ဦးဇင်းစာတွေဖတ်ရလို့ တချို့က ကျေးဇူးတင်တယ်လို့ ပြောကြပါတယ်။ တကယ်တော့ ဒါဟာလည်း ပြောစရာမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘ၀တောင် နေချင်တဲ့ဘ၀မှာမနေဘဲ စွန့်လွတ်ပြီး အလုပ်လုပ်နေမှတော့ ကျန်တာကတော့ အေးဆေးပါလေ။ ဒကာ-ဒကာမအားလုံးဟာ ဦးဇင်းအတွက်မဟုတ်တောင် သာသနာအတွက် ထောက်ပံ့နေကြသူများမို့ ဦးဇင်းရဲ့ ကျေးဇူးရှင်တွေပါပဲ။ ဒီလိုပြုလုပ်ပေးနေကြလို့ ဦးဇင်းလည်း သာသနာနဲ့ကြုံပြီး သူတော်ကောင်းတရားတွေ ရင်ထဲမှာ ရှိနေလို့ ခုလိုလုပ်ဖြစ်တာပါ။ ဒါကြောင့် အားလုံးဟာ ကျေးဇူးတင်စရာမလိုဘဲ သာသနာ့အတွက်သာ အကျိုးပိုမိုများအောင် ပြုလုပ်ကြပါလို့ ဒီနေရာကနေပဲ အားလုံးကို ပြောပါရစေ။
Sunday, October 30, 2011
Saturday, October 29, 2011
စွန့်လွတ်ပြီးမှတော့ ဘယ်ရတော့မလဲ အမေရယ်
ဘာဖြစ်လို့ ပြည်ပကို ထွက်ရတာလဲ အပိုင်း(၂)
တချို့က တွေးမိကြပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ သံဃာများအတွက် အကောင်းဆုံးနိုင်ငံဖြစ်ပါလျက် ဘာကြောင့် ပြည်ပကိုထွက်ပြီး ပညာသင်နေကြတာလဲလို့။ ဒါဟာလည်း အများအကျိုးတွက်မို့ ထွက်နေကြတာပါ။ ကိုယ့်အတွက်ဆို ဦးဇင်းပြောခဲ့သလို မြန်မာပြည်မှာ အေးဆေးနေလို့ ရပါပြီ။ ဒါပေမဲ့ ပြည်ပထွက် ပညာသင်ရခြင်းဟာ နိုင်ငံခြားသားတွေရဲ့ အတွေးအခေါ်ပညာတွေ လိုချင်တာရယ်၊ ကမ္ဘာသုံးဖြစ်တဲ့ ဘာသာစကားကို ကျွမ်းကျင်စွာနဲ့ နိုင်ငံခြားသားများကို ပြောနိုင်ချင်တာရယ်ကြောင့်ပါ။
ဥပမာ-မြန်မာပြည်မှာလည်း ဘယ်စာမဆို သင်လို့ရပါတယ်။ အဲဒီလိုသင်လို့ရလို့လည်း မြန်မာပြည်က တတ်သင့်သလောက်သောစာတွေကိုသင်ခဲ့ပါပြီ။ ပြည်ပမှာပညာသင်ထွက်ရတာဟာ ပြည်ပကနိုင်ငံခြားသားများရဲ့ အတွေးအခေါ်တွေ၊ ငြင်းခုံမှုတွေကို ဘယ်လိုပြန်လည်ချေပနိုင်အောင် လုပ်ရမလဲဆိုတာတွေ သိချင်လို့ပါ။ ဦးဇင်း ခု ကျမ်းတင်တဲ့အခါ ကျမ်းတင်တဲ့ခေါင်းစဉ်ကစပြီး ငြင်းခုံမှုတွေနဲ့ စတင်ပြောဆိုနေရပါပြီ။ ဒါတောင် အစပဲ ရှိပါသေးတယ်။ နောက်ပိုင်း ဒေါက်တာဘွဲ့ပြီးထိဆို (၅)နှစ်တောင် ငြင်းခုံမှုတွေ လုပ်ရဦးမှာဆိုတော့ ဘယ်လောက်များ ပညာတွေ ရလိုက်မလဲ။ အဲဒီတော့ ဒီလို မိမိက ငြင်းခုံမှုတွေကို အံတုနိုင်ပြီဆိုရင် တခြားနိုင်ငံတွေမှာ သာသနာပြုတဲ့အခါ သူတို့ကငြင်းရင် ကိုယ်က ပြန်လည်ချေပနိုင်စွမ်း အရန်သင့်ရှိနေပြီပေါ့။
နောက်တစ်ခုက မြန်မာပြည်မှာဆို မြန်မာလူမျိုးတွေနဲ့ အတွေ့များတာ မို့ မြန်မာစကားပဲ နေ့စဉ် ပြောဖြစ်နေတာများပြီး အင်္ဂလိပ်စကား အပြောနည်းပါတယ်။ အဲဒီတော့ အင်္ဂလိပ်စကား အသံထွက်တွေ၊ နှုတ်နှေးမှုတွေက မကောင်းဘဲဖြစ်နေပါ တယ်။ ပြည်ပမှာကျတော့ နေ့စဉ်လိုလို အင်္ဂလိပ်လိုပဲ ပြောနေရတော့ နှုတ်လည်း သွတ်လာတယ်၊ ပြောရဲဆိုရဲလည်း ရှိလာတယ်။ အသံထွက်တွေလည်း ပီသမှုများလာပါတယ်။
ဦးဇင်းကို ဘာကြောင့် မြန်မာပြည်မှာ ကောင်းကောင်းမွန်မွန်နဲ့ စားသောက်မနေဘဲ ပြည်ပကို ထွက်လာပြီး အစားဆင်းရဲမှုတွေနဲ့ နေနေရတာလဲလို့မေးရင် ဗုဒ္ဓဘာသာမဟုတ်တဲ့နိုင်ငံတွေကို သွားရောက်ပြီး သူတို့ကို ဟောပြောကာ သူတို့ရဲ့ငြင်းဆိုမှုတွေကို ပြန်လည်ချေပနိုင်အောင် ပညာသင်ရခြင်းဖြစ်ပါတယ်လို့ ဖြေရမှာပဲ။ တကယ်လည်း ဒီလိုပဲ စိတ်ကူးထားတာပါ။ ငါ ဘွဲ့ရအောင်လုပ်မယ်။ ပညာတွေစုံအောင် လေ့လာမယ်၊ ပြီးရင် နိုင်ငံတွေလှည်လည်ပြီး တရားဆွေးနွေးမှုတွေ၊ ငြင်းခုံချေပမှုတွေ လုပ်မှာပါ။ ငြင်းခုံမှုဆိုတာက အနောက်တိုင်းသားတွေဟာ ပြောတိုင်းမယုံတဲ့အတွက် ကိုယ့်ပြောတဲ့ဟာကို စောဒကတတ်ပြီး ငြင်းမှာသေချာတဲ့ အတွက် အဲဒါတွေကို ချေပရမှာမို့ ငြင်းခုံချေပမှုတွေလုပ်မယ်လို့ ပြောရတာပါ။
အဲဒီလို လုပ်ပေးချင်တဲ့စိတ်ကူးပေါ်လာလို့လည်း ပြည်ပထွက်ပြီး ပညာသင်ခိုင်းမဲ့လူ၊ ထောက်ပံ့မဲ့လူမရှိဘဲနဲ့ မိမိရတဲ့ ၀တ္ထုငွေလေးတွေကို သာသနာ့တက္ကသိုလ်ကနေ ကျောင်းပြီးကတည်းက သုံးနှစ်တိုင်တိုင် ပညာသင်စရိတ်အတွက် စုထားတာပါ။ ဒီကိုလာဖို့ ငွေလည်း နည်းနည်းစုမိတာနဲ့ မိဘများကို ပြည်ပထွက် ပညာသင်ချင်တယ်။ သားမလောက်သေးတဲ့ပိုက်ဆံ ပေးပါဦးလို့ သွားတောင်းတဲ့ခါ မိဘများက ပြည်ပကို လုံးဝမထွက်စေချင်ပါဘူး။ ဒါဟာလည်း မိဘတိုင်းက ကိုယ့်သားသမီးနဲ့ဝေးရာကို မနေချင်ကြတာ ဓမ္မတာမို့ မိဘများကို နားလည်ပါတယ်။
ဒါပေမဲ့ ဦးဇင်းက အများအတွက်ကြောင့် ထွက်ချင်တာဆိုတော့ မိဘတွေ လက်မြှောက်အရှုံးပေးလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မိဘတွေပဲ ကိုယ့်သားကို အများအတွက်ဆိုပြီး သာသနာဘောင်မှာ နေခွင့်ပေးထားပြီးသား ဖြစ်နေလို့ပါ။ သူတို့အတွက်ဆို သူတို့ကို လုပ်ကိုင်ကျွေးဖို့ သာသနာဘောင်မှာ မနေခိုင်းဘဲ သူတို့နားမှာပဲ နေခိုင်းမှာပေါ့။ ခု သူတို့ကိုယ်တိုင်ကိုက အများအတွက် လုပ်စေချင်တာကြောင့် သာသနာဘောင်မှာ နေခိုင်းပြီးပြီဆိုမှတော့ ဦးဇင်းကို သူတို့တားလို့ မရတော့တာပါ။ ဒါကြောင့် သံဃာများရဲ့ မိဘဆိုတာ ကျန်တဲ့နေရာကို မကြည့်ပါနဲ့ ဒီလို မိမိသားကို အများအတွက် စွန့်လွှတ်ပေးထားခြင်းကိုပဲ အတော်တော်တဲ့ မိဘတွေလို့ ချီးကျုးထိုက်နေပါပြီ။
ဒါကြောင့် ဦးဇင်းမိဘတွေဟာ ကိုယ့်သားကို အများအတွက် စွန့်လွှတ်ပြီးသားမို့ ရင်ကွဲခံကာ ပြည်ပကိုထွက်ခွင့်ပြုပေးလိုက်တဲ့အပြင် သူတို့ရှိတဲ့ရွှေလေးတွေကိုပါရောင်းပြီး ဦးဇင်းစုထားတဲ့ ပညာသင်စရိတ်မလောက်တာကို ဖြည့်ပေးလိုက်ပါတယ်။ အဲဒီအခါတုန်းက ဦးဇင်းကိုယ်တိုင်လည်း မိဘများရဲ့ ကိုယ့်သားပေါ်ထားတဲ့ စေတနာမေတ္တာတွေ။ အများအတွက် ကိုယ့်သားကို စွန့်လွှတ်ပေးမှုတွေကို နားလည်ခံစားရပြီး မျက်ရည်မကျအောင်ထိန်းကာ ရင်ထဲမှာတော့ ၀မ်းနည်းမှုတွေဖြစ်ခဲ့ပေမဲ့ စိတ်ထဲမှာတော့ မိဘတွေကို ဒီလိုလုပ်ပေးနိုင်တဲ့အတွက် ချီးကျုးမိပြီး ၀မ်းမြောက်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဦးဇင်းကိုလည်း တချို့က မေးကြပါတယ်။ သာသနာ့ဘောင်မှာနေရတာ ပျော်လားတဲ့။ လူမထွက်ချင်ဘူးလားတဲ့လေ။ အင်း အဲဒီလိုမေးလာတဲ့အခါ ဦးဇင်းကလည်း ပွင့်ပွင့်လင်းလင်း ဖြေပေးလိုက်ပါတယ်။ လောကီလူသားတွေ ပျော်နေတာကိုမြင်ရလို့ဖြစ်စေ၊ မိန်းကလေးချောချောလေးကို မြင်ရလို့ဖြစ်စေ လူထွက်ချင်စိတ်ပေါ်လာရင် ငါဟာ အများအတွက်ပြုလုပ်ပေးခြင်း၊ မိဘကျေးဇူးကိုဆပ်ခြင်းဖြင့် ဒီဘ၀ကို အဆုံးသတ်မယ်လို့ ဆုံးဖြတ်ထားတာ။ ဒါကြောင့် လူထွက်ချင်စိတ်ပေါ်တိုင်း အဲဒီစိတ်နဲ့ ဖြေဖျောက်ပစ်တယ်လို့ ဖြေပေးလိုက်ပါတယ်။ တကယ်တော့ ဦးဇင်းလည်း ပုထုဇဉ်လူသားမို့ ပျော်ပါးချင်စိတ်တွေ၊ ကာမဂုဏ်ခံစားချင်စိတ်တွေ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ လူဆိုတာ စိတ်ဓာတ်တစ်ခုကို မိမိက အနိုင်ယူထားရင် မိမိအတွက် အနှောက်အယှက်ဖြစ်မဲ့ဟာတွေကို တားဆီးနိုင်ပါတယ်။ အဲဒီလို စိတ်ဓာတ်တစ်ခု၊ ဆုံးဖြတ်ချက်တစ်ခုကိုသာ ပိုင်ဆိုင်မထားဘူးဆိုရင်တော့ မိမိအတွက် နှောက်ယှက်မှုများကို ပယ်ဖျက်နိုင်မှာ မဟုတ်ပါပေ။ တကယ်တမ်းသာ ဒီဆုံးဖြတ်ချက်ကို ပိုင်ဆိုင်မထားဘူးဆိုရင် ဦးဇင်းလည်း ဆယ်တန်းဖြေစဉ်ကတည်းက လူဘောင်သို့ ကူးပြောင်းသွားလောက်ပါပြီ။ သို့သော် ဒီစိတ်ဓာတ်ကို ယခုချိန်ထိ ပိုင်ဆိုင်နိုင်အောင် စောင့်ထိန်းထားနိုင်ဆဲပါပဲ။
ဒါကြောင့် နောက်နောင်မိဘများရော သားသမီးများပါ ဒီလို အများအတွက် ကိုယ့်ကျိုးများစွန့်လွှတ်ပြီး သာသနာတော်ပြန့်ပွားအောင်၊ သူတော်ကောင်းတရားများထွန်းကားအောင် လုပ်ပေးနေမယ်ဆို ရင် မြတ်ဗုဒ္ဓရဲ့သာသနာဟာ ဘယ်သောအခါမှ မှေးမှိန်သွားလိမ့်မည် မဟုတ်ပါပေ။
ဘာဖြစ်လို့များ ပြည်ပကို ထွက်လာရတာလဲ
ဦးဇင်းနေတဲ့ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ International Buddhism Centre ကျောင်းမှာ မနေ့ညက အိန္ဒိယဘုန်းကြီးတစ်ပါးရောက်လာတာနဲ့ စကားဝိုင်းပြောဖြစ်ကြတယ်။ ကျောင်းနာမည်ကလည်း အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓစင်တာဆိုတော့ နိုင်ငံခြားသားသံဃာများက ဒီကျောင်းကို လာတည်းကြတာ များတယ်ထင်ပါတယ်။ ခု စကားပြောဖြစ်တဲ့ သံဃာတွေက သီရိလင်္ကာ၊ ကမ္ဗောဒီယား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာဦးဇင်းနဲ့ ငါးပါးစုပေါင်းပြောဖြစ်ကြတယ်။ လူမျိုးငါးမျိုး၊ စကားငါးမျိုးကို ပေါင်းစည်းပေးနိုင်တာက ကမ္ဘာသုံးစကားဖြစ်နေတဲ့ အင်္ဂလိပ်ပေါ့။ လူချင်း၊ စကားချင်းသာမတူတာပါ။ ဒါပေမဲ့ မြတ်ဗုဒ္ဓသားတော်တွေအဖြစ်က တူနေကြတော့ စိတ်နေစိတ်ထားတွေကတော့ အားလုံးအတူတူပါပဲ။ ခင်မင်ရင်းနှီးစွာနဲ့ ပြောဆိုဆက်ဆံကြပါတယ်။
စကားပြောရင်းနဲ့ ဘယ်ကိုရောက်သွားလဲဆိုတော့ ဦးဇင်းတို့နိုင်ငံကို ရောက်သွားတယ်။ ရောက်သွားတာကလည်း အိန္ဒိယဘုန်းကြီးက ဦးဇင်းကိုဘယ်နိုင်ငံသားလဲလို့မေးတော့ ဦးဇင်းက မြန်မာကလို့ပြောတဲ့အခါ အိန္ဒိယဘုန်းကြီးကပြောပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ သံဃာများအတွက် အကောင်းဆုံးနေရာပါတဲ့။ စာပေသင်ကြားမှု၊ တရားဘာဝနာအားထုတ်မှု၊ စားသောက်စရာပေါများမှု၊ ဒကာ၊ ဒကာမများ၏ စေတနာပေါများမှုဟာ မြန်မာနိုင်ငံကို မမှီပါဘူးတဲ့။ မြန်မာနိုင်ငံဟာ စေတနာသဒ္ဓါတရား အကောင်းဆုံးနိုင်ငံပါတယ်တဲ့လေ။
နောက်ပြီး သူကပဲ ဦးဇင်းကို ဆက်ပြောသေးတယ်။ မင့် ဘာဖြစ်လို့ ဒီနိုင်ငံမှာလာပြီး အားလူးနှင့်အုန်းခြစ်ဆံတွေ၊ ဆန်နီကြမ်းတွေ လာစားနေတာလဲတဲ့။ မင့်နိုင်ငံမှာဆို မင့်ကောင်းကောင်းမွန်မွန် စားရတယ် မဟုတ်လားတဲ့လေ။ အင်း ဦးဇင်းလည်း စဉ်းစားမိပါတယ်။ ဒီမှာက သူပြောသလို အုန်းခြစ်ဆံတွေထောင်းထားတဲ့ဟင်းရယ်၊ အားလူးကိုငရုပ်သီးနဲ့ ကြော်ထားတာရယ်ပဲ စားရတာများပါတယ်။ မြန်မာပြည်က ကိုရင်ငယ်လေးတွေ ဆွမ်းခံစားတဲ့ဟင်းလောက်တောင် မကောင်းရှာပါဘူး။ မြန်မာပြည်မှာ ကိုရင်ဘ၀က ဆွမ်းခံထွက်ခဲ့တုန်းက ဆီမပါတဲ့ ခရမ်းသီးကို စားရတဲ့အခါ အရသာ မရှိဘူးလို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီရောက်မှ အဲဒီဟင်းဟာ အရသာရှိတယ်ဆိုတာ သိခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံကဟင်းတွေဟာ ဆီမပါလို့ပါပဲ။ ဆီပါတဲ့ဟင်းကျတော့လည်း မြန်မာနိုင်ငံမှာ ခေါင်းလိမ်းတဲ့ အုန်းဆီတွေမို့ ဘယ်လိုမှ စားမရပါ။
သို့သော် အများကောင်းကျိုးအတွက် ပညာလာသင်တဲ့အခါမှာ ကိုယ်ကောင်းကျိုးကို ငဲ့နေမယ်၊ စဉ်းစားနေမယ်ဆိုရင် မိမိလုပ်တဲ့အလုပ်ဟာ တန်ဖိုးမရှိဘဲ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် မိမိအကျိုးအတွက်ဆို မြန်မာပြည်နေပြီး ရိပ်သာမှာဖြစ်စေ၊ တောရွာမှာဖြစ်စေ နေထိုင်ကာ တရားလေးလုပ်နေရရင် ကောင်းမလားလို့ တွေးမိခဲ့တာကို အများအား အသိပညာဗဟုသုတ ဗုဒ္ဓစာပေတွေကအစ ဖြန့်ဖြူးပေးချင်တာကြောင့် ဒီကိုရောက်လာပြီးမှတော့ ဘယ်လိုဆင်းရဲမျိုးမဆို ခံနိုင်ရည်စွမ်းအား အပြည့်ထည့်နေမယ်လို့ စိတ်ဆုံဖြတ်ထားပြီးသားပါ။
ဆက်လက်ရေးသားလိုက်ပါဦးမယ်။
Thursday, October 27, 2011
အိပ်ပျော်သွားလို့ တင်စရာ မရှိပေ
ဒီနေ့တော့ ဆောင်းပါးရော အမေးအဖြေများပါ တင်စရာမရှိဘူးဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနေ့ညက စာဖတ်တာကို ကုတင်းပေါ်မှာ အိပ်ရင်းဖတ်မိသွားလို့ အိပ်ရေးပျက်ခဲ့တာ ဘယ်လောက်များနေလဲမသိဘူး တစ်ခါတည်း အိပ်ပျော်သွားလို့လေ။ နဂိုဆို ည(၂)နာရီမှ အိပ်နေကြပါ။ ဒါပေမဲ့ ညက(၁၁)နာရီပဲ ရှိသေးတယ်။ စာကို ထိုင်ဖတ်ရတာ ခါးညောင်းလို့ဆိုပြီး ကုတင်ပေါ်လဲဖတ်လိုက်ပါမှ အိပ်ပျော်သွားခဲ့တာ မိုးရွာတာတောင် မသိလို့ နေ့ခင်းက လှမ်းထားတဲ့သင်္ကန်းတွေလည်း မသိမ်းမိလိုက်ဘူး။ ပုံမှန်ကတော့ ည(၁၂)နာရီကနေ (၂)နာရီထိ အမေးအဖြေတွေ၊ ဆောင်းပါးတွေ ရေးနေကြပါ။ ခုတော့ ဘာမှမရေးဖြစ်ဘဲ အိပ်ရေးပျက်တာတွေ အကြွေးဆပ်လိုက်သလို ဖြစ်သွားတဲ့အတွက် အရင်အရင်တင်ခဲ့တဲ့ စာတွေပဲ ဒီနေ့တော့ ဖတ်ကြပါလို့ပဲ ပြောပါရစေ။
ဘ၀ကို ဆုတောင်းယူလို့ ရပါသလား
ဆုတောင်းယူပြီးရတဲ့ ဘဝတွေနဲ့ ကံစီမံရာ ကျရတဲ့ဘဝတွေ ဘယ်လိုခြားနားကြောင်း ရှင်းပြပေးတော်မူပါ ဘုရား။ ဘယ်လိုသူမျိုးတွေဟာ ကံစီမံရာ(သုဂတိ၊ဒုဂတိ)ကျကြ၍ ဘယ်လိုသူမျိုးတွေဟာ မိမိအလိုရှိရာ ဘဝကို ဆုတောင်းရယူနိုင်ကြပါသလဲဘုရား။ ဗဟုသုတအလို့ငှာ သိလို၍ မေးလျှောက်ပါသည်ဘုရား။ ဘဝတဏှာကို ရှေ့တန်းတင်၍ မေးလျှောက်သည်ဟု မှတ်ယူတော် မမူပါနှင့်ဘုရား။ ကျေးဇူးတင်ပါတယ် အရှင်ဘုရား။
သန်းထိုက်ထွန်း(ဖိုးချို) စင်္ကာပူ။ ၂၅၊ ၁၀၊ ၂၀၁၁။
အင်း မေးထားတဲ့ မေးခွန်းတွေက များနေတော့လည်း ညပိုင်းမှာ အချိန်လုပြီး အိပ်ချင်တာကို အောင့်ထားကာ တတ်နိုင်သမျှ ဖြေပေးလိုက်ပါတယ်။ လိုအပ်မှု၊ မှားယွင်းမှုများရှိရင်လည်း သည်းခံဖတ်ကြပါကုန်။ မေးခွန်းတွေများနေလို့ တစ်ခုချင်းကိုတော့ ညပိုင်းတွေမှာ ကြိုးစားဖြေပေးလျက်ပါ။
ခုမေးထားတဲ့မေးခွန်းက လွယ်မလိုရှိသော်လည်း စဉ်းစားဖြေရခက်နေတာမို့ ဒီမေးခွန်းကျမှပဲ ဦးဇင်းလည်း သင်ထားခဲ့သမျှ ဇာတ်တော်တွေကို အကုန်လိုက်ပြီး အာရုံပြုရတော့တယ်။ ဦးဇင်းဆီမှာကလည်း စာအုပ်က ကျမ်းရေးဖို့စာအုပ်နှင့်အင်္ဂလိပ်စာအုပ်ကလွဲရင် မရှိဘူးလေ။ မြန်မာပြည်မှာမှ မဟုတ်တာ။ အဲဒီတော့ သင်ထားသမျှ ဇာတ်တော်တွေကို လိုက်လံစစ်ဆေးစဉ်းစားကြည့်တဲ့အခါ ဆုတောင်းပြီးဘ၀ကိုရတဲ့ လူဆိုတာ သေချာပြောလို့မရဘူးဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဘ၀မှာ နတ်ပြည်ကိုရောက်ရပါလို၏လို့ ဆုတောင်းပြီး ကောင်းမှုကုသိုလ်လုပ်သော်လည်း နတ်ပြည်ကိုသေ ချာပေါက်မရောက်ဘဲ ဗြဟ္မာပြည်၊ လူ့ပြည်ကိုရောက်နိုင်လို့ပါပဲ။ မိမိလိုချင်တဲ့ဘ၀ကို သေချာပေါက်ရောက် ချင်တယ်ဆိုရင်တော့ သောတာပန်အနည်းဆုံးဖြစ်အောင် လုပ်မှရမှာပါ။ သောတာပန်စတဲ့အရိယာများသာ လျှင် နတ်ပြည်၊ ဗြဟ္မာပြည်များကိုသေချာပေါက် ရောက်နိုင်ပါတယ်။
ပုထုဇဉ်များအနေနဲ့တော့ ကောင်းမှုကုသိုလ်လုပ်ပြီး ဘယ်ဘ၀မှာဘယ်ဘုံရောက်ရပါလို့၏လို့ သေချာပေါက် ဆုတောင်းလို့ မရပါဘူး။ မြတ်စွာဘုရားရှင်ဟာ သူပါရမီဖြည့်ရမဲ့ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းမှာ သူဖြစ်ချင်တဲ့ဘ၀တွေကို မဖြစ်ခဲ့ရဘဲ ဖြစ်တဲ့ဘ၀မှာ ပြုလုပ်လို့ရတဲ့ပါရမီများကို ဖြည့်ကျင့်ခဲ့ပါတယ်။ မိထွေးတော်ဂေါတမီဆိုရင်လည်း သူ့ဟာ ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်မှာ ဘုရားရှင်ရဲ့မိထွေးတော် တစ်ယောက်ကို အားကျခဲ့လို့ သူလည်း အဲဒီလိုဖြစ်ရပါလို့ဆိုပြီး မြတ်ဗုဒ္ဓအားဆွမ်းများကပ်ကာ ဆုတောင်းခဲ့ပါတယ်။ ဒါပေမဲ့ သူ ဘယ်ဘ၀၊ ဘယ်ချိန်ရောက်မှ ဒီလိုဘုရားမယ်တော်ဖြစ်မယ်ဆိုတာ မသိသလို ဘယ်ဘုရားလက်ထက်မှာ ဖြစ်မယ်ဆိုတာလည်း သေချာပေါက်မသိပါ။ သို့သော် မြတ်ဗုဒ္ဓ ရှင်တော်ကတော့ သဗ္ဗညုတဉာဏ်ရရှိထားသူမို့ ဆုတောင်းသူရဲ့ ဆုပြည့်မပြည့် ဘယ်ချိန်မှပြည့်မယ် ဆိုတာတွေကို သိတဲ့အတွက် သူ့ရှေ့မှာဆုတောင်းရင်တော့ ဘယ်ချိန်မှာဖြစ်မယ်ဆိုတာ မိန့်ပေးလေ့ ရှိပါတယ်။
အဲဒီတော့ ကိုယ်ရောက်ချင်တဲ့ဘ၀ကို တိုက်ရိုက်ရောက်အောင် ဆုတောင်းရုံနဲ့မရဘဲ ကိုယ်ဖြစ်ချင်တဲ့ ဘ၀ပုံစံကိုသာ ရောက်ရာရောက်ကြောင်းများကို သီးသန့်ပြုလုပ်ပေးမှ ရပါလိမ့်မယ်။ ဥပမာ-မိမိက လူ့ဘုံရောက်ခဲ့ပါက ဘယ်လိုလူမျိုးဖြစ်ရပါစေ၊ ဘယ်သူတွေနဲ့ပေါင်းစုံပါရစေဆိုတဲ့ ဆုတောင်းမှုမျိုး ကို ကောင်းမှုကုသိုလ်လုပ်ပြီး ရယူရပါလိမ့်မယ်။ ကောင်းမှုသာလုပ်ပြီး မိမိဖြစ်ချင်တဲ့ပုံစံကို ဆုတောင်းခြင်းမရှိခဲ့ပါကလည်း မိမိလုပ်တဲ့ကောင်းမှုနဲ့ထိုက်တန်တဲ့ ဘ၀ကိုရောက်ပြီး မိမိကောင်းမှုရဲ့ အကျိုးဆက်ကိုတော့ ခံစားရမှာပါ။ ဆွမ်းလှူဒါန်းခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဖြစ်လေရာဘ၀မှာတော့ ဆွမ်းအကျိုးဖြစ်တဲ့ သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာငါးမျိုးကို သေချာပေါက် ရရှိပါလိမ့်မယ်။ မိမိကဖြစ်လေရာ ဘ၀တိုင်းမှာ ဘယ်လိုအကျိုးတွေရချင်တယ်ဆိုတော့ အဲဒီအကျိုးတွေရအောင် ပြုလုပ်လို့ရပါတယ်။ ဒါပေမဲ့ ဘ၀ကိုတော့ ဘယ်ဘ၀ကိုရောက်အောင် တိုက်ရိုက်ရယူဖို့က အလွန်အင်မတန်းခဲယဉ်းပါတယ်။
မိမိကနတ်ပြည်ရောက်ကြောင်းတွေကို ပြုလုပ်သော်လည်း ပုထုဇဉ်များမှာ အရင်အရင်ဘ၀တွေက အတိတ်ကံတွေကျန်ခဲ့သေးတာမို့ သေချာပေါက်ရောက်မယ်လို့ ပြောဖို့ခက်ပါတယ်။ သေချာပေါက်ရောက်နိုင်တဲ့ဘ၀တွေရှိနေပေမဲ့လည်းဆုတောင်းမှုတစ်ခုနဲ့မရဘဲ ကောင်းမှုကိုလည်း အားသွန်ခွန်စိုက် ပြုလုပ်မှပါ။ ဥပမာ-မာဃလုလင်ဟာ သူများတွေ ချမ်းသာတာ၊ သူဌေးဖြစ်တာ၊ လနတ်သား၊ နေနတ်သားတွေကို အားကျတာနဲ့ လမ်းပြင်ခြင်းစတဲ့ ကောင်းမှုတွေကို လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် သိကြားမင်းဖြစ်မယ်ဆိုတာ မသိခဲ့ပါ။ ခု မိမိတို့က မြတ်ဗုဒ္ဓဟောကြားခဲ့လို့ နတ်ပြည်ရောက်အောင် ဘာတွေလုပ်ရင်ဖြစ်တယ်ဆိုတာသိပေမဲ့ အဲဒီအလုပ်ကို စိတ်ပါလက်ပါနဲ့ လုပ်ပေးမယ်၊ အရင်အရင်ဘ၀တွေက မကောင်းကျိုးတွေလည်း မရှိမှသာ နတ်ပြည်ရောက်ကြောင်းလုပ်လို့ နတ်ပြည်ကို ရောက်ပါလိမ့်မယ်။ နတ်ပြည်ရောက်အောင် ဆုတောင်းရုံတစ်ခုတည်းနဲ့မဖြစ်သလို အရင်ဘ၀တွေက မကောင်းကျိုးဆက်တွေလည်း မကျန်ရှိမှ ဖြစ်ပါလိမ့်မယ်။
များသောအားဖြင့် ကောင်းမှုလုပ်တဲ့အခါ ဆုတောင်းလေ့ရှိကြတာကတော့ အရိယာဖြစ်တဲ့အခါမှာ ဘယ်လိုအရိယာဖြစ်ရပါစေဆိုပြီး ဆုတောင်းကြသလို နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါစေဆိုတဲ့ ဆုတောင်းမှု မျိုးသာ ပြုလုပ်ခဲ့ကြကြောင်းကို ရဟန္တာများအကြောင်း ဘိက္ခူနီမအကြောင်းများ ဖတ်ကြည့်ပါက သိနိုင်ပါတယ်။ အဲဒီတော့ မိမိက ကောင်းမှုကုသိုလ်လုပ်တဲ့အခါမှာ သူတော်ကောင်းများနည်းတူ နိဗ္ဗာန်ကိုလျင်မြန်စွာ ရရပါစေ၏လို့ပဲ ဆုတောင်းပြီး ကျန်တာကိုတော့ ဆိုင်ရာကောင်းမှုအားလျော်စွာ အကျိုးပေးမှာမို့ သီးသန့်ဆုတောင်းနေစရာမလိုပေ။ တကယ်လို့ မိမိအားကျတဲ့ ရဟန္တာပုဂ္ဂိုလ်များရှိပါက အဲဒီကဲ့သို့ ဖြစ်ရပါလို၏လို့ ဆုတောင်းပေါ့လေ။ ကျန်တဲ့ဘုံဌာနဘ၀တွေရောက်ဖို့ကတော့ ပုထုဇဉ်များမှာ အတိတ်ဘ၀က မကောင်းမှုများ ကျန်ရှိနိုင်သေးတာမို့ ဘယ်ဘုံဘယ်ဘ၀ဖြစ်မယ်ဆိုတာ သေချာပြောလို့ မရပေ။ သို့သော် ရေများရေနိုင်၊ မီများမီးနိုင်မို့ ကောင်းမှုများများပြုလုပ်ပေးလျှင်တော့ ကောင်းတဲ့ ဘုံမှာ ကောင်းကျိုးများ ခံစားရနိုင်ပါတယ်။ ဒီလောက်ဆို နားလည်လိမ့်မည်ထင်တာမို့ ဒီမှာပဲ နိဂုံးချုပ်ပါရစေ။
Tuesday, October 25, 2011
သိချင်တော့လည်း ဖြေပေးလိုက်ပါတယ်
အရှင်ဘုရားတပည့်တော်သိလိုသည်မှာ နောင်ပွင့်မည့်ဘုရားရှင် အရိမေတ္တယျဘုရား အကြောင်းပါဘုရား။ အန္တရကပ်(၆၄)ကပ် တစ်ကမ္ဘာမှာ မည်သည့်အပိုင်းအခြားမှာ ပွင့်တော်မူမှာပါလဲဘုရား။ ဒီအပြင် ခုကမ္ဘာမှာ အန္တရကပ်ဘယ်နှစ်ကပ် ကုန်ဆုံးပြီး ဘယ်နှစ်ကပ်မြောက်ကို ရောက်ရှိနေပါပြီလဲဘုရား။ ရိုသေစွာဖြင့် လက်အုပ်ချီမိုးရှိခိုးလျက်။
ရဲသူရစိုး၊ ရုရှား
ဖြေ။ ။ အင်း လူကမအားပေမဲ့ သိချင်လို့ အားကိုးတကြီးမေးလာကြတော့လည်း မိမိသင့်ထားလေ့လာ ထားသမျှဟာ အများအတွက်ပဲလို့ စိတ်ဆုံးဖြတ်ထားတဲ့အတွက် ဖြေပေးလိုက်ပါတယ်။ ကိုယ့်အတွက်ဆိုရင်တော့ ရိပ်သာမှာဖြစ်စေ၊ တောရွာမှာဖြစ်စေ အေးအေးဆေးဆေး တရားလေးလုပ်ပြီး နေလို့ရတယ်လို့ ခဏခဏ တွေးဖူးပါတယ်။ ဒါပေမဲ့လည်း မြတ်ဗုဒ္ဓတောင် ကိုယ့်အတွက်ထက် အများအတွက်ကို ဦးစားပေးခဲ့တာဆိုတော့ ကိုယ်ကလည်း ဘုရားလမ်းစဉ်ကို အကုန်မလိုက်နိုင်တောင် ဒီဘ၀မှာတော့ အများကောင်းကျိုးလုပ်ရင်း ကိုယ့်ကျိုးပါပြီးအောင် လုပ်မယ်ဆိုပြီး သာသနာဘောင်မှာနေကာ ပညာတွေကို ဆက်လက်သင်ယူနေရတာပေါ့လေ။
ဒကာ မေးထားတဲ့မေးခွန်းကို ဦးဇင်းသိသလောက် လေ့လာထားသမျှကို ဖြေပေးရမယ်ဆိုရင် ကမ္ဘာဦး အသင်္ချေယျသက်တမ်းမှ ဆယ်နှစ်တမ်းအထိ ဆုတ်ကပ် ဆယ်နှစ်တမ်းကနေ အသင်္ချေယျတမ်းအထိကို တက်ကပ်လို့ ခေါ်ပါတယ်။ အဲဒီလို ဆုပ်ကပ်တက်ကပ်တစ်စုံကို အန္တရကပ်တစ်ကပ်လို့ ခေါ်ပါတယ်။ ကမ္ဘာတစ်ခုမှာ အန္တရကပ်ပေါင်း(၆၄)ကပ် သက်တမ်းရှိပါတယ်။ ကမ္ဘာတည်စမှ သတ္တမအန္တရကပ်(၇-ကြိမ်မြောက် ကပ်)အထိ ဘုရားတစ်ဆူမျှ မပွင့်သေးဘဲ အဋ္ဌမမြောက် အန္တရကပ်(၈-ကြိမ်မြောက်ကပ်)ကျမှ ပထမဆုံး ကကုသန်မြတ်စွာဘုရား ပွင့်တော်မူပါတယ်။
ထို့နောက် န၀မမြောက်ကပ်တွင် ကောဏာဂုံ မြတ်စွာဘုရား၊ ဒသမမြောက်ကပ်တွင် ကဿပဘုရား၊ ဧကာဒသမ (၁၁-ကြိမ်မြောက်ကပ်)တွင် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူခဲ့ပါတယ်။ ဒွါဒသမ(၁၂-ကြိမ်မြောက်ကပ်)တွင် အရိမေတ္တေယျမြတ်စွာဘုရား ပွင့်တော်မူမှာပါ။
ယခု ဂေါတမမြတ်စွာဘုရား ပွင့်တော်မူရာ နှစ်(၁၀၀)တမ်းမှ (၁၀)နှစ်တမ်းအထိ ကျဆင်းသွားကာ တဖန် (၁၀)နှစ်တမ်းမှ အသင်္ချေယျတမ်းအထိ တက်သွားဦးမယ်။ ထိုအသင်္ချေယျ တမ်းမှ (၁၂)ကပ်မြောက် ဆုတ်ကပ်ကနေပြန်ပြီး တဖြည်းဖြည်းသက်တမ်းကျဆင်းလာရာ လူသားတို့သက်တမ်း ရှစ်သောင်းသက်တမ်းမှာ အရိမေတ္တေယျ မြတ်စွာဘုရား ပွင့်ပါလိမ့်မယ်။
အရိမေတ္တေယျမြတ်စွာဘုရားရှင်ပွင့်ပြီး ကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်ပြီးလို့ အနှစ်ရှစ်သောင်းပြည့်တဲ့အချိန် ပရိနိဗ္ဗာန်စံဝင်မှာပါ။ ဤဘဒ္ဒကမ္ဘာကြီးဟာ အရိမေတ္တေယျဘုရားရှင်နောက် ဘုရားတစ်ဆူမှ မပွင့်တော့ဘဲ (၆၄)ကပ်ပြည့်တဲ့အခါ ကမ္ဘာပျက်လိမ့်မယ်။ ဘုရားမပွင့်တဲ့ ကမ္ဘာပေါင်းတစ်သိန်းကျော်လွန်တဲ့အခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ ဥတ္တရာမမင်းဟာ ရာမသမ္ဗုဒ္ဓဘုရားဖြစ်မယ်။ ပသေနဒီကောသလမင်းက ဓမ္မရာဇာဘုရားဖြစ်မယ်။ အဲဒီမဏ္ဍကမ္ဘာမှာ ဘုရားနှစ်ဆူပွင့်ပြီး ပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်လာပြီး အဘိဘူဘုရားတစ်ဆူသာပွင့်မယ်။ သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်း ဘုရားမပွင့်ဘဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်တဲ့အခါ ဖြစ်ပေါ်လာမဲ့ ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သား၊ စန္ဒနီပုဏ္ဏား၊ သုဘလုလင်၊ တောဒေယျပုဏ္ဏား၊ နာဠာဂီရိဆင်မင်း၊ ပလလေယဆင်တို့ အစဉ်အတိုင်း ဘုရားဖြစ်ကြပါလိမ့်မယ်။
ခုလက်ရှိတည်နေရှိတဲ့ ဂေါတမမြတ်စွာဘုရားရဲ့ သက်တမ်းက(၁၀၀)ကနေ ယခု(၇၅)နှစ် သက်တမ်းအောက် ရောက်နေပါပြီ။ ဒါကြောင့် ယခုမျက်မှောက်ခေတ်မှာ မွေးတဲ့လူတွေဟာ သက်တမ်း(၇၅)နှစ်ထက် ပိုပြီး မနေရတော့ပါဘူး။ ကြာလေ လျှော့လေဖြစ်တဲ့အတွက် မိမိကိုယ်ကို သတိလေးနဲ့ သေခြင်းတရားကိုလည်း သတိထားကြပါ။
ရေးရတာ ပြောရတာ လွယ်သလို နီးသလိုရှိသော်လည်း အရိမေတ္တေယျဘုရားရှင်ပွင့်ဖို့ရန်အတွက် နှစ်ပေါင်း အသင်္ချေအနန္တ ကြာဦးမည်မို့ တွေ့ဆုံကြုံဖို့ မလွယ်ကူတာကို သဘောပေါက်ထားဖို့တော့ လိုပါတယ်။ ဒါကြောင့် နောက်ပွင့်မဲ့ဘုရားကျမှ တရားထူးသိအောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ဟာ မသေချာတာမို့ မျက်မှောက်ကြုံကြိုက်နေတဲ့ သာသနာမှာ အနည်းဆုံးတရားထူးလေးသိမြင်ကာ ဒီဘ၀မဟုတ်တောင် နောက် ဘ၀မှာ နတ်ပြည်၊ ဗြဟ္မာပြည်ကနေ ရဟန္တာဖြစ်ပြီး မြတ်နိဗ္ဗာန်ကို ခိုလှုံနိုင်အောင် လုပ်ကြဖို့ မမေ့ကြပါနဲ့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါရစေ။

သိုက်အကြောင်း သိကောင်းစရာ
အရှင်ဘုရား ကျန်းမာပါရဲ့လားဘုရား။ တပည့်တော်အား မရှင်းလင်းတဲ့မေးခွန်းများ၊ ပြဿနာ များအား မေးလျှောက်ခွင့်ပြုပါဘုရား။ သိုက်နှင့်ပတ်သတ်ပြီး တပည့်တော် သိချင်ပါတယ်ဘုရား။ များသောအားဖြင့်လူတွေက သိုက်မှာနေတယ်တို့၊ သိုက်ကလာတယ်တို့၊ သိုက်ကစောင့်ရှောက်တယ်လို့ ယုံကြည်နေကြတာတွေရှိပါတယ်ဘုရား။ တကယ်တော့ သိုက်ဆိုတာ အစွဲတွေကြောင့် မကျွတ်မလွတ် ဘဲဖြစ်နေတဲ့ ဝေမာနိကပြိတ္တတွေပဲလို့ တပည့်တော် နားလည်ထားပါတယ်ဘုရား။ အဲဒါကို လူတွေဘာကြောင့် ပူဇော်ပသကိုးကွယ် နေကြတာလဲဘုရား။
(တပည့်တော်နဲ့ညီမလေးတစ်ယောက်လိုခင်တဲ့ သူငယ်ချင်းတစ်ယောက်ကဆိုရင်) သူ့အမလိုခင်တဲ့ သူတစ်ယောက်က သိုက်ကလာတယ်၊ သူမွေးတော့လည်း စီးပွားတွေတတ်လာတယ်။ အစစအရာရာ အဆင်ပြေလာတယ်လို့ပြောပါတယ်ဘုရား။ နောက်ပြီး သူသေသွားတော့ သိုက်မှာပြန်သွားဖြစ်တယ်။ သူ့ကိုလည်း စောင့်ရှောက်တယ်လို့ပြောပါတယ်ဘုရား။ သူ့မွေးနေ့ရောက်ရင် အမွှေးနံတွေပေးလေ့ရှိတယ်၊ အိပ်မက်ပေးလေ့ရှိတယ်လို့ပြောပါတယ်ဘုရား။ အဲဒီအတွက် တပည့်တော်တို့ နားလည်သိရှိအောင် ရှင်းပြပေးပါဘုရား။
နေမင်းဝေ၊ ဂျပန်၊ အပြုံးပန်းဈေးခင်းဆိုဒ်
သိုက်နဲ့ပတ်သတ်ပြီး ဦးဇင်းသိသလောက် ပြောပြပေးရမယ်ဆိုရင် သိုက်ကလာတယ်ဆိုတဲ့ လူတွေဟာ ဝေမာနိကပြိတ္တာဘ၀ကနေ လာတဲ့လူတွေလို့ ယူဆရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဝေမာနိကပြိတ္တာဆိုတာက နေ့စံညခံ၊ ညခံနေ့စံဘ၀တွေမို့ပါ။ သူတို့ဟာ ကောင်းကျိုးနဲ့ဆိုးကျိုးကို တလှည့်စီခံရပါတယ်။ တချို့ကျတော့လည်း နေ့မှာနတ်ပြည်လို နတ်ချမ်းသာတွေကို ခံစားရပြီး ညမှာငရဲသားတွေလို ခံရတာရှိသလို ညမှာနတ်ပြည်လိုခံစားရပြီး နေ့မှာ ငရဲလိုခံစားရကြပါတယ်။ ၀ိတ္တမိန္ဒကအကြောင်းကို ဖတ်ဖူးတဲ့လူတိုင်း သိပါလိမ့်မယ်။ မိတ္တ၀ိန္ဒကဟာ တစ်ခုသောဘ၀မှာ သူများရဲ့လာဘ်လာဘရမဲ့ဟာကို မနာလိုဝန်တိုဖြစ်ခဲ့တဲ့ မကောင်းမှုကြောင့် နေ့စံညခံပြိတ္တာ ဘ၀ကို ရောက်ခဲ့ရတာပါ။ သူ့ကျောင်းလာတည်းတဲ့ အာဂန္တုကရဟန်းကို သူ့ဒကာအိမ်မှာ ဆွမ်းစားမလိုက်စေချင်တဲ့ မကောင်းမှုမစ္ဆရိယကံကြောင့်ပါ။ အဲဒါကြောင့် မိမိတို့လည်း မစ္ဆရိယစိတ်များ မနာလိုမှုများ မထားရှိကြဖို့ အရေးကြီးပါတယ်။
အဲဒီတော့ သိုက်ကလာတယ်ဆိုတဲ့လူတွေဟာ ဝေမာနိကပြိတ္တာဘ၀ကနေ အချိန်ကန့်သတ်ချက်နဲ့ လူ့ချမ်းသာကို ခံစားရဖို့လာတဲ့လူတွေ ဖြစ်မှာပါ။ အဲဒီလိုလာတဲ့လူတွေထဲမှာလည်း ဝေမာနိကပြိတ္တာကနေ ကျွတ်လွတ်လာတဲ့ပုဂ္ဂိုလ်ရှိသလို ပြိတ္တာဒုက္ခကို မခံစားရသေးဘဲ လူ့ချမ်းသာကို အရင်ခံစားရအောင် လာရောက်နေရတဲ့ပုဂ္ဂိုလ်များလည်း ရှိနိုင်ပါတယ်။ ပြိတ္တာကနေ လွတ်လာတဲ့လူတွေကတော့ သူတို့ကောင်းမှုရှိရင် သူတို့ကောင်းမှုအလျှောက် နောက်ဘ၀မှာ ခံစားကြမှာဖြစ်ပါတယ်။ ပြိတ္တာဒုက္ခကို မခံစားရသေးဘဲ လူ့ချမ်းသာကို အရင်ခံစားရန်ရောက်လာတဲ့လူတွေကတော့ လူ့ချမ်းသာကိုခံစားရန် သူတို့သတ်မှတ်ချက် ကံတရားကုန်ရင် ပြိတ္တာကိုပြန်ရောက်ပြီး ပြိတ္တာရဲ့ဒုက္ခတွေကို ၀ဋ်ကြွေးကြောင့် ပြန်ဆပ်ရပါဦးမယ်။ ဒီလို ပြိတ္တာကိုပြန်ရောက်ပြီး ခံစားရဦးမဲ့လူတွေကတော့ လူ့ဘ၀ရောက်ရှိချိန်လေးမှာ ကောင်းမှုများများလုပ်ပေးမယ်ဆိုရင် သူတို့ဝဋ်ကြွေးကုန်လို့ ပြိတ္တာကနေ လွတ်တဲ့အခါ ကောင်းတဲ့ဘုံမှာ ကောင်းကျိုးတွေ ခံစားရမှာပါ။ အဲဒီလိုမဟုတ်ဘဲ ရရှိလာတဲ့လူ့ဘ၀လေးကို မကောင်းမှုလုပ်ပြီး အချိန်ကုန်လွန်သွားမယ်ဆိုရင်တော့ ပြိတ္တာကနေလွတ်လည်း မကောင်းတဲ့ အပါယ်လေးဘုံထဲမှာပဲ ပြန်လည်ခံစားရပါလိမ့်မယ်။
ပြိတ္တာကနေလာတဲ့သိုက်တွေကို ပူဇော်ခြင်းတွေလုပ်တာကိုတော့ ဘာအကျိုးမှမရသလို ဘယ်လိုဆိုးကျိုးမျှ ကိုလည်း မိမိတို့ကို မပေးနိုင်တဲ့အတွက် မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ သိုက်ကလာတဲ့လူကို သူတို့သူငယ်ချင်းများဖြစ်တဲ့ပြိတ္တာများက သူလူ့ဘ၀ခံစားနေရတုန်းမှာ သတိမေ့လျော့ပြီး ကောင်းမှုမလုပ်ဘဲ မကောင်းမှုများနဲ့ အချိန်ကုန်လွန်နေမှာစိုးလို့ သတိပေးတာဖြစ်နိုင်သလို ကောင်းမှုလုပ် လို့ ကောင်းချီးပေးတာလည်း ဖြစ်နိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ မိမိတို့မှာ ဘယ်ဘ၀ကနေ ဘယ်လိုအခြေအနေမျိုးမှာပဲ လူ့ဘ၀ကိုရရှိလာပါစေ လက်ရှိရရှိလာတဲ့လူ့ဘ၀လေးမှာ ကောင်းမှုများနဲ့ အချိန်ကုန်လွန်ကြဖို့ပါပဲ။
အရှင်ကောမလ(ခ)ဆန်နီနေမင်း

Monday, October 24, 2011
ဓမ္မမှတ်စု အပိုင်း(၄)
ဒေါသဖြစ်ခြင်းဟာ သူတစ်ပါးရဲ့အပြစ်ကို ကိုယ့်အပြစ်ဖြစ်အောင် လုပ်ယူခြင်းပါ။ ပုထုဇဉ်မှန်သမျှ ဒေါသနဲ့ မကင်းကြပါ။ ဒါပေမဲ့ ဒေါသကို ရုန်းကန်မထွက်အောင် ထိန်းသိမ်းမှ ကိုယ့်မှာအမှားနည်းပြီး အကျိုးများမှာပါ။ ဒေါသမှာ ချမ်းသာမှုမရှိဘဲ မေတ္တာမှာသာ ချမ်းသာခြင်း ရှိပါတယ်။ ကိုယ့်အတွက်ရော အများအတွက်ပါ ချမ်းသာခြင်းရချင်တယ်ဆိုရင် ဒေါသနဲ့မရင်းနှီးဘဲ မေတ္တာနဲ့ရင်းနှီးရမယ်။
Hatred (Dosa) makes one have the fault of others to be of oneself. All worldly persons could not stay without hatred. However, it will be beneficial and faultless if one can control the hatred not to go beyond. There is no happiness in the hatred. There is happiess in loving-kindness (Metta). So, if one wants happiness, one has to invest Metta but not hatred.

စုန်းကဝေအကြောင်း သိကောင်းစရာ
စုန်းကဝေနဲ့ပတ်သတ်ပြီး ယုံကြည်ရခက်နေတယ်။ ရှိမရှိကို သိချင်တယ်ဆိုပြီး ဦးဇင်းကို ပို့စ်တင်ပေးပါရန် တောင်းဆိုလာကြတဲ့အတွက် ဦးဇင်းလေ့လာမိသလောက်လေးကို မိမိအချိန်ထဲကနေ အများအတွက် ရေးသားတင်ပြပေးလိုက်တာပါ။
မြတ်ဗုဒ္ဓမိန့်ကြားခဲ့တဲ့ ပါဠိတော်ထဲမှာတော့ ဦးဇင်းမှတ်သားဖူးသလောက်ပြောပြရမယ်ဆိုရင် ၀ိနည်းမဟာဝါ (၀ိ-၁-၂၆၉)မှာ ရဟန်းတစ်ပါးဟာ ဃရဒိန္နကာဗာဓ-ခေါ် စုန်းမက ချစ်ခင်လို့ ဆေးပေးတာကို စားမိခဲ့ပါတယ်။ အဲဒီလို စားမိခဲ့လို့ ရဟန်းစုန်းပြုစားခံရတာကို မြတ်စွာဘုရားကသိတော့ သီတာလောဠိ (ထွန်သွားတွင်ကပ်ကျန်နေသော မြေကြီးခဲ)ကို ဖျော်ပြီး စုန်းပြုစားခံရတဲ့ ရဟန်းကို သောက်ခိုင်း လိုက်တာ ပျောက်ကင်းခဲ့တယ်လို့ ပါရှိပါတယ်။
အဲဒီတော့ စုန်းဆိုတာ တကယ်ရှိတယ်ဆိုတာကို လက်ခံရဖို့ကတော့ သေချာနေပါပြီ။ စုန်းဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတော့ လူသားဖြစ်ပြီး အရင်ဘ၀က ကမ္မသိဒ္ဓိအစွမ်းပါရှိတာကို မကောင်းတဲ့ဘက်မှာ အသုံးချတတ်တဲ့လူမျိုးပါ။ လူတိုင်းမှာတော့ သူ့အစွမ်းနဲ့သူ ပါရှိကြပါတယ်။ တချို့က ဉာဏ်စွမ်းကောင်းပြီး တချို့က ကံအစွမ်းကောင်းသလို တချို့ကျတော့လည်း ဖြတ်ထိုးဉာဏ်ကောင်းကြတဲ့ အစွမ်းသတ္တိလေးတွေ လူတိုင်းကိုယ်စီမှာ ရှိကြပါတယ်။ တချို့ကျတော့လည်း မိမိမှာ အစွမ်းသတ္တိပါတာကို အသုံးမချမိလို့ မသိတာမျိုးရှိသလို အသုံးမချတတ်လို့ အသုံးမကျတာမျိုးလည်း ရှိနေပါတယ်။ ဥပမာ-မိမိခါးလောက်ရှိတဲ့ အမြင့်ကို ပုံမှန်ချိန်မှာ ခုန်မတတ်နိုင်ပေမဲ့ သေဘေးနဲ့ရင်ဆိုင်ရတဲ့အခါမျိုးမှာ ခုန်ကျော်လွှားနိုင်တဲ့ အစွမ်းသတ္တိမျိုးပေါ့။
အဲဒီလိုပါပဲ မွေးရာပါကမ္မသိဒ္ဓိအစွမ်းပါတဲ့ မိန်းမများဟာ သူတို့သာမာန်ချိန်မှာတော့ သူတို့မှာပါလာတဲ့ စုန်းပညာကို အသုံးမချတဲ့အတွက် မသိဘဲဖြစ်နေတတ်ပေမဲ့ သူတို့တစ်ယောက်ယောက်ကို လုပ်ကြံချင်တဲ့အခါမျိုးမှာ ပေါ်ထွက်လာပါတယ်။ အဲဒီလိုပေါ်ထွက်လာတဲ့နောက်ပိုင်းမှာတော့ သူတို့စုန်းပညာ ပါတယ်ဆိုတာသိပြီး သူများကို ဒုက္ခပေးနိုင်တယ်ဆိုတာ သိသွားလို့ သူတို့တစ်ယောက်ယောက်ကို မကျေနပ်တဲ့အခါ အဲဒီလူရဲ့ ဘုန်းကံနိမ့်ချိန်မှာ စောင့်မျှော်လုပ်တတ်သလို မိမိလုပ်ချင်တဲ့သူကို တစ်ခုခုသော အစားအစာကျွေးပြီးလုပ်တာမျိုးလည်း ရှိပါတယ်။
စုန်းပညာတစ်ခါလုပ်ဖူးလို့ စုန်းပညာတတ်တယ်ဆိုတာသူကိုယ်သူ သိတဲ့လူဆိုရင် အဲဒီလူရဲ့ မျက်စိကိုကြည့်တဲ့အခါ သူ့မျက်စိကိုကြည့်တဲ့လူရဲ့ ခန္ဓာကိုယ်ဟာ စောက်ထိုးပြောင်းပြန်ပေါ်နေတယ်လို့ ဦးဇင်းကြားဖူးပါတယ်။ အဲဒီတော့ စုန်းပညာတတ်တဲ့လူဟုတ်မဟုတ်ကို သူ့မျက်စိစိုက်ကြည့်ပြီး စမ်းသပ်နိုင်သလို စုန်းအလုပ်ခံရပါကလည်း မြတ်ဗုဒ္ဓပေးခဲ့တဲ့နည်းလမ်းအတိုင်း သီတာလောဠိ (ထွန်သွားတွင် ကပ်ကျန်နေသော မြေကြီးခဲ)ကို ဖျော်ပြီး စုန်းပြုစားခံရတဲ့လူကို တိုက်ကျွေးရင် ပျောက်ပါလိမ့်မယ်။ ဒါဟာ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း သွေးသားများရင်းပြီး ရရှိလာခဲ့တဲ့သဗ္ဗညုတဉာဏ်နဲ့ကြည့်ပေးခဲ့တဲ့ဆေးမို့ အစွမ်းထက်မယ်ဆိုတာတော့ အကြွင်းမဲ့ ယုံကြည်သင့်ပါတယ်။
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသဆို သဗ္ဗညုတဉာဏ်နဲ့ကြည့်ပေးခဲ့တဲ့ဆေးက မှန်ဘီးလူနဲ့ကြည့်ပြီးပေးတဲ့ အင်္ဂလိပ်ဆေးထက် အစွမ်းထက်တယ်ဆိုပြီး မြတ်ဗုဒ္ဓနည်းပေးခဲ့တဲ့ နွားကျင်ငယ်ရေနဲ့ ဖန်းခါးသီး၊ ဇီးဖြူသီးများစိမ်ပြီး ဆေးအဖြစ် မှီဝဲခဲ့အတွက် ဘာကျန်းမာရေးမှ မဖောက်ပြန်ဘူးလို့ မှတ်သားခဲ့ရပါတယ်။
အဲဒီတော့ စုန်းကဝေနဲ့ပတ်သတ်ပြီး အကျဉ်းချုပ်ပြောချင်တာက မြတ်ဗုဒ္ဓကိုယ်တိုင်မိန့်ခဲ့တာကိုထောက်ပြီး စုန်းကဝေဆိုတာ တကယ်ရှိပါကြောင်း၊ စုန်းအတတ်ပညာရှိမရှိကို ဦးဇင်းပြောသလို စမ်းသပ်ကြည့်ရှု့လို့ ရပါကြောင်း၊ စုန်းလုပ်ချင်တဲ့လူဟာ သူပြုစားချင်တဲ့လူကို အနီးကပ်အနေနဲ့ အစားအစာကျွေးလုပ်နိုင်သလို အနီးကပ်မရပါက အဝေးကနေပြုစားနိုင်အောင် ထိုသူရဲ့ ဘုန်းကံနိမ့်ချိန်ကို စောင့်ဆိုင်းလုပ်တယ်ဆိုတာ သိဖို့လိုပါကြောင်း၊ တကယ်လို့ မိမိက စုန်းပြုစားတာ မခံချင်ဘူးဆိုရင် ဘုန်းကံနိမ့်စေတဲ့ မကောင်းမှုအကုသိုလ်များမှ ရှောင်ကြဉ်ကာ သူတစ်ပါးကျွေးတာကို ယုံကြည်မှုရှိမှ စားသင့်ပါကြောင်း၊ အကြောင်းမသင့်လို့စုန်းပြုစားခံခဲ့ရရင်လည်း မြတ်ဗုဒ္ဓပေးခဲ့တဲ့နည်းအတိုင်း ဖြေရှင်းလို့ရတယ်ဆိုတာတွေကို မှတ်သားထားကြပါလို့ပဲပြောရင်း ဦးဇင်းသိသမျှ အသိပညာဗဟုသုတများကို ဒီမှာပဲ ဒီမေးခွန်းအတွက် ရပ်နားပါရစေ။

Saturday, October 22, 2011
အရက်တိုက်ဖို့ တောင်းဆိုရင် လှူသင့်ပါသလား
အမေး။ ။ အရက်ကြိုက်တဲ့ မိတ်ဆွေတွေက အရက်တိုက်ဖို့တောင်းဆိုရင် လှူသင့်ပါသလားဘုရား။ တပည့်တော် ထိုင်းနိုင်ငံရောက်စဉ် မိတ်ဆွေတစ်ယောက် အရက်ကြမ်းကို ပဲကြီးလှော် အနည်းငယ်နဲ့မြည်းပြီး သောက်နေ တာ တွေ့ခဲ့ရပါတယ်။ သောက်တဲ့အရက်ကလဲ ဈေးညံ့တဲ့ အရက်ကြမ်း အရက်ပြင်း၊ အစာမည်မည်ရရလဲ မခံဘဲ ပဲလှော်စေ့ လေးငါးစေ့နဲ့ သောက်နေတော့ အစာအိမ် ထိခိုက်မှာစိုးလို့ စားစရာဝယ်ကျွေးမိရင် အပြစ်ဖြစ်ပါသလားဘုရား။
အဖြေ။ ။ ပထမမေးခွန်းမှာ မိတ်ဆွေတွေက အရက်တိုက်ဖို့တောင်းဆိုရင် လှူသင့်ပါသလား။ အရက်ဆိုတာ လူတို့ရဲ့သီလဆိုတဲ့ ငါးပါးသီလထဲမှာပါပါတယ်။ အရက်ကို ကိုယ်တိုင်သောက်လို့ပဲဖြစ်စေ၊ သူတစ်ပါးအား ရောင်းလို့ပဲဖြစ်စေ၊ သူတစ်ပါးအား ပေးလို့ပဲဖြစ်စေ ကိုယ်ကျင့်တရား ချွတ်ယွင်းမှု ဖြစ်သွားပါတယ်။ ထိုအရာများအနက် မိမိပေးလိုက်သော အရက်ကို သောက်ကြသောသူများဟာ အရက်ကြောင့် ပုံမှန်စိတ်အနေအထားမဟုတ်တော့ပဲ စိတ်အနေဖောက်ပြန်ကာ မကောင်းမှုများကို ပြုလုပ်ဖို့ ၀န်မလေးတော့ပါ။ ကိုယ်က အရက်ကိုလှူလိုက်သည်ဖြစ်သော်လည်း လှူလိုက်သည့်အရက် က ကောင်းကျိုးထက်ဆိုးကျိုးကိုသာ ပေးတတ်တဲ့အတွက် အရက်လှူရင်လည်း အပြစ်ရှိပါတယ် လို့ ဖြေကြားလိုက်ပါတယ်။
ဒုတိယအချက်က တစ်ဘက်သားရဲ့ အစာအိမ်ထိခိုက်မှာကိုစိုးတဲ့အတွက် အမြည်းအနေနဲ့ စားစရာလှူတာဟာ အပြစ်မဖြစ်ပါဘူး၊ ဘာကြောင့်ဆိုရင် တစ်ဘက်သားအား အစာအိမ်ထိခိုက်မှာစိုးတယ်ဆိုတဲ့ မေတ္တာစိတ် အရင်းခံဖြင့် စားစရာကို ပေးလှူသောကြောင့် ဖြစ်ပါတယ်။ လှူဒါန်းလိုက်တဲ့ စားစရာကြောင့် သူတစ်ပါးရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးကို ဖြစ်စေတတ်သောကြောင့် စားစရာလှူရင် အပြစ်မဖြစ်တဲ့အပြင် ကုသိုလ်တောင်ရပါသေးတယ်၊ တစ်ခုတော့ရှိတာပေါ့။ သည်လိုစိတ်ထားမျိုးမဟုတ်ဘဲ အရက်အတွက် သက်သက် အားပေးအားမြောက်ပြုပြီး အမြည်းဝယ်ပေးတာကတော့ အားပေးရာရောက်တဲ့အတွက် အပြစ်ဖြစ်နိုင်ပါတယ်။
ဦးကောဝိဒ(မြိတ်) http://venkawwida.com မှ

ဓမ္မမှတ်စု အပိုင်း(၃)
ကျောက်ခဲသည် သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ရေထဲပစ်ချလျှင် နစ်မြုပ်တတ်သကဲ့သို့ အကုသိုလ်ကံသည်လည်း သေးသေးဖြစ်စေ၊ ကြီးကြီဖြစ်စေ ပြုလုပ်သူအား အပါယ်သို့ ဆွဲချတတ်သည်သာ ဖြစ်သည်။ ထို့ကြောင့် သူတစ်ပါး သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ မကောင်းမှုမှန်သမျှကို မပြုလုပ်သင့်ပေ။ (မေတ္တာရှင်-ရွှေပြည်သာ)
Stone small or big happens to sink in the water, so also demeritorious deed small or big pulls the one who acts it to the woeful states. Therefore, one should not do all evil actions known or unknown. (Mettāshin-Shwepyithar)

ဓမ္မမှတ်စု အပိုင်း(၂)
လောက၌ အဆန်းကြယ်ဆုံးသောအရာသည် စိတ်ကူးဖြစ်သည်။ ထိုစိတ်ကူးထက် ပို၍ဆန်းကြယ်သော အရာသည်ကား ကံတရားဖြစ်သည်။
In this world, the most wonderful thing is intention. More than it’s Kamma.
Friday, October 21, 2011
ဂျာနယ်ပါဆောင်းပါးဖြစ်တဲ့ မသိတော့လည်း အဟုတ်မှတ်နေတယ် အပိုင်း(၂)
ရုပ်နာမ်တို့ရဲ့ သဘောသဘာဝကို အမှန်အတိုင်း မသိမြင်သေးတဲ့အခါကျတော့ အကောင်း ကြိုက်တဲ့လူတွေဟာ အကောင်းမဟုတ်တဲ့၊ ဘာမှအနှစ်သာရမရှိတဲ့အရာတွေကို အဟုတ်ထင်ပြီး စွဲလမ်းမှု၊ နှစ်သက်မှုတွေဖြစ်ကာ သတ်ဖြတ်လုယက်အနိုင်ကျင့်မှုစတဲ့ မကောင်းမှုတွေကို လုပ်နေကြတာပါ။ တကယ်ဆို လူဆိုတာ အကောင်းကြိုက်တတ်တဲ့ သတ္တ၀ါပါ။ ဒါပေမဲ့ အကောင်းဆိုတာ ဘာလဲလို့သေချာမသိသေးတော့ မကောင်းတာကိုပဲ အကောင်းထင်ပြီး လမ်းမှားကြိုက်နှစ်သက်မိနေကြတာပါ။ ဒါဟာဘာဖြစ်လို့လဲဆိုတော့ မိမိတို့သန္တာန်မှာ ကိလေသာသောင်းကျန်းမှုတွေ အမြဲဖြစ်နေပြီး နိဗ္ဗာန်ချမ်းသာရဲ့ အစအန ချမ်းသာ သဘောလေးကိုမျှ ခံစားဖူးအောင် ၀ိပဿနာဉာဏ် မလုပ်ဖူးကြလို့ပါ။ လောကမှာရှိတဲ့ တကယ် အကောင်းဆုံးအရာဟာ ဘာလဲဆိုရင် နိဗ္ဗာန်ချမ်းသာဖြစ်တယ်ဆိုတာကို ၀ိပဿနာဉာဏ်ရှိသူတိုင်း သိကြပါတယ်။
အဲဒီလို ရုပ်နာမ်တို့ရဲ့သဘောသဘာဝကို အမှန်အတိုင်းသိမြင်တဲ့ ၀ိပဿနာဉာဏ်မရှိကြဘဲ ကိလေသာတွေသာရှိနေကြတဲ့အတွက် အရာအားလုံးဟာ တပ်မက်ချင်စရာတွေ၊ လိုချင်စရာတွေပဲ ထင်ပြီး အဲဒါတွေကိုပဲ မရ၊ ရအောင် လိုက်လုပ်နေကြတာပါ။ တကယ်တမ်းသာ ရုပ်နာမ်တရားတို့ရဲ့ မတည်မြဲမှု၊ ဖောက်ပြန်ပျက်စီးမှု၊ တွယ်တာနှစ်သက်စရာမရှိဘဲ အလိုလိုပျက်စီးနေတာများကို အမှန်တိုင်းသာသိမြင်ကြမယ်ဆိုရင် ခုလို လောကကြီးထဲမှာ မကောင်းမှုများ လုပ်ကြမှာမဟုတ်ပါဘူး။ အဲဒါကြောင့် လူသားအားလုံး၊ သတ္တ၀ါအားလုံးကို တကယ်အစစ်အမှန်သာရှိတဲ့ လောကသဘာဝတရားများကို သိစေချင်တာကြောင့် ရှေးယခင်က သိမြင်ခဲ့ကြတဲ့ပုဂ္ဂိုလ်များက ဘယ်လိုလုပ်ရင် သိနိုင်တယ်ဆိုတာတွေ လမ်းညွှန်ပေးထားခဲ့တာပါ။ ဒါပေမဲ့ မိမိတို့က ရေမြုစ်ကို ရေခဲတုံးလို့ထင်နေကြတော့ သူများပြောတာကို ကိုယ်တိုင်မကျင့်၊ မသိမြင်သေးတဲ့အတွက် လက်မခံချင်ဘူး ဖြစ်နေပါတယ်။ ဒီတော့ သူများပြောတာ ဟုတ်မဟုတ်ဆိုတာကို မဟုတ်ဘူးလို့ ငြင်းမဲ့အစား လက်တွေ့သိရအောင် ရှေးကလမ်းမှန်ကိုသိသူများရဲ့ ညွှန်ကြားချက်များအတိုင်း လုပ်ကြည့်ဖို့ လိုပါတယ်။
တချို့က ကောင်းမှုလား၊ မကောင်းမှုလားဆိုတာလောက် ခွဲခြားသိရုံလောက်သိတာကိုပဲ သူတို့ကိုယ်သူတို့ အဟုတ်မှတ်နေပြီး ငါတို့တော့ တရားသိနေပြီလို့ ထင်နေကြတာလည်း ရှိပါတယ်။ တကယ်တော့ ကောင်းမှု၊ မကောင်းမှုကို ခွဲခြားသိရုံနဲ့တော့ မကောင်းမှုကို စွန့်လွတ်နိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လိုချင်မှုလောဘတွေ ရှိနေကြသေးလို့ပါ။ အဲဒီတော့ မိမိသန္တာန်မှာရှိနေတဲ့ ကိလေသာတွေကို နည်းအောင်သတိနဲ့ထိန်းချုပ်မှု ရှိရမယ်။ ရုပ်နာမ်တို့ရဲ့ ဖောက်ပြန်မှု၊ မတည်မြဲမှုတွေကို နည်းနည်းချင်းသိအောင် ၀ိပဿနာပွားများ ပေးရင်ဆိုရင်တော့ မကောင်းမှုတွေကို ရှောင်ကြဉ်နိုင်မှာပါ။
ပုထုဇဉ်လူသားချင်းအတူတူဖြစ်နေကြတဲ့ စာရေးသူတို့ လူသားများတွင် တချို့က ကောင်းမှု လုပ်ပြီး တချို့က မကောင်းမှုပဲ လုပ်နေကြပါတယ်။ အဲဒီလို ပုထုဇဉ်ချင်းတူပေမဲ့ မကောင်းမှုများကို ဘာကြောင့်လုပ်ကြသလဲဆိုရင် ရုပ်နာမ်တို့ရဲ့ဖောက်ပြန်မှု၊ မတည်မြဲမှုတွေကို စမ်းသပ်မကြည့်ဘူးသေးလို့၊ မကြားနာဘူးသေးလို့၊ ဒီရုပ်နာမ်တို့ရဲ့ ဖောက်ပြန်မှုကိုသိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိကြသေးလို့ပါ။ တချို့ကျတော့လည်း ကြားနာဖူးပေမဲ့ လက်တွေ့စမ်းသပ်မှု လုပ်မကြည့်ဘဲ ဇွတ်မဟုတ်ဘူးငြင်းကာ မကောင်းမှုများလုပ်ရတာကိုပဲ ကျေနပ်နေကြတဲ့ပုဂ္ဂိုလ်များလည်း ရှိပါတယ်။ အဓိကအကျဆုံးအရာကတော့ မိမိသန္တာန်မှာရှိနေတဲ့ လောဘစတဲ့ကိလေသာတွေကို ဘယ်လိုထိန်းချုပ်ပေးရမယ်ဆိုတာ မသိလို့ပါ။ တချို့ကသိပြန်တော့လည်း မထိန်းချုပ်ဘဲ စိတ်ကိုသတိတရားမကပ်ဘဲ လွတ်ချင်တိုင်းလွတ်ပစ်ထားလို့ပါ။ လူသားတွေဟာ အမှန်ကို အမှန်အတိုင်း မသိမြင်သဘောမပေါက်ကြသေးတော့ ကိုယ့်လုပ်တဲ့မကောင်းမှုက ကိုယ့်ကို တစ်နေ့ဒုက္ခပေးမယ်ဆိုတာ မသိဘူးဖြစ်နေတဲ့အတွက် မကောင်းမှုလုပ်တဲ့လူ များနေတာပါ။ တချို့ကျတော့လည်း သိသိကြီးနဲ့ မိုက်နေကြတာလည်း ရှိပါတယ်။ တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင် မကောင်းမှုလုပ်လို့ ရတဲ့ဟာနဲ့ မိမိပြန်လည်ခံစားရမဲ့ဟာကို နှိုင်းချိန်းကြည့်ပြီး ဒီမကောင်းမှုလုပ်လို့ရတာနဲ့ ငါပြန်ခံစားရမဲ့ မျက်မှောက်သံသရာဒုက္ခ ဘယ်ဟာကပိုများမယ်ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။
ဥပမာ-သူတစ်ပါးပစ္စည်းခိုးရင် အဲဒီခိုးလို့ရမဲ့ဥစ္စာဟာ ကိုယ့်အတွက် ဒီဘ၀မှာ ဘယ်လောက် ကောင်းကျိုး ခံစားရမလဲ။ နောက်ဘ၀မှာ ငါခံစားရမဲ့ဒုက္ခထက်ရော ခုခိုးလို့ရတဲ့ဥစ္စာက ပိုသာမှာလားစတဲ့ တွေးတောကြံစည် မှုတွေ ရှိဖို့လိုပါတယ်။ သူတစ်ပါးပစ္စည်းခိုးရင် ရဲနဲ့များဖမ်းမိပါက ထောင်ကျမယ်။ တစ်ပါးသူနဲ့မိရင် ရိုက်ခံရမှာဖြစ်တဲ့အတွက် ဒီဘ၀မှာလည်း မကောင်းကျိုး ခံစားရမယ်။ နောက်နောင်ဘ၀တွေမှာလည်း ဒီထက်မကတဲ့ ဆင်းရဲ့ဒုက္ခများ ခံစားရမယ်ဆိုတာကို နားလည်သဘောပေါက်ရင် မကောင်းမှုများ လုပ်ကြမှာမဟုတ်ပါ။ တကယ်လို့များ သူတစ်ပါးပစ္စည်းကို အလွယ်တကူ ခိုးလို့ရခဲ့ရင်ရော အဲဒီခိုးလို့ရတဲ့ဟာက ငါ့ဘ၀အတွက် ဘယ်လောက် ကောင်းကျိုးခံစားရမလဲ။ ဒီဘ၀မှာ သေတဲ့ထိတိုင် ချမ်းသာသုခများ ခံစားရဦးတောင် နောက်နောင်ဘ၀မှာတော့ ဒီခိုးလို့ရတဲ့ချမ်းသာဟာ ငါနဲ့မလိုက်တော့ဘဲ ယခုငါခံစားခဲ့ရတဲ့ သုခထက် ပိုများမဲ့ သူရဲ့တန်ပြန်ဒုက္ခကိုသာ ခံစားရမှာဖြစ်လို့ ထိုက်တန်မှုမရှိဘူးဆိုတာ သိဖို့လိုပါတယ်။
အဲဒီလိုပါပဲ သူတစ်ပါးသားမယား၊ သမီးပျိုများကို ပြစ်မှားမယ်လို့ ကြံစည်တဲ့အခါမှာလည်း ငါဒီမကောင်းမှုကိုလုပ်လိုက်ရင် ငါ့အတွက် အရှက်ရ၊ သိက္ခာကျ၊ လူအထင်သေးခံရစတဲ့ အပြစ်တွေကတော့ ဧကန်မုချရရှိမယ်။ တကယ်လို့များ မတော်လို့ ထောင်ကျရင်လည်း ပြစ်ဒဏ်ခံရမယ်။ နောက်နောင် ဘ၀တွေမှာလည်း ဒီမကောင်းမှုရဲ့ပြစ်ဒဏ်တန်ပြန်မှုက ခံစားရဦးမယ်။ ယခုငါလုပ်မဲ့ မကောင်းမှုရဲ့ သုခက နောက်နောင်ခံစားရမဲ့ ဒုက္ခထက် သာလွန်မှုရှိပါမလားစတာတွေကို တွေးတောကြံစည်ပေးမယ်ဆိုရင် မကောင်းမှုကျုးလွန်းခြင်းများ ပြုလုပ်မိမှာ မဟုတ်ပါဘူး။ အဲဒီလို တွေးတောမှု၊ ဆင်ခြင်မှု၊ အသိဉာဏ်မရှိမှု၊ သတိတရား လက်လွတ်မှုတွေကြောင့်သာ လူတွေဟာ မကောင်းမှုများကို ကျုးလွန်နေကြတာပါ။ တကယ်ဆင်ခြင်စဉ်းစားကြည့်မယ်ဆိုရင် မကောင်းမှုလုပ်လို့ရတဲ့ သုခထက် ကိုယ်ပြန်လည်ခံစားရမဲ့ဒုက္ခက ပိုမိုကြီးမားတယ်ဆိုတဲ့ အသိဉာဏ်များ လူသားတိုင်းမှာ ရှိစေချင်ပါတယ်။ အားလုံးသိရှိအောင် လည်း ယခုလို ရေးသားတင်ပြပေးနေတာပါ။ အဲဒီလိုသိရှိပြီး လိုက်နာကျင့်သုံးမယ်ဆိုရင် လူတိုင်း မကောင်းမှု များကို ရှောင်ကြဉ်နိုင်ပါလိမ့်မယ်။
ဒါကြောင့် ရုပ်နာမ်တို့ရဲ့ ဖောက်ပြန်မှု၊ မတည်မြဲမှု၊ လောကကြီးထဲမှာ အမှန်တကယ်ရှိတဲ့ အရာများ ကို သေချာနားလည်သဘောပေါက်အောင် ကြိုးစားရမယ်။ ဒါပြင် မိမိလုပ်လို့ရမဲ့ မကောင်းမှုချမ်းသာက ဒီဘ၀မှာ ဘယ်လောက်ခံစားရမလဲ။ နောက်နောင်ဘ၀မှာ မိမိခံစားရမဲ့ ဒုက္ခထက်ရော သာလွန်မှာလားစတဲ့ အသိဉာဏ်၊ တွေးတောဆင်ခြင်မှုများရှိအောင် သတိတရား အသိဉာဏ်များ လက်မလွတ်အောင် ထိန်းသိမ်းပေးစေချင်ပါတယ်။ အဲဒီလို တွေးတောဆင်ခြင်မှု လည်းမရှိ၊ ရုပ်နာမ်တို့ရဲ့ဖောက်ပြန်ပျက်စီးမှုကိုလည်း သိအောင်မလုပ်ဘူးဆိုရင်တော့ အဲဒီလူဟာ မိုက်မဲပြီးရင်း မိုက်မဲနေမဲ့ မီးသွေးခဲသာ ဖြစ်နေပါလိမ့်မယ်။
ဂျာနယ်ကို Download လုပ်ချင်တယ်ဆိုရင်တော့ http://www.mediafire.com/?3gmr4g3cgba6z7h ဒီမှာ သွားရောက်ယူလို့ ရပါတယ်။
အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်……….။
အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com/
Colombo, Sri lanka

Thursday, October 20, 2011
ဂျာနယ်ဆောင်းပါးဖြစ်တဲ့ မသိတော့လည်း အဟုတ်မှတ်နေတယ် အပိုင်း(၁)
ကမ္ဘာမှာပေါ်မှာ ကျင်လည်ကျက်စားနေကြတဲ့ သတ္တ၀ါအသီးသီးဟာ မိမိတို့ အမှန်တရားကို မသိသေးတဲ့အခါကျတော့ အမှားတွေကိုပဲ အဟုတ်မှတ်နေပြီး အဲဒီအမှားတွေ ပြုလုပ်ကျင်လည် ကျက်စားနေရတာကိုပဲ ကျေနပ်နေကြတယ်။ ဘယ်ဟာက အမှန်အမှားဆိုတာကို ခွဲခြားဝေဖန် နိုင်စွမ်း မရှိသေးရင် မိမိမှန်တယ်ထင်တဲ့အရာကို အထင်ကြီး အဟုတ်မှတ်ကြတာ ဓမ္မတာပါပဲ။ မိမိတို့ကျင်လည်ခဲ့ရတဲ့ ဘ၀များစွာကလည်း အမှန်တကယ်တည်ရှိတဲ့အရာများကို ခွဲခြားဝေဖန် သိမြင်နိုင်အောင် မလုပ်နိုင်ခဲ့ကြတော့ ယခုဘ၀မှာလည်း မသိမြင်ဘဲ ဖြစ်နေကြတာပါ။ အဲဒါကြောင့် ဒီဘ၀မှာတော့ လောကရှိအမှန်တရားကို သိမြင်အောင်လုပ်ပြီး မဟုတ်တဲ့အရာတွေကို အဟုတ် မှတ်ခြင်းမှ ကင်းဝေးအောင်လုပ်ဖို့ လိုနေပါပြီ။
တကယ်တော့ လောကကြီးထဲမှာ အမှန်တကယ်အရှိတရားကိုပြောပါဆိုရင် ဖောက်ပြန် တတ်တဲ့သဘော တရားလေးနဲ့ အာရုံသိတတ်တဲ့သဘောတရားလေးသာ ရှိပါတယ်။ အဲဒီနှစ်မျိုး လုံးဟာ အထည်ကိုယ်ဒြပ် မှုန်းဝါးဝါးလေးတောင် မရှိဘဲနဲ့ သဘောမျှလေးရှိရုံသာ ရှိတာပါ။ ဥပမာ-ပင်လယ်ထဲမှာ ရေမြုစ်ကြီးတစ်ခုကို အဝေးကကြည့်ရင် ရေခဲတုံးကြီးလို့ ထင်ရပါတယ်။ အနီးကပ်ကြည့်လိုက်တဲ့အခါ ရေမြုစ်ဖြစ်နေမှန်းသိပြီး ကိုင်ကြည့်တော့လည်း အထည်ကိုယ်ဒြပ် အနေနဲ့ ကိုင်ပြလို့မရဘူး ဖြစ်နေပါတယ်။ မိမိတစ်ယောက်တည်းသာ အနီးကပ်ကိုင်ကြည့်တဲ့အတွက် ဒါဟာ ရေခဲတုံးမဟုတ်ဘူး။ ရေမြုစ်ပဲဖြစ်တယ်ဆိုတာ သိပါမယ်။ ဒါကို အဝေးကနေ လှမ်းကြည့်နေကြတဲ့ လူအားလုံးကတော့ ဒါဟာ ရေမြုစ်မဟုတ်ဘူး ရေခဲတုံးပဲလို့ မိမိကိုယ်တိုင် အနီးကပ်ကိုင်မကြည့်ခင်က ထင်နေတဲ့အတိုင်းပဲ ယုံကြည်နေကြပါတယ်။ အဲဒါကို မိမိတစ်ယောက် တည်းသာ အနီးကပ်ကိုင်ကြည့်တဲ့အတွက် ရေခဲတုံးမဟုတ် ရေမြုစ်ဖြစ်တယ်ဆိုတာသိပေမဲ့ သူများ ယုံကြည်အောင် ရေမြုစ်ဖြစ်ကြောင်း အထည်ကိုယ်ဒြပ်အနေနဲ့ လက်ဆုတ်လက်ကိုင် မပြနိုင်လို့ အများက မိမိပြောတာကို မယုံကြည်ဘဲ ဖြစ်နေပါလိမ့်မယ်။
အဲဒီလိုပါပဲ မိမိတို့က ၀ိပဿနာမပွားများလို့ဖြစ်စေ၊ ပွားများမှုအားနည်းနေလို့ဖြစ်စေ၊ ပါရမီအားနည်းနေ လို့ဖြစ်စေ ရုပ်နာမ်တရားတို့ရဲ့ ဖောက်ပြန်မှုသဘော၊ လောကကြီးထဲမှာ အမှန်တကယ်ရှိတဲ့အရာကို မမြင်သေးတော့ သိမြင်ခဲ့ကြတဲ့ အရိယာသူတော်ကောင်းတွေရဲ့စကားကို မယုံကြည်ဘဲဖြစ်ပြီး ဘယ်ဟာကအမှန်ဆိုတာကို မသိဘဲဖြစ်နေကြတာပါ။ အရိယာဖြစ်သွားတဲ့ ပုဂ္ဂိုလ်များကတော့ ဒီသဘော တရားတွေကို သိမြင်ကြပါတယ်။ ဒါကြောင့် အရိယာသူတော်ကောင်း တွေက ရုပ်နာမ်ဆိုတာ မမြဲဘူး၊ ဘယ်အရာမှ တပ်မက်ချင်စရာ၊ စွဲလမ်းချင်စရာမရှိဘူးလို့ပြောလည်း မိမိက ၀ိပဿနာဉာဏ်မရှိသေးဘူး ဆိုရင်တော့ ရေမြုစ်ကို ရေခဲတုံးပဲလို့ထင်နေတဲ့ အတွက် အရာအားလုံးကို တပ်မက်စိတ်နဲ့ မိုက်ပြီးရင်း မိုက်နေဦးမှာပါ။
အရိယာဖြစ်တဲ့လူတွေက ရေမြုစ်ဆိုတာကို အနီးကပ်ကြည့်တဲ့လူနဲ့တူပြီး လောကရှိ ကာမဂုဏ် အာရုံများကို ရေမြုစ်လိုပဲ အထည်ကိုယ်ဒြပ်အနေနဲ့ ဟန်ဆောင်ထားကာ တကယ်တမ်း တပ်မက်ချင်စရာ၊ မြဲမြံတဲ့အရာ မရှိဘူးဆိုတာကို သိကြပါတယ်။ အရိယာမဖြစ်သေးတဲ့ပုဂ္ဂိုလ်တွေကတော့ အဝေးကနေပဲ ရေမြုစ်ကို ရေခဲတုံးလို့ ထင်မြင်ကာ လောကကြီးထဲမှာရှိတဲ့ ကာမဂုဏ်အာရုံများကို တပ်မက်ချင် စရာ၊ စွဲလမ်းချင်စရာတွေထင်ပြီး လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်နေကြတာပါ။
တချို့က ရုပ်နာမ်တို့ရဲ့ မမြဲခြင်းသဘော၊ တပ်မက်ချင်စရာမရှိခြင်းသဘောတွေကို သိတော့ သိကြပါတယ်။ ဒါပေမဲ့ သိတယ်ဆိုတဲ့နေရာမှာ အမှန်တကယ်ထိုးထွင်းပြီး အမြဲတမ်းသိနေအောင် လုပ်ရမဲ့ဟာကို အပေါ်ယံသညာသိနဲ့ပဲသိပြီး ရှေ့မဆက်ဘဲ ဖြစ်နေကြတဲ့ပုဂ္ဂိုလ်များလည်း ရှိကြပါတယ်။ အမြဲတမ်းထိုးထွင်းပြီး သိနေဖို့ရန်အတွက် ရုပ်နာမ်တို့ရဲ့ဖောက်ပြန်မတည်မြဲမှုတွေကို မိမိသန္တာန်မှာ အမြဲစွဲနေအောင်ပြုလုပ် ကာ လောဘ၊ ဒေါသ၊ မောဟတွေကင်းအောင် အပြတ်ရှင်းရမှာ ဖြစ်ပါတယ်။ ရုပ်နာမ်တို့ရဲ့ ဖောက်ပြန်မှု၊ မတည်မြဲမှု၊ တပ်မက်ချင်စရာမရှိမှုတွေကို ခဏတာသိပြီး ခဏတာပယ်သတ်နိုင်တဲ့ သညာသိ၊ သိရုံလောက်နဲ့တော့ မဖြစ်သေးပါ။
ဒါပြင် မိမိသန္တာန်မှာ အမြဲလိုလို သိနေတယ်ထင်ပြီး ကိလေသာအာရုံများ ခဏတာပယ်သတ်နိုင်တာကို ကိလေသာတွေ အကုန်ကင်စင်နေတယ်လို့လည်း ထင်မနေပါနဲ့။ နောက်ဆုံး မိမိသန္တာန်မှာ ဘယ်လိုကိလေသာအာရုံတွေနဲ့ပဲ တိုက်ဆိုက်မှုတွေဖြစ်ပါစေ ကိလေသာထကြွမှုမဖြစ်တော့ဘဲ အမှန်ကို အမှန်အတိုင်း ရုပ်နာမ်တရားတို့ရဲ့ သဘောသဘာဝကို အမှန်တကယ်သိမြင်တဲ့ အရိယာပုဂ္ဂိုလ် အဆင့်ထိရောက်အောင် လုပ်ရပါမယ်။
ပုထုဇဉ်တွေဟာ ရုပ်နာမ်တို့ရဲ့ ဖောက်ပြန်မတည်မြဲမှု၊ လောကရှိ သဘောသဘာဝ အမှန်တရားများကို ခဏတာတော့ သိတတ်ကြပါတယ်။ ဥပမာ-တရားထိုင်စဉ်အချိန်မှာ ဆရာတော်များရဲ့ သွန်သင်းမှုကိုလိုက်နာပြီး ကျင့်ကြံနေတဲ့အချိန်မှာပေါ့။ အဲဒီလို ကျင့်ကြံနေတဲ့အချိန်မှာတော့ ခဏတာ ရုပ်နာမ်တို့ရဲ့ မမြဲမှု၊ လောကရှိအမှန်တရားများကို သိမြင်ပါတယ်။ ဒါပေမဲ့ ခဏတာပဲ သိမြင်ပြီး ရှေ့မဆက်တဲ့အတွက် ကိလေသာလျှော့နည်းမှုပဲဖြစ်ကာ နည်းနည်းဖြစ်စေ၊ တစ်ဝက်လောက်ဖြစ်စေ ကုန်မသွားဘူး။ အဲဒီလို ရုပ်နာမ်တို့ရဲ့သဘော၊ လောကရှိအမှန်တရားကို သညာသိနဲ့သိရုံလောက်နဲ့တော့ ကိလေသာလျှော့ပါးမှုပဲဖြစ်တဲ့ အတွက် မကောင်းမှု မလုပ်ဘူးလားဆိုတော့ ယုံကြည်စိတ်ချလို့ မရသေးတဲ့ပုထုဇဉ်ပဲရှိသေးလို့ စိတ်မချရသေးပါဘူး။ အဲဒီလိုပါပဲ စာရေးသူတို့ ဗုဒ္ဓဘာသာဝင်လူမျိုးများဟာ သညာသိလောက်ပဲ လုပ်တတ်ကြပြီး ရှေ့ဆက်မလုပ်ကြတဲ့အတွက် အကျိုးရရှိမှု နည်းနေကြတာပါ။ တချို့ကျတော့ အဲဒီလို သညာသိကိုသိအောင် မလုပ်ကြတဲ့လူတွေကလည်း အများကြီးရှိသေးလို့ စိတ်မကောင်းများ စွာ ဖြစ်ရပါသေးတယ်။ ဒါကြောင့် အနည်းဆုံး ဒီဘ၀မှာ အရိယာမဖြစ်ရင်တောင်မှ နောက်ဘ၀မှာတော့ အရိယာဖြစ်အောင် နည်းနည်းချင်း ကျင့်ကြံပေးဖို့ လိုပါတယ်။
တစ်ခါ ဈာန်နဲ့ကောင်းကင်ကိုပျံသန်းနိုင်ကြတဲ့ ရသေ့စတဲ့ သူတော်စင်များကလည်း ကိလေသာအာရုံများကို ခဏတာငြိမ်းအောင် ထိန်းနိုင်ကြပါတယ်။ ဒါပေမဲ့ အပြီးသတ် ငြိမ်းသတ်ထားခြင်းမဟုတ်တာကြောင့် ကိလေသာများ ထကြွသောင်းကျန်မှုဖြစ်လာရင် နဂိုရှိရင်း ဈာန်များပါ ပျောက်ကွယ်သွားတတ်ပါတယ်။ ကိလေသာမှန်သမျှ အပြီးသတ်ပယ်သတ်ထားတဲ့ ဘုရားရဟန္တာစတဲ့ အရိယာသူတော်ကောင်းတွေကတော့ ဘယ်လိုနည်းနဲ့ဖြစ်စေ ကိလေသာ ထကြွမှုမဖြစ်ဘဲ ရုပ်နာမ်တို့ရဲ့ သဘောသဘာဝအမှန်ကို သိမြင်ကြပါတယ်။
အပိုင်း(၂)ကို ဆက်လက်တင်ပြပေးပါမယ်။

ဓမ္မမှတ်စု အပိုင်း(၁)
ဤလောက၌ ရန်ပြုသူကို ရန်ပြန်တုန့်ပြန်ခြင်းဖြင့် ရန်ငြိမ်းသွားသည်ဟု တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဘူးပေ။ ရန်မတုန့်ပြန်မှသာ ရန်ငြိမ်းသွားလေသည်။ ဤကား ရှေးအစဉ်အလာဖြစ်သော သဘောတရားဖြစ်ပေသည်။ (ဓမ္မပဒ၊ ယမက၀ဂ်)
Hated is, indeed, never appeased by hatred in this world. It is appeased only by loving-kindness. This is an ancient law. (Dhammapada-Yamakavagga)
Wednesday, October 19, 2011
တွေးမိတွေးရာ အပိုင်း(၃)
ဦးဇင်းမနေ့က ကေလနိယတက္ကသိုလ်သွားပြီး ဒေါက်တာအကြိုတန်းဖြစ်တဲ့ M.phil ကျမ်းတင်ရန်အတွက် The analyses of the universal characteristic of preserving five precepts. Buddhist social aspect: A Study of its Origin and Development in Relation to the Sutta and Vinaya Pitakas. A study of Buddhist attitude of social aspects and their philosophyဆိုတဲ့ ခေါင်းစဉ်(၃)ခုကို ပါမောက္ခဆရာအား မိမိရေးချင်တဲ့ခေါင်းစဉ် ရမရကို သွားရောက်ဆွေးနွေးခဲ့ပါတယ်။
ဒါပေမဲ့ ပါမောက္ခချုပ်နဲ့ မတွေ့ခဲ့ရတဲ့အတွက် နောက်တစ်ပါတ်မှ ပြန်လာပါဆိုတော့ လူလည်းဘာလုပ်လို့ လုပ်ရမှန်းမသိတာနဲ့ http://www.burmeseclassic.com/dailymovie.php?stext=&type=&status=go&pno=1ဆိုဒ်မှာ ငါအပျင်းပြေကြည့်ရအောင် ဇာတ်ကားလိုက်ရှာဦးမယ်ဆိုပြီး လိုက်ရှာလိုက်တာ ကံ-Kamma ဆိုတဲ့ဇာတ်ကားလေးကိုတွေ့တော့ ဘာကံအကြောင်းတွေများ ရိုက်ထားသလဲမသိဘူး။ ဖွင့်ကြည့်ဦးမှဆိုပြီး ဖွင့်ကြည့်လိုက်တာ မြန်မာဇာတ်ကားများထဲမှာ ဒီဇာတ်ကားလောက် ဗုဒ္ဓဘာသာမျိုးများအတွက် တန်ဖိုးများတဲ့ဇာတ်ကားကို ဦးဇင်းကတော့ မကြည့်မိဖူးခဲ့သေးလို့ အံ့သြမိပါတယ်။ အတော်လေးကို တန်ဖိုးရှိတဲ့ ဇာတ်ကားတစ်ကားလို့လည်း ဦးဇင်းကတော့ မှတ်ချက်ချလိုက်တယ်။ ဒီလို ဇာတ်ကားမျိုးကို များများရိုက်နိုင်ပါစေလို့လည်း ဆုတောင်းပေးနေပါတယ်။
ဒီဇာတ်ကားမှာ ဝေဠုကျော်-ခိုင်နှင်းဝေတို့က အဓိကသရုပ်ဆောင်ထားပြီး ဗုဒ္ဓဘာသာများအတွက် ရှင်ပြုခြင်း၊ ရဟန်းခံပေးခြင်းကအစ တကယ့်သိသင့်သိထိုက်တဲ့ အမေးအဖြေလေးများကို ဒကာ-ဒကာမများနဲ့ ဘုန်းတော်ကြီးတို့ မေးမြန်းခန်းတွေ ပါရှိပါတယ်။ ဒါပြင် ယဉ်ကျေးလိမ္မာသင်တန်းအကြောင်းနှင့် အဲဒီသင်းတန်းရဲ့ အရေးပါပုံတွေ၊ ရဟန်းခံခြင်းနဲ့ပတ်သတ်ပြီး လူတွေ တကယ်သိသင့်သိထိုက်တဲ့ အချက်လက်တွေ၊ ကံတရားနဲ့ပတ်သတ်ပြီး မယုံမရှိနဲ့ဆိုတာတွေကအစ ပါဝင်တာကို တွေ့ရပါတယ်။
ဒီဇာတ်ကားဟာ ဆရာတော် အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ)ရဲ့ စာအုပ်များကို မှတ်စုထုတ်၍ ရိုက်ကူးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီလိုဇာတ်ကားမျိုးကို ဗုဒ္ဓဘာသာတိုင်းသာမက လူသားအားလုံး ကြည့်ရှု့သင့်ပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေးကြည့်နိုင်အောင်လည်း အင်္ဂလိပ်စာတန်းထိုးဖြင့် တင်ဆက်ထားပါတယ်။
ဒီလို ပညာပေးကားများစွာ ရိုက်ပေးနိုင်ပါစေ မြန်မာလူမျိုးများလည်း ဒီလိုဇာတ်ကားများကြည့်ပြီး အသိပညာဗဟုသုတများ တိုးပွားကြကာ မိမိတို့ပန်းတိုင်ကို လျင်မြန်စွာလျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ်။

Tuesday, October 18, 2011
တွေးမိတွေးရာ အပိုင်း(၂)
တစ်နေ့က စင်္ကာပူနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ ဒါနသီရိလင်္ကာအသင်းကနေ သီရိလင်္ကာရောက်မြန်မာ သံဃာပေါင်း(၃၀၀)နီးပါးအတွက် တစ်ပါးလျှင် ကော်ဖီမစ်ထုတ်(၄၀)ပါ တစ်ပါကင်စီ လှူဒါန်းလိုက်ပါတယ်။ ဒါကို နာယကဆရာတော်ကနေ သီရိလင်္ကာနိုင်ငံ နေရာအသီးသီးသို့ နေထိုင်သီတင်းသုံးတော်မူနေတဲ့ သံဃာအားလုံးအား မေးလ်ကနေ ကော်ဖီမစ်အလှူခံကြွ ပင့်လျှောက်သလို ဖုန်းနဲ့လည်း အလှူခံကြွဖို့ ရာ လျှောက်ကြပါတယ်။
အဲဒီအခါမှာ ဦးဇင်းသူငယ်ချင်းတစ်ပါးက သူ့လက်ကျန်ရှိနေတဲ့ ကော်ဖီမစ်လေး ချွေးတာသောက်နေတဲ့အချိန် နာယကဆရာတော်ကနေ ဦးဇင်း ဒါနသီရိလင်္ကာအသင်းက ကော်ဖီမစ်တစ်ပါးတစ်ပါကင် လှူဒါန်းလိုက်တယ်။ အဲဒါ လာရောက်အလှူခံပါလို့ လျှောက်သံကြားလိုက်ရတော့ ၀မ်းသာပီတိတွေ ဘယ်လောက်များ ဖြစ်သလဲတော့ မသိဘူး။ လက်ထဲကိုင်သောက်နေတဲ့ ကော်ဖီမစ်လေး အောက်ကိုမှောက်ကျသွားပါသတဲ့။ ဒါနဲ့ သူကလည်း မှောက်ကျသွားတဲ့ ကော်ဖီမစ်လေးဆိုပြီး ကဗျာတစ်ပုဒ်တောင် ရေးလိုက်မိပါသေးတယ်လို့ ဦးဇင်းကို ပြောပြပါတယ်။
အော်-ရှားပါးပြီးဆို လူ့ရဲ့သဘာဝကလည်း အဲဒီရှားပါးတဲ့အရာကိုပဲ မက်မောကြတာ ဓမ္မတာပါပဲလေ။ ဦးဇင်းလည်း မြန်မာနိုင်ငံမှာတုန်းက ကော်ဖီမစ်တွေ မသောက်ချင်အောင် ပေါနေတာကို မသောက်ဖြစ်ခဲ့တာ များပါတယ်။ ဒီရောက်မှ မနက်အရုဏ်ဆွမ်းအစား ကော်ဖီမစ်နဲ့ အစားထိုးရတာရယ်၊ အိပ်ရေးပျက်တဲ့ခါ၊ အိပ်ချင်နေလို့ စာရေးတာမပြီးသေးတဲ့အခါမျိုးမှာ ကော်ဖီမစ်နဲ့ ဖြေဖျောက်ရတဲ့အတွက် ကော်ဖီမစ်ကို စွဲစွဲလမ်းလမ်းကို သောက်ချင်နေတော့တယ်။
ဦးဇင်းသူငယ်ချင်းရဲ့ ကော်ဖီမစ်မှောက်ကျသွားတာကို ဦးဇင်းပြန်လည်တွေးတောကြည့်တဲ့အခါ အော်-ဒါဟာ ရှားပါးတဲ့အချိန်မှာ မိမိအသုံးတည့်တာကို ရလိုက်တဲ့အတွက် အတိုင်းမသိသော ၀မ်းသာမှုကြောင့် ဖြစ်တယ် ဆိုတာ သိလိုက်ရပါတယ်။ ခုလို ရှားပါးနေတဲ့အချိန်မှာ လှူဒါန်းပေးလိုက်တဲ့ ဒါနသီရိလင်္ကာအသင်းဝင်များ အတွက်လည်း များစွာသောအကျိုးတွေ ရရှိမှာသေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြေးပြိုင်နေသူ တစ်ယောက် လမ်းမှာပြေးနေစဉ် သူ့အတွက် အားဆေးဖြစ်အောင် ပြေးထားကွလို့ အားပေးလိုက်တဲ့ သဘောမျိုးဖြစ်နေလို့ပါ။ အပြေးပြိုင်နေသူဟာ သူ့ပြေးနေစဉ်အချိန်အတွင်းမှာသာ သူ့အတွက်က အားပေးမဲ့သူ အဓိကလိုအပ်တာပါ။ သူပန်းတိုင်ရောက်သွားလျှင် သူ့အတွက် အားပေးမဲ့လူတွေရော၊ ဆုချမဲ့လူတွေပါ အများကြီးရှိနေမှာ သေချာပါတယ်။ ဒါပေမဲ့ အလိုက်သိစွာနဲ့ ပြေးနေစဉ်လမ်းခုလတ်မှာ အားပေးမဲ့သူ ရှားပါးလှတဲ့အတွက် လမ်းခုလတ်မှာ အားပေးတဲ့အသံက ပိုတန်ဖိုးရှိပါတယ်။ ပန်းတိုင်ရောက်မှ အားပေးမယ်ဆိုရင် အားပေးမဲ့လူတွေ၊ ဆုချမဲ့လူတွေ များနေတဲ့အတွက် မိမိအားပေးတဲ့အသံဟာလည်း မထိရောက်ဘဲဖြစ်နေသလို အပြေးသမားအတွက်လည်း တန်ဖိုးရှိတဲ့ အားပေးမှုမျိုး ဖြစ်မနေပေ။
ဒါကြောင့် အခုလို ရှားပါးတဲ့အချိန်မှာ သံဃာများအား လှူဒါန်းလိုက်တဲ့အတွက် ဒါနသီရိလင်္ကာ အသင်းဝင်များဟာ ကောင်းကျိုးများစွာရရှိမယ်လို့ ပြောဆိုရခြင်းပါ။ ခုလှူဒါန်းလိုက်တဲ့ သီရိလင်္ကာရောက် သံဃာတော်များကို ဒီကနေပညာတွေသင်ပြီး ကျောင်းထိုင်တွေ၊ ဆရာတော်တွေဖြစ်သွားတဲ့ အခါကျမှ ကော်ဖီမစ်တစ်ထုတ် သွားလှူဒါန်းမယ်ဆိုရင် အဲဒီကော်ဖီမစ်ဟာ တကယ်လိုအပ်တဲ့အချိန်မဟုတ်တဲ့ အတွက် အလှူခံသူမှာလည်း မြတ်မြတ်နိုးနိုး မရှိတာကြောင့် ၀မ်းသာပီတိမဖြစ်သလို လှူဒါန်းသူမှာလည်း အကျိုးပေးများစွာ မရရှိနိုင်တော့ပါ။ အဲဒီတော့ မိမိလုပ်တဲ့အလုပ်မှန်သမျှသည် မိမိအတွက် အကျိုးပိုပြီးပိုပြီး များစေမဲ့အရာများဖြစ်အောင် ပြုလုပ်တတ်ဖို့လိုသလို ကြံစည်တွေးခေါ်တတ်ဖို့လည်း လိုတယ်ဆိုတာကို ဦးဇင်းတွေးမိတာလေးတွေ ပြောပြရင်း အခုတော့ ဒီလောက်နဲ့ အဆုံးသတ်ပါရစေ။

မြတ်ဗုဒ္ဓစကားသုံးနှုန်းမှုနဲ့ပတ်သတ်၍
အမေး။ ။ မြတ်စွာဘုရား စကားတော်တွေကို ပြန်ပြောပြတဲ့နေရာမှာ “ မင်း၊ ငါ၊ ကွ”ဆိုတဲ့ အသုံးအနှုန်းတွေကို မိုးကုတ်ဆရာတော်ကြီး သုံးနှုန်းထားတာ ဖတ်ရပါတယ်ဘုရား။ မြတ်စွာဘုရားဟာ ဒီလို မသုံးနှုန်းဘူးထင်ပြီး တပည့်တော်စိတ်ထဲ မအီမသာ ဖြစ်မိပါတယ်။ စာစကားကို ရွာနားအရောက်ပို့မယ်ဆိုတဲ့ စေတနာနဲ့ဆိုတော့ သုံးလို့ရပါသလားဘုရား။
အဖြေ။ ။ မေးခွန်းရှင်က ဒီလိုအသုံးအနှုန်းကြောင့် သိပ်ဘ၀င်မကျဖြစ်နေတာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးပြောရရင် တရားစကားပြောရာမှာ သည်လိုအသုံးအနှုန်းမျိုးတွေဟာ ယခင်အတိတ်က ၀ါသနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သန့်ရှင်းတဲ့ စိတ်စေတနာဖြင့် ဒကာ/ဒကာမ တို့အား ဟောပြောတာကတော့ အပြစ်မရှိပါဘူး။ (မင်း၊ ငါ၊ ကွ)စတဲ့ အသုံးအနှုန်းကို မဆိုနဲ့ဦး။ မြတ်စွာဘုရား လက်ထက်တော်က ပိလိန္ဒ၀စ္ဆဆိုတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးပါတယ်။ ထိုမထေရ်ဟာ ကျောင်းမှာပဲဖြစ်စေ၊ အရပ်ထဲရွာထဲဖြစ်စေ သူနှင့်ရင်ဆိုင်တွေ့တဲ့ ဆင်းရဲ၊ ချမ်းသာ ပုဂ္ဂိုလ်မှန်သမျှကို “ဟဲ့..သူယုတ်မာ…..လာလော့၊ ဟဲ့..သူယုတ်မာ…….သွားလော့” (ဧဟိ ၀သလိ……ယာဟိ ၀သလိ)လို့ မြင်သမျှလူတွေကို ပြောဆိုနှုတ် ဆက်တော့တာပဲ။ ထိုအကြောင်းကို ကြားရဖန်များတဲ့ ရဟန်းတော်များက မြတ်စွဘုရားအား သွားလျှောက်ပါတယ်။ မြတ်စွာဘုရားက ပိလိန္ဒ၀စ္ဆမထေရ်ကိုခေါ်ပြီး “ချစ်သား….ဒီလို ပြောတယ်ဆိုတာ မှန်ပါသလား”လို့မေးတော်မူသောအခါ မထေရ်က “မှန်ပါတယ်ဘုရား”လို့ လျှောက်ထားပါတယ်။
သို့နှင့် မြတ်စွာဘုရားဟာ ပိလိန္ဒ၀စ္ဆရဲ့ ရှေးကဖြစ်ခဲ့တဲ့ဘ၀တွေကို ပြန်ပြီးဆင်ခြင်တဲ့အခါ ထိုမထေရ်ဟာ ဘ၀ငါးပတ်လုံး ဗြဟ္မဏအမျိုးမှာဖြစ်ပြီး “သူယုတ်မာ”ဆိုတဲ့ စကားကို ပြောဆိုခဲ့တယ်။ ထိုမထေရ်ဟာ စိတ်ထဲဒေါသဖြစ်လို့ မဟုတ်ဘဲ၊ ဘ၀များစွာက ၀ါသနာဘာဂီအရ ပြောဆိုနေခြင်းသာဖြစ်ကြောင်း သိတော်မူတဲ့အခါ “ချစ်သားရဟန်းတို့……ပိလိန္ဒ၀စ္ဆကို အပြစ်မတင်ကြပါနဲ့၊ မရှုပ်ချကြပါနဲ့၊ ချစ်သားပိလိန္ဒ၀စ္ဆဟာ ဒေါသထွက်လို့ ပြောခြင်းမဟုတ်၊ စိတ်ထဲရှိလို့ ပြောတာမဟုတ်ဘူး၊ အာသဝေါကင်း ကွာသော သူတို့မည်သည် သူတစ်ပါးအား ခက်ထန်ကြမ်းတမ်းပြီး ထိခိုက်နစ်နာစေတဲ့ပြောဆိုခြင်းမျိုး ကို ပြောဆိုလေ့မရှိတော့ပါဘူး၊ ဘ၀ါဘ၀က အလေ့အကျင့်ကြောင့်သာ ပြောဆိုခြင်းဖြစ်ပါတယ်”လို့ မိန့်တော်မူခဲ့ပါတယ်။
ထိုအတူ ယခုလည်း မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ မင်း၊ ငါ၊ကွစတဲ့ စကားအသုံးအနှုန်းများဟာလည်း စိတ်ထဲအပြစ်ဒေါသမရှိဘဲ၊ ဒကာ/ဒကာမအပေါ်တွင် ဖြစ်စေချင်တဲ့ စေတနာထက်သန်သည့် အတွက် ပြောခြင်းဖြစ်ဟန်တူပါတယ်။ ‘သူယုတ်မာ’ ဆိုတဲ့စကားဟာ ‘မင်း၊ ငါ၊ ကွ’ဆိုတဲ့စကားထက် အဆပေါင်းများစွာရင့်သီးပါတယ်။ ဒါပေမယ့် ထိခိုက်နစ်နာစေလိုတဲ့ စေတနာမပါတဲ့အတွက် အပြစ်မရှိပါဘူး။ ထို့ကြောင့် မိုးကုတ်ဆရာတော်ကြီး မိန့်တော်မူခဲ့တဲ့ ‘မင်း၊ ငါ၊ ကွ’ စကားဟာလည်း ဒေါသနှင့်ပြောခြင်းမဟုတ် စားစကား ရွာနားအရောက်ပို့မယ်ဆိုတဲ့ စေတနာနဲ့ ပြောတာဖြစ်တဲ့အတွက် သုံးလို့ရပါကြောင်း အဖြေပေးလိုက်ရပါတယ်။

Monday, October 17, 2011
ဒုဿစေတီနဲ့ပတ်သတ်၍
အမေး။ ။ ဗြဟ္မာ့ပြည်က ဒုဿစေတီအကြောင်းကို သိချင်ပါတယ်ဘုရား၊ စာထဲတွေ့ရတာက ၀တ်လဲပုဆိုး ဋ္ဌာပနာတယ်ဆိုတာပဲ တွေ့ရပါတယ်၊ တခြားဘာပစ္စည်းများ ဋ္ဌာပနာသေးပါသလဲဆိုတာ သိချင်ပါတယ်ဘုရား။
အဖြေ။ ။ သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်ဟာ ဆံတော်ကိုပယ်ပြီးတဲ့နောက် ယခု ငါဝတ်ထားတဲ့ အ၀တ်တွေဟာ ရဟန်းများနဲ့ မလျှောက်ပတ်ဘူး၊ သူတို့ကိုလည်း ပယ်စွန့်မှ တော်မယ်လို့ ကြံစည်တော်မူသတဲ့၊ အဲဒီအခါ ကဿပဘုရားရှင် လက်ထက်တော်က မိတ်ဆွေ ဖြစ်ဖူးတဲ့ ဃဋိကာရဗြဟ္မာကြီးဟာ ကမ္ဘာဦးကနိမိတ်အဖြစ် ပေါ်ထွန်းလာတဲ့ ကြာရုံအတွင်း ကြာတစ်ပွင့်မှ ပရိက္ခရာရှစ်ပါးကို ထိန်းသိမ်းထားရာက အလောင်းတော်ထံ လာရောက် ကပ်လှူပါတယ်။ အလောင်းတော်ဟာ ဗြဟ္မာမင်းလာရောက် ဆက်ကပ်တဲ့ပရိက္ခရာများကို သပ္ပာယ်စွာဆင်မြန်းပြီး ၀တ်လဲတော်ကို မြှောက်ပစ်လိုက်သတဲ့။ အဲဒီမြှောက်ပစ် လိုက်တဲ့ ၀တ်လဲတော်ကို ဗြဟ္မာမင်းက ဆောင်ယူပြီး၊ သုဒ္ဓ၀ါသဗြဟ္မာ့ဘုံမှာ စေတီတည်ထားပါသတဲ့။
စေတီတော်ဟာ ဗုဒ္ဓ၀ံသအဋ္ဌကထာ(၃၃၃)မှာ ဆိုထားပါတယ်။ ဒုဿစေတီတော်ကို တည်ထားတဲ့ ဃဋိကာရဗြဟ္မာဆိုတာ ကဿပဘုရားရှင်လက်ထက်တော်က ဘုရားရှင်နှင့် အလွန်အကျွမ်းဝင်တဲ့ အိုးလုပ်သမား တစ်ဦးဖြစ်ခဲ့ပါတယ်။ ကဿပဘုရားရှင်ရဲ့ တရားတော်ကို နာယူရတဲ့အတွက် အနာဂါမ်တည်ပြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ အနာဂါမ်ဘ၀နှင့် ကွယ်လွန်ရင် သုဒ္ဓါဝါသငါးဘုံရှိရာ တစ်ဘုံဘုံကို ရောက်ပါတယ်၊ ဒါကြောင့် ဃဋိကာရဗြဟ္မာကြီးဟာ အနာဂါမ်ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သုဒ္ဓါဝါသငါးဘုံတွင် တစ်ဘုံဘုံသို့ရောက်နိုင်ပါတယ်။ ဒါကြောင့် ဒုဿစေတီဟာလည်း သုဒ္ဓါဝါသဘုံ တစ်ဘုံဘုံတွင် တည်ရှိနေမည်မှာ အမှန်ဖြစ်ပါတယ်။ ဤနေရာ၌ ဃဋိကာရဗြဟ္မာကြီးဟာ သုဒ္ဓါဝါသငါးဘုံအနက် အကနိဋ္ဌဘုံမှာဖြစ်တဲ့အတွက် ဒုဿစေတီတော်ဟာလည်း အကနိဋ္ဌဘုံမှာပဲရှိနိုင်တယ် ဟုယူဆသင့်ပါတယ်လို့ သမန္တစက္ခုဒီပနီကျမ်းက ဆိုထားပါတယ်။
စေတီတော်၏ ဉာဏ်တော်အမြင့်ကိုလည်း သမန္တစက္ခုဒီပနီကျမ်း၌ ကျမ်းအမျိုးမျိုးတို့ကို ထောက်ဆ၍ (၁၂)ယူဇနာရှိပါတယ်လို့ မှတ်ယူရမယ်လို့ ပြဆိုထားပါတယ်။
နောက်မေးခွန်းတစ်ခုက ဒုဿစေတီတွင် ၀တ်လဲတော်မှတစ်ပါး ဌာပနာထားတဲ့ တစ်ခြားပစ္စည်းကို ကျမ်းတွေမှာ မတွေ့ရပါဘူး။ ၀တ်လဲတော်ကို ပါဠိလိုဒုဿလို့ခေါ်ပါတယ်၊ ၀တ်လဲတော် ဌာပနာတာကို အကြောင်းပြု၍ ဒုဿစေတီလို့ခေါ်တွင်ခြင်းဖြစ်ပါကြောင်း ဖြေကြားပေးလိုက်ရ ပါတယ်။

စူဠာမဏိစေတီတော်နဲ့ပတ်သတ်၍
အမေး။ ။ အရှင်ဘုရား နတ်ပြည်တွင်တည်ထားသော စူဠာမဏိစေတီတော် တည်ရာတွင် သုံးသောပစ္စည်းများနှင့် နတ်တစ်ယောက်ရဲ့အရပ်က သုံးဂါဝုတ်ဆိုတော့ စေတီကရော ဘယ်လောက်မြင့်သလဲဆိုတာ သိချင်ပါတယ်ဘုရား။
အဖြေ။ ။ စူဠာမဏိစေတီတော်တွင် ပါဝင်တည်ထားသော ပစ္စည်းများအကြောင်းကို ‘ဣန္ဒနီလမယံ’ လို့ပါရှိတဲ့အတွက် စူဠာမဏိစေတီတော်တွင် ‘ပတ္တမြားညို’လို့ ခေါ်တဲ့ ကျောက်မျက်ရတနာများ ပါဝင်ပါတယ်။ ထိုအကြောင်းကို မဟာမာယာဝတ္တုတွင် လာရှိပါကြောင်း သမန္တစက္ခုဒီပနီကျမ်းတွင် မုံးရွေးဇေတ၀န်ဆရာတော်က ပြဆိုထားပါတယ်။ မဟာဗုဒ္ဓ၀င် ဒုတိယတွဲနှာ-၂၀၄တွင်တော့ ထိုစေတီကြီးဟာ ရတနာခုနှစ်ပါးဖြင့် မွမ်းမံစီခြယ်အပ်သောလို့ လာရှိတဲ့အတွက် ရတနာခုနှစ်ပါးလည်း ဖြစ်နိုင်လောက်တယ်လို့ ယူဆမိပါတယ်။ စူဠာမဏိစေတီတော်ရဲ့ ပမာဏကို ကျမ်းဂန်တို့၌ အမျိုးမျိုးပြဆိုထားပါတယ်။
သီဟိုဠ်ကျွန်းက သုမနသာမဏေဟာ တာဝတိံသာသို့သွားပြီး သိကြားမင်းထံ၌ ညှပ်ရိုးတော်ဓာတ်ကို တောင်းသောအခါ သိကြားမင်းက တစ်ယူဇနာပမာဏရှိတဲ့ စေတီကိုဖွင့်၍ လက်ယာညှပ်ရိုးတော်ဓာတ်ကိုထုတ်ကာ သုမနသာမဏေအား ပေးလိုက်တယ်လို့ ပါရာဇိကဏ်အဋ္ဌကထာတွင် ပြဆိုထားသကဲ့သို့ မဟာဝင်ကျမ်းတွင်လည်း တစ်ယူဇနာလို့ ပြဆိုထားပါတယ်။ သီဟဠမူမှာကား သုံးယူဇနာရှိပါသတဲ့၊ မဟာဗုဒ္ဓ၀င်ဒုတိယတွဲတွင်လည်း သုံးယူဇနာလို့ ဖေါ်ပြပါတယ်။ ဇိနာလင်္ကာရဋီကာ(၂၃၃)တွင် ယူဇနာသုံးဆယ် ရှိပါတယ်လို့ အသီးသီးဖေါ်ပြထားကြပါတယ်။
ထိုကဲ့သို့ စေတီဉာဏ်တော်အမြင့်ဟာ တစ်ယူဇနာ၊ သုံးယူဇနာ၊ ယူဇနာသုံးဆယ်လို့ အသီးသီးဖေါ်ပြချက်တို့တွင် ဘယ်ဟာကို ယူရပါမလဲဆိုတာကို ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ အမှတ်(၆)တွင် တည်တောဆရာတော်ကြီး ဝေဖန်တော်မူထားတာကို တွေ့ရပါတယ်။ သဘာဝလည်းကျလှတဲ့အတွက် ဖေါ်ပြပေးလိုက်ပါတယ်။
ဉာဏ်တော်အမြင့် ကျန်းဂန်အသီးသီးတို့တွင် ပြဆိုထားသည်မှာ မတူညီကြသော်လည်း စဉ်းစားကြည့်ဖို့ကတော့ သိကြားမင်းစံရာ ဝေဇယန္တာပြာသာဒ်ပါ၊ ဘယ်လိုစဉ်းစားကြည့်ရမှာလည်း ဆိုရင် (သတ္တယောဇနသတုဗ္ဗေဓော–ယူဇနာခုနှစ်ရာ အစောက်ရှိသော၊ ဝေဇယန္တောနာမ ပါသာဒေါ–ဝေဇယန္တာပြာသာဒ်သည်၊ ဥဂ္ဂဉ္စိ-ပေါက်၏)လို့ ဓမ္မပဒအဋ္ဌကထာ မဃ၀တ္ထုအဖွင့်မှာ ပြထားပါတယ်၊ သိကြာမင်းနေရာကပြာသာဒ် ယူဇနာ(၇၀၀)မြင့်တယ်ဆိုရင် ဘုရားရှင်ရဲ့ စူဠာမဏိစေတ်ီတော် သုံးယူဇနာဆိုတော့ နိမ့်လွန်းနေပါတယ်၊ ဒါကြောင့် ယူဇနာ(၃၀)ဆိုတာ ဖြစ်လောက်စရာ ရှိတယ်လို့ ယူဆမိပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

မေထုန်အမှုဟာ ကာမရာဂနူနာကို မီးကင်တာလား
အမေး။ ။ ဘုရားတပည့်တော် ရိုသေမြတ်နိုး လက်စုံမိုးလျက် ရှိခိုးလျှောက်တင်အပ်ပါတယ် အရှင်ဘုရား။ တရားဝင် မိန်းမနှင့် ဆက်ဆံတဲ့ မေထုန်ကို ပါဠိတော်၌ မြင့်မြတ်တယ်၊ နိမ့်ကျတယ် လို့ သတ်မှတ်ချက် ရှိပါသလား အရှင်ဘုရား။ မြင့်မြတ်သည်လည်းမဟုတ်၊ နိမ့်ကျသည်လည်း မဟုတ်ဘဲ ကာမရာဂကို မပယ်သတ်နိုင်သေးတာမို့ ကာမရာဂနူနာကို မီးကင်တဲ့သဘောပါလား အရှင်ဘုရား။
ရိုသေမြတ်နိုး လက်စုံမိုးလျှက် လေးစားစွာဖြင့်
ဝင်းမြင့်, ခေတ္တ ရုရှားနိုင်ငံ
အဖြေ။ ။ မောင်ဝင်းမြင့်…. တရားဝင်မိန်းမနှင့် ဆက်ဆံတဲ့ မေထုန်အမှုဟာ မြင့်မြတ်တယ်၊ နိမ့်ကျတယ်ဆိုတဲ့ သတ်မှတ်ချက် ရှိ/မရှိဆိုသည့် အချက်ကို ပြောပါ့မယ်။
မေထုန်နှင့်စပ်၍ မြတ်တယ် မမြတ်ဘူးဟူသည့်အချက်မှာ ‘ဗြဟ္မစရိယ’ မြတ်သောအကျင့်နှင့်ပတ်သက်ပြီး သုတ်သီလက္ခန်အဋ္ဌကထာ(၁၆၀)မှာ- (ဗြဟ္မစရိယံ ပကာသေတီတိ ဧတ္ထ ပနာယံ ဗြဟ္မစရိယသဒ္ဒေါ ဒါနေန၊ ဝေယျဝေစ္စ၊ ပဉ္စသိက္ခာပဒသီလေ၊ အပ္ပမညာသု၊ မေထုန၀ိရတီယံ၊ သ ဒါရသန္တောသေ၊ ၀ီရိယေ၊ဥပေါသထင်္ဂေသု၊ အရိယမဂ္ဂေ၊ သာသနေတိ ဣမေသွတ္ထေသု ဒိဿတိ)လို့ ဖွင့်ထားပါတယ်။
အဓိပ္ပါယ်က မြတ်သောအကျင့်ဆိုတဲ့ အနက်ဟာ (၁)အလှူပေးခြင်း၊ (၂)ဝေယျဝေစ္စပြုလုပ်ခြင်း၊ (၃)ငါးပါးသီလ၊ (၄)အပ္ပမညာတရား၊ (၅)မေထုန်ကြဉ်ခြင်း၊ (၆) မိမိမယား,လင်ဖြင့် ရောင့်ရဲခြင်း၊ (၇) လုံ့လ၀ီရိယ၊ (၈)ဥပုသ်အင်္ဂါ၊ (၉) အရိယာမဂ်၊ (၁၀)သာသနာတော်ဆိုတဲ့ အနက်ဆယ်ပါးကို ဟောနိုင်ပါတယ်။ ထိုဆယ်ခုအနက် နံပါတ်(၅)နှင့်(၆)ကိုသာ လိုရင်းထုတ်ပြပါ့မယ်။
(၅)မေထုန်မှ ကြဉ်ရှောင်ခြင်းဟာလည်း မြတ်သောအကျင့်တစ်ပါး ဖြစ်ပါတယ်၊ ရှင်းဦးအံ့။ မူလပဏ္ဏာသပါဠိတော် သလ္လေခသုတ်မှာ (ပရေ အဗြဟ္မစာရီ ဘ၀ိဿန္တိ အယမေတ္ထ ဗြဟ္မစာရီ ဘ၀ိဿာမာတိ) အဓိပ္ပါယ်ကတော့ “အခြားသူတို့သည် မမြတ်သော မေထုန်အကျင့်ကို ကျင့်တတ်သူတို့ဖြစ်ကြသော်လည်း ငါမူကား ဤအရာ၌ မေထုန်အမှုကို ကြဉ်သောအကျင့်ဟူသည့် မြတ်သောအကျင့်ကို ကျင့်တတ်သူတို့ ဖြစ်ကြကုန်အံ့” ဆိုထားသောကြောင့် မေထုန်အမှုသည် မမြတ်သောအကျင့် ဖြစ်ပါတယ်။ ထို့အပြင် မေထုန်အမှု မှ ရှောင်ကြဉ်တာဟာ မြတ်သောအကျင့်လို့ မှတ်ယူရပါမယ်။
(၆) မိမိမယား၊ လင်ဖြင့် ရောင့်ရဲခြင်းဟူသည် မိမိလင်၊ မယားမှတစ်ပါး တခြားသော ယောက်ျား၊ မိန်းမများကို မလွန်ကျူးတာဟာ မြတ်သောအကျင့်လို့ဆိုပါတယ်၊ ဤနေရာတွင် သတိထားရမှာက မိမိလင်မယား၌ မေထုန်ကျင့်ခြင်းကို မြတ်သောအကျင့်လို့မခေါ်ပါဘူး၊ မိမိလင်၊မယားမှ တစ်ပါး တစ်ခြားတစ်ပါးသော ယောက်ျား၊မိန်းမတို့နှင့် မေထုန်အမှုမပြုဘဲ ရှောင်ကြဉ်တာကို မြတ်သောအကျင့်လို့ဆိုလိုတာပါ။
မေထုန်ရဲ့အဓိပ္ပါယ်ကို စာဖတ်သူများသိအောင် ပြောပါဦးမယ်။ မေထုနဟာ ‘အချင်းချင်း’လို့ အဓိပ္ပါယ်ရပါတယ်၊ အချင်းချင်းဆိုတာ ရာဂထကြွသူချင်းကို ဆိုလိုပါတယ်၊ ထိုကိစ္စကိုပြုရာ၌ မိန်းမ ယောက်ျားနှစ်ဦးလုံးပင် ရာဂထကြွချင်း တူကြ၏။ ထိုကဲ့သို့ အတူတူနှင့် အနူနူ ဖြစ်ကြသူနှစ်ဦးတို့ရဲ့ ကိစ္စကို ‘မေထုန-မေထုန်’ဟု ခေါ်ပါတယ်။ (ပါတိမောက်ဘာသာဋီကာ နှာ–၃၆)
ဤတွင် မေထုန်ကြောင့်ဖြစ်ရတဲ့ အပြစ်(၇)ပါးရှိပါတယ်။ (၁)မိမိ၏ တန်ခိုးယုတ်လျော့ခြင်း။ (၂)ပညာဉာဏ် ယုတ်လျော့ခြင်း။ (၃)ခွန်အားယုတ်လျော့ခြင်း။ (၄) ကိုယ်လက် အရေအသား ပူလောင်ခြင်း။ (၅) အဆင်းအရောင် အသွေးအမွေး ပျက်စီးခြင်း။ (၆) ကုတ်ဟီးချောင်းဆိုး အနာမျိုး တည်တတ်ခြင်း။ (၇) ရောဂါဝေဒနာများ အလွယ်တကူ ကပ်ရောက်နိုင်ခြင်းတို့ ဖြစ်ကြပါတယ်။
ထို့ကြောင့် မေထုန်အမှုကို မီးကင်တဲ့သဘောပဲဖြစ်စေ၊ တခြား မည်သည့်အကြောင်းပြချက်ကြောင့် ပဲဖြစ်စေ မြတ်သောအကျင့်မဟုတ်ဘူးဟု ဘုရားအစသူတော်ကောင်းများ မိန့်တော်မူကြပါတယ်။ နောက်ဆုံး အနေဖြင့် မေထုန်နဲ့စပ်၍် မေထုန်ငယ်(၇)ပါးကိုလည်း ဗဟုသုတအလို့ငှါ တဆက်တည်း ဖေါ်ပြပေးလိုက်ပါတယ်။
မေထုန်ငယ်(၇)ပါးမှာ (၁) မိန်းမတို့က နံ့သာစသည်တို့ဖြင့် သုံးသပ်ပေးတာကို သာယာခြင်း။ (၂)မိန်းမတို့နှင့် ပြုံးရယ်စကား ပျော်ပါးမြူးတူးခြင်း။ (၃)မိန်းမတို့အား တစိမ့်စိမ့်စိုက်၍ ကြည့်ခြင်း။ (၄) မိန်းမအသံကို သာယာခြင်း။ (၅) ရှေးအခါက ပြုကျင့်ဖူးသော မေထုန်ကာမကို အာရုံပြု၍ သာယာခြင်း။ (၆)သူတစ်ပါးတို့ ပြုကျင့်သော မေထုန်ကာမကို အာရုံပြု၍ သာယာခြင်း။ (၇) ဤကောင်းမှုကြောင့် နတ်ရွာသုဂတိဘုံဘ၀သို့ ရပါလို၏လို့ တောင့်တခြင်းတို့ဖြစ်ပါတယ်။
ဒီလောက်ဆို ပြည့်စုံလမ့်မယ် ထင်ပါတယ်။

Sunday, October 16, 2011
တွေးမိတွေးရာလေးပါ
ဦးဇင်း သီရိလင်္ကာနိုင်ငံတွင် နေထိုင်တဲ့ကျောင်းမှာ ဘင်္ဂလားဒေ့ရှ်တစ်ပါး၊ ကမ္ဗောဒီယားတစ်ပါး၊ သီရိလင်္ကာ(၂)ပါး အားလုံးပေါင်း (၅)ပါးနေကြတယ်။ ဒီနေ့(16.10.2011) မှာ ကမ္ဗောဒီယားဦးဇင်းတစ်ပါးက သူစပွန်ဆာအလှူရှင်တွေကနေ ဆွမ်းကပ်လှူဒါန်းခိုင်းလို့ဆိုပြီး ကျောင်းရှိသံဃာနှင့်သူတို့ ကမ္ဗောဒီယားသံဃာတွေကို ဦးဇင်းနေတဲ့ ကုလားကျောင်းမှာ နေ့ဆွမ်းကပ်လှူပါတယ်။ ဒါပြင် တစ်ပါးကို ၀တ္ထုငွေရူပီး(၁၀၀၀) မြန်မာငွေဆိုတစ်သောင်းပေါ့။ အဲဒီလည်း လှူဒါန်းပါတယ်။
ထူးခြားတာက အစားအသောက်ပါ။ သီရိလင်္ကာ၊ ကမ္ဗောဒီယားအစားသောက်တွေက ဆီမပါ၊ ဆားမပါတာ များတယ်။ ကမ္ဗောဒီယားအစားသောက်က ထိုင်းအစားသောက်နဲ့ ခပ်ဆင်ဆင်တော့ ရှိပါတယ်။ ၀က်သား၊ ကြက်သားစားတယ်။ ဒါပေမဲ့ ကြော်သည်ဖြစ်စေ၊ ဟင်းချိုလုပ်သည်ဖြစ်စေ ဆီတို့၊ ဆားတို့ မပါဘူး။ အင်း သူငယ်ချင်းတွေဆိုတော့လည်း ၀ိုင်းလုပ်ရင်း ၀ိုင်းစားရင်းနဲ့ အစားသောက်ဗဟုသုတလည်း ရ၊ ဟင်းချက်နည်းလည်း သိရတာပေါ့။
ဒါပြင် အလှူရှင်ရဟန်းနှင့်သူ့ဒကာ၊ ဒကာမတွေအတွက် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဗောဒီယား၊ သီရိလင်္ကာ၊ မြန်မာသံဃာ(၄)မျိုးရဲ့ အသံထွက်တွေနဲ့ ပရိတ်ရွတ်၊ မေတ္တာပို့တွေ လုပ်ပေးကြပါတယ်။ အဲဒီမှာ သီရိလင်္ကာနဲ့မြန်မာက ပါဠိအသံထွက်ခြင်း နည်းနည်းခပ်ဆင်ဆင်ရှိတယ်။ ကမ္ဗောဒီယားနဲ့ ဘင်္ဂလားဒေ့ရှ် အသံထွက်ကတော့ သိပ်မတူသလိုပဲ။ ကိုယ်ရတဲ့ပရိတ်ရွတ်တာကိုတောင် တော်တော်လေးအာရုံပြု လိုက်ဆိုရတယ်။ ဒါပေမဲ့ ဒါဟာလည်း ကြားမှုမ၀သေးလို့ပါ။ ကြားပါများရင်တော့ နားယဉ်လာမှာပါ။ ဒါပေမဲ့ ပရိတ်ရွတ်တဲ့အခါကျတော့ ညီညီညာညာလေး ဖြစ်နေတာတွေ့ရတော့ ဦးဇင်းလည်း တော်တော်လေး ၀မ်းသာပီတိဖြစ်မိတယ်။ အော်-ဘယ်လိုပဲစကားချင်းမတူပါစေ၊ မြတ်ဗုဒ္ဓစကားတွေကို ရွတ်ဆိုတဲ့အခါမှာတော့ ဒီအသံပဲပါလားလို့ တွေးမိပြီး ၀မ်းသာမှုဖြစ်မိတာပါ။
အဲဒီလိုတွေးရင်းနဲ့ ငါလည်း ငါနဲ့သိတဲ့ ဒကာ၊ ဒကာမတွေ ဒီလိုထူးခြားတဲ့ ကုသိုလ်လေးတွေ၊ အမြင်အာရုံ၊ အသံအာရုံထူးဆန်းလေးတွေ တွေ့ရမြင်ရကြားရအောင် တစ်နေ့ဆွမ်းကပ်နိုင်လောက်တဲ့ ပိုက်ဆံရှိလာ ရင်တော့ မြန်မာကျောင်းမှာရော၊ ကုလားကျောင်းမှာပါ ဆွမ်းကပ်ဦးမယ်လို့ စိတ်ကူးအကြိမ်ကြိမ်ဖြစ်မိပါတယ်။ ဒါပေမဲ့ ပိုက်ဆံကလည်း ကျောင်းကြေးနဲ့ သုံးစရိတ်တောင် မလောက်မငှဖြစ်နေတော့လည်း အသာလေးငြိမ်နေရတယ်လေ။ ကိုယ်ကလည်း ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်တော့ ကိုယ်ကိုကိုယ်ပဲ ဒုက္ခပေးပြီး ဖြစ်သလိုနေ ဖြစ်သလိုစားနေလိုက်တာပေါ့။ ကိုယ်ကတော့ တကယ်ဆွမ်းကပ်ချင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ခုလို စာသင်ရန်လာရောက်ကြတဲ့ သံဃာတွေဆိုတာ အစားသောက်ကလည်း မိမိကိုထောက်ပံ့ပေးတဲ့ အလှူရှင်များပေါ်မှာမူတည်ပြီး မရှိရင်မရှိသလို စားသောက်နေထိုင်ရတဲ့ ဘ၀မို့လေ။ တကယ်စဉ်းစားကြည့်ရင် ခုလို ရှားပါးနေတဲ့အချိန်မှာ လှူဒါန်းရတာက ကာလဒါနလည်းဖြစ်သလို လိုအပ်နေတဲ့ချိန်မှာ လှူဒါန်းရခြင်းကြောင့် စားသုံးသူ အလှူခံပုဂ္ဂိုလ်မှာလည်း တကယ်လိုအပ်နေတဲ့အချိန်ဖြစ်လို့ အားရပါးရ စားမှာဖြစ်တဲ့အတွက် အလှူရှင်လည်း ၀မ်းသာအားရဖြစ်ရပြီး ကောင်းကျိုးများမှာမို့ပါ။
ဦးဇင်း တစ်ခါတလေ တွေးမိတယ်။ ဘုန်းကံကြီးမားကျောင်းထိုင်ဖြစ်တဲ့အချိန်ကျမှ ငွေ(၁၀)သိန်းလှူတာနဲ့ ရှားပါးတဲ့အချိန် ငွေ(၁)သိန်းလှူတာ ဘယ်ဟာက ပိုအကျိုးများမလဲလို့။ တကယ်စဉ်းစားကြည့်ရင်တော့ အလှူခံလိုအပ်နေတဲ့အချိန်မှာ လှူဒါန်းဖြစ်လို့ ကာလဒါနဖြစ်သလို အလှူခံဟာလည်း တကယ်လိုအပ်နေတဲ့ အချိန် ရလိုက်တဲ့အတွက် ပိုပြီးတော့ ၀မ်းသာမှာပါ။ ဦးဇင်းကျောင်းထိုင်ဖြစ်လို့ ပေါများနေတဲ့အချိန် မှာ ငွေများစွာလာရောက်လှူဒါန်းပါက ၀မ်းသာမှုတော့ ဖြစ်မှာပါ။ ဒါပေမဲ့ ကျောင်းထိုင်ဖြစ်တဲ့ချိန်ဆို သူ့ဟာသူနဲ့ အဆင်ပြေနေမှာမို့ တကယ်ရှားပါးစွာ လိုအပ်မှုမရှိလှတဲ့အတွက် ၀မ်းသာမှုဟာ ရှားပါးချိန်ရတာလောက်တော့ ဖြစ်မှာမဟုတ်ပေ။ ထို့အတူ အလှူရှင်အတွက်လည်း ငွေများစွာလှူပေမဲ့ ရှားပါးချိန်မှာ ငွေနည်းနည်းလှူတာလောက် အကျိုးပေးများလိမ့်မယ် မဟုတ်ဘူးလို့ ထင်ပါတယ်။
ဆရာတော်များ ပြောတဲ့စကားသံကို ဦးဇင်းခဏခဏ ကြားဖူးပါတယ်။ ငါတို့ကို ပညာသင်စဉ်က ရှားပါးနေတဲ့အချိန်ကျတော့ ဟင်းကောင်းတွေ လာမလှူကြဘူးတဲ့။ ခုအသက်ကြီးလို့ မစားနိုင်တဲ့အချိန်ကျမှ ဟင်းကောင်းတွေ လာလာလှူကြတယ်။ ခုမှလှူတော့ ငါတို့က အသက်ကြီးနေလို့ ဘယ်စားနိုင်မလဲတဲ့။ ငါတို့က မစားနိုင်တော့ လှူဒါန်းသူတွေ ဘယ်ဝမ်းသာမှုဖြစ်မလဲတဲ့လေ။ အင်း ဒါဟာလည်း တကယ်သဘာဝကျတဲ့အရာမို့ သင်ခန်းစာယူသင့်တဲ့အရာပါ။
အင်း ပြောရင်းပြောရင်းနဲ့ အဲဒီက ကိုယ်တွေးတဲ့အတွေးကို သူများကိုပြောမိသလို ဖြစ်သွားပြီ။ မထူးတော့ပါဘူးလေ။ ပြောမဲ့ပြောတော့ အကုန်ပြောရတော့မှာပါပဲ။ ဒါပေမဲ့ ခုတော့ မဟုတ်သေးဘူး။ ခုတော့ ကျမ်းအတွက် စာရေးစရာရှိသေးလို့ ဒီလောက်ပဲ နားလိုက်ဦးမယ်။ နောက်မှ ကိုယ်အတွေးလေးတွေ ဆက်ပြောပေးပါတော့မယ်လေ။
Saturday, October 15, 2011
အိပ်မက်အကြောင်း သိကောင်းစရာ
အမေး။ ။ မြတ်စွာဘုရား ဖွားတော်မူခန်း ဗုဒ္ဓင်ပြခန်းကို အိမ်မှာ ဘုရားခန်းအဖြစ်ဆောက်ပြီး ပူဇော်ရတယ်။ ဓမ္မစကြာတရားဟောနေတဲ့ ဘုရားရုပ်ပွားတော် ရွှေဆင်းတုတော်က ညာလက်ထဲ သူ့အလိုလို ရောက်လာတယ် အိပ်မက်မက်ပြီးတည်းက အဲဒါကို တအားသိချင်နေတာ အဖြေပေးတော်မူပါဘုရား။
ခွန်မြလှိုင်
ထိုင်းနိုင်ငံ
အဖြေ။ ။ အိပ်မက်မက်ကြတယ်ဆိုတာ အိပ်မက်မက်ခြင်းအကြောင်း လေးမျိုးရှိတယ်လို့ မှတ်ယူရပါမယ်။ ထိုလေးမျိုးမှာ (၁) ဓာတ်ချောက်ချား၍ အိပ်မက်မြင်မက်ခြင်း။ (၂)ရှေးကလေ့ကျင့် ခံစားဖူးလို့ အိပ်မက်မြင်မက်ခြင်း။ (၃) နတ်များက လှည့်စားသောကြောင့် အိပ်မက်ခြင်း။ (၄)ပုဗ္ဗနိမိတ်ကြောင့် အိပ်မက်မြင်မက်ခြင်းတို့ ဖြစ်ကြပါတယ်။
(၁)ဓာတ်ချောက်ချား၍ အိပ်မက်မက်ခြင်း။ ဓာတ်ချောက်ချားသည့်အတွက် အိပ်မက်မြင်မက်ရာ တွင် တောင်ပေါ်မှ လိမ့်ကျသယောင်ယောင်, ဆင်ကြမ်း,မြင်းကြမ်း,ခြင်္သေ့, သစ်ကျားစသော သားရဲများ၊ လူဆိုးသူခိုးစသူတို့ မိမိနောက် တကောက်ကောက်လိုက်နေသယောင်ယောင် ကြောက်မက်ဖွယ် အိပ်မက်တို့ကို မြင်မက်တတ်ကြတယ်။
(၂)ရှေးကလေ့ကျင့် ခံစားဖူးလို့ အိပ်မက်မြင်မက်ခြင်း။ မိမိရှေးကမြင်ဖူး သုံးဆောင်ခံစားဖူးသည့် အာရုံများကို မြင်ရကြားရ သုံးဆောင်ခံစားရသယောင်ယောင် မြင်မက်တတ်ကြပါတယ်။ (၃)နတ်များက လှည့်စားောကြောင့် အိပ်မက်မြင်မက်ခြင်း။ နတ်များက အကျိုးလိုလား၍ဖြစ်စေ၊ အကျိုးမဲ့ကို လိုလား၍ဖြစ်စေ၊ အကျိုးရစေရန်၊ အကျိုးမဲ့စေရန်စတဲ့ နတ်တို့ရဲ့ အာနုဘော်ကြောင့် အာရုံအမျိုးမျိုးကို မြင်မက်တတ်ကြပါတယ်။
(၄)ပုဗ္ဗနိမိတ်ကြောင့် မြင်မက်ခြင်း။ ကောင်းမှု၊ မကောင်းမှု (ကုသိုလ်,အကိုသိုလ်)အစွမ်းကြောင့် ကောင်းကျိုး မကောင်းကျိုးရဖို့ရန် ရှေ့ပြေးပုဗ္ဗနိမိတ်ဖြစ်သော အိပ်မက်တို့ကို မြင်မက်တတ်ကြပါတယ်။ မဟာမာယာဒေ၀ီ သားရဖို့ရန် အိပ်မက်မြင်မက်မှု၊ ယခုအခါ ဘုရားအလောင်းတော် အိပ်မက်ကြီး ငါးပါးကို မြင်မက်မှု စသည့် ကောင်းကျိုး၊ မကောင်းကျိုး ဖြစ်ပေါ်ဖို့ရန် မြင်မက်သည့် အိပ်မက်မျိုး ဖြစ်ပါတယ်။
ထိုအိပ်မက်(၄)မျိုးတွင် (၁)ဓာတ်ချောက်ချား၍ မြင်မက်ခြင်း။ (၂)ရှေးက လေ့ကျင့်ခံစားခဲ့ဖူးသည့် အတိုင်း မြင်မက်ခြင်း။ ထိုနှစ်မျိုးတို့သည် မက်သည့်အတိုင်း မမှန်တတ်သည်ကများပါသည်။ (၃) နတ်များ လှည့်စားသောကြောင့် မြင်မက်သည့် အိပ်မက်မှာ မှန်လည်းမှန်တတ်သကဲ့သို့ လွဲလည်းလွဲတတ်ပါတယ်။ နတ်များ ဒေါသထွက်လျှင် ပရိယာယ်ဖြင့် ပျက်စီးရာပျက်စီးကြောင်း အလွဲလွဲအမှားမှား အိပ်မက်ပေးတတ်ကြပါတယ်။
တစ်ခါက သီဟိုဠ်ကျွန်း ရောဟနအရပ် နာဂကျောင်းတိုက်ကြီးတွင် သံဃမထေရ်ကြီးတစ်ပါးဟာ ရဟန်းသံဃာများကို မပန်ကြားဘဲ ကံ့ကော်ပင်ကြီးတစ်ပင်ကို ခုတ်လှည်းစေ၏၊ ထိုကံ့ကော်ပင်တွင် နေထိုင်တဲ့ ရုက္ခစိုးနတ်ဟာ ပထမတွင်တော့ ထိုမထေရ်အား မှန်ကန်တဲ့ အိပ်မက်ကိုပဲ ပေးနေပါတယ်။ ယုံလောက်တဲ့အချိန်ရောက်သောအခါ “ဤနေ့မှ (၇)ရက်မြောက်နေ့၌ အရှင်ဘုရား၏ ဒါယကာ ပြည့်ရှင်မင်းကြီးဟာ နတ်ရွာစံလိမ့်မယ်”လို့ အိပ်မက်၌ ပြောကြားခဲ့ပါတယ်။ မထေရ်ဟာ ထိုအိပ်မက်မှစကားကို ယုံကြည်ကာ မင်းကြီးအား ပြောကြားစေပါတယ်။ မင်းကြီးလည်း ရက်ကိုရေတွက်ပြီး (၇)ရက်လွန်မြောက်သောအခါ နတ်ရွာမစံဘဲရှိနေသည့်အတွက် ထိုမထေရ်သည် မဟုတ်မတရား ပြောကြားပေတယ်ဆိုပြီး ထိုမထေရ်ရဲ့ လက်ခြေတို့ကို ဖြတ်စေခဲ့ပါတယ်။ (သာရတ္ထဒီပနီဋီကာ ဒု၊ နှာ ၃၁၂)။
(၄)ပုဗ္ဗနိမိတ်ကြောင့် မြင်မက်သော အိပ်မက်တို့ကား ဧကန်အမှန်ချည်းပင် ဖြစ်ပါတယ်။ အိပ်မက်မြင်မက်သောပုဂ္ဂိုလ်များမှာ ၀ိပလ္လာသတရား မပယ်ရှားသေးသည့် ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ပုဂ္ဂိုလ်တို့သာ မြင်မက်ကြပါတယ်။ ရဟန္တာများမှာ ၀ိပလ္လာသတရား ပယ်ရှားပြီးဖြစ်သောကြောင့် အိပ်မက်မမြင်မက်ကြတော့ပေ။ ထို့ပြင် အိပ်မက်မြင်တဲ့အခါ အချိန်နှင့်အကျိုးပေးကိုလည်း ဖေါ်ပြပါဦးမည်။ ညဦးယံ သန်းခေါင်ယံ မိုးသောက်ယံတို့၌ မြင်မက်သော အိပ်မက်တို့သည် မမှန်တတ်ပေ။ ဒါပေမယ့် မိုးသောက်အားကြီး လင်းခါနီး အာရုဏ်တက်အချိန်တွင် မြင်မက်သော အိပ်မက်တို့သည်ကား မှန်သည်က များတတ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အရုဏ်တက်အချိန်တွင် စားသောက်ထားသည့် အစာအာဟာရများ သည် ကြေကျက်၍ ခန္ဓာကိုယ်၌ အဆီအနှစ်သြဇာများ တည်နေသည့် အချိန်ဖြစ်သောကြောင့် ဖြစ်ပါတယ်။ ထိုအာရုဏ်တက်အချိန်တွင် ကောင်းသောအရာ များကို မြင်မက်လျှင် ကောင်းကျိုးရတတ်ပါတယ်။ မကောင်းသော အရာများကို မြင်မက်လျှင် မကောင်းကျိုးရတတ်ပါတယ်။ (အင်္ဂုတ္ထိုရ် အဋ္ဌကထာ တတိယအုပ် ပဉ္စကနိပါတ်အဖွင့်၊ စတုတ္ထပဏ္ဏာသက၊ ၅-ဗြာဟ္မဏ၀ဂ်၊ ၆-မဟာသုပိနသုတ်အဖွင့် နှာ ၇၁ – ၇၂)
ထိုကြောင့် ဒကာမမခွန်မြလှိုင်မြင်မက်တဲ့ အိပ်မက်က ဘုရားစတာတွေကို မြင်မက်တဲ့အတွက်ကောင်းတဲ့ အာရုံဖြစ်နေပါပြီ။ ထိုအိပ်မက် မက်သောအချိန်ကား ညဉ့်ဦးယံ၊ သန်းခေါင်ယံ၊ မိုးသောက်ယံဖြစ်ပါမူ မမှန်သည်က များပါတယ်၊ ဒါပေမယ့် ခွန်မြလှိုင်အိပ်မက်က အရုဏ်တက်အချိန်၌့ မြင်မက်တဲ့ အိပ်မက်ဖြစ်မယ်ဆို ရင် ကောင်းတဲ့အာရုံဖြစ်တဲ့အတွက် ကောင်းတဲ့အကျိုး ရတတ်ပါတယ်ဆို တာ ဖြေကြားပေးလိုက်ပါတယ်။

Subscribe to:
Posts (Atom)