သံသရာအစ တဏှာ(အ၀ိဇ္ဇာ)ကဆိုသည့်အတိုင်း တဏှာမကုန်သေးသမျှ သံသရာထဲ၌ ကျင်လည်ကြရအုန်းပေမည်။ လောလောဆယ် လူ့ဘ၀ဆိုသည့် လူ့ဘုံလေးထဲ၌ တစ်ထောက်တစ်နေရာ နားနေတဲ့အချိန်လေးမှာဖြင့် လျှောက်လှမ်းရသည့် ခြေလှမ်းတွေ မနည်းတော့ပါလား။
ကလေးဘ၀ လမ်းလျှောက်တတ်သည့် အချိန်မှစပြီး သေဆုံးမည့်အချိန်ထိ လူ့ဘ၀ လူ့ဘုံတစ်ခဏတာအချိန်လေးတွင် ခြေလှမ်းတွေ များစွာလျှောက်လှမ်းရအုန်းမည်မို့ မိမိလျှောက်လှမ်းရမည့် ခြေလှမ်းများကို ကောင်းစွာလျှောက်လှမ်းနိုင်ရန် ပြင်ဆင်ကြရပါ လိမ့်မည်။ လူ့ဘ၀လေး၌ ဤမျှလောက် ခြေလှမ်းများ လျှောက်လှမ်းနေရရင် သံသရာ တလျှောက်လုံး လျှောက်လှမ်းခဲ့ရသည့် ခြေလှမ်းတွေ ဘယ်လောက်တောင် များခဲ့မလဲ မသိဘူးနော်။
ငယ်စဉ်တောင်ကျေး ကလေးဘ၀ လမ်းလျှောက်တတ်ချိန်မှစ၍ ခြေလှမ်းများ စတင်လျှောက်လှမ်းရင်း လူသားတစ်ယောက် လုပ်ဆောင်ပြုလုပ်သင့်သည့် အများအကျိုး နှင့် လူ့လောကကို ၀င်ဆန့်နိုင်ရန် လူသားတို့တတ်မြောက်ရမည့် အတန်းပညာများ သင်ကြားရန်အတွက် ခြေလှမ်းများ မဖြစ်မနေ လျှောက်လှမ်းနေရပေမည်။
“အော်.......ဘာလိုလိုနဲ့ ခြေလှမ်းတွေ လျှောက်လာလိုက်ရတာ နားရတယ်လိုကို မရှိပါလား။ နိဗ္ဗာန်ဆိုသည့် ပန်းတိုင်ကို မရောက်သေးသမျှ ခြေလှမ်းများ ဆက်လျှောက်ရအုန်းမှာပါလား”ဟု တွေးတော်ရင်းနဲ့ အသက်(၁၈)နှစ်အရွယ်တွင် မန္တလေး၊ သာသနာ့တက္ကသိုလ်သို့ လျှောက်လှမ်းခဲ့ရပေသည်။ သာသနာ့တက္ကသိုလ် B.A degree အောင်မြင်ပြီးသောအခါ မိမိ၏ခြေလှမ်းများသည် သာသနာပြုတာဝန်ကျသော မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့လေးမြို့သို့ ဆက်ခဲ့ရပေသည်။
တနိုင်းမြို့လေးသည် ကချင်၊ ရှမ်း၊ နာဂ၊ လီဆူး၊ ဗမာတို့ စုပေါင်းနေထိုင်ကြသော မြို့လေးဖြစ်၍ သာယာသော်လည်း ပညာရေးကဏ္ဍမှာဖြင့် အတော်လေး ခေါင်ပါးနေသေး သောကြောင့် မိမိတတ်နိုင်သည့် ပညာရေးကို ဆောင်ရွက်ပေးမည်ဟု ဆုံးဖြတ်ပြီးနောက် မိမိခြေလှမ်းများကို အများအကျိုးအတွက် လျှောက်လှမ်းပေးခဲ့သည်။ မိမိတာဝန်ကျသော တောင်တန်းသာသနာပြုကျောင်းလေး၌ လူငယ်ဖွဲ့ဖြိုးရေး ပရဟိတဂေဟာနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိသဖြင့် မိမိအတွက် တန်ဖိုးရှိသော ခြေလှမ်းများ ဖြစ်လိမ့်မည်ဟု စဉ်းစားမိ၍ ၀မ်းသာပီတိဖြစ်မိပါသည်။
ပရဟိတဂေဟာ၌ လာနေကြသော မိဘဆင်းရဲသောကလေးများ၊ မိဘမဲ့သော ကလေးများကို အတန်းစုံပညာသင်ကြားပေးခဲ့သည့်အပြင် သူတို့ကိုကျွေးမွေး ပြုစုစောင့် ရှောက်ပေးခဲ့ပါသည်။ မြို့ပေါ်၌နေကြသော ငွေကြေးမတတ်နိုင်ကြသည့် ကလေးငယ်များ လည်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် လာရောက်၍ ပညာသင်ကြားကြပါသည်။ ကလေးများကို မိမိတတ်သည့် ပညာများအား အစွမ်းကုန် အချိန်ရောလူပါ ပင်ပန်းခံပြီး သင်ကြားပေးခဲ့သောကြောင့် သူတို့လေးများ၏ ခြေလှမ်းများ လှပခဲ့ပေသည်။
မိမိလူ့ဘ၀လေး၌ လူ့ဖြစ်လာတဲ့အချိန် ဗုဒ္ဓရဲ့အဆုံးအများ ရရှိနေတဲ့အချိန်ကာလလေးမှာ အများအကျိုးကို တတ်နိုင်သမျှ လုပ်ပေးမည်ဟု ဆုံးဖြတ်ကာ ကျောင်းဖွင့်၌ အတန်းပညာများကို သင်ကြားပေးခြင်း၊ ကျုရှင်များပြသပေးခြင်းများ ပြုလုပ်ပေးသည့်အပြင် နွေရာသီကျောင်းပိတ်ရက်၌ ခေတ်လူငယ်မျိုးဆက်သစ်ကလေးများအား ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့်ကွန်ပျုတာ အင်္ဂလိပ်စာတို့ကို သင်ကြားပေးခဲ့ပါသေးသည်။
ဗုဒ္ဓဘာသာမျိုးဆက်သစ်သော်လည်းကောင်း၊ အခြားဘာသာဝင် မျိုးဆက်သစ် သော်လည်းကောင်း နွေရာသီကျောင်းပိတ်ရက်၌ လွတ်လပ်ပျော်ပါးစွာနေချင်ကြသည်မှာ ဓမ္မတာဖြစ်နေ၍ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို မတတ်ရောက်ချင်ကြပေ။ သူတို့၏ စိတ်အလိုကို မိမိက ကျော်လွန်သိရှိနေခြင်းကြောင့် အစဦးကတည်းကပင် အတန်းပညာ၊ အင်္ဂလိပ်စာ၊ ကွန်ပျုတာပညာများကို သင်ကြားခဲ့ခြင်း ဖြစ်ပေသည်။ ထိုသို့သင်ကြားခဲ့ခြင်းကြောင့်လည်း ခေတ်လူငယ်မျိုးသစ်များသည် မိမိ၏ သွန်သင်ဆုံးမမှုကို မဆန်ကျင်နိုင်ခဲ့ကြပေ။
များသောအားဖြင့် ခေတ်လူငယ်မျိုးဆက်သစ်လေးများသည် လောကီအတတ်ပညာ မတတ်မြောက်ပါက သူတို့ကို ရင်ဘောင်တန်၍ မပြောဆိုမဆက်ဆံ ဆရာမလုပ်နိုင် လျှင် သူတို့အား သွန်သင်ဆုံးမဖို့ရန် လွန်စွာခက်ခဲလှ၏။ ထိုသို့သောအကြောင်းအရာများကို ငယ်စဉ်ကတည်းက စဉ်းစားမိထားသောကြောင့် ဗုဒ္ဓစာပေကို တတ်ရုံမျှဖြင့် မလုံလောက်သေးဟု ဆုံးဖြတ်ကာ ဗုဒ္ဓစာပေကိုသင်ကြားရင်း တဘက်ကလည်း ခေတ်ပညာများကို ပင်းပန်းခံပြီး တတ်ရောက်သင်ကြားခဲ့ပေသည်။
ထို့ကြောင့် ဘာသာခြားပေါများလှသော တောင်းတန်းဒေသ၌ ဘာသာခြားများအား မိမိတို့၏ အသိပညာများကို သိရှိနားလည်းရန်အတွက် သင်ချင်လာအောင် မိမိက အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျုတာသင်တန်းနှင့်တွဲစပ်ကာ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကို သင်ကြားပေးခဲ့ခြင်းကြောင့် ခေတ်လူငယ်လေးများသည် ဘုန်းကြီးကျောင်းသို့လာ၍ အင်္ဂလိပ်စာနှင့်ကွန်ပျုတာကို သင်ချင်ကြသည့်အတွက် ရောက်လာကြပါသည်။ ထို့ကြောင့်လည်း သူတို့လေးများသည် မိမိရောနှောသင်ပေးသည့် ဗုဒ္ဓရဲ့အဆုံးအမများထဲမှ သိထိုက်သိသင့်သည့် အချက်အလက်များကိုပါ သင်ယူရခြင်းကြောင့် တောင်းတန်းဒေသမှ မျိုးဆက်သစ်များသည် လိမ်မာယဉ်ကျေးပြီး မိမိ၏ စကားကိုလည်း မြေ၀ယ်မကျ နားထောင်ခဲ့ကြပေသည်။
သူတို့လေးများ အလယ်တန်း အထက်တန်းရောက်ကြသောအခါ အဆင့်(၁) (၂)ချိတ်ဆွဲအောင် ခြေလှမ်းနေကြသည်ကို မိမိကြားသိရ၍ အတိုင်းမသိ ၀မ်းသာပီတိဖြစ်ခဲ့ရပေသည်။ မိမိ၏ခြေလှမ်းများ ရပ်တန့်ပြီး သူတို့လေးများ၏ ခြေလှမ်းများ လျှောက်လှမ်းမှု အောင်မြင်သောကြောင့် မိမိပင်းပန်းရကျိုး နပ်ပေသည်။ အမှန်တကယ် မိမိတာဝန်သည် (၂)နှစ်ပင်ဖြစ်သော်လည်း သူတို့လေးများ၏ ခြေလှမ်းများကောင်းမွန်စွာ လျှောက်လှမ်းနိုင်ရန် မိမိရှေ့ဆက်သွားမည့် ခြေလှမ်းများ မသွားသေးဘဲ (၃)နှစ် နေပေခဲ့ပါသည်။
သုံးနှစ်တိုင်တိုင် မိမိ၏ ခြေလှမ်းများအား တနိုင်းမြို့လေး၌ရှိသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပရဟိတကျောင်း၌ရှိသော ကျောင်းသူ ကျောင်းသားအတွက် လျှောက်လှမ်းပေးပြီးနောက် မိမိသင်ကြားထားသောပညာ မိမိရရှိထားသော သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) ဘွဲ့သည် မပြည့်စုံသေးဟု ခံစားမိသောကြောင့် တနိုင်းမြို့၌ရှိသော ဒါယကာ၊ ဒါယိကာမများနှင့် မိဘဆရာသမားတို့ကို သီရိလင်္ကာနိုင်ငံသို့သွားရောက်ပြီး ခြေလှမ်းတွေ ဆက်လျှောက် ချင်သေးသည်ဟု ပြောဆိုသောအခါ အားလုံးက ခွင့်ပြုကြပါသည်။
သို့သော် တနိုင်းမြို့မှ ဒါယကာ-ဒါယိကာမများသည် ကလေးငယ်များ ပညာရေးအတွက် မိမိကိုယ်ပဲ အားကိုးချင်သောကြောင့် ခွင့်မပြုချင်ကြပေ။ သို့သော်လည်း မိမိအနာဂတ်နှင့် ကလေးများ၏အနာဂတ် ဆထက်ထမ်းပိုး တိုးတက်အောင် ပညာသင်သွားခြင်းဖြစ်ကြောင်း၊ မိမိပညာသင်၍ပြန်လာလျှင် တနိုင်းမြို့လေး၌ပင် ခြေလှမ်းများ ဆက်လျှောက်မည်ဖြစ်ကြောင်း ပြောဆိုသောအခါမှသာ ဒါယကာ-ဒါယိကာမများ မျက်နှာကြည်လင် ၀မ်းသာမှုများနဲ့ မိမိပညာသင် ဆက်လျှောက်မည့် ခြေလှမ်းများကို ခွင့်ပြုပေးခဲ့ကြပါသည်။
လူသားတို့သည် လူ့ဘ၀၌ ခြေလှမ်းများလျှောက်သောအခါ စဉ်းစားရမည့် အချက်များစွာ ရှိသည့်အနက် မိမိခြေလှမ်းများသည် လမ်းမမှားရန်နှင့်ဆူးငြောင့်ခလုတ်များ မတိုက်မိရန်သထားပြီး လျှောက်လှမ်းကြရန် အထူးလိုအပ်လှပါသည်။ မိမိတို့၏ လူ့ဘ၀၌လျှောက်လှမ်းမည့် ခြေလှမ်းများ မမှားရန်အတွက် သိသင့်သိထိုက်သည့် အတတ်ပညာများကို သင်ကြားထားရမည်။ ဆူးငြောင့်ခလုတ်များ မတိုက်မိရန်အတွက် လူ့ဘ၀၌ စိတ်ညစ်စရာဒုက္ခများနဲ့ တွေ့ကြုံခံစား ရင်ဆိုင်ရသောအခါ အမှားအမှန် အကောင်းအဆိုးတို့ကို ခွဲခြမ်းစိတ်ဖြာ စဉ်းစားတတ်သော အသိဉာဏ်ဗဟုသုတများရှိအောင် လေ့လာထားရပေမည်။
မိမိခြေလှမ်းများသည် လမ်းမှားသို့မရောက်ရန်အတွက် ပထမဦးဆုံး အသိဉာဏ် ပညာများရှိထားရန် လိုအပ်သောကြောင့် လူသားတို့သည် ဗဟုသုတအတတ်ပညာများ သင်ကြားရာတွင် အတတ်ပညာဗဟုသုတ ကိုယ်ကျင့်တရားနဲ့ပြည့်စုံသော ဆရာတို့ထံ၌ သိသင့်သိထိုက် ရသင့်ရထိုက်သော အတတ်ပညာဗဟုသုတများကို မဖြစ်မနေ သင်ကြားရပါလိမ့်မည်။
ထိုသို့သင်ကြားရာတွင် လုံးလ၀ီရိယစိုက်ကာ ပျင်းရိမှု ပျော်ရွှင်ခြင်းတို့ကို ဘေးချိတ်ပြီး မိမိယခုဘ၀အတွက် နောင်ဘ၀အတွက် အများအကျိုးအတွက်တို့ကို စဉ်းစား၍ အချိန်ရှိခိုက်တွင် ကြိုးစားသင်ယူကြရပေမည်။ သို့မှသာလျှင် လူ့ဘ၀၌ လူဖြစ်ရကျိုးနပ်သော လူသားတစ်ယောက် ဖြစ်ပေလိမ့်မည်။
ရခဲလှသော လူ့ဘ၀လေး၌ရောက်ရှိနေချိန်တွင် အများကောင်းကျိုးအတွက် မလုပ်နိုင်ဘဲ အလဟဿဖြုန်းတီး၍ ကုန်ဆုံသွားမည်ဆိုလျှင် ထိုလူသည် သစ်ပင်တစ်ပင်လောက်မျှ တန်ဖိုးမရှိဘဲ ဖြစ်နေပေလိမ့်မည်။ အသုံးမကျသည့်သစ်ပင် တစ်ပင်သော်မှ လူသားတို့အတွက် ထင်းစိုက်ရန် မြေသြဇာအသုံးချရန် လုပ်ပေးသွားပါအုန်းမည်။ လူသားဖြစ်လျှက် ဒါန သီလ ဘာဝနာနှင့်အများကောင်းကျိုးကို မလုပ်ဘဲ မကောင်းမှုတို့နဲ့သာ အချိန်ကုန်သွားမည်ဆိုလျှင် မည်မျှလောက် ဆိုးရွားသော လူဖြစ်မည်ကို စဉ်းစားကြည့်လျှင် သိနိုင်ပေလိမ့်မည်။
ထို့ကြောင့်လည်း “ကုသိုလ် ဥစ္စာ ပညာ တန်ခိုး တစ်မျိုးမျိုးမှ မကျိုးမဖက် ထိုနေ့တွက် သက်သက်ဝမ်းနည်းဖွယ်”ဟု စပ်ဆိုထားသော ကဗျာလေးသည် တစ်နေ့အတွက်ပင် ဤမျှလောက်အရေးပါလျှင် လူ့ဘ၀အသက်ရှင်ကာလ၌ မည်သို့မည်ပုံ နေထိုင်ကျင့်ကြံ ပြုလုပ်သင့်သည်ကို စဉ်းစား၍ လူ့ဘ၀လေးမှာ အသုံးကျသော လူသားတစ်ယောက်ဖြစ်အောင် ကြိုးစားကျင့်ကြံနိုင်ကြပါစေလို့ ဆန္ဒပြုရင်း စာရေးသူရဲ့ ကျောင်းပိတ်ရက်အားလပ်ရက်လေးကို အများအကျိုးအတွက် “အုဠ်တစ်ချက် သဲတစ်ပွင့်”မျှလောက်သော အသိဉာဏ်လေးများရအောင် ရေးသားတင်ပြ ပေးလိုက်ရပေသည်။

No comments:
Post a Comment