အမေး။ ။ မကောင်းမှုကျူးလွန်မိတဲ့အခါ မသိဘဲကျုးလွန်တာနဲ့ သိရက်နဲ့ကျုးလွန်တာ ဘယ်ဟာက ပိုပြီးအပြစ်ကြီးပါသလဲဘုရား။
ဖိုးလပြည့်
မြိတ်
အဖြေ။ ။ အဘိဓမ္မာမှာ ဒိဋ္ဌိဂတ၀ိပ္ပယုတ်ထက် ဒိဋ္ဌိဂတသမ္ပယုတ်က ပိုပြီး ထက်မြက်ပါတယ်။ ဆိုလိုတာက ဒိဋ္ဌိနဲ့ယှဉ်ပြီး ကျုးလွန်တာက ပိုပြီးအပြစ်ကြီးလေးပါတယ်။ ပိုရှင်းသွားအောင် ပြောပါအုံးမယ်။ အပြစ်ရှိတာကို အပြစ်မရှိလို့ မှတ်ယူနေတာ မိစ္ဆာဒိဋ္ဌိလို့ခေါ်ပါတယ်။ ဒိမိစ္ဆာဒိဋ္ဌိအခြေခံပြီး(မသိဘဲ) မကောင်းမှု ကျုးလွန်တဲ့အခါမှာ မကြောက်မရွံ့နောက်မတွန့်ဘဲ ရဲရဲဝံ့ဝံ့ ပြုလုပ်တတ်ကြတယ်။ ဒါကြောင့် မကောင်းမှုများဟာ မိစ္ဆာအယူရှိသူတို့ရဲ့သန္တာန်မှာ ပိုပြီးအဖတ်တင်ကျန်ရစ်တယ်။ (ပိုပြီးအပြစ်ကြီးတယ်)လို့ ဆိုရပါတယ်။ ဥပမာ ရဲရဲငြိနေတဲ့ သံတွေခဲကို ရွှေတုံးထင်ပြီးကိုင်တဲ့အခါ ပြင်းပြင်းထန် အလောင်ခံရသလိုပါပဲ။
သိရက်နဲ့ မကောင်းမှုပြုလုပ်မိတဲ့ (သမ္မာအယူရှိတဲ့)သူများမှာတော့ မကောင်းမှုမှန်းသိတဲ့အတွက် မကောင်းမှုကို ကြောက်ရွံ့တွန့်ဆုတ် နေတတ်တယ်။ သူ့မှာ မလွဲသာလို့သာ မရှောင်ကြဉ်နိုင်ဘဲ ပြုကျင့်လိုက်ရတာကိုး။ ဒါကြောင့် သိရက်နဲ့ မကောင်းမှုပြုမိသူမှာ ဒိဋ္ဌိနဲ့ယှဉ်ပြီးပြုတာလောက် အပြစ်မကြီးလေးပါ။
ဥပမာ ရဲရဲငြိနေတဲ့သံတွေခဲကို မလွဲသာလို့ ကိုင်တဲ့အခါမှာ အပူသက်သာအောင် ကိုင်သလိုပါပဲ။ သိပြီးပြုမိတာက မသိဘဲပြုမိတာထက် အပြစ်နည်းပါးပါတယ်။(မိလိန္ဒပဥှာပါဠိတော်၊ ဇာနန္တာဇာနန္တာနံ ပါပကရဏပဥှာ)
ဒါဖြင့်ရင် ရာဇသတ်ဥပဒေကိုပဲဖြစ်စေ၊ ဘုရားပညတ်တော်ကိုပဲဖြစ်စေ သိရက်နဲ့ လွန်ကျုးမိတဲ့ သူများမှာ လောကဓမ္မအရ ဘာ့ကြောင့်များ ကြီးလေးတဲ့အပြစ်ကို ရကြပါသလဲ လို့မေးစရာရှိပါတယ်။ အဖြေက သိရက်နဲ့အပြစ်ကျုးလွန်သူမှာ ရာဇသတ်ဥပဒေများ၊ ဘုရားရှင်ပညတ်တော်များကို ကျုးလွန်ဖေါက်ဖျက်ရုံမက မရိုသေလေစားမှုမရှိဘဲ အဂါရ၀ ဒေါသစိတ်များနဲ့ ခြံရံပြီးရှိနေတာကြောင့် လောကဓမ္မအလိုက် ကြီးလေးတဲ့ အပြစ်ထိုက်ပါတယ်။ ဥပဒေများ၊ ဘုရားရှင်ပညတ်တော်များကို နားမလည်တာ မသိတာဟာ “ဒိဋ္ဌိ” မဟုတ်ပါ။ အချို့နေရာမှာ မောဟ၊ အချို့နေရာမှာ မသိရုံမျှသာဖြစ်တယ်။ ဒါကြောင့် ဒိဋ္ဌိမဖက်ဘဲ မသိတဲ့အတွက် အပြစ်ကျုးလွန်သူမှာ ဥပဒေပြုသူအပေါ်မှာဖြစ်စေ၊ ဘုရားရှင်အပေါ်မှာဖြစ်စေ မလေးစားတဲ့စိတ်မပါတဲ့ အတွက် လောကအလိုက် ညှာညှာတာတာ အပြစ်ပေးကြရပါတယ်။ သံသရာဘေးမှာလဲ သိရက်နဲ့ကျူးလွန်သူလောက် အပြစ်မကြီးလေးပါ။ (သဂြိုဟ်ဘာသာဋီကာ၊၃၈)
အချူပ်ပြောရရင် ဒိဋ္ဌိအခြေခံပြီး မသိလို့လုပ်တာရယ်၊ ဥပဒေနဲ့ဘုရားဟောပညတ်တွေကို မလေးစားပဲ သိပြီးပြုလုပ်တာ ပိုအပြစ်ကြီးပါတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ
No comments:
Post a Comment