Tuesday, October 5, 2010

လွဲမှားသူတို့၏ ဆိုးကျိုးများ

မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွား၍၊ ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏။ ဣတ္ထိပဏ္ဍုတ်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏဣနြေ္ဒ၊ ယွင်းသေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်။ ရှောင်ကာအပြန်အကျိုးတည်း။


ကာမေသုမိစ္ဆာရကံသည် အလွန်ကြောက်စရာကောင်းသော အပြစ်ဖြစ်ပေသည်။ ကျွတ်တမ်းဝင်မည့် အရှင်အာနန္ဒာ၊ ဣသိဒါသီထေရီမ ပါရမီရှင်ကြီးများသည်ပင် ကျွတ်တမ်းဝင်မည့် ဤဘဒ္ဒကမ္ဘာ တစ်ခုသောဘ၀တွင် ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်မိခဲ့သောကြောင့် ဆင်းရဲပေါင်းစုံနဲ့ ကြုံတွေ့ခံခဲ့ရပေသည်။

အရှင်အာနန္ဒလျောင်းလျာသည် ငရဲ၌ နှစ်ပေါင်းများစွာ၊ လူပြည်၌ မိန်းမဘ၀၊ ပဏ္ဍုတ်ဘ၀တို့ ဖြစ်ခဲ့သည့်အပြင် တိရစ္ဆာန်ဘ၀ပေါင်းများစွာတို့၌ အထီးဖြစ်သော်လည်း ဝှေ့စေ့အထုတ်ခံရသော ဆင်းရဲဒုက္ခများစွာဖြင့် ကြုံတွေ့ခဲ့ရပေသည်။

ဣသိဒါသီထေရီမသည်လည်း ကျွတ်တမ်းဝင်မည့် ဤဘဒ္ဒကမ္ဘာ လူ့ဘ၀တစ်ခုဝယ် ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့ခြင်းကြောင့် ငရဲ၌နှစ်ပေါင်းများစွာ ဒုက္ခခံရပြီးနောက် ကျွတ်တမ်းဝင်မည့် ယခုဘ၀ပင်လျှင် လင်ယောက်ျားအမျိုးမျိုးကို မိန်းမကောင်းအင်္ဂါဖြင့် ပြုစုပေးခဲ့သော်လည်း လင်ယောက်ျားတို့၏ စွန့်ပစ်ခြင်းကို ခံခဲ့ရပေသည်။ မိဘများက ချမ်းသာပြီး သူ့၏ရုပ်အင်္ဂါကလည်းလှ မယားကျင့်ဝတ်လည်းညီအောင် နေပေခဲ့သော်လည်း ကာမေသုမိစ္ဆာစာရကံကြောင့် ယောက်ျားများ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီးမှ ရဟန္တာထေရီမဖြစ်ခဲ့ရပေသည်။

လောက၌ မိတ်ဆွေကောင်းလျှင် ကောင်းကျိုးများရသကဲ့သို့ အပေါင်းအသင်းများ မကောင်းလျှင်လည်း ယခုဘ၀တွင် မကောင်းမှုများ ပြုလုပ်တတ်ကြပေသည်။ အပေါင်းအသင်းမကောင်း၍ မကောင်းမှုများလုပ်မိလျှင် ယခုဘ၀တွင်လည်း ဘ၀ပျက် လမ်းဘေးရောက်တတ်သလို နောင်ဘ၀တွင်လည်း ဆိုးကျိုးများနဲ့သာ ရင်ဆိုင်ရပေလိမ့်မည်။

တစ်ချို့က သူများက မြောက်ပင့်ပြောဆိုပေးလျှင် ကောင်းတဲ့အလုပ်လား မကောင်းတဲ့အလုပ်လားဟု မစဉ်းစားမဆင်ခြင်ဘဲ လုပ်တတ်ကြပေသည်။ တစ်ချိ့က သတ္တိရှိတာနှင့်မိုက်မဲတာကို မခွဲခြားတတ်ပေ။ ကောင်းတဲ့အလုပ်ကို သူများထက်သာအောင် သူများမလုပ်ရဲသည့်အလုပ်ကို လုပ်ဆောင်ပေးခြင်းကိုသာ သတ္တိရှိခြင်းဖြစ်ပြီး မကောင်းမှုကို သူများထက်သာအောင် သူများမလုပ်ရဲတာကို လုပ်ရဲခြင်းသည် မိုက်မဲခြင်းဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့ လူ့ဘ၀၀ယ် အပေါင်းအသင်းများ ရွေးချယ်စီစစ် စဉ်းစားဆင်ခြင်ကာ ပေါင်းသင်းတတ်ရန်လည်း လိုပေသည်။

မိမိတို့ရဲ့ ဘ၀ပေါင်းများစွာတွင် လူ့ဘ၀ကိုရဖို့ရန် ခဲယဉ်းသလို ဗုဒ္ဓ၏အဆုံးအမများကို သိရှိနားလည်ပြီး ကောင်းမှု မကောင်းမှုကို ခွဲခြားတတ်သောဘ၀ကို ရဖို့ရန်လည်း ခက်ခဲပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် ယခုဘ၀၀ယ် လူ့ဘ၀လည်းရ ဗုဒ္ဓရဲ့သာသနာနဲ့ကြုံတွေ့၍ အသိဉာဏ်ကောင်းလေး ရှိနေချိန်ဝယ် မကောင်းမှုများကို တတ်နိုင်သလောက် ဆင်ခြင်ပြီး ရှောင်ကြဉ်ကြရန် အထူးလိုအပ်ပါကြောင်း စေတနာ မေတ္တာများဖြင့် တင်ပြပေးလိုက်ပါပေသတည်း။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

Sanninaymin@gmail.com

သာသနတက္ကသီလဓမ္မာစရိယ

B.A (Buddhism)

M.A (university of Kelaniya)

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

Sunday, October 3, 2010

သိသလိုလိုနဲ့ ကျူးလွန်မိသောအပြစ်များ

ခုခေတ် ယောက်ျားမိန်းမများသည် သိသလိုလို မသိသလိုလိုနဲ့ ကျူးလွန်မိသော အပြစ်များတို့ ရှိပေလိမ့်မည်။ ထိုအပြစ်များစွာရှိသည့်အထဲမှ လူ့လောက လူ့ကျင့်ဝတ်နဲ့လည်းမညီ လူသားတို့ အများဆုံးမုန်းတီး ရွံ့ရှာကြသည့် ကာမဂုဏ်မှားယွင်းမှုအကြောင်းများကို သိရှိနားလည်အောင် တင်ပြပေးချင်ပါသည်။


ယခုခေတ်တွင် နိုင်ငံတိုင်း၌ မေထုန်မှုပြုလုပ်ခြင်းကို ခေတ်စားနေလောက်အောင် လူသားတို့စိတ်တွင် အာရုံပြုကျုးလွန်းနေကြသည်ကို စာဖတ်သူတို့ မြင်ဖူးကြားဖူးပေလိမ့်မည်။ ခေတ်ကာလသည် ကိလေသာများ များပြားလာသောခေတ်လာလဖြစ်လာသည့်နဲ့အမျှ လူသားစိတ်တို့တွင် ကာမစိတ်များ မွန်ထူလျက်ရှိနေကြပေသည်။

ထို့တွင် မိန်းကလေးများနှင့်ကောင်လေးများ မသိသလိုလို သိသလိုလိုနဲ့ ကျူးလွန်နေသောအပြစ်များသည် ကြာလေဆိုးရွားစွာဖြစ်လာလေဟု ထင်မြင်မိပါသည်။ ထိုသို့ပြုမှုခြင်းများသည် သိရဲ့သားနဲ့ လုပ်တာလား မသိလို့များ လုပ်နေကြတာလားဟု စဉ်းစားမရ၍ မေထုန်မှုကိစ္စများနဲ့ပတ်သတ်သော သိသင့်သော အကြောင်းအရာများကို အနည်းငယ်တင်ပြပေးလိုက်ပါသည်။

အိမ်ထောင်ရှိပြီးသားသူများက ကျန်တစ်ပါးသူနဲ့ ကျုးလွန်လျှင် ကာမေသုမိစ္ဆာစာရကံထိုက်၍ အပြစ်ရှိတယ်ဆိုတာ သိပေကြလိမ့်မည်။ သိရက်နဲ့ မိုက်တာသာ ဖြစ်ပေမည်။ အိမ်ထောင်မပြုသေးသူများ မေထုန်အကျင့်ကို ပြုကျင့်တာသည် အပြစ်မရှိဟု မှတ်ထင်နေသောသူများ ရှိပေလိမ့်မည်။ ထို့ကြောင့် ထိုသို့သောသူများအတွက် တင်ပြပေးပါမည်။

ကာမေသုမိစ္ဆာစာရကံတွင် မသွားကောင်းသော မိန်းမ(၂၀)ဆိုတာ ရှိပါတယ်။ ထိုအထဲတွင် အမိ၊ အဖ၊ မိဘနှစ်ပါး၊ အကိုမောင်၊ အမညီမ၊ ဆွေမျိုး၊ အမျိုးအနွယ်၊ သူငယ်ချင်းများ အုပ်ထိန်းသော မိန်းမ(၈)ယောက်တွင် ကျူးလွန်သော ယောက်ျား၌ ကာမေသုမိစ္ဆာစာရ အပြစ်ထိုက်၍ ကျုးလွန်ခံရသော မိန်းကလေးမှာ အပြစ်မထိုက်ပါ။ သို့သော် တစ်ချို့သော ယောက်ျားလေးများက ပြောပေလိမ့်မည်။ မိန်းကလေးက သဘောတူ၍ ပြုကျင့်တာ အပြစ်မရှိဟု။ တရားဝင် စောင့်ရှောက်သူများ၏ ခွင့်ပြုချက်မရဘဲ ကာမကို ယူခြင်းကြောင့် အပြစ်ရှိပေသည်။ နှစ်ဦးသဘောဖြစ်၍သာ အပြစ်နည်းပါသည်။

ထိုသို့မဟုတ်ဘဲ မိန်းကလေးဘက်ကလည်း သဘောမတူဘဲ ကျူးလွန်လျှင် ထိုသူသည် အပြစ်များစွာ ထိုက်ပေသည်။ သီလရှိသော မိန်းကလေးကို ကျူးလွန်မိလျှင် ပို၍အပြစ်များပါသည်။ ထို့ကြောင့် ရှေးဆရာကြီးများက ´မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ´ မိန်းမများက ခေါ်အိပ်သည့်တိုင် မိမိကိုယ်ပိုင်မှတစ်ပါး မိန်းမ(၂၀)နဲ့ မအိပ်ကြဖို့ ဆုံးမခဲ့ခြင်း ဖြစ်ပေသည်။

မိန်းကလေးများက သူတို့၏ ကာမကို မည်သူကမျှ တရားဝင်စောင့်ရှောက်သူများထံမှ လာမတောင်းထားသေးပါက သူတို့ကိုယ်ပိုင်ဖြစ်နေသေး၍ အပြစ်မရှိခြင်း ဖြစ်ပေသည်။ စောင့်ရှောက်သူများထံမှ တရားဝင်တောင်းပြီးသော စေ့စပ်ပြီးသော မိန်းကလေးများ တစ်ပါးသူနဲ့ဖောက်ပြန်ပါက အပြစ်ရှိပေသည်။ ကာမကို ကိုယ်မပိုင်သောကြောင့်တည်း။

အခုခေတ်လူငယ်များ မသိ၍ကျုးလွန်မိမှာဆိုးသောကြောင့် တင်ပြပေးလိုက်ခြင်း ဖြစ်ပေသည်။ တကယ်တော့ ကာမဂုဏ်စိတ်ဟာ မိမိရဲ့စိတ်ထိန်းနိုင်မှုပေါ်မှာ မူတည်ပါပေသည်။ တဏှာကို ပယ်သတ်နိုင်သော ရဟန္တာမဖြစ်သေးသမျှ ပုထုဇဉ်လူသားတိုင်းတွင် ထိုစိတ်များရှိပေသည်။ ထိုတွင် စိတ်ထိန်းနိုင်မှုနှင့်မထိန်းနိုင်မှုသာ ကွာပေလိမ့်မည်။ စိတ်ထိန်းနိုင်သောသူသည် အပြစ်မရှိ၍ ဒုက္ခမရောက်ပေ။ စိတ်မထိန်းနိုင်သောသူသည် ယခုဘ၀လည်း ဒုက္ခတွေ့ နောင်ဘ၀လည်း ဆင်းရဲပေလိမ့်မည်။ နောက်တွင် ကာမေသုမိစ္ဆာစာရကံ၏ ဆိုးကျိုးများကို သာဓကဖြင့် တင်ပြပေးပါမည်။ ယခုတော့ ဒီမျှနဲ့ပဲ နားပါရစေ။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

Sanninaymin@gmail.com

သာသနတက္ကသီလဓမ္မာစရိယ

B.A (Buddhism)

M.A (university of Kelaniya)

Colombo, Sri lanka.

Wednesday, September 29, 2010

မြန်မာပြည်နှင့် Sunday School အဆက်

သီရိလင်္ကာနိုင်ငံ၌ Sunday Schoolကို ၀ိုင်အမ်ဘီအေ(YMBA) အသင်းမှ (၁၉၀၁)ခုနှစ်တွင် စတင်တည်ထောင် ဖွင့်လှစ်သင်ကြားပေးခဲ့ပေသည်။ (၂၀၀၇)ခုနှစ်တွင် အစိုးရသည် ၀ိုင်အမ်ဘီအေ(YMBA)အသင်းမှတဆင့် လွဲပြောင်းတာဝန်ယူခဲ့သည်။ ယခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ Sunday School ပေါင်း (၉၂၁၂)ကျောင်း ရှိပါသည်။


ထိုကျောင်းများ၌ စေတနာမေတ္တာဖြင့် သင်ကြားပေးသော ဆရာဆရာပေါင်း (၁၄၃၀၈)ယောက် သင်ကြားပေးနေကြပါသည်။ သီရိလင်္ကာနိုင်ငံ၌ Sunday School တက်ရောက်နေသော ကျောင်းသား ကျောင်းသူစုစုပေါင်း (တစ်သန်းရှစ်သိန်းနှစ်သောင်း ငါးထောင်ခြောက်ရာခြောက်ဆယ်သုံး(၁၈၂၅၆၆၃) ယောက် ရှိပေသည်။ ကျောင်းသား ကျောင်းသူများအတွက် အဖြူရောင် ၀တ်စုံနှင့်ဗလာစာအုပ် ဘောလ်ပင်များကို အစိုးရမှ ထောက်ပံ့ပေးပါသည်။

အဓိကထားသင်ကြားပေးသည့် အကြောင်းအရာများမှာ အဘိဓမ္မာ၊ ပါဠိ၊ ဇာတ်တော်များနှင့် လူမှုကျင့်ဝတ် ယဉ်ကျေးစွာ နေထိုင်စားသောက်ပြောဆိုဆက်ဆံမှု များကို သင်ကြားပေးသည်။ သင်ကြားပေးသည့် အတန်းပေါင်းမှာ Great (1) မှ Great (12) ထိ (၁၂)ခု ခွဲခြားသတ်မှတ်ထားပေသည်။ Great (1) မှ Great (6) ထိကို ကျောင်းစစ်စာမေးပွဲ ကျင်းပပေးပြီး Great (7) မှ Great (12) ထိကို အစိုးရစစ်အဖြစ် သတ်မှတ်ဖြေဆိုရသည်။ Great (1) နှင့်(2) ၌ အင်္ဂလိပ်လိုပါ သင်ကြားပေးပြီး ကျန်သောအတန်းများ၌ မိခင်ဘာသာဖြင့်သာ သင်ကြားပေးကြပါသည်။

Sunday School အောင်မြင်ပြီးလျှင် အပြင်ကျောင်းပညာမရှိလျှင်လည်း တက္ကသိုလ်ဒီပလိုမာ တိုက်ရိုက်တက်ရောက်သင်ကြားနိုင်ပေသည်။ Sunday School ကျောင်းကို ဘုန်းတော်ကြီးကျောင်းများ၌ ညောင်ပင်ရိပ်အောက်၌သော်လည်းကောင်း ကျောင်းဆောင်အောက်များ၌လည်းကောင်း နေရာမလောက်လျှင် ကျောင်းကွင်းပြင်များ တွင် သင်ကြားကြသည်ကို တွေ့ရပေသည်။

ကျောင်းပိတ်ရက်များကို အတန်းစာသင်ကျောင်းများပိတ်ပေးသော ဧပြီ၊ ဇူလိုင်၊ ဒီဇင်ဘာလများတွင် ကျောင်းပိတ်ပေးပါသည်။ First Term မှာ ဧပြီလ တစ်လနား၊ Second Term တွင် ဇူလိုင်လ တစ်လနား၊ Third Term တွင် ဒီဇင်ဘာလ တစ်လနားပါ သည်။ အပြင်အတန်းကျောင်းများတွင်လည်း ဤကဲ့သို့ ကျောင်းနားရက်များအဖြစ် သတ်မှတ်ပေးပါသည်။ မြန်မာနိုင်ငံမှာကဲ့သို့ (၃)လတိတိ တိုက်ရိုက်ကျောင်းပိတ် ပေးခြင်း မဟုတ်ပေ။ အပြင်ကျောင်းများမှ တစ်ပါတ်ကို စနေ၊ တနင်္ဂနွေ ကျောင်း(၂)ရက်ပိတ် ပေးရာတွင် သီရိလင်္ကာကျောင်းသားများသည် စနေနေ့၌သာ နားရပြီး တနင်္ဂနွေနေ့၌ ဘုန်းတော်ကြီးကျောင်းများတွင် Sunday School တက်ရောက်ကြပါသည်။

သီရိလင်္ကာနိုင်ငံ ပညာရေးစနစ်သည် စာမသင်ရသော ကလေးဟူ၍ မရှိရအောင် ကလေးဟူသမျှ ပညာသင်ကြားရပေသည်။ အကယ်၍ မိဘများက မတတ်နိုင်လျှင် အစိုးရမှသော်လည်းကောင်း အလှူရှင်အဖွဲ့အစည်းမှသော်လည်းကောင်း ထောက်ပံ့ပေးပါ သည်။ ဤနိုင်ငံရှိ လူများသည် ပညာရေးကို မည်မျှလောက်ထိ စိတ်ဝင်စားသနည်းဆိုလျှင် အသက်(၅၀)ကျော်သောပုဂ္ဂိုလ်များ စာရေးသူတို့တက်ရောက် နေသော တက္ကသိုလ်တွင် လာရောက်ပညာသင်ကြားကြသည်ကို တွေ့ရှိရသောကြောင့် ပညာရေးကို အလွန်တန်ဖိုး ထားကြပါသည်။

ဤနိုင်ငံရှိ လူမျိုးများ၏ အားသာချက်တစ်ခုမှာ ကမ္ဘာသုံးအင်္ဂလိပ်စာကို ထမင်းစားရေသောက် လူတိုင်းလိုလို ပြောဆိုတတ်ခြင်း ဖြစ်ပေသည်။ အလုပ်သမား၊ ကားသမား၊ သုံးဘီးသမား၊ ဈေးရောင်းသူများမှစ၍ အင်္ဂလိပ်လို သူ့နေရာသူ ပြောဆို တတ်ကြသည်ကို တွေ့ရသောကြောင့် စာရေးသူတို့ မြန်မာနိုင်ငံထက် လူမှုဆက်ဆံရေး အတွက် သာလွန်သည်ကို တွေ့ရှိရပေသည်။ နိုင်ငံတကာမှ လာကြသော ဧည့်သည်များသည် ဧည့်လမ်းညွှန်မလိုဘဲ သွားချင်သည့်နေရာကို သွားလို့ရပေသည်။ စာရေးသူတို့လည်း မည်သည့်ကားကိုမဆို ငှား၍လည်းကောင်း လိုင်းကားစီး၍လည်းကောင်း အလွယ်တကူသွားနိုင်ခြင်းမှာ ဤနိုင်ငံရှိလူများ အင်္ဂလိပ်စာကို တီးမိခေါက်မိ တတ်ထားခြင်းကြောင့်ပင် ဖြစ်ပေသည်။

ထို့ကြောင့် စာရေးသူတို့ မြန်မာနိုင်ငံရှိ မြန်မာလူမျိုးများသည် တိုးတတ်နေသော အိုင်တီခေတ်ကြီး၌ ကမ္ဘာသုံးဖြစ်နေသည့် အင်္ဂလိပ်စာကို သူ့နေရာသူ အသုံးချတတ်ရန် ကမ္ဘာနှင့်ရင်ဘောင်တန်ပြီး ၀င်ဆန့်နိုင်ရန် မည့်သည့်အရွယ်မဆို လေ့လာလိုက်စားကြပါလို့ တိုက်တွန်းအကြံပေးလိုက်ရပါပေသည်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

Sanninaymin@gmail.com

သာသနတက္ကသီလဓမ္မာစရိယ

B.A (Buddhism)

M.A (university of Kelaniya)

Colombo, Sri lanka.

Sunday, September 26, 2010

မြန်မာပြည်နှင့် Sunday School


အစည်းအဝေး မှတ်တမ်းတင်များ
လောကတွင် “မပြုကောင်းသည်သာရှိ၍ မတတ်ကောင်းသည် မရှိပေ။ မတုပ ကောင်းသည်သာရှိ၍ မမြင်ကောင်းသည် မရှိပေ။ မလိုက်စားကောင်းသည်သာရှိ၍ မသိကောင်းသည်ဟူ၍ မရှိပါ”။


ထို့ကြောင့် စာရေးသူတို့ သီရိလင်္ကာနိုင်ငံ၌ ပညာသင်နေကြသော သံဃာတော်များသည် မိခင်မြန်မာနိုင်ငံတွင် သီရိလင်္ကာနိုင်ငံမှ အတုယူစရာကောင်းသော ဘာသာရေးအလေးထားမှုလည်းဖြစ် လူသားတို့တွင် အသိပညာ ဘာသာရေးပညာ ယဉ်ကျေးမှုပညာများနှင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြင်နာ နားလည်မှုများရှိစေသည့်အပြင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး မည်သည့်လူသားမျှ မပြုကျင့် မဖြည့်စွမ်းနိုင်သည့် ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခဲ့ပြီး ခြောက်နှစ်တိတိ မသေရုံတမယ် ခက်ခဲလှသည့်အကျင့်ကိုကျင့်ကာ တစ်ရက်(၂၄)နာရီတွင် (၂)နာရီမျှ ခန္ဓာကိုယ်အတွက် အနားပေးပြီး (၄၅)နှစ်ကာလတာပတ်လုံး သတ္တ၀ါအားလုံးတို့အား စေတနာ မေတ္တာ ကရုဏာပေါင်းများစွာဖြင့် ဟောကြားပေးတော်မူခဲ့သော မြတ်ဗုဒ္ဓ၏ တရားတော်များ မပျောက်ကွယ်ရန်အတွက် သီရိလင်္ကာနိုင်ငံ၌ ကျင့်သုံးနေသော Sunday School ခေါ် ဗုဒ္ဓစာပေ ယဉ်ကျေးမှုစာပေများ သင်ကြားပေးမှုစနစ်များကို မြန်မာနိုင်ငံတွင် ကျင့်သုံးအကောင်အထည်ဖော်ရန် ၀ိုင်းဝန်းကြိုးစားလုပ်ဆောင်ပေးနိုင်ရန်အတွက် စည်းဝေးတိုင်ပင် ဆွေးနွေးအကြံပြုပွဲလေးကို (၂၅.၀၉.၂၀၁၀) ညနေ (၃)နာရီတွင် ပြုလုပ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံတွင် Sunday School အကောင်အထည်ဖော်ရန်အတွက် စိတ်ပါဝင်စားသည့် သံဃာတော် (၁၈)ပါး တက်ရောက် ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ အဓိကထား တိုင်ပင်ခဲ့သည့် အကြောင်းအရာများမှာ ဒီနိုင်ငံ၌ ပညာသင်နည်းစနစ်များ၊ ပြဋ္ဌာန်းသင်ကြားသည့် ဘာသာရေးအကြောင်းအရာများ၊ အတန်းခွဲသင်ကြားပုံများ၊ သင်ကြားပေးခြင်း၏ အကျိုးရလဒ်များ၊ မိမိတို့ အမိမြန်မာပြည်နှင့် ဤနိုင်ငံ၏ မတူသည့် ဓလေ့ယဉ်ကျေးမှုများ၌ အစားထိုးသင်ကြားပေးသင့်သည့် ဘာသာရေးစာပေများစသည့် အကြောင်းအရာများကို ဆွေးနွေးအကြံပြု တိုင်ပင်ခဲ့ကြပါသည်။

ထိုဆွေးနွေးခဲ့သည့် အကြောင်းများနှင့် ဒီနိုင်ငံမှ မူရင်းပြဋ္ဌာန်းသည့် စာအုပ်များကို ဘာသာပြန်ပြီး သာသနာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်သံဃာ့မဟာနာယကဆရာတော် ကြီးများထံသို့ စာပေးဖို့ရန် တိုင်ပင်ခဲ့ကြသည်။ မြန်မာပြည်တွင် သင်ကြားရန်အတွက် သင်ရိုးညွန်တမ်းများ၌ ဤနိုင်ငံ၌ပြဋ္ဌာန်ထားသည့် စာအုပ်များကိုကြည့်၍ လိုအပ်သည့်များ ဖြည့်စွက်၊ ပယ်နှုတ်သင့်သည့်အချက်များကို ပယ်နှုတ်ကာ အတန်းအသီးသီအတွက် စာအုပ်များရေးသားရန် အသီးသီး တာဝန်ယူခဲ့ကြပါသည်။

ဤနိုင်ငံတွင် အတန်း(၁၂)တန်းခွဲကာ သင်ကြားပေးသောကြောင့် မြန်မာပြည်တွင်လည်း သူငယ်တန်းအပါအ၀င် အတန်း(၁၁)တန်းခွဲ၍သင်ကြားရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် စာအုပ်ထုတ်ရန်ကုန်ကျငွေ၊ Sunday School ကျောင်းများသို့ လိုအပ်သည့်များ လေ့လာရန် သွားခလာခစရိတ်၊ သူတို့သင်ကြားသည့် စာအုပ်များဝယ်ရန်ကုန်ကျငွေ၊ စာရွက်စာတမ်းခ မိတ္တူခများ ကုန်ကျငွေအတွက် ရန်ပုံငွေလိုအပ်သည်ကိုလည်း ဆွေးနွေးကြရာ ယခုလောလောဆယ်တွင် အဖွဲ့ဝင်ပါဝင်ပြုလုပ်သည့် သံဃာတော်(၁၈)ပါးမှ တစ်ပါးလျှင် ရူးပီငွေ (၅၀၀)ကျပ်စီ စာရေးသူထံသို့ လှူဒါန်းထားကြပါသည်။ နောင်လာမည့် ကုန်ကျစရိတ်ကိုတော့ မည်သို့လုပ်လျှင် ကောင်းမလဲလို့ စဉ်းစားဆဲပင်။

တကယ်တော့ စာရေးသူတို့ စာသင်သားသံဃာတော်များသည် ဘုန်းကံကြီးမား ငွေချမ်းသာ၍ ပြည်ပ၌ ပညာသင်ကြားနေကြခြင်း မဟုတ်ပေ။ ခေတ်ပညာအတွေးအခေါ်များနှင့် ဗုဒ္ဓစာပေများကို ဖြန့်ဖြူးပေးနိုင်ရန် မိဘဆွေမျိုးများထံမှ စုစည်းပြီး ချွေးတာသုံးစွဲကာ ပညာသင်ကြားနေကြခြင်းကြောင့် ယခု Sunday School အတွက် ကုန်ကျမည့်ငွေများကို ကိုယ်ပိုင်ကုန်ကျစရိတ် ထုတ်ပေးချင်သော်လည်း မဖြစ်နိုင်၍ စဉ်းစားနေရဆဲပင် ဖြစ်ပေသည်။

အော် ရခဲလှသည့် လူ့ဘ၀လေးရနေခိုက်မှ အများကောင်းကျိုးအတွက် ကောင်းမှုကုသိုလ်များ မလုပ်၊ ဘယ်တော့များမှ လုပ်ပါမလဲနော်။ ကုသိုလ်ကောင်းမှုလုပ်နိုင်သော ဘ၀သည် လူ့ဘ၀တစ်ခုမျှသာ ရှိပါသည်။ နတ်ပြည် ဗြဟ္မာပြည်၌ စည်စိမ်းချမ်းသာများသာ ခံစားနေရ၍ ကုသိုလ်ကောင်းမှုလုပ်ဖို့ရန် ခက်ခဲသကဲ့သို့ ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရာယ်ဟူသော အပါယ်(၄)ဘုံသို့ ရောက်လျှင်လည်း အသိဉာဏ်လည်းမရှိ။ ဒုက္ခများသာ ခံစားနေရသောကြောင့် ကုသိုလ်ကောင်းမှုလုပ်ဖို့ရန် မလွယ်ကူလှပေ။ လူ့ဘ၀သည် အထက်တက်မယ်ဆို အစွန်ဆုံးထိ တက်နိုင်အောင် လုပ်နိုင်သကဲ့သို့ အောက်သို့ကျမည်ဆိုလျှင် ဂျိုးကပ်သည့်အထိ လုပ်နိုင်သော ဘုံဘ၀ဖြစ်ပါသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက လူ့ဘ၀သည် ကုသိုလ်ကောင်းမှုပြုလုပ်ရန် အကောင်းဆုံးသော ဘုံဘ၀ဖြစ်သည်ဟု မိန့်ကြားခဲ့ခြင်း ဖြစ်ပေသည်။

ဆက်လက်၍ Sunday School နဲ့ပတ်သတ်၍ လေ့လာတွေ့ရှိ စုံစမ်းရသမျှကို တင်ပြပေးပါမည်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
Sanninaymin@gmail.com
သာသနတက္ကသီလဓမ္မာစရိယ

B.A (Buddhism)

M.A (university of Kelaniya)
Colombo, Sri lanka.

Friday, September 24, 2010

တဏှာအစစ် တရာ့ရှစ်



“တဏှာသုံးတန်၊ တည်ထားပြန်၊ အာကာသံနှင့်မြှောက်၊ တဏှာအစစ်၊ တရာ့ရှစ် ကိုယ်မှာဖြစ်၍ရောက်”ဟူသည်နှင့်အညီ ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာသုံးပါးကို ရူပါရုံဟူသော အဆင်း၊ သဒ္ဒါရုံဟူသော အသံ၊ ဂန္ဓာရုံဟူသော အနံ့၊ ရသာရုံဟူသော အရသာ၊ ဗောဋ္ဌဗ္ဗာရုံဟူသော အထိအတွေ့၊ ဓမ္မာရုံဟူသော ကြံစည်တွေးခေါ် စဉ်းစား သောစိတ် (၆)ပါးနှင့်မြှောက်ပါက (၃x၆=၁၈)ပါးရ၏။ ထို(၁၈)ပါးကို မျက်မှောက်ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ဟူသော ကာလသုံးပါးနှင့်မြှောက်ပါက (၃x၁၈=၅၄)ပါးရ၏။ တဖန် ထို(၅၄)ပါးကို မိမိ သူတစ်ပါးဟူသော သန္တာန်(၂)ပါးဖြင့် မြှောက်ပါက (၅၄x၂=၁၀၈) ပါးရ၏။


လူသားစသော သတ္တ၀ါတို့သည် “စွဲလမ်းမှု တပ်မက်ခုံမင် ချစ်ခင်မှု”ဟူသော တဏှာလောဘကို အပြစ်ဟုမမြင်ဘဲ အချစ်ဟု မြင်နေပြီး ချစ်ခင်တွယ်တာနေကြသည်။ ထိုသို့ တွေ့မြင်နေကြသောကြောင့် ဘ၀သံသရာ ခရီးတလျှောက်လုံးတွင် ဒုက္ခမျိုးစုံတို့နဲ့ တွေ့ကြုံနေရခြင်း ဖြစ်ပေသည်။

တဏှာလောဘများ ဖြစ်ရခြင်းမှာ အမှန်ကိုအမှန်အတိုင်း မသိမြင်အောင် လောကီအာရုံကာမဂုဏ်ဝတ္ထုများကို နှစ်သက်သာယာဖွယ်အာရုံများဟု ထင်မြင်လာအောင် လုပ်ဆောင်ပေးသော ဒိဋ္ဌိကြောင့်ပင် ဖြစ်ပေသည်။ ပကတိအမှန်တရားများကို အထင်မြင်မှားအောင် ပြုလုပ်ပေးထားသော ဒိဋ္ဌိ(အမှန်အတိုင်းမမြင်ခြင်း)ကြောင့် လူသားတို့သန္တာန်မှာ နေ့စဉ်နဲ့အမျှ တဏှာလောဘများ ဖြစ်ပေါ်နေကြရပါသည်။

ထိုတဏှာလောဘ ဖြစ်ပေါ်လာစေရန် နောက်ခံအကြောင်းတရားများဖြစ်သော မကောင်းသောအရပ်၌ နေရခြင်း၊ လူမိုက်လူယုတ်များနှင့်ပေါင်းသင်းခြင်း၊ နှစ်သက်စရာ လိုချင်စရာ အာရုံများနဲ့ ဆုံစည်းခြင်း၊ မသင့်မလျော် နှလုံးသွင်းလွဲချော်ခြင်း၊ သာယာဖွယ် နှစ်သက်ဖွယ် အာရုံများဟု ရှု့မြင်သုံးသပ်ခြင်းစသော အကြောင်းတရားများ အမြောက် အများ ရှိပေသည်။

` လူသားများ နေ့စဉ်နဲ့အမျှ တွေ့ကြုံနေရသော လောကီအာရုံများသည် အမှန်စင်စစ် ဆင်းရဲမျိုးစုံ ဖန်တီးပေးတတ်သော သဘောရှိသောကြောင့် အမှန်တကယ် သာယာဖွယ် နှစ်သက်ဖွယ် တွယ်တာမက်မောဖွယ် အာရုံများ မဟုတ်ကြပါ။ တဏှာလောဘကင်းအောင် လုပ်ဆောင်နိုင်ခဲ့ကြသော ဘုရားရဟန္တာအရိယာသူတော်ကောင်းများသည် ထိုအာရုံများကို စက်ဆုပ်ရွံရှာဖွယ် အာရုံများဟု အရှိကိုအရှိတိုင်း သိမြင်ကြသောကြောင့် မည်သည့် အာရုံကို တွေ့မြင်ရသော်လည်း တွယ်တာမက်မောဖွယ်မှုများ မဖြစ်ကြ၍ ငြိမ်းအေးမှု ချမ်းသာကို ခံစားရပါသည်။

ပုထုဇဉ်သတ္တ၀ါတို့သည်ကား အမှန်ကိုအမှန်အတိုင်း မမြင်သေးသော ဒိဋ္ဌိနှင့် ထိုကဲ့သို့ မမြင်နိုင်အောင် ဖုံးလွှမ်းပေးထားသော မောဟ(အ၀ိဇ္ဇာ)ရှိနေခြင်းကြောင့် မြင်ရကြုံရတွေ့သမျှသော အာရုံတို့အပေါ်၌ တပ်မက်မှုတဏှာလောဘများ ဖြစ်နေကြရပေသည်။ “မြင်းကို မျက်မှန်စိမ်းတပ်ပြီး မြက်ခြောက်များကိုကျွေးရာ မြင်းက မြက်စိမ်းတွေပဲဟု အမှားမြင်ကာ မြိန်မြိန်ရှက်ရှက် စားသကဲ့သို့ ပုထုဇဉ် သတ္တ၀ါတို့သည်လည်း မောဟတည်းဟူသော မျက်မှန်စိမ်းတပ်မှုကြောင့် နောက်ကွယ်တွင် ဆင်းရဲဒုက္ခအသွယ်သွယ် ခြံရံနေသည့် စက်ဆုပ်ရွံရှာဖွယ်၊ မတင့်တယ်သော အသုဘ အာရုံတို့ကို တကယ်သာယာဖွယ် မက်မောဖွယ်အာရုံများဟု ရှု့မြင်ပြီး လိုချင် တပ်မက်နေပေသည်။

ထို့ကြောင့် မိမိတို့သည် သံသရာကျွတ်လမ်းကို မသွားနိုင်သေးလျှင်တောင်မှ သံသရာထဲကျင်လည်နေစဉ်မှာ ဘယ်ရာသည် ပြုလုပ်သင့် မပြုလုပ်သင့်။ ဘယ်ရာကို ပြုလုပ်လျှင် မည်သို့သော ကောင်းကျိုးဆိုးကျိုးရမည်၊ ဘယ်ရာကိုမပြုလုပ်လျှင် မည်သို့ သော ချမ်းသာ၊ဆင်းရဲကို ခံစားရမည်စသည့်အချက်များကို မိမိသည် မည်သည့်ကိစ္စကိုမဆို မပြုလုပ်ခင်ကတည်းက စဉ်းစားဆင်ခြင်နိုင်သော အသိဉာဏ်လေးများ ထာဝရ မိမိသန္တာန်ရှိအောင် လုပ်ထားရပါလိမ့်မည်။

သို့မှသာလျှင် မိမိတို့ သံသရာလောကကြီးထဲ၌ ကျင်လည်နေစဉ်မှာပင် မိမိအတွက် ကောင်းကျိုးများများရပြီး ဆင်းရဲဒုက္ခများနည်းကာ ဘ၀အတွက် သာယာလှပ နေပါ လိမ့်မည်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

Sanninaymin@gmail.com

သာသနတက္ကသီလဓမ္မာစရိယ

B.A (Buddhism)

M.A (university of Kelaniya)

Colombo, Sri lanka.

Thursday, September 16, 2010

စကားပြောကြရာဝယ်

စကားပြောဆိုရာ၌ လိမ်မာပါးနပ်စွာ ပြောဆိုတတ်ရန် လိုအပ်သကဲ့သို့ တဘက်လူရဲ့စကားကို သေချာနားလည်အောင် နားထောင်ရန်လည်း လိုအပ်ပါပေသည်။ တစ်ချို့က မိမိကသာ ပြောချင်၍ တဘက်လူရဲ့စကားကို နားမထောင်ချင်တာတို့ ဆိုလိုချက်ကို ပြီးဆုံးအောင် နားမထောင်တာတို့ ရှိတတ်ကြပါတယ်။


တကယ်တော့ စကားပြောဆိုခြင်းသည် အလွန်အရေးပါ အရာရောက်သော ကဏ္ဍတစ်ခုဖြစ်သည်ကို လူတိုင်းသိနေကြသော်လည်း စကားမည်သို့မည်ပုံ ပြောဆိုရမည်ဆိုသည့် အချက်အလက်များကိုတော့ လေ့လာမှတ်သား မကျင့်ကြံကြသည်က များနေသည်ကို တွေ့ရှိရပေသည်။

စကားပြောကောင်းခြင်း၊ စကားကို ရေလည်ပတ်လည် ပြောဆိုတတ်ခြင်း၊ လိုရင်းတိုရင်းဖြစ်အောင် ပြောဆိုတတ်ခြင်းစသည့် အချက်အလက်များကို စကားပြောဆိုရာ၌ အထူးသတိထားရန် လိုအပ်လှပေသည်။ စကားပြောဆိုကောင်းလျှင် အရာရာကို အောင်မြင်သကဲ့သို့ လူချစ်လူခင်လည်း ပေါများပေသည်။ စကားပြောဆိုခြင်းနဲ့ပတ်သတ်၍ မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သော စကားပြောကောင်းခြင်း အင်္ဂါ(၆)ပါးကို တင်ပြချင်ပါသည်။ ၎င်းတို့မှာ...........

၁။ ချစ်ခင်မြတ်နိုးဖွယ် ကိုယ်အမူအရာရှိခြင်း။
၂။ ချစ်ခင်မြတ်နိုးဖွယ် နူတ်အမူအရာရှိခြင်း။
၃။ ချစ်ခင်မြတ်နိုးဖွယ် လိုက်လျှောတတ်ခြင်း။
၎။ ချစ်ခင်မြတ်နိုးဖွယ် မျှတဝေဖန်မူရှိခြင်း။
၅။ ချစ်ခင်မြတ်နိုးဖွယ် ကိုယ်ကျင့်သိက္ခာရှိခြင်း။
၆။ ချစ်ခင်မြတ်နိုးဖွယ် အသိပညာရှိခြင်းတို့ပင် ဖြစ်ပေသည်။

စကားပြောဆိုရာ၌ အဓိကထားရမည့် အချက်မှာ မိမိပြောသောစကားသည် သူတစ်ပါးအတွက် မထိခိုက် မနစ်နာ မကြမ်းတမ်းသော စကားများကိုရှောင်ပြီး ကောင်းကျိုးဖြစ်စေလိုသော မေတ္တာဓာတ်ဖြင့် ပြောဆိုဆက်ဆံမှ သာလျှင် မိမိရဲ့စကားသည် အဓိပ္ပါယ်ရှိ၍ အောင်မြင်မှုရပေလိမ့်မည်။

လူ့လောကစကားပြောကြရာတွင် တစ်ဦးနှင့်တစ်ဦး ဆွေမျိုးမောင်နှမများကဲ့သို့ သဘောထားပြီး လိမ်မာယဉ်ကျေးသော စကားလုံးများဖြင့် ပြောဆိုမှသာလျှင် လူရာဝင်သော စကားဖြစ်ပေလိမ့်မည်။ ထို့ပြင် မိမိစကားပြောဆိုမည်ဆိုလျှင် မိမိရဲ့စကားသည် မိမိပြောချင်သော အဓိပ္ပါယ်ကိုရောက်မရောက် ဆိုသည့်အချက်လည်း သတိထားရန် လိုအပ်လှပေသည်။ တစ်ချို့က ပြောချင်ဇောဖြင့် ပြောချလိုက်ရာ ဆိုလိုချင်သည်ကားတခြား ပြောလိုက်သည်ကတခြား ဖြစ်နေတတ်၍ ဒုက္ခတွေ့တတ်ပေသည်။

လူသားများသည် များသောအားဖြင့် မြတ်ဗုဒ္ဓနဲ့ပတ်သတ်သောစကား ရဟန်းသံဃာများနဲ့ ပြောဆိုသော စကားများကို မပြောမဆိုတတ် မသုံးနှုန်းတတ်သည်က များလာသည်ကို တွေ့ရသောကြောင့် ထိုအသုံးအနှုန်း များကိုလည်း တင်ပြပေးချင်ပါသည်။


မြတ်ဗုဒ္ဓရုပ်ပွားတော်အား တွေ့မြင်ရပါက သပ္ပါယ်လိုက်တာ၊ ကြည်ညိုစရာကောင်းလိုက်တာဟုသာ ပြောဆိုရပါမည်။ မြတ်ဗုဒ္ဓရုပ်ပွားတော်သည် လျောင်းတော်မူပုံ၊ ရပ်တော်မူပုံ၊ သီတင်းသုံးနေတော်မူပုံတို့ ရှိကြပါသည်။ ထိုကဲ့သို့သော ရုပ်ပွားတော်များကို တွေ့မြင်ရလျှင် သူ့နေရာနဲ့သူ သုံးနှုန်းပြောဆိုတတ်ရန် လိုအပ်ပါသည်။

ရဟန်းသံဃာတော်များနဲ့ပြောဆိုရာတွင်လည်း အရှင်ဘုရား၊ တပည့်တော်၊ တင်းပါး၊ မှန်ပါ့ဘုရား။ လျှောက်တင်ပါသည်ဘုရား။ ကြွတော်မူပါဘုရား။ ကြည်ညိုပါသည်ဘုရား။ ဆွမ်းဘုဉ်းပေးတော်မူပါဘုရား။ အလှူခံတော်မူပါဘုရား။ ဆက်ကပ်လှူဒါန်းပါသည်ဘုရား။ ဖူးမျှော်ပါသည်ဘုရားစသည့် အပြောအဆိုများကို သူ့နေရာသူ ပြောဆိုတတ်ရန် လိုအပ်ပါပေသည်။

စကားပြောမတတ်၍ ပြောတတ်သလို ပြောလျှင်ရော အပြစ်ရှိသလားလို့ မေးလာလျှင် စိတ်ထဲက ကြမ်းတမ်းမိုက်ရိုင်းလိုသော စိတ်ဆန္ဒမရှိပါက အပြစ်မရှိသော်လည်း ဗုဒ္ဓသာသနာနွယ်ဝင်များဖြစ်ပါက လူသူလေးပါးထဲတွင် ထိုသို့ပြောဆိုမှသာလျှင် မိမိတို့၏စကားသည် ယဉ်ကျေးသိမ်မွေ့သော စကားဖြစ်ပေလိမ့်မည်။

ယခုခေတ် လူငယ်လေးများသည် ရဟန်းသံဃာများနှင့် စကားပြောရမည်ကို ကြောက်သလိုလို လန့်သလိုလို ဖြစ်နေတတ်ပြီး စကားမပြောချင်ကြပေ။ ထိုသို့ ရဟန်းသံဃာများနှင့် မပြောမဆို မရင်းနှီးသောကြောင့် သူတို့လေးများ၏ သန္တာန်၌ ဗုဒ္ဓနဲ့သက်ဆိုင်သော ယဉ်ကျေးမှုအသိပညာများ ခေါင်ပါးနေကြခြင်း ဖြစ်ပေသည်။

ထို့ကြောင့် စာရေးသူက မိမိထံသို့ ဘာသာရေး၊ ပညာရေး၊ ဗဟုသုတစသော အသိပညာများ မေးမြန်းချင်၍ ရောက်လာကြသော ခေတ်လူငယ်များအား စကားမပြောတတ်လို့ဆိုပြီး စကားမပြော မမေးမြန်းဘဲနဲ့တော့ မနေပါနဲ့။ သိချင်တာကိုမေးပါ။ ဘယ်လိုပြောရမည်ဆိုတာကိုလည်း သိချင်ရင် မေးပါ။ စကားမပြောတတ်လို့ မပြောမမေးဘဲနေသွားမည်ဆိုလျှင် သင်တို့သန္တာန်မှာ ဘာသာရေးဗဟုသုတ အသိဉာဏ်များ ရရှိလာလိမ့်မည် မဟုတ်၊ ငါသည် သင်တို့အား ငါ၏မောင်နှမသားချင်းကဲ့သို့ သဘောထားသောကြောင့် အစဦး၌ ပြောတတ်သလို ပြောနိုင်ပါသည်ဟု မိန့်တော်မူပေးခဲ့သည်။

စာရေးသူကိုယ်တိုင်ကလည်း ပြည်ပ၌ ပညာသင်နေတဲ့အချိန်လေးမှာ ကိုယ်တိုင်ကိုယ်ကျ တရားမဟောနိုင်သေး၍ အွန်းလိုင်းကနေ မိမိရင်ထဲ၌ ရှိနေသည့် အသိပညာများကို အများအကျိုးရှိအောင် လုပ်ဆောင်ပေးမည်ဟု ဆုံးဖြတ်ထားသောကြောင့် တတ်နိုင်သလောက် ပို့စ်ရေးတင်၍ တတ်နိုင်သလောက် မေးမြန်းလာမှုများကို ဖြေဆိုပေးနေခြင်း ဖြစ်ပေသည်။

ဤပို့စ်ကို ရေးသားခြင်းသည် မိမိတို့၏ မြန်မာလူမျိုးများ စကားပြောဆိုခြင်းနဲ့ပတ်သတ်၍ လိမ်မာယဉ်ကျေးစေလိုသော ဆန္ဒဖြင့် ရေးသားတင်ပြလိုက်ခြင်း ဖြစ်ပေသည်။ ယခုတော့ ဤမျှနဲ့ နိဂုံးချုပ်ပါရစေ။ နောက်မှ ဆက်လက်ရေးသားတင်ပြပေးပါအုန်းမည်။

Thursday, September 9, 2010

လျှောက်မိလျှောက်ရာ ခြေလှမ်းများစွာ


သံသရာအစ တဏှာ(အ၀ိဇ္ဇာ)ကဆိုသည့်အတိုင်း တဏှာမကုန်သေးသမျှ သံသရာထဲ၌ ကျင်လည်ကြရအုန်းပေမည်။ လောလောဆယ် လူ့ဘ၀ဆိုသည့် လူ့ဘုံလေးထဲ၌ တစ်ထောက်တစ်နေရာ နားနေတဲ့အချိန်လေးမှာဖြင့် လျှောက်လှမ်းရသည့် ခြေလှမ်းတွေ မနည်းတော့ပါလား။


ကလေးဘ၀ လမ်းလျှောက်တတ်သည့် အချိန်မှစပြီး သေဆုံးမည့်အချိန်ထိ လူ့ဘ၀ လူ့ဘုံတစ်ခဏတာအချိန်လေးတွင် ခြေလှမ်းတွေ များစွာလျှောက်လှမ်းရအုန်းမည်မို့ မိမိလျှောက်လှမ်းရမည့် ခြေလှမ်းများကို ကောင်းစွာလျှောက်လှမ်းနိုင်ရန် ပြင်ဆင်ကြရပါ လိမ့်မည်။ လူ့ဘ၀လေး၌ ဤမျှလောက် ခြေလှမ်းများ လျှောက်လှမ်းနေရရင် သံသရာ တလျှောက်လုံး လျှောက်လှမ်းခဲ့ရသည့် ခြေလှမ်းတွေ ဘယ်လောက်တောင် များခဲ့မလဲ မသိဘူးနော်။

ငယ်စဉ်တောင်ကျေး ကလေးဘ၀ လမ်းလျှောက်တတ်ချိန်မှစ၍ ခြေလှမ်းများ စတင်လျှောက်လှမ်းရင်း လူသားတစ်ယောက် လုပ်ဆောင်ပြုလုပ်သင့်သည့် အများအကျိုး နှင့် လူ့လောကကို ၀င်ဆန့်နိုင်ရန် လူသားတို့တတ်မြောက်ရမည့် အတန်းပညာများ သင်ကြားရန်အတွက် ခြေလှမ်းများ မဖြစ်မနေ လျှောက်လှမ်းနေရပေမည်။

“အော်.......ဘာလိုလိုနဲ့ ခြေလှမ်းတွေ လျှောက်လာလိုက်ရတာ နားရတယ်လိုကို မရှိပါလား။ နိဗ္ဗာန်ဆိုသည့် ပန်းတိုင်ကို မရောက်သေးသမျှ ခြေလှမ်းများ ဆက်လျှောက်ရအုန်းမှာပါလား”ဟု တွေးတော်ရင်းနဲ့ အသက်(၁၈)နှစ်အရွယ်တွင် မန္တလေး၊ သာသနာ့တက္ကသိုလ်သို့ လျှောက်လှမ်းခဲ့ရပေသည်။ သာသနာ့တက္ကသိုလ် B.A degree အောင်မြင်ပြီးသောအခါ မိမိ၏ခြေလှမ်းများသည် သာသနာပြုတာဝန်ကျသော မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့လေးမြို့သို့ ဆက်ခဲ့ရပေသည်။

တနိုင်းမြို့လေးသည် ကချင်၊ ရှမ်း၊ နာဂ၊ လီဆူး၊ ဗမာတို့ စုပေါင်းနေထိုင်ကြသော မြို့လေးဖြစ်၍ သာယာသော်လည်း ပညာရေးကဏ္ဍမှာဖြင့် အတော်လေး ခေါင်ပါးနေသေး သောကြောင့် မိမိတတ်နိုင်သည့် ပညာရေးကို ဆောင်ရွက်ပေးမည်ဟု ဆုံးဖြတ်ပြီးနောက် မိမိခြေလှမ်းများကို အများအကျိုးအတွက် လျှောက်လှမ်းပေးခဲ့သည်။ မိမိတာဝန်ကျသော တောင်တန်းသာသနာပြုကျောင်းလေး၌ လူငယ်ဖွဲ့ဖြိုးရေး ပရဟိတဂေဟာနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိသဖြင့် မိမိအတွက် တန်ဖိုးရှိသော ခြေလှမ်းများ ဖြစ်လိမ့်မည်ဟု စဉ်းစားမိ၍ ၀မ်းသာပီတိဖြစ်မိပါသည်။

ပရဟိတဂေဟာ၌ လာနေကြသော မိဘဆင်းရဲသောကလေးများ၊ မိဘမဲ့သော ကလေးများကို အတန်းစုံပညာသင်ကြားပေးခဲ့သည့်အပြင် သူတို့ကိုကျွေးမွေး ပြုစုစောင့် ရှောက်ပေးခဲ့ပါသည်။ မြို့ပေါ်၌နေကြသော ငွေကြေးမတတ်နိုင်ကြသည့် ကလေးငယ်များ လည်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် လာရောက်၍ ပညာသင်ကြားကြပါသည်။ ကလေးများကို မိမိတတ်သည့် ပညာများအား အစွမ်းကုန် အချိန်ရောလူပါ ပင်ပန်းခံပြီး သင်ကြားပေးခဲ့သောကြောင့် သူတို့လေးများ၏ ခြေလှမ်းများ လှပခဲ့ပေသည်။

မိမိလူ့ဘ၀လေး၌ လူ့ဖြစ်လာတဲ့အချိန် ဗုဒ္ဓရဲ့အဆုံးအများ ရရှိနေတဲ့အချိန်ကာလလေးမှာ အများအကျိုးကို တတ်နိုင်သမျှ လုပ်ပေးမည်ဟု ဆုံးဖြတ်ကာ ကျောင်းဖွင့်၌ အတန်းပညာများကို သင်ကြားပေးခြင်း၊ ကျုရှင်များပြသပေးခြင်းများ ပြုလုပ်ပေးသည့်အပြင် နွေရာသီကျောင်းပိတ်ရက်၌ ခေတ်လူငယ်မျိုးဆက်သစ်ကလေးများအား ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့်ကွန်ပျုတာ အင်္ဂလိပ်စာတို့ကို သင်ကြားပေးခဲ့ပါသေးသည်။

ဗုဒ္ဓဘာသာမျိုးဆက်သစ်သော်လည်းကောင်း၊ အခြားဘာသာဝင် မျိုးဆက်သစ် သော်လည်းကောင်း နွေရာသီကျောင်းပိတ်ရက်၌ လွတ်လပ်ပျော်ပါးစွာနေချင်ကြသည်မှာ ဓမ္မတာဖြစ်နေ၍ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို မတတ်ရောက်ချင်ကြပေ။ သူတို့၏ စိတ်အလိုကို မိမိက ကျော်လွန်သိရှိနေခြင်းကြောင့် အစဦးကတည်းကပင် အတန်းပညာ၊ အင်္ဂလိပ်စာ၊ ကွန်ပျုတာပညာများကို သင်ကြားခဲ့ခြင်း ဖြစ်ပေသည်။ ထိုသို့သင်ကြားခဲ့ခြင်းကြောင့်လည်း ခေတ်လူငယ်မျိုးသစ်များသည် မိမိ၏ သွန်သင်ဆုံးမမှုကို မဆန်ကျင်နိုင်ခဲ့ကြပေ။

များသောအားဖြင့် ခေတ်လူငယ်မျိုးဆက်သစ်လေးများသည် လောကီအတတ်ပညာ မတတ်မြောက်ပါက သူတို့ကို ရင်ဘောင်တန်၍ မပြောဆိုမဆက်ဆံ ဆရာမလုပ်နိုင် လျှင် သူတို့အား သွန်သင်ဆုံးမဖို့ရန် လွန်စွာခက်ခဲလှ၏။ ထိုသို့သောအကြောင်းအရာများကို ငယ်စဉ်ကတည်းက စဉ်းစားမိထားသောကြောင့် ဗုဒ္ဓစာပေကို တတ်ရုံမျှဖြင့် မလုံလောက်သေးဟု ဆုံးဖြတ်ကာ ဗုဒ္ဓစာပေကိုသင်ကြားရင်း တဘက်ကလည်း ခေတ်ပညာများကို ပင်းပန်းခံပြီး တတ်ရောက်သင်ကြားခဲ့ပေသည်။

ထို့ကြောင့် ဘာသာခြားပေါများလှသော တောင်းတန်းဒေသ၌ ဘာသာခြားများအား မိမိတို့၏ အသိပညာများကို သိရှိနားလည်းရန်အတွက် သင်ချင်လာအောင် မိမိက အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျုတာသင်တန်းနှင့်တွဲစပ်ကာ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကို သင်ကြားပေးခဲ့ခြင်းကြောင့် ခေတ်လူငယ်လေးများသည် ဘုန်းကြီးကျောင်းသို့လာ၍ အင်္ဂလိပ်စာနှင့်ကွန်ပျုတာကို သင်ချင်ကြသည့်အတွက် ရောက်လာကြပါသည်။ ထို့ကြောင့်လည်း သူတို့လေးများသည် မိမိရောနှောသင်ပေးသည့် ဗုဒ္ဓရဲ့အဆုံးအမများထဲမှ သိထိုက်သိသင့်သည့် အချက်အလက်များကိုပါ သင်ယူရခြင်းကြောင့် တောင်းတန်းဒေသမှ မျိုးဆက်သစ်များသည် လိမ်မာယဉ်ကျေးပြီး မိမိ၏ စကားကိုလည်း မြေ၀ယ်မကျ နားထောင်ခဲ့ကြပေသည်။

သူတို့လေးများ အလယ်တန်း အထက်တန်းရောက်ကြသောအခါ အဆင့်(၁) (၂)ချိတ်ဆွဲအောင် ခြေလှမ်းနေကြသည်ကို မိမိကြားသိရ၍ အတိုင်းမသိ ၀မ်းသာပီတိဖြစ်ခဲ့ရပေသည်။ မိမိ၏ခြေလှမ်းများ ရပ်တန့်ပြီး သူတို့လေးများ၏ ခြေလှမ်းများ လျှောက်လှမ်းမှု အောင်မြင်သောကြောင့် မိမိပင်းပန်းရကျိုး နပ်ပေသည်။ အမှန်တကယ် မိမိတာဝန်သည် (၂)နှစ်ပင်ဖြစ်သော်လည်း သူတို့လေးများ၏ ခြေလှမ်းများကောင်းမွန်စွာ လျှောက်လှမ်းနိုင်ရန် မိမိရှေ့ဆက်သွားမည့် ခြေလှမ်းများ မသွားသေးဘဲ (၃)နှစ် နေပေခဲ့ပါသည်။

သုံးနှစ်တိုင်တိုင် မိမိ၏ ခြေလှမ်းများအား တနိုင်းမြို့လေး၌ရှိသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပရဟိတကျောင်း၌ရှိသော ကျောင်းသူ ကျောင်းသားအတွက် လျှောက်လှမ်းပေးပြီးနောက် မိမိသင်ကြားထားသောပညာ မိမိရရှိထားသော သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) ဘွဲ့သည် မပြည့်စုံသေးဟု ခံစားမိသောကြောင့် တနိုင်းမြို့၌ရှိသော ဒါယကာ၊ ဒါယိကာမများနှင့် မိဘဆရာသမားတို့ကို သီရိလင်္ကာနိုင်ငံသို့သွားရောက်ပြီး ခြေလှမ်းတွေ ဆက်လျှောက် ချင်သေးသည်ဟု ပြောဆိုသောအခါ အားလုံးက ခွင့်ပြုကြပါသည်။

သို့သော် တနိုင်းမြို့မှ ဒါယကာ-ဒါယိကာမများသည် ကလေးငယ်များ ပညာရေးအတွက် မိမိကိုယ်ပဲ အားကိုးချင်သောကြောင့် ခွင့်မပြုချင်ကြပေ။ သို့သော်လည်း မိမိအနာဂတ်နှင့် ကလေးများ၏အနာဂတ် ဆထက်ထမ်းပိုး တိုးတက်အောင် ပညာသင်သွားခြင်းဖြစ်ကြောင်း၊ မိမိပညာသင်၍ပြန်လာလျှင် တနိုင်းမြို့လေး၌ပင် ခြေလှမ်းများ ဆက်လျှောက်မည်ဖြစ်ကြောင်း ပြောဆိုသောအခါမှသာ ဒါယကာ-ဒါယိကာမများ မျက်နှာကြည်လင် ၀မ်းသာမှုများနဲ့ မိမိပညာသင် ဆက်လျှောက်မည့် ခြေလှမ်းများကို ခွင့်ပြုပေးခဲ့ကြပါသည်။

လူသားတို့သည် လူ့ဘ၀၌ ခြေလှမ်းများလျှောက်သောအခါ စဉ်းစားရမည့် အချက်များစွာ ရှိသည့်အနက် မိမိခြေလှမ်းများသည် လမ်းမမှားရန်နှင့်ဆူးငြောင့်ခလုတ်များ မတိုက်မိရန်သထားပြီး လျှောက်လှမ်းကြရန် အထူးလိုအပ်လှပါသည်။ မိမိတို့၏ လူ့ဘ၀၌လျှောက်လှမ်းမည့် ခြေလှမ်းများ မမှားရန်အတွက် သိသင့်သိထိုက်သည့် အတတ်ပညာများကို သင်ကြားထားရမည်။ ဆူးငြောင့်ခလုတ်များ မတိုက်မိရန်အတွက် လူ့ဘ၀၌ စိတ်ညစ်စရာဒုက္ခများနဲ့ တွေ့ကြုံခံစား ရင်ဆိုင်ရသောအခါ အမှားအမှန် အကောင်းအဆိုးတို့ကို ခွဲခြမ်းစိတ်ဖြာ စဉ်းစားတတ်သော အသိဉာဏ်ဗဟုသုတများရှိအောင် လေ့လာထားရပေမည်။

မိမိခြေလှမ်းများသည် လမ်းမှားသို့မရောက်ရန်အတွက် ပထမဦးဆုံး အသိဉာဏ် ပညာများရှိထားရန် လိုအပ်သောကြောင့် လူသားတို့သည် ဗဟုသုတအတတ်ပညာများ သင်ကြားရာတွင် အတတ်ပညာဗဟုသုတ ကိုယ်ကျင့်တရားနဲ့ပြည့်စုံသော ဆရာတို့ထံ၌ သိသင့်သိထိုက် ရသင့်ရထိုက်သော အတတ်ပညာဗဟုသုတများကို မဖြစ်မနေ သင်ကြားရပါလိမ့်မည်။

ထိုသို့သင်ကြားရာတွင် လုံးလ၀ီရိယစိုက်ကာ ပျင်းရိမှု ပျော်ရွှင်ခြင်းတို့ကို ဘေးချိတ်ပြီး မိမိယခုဘ၀အတွက် နောင်ဘ၀အတွက် အများအကျိုးအတွက်တို့ကို စဉ်းစား၍ အချိန်ရှိခိုက်တွင် ကြိုးစားသင်ယူကြရပေမည်။ သို့မှသာလျှင် လူ့ဘ၀၌ လူဖြစ်ရကျိုးနပ်သော လူသားတစ်ယောက် ဖြစ်ပေလိမ့်မည်။

ရခဲလှသော လူ့ဘ၀လေး၌ရောက်ရှိနေချိန်တွင် အများကောင်းကျိုးအတွက် မလုပ်နိုင်ဘဲ အလဟဿဖြုန်းတီး၍ ကုန်ဆုံသွားမည်ဆိုလျှင် ထိုလူသည် သစ်ပင်တစ်ပင်လောက်မျှ တန်ဖိုးမရှိဘဲ ဖြစ်နေပေလိမ့်မည်။ အသုံးမကျသည့်သစ်ပင် တစ်ပင်သော်မှ လူသားတို့အတွက် ထင်းစိုက်ရန် မြေသြဇာအသုံးချရန် လုပ်ပေးသွားပါအုန်းမည်။ လူသားဖြစ်လျှက် ဒါန သီလ ဘာဝနာနှင့်အများကောင်းကျိုးကို မလုပ်ဘဲ မကောင်းမှုတို့နဲ့သာ အချိန်ကုန်သွားမည်ဆိုလျှင် မည်မျှလောက် ဆိုးရွားသော လူဖြစ်မည်ကို စဉ်းစားကြည့်လျှင် သိနိုင်ပေလိမ့်မည်။

ထို့ကြောင့်လည်း “ကုသိုလ် ဥစ္စာ ပညာ တန်ခိုး တစ်မျိုးမျိုးမှ မကျိုးမဖက် ထိုနေ့တွက် သက်သက်ဝမ်းနည်းဖွယ်”ဟု စပ်ဆိုထားသော ကဗျာလေးသည် တစ်နေ့အတွက်ပင် ဤမျှလောက်အရေးပါလျှင် လူ့ဘ၀အသက်ရှင်ကာလ၌ မည်သို့မည်ပုံ နေထိုင်ကျင့်ကြံ ပြုလုပ်သင့်သည်ကို စဉ်းစား၍ လူ့ဘ၀လေးမှာ အသုံးကျသော လူသားတစ်ယောက်ဖြစ်အောင် ကြိုးစားကျင့်ကြံနိုင်ကြပါစေလို့ ဆန္ဒပြုရင်း စာရေးသူရဲ့ ကျောင်းပိတ်ရက်အားလပ်ရက်လေးကို အများအကျိုးအတွက် “အုဠ်တစ်ချက် သဲတစ်ပွင့်”မျှလောက်သော အသိဉာဏ်လေးများရအောင် ရေးသားတင်ပြ ပေးလိုက်ရပေသည်။