Friday, September 24, 2010

တဏှာအစစ် တရာ့ရှစ်



“တဏှာသုံးတန်၊ တည်ထားပြန်၊ အာကာသံနှင့်မြှောက်၊ တဏှာအစစ်၊ တရာ့ရှစ် ကိုယ်မှာဖြစ်၍ရောက်”ဟူသည်နှင့်အညီ ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာသုံးပါးကို ရူပါရုံဟူသော အဆင်း၊ သဒ္ဒါရုံဟူသော အသံ၊ ဂန္ဓာရုံဟူသော အနံ့၊ ရသာရုံဟူသော အရသာ၊ ဗောဋ္ဌဗ္ဗာရုံဟူသော အထိအတွေ့၊ ဓမ္မာရုံဟူသော ကြံစည်တွေးခေါ် စဉ်းစား သောစိတ် (၆)ပါးနှင့်မြှောက်ပါက (၃x၆=၁၈)ပါးရ၏။ ထို(၁၈)ပါးကို မျက်မှောက်ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ဟူသော ကာလသုံးပါးနှင့်မြှောက်ပါက (၃x၁၈=၅၄)ပါးရ၏။ တဖန် ထို(၅၄)ပါးကို မိမိ သူတစ်ပါးဟူသော သန္တာန်(၂)ပါးဖြင့် မြှောက်ပါက (၅၄x၂=၁၀၈) ပါးရ၏။


လူသားစသော သတ္တ၀ါတို့သည် “စွဲလမ်းမှု တပ်မက်ခုံမင် ချစ်ခင်မှု”ဟူသော တဏှာလောဘကို အပြစ်ဟုမမြင်ဘဲ အချစ်ဟု မြင်နေပြီး ချစ်ခင်တွယ်တာနေကြသည်။ ထိုသို့ တွေ့မြင်နေကြသောကြောင့် ဘ၀သံသရာ ခရီးတလျှောက်လုံးတွင် ဒုက္ခမျိုးစုံတို့နဲ့ တွေ့ကြုံနေရခြင်း ဖြစ်ပေသည်။

တဏှာလောဘများ ဖြစ်ရခြင်းမှာ အမှန်ကိုအမှန်အတိုင်း မသိမြင်အောင် လောကီအာရုံကာမဂုဏ်ဝတ္ထုများကို နှစ်သက်သာယာဖွယ်အာရုံများဟု ထင်မြင်လာအောင် လုပ်ဆောင်ပေးသော ဒိဋ္ဌိကြောင့်ပင် ဖြစ်ပေသည်။ ပကတိအမှန်တရားများကို အထင်မြင်မှားအောင် ပြုလုပ်ပေးထားသော ဒိဋ္ဌိ(အမှန်အတိုင်းမမြင်ခြင်း)ကြောင့် လူသားတို့သန္တာန်မှာ နေ့စဉ်နဲ့အမျှ တဏှာလောဘများ ဖြစ်ပေါ်နေကြရပါသည်။

ထိုတဏှာလောဘ ဖြစ်ပေါ်လာစေရန် နောက်ခံအကြောင်းတရားများဖြစ်သော မကောင်းသောအရပ်၌ နေရခြင်း၊ လူမိုက်လူယုတ်များနှင့်ပေါင်းသင်းခြင်း၊ နှစ်သက်စရာ လိုချင်စရာ အာရုံများနဲ့ ဆုံစည်းခြင်း၊ မသင့်မလျော် နှလုံးသွင်းလွဲချော်ခြင်း၊ သာယာဖွယ် နှစ်သက်ဖွယ် အာရုံများဟု ရှု့မြင်သုံးသပ်ခြင်းစသော အကြောင်းတရားများ အမြောက် အများ ရှိပေသည်။

` လူသားများ နေ့စဉ်နဲ့အမျှ တွေ့ကြုံနေရသော လောကီအာရုံများသည် အမှန်စင်စစ် ဆင်းရဲမျိုးစုံ ဖန်တီးပေးတတ်သော သဘောရှိသောကြောင့် အမှန်တကယ် သာယာဖွယ် နှစ်သက်ဖွယ် တွယ်တာမက်မောဖွယ် အာရုံများ မဟုတ်ကြပါ။ တဏှာလောဘကင်းအောင် လုပ်ဆောင်နိုင်ခဲ့ကြသော ဘုရားရဟန္တာအရိယာသူတော်ကောင်းများသည် ထိုအာရုံများကို စက်ဆုပ်ရွံရှာဖွယ် အာရုံများဟု အရှိကိုအရှိတိုင်း သိမြင်ကြသောကြောင့် မည်သည့် အာရုံကို တွေ့မြင်ရသော်လည်း တွယ်တာမက်မောဖွယ်မှုများ မဖြစ်ကြ၍ ငြိမ်းအေးမှု ချမ်းသာကို ခံစားရပါသည်။

ပုထုဇဉ်သတ္တ၀ါတို့သည်ကား အမှန်ကိုအမှန်အတိုင်း မမြင်သေးသော ဒိဋ္ဌိနှင့် ထိုကဲ့သို့ မမြင်နိုင်အောင် ဖုံးလွှမ်းပေးထားသော မောဟ(အ၀ိဇ္ဇာ)ရှိနေခြင်းကြောင့် မြင်ရကြုံရတွေ့သမျှသော အာရုံတို့အပေါ်၌ တပ်မက်မှုတဏှာလောဘများ ဖြစ်နေကြရပေသည်။ “မြင်းကို မျက်မှန်စိမ်းတပ်ပြီး မြက်ခြောက်များကိုကျွေးရာ မြင်းက မြက်စိမ်းတွေပဲဟု အမှားမြင်ကာ မြိန်မြိန်ရှက်ရှက် စားသကဲ့သို့ ပုထုဇဉ် သတ္တ၀ါတို့သည်လည်း မောဟတည်းဟူသော မျက်မှန်စိမ်းတပ်မှုကြောင့် နောက်ကွယ်တွင် ဆင်းရဲဒုက္ခအသွယ်သွယ် ခြံရံနေသည့် စက်ဆုပ်ရွံရှာဖွယ်၊ မတင့်တယ်သော အသုဘ အာရုံတို့ကို တကယ်သာယာဖွယ် မက်မောဖွယ်အာရုံများဟု ရှု့မြင်ပြီး လိုချင် တပ်မက်နေပေသည်။

ထို့ကြောင့် မိမိတို့သည် သံသရာကျွတ်လမ်းကို မသွားနိုင်သေးလျှင်တောင်မှ သံသရာထဲကျင်လည်နေစဉ်မှာ ဘယ်ရာသည် ပြုလုပ်သင့် မပြုလုပ်သင့်။ ဘယ်ရာကို ပြုလုပ်လျှင် မည်သို့သော ကောင်းကျိုးဆိုးကျိုးရမည်၊ ဘယ်ရာကိုမပြုလုပ်လျှင် မည်သို့ သော ချမ်းသာ၊ဆင်းရဲကို ခံစားရမည်စသည့်အချက်များကို မိမိသည် မည်သည့်ကိစ္စကိုမဆို မပြုလုပ်ခင်ကတည်းက စဉ်းစားဆင်ခြင်နိုင်သော အသိဉာဏ်လေးများ ထာဝရ မိမိသန္တာန်ရှိအောင် လုပ်ထားရပါလိမ့်မည်။

သို့မှသာလျှင် မိမိတို့ သံသရာလောကကြီးထဲ၌ ကျင်လည်နေစဉ်မှာပင် မိမိအတွက် ကောင်းကျိုးများများရပြီး ဆင်းရဲဒုက္ခများနည်းကာ ဘ၀အတွက် သာယာလှပ နေပါ လိမ့်မည်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

Sanninaymin@gmail.com

သာသနတက္ကသီလဓမ္မာစရိယ

B.A (Buddhism)

M.A (university of Kelaniya)

Colombo, Sri lanka.

No comments:

Post a Comment