Tuesday, February 22, 2011

သေခါနီးမှာ ဘာအရေးကြီးဆုံးလဲ နိဂုံး

နောက်ဆုံးသေခါနီးမှာပြုလုပ်သောကုသိုလ်သည် အဘယ့်ကြောင့်အရင်အကျိုးပေးသလဲဆိုရင် သေခါနီးပုဂ္ဂိုလ်ရဲ့စိတ်သည် ယုံကြည်မှုအပြည့်နဲ့ပြုလုပ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ထို့ပြင် သဘာဝတရားနဲ့ကြည့်မယ်ဆိုရင်လည်း နောက်မှလုပ်တဲ့အလုပ်သည် အရင်အကျိုးပေးတတ်တဲ့ သဘောကြောင့်လည်း ပါပါတယ်။

ဥပမာ-နွားခြံထဲမှာ နွားသွင်းတဲ့အခါ ငယ်ရွယ်ပြီးခွန်အားရှိသော နွားကလေးများသည် အိုမင်းရင့်ရော်နေသော နွားကြီးများကို တိုးဝှေ့၍ ရှေ့ကနေ အရင်ဝင်နေကြသောအခါ နွားအိုကြီးများသည် နောက်ဆုံးမှဝင်ရသောကြောင့် နွားခြံတံခါးဝ၌သာ နေရာရတတ်ပါတယ်။ သို့သော် နွားခြံအပြင်သို့ ထွက်ရသောအခါ နောက်မှဝင်ရသော နွားအိုကြီးများက အရင်ထွက်ကြရပါတယ်။


အဲဒီဥပမာလိုပဲ နောက်ဆုံးသေခါနီးမှလုပ်သောကုသိုလ်သည် သေခါနီးဘ၀ဟောင်းမှ ဘ၀သစ်သို့ ပြောင်းလဲတော့မည့် အနာဂတ်ဘ၀သစ်တွင် သေခါနီးမှလုပ်သော ကုသိုလ်က အရင်အကျိုးပေးလိုက်တာပါ။ ဒီသဘောတရားကို သိထားပြီးဆိုလျှင် အယူမှားခြင်း သံသယဖြစ်ခြင်းများ ကင်းဝေပါလိမ့်မယ်။

တစ်ချို့က အဖေမုဆိုးသားသတ်သမားကြီးကို သားဖြစ်သူရဟန္တာက ကောင်းမှုလုပ်ပေး၍ မုဆိုးကြီးနတ်ပြည်ရောက်သွားသည့် တရားဇာတ်လမ်းတစ်ခုကို ဖတ်ကာ သံသယဖြစ်နေကြတာ တွေ့ရပါတယ်။ မုဆိုးကြီးသည် သေခါနီး(၁)လလောက် အလိုမှ သားဖြစ်သူရဟန္တာမထေရ်ထံ ရောက်လာပြီး ရဟန်းဝတ်ကာ တရားအားထုတ်ခဲ့ပါတယ်။ သေခါနီးနောင်တတရားရ၍ တရားအားထုတ်သော်လည်း သူလုပ်ခဲ့အကုသိုလ်တွေက များသောကြောင့် အဲဒီအကုသိုလ်တွေကိုပဲ စိတ်ကအာရုံရောက်ပြီး အကုသိုလ်တရားများက သူကိုလာခြောက်နေသလို ဖြစ်နေသောကြောင့် မုဆိုးရဟန်းကြီးဟာ တရားအားထုတ်လို့ မရရှာပါဘူး။

ဒီလိုနဲ့ သေခါနီးလည်းရောက်ရော မုဆိုးကြီးဟာ မကောင်းတဲ့နိမိတ်ဖြစ်တဲ့ ခွေးဆွဲတာတွေ ခွေးကြီးတွေလိုက်နေတာတွေမြင်ပြီး အော်ဟစ်နေပါတယ်။ အဲဒီအခါမှာ သားဖြစ်သူရဟန်းက အင်း-ငါ့ခမည်းတော်တော့ သူလုပ်ခဲ့သောမကောင်းတဲ့ အကုသိုလ်တွေကြောင့် မကောင်းတဲ့နိမိတ်တွေမြင်ကာ အပါယ်ကိုသွားရတော့မှာပဲ။ ငါလို သားရဟန်းတစ်ပါးရှေ့မှာ ဒီလိုမကောင်းတဲ့နိမိတ်တွေမြင်ပြီး အပါယ်ကိုမသွားရအောင် ငါလုပ်ပေးမှဖြစ်မယ်ဆိုပြီး သားရဟန်းက သူဖခင်မုဆိုးကြီးကို စေတီရင်ပေါ်သို့မရွေ့၍ ပန်းများရှာပြီး ဖခင် ဒီပန်းများသည် ဖခင်အတွက် ပူဇော်ပေးခြင်းဖြစ်တယ်။ ဖခင် ပန်းများကို မြတ်ဗုဒ္ဓအား ပူဇော်နေတယ်လို့ အာရုံပြုပေးပါဟု ပြောလိုက်သောအခါ မုဆိုးကြီးသည် သားဖြစ်သူပြောတာကို အာရုံစိုက်၍ ပန်းများဖြင့် မြတ်ဗုဒ္ဓအား ပူဇော်ပါတယ်လို့ စိတ်ထဲမှာ အာရုံပြုလုပ်တဲ့အတွက်ကြောင့် ကုသိုလ်စိတ်ဖြစ်ကာ နတ်ပြည်မှ နတ်သမီးလာခေါ်တဲ့ ကောင်းတဲ့နိမိတ်ကိုမြင်ပြီးလျှင် ကောင်းသောနတ်ပြည်သို့ နတ်သားသွားဖြစ်ပါတယ်။

ခဏတာဘုရားလှူတဲ့ အာရုံလေးပြုမိတာနဲ့ ကောင်းတဲ့နတ်ပြည်ကိုရောက်သွားတဲ့ မုဆိုးကြီးကိုကြည့်ပြီး လူတစ်ချို့က ကောင်းကံ မကောင်းကံတို့ရဲ့ အကျိုးပေးကို သံသယမရှင်း ဖြစ်နေကြပါတယ်။ အဲဒါကို ရှင်းပြပေးချင်လို့လည်း ဒီပို့စ်ကို ပြီးအောင် ရေးလိုက်တာပါ။ တကယ်တော့ မုဆိုးကြီးဟာ နောက်ဆုံးပြုလုပ်တဲ့ ကောင်းမှုကံလေးကြောင့် နတ်ပြည်ကိုရောက်သွားတာ မှန်ပါတယ်။ ဒါဟာလည်း အထက်က နွားခြံဥပမာလို သဘာဝတရားအတိုင်း ဘ၀တစ်ခုရဲ့နောက်ဆုံးကုသိုလ်က အရင်အကျိုးပေးလိုက်လို့ပါ။

မုဆိုးကြီးနတ်ပြည်ရောက်သွားပေမဲ့လည်း နတ်ပြည်မှာ ကြာကြာအသက်ရှည်ဖို့ စိမ်းစိမ်ချမ်းသာပြည့်စုံဖို့အတွက် သူ့မှာမရှိပါဘူး။ ခဏနေပြီးရင် သူ့ဟာနတ်သက်ကြွေရမှာပါ။ နတ်သားတွေရဲ့ သက်တမ်းဟာ ပုံမှန်ရှိသော်လည်း လျှပ်တပြတ်သေနိုင်တဲ့ အကြောင်းတွေလည်းရှိပါတယ်။ ဥပမာ-နတ်စာစားရမဲ့ချိန် မစားလျှင်၊ နတ်ပန်းညိုလာလျှင်၊ နတ်ပြည်မှာ ပျော်မွေ့မှုမရှိလာလျှင် နတ်တွေဟာ နတ်သက်ကြွေကြပါတယ်။

သားဖြစ်သူရဟန်းသည် သူ့ဖခင်ဟာ သူနောက်ဆုံးလုပ်ပေးတဲ့ ကုသိုလ်ကံ ကြောင့်သာ နတ်ပြည်ရောက်တာ၊ မကြာခင်နတ်သက်ကြွေတော့မှာဆိုတာကိုသိလို့ သူ့ဖခင်ရှိရာ နတ်ပြည်သို့သွားကာ တရားဟောပေးပါတယ်။ သားဖြစ်သူရဲ့တရားကို နာကြားရလိုက်တဲ့အခါ မုဆိုးကြီးဟာ သောတာပန်အရိယာဖြစ်သွားပါတယ်။

အပိုင်း(၂)ပို့စ်မှပါတဲ့ နတ်သားသည် ဂတိနိမိတ်(၃)မျိုးတွင် ဘယ်နိမိတ်ထင်တယ်ဆိုတာကို မရှင်းမလင်းဖြစ်နေသူများအတွက် အဲဒီနတ်သားသည် တရားအားထုတ်နေချိန်တွင် ထွက်သက်ဝင်သက်သော်လည်းကောင်း ခန္ဓာကိုယ်ကြီးရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတရားများကိုလည်းကောင်း ရှု့မှတ်သော ၀ိပဿနာကုသိုလ်ကို အာရုံပြုနေသော ကုသိုလ်ကံနိမိတ်ထင်လျက် ဘ၀ပြောင်းသွားခြင်း ဖြစ်ပါတယ်။

အပိုင်း(၃)၌ စာရေးသူအား ကော်မန်းပေးရာတွင် တစ်ချို့ အယူမှားနေသောသူများက (အရှင်ဘုရားဘလော့မှာ ဖတ်ရတာက ရခဲတဲ့လူ့ဘဝကို ယခုရနေခြင်းကြောင့် ယခုဘ၀အတွက် အဓိကမထားဘဲ နောက်ဘ၀များစွာအတွက် အဓိကထားလုပ်ရမယ်လို့ ရေးထားပါတယ်ဘုရား။ နောက်ဘဝ ကောင်းစားဖို့အတွက် ဒီဘဝမှာ ကောင်းမှုကုသိုလ်တွေ လုပ်သင့်တယ်လို့ ဖတ်ရပါတယ်။ တပည့်တော်တွေးတာကတော့ နောက်ဘဝက လူဖြစ်ဖို့တောင် မသေချာဘူး။ အဲတော့ လူဖြစ်တုံးလေး ကိုယ်နေချင်သလို နေလိုက်မယ်လို့ စဉ်းစားထားပါတယ်ဘုရား)လို့ ရေးလာကြတာ တွေ့ရပါတယ်။ အဲဒီလို အယူတစ်မျိုးဖြစ်နေသူများအား စာရေးသူပြောချင်သည်မှာ

လူ့ဘ၀ကို ကောင်းမှုကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ဟာ ပြန်လည်ရရှိနိုင်ပါတယ်။ ဒီဘ၀ပဲ ပျော်အောင်နေတော့မယ်လို့ စိတ်ကူးထားပြီး ကောင်းမှုများမလုပ်ဘဲ မကောင်းမှုများကိုပဲလုပ်တာကမှ အပါယ်လေးပါးမှလွတ်ဖို့ ခဲယဉ်းသွားပါမယ်။ လူ့ဘ၀မှာ ဒါနရော သီလရော ၀ိပဿနာပါလုပ်မယ်ဆိုရင် လူ့ဘ၀ကိုရဖို့က အလွယ်လေးပါ။ မိမိမှာသာ အယူမှားခြင်း၊ အမိသတ်၊ အဖသတ်၊ ဘုရားပြစ်မှား၊ ရဟန္တာကို သတ်တာ စော်ကားတာ၊ ရဟန်းတွေသင်းကွဲအောင်လုပ်တာဆိုတဲ့ ကုသိုလ်ဖြင့် ချေဖျောက်လို့မရသော ဒီအပြစ်တွေမရှိဘူးဆိုရင် ဒီဘ၀နဲ့ နိဗ္ဗာန်ရောက်အောင်ထိ လုပ်လို့ရပါတယ်။ ကျန်တဲ့ လူ့ပြည် နတ်ပြည်ဆိုတာကတော့ ပိုတောင် လွယ်ပါသေးတယ်။ တကယ်လို့ မိမိသည် အရင်က မသိတတ်နားမလည်လို့ဖြစ်စေ၊ နားလည်ပြီး မိုက်မဲခဲ့လို့ဖြစ်စေ မကောင်းမှုများ လုပ်မိခဲ့သည်ရှိသော် ထိုမကောင်းမှုများကို မိမိသိတတ်နားလည်ချိန်၊ တရားသဘောသိချိန်တွင် ကောင်းမှုလုပ်ကာ ချေဖျက်ရင် ရပါတယ်။ ရေများရေနိုင် မီးများ မီးနိုင်ဆိုသလို မကောင်းမှုရှိခဲ့လျှင် အဲဒီမကောင်းမှုထက် ကောင်းမှုများအောင် လုပ်ပေးလျှင် ရပါတယ်။

အထက်ဖော်ပြခဲ့ပါ မုဆိုးကြီးသည်လည်း မကောင်းမှုများလုပ်ခဲ့ပါတယ်။ သို့သော် သူလုပ်ခဲ့သောမကောင်းမှုများသည် အပြစ်ကြီးမားပြီး ချေဖျက်လို့မရသော အပြစ်များမဟုတ်၍ ရိုးရိုးအပြစ်များကို အရိယာမဂ်ဖြင့် ပယ်သတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ထို့ကြောင့် မိမိတို့လူသားများသည်လည်း အထက်ဖော်ပြပါ ချေဖျက်လို့မရသော အပြစ်(၆)မျိုး မရှိပါက ၀ိပဿနာအားထုတ်ခြင်းဖြင့် ရိုးရိုးအကုသိုလ်များကို ချေဖျက်လို့ ရပါတယ်။ သို့ဖြစ်၍ ရခဲလှသော ဘုရားသာသနာ၊ လူ့ဘ၀၊ ဗုဒ္ဓအသိဉာဏ်ရှိချိန်၊ အသက်ရှင်စဉ်လေးမှာ ဒီဘ၀လေးခဏတာ ကောင်းစားရေးကိုကြည့်ပြီး မကောင်းမှုများကို မလုပ်ဘဲ ကောင်းမှုများကိုသာ အဓိကထားလုပ်ကာ အအေးချမ်းဆုံးဖြစ်သော နိဗ္ဗာန်ကိုလျင်မြန်စွာရရှိအောင် ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းရင်း ဤမျှနဲ့ပဲ နိဂုံးချုပ်ရင်း နှုတ်ဆက်ခဲ့ပါတယ်။

စာရေးသူသည် (၂၃.၀၂.၂၀၁၁)ညနေတွင် အမိမြန်မာပြည်သို့ ရောက်ရှိမည်ဖြစ်ပြီး (6)လပိုင်းကျမှသာလျှင် ပညာသင်ပြန်လာမည်မို့ ဒီကြားတွင် သိချင်၍လာမေးသောမေးခွန်းများကို ပြန်ဖြေပေးခြင်း၊ ဘလော့တင်ခြင်းများ မလုပ်နိုင်လျှင် ခွင့်လွတ်နားလည်ပေးစေလိုပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာစွာဖြင့် လိုရာဆန္ဒပြည့်ဝကြပြီး အများအကျိုးလုပ်ကာ နိဗ္ဗာန်ရွှေပြည်မြတ်ကို လျင်မြန်စွာရောက်ရှိအောင် ကြိုးစားအားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်…………..။

Sunday, February 20, 2011

သေခါနီးမှာ ဘာအရေးကြီးဆုံးလဲ အပိုင်း(၃)


သတ္တ၀ါတစ်ဦး သေခါနီးကာလမှာ နိမိတ်(၃)မျိုးတွင် တစ်မျိုးမျိုးပေါ်ပြီး ဘ၀ပြောင်းကြပါတယ်။ အဲဒီသေခါနီးကာလမှာ ပေါ်လာတဲ့ နိမိတ်(၃)မျိုးကတော့ ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တို့ပဲ ဖြစ်ပါတယ်။ ထို(၃)မျိုးတွင် ကံနိတ်မိတ်ဆိုသည်မှာ ယခုဘ၀အတိတ်ကပြုလုပ်ခဲ့တဲ့ ကောင်းကံမကောင်းကံနှင့် အရင်အရင် ဘ၀တွေက မိမိပြုလုပ်ခဲ့တဲ့ ကောင်းကံမကောင်းကံတွေကို မြင်မိတာပါ။


ဥပမာ-မိမိစိတ်ထဲမှာ မိမိလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်များကို ပြန်လည်အာရုံပြုမိနေတာ၊ မေတ္တာပို့မိနေတာ၊ ဘုရားဂုဏ်တော်ပွားများမိနေတာ၊ ၀ိပဿနာအားထုတ်နေမိတာစတဲ့ ကုသိုလ်အာရုံများ ပေါ်နေနိုင်သလို ပစ္စည်းဥစ္စာအပေါ် စွဲလမ်းနေတာ၊ သားသမီးစတဲ့သံယောဇဉ်များပေါ် စွဲလမ်းနေမိတာစတဲ့ အကုသိုလ်စိတ်များလည်း ဖြစ်ပေါ်နေနိုင်ပါတယ်။

ကမ္မနိမိတ်ဆိုတာက မိမိမျက်မှောက်မှာဖြစ်စေ၊ အတိတ်ကဖြစ်စေ ပြုလုပ်ခဲ့တဲ့ သက်ရှိ၊ သက်မဲ့အရာဝတ္ထုတွေကို မြင်မိတာပါ။ ဥပမာ-မိမိမျက်မှောက်ဘ၀မှာဖြစ်စေ၊ အတိတ်ဘ၀များစွာကဖြစ်စေ ပြုလုပ်ခဲ့သော ကျောင်းအလှူ၊ တံတားအလှူ၊ ဘုရားစေတီအလှူစတဲ့ ကုသိုလ်နိမိတ်တွေဖြစ်ပေါ်နိုင်သလို သူတစ်ပါးအသက်ကို သတ်ခဲ့တာ၊ သူတစ်ပါးကို ညှင်းပန်းနှိပ်စက်ခဲ့တာ၊ သူတစ်ပါးပစ္စည်းကို ခိုးခဲ့တာ၊ သူတစ်ပါးသားမယားကို ပြစ်မှားမိခဲ့တာစတဲ့ အကုသိုလ်နိမိတ်တွေ ဖြစ်ပေါ်နေနိုင်ပါတယ်။

ဂတိနိမိတ်ဆိုတာကတော့ မိမိဘ၀ကူးတဲ့ခါ ရောက်ရှိခံစားရမည့် ဘုံဌာနသတ္တ၀ါတွေကို အာရုံမှာလာထင်တာပါ။ ဥပမာ-လူ့ဘ၀ရောက်မဲ့သူဆို မိခင်ဝမ်းတွင်း၊ တိရစ္ဆာန်ဖြစ်မဲ့သူဆို တိရစ္ဆာန်အကောင်ပုံ၊ နတ်ဖြစ်မည့်သူဆို နတ်ဘုံ နတ်သား၊ ငရဲကျမည့်သူဆို ငရဲဘုံ၏ဆင်းရဲများ၊ ပြိတ္တာအသူရကာယ်ဖြစ်မည့်သူဆို တောတောင်ချိုင့်ဝှမ်းတွေ ပြိတ္တာပုံစံတွေကို မိမိအာရုံမှာ လာပေါ်နေပါတယ်။

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ သေခါနီးမှာ ကံနိတ်မိတ်ဖြစ်တဲ့ ကုသိုလ်စိတ်၊ အကုသိုလ်စိတ်၊ ကမ္မနိမိတ်ဖြစ်တဲ့ ကုသိုလ်လုပ်ခဲ့တဲ့ အဆောက်အဦး၊ အကုသိုလ်လုပ်ခဲ့တဲ့ အရာဝတ္တု၊ အထည်ကိုယ်ဒြပ်၊ ဂတိနိမိတ်ဖြစ်တဲ့ ဖြစ်ရမည့်ဘုံဌာန သတ္တ၀ါပုံစံ နိမိတ်(၃)မျိုးထဲက တစ်ခုခုကိုမြင်ပြီး သူမြင်ရာအလိုက် ဘ၀ပြောင်းလဲ ဖြစ်သွားရတာပါ။ ကုသိုလ်စိတ်ဖြစ်တဲ့ကံနိမိတ်၊ ကုသိုလ်လုပ်ခဲ့တဲ့အဆောက်အဦး အထည်ကိုယ်ဒြပ်ဖြစ်တဲ့ ကမ္မနိမိတ်၊ ကောင်းတဲ့ဘုံဌာန သတ္တ၀ါတွေဖြစ်တဲ့ ဂတိနိမိတ်(၃)မျိုးတွင် တစ်ခုခုကိုမြင်ရလျှင်တော့ အဲဒီလူသည် ကောင်းတဲ့လူပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို ရောက်ရှိမှာ သေချာပါတယ်။ မကောင်းတဲ့စိတ်၊ မကောင်းတဲ့အလုပ်တွေ၊ မကောင်းတဲ့ဘုံဌာန သတ္တ၀ါတွေကို မြင်ရလျှင်တော့ အဲဒီလူသည် မကောင်းတဲ့ အပါယ်လေးပါးကို ကျရောက်မှာ သေချာပါတယ်။

သေခါနီးကာလမှာ များသောအားဖြင့် နောက်ဆုံးပြုလုပ်တဲ့ ကောင်းမှု၊မကောင်းမှုကို အာရုံထဲမှာ ထင်လာကြတာ များပါတယ်။ ကုသိုလ် နေ့စဉ်ပြုလုပ်သောပုဂ္ဂိုလ်သည် ကုသိုလ်ဆိုင်ရာ နိမိတ်များ မြင်တတ်သလို မကောင်းမှုတွေ အမြဲပြုလုပ်ပြီး မကောင်းမှုကိုပဲ အာရုံစိုက်ခဲ့တဲ့ပုဂ္ဂိုလ်ကတော့ မကောင်းတဲ့နိမိတ်တွေကို မြင်လာမိမှာ သေချာပါတယ်။

သို့သော်လည်း အသက်ထွက်ရန် အချိန်အနည်းငယ်ရတဲ့ပုဂ္ဂိုလ်ကို သူ့အနီးအနားမှာရှိတဲ့ပုဂ္ဂိုလ်များက မကောင်းတဲ့နိမိတ်မထင်အောင် ကောင်းမှုလေးပြုပေးကာ ကောင်းတဲ့စိတ်ဖြစ်အောင် လုပ်ပေးလို့ ရပါတယ်။ ဥပမာ-အသက်ထွက်ခါနီးလူရှေ့မှာ ဘုရားစာရွတ်ပေးတာ၊ တရားနာခိုင်းတာ၊ ကောင်းမှုလုပ်ပြီး ဒါဟာ မင့်အတွက် လုပ်ပေးတာ သာဓုခေါ်ကာ ၀မ်းမြှောက်ပေးပါ၊ ဒါလေးကို အာရုံပြုပြီး လှူပေးပါ။ စိတ်ထဲမှာ မကောင်းတာကို အာရုံမပြုဘဲနဲ့ ကောင်းတဲ့အာရုံကိုပဲ ပြုပေးပါစသည်ဖြင့် ပြောဆိုလုပ်ကိုင်ပေးမည်ဆိုလျှင် အသက်ထွက်ခါနီးပုဂ္ဂိုလ်သည် ထိုကောင်းမှုစိတ်လေးကို အာရုံပြုရင်းသေသွားပါက ကောင်းတဲ့ဘုံကို ရောက်သွားနိုင်ပါတယ်။

ဒါပေမဲ့ တကယ်လို့ အဲဒီပုဂ္ဂိုလ်ဟာ သေခါနီးမှသာ ကောင်းမှုလုပ်လိုက်၍ ကောင်းတဲ့ဘုံကို အကျိုးပေးသော်လည်း သူသည်အရင်က မကောင်းတာတွေပဲ လုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါက သူမကောင်းကျိုးကို အဲဒီဘုံဌာနမှာ ခံစားရမှာပါ။ ဥပမာ-သေခါနီးမှာ ကောင်းမှုလုပ်ပြီး ကောင်းတဲ့အာရုံကြောင့် လူပြည်ရောက်သွားသော်လည်း အဲဒီပုဂ္ဂိုလ်သည် အရင်က မကောင်းတာတွေပဲ လုပ်ခဲ့လျှင် လူဖြစ်ပြီး လူချင်းမတူသော စွံ့အနားမကြား၊ ဒုက္ခိတ၊ ရောဂါများခြင်း၊ မွေးပြီးခဏသေခြင်း၊ ဆင်းရဲနုံခြာသောဘ၀ဖြစ်ခြင်း၊ ဉာဏ်ထိုင်မှိုင်ခြင်းစတဲ့ မကောင်းကျိုးများကို ခံစားရပါလိမ့်မယ်။ လူပြည်မဟုတ်ဘဲ နတ်ပြည် ရောက်သွားလျှင်လည်း နတ်ခြင်းမတူဘဲ စည်းစိမ်းနည်းပါးခြင်း၊ အခြံအရံနည်းပါးခြင်း၊ ရုပ်ရေနုံခြာခြင်းစတဲ့ မကောင်းကျိုးများကို ခံစားရပါမယ်။

တစ်ချို့က အထင်မှားနေကြတဲ့အယူလေးတွေလည်း ရှိပါသေးတယ်။ ဘာဖြစ်လို့ သေခါနီးမှလုပ်တဲ့ကုသိုလ်က အရင်အကျိုးပေးသလဲ၊ သေခါနီးမှ ကောင်းမှုလုပ်ရင် အဲဒီပုဂ္ဂိုလ်ဟာ ကောင်းတဲ့ဘုံရောက်တယ်ဆိုတော့ သေခါနီးမှလုပ်မယ်လို့ စိတ်ကူးကြသူများလည်း တွေ့ရပါတယ်။

သေခါနီးမှာ ကောင်းမှုလုပ်၍ ကောင်းတဲ့ဘုံကိုအကျိုးပေးသော်လည်း မိမိသည် သေခါနီးတွင် ကောင်းမှုလုပ်ဖို့ရန် ဘယ်လိုသေခြင်းမျိုးနဲ့ သေမလဲဆိုတာ မသိနိုင်ပါ။ ဥပမာ-ရုတ်တရက်သေသွားသော သေခြင်းများနဲ့သေသွားရလျှင် ဘယ်မှာကောင်းမှုလုပ်နိုင်မလဲ၊ မိမိဘယ်ချိန်ဘယ်နေရာ ဘယ်လိုလူမျိုးတွေ ရှေ့မှာ သေရမယ်ဆိုတာရော ဘယ်သူကကြိုတင်သိနိုင်မလဲဆိုတာတွေ ရှိသေးသည့်အတွက် မသေခင် အသက်ရှင်နေတုန်းမှာ ကောင်းမှုများကို နေ့စဉ်လုပ်ပြီး မိမိစိတ်မှာ ကုသိုလ်အာရုံများဖြင့် ပျော်မွေ့နေအောင် လုပ်ပေးရပါမယ်။

မိမိတို့သည် ယခုလူ့ဘ၀ရနေ၍ ယခုဘ၀အတွက် သိပ်ပူပန်စရာမလိုတော့ပါ။ အနာဂတ်ဖြစ်လာမည့် ဘ၀တွေကောင်းဖို့ကိုသာ အဓိကထားလုပ်ပေးရပါမယ်။ မျက်မှောက်တစ်ဘ၀ကောင်းစားဖို့နဲ့ ရှေ့ဆက်ဖြစ် ရမည့်ဘ၀ပေါင်းများစွာ ကောင်းစားဖို့တို့ကို နှိုင်းယှဉ်ကြည့်ကာ ဘယ်အရာက ပို၍အရေးပါသလဲ ဘယ်အတွက်ကို အဓိကထားလုပ်ပေးရမလဲဆိုတာ စဉ်းစားပြီးမကောင်းမှုများကို ဒီဘ၀အတွက်နဲ့တော့ မလုပ်ဘဲနဲ့ကောင်းမှုများကိုသာ အနာဂတ်ဘ၀များစွာအတွက် ကောင်းဖို့ရန် လုပ်ပေးဖို့အဓိက လိုအပ်ပါပေ တယ်။

နောက်ဆုံးသေခါနီးမှာဖြစ်တဲ့စိတ်သည် ဘာ့ကြောင့်အရင် အကျိုးပေးရသလဲ ဆိုတာကို လူသားအားလုံးနားလည်အောင် တင်ပြပေးပါမယ်။ ယခုတော့ စာများနေပြီးဖြစ်တဲ့အတွက် ဒီလောက်ပဲ အရင်တင်ပြပေးလိုက်ပါတယ်။ ဒီလ(၂၃) ရက်နေ့ ရန်ကုန်သွားမည်မို့ ဒီကြားတွင်တော့ အပြီးသတ်အောင် ရေးသားတင်ပြပေးပါမယ်လေ။

Saturday, February 19, 2011

သေခါနီးမှာ ဘာအရေးကြီးဆုံးလဲ အပိုင်း(၂)

ဒီဘ၀သေရင် နောင်ဘ၀ဆိုတာ မရှိဘူးလို့ အယူရှိကြတဲ့လူတွေအား (၂)နှစ်သားအရွယ်လောက်ထိ မိမိဖြစ်ခဲ့တဲ့ ဘ၀ဟောင်းကို ပြန်လည်မှတ်မိနေသော ကလေးများနဲ့သက်သေပြရပါမယ်။။ အဲဒီကလေးများသည် အရင်ဘ၀က မိမိခံစားခဲ့ရတဲ့ ဒုက္ခကိုစွဲခဲ့၍ လည်းကောင်း၊ မိမိပစ္စည်းဥစ္စာများကို အမှတ်သင်္ကေတကြီးစွာဖြင့် ထားခဲ့၍လည်းကောင်း၊ သမာဓိအားကောင်းအောင် ကြိုးစား အားထုတ်ခဲ့၍လည်းကောင်း အသိဉာဏ်အားကောင်းချိန် ကလေးဘ၀၌ ပြောပြကြသည်ကို တွေ့ရပါတယ်။ သို့သော်လည်း အသိဉာဏ်အားနည်းလာသော အသက်ကြီးသောအရွယ်တွင် ပြန်လည်မပြောပြနိုင်တော့ပါ။ တကယ်ကို မွေးကတည်းက သေသည်အထိ မိမိဖြစ်ခဲ့တဲ့ဘ၀ကို ပြန်လည်ပြောပြနိုင်သူသည် အရင်ဘ၀ကိုအောက်မေ့နိုင်သော ဇာတိဿရဉာဏ်ရရှိသူများသာ ပြောပြပေးနိုင်ပါတယ်။


တစ်ဘ၀မှတစ်ဘ၀သို့ပြောင်းတဲ့ခါ စိတ်သည်ချက်ခြင်းဆက်တိုက်ဖြစ်နေ၍ ဘ၀တွေ ပုံသဏ္ဍာန်တွေ သာပြောင်းသွားပါတယ်။ စိတ်တရားရုပ်တရားတွေကတော့ ယခုဘ၀က ချုပ်ပျက်ပြီး နောက်ဘ၀မှာလည်း ဆက်တိုက်စိတ်သစ်ရုပ်သစ်တွေ ဖြစ်သွားပါတယ်။ ကြားကာလရယ်လို့ သီးသန့်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စိတ်တရား ရုပ်တရားတို့ရဲ့ ပြောင်းလဲမှု ဖြစ်ပျက်မှုတွေဟာ လျင်မြန်လွန်လို့ ဖြစ်ပါတယ်။ ရုပ်တရားရဲ့ ဖြစ်ပျက်မြန်မှုကို ၀ိပဿနာမရှု့၍ မသိလျှင်တောင်မှ စိတ်တရားရဲ့ လျင်မြန်မှုကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်။ အဲဒီလို မြန်ဆန်လှတဲ့ စိတ်တရားရုပ်တရားတွေဟာ ဘယ်မှာကြားကာလရဲ့လို့ ရှိနိုင်ပါမလား။

တကယ်တော့ သတ္တ၀ါတစ်ဦး ဘ၀ပြောင်းတယ်ဆိုတာ မိမိတို့ ခုနှစ်သက္ကရာဇ်တွေပြောင်းသလို ချက်ခြင်းပြောင်းလဲနေတာပါ။ (၂၀၁၀)ဒီဇင်ဘာ(၃၁)ရက်နေ့ ည(၁၂)နာရီကျော်လွန်သွားလို့ (၂၀၁၁)ဖြစ်သွား သလို တစ်ဘ၀က ရုပ်နာမ်တရားတွေကုန်လို့ နောက်ဘ၀သစ်ရုပ်နာမ်တရားတွေ ဆက်ဖြစ်သွားတာပါ။ (၂၀၁၀)ကနေ (၂၀၁၁)လို့ ပြောင်းလဲသွားသလို လူ့ဘ၀ကနေ နတ်ဘ၀ သို့မဟုတ် အပါယ်ဘ၀တစ်ခုခုသို့ ပြောင်းလဲသွားခြင်းပါ။ (၂၀၁၀)မှာလည်ပတ်နေသော အချိန်ကာလသည် ခြားကာလရပ်နားမှုမရှိဘဲ ပြောင်းလဲ သွားသလို ရုပ်တရားနာမ်တရားတွေဟာလည်း အရင်ဘ၀ကပျက်ပြီးတာနဲ့ အသစ်တစ်ဖန် ဆက်တိုက် ဖြစ်နေပါတယ်။

ဒါ့ကြောင့်လည်း ရဟန်းတစ်ပါးဟာ တရားအားထုတ်ရင်း ပျံလွန်တော်မူသွားတဲ့အခါ နတ်ပြည်ကိုရောက်ပြီး နတ်သားသွားဖြစ်သော်လည်း သူ့ကိုယ်သူဘ၀ပြောင်းသွားတာကို မသိရှာဘူးလေ။ သူကတော့ နတ်ပြည်မှာ နတ်သားဖြစ်နေသော်လည်း တရားကတော့ ထိုင်လျက်ပါပဲတဲ့။ လူ့ပြည်က ထိုင်းလျက်သေသွားခြင်းကြောင့် နတ်ပြည်မှာလည်း ထိုင်လျက်ပဲ နတ်သားဖြစ်နေပါတယ်။ သူတရားထိုင်နေတာကို နဘေးက နတ်သမီးတွေက ထူးဆန်းပြီး ဒီနတ်သားက ဘယ်လိုလဲ နတ်ပြည်လာပြီး မပျော်ပါးပဲနဲ့ တရားထိုင်နေပါလားဆိုပြီး သူနားမှာ ပူညံပူညံလုပ်နေကြပါတယ်။ အဲဒီလို နတ်သမီးတွေသူနားမှာ ပူညံလုပ်နေတာကို နတ်သားကတော့ တရားအားထုတ်ရင်း စိတ်ထဲမှာ ဘုန်းကြီးကျောင်းကိုလာတဲ့ ဒကာမတွေ စကားပြောနေတာလို့ ထင်နေပါတယ်။ နောက်ဆုံး နတ်သမီးတွေက သူ့ရှေ့မှာ မှတ်တစ်ချက်ထောင်ပြပြီး မျက်လုံးလေးဖွင့်ကြည့်လိုက်ပါအုန်းလို့ ပြောတဲ့အခါကျမှ သူ့ကိုယ်သူ ရဟန်းဘ၀ကနေ နတ်သားဘ၀ဖြစ်နေတာပါလားလို့ သိသွားပါတယ်။ အဲဒါကို ကြည့်မယ်ဆိုရင် သတ္တ၀ါတွေတစ်ဘ၀မှတစ်ဘ၀သို့ ပြောင်းတဲ့ခါမှာ စိတ်တရားရုပ်တရားတွေဟာ ဆက်တိုက်လိုက်ဖြစ်ပျက်လုပ်နေတယ်ဆိုတာ သိသာပါတယ်။ ဒီလောက်ဆို ဘ၀ပြောင်းတဲ့ခါ စိတ်တရားရုပ်တရားတွေရဲ့ လျင်မြန်စွာ ဆက်တိုက်ဖြစ်ပျက်နေမှုကို သိလောက်မယ်ထင်ပါတယ်။

ဦးဇင်းတို့ဗုဒ္ဓဘာသာရဲ့ ရည်မှန်းချက်ပန်းတိုင်းဟာ အဲဒီဖြစ်ပျက်နေတဲ့စိတ်တရား ရုပ်တရားတွေ ရပ်တန့်သွားရာနိဗ္ဗာန်ကိုရောက်ဖို့ပါ။ ဒါကို လူတွေက ယခုရနေတဲ့ဘ၀ကနေ နောက်ဘ၀ကိုကူးပြောင်းရမှာ ကြောက်နေကြပါတယ်။ တကယ်တော့ မိမိတို့ဟာ ရုပ်တရားစိတ်တရားတွေကို ဖြစ်စေတတ်တဲ့ ဘ၀ကိုလိုချင်မှု၊ လောဘ၊ ဖြစ်လာတဲ့ဘ၀ကို နှစ်သက်တွယ်တာမှုဖြစ်အောင် အမှန်တရားကို မမြင်အောင် ဖုံးကွယ်ထားတဲ့ အ၀ိဇ္ဇာ၊ မိမိပြုလုပ်ခဲ့တဲ့ ကောင်းကံမကောင်းကံတွေကို ပယ်သတ်ပေးနိုင်တဲ့ သစ္စာတရားကို သိရှိအောင် အားမထုတ်ထားသေးသမျှ ဘ၀တွေဟာ ဖြစ်နေအုန်းမှာပါ။ အဲဒီတော့ မိမိတို့က တကယ့်ကို ဘ၀တွေဖြစ်ပြီးသေရမှာကိုကြောက်တယ်ဆိုရင် အဝိဇ္ဇာအစရှိတဲ့ကိလေသာတရားတွေကို သစ္စာတရားနဲ့ ပယ်သတ်နိုင်အောင် ကြိုးစားရမှာပါ။ ဒီဘ၀တစ်ခုတည်းကိုပဲ သေရမှာမဟုတ်တဲ့အတွက် ဒီဘ၀လေးပဲ သေရမှာကြောက်မနေကြပါနဲ့။ အမြဲမသေရအောင် ကြိုးစားအားထုတ်ဖို့သာ အဓိကလိုအပ်ပါပေတယ်။

သေခါနီးမှာထင်တဲ့ နိမိတ်(၃)မျိုးအကျယ်နှင့် သေခါနီးနာတာရှည်လူများကို ဘယ်လိုပြုလုပ်ပေး သင့်တယ်၊ မသေခင်ဘယ်လို ကြိုတင်ပြင်ဆင်ထားရမယ်ဆိုတာကို ဆက်လက်တင်ပြပေးပါမယ်။

Thursday, February 17, 2011

ဆန်နီနေမင်း အမေးအဖြေ သေခါနီးမှာဘာအရေးကြီးသလဲ

တပည့်တော် ငယ်ငယ်ကတည်းက သိချင်တာလေးတွေရှိပါတယ်ဘုရား။ နည်းနည်းလေး ကြီးတော့လည်း စာအုပ်တွေထဲမှာ ရှာဖတ်ပေမယ့် နားမလည်နိုင်ဘူး ဘုရား။ လူတစ်ယောက်က သေခါနီးမှာ သူလုပ်ဖူးတဲ့ ကောင်းမှုတွေကို မြင်ယောင်ပြီး သေသွားရင် ကောင်းရာသုဂတိ လားတယ်လို့ ပြောကြတယ်ဘုရား။ ဒါဆို သူလုပ်ခဲ့တဲ့မကောင်းမှုတွေကရော ဘယ်တော့မှ ခံရမှာလည်းဘုရား။


ဒီမေးခွန်းလေးကလည်း သိသလိုလိုနဲ့ ယောင်းဝါးဝါးဖြစ်တတ်ပါတယ်။ ဒီအကြောင်းအရာများဟာ အလွန်အင်မတန် သေချာကျနစွာ သိထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေရဲ့ ဘ၀ဖြတ်သန်းမှုနဲ့ဆိုင်လို့ပါ။ ဦးဇင်းကိုယ်တိုင်တောင် ငယ်ငယ်က ဒီအကြောင်းအရာများကို ၀ါးတားတား ဖြစ်ခဲ့ပါတယ်။ ခု နောက်ပိုင်းကျမှ စာအုပ်တွေဖတ်၊ ဉာဏ်မှီသလောက် စဉ်းစားတွေးခေါ်ကြည့်မှ အတော်အတန် နားလည်လာပါတယ်။ အဲဒါကြောင့် လူသားအားလုံး သိရှိနားလည်ထားကြရန်အတွက် ဦးဇင်းဉာဏ်မှီသလောက် ရေးသားတင်ပြပေးလိုက်ပါတယ်။



သတ္တ၀ါမှန်သမျှ ဘ၀ကိုလိုချင်တပ်မက်တဲ့ လောဘတဏှာရှိနေသမျှ ဘ၀ကုန်ဆုံးရာ လမ်းကြောင်းမှန်ကိုသိပြီး ဘ၀တစ်ဖန် မဖြစ်လာအောင် အားမထုတ်ထားသေးသမျှ တစ်ဘ၀မှတစ်ဘ၀သို့ ကူးပြောင်းဖြစ်နေကြရအုန်းမှာပါ။ တစ်ချို့က ဘ၀ဆိုတာ ဒီဘ၀သေရင် နောက်ဘ၀မဖြစ်တော့ဘူးလို့ အယူရှိကြပါတယ်။ အဲဒီလိုအယူရှိသူများသည် လူဝင်စားများကို မမြင်မကြားဘူး၍လည်းကောင်း၊ အကြောင်းတရား အကျိုးတရားတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်ကိုလည်းကောင်း သေချာကျနစွာ နားမလည်ထားသေးခြင်းတို့ကြောင့် ဖြစ်ပေလိမ့်မယ်။

လူတစ်ယောက် သို့မဟုတ် သတ္တ၀ါတစ်ဦးဟာ ဘ၀တစ်ခုမှ တစ်ခုသို့ ပြောင်းလဲတဲ့အခါမှာ သေခါနီးကာလတွင် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် (၃)မျိုးတို့တွင် တစ်မျိုးမျိုးပေါ်ကာ နောက်ဘ၀သစ်သို့ ပြောင်းလဲသွားပါတယ်။ စိတ်ရဲ့ဖြစ်စဉ်ဟာ အင်မတန်မြန်တာကြောင့် အဲဒီနိမိတ်တွေဖြစ်ဖို့ သီးသန့်စောင့်ဆိုင်းပေးနေချိန်ရယ်လို့တော့ မရှိပါဘူး။ ကားတိုက်၍သော်လည်းကောင်း၊ ဓါးထိုးခံရ၍ လည်းကောင်း၊ ဗုံးမှန်၍လည်းကောင်း ချက်ချင်းသေနိုင်တဲ့ပုဂ္ဂိုလ်များသော်မှလည်း ထိုနိမိတ်(၃)မျိုးတွင် တစ်ခုခုတော့ ဖြစ်ကြပါတယ်။

စိတ်ရဲ့လျင်မြန်မှုဟာ ဘယ်လောက်ဝေးတဲ့နေရာကိုဖြစ်စေ အာရုံပြု၍ ရနိုင်ပါတယ်။ နီးတဲ့နေရာလည်း ချက်ချင်းရောက်နိုင်သလို ဝေးတဲ့နေရာကိုလည်း ချက်ခြင်းရောက်နိုင်တာသည် စိတ်ရဲ့လျင်မြန်မှုပဲ ဖြစ်ပါတယ်။ တစ်ဘ၀မှ တစ်ဘ၀ပြောင်းသို့ ပြောင်းလဲသွားတယ်ဆိုတာ မျက်မှောက်ဘ၀မှာရှိတဲ့ ရုပ်တရားနာမ်တရားတွေ ပျက်ကာ ဘ၀သစ်ကို ရုပ်သစ်စိတ်သစ် သွားဖြစ်တာပါ။ ရုပ်တရားနာမ်တရားတွေဟာ ဖြစ်လိုက်ပျက်လိုက် အမြဲလုပ်နေကြပါတယ်။ အဲဒါကြောင့် ယခုဘ၀ရုပ်နာမ်တွေ ပျက်ပြီးတာနဲ့တပြိုင်နက် ဘ၀သစ်ကူးကာ ရုပ်နာမ်သစ်တွေ ချက်ခြင်းတန်းဖြစ်ကြပါတယ်။

အဲဒီလို ရုပ်နာမ်သစ်တွေ ဖြစ်တဲ့အခါမှာ သူသီးသန့်ချည်း ဖြစ်တာမဟုတ်ဘဲ အရင်ဘ၀ဟောင်းက ပျက်သွားခဲ့တဲ့ရုပ်နာမ်တွေရဲ့ အထောက်အပံ့နဲ့ ဖြစ်လာကြတာပါ။ ဒါ့ကြောင့် ဘ၀သစ်ဖြစ်တယ်ဆိုတာ ရုပ်သစ်နာမ်သစ်ချည်း ဖြစ်တာမဟုတ်သလို ဘ၀ဟောင်းက ရုပ်နာမ်တွေ ပါလာတာလည်း မဟုတ်ပါ။

ဥပမာ-ကျောက်လှိုင်ဂူထဲမှာ အော်လိုက်တဲ့အခါ မိမိအော်သံသည် နံရံကိုရိုက်ခတ်ကာ အသံတစ်ခုပြန်လည်ပေါ်လာပါတယ်။ အဲဒီပေါ်လာတဲ့အသံသည် မိမိရဲ့အသံလားဆို မိမိအသံလဲမဟုတ်သလို မိမိရဲ့မူရင်းအသံနဲ့ကင်း၍လည်း အဲဒီအသံဖြစ်မလာပါဘူး။ အဲဒီလိုပဲ သတ္တ၀ါတစ်ဦးသည် ယခုဘ၀သေလွန်ပြီး ရုပ်နာမ်တရားများ ချုပ်သွားသွားပြီးတဲ့နောက် ဘ၀သစ်မှာ ဆက်တိုက်ရုပ်နာမ်သစ်တွေ ဖြစ်ပါတယ်။ အဲဒီရုပ်နာမ်တရားများသည် ဘ၀ဟောင်းက ရုပ်နာမ်တရားလည်း မဟုတ်သလို ဘ၀ဟောင်းက ရုပ်နာမ်တရားနဲ့လည်း ကင်းပြီး ဖြစ်လာတာလည်း မဟုတ်ပါဘူး။ သူ့ဘ၀ဟောင်းက ရုပ်နာမ်တရားကြောင့် အခုဘ၀သစ်မှာ ရုပ်နာမ်သစ်ဟာ ဖြစ်လာရခြင်းပါ။ တကယ်လို့မိမိက ရုပ်နာမ်တရားတွေ မဖြစ်နိုင်အောင် ဘ၀တွေကို လိုချင်တဲ့အ၀ိဇ္ဇာ၊ တဏှာစတဲ့ ကိလေသာများအား ပယ်သတ်နိုင်မယ်ဆိုရင်တော့ ရုပ်နာမ်သစ်တွေ ဖြစ်လာမှာမဟုတ်တော့ပါဘူး။

တစ်ချို့က လူတစ်ယောက်သေရင် (၇)ရက်မကျွတ်ဘဲနဲ့ အိမ်ပတ်ဝန်းကျင်မှာ နေသေးတယ်လို့ ထင်နေကြပါတယ်။ အဲဒီလိုနေနိုင်တဲ့ပုဂ္ဂိုလ်ကလည်း တစ်ခုခုဆွဲသေသွားပြီး ပြိတ္တာဖြစ်တဲ့ပုဂ္ဂိုလ်များမှသာ ကောင်းမှုကုသိုလ်ကို သာဓုခေါ်ရန် စောင့်နေတတ်ပါတယ်။ အရင်ဘ၀က သေခါနီးကာလမှာ တစ်ခုခုကိုစွဲပြီးသေသွားသူများသည် ပြိတ္တာဘုံသို့ ရောက်ကြတာများပါတယ်။ အဲဒီပုဂ္ဂိုလ်များသည် ကုသိုလ်ကောင်းမှုရှိသော်လည်း အစွဲလမ်းဖြင့် သေသွားရခြင်းကြောင့် ပြိတ္တာဘုံ၌ ဆင်းရဲဒုက္ခကို ခံစားနေရတာပါ။ ကောင်းမှုကုသိုလ်ရှိသူများသည် မိမိ၏ဆွေမျိုးသားချင်း သူငယ်ချင်းများက ကောင်းမှုလုပ်ပြီး အမျှဝေလျှင် သူတို့သည် သာဓုခေါ်ကာမျှဖြင့် အရင်ဘ၀ကလုပ်ခဲ့တဲ့ ကောင်းမှုကံကြောင့် နတ်ဘုံသို့ ရောက်သွားပါတယ်။ ကောင်းမှုလည်းမရှိဘဲနဲ့ သေသွားပြီး ပြိတ္တာဘုံဖြစ်ရင်တော့ သာဓုခေါ်ရုံဖြင့် ဘ၀ပြောင်းမသွားနိုင်ပါ။ အစားအစာ အ၀တ်အစား နေစရာများ ပြည့်စုံရုံသာ ရရှိပါလိမ့်မယ်။

လူတစ်ယောက်သေပြီးလျှင် မိမိအိမ်ပတ်ဝန်းကျင်၌လည်းကောင်း၊ မိမိအိမ်ပေါ်နေရာများ၌ လည်းကောင်း သေသွားသူ၏ အတ္တ၀ိညာဉ်လေးသည် (၇)ရက်နေသည်ဟု ယူဆသူများသည် မိမိခန္ဓာကိုယ် ထဲမှာ အတ္တဆိုတဲ့ ၀ိညာဉ်ကောင်ရှိတယ်လို့ ယူဆနေကြတဲ့သူတွေရဲ့ တခြားသောအတ္တ၀ါဒဘာသာများ၏ အယူသာဖြစ်ပါတယ်။ စာရေးသူတို့ မြတ်ဗုဒ္ဓသည် အနတ္တ၀ါဒဖြစ်ခြင်းကြောင့် မည်သည့်အရာမျှ မြဲမြံတည်ရှိနေတယ်ဆိုတာ မရှိပါဘူး။ ဒီလောက်လျင်မြန်စွာ ဖြစ်လိုက်ပျက်လိုက်ဖြစ်နေသော ရုပ်တရားနာမ်တရားတွေသာရှိတဲ့ ခန္ဓာကိုယ်ကြီးထဲမှာ ဘယ်လိုလုပ်အတ္တကောင်က ရှိနေနိုင်ပါ့မလဲလေ။

စာရေးသူတင်ပြချင်သော အကြောင်းအရာများသည် အလွန်များနေပါသဖြင့် နောက်ဆက်တွဲများကို ဆက်လက်တင်ပြပေးပါမယ်။ မြန်မာပြည်မပြန်ခင် အင်တာနက်ရတဲ့ စင်္ကာပူမှာနေတုန်း စာဖတ်သူများအား သိစေချင်သည့်အကြောင်းအရာများကို အချိန်ရတိုင်းလုပြီး ရေးသားပေးပါအုန်းမယ်လေ။ ခုတော့ ဒီမျှလောက်ကိုပဲ အရင်နားလည်အောင် ဖတ်ရှု့ကာ မှတ်သားလိုက်နာကျင့်ကြံကြပါအုန်းလေ။

Tuesday, February 8, 2011

ဒကာ နတ်လူမုန်းသမီးမွေးနေ့နှင့်ဆရာတော်ဆန်နီနေမင်း မလေးရှားရောက် အမှတ်တရအလှူပွဲ








အားလုံးမင်္ဂလာပါ ..သမီးကိုသမီးမိတ်ဆက်ပေးပါရစေ။ လာမယ့် (၁၆)ရက်နေ့မှာတစ်နှစ်ပြည့်မယ့် သမီးရဲ့မွေးနေ့ပွဲလေးအတွက် ရပ်ဝေးကနေ စီစဉ်ပေးတဲ့ ဖေဖေ နတ်လူမုန်းကိုသမီးကျေးဇူးအရမ်းတင်ပါတယ်။ ယနေ့ထိ မမြင်ဖူးသေးပေမယ့် သမီးလိုက်ကြည့်နေမိတယ် မျှော်နေမိတယ် တစ်နေ့ရောက်လာမယ်လို့လဲယုံကြည်မိပါတယ်။

သမီးရဲ့မွေးနေ့ပွဲလေးကို အဆင်ပြေအောင်စီစဉ်ပေးကြတဲ့ ဦးလူလေးနဲ့သူငယ်ချင်းအပေါင်းအသင်းများ အနာဂတ်က အဖွဲ့ဝင်များကို သမီး လှိုက်လှိုက်လှဲလှဲကျေးဇူးပါတယ်ရှင်။ သမီးရဲ့နာမည်ကိုတော့ ဆရာတော်နှစ်ပါးက ပေးထားပြီးဖြစ်ပေမယ့် ဖေဖေနတ်လူမုန်းနဲ့ အနာဂတ်က အဖွဲ့ဝင်များခေါ်ကြမယ့် နာမည်လေးကိုပဲ သမီးရချင်လို့ ယနေ့ထိစောင့်မျှော်နေဆဲပါပဲ။ ဖေဖေ့ကိုခင်ကြသလို သမီးကိုလဲ ခင်ကြပါလို့ သမီးတောင်းဆိုပါတယ်။ သမီးရဲ့မွေးနေ့ပွဲ အမှတ်ရဓာတ်ပုံလေးတွေကြည့်ရင်း ဖေဖေကိုမမြင်ဖူးသေးတဲ့သမီးလေးကို ဝိုင်းပြီးဆုတောင်းပေးကြပါလို့ သမီးမျှော်လင့်ပါတယ်ရှင်။ ရပ်ဝေးက ဖေဖေလဲ ဝမ်းသာစွာနှင့်ကြည့်နိုင်ပါစေ ...။


မလေးရှားကိုအလည်တစ်ခေါက်ရောက်ရှိနေတဲ့ ဆရာတော် ဆန်နီနေမင်းပါ။ ဆရာတော်ရဲ့ခရီးစဉ်အတွက် မွေးနေ့မရောက်ခင်ကြိုစီစဉ်လိုက်ရပေမယ့် ဆရာတော်ကို ဒါနပြုလိုက်ရတဲ့အတွက် ဝမ်းသာကြည်နူးခြင်းဖြစ်ရပါတယ်။ ဆရာတော်ရဲ့ ဆုံးမသြဝါဒတွေနဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖြစ် ဘဝကိုရှင်သန်မယ်လို့ သမီးကိုသမီး တိုးတိုးလေးဂတိပေးမိတယ်။ ဦးလေးကိုယ်တိုင် အဲလိုအင်္ကျီကြီးချွတ်ပြီးအလုပ်များချင်ဟန်ဆောင်တာကို သမီးရယ်ချင်သေးတယ်၊ ဒါပေမယ့် သမီးမရယ်ပါဘူး။ အခုချိန်မှာ သူ့ကိုပဲ ဖခင်တစ်ယောက်လို အားကိုးနေရတာ မဟုတ်လား။
အခုလို မရမ်းက အုပ်စုလိုက်ကြီးကျောင်းမှာ ဝိုင်းလုပ်ကြတာမြင်တော့ သမီးအရမ်းပျော်မိတယ်။ အဲဒီအုပ်စုထဲမှာ ထိုင်နေတဲ့သူအားလုံးက သမီးကို မွှေးမွှေးဖူးကြသူတွေပါပဲ သမီးလဲသူတို့ကိုချစ်ပါတယ်။
ကြည့်ပါဦး တိုက်တိုက်ဆိုင်ဆိုင်အဲဒီနေ့မှ မိုးတွေသည်းကြီးမဲကြီးရွာချတယ်။ မိုးရွာထဲမှာ အခုလိုလုပ်အားဒါနပြုနေကြတဲ့ ဥင်္ီးလေးတွေကိုကြည့်ရတာ သမီးမျက်ရည်ဝဲတယ် သမီးအရွယ်ရောက်လာရင်လဲ ယခုလို လုပ်အားဒါနနဲ့ တတ်နိုင်သလောက် ကူညီမယ်လို့ ဆုံးဖြတ်မိတယ် ဖေဖေ။
ဦးမင်းလူရဲ့ စိတ်နေသဘောထားလေးပါပဲ။ အံ့သြစရာပါ။ အတုလဲယူသင့်တယ်။ လူရောဆိုင်ကယ်ရော ပါမစ်ရှိတာ မဟုတ်ပဲနဲ့ အလှူအတွက် ငါးရဖို့ကို သုံးနာရီကြာ ဆိုင်ကယ်နဲ့မြို့ထဲမှာ ပတ်ပြီးဝယ်တယ်။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာဆိုတဲ့စကားကို သမီးလဲ ခုတော့နားလည်လိုက်ပြီ မုန့်ဟင်းခါးလေးချက်တာပဲလေဆိုပြီးတွေးလို့ရပေမယ့် ရင်းလိုက်ရတာလဲ မလွယ်ပါဘူး။ ငါးမိနစ်လောက် လမ်းလျှောက်ရင်ရတဲ့နေရာမှာ ငါးအရှင်တွေ ရှိပေမယ့် သူမမြင်ချင်ဟန်ဆောင်ခဲ့တယ်။
မိုးရွာထဲမှာလဲ ပျော်ပျော်ပါးပါးနဲ့ ချက်နေလိုက်ကြတာ ပင်ပန်းတယ်လို့ကိုမထင်ကြပါလား၊ လူတစ်ရာအတွက် မုန့်ဟင်းခါးပွဲတစ်ရာကို (၃၅၀)ပေးပြီး မှာလိုက်ရင်ရရဲ့သားနဲ့ အခုလို ကိုယ်တိုင်လုပ်ကိုင်ကြတာဟာ သမီးနားမလည်နိုင်သေးတဲ့ စေတနာတွေ ရှိနေကြမှာ အသေအချာပါပဲ ဖေဖေရယ် .. ။
အနာဂတ်က ဦးဇော်အောင်ရဲ့မိခင်တဲ့။ ပဲကြော်ကောင်းကောင်းကြော်တတ်တယ်။ လုပ်အားပေးဖို့အတွက် အဝေးကြီးကနေလာပြီး ကျောင်းမှာ ညအိပ်ညနေဝိုင်းလုပ်ပေးရှာတယ်။ လူတွေရဲ့စေတနာကို သမီးလဲပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေရပြီ . .ဖေဖေရေ ..။
မိုးတွေ လေတွေကြားထား ချက်ပြုတ်လို့ အောင်မြင်စွာပြီးဆုံးသွားတဲ့ မုန့်ဟင်းခါးအိုးပါ။ တစ်ချို့အိုးကိုကြည့်ပြီး ထမင်းကိုနှစ်ခါသုံးခါ ထပ်စားကြတယ်။ မျက်လုံးတွေကတော့ အိုးဆီမှာပဲရှိကြတယ်။ အရမ်းမွှေးတဲ့ ဟင်းအိုးလေးထဲမှာ စေတနာပါထည့်ချက်ထားကြသလိုပါပဲ။
၅-၂-၂၀၁၁ ည (၈)နာရီမှာ ဆရာတော်အပါးလေးဆယ် တရားနာအပြီး တိုက်ကောင်းက အလှူရှင်တွေက ဂျင်းသုပ်ကပ်တယ်။ ဦးလေးတွေကတော့ ရေနွေးကြမ်းကပ်ကြတယ်။ ဆရာတော် ဆန်နီနေမင်းနှင့် ဒုလ္လဘရဟန်းတော်တွေ ရေနွေးကြမ်းနဲ့ ဂျင်းသုပ် သုံးဆောင်နေကြတာပါ။ ည (၁၂)နာရီမှာ ကျောင်းထဲတွင် သူငယ်ချင်းတွေ မောင်နှမတွေ စုပြီး အဲလိုအိပ်ကြတယ်။
နေ့ခင်းဘက်အလုပ်လုပ်နေတဲ့ အချိန်တွေက သူတို့ရဲ့ အိပ်စက်ချိန်တွေ ဖြစ်နေကြတယ် ဖေဖေ။ ဒီဦးလေးတွေကို ဖေဖေပိုက်ဆံပေးခိုင်းရင် လာချင်မှ လာမယ်၊ အခုတော့ သူတို့လုပ်ရပ်တွေနဲ့ စိတ်ဓာတ်တွေက မေတ္တာတရားဆီကို မျက်နှာမူနေကြတယ်။ ဦးရွှေဆည်သားလေးရဲ့ အိမ်က နာမကျန်းဖြစ်လို့ဆိုပြီး ည(၂)နာရီကျော်မှ ကျောင်းကနေပြန်သွားရှာတယ်ဖေဖေ။
တစ်ကယ်လို့များ လမ်းမှာ တစ်ခုခုဖြစ်ရင်........ ဆိုတဲ့ ..............ဖေဖေလဲသိမှာပါလေ။ အဲဒါတွေကိုတောင် သူတို့မမှု့ကြတော့ပါလား။ တစ်ကယ်ပဲ ဖေဖေရယ် ဒီလိုဦးလေးတွေနဲ့ သမီးမခွဲချင်တော့ဘူး။
(၆)ရက်နေ့ နံက် (၇) နာရီမှာ ဆရာတော် အပါး (၃၆)ပါးကို အာရုံဆွမ်းကပ်လှူပါတယ်။ သမီးကိုယ်တိုင်လက်ကလေးနဲ့ကပ်ပြီး ဆရာတော် ဆုတောင်းပေးတာကိုငြိမ်ပြီးနားထောင်ခဲ့တယ်။ မြန်မာစကားကိုသမီးကောင်းကောင်းနားမလည်သေးပေမယ့် အမြဲတမ်းကြားနေကြပါ။
ဖေဖေပြန်လာရင် သမီးကိုမြန်မာလို သင်ပေးနော် ... ။

မေမေကိုယ်တိုင်လဲ ဝိုင်းဝန်းလုပ်ဆောင်ပေးတယ်။ ဖေ့ဖေ့ရဲ့ ဆန္ဒတွေကိုမေမေလဲ လိုက်နာခဲ့တယ်။
ဖေ့ဖေ့အတွက် ဘုန်းကြီးကျောင်းကိုရောက်ဖူးခြင်းက မေ့မေ့ဘဝမှာ ဒါဟာ ပထမဦးဆုံးပဲဖြစ်မှာပါလေ ...။

ဆရာတော်တွေဟာ ဆွမ်းကို ရဟန်းကျင့်ဝတ်တွေနဲ့အညီ ဘုဉ်းပေးကြဖို့ စာသင်ဆရာတော်က ဦးဆောင်ပြီးညွန်ကြားပေးတယ်။


ယခုလို ရဟန်းတော်အများကြီးကို ဆွမ်းလှူဒါန်းရတာ သမီးရဲ့ဘဝမှာ ပထမဦးဆုံးပါပဲ။ ဒီလိုဖြစ်အောင် ရပ်ဝေးကနေ ဖေဖေက ဘယ်အရာတွေ ဘယ်လိုစွန့်လွှတ်ပြီး သမီးအတွက် ဘယ်လောက်ပင်ပန်းနေပြီလဲဆိုတာ သမီးမသိသေးပေမယ့် သမီးသိတတ်တဲ့အချိန်ကျရင် ဖေဖေ့ကိုကျေးဇူးဆပ်ပါ့မယ်ဖေဖေရယ်။ ဖေဖေ အဝေးကနေ သာဓုခေါ်ပါနော် ... ။
ဒီလိုပုံလေးတွေ သမီးကြည့်ရတာမျက်ရည်ဝဲတယ် ဖေဖေ။ ဖေဖေကြည့်ပြီးရင်ရော ဘယ်လိုခံစားရတယ်ဆိုတာ သမီးကိုပြန်ပြောပြပါ ဖေဖေ ..။ ဖေဖေ အမြင်ချင်ဆုံးပုံလေးတွေ မြင်လိုက်ရပြီမဟုတ်လား။ ဖေဖေဝမ်းသာပါစေ။ သမီးကို ဘုန်းကြီးကျောင်းတတ်စေချင်တယ်ဆိုတာ သမီးနားလည်ပါတယ်ဖေဖေ...။
ဆွမ်းစားပြီးတော့ ဆရာတော်ဆန်နီနေမင်းက တရားဟောတယ် လူငယ်တွေနဲ့လိုက်ဖက်မယ့် တရားတော်ကိုများကို မေးဖြေလုပ်ရင်း ဟောကြားသွားတယ်ဖေဖေ။ ဆရာတော်မေးတဲ့မေးတဲ့ မေးခွန်းတွေကို တရားနာတဲ့သူတွေ တိတိကျကျမဖြေနိုင်ခဲ့ကြဘူး။
ရေစက်ဘာကြောင့်ချရတာလဲ။ လူ့ဘဝ အဓိပ္ပါယ်ရှိအောင် ဘယ်လိုရှင်သန်မလဲ။ ခူးစားပြီးသားထမင်း ဟင်းကို ဘုရားဆွမ်းတော် တင်လို့သင့်မသင့်။ ရှစ်ပါးသီလ တစ်ခါယူပြီးရင် နောက်ထပ် ထပ်ယူဖို့ လိုမလို ... စတာတွေက ဗုဒ္ဓဘာသာဝင်တွေ သိသလိုလိုနဲ့ သေသေချာချာမသိကြတဲ့ မေးခွန်းတွေ ဖြစ်တယ်။ ဆရာတော်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာဉာဏ်အမြော်အမြင်ကြီးမားတဲ့ ဆရာတော်ဖြစ်တယ်။
သမီးအတွက်ရော ဖေဖေ့အတွက်ပါ ဘဝလမ်းကို အလင်းပေးမယ့် ကျေးဇူးတော်ရှင်ဖြစ်တယ်ဖေဖေ။ ဒါကြောင့် သမီးတို့ အသက်ရှင်သမျှ ကာလပတ်လုံး ကိုးကွယ်ဆည်းကပ်ချင်ပါတယ် ဖေဖေ ..။
ဖေဖေ့ရဲ့လုပ်အားခနဲ့ ရထားတဲ့အသပြာငွေကြေးလေးကို သမီးကိုယ်တိုင်ကပ်လှူခဲ့တယ်။ သမီးတို့ ပိုလျှံနေလို့ လှူဒါန်းတာမဟုတ်ဆိုတာ ဆရာတော်ရော သမီးတို့မိသားစုပါ သိပါတယ်ဖေဖေ။
စေတနာကိုရှေ့တန်းတင်ပြီး ခြိုးခြံချွေတာလှူဒါန်းတဲ့ငွေကြေးကလဲ ဆရာတော်ရဲ့ပညာရေး အထောက်အပံ့ဖြစ်တာမို့ မွန်မြတ်သော ရည်ရွယ်ချက်တွေနဲ့ ပြည့်နှက်နေလို့ သမီးဝမ်းသာတယ်။ ဖေဖေလည်းဝမ်းသာမှာပါ။ နောက်လဲ ဒီလိုလှူဒါန်းနိုင်အောင် သမီးတို့မိသားစု ကြိုးစားကြမယ်နော်။
ကျောင်းထိုင်ဆရာတော်ကိုလဲ သင်္ကန်းပရိက္ခာတစ်စုံ လှူဒါန်းခဲ့တယ်ဖေဖေ။ ဆရာတော်နဲ့ကြုံခဲတာမို့ ရိုသေစွာလျောက်ထားပြီး အမှတ်တရဓာတ်ပုံရိုက်ကြတယ်။ ဆရာတော်ကတော့သမီးကိုချီသေးတယ်။ သမီးက ကလေးတို့ရဲ့ထုံးစံအတိုင်းငိုချလိုက်တာနဲ့ ဆရာတော်က မချီတော့ဘူးဖေဖေ။
ဒါနဲ့စကားမစပ် ဖေဖေသမီးကို တွေ့တွေ့ချင်း မေ့မေ့လက်ထဲကနေ လုပြီးချီလိုက်လို့ သမီးငိုတဲ့အခါ ဖေဖေ စိတ်ဆိုးရဘူးနော် ....။
ကျောင်းမှာ နေ့လည်ကို မင်္ဂလာပွဲရှိတဲ့အတွက် လူစုံအောင် မစောင့်လိုက်ရဘုးဖေဖေ။ ရှိတဲ့လူလေးးနဲ့ပဲ အောင်မြင်စွာပြီးဆုံးခဲ့တယ်။
ဖေဖေ နတ်လူမုန်းရော ဝိုင်းဝန်းလုပ်ဆောင်ပေးကြသူအားလုံး တူညီသော ကောင်းမှုကိုခံစားရမယ်လို့ ဆ၇ာတော်က မိန့်တော်မူတယ်။ ဖေဖေကို အဓိက မှာချင်တာကတော့ တစ်လတစ်ခါ ရှစ်ပါးသီလယူပါဖေဖေ။ ဒါကလဲ ဆရာတော်ရဲ့ဆုံးမစကားပါ။ သမီးတို့ဖေဖေတို့ ပစ္စုပ္ပန်အတွက်ပဲ ရှင်သန်ရုန်းကန်နေကြရင် ဘဝဟာ အဓိပ္ပါယ်ရှိတဲ့ ရှင်သန်ခြင်းလို့် မခေါ်ဘူး၊ အနာဂတ်အတွက် နောင်သံသရာအတွက်ပါ သမီးတို့ ဖေဖေတို့ လုပ်ဆောင်ကြရမယ်။ ရှင်သန်ကြရမယ်ဖေဖေ။ ဒါတွေဟာ ဖေဖေ့ရဲ့ကောင်းမှုကြောင့် ဆရာတော်က ချီးမြှင့်လိုက်တဲ့ ဆုံးမစကားပါ။ ဖေဖေ လိုက်နာပါနော် .. သမီးကိုချစ်ရင် လစဉ် ရှစ်ပါးသီလယူပါဖေဖေ ...။
တရားလဲနာပြီးရော မုန့်ဟင်းခါးကျွေးတဲ့ဆီကိုလစ်တာ ဦးလေးက ထိပ်ဆုံးကပဲ ဖေဖေ။ ဖေဖေ့ညီကတော့လေ .... ပြောတော့ပါဘူး နောက်မှ......။ တော်ကြာဖေဖေ မူးတယ်မူုးတယ်ဖြစ်နေဦးမယ်။ ဖေဖေ့ကိုပြစရာဓာတ်ပုံတွေ အများကြီးရှိပေမယ့် ဒီနေရာမှာ တင်ရတာများနေလို့ ဓာတ်ပုံများဆိုတဲ့နေရာမှာ တင်မယ်နော် ဖေဖေ ...။
သမီးရင်ထဲက ပြောချင်တဲ့စကားလေးတွေကို သမီးရဲ့မျက်လုံးတွေဖတ်ပြီး ဘာသာပြန်ရေးသားပေးတဲ့ ဦးကျော်ကိုလဲ သမီးကျေးဇူးတင်ပါတယ်။
သမီးရဲ့ပွဲလေးကို ရောက်ရှိလာကြသော ညီအစ်ကိုမောင်နှမများနဲ့ လာချင်ပေမယ့် မလာနိုင်ကြသော ညီအစ်ကိုမောင်နှမများကိုလည်း သမီးဒီနေရာကနေ လက်အုပ်ချီ ရှိခိုး၍ ကျေးဇူးတင်ကြောင်းပြောကြားရင်း သမီးရဲ့အမှတ်တရ ဓာတ်ပုံများဖေ့ဖေ့ထံသို့ပေးပို့ခြင်းကို နိဂုံးချုပ်လိုက်ရတယ်ရှင်။ အရာအားလုံးကံကောင်းကြပါစေ၊ ပျော်ရွှင်ချမ်းမြေ့သော နေ့လေးဖြစ်ပါစေ။






Wednesday, February 2, 2011

ဆန်နီနေမင်း အမေးအဖြေ ဘုရားဉာဏ်တော်နှင့်အားတော်

ဦးဇင်းကိုတော့ ဗဟုသုတ ရရှိသည့်အတွက် ကြည်ညိုမိပါသည်။ ကျွန်တော်မသိသည်များကိုလည်း မေးခွင့်ရှိရန်ခွင့်ပန်ပါသည်။ တကယ်မသိလို့ မေးခြင်းဖြစ်ကြောင်းဝန်ခံပါသည်။ (အာသာစရဏံဥာဏ်တော် ခြောက်ပါးနှင့် အားတော် ဆယ်ပါးတို့၏ အဓိပ္ပါယ်ကို ကောင်းစွာသိလိုပါသည် အရှင်ဘုရား)

အင်း သိချင်မှတော့ ဖြေပေးပါမယ်။ ပထမဦးဆုံး မြတ်ဗုဒ္ဓ၏ အာသာစရဏ ဉာဏ်တော်(၆)ပါးကို တင်ပြရမည်ဆိုလျှင်

၁။ အာသယာနုသယဉာဏ်-သတ္တ၀ါတို့၏အလို အာသာဟူသမျှကိုသိသောဉာဏ်။
၂။ ဣန္ဒြိယပရောပရိယတ္တိဉာဏ်-သတ္တ၀ါ ဣနြေ္ဒရင့်မရင့်ကို ထောက်ချင့် သိမြင်နိုင် သောဉာဏ်။
၃။ သဗ္ဗညုတဉာဏ်-တရားအလုံးစုံကို စုံအောင်သိသောဉာဏ်။
၎။ အနာဝရဏဉာဏ်-ဉေယျဓံတရားငါးပါးဖြစ်သော သင်္ခါရ၊ ၀ိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်တို့ကို သိမြင်တော်မူရာ၌ အပိတ်အပင် အတားအဆီးမရှိသောဉာဏ်။
၅။ ယမကပါဋိဟာရိယဉာဏ်-တန်ခိုးပြာဋိဟာကိုပြရာ၌ လေ့လာပြီးသောဉာဏ်။
၆။ မဟာကရုဏာ သမာပတ္တိဉာဏ်-သတ္တ၀ါများကို အလွန်သနားတော်မူသော ဉာဏ်တို့ပင် ဖြစ်ပါပေသည်။

ထို့နောက် မြတ်ဗုဒ္ဓ၏ အားတော်ဆယ်ပါးဆိုသည်မှာ
၁။ ကာဠာဝကဆင်-လူဆယ်ယောက်ခန့် အင်အားကြီးသောဆင်။
၂။ ဂင်္ဂေယျဆင်-ကာဠာဝကဆင် ဆယ်ကောင် လူတစ်ရာမျှ အင်အားကြီးသော ဆင်။
၃။ ပဏ္ဍရဆင်-ဂင်္ဂေယျဆင် ဆယ်ကောင် လူတစ်ထောင်မျှ အင်အားကြီးသော ဆင်။
၎။ ပိင်္ဂလဆင်-ပဏ္ဍရဆင် ဆယ်ကောင် လူတစ်သိန်းမျှ အင်အားကြီးသောဆင်။
၅။ ဂန္ဓဆင်-ပိင်္ဂလဆင် ဆယ်ကောင် လူတစ်သိန်းမျှ အင်အားကြီးသောဆင်။
၆။ မင်္ဂလဆင်-ဂန္ဓဆင် ဆယ်ကောင် လူတစ်သန်းမျှ အင်အားကြီးသောဆင်။
၇။ ဟေမဆင်-မင်္ဂလဆင် ဆယ်ကောင် လူတစ်ကုဋေမျှ အင်အားကြီးသောဆင်။
၈။ ဥပေါသထဆင်-ဟေမဆင် ဆယ်ကောင် လူဆယ်ကုဋေမျှ အင်အားကြီးသော ဆင်။
၉။ တမ္ဗဆင်-ဥပေါသထဆင် ဆယ်ကောင် လူကုဋေတစ်ရာမျှ အင်အား ကြီးသောဆင်။
၁၀။ ဆဒ္ဒန်ဆင်-တမ္ဗဆင် ဆယ်ကောင် လူကုဋေတစ်ထောင်မျှ အင်အား ကြီးသောဆင်။

မြတ်ဗုဒ္ဓ၏ အင်အားတော်သည် ဆဒ္ဒန်ဆင်တစ်ရာ လူပေါင်းကုဋေတစ်သိန်းတို့၏ အင်အားနဲ့ညီမျှအောင် ကြီးမားလှပေသည်။ ဤမျှလောက်ဆို ပြည့်စုံမည်ထင်သောကြောင့် ယခုတော့ ဒီမျှနဲ့ပဲ နိဂုံးချုပ်ပါရစေ။