အမေး။ ။ အရှင်ဘုရား တပည့်တော် ဒါနကုသိုလ်နဲ့ပတ်သက်ပြီး မရှင်းလင်းသည့်အတွက် မေးလျှောက် ခွင့်ပြုတော်မူပါဘုရား။ တပည့်တော် မှတ်သားဖူးသည်မှာ တိရစ္ဆာန်ကို ဒါနပြုဖူးတဲ့သူ ဘ၀ပေါင်း(၁၀၀)၊ လူမိုက်ကို ဒါနပြုဖူးရင် ဘ၀ပေါင်း(၁၀၀၀)စတဲ့ ချမ်းသာကို ခံစားရတယ်လို့ ကြားနာခဲ့ရဖူးပါတယ်ဘုရား၊ တပည့်တော် သိချင်တာက ချမ်းသာခံစားရတဲ့အပေါ်မှာ လှူဒါန်းမှုက တစ်နပ်စာလား၊ တစ်ဘ၀စာလား၊ စားမကုန်လို့ အကြွင်းအကျန်လား၊ စားဦးစားဖျားလား၊ ဒါမှမဟုတ် ဒါနမပြုခင် ဘယ်လိုစိတ်စေတနာအထူးပေါ်မှ အကျိုးခံစားရတယ်ဆိုတာကို သိလိုလှပါတယ်ဘုရား။
ဇော်မင်းထိုက်
ဟတ်ယိုင်(ထိုင်း)
အဖြေ။ ။ ဒီအမေးဟာ မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ အလှူဒါနရဲ့ အကျိုးတရားဟာ ချမ်းသာကို ခံစားရတယ်ဆိုတာ မှန်ပါတယ်။ ထိုချမ်းသာရဖို့အတွက် အလှူရှင်ဟာ ဘယ်လိုစိတ်မျိုး ထားရမလဲ၊ အဲဒါလေးပြောမယ်။
အလှူရှင်များရဲ့ စိတ်နေစိတ်ထားဟာ (၃)မျိုး ရှိပါတယ်။
(၁) ထင်ရှားကျော်စောလိုတဲ့စိတ်နဲ့ ဒါနပြုတာပါ။အဲဒါကို ‘ပကာသနာဒါန’လို့ခေါ်ပါတယ်။ ရှင်းပါဦးမယ်၊ ကိုယ့်ရဲ့နာမည်၊ ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့ကုမ္ပဏီ ထင်ရှားကျော်စောချင်လို့ အလှူလုပ်ကြတာလဲ ရှိတယ်။ ဒါဟာ အလှူအမျိုးစားထဲမှာ ယုတ်ညံ့တဲ့အလှူမျိုးဖြစ်တယ်။ မြို့ကြီးတွေမှာဆိုရင် အနုပညာရှင်တစ်ချို့ဟာ မိမိရဲ့ နာမည်ထင်ရှားကျော်ကြားစေဖို့အတွက် အသိုင်းဝိုင်းများစွာက လူတွေကို ဖိတ်ပြီး ဟော်တယ်တွေမှာ သိန်းပေါင်းများစွာ အကုန်အကျခံကာ ကျွေးမွေးကြတယ်။ အဲဒီအလှူမျိုးကို ‘ပကာသနာ’အလှူလို့ ခေါ်ပါတယ်။ ဘ၀သမ္ပတ္တိ ဘောဂသမ္ပတ္တိဆိုတဲ့ ချမ်းသာကိုရဖို့ မလွယ်လှပါဘူး။
(၂) ထင်ရှားကျော်စောလိုတဲ့စိတ်မရှိပေမဲ့ ဒါနပြုတဲ့အခါ လောကီအကျိုးမျှော်ကိုးပြီး လှူတာပါ။ ဒီအလှူမျိုးကို ‘ အလယ်အလတ်အလှူ’လို့ ခေါ်ပါတယ်။ သူက ကုသိုလ်ပြုရင် အကျိုးကိုမျှော်ပြီး ပြုတာပါ။ လူချမ်းသာ၊နတ်ချမ်းသာ ရရပါလို၏လို့ လောကီအကျိုးမျှော်ပြီး လှူတာ။ အဲဒီအလှူမျိုးဟာ ဘ၀သမ္ပတ္တိ ဘောဂသမ္ပတ္တိဆိုတဲ့ လောကီအကျိုးတော့ ခံစားရပါတယ်။ နိဗ္ဗာန်ကိုဦးတည်ပြီးတော့ မလှူတဲ့အတွက် ဒီဒါနဟာ ‘အလယ်အလတ်’ ဒါနမျိုးဖြစ်ပါတယ်။
(၃) အထက်ပါ(၂)မျိုးမပါဘဲ၊ နိဗ္ဗာန်ဦးတည်ပြီး လှူတဲ့အလှူမျိုး ဖြစ်ပါတယ်။ ဒီအလှူမျိုးဟာ မြင့်မြတ်သူတို့ရဲ့ အလှူဒါနလို့ ခေါ်ရပါတယ်။ တနည်း ပါရမီမြောက်တဲ့ ဒါနမျိုးပါ။ ထို ဒါနအတွက် အင်္ဂါ(၃)ချက်ရှိပါတယ်။ (က)နိဗ္ဗာန်ကို ဦးတည်ရမယ်။ (ခ) မိမိအကျိုး မမျှော်ကိုးရဘူး။ (ဂ) သူတစ်ပါးအကျိုး မျှော်ကိုးရမယ်။
ဥပမာ-အစာငတ်နေတဲ့ ခွေးလေးတစ်ကောင်ကို အစာကျွေးမယ်ဆိုပါစို့၊ အဲဒီမှာ ပေးလှူသူရဲ့စိတ်က ဒီအလှူဟာ နိဗ္ဗာန်အထောက်အပံ့ဖြစ်ပါစေ၊ ခွေးလေးအစာစားပြီး ကျန်းမာစွာ အသက်ရှည်နိုင်ပါစေလို့ သနားကြင်နာတဲ့စိတ်နဲ့ ကျွေးလိုက်မယ်ဆိုရင် သူတစ်ပါးအကျိုးလိုလားတဲ့ အတွက် ကိုယ်အကျိုးမပါဘူးဆိုတာ သေချာသွားပြီ။ အဲဒီအလှူမျိုးဟာ တိရစ္ဆာန်ကိုပဲလှူလှူ၊ လူမိုက်ကိုပဲလှူလှူ ဒီအလှူနဲ့ ထိုက်တန်တဲ့အကျိုးတရားက မုချလာမှာဖြစ်ပါတယ်။ ဘ၀သမ္ပတ္တိ၊ ဘောဂသမ္ပတ္တိများစွာရရှိပြီး နိဗ္ဗာန်ကို ဦးတည်တဲ့အတွက် နိဗ္ဗာန်အတွက် အထောက်အပံ့ကောင်းတွေ အများကြီးရှိလာမှာ ဖြစ်ပါတယ်။
ဒီအလှူ(၃)မျိုးမှာ တတိယအမျိုးဖြစ်ရင်တော့ မေးခွန်းရှင်ရဲ့ ဆန္ဒပြည့်ဝပါလိမ့်မယ်။ သို့သော် အရေးကြီးတာက ဒါနပြုရင် အကျိုးကိုမျှော်ပြီး လှူမယ်ဆိုရင် မိမိမှာ ရသင့်ရထိုက်တဲ့ အကျိုးတရားများ ထင်သလောက်မရတော့ဘဲ အကျိုးဆုံးရှုံးရပါလိမ့်မယ်။ ဘာ့ကြောင့်ဆိုရင် အင်းဝခေတ်က အဖြစ်အပျက်တစ်ခုပြောပြပါ့မယ်၊ အဲဒါလဲ ထွက်ခဲ့ပြီးတဲ့စာအုပ်မှာ ပြောခဲ့ပြီးပြီ၊ ဒီနေရာမှာ လိုအပ်နေတဲ့အတွက် ဒီအကြောင်း အရာကို ပြန်ပြောပြရမှာဖြစ်တယ်။
အင်းဝခေတ်တုန်းက နန်းမတော်မယ်နုဆိုတာရှိတယ်၊ သူကိုးကွယ်နေတာက ဆရာတော်ဦးဗုဓ်ပါ။ တစ်နေ့ နန်းမတော်မယ်နုဟာ သူ့ပြုလုပ်ခဲ့တဲ့ ကုသိုလ်များကို ဘယ်အကျိုးများ ရနိုင်ပါလဲလို့ ဆရာတော်အား မေးလျှောက်ပါတယ်။ ဆရာတော်က ရေဖလားထဲ ရေအခပ်ခိုင်း ပြီး၊ ဖလားထဲက ရေတွေကို အပြင်မှာ သွားသွန်ခိုင်းပါတယ်။ ရေသွန်ပစ်လိုက်တော့ ဖလားအောက်ခြေမှာ ရေမရှိတော့ စိုနေတာလောက်ပဲကျန်တယ်။ ဆရာတော်ကဖလားကိုပြပြီး “ကျောင်းအစ်မ ပြုခဲ့တဲ့ကုသိုလ်ရဲ့အကျိုးဟာ ဖလားအောက်ခြေမှာ ကပ်ပါလာတဲ့ ရေအစိုဓါတ်လေး လောက်သာရမှာပါ” လို့ အမိန့်ရှိလိုက်ပါတယ်။ ဆရာတော်ရဲ့ဆိုလိုရင်းက အကျိုးကိုမျှော်ကိုးပြီးလှူရင် ဖလားဖင်မှာကပ်နေတဲ့ အနည်းငယ်သာရှိသော ရေလို မိမိမှာ အကျိုးအနည်းငယ်သာ ရရှိပါမယ့်။ အကျိုးမလိုလားပဲ နိဗ္ဗာန်ဦးတည်ပြီး၊ ကိုယ့်အကျိုးမငှဲ့ သာသနာအကျိုး၊ အများအကျိုးငှဲ့ကာ လှူမယ်ဆိုရင်တော့ အကျိုးအများကြီးရမယ်ဆိုတဲ့ သဘောပါပဲ။
ဒါကြောင့် မေးခွန်းရှင်မေးတဲ့ မေးခွန်းအရ အလှူရှင်ရဲ့ စိတ်နေစိတ်ထားဟာ ဖေါ်ပြခဲ့တဲ့ သုံးမျိုးအနက် တတိယအမျိုးဖြစ်မယ်ဆိုရင် အကျိုးထူးတရားများ ခံစားရပါမယ်ဆိုတဲ့အကြောင်း ဖြေကြားပေးလိုက်ပါတယ်။
ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

No comments:
Post a Comment