Thursday, September 16, 2010

စကားပြောကြရာဝယ်

စကားပြောဆိုရာ၌ လိမ်မာပါးနပ်စွာ ပြောဆိုတတ်ရန် လိုအပ်သကဲ့သို့ တဘက်လူရဲ့စကားကို သေချာနားလည်အောင် နားထောင်ရန်လည်း လိုအပ်ပါပေသည်။ တစ်ချို့က မိမိကသာ ပြောချင်၍ တဘက်လူရဲ့စကားကို နားမထောင်ချင်တာတို့ ဆိုလိုချက်ကို ပြီးဆုံးအောင် နားမထောင်တာတို့ ရှိတတ်ကြပါတယ်။


တကယ်တော့ စကားပြောဆိုခြင်းသည် အလွန်အရေးပါ အရာရောက်သော ကဏ္ဍတစ်ခုဖြစ်သည်ကို လူတိုင်းသိနေကြသော်လည်း စကားမည်သို့မည်ပုံ ပြောဆိုရမည်ဆိုသည့် အချက်အလက်များကိုတော့ လေ့လာမှတ်သား မကျင့်ကြံကြသည်က များနေသည်ကို တွေ့ရှိရပေသည်။

စကားပြောကောင်းခြင်း၊ စကားကို ရေလည်ပတ်လည် ပြောဆိုတတ်ခြင်း၊ လိုရင်းတိုရင်းဖြစ်အောင် ပြောဆိုတတ်ခြင်းစသည့် အချက်အလက်များကို စကားပြောဆိုရာ၌ အထူးသတိထားရန် လိုအပ်လှပေသည်။ စကားပြောဆိုကောင်းလျှင် အရာရာကို အောင်မြင်သကဲ့သို့ လူချစ်လူခင်လည်း ပေါများပေသည်။ စကားပြောဆိုခြင်းနဲ့ပတ်သတ်၍ မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သော စကားပြောကောင်းခြင်း အင်္ဂါ(၆)ပါးကို တင်ပြချင်ပါသည်။ ၎င်းတို့မှာ...........

၁။ ချစ်ခင်မြတ်နိုးဖွယ် ကိုယ်အမူအရာရှိခြင်း။
၂။ ချစ်ခင်မြတ်နိုးဖွယ် နူတ်အမူအရာရှိခြင်း။
၃။ ချစ်ခင်မြတ်နိုးဖွယ် လိုက်လျှောတတ်ခြင်း။
၎။ ချစ်ခင်မြတ်နိုးဖွယ် မျှတဝေဖန်မူရှိခြင်း။
၅။ ချစ်ခင်မြတ်နိုးဖွယ် ကိုယ်ကျင့်သိက္ခာရှိခြင်း။
၆။ ချစ်ခင်မြတ်နိုးဖွယ် အသိပညာရှိခြင်းတို့ပင် ဖြစ်ပေသည်။

စကားပြောဆိုရာ၌ အဓိကထားရမည့် အချက်မှာ မိမိပြောသောစကားသည် သူတစ်ပါးအတွက် မထိခိုက် မနစ်နာ မကြမ်းတမ်းသော စကားများကိုရှောင်ပြီး ကောင်းကျိုးဖြစ်စေလိုသော မေတ္တာဓာတ်ဖြင့် ပြောဆိုဆက်ဆံမှ သာလျှင် မိမိရဲ့စကားသည် အဓိပ္ပါယ်ရှိ၍ အောင်မြင်မှုရပေလိမ့်မည်။

လူ့လောကစကားပြောကြရာတွင် တစ်ဦးနှင့်တစ်ဦး ဆွေမျိုးမောင်နှမများကဲ့သို့ သဘောထားပြီး လိမ်မာယဉ်ကျေးသော စကားလုံးများဖြင့် ပြောဆိုမှသာလျှင် လူရာဝင်သော စကားဖြစ်ပေလိမ့်မည်။ ထို့ပြင် မိမိစကားပြောဆိုမည်ဆိုလျှင် မိမိရဲ့စကားသည် မိမိပြောချင်သော အဓိပ္ပါယ်ကိုရောက်မရောက် ဆိုသည့်အချက်လည်း သတိထားရန် လိုအပ်လှပေသည်။ တစ်ချို့က ပြောချင်ဇောဖြင့် ပြောချလိုက်ရာ ဆိုလိုချင်သည်ကားတခြား ပြောလိုက်သည်ကတခြား ဖြစ်နေတတ်၍ ဒုက္ခတွေ့တတ်ပေသည်။

လူသားများသည် များသောအားဖြင့် မြတ်ဗုဒ္ဓနဲ့ပတ်သတ်သောစကား ရဟန်းသံဃာများနဲ့ ပြောဆိုသော စကားများကို မပြောမဆိုတတ် မသုံးနှုန်းတတ်သည်က များလာသည်ကို တွေ့ရသောကြောင့် ထိုအသုံးအနှုန်း များကိုလည်း တင်ပြပေးချင်ပါသည်။


မြတ်ဗုဒ္ဓရုပ်ပွားတော်အား တွေ့မြင်ရပါက သပ္ပါယ်လိုက်တာ၊ ကြည်ညိုစရာကောင်းလိုက်တာဟုသာ ပြောဆိုရပါမည်။ မြတ်ဗုဒ္ဓရုပ်ပွားတော်သည် လျောင်းတော်မူပုံ၊ ရပ်တော်မူပုံ၊ သီတင်းသုံးနေတော်မူပုံတို့ ရှိကြပါသည်။ ထိုကဲ့သို့သော ရုပ်ပွားတော်များကို တွေ့မြင်ရလျှင် သူ့နေရာနဲ့သူ သုံးနှုန်းပြောဆိုတတ်ရန် လိုအပ်ပါသည်။

ရဟန်းသံဃာတော်များနဲ့ပြောဆိုရာတွင်လည်း အရှင်ဘုရား၊ တပည့်တော်၊ တင်းပါး၊ မှန်ပါ့ဘုရား။ လျှောက်တင်ပါသည်ဘုရား။ ကြွတော်မူပါဘုရား။ ကြည်ညိုပါသည်ဘုရား။ ဆွမ်းဘုဉ်းပေးတော်မူပါဘုရား။ အလှူခံတော်မူပါဘုရား။ ဆက်ကပ်လှူဒါန်းပါသည်ဘုရား။ ဖူးမျှော်ပါသည်ဘုရားစသည့် အပြောအဆိုများကို သူ့နေရာသူ ပြောဆိုတတ်ရန် လိုအပ်ပါပေသည်။

စကားပြောမတတ်၍ ပြောတတ်သလို ပြောလျှင်ရော အပြစ်ရှိသလားလို့ မေးလာလျှင် စိတ်ထဲက ကြမ်းတမ်းမိုက်ရိုင်းလိုသော စိတ်ဆန္ဒမရှိပါက အပြစ်မရှိသော်လည်း ဗုဒ္ဓသာသနာနွယ်ဝင်များဖြစ်ပါက လူသူလေးပါးထဲတွင် ထိုသို့ပြောဆိုမှသာလျှင် မိမိတို့၏စကားသည် ယဉ်ကျေးသိမ်မွေ့သော စကားဖြစ်ပေလိမ့်မည်။

ယခုခေတ် လူငယ်လေးများသည် ရဟန်းသံဃာများနှင့် စကားပြောရမည်ကို ကြောက်သလိုလို လန့်သလိုလို ဖြစ်နေတတ်ပြီး စကားမပြောချင်ကြပေ။ ထိုသို့ ရဟန်းသံဃာများနှင့် မပြောမဆို မရင်းနှီးသောကြောင့် သူတို့လေးများ၏ သန္တာန်၌ ဗုဒ္ဓနဲ့သက်ဆိုင်သော ယဉ်ကျေးမှုအသိပညာများ ခေါင်ပါးနေကြခြင်း ဖြစ်ပေသည်။

ထို့ကြောင့် စာရေးသူက မိမိထံသို့ ဘာသာရေး၊ ပညာရေး၊ ဗဟုသုတစသော အသိပညာများ မေးမြန်းချင်၍ ရောက်လာကြသော ခေတ်လူငယ်များအား စကားမပြောတတ်လို့ဆိုပြီး စကားမပြော မမေးမြန်းဘဲနဲ့တော့ မနေပါနဲ့။ သိချင်တာကိုမေးပါ။ ဘယ်လိုပြောရမည်ဆိုတာကိုလည်း သိချင်ရင် မေးပါ။ စကားမပြောတတ်လို့ မပြောမမေးဘဲနေသွားမည်ဆိုလျှင် သင်တို့သန္တာန်မှာ ဘာသာရေးဗဟုသုတ အသိဉာဏ်များ ရရှိလာလိမ့်မည် မဟုတ်၊ ငါသည် သင်တို့အား ငါ၏မောင်နှမသားချင်းကဲ့သို့ သဘောထားသောကြောင့် အစဦး၌ ပြောတတ်သလို ပြောနိုင်ပါသည်ဟု မိန့်တော်မူပေးခဲ့သည်။

စာရေးသူကိုယ်တိုင်ကလည်း ပြည်ပ၌ ပညာသင်နေတဲ့အချိန်လေးမှာ ကိုယ်တိုင်ကိုယ်ကျ တရားမဟောနိုင်သေး၍ အွန်းလိုင်းကနေ မိမိရင်ထဲ၌ ရှိနေသည့် အသိပညာများကို အများအကျိုးရှိအောင် လုပ်ဆောင်ပေးမည်ဟု ဆုံးဖြတ်ထားသောကြောင့် တတ်နိုင်သလောက် ပို့စ်ရေးတင်၍ တတ်နိုင်သလောက် မေးမြန်းလာမှုများကို ဖြေဆိုပေးနေခြင်း ဖြစ်ပေသည်။

ဤပို့စ်ကို ရေးသားခြင်းသည် မိမိတို့၏ မြန်မာလူမျိုးများ စကားပြောဆိုခြင်းနဲ့ပတ်သတ်၍ လိမ်မာယဉ်ကျေးစေလိုသော ဆန္ဒဖြင့် ရေးသားတင်ပြလိုက်ခြင်း ဖြစ်ပေသည်။ ယခုတော့ ဤမျှနဲ့ နိဂုံးချုပ်ပါရစေ။ နောက်မှ ဆက်လက်ရေးသားတင်ပြပေးပါအုန်းမည်။

Thursday, September 9, 2010

လျှောက်မိလျှောက်ရာ ခြေလှမ်းများစွာ


သံသရာအစ တဏှာ(အ၀ိဇ္ဇာ)ကဆိုသည့်အတိုင်း တဏှာမကုန်သေးသမျှ သံသရာထဲ၌ ကျင်လည်ကြရအုန်းပေမည်။ လောလောဆယ် လူ့ဘ၀ဆိုသည့် လူ့ဘုံလေးထဲ၌ တစ်ထောက်တစ်နေရာ နားနေတဲ့အချိန်လေးမှာဖြင့် လျှောက်လှမ်းရသည့် ခြေလှမ်းတွေ မနည်းတော့ပါလား။


ကလေးဘ၀ လမ်းလျှောက်တတ်သည့် အချိန်မှစပြီး သေဆုံးမည့်အချိန်ထိ လူ့ဘ၀ လူ့ဘုံတစ်ခဏတာအချိန်လေးတွင် ခြေလှမ်းတွေ များစွာလျှောက်လှမ်းရအုန်းမည်မို့ မိမိလျှောက်လှမ်းရမည့် ခြေလှမ်းများကို ကောင်းစွာလျှောက်လှမ်းနိုင်ရန် ပြင်ဆင်ကြရပါ လိမ့်မည်။ လူ့ဘ၀လေး၌ ဤမျှလောက် ခြေလှမ်းများ လျှောက်လှမ်းနေရရင် သံသရာ တလျှောက်လုံး လျှောက်လှမ်းခဲ့ရသည့် ခြေလှမ်းတွေ ဘယ်လောက်တောင် များခဲ့မလဲ မသိဘူးနော်။

ငယ်စဉ်တောင်ကျေး ကလေးဘ၀ လမ်းလျှောက်တတ်ချိန်မှစ၍ ခြေလှမ်းများ စတင်လျှောက်လှမ်းရင်း လူသားတစ်ယောက် လုပ်ဆောင်ပြုလုပ်သင့်သည့် အများအကျိုး နှင့် လူ့လောကကို ၀င်ဆန့်နိုင်ရန် လူသားတို့တတ်မြောက်ရမည့် အတန်းပညာများ သင်ကြားရန်အတွက် ခြေလှမ်းများ မဖြစ်မနေ လျှောက်လှမ်းနေရပေမည်။

“အော်.......ဘာလိုလိုနဲ့ ခြေလှမ်းတွေ လျှောက်လာလိုက်ရတာ နားရတယ်လိုကို မရှိပါလား။ နိဗ္ဗာန်ဆိုသည့် ပန်းတိုင်ကို မရောက်သေးသမျှ ခြေလှမ်းများ ဆက်လျှောက်ရအုန်းမှာပါလား”ဟု တွေးတော်ရင်းနဲ့ အသက်(၁၈)နှစ်အရွယ်တွင် မန္တလေး၊ သာသနာ့တက္ကသိုလ်သို့ လျှောက်လှမ်းခဲ့ရပေသည်။ သာသနာ့တက္ကသိုလ် B.A degree အောင်မြင်ပြီးသောအခါ မိမိ၏ခြေလှမ်းများသည် သာသနာပြုတာဝန်ကျသော မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့လေးမြို့သို့ ဆက်ခဲ့ရပေသည်။

တနိုင်းမြို့လေးသည် ကချင်၊ ရှမ်း၊ နာဂ၊ လီဆူး၊ ဗမာတို့ စုပေါင်းနေထိုင်ကြသော မြို့လေးဖြစ်၍ သာယာသော်လည်း ပညာရေးကဏ္ဍမှာဖြင့် အတော်လေး ခေါင်ပါးနေသေး သောကြောင့် မိမိတတ်နိုင်သည့် ပညာရေးကို ဆောင်ရွက်ပေးမည်ဟု ဆုံးဖြတ်ပြီးနောက် မိမိခြေလှမ်းများကို အများအကျိုးအတွက် လျှောက်လှမ်းပေးခဲ့သည်။ မိမိတာဝန်ကျသော တောင်တန်းသာသနာပြုကျောင်းလေး၌ လူငယ်ဖွဲ့ဖြိုးရေး ပရဟိတဂေဟာနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိသဖြင့် မိမိအတွက် တန်ဖိုးရှိသော ခြေလှမ်းများ ဖြစ်လိမ့်မည်ဟု စဉ်းစားမိ၍ ၀မ်းသာပီတိဖြစ်မိပါသည်။

ပရဟိတဂေဟာ၌ လာနေကြသော မိဘဆင်းရဲသောကလေးများ၊ မိဘမဲ့သော ကလေးများကို အတန်းစုံပညာသင်ကြားပေးခဲ့သည့်အပြင် သူတို့ကိုကျွေးမွေး ပြုစုစောင့် ရှောက်ပေးခဲ့ပါသည်။ မြို့ပေါ်၌နေကြသော ငွေကြေးမတတ်နိုင်ကြသည့် ကလေးငယ်များ လည်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် လာရောက်၍ ပညာသင်ကြားကြပါသည်။ ကလေးများကို မိမိတတ်သည့် ပညာများအား အစွမ်းကုန် အချိန်ရောလူပါ ပင်ပန်းခံပြီး သင်ကြားပေးခဲ့သောကြောင့် သူတို့လေးများ၏ ခြေလှမ်းများ လှပခဲ့ပေသည်။

မိမိလူ့ဘ၀လေး၌ လူ့ဖြစ်လာတဲ့အချိန် ဗုဒ္ဓရဲ့အဆုံးအများ ရရှိနေတဲ့အချိန်ကာလလေးမှာ အများအကျိုးကို တတ်နိုင်သမျှ လုပ်ပေးမည်ဟု ဆုံးဖြတ်ကာ ကျောင်းဖွင့်၌ အတန်းပညာများကို သင်ကြားပေးခြင်း၊ ကျုရှင်များပြသပေးခြင်းများ ပြုလုပ်ပေးသည့်အပြင် နွေရာသီကျောင်းပိတ်ရက်၌ ခေတ်လူငယ်မျိုးဆက်သစ်ကလေးများအား ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့်ကွန်ပျုတာ အင်္ဂလိပ်စာတို့ကို သင်ကြားပေးခဲ့ပါသေးသည်။

ဗုဒ္ဓဘာသာမျိုးဆက်သစ်သော်လည်းကောင်း၊ အခြားဘာသာဝင် မျိုးဆက်သစ် သော်လည်းကောင်း နွေရာသီကျောင်းပိတ်ရက်၌ လွတ်လပ်ပျော်ပါးစွာနေချင်ကြသည်မှာ ဓမ္မတာဖြစ်နေ၍ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို မတတ်ရောက်ချင်ကြပေ။ သူတို့၏ စိတ်အလိုကို မိမိက ကျော်လွန်သိရှိနေခြင်းကြောင့် အစဦးကတည်းကပင် အတန်းပညာ၊ အင်္ဂလိပ်စာ၊ ကွန်ပျုတာပညာများကို သင်ကြားခဲ့ခြင်း ဖြစ်ပေသည်။ ထိုသို့သင်ကြားခဲ့ခြင်းကြောင့်လည်း ခေတ်လူငယ်မျိုးသစ်များသည် မိမိ၏ သွန်သင်ဆုံးမမှုကို မဆန်ကျင်နိုင်ခဲ့ကြပေ။

များသောအားဖြင့် ခေတ်လူငယ်မျိုးဆက်သစ်လေးများသည် လောကီအတတ်ပညာ မတတ်မြောက်ပါက သူတို့ကို ရင်ဘောင်တန်၍ မပြောဆိုမဆက်ဆံ ဆရာမလုပ်နိုင် လျှင် သူတို့အား သွန်သင်ဆုံးမဖို့ရန် လွန်စွာခက်ခဲလှ၏။ ထိုသို့သောအကြောင်းအရာများကို ငယ်စဉ်ကတည်းက စဉ်းစားမိထားသောကြောင့် ဗုဒ္ဓစာပေကို တတ်ရုံမျှဖြင့် မလုံလောက်သေးဟု ဆုံးဖြတ်ကာ ဗုဒ္ဓစာပေကိုသင်ကြားရင်း တဘက်ကလည်း ခေတ်ပညာများကို ပင်းပန်းခံပြီး တတ်ရောက်သင်ကြားခဲ့ပေသည်။

ထို့ကြောင့် ဘာသာခြားပေါများလှသော တောင်းတန်းဒေသ၌ ဘာသာခြားများအား မိမိတို့၏ အသိပညာများကို သိရှိနားလည်းရန်အတွက် သင်ချင်လာအောင် မိမိက အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျုတာသင်တန်းနှင့်တွဲစပ်ကာ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကို သင်ကြားပေးခဲ့ခြင်းကြောင့် ခေတ်လူငယ်လေးများသည် ဘုန်းကြီးကျောင်းသို့လာ၍ အင်္ဂလိပ်စာနှင့်ကွန်ပျုတာကို သင်ချင်ကြသည့်အတွက် ရောက်လာကြပါသည်။ ထို့ကြောင့်လည်း သူတို့လေးများသည် မိမိရောနှောသင်ပေးသည့် ဗုဒ္ဓရဲ့အဆုံးအမများထဲမှ သိထိုက်သိသင့်သည့် အချက်အလက်များကိုပါ သင်ယူရခြင်းကြောင့် တောင်းတန်းဒေသမှ မျိုးဆက်သစ်များသည် လိမ်မာယဉ်ကျေးပြီး မိမိ၏ စကားကိုလည်း မြေ၀ယ်မကျ နားထောင်ခဲ့ကြပေသည်။

သူတို့လေးများ အလယ်တန်း အထက်တန်းရောက်ကြသောအခါ အဆင့်(၁) (၂)ချိတ်ဆွဲအောင် ခြေလှမ်းနေကြသည်ကို မိမိကြားသိရ၍ အတိုင်းမသိ ၀မ်းသာပီတိဖြစ်ခဲ့ရပေသည်။ မိမိ၏ခြေလှမ်းများ ရပ်တန့်ပြီး သူတို့လေးများ၏ ခြေလှမ်းများ လျှောက်လှမ်းမှု အောင်မြင်သောကြောင့် မိမိပင်းပန်းရကျိုး နပ်ပေသည်။ အမှန်တကယ် မိမိတာဝန်သည် (၂)နှစ်ပင်ဖြစ်သော်လည်း သူတို့လေးများ၏ ခြေလှမ်းများကောင်းမွန်စွာ လျှောက်လှမ်းနိုင်ရန် မိမိရှေ့ဆက်သွားမည့် ခြေလှမ်းများ မသွားသေးဘဲ (၃)နှစ် နေပေခဲ့ပါသည်။

သုံးနှစ်တိုင်တိုင် မိမိ၏ ခြေလှမ်းများအား တနိုင်းမြို့လေး၌ရှိသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပရဟိတကျောင်း၌ရှိသော ကျောင်းသူ ကျောင်းသားအတွက် လျှောက်လှမ်းပေးပြီးနောက် မိမိသင်ကြားထားသောပညာ မိမိရရှိထားသော သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) ဘွဲ့သည် မပြည့်စုံသေးဟု ခံစားမိသောကြောင့် တနိုင်းမြို့၌ရှိသော ဒါယကာ၊ ဒါယိကာမများနှင့် မိဘဆရာသမားတို့ကို သီရိလင်္ကာနိုင်ငံသို့သွားရောက်ပြီး ခြေလှမ်းတွေ ဆက်လျှောက် ချင်သေးသည်ဟု ပြောဆိုသောအခါ အားလုံးက ခွင့်ပြုကြပါသည်။

သို့သော် တနိုင်းမြို့မှ ဒါယကာ-ဒါယိကာမများသည် ကလေးငယ်များ ပညာရေးအတွက် မိမိကိုယ်ပဲ အားကိုးချင်သောကြောင့် ခွင့်မပြုချင်ကြပေ။ သို့သော်လည်း မိမိအနာဂတ်နှင့် ကလေးများ၏အနာဂတ် ဆထက်ထမ်းပိုး တိုးတက်အောင် ပညာသင်သွားခြင်းဖြစ်ကြောင်း၊ မိမိပညာသင်၍ပြန်လာလျှင် တနိုင်းမြို့လေး၌ပင် ခြေလှမ်းများ ဆက်လျှောက်မည်ဖြစ်ကြောင်း ပြောဆိုသောအခါမှသာ ဒါယကာ-ဒါယိကာမများ မျက်နှာကြည်လင် ၀မ်းသာမှုများနဲ့ မိမိပညာသင် ဆက်လျှောက်မည့် ခြေလှမ်းများကို ခွင့်ပြုပေးခဲ့ကြပါသည်။

လူသားတို့သည် လူ့ဘ၀၌ ခြေလှမ်းများလျှောက်သောအခါ စဉ်းစားရမည့် အချက်များစွာ ရှိသည့်အနက် မိမိခြေလှမ်းများသည် လမ်းမမှားရန်နှင့်ဆူးငြောင့်ခလုတ်များ မတိုက်မိရန်သထားပြီး လျှောက်လှမ်းကြရန် အထူးလိုအပ်လှပါသည်။ မိမိတို့၏ လူ့ဘ၀၌လျှောက်လှမ်းမည့် ခြေလှမ်းများ မမှားရန်အတွက် သိသင့်သိထိုက်သည့် အတတ်ပညာများကို သင်ကြားထားရမည်။ ဆူးငြောင့်ခလုတ်များ မတိုက်မိရန်အတွက် လူ့ဘ၀၌ စိတ်ညစ်စရာဒုက္ခများနဲ့ တွေ့ကြုံခံစား ရင်ဆိုင်ရသောအခါ အမှားအမှန် အကောင်းအဆိုးတို့ကို ခွဲခြမ်းစိတ်ဖြာ စဉ်းစားတတ်သော အသိဉာဏ်ဗဟုသုတများရှိအောင် လေ့လာထားရပေမည်။

မိမိခြေလှမ်းများသည် လမ်းမှားသို့မရောက်ရန်အတွက် ပထမဦးဆုံး အသိဉာဏ် ပညာများရှိထားရန် လိုအပ်သောကြောင့် လူသားတို့သည် ဗဟုသုတအတတ်ပညာများ သင်ကြားရာတွင် အတတ်ပညာဗဟုသုတ ကိုယ်ကျင့်တရားနဲ့ပြည့်စုံသော ဆရာတို့ထံ၌ သိသင့်သိထိုက် ရသင့်ရထိုက်သော အတတ်ပညာဗဟုသုတများကို မဖြစ်မနေ သင်ကြားရပါလိမ့်မည်။

ထိုသို့သင်ကြားရာတွင် လုံးလ၀ီရိယစိုက်ကာ ပျင်းရိမှု ပျော်ရွှင်ခြင်းတို့ကို ဘေးချိတ်ပြီး မိမိယခုဘ၀အတွက် နောင်ဘ၀အတွက် အများအကျိုးအတွက်တို့ကို စဉ်းစား၍ အချိန်ရှိခိုက်တွင် ကြိုးစားသင်ယူကြရပေမည်။ သို့မှသာလျှင် လူ့ဘ၀၌ လူဖြစ်ရကျိုးနပ်သော လူသားတစ်ယောက် ဖြစ်ပေလိမ့်မည်။

ရခဲလှသော လူ့ဘ၀လေး၌ရောက်ရှိနေချိန်တွင် အများကောင်းကျိုးအတွက် မလုပ်နိုင်ဘဲ အလဟဿဖြုန်းတီး၍ ကုန်ဆုံသွားမည်ဆိုလျှင် ထိုလူသည် သစ်ပင်တစ်ပင်လောက်မျှ တန်ဖိုးမရှိဘဲ ဖြစ်နေပေလိမ့်မည်။ အသုံးမကျသည့်သစ်ပင် တစ်ပင်သော်မှ လူသားတို့အတွက် ထင်းစိုက်ရန် မြေသြဇာအသုံးချရန် လုပ်ပေးသွားပါအုန်းမည်။ လူသားဖြစ်လျှက် ဒါန သီလ ဘာဝနာနှင့်အများကောင်းကျိုးကို မလုပ်ဘဲ မကောင်းမှုတို့နဲ့သာ အချိန်ကုန်သွားမည်ဆိုလျှင် မည်မျှလောက် ဆိုးရွားသော လူဖြစ်မည်ကို စဉ်းစားကြည့်လျှင် သိနိုင်ပေလိမ့်မည်။

ထို့ကြောင့်လည်း “ကုသိုလ် ဥစ္စာ ပညာ တန်ခိုး တစ်မျိုးမျိုးမှ မကျိုးမဖက် ထိုနေ့တွက် သက်သက်ဝမ်းနည်းဖွယ်”ဟု စပ်ဆိုထားသော ကဗျာလေးသည် တစ်နေ့အတွက်ပင် ဤမျှလောက်အရေးပါလျှင် လူ့ဘ၀အသက်ရှင်ကာလ၌ မည်သို့မည်ပုံ နေထိုင်ကျင့်ကြံ ပြုလုပ်သင့်သည်ကို စဉ်းစား၍ လူ့ဘ၀လေးမှာ အသုံးကျသော လူသားတစ်ယောက်ဖြစ်အောင် ကြိုးစားကျင့်ကြံနိုင်ကြပါစေလို့ ဆန္ဒပြုရင်း စာရေးသူရဲ့ ကျောင်းပိတ်ရက်အားလပ်ရက်လေးကို အများအကျိုးအတွက် “အုဠ်တစ်ချက် သဲတစ်ပွင့်”မျှလောက်သော အသိဉာဏ်လေးများရအောင် ရေးသားတင်ပြ ပေးလိုက်ရပေသည်။

Friday, September 3, 2010

သီရိလင်္ကာနှင့် Sunday School


စာရေးသူမှတ်တမ်းတင်ထားသော Sunday School ကျောင်းသူ ကျောင်းသားများ၏ပုံရိပ်များ





ဗုဒ္ဓဘာသာနိုင်ငံများတွင် သီရိလင်္ကာနိုင်ငံ၏ ဘာသာတရားသိမ်းသွင်းမှု အားသာချက် တစ်ခုရှိပါသည်။ ၎င်းမှာ Sunday School ဖွင့်လှစ်ပြီး သင်ပေးခြင်း ဖြစ်ပါသည်။


သီရိလင်္ကာနိုင်ငံ၌ရှိသော ကျောင်းသူကျောင်းသားများသည် Sunday School ကို တနင်္ဂနွေနေ့တိုင်း ဘုန်းတော်ကြီးကျောင်းများတွင် မူကြိုးတန်းအရွယ်မှစ၍ တက္ကသိုလ်ပြီးသည်အထိ သွားရောက်သင်ကြားရပါ သည်။ ဤနိုင်ငံမှကျောင်းသူ ကျောင်းသားများသည် စနေနေ့တစ်ရက်သာ အားလပ်ရက် ရှိပါသည်။

ရုံးဝန်ထမ်းအလုပ်ကို လုပ်ကိုင်မည်ဆိုလျှင် လောကီအတန်းပညာများ မည်မျှပင် တတ်မြောက်စေကာမှု Sunday School မှ အဆင့်မြင့်အောင်လက်မှတ် ရရှိမထားပါက အဆင့်မြင့်သောရာထူးကို မရရှိပါ။ ထိုကဲ့သို့ အစိုးရနှင့်ပြည်သူများ၏ သတ်မှတ်ထားသော စည်းစနစ်ကြောင့် ကျောင်းသားကျောင်းသူများသည် Sunday School ကို နှစ်စဉ်သတ်မှတ်ထားသော အတန်းများပြီးသည်အထိ အတန်းလိုက် မဖြစ်မနေ သင်ကြားလေ့လာ ရပါသည်။

ကုမ္ပဏီ၊ ရုံးစသည်တို့ကို အလုပ်လုပ်ဖို့ လျှောက်လွှာတင်သွင်းရာတွင် Sunday School အောင်လက်မှတ်ပါ ပြသရပါသည်။ ထို့ပြင် အင်တာဗျူးဖြေဆိုရာ၌လည်း ဘာသာရေးနဲ့ ပတ်သတ်သော အချက်အလက်တို့ကို မေးမြန်းပါသည်။ Sunday School အောင်လက်မှတ်လည်းပါမှ ဘာသာရေးဗဟုသုတအသိဉာဏ်လည်း ရှိမှသာလျှင် ရာထူးကောင်းများကို ပေးပါသည်။ အစိုးရလုပ်ငန်းအရာရှိများခန့်ရာ၌လည်း Sunday School အောင်မြင်ထားမှသာ အဆင့်မြင့်ရာထူး ရရှိသည်ကိုတွေ့ရပါသည်။

ထိုကဲ့သို့ ကလေးဘဝကတည်းက ဘာသာရေး သိမ်းသွင်းပေးထားမှုကြောင့် ကလေးလူကြီးမရွေး ဘာသာရေးနဲ့ပတ်သတ်သမျှကို သိနားလည်ကြ၍ ဂုဏ်ယူစရာကောင်းလှပါသည်။ စာရေးသူတို့ နိုင်ငံမှာ ယခုခေတ်လူငယ်တွေ အတော်များများသည် ဘုန်းကြီးရဟန်းတော်များနဲ့ စကားမပြော တတ်ကြသည်က များနေသည်ကို တွေ့ရပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဘာသာတရားအသိဉာဏ် နည်းပါးမှု၊ ဘာသာတရားနဲ့ဝေးကွာမှု၊ ဘာသာတရားများကို သင်ကြားလေ့လာ စိတ်ဝင်စားမှု မရှိခြင်းတို့ကြောင့်ပင် ဖြစ်ပေသည်။ ဒီလိုဖြစ်နေခြင်းသည် စာရေးသူတို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများ အတွက် အလွန်အင်မတန် ၀မ်းနည်းစရာ ကောင်းလှပါတယ်။

အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာလူမျိုးများသည် အယဉ်ကျေးဆုံးသောနိုင်ငံဖြစ်သည်ဟု ကမ္ဘာကထင်မှတ်နေသော်လည်း တကယ်တမ်း လက်တွေ့ ကျကျ လေ့လာကြည့်သောပုဂ္ဂိုလ်များနဲ့ ထိပ်တိုက်တွေ့ကြုံလာသောအခါ ယဉ်ကျေးမှုပြကွက်များ မတွေ့ရလျှင် မည်မျှလောက် ၀မ်းနည်းကြေကွဲဖွယ် ကောင်းမလဲနော်။ မြန်မာလူမျိုးများ၏ ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာ၏ အဆုံးအမအောက်မှာ တည်ရှိသောကြောင့် ဘာသာတရား အသိဉာဏ်မရှိလေ ယဉ်ကျေးမှုမဲ့လေ ဖြစ်နေပါလိမ့်မည်။

ယခုခေတ်နောင်ပိုင်း မြန်မာလူမျိုးများသည် ဘုန်းတော်ကြီးကျောင်းများ ပညာသင်သော အစဉ်အလာပျောက်ပျက်သွားသည်နဲ့ တဖြည်းဖြည်း ဘာသာရေးအသိဉာဏ် မဲ့သွားကြသည်ကို တွေ့မြင်နေရပါသည်။ ထို့ကြောင့် ရဟန်းငယ်များသည် ခေတ်နဲ့လျော်ညီသော ပညာများဖြင့် ဘာသာတရားကို သင်ပြပေးနိုင်ရန် ကြိုးစားနေရခြင်း ဖြစ်ပါသည်။ ဘုန်တော်ကြီးကျောင်းများက လူငယ်တွေလိုချင်သည့် ခေတ်ပညာများ သင်ပေးနိုင်မှသာ စာရေးသူတို့ မြန်မာနိုင်ငံသည် မြန်မာယဉ်ကျေးမှုများနှင့် ဘာသာရေးအသိဉာဏ်များ အရာရာကို စဉ်းစားဆင်ခြင်လုပ်ကိုင်နိုင် သော အရည်အချင်းများ တိုးတတ်လာပါ လိမ့်မည်။ သို့သော် ထိုခေတ်ပညာများ သင်ကြား ပေးနိုင်မည့် ရဟန်းတော်များကို ထောက်ပံ့ကူညီ အားပေးရန်မှာတော့ ဗုဒ္ဓဘာသာမြန်မာလူမျိုး တိုင်းတွင် တာဝန်ရှိနေပါသေးသည်။

တာဝန်ရှိသည်ဆိုသည်မှာ မိဘဆွေမျိုးများက မိမိတို့၏ နောက်အနာဂတ်ဖူးပွင့်လာ မည့် ရင်သွေးငယ်များအား ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ပညာများ သင်ယူနိုင်ရန် တိုက်တွန်းနှိုးဆော်ပေးရန်နှင့် လိုအပ်သောထောက်ပံ့မှုများ ပြုလုပ်ပေးရန်ပင် ဖြစ်ပါသည်။

သီရိလင်္ကာနိုင်ငံရှိသော ကလေးလူငယ်များသည် ငယ်စဉ်ကထဲက ဘာသာရေး အသိအမြင်တွေ ရှိနေကြသည့်အတွက် လူတိုင်းလိုလို ဒေါသနည်းကြပြီး ရောင့်ရဲလွယ်ကြသည့် အချက်များသည် စာရေးသူတို့နိုင်ငံနဲ့ အတော်လေးကွာနေသည်ကို တွေ့ရှိရပါသည်။

ဥပမာ-စာရေးသူတို့နိုင်ငံမှ ကားသမားတွေဆိုပါတော့ (ဥပမာတင်ပြတာပါ၊ ကားသမားတွေသာ မဟုတ်ပါ၊ နေရာတိုင်းတွင်စဉ်းစားကြည့်လျှင် သိမြင်ပါလိမ့်မည်၊ စာရေးသူက ကားသမားပဲ အမြင်နေတာမဟုတ်ပါဘူး။ အားလုံးကို သူနေရာသူ အတုယူဖွယ်လေးတွေကို အတုယူဖို့ ရေးသားတင်ပြပေးတာပါ၊ ဤနိုင်ငံကို အထင်ကြီးတာမဟုတ်သလို စာရေးသူတို့နိုင်ငံကိုလည်း အထင်သေးခြင်းမျိုးမဟုတ်ပါ။ ဒီထက်မက တိုးတတ်အောင် အတုယူသင့်သည့်အချက်များကို မီးမောင်းထိုးပြခြင်းသာ ဖြစ်ပေသည်။) လမ်းပေါ်မှာ ဟွန်းတီးလို့ မရှောင်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ သေချင်လို့လား လူ့ပြည်မနေချင်တော့ဘူးလား၊ မုဆိုးမ၊ တစ်ခုလတ်ဖြစ်ချင်လို့လား၊ ယောက်ျား, မိန်းမ မရချင်တော့ဘူးထင်တယ်၊ ဘာညာစသည်ဖြင့် ပြောဆိုကြ ဆဲရေးကြသော်လည်း ဤနိုင်ငံမှ ကားသမားများကျတော့ လူကူးနေတာမြင်ရင် ကားကိုသေချာရပ်ပေးတယ်။ ကားချင်းထိပ်တိုက် ပွတ်မိ တိုက်မိရင်လဲ အပြုံးမပျက်ဘဲ ကိုယ့်ခရီးကို သင့်သလို ဆက်မောင်းသွားကြပါသည်။

ဤနိုင်ငံ၏ ကားလမ်းများသည် အင်မတန်ကျဉ်းမြောင်သော်လည်း သူတို့၏ စိတ်ထားနဲ့တော့ ကိုက်ညီမှုရှိနေပါသည်။ ယာဉ်အချင်းချင်း စိတ်ရှည်စွာဖြင့် တစ်စီးကိုတစ်စီး စောင့်ဆိုင်း၍ မောင်းနှင် ပေးကြသည်ကို မြင်တွေ့ရပါသည်။ စာရေးသူတို့ မြန်မာနိုင်ငံမှ လူမျိုးများ ဤနိုင်ငံလောက် လမ်းကျဉ်းမည်ဆိုလျှင် ဘယ်လောက်များ ဆဲရေးတိုင်ထွာမှုတွေ ယာဉ်တိုက်မှုတွေ ဖြစ်နေမလဲ မသိဘူးနော်။

စာရေးသူက ကျောင်းကို ဘတ်(စ်)ကားနဲ့သွားလာရတဲ့အခါ မိမိတို့ရဟန်းသံဃာများကို ကားရှေ့ခန်းမှာ စီးခိုင်းတာဆိုတော့ ပို၍သတိပြုမိပါတယ်။ တစ်ခါတွင် ကားသမားကို ခင်ဗျာတို့ အချင်းချင်း ဒီလိုဖြစ်နေတာတွေကို စိတ်မတိုဘူးလားလို့မေးကြည့်ရာတွင် သူကပြောတယ် (no problem) ကိစ္စမရှိပါဘူးတဲ့၊ (It is always happen. But we aren't angry someone.)မိမိလဲ အတော်လေကိုး အံသြသွားမိတယ်၊ သီရိလင်္ကာမှ ကားအများစုသည် ကားနောက်ပိုင်းတွေမှာ အပိန်အရှုံ့တွေကသာ များနေတာ ဒါ့ကြောင်းကိုးလို့ စာရေးသူလဲ သတိထားမိခဲ့ပါတယ်လေ။ “နွားသိုးမှန်ရင် ဂျိုရာ မကင်းဘူးဆိုသလိုပါပဲ ဒါဟာ ဒေါသနည်းလို့ လုပ်နိုင်ကြတာပဲ”ဟု စိတ်ထဲမှာ တွေးတောရင်း စာရေးသူ၏ ဆောင်းပါးကို နိဂုံးချုပ်ပါရစေ။ စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး အများအကျိုးကို နေ့စဉ်လုပ်ဆောင်နိုင်ပါစေလို့ မေတ္တာပို့ ဆန္ဒပြုလျက်................


အရှင်ကောမလ(Sanninaymin@gmail.com)
သာသနတက္ကသီလဓမ္မာစရိယ
B.A (Buddhism)
M.A (university of Kelaniya)
Colombo, Sri lanka.



Saturday, August 28, 2010

မြတ်ဗုဒ္ဓစွယ်တော်

၂၄.၀၈.၂၀၁၀ ရက်နေ့တွင် စာရေးသူတို့ သူငယ်ချင်းတစ်စု သီရိလင်္ကာနိုင်ငံ မြတ်ဗုဒ္ဓစွယ်တော်တည်ရှိရာ ကန်ဒီမြို့သို့ ညနေ(၂)နာရီခွဲတွင် သွားရောက်ခဲ့ကြပါသည်။ စာရေးသူတို့ သီတင်းသုံးရာ မြို့တော်ကိုလံဘိုမှ ကန်ဒီသို့ ကားဖြင့်သွားလျှင် (၂)နာရီကျော် ကားစီးရပါသည်။ ကန်ဒီမြို့သည် မြန်မာပြည်က ပြင်ဦးလွင်မြို့လေးနဲ့ ရာသီဥတုတူသကဲ့သို့ လမ်းကြောကွေ့ကောက်မှုမှာလည်း တူနေသည်ကို တွေ့ရပါသည်။ သို့သော် ကန်ဒီမြို့သို့သွားသော ကားလမ်းသည် လမ်းကောင်းမွန်ခြင်း၊ လမ်းဖောက်ထားသည်မှာ စည်းစနစ်ကျခြင်းတို့ကြောင့် ကားမောင်းရသည်မှာ လွယ်ကူးချောမွေ့ပါသည်။ ကန်ဒီမြို့သည် ပြင်ဦးလွင်မြို့ကဲ့သို့ တောင်ပေါ်၌ တည်ဆောက်ထားသော မြို့တော်လေးဖြစ်ပါသည်။



ကန်ဒီမြို့လေးကို ရောက်တယ်ဆိုလျှင်ပဲ စာရေးသူတို့အဖွဲ့သည် ကားရပ်နားရမည့်နေရာတွင် ကားကိုရပ်ခဲ့ပြီး မြတ်ဗုဒ္ဓစွယ်တော်လှည့်လည်ပူဇော်ခံမည့် စွယ်တော်တိုက်ထားရာ ကားလမ်းဘေးနား ပတ်ဝန်းကျင်သို့ သွားရောက်ခဲ့ကြပါသည်။ မြတ်ဗုဒ္ဓစွယ်တော်တိုက်သည် စာရေးသူတို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရယူရန် ဗိုလ်ချုပ်တို့ လက်မှတ်ထိုးသော ကန်ဒီအဆောက်အဦးကြီး၏ အနီးနားပင် တည်ရှိပါသည်။ ဗိုလ်ချုပ်တို့ လက်မှတ်ထိုးခဲ့သော အဆောက်အဦးသည် ယခုအခါမှာတော့ နိုင်ငံခြားသားများ တည်းခိုးရာ အဆောက်အဦးဖြစ်နေပေသည်။ စာရေးသူတို့လည်း ထိုကန်ဒီအဆောက်အဦးကြီးနားတွင် နေရာရ၍ ထိုနေရာမှပင် ကြည့်ရူ့၍ မှတ်တမ်းတင်ဓာတ်ပုံများကို ဗုဒ္ဓဘာသာလူမျိုးများ ဖူးတွေ့ရန်အတွက် လူကြားတိုးဝှေ့ပြီး မှတ်တမ်းတင်များကို မရမက ရိုက်ကူးခဲ့ရပေသည်။


သီရိလင်္ကာပြည်သူများသည် နှစ်စဉ် သြဂုတ်လတွင် မြတ်ဗုဒ္ဓစွယ်တော်ဓာတ်အား ပူဇော်သောအနေဖြင့် စွယ်တော်ကို ရတနာတွေနဲ့အလှဆင်ထားသော ဆင်အကောင်(၁၀၀)ခန့်နှင့် သီရိလင်္ကာနိုင်ငံ၏ ရိုးရာတေးဂီတ အကပဒေသာ အနုပညာများဖြင့် စီတန်းလှည့်လည်ပူဇော်ပွဲကို (၇)ရက်ကျော် လှည့်လည်ပူဇော်ခံကြပါသည်။


ထိုပူဇော်ပွဲသည် သီရိလင်္ကာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ဘာသာရေးပွဲဖြစ်သကဲ့သို့ အာရှရဲ့စိတ်ဝင်စားဖွယ်အကောင်းဆုံး ဘာသာရေးဆိုင်ရာ အလှပြ စီတန်း လှည့်လည်ပူဇော်ပွဲ တစ်ခုအနေနဲ့လည်း ထင်ရှားကျော်ကြားသော ပွဲတော်တစ်ခု ဖြစ်ပါသည်။ စာရေးသူတွေ့မြင်ဖူးသမျှထဲမှာတော့ ဤစွယ်တော်ပူဇော်ပွဲသည် အလှပဆုံး၊ အစည်းကားဆုံး၊ ကြည့်ရူ့စိတ်ချမ်းသာဖွယ်အကောင်းဆုံးနှင့် အံ့သြပီတိဖြစ်စရာအကောင်းဆုံးသော ပွဲတော်တစ်ခုဟု ခံစားမိပါသည်။


ညအချိန်တွင် ရောင်စုံမီးများဖြင့် လှလှပပ အနုပညာလက်ရာမြောက်များစွာ အလှဆင်ထားသော စွယ်တော်တိုက်နှင့် ကန်ဒီမြို့ရှိ လမ်းများ၊ အဆောက်အဦးများသည် နတ်ဘုံနတ်နန်းအလား ထင်မှတ်စရာကောင်းလှအောင် လှပနေသည်ကိုလည်း တွေ့မြင်ရ၍ စိတ်ချမ်းမြေ့ခဲ့ရပါသည်။


မြတ်ဗုဒ္ဓ၏ စွယ်တော်ဓာတ်ကို ယခုကဲ့သို့ ဂုဏ်ပြုအလေးထားပူဇော်မှုပြုလုပ်ခြင်းသည် မြတ်ဗုဒ္ဓကို အမှန်တကယ်ယုံကြည်ခြင်းဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာကိုလည်း လက်တွေ့ပြခြင်းဖြစ်သောကြောင့် စာရေးသူတော့ ဗုဒ္ဓဘာသာကိုချီးမြှောက်သော ဒီပွဲတော်လေးကို အမြဲမှတ်ရနေမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ယခုကျင်းပသော ပွဲတော်လေးကိုကြည့်၍ စာရေးသူရဲ့စိတ်ထဲမှာ ဗုဒ္ဓဘာသာအတွက် ဂုဏ်ယူမိပါသည်။ အဘယ့်ကြောင့်ဆိုသော် ယခုပွဲတော်ကို မြင်တွေ့ရသော ဘာသာခြားများ၏ စိတ်သန္တာန်တွင် ဗုဒ္ဓဘာသာလူမျိုးများသည် သူတို့ဘာသာကို အလွန်တန်ဖိုးထားကြပါသည်လားဟု ဘာသာခြားတို့၏ စိတ်ထဲ၌ ထူးခြားမှုဖြစ်နေမည်မှာ သေချာသောကြောင့် ဗုဒ္ဓဘာသာအတွက် ဂုဏ်ယူထိုက်သော ပွဲတော်လေးလည်း ဖြစ်နေသည်မှာ မလွဲဧကန် အမှန်ပင်ဖြစ်ပါသည်။


မြတ်ဗုဒ္ဓစွယ်တော်ဓာတ်သည် မြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် စွယ်တော်ဓာတ် လေးဆူကြွင်းကျန်ခဲ့ရာ တစ်ဆူမှာ ယခုပွဲတော်ကျင်းပ၍ ပူဇော်နေသော ကန်ဒီမြို့ရှိ စွယ်တော်တစ်ခုဖြစ်ပြီး၊ အခြားသုံးဆူမှာ တရုတ်ပြည်၌ တစ်ဆူ၊ နတ်ပြည်၌တစ်ဆူ၊ နဂါးပြည်၌တစ်ဆူ ရှိနေပါသည်။

ယခုသီရိလင်္ကာ၌ရှိနေသော စွယ်တော်ဓာတ်သည် မြတ်ဗုဒ္ဓ၏ စွယ်တော်အစစ်ဖြစ်၍ သီရိလင်္ကာဗုဒ္ဓဘာသာဝင်များသည် စွယ်တော်ကို သူတို့၏အသက်ကဲ့သို့ လေးစားယုံကြည် တန်ဖိုးထားကြသောကြောင့် အိမ်တိုင်းတွင် မည်သည့်အလှူပြုလုပ်သည်ဖြစ်စေ စွယ်တော်ပွားကို ပင့်ဆောင်ပြီး ကိုးကွယ်ထားကြပါသည်။ ထိုနည်းတူစွာ စွယ်တော်ကဲ့သို့ တန်ဖိုးထားသောအရာတစ်ခုမှာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ မြတ်စွာဘုရားရှင် သဗ္ဗညုတရွှေဉာဏ်တော် ရရှိတော်မူခဲ့သည့် မူရင်းဗောဓိပင်မှ ပင့်ဆောင်ခဲ့သော သီရိမဟာဗောဓိပင် ဖြစ်ပါသည်။ သီရိလင်္ကာပြည်သူများသည် ဗောဓိပင်ကိုလည်း တန်ဖိုးထားကြသောကြောင့် နေ့စဉ်ညနေချမ်းအချိန်တွင် ဗောဓိပင်များသို့ ဆီးမီးအမွှေးတိုင်များဖြင့် ထွန်းညှိပူဇော်ကြပါသည်။


ထိုပူဇော်ပွဲတွင် မြန်မာပြည်ကဲ့သို့ ပွဲလမ်းသဘင်များဖြင့် ပူဇော်ခြင်းမျိုး မလုပ်ကြဘဲ မိမိတို့ရိုးးရာ အကများနဲ့ လှည့်လည်ပူဇော်ကြသည်ကို တွေ့ရပါသည်။ ဤပွဲတော်တွင် သီရိလင်္ကာပြည်သူလူထုနှင့်အစိုးရ၏ စည်းလုံးညီညွတ်မှု၊ ဘာသာရေးစိတ်ဓာတ် လေးစားမှုတို့ကို တွေ့ခဲ့ရပေသည်။ သီရိလင်္ကာပြည်သူများသည် ပွဲတော်အတွက် မြန်မာပြည်ကဲ့သို့ ပွဲလမ်းသဘင် ငှါးရမ်းခ၊ စားသောက်စရိတ်ကုန်ကျမှု၊ ပွဲတော်အတွင်း ရောင်းသော ပစ္စည်းများ ၀ယ်ယူမှုအတွက် ကုန်ကျမှုစရိတ်များ မရှိပေ။ သီရိလင်္ကာအစိုးရသည် ပွဲတော်အတွက် ပြည်သူများထံမှ ပိုက်ဆံကောက်ယူစရာမလိုဘဲ ကမ္ဘာလှည့်ခရီးသည်များထံမှ ရသောငွေများဖြင့်ပင် ပွဲတော်အတွက်ကုန်ကျစရိတ် လုံလောက်မှုရှိပါလိမ့်မည်။ စွယ်တော်လှည့်လည်ပူဇော်ခံကျင်းပသည့် ရက်များတွင် တည်းခိုးခန်းများသည် အရင်ထက်(၂)ဆတိုး၍ ဈေးနှုန်းများထားသော်လည်း နိုင်ငံတကာမှ ဧည့်သည်များ လာရောက်မှုသည် တည်းခိုးခန်းမလောက်အောင် များပြားသည်ကို တွေ့ရှိခဲ့ရပေသည်။ သူတို့ရိုးရာအကများနဲ့ ပူဇော်ပုံ ပူဇော်နည်းများကို ဓာတ်ပုံများဖြင့် တင်ပြပေးပါမည်။ သူတို့မှတ်တမ်းတင်ထားသော ဗွီဒီယိုကိုလည်း စာရေးသူဝယ်ဖြစ်လျှင် တင်ပြပေးပါအုန်းမည်။


စာရေးသူမှတ်မိသလောက် တင်ပြရမည်ဆိုလျှင် စွယ်တော်လှည့်လည်မည့် ကားလမ်းကို ရေများဖြင့် သန့်စင်အောင် ဆေးကြောထားပြီး ပထမရှေ့ဆုံးမှ လမ်းရှင်းရန်နှင့် အချက်ပြအဖြစ် တစ်ယောက်သုံးပေခန့်အကွာ၌ လူတစ်ယောက်စီက ကြိုးကျစ်များဖြင့် “ဖြောက်....ဖြောက်နဲ့မြည်းအောင် လမ်းကိုရိုက်ယမ်း၍ သွားကြပါသည်။


ဒုတိယမြောက် ထွက်ပေါ်လာကြသော အလှအပများမှာ ဆင်စီးသူကို ရှေ့မှတစ်ဖွဲ့ နောက်မှတစ်ဖွဲ့လူစုတို့က မီးပန်းအလှများဖြင့် ရိုးရာအက ကလျက်သွားကြပါသည်။ ထိုကသူများကို နားဘေးမှမီးတုတ်ကြီးများကိုင်၍ မီးပြသူများကလည်း လိုက်ပါပေးကြသည်။ ဆင်စီးသူများက သာသနာ့အလံကို ကိုင်ဆောင်၍သော်လည်းကောင်း၊ စေတီများကို ပူဇော်၍လည်းကောင်း လိုက်ပါကြသကဲ့သို့ ဆင်တစ်စီးစီရဲ့ ရှေ့နောက်တို့မှာလည်း ရိုးရာအကမျိုးစုံတို့ဖြင့် လိုက်ပါပူဇော်ကြသည်ကို တွေ့ရပါသည်။


ဆင်ပေါင်းမည်မျှများပြားသည်ကို စာရေးသူတော့ ဓာတ်ပုံရိုက်နေတာနဲ့ မမှတ်မိသော်လည်း ဆင်တစ်စီးနှင့်တစ်စီး အလွန်မဝေးကွာဘဲ တစ်နေရာတည်းမှ စွယ်တော်လှည့်လည်ပူဇော်သည်ကို ကြည့်နေချိန်သည် ည(၈)နာရီကနေ ည(၁၁)နာရီကျော်ထိ ကြာမြင့်ပါသည်။ အများပြောစကား ကြားရသည်မှာတော့ ဆင်အကောင်ပေါင်း(၁၀၀)ရှိသည်ဟု သိရှိရပါသည်။ ထိုပွဲတော်သို့ သီရိလင်္ကာနိုင်ငံ၌ရှိသော ပြည်သူပေါင်းစုံနှင့် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသည်များ လာရောက်ကြည့်ရှု့ကြသည်မှာ တိုး၍ပင် မပေါက်အောင် များပြားလှပါသည်။


သီရိလင်္ကာနိုင်ငံသည် ဘုရားပွဲများကျင်းပရာတွင် ပွဲလမ်းသဘင်များဖြင့် ကျင်းပခြင်းမရှိဘဲ မိမိတို့၏ရိုးရာအက၊ မိမိတို့၏ဘာသာရေးတရားတော်များဖြင့်သာ ပူဇော်ကြသည်ကို တွေ့ရှိရပါသည်။ စာရေးသူ ဒီနိုင်ငံတွင် ဘုရားပွဲကျင်းပသည်မှာ စွယ်တော်လှည့်လည်ပူဇော်ပွဲနဲ့ဆို (၂)ခါမျှသာ တွေ့ဖူးပါသည်။ တစ်ခုက မြတ်ဗုဒ္ဓဘုရားဖြစ်တော်မူသည့် ကဆုန်လပြည့်နေ့နှင့် ယခု မြတ်ဗုဒ္ဓ၏စွယ်တော် လှည့်လည်ပူဇော်ပွဲတို့သာ ဖြစ်ပါသည်။


ကဆုန်လပြည့်(Wesak day)နေ့ ဗုဒ္ဓပွဲတော်ကျင်းပချိန်(၇)ရက်လုံးတွင် သီရိလင်္ကာပြည်သူများသည် ဘုရားဖြစ်စဉ်ပုံတော်များကို ကြည့်ရူ့ခြင်း၊ တရားတော်များကို နားထောင်ခြင်း၊ စတုဒိသာကျွေးသော နေရာများတွင် စည်းစနစ်တကျ စားသောက်နေကြသည်တို့ကို တွေ့ရပါသည်။ လာရောက်ကြည့်ရူ့သူများသည် ထူးထူးထွေထွေ ကြည့်စရာမရှိလှသော်လည်း သူတို့ပွဲတော်နဲ့သူတို့မှာတော့ ပျော်ရွှင်နေကြသည်မှာ အမှန်ပင်ဖြစ်ပါသည်။


ယခုကျင်းပသော မြတ်ဗုဒ္ဓစွယ်တော် လှည့်လည်ပူဇော်ပွဲတွင်လည်း လာရောက်ကြည့်ရူ့သူများသည် မတိုးပေါက်နိုင်လောက်အောင် များပြားလှသော်လည်း သီရိလင်္ကာပြည်သူများနှင့်စီစဉ်သောတာဝန်ရှိသူများ၏ စနစ်ကျမှုကြောင့် သူ့နေရာနှင့်သူ ကြည့်ရူ့နေကြသည်ကို တွေ့မြင်ခဲ့ရပါသည်။ မရေမတွက်နိုင်လောက်အောင် လာရောက်ကြည့်ရူ့သူ များပြားသောကြောင့် ရဲအရာရှိများက လမ်းဘေးတန်းစီပေးရာ၌ စနစ်တကျဖြစ်အောင် စီစဉ်ပေးနေသော်လည်း အစဦးဆုံးဝင်ပေါက်မှာ မနည်းတိုးဝှေ့၍ ၀င်ခဲ့ရသည်ကို စိတ်ပျက်သလိုခံစားမိခဲ့ရပေမဲ့ ရဲအရာရှိများက စာရေးသူတို့ ဘုန်းကြီးများကို ဦးစားပေးခေါ်ယူသောကြောင့် တခဏမျှသာ တိုးဝှေ့ခဲ့ရပါသည်။

မြတ်ဗုဒ္ဓစွယ်တော်လှည့်လည်ပူဇော်ပွဲတွင် သီရိလင်္ကာပြည်သူများသည် သူ့နေရာသူ လှည့်လည်ရန်တာဝန်ယူသည်ကို မြင်တွေ့ရသောအခါ “သြော်-သူတို့သည် ဗုဒ္ဓဘာသာပီပီ ဗုဒ္ဓပွဲအတွက် လှည့်လည်ပူဇော်ပေးရမည့် ကြာရှည်လှသော တန်းစီလှည့်လည်ပွဲတွင် မည်မျှပင်းပန်းစေကာမှု အပင်းပန်းခံမည်”ဟု စိတ်ဆုံးဖြတ်ထားသည့်ပုံကို တွေ့ရပါသည်။ စွယ်တော်လှည့်လည်သည်မှာ ခန့်မှန်းခြေအားဖြင့် (၅)နာရီကျော် ကြာမြင့်မည်ဖြစ်သောကြောင့် ထိုအချိန်တိုင်းတွင် က၍သွားနေသောသူ၊ တီးမှုတ်သောသူ၊ မီးတုတ်ကြီးများကို ကိုင်ဆောင်ရသောသူ၊ ဆင်များနားဘေးမှ ခြေလျင်လျှောက်၍ လိုက်ရသောသူများသည် မည်မျှပင်းပန်းမည်ကို စာရေးသူစဉ်းစားကြည့်မိသည်မှာ ဘာသာရေးစိတ်ဓာတ်သာ မပြင်းပြပါက လွယ်ကူလှသော လုပ်ဆောင်မှုများ မဟုတ်သောကြောင့် ခံနိုင်ရည်ရှိဖို့ မလွယ်ကူလှပေ။ သီရိလင်္ကာပြည်သူများ၏ ဘာသာရေးစိတ်ဓာတ်ကို ဤပွဲတော်ကြည့်ရူ့မှုဖြင့် စာရေးသူလေးစားမိသကဲ့သို့ ဗုဒ္ဓဘာသာအတွက်လည်း ဂုဏ်ယူဝမ်းမြောက်မှု ဖြစ်ခဲ့ရပေသည်။


မြတ်ဗုဒ္ဓစွယ်တော်ဆောင်းပါးကို ဤမျှနဲ့ပဲ နိဂုံးသတ်ပါရစေ။ ဆက်လက်၍ စာရေးသူ မြင်တွေ့သမျှထဲမှ စာဖတ်သူများ အကျိုးဗဟုသုတ အသိဉာဏ်ရရှိမည့် အကြောင်းအရာတို့ကို ကျောင်းပိတ်ချိန်များတွင် ဆက်လက်ရေးသား တင်ပြပေးပါမည်။


မြတ်ဗုဒ္ဓစွယ်တော်ပွဲ အမှတ်တရ ဓာတ်ပုံများ

စာရေးသူနှင့်သူငယ်ချင်းများ အမှတ်တရရိုက်ခဲ့သောပုံ


စွယ်တော်ပင့်ဆောင်လာပုံ(၄)


မြန်မာပြည်လွတ်လပ်ရေး စာချုပ်ချုပ်ဆိုခဲ့သောတိုက်


ဆင်ရတနာများဖြင့် လှည့်လည်သောပုံ


စွယ်တော်ထားရှိရာ စွယ်တော်တိုက်မှမှတ်တမ်းပုံ

စွယ်တော်အား အနီးကပ်မှတ်တမ်းတင်ထားပုံ

စွယ်တော်ပင့်ဆောင်လာပုံ(၃)

စွယ်တော်ပင့်ဆောင်လာပုံ(၂)

စွယ်တော်ပင့်ဆောင်လာပုံ




စီးတန်းလှည့်လည်နေပုံ

ဝင်ပေါက်တွင် နေရာရရန် စောင့်ဆိုင်းနေကြပုံ

အစဦးဆုံးဝင်ပေါက် တိုးဝှေ့နေရပုံ(၂)

အစဦးဆုံးဝင်ပေါက် တိုးဝှေ့နေရပုံ

ရဲအရာရှိများမှ နေရာချထားပေးနေပုံ

မိမိတိုက်ပေါ်မှ ကြည့်ရူ့နေပုံ

ကမ္ဘာလှည့်ခရီးသည်များ ကြည့်ရူ့နေပုံ

လမ်းဘေးတွင် နေရာယူနေပုံ

ရိုးရာဝတ်စားများဖြင့် ကပြလှည့်လည်ပုံ

ရိုးရာတေးဂီတများဖြင့် လှည့်လည်နေပုံ

မိန်းကလေးများ အကဖြင့် လှည့်လည်နေပုံ(၃)

မိန်းကလေးများ အကဖြင့် လှည့်လည်နေပုံ(၂)

မိန်းကလေးများ အကဖြင့် လှည့်လည်နေပုံ

မိန်းကလေးများ အကဖြင့် လှည့်လည်နေပုံ

တန်းစီလှည့်လည်နေပုံ

ဝါးခြေထောက်ဖြင့် မီးဝိုင်းများ ကပြနေပုံ

ရိုးရာဝတ်စုံများဖြင့် လှည့်လည်ပြပုံ

မီးစက်ဝိုင်းဖြင့် ကပြပုံ

အကများဖြင့်ရှေ့နောက် လှည့်လည်ပြသပုံ


သာသနာ့အလံများဖြင့် ရှေ့ကနေ ထွက်လာသောဆင်ရတနာ


စွယ်တော်ပင့်ဆောင်လာသော ဆင်ရတနာ





Monday, August 23, 2010

သီရိလင်္ကာနှင့်ဘုရားဖူး

၁၁.၀၈.၂၀၁၀ ရက်နေ့က စာရေးသူတို့ သီရိလင်္ကာနိုင်ငံသို့ နိုင်ငံတော်သံဃနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်၊ တိပိဋကရွေးချယ်ရေးဥက္ကဋ္ဌ မန္တလေးမြို့ ပေါက်မြိုင်ဆရာတော်၊ ရန်ကုန် ဖြူမဟာစည် ဆရာတော်တို့နှင့် ဒါယကာ-ဒါယိကာမ စုစုပေါင်း(၆၈)ဦးတို့သည် သီရိလင်္ကာနိုင်ငံ၊ ကန်ဒီမြို့၌ရှိသော ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားသည့် မြတ်စွာဘုရား၏ စွယ်တော်အစစ်ကို ဖူးမြင်ရန် ရောက်ရှိလာကြပါသည်။ ထို့ပြင် နှစ်ပေါင်းနှစ်ထောင်ကျော်က ကျောင်းတော်ရာများ၊ နန်းတော်ဟောင်းများ၊ ဘီစီသုံးရာစုခန့်က စိုက်ပျိုးခဲ့သည့် မဟာဗောဓိပင်၊ သီရိလင်္ကာနိုင်ငံတွင် နာမည်အကြီးဆုံးတောင်ဖြစ်သည့် စရိပါဒ(Sri pada) တောင်နှင့် သီရိလင်္ကာပြည်သူတို့၏ ဗုဒ္ဓဘာသာယဉ်ကျေးမှု တန်ဖိုးထားပုံတို့ကိုလည်း အနီးကပ်လေ့လာခွင့် ရခဲ့ကြပေသည်။

မြန်မာပြည်မှ ဗုဒ္ဓဘာသာဝင်များသည် အိန္ဒိယနိုင်ငံသို့သာ ဘုရားဖူးသွားကြသည်က များပါသည်။ ဗုဒ္ဓဘာသာထွန်းကားသော သီရိလင်္ကာနိုင်ငံသို့ လာရောက်ကြသည်ကား နည်းပါးလှပါသည်။ နည်းပါးရခြင်းအကြောင်းမှာ သီရိလင်္ကာနိုင်ငံရှိ အထက်၌ဖော်ပြခဲ့သော နေရာဒေသတို့ကို ကောင်းစွာမသိသောကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံကဲ့သို့ ဘုရားဖူးသွားရန် အေဂျင်စီအဖွဲ့များ မရှိသောကြောင့်လည်းကောင်း၊ သီရိလင်္ကာနိုင်ငံသို့သွားသော လေယာဉ်သည် ထိုင်းလေဆိမ်မှ ည(၁၀)ကျော်တွင် ထွက်သောကြောင့် ထိုင်းလေဆိပ်မှာ ပျင်းရိအောင် စောင့်နေရသောကြောင့်လည်းကောင်း၊ သီရိလင်္ကာလေဆိပ်သို့ရောက်လျှင် ကြိုဆိုမည့်ပုဂ္ဂိုလ်ရှိမှသာလျှင် အဆင်ပြေနိုင်သောကြောင့်လည်းကောင်း ဘုရားဖူးလာရောက်ကြသူ နည်းပါးသည်ဟု ထင်ပါသည်။

သီရိလင်္ကာနိုင်ငံ၏ ထင်ပေါ်ကျော်ကြားသော အကြောင်းအရာများထဲမှ စာရေးသူ အဓိကထား တင်ပြချင်သည်ကား စိတ်ဝင်စားဖွယ်ကောင်းသကဲ့သို့ နိုင်ငံခြားသား လာရောက်လည်ပတ်အများ ဆုံးဖြစ်သည့် စရိပါဒ(Sri pada)တောင်အကြောင်းကို တင်ပြပေးချင်ပါသည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်မှ စရိပါဒတောင်သို့ အတိုဆုံးနှင့်အလွယ်လမ်းမှသွားလျှင် ကီလိုမီတာ(၁၅၀) ဝေးပါသည်။ များသောအားဖြင့် စရိပါဒတောင်သို့ တိုက်ရိုက်မသွားဘဲ မြန်မာပြည်မှ ပြင်ဦးလွင်နဲ့ရာသီဥတုတူသည့် နုဝရေလိယ(Nuware Eliya) မြို့မှ တဆင့်သွားကြ သည်က များပါသည်။ နုဝရေလိယမြို့လေးသည် ကိုလိုနီခေတ်က အင်္ဂလိပ်တို့သဘောကျ နှစ်ခြိုက်ခဲ့သည့် တောင်ပေါ်အပန်းဖြေမြို့ကလေး ဖြစ်ပါသည်။ ဤမြို့လေးသည် မြင့်မားလှသည့် တောင်ခါးပန်းတို့ကိုပင် လှေခါးထစ်သဏ္ဍာန်ပြုလုပ်ပြီး ထိုပေါ်မှာ ဆေးရောင်စုံအိမ်လေးတွေ ဟိုတယ်တွေ တည်ဆောက်ထားသောကြောင့် နိုင်ငံခြားသားများ လာရောက်အခြေချ နေထိုင်ကြပါသည်။ မြို့လေးသည် သဘာဝအရ လှပရုံသာမက တောင်ခါးပန်းနံရံမှာ စိုက်ပျိုးထား သည့် လက်ဖက်စိုက်ခင်းများကြောင့်လည်း နာမည်ကျော်ခြင်း ဖြစ်ပေသည်။

စရိပါဒတောင်ပေါ်ကို ဤမြို့လေးမှတက်လျှင် (၃)နာရီကြာသော်လည်း လမ်းမှာစိုက်ပျိုးထားသည့် လက်ဖက်ခင်းများ၊ ရေတံခွန်ကြီးများ၊ အင်အိုင်ချောင်းမြောင်းများကိုကြည့်ရင်း တက်ရသောကြောင့် မောပန်းရကျိုး နပ်ပေသည်။ စရိပါဒတောင်သည် ချိုင့်ဝှမ်းထဲ ဆင်းသွားလိုက် အပေါ်ကို တက်သွားလိုက်နဲ့ ဖြစ်နေသောကြောင့် တက်ရသူများမှာ မြင်လိုက်ပျောက်သွားလိုက် ဖြစ်နေပေသည်။

ဤတောင်၏ထူးခြားချက်မှာ ဘာသာကြီးလေးခုတို့က သူ့နည်းသူ့ဟန်နဲ့ တန်ဖိုးထားကြခြင်း ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့က “စရိပါဒ (Sri pada-sacred footprint) မြင့်မြတ်သည့်ခြေတော်ရာ”ဟု ခေါ်ဝေါ်သည့် တောင်ထွဋ်ပေါ်မှ ခြေတော်ရာကို မြတ်စွာဘုရား၏ ၀ဲဖက်ခြေတော်ရာဟု ယုံကြည်ပြီး ကိုးကွယ်ပူဇော်ကြ၏။ ဟိန္ဒူဘာသာဝင်တို့က ဟိန္ဒူနတ်ဘုရားရှီဝ၏ ခြေတော်ရာဟု ယုံကြည်ပြီး ကိုးကွယ်ပူဇော်ကြ၏။ ခရစ်ယာန်ဘာသာဝင် တို့က ခရစ်ယာန်သူတော်စင် စိန့်သောမက်စ် (St Thomas)၏ ခြေတော်ရာ၊ ထိုတောင်ပေါ်မှ သူတို့၏ ကောင်ကင်ဘုံသို့ မိုင်လေးဆယ်သာ ဝေးကွာတော့သည်ဟု ယုံကြည်ပြီး ကိုးကွယ်ပူဇော်ကြ၏။ မူစလင်ဘာသာဝင်များက ကမ္ဘာမြေပေါ်ကို ပထမဦးဆုံးခြေချခဲ့သည့် Adam ၏ ခြေရာဟု ယုံကြည်ပြီး ကိုးကွယ်ပူဇော်ကြ၏။

စရိပါဒတောင်တ၀ိုက်နှင့်သီရိလင်္ကာတောင်တန်းများကို သုမနနတ်မင်းက စောင့်ရှောက်သည်ဟု သီရိလင်္ကာပြည်သူများက ယုံကြည်ကြသည်။ ယက္ခိုက်နတ်ဘီလူးများကို နှိမ်နင်းရန် မြတ်စွာဘုရား သီရိလင်္ကာနိုင်ငံ မဟီယင်္ဂဏသို့ ပထမအကြိမ်ကြွလာစဉ်က သုမနနတ်မင်းသည် မြတ်စွာဘုရားဟောကြားသော တရားတော်ကို နာယူရပြီး သောတာပန်တည်ခဲ့သည်။ မြတ်စွာဘုရားချီးမြှင့်သည့် ဆံတော်ကို ဌါပနာပြီး မဟီယင်္ဂဏစေတီ တည်ထားခဲ့သည်။ သီရိလင်္ကာနိုင်ငံ ကေလနိယသို့ တတိယအကြိမ်နောက်ဆုံး မြတ်စွာဘုရားကြွလာစဉ် သုမနနတ်မင်း၏ တောင်းပန်ချက်ကြောင့် စရိပါဒတောင်ထိပ်၌ ၀ဲဖက်ခြေတော်ရာချခဲ့ကြောင်း မဟာဝံသ၌ ရေးသားထားသည်ကို တွေ့ရပါသည်။

ဘုရားဖူးရာသီစတင်ချိန်ဖြစ်သည့် ဒီဇင်ဘာလတွင် အခမ်းအနားများဖြင့် သုမနနတ်မင်းကို တောင်ထိပ်ပေါ်သို့ ဘုရားဖူးများ အန္တရာယ်မကျရောက်အောင် သီရိလင်္ကာပြည်သူများက ပင့်ဆောင်ကြလေသည်။ ဘုရားဖူးရာသီ ဒီဇင်ဘာလမှ မေလအထိတွင် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသည်များ စရိပါဒတောင်သို့ လာရောက်လည်ပတ်ကြပါသည်။ ထိုရာသီအတွင်း ဘုရားဖူးခရီးသည်များ ခန့်မှန်းခြေအားဖြင့် တစ်လလျှင် နှစ်သိန်းခွဲခန့် ရှိသည်ဟုဆိုပါသည်။ ထိုအချိန်သည် အစည်းကားဆုံးအချိန်ဖြစ်သော်လည်း ကျန်သောလများတွင်လည်း ဘုရားဖူးခရီးသည်များ ထိုတောင်ပေါ်သို့ တက်ရောက်ကြပါသည်။

သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူးလာရောက်သူမြန်မာလူမျိုးများသည် သီရိလင်္ကာနိုင်ငံ၌ မြန်မာရဟန်းတော်များ ပညာသင်သီတင်းသုံးနေထိုင်သည့် မြန်မာကျောင်းတည်ရှိရာ ပထမမြို့တော်ဖြစ်သော ကိုလံဘိုမြို့သို့ ရောက်ရှိကြပါသည်။ ထိုသို့ရောက်ရှိလျှင် ဘုရားဖူးလာသူများသည် မိမိမြန်မာပြည်ဖွား ပြည်ပ၌ပညာသင်ကြားနေကြသော ရဟန်းတော်များ ကို ဖူးတွေ့ရသဖြင့် မိမိတို့တက်နိုင်သလောက် ဆွမ်းအစရှိသည်တို့ကို ဆက်ကပ်လှူဒါန်းကြလေ သည်။

သီရိလင်္ကာနိုင်ငံသည် အိန္ဒိယနိုင်ငံကဲ့သို့ မြန်မာပြည်မှဘုရားဖူးလာသူများ မပေါများသောကြောင့် မြန်မာကျောင်း၌ မြန်မာပြည်မှ လူမျိုးများ ဆွမ်းကပ်မှု၊ လှူဒါန်းမှုပြုလုပ်သူများ နည်းပါးပါသည်။ ထို့ကြောင့်လည်း သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိလာသော မြန်မာဘုရားဖူးခရီးသည်များသည် မြန်မာကျောင်းသို့ရောက်လျှင် ဆွမ်းအစရှိသော လှူဒါန်းမှုများ ပြုလုပ်ကြပါသည်။

ယခု ရောက်ရှိလာသော ဗန်းမော်ဆရာတော်နှင့်ပေါက်မြိုင်ဆရာတော်ဦးဆောင်သော ဘုရားဖူးအဖွဲ့များသည် သီရိလင်္ကာနိုင်ငံ၌ ပညာသင်ကြားနေသော မြန်မာရဟန်းတော်များ၏ ခရီးကြုံရှားပါးမှု၊ မြန်မာအစားအစာရှားပါးမှုတို့ကို သိသဖြင့် မြန်မာပြည်မှဆိုင်ရာဆိုင်ရာတို့၏ လူကြုံပါးမှုများကို ယူဆောင်ခဲ့သည့်အပြင် ဘုရားဖူးအဖွဲ့၌ပါသော ဒါယကာ-ဒါယိကာမများကလည်း မြန်မာအစားအစာ အစရှိသော လှူဒါန်းစရာအဖြာဖြာတို့ကို သယ်ဆောင်၍ မြန်မာကျောင်း၌ အရုဏ်ဆွမ်းစားရခဲသည့် မုန့်ဟင်းခါးနှင့်နေ့ဆွမ်းတို့ကို (၂၀.၀၈.၂၀၁၀) ရက်နေ့တွင် ဆက်ကပ် လှူဒါန်းကြပါသည်။ ထို့ပြင် မြန်မာကျောင်း၌ လိုအပ်သည်များ ၀ယ်ယူနိုင်ရန်အတွက် ၀တ္ထုငွေများ လည်း စုပေါင်း၍ လှူဒါန်းသွားကြပါသည်။

နိုင်ငံတော်သံဃနာယကဥက္ကဋ္ဌဗန်းမော်ဆရာတော်နှင့် ပေါက်မြိုင်ဆရာတော်ကြီးများ ကြွရောက် လာခိုက်လေးမှာ သီရိလင်္ကာ၌ပညာသင်ကြားနေသော မြန်မာရဟန်းတော်များအား လိုအပ် သည်များ မိန့်ကြားရန်အတွက် (၂၀.၀၈.၂၀၁၀) ရက်နေ့ နေ့ခင်းအချိန်တွင် သြ၀ါဒခံယူပွဲလေးလည်း ပြုလုပ်ခဲ့ကြပါသည်။ သီရိလင်္ကာနိုင်ငံ၌ ပညာသင်ကြားနေသော မြန်မာရဟန်းတော်များသည် ဆရာတော်ကြီးများကို ဖူးရသည့်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ မြန်မာရဟန်းတော်များက ဆရာတော်ကြီးများ လိုအပ်ရာရာ ပြုစုပေးသည်ကို တွေ့ရသည့်အတွက် ဆရာတော်ကြီးများ ကလည်း ၀မ်းမြောက်ဝမ်းသာဖြစ်သွားကြပါသည်။

သီရိလင်္ကာနှင့်ဘုရားဖူးဆောင်းပါးကို ဤမျှနဲ့ပဲ နိဂုံးသတ်ပါရစေ။ ဆက်လက်၍ စာရေးသူ မြင်တွေ့သမျှထဲမှ စာဖတ်သူများ အကျိုးဗဟုသုတ အသိဉာဏ်ရရှိမည့် အကြောင်းအရာတို့ကို ဆက်လက်ရေးသား တင်ပြပေးပါမည်။


Sunday, August 22, 2010

ဘုရားဖူးအဖွဲ့များ မြန်မာကျောင်း၌ အမှတ်တရများ

အောက်မှာဖော်ပြထားသော ဓာတ်ပုံများမှာ နိုင်ငံတော်သံဃနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်နှင့် ပေါက်မြိုင်ဆရာတော်တို့ဦးဆောင်သော ဘုရားဖူးအဖွဲ့ သီရိလင်္ကာမြန်မာကျောင်း၌ ဆွမ်းကပ်ခြင်း၊ လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ ဆရာတော်ကြီးများမှ မြန်မာရဟန်းတော်များအား သြ၀ါဒချီးမြှင့်ခြင်း စသည်တို့ကို အမှတ်တရ ရိုက်ကူးထားသော ဓာတ်ပုံများပင် ဖြစ်ပါသည်။











Type your summary hereType rest of the post here