Thursday, December 30, 2010

နိုက်ကလပ်မှ မြတ်ဗုဒ္ဓ

အပိုင်း(၁)
http://ashinayethaka.com/index.php?option=com_content&view=article&id=133:2010-12-28-00-20-44&catid=35:2010-11-13-06-53-37&Itemid=66

အပိုင်း(၂)

http://ashinayethaka.com/index.php?option=com_content&view=article&id=134:2010-12-28-20-20-03&catid=35:2010-11-13-06-53-37&Itemid=66

စိတ်ဝင်စားစရာကောင်းသလို ဗဟုသုတ အတုယုဖွယ်ကောင်းသောကြောင့် မျှဝေတင်ပေးလိုက်ခြင်း ဖြစ်ပေသည်။ တကယ့်ကို ဘာသာရေးအတွက် အရေးပါသော အကြောင်းအရာများ ဖြစ်ပေသည်။

Monday, December 27, 2010

လူ့လောက၏ ချမ်းသာသုခ(၄)မျိုး

လောကရှိ လူသားတို့သည် ချမ်းသာတယ်။ ဆင်းရဲတယ်စသည်ဖြင့် အမျိုးမျိုးပြောနေကြသော်လည်း တကယ့်အစစ်အမှန်ချမ်းသာသည် (၄)မျိုးပင် ရှိပေသည်။ ၎င်းတို့မှာ


၁။ သူတစ်ပါး နှစ်သက်တပ်မက်လောက်၍ လုယက်ခိုးယူနိုင်သော ပစ္စည်းဥစ္စာများ မရှိသူသည် သူ့မှာ သိမ်းဆည်းသိုးမှီစရာမလိုသောကြောင့် စိတ်ပူပန်ပူမရှိ၊ သွားချင်ရာသွားနိုင်ပြီး နောက်ကိုလှည့်ကြည့် တွေးတောပူပန်စရာမလိုဘဲ စိတ်လွတ်လပ် ပေါ့ပါးသော ချမ်းသာသုခ။

၂။ မိမိမှာ ပစ္စည်းဥစ္စာပြည့်စုံ၍ လှူချင်တိုင်းလှူ၊ ပေးကမ်းချင်တိုင်း ပေးကမ်းနိုင်ကာ သုံးချင်သလိုသုံးနိုင်သော ချမ်းသာသုခ။

၃။ သူတစ်ပါးကို ပေးကမ်းနိုင်အောင်လည်း မချမ်းသာ၊ သူတစ်ပါးထံမှ အကြွေး ယူလောက်အောင်လည်း မဆင်းရဲဘဲ အလယ်အလတ် သင့်တင့်လျောက်ပတ်စွာ နေနိုင်စားနိုင်၍ အကြွေးမတင် အကြွေးတောင်းခံရခြင်းမှ ကင်းဝေးသော ချမ်းသာသုခ။

၎။ မကောင်းမှုလုပ်ပြီးမှ စားရေးဝတ်ရေး နေရေးထိုင်ရေး အဆင်ပြေမှာမဟုတ်၊ လူ့ဘ၀လေးရရှိချိန်မှာ မကောင်းမှုလုပ်မှ အသက်ရှင် နေထိုင်ရမည်ဆိုတာ လက်မခံဘဲ အသက်ရှည်နေတဲ့ လူ့ဘ၀လေးကို မကောင်းမှုမလုပ်ဘဲ ကောင်းမှုများသာလုပ်ပြီး အသက်ရှင်ဟု ဆုံးဖြတ်ကာ မကောင်းမှုမှရှောင်ကြဉ်သော ချမ်းသာသုခ။

လူသားတိုင်းတွင် အထက်ဖော်ပြပါ ချမ်းသာ(၄)မျိုးအနက် တစ်မျိုးမျိုးသော် လည်းကောင်း နှစ်မျိုးသော်လည်းကောင်း ချမ်းသာသုခနဲ့ ပြည့်စုံနေသော ပုဂ္ဂိုလ်များချည်း ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ မိမိမှာ ချမ်းသာသုခ ရှိတယ်ဆိုတာ မမေ့သင့်ပါ။

သို့ရာတွင် တကယ်ရခဲလှတဲ့ လူ့ဘ၀လေးရရှိနေချိန် သိနိုင်ခဲတဲ့ အသိဉာဏ်ဗဟုသုတများ ရှိနေတဲ့လူ့ဘ၀လေး တခဏတာ ရှင်သန်နေချိန်တွင် အထက်ပါချမ်းသာ(၄)မျိုးမှ နံပါတ်(၄)အချက်ကို အဓိကထား၍ ပြည့်စုံအောင် လိုက်နာ ကျင့်သုံးရန် အထူးလိုအပ်ပါလိမ့်မည်။

တကယ်တော့ လူ့ဘ၀ဆိုတာ ခဏလေးပါ။ ဒီခဏတာ ရနိုင်ခဲတဲ့ ဘ၀လေးမှာ မိမိအတွက်ပါမည့် ကောင်းမှုများမလုပ်ဘဲ မကောင်းမှုများလုပ်ပြီး ကုန်ဆုံးသွားမည်ဆိုလျှင် လူသားတို့ကိုလည်း အကျိုးမပြု မိမိကိုယ်ကိုလည်း အကျိုးမရှိ၍ အလဟဿ ဆန်ကုန်မြေလေးသော လူသားတစ်ဦးဖြစ်ကာ လူ့ဘ၀၏တန်ဖိုး နှမြောစရာ ဘယ်လောက်များ ကောင်းလိမ့်မည်နည်း။

နောင်တဆိုတာ နောင်မှရတတ်၍ နောင်တလို့ခေါ်ဆိုသော်လည်း သတိမရှိ တရားမရှိ ဉာဏ်ပညာနည်းပါးသူတို့ကြောင့် ဖြစ်ပေါ်လာသော စကားလုံးဟု သတ်မှတ်ကာ ငါသည် လူ့ဘ၀၏တန်ဖိုးကို ဒု၊ သ၊ န၊ သော သူဌေးသားလေးယောက်ကဲ့သို့ နောက်ဘ၀ မကောင်းကျိုးခံစားရမှ နောင်တမရအောင် ယခု ရနေတဲ့လူ့ဘ၀လေးကို အကျိုးရှိအောင် အသုံးချမည့်ဟု စိတ်ဆန္ဒများ ဆုံးဖြတ်ကာ ပြုလုပ်လိုက်နာကျင့်သုံးကြပါစေလို့ ဆန္ဒပြုလိုက်ရပေသည်။

Friday, December 24, 2010

သီရိလင်္ကာနိုင်ငံနှင့်ရဟန်းခံ












သီရိလင်္ကာနိုင်ငံသည် ဘုရားရှင်ပွင့်တော်မူသည့် အိန္ဒိယနိုင်ငံမှတဆင့် သာသနာထွန်းကားခဲ့သော နိုင်ငံဖြစ်ပေသည်။ ဤနိုင်ငံ၌ ရဟန်းသံဃာများအတွက် အရေးကြီးလှသော ရဟန်းခံရန်သိမ်ဝင်ရသည့် ကေလနိယီအမည်ရှိသောသိမ်သည် ယခုထက်တိုင်း ရှိနေပေသည်။


မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်တော်မူပြီး (၃)ရာစုမှာ အိန္ဒိယနိုင်ငံ၌ တတိယသင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာနသို့ အသောကမင်ကြီး၏ အကူအညီဖြင့် ရှင်မောဂ္ဂလိပုတ္တတိဿမထေရ်သည် သာသနာပြန့်ပွားရန် သာသနာပြုစေလွှတ်ခဲ့ရာ သီရိလင်္ကာနိုင်ငံ၊ မြန်မာနိုင်ငံစသောနိုင်ငံတို့သည် သာသနာထွန်းကားခဲ့ပေသည်။ သီရိလင်္ကာနိုင်ငံသည် သာသနာထွန်းကားခဲ့သောကြောင့် ယနေ့ထက်တိုင်း ရဟန္တာသီတင်းသုံးခဲ့သော နေရာဌာနများ၊ ဘုရားရှင်ကြွရောက်ခဲ့သော နေရာဌာနများ ရှိနေပေသည်။ သီရိလင်္ကာနိုင်ငံ သာသနာထွန်းကားချိန်တွင် ရဟန္တာများ၏ ဈာန်ပျံသွားလာမှုကြောင့် စပါးများနေလှန်ရာတွင် စပါးမခြောက်နိုင်အောင် ရဟန္တာများ၏အရိပ်က လွှမ်းမိုးထားသည်ဟု ကျမ်းဂန်များ၌ မှတ်တမ်းတင်ခံခဲ့ရပေသည်။

မြန်မာနိုင်ငံ ပဲခူးမြို့၌ရှိသော ကလျာဏီသိမ်ဆိုသည်မှာ မြန်မာနိုင်ငံမှ ရဟန်းတော်များ သီရိလင်္ကာနိုင်ငံရောက်ရှိချိန်ဝယ် သီရိလင်္ကာနိုင်ငံ၌ရှိသော ကေလနိယမြစ်ကို သိမ်သမုတ်ကာ မြန်မာရဟန်းတော်များကို ရဟန်းခံပေးခဲ့၍ ထိုမြန်မာရဟန်းတော်များ မြန်မာပြည်သို့ရောက်ရှိချိန် (၁၅)ရာစုခေတ်တွင် ထိုရဟန်းများမှ တဆင့် သိမ်သမုတ်ပေးခဲ့ခြင်းကြောင့် ကလျာဏီသိမ်ဟု နာမည်ပေးခဲ့ခြင်းဖြစ်ပေသည်။

သီရိလင်္ကာနိုင်ငံ၌ ရဟန္တာများ သိမ်သမုတ်ပေးခဲ့သော သိမ်များစွာအနက် ကေလနိယမြစ်အနီးရှိ ကေလနိယသိမ်သည် ယခုနေ့ထက်တိုင်း ထင်ရှားစွာရှိနေပေသည်။ ထိုသိမ်ရှိရာကျောင်းတော်၌ မဟာဗောဓိပင်လည်း ရှိနေခြင်းကြောင့် ညနေချိန်အတွင်း သီရိလင်္ကာပြည်သူများသည် ဆီးမီးပန်းနံ့သာများဖြင့် နေ့စဉ်ဝတ်ပြုကြပေသည်။

ထိုကဲ့သို့ သာသနာနဲ့ပတ်သတ်သည့် ထူးခြားသောဌာနများရှိရာ သီရိလင်္ကာနိုင်ငံသို့ အမေရိကန်နိုင်ငံ၊ ဖရီးမောင့်မြို့၌ နေထိုင်ကြသော မြန်မာဒါယိကာမများ ဘုရားဖူးရောက်ရှိလာချိန်တွင် ယခုကဲ့သို့ ထူးခြားလှသည့် ရဟန္တာများသိမ်သမုတ်ခဲ့သည် ကေလနိယသိမ်ကို မြင်တွေ့ကြားသိရသောအခါ သူတို့၏သန္တာန်၌ ရခဲလှစွာသော သာသနာ့ဒါယကာ၊ ရဟန်းအမဆိုသည့်ဘွဲ့ကို ထူးခြားသည့်သိမ်တွင် ပြုလုပ်ပေးချင်သော ဆန္ဒများ ဖြစ်ပေါ်ခဲ့ပေသည်။

ထို့ကြောင့် ကေလနိယသိမ်ရှိရာ ကျောင်းတော်သို့သွားရောက်ပြီး သီရိလင်္ကာနိုင်ငံ၌ ပညာသင်ကြားနေသော ဦးစက္ကပါလနှင့်ဦးဝေပုလ္လ ရဟန်းနှစ်ပါးအား အမေရိကန်နိုင်ငံမှ ဘုရားဖူးလာရောက်သူ ခြောက်ဦးထဲမှ ဒေါ်ညွှန့်ညွှန့်ကြည်၊ ဒေါ်မြမြဦး၊ ဒေါ်သင်းသင်းဦးတို့ သုံးဦးမှ ကံထပ်ခြင်းမင်္ဂလာကို ပြုလုပ်ပေးခဲ့ကြပေသည်။ ကံထပ်ခြင်းမင်္ဂလာပြုလုပ်သောအခါ စာရေးသူတို့ သူငယ်ချင်းများနှင့် သိမ်ရှိရာကျောင်းတော်မှ ကုလားဘုန်းကြီးတစ်ပါး စုစုပေါင်း(၁၄)ပါးဖြင့် ကံထပ်ခြင်းမင်္ဂလာကို ထူးခြားသည့် ကေလနိယသိမ်၌ ဖြစ်နိုင်ခဲ့သည့် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိချိန်တွင် ပြုလုပ်ပေးခဲ့ကြပေသည်။

မြတ်ဗုဒ္ဓကလည်း သာသနာ့အမွေခံ ရဟန်းဒါယကာ ဒါယိကာမဆိုသည့် အမည်သည် ဒါနကောင်းမှုများ မည်မျှပင်ပြုလုပ်စေကာမှု ရဟန်းဒါယကာ ဒါယိကာမ ပြုလုပ်ခြင်းလောက် မမြတ်ပါဟု မိန့်ခဲ့ပေသည်။ အသောကမင်းကြီးသည် ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊ ကျောင်းပေါင်းရှစ်သောင်းလေးထောင်၊ ဇရပ်ပေါင်းရှစ်သောင်း လေးထောင်၊ ရေကန်ပေါင်းရှစ်သောင်းလေးထောင် လှူခဲ့သော်လည်း ရဟန်းခံပေးခြင်းဆိုတဲ့ ရဟန်းဒါယကာဘွဲ့လောက် မမြတ်သေးသည့်အတွက် သူ့၏သားကို ရဟန်းခံပေးခြင်း မင်္ဂလာပြုလုပ်ပေခဲ့သည်။

ရဟန်းခံပေးခြင်း၊ ကံထပ်ပေးခြင်းဆိုသည့် ရဟန်းဒါယကာ ဒါယိကာမဘွဲ့အမည်ကို ရဖို့ရန်အတွက် မြတ်ဗုဒ္ဓက မိမိမှဖြစ်သောသားကိုလည်းကောင်း သူတစ်ပါးကိုလည်ကောင်း ပြုလုပ်ပေးရန် တိုက်တွန်းခဲ့ပေသည်။

ထိုကဲ့သို့ ရခဲလှသည့်ရဟန်းဒါယကာ ဒါယိကာမဘွဲ့အပြင် ကြုံရခဲသည့် သီရိလင်္ကာနိုင်ငံသို့ရောက်ရှိချိန် ကေလနိယသိမ်၌ ကံထပ်ပေးခြင်းကို အမေရိကန်နိုင်ငံ၊ ဖရီးမောင့်မြို့၌ နေထိုင်ကြသော ဒါယိကာများ ပြုလုပ်နိုင်ခြင်းကို စာရေးသူမှ မှတ်တမ်းတင်ကာ ဗုဒ္ဓဘာသာဝင်များအတွက် ဗဟုသုတအဖြစ် တင်ပြပေးလိုက်ခြင်း ဖြစ်ပေသည်။

ဆန်နီနေမင်း အမေးအဖြေ

ဘုန်းဘုန်းဘုရား တပည့်တော်က ယူအေအီးမှာ အလုပ်လုပ်နေတာပါဘုရား။ တပည့်တော်သိချင်တာလေးရှိလို့ပါ။ တပည့်တော်ကို ဒီက ဘာသာခြားတယောက်က မေးပါတယ်။ ထေရ၀ါရနှင့်မဟာယာန ဘာကွာခြားလဲ။ အဲဒီကနေပြီးတော့သူက ဆက်မေးပါတယ်။ ဘာလို့ဘုန်းကြီးတွေဟာ ဆွမ်းခံစားရတာလဲတဲ့ တပည့်တော် တတ်သလောက်တော့ ရှင်းပြပါတယ်သိပ်လဲမရှင်းပြရဲဘူး မှားရင်ကိုယ့်ဘာသာကို တလွဲထင်မှာဆိုးလို့ပါ။ အဲဒါကြောင့် ဘယ်လိုရှင်းပြရင် အတိုဆုံးနဲ့အထိရောက်ဆုံး ဖြစ်မလဲဆိုတာ တပည့်တော်ကို ကူညီပါဦးဘုရား။

ထေရ၀ါဒဗုဒ္ဓဘာသာဆိုသည်မှာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် (၃)လအကြာမှာ ဘုရားရှင်ဟောခဲ့တဲ့ တရားတွေတော်ကို အရှင်အာနန္ဒာအစရှိတဲ့ ရဟန္တာ(၅၀၀)က စုစည်းကာ စုပေါင်းရွတ်ဆိုခဲ့ကြပါတယ်။


နောက်ပိုင်း နှစ်(၁၀၀)ကြာလာတဲ့အခါ အချို့ရဟန်းတော်တွေက မြတ်ဗုဒ္ဓရဲ့ တရားတွေထဲမှ အနည်းငယ်သော အချက်အလက်တွေကို ပြင်ဆင်ကျင့်သုံးကြပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ အရှင်ယသအပါအ၀င် ရဟန္တာ(၇၀၀)ကနေ ဒုတိယအကြိမ် စုပေါင်းရွတ်ဆိုကြပါတယ်။ အဲဒါလို ဒုတိယအကြိမ် ရဟန္တာတွေ စုပေါင်းရွတ်ပေါင်း ရွတ်ဆိုတဲ့အခါမှာ မြတ်စွာဘုရားဟောခဲ့တဲ့တရားတွေကို ပြင်ချင်တဲ့ ပုထုဇဉ်ရဟန်းတွေ အချို့ဟာ သူတို့ဘာသာ သီးသန့်စုပေါင်းရွတ်ဆိုပွဲ ပြုလုပ်ကြပါတယ်။

အဲဒီအချိန်ကနေစပြီး ရဟန္တာတွေ စုပေါင်းရွတ်ဆိုတာကို လက်မခံ သူတို့ပြင်ချင်တာပြင်ချင်တဲ့ ပုထုဇဉ်ရဟန်းတွေဟာ သူတို့ဘာသာ စုပေါင်းရွတ်ဆိုပွဲလုပ်ပြီး စတင်၍ ကွဲခဲ့ကြပါတယ်။ ရဟန္တာတွေ စဉ်ဆက်မပြတ် ထိန်းသိမ်းရွတ်ဆိုခဲ့တာကို ယနေ့ချိန်ထိ လက်ခံကျင့်သုံးတဲ့ဘာသာကို ထေရ၀ါဒဗုဒ္ဓဘာသာလို့ခေါ်ပြီး မြတ်စွာဘုရား ဟောခဲ့တဲ့ တရားတွေထဲမှ ပုထုဇဉ်ရဟန်းတွေ ပြင်ချင်တာပြင် ထည့်ချင်တာထည့်ပြီး ကျင့်သုံးတဲ့ဘာသာကို မဟာယာနဗုဒ္ဓဘာသာဆိုပြီး ကွဲပြားသွားပါတယ်။

ရဟန်းတော်တွေ အဘယ့်ကြောင့် ဆွမ်းခံစားရသလဲဆိုတော့ ရဟန်းတွေဟာ သံသရာမှလွတ်ကြောင်း ကိလေသာတွေကို ပယ်သတ်နိုင်အောင် အကျင့်တွေကို ကျင့်နေတဲ့အတွက် ကိုယ်တိုင်လည်း စီးပွားမရှာရ၊ ကိုယ်တိုင်လည်း ချက်ပြုတ်မစားရပါ။ ကိုယ်တိုင်ရှာဖွေခြင်း၊ ကိုယ်တိုင်ချက်ပြုတ်ခြင်းများ လုပ်နေရလျှင် အချိန်ကုန်၍ တရားအားထုတ်ချိန် နည်းသွားသလို အဓိကကျတဲ့ ကိလေသာတွေ နည်းပါးအောင် လုပ်နေတဲ့အတွက် ကိုယ်တိုင်ရှာဖွေလျှင် ရလာတဲ့စည်းစိမ်းကို စုထားချင်တဲ့ လောဘစိတ်တွေဖြစ်မယ်။ ကိုယ်တိုင်ချက်စားလျှင် မနက်ညစာ နောက်တစ်နေ့စာစသည့် လောဘမသတ်နိုင်သည့် ကိလေသာတွေ ဖြစ်နေမယ်။ ဒါ့ကြောင့် ရဟန်းတွေဟာ ဆွမ်းခံ၍ရလာတဲ့ စားစရာများကို ညစာနောက်တစ်ရက်စာဟူ၍ မထားရပါ။

နောက်ပြီး ယခုလို အကျင့်မြတ်အကျင့်ကောင်းတွေကို ကျင့်သုံးနေတဲ့ပုဂ္ဂိုလ်၊ ကျင့်သုံး၍ တရားထူးများရနေတဲ့ပုဂ္ဂိုလ်တွေကို လှူဒါန်းပေးကမ်းလျှင် အလွန်တရာ အကျိုးကြီးမားတာကြောင့် သူတို့လို မလုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေ ကောင်းကျိုးများ တစ်ဖက်တလှမ်းကရအောင်ဆိုပြီး အကျင့်မြတ်တွေကျင့်နေတဲ့ ရဟန်းတွေဟာ မိမိအလုပ် မပိုအောင်လည်ကောင်း၊ ကိုယ်တိုင်ရှာဖွေစားသောက်လျှင် နေ့စာညစာစသည့်ကိလေသာ စိတ်များ ဖြစ်နေမည်ဆိုးသောကြောင့်လည်းကောင်း၊ သူတို့လို မကျင့်နိုင်သည့် ဒါယကာ ဒါယိကာများကို အကျိုးထူးများ ရစေချင်သောကြောင့်လည်းကောင်း၊ ကိုယ်လက်လှုပ်ရှားမှု ကျန်းမာရေးကောင်းအောင်လည်းကောင်းစသည့် အချက်အလက်များကြောင့် ရှေးရှေးကမ္ဘာပေါင်း မြောက်များစွာက ပွင်ခဲ့သည့် ဘုရားများနှင့်ရဟန်းတော်များ၊ ယခု ပွင့်တော်မူခဲ့သည့် ဂေါတမမြတ်စွာဘုရားနှင့်ရဟန်းတော်များသည် ဆွမ်းခံ၍ စားရခြင်း ဖြစ်ပေသည်။

ဒီလောက်ဆို ရှင်းမည်ထင်ပါသည်။ မရှင်းပါက ဆက်လက်မေးမြန်းပါလေ။

Thursday, December 23, 2010

အသုံးကျမဲ့ ဆော့ဝဲလေးပါ။

http://www.kzarboworld.com/profiles/blogs/5098850:BlogPost:14088

ဆန်နီနေမင်း အမေးအဖြေ သေခြင်းလေးမျိုးအဓိပ္ပါယ်

အရှင်ဘုရား တပည့်တော်အား သေခြင်း(၄)မျိုးကို ရှင်းပြပေးတော်မူပါဘုရား။ နောက်ဆုံးကတော့ မိမိကိုယ်ကိုသတ်သေရခြင်းသည်အများပြောနေကြတဲ့ ဝဋ္ဋ်ကြွေးရှိလို့ ခံရတာ အဖန်ငါးရာငါးကမ္ဘာခံရလိမ့်မယ်။ ထိုင်ရပ်သေရင်ဖြစ်ဖြစ် ဒါကတော့ နောက်ဆုံးဘ၀ပဲ ၀ဋ္ဋ်ကုန်ပြီ. အစရှိသည်ဖြင့်ပြောနေကြတာတွေဟာ ဘုရားဟောနဲ့ ကိုက်ညီမူရှိမရှိ တပည့်တော်သိချင်ပါတယ်ဘုရား။ အရှင်ဘုရား ကျန်းမာချမ်းသာပြီး သာသနာ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ပါစေဘုရား။

အင်း။ သေခြင်း (၄)မျိုးကတော့
၁။ အသက်ကုန်၍ သေခြင်း။ ဥပမာ- မီးဇာကုန်၍ မီးခွက်ငြိမ်းသလို သေရမည့် သက်တမ်းကုန်၍ သေခြင်း။

၂။ ကံတရားကုန်၍ သေခြင်း။ ဥပမာ- မီးခွက်တွင်းရှိ ဆီကုန်၍ မီးခွက်ငြိမ်းသလို မိမိ၏ရှေးကုသိုလ်ကံသည် ဤအရွယ်လောက်နေရမည့်ကံပါ၍ သေဆုံးခြင်း။

၃။ အသက်ရော ကံတရားရောကုန်၍ သေခြင်း။ ဥပမာ- မီးခွက်တွင်းရှိ ဆီရော မီးဇာရော နှစ်ပါးလုံးကုန်၍ မီးခွက်ငြိမ်းသလို လူတို့သက်တမ်းကလည်း ဤမျှလောက်ပဲ နောက်ဆုံးသက်တမ်းဖြစ်၍လည်းကောင်း မိမိ၌ပါလာသော ကံတရားကလည်း ဤမျှနဲ့ပဲ နိဂုံးသတ်ရန် အချိန်ကျရောက်လာသောကြောင့်လည်းကောင်း သေခြင်း။

၎။ လူတို့သက်တမ်းလည်း မပြည့်သေး၊ ကံတရားကလည်း အသက်ရှည်ရန် ရှိနေပါသော်လည်း မိမိ၏ ဘ၀ပေါင်းများစွာ၌ တစ်ခုခုသောဘ၀မှာ သူတစ်ပါးကို မထင်မှတ်ဘဲ သတ်ခြင်းစတဲ့ ဥပစ္ဆေဒကကံရှိနေ၍ ရုတ်တရက် ကားတိုက်ခြင်းစသည့် သေဆုံးခြင်းမျိုးဖြင့် သေခြင်း။ ဥပမာ- မီးခွက်၌ မီးဇာရော ဆီပါရှိနေသော်လည်း အပြင်က ရုတ်တရက်တိုက်လာသော လေကြောင့် မီးခွက်ငြိမ်းသွားသလို မိမိ၌ လူသက်တမ်းလည်း မပြည့်သေး၊ ကံတရားကလည်း မကုန်သေးဘဲ ရုတ်တရက်ကပ်၍ဖြတ်ကာ သေစေ တတ်သော ကားတိုက်းခြင်း၊ ကားမှောက်ခြင်း၊ ဓါးထိုးခံရခြင်းစသည့် မထင်မှတ်ဘဲ ရုတ်တရက်သေခြင်းမျိုးဖြင့် သေဆုံးခြင်းဟူ၍ သေခြင်း(၄)မျိုး ရှိပေသည်။

ထိုတွင် နံပါတ်(၁)သည် လူတို့ (၇၅)နှစ် သက်တမ်း၌ မွေးဖွားလာလျှင် (၇၅)နှစ်ပြည့်၍ သေခြင်း။ နံပါတ်(၂)သည် သက်တမ်း(၇၅)နှစ်တွင် မွေးဖွားပါသော်လည်း မိမိ၏ ရှေးကုသိုလ်ကံ နည်းပါးမှုကြောင့် မိမိကံတရားကပါလာသည့်အချိန်ရောက်လျှင် သေခြင်း။ နံပါတ်(၃)သည် သက်တမ်းကလည်း (၇၅)နှစ်ပြည့်၊ ကံတရားကလည်း ဒီချိန်သေရမည့်ကံပါလာ၍ သေခြင်း။ နံပါတ်(၄)သည် မိမိ၏ ရှေးရှေးသော ဘ၀ပေါင်းများစွာက ဥပစ္ဆေဒကကံကြောင့် ရုတ်တရက်မထင်မှတ်ဘဲ သေခြင်းတို့ပင် ဖြစ်ပေသည်။

တကယ်တော့ မိမိကိုယ်ကို သတ်သေရင် အဖန်ငါးရာငါးကမ္ဘာခံရမည်ဟု မြတ်စွာဘုရားရှင်က တိုက်ရိုက်ဟောထားခြင်း မတွေ့ရပေ။ သို့သော် ရခဲ့လှစွာသော ကုသိုလ်ကောင်းမှု ပြုလုပ်၍ အကောင်းဆုံးဖြစ်သော လူ့ဘ၀လေးကို ရရှိလာတဲ့အချိန်မှာ လူ့ဘ၀ကို လွယ်လွယ်ကူကူနဲ့ အဆုံးမသတ်ကြဖို့ရန် ရှေးရှေးလူတွေက ထွင်၍ပြောခဲ့ခြင်း ဖြစ်နိုင်ပေသည်။

လူ့ဘ၀သည် အလွန်တရာမှ ရခဲလှပါသည်။ မြတ်စွာဘုရားရှင်ကိုယ်တိုင်က လူ့ဘ၀ကို ရဖို့ရာမှာ ဗြဟ္မာ့ပြည်က အပ်တစ်ချောင်း အောက်ကိုချလိုက်လျှင် မြေကြီးပေါ်မှာ ထောင်ထားသော အပ်နှင့်ဗြဟ္မာပြည်က ကျလာသောအပ်တို့ ထိပ်တိုက်ထိဖို့ရန်ကမှ လွယ်ပေအုန်းမည်၊ ဖြစ်နိုင်ပေအုန်းမည်။ လူ့ဘ၀ကို ရဖို့ရန်သည် ထိုထက် ခဲယဉ်းလှသည်ဟု မိန့်တော်မူခဲ့ပါသည်။

တစ်ခါ မြတ်စွာဘုရားရှင်က လူ့ဘ၀ကနေ လူပြန်ဖြစ်သော သတ္တ၀ါနှင့်အပါယ်ဘုံသို့ ကျရောက်သတ္တ၀ါ မည်သူက များသနည်းဆိုသည့် ပြဿနာကို ကမ္ဘာမြေပေါ်၌ရှိသော သဲများနှင့် မြတ်ဗုဒ္ဓ၏လက်ဝါးပေါ်၌ရှိသော သဲအရေအတွက်နဲ့ နှိုင်းယှဉ်ပြခဲ့ပါသည်။ လက်ဝါးပေါ်မှာရှိသော သဲများက လူ့ဘ၀ကနေသေပြီး လူပြန်ဖြစ်တဲ့သတ္တ၀ါတဲ့။ ကျန်တဲ့မြေကြီးပေါ်မှာရှိတဲ့ သဲများကတော့ လူ့ဘ၀ကနေသေပြီး အပါယ်ဘုံသို့ ဖြစ်ကြတဲ့သတ္တ၀ါများဖြစ်သည်ဟု မိန့်ခဲ့ပါသည်။

ထို့ပြင် စဉ်းစားကြည့်လျှင် လူ့ဘ၀၏ ရခဲပုံကို သိနိုင်ပေလိမ့်မည်။ မိမိ၏ ပတ်ဝန်းကျင်မှာရှိသော တိရစ္ဆာန်များနှင့်လူများကို နှိုင်းယှဉ်ကြည့်လျှင် မည်သူက ပိုများသနည်း၊ လူ့ဘ၀ကိုရဖို့ရန် မည်မျှခက်ခဲသနည်းဆိုတာကို သိနိုင်ပေလိမ့်မည်။ အပါယ်(၄)ဘုံဖြစ်တဲ့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်ဆိုသည့် (၄)ဘုံထဲမှ ကျန်သည့်(၃)ဘုံကို အသာထားပါ။ တိရစ္ဆာန်ဘုံနှင့်လူ့ဘုံနှိုင်းယှဉ်ကြည့်လျှင်ပင် ဘယ်ဘုံက ရရှိဖို့ရန် ခဲယဉ်းသည်ကို သိနိုင်ပေသည်။

တိရစ္ဆာန်ဘုံတောင်မှ မြစ်ပင်လယ်ချောင်းများ၌ရှိနေသော တိရစ္ဆာန်တွေ တောတောင်များနေသော တိရစ္ဆာန်တွေကို မကြည့်ပါနဲ့အုန်း။ မိမိတို့နေ့စဉ်မြင်တွေ့ နေရသည့် ခြင်၊ ယင်၊ ပုရွက်ဆိတ်စသည့် တိရစ္ဆာန်များနဲ့ လူသားတို့ နှိုင်းယှဉ်ကြည့်လျှင်ပင် လူ့ဘ၀ကရဖို့ရန် ပို၍ခက်ခဲလှပါသည်။ သို့ဖြစ်၍ ရခဲလှတဲ့လူ့ဘ၀လေးရလာတဲ့အခါမှာ မိမိကိုယ်ကို သတ်သေသောသူသည် အဘယ်မျှလောက် မိုက်မဲမည်ကို စဉ်းစားကြည့်လျှင် သိနိုင်ပါလိမ့်မည်။

၎င်းပြင် လူ့ဘုံသည် အခြားသောဘုံတွေထက် ကောင်းမှုပြုရန် ပို၍လွယ်ကူသော ကြောင့် ဘုရားလောင်းများသည်ပင် လူ့ဘ၀ရရှိတဲ့အချိန်များ၌ ပါရမီများကို ဖြည့်ကျင့်ရပေသည်။ လူ့ဘ၀သည် ကောင်းမှုကုသိုလ်ပြုလုပ်၍ ထိပ်ဆုံးရောက်အောင် လုပ်နိုင်သလို မကောင်းမှုအကုသိုလ်လုပ်၍ အောက်ဆုံးအထိရောက်အောင် ပြုလုပ်နိုင်သော ဘုံဘ၀ဖြစ်ပေသည်။

ထို့ကြောင့် မိမိကိုယ်ကို သတ်မသေကြရန်အတွက် မိမိကိုယ်ကိုသတ်သေရင် အဖန်ငါးရာငါးကမ္ဘာခံရသည်ဟု ရှေးလူကြီးများက ပြောခဲ့ကြခြင်း ဖြစ်ပေသည်။ သို့ဖြစ်၍ ရခဲလှစွာသော လူ့ဘ၀လေးမှာ ပြုလုပ်သင့်သည် ကောင်းမှုများကို နေ့စဉ်ပြုလုပ်ကာ တန်ဖိုးရှိတဲ့လူ့ဘ၀မှာ တန်ဖိုးရှိသောလူ့တစ်ယောက်ဖြစ်ကာ တန်ဖိုးရှိသောလူ့ဘ၀ကို အသုံးချနိုင်အောင် ကြိုးစားကြရန် အထူးအထူးပင် လိုအပ်ပါပေသည်။

Tuesday, December 21, 2010

သီရိလင်္ကာနိုင်ငံနှင့်တရားပွဲ














အင်း ယခုတင်ပြထားတဲ့ ဓာတ်ပုံတွေကတော့ သီရိလင်္ကာနိုင်ငံရဲ့ တရားပွဲအခြေအနေလေးပါ။ သံဃာတွေကို ပင့်ဖိတ်တဲ့နေရာမှာတော့ တော်တော်လေး နမှုနာယူစရာ ကောင်းပါတယ်။ မီးတွေဆင်ပြီး ကျကျနန ပင့်ဖိတ်ပါတယ်။ တရားနာတဲ့အချိန်မှာတော့ သူတို့ရဲ့ဓလေ့ထုံစံအတိုင်း ခြေဆင်းထိုင်ခြင်းစသည်တို့ဖြင့် သင့်သလို ထိုင်ကြပါတယ်။ မြန်မာပြည်နှင့်ကွာတာကတော့ အဲဒီခြေဆင်းထိုင်ခြင်းပါပဲ။ အင်း တစ်ချို့က နဘေးအုတ်ခြေရင်းမှာ ဖြစ်သလိုထိုင်ပြီးလည်း တရားနာကြပါတယ်။


သီရိလင်္ကာပြည်သူများသည် တရားပွဲကို သူ့အချိန်နှင့်သူသာ ကျင်းပလေ့ရှိကြပါတယ်။ မြန်မာပြည်လောက်တော့ တရားပွဲများ မပေါများလှပေ။ တရားနာသူလည်း မြန်မာပြည်လောက် လူမများပေ။ တရားပွဲကျင်းပရာ ကျောင်းပတ်ဝန်းကျင်ရှိ လူများသာ တရားနာလာကြသည်ဟု ထင်ပါသည်။ သီရိလင်္ကာပြည်သူများသည် တရားပွဲမှ တရားနာ၍ လိမ်မာကြခြင်း မဟုတ်သလို မိဘများ၏ သွန်သင်မှုကြောင့် လိမ်ကြနေကြသည် မဟုတ်နိုင်ပေ။ ငယ်ငယ်ကတည်းက ဘုန်းကြီးကျောင်းများမှာ Sunday school ခေါ် Dhamma school တက်ရောက်သင်ကြားထားခြင်းကြောင့် လိမ်မာယဉ်ကျေး အသိဥာဏ်ပြည့်စုံနေကြခြင်း ဖြစ်ပေသည်။

သူတို့သင်ကြားလေ့လာထားသော ဗုဒ္ဓစာပေများသည် အတော်လေးကို အဆင့်မြင့်အောင် သင်ကြားထားကြသည်ကို တွေ့ရှိပါသည်။ စာရေးသူတို့ Sunday school အကြောင်း စာအုပ်ထုပ်ရန် လေ့လာကြည့်သောအခါ သူတို့သင်ထားတဲ့ စာပေသည် စာရေးသူတို့ ဘုန်းကြီးတွေတောင် မသိသေးသည့် အကြောင်းအရာများထိ ပါနေသည်ကိုတွေ့ရသဖြင့် သူတို့ကို စာရေးသူ လေးစားမိပေသည်။ ဒီအဆင့်ထိရောက်အောင် သူတို့သင်ကြားထားကြပါလားဟု တွေးတောကာ သူတို့ကတောင် ကိုယ့်ထက် ဗုဒ္ဓစာပေများကို သိနေကြပါလားဟု အံ့သြခြင်းများ ထပ်ကာထပ်ကာ ဖြစ်မိပါသည်။

ဆက်လက်၍ Sunday school အကြောင်း ဒီနိုင်ငံရဲ့ ထူးခြားသည့်အကြောင်းအရာများကို စာရေးသူ မြန်မာပြည်မပြန်ခင် တင်ပြပေးသွားပါမည်။ ယခုတော့ ဒီမျှနဲ့ နားပါရစေ။



ကိုးပါးသီလ အဓိပ္ပါယ်

ဘုန်းဘုန်းဘုရား တပည့်တော် ကိုးပါးသီလရဲ့ အဓိပ္ပါယ်ကို အကျယ်တ၀င့်သိချင်ပါတယ်ဘုရား။ ကျေးဇူးပြု၍ ဖြေဆိုပေးတော်မူပါဘုရား။ တပည့်တော်တို့က ရှစ်ပါးသီလသာ သိကြပြီး ကိုးပါးသီလကို သေချာမသိကြပါဘုရား။ တပည့်တော်ကို ဖြေကြားပေးစေချင်ပါတယ်ဘုရား။

အင်း တကယ်တော့ ဦးဇင်းလည်း စာမေးပွဲကြောင့် ချက်ချင်းမဖြေပေးနိုင်သေးတာပါ။ ခုတော့ စာမေးပွဲပြီးပြီမို့ ဖြေပေးလိုက်ပါတယ်။

ကိုးပါးသီလ၏ အဓိပ္ပါယ်မှာ


၁။ သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၂။ သူတစ်ပါး ကိုယ်နှုတ်ဖြင့် မပေးသော ဥစ္စာကို ခိုးယူလုယက် မတရားသောနည်းလမ်းဖြင့် ယူခြင်း။
၃။ မေထုန်အကျင့်မှ ရှောင်ကြဉ်ခြင်း။
၎။ မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။
၅။ မူးယစ်စေတတ်သော အရာများကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။
၆။ ညစာ စားခြင်းမှ ရှောင်ကြဉ်ခြင်း။
၇။ ပန်း နံ့သာစသော မွှေးစေတတ်သော အရာများကို လိမ်ကျံသုံးစွဲခြင်းနှင့် ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်းတို့ ပြုလုပ်နားဆင်ကြည့်ရှု့ခြင်းမှ ရှောင်ကြဉ်ခြင်း။
၈။ မြင့်မြတ်သော နေရာထိုင်းခင်းတို့ပေါ်ထိုင်ခြင်းနှင့် မိမိထက် ဂုဏ်သိက္ခာကြီးမားသူတို့ထက် အပေါ်မှ ထိုင်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း။
၉။ သက်ရှိသတ္တ၀ါ အားလုံးတို့ကို မေတ္တာပွား၍ နေထိုင်ခြင်းတို့ပင် ဖြစ်ပေသည်။

တကယ်တော့ ကိုးပါးသီလဆိုသည်မှာ ရှစ်ပါးသီလထဲမှ အကျိုးပိုမိုရစေရန် မေတ္တာပွားဖို့ တစ်ပါးအပိုအနေဖြင့် မေတ္တာကို ထည့်ပေးထားခြင်း ဖြစ်ပေသည်။
ဒီလောက်ဆို ရှင်းမည်ထင်ပါသည်။ မရှင်းပါက ဆက်လက်မေးမြန်းနိုင်ပါသည်။

Sunday, December 19, 2010

ကြီးပွားတိုးတက်ချင်လျှင်

အင်း စာမေးပွဲပြီးပြန်တော့ ကိုယ့်လုပ်နေတဲ့ အများအကျိုးရှိမဲ့ ဗဟုသုတစာလေးတွေ အမေးအဖြေစာလေးတွေကို ပြန်လည်၍ စတင်ရေးသားလိုက်ပါတယ်။ စာရေးသူတို့လုပ်နေတဲ့ Sunday School ကိစ္စလည်း ဆက်လက်၍ လုပ်ဆောင်ရအုန်းမယ်။ အင်း ခုတော့ ရေးစရာရှိတဲ့ အကြောင်းအရာလေးတွေကို ဆက်လက်ရေးသားတင်ပြလိုက်ပါတယ်။

လောကရှိ လူသားတို့သည် ကြီးပွားတိုးတက်ခြင်းကို လိုချင်တပ်မက်ကြပါသည်။ သို့သော် မည်သို့ပြုမှုနေထိုင်လျှင် မည်သို့ကျင့်သုံးလိုက်နာလျှင် ကြီးပွားတိုးတက်မည်ကို မသိသကဲ့သို့ သိလျှင်လည်း ကြီးပွားတိုးတက်ချင်သလောက် လိုက်နာကျင့်သုံးခြင်းတော့ မရှိကြပေ။


ထို့ကြောင့် စာရေးသူသည် မသိသောသူသိအောင် သိသောသူကို ထပ်မံ၍ သတိပေးပြီး ကျင့်သုံးလိုက်နာရန် တိုက်တွန်းချင်သောကြောင့် ဤကြီးပွားတိုးတက်ကြောင်း (၇)ပါးကို တင်ပြလိုက်ရပေသည်။ ကြီးပွားတိုးတက်ချင်သူသည်

၁။ မပျင်းမရိ လုံ့လရှိရမည်။

၂။ အရာရာကို ဆင်ခြင်တက်သော သတိတရား အမြဲထာဝစဉ်ရှိရပါမည်။

၃။ လုပ်ငန်း၌ ဖြစ်သလို တာဝန်ကျေသဘောမျိုး စိတ်မပါသလို မလုပ်ဘဲ သန့်ရှင်းသပ်ရပ် သေချာအောင် လုပ်ကိုင်ဆောင်ရွက်ရပါမည်။

၎။ အရာရာကို ရှေ့နောက်ဆင်ခြင်စူးစမ်း စဉ်စားကာ လုပ်ကိုင်ဆောင်ရွက်ရမည်။

၅။ ကိုယ်အမှုရာ အပြောအဆို စိတ်အကြံအစည်တို့ကို သူ့နေရာသူ ပြောဆိုလုပ်ကိုင် ကြံစည်စဉ်စားတက်ရပါမည်။

၆။ သူတစ်ပါးပစ္စည်းကို မသမာသောနည်းဖြင့် မလိုချင်ဘဲ မှန်ကန်သောနည်းလမ်းနဲ့ရအောင် လုပ်ကိုင်ရပါမည်။

၇။ အများကောင်းကျိုးလုပ်ခြင်း၊ အလှူအတန်း ပေးကမ်းရက်ရောခြင်း၊ ကျွေးမွေးခြင်း၊ မေတ္တာတရားထားရှိခြင်းစတဲ့ ကောင်းတဲ့အရာတွေကို လုပ်ဆောင်ပေးရပါမည်။

ထို့ပြင် မိတ်ဆွေသူငယ်ချင်း ပေါင်းသင်းဆက်ဆံသောအခါ၌လည်း မိတ်ဆွေခင်ပွန်းကောင်း (၇)ယောက်တွင်ပါဝင်သော သူငယ်ချင်းအပေါင်းအသင်းများနှင့် ရွေးချယ်ပေါင်းသင်းဆက်ဆံတက်ရန်လည်း လိုအပ်လှပါသည်။ ထို့ကြောင့် မိတ်ဆွေသူငယ်ချင်းကောင်း (၇)ယောက်ကို တင်ပြပေးလိုက်ပါပေသည်။

၁။ ပေးနိုင်ခဲသော သူတန်ဖိုးထားသော ပစ္စည်းဝတ္ထုကို ပေးသူ။

၂။ ပြုနိုင်ခဲစွာသော အမှုကိစ္စလုပ်ငန်းတို့ကို လုပ်ကိုင်ပေးသူ။

၃။ သည်းခံနိုင်ခဲသော အမှုကိစ္စကိုမျှ သည်းခံပေးသူ။

` ၄။ မိမိလျှို့ဝှက်ထားသော အမှုကိစ္စကို သူငယ်ချင်းအား မလျှို့ဝှက်ဘဲပြောသူ။

၅။ သူငယ်ချင်းက လျှို့ဝှက်ခိုင်းသောစကားကို အလွန်လျှို့ဝှက်ပေးသူ။

၆။ ဘေးဒုက္ခအန္တရာယ်နဲ့တွေ့သောအခါ မစွန့်ပယ်ဘဲ တက်နိုင်သမျှ ကယ်တင်သူ။

၇။ သူငယ်ချင်းမှာ စားစရာမရှိရင်တောင် ပြစ်မထား မထီမဲ့မြင်မလုပ်သူ။

ဤမိတ်ဆွေသူငယ်ချင်းကောင်း (၇)ပါးလုံး မပြည့်စုံလျှင်သော်မှ တစ်ပါးနှစ်ပါးနဲ့ပြည့်စုံသူ ပို၍ပြည့်စုံသောသူတို့နှင့်ပေါင်းသင်းဆက်ဆံပြီး ကြီးပွားတိုးတက်ကြောင်း အင်္ဂါ(၇)ပါးနှင့် ပြည့်စုံအောင် လိုက်နာကျင့်သုံးမည်ဆိုလျှင် မိမိ၏ ရည်မှန်းချက်ဘ၀ပန်းတိုင်းကို လျှင်မြန်စွာရောက်ရှိပြီး ဖြစ်လေရာမှာ အစစအရာရာ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာနေပါလိမ့်မည်။

အားလုံးလိုက်နာကျင့်သုံးနေထိုင်နိုင်ကြ၍ ကိုယ်စိတ်နှစ်ပါး ချမ်းသာကြပါစေလို့ ဆန္ဒပြုရင်း စာရေးသူ၏ ဘလော့တင်ခြင်းကို ပြန်လည်၍ စတင်လိုက်ပေသည်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

Sanninaymin@gmail.com

သာသနတက္ကသီလဓမ္မာစရိယ

B.A (Buddhism)

M.A (university of Kelaniya)

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။