်။ ထို့အတူ ခိုးမှု၊ လိမ်ညာလှည့်ပတ်ယူမှုစသည့် မကောင်းမှုများ လုပ်လျှင်လည်း လင်ယောက်ျားသည် အပြစ်ရှိပေသည်။


ထို့ကြောင့် လင်ယောက်ျားများသည် မိမိ၏အိမ်ထောင်ဦးစီးတာဝန်ကို မတရားသောနည်းဖြင့် အသက်မွေးဝမ်းကြောင့်ပြုလျှင် မိမိသာခံရပြီး ကျန်သူတို့ မခံရသောကြောင့် မိမိရဲ့မိသားစုကို တရားသောနည်းလမ်းဖြင့် ရှာဖွေလုပ်ကိုင်ကျွေးရန် လိုပေသည်။ တချို့သော ယောက်ျားလေးများသည် မိန်းကလေးများအား မိမိဘက်ပါအောင် သိမ်းသွင်းရန်အတွက် မတရားသောနည်းဖြင့်ရှာဖွေကာ လက်ဆောင်စသည်တို့ ပေးကမ်းတတ်ကြပေသည်။ သေချာစဉ်းစားကြည့်ပါက တစ်ဘ၀လေးကောင်းဖို့အတွက် ဘ၀ပေါင်းမြောက်များစွာ ခံရမည့်ဒုက္ခနှင့်နှိုင်းယှဉ်လျှင် မထိုက်တန်ပါ။ သို့ဖြစ်၍ တရားသောနည်းဖြင့်သာ ရှာဖွေကာ မိမိချစ်သောသူများကို မိမိဘက်သို့ပါအောင် သိမ်းသွင်းသင့်ပါသည်။ မတရားသောနည်းဖြင့် ရှာဖွေပေးမှ မိမိဘက်သို့ပါမည်ဆိုလျှင် မပါချင်နေပါစေ ရှာဖွေမပေးသင့်ပါပေ။ သို့မဟုတ်ပါက မိမိသည်သာ ဘ၀ပေါင်းများစွာ၌ မကောင်းကျိုးများကို တ၀ကြီးခံစားနေရပေမည်။


နံပါတ်(၃) နိဗ္ဗာန်ကို ပုထုဇဉ်များအနေဖြင့် သညာသိလို့ခေါ်သည့် စာပေဖတ်လို့သိရသောအသိ၊ တရားနား၍ကြားသိရသောအသိ၊ တရားအားထုတ်သော အခါ မိမိသန္တာန်၌ ငြိမ်းချမ်းနေသော ချမ်းသာမှုမျိုးကို နိဗ္ဗာန်ချမ်းသာသည် ဒီထက်မက ချမ်းသာသည်ဟုမှန်းဆ၍ သိနိုင်သောအသိမျိုးဖြင့်သာ သိနိုင်ပါပေမည်။ နိဗ္ဗာန်၏ ချမ်းသာအစစ်ကို လက်တွေ့ကိုယ်တိုင် ခံစားရသကဲ့သို့ တရားထူးမရရှိဘဲ ပုထုဇဉ်ဘ၀ဖြင့် မသိနိုင်ပါပေ။


ဤမျှလောက်ရေးသားတင်ပြလျှင် လုံလောက်မည်ထင်ပါသည်။ စာရေးသူ သိသမျှကိုသာ ရေးသားတင်ပြခြင်းဖြစ်၍ အမှားများလည်း ပါနိုင်သောကြောင့် အမှားပါပါက စေတနာအမှားသာ ဖြစ်ပါလိမ့်မည်။ အားလုံး အသိဉာဏ်ပညာဗဟုသုတများ တိုးပွား၍ မကောင်းမှုများမှ ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်………………။

Friday, January 28, 2011

ဆန်နီနေမင်း အမေးအဖြေ သိမ်ဝင်ခြင်းနဲ့ပတ်သတ်၍

အရှင်ဘုရား သိမ်ဝင်ရင် ရဟန်း ဘယ်နှစ်ပါးပင့်ရပြီး ဘယ်နှစ်ပါးကို တပြိုက်နက် ရဟန်းပြုပေးနိုင်ပါသလဲဘုရား။ နောက်ပြီး ပရိက္ခရာရှစ်ပါးကိုလည်း အသေးစိတ် သိချင်ပါတယ်ဘုရား။ တပည့်တော်နှင့်အတူ အားလုံးအတွက် ဗဟုသုတလည်းရအောင် အရှင်ဘုရား တက်နိုင်မယ်ဆို post လေးတင်ပေးပါအုန်းဘုရား။

အင်း သိမ်ဝင်ခြင်းနှင့်ရဟန်းခံအကြောင်းကို ဦးဇင်းမှတ်မိလေ့လာထားသမျှ ရေးသားတင်ပြပေးပါမယ်။ ရဟန်းခံရန်အတွက် ရဟန်းဒကာလုပ်မယ့်သူပဲဖြစ်ဖြစ် ရဟန်းလောင်းကိုယ်တိုင်မှာပဲဖြစ်ဖြစ် ပရိက္ခရာရှစ်ပါး ပြည့်စုံအောင် ရှိနေရပါမယ်။ ကိုရင်ဝတ် လျှင်လည်း ထိုပရိက္ခရာရှစ်ပါး ပြည့်စုံရပါမယ်။


ရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများ အဓိကပြည့်စုံရမည့် ပရိက္ခရာ ရှစ်ပါးမှာ-(၁) အပေါ်ရုံဧကသီ၊ (၂) ခါးဝတ်သင်ပိုင်၊ (၃) နှစ်ထပ်သင်္ကန်း၊ (၄) သပိတ်၊ (၅) ခေါင်းရိပ်ဓါး၊ (၆) သင်္ကန်းချုပ်ရန်အပ်၊ (၇) ပိုးမွှားပါသော ရေကိုသောက်လျှင် ပိုးမွှားများ မသေမပါရအောင် ရေစစ်သောက်ရန် ရေစစ်၊ (၈) ခါးဝတ်သင်ပိုင်ကိုပတ်ထားရန် ခါးပတ်တို့ လိုအပ်ပါတယ်။ ကျန်သည့်ပစ္စည်းမပါလျှင်လည်း ဒီပရိက္ခာရှစ်ပါးရှိလျှင် ရဟန်းပြုခြင်း၊ ရှင်ပြုခြင်းများ လုပ်ပေးနိုင်ပါတယ်။ ကျန်သည့် အသုံးအဆောင်လှူခြင်း၊ ဆွမ်းကပ်ခြင်းတို့မှာ မိမိတို့ တက်နိုင်ပြီး စေတနာရှိမှသာ လှူပါ။ မလှူလျှင်လည်း အပြစ်မရှိပါ။ ဆွမ်းအကျိုး၊ အသုံးအဆောင် လှူရကျိုး ကုသိုလ်မရရုံသာ ရှိပါမယ်။

ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းဆိုသည်မှာ မိမိ၏ရင်သွေးသားရတနာများကို ပြုလုပ်ပေးမှသာ ရဟန်းဒကာ၊ ရဟန်းအမ၊ ရှင့်ဒကာ၊ ရှင့်အမ ဖြစ်ကြတာမဟုတ်ပါဘူး။ မိမိရင်သွေးများကို မပြုလုပ်ပေးနိုင်၍ သူတစ်ပါးကို ပြုလုပ်ပေးလျှင်လည်း ရဟန်းဒကာ ရဟန်းအမ၊ ရှင့်ဒကာ ရှင့်အမအဖြစ် ရရှိနိုင်ပါတယ်။

သိမ်ဝင်တဲ့အခါမှာ ရဟန်းများကိုပင့်ဖိတ်ရန် ဘုရားရှင်ကတော့ ငါးပါးသိမ်ထဲမှာရှိရင် ရပါပြီတဲ့။ ဒါပေမဲ့ ယခုခေတ်မှာ ရဟန်းခံပေးတဲ့ ကိုရင်အား ပို၍စင်ကြယ်သန့်ရှင်းအောင် ငါးပါးထက်အလွန် ဆယ်ပါး နှစ်ဆယ်လောက် ပင့်ဖိတ်ကြပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲ ဆိုတော့ အကယ်၍ မိမိတို့က ငါးပါးထဲသိမ်ဝင်ရန် ပင့်လိုက်တဲ့အခါ အဲဒီငါးပါးထဲ၌ မေထုန်အမှု၊ ခိုးမှု၊ လူသတ်မှု၊ ဈာန်မဂ်ဖိုလ် လိမ်လည်ကြွားဝါးမှုဆိုသည့် ပါရာဇိကလေးပါးတွင် တစ်ပါးပါးကျပြီး မစင်ကြယ်သော ရဟန်းတစ်ပါးပါနေလျှင် ထိုရဟန်းခံပေးသော ကိုရင်သည် ရဟန်းအဖြစ်သို့ အထမမြောက်သောကြောင့်ပါ။ ပါရာဇိကအာပတ်မှလွတ်ပြီး သန့်ရှင်းစင်ကြယ် သော ရဟန်းငါးပါးအနည်းဆုံး သိမ်အတွင်းရှိမှသာလျှင် ရဟန်းခံပေးသော ကိုရင်သည် ရဟန်းအဖြစ်သို့ ထမြောက်အောင်မြင်ပါတယ်။ ဒါ့ကြောင့် ရဟန်းခံရာဝယ် သံဃာငါးပါးမကဘဲ (၁၀)ပါးကျော်လောက်ထိ သိမ်ဝင်ရန် ပင့်ဖိတ်ကြခြင်း ဖြစ်ပါတယ်။

ရဟန်းခံသောအခါ ရဟန်းလောင်း(၃)ပါးကို တပြိုင်နက် ရဟန်းခံသိမ်ဝင်ပေးလို့ ရပါတယ်။ ထို့အထက် ကျော်လွန်ပြီး (၄)စသည်ကို တပြိုက်နက် ရဟန်းခံပေးရန် မဖြစ်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင် ပညတ်ခဲ့သော ကမ္မ၀ါစာ၌ (၃)ပါးကိုသာ တပြိုက်နက်ရဟန်းပြုပေးရန် အမည်နာမများ ထည့်သွင်းထားခြင်း ကြောင့်ပါ။ ရဟန်းလောင်း (၄)ပါးကျော်ကို တစ်ခါတည်းသိမ်တွင်းထားပြီး ရဟန်းဆိုင်ရာ ၀ိနည်းစည်းကမ်းများ ပြောကြားခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်ထားပြီး (၃)ပါးကို ကမ္မ၀ါဖတ်ပေးပြီးလျှင် နောက်ထပ်တဖန် အနေဖြင့်တော့ ရဟန်းပြုပေး၍ ရပါတယ်။ တပြိုင်နက် (၃)ပါးကျော်ကို ကမ္မ၀ါဖတ်ပေးပြီး ရဟန်းခံပေးလို့တော့ မရပါပေ။

သိမ်သည် အနည်းဆုံး သံဃာ(၂၁)ပါး ထိုင်နိုင်လောက်သော နေရာဖြစ်ရပါမယ်။ အများအားဆုံးအားဖြင့် (၃)ယူဇနာတိုင်အောင် ကျယ်ဝန်းနိုင်ပါတယ်။ တစ်ယူဇနာကို ခုခေတ်မိုင်အားဖြင့်တွက်ကြည့်လျှင် (၁၀)မိုင်ကျော်ပါတယ်။ မြတ်ဗုဒ္ဓသက်တော် ထင်ရှားရှိစဉ်အခါက ရှင်သာရိပုတ္တရာရဟန္တာမထေရ်မြတ်သည် ရာဇဂြိုလ်မြို့ပတ်ဝန်းကျင် ရှိ ကျောင်းတိုက်ပေါင်း(၁၈)ခုလုံးကို ခြုံငုံမိအောင် သိမ်သမုတ်ပေးတော်မူခဲ့ပါတယ်။ ရာဇဂြိုလ်မြို့သည် သိမ်သမုတ်နယ်မြေအတွင်းပါဝင်သောကြောင့် ထိုမြို့ထဲတွင် လူများနေကြသည်ကို ထောက်ဆလျှင် သိမ်အတွင်းသို့ လူဒါယကာ ဒါယိကာမများ ၀င်ကောင်းပါတယ်။ သို့သော် ကမ္မ၀ါဖတ်နေချိန်တွင် ရဟန်းတော်များနှင့် နှစ်တောင်ထွာ လွတ်ကင်းအောင် နေရပါမယ်။

ရဟန်းများသည် တကယ်လို့ မိမိရဟန်းဘောင်၌မပျော်၍ လူထွက်ချင်ပါက ရဟန်းသိက္ခာကျအောင် နည်းစနစ်သိသော ဆရာတော်များထံ သိက္ခာကို စနစ်တကျ ချခိုင်းပြီးမှ လူဝတ်လဲသင့်ပါတယ်။ နည်းစနစ်မှန်ကန်စွာ ရဟန်းသိက္ခာမချဘဲဖြစ်ဖြစ် ဒီတိုင်းသိက္ခာမချဘဲနဲ့ လူဝတ်လဲ၍ပဲဖြစ်ဖြစ် မေထုန်မှုစတဲ့ ပြစ်မှုများကို ပြုလုပ်မိလျှင် ထိုရဟန်းသည် ရဟန်းသိက္ခာမကျဘဲဖြစ်နေပါက ပါရာဇိကအာပတ်များ သင့်ရောက်၍ ယခုဘ၀တွင် နောက်ထပ်ရဟန်းပြုခွင့်မရတော့သည့်အပြင် အကုသိုလ်အပြစ်များလည်း သင့်ရောက်နေပါလိမ့်မယ်။

ထို့ကြောင့် ယခုခေတ် ခေတ္တခဏ ဒုလ္လဘ၀တ်သော လူပုဂ္ဂိုလ်များအနေဖြင့် အထူးသတိထားပါ။ တချို့က ကောင်းကောင်းနားမလည်၍ ဖြစ်သလိုသိက္ခာချကာ လူဝတ်လဲသော်လည်း ရဟန်းသိက္ခာမကျသေးဘဲ ဖြစ်နေသည့်အတွက် အကုသိုလ်များ နေ့စဉ်သင့်ရောက်နေတတ်ပါတယ်။

ထို့ပြင် မိမိရဟန်းသိက္ခာချသောအခါ အဓိကထားရမည့် မိမိလူထွက်ချင်သောစိတ် ဧကန်မုချဖြစ်ရပါမယ်။ မိမိစိတ်က လူမထွက်ချင်ဘဲ သူများထွက်ခိုင်း၍ ရဟန်းသိက္ခာချလျှင်မကျပါ။ ထို့ကြောင့် ရဟန်းသိက္ခာ ချသောအချိန်ဝယ် အဓိကအချက်ဖြစ်သည့် လူထွက်ချင်စိတ် ဧကန်မုချဖြစ်အောင် ပြုလုပ်ပေးရပါမယ်။ တချို့သည် ရဟန်းဘ၀ ပျော်သော်လည်း အခြေအနေအရ သိက္ခာချရတာမျိုး ရှိတတ်ပါတယ်။ ထိုသို့သော သူများသည် မိမိသန္တာန်၌ လူထွက်ချင်စိတ်မဖြစ်လျှင် သိက္ခာမကျသောကြောင့် လူဝတ်လဲသော်လည်း ရဟန်းသိက္ခာများ ဧကန်မုချ ရှိနေတတ်ပါတယ်။

ယခု အမေးအဖြေသည် မေးသူကိုယ်တိုင် ဖေဖ၀ါရီလမှာ ဒုလ္လဘရဟန်းခံပေးမည်ဖြစ်သောကြောင့်လည်း ကောင်း၊ ဦးဇင်း ယခု ရောက်ရှိနေသော မလေးရှားနိုင်ငံ၌ တရုတ်နှစ်သစ်ကူးအချိန်ဝယ် ဦးဇင်းတို့မြန်မာ လူမျိုးများ ဒုလ္လဘ၀တ်ကြမည်ဖြစ်သောကြောင့်လည်းကောင်း အချိန်ပေး၍ ဖြေပြီးတင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဤမျှလောက် ရေးသားတင်ပြလျှင် ရဟန်းခံခြင်း၊ သိမ်ဝင်ခြင်းများနဲ့ပတ်သတ်၍ ပြည့်စုံလောက်မည်ဟု ထင်ပါသောကြောင့် ဒီမျှနဲ့ပဲ နိဂုံးချုပ်လိုက်ပါပေတယ်။ အားလုံး သတိတရားလက်ကိုင်ထားကာ ကျင့်သုံးလိုက်နာ ဆောင်ရွက်ပြုမှုနိုင်ကြပါစေလို့ ဆန္ဒပြုလျက်…………………………….။(၂၈.၀၁.၂၀၁၁၊ မလေးစံချိန် 23:45 PM)

Tuesday, January 25, 2011

ဆန်နီနေမင်း ဆွမ်းတော်တင်ခြင်းနှင့်ပတ်သတ်၍ (၂)

ရှေ့၌တင်ပြခဲ့သော ဆွမ်းတော်တင်ခြင်းနဲ့ပတ်သတ်၍ ယူဆချက်အမျိုးမျိုး မေးခွန်းအမျိုးမျိုးပေါ်နေသောကြောင့် ထပ်မံပြည့်စုံအောင် တင်ပြပေးလိုက်ခြင်း ဖြစ်ပေသည်။

တချို့က ဆွမ်းတော်တင်ခြင်းသည် ဗုဒ္ဓဘာသာအစဉ်အလာမို့ မိမိအိမ်ဘုရားစင်ရှေ့၌ ၀တ်ကျေး တန်ကျေး ဖြစ်ကလပ်ဆန်း တင်လေ့ရှိပါသည်။ တစ်ချို့က မိမိအိမ်မှာ ဆွမ်းတော်တင်ခြင်းသည် အကျင့်ဖြစ်နေ၍ မိမိမစားခင် စေတနာပါစွာဖြင့် ကပ်လေ့ရှိကြပါသည်။


တကယ့်တော့ ဆွမ်းတော်တင်ခြင်းသည် မိမိတို့ သံသရာအဆက်ဆက်အတွက် ဒုက္ခမရောက်အောင် လမ်းညွှန်ပေးသော အတုမရှိသော ဂုဏ်တော်တို့နဲ့လည်း ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓကို အစားအသောက် ကပ်လှူခြင်း ဖြစ်ပါသည်။ မြတ်ဗုဒ္ဓသက်တော်ထင်ရှားမရှိသော်လည်း သက်တော်ထင်ရှားရှိသကဲ့သို့ အာရုံပြုပြီး လှူဒါန်းပေးရပါမည်။

သို့သော် စာရေးသူတို့ ဗုဒ္ဓဘာသာများသည် ဆွမ်းတော်တင်လျှင် ဖြစ်ကလပ်ဆန်း လုပ်ကြသည်က များပေသည်။ ဆွမ်းတော်တင်လျှင် ဆွမ်းကလည်း နည်းနည်းလေး မဖြစ်စလောက်၊ ဟင်းဆိုလည်း မဖြစ်စလောက် တင်လေ့ရှိကြပါသည်။ တကယ်တော့ မိမိတို့ သာမန်လူသားတစ်ယောက် စားသောက်နိုင်ရန် ဘုရားရှင်ကိုလည်း အဲဒီလောက်တော့ တင်သင့်ပါသည်။ မိမိတို့ကျတော့ တစ်ပုဂံနှစ်ပုဂံစားပြီး ဘုရားကျတော့ တစ်ဇွန်စာလောက်တင်လျှင် သဒ္ဓါတရားနည်းရာကျသကဲ့သို့ အလေးမထားရာလည်း ရောက်ပေသည်။

ထို့ကြောင့် ရှေးခေတ်က လူကြီးများ ဆွမ်းတော်တင်လျှင် သပိတ်ထဲမှာ ဆွမ်းရောဟင်းပါထည့်ပြီး တစ်ယောက်စာ တင်လေ့ရှိကြပါသည်။ ယခုခေတ်ကျမှ တစ်ဇွန်စာလောက် တင်ကြပါတော့သည်။ ထို့ပြင် သစ်သီးဝလံများကို ဆွမ်းတော်တင်ရာ၌လည်း သစ်သီးများကို မိမိတို့စားသကဲ့သို့ ခွဲခြမ်းစိတ်ဖြာသင့်တာ ခွဲခြမ်းစိတ်ဖြာပြီး အခွံသင်ရမည့်ဟာ အခွံသင်၍ တင်သင့်ပါသည်။ မိမိတို့ကျတော့ သစ်သီးကို အခွံသင် ခွဲခြမ်းစိတ်ဖြာစားပြီး ဘုရားကျတော့ အလုံးလိုက်တင်ခြင်းသည်လည်း သဘာဝမကျပေ။

တချို့သောသူများက ဆွမ်းတော်တင်ခြင်းသည် သူများမစားအောင် သိမ်းထားသည့် သဘောမျိုးနဲ့ တင်ထားကြသူများလည်း ရှိတတ်ကြပေသည်။ သစ်သီးဝလံ အစားသောက်ကောင်းများ မုန့်များကို သူများမြင်၍တောင်းလျှင် မပေးချင်သောကြောင့် ဘုရားစင်ရှေ့တင်ထားကာ အကယ်၍များ တစ်ယောက်ယောက်က တောင်းလာလျှင် အဲဒါက ဆွမ်းတော်တင်ထားတာ စားလို့မရဘူးဟု ဘုရားကို အစောင့်ခိုင်းခြင်းမျိုး တင်သူများလည်း ရှိပေသည်။ အဲဒီလို အစောင့်ခိုင်ခြင်းမျိုးတော့ မတင်သင့်ပါပေ။

ဆွမ်းတော်တင်ထားသည့် အစားအစာများကို စွန့်စားလို့တော့ရပါသည်။ ငရဲမကြီး အပြစ်မရှိပါပေ။ သို့သော် အလှူဒါနတစ်ခုကို ပြုလုပ်လျှင် မုတ္တစာဂီ-နှမြှောတွန့်တိုမှုမရှိဘဲ စွန့်လွတ်လှူဒါန်းရမည်ဟု ဘုရားရှင်မိန့်ခဲ့ခြင်းကြောင့် မိမိလှူပြီးသားကို ပြန်စွန့်စားလျှင် ဆွမ်းတော်တင်လှူရခြင်း အကျိုးပေးတော့ နည်းပါလိမ့်မည်။ ဘုရားရှင်သည် မိမိတို့ကို စွန့်မစွန့် သေချာမသိနိုင်သောကြောင့် ကျောင်းမှာတင်သော ဆွမ်းတော်ဆိုလျှင် ကျောင်းသံဃာများထံ ခွင့်ပန်ပြီး ကောက်ယူစားနိုင်ပါသည်။

အကယ်၍ မိမိတို့က ဆွမ်းဟင်းတို့သာ မကဘဲ မုန့်သစ်သီးများကို ဘုရားဆွမ်းတော်မတင်ဘဲ မစားတတ်လျှင် မိမိစားဖို့ရန် ချန်ထားပြီး ဘုရားရှင်ကို သီးသန့်လှူဒါန်းသင့်ပါသည်။ မိမိတို့ တင်လှူပြီးထားသော ဆွမ်းတော်များကို နေ့(၁၂)နာရီ ကျော်လွန်သွားပါက တစ်နေ့လှူဒါန်းသမျှသော ဆွမ်းတော်များကို စွန့်ပစ်ကာ သူများကိုပေးလျှင်ပေး၊ တိရစ္ဆာန်များကို ကျွေးချင်လျှင် ကျွေးလိုက်ပါ။ တစ်ရက်တင်ပြီးသား ဆွမ်းတော်များကို နောက်ရက်အထိ မထားသင့်ပါပေ။

တချို့က သစ်သီးဝလံများသည် တစ်ပါတ်လောက် အထားခံသောကြောင့် နေ့စဉ်ဆက်ရက် လှူဒါန်းထားခြင်းများ ပြုလုပ်ကြပါသည်။ ထိုကဲ့သို့ နေ့စဉ်ဆက်ရက် လှူဒါန်းထားခြင်းများသည် ဘုရားရှင်၏ သြ၀ါဒနှင့်မကိုက်ညီသောကြောင့် မထားသင့်ပါ။ တစ်ရက်လှူပြီးသားကို တစ်ရက်စွန့်ပစ်ရပါမည်။ ဘုရားရှင်က ရဟန်းများကို နောက်တစ်ရက်အတွက် အစားအစာများကို သိုးမှီသိမ်းဆည်း မထားဖို့ရန် မိန့်တော်မူခဲ့ပေသည်။

ဘုရားရှင်ကိုယ်တိုင် မိန့်တော်မူခဲ့သောစကားဖြစ်၍ သူကိုယ်တိုင်လည်း နောက်ရက်အတွက် လှူဒါန်းမှုများကို လက်ခံထားလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် မိမိတို့ အလှူရှင်များသည် တစ်ရက်ဆွမ်းတော် တင်ထားသမျှကို တစ်ရက်တင်ပြီး နောက်ရက်ဆက်မထားဘဲ စွန့်ပစ်ပေးရပါမည်။

ဤမျှလောက် ရေးသားတင်ပြလျှင် ပြည့်စုံလိမ့်မည် ထင်ပါသည်။ သို့ဖြစ်၍ လူသားအားလုံး ဒါန သီလ ဘ၀နာကောင်းမှုများ နေ့စဉ်ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါပေသည်။ ယခု မလေးရှားရောက်နေ၍ နောက်မှ မလေးရှားအတွေ့အကြုံများကို တင်ပြရေးသားပါဦးမည်။

ယခုတင်ပြသော အကြောင်းအရာများသည် စာရေးသူ၏ ကိုယ်ပိုင်ထင်မြင်ချက်များသာဖြစ်၍ အမှားပါလျှင် သည်းခံကြရန်နှင့် စာဖတ်သူတို့ ကိုယ်ပိုင်ဉာဏ်ဖြင့်လည်း သုံးသပ်ဆင်ခြင်နိုင်ပါသည်။

Sunday, January 23, 2011

ဆန်နီနေမင်း အမေးအဖြေ ၀ဋ်နှင့်ငရဲ

တပည့်တော် ၀င်ရောက်ဖတ်သွားပါတယ်ဘုရား။ ဗဟုသုတရပါတယ်။ မေးခွန်းတခုတော့ မေးခွင့်ပြုပါဘုရား။ တပည့်တော် မသိလို့ပါဘုရား။ ဘယ်လို အမှုကိုပြုရင် ငရဲကျပြီး ဘယ်လိုအမှုကိုပြုရင် ၀ဋ်ဖြစ်ပါသလဲ အဲဒီ (၂)ခုကို ရှင်းလင်းအောင် သိချင်သည့်အတွက် ဖြေကြားပေးတော်မူပါ အရှင်ဘုရား။

အင်း ၀ဋ်မှာအမြဲ ငရဲမှအပဆိုသလို ငရဲဘုံမှလွဲ၍ ကျန်သော ဘုံဌာနများတွင် ၀ဋ်ခံစားရတတ်စမြဲ ဖြစ်ပေသည်။ ငရဲသို့လားစေနိုင်လောက်သော ပြစ်မှုမျိုးမဟုတ်သော မကောင်းကျိုးများ ပြုလုပ်မိလျှင် ထိုမကောင်းမှုများသည် ၀ဋ်လည်၍ မိမိကိုပြန်၍ ခံရတတ်ပါသည်။ တချို့သော မကောင်းမှုများသည် ငရဲသို့ရောက်အောင် အကုသိုလ်မကြီးမားသောကြောင့် ငရဲသို့မရောက်နိုင်သော်လည်း တိရစ္တာန်၊ ပြိတ္တာ၊ အသူရကယ်၊ လူ့ဘ၀သို့ရောက်ရှိပြီး မိမိပြုလုပ်ခဲ့သော မကောင်းမှုကံက မိမိကိုတဖန်ပြန်၍ ၀ဋ်လည်စေပါသည်။


တချို့သော မကောင်းမှုသည် မျက်မှောက်ဘ၀၌ပင် ၀ဋ်ပြန်လည်တတ်ပါသည်။ တချို့သော မကောင်းမှုများသည် ယခုမျက်မှောက်ဘ၀တွင် မခံစားရဘဲ နောက်ဘ၀များ၌ ၀ဋ်လည်ခံစားရတတ်ပါသည်။

သူတစ်ပါးအသက်ကို သေအောင်သတ်သောသူသည် ငရဲကိုလားစေနိုင်သော အပြစ်ဖြစ်ပေသည်။ ထိုသို့မဟုတ်ဘဲ သေအောင်မသတ်ဘဲနဲ့ သူတစ်ပါးကို ညှင်းဆဲရုံမျှပြုလုပ်သော မကောင်းမှုသည် ငရဲကိုရောက်စေနိုင်သော မကောင်းမှုမဟုတ်သော်လည်း ၀ဋ်လည်စေတတ်သော မကောင်းမှုတော့ ဖြစ်ပါသည်။ မိမိကိုယ်လည်း နောင်တစ်ချိန်ဝယ် ညှင်းဆဲခြင်း ခံရပါပေမည်။

ထို့အတူ သူတစ်ပါးအား သရုပ်ပျက်အောင်၊ ဂုဏ်သိက္ခကျဆင်းအေင် ပျက်ပြယ်ပြုခြင်းများသည် ငရဲကိုလားစေနိုင်သော အပြစ်များမဟုတ်ပါ။ သို့သော် ထိုမကောင်းမှုများသည် မိမိကိုယ် ၀ဋ်ပြန်လည်စေတတ်သော မကောင်းမှုတော့ ဖြစ်နေပါသည်။

ဥပမာအနေဖြင့် ထင်းရှားအောင် ပြရမည်ဆိုလျှင် မြတ်ဗုဒ္ဓသည် တစ်ခုသောဆေးဆရာဘ၀၀ယ် ဆေးကုသခမပေးသော ရောဂါသည်တစ်ယောက်အား မုန်းတီးစိတ်များဖြစ်ပြီး နောက်တစ်ရက်ဝယ် ရောဂါပျောက်မည့်ဆေးကို မတိုက်ဘဲ ၀မ်းနှုတ်ဆေးကို တိုက်ကြွေးခဲ့ပေသည်။ ထိုအကုသိုလ်မကောင်းကျိုးသည် ငရဲကို မကျရောက်စေနိုင်သော်လည်း ယခုနောက်ဆုံးဘ၀၀ယ် မြတ်ဗုဒ္ဒဖြစ်တာတောင်မှ ထိုဝဋ်ကြွေးကြောင့် ၀မ်းလျှောရောဂါ ဖြစ်ခဲ့ရပါပေသည်။

တချို့သော မကောင်းမှုများသည် မထင်ရှားသကဲ့သို့ မသိသာသော မကောင်းမှုများလည်း မိမိတို့သန္တာန်မှာ ဖြစ်တတ်ကြပါသည်။ သူတစ်ပါး တစ်ခုခုကြောင့် ဒုက္ခရောက်လျှင် ၀မ်းသာမိတာမျိုး၊ သူတစ်ပါးပျက်စီးမှုဖြစ်လျှင် ၀မ်းသာမှု ဖြစ်တာမျိုးများသည် သိသာထင်ရှားသော မကောင်းမှုမဟုတ်ပါ။ သို့သော် ထိုအရာများသည် မကောင်းမှုသာဖြစ်၍ မိမိ၌လည်း တစ်ချိန်ချိန်ဝယ် ပြန်လည်၍ ထိုကဲ့သို့ပျက်စီးချိန်ဝယ် သူတစ်ပါးတို့က ၀မ်းသာနေကြပေလိမ့်မည်။

မြတ်ဗုဒ္ဓရှင်တော်မြတ်တောင်မှ တစ်ခုသောတံငါသည်ဘ၀၀ယ် ငါးများ၏ ဦးခေါင်းကို ထုထောင်းနေတာမြင်သောအခါ စိတ်ထဲ၌ ၀မ်းသာကြည်နှုးမှု ဖြစ်ခဲ့မိလေသည်။ ထိုမကောင်းမှုကြောင့် ယခုမျက်မှောက်ဝယ် ခေါင်းကိုက်ခြင်း ဝေဒနာကို ၀ဋ်လည် ခံစားခဲ့ရပေသည်။

ထို့ကြောင့် သူတစ်ပါးကို ညှင်းဆဲခြင်း၊ ဒုက္ခရောက်အောင်ပြုလုပ်ခြင်း၊ ပျက်ရယ်ပြုခြင်းစသော မကောင်းမှုမျိုးများသည်လည်းကောင်း၊ မသိမသာပြုလုပ်မိသော မကောင်းမှုများသည်လည်းကောင်း မိမိသန္တာန်၌ ၀ဋ်ကြွေးတစ်ခုအဖြစ် တည်ရှိနေတတ်သောကြောင့် မကောင်းမှုမှန်လျှင် မည်သို့သောမကောင်းမှုကလေးမျှ မဖြစ်ကြရလေအောင် သတိထားပြီး နေထိုင်ကြရန် အထူးပင်လိုအပ်ကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ရပါပေသည်။

စာရေးသူသည် (၂၄.၀၁.၂၀၁၁)နေ့မှ (၂၃.၀၂.၂၀၁၁)ထိ မလေးရှား၊ စင်္ကာပူနိုင်ငံများသို့ ဒေသစာရီ အလည်အပတ်ကြွပြီး (၂၃.၀၂.၂၀၁၁)နေ့တွင် မြန်မာနိုင်ငံသို့ ဒေါက်တာဘွဲ့အတွက် ပြုလုပ်ရမည့်ကိစ္စများ ပြုလုပ်ရန် ကြွမည်ဖြစ်သောကြောင့် ပို့စ်များ မတင်နိုင်ပါက အားလုံး နားလည်ခွင့်လွတ်ပေးကာ အရင်တင်ခဲ့သော ပို့စ်များကိုသာ မကျန်ရှိရလေအောင် ဖတ်ကြပါလို့ တိုက်တွန်းလိုက်ပါပေသည်။

Saturday, January 22, 2011

ဆန်နီနေမင်း အမေးအဖြေ မေတ္တာပို့ခြင်းနဲ့ပတ်သတ်၍

အရှင်ဘုရား။ တပည့်တော်ကို လမ်းခွဲစကားပြောတဲ့ချစ်သူနဲ့ ပြန်အဆင်ပြေချင်လို့ မေတ္တာပို့ပါတယ်။ ဖြစ်ချင်တဲ့ဆန္ဒက ချစ်သူနဲ့ ပြန်အဆင်ပြေဖို့ပါဘုရား။ တစ်ခုခု အဆင်ပြေချင်တဲ့ ရည်ရွယ်ချက်နဲ့ မေတ္တာပို့ရင် အပြစ်ဖြစ်ပါသလားဘုရား။ မေတ္တာပို့တဲ့ အချိန်မှာ တပ်မက်စိတ်ကင်းသဖြင့် စိတ်အေးချမ်းမှုကိုခံစားရပါသည်။ တစ်ခါတစ်ရံမှာ မေတ္တာသက်သက်ဖြစ်ပြီးအေးချမ်းသော်လည်း တစ်ခါတစ်ရံမှာ ချစ်သူကို လိုချင် တပ်မက်ပြီး လောဘစိတ်နဲ့ ပူလောင်နေရပါသည်။ လောဘမဖြစ်အောင် မေတ္တာ ဘယ်လိုပို့ရမလဲဘုရား။
ကိုယ်ဘက်က မေတ္တာပို့ရင် တစ်ဖက်လူရဲ့စိတ်မှာ ပြောင်းလဲသွားတတ်ပါသလား။ မေတ္တာပို့တဲ့အချိန် တပည့်တော် စိတ်အေးချမ်းနေတာကိုတော့ ခံစားရပါသည်ဘုရား။ ပုထုဇဉ်မို့ ချစ်သူရဲ့ အချစ်ကို ပြန်ရချင်တဲ့စိတ်က ပိုပြင်းထန်နေပါသည်ဘုရား။ မေတ္တာပို့ရုံသက်သက်ဖြင့် တစ်ဦးနဲ့တစ်ဦးချစ်ခင်ပါသလား။ မေတ္တာဘာဝနာ အကြောင်း အကျယ်သိလိုပါသည်ဘုရား။ လောကီနဲ့မကင်းတာမို့မေးရတာ အရှင်ဘုရားကို အားနာပါသည်ဘုရား။ တပည့်တော် မေးတာ အမှားပါရင်ခွင့်လွှတ်ပါဘုရား။


အင်း မေးထားတဲ့မေးခွန်းရဲ့ အဓိကသိချင်တာသည် မေတ္တာပွားရကျိုးဖြစ်၍ မေတ္တာပွားရခြင်းကြောင့် ရရှိသောအကျိုး(၁၁)ပါးကို ပထမဦးစွာ ရေးသား တင်ပြပေးပါမည်။ မေတ္တာပွားများသူသည်

၁။ ချမ်းသာစွာ အိပ်ရခြင်း။

၂။ ချမ်းသာစွာနိုးရခြင်း။

၃။ မကောင်းသောအိပ်မက် မမြင်မက်ရခြင်း။

၎။ လူနတ်တို့ ချစ်ခင်ကြခြင်း။

၅။ ဘေးလွတ်အောင် နတ်တို့စောင့်ရှောက်ကြခြင်း။

၆။ မီးဘေးမှ ကင်းလွတ်ခြင်း။

၇။ ဓါးလက်နက်တို့ မထိခိုက်ရခြင်း။

၈။ အဆိပ်ဖြင့် မသေရခြင်း။

၉။ စိတ်ဓာတ်များ တည်ကြည်ခြင်း။

၁၀။ မျက်နှာအဆင်းလှပခြင်း။

၁၁။ သေသောအခါ ဆင်းရဲဒုက္ခမရှိ တွေးဝေခြင်းမရှိဘဲ သေရပြီး ဗြဟ္မာ့ပြည်သို့ ရောက်ရခြင်းစတဲ့ အကျိုးများကို ရရှိခံစားရပေသည်။


မေတ္တာပို့ခြင်းသည် လောဘစိတ်မပါဘဲ မေတ္တာပို့လျှင် ပိုမိုသန့်ရှင်းသောကြောင့် မေတ္တာစွမ်း ပိုထက်ပါသည်။ အကယ်၍ မိမိပို့သော မေတ္တာသည် လောဘစိတ်မကင်းပါက အပြစ်တော့မဖြစ်ပါ။ မေတ္တာပွားများရကျိုးတော့ လျှော့သွားပါပေသည်။


ထို့ကြောင့် မိမိပို့သသောမေတ္တာသည် ချစ်ခင်မှုကိုပြန်လည်လိုချင်သော လေဘစိတ်ပါနေပါက မေတ္တာပွားရကျိုး လျှော့ပါသည်။ မိမိအား ပြန်လည်ချင်ခင်လာအောင် မေတ္တာပို့ခြင်းကြောင့် မိမိကိုအပြန်အလှန်အားဖြင့် မေတ္တာအစွမ်းလေးတော့ ရရှိပါလိမ့်မည်။ တဏှာစိတ်နဲ့ချစ်ခင်မှုကိုတော့ ရရှိမည်မထင်။ သူငယ်ချင်းမိတ်ဆွေ ချစ်ခင်ခြင်းမျိုး၊ မောင်နှမချစ်ခင်မျိုးတော့ ရရှိနိုင်ပါသည်။


မိမိမုန်းသောသူကို မေတ္တာပို့လျှင် ထိုသူသည် မိမိထံသို့ မေတ္တာစိတ်ပြန်လည် ရရှိပါပေသည်။ မေတ္တာပို့သည်ဆိုသည်မှာလည်း (၅၂၈)မေတ္တာဖြင့် ပို့ရသည်ဖြစ်သောကြောင့် ပြန်လည်ရရှိသော မေတ္တာသည်လည်း (၅၂၈)မေတ္တာသာ ဖြစ်ပေသည်။


ထို့ကြောင့် မိမိတို့သည် မိမိချစ်သူကိုလည်းကောင်း၊ မုန်းသူကိုလည်းကောင်း၊ မိဘဆွေမျိုးများမှအစ သတ္တ၀ါအားလုံးကို သန့်ရှင်းစင်ကြယ်သော မေတ္တာစစ် မေတ္တာမှန်ပို့ရန် အဓိကလိုအပ်ပါပေသည်။ ထိုသို့မေတ္တာပို့ရန် မိမိ၌ အထက်ဖော်ပြခဲ့ပါ မေတ္တာအကျိုးများရရှိပြီး မျက်မှောက်မှာရော တမလွန်မှာရော ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် နေထိုင်ရပေလိမ့်မည်။ သို့ဖြစ်၍ လူသားအားလုံး တစ်ဦးပေါ်တစ်ဦး မေတ္တာစစ် မေတ္တာမှန်ဖြင့် နေ့စဉ်မပြတ် ပို့သနိုင်ပြီး ချစ်ခင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပါပေသည်။

Friday, January 21, 2011

ဆန်နီနေမင်း အမေးအဖြေ ရုပ်ပွားတော်နဲ့ပတ်သတ်၍

Dear Sayardaw,

May I ask you a question please, Sayardaw. I live in England. There is one English Family in here. They want to know that why the Image of Buddha is several kind of face in Japan, China, India and Myanmar? There are different kinds of Buddha's Face. They really want to know. I didn't know how to answer for their question at this time. Therefore, would it be OK if you explain me. So, I can explain them next time. Thank you so much Sayardaw.

Best Regard,

မြတ်ဗုဒ္ဓရုပ်ပွားတော်မျက်နှာအသွင်များ ကွဲပြားရခြင်းမှာ ဗုဒ္ဓရုပ်ပွားတော် ပြုလုပ်သူများ၏ နိုင်ငံနှင့်လူမျိုး အပေါ်မှာမူတည်၍ ကွဲပြားသွားကြပါသည်။ အဘယ့်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓရုပ်ပွားတော်ကို မိမိတို့ လူမျိုးမျက်နှာနှင့်ယဉ်ကျေးမှုကို ကြည့်ရှု့ပြီး ထုလုပ်ကြသည်က များသောကြောင့်ပင် ဖြစ်ပေသည်။


မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်အခါက မြတ်ဗုဒ္ဓသည် မိခင်ရင်းဖြစ်သော မယ်တော်မာယာဒေ၀ီ ရောက်ရှိနေသည့် တာဝတိံသာနတ်ပြည်သို့ သွားရောက်၍ တရားဟောကြားသောအခါ ကုဒါယနအမည်ရှိသော မင်းသည် မြတ်ဗုဒ္ဓနတ်ပြည်မှ ပြန်ကြွမလာ သောကြောင့် ရှင်မောဂ္ဂလာန်အား မြတ်ဗုဒ္ဓအစား ကိုးကွယ်ဖို့အတွက် ရုပ်ပွားတစ်ခု ယူဆောင်ပေးရန် တောင်းပန်းလျှောက်ထားခဲ့ပေသည်။

ထိုအခါ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်သည် မြတ်ဗုဒ္ဓရုပ်ပွား ပြုလုပ်ရန်အတွက် ပန်းပုဗိသုကာ ဆရာတစ်ယောက်အား တာဝတိံသာနတ်ပြည်သို့ ခေါ်ဆောင်သွားပြီးလျှင် မြတ်ဗုဒ္ဓအားဖူးမျှော်စေပြီး စန္ဒကူးနံ့သာသားနဲ့ မြတ်ဗုဒ္ဓဆင်တုတော်ကို ပြုလုပ်ခိုင်းခဲ့ပါပေသည်။

မဟာဝံသကျမ်းအလိုအရ မြတ်ဗုဒ္ဓရုပ်ပွားတော်များကို ဒေ၀ါနံပိယတိဿမင်း လက်ထက်ကတည်းက ရှိခဲ့သည်ဟု ဆိုပေသည်။ အချို့သော ပညာရှင်များ၏ အလိုအရမှာတော့ ဒုတုဂါမုနုမင်းလက်ထက်ကတည်းက သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓရုပ်ပွား တော်များ ရှိခဲ့သည်ဟု ဆိုပေသည်။ ထေရ၀ါဒဗုဒ္ဓဘာသာတို့ရဲ့ အစဉ်အလာအရ ဗုဒ္ဓရုပ်ပွားတော်များသည် ပုံစံ(၃)မျိုး ရှိပေသည်။ (၁) မတ်တပ်ရပ် ရုပ်ပွားတော်၊ (၂) ထိုင်တော်မှုရုပ်ပွားတော်၊ (၃) လျောင်းတော်မူရုပ်ပွားတော်ဟူ၍ (၃)မျိုး ရှိပေသည်။

မြတ်ဗုဒ္ဓရုပ်ပွားတော်များ၏ မျက်နှာပုံစံ ကွဲပြားရခြင်းမှာ ရုပ်ပွားတော်ပြုလုပ်သော ဗိသုကာ ပညာရှင်များ၏ မိမိတို့လူမျိုးနှင့်ယဉ်ကျေးမှုပေါ်မူတည်ပြီး သူတို့စိတ်ကူးအတိုင်း ပုံဖော်ကြသောကြောင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီဘဲ ကွဲပြားသွားကြပါသည်။ သီရိလင်္ကာနိုင်ငံ၌ ထုလုပ်သောရုပ်ပွားတော်များသည် သီရိလင်္ကာဗိသုကာပညာရှင်များ၏ စိတ်ကူးအတိုင်း ဖြစ်လာသလို မြန်မာနိုင်ငံ၌ ထုလုပ်သောရုပ်ပွားတော်များ သည်လည်း မြန်မာဗိသုကာများ၏ ယဉ်ကျေးမှုနှင့်စိတ်ကူးအတိုင်း ဖြစ်လာပေသည်။

ထိုကဲ့သို့ နိုင်ငံနှင့်လူမျိုး ယဉ်ကျေးမှုတို့ကွဲပြား၍ ဗုဒ္ဓရုပ်ပွားတော်မျက်နှာ အသွင်အပြင် ကွဲပြားခြားနားကြသော်လည်း မြတ်ဗုဒ္ဓ၏ လက္ခဏာတော်များ၊ ကြည်ညိုဖွယ်ရာဂုဏ်တော်များ၊ မြတ်ဗုဒ္ဓသီတင်း သုံးတော်မူခဲ့သော ပုံစံများမှာကား တူညီကြပေသည်။

မည်သို့ပင်ဖြစ်စေ မိမိတို့၏ စိတ်သန္တာန်၌ မိမိရှေ့တွင်ရှိသော ဗုဒ္ဓရုပ်ပွားတော်ကို သက်တော် ထင်ရှားရှိသော မြတ်ဗုဒ္ဓကဲ့သို့ ရည်မှန်းပူဇော်ကာ ကောင်းမှုကုသိုလ်များ ပြုလုပ်လျှင် ထိုက်တန်သော ဆိုင်ရာဆိုင်ရာအကျိုးကျေးဇူးများသည် ဧကန်မုချရရှိမည် ဖြစ်သောကြောင့် မိမိစိတ်သာလျှင် အာရုံပြုတတ်ဖို့နှင့် ကြည်ညိုမှုအစစ်ဖြစ်ဖို့သာ အဓိကကျပေသည်။ ထို့ကြောင့် လူသားအားလုံး မြတ်ဗုဒ္ဓအား ယုံကြည်မှုသဒ္ဓါတရား ပြည့်ဝစွာဖြင့် ကိုးကွယ်ဆည်းကပ် ကျေးဇူးဆပ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ် လိုက်ရပါပေသည်။

Thursday, January 20, 2011

ဆန်နီနေမင်း အမေးအဖြေ ကခြင်းနဲ့ပတ်သတ်၍


အရှင်ဘုရား မရှင်းတာလေးမေးခွင့်ပြုတော်မူပါဘုရား။ ဘုရားရှင်လက်ထက်တော် အခါက ရဟန်းများဟာ (Dance Teacher) လုပ်ခဲ့ဘူးတာများရှိပါသလားဘုရား။ နောက်ပြီး ဝိနည်းကျမ်းထဲမှာကော (Dance Teacher) လုပ်ခွင့်ပြုထားတဲ့ သိက္ခာပုဒ်များကော ရှိပါသလားဘုရား။ ရှိရင်လဲအဲဒီသိက္ခာပုဒ်ကိုရှင်းပြပေးစေလိုပါတယ်။ မရှိရင်လဲမရှိပါပဲနဲ့လုပ်တဲ့ ရဟန်းဟာဘယ် လိုအပြစ်များရှိတယ်ဆိုတာ ဖြေကြားပေးစေ လိုပါတယ်ဘုရား။

ဒကာရေ ကခြင်းကို ဥပုသ်စောင့်ထားတဲ့ လူတွေတောင် သူတစ်ပါးအား ကခိုင်းခြင်း ကိုယ်တိုင်ကခြင်းများ မပြုလုပ်ရပါဘူး။ သူတစ်ပါးကို ခိုင်းလျှင်လည်းကောင်း၊ ကိုယ်တိုင် ပြုလုပ်လျှင်လည်းကောင်း ဥပုသီလကျိုးပါတယ်။ ဥပုသ်သီလကျိုးတဲ့အတွက် ဥပုသ် စောင့်ထိန်း၍ ရရှိမည့်အကျိုးများ မရရှိတော့ပါပေ။


ရဟန်းတစ်ပါးသည် ရဟန်းဝတ်ပြီဆိုကတည်းက ကခြင်းစတဲ့ ဆိုင်ရာသီလတွေကို ထိန်းရပါတယ်။ အဲဒီတော့ ရဟန်းဝတ်နဲ့ ကိုယ်တိုင်လည်း မကရပါ။ သူများကိုလည်း မကခိုင်းရပါ။ တကယ်လို့ မိမိကိုယ်တိုင် ကလျှင်လည်းကောင်း၊ သူတစ်ပါးအား ကခိုင်းလျှင်လည်းကောင်း ထိုရဟန်းအား ပါစိတ်အာပတ်သင့်ပါတယ်။

ထိုကဲ့သို့ မြတ်ဗုဒ္ဓပညတ်ခဲ့သော အသေးစားသိက္ခာပုဒ်များကို ကျူးလွန်ပါက ထိုရဟန်းသည် ဈာန်မဂ်ဖိုလ်စတဲ့ တရားထူးများကို မရရှိနိုင်တော့ပါ။ အဓိကကျတဲ့ ပါရာဇိက(၄)ပါးကို ကျူးလွန်လျှင်တော့ လူသားတွေ ပဉ္စာနန္တရိယကံငါးပါးကို ကျူးလွန်းလျှင် အပါယ်လေးပါးသို့ တိုက်ရိုက်ရောက်နိုင်သကဲ့သို့ ရဟန်းများသည်လည်း အပါယ်လေးပါးသို့ တိုက်ရိုက်ရောက်နိုင်ပါပေသည်။

တကယ်လို့ မိမိမှာ သိက္ခာပုဒ်အသေးစားလေးများ သင့်ရောက်နေပါက သင့်ရောက်သည့်နေ့ ရက်မကုန်ခင် မိမိသင့်ရောက်သည့် အာပတ်ကို ကုစားရပါတယ်။ အကယ်၍ မကုစားပါက ထိုအပြစ်များသည် နေ့စဉ်လိုလို သင့်ရောက်နေပါပေသည်။

တကယ်စဉ်းစားကြည့်လျှင် ရဟန်းဘောင်သည် လွယ်သလိုလိုနဲ့ အလွန် စောင့်ထိန်းရခက်သော ဘ၀ပင်ဖြစ်ပေသည်။ ရဟန်းဘ၀သည် နေတတ်လျှင် အမြင့်ဆုံးသို့ အရောက်လွယ်သလောက် မနေတတ်လျှင်လည်း အောက်သို့ရောက်အောင် လွယ်ကူလှသော ဘ၀ပင်ဖြစ်ပါသည်။

ယခုခေတ်ကာလတွင် ရဟန်းဘ၀နေရခြင်းသည် ပို၍ပင် စောင့်ထိန်းရခက်လှပေသည်။ တော်ရုံတန်ရုံ စိတ်ဓာတ်ဆုံးဖြတ်ချက်ဖြင့် ရဟန်းဘ၀ကို နေတတ်ဖို့ရန် မလွယ်ကူလှပေ။ ထို့ကြောင့် ရဟန်းဘ၀သည် လူသားတို့အနေဖြင့် အပေါ်ယံ ကြည့်လျှင်လည်းကောင်း၊ မြတ်ဗုဒ္ဓပညတ်ဟောကြားခဲ့သော ၀ိနည်းဥပဒေသများကို နားမလည်လျှင်လည်းကောင်း လွယ်ကူလှသောဘ၀ဟု ထင်မြင်တတ်ပေသည်။

တချို့က ရဟန်းဘ၀သည် ချမ်းသာတယ်၊ ဇိမ်ကျတယ်ဟု ထင်မြင်မိတတ်ကြပေသည်။ ရဟန်းအလုပ်ကို တကယ်လုပ်ပါက လူသားများထက် ပို၍ပင် အလုပ်များသလို ပို၍လည်း ထိန်းချုပ်မှုတွေများသောကြောင့် စိတ်ကျဉ်းကျပ်မှုများ ရှိလှပေသည်။ အကယ်၍ ယောက်ျားလေးများသည် လူ့ဘ၀ရခိုက် ရဟန်းဘ၀ကို ရချင်သောစိတ်ဆန္ဒများရှိပါက ဒုလ္လလရဟန်း မ၀တ်ခင် မိမိစိတ်ဓာတ်ကို အရင်ဆုံးခိုင်မာအောင် ပြုလုပ်ထားရပေမည်။ အဘယ်ကဲ့သို့ ဆုံးဖြတ်ထားရမည်နည်းဆိုသော် မိမိတို့သည် ရဟန်းဝိနည်းဥပဒေသများကို မသိသေးလျှင် ရဟန်းဝတ်ပြီးသိလာတဲ့အခါမှာ ထိုသိက္ခာပုဒ်များကို ရဟန်းဘ၀တည်သမျှ မကျိုးပေါက်အောင် စောင့်ထိန်းမည်ဟု သန္ဒိဋ္ဌာန်ပြတ်သားဖို့တော့ လိုပေသည်။

အဲဒီတော့ အဖြေရှည်လျားသွားပြီးဖြစ်တဲ့အတွက် ဤမျှနဲ့နိဂုံးချုပ်လိုက်ပါတော့မည်။ လူသားအားလုံး ကောင်းမှုကုသိုလ်များ နေ့စဉ်မပြတ် ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်…..။