Tuesday, November 8, 2011

ကိုယ့်အကြောင်း ကိုယ်ဖော်တာပါ

ဦးဇင်း မြန်မာပြည်ပြန်စဉ်က ဓာတ်ပုံတွေ အများကြီးရိုက်ခဲ့ပါတယ်။ မိမိသာသနာပြုခဲ့တဲ့ တောင်တန်းဒေသက ကလေးတွေကို ယဉ်ကျေးမှုသင်တန်း၊ ကွန်ပျုတာသင်တန်း ပေးခဲ့တာတွေလည်း ဓာတ်ပုံတွေ ရိုက်ခဲ့တယ်လေ။ အဲဒါ ဓာတ်ပုံတွေ အကုန်ပျောက်နေတာ ရှာမရဘူးဖြစ်နေတာ ဒီနေ့မှပဲ တက္ကသိုလ်မှာ ဓာတ်ပုံပေးဖို့ Hard Disk ထဲမှာ လိုက်လံရှာမှပဲ တွေ့တာနဲ့ ဆိုဒ်ထဲမှာသိမ်းထားတာက ပိုစိတ်ချရပါတယ်ဆိုပြီး ဆိုဒ်ထဲမှာသိမ်းရင်း facebook မှာပါ တင်လိုက်တာပါ။ ဒီနေ့တော့ ဒီလောက်ပဲ အချိန်ရတာမို့ နောက်မှကျန်တာတွေကို ဆက်တင်ပါဦးမယ်။
အောက်ပုံက ဦးဇင်းရဲ့ မိသားစု ဓာတ်ပုံပါ။ အပေါ်ပုံကတော့ ဦးဇင်း 01.04.2004 တုန်းက မိဘများရဟန်းခံပေးစဉ်က ရိုက်ထားတဲ့ပုံပါ။ ဦးဇင်းရွာကတော့ မုံရွာ-ရေဦးကားလမ်းဘေးမှာမို့ အိမ်ကတော့ ဈေးရောင်းကြတယ်လေ။ ရွာနာမည်က လက်ပန်မြောက်ရွာ၊ နယ်က ဘုတလင်နယ်၊ တိုင်းကတော့ စစ်ကိုင်းတိုင်းထဲမှာ။ မုံရွာမြို့နဲ့ဆို တစ်နာရီလောက်ကားစီးရတယ်လေ။ အစကတော့ မိဘတွေက မုံရွာမှာပဲ ဈေးရောင်းကြတယ်။ ဦးဇင်းဆယ်နှစ်သားလောက်မှာ ရွာက အဘိုးဖြစ်သူဆုံးသွားတာနဲ့ အဖွားတစ်ယောက်တည်းမို့ ရွာကလယ်ယာတွေကို ထိန်းသိမ်းရင်းနဲ့ မိဘတွေဟာ ရွာမှာပဲ ဈေးရောင်းနေကြတယ်လေ။

ဦးဇင်းမှာတော့ ညီမနှစ်ယောက်ပဲ ရှိပါတယ်။ နှစ်ယောက်လုံးကိုလည်း သူများပေးလိုက်ရပါပြီ။ ညီမတွေနား ရပ်နေတဲ့လူတွေက ဦးဇင်းညီမ ခင်ပွန်တွေပါ။ အင်း အများအတွက် လုပ်ပေးချင်တဲ့လူဆိုတော့ ကိုယ့်ကပဲ သူများကိုပေးလိုက်ရပြီး ကိုယ့်ကတော့ ပြန်မယူဘဲ နစ်နာခံလိုက်တာပေါ့လေ။ ဘဲစားဘဲချေဆိုတဲ့ စကားဟာ ဦးဇင်းအတွက်တော့ မမှန်တဲ့စကားလို့ ပြောရမှာပဲ။ ကိုယ့်ကပဲ ပေးလိုက်ရပြီး ကိုယ့်က မယူလို့လေ။

ဒါပြင် ဦးဇင်းတို့လို သံဃာတွေသာ များများရှိနေရင် ကမ္ဘာပေါ်မှာရှိတဲ့ ကောင်လေးတွေ ပျော်နေကြမှာ အမှန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်လျှော့တော့ တစ်ယောက်သူတို့အတွက် ပိုနေလို့လေ။ ဒါကြောင့်လည်း မြန်မာပြည်က ကောင်လေးတွေရော မိန်းကတွေပါ ထင်တိုင်းဖြစ်နေကြတာ ထင်ပါတယ်။ တကယ်ဆို ကောင်လေးတွေဟာ သံဃာတွေကို ကျေးဇူးတင်စရာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ပြိုင်လုမဲ့လူ နည်းသွားပြီး စိတ်ကြိုက်ပွေလို့ ရလို့ပါ။ အဲဒါကြောင့်မို့များ ခုခေတ်လူငယ်တွေ ပွေနေကြတာလား မသိပါဘူး။ အင်း လျှောက်တွေးကြည့်တာပါ။ ဘာရယ်လို့မဟုတ်ဘူး။ စိတ်ထဲပေါ်လာတာကို ရေးချလိုက်တာ။

ခုတော့ အချိန်မရလို့ ဒီလောက်ပဲ စိတ်ကူးပေါက်ရာ ရေးလိုက်ပါတယ်။ နောက်မှ စိတ်ကူးပေါက်တာတွေ ရေးချပါဦးမယ်။ ဦးဇင်းကတော့ ပွင့်ပွင့်လင်းလင်းပဲ။ ပြောစရာရှိရင်လည်း ဘယ်သူမှမရှောင်ဘူး ပြောချလိုက်တယ်။ ရေးစရာရှိရင်လည်း ဘယ်သူမှမရှောင်ဘူး ရေးပစ်လိုက်တယ်။ ပွင့်လင်းလွန်းလို့လည်း အများကမကြိုက်ရင်တော့ ကမ္မသကာပေါ့လေ။




Monday, November 7, 2011

မလ္လိကာမိဖုရား ဘာကြောင့်ငရဲကျရတာလဲ

အမေး။ ။ ကောသလမင်းကြီးရဲ့ မိဖုရားကြီးဖြစ်တဲ့ မလ္လိကာဟာ ပြုမိခဲ့တဲ့အမှားကို ကျုးလွန်ခဲတာ မှန်ရင်တောင် ပြန်သတိရပြီး စိတ်မချမ်းသာ ဖြစ်နေခြင်းဟာ ကုက္ကစ္စ ကိလေသာသာဖြစ်တဲ့အတွက် ငရဲကျနိုင်လောက်အောင် အကျိုးမပေးပါ။ နတ်ပြည်မရောက်မီ အ၀ီစိငရဲကို ခုနှစ်ရက်ကျရတာ ဘာကြောင့်ဆိုတာ သိလိုပါတယ်ဘုရား။

အဖြေ။ ။ ကောသလမင်းကြီးရဲ့ မိဖုရားကြီး မလ္လိကာဟာ သူပြုခဲ့တဲ့ အကုသိုလ်ကံကြောင့် (သာ မရဏကာလေ ဧ၀ရူပံ မဟာပရိစ္စာဂံ နာနုဿရိတွာ တဒေ၀ ပါပကမ္မံ အနုဿရန္တီ ကာလံ ကတွာ အ၀ီစိမှိ နိဗ္ဗတ္တိ) ဟု ဓမ္မပဒအဋ္ဌကထာအရ- သေခါနီးအချိန်တွင် ကျန်းမာစဉ်က ပြုလုပ်ခဲ့တဲ့ ကြီးစွာသော အလှူဒါနကို အမှတ်မရနိုင်ဘဲ သူပြုခဲ့တဲ့မကောင်းမှုကံကို အဖန်ဖန်အထပ်ထပ် အမှတ်ရနေသောကြောင့် သေသောအခါ အ၀ီစိငရဲမှာ ဖြစ်ရပါတယ်လို့ ဆိုထားပါတယ်။ ထိုအဆိုအရ သူပြုခဲ့တဲ့မကောင်းမှုကို အမှတ်ရပြီး နှလုံးမသာ ပူပန်စိတ်တွေဖြစ်နေတယ် ထင်ရှားပါတယ်။

သေခါနီး ပူပန်တဲ့စိတ်ဆိုတာ မေးခွန်းရှင်ပြောသလို ကုက္ကုစ္စလို့ခေါ်နိုင်ပါတယ်။ အဘိဓမ္မာလက်သန်းအဋ္ဌကထာလာအတိုင်းပြောရရင် ဒေါသစိတ်မှာ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စစေတသိက်များ ယှဉ်ပါတယ်။ ဒီစေတသိက်လေးမျိုးဟာ ဒေါသရဲ့ မူပိုင်စေတသိက်လို့လည်း ခေါ်ပါတယ်။ ဒါကြောင့် ကုက္ကုစ္စဟာ ဒေါသနဲ့ဆွေမျိုးတော်ပါတယ်။ တဖန် နှလုံးမသာမှုဆိုတာကလည်း ဒေါသပါပဲ၊ ဒါကြောင် ဒေါသနှင့်သေ ငရဲပြည် မသွေလားရတယ်ဆိုတဲ့အတိုင်း မလ္လိကာသေတော့ အ၀ီစိငရဲမှာ ခုနှစ်ရက်ခံရပါတယ်။ ခံရပြီးနောက် သူပြုခဲ့တဲ့ကုသိုလ်အရှိန်အဟုန်ကများလှသောကြောင့် အ၀ီစိငရဲမှာ ခုနှစ်ရက်ခံရပြီးတာနဲ့ တုသိတာနတ်ပြည်မှာ ဖြစ်ရပါတယ်ဆိုတဲ့အကြောင်း ဖြေကြားပေးလိုက်ရပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com မှ

Sunday, November 6, 2011

သောတာပန် အရက်သောက်သလား

အမေး။ ။ စာရေးဆရာကြီးတစ်ဦးရဲ့ အဆိုဖြစ်တဲ့ သောတာပန်ဟာ အရက်သောက်ရင် ကြိုးကြာရေသောက်သလို ရေသာဝင်တယ်၊ အရက်မ၀င်ဘူးဆိုတာကို သိလိုပါတယ်ဘုရား။

အဖြေ။ ။ စာရေးဆရာကြီး ရေးသားချက်အရ သောတာပန်ဟာ အရက်သောက်သေးသတဲ့ ဆိုတာ မဟုတ်ပါ။ သောတာပန်ပုဂ္ဂိုလ်ဟာ သာမာန်လိုမဟုတ်တော့ ရတနာသုံးပါး၌ ချွင်းချက်မရှိ ယုံကြည်မှုအပြည့်ရှိသလို ငါးပါးသီလကိုလည်း သီးသန့်ဆောက်တည်နေစရာ မလိုတော့ဘဲ လုံခြုံပြီးသား ဖြစ်ပါတယ်။ “အရက်မသောက်က သတ်ပစ်မယ်”လို့ ခြိမ်းခြောက်ကာ အရက်ကို အတင်းတိုက်ဦးတော့ အသက်သာအသေခံမယ် သီလအပျက်မခံတော့တာဟာ သောတာပန်အရိယာများရဲ့ သဘာဝပါ။

ခုနပြောတဲ့စာရေးဆရာကြီးက “သောတာပန်ဟာ အရက်သေစာသောက်သည်အထိ ငါးပါးသီလ ကျုးလွန်နိုင်သေးတယ်”လို့ပြောထားပါတယ်။ သူဟာ လူတွေရဲ့ စိတ်ဓါတ်ကို လေ့လာခဲ့တာ ကြာပါပြီတဲ့၊ အဲဒီလို လေ့လာပြီးဖြစ်တဲ့အတွက် သူက ဒီလို ရဲရဲရင့်ရင့် ဆိုနိုင်ပါသတဲ့။ သူ့စိတ်သူ လေ့လာတာ ဖြစ်မှာပါ။ သူက သူ့ကိုယ်သူ သောတာပန်လို့ ယူဆထားဟန်တူပါတယ်။ ပြီးတော့ သူက အရက်ကိုလည်း ကြိုက်တတ်တယ်လို့ သတင်းကြားရတယ်။ ဒါကြောင့် သူ့စိတ်နှင့်နှိုင်းပြီး ဆုံးဖြတ်လိုက်ဟန် တူပါတယ်။ ဒါလည်း အံ့သြစရာပဲ၊ ကိုယ်နဲ့နှိုင်းမရိုင်းဘူးဆိုတဲ့ မြန်မာစကားပုံဟာ အဆင့်အတန်းတူတဲ့ သူအချင်းချင်းသာ သုံးစွဲရမည့်စကားပုံဖြစ်ပါတယ်။ အဆင့်အတန်းမတူရာမှာ ကိုယ်နဲ့နှိုင်းရင် အလွန်ပင် ရိုင်းပါတယ်။ စဉ်းစားကြည့်ပါ၊

ဂဏန်းသင်္ချာကို မသင်ဖူးတဲ့ လူတစ်ယောက်က ဂဏန်းအရာမှာ ပါရဂူမြောက် တတ်မြောက်နေတဲ့လူကို ဂဏန်းသင်္ချာနဲ့စပ်ပြီး ငါလိုပဲလို့ ကိုယ်နဲ့နှိုင်းရင် အများကြီး လွဲမှားမယ်။ အများကြီးရိုင်းမယ်ဆိုတာကို သိနိုင်ပါတယ်။ အဲဒါလိုပဲ ပုထုဇဉ်ပုဂ္ဂိုလ်က ကိုယ့်စိတ်နဲ့နှိုင်းပြီး သောတာပန်ကိုဆုံးဖြတ်လျှင် အလွန်ရိုင်းပြီး အလွန်လွဲမှားတတ်ပါတယ်။ အမှန်မှာတော့ သောတာပန်အစစ် တကယ်ဖြစ်နေတဲ့ပုဂ္ဂိုလ်မှာ သတိကလေးက အတော်လေးကောင်းနေပြီ။ ဒါကြောင့် ရုတ်တရက် လောဘဖြစ်လာတယ်ဆိုရင် အဲဒီသတိကလေးက သူ့အလိုလို ဖြစ်ပေါ်လာပြီးတော့ ထိန်းထားလိုက်တယ်၊ ဒီလို သတိက အုပ်ထိန်းလိုက်တဲ့အတွက် လောဘဟာ အရှိန်ပျက်သွားပါတယ်။ အကြီးအကျယ် မဖြစ်ရတော့ဘူး၊ ဒေါသဖြစ်လာရင်လည်း သတိနဲ့အုပ်ထိန်းလိုက်တာပဲ။ ဒါကြောင့် အကုသိုလ်တရားတွေဟာ အလွန်အကဲ အကြီးအကျယ် မဖြစ်ပွားရတော့ဘူး။ သီလသိက္ခာပုဒ်တွေကို ကျူးလွန်နိုင်လောက်အောင် ပြင်းပြင်းထန်ထန် မဖြစ်ရတော့ဘူး။ ဒါကြောင့် သောတာပန်မှာ အပါယ်လားကြောင်း အကုသိုလ်တွေလည်း ငြိမ်းတယ်။ အပါယ်လေးပါးမှလည်း လွတ်တယ်လို့ ယုံကြည်စိတ်ချရတာ၊ ဒါတွေဟာ သတိကလေး ကောင်းနေခြင်းရဲ့ အကျိုးတွေပါပဲ။

ဒါဟာ သောတာပန်များရဲ့ ပင်ကိုယ်သဘာဝပဲ ဖြစ်ပါတယ်။ ဒါကြောင့် သောတာပန်များဟာ အရက်တိုက်ရင် ရေသာဝင်တယ် အရက်မ၀င်ဘူးဆိုတဲ့ စကားအရ လုံးဝမဖြစ်နိုင်ပါဘူးလို့ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com မှ

Saturday, November 5, 2011

ဓမ္မဒါနအကြောင်း သိကောင်းစရာ


တရားအလှူနဲ့ပတ်သတ်ပြီး ရှင်းရှင်းသိချင်တယ်။ ဘယ်လိုအရာမျိုးတွေဟာ တရားအလှူမှာ ပါဝင်သလဲဆိုတာကို ဦးဇင်းဆိုဒ်မှာ မေးထားတဲ့အတွက် ရှင်းပြပေးလိုက်ပါတယ်။

တရားအလှူနဲ့ပတ်သတ်ပြီး မြတ်ဗုဒ္ဓက ဓမ္မပဒပါဠိတော်၊ တဏှာဝဂ်၊ သက္ကပဥှသုတ်မှာ သိကြားမင်းရဲ့ အမေးကို ဖြေကြားပေးထားတာ ရှိပါတယ်။ မြတ်ဗုဒ္ဓမိန့်ကြားခဲ့တာကတော့ “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” အလှူတကာ့အလှူထဲမှာ တရားအလှူဟာ အကောင်းဆုံးအမြတ်ဆုံးပါတဲ့။ ဘယ်လိုဟာတွေက ဓမ္မဒါနမည်သလဲဆိုတော့ သူတစ်ပါးအား မိမိသိသမျှ သူတော်ကောင်းတရားများ ဖြန့်ဝေဟောကြားပြောဆို ဆုံးမရေးသားပေးခြင်းဆိုတဲ့ ဓမ္မဒေသနာ၊ သူများဟောကြား ပြောဆိုဆုံးမရေးသားတင်ပြတာတွေကို နာယူမှတ်သား ဖတ်ရှု့ခြင်းဆိုတဲ့ ဓမ္မသ၀နာ၊ ဒီလိုနှစ်မျိုးကို ဓမ္မဒါနလို့ ခေါ်ပါတယ်။

မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ သူတော်ကောင်းတရားတွေကို မနာဘူးဆိုရင် ဘယ်သူမှ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ကို မရောက်ပါဘူးတဲ့။ အဲဒီလိုပါပဲ မိမိသိတာကို သူတစ်ပါးအား ဟောပြောမပေးဘူးဆိုရင်လည်း နောက်လူတွေ နိဗ္ဗာန်ကို မရောက်နိုင်ဘူးတဲ့။ အဲဒါကြောင့် ဒီလိုဟောပြောပေးခြင်း၊ သူများဟောတာကို နာကြားပေးခြင်းဟာ အလွန်တရာတန်ဖိုးရှိလှတဲ့အတွက် ဒါနကောင်းမှုများထဲမှာတော့ အမြတ်ဆုံးဖြစ်ပါတယ်လို့ မိန့်ကြားခဲ့ပါတယ်။ ဒါကတော့ မြတ်ဗုဒ္ဓရဲ့ လိုရင်းကို ပြောပြတာပါ။

အဲဒီတော့ ဒီနှစ်မျိုးထဲမှာ နာကြားခြင်းနဲ့ပတ်သတ်ပြီး သူများနာကြားနိုင်အောင်၊ ဖတ်ရှု့နိုင်အောင်ပြုလုပ်ပေးခြင်း၊ မိမိကိုယ်တိုင်နာကြားခြင်းတို့ ပါဝင်ပါတယ်။ တဖန် ဟောကြားခြင်းနဲ့ပတ်သတ်ပြီး မိမိကိုယ်တိုင် ဟောတာ၊ သူတစ်ပါးဟောနိုင်အောင် လိုအပ်တာများ ထောက်ပံ့ပေးတာတွေကလည်း ဓမ္မဒါနထဲမှာ အကျုံးဝင်ပါတယ်။ ဒါကြောင့် တရားနဲ့ဆိုင်တဲ့အရာတွေ လှူပေးခြင်း၊ တရားဟောနိုင်ရေးနိုင်အောင် ပြုလုပ်ပေးနေတဲ့ပုဂ္ဂိုလ်များရဲ့ လိုအပ်ချက်များကို လှူဒါန်းပေးခြင်း၊ တရားဟောပြောရေးသားနိုင်ဖို့ ပညာသင်နေတဲ့သံဃာများအား ပညာရေးထောက်ပံ့ပေးခြင်းများဟာလည်း ဓမ္မဒါနရဲ့ အကြောင်းတရားတွေမို့ အဲဒါတွေကိုလည်း ဓမ္မဒါနထဲမှာ ထည့်ယူလို့ရပါတယ်။

ဒါနထဲမှာ တခြားဒါနတွေဟာ သူတော်ကောင်းတရား ထွန်းကားအောင် တိုက်ရိုက်လုပ်ဆောင်ပေးတာ မဟုတ်တဲ့အတွက် တိုက်ရိုက်လုပ်ပေးတဲ့အရာဖြစ်တဲ့ ဓမ္မဒေသနာနှင့်ဓမ္မသ၀နာ(၂)မျိုးကို ဒါနထဲမှာတော့ အမြတ်ဆုံးလို့ ပြောရခြင်းဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ဟာ ကောင်းမှုလုပ်မယ်ဆိုရင် မိမိအတွက် အကျိုးပိုမိုရရှိမဲ့အလုပ်မျိုးကို လုပ်တတ်ဖို့ရန် ဗဟုသုတများ ရှာဖွေရမှာဖြစ်သလို မိမိမသိပါကလည်း သူတစ်ပါးအား မေးမြန်းခြင်းများပြုလုပ်ပြီး ဆောင်ရွက်ကြဖို့ လိုပါတယ်။

ဒီနေရာမှာ ဆက်စပ်တာနဲ့ အလှူဒါနနဲ့ပတ်သတ်ပြီး သိမှတ်ဖွယ်ရာအဖြာအဖြာကို တင်ပြပေးလိုက်ပါတယ်။ အလှူဒါနအကြောင်းကို သေချာကျနစွာသိချင်တဲ့ နတ်သားတစ်ဦးဟာ ဘုရားရှင်အား လာရောက်မေးမြန်းတာကို မြတ်ဗုဒ္ဓက ဒီလိုဖြေပေးခဲ့ပါတယ်။ “နတ်သား ခွန်အားဗလကောင်းချင်ရင် အစာရေစာပေးလှူပါ။ ရုပ်ချောချင်တယ်ဆိုရင်တော့ အ၀တ်၊ သင်္ကန်းစတာတွေကို ပေးလှူပါ၊ ချမ်းသာချင်တယ်ဆိုရင် ထီး၊ ဖိနပ်စတဲ့ယာဉ်အလှူကို လှူဒါန်းပါ။ မျက်စိအမြင်ကောင်းအောင်ကတော့ ဆီမီးအလှူကို လှူဒါန်းရမယ်။ စာပေပို့ချမှုတွေ၊ စာပေသင်ယူမှုတွေ၊ အမေးပုစ္ဆာများ ရှင်းလင်းဖြေကြားပေးတာတွေ၊ ကမ္မဋ္ဌာန်းတရားပေးတာတွေ၊ သွန်သင်ဆုံးမ လမ်းပြပေးတာတွေပြုလုပ်ပေးခြင်းများသည် သံသရာဝဋ်က လွတ်ရာလွတ်ကြောင်းဖြစ်လို့ အမြိုက်နိဗ္ဗာန်ကို လှူရာရောက်ပါတယ်။ သာသနာတော်ရဲ့တာဝန်များဖြစ်တဲ့ ပရိယတ္တိ၊ ပဋိပတ္တိလုပ်ငန်းများ အောင်မြင်အောင် တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့လှူဒါန်းပေးတဲ့ ဒကာ-ဒကာမတွေဟာ အမြိုက်နိဗ္ဗာန်ကို လှူရာရောက်ပါတယ်တဲ့။

အဲဒီတော့ အားလုံးသော လူသားများဟာ မိမိတို့လက်ထက်သာမက နောင်လာနောက်သားများအတွက်ပါ သူတော်ကောင်းတရားများ နာကြားခွင့်၊ ကျင့်ကြံခွင့်တွေရပြီး သူတော်ကောင်းတရားများ ကမ္ဘာမြေပေါ်မှ ပျောက်ပျက်မသွားအောင် မိမိတစ်ဘ၀စာကောင်းစားရေးထက် ပိုမိုလုပ်ဆောင်ပေးကြဖို့ အထူးလိုအပ်လှပါတယ်။ ဒါကြောင့် အားလုံးမိမိတက်နိုင်တာကို လုပ်မပေးချင်တဲ့စိတ်များကနေ လုပ်ပေးဖြစ်တဲ့စိတ်ဘက်သို့ ဆွဲဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပေတယ်။

Friday, November 4, 2011

ကြက်ဥစားခြင်းဟာ အပြစ်ရှိမရှိ

အရှင်ဘုရား မင်္ဂလာပါ။ တပည့်တော်အား မေးခွန်းတစ်ခုမေးမြန်းလျှောက်ထားခွင့်ပြုပါဘုရား။
ဘဲဥကြက်ဥကြော်ချက်စားသုံးခြင်းသည် ပါဏာတိပါတာကံ မြောက်မမြောက်သိချင်ပါတယ်ဘုရား။ တပည့်တော်တို့အိမ်မှာ အငြင်းပွားနေရလို့ပါ။ သနားဂရုဏာရှေ့ထားပြီး ဖြေကြားပေးပါဘုရား။

မမိုးသိင်္ဂီ

အင်း။ ဒီဘဲဥ၊ ကြက်ဥစားခြင်းနဲ့ပတ်သတ်ပြီး မေးတဲ့လူတွေလည်း များလှပါပြီ။ ဒါကြောင့် ဒီတစ်ခါတော့ နောက်မသိလို့မေးချင်တဲ့လူတွေ ကြိုတင်သိထားအောင် အချိန်ယူပြီး ဦးဇင်းသိသမျှကို ဖြေပေးလိုက်ပါတယ်။

ပထမဦးဆုံးအနေနဲ့ သူတစ်ပါးအသက်သတ်ရာတွင် အင်္ဂါငါးပါးပြည့်စုံမှ အပြစ်ဖြစ်တာဆိုတော့ အဲဒီငါးပါးကို ပြောပြပါမယ်။ (၁) သက်ရှိသတ္တ၀ါဖြစ်ခြင်း၊ (၂) သက်ရှိသတ္တ၀ါဟု သိခြင်း၊ (၃) သတ်လို သေစေလိုတဲ့ စိတ်စေတနာရှိခြင်း၊ (၄) ကိုယ်အမူရာ၊ နှုတ်အမူရာ၊ စိတ်အမူရာပယောဂတစ်ခုခုဖြင့် ပြုလုပ်သတ်ဖြတ်ခြင်း၊ (၅) သတ္တ၀ါသေသွားခြင်းဆိုတဲ့ အင်္ဂါငါးပါးနဲ့ပြည့်စုံမှ ပါဏာတိပါတကံ ထိုက်ပါတယ်။ ဒါပြင် သူတစ်ပါးသတ်သည်ကို သဘောတူနှစ်သက်ကြည်နူးခြင်း၊ အားပေးခြင်း၊ သူတစ်ပါးအားစေခိုင်းခြင်း၊ ရှင်နေရတာထက် သေရတာမြတ်တယ်စတဲ့ သူတစ်ပါးသေချင်အောင် ပြောဆိုခြင်းများဟာ ပါဏာတိပါတကံထိုက်တဲ့အင်္ဂါများတွင် စာရင်းဝင်ဖြစ်တဲ့အတွက် ဒါတွေလုပ်ရင်လည်း အပြစ်ဖြစ်ပါတယ်။ အပြစ်ဆိုရာဝယ် ၀ဋ်လည်တတ်တဲ့အပြစ်မျိုးပါ။ ဥပမာ-မြတ်ဗုဒ္ဓဟာ ငါးဦးခေါင်းထုသတ်တာကို သဘောကျခဲ့တဲ့အတွက် ခေါင်းကိုက်ဝေဒနာခံစားရခြင်း အကျိုးမျိုးပေါ့။

အဲဒီတော့ ခုပြောခဲ့တဲ့အင်္ဂါတွေ၊ အချက်အလက်တွေကို ထောက်ဆကြည့်ရင် ကြက်ဥစားခြင်းမှာ တချို့ကြက်ဥက သက်ရှိလို့ပြောလို့ရသလို တချို့CPကြက်ဥကျတော့လည်း အသက်မရှိဘူးလို့ ယူဆကြပါတယ်။ CPကြက်ဥများကို သက်ရှိမဟုတ်လောက်ဘူးထင်ပြီး စားသောက်ရင်တော့ အပြစ်မဖြစ်သလို မိမိက ကြက်ဥကို လမ်းဘေးမှာဝယ်တဲ့အခါ သေစေလိုသောစေတနာမရှိဘဲ စားစရာတစ်ခုအနေဖြင့် ၀ယ်စားခြင်းမျိုးများလည်း ပါဏာတိပါတကံအင်္ဂါနဲ့မညီလို့ အပြစ်မဖြစ်ပါ။ မြတ်စွာဘုရားရှင်က သံဃာတော်များကို ကိုယ့်အတွက် ရည်းစူးထားတာမဟုတ်သော လမ်းဘေးမှာချရောင်းတဲ့ ဟင်းတွေကို ချက်ကျွေးကပ်လှူရင် စားကောင်းတယ်။ ကိုယ့်အတွက် ရည်စူးလုပ်တဲ့သားငါးတွေ၊ ကိုယ်ရှေ့မှာသတ်ဖြတ်နေတာကို မြင်တွေ့ရတဲ့ သားငါးတွေဆို ချက်ကျွေးကပ်လှူရင်တော့ မစားရပါလို့ မိန့်ခဲပါတယ်။

မိမိက အိမ်တစ်အိမ်ကို အလည်သွားတဲ့အခါ ကြက်ဥကို ကိုယ့်အတွက်ဆိုပြီး တစ်ယောက်ယောက်က ကြက်မထံကနေ ယူလာတဲ့ဟာဆို မစားသင့်ပါ။ ဒါနဲ့ဆက်စပ်ပြီး ဦးဇင်းအတွေ့အကြုံလေးပါ ပြောပြပါဦးမယ်။ ဦးဇင်းမြန်မာပြည်အလည်ပြန်တော့ မိဘတွေအိမ်ရောက်တဲ့အခါ အမေက သူ့သားလေးကို ကောင်းကောင်းမစားရ တာကြာပြီ။ မြန်မာပြည်ရောက်တုန်း ကောင်းကောင်းလေးစားရအောင်ဆိုပြီး ဟင်းလိုက်ဝယ်ပါတယ်။ ဟင်းကလည်း ဘယ်လိုမှဝယ်မရတဲ့အခါ အမေက အိမ်ကကြက်ကို သတ်ပြီးချက်ကျွေးမယ်ဆိုတာကို သိတာလိုက်တာနဲ့ အမေရယ်-သားအတွက် အမေလည်း အကုသိုလ်မလုပ်ပါနဲ့၊ သားလည်း အစားတစ်ခုအတွက်နဲ့ အကုသိုလ်အဖြစ်မခံနိုင်ပါဘူး။ အဲဒီတော့ သား ထမင်းဆီစမ်းနဲ့စားရလည်း စားတတ်ပါတယ်လို့ အမေ့ကို ပြောပြခဲ့ရပါတယ်။ အဲဒါကြောင့် မိမိတို့ သူများအိမ်အလည်သွားတဲ့အခါမှာလည်း ကိုယ့်အတွက်ဆိုပြီး သားငါးတွေကို သတ်ဖြတ်ကျွေးမယ်ဆိုရင် သတ်ဖြတ်မကျွေးဖို့ရန် သတိပေးစကားတွေ ပြောထားဖို့ လိုပါတယ်။ အစားတစ်လုပ်အတွက် သူတစ်ပါးအသတ်ကို မသေချင်သလို အစားတစ်လုပ်အတွက် အကုသိုလ်မလိုချင်တဲ့လူဆိုရင်ပေါ့။

တကယ်တော့ ကြက်ဥစားခြင်းဟာ သားငါးများစားတာထက်စာရင် တော်သေးတယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သားငါးတွေဆိုတာက သက်ရှိသတ္တ၀ါဖြစ်ပြီးသားပါ။ ကြက်ဥဆိုတာက မျိုးစေ့ပဲဖြစ်တာမို့ သက်ရှိကို သေစေတာထက်စာရင် မျိုးစေ့ကို သေစေတာက ပိုအပြစ်သေးပါတယ်။ ဥပမာ-မဲသားစားတဲ့လူတွေရှိလို့ နွားတွေကိုသတ်ရောင်းတဲ့လူဆိုတာ ရှိလာတာပါ။ အဲဒီတော့ မဲသားစားတာဟာလည်း တကယ်တော့ အပြစ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက်ဆိုပြီး သီးသန့်လုပ်ပေးတာမဟုတ်ဘဲ အများအတွက်ရောင်းချခြင်းဖြစ်တဲ့ဟာကို စားခြင်းကြောင့် အပြစ်မဖြစ်ရတာပါ။ ကိုယ့်အတွက်သာ သီးသန့်လုပ်ပေးတဲ့ဟင်းဆို စားသုံးသူမှာလည်း အပြစ်ဖြစ်ပါတယ်။ ဒါကြောင့် အလှူဒါနများပြုရာတွင်လည်း သားငါးများကို သီးသန့်မှာပြီး အလှူဒါနပြုလုပ်ရင် အကျိုးပေးမှု နည်းပါးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်က သီးသန့်မှာတဲ့အတွက် ကိုယ့်အတွက်ဆိုပြီး သတ်ပေးလိုက်လို့ပါ။ အဲဒီတော့ အလှူဒါနပြုရာတွင် သားငါးများကို သီးသန့်မမှာဘဲ ရသလောက်သာ ရှာဖွေဝယ်ယူပြီး အလှူဒါနပြုကြပါလေ။

ဓမ္မပဒပါဠိတော်၊ ကုက္ကုရမိတ္တ၀တ္ထုတွင် ပါဏာတိပါတကံနဲ့ပတ်သတ်ပြီး ဘုရားရှင်က လက်၌ အနာမရှိလျှင် ထိုလက်နဲ့ အဆိပ်ကိုကိုင်သော်လည်း လက်ကိုမပူစေနိုင်။ ထို့အတူ မကောင်းမှုကို ပြုလိုသောစိတ်မရှိသူမှာ မကောင်းမှုအဆိပ် မလောင်နိုင်ပါဟု ဟောတော်မူထားတာ ရှိပါတယ်။ အဲဒီလိုပဲ မိမိက သေစေလိုသောစိတ်မရှိသလို ဒီကြက်ဥဟာ သက်ရှိဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာလည်း သေချာမသိလို့ စားဖြစ်တဲ့ဟာမျိုးဆို အပြစ်မရှိပါ။

အဲဒီတော့ ကြက်ဥစားခြင်းဟာ ပါဏာတိပါတကံထိုက်မထိုက်၊ အပြစ်ရှိမရှိကို မိမိမှတ်ထင်တဲ့စိတ်ပေါ်မှာ မူတည်မယ်လို့ ပြောရပါမယ်။ ဒါကြောင့် မိမိက ကြက်ဥဟာ အသက်မရှိဘူးလို့ ယူဆထားလို့ဖြစ်စေ၊ သေစေလိုသော စိတ်စေတနာမရှိဘဲ စားစရာတစ်ခုအနေဖြင့် ၀ယ်စားခြင်းမျိုးဖြစ်စေ အဲဒီလိုစားခြင်းမျိုးဆိုရင်တော့ အပြစ်မဖြစ်လို့ သတ်မှတ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ မိမိစားတဲ့အခါ ပထမဦးဆုံးပြောခဲ့တဲ့ ပါဏာတိပါတကံဆိုင်ရာအင်္ဂါရပ်များနဲ့ တိုက်ဆိုင်မှုရှိမရှိတို့ကို ထောက်ဆကြည့်ကြပေါ့လေ။ ကဲ ဒီလောက်ဆိုရင်တော့ ရှင်းလိမ့်မယ်ထင်လို့ ဒီမှာပဲ နိဂုံးချုပ်ပါရစေ။

Thursday, November 3, 2011

စိပ်ပုတီးအကြောင်း သိကောင်းစရာ

မေး။ ။ အရှင်ဘုရား ကျန်းခံသာလို့မာပါစဘုရား။ မြတ်စွာဘုရားရှင် လက်ထက်တော်က စိပ်ပုတီးစိတ်တာ ရှိခဲ့ပါသလားဘုရား။ အဘယ့်ကြောင့် ထိုသို့မေးရသည့်အကြောင်းရင်းမှာ မြတ်စွာဘုရားရှင် ရုပ်ပွားတော်များတွင် စိပ်ပုတီးကို မတွေရသောကြောင်း ဖြစ်ပါသည်ဘုရား။ ယနေ့ခေတ်တွင် သံဃာတော်များသည် သက်သက်လွတ်စားကြသည်ကို မြင်နေတွေနေရပါသည် ဘုရား။ ဘုရားရှင်လက်ထက်တော်က  သက်သက်လွတ်စားခြင်းရှိခဲ့ပါသလားဘုရား။ ဟောကြားခဲ့သော တရားတော်များ၊ သာဓကများရှိခဲ့ပါသလား အရှင်ဘုရား။ ရှင်းလင်းပြသ ပေးသနားတော်မူပါဘုရား။

သီဟအောင်၊ ဧဒင်ဥယျာဉ်ဆိုဒ်

ဖြေ။ ။ စိပ်ပုတီးနဲ့ပတ်သတ်ပြီး ဦးဇင်းသိသလောက်ပြောပြရမယ်ဆိုရင် စိပ်ပုတီးဟာ မြတ်ဗုဒ္ဓမပွင့်ခင်ကတည်းက သမထကျင့်စဉ်ကို ကျင့်ကြတဲ့ ရသေ့တွေရဲ့ အသုံးအဆောင် ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိပ်ပုတီးစိပ်ခြင်းဟာ စိတ်ငြိမ်အောင် ပြုလုပ်ခြင်းဖြစ်လို့ သမထကျင့်စဉ်ဖြစ်ပါတယ်။ ဒါပြင် ဟိန္ဒူစတဲ့ တန္တရ၊ မန္တရဂိုဏ်းသားတွေဟာလည်း မန်းမုတ်ခြင်းတွေကို အသုံးပြုတဲ့အတွက် ခေါက်ရေမှတ်မိအောင် ပုတီးကိုအသုံးပြုကြပါတယ်။ အဲဒီတော့ စိတ်ပုတီးဟာ ထေရ၀ါဒတို့ အသုံးအဆောင်မဟုတ်ဘဲ မဟာယာန၊ ဟိန္ဒူ၊ တန္တရ၊ မန္တရဘာသာတို့ရဲ့ အသုံးအဆောင်သာ ဖြစ်ပါတယ်။

ဒါပေမဲ့ ခုခေတ်မှာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များတွင်လည်း ၀ိပဿနာဖြစ်တဲ့ ထွက်သက်ဝင်သွက်၊ ရုပ်ခန္ဓာကိုယ်ကြီးရဲ့ အမြဲမရှိခြင်း၊ ဆင်းရဲခြင်း၊ စိတ်ကုန်စရာတွေနဲ့ပြည့်နေခြင်း၊ မိမိဖြစ်ချင်တိုင်း အစိုးမရတဲ့ခန္ဓာကိုယ်ကြီးပါလားလို့ ၀ိပဿနာကို မရှု့နိုင်သေးတဲ့ပုဂ္ဂိုလ်များအနေနဲ့ဖြင့် သမထကျင့်စဉ်ဖြစ်တဲ့ စိတ်ငြိမ်အောင်ပြုလုပ်ခြင်း၊ ဗုဒ္ဓါနုဿတိဂုဏ်တော်ပွားများခြင်းတို့၌ စိပ်ပုတီးကို အသုံးပြုနေတာ တွေ့ပါတယ်။ ၀ိပဿနာကို တိုက်ရိုက်ချက်ခြင်း မရှု့မှတ်နိုင်သေးလို့ စိပ်ပုတီးနဲ့ သမထကျင့်စဉ်ကို စတင်ကျင့်တာဟာ ကောင်းပါတယ်။ ဒါပေမဲ့ သမထလောက်နဲ့ပဲ ကျေနပ်မနေဘဲ ၀ဋ်ဒုက္ခမှလွတ်မြောက်မဲ့ ၀ိပဿနာကျင့်စဉ်ကိုပါ အဆင့်တတ်ရန် မမေ့ဖို့လည်း လိုပါတယ်။ စိပ်ပုတီးနဲ့ပတ်သတ်ပြီး ဒီလောက်ဆို ရှင်းမယ်ထင်ပါတယ်။
အရှင်ကောမလ(ခ)ဆန်နီနေမင်း

သာကီဝင်သကျမင်းမျိုးများ ဘာကြောင့် မောင်နှမချင်း လက်ထပ်ကြသလဲ

အမေး။ ။ နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီတို့ဟာ မိထွေးတော်ဂေါတမီကဖွားတဲ့ ဖအေတူ မအေတူ မောင်နှမရင်းလို့ ဖတ်ရပါတယ်။ အိန္ဒိယမှာ ၀မ်းကွဲများ ဖတူမိကွဲများ ရှေးကပေးစားတတ်ပေမယ့် မိခင်တူရင် ရှောင်ကြပါတယ်။ မြတ်စွာဘုရားရဲ့ ညီတော်နဲ့ နှမတော်မှာ မိတူဖတူချင်း ဘာပြုလို့ လက်ထပ်ပေးရတာလဲဘုရား။

အဖြေ။ ။ နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီတို့ဟာ မောင်နှမအရင်းအချာကြီးဖြစ်ကြတာ မှန်ပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ လက်ထပ်ပေးရလဲဆိုရင် သူတို့ဟာ သာကီဝင်မင်းမျိုးများဖြစ်တဲ့ အတွက် ဖြစ်ပါတယ်။ သာကီဝင်မင်းမျိုးများဟာ အချင်းချင်းယူကြတဲ့စနစ်ကို ရှေးပဝေသဏီကတည်းက ကျင့်သုံးခဲ့ကြပါတယ်။ ရှင်းလင်းပါဦးမယ်။ သကျသာကီဝင် ဖြစ်လာပုံအကြောင်းကို ပြောရမယ်ဆိုရင်

ဘုရားအလောင်းတော်ဟာ တစ်ခုသောဘ၀မှာ ချမ်းသောတဲ့ ပုဏ္ဏားမျိုးမှဆင်းသက်လာပြီး နာမည်က ကပိလဖြစ်ပါတယ်။ သူဌေးအဖြစ်ကို စွန့်လွတ်၍ ဟိမ၀န္တာတောင်နံပါး ကျွန်းသစ်တောကြီးအတွင်း ရေကန်တစ်ခုအနီးတွင် သစ်ရွက်မိုးကျောင်းဆောက်ကာ ရသေ့ပြုပြီး နေပါတယ်။

တစ်နေ့တွင် ဥက္ကာမုခအမှူးရှိတဲ့ မင်းသားတို့ဟာ မြို့ရွာတည်ထောင်လိုကြတဲ့အတွက် မြို့နေရာကို လှည့်လည်ရှာဖွေကြရာ ဘုရားအလောင်းတော် ကပိလရသေ့ရဲ့ ကျောင်းသင်္ခမ်းသို့ ရောက်လာပါတယ်။ အဲဒီမှာ ရသေ့ကမေးတဲ့အတွက် မင်းသားများက မြို့တည်ထောင်ရန် မြို့နေရာကို ရှာနေကြပါကြောင်း လျှောက်ထားကြပါတယ်။ အလောင်းတော်ကပိလရသေ့ကလည်း မင်းသားတို့အပေါ်သနား လှတာကြောင့် “အသင်မင်းသားတို့ ငါ့ရဲ့ ကျောင်းသင်္ခမ်းနေရာမှာ မြို့တည်ကြမယ်ဆိုပါရင် ဇမ္ဗူဒိပ်ကျွန်းအပြင်တွင် အမြတ်ဆုံး မြို့တစ်မြို့ ဖြစ်လိမ့်မယ်။ ဤမြို့တွင် ဖွားမြင်တဲ့ ယောက်ျားတို့တွင် တစ်ယောက်တစ်ယောက်သော ယောက်ျားဟာ တစ်ခြား၌ မွေးဖွားသော ယောက်ျားအရာအထောင်တို့ကို လွှမ်းမိုးပါလိမ့်မယ်”စသဖြင့် ဘုရားအလောင်းတော်ရသေ့က ပြောသောအခါ မင်းသားများက “အရှင်ရသေ့ ဒီနေရာဟာ အရှင်ရသေ့ အသုံးပြုနေဆဲနေရာဖြစ်တယ် မဟုတ်လား”လို့ လျှောက်သောအခါ ကပိလရသေ့က “မင်းသားတို့ ဒီနေရာဟာ ငါအသုံးပြုနေဆဲဖြစ်တယ်ဆိုပြီး အတွေးမများကြပါနဲ့၊ ငါအတွက်က အစွန်အဖျား နေရာတစ်ခုမှာ ကျောင်းသင်္ခမ်းဆောက်လုပ်ပေးကြပါ၊ ငါညွန်ပြတဲ့နေရာသာ မင်းသားတို့ မြို့တည်ဖို့လုပ်ကြတော့ မြို့နာမည်ကိုလည်း ကပိလ၀တ္တုမြို့လို့ အမည်ပေးကြပါ”လို့ ကပိလရသေ့ကပြောပါတယ်။

ဥက္ကမုခမင်းသားအမှူးရှိမင်းသားလေးယောက်တို့ဟာ မှူးမတ်သေနာပတိများစွာတို့နှင့် အတူ ကပိလ၀တ္ထုအမည်ဖြင့် ရသေ့ညွန်ပြသောနေရာတွင် မြို့တည်ကာ နေထိုင်ကြပါတယ်။ မင်းသားတို့လည်း အသက်ကြီးလို့ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်လာသောအခါ မှူးမတ်အပေါင်းက “မင်းသားများနှင့်မင်းသမီးများလည်း အရွယ်ရောက်ကုန်ပြီ၊ အကယ်၍ ဥက္ကာကမင်းကြီး အနီးမှာရှိမယ်ဆိုရင် မင်းသားမင်းသမီးတို့အား ထိမ်းမြားလက်ထပ်ပေးမည်မှာ အမှန်ဖြစ်တယ်၊ ယခုတော့ ငါတို့တာဝန်ဖြစ်ခဲ့ပြီ”ဟု တွေးပြီး မင်းသားတို့အား ထိုအကြောင်းကို လျှောက်ထားကြပါတယ်။ မင်းသားများက “အမတ်တို့ ဒီအရပ်မှာ ငါတို့နှင့်အမျိုးနွယ်တူတဲ့ မင်းသမီးများ မရှိဘူး၊ နှမတော်များနှင့်အမျိုးနွယ်တူတဲ့ မင်းသားများလည်း မရှိကြ၊ အမျိုးနွယ်ဇတ်မတူတာချင်း အိမ်ထောင်ဖက်ကြမယ်ဆိုရင် ငါတို့မှာ ဖွားမြင်လာတဲ့ သားသမီးများဟာ အမျိုးဇာတ်ပျက်ပြီး မသန့်ရှင်းဖြစ်ကြလိမ့်မယ်။ တခြားအမျိုးဇာတ်တွေလည်း ၀င်ရောကုန်လိမ့်မယ်။ ဒါကြောင့် အစ်မကြီးပိယကို အမိအရာတင်မြှောက်ပြီး၊ ကျန်တဲ့ ငါတို့ မောင်လေးယောက်နှင့် နှမလေးယောက်တို့ အမျိုးအနွယ်ဇာတ်ပျက်ပြားမှုမှ ကာကွယ်ရန် ငါတို့မောင်နှမအချင်းချင်း အိမ်ထောင်ဖက်ကြကုန်စို့”လို့ တိုင်ပင်ကာ အချင်းချင်း ထိမ်းမြားလက်ထပ်ကာ ကပိလ၀တ္ထုမြို့မှာပဲ နေထိုင်လာခဲ့ကြပါတယ်။

ထိုသို့နေထိုင်လာရာက မင်းသားမင်းသမီးအစုံအစုံတို့မှာ ဖွားမြင်တဲ့ သားသမီးတို့ဖြင့် ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။ အခြားအမျိုးတို့နှင့် မရောယှက်ဘဲ အချင်းချင်း အိမ်ထောဖက်ကြကာ ကြီးပွားတိုးတက်နေတာကို ခမည်းတော်ကြီး ဥက္ကာကမင်းကြီးကြားတော်မူသောအခါ ပရမာ သကျာ ၀တ ဘော ကုမာရော-အို အမောင်တို့ ငါ့သားတော်သမီးတော်တွေဟာ လွန်ကဲမြင့်မြတ်ကာ စွမ်းနိုင်ကြပါပေစွတကားလို့ ဥက္ကာကမင်းကြီးက ချီးကျုးးစကား ပြောခဲ့ပါတယ်။ ထိုချီးကျူးစကား၌ သကျ-စွမ်းဆောင်နိုင်ခြင်းဆိုတဲ့အနက်ကို အစွဲပြု၍ ဥက္ကာမုခစတဲ့ မင်းသားမင်းသမီး မျိုးနွယ်စုတို့ကို သကျ-သာကီယ-သာကီဝင်-သာကီမျိုး-သာကီနွယ်လို့ ခေါ်တွင်မှတ်သား ထင်ရှားခဲ့ပါတော့တယ်။

အချူပ်ဆိုရသော် သာကီဝင်မင်းအမျိုးသည် ယခုမှာ အချင်းချင်းလက်ထပ်ခဲ့သည်မဟုတ် ရှေးပဝေသဏီကတည်းက အချင်းချင်းလက်ထပ်ခဲ့ကြပါတယ်ဆိုတာကို ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com မှ