အမေး။ ။ ဥပုသ်ဆောက်တည်တဲ့အခါ တချို့က ဘုရားဆောင်အရှေ့မှာ သီလယူကြပါတယ်။ တချို့က သံဃာတော်များအရှေ့မှာ သီလယူကြပါတယ်။ တချို့က လူတွေအရှေ့မှာလည်း ယူကြတယ်။ တပည့်တော်သိချင်တာက ဘယ်သူ့ဆီမှာ သီလယူရင် အကောင်းဆုံးဖြစ်ပါသလဲဘုရား။ ပြီးတော့ ဥပုသ်ဆောက်တည်ရာမှာ အချိန်ကန့်သတ်ချက်နှင့် အကြုံးဝင်တဲ့ အချိန်ကာလ အပိုင်းအခြားကိုလည် သိချင်ပါတယ်။ ဥပုသ်ဆောက်တည်ခြင်းဖြင့်လည်း ဘယ်လိုအကျိုးများ ရရှိနိုင်ပါသလဲဘုရား။
အဖြေ။ ။ အင်္ဂုတ္တရ တိကအဋ္ဌကထာမှာ “ဥပေါသထဒိဝသေ ပန ပါတောဝ ဘိက္ခုဿဝါ ဘိက္ခုနိယာဝါ ဒသသီလ လက္ခဏာညုနော ဥပါသကဿဝါ ဥပါသိကာယ၀ါ”လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်က…ဥပုသ်သီလ ခံယူရာမှာ ရဟန်းဖြစ်ေ၊ ဘိက္ခုနီမဖြစ်စေ၊ သီလလက္ခဏာကိုသိတဲ့ ဥပါသကာ၊ ဥပါသိကာမထံမှဖြစ်စေ ခံယူနိုင်ပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သီလရှိသူထံမှသာ သီလကို ယူနိုင်တာမဟုတ်ဘဲ သီလလက္ခဏာကိုသိသူ၊ သီလကိုအစဉ်မှန်မှန် အရှေ့က တိုင်ပေးနိုင်သူ မည်သူ့ထံမှမဆို ဆောက်တည်လို့ရပါတယ်။ မိမိကိုယ်တိုင်လည်း သီလကို အစဉ်အတိုင်း မှန်မှန်ဆိုနိုင်ရင် ဘုရားဆောင်အရှေ့မှာလည်း ကိုယ့်ဟာကိုယ် သီလယူလို့ရပါတယ်။ အကောင်းဆုံးကတော့ ရတနာသုံးပါးမှာ ဥပုသ်သီလယူတာက အလေးနက်ဆုံး ဖြစ်ပါတယ်။
ဥပုသ်ယူဖို့အတွက် သီလစတင်ယူရတဲ့အချိန်ဟာ ကန့်သတ်ချက် မရှိပါဘူး၊ အချိန်မရွေး သီလယူနိုင်ပါတယ်။ ဥပုသ်ဆောက်တည်ထားတဲ့ သူများဟာ ပုံမှန်ဥပုသ်ယူထားရင်တော့ ယူတဲ့အချိန်ကနေစလို့ နောက်တစ်ရက် အရုဏ်တက်တဲ့အချိန်အထိ အကြုံးဝင်ပါတယ်။ တစ်လ၊ (၄၅)ရက်တိုင်အောင် ဥပုသ်ရက်ရှည်ဆောက်တည်ရင် လည်း ရပါတယ်။ ဘယ်နှစ်နာရီမှ ဘယ်နှစ်နာရီအထိဆိုပြီး ကာလအပိုင်းအခြားနဲ့ ဆောက်တည်တဲ့သီလကိုတော့ ကာလပရိယန္တသီလလို့ ခေါ်ပါတယ်။ ကာလပရိယန္တသီလနှင့် အကျိုးတရားကို ပြောပါဦးမယ်။
တစ်ခါက ကောသမ္ဗီပြည်မှာ ဃောသကသူဌေး၊ ကုက္ကုဋသူဌေး၊ ပါဝါရိကသူဌေးရယ်လို့ သူဌေးသုံးယောက်ရှိတယ်၊ သူတို့ဟာ ဘုရားရှင်ပွင့်လုခါနီးဖြစ်ပေမဲ့ ကံတရားကို ယုံကြည်ကြတဲ့အတွက် ကုသိုလ်ကောင်းမှုများ လုပ်ကြပါတယ်၊ ရသေ့ငါးရာကလည်း မိုးတွင်းကာလရောက်တော့ ကောသမ္ဗီပြည်မှာ လာရောက်နေထိုင်ကြတယ်။ ဒီရသေ့ငါးရာကို သူဌေးသုံးယောက်က လိုလေသေးမရှိရလေအောင် ဆွမ်းစတာတွေကို ထောက်ပံ့လှူဒါန်းကြတယ်။ တစ်နှစ်မှာတော့ မိုးတွင်းကာလထုံးစံအတိုင်း ရသေ့များဟာ ကောသမ္ဗီပြည်ကို လာခဲ့ကြတယ်။ လမ်းခုလတ်ရောက်တော့ ရေငတ်လှတာကြောင့် အနီးရှိ အခက်အလက်ဝေစည်နေတဲ့ ပညောင်ပင်ကြီးအောက်မှာ ခဏနားကြတယ်။ အဲဒီမှာ ရသေ့များဟာ ပညောင်ပင်အထက်ကို မော်ကြည့်ပြီး “အရှင်နတ်မင်း….ကျွန်ပ်တို့ ရသေ့ငါးရာ ရေငတ်နေပါ တယ်။ ရေများရှိရင် ပေးပါဦးအရှင်နတ်မင်း”လို့ ရုက္ခစိုးကို တိုင်တည်လိုက်ရာ ပညောင်ပင်မှာစောင့်နတ်က ကိုယ် ထင်ပြကာ သူတို့ အလိုရှိတဲ့ ဖျော်ရည်စတာတွေကို ပေးလှူပါတယ်။ ဒီလို ဘုန်းကံကြီးမားရတဲ့ အကြောင်းကို ရသေ့များက ပညောင်ပင်စောင့်နတ်အားမေးကြပါတယ်။
ထိုအခါ ပညောင်ပင်စောင့်နတ်က ဂေါတမဘုရားရှင်သာသနာတော်မှာ ဇေတ၀န်ကျောင်းကြီး ဆောက်လှူ တဲ့ ကျောင်းဒကာ အနာထပိဏ်ဆိုတာရှိတယ်။ အလှူရေစစ်လက်နှင့်မကွာဆိုသလို လှူဒါန်းကြတဲ့အပြင် အိမ်သူ/သား/အလုပ်သမားများလည်း ဥပုသ်သီလဆောက်တည်ရန် နိုးဆော်တိုက်တွန်းလေ့ရှိတယ်။ တစ်နေ့တော့ အလုပ်သမားတစ်ယောက်ဟာ လယ်ထွန်ရာကပြန်အလာ သူဌေးကြီးအိမ်ရောက်တော့ ထမင်းချက်တဲ့ ကျွန်မကို ဗိုက်ဆာလို့ ထမင်းစားချင်တယ်ဆိုတဲ့အကြောင်းပြောပါတယ်။ သူဌေးကြီးအိမ်မှာ နေ့တိုင်း ဒီအချိန်ဆို အလုပ်သမားများစွာတို့ ထမင်းစားနေကြတယ်၊ ဒီနေ့တော့ တစ်ယောက်မှမရှိဘဲ တိတ်ဆိတ်နေတာကို မြင်ရတော့၊ အလုပ်သမားက “လူတွေဘယ်သွားကုန်ကြတာလဲ တစ်ယောက်မှမတွေ့ပါလား”လို့ ကျွန်မအားမေးတယ်၊ ကျွန်မက “ဒီနေ့ဥပုသ်နေ့မို့လို့ တစ်အိမ်လုံး ဥပုသ်စောင့်နေကြတယ်၊ဒီအချိန်ဟာ ၀ိကာလ အချိန်ဖြစ်တဲ့အတွက် သူတို့ထမင်းမစားကြဘူး”လို့ ပြန်ပြောပါ တယ်။
အလုပ်သမားက တွေးတယ် “လူတွေအားလုံးဥပုသ်စောင့်ပြီးကုသိုလ်ယူနေကြတယ်၊ ငါကတော့ အလုပ်လုပ်ပြီး ထမင်းလည်းစားနေတယ်။ အလုပ်လုပ်ရင်း သေသွားရင် ဒုက္ခပဲ၊ ငါလည်း ဥပုသ်စောင့်ရင် ကောင်းမှာပဲ” လို့တွေးပြီး၊ “အိုအမိ….နေမွန်းလွဲနေပြီ၊ ဒီအချိန်ဥပုသ်ဆောက်တည်လို့ ရ/မရ၊ ကျွန်ပ် ဥပုသ်ဆောက်တည်ချင်တယ်၊ သူဌေးကြီးအား မေးပေးပါဦး”လို့ ထမင်းချက်ကျွန်မအား အမေးခိုင်းပါတယ်။ ကျွန်မလည်း သူဌေးကြီးထံ သွားရောက်မေးမြန်းတော့ သူဌေးက “ဥပုသ်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် စောင့်လို့ရပါတယ်။ နေ့တစ်ဝက်စောင့်ရင် နေ့တစ်ဝက် အကျိုးရပါလိမ့်မယ်” လို့ ပြောလိုက်တယ်၊
ဒီအကြောင်းကို အလုပ်သမားကြားတော့ ၀မ်းသာအားရ ဆာဆာနဲ့စားတော့မဲ့ ထမင်းကို မစားတော့ဘဲ ဥပုသ်စောင့်ပါတော့တယ်။ ညဖက်ရောက်တော့ ၀မ်းထဲက လေလုံးကြွပြီး လေရောဂါနဲ့သေဆုံးသွားတယ်။ အလုပ်သမားဟာ နေ့တစ်ဝက်ဆောက်တည်ခဲ့တဲ့ ဥပုသ်သီလကုသိုလ်ကံကြောင့် ပညောင်ပင်ကြီးမှာ တန်ခိုးကြီးတဲ့ညောင်ပင်စောင့်နတ် လာဖြစ်ရတယ်။ ဒါဟော ကာလပရိယန္တ ဥပုသ်သီလရဲ့ အကျိုးတရားပါ။ ဒါဆိုရင် ဥပုသ်သီလနဲ့ စပ်ပြီး ကျေနပ်လောက်ပီထင်ပါတယ်။
ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

No comments:
Post a Comment