Friday, February 24, 2012

မြင့်မိုရ်တောင်နဲ့စကြာဝဠာ


    မြတ်ဗုဒ္ဓက မိမိအတွက် ကောင်းမှုကုသိုလ်ရမဲ့အရာမဟုတ်ရင် မလုပ်နဲ့၊ မကြံစည်နဲ့၊ မပြောဆိုနဲ့။ အဲဒါမျိုးတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင် မိမိလက်ရှိအချိန်လေးဟာ တန်ဖိုးမဲ့တဲ့အချိန်တွေ ဖြစ်သွားလိမ့်မယ်တဲ့။ ဒါပေမဲ့ ခုခေတ်လူတွေဟာ သူတို့သိချင်တာကို မသိရရင် ဗုဒ္ဓတရားတော်များ မှားနေသလို သူတို့ပဲ ဗုဒ္ဓကိုယုံကြည်ရတာ အကျိုးမရှိသလိုဖြစ်နေကြပါတယ်။ ဦးဇင်းစပြီး အွန်လိုင်းမှာ မေးဖြေလုပ်ပေးကတည်းက လူအများဆုံးအမေးခံရတဲ့အရာဟာ ဒီမြင့်မိုရ်တောင်ကိစ္စပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဦးဇင်း မဟုတ်တဲ့အရာနဲ့အချိန်ကုန်မခံချင်လို့ ဖြေမပေးခဲ့ပါဘူး။ ခုတော့ ဖြေမပေးရင် ဦးဇင်းတို့ဘာသာဝင်တွေကို သူများက ကဲ့ရဲ့လို၍ဖြစ်စေ၊ ပညာစမ်းချင်လို့ဖြစ်စေ မေးလာတဲ့အခါ မဖြေနိုင်မည်ဆိုးတာကြောင့် ဦးဇင်းလေ့လာသိရှိသမျှ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းကို ရေးသားတင်ပြပေးလိုက်ပါတယ်။

ကမ္ဘာမြေကြီးသည် ထုထည်အားဖြင့် ယူဇနာပေါင်း (၂)သိန်း(၄)သောင်းရှိတယ်။ အထက်တစ်ဝက်မှာ မြေသားဖြစ်ပြီး အောက်တစ်ဝက်မှာ ကျောက်သားဖြစ်တယ်။ မြေကြီးအောက်မှာ ယူဇနာ(၄)သိန်း(၈)သောင်းထူသော ရေပြင်ရေခဲတုံးကြီးရှိတယ်။ မြေအထုထက် နှစ်ဆကြီးမားတဲ့ ရေပြင်ရေခဲတုံးကြီးက မြေပြင်ကို မြှောက်ထားခြင်း ဖြစ်တယ်။ တဖန် ထိုရေပြင်ရေခဲတုံးကြီးကို ယူဇနာ(၉)သိန်း(၆)သောင်းရှိတဲ့ လေပြင်ကြီးက အောက်မကျအောင် ပင့်မြှောက်တိုက်ခက်ပေးနေတယ်။ အဲဒီလေပြင်ကြီးအောက်မှာမှ အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်ကြီး တည်ရှိပါတယ်။  ထိုကောင်းကင်ကြီးအတွင်းတွင် မီးကလပ် အပြည့်ရှိနေတယ်။ ထိုအောက်တွင်မှ ငရဲကြီးရှစ်ထပ် အစဉ်အတိုင်း တည်ရှိနေပါတယ်။ ဒါကတော့ ကမ္ဘာမြေအောက်ပိုင်း တည်နေပုံပါ။

စကြာဝဠာတစ်ခုဟုသတ်မှတ်သော ကမ္ဘာမြေကြီးရဲ့အ၀န်းအကျယ်မှာ ယူဇနာပေါင်း (၃)သန်း၊ (၆)သိန်း၊ (၁)သောင်း၊ (၃၅၀)ကို သတ်မှတ်၏။ ကမ္ဘာမြေ၀န်းကြီးကို ကျောက်တောင်ကြီးများက ၀ိုင်းဝန်းရစ်ပတ်ပြီး တံတိုင်းခတ်ထားကြတယ်။ ကမ္ဘာမြေကြီးရဲ့အတွင်းမှာ သမုဒ္ဒရာရေပြင်ကြီးရှိတယ်။ ထိုသမုဒ္ဒရာဟာ အနက်ဟာ ယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။ ရေပြင်အထက်မှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်၊ ရေတွင်းမှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။ အဲဒီရေပြင်အထက်နဲ့ရေတွင်းနှစ်ခုပေါင်း (၁)သိန်း(၆)သောင်း(၈)ထောင်ဟာ မြင့်မိုရ်တောင်အမြင့်လည်း အဲဒီလောက်အတူတူမို့ မြင့်မိုရ်တောင် တည်ရှိနေပါတယ်။ အဲဒီတော့ သမုဒ္ဒရာရဲ့ရေပြင်၊ ရေတွင်း၊ ရေ အနက် စုစုပေါင်းဟာ ယူဇနာ(၂)သိန်း၊(၅)သောင်း၊  (၂)ထောင်ရှိပါတယ်။ သမုဒ္ဒရာရဲ့အလယ်တည့်တည့် မှာရှိတဲ့ မြင့်မိုရ်တောင်ကတော့ အထက်ရေပြင် တာဝတိံသာနတ်ပြည်အထိ ယူဇနာရှစ်သောင်းလေးထောင်ရှိသကဲ့သို့ သမုဒ္ဒရာအတွင်း၌လည်း ရှစ်သောင်းလေးထောင်အမြင့် ရှိပါတယ်။

ထိုသမုဒ္ဒရာ၏ ပတ်ဝန်းကျင်တွင် သီဒါခေါ်သော မြစ်တစ်ခုခြားပြီး မြင့်မိုရ်တောင်၏အောက်တစ် ၀က်လောက်နိမ့်တဲ့ ယုဂန္ဓိုရ်တောင် ရှိပါတယ်။ အဲဒီလိုနဲ့ သီဒါမြစ်တစ်ခုတစ်ခုခြား ကာ တောင်စဉ်(၇)ထပ် မြင့်မိုရ်တောင်ကို ၀ိုင်းရံနေကြပါတယ်။ ထိုမြင့်မိုရ်တောင်နဲ့တောင်စဉ်(၇) ထပ်တို့ရဲ့ လေးမျက်နှာရေလယ်ခေါင်းတွင် ကျွန်းကြီးကျွန်းငယ်များ ရှိနေကြပါတယ်။ အဲဒီကျွန်းများတွင် လူစတဲ့သတ္တ၀ါများ နေထိုင်ကြတာကြောင့် အရှေ့ဘက်တွင်ရှိတဲ့ ကျွန်းကို အရှေ့ကျွန်း၊ အနောက်ဘက်ကို အနောက်ကျွန်း၊ မြောက်ဘက်ကို မြောက်ကျွန်း၊ တောင်ဘက်ကို တောင်ကျွန်းလို့ သတ်မှတ်ခေါ်ဝေါ်ကြလေတယ်။

ယုဂန္ဓိုရ်တောင်ထိပ်မှာ စတုမဟာရာဇ်နတ်ပြည်တည်ရှိနေပြီး မြင့်မိုရ်တောင်ထိပ်မှာ တာဝတိံသာနတ်ပြည် တည်ရှိနေပါတယ်။ဒီနတ်ပြည်(၂)ခုဟာ မြေပြင်နဲ့ဆက်စပ်နေလို့ မြေပြင်ရဲ့အမြင့်ဆုံးဖြစ်တဲ့ တောင်တွေပေါ်မှာ တည်ရှိနေတာပါ။ ကျန်တဲ့နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေကတော့ ကောင်ကင်ပေါ်မှာ တည်ရှိနေကြပါတယ်။ ကောင်းကင်အလွှာအထပ်ထပ်တွင် ကျန်တဲ့နတ်ပြည်များဟာ တစ်ထပ်နှင့်တစ်ထပ် ယူဇနာအကွာအဝေး လေးသောင်းနှစ်ထောင်စီအကွာဖြင့် တည်ရှိနေကြတယ်။ မြင်းမိုရ်တောင်၏အထက် ယူဇနာ ငါးသန်းငါးသိန်းရှစ်ထောင်ဝေးသောအရပ်တွင် ဗြဟ္မာဘုံများ ရှိကြပါတယ်။ဒါကတော့ စကြာဝဠာတစ်ခုရဲ့ကမ္ဘာမြေတည်နေပုံပါ။

စကြာဝဠာတစ်ခုအတွင်းမှာ နေတစ်ခု လတစ်ခု ရှိကြပါတယ်။ နေနဲ့လတို့ဟာ ယုဂန္ဓိုရ်တောင်နဲ့ အမျှ ကောင်ကင်မှာ လက်ယာရစ် လှည့်ပတ်နေကြပေတယ်။ ဖြစ်ဖော်ဖြစ်ဖက် ပျက်ဖော်ပျက်ဖက် စကြာဝဠာတွေဟာ ကြမ်းပြင်ပေါ် ဆန်တွေစီချထားသလို စကြာဝဠာတောင်တွေ ခွေရစ်ပတ်နေကြပါတယ်။ ဒီစကြာဝဠာလို တည်ရှိနေကြသေးတဲ့ ကျန်တဲ့စကြာဝဠာပေါင်း မြောက်များစွာ မရေတွက်နိုင်အောင် ရှိပါသေးတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက စကြာဝဠာအနန္တ-ရေတွက်လို့တောင် မရနိုင်အောင် များစွာရှိတယ်လို့ မိန့်ခဲ့တာပါ။

တစ်ခါ လောကဓာတ်အနေနဲ့ ထပ်ရှင်းပြရမယ်ဆိုရင် ဖြစ်တူ-တည်တူ-ပျက်တူဖြင့် အတူတူဖြစ် အတူတူတည် အတူတူပျက်ကြတဲ့ စကြာဝဠာပေါင်း ကုဋေတစ်သိန်းကို မဟာလောကဓါတ်တစ်ခုလို့ခေါ် ပါတယ်။ အဲဒီမဟာလောကဓါတ်ကြီးကို တစ်သောင်းအုပ်စုတစ်ခုစီ ထပ်ခွဲလိုက်ပြီးလျှင် အဲဒီထဲကမှ တစ်သောင်းအုပ်စုတစ်ခုကို မဇ္ဈိမလောကဓါတ်ဟုခေါ်ပါတယ်။ မဇ္ဈိမလောကဓါတ်ကို စူဠလောကဓါတ်လို့ခေါ်တဲ့ စကြာဝဠာတစ်သောင်းနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီတစ်သောင်းထဲက တစ်ခုတုန်လှုပ်ရင် တွဲဖက်ဖြစ်တဲ့ အခြားစကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကလည်း လိုက်ပြီးတော့ တုန်လှုပ်ပါတယ်။

 ဦးဇင်းတို့ရဲ့ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာဘုရားရှင်အထံမှ နိယတဗျာဒိတ်ခံယူပြီးတော့ ဘုရားဖြစ်ဖို့အတွက် ငါဘာတွေကို လုပ်ရမှာပါလဲလို့ စဉ်းစားပါတယ်။ ဘုရားဖြစ်ဖို့အတွက် ပါရမီဆယ်ပါးကို ဖြည့်ကျင့်ရမယ်လို့ မိမိဘာသာ သိမြင်သောအခါမှာ ဦးဇင်းတို့ရဲ့ စကြာဝဠာဟာ အိုးထိန်းစက်ကဲ့သို့ တုန်လှုပ်ခဲ့ပါတယ်။ အဲဒီအခါမှာ ဦးဇင်းတို့ရဲ့ စကြာဝဠာနဲ့တွဲဘက်ဖြစ်တဲ့ စကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကပါ ဦးဇင်းတို့ရဲ့ စကြာဝဠာနဲ့အတူ လိုက်ပြီးတော့ တုန်လှုပ်ခဲ့ပါတယ်။ ဒါကို မဇ္ဈိမလောကဓါတ်တစ်ခုလုံး တုန်လှုပ်တယ်လို့ ခေါ်ပါတယ်။ ဒီအကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် ဗုဒ္ဓ၀င်ပါဠိတော်မှာ ဟောကြားတော်မူခဲ့ပါတယ်။

အဲဒီမဇ္ဈိမလောကဓါတ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ စကြာဝဠာတစ်ခုရှိပါတယ်။ အဲဒီစကြာဝူဠာထဲမှာ အရှေ့ကျွန်း အနောက်ကျွန်း တောင်ကျွန်း မြောက်ကျွန်းဆိုပြီးတော့ ကျွန်းကြီးလေးကျွန်း ရှိပါတယ်။ အဲဒီကျွန်းကြီးလေးကျွန်းထဲက တောင်ကျွန်းမှာ မဇ္ဈိမဒေသအရပ်ဆိုတာရှိပါတယ်။ အဲဒီ မဇ္ဈိမအရပ်ဒေသမှာပဲ သဗ္ဗညုဘုရားရှင်များ၊ ပစ္စေကဗုဒ္ဓါဘုရားရှင်များ၊ပွင့်ကြပြီး ကျန်ကျွန်း(၃)ကျွန်းမှာ မပွင့်ကြပေ။ အခု ဦးဇင်းတို့နေထိုင်တဲ့ စကြာဝဠာအပြင် ကျန်တဲ့စကြာဝဠာများမှာလည်း ဦးဇင်းတို့နေထိုင်တဲ့ စကြာဝဠာလို သုံးဆယ့်တစ်ဘုံတွေ ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီစကြာဝဠာတွေမှာ ဘုရားရှင်များ၊ လူအရိယာများမရှိကြဘဲ စကြာဝတေးမင်းနှင့် နတ်ဗြဟ္မာအရိယာများသာ ရှိကြပါတယ်၊၊

အဲဒီတော့ မဟာလောကဓါတ်ကြီးထဲက သဗ္ဗညုဘုရားရှင် ပွင့်တော်မူတဲ့ စကြာဝဠာတစ်ခုကို ဖယ်ထားလိုက်ရင် အခြားစကြာဝဠာပေါင်း ကုဋေကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုးကုဋေသော စကြာဝဠာတိုင်းမှာ သုံးဆယ့်တစ်ဘုံရှိတယ်။ ဘုရားရှင်များ၊ လူအရိယာများ၊ ရဟန်းအရိယာများ မရှိ။ နတ်အရိယာ၊ ဗြဟ္မာအရိယာနဲ့ စကြာဝတေးမင်းများသာ ရှိကြတယ်။ နတ်အရိယာ၊ ဗြဟ္မာအရိယာ ရှိနေပြီးတော့ ဘာဖြစ်လို့ လူအရိယာ၊ ရဟန်းအရိယာ မရှိရတာလဲလို့ မေးစရာဖြစ်လာပါတယ်။ လူအရိယာ၊ ရဟန်းအရိယာမရှိတာက သူတို့ဆီမှာ သဗ္ဗညုဘုရားရှင်များ မပွင့်ကြလို့ပါ။ ပစ္စေကဗုဒ္ဓါများ မရှိကြတာကတော့ ပစ္စေကဗုဒ္ဓါများဟာ သာသနာပများဖြစ်ကြသော်လည်း အလေ့အလာ ထုံးတမ်းစဉ်လာအားဖြင့် သဗ္ဗညုဘုရားမပွင့်တဲ့ စကြာဝဠာများမှာ ပစ္စေကဗုဒ္ဓါများလည်း မပွင့်ကြလို့ မရှိကြတာပါ။

အရိယာ နတ်တွေဗြဟ္မာတွေဟာ သူတို့ရဲ့ တန်ခိုးဣဒ္ဓိပါဒ်များနှင့် ဘုရားပွင့်တဲ့ စကြာဝဠာမှာ တရားနာလာကြပါတယ်။ ပြီးတော့ အရိယာဖြစ်ကြပါတယ်။ ဗုဒ္ဓစာပေကျမ်းဂန် အနှံ့အပြားမှာ ဘုရားရှင်ရဲ့ တရားပွဲတွေမှာ စကြာဝဠာတိုက်တစ်သောင်းက နတ်ဗြဟ္မာတွေ တရားနာလာကြတယ်ဆိုတာ ကို တွေ့ရှိနိုင်ပါတယ်။ ဒါကိုကြည့်ရင် အခြားစကြာဝဠာက လူတွေလည်း ဘုရားမပွင့်ပေမယ့် ကျွတ်တန်းဝင်နိုင်ကြပါတယ်။ သူတို့စကြာဝဠာမှာ စကြာဝတေးမင်းရှိတယ်။ သူက တရားသဖြင့် ဆုံးမအုပ်ချုပ်မယ်။ လူတွေဟာ စကြာဝတေးမင်းရဲ့ အဆုံးအမကို လိုက်နာပြီးတော့ သီလတွေထိန်းသိမ်းကြမယ်။ ဒါနေတွေပြုကြမယ်။ သမထတွေပွားများကြမယ်။ ပြီးတော့ နတ်ပြည် ဗြဟ္မာ့ပြည်တွေကို ရောက်မယ်။ ပြီးတော့ အဲဒီနတ်တွေ ဗြဟ္မာတွေဟာ ဘုရားရှင်ရှိရာကို လာပြီးတော့ တရားနာကြမယ်။ ကျွတ်တန်းဝင်ကြတယ်။ ဒီသဘောပါပဲ။

အထက်မှာ ပြောခဲ့တဲ့ အကြောင်းတရားတွေကို ထောက်ရှု့ပြီးတော့ အခြားသောစကြာဝဠာများမှာလည်း လူသားများ ဧကန်ရှိကြတယ်လို့ မှတ်ရပါမယ်။ ရတနသုတ်တော် ခန္ဒသုတ်တော် မောရသုတ်တော် ဓဇဂသုတ်တော် အာဋာနာရိယသုတ်တော်များရဲ့ အာဏာတော်ဟာ စင်္ကြာဝဠာပေါင်း ကုဋေတစ်သိန်းနဲ့ ဖွဲ့စည်းထားတဲ့ မဟာလောကဓါတ်ကြီး တစ်ခုလုံးကို ပျံ့နှံ့တည်တံ့ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ မဟာလောကဓာတ်လိုမျိုး မဟာလောကဓါတ်တွေ အများကြီးပဲရှိပါတယ်။ အဲဒီ အကုန်လုံးသော မဟာလောကဓါတ်တွေကိုတော့ အနန္တလောကဓါတ်လို့ ခေါ်ဆိုပါတယ်။ ဒါကတော့ စကြာဝဠာ အကြောင်းကို ပိုရှင်းအောင် ရှင်းပြတာပါ။

မြတ်ဗုဒ္ဓတာဝတိံသာကို ကြွချီတော်တဲ့အခါတုန်းက ရတနာစင်္ကြံမှာ ခြေတစ်ဖဝါးချပြီး လက်ယာခြေတော် လှမ်းတော်မူကာ ယုဂန္ဓိုတောင်ထိပ်မှာ တစ်ဖဝါး ချတော်မူပြီးနောက် မြင့်မိုရ်တောင်ထိပ်ကို တစ်ဖဝါးချတော်မူတယ်လို့ ဆိုကြပါတယ်။ တန်ခိုးတော်နဲ့သွားလို့ စုစုပေါင်း နှစ်လှမ်း၊သုံးဖဝါးနဲ့ ကြွချီတော် မူခဲ့တာပါ။

ကမ္ဘာတစ်ခုပျက်သောအခါ မြေ၊ မီး၊ လေ၊ ရေ စသော ဓာတ်ကြီးလေးပါးတစ်မျိုးမျိုးနှင့် ပျက်ပါတယ်။ ထိုသို့ကမ္ဘာပျက်သောအခါ သုံးဆယ့်တစ်ဘုံတွင် ကောင်းမှုအရင်းခံသောသူများသည် ကမ္ဘာပျက်ကာလ တွင် ဒုတိယဈာန်ဘုံစတဲ့ ဗြဟ္မဘုံများမှာ ပြောင်းရွေ့နေကြရသလို မကောင်းမှု အရင်းခံသောသူများသည် အ၀ီစိငရဲတွင်နေပြီး ကမ္ဘာတံတိုင်းဟုခေါ်သော မဲမှောင် ပိတ်ဖုံးနေသည့် ချောက်နက်ကြီး များတွင် ပြောင်းရွေ့ကာ ဒုက္ခခံကြရတယ်။

ယခုလို ကျယ်ပြောလှတဲ့ ဘုံလောကများကိုတွေးကြည့်ရင် သံသရာ၏ ကြောက်မက်ဖွယ်ကို သိမြင်လာပါလိမ့်မယ်။ ဘ၀မျိုးစုံကို လိုချင်နေသမျှ ကာလပတ်လုံး ဘ၀သံသရာတွင် ကျင်လည်နေကြရကာ ဒုက္ခပင်လယ် ဆိုက်ရောက်နေဦးမည်မို့ ကြောက်မက်ဖွယ်ရာသံသရာမှ အမြန်ဆုံးလွတ်အောင် ဒါန၊ သီလ၊ ဘာဝနာများကို အသက်ရှင်စဉ် ဘ၀ကောင်းလေးမှာ များများပြုလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာ အားလုံးသိကြလိမ့်မယ် ထင်ပါတယ်။

တကယ်တော့ မြင့်မိုရ်တောင်ဟာ အဆမတန်ကြီးမားပြီး နု့ညံ့တာကြောင့် သာမန်လူတွေရဲ့ မျက်စိနဲ့ဖြစ်စေ၊ သာမာန်လူတွေလုပ်ထားတဲ့အရာဝတ္ထုနဲ့ဖြစ်စေ မြင်ဖို့ရန် ခဲယဉ်းလှပါတယ်။ ဒါဟာလည်း သဘာဝကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါးကျပ်လောက်ပေးရင်ရတဲ့ အရာဝတ္ထုနဲ့ တစ်သိန်းလောက်ပေးမှမြင်ရမဲ့အရာကို မြင်ချင်ပါတယ်။ မြင်မှဖြစ်ပါလိမ့်မယ်လို့ အတင်းအော်နေရင် လည်း အော်တဲ့လူသာ အရူးဖြစ်မှာပါ။ ခုလည်း မြင့်မိုရ်တောင်ဟာ အလွန်အင်မတန်ကြီး မားပြီး နု့ညံ့လှတဲ့အတွက်ကြောင့် အဲဒီအရာဝတ္ထုကိုမြင်နိုင်တဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ရသူတွေ သာ မြင်နိုင်တာပါ။ မိမိတို့က တကယ်မြင်ချင်တယ်ဆိုရင်တော့ ငါးကျပ်တန်ကုသိုလ်ကောင်းမှု၊ လုံးလ၀ီရိယလေးနဲ့ မြင်ချင်တယ်အော်မနေဘဲ တစ်သိန်းလောက်ပေးမှရတဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ရအောင် ကြိုးစားကြည့်ရမှာပါ။

ဒါကြောင့်လည်း လယ်တီဆရာတော်ကြီးက နိုင်ငံခြားသာတစ်ယောက်ကို မင့်တို့ လေးငါးခြောက်သိန်းပေး ရတဲ့ မှန်ဘီလူးနဲ့တောင် အဝေးကြီးမှာရှိတဲ့ အရာတွေကိုမြင်ရသေးရင် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီများစွာကို ပင်ပန်းခံဖြည့်ကျင့်မှရတဲ့ သဗ္ဗညုတဉာဏ်က မင့်တို့ မှန်ဘီးလူးတွေထက် အဆပေါင်းများစွာ အစွမ်းထက်ရမှာပေါ့။ မင့်တို့ မှန်ဘီးလူးနဲ့ကြည့်လို့မရတဲ့အရာကို မရှိဘူးဆိုပြီး လျှောက်ပြောလို့မရဘူးလေ။ မင့်တို့မှန်ဘီးလူးက ဒီတစ်ဘ၀စာရင်းရင် ရတယ်။ သဗ္ဗညုတဉာဏ်က လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းတောင် ရင်းခဲ့ရတာ။ အဲဒါကြောင့် မင့်တို့ မှန်ဘီးလူးထက် သာတယ်ဆိုတာမင့်ယုံရမယ်လို့ နိုင်ငံခြားသားတစ်ယောက်ကို ပြောလိုက်တဲ့အခါ နိုင်ငံခြားသားလည်း ခေါင်းမိုင်ချပြီး အရှုံးပေးခဲ့ရပါသတဲ့။

ဒီထက်မက မြင့်မိုရ်တောင်နဲ့ စကြာဝဠာအကြောင်းကို ပိုမိုပြည့်စုံစွာသိရှိချင်ပါက ပထမဦးဆုံး ဝိသုဒ္ဓိ (၁၊ ၁၉၉) http://tipitakamyanmar2.blogspot.com/2011/08/blog-post_7312.html မှာ လောက၀ိဒူအဖွင့်ကိုပြထားတဲ့ အခန်း(၁၃၅)ကနေ စဖတ်ကြည့်လိုက်ပါ။ ဒုတိယအနေနဲ့ ဂန္ဓာရုံဆရာတော်ကြီးရဲ့ ရတနာ့ဂုဏ်ရည်စာအုပ်ထဲက လောက၀ိဒူအကြောင်းကို ဖတ်ကြည့်ပါ။ တတိယအနေနဲ့ကတော့ တည်တောဆရာတော်ကြီးရဲ့ အမေးအဖြေများ အမှတ်စဉ်(၂)ကို ဖတ်ပါ။ စတုတ္ထအနေနဲ့ကတော့ ဓမ္မာစရိယ လွှမ်းအောင်ရေးထားတဲ့ ဤစကြာဝဠာစာအုပ်ကို ၀ယ်ဖတ်ပါ။ အဲဒီစာအုပ်ဟာ အင်တာနက်မှာ ၀ယ်ရမည့်စာအုပ်ဖြစ်နေသဖြင့် ဦးဇင်းလည်း ၀ယ်ဖတ်မရ လို့ သေချာပြည့်စုံပါမပါတော့ မသိရသေးပါ။ သို့သော် အင်တာနက်ကနေ ၀ယ်နိုင်မည့်လူများ၊ မြန်မာပြည်ကလူများ ၀ယ်ယူဖတ်ကြည့်လျှင် မြင့်မိုရ်တောင်အကြောင်းကို ပြည့်စုံစွာ သိရပါလိမ့်မယ်။ စာအုပ်မာတိကာမှာတော့ အပြည့်စုံရေးထားတယ်လို့ http://www.myanmarbookshop.com/MyanmarBooks/BookDetails/18595 ဒီဆိုဒ်မှာ ကြေညာထားတာ တွေ့ရပါတယ်။

မှတ်ချက်-- ဤမြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းများကို ဦးဇင်းအား ခဏခဏအမေးခံရ၍ စာဖတ်ပရိသတ်များသိရှိစေရန်အကျိုးငှါ ဦးဇင်းနေရာစုံမှ ရှာဖွေဖတ်ရှု့ပြီး ရေးသားတင်ပြလိုက်ခြင်းဖြစ် တာကြောင့် ဦးဇင်းထက်ပိုမိုကာ ဗဟုသုတပြည့်စုံသူ စာဖတ်ပရိတ်များအနေဖြင့် အမှားတွေ့ပါကလည်း အမှန်ပြင်ပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ စာဖတ်သူအားလုံး ဗဟုသုတကြွယ်ဝကာ မိမိဘာသာကို ပိုမိုလေ့လာယုံကြည်ပြီးသကာလ ပိုမိုလေ့လာလိုက်စားနိုင်ပြီးလျှင် ဒါန၊ သီလ၊ ဘာဝနာများကို လည်း နေ့စဉ်မပြတ်ပြုလုပ်ပြီး ပန်းတိုင်ကိုလျင်မြန်စွာ ရောက်ကြပါစေလို့ ဆန္ဒပြုဆုတောင်းပေးနေ လျက်……။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
Sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။
ဒီဓာတ်ပုံတွေကတော့ Google Map ကနေ ဒကာတစ်ယောက်တွေ့ရှိတာကို ပို့ပေးထားတာပါ။ မြင့်မိုရ်တောင် မဟုတ်သော်လည်း ဗဟုသုတအဖြစ် ကြည့်လို့ရအောင် တင်ပေးလိုက်တာပါ။



Wednesday, February 22, 2012

ဘာသာကူးပြောင်းခြင်း အမှတ်တရဆွေးနွေးခန်းမှတ်တမ်း


အချိန်ကား ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်၊ အင်္ဂါနေ့ည မင်္ဂလာရှိသော ညချမ်းသမယလေးပါ။ ကျွန်တော်ပါဝင်သော ဓမ္မဆွေးနွေးဝိုင်းလေးတခုရဲ့ တစိတ်တဒေသပေါ့။ လူစုံတက်စုံပါပဲ တရားဓမ္မတွေကို ဆွေးနွေးနေရင်းက ကျွန်တော်တို့ ဆိုဒ်ထဲရှိ ဘာသာခြားတဦး မေးစရာသံသယမေးခွန်းများနှင့်အတူ ရောက်လာရကား အားလုံးကလည်း ဝမ်းသာအားရ ဓမ္မနှင့်လျော်ညီစွာ ပြန်လည်၍ဖြေကြားကြတာ ပီတိဖြစ်စရာကောင်းသဗျာ။ အဲဒီမင်္ဂလာညချမ်းလေး ဆုံးကာနီး၊ နောက်တစ်နေ့သို့ ခြေလှမ်းစခါနီးလေးမတော့ ခရစ်ယာန်ဘာသာဝင်အစ်ကိုကား ဓမ္မကို ကောင်းစွာနှစ်သက်ခြင်းဖြစ်၍ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဝင်ရောက်ခဲ့သော ညချမ်းသမယလေးပါ။ ကာယကံရှင်၏ခွင့်ပြုချက်ကို ရယူလျက် ထိုဆွေးနွေးချက်မှအကြောင်းအရာများကို အားလုံးသိရန်အလို့ငှာ မျှဝေပေးလိုက်ရပါတော့သည်ခင်ဗျာ….။

ဇော်ထက်မောင်။ ။ ဆွေးနွေးကြလေဗျာ၊ နားထောင်နေပါ့မယ်ခင်ဗျာ။

Myo Aung။ ။ ဟာ တကယ့်အခွင့်ကောင်းပဲ၊ လူစုံသကိုး အားလုံးပဲ မင်္ဂလာပါဗျာ။ သိချင်တာလေးရှိလို့ ပြေးလာတာ အတော်ပဲ၊ မေးလို့များ ရနိုင်မလားခင်ဗျာ။

ကောင်းမြတ်မင်း။ ။ မေးပါခင်ဗျာ ရပါတယ်အစ်ကို။

kyaw htet။ ။ သိတဲ့လူဖြေမှာပါခင်ဗျာ။

Myo Aung။ ။ ဟုတ်ကဲ့ ဘုရားမှာ ဆရာမရှိဘူးနော် ဟုတ်ပါသလားခင်ဗျာ။

ကောင်းမြတ်မင်း။ ။ ဟုတ်ကဲ့သစ္စာလေးပါးတရားကိုသိတဲ့နေရာမျာဆရာမရှိပါဘူး။

Myo Aung။ ။ ဒါဆို ဒုက္ကရစရိယာ ၆ နှစ်ကျင့်ပြီးတော့ သိကြားမင်းက ဆင်းပြီးတော့ စောင်းသံလေးနဲ့ဥပမာပေးတယ်ဆိုတာကရော အဲဒါဆို ဆရာရှိတဲ့သဘောမသက်ရောက်နေဘူးလား အဲဒါရောဟုတ်သလားခင်ဗျာ။ မလျော့မတင်း စောင်းကြိုးညင်းဆိုတာလေ..။ 9:23 PM

ဇော်ထက်မောင်။ ။ သြော် ဟုတ်ကဲ့ ကျွန်တော် ဖြေပေးရမလားခင်ဗျာ။

ကောင်းမြတ်မင်း။ ။ ဟုတ်ကဲ့ အဆင်ပြေပါတယ် ဖြေပါခင်ဗျာ။

ဇော်ထက်မောင်။ ။ ဟုတ်ကဲ့ အဲဒါ လူတွေ ရောထွေးပြီးတော့ ပြောတာပါ တကယ်တမ်း သိကြားမင်းက စောင်းဥပမာနဲ့ ပေးတာ လုံးဝမဟုတ်ပါဘူးခင်ဗျာ။

Myo Aung။ ။ ဟုတ်လား ဒါဆို အဲဒါက မဟုတ်ဘူးပေါ့၊ ရှင်းပေးပါဦးဗျာ။

ချာမတ်။ ။ အဲဒါက ဆရာတော်တစ်ပါးရှင်းထားတာရှိပါတယ် သိကြားမင်းရဲ့ စောင်းဖြင့် ဥပမာပေးတယ်ဆိုတာ ကျမ်းဂန်တွေမှာမရှိဘူးတဲ့ဗျ။

ဇော်ထက်မောင်။ ။ ဟုတ်ကဲ့ ဒါပေမဲ့ မြတ်စွာဘုရားက စောင်းဥပမာပေးပြီးတော့ ချွတ်ခဲ့တဲ့ ရဟန္တာမထေရ်မြတ်တစ်ပါးတော့ ရှိခဲ့တယ်ခင်ဗျာ၊ အဲဒါနဲ့ အမှတ်မှားပြောမိလို့ အဲဒီလိုဖြစ်ကုန်တာပါ။

ချာမတ်။ ။ ဟုတ်ပါတယ်အမှတ်မှားနေတာပါခင်ဗျာ။ မိတ်ဆွေရဲ့ မှတ်ထားတဲ့အရာလေးကိုသာပြင်လိုက်ပါဗျာ။

Myo Aung။ ။ အဲဒီအကြောင်းအရင်းလေးကို နည်းနည်းလေး ရှင်းပြလို့ ရနိုင်မလား ကိုဇော်ထက်ရေ။

ဇော်ထက်မောင်။ ။ ဟုတ်ကဲ့ ရပါတယ်ခင်ဗျာ၊ ဒါပေမဲ့ လိုရင်းလောက်ကိုပဲ ပြောမယ်နော်။ ဘုရားရှင်လက်ထက်တော်က သူဌေးတစ်ဦးအိမ်မှာ သားယောက်ျားလေး တစ်ယောက်မွေးတယ်၊ ခန္ဓာကိုယ်က ဘယ်လောက်နူးညံ့သလဲဆိုရင် ခြေဖဝါးမှာပါ မွေးညင်းနုပေါက်တဲ့အထိ နူးညံ့ပါတယ်။ အဲဒါကြောင့် သူ့ကို သောဏကောဠှဝိသ လို့ အမည်ပေးတယ်၊ သာသနာ့ဘောင်ထဲကို ဝင်တော့ အရှင်သောဏကောဠှဝိသလို့ ထင်ရှားတယ်ခင်ဗျာ။ လူ့ဘဝတုံးကတော့ ခြေနင်းနဲ့ အဆင်ပြေတယ် ရဟန်းဝတ်သွားတော့ ခြေနင်း မရှိဘူးလေ။

ချာမတ်။ ။ ဟုတ်ကဲ့ခင်ဗျ ဆက်ပါဦးနော်။

ဇော်ထက်မောင်။ ။ မြတ်စွာဘုရားပေးတဲ့ ကမ္မဋ္ဌာန်းကို စင်္ကြံလျှောက်ပြီးတော့ မှတ်လေရဲ့ဗျာ၊ ပင်ကိုယ်ကမှ အရမ်းနူးညံ့လွန်းလို့ ခြေဖဝါတွေကွဲကုန်တယ်။ ဒါနဲ့ လမ်းလျှောက်မရတော့ လေးဖက်ထောက်လက် စကြံ င်္သွားလို့ မှတ်ပြန်တယ်၊ လက်ဖဝါးနဲ့ ဒူးတွေပါ ကွဲကုန်တယ်။ ကျောင်းပတ်ဝန်းကျင်လည်း သွေးတွေချင်းချင်းကိုနီလို့ဗျာ။ နောက်ဆုံး လုံးဝမတတ်နိုင်တော့ အိပ်ယာထဲ ဘုံးဘုံးလဲရော။ အဲဒါနဲ့ မသိတဲ့ ပုထုဇ္ဇာန်ရဟန်းတွေက ဒီမထေရ်တော့ သူ့အသတ်တွေကို လိုက်သတ်နေတယ်၊ သွေးတွေကို နီရဲလို့ဆိုပြီးတော့ ဘုရားရှင်ကိုတိုင်လို့ မြတ်စွာဘုရားရှင်က အဲဒီမထေရ်မြတ်ရဲ့ ဥာဏ်ရင့်ကျက်ချိန်ကိုရောက်တာနဲ့ မထေရ်မြတ်သီတင်းသုံးရာ ကျောင်းဆီကြွမြန်းတော်မူလာတယ်ခင်ဗျ။

Myo Aung။ ။ ဟုတ်ကဲ့အစ်ကို ဆက်ပါဦးဗျာ။

ဇော်ထက်မောင်။ ။ အဲဒီမထေရ်မြတ်ဟာ လူ့ဘဝတုံးက စောင်းအတတ်မှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လို့ စောင်းကြိုးဥပမာနဲ့ ပမာတင်ဟောလေမှ တရားသဘောကို ကောင်းစွာသိပြီးတော့ ပဋိသမ္ဘိဒါပဋနှင့်တကွ ရဟန္တာဖြစ်တော်မူတယ်။ နောင်တစ်ချိန် ရဟန်းများ စုံလင်တဲ့အချိန်မှာ မြတ်စွာဘုရားက ချစ်သားတို့ ငါဘုရားဟောကြားခဲ့တဲ့ သစ္စာလေးပါး တရားကို ကောင်းစွာသောဝီရိယနဲ့ ကြိုးစားအားထုတ်ကြတဲ့ ငါဘုရားရဲ့ တပည့်သာဝကတွေထဲမှာ အရှင်သောဏကောဠှဝိသမထေရ်မြတ်ဟာ အသာဆုံးအမြတ်ဆုံးပဲ ဆိုတဲ့ ဧတဒဂ်ကို ရတော်မူတယ်ဗျာ။ ဒီလောက်ဆို အဆင်ပြေလောက်ပြီနဲ့တူတယ်နော်။

Myo Aung။ ။ ဟုတ်ကဲ့ နားလည်ပါပြီဗျာ၊ မလျော့မတင်းစောင်းကြိုးညင်းဆိုတာ ဒါကိုး၊ ကျေးဇူးဗျာ။

ကောင်းမြတ်မင်း။ ။ ကျွန်တော်တခုလောက်ပြောချင်တယ်ခင်ဗျာ။ ဒါဆို ဒုက္ကရစရိယာ ၆ နှစ်ကျင့်ပြီးတဲ့အချိန်မှာ နတ်သားတပါးက စောင်းသံသုံးချက်ပေးတယ်တဲ့။ အဲဒါကရောဗျာ။

ဇော်ထက်မောင်။ ။ အဲဒါမဟုတ်ပါဘူးအစ်ကို။ ကျင့်ပြီးတော့ ခွေလဲကျသွားတယ် သတိလစ်သွားတယ်ခင်ဗျာ၊ အဲဒီအချိန်မှာ နတ်သားတပါးက အလောင်းတော်သေပြီအောက်မေ့တာနဲ့ သုဒ္ဓေါဓနမင်းကြီးကို သွားပြီးတော့ အရှင်မင်းကြီးရဲ့သားတော်ဟာ ဘုရားမဖြစ်ခဲ့ဘူး ခုကျင့်ကြံနေရင်းနဲ့သေလွန်သွားပါပြီးလို့လျှောက်တာပါအစ်ကို။ အဲဒါနဲ့ ပြန်သတိရလာတော့မှ မသေဘူးဆိုပြီးတော့ မင်းကြီးဆီကို တဖန်ပြန်လျှောက်တာပါခင်ဗျာ။ သတိပြန်ရတော့ အလောင်းတော်ဟာ ကိုယ်တော်တိုင်ဆင်ခြင်တာက “ဒီနည်းက တကယ်သာမှန်မယ်ဆိုရင် ငါဟာ ခုလောက်ဆို ဘုရားဖြစ်နေလောက်ပြီ၊ ဒီနည်းဟာမှားနေတာပဲဖြစ်မယ်လို့ဆင်ခြင်မိတော့ ဒါဆို နည်းအမှန်ကိုလည်း ရှာကြည့်တော့ ငယ်စဉ်က သပြေပင်အောက်မှာ ပထမဈာန်စိတ်နဲ့ယှဉ်ပြီးတော့အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့တာကို ပြန်အောက်မေ့မိလို့ အဲဒီနည်းကိုပဲ လုပ်ဖို့ ကိုယ်တော်တိုင်ရွေးချယ်ခဲ့တာပါ။

ကောင်းမြတ်မင်း။ ။ ဟုတ်ကဲ့ နားလည်ပါပြီဗျာ။

Myo Aung။ ။ မေးတာက နည်းနည်းလေးရယ် အများကြီးသိရတယ် ကျေးဇူးကမ္ဘာပဲဗျာ။ ဒါနဲ့ဗျာ မြင်းမိုရ်တောင်ဆိုတာ တကယ်ရှိသလားခင်ဗျာ။ တချို့ကလည်း လေနဲ့ ခိုင်းနှိုင်းကြတယ် အဲဒါက အဆင်မပြေဘူးခင်ဗျ လေကို မမြင်နိုင်တာပဲရှိတယ်၊ ကျွန်တော်တို့တွေ လေရှိကြောင်း သိနိုင်တယ် လေတိုက်ရင်သစ်ပင်တွေလှုပ်တယ် ကျွန်တော်တို့ကိုလည်း ပွတ်တိုက်သွားတယ်၊ အဲဒါကိုကြည့်ခြင်းအားဖြင့် လေရှိကြောင်းသိနိုင်တယ်နော်၊ မြင်းမိုရ်တောင်ဆိုတာ တကယ်ရှိမယ်ဆိုရင် မမြင်ရဘူးပဲထားဗျာ သွားနေတဲ့ လေယဉ်တွေ ဝင်မတိုက်ကြဘူးလား။

ဇော်ထက်မောင်။ ။ ဟုတ်ကဲ့ သေသေချာချာနားထောင်နော်၊ မြင်းမိုရ်တောင်ဆိုတာ တကယ်ရှိပါတယ် ကျွန်တော်တို့တွေ မမြင်နိုင်လို့ မမြင်ရတာပါ၊ ရှေးတုံးကလည်း ဘယ်သူမှ မမြင်ခဲ့ကြပါဘူး။ အဲဒါကို မြင်ချင်ရင်တော့ ပဉ္စမဈာန်ကို ရအောင်အားထုတ်ပါ ပြီးရင် အဘိဥာဏ်ကို ရအောင်အားထုတ်ပြီးတော့ ဒိဗ္ဗစက္ခုအဘိဥာဏ်နဲ့ ကြည့်မယ်ဆိုရင် မြင်နိုင်ပါပြီခင်ဗျာ၊ အဲဒီမြင်းမိုရ်တောင်ရယ်မှမဟုတ်ဘူး ငရဲပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေကိုပါ တွေ့နိုင်ပါလိမ့်မယ်။

Myo Aung။ ။ အဲဒါတော့ နည်းနည်းရှင်းလားပြီခင်ဗျာ ဒိဗ္ဗစက္ခုဆိုပေမဲ့ ကျွန်တော်တို့ဘာလို့ အဲဒါကို ဝင်မတိုက်မိကြတာလဲခင်ဗျာ၊ တိုက်တော့ရော ဘာမှမဖြစ်ဘူးလားခင်ဗျ။ ရဟန္တာရော မမြင်နိုင်ဘူးလားဗျာ။

ဇော်ထက်မောင်။ ။ ဟုတ်ပြီအစ်ကို အဲဒီမြင်းမိုရ်တောင်ဆိုတာက ရုပ်တရားထဲမှာပါတယ်ခင်ဗျာ ပထဝီရုပ်ပါပဲ၊ ဒါပေမဲ့ နူးညံ့သိမ်မွေ့တယ် ဝင်တိုက်ရင်လည်း ဖောက်ထွက်သွားတယ်၊ ကြည်လင်နေတဲ့မှန်ကို အလင်းဖောက်နိုင်သလိုကို ဖောက်သွားနိုင်တယ်ဘာမှမဖြစ်ဘူးအစ်ကို။ နူးညံ့တာလေးကို ရှင်းပြမယ်နော် နတ်ပြည်ခြောက်ထပ်ရှိတယ် စတုမဟာရာဇ်ဘုံကနတ်တွေဟာ တာဝင်္တိသာက နတ်တွေကို မမြင်ရဘူး၊ ဖောက်ဝင်သွားလို့လဲရတယ်၊ ဘာလို့လဲဆိုတော့ တာဝင်္တီသာနတ်တွေဟာ သူတို့ထက်ပိုနူးညံ့ကြလိုပါ၊ အဲဒီနတ်တွေက ကိုယ်ထင်ပြမှသာ တွေ့ကြရတယ်၊ အဲဒီလိုပဲ အထက်အထက်ကိုရောက်သွားတယ်၊ တဘုံနဲ့တစ်ဘုံကနတ်တွေကို မမြင်ရဘူး၊ တန်ခိုးကြီးတဲ့ နတ်တချို့သာလျှင် တန်ခိုးအာနုဘော်နဲ့မြင်ရတယ်။

Myo Aung။ ။ သြော် ဟုတ်ကဲ့ ဒါဖြစ်မယ်နော် နတ်သြဇာကို လူတွေစားလို့ အစာမချေနိုင်တာ အလွန်နူးညံ့လို့၊ အစာရှိမှန်းကိုမသိပဲ အစာမချေလို့ အစာမကြေဖြစ်ပြီးတော့ သေတယ်ဆိုတာ အဲဒါကြောင်းလားခင်ဗျာ။

ကောင်းမြတ်မင်း။ ။ မှန်ပါတယ်ခင်ဗျာ။

ဇော်ထက်မောင်။ ။ ရဟန္တာဆိုတာ နှစ်မျိုးရှိတယ်အစ်ကို၊ ပဋိသမ္ဘိဒါပဋဆိုတာ အရဟတ္တမဂ္ဂ်အပါအဝင် ဈာန်ကိုပါ တခါတည်းရတယ်။ နောက်တစ်မျိုးကတော့ ဈာန်မရတဲ့ရဟန္တာပဲခင်ဗျာ၊ စာလိုတော့ မေ့သွားလို့ဗျာနော်။ အရဟတ္တမဂ္ဂ်ပဲသီးသန့်ရသွားတာပါ ပဋိသမ္ဘိဒါပဋနှင့်တကွဆိုရင်တော့ ဘာမှမလိုဘူး တစ်ခါတည်းမြင်တယ်၊ အဲဒါမဟုတ်ဘူးဆိုရင်တော့ အဓိဋ္ဌာန်နဲ့ ကြည့်မှ မြင်နိုင်မယ်အစ်ကို၊ သာမန်အားဖြင့်တော့ မမြင်နိုင်ပါခင်ဗျာ။

Myo Aung။ ။ ဒါဆို ဇဝေဇဝါဖြစ်စရာလေး နည်းနည်းထပ်မေးဦးမယ်ဗျာ။ ဘုရားဟောထားတယ်နော် စကြဝဠာဆိုတာ အနန္တကျယ်ပြောတယ်လို့။ ဒါပေမဲ့ စကြဝဠာတံတိုင်းဆိုတာလည်း ကြားဖူးတယ်။ ဒါဆို တံတိုင်းရှိတယ်ဆိုရင် Infinity ဆိုတာ ဘယ်လိုလဲဗျာ။

ဇော်ထက်မောင်။ ။ တယ်မေးတတ်သကိုးဗျ။ ဖြေမယ်နော် ကျွန်တော်တို့ဗုဒ္ဓဘာသာမှာ စကြဝဠာကိုသုံးတာ အဓိပ္ပါယ်နှစ်မျိုးရှိတယ်ခင်ဗျာ။ တစ်မျိုးကတော့ အဲဒီ Infinity ပဲ အဆုံးမရှိကျယ်ဝန်းတယ်။ နောက်တစ်မျိုးကတော့ ကျွန်တော်တို့ ကျွန်းလေးကျွန်းနဲ့ နေ ပါဝင်တဲ့ တစ်အုပ်စုကိုလည်း စကြဝဠာလို့ သုံးတယ်ခင်ဗျာ၊ အဲဒီအတွက် တံတိုင်းဆိုတာတော့ မရှိဘူး၊ ဒါပေမဲ့ ဟိုဘက် ဒီဘက် ခြားနားသတ်မှတ်ချက်လေးတော့ရှိတယ်ခင်ဗျာ။ အဲဒီသတ်မှတ်ချက်ကြောင့် အဲဒီလိုပြောကြတာပါ။ စကြဝဠာတိုက်တစ်သောင်းဆိုတာ အဲဒီလိုပါခင်ဗျာ။ နားရှင်းသွားပြီလား နည်းနည်းထပ်ပြောမယ်နော်…ကျွန်တော်တို့အနေနဲ့ ဈာန်တရားတွေအားထုတ်လို့ ဗြဟ္မာဖြစ်သွားခဲ့မယ်ဆိုရင် အဲဒီစကြာဝဠာတွေကို မြင်ရတယ်၊ အဆုံးမရှိတဲ့ ဒီစကြဝဠာကြီးထဲက စကြဝဠာတိုက်လေးတွေပေါ့နော်၊ သူတို့ စုတိစိတ်ကျတဲ့အချိန်မှာ သူတို့ စွဲလမ်းတဲ့ စကြဝဠာထဲက လူ့ဘုံမှာ ဒါမှမဟုတ်ရင် နတ်ဘုံမှာ လာဖြစ်တယ်။ ဒါကြောင့် စကြဝဠာကူးပြောင်းမယ်ဆိုရင် ဗြဟ္မာဖြစ်မယ်ဆိုရင် ပြောင်းလို့ရနိုင်တယ်အစ်ကို။ ဗြဟ္မာ့ဘုံမှာပဲ ဈာန်ပြန်ရရင်တော့ ဗြဟ္မာပဲပြန်ဖြစ်တာပေါ့။ အဆင်ပြေပြီထင်တယ်နော်အစ်ကိုမျိုးအောင်ရေ…။ တစ်လက်စတည်း ထပ်ပြောမယ်နော် ဘုရားတရားကို နာခွင့်ရတာက လူဆိုရင်တော့ ဒီစကြဝဠာက တောင်ကျွန်းပဲရှိတယ်၊ နတ်နဲ့ ဗြဟ္မာဆိုရင်တော့ ပတ်လည်အားဖြင့် စကြဝဠာတိုက်တစ်သောင်းက တရားနာလို့ရတယ်၊ ဘုရားရှင်တို့ရဲ့ အာဏာစက်ကတော့ စကြဝဠာကုဋေတစ်သိန်းထိ ပျံ့နှံ့တယ်ခင်ဗျာ။

Myo Aung။ ။ ကျေးဇူးတင်ပါတယ်ဗျာ ဒါဆို ကျွန်တော်တို့ကံကောင်းတာပေါ့နော် တခြားစကြဝဠာမှာဆိုရင်လူဖြစ်လည်း ဒီတရားတွေကို ဘယ်နာနိုင်မလဲနော်။ ဒါဆို စကြဝဠာတံတိုင်းဆိုတာထက် အနားရေးလို့ခေါ်တာ ပိုအဆင်ပြေမှာပေါ့နော်။ ဒါဆို ကျွန်တော်တို့ စကြဝဠာကူးပြောင်းချင်ရင် ဗြဟ္မာဖြစ်မှ ရနိုင်မယ်ပေါ့နော်။

ဇော်ထက်မောင်။ ။ မှန်ပါတယ်ခင်ဗျာ။

Myo Aung။ ။ ကျေးဇူးတကယ်တင်ပါတယ်ခင်ဗျာ။ ဘာလို့လဲဆိုတော့ ကျွန်တော်ခုလိုမေးတာက အကြောင်းရှိပါတယ်ခင်ဗျာ။ အဖြေကိုတော့ ကျွန်တော်တကယ်မသိပါဘူးနော်။ မေးရတဲ့အကြောင်းအရင်းကတော့ ကျွန်တော်ကိုယ်တိုင် ဒီဘာသာကို မယုံကြည့်ခဲ့ဘူး။ ဘာလို့လဲဆိုရင် လူအများပြောနေတဲ့ ယုံမှားသံသယတွေကြောင့်ပါ။ အဲဒါတွေကို မရှင်းနိုင်တော့ မယုံဘူးလေ။ အဲဒီလိုပဲ သဒ္ဓါတရားနည်းပါးတဲ့ ဗုဒ္ဓဘာသာဝင်တွေ ခေါင်းပြောင်းကြတာလည်း ဒီလိုအရာတွေနဲ့ပဲ ဒီလို ဘာမဟုတ်တဲ့ အရာတွေကြောင့် တကယ့်သစ္စာတရားတွေလည်း မှားမှာပဲလို့ သံသယဝင်ကြလို့ နတ်ယောင်ယောင်တွေဖြစ်ကုန်တယ်၊ သွားပြီးမေးရင်လည်း တကယ့်အနှစ်တရားတွေပဲ ဟောလွတ်လိုက်ကြတော့ ဘယ်လိုသက်ဝင်နိုင်မလဲ ဘယ်ယုံမလဲ နဂိုကတည်းကမှ ဒီလိုသံသယတွေကြောင့် မသက်ဝင်တာ။ တကယ်တော့ ဗုဒ္ဓဟောခဲ့တဲ့အရာတွေဟာ သစ္စာတရားတွေမှမဟုတ်ဘူး တခြားအရာတွေလည်း အားလုံး အမှားမရှိဘူး၊ လက်ဆင့်ကမ်းရာက ပါးစပ်ရာဇဝင်ဆန်ဆန်ဖြစ်ကုန်လို့ အငြင်းပွားစရာတွေဖြစ်ကုန်တာလို့ ထင်တယ်။ ဥပမာအားဖြင့် ငတ်ပြတ်နေတဲ့ သူဆင်းရဲတစ်ယောက်ကို အရမ်းကောင်းတဲ့ ဘုရင့်ပွဲတော်အုပ်ကို သူအရမ်းဆာနေချိန်မှာကျွေးလိုက်ရင် စားဖို့ အဆင်ပြေရင်ပြေ မပြေရင် စားပိုးနင့်သေမယ်။ ဘေးမဖြစ်စေချင်ရင် အဲဒီလို အရမ်းကောင်းတာကို မကျွေးခင် ဘေးမဖြစ်အောင်နည်းနည်းကောင်းတဲ့ အစာကို အကြို ကျွေးလိုက်မယ်ဆိုရင် ဒီသူဆင်းရဲဟာ ဒီလို အစာကောင်းကြောင့် ဘေးမဖြစ်နိုင်ပါ။ အဲဒီလိုပါပဲ ဥာဏ်မမှီလို့ ဘုရားတရားတော်တွေကို ယုံမှားသံသယဖြစ်နေတဲ့ ကျွန်တော်တို့လို ဘာသာခြားအပါအဝင် မိရိုးဖလာဗုဒ္ဓဘာသာတွေကို ဦးစွာ သဒ္ဓါတရားပြည့်လာအောင် ယုံမှာသံသယ ဖြစ်စရာတွေကို ပယ်ဖျောက်ပေးနိုင်မှ အဆင်ပြေမယ်ထင်လို့ မေးရခြင်းပါ။ ကျွန်တော့ရဲ့ကိုယ်တွေ့လေးတစ်ခုပြောပြမယ်နော်။ တနေ့တော့ ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ကို ကျွန်တော် ဘာသာပြောင်းတော့မယ့်အကြောင်း ပြောမိတော့ သူတို့ကဘာလို့ပြောင်းမှာလဲလို့မေးတယ်။ ကျွန်တော်က ဗုဒ္ဓတရားတွေကို နှစ်သက်လို့၊ တိကျလို့ တကယ်မှန်တယ်ထင်လို့ပါလို့ပြောလိုက်တော့ သူတို့က ကဲဒါဆိုရင် မြင်းမိုရ်တောင်ဆိုတာ ဘယ်မလဲ ပြကွာဆိုတော့ ကျွန်တော့မှာ ဆက်ပြောစရာစကားမရှိတော့ဘူး။ ပြောကြည့်သေးတယ် အဆင်မပြေဘူးခင်ဗျာ မင်းတို့ဟာက အစမှ မကောင်းတာ ဘယ်လိုလုပ် နောက်ဟာတွေက မှန်တယ်လို့ ငါတို့ ဘယ်လိုယုံရမလဲတဲ့ဗျာ။ အဲဒါကြောင့် ခုလိုမေးရခြင်းပါခင်ဗျာ။

ကောင်းမြတ်မင်း။ ။ သာဓုဗျာ အစ်ကို့မှာ ဒီလိုအကြံအစည်လေးရှိလို့ ကျွန်တော်တို့ ဝမ်းမြောက်ကြရပါတယ်။

Myo Aung။ ။ ကဲ ကိုဇော်ထက်မောင်ရေ ဒီနေ့တော့ ကျွန်တော့ကို ဒီဘာသာထဲဝင်ခွင့်ပြုပါခင်ဗျာလို့ ကျွန်တော် ဒီက ဦးဇင်းတွေ၊ အစ်ကိုတွေ၊ အမတွေ ကို တောင်းပန်အပ်ပါတယ်ခင်ဗျာ။

ကောင်းမြတ်မင်း။ ။ အစ်ကို့သဘောပဲဗျာ ကျွန်တော်တော့ သာဓုခေါ်ပါတယ်ခင်ဗျာ။ ဦးဇင်းဘုရား ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရန်အလို့ငှာ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလအား ဂရုဏာရှေ့ထားလို့ပေးတော်မူပါရန် ကိုမျိုးအောင်ကိုယ်စား ဘုရားတပည့်တော် ရိုသေစွာဖြင့် လျောက်ထား တောင်းပန်အပ်ပါတယ်ဘုရား…။

ဦးခေမာစာရ။ ။ ဒကာတော်မျိုးအောင်ရေ သရဏဂုံသုံးပါးနှင့်အတူ ငါးပါးသီလခံယူမလား။ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့က ဒီသရဏဂုံ တည်မှ အဆင်ပြေမှာပါ။ ဒကာ့အနီးမှာ ဦးဇင်းကိုယ်တိုင် လာရောက်ပို့ချပေးတယ်လို့ အာရုံပြုထားနော်။

Myo Aung။ ။ ဟုတ်ကဲ့ဦးဇင်းဘုရား တပည့်တော်အား ဂရုဏာရှေ့ထားပြီးတော့ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလအား ပေးပါရန် ဘုရားတပည့်တော် ရိုသေစွာနဲ့ လျောက်ထား တောင်းပန်ပါတယ်ဘုရား…..။

ဦးခေမာစာရ။ ။ ကဲ လိုက်ဆိုနော်ဒကာတော်..။

နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ မှစ၍ ငါးပါးသီလပေးခဲ့လေသည်။

ဦးခေမာစာရ။ ။ ဒကာတော် ခုချိန်ကစပြီးတော့ ဗုဒ္ဓဘာသာဝင်စစ်ဖြစ်သွားပြီကွာ အရမ်းမွန်မြတ်တယ်၊ ပီတိလဲဖြစ်တယ်၊ လိုအပ်တဲ့အကူအညီပြောပေါ့။

ကောင်းမြတ်မင်း။ ။ ကိုမျိုးအောင်ရေ....သာဓု...သာဓု...သာဓုပါ…

Aungaung။ ။ ....သာဓု...သာဓု...သာဓုပါ…

Whitecolor။ ။ ....သာဓု...သာဓု...သာဓု…ဦးဇင်းကိုလဲအာလုံးကကျေးဇူးတင်ပါတယ်။ ဦးဇင်းလဲ စိတ်ချမ်းသာကိုယ်ချမ်းသာရှိပါစေ သာသနာ့ဝန်ကိုခန္ဓဝန်ကို ဆောင်ရွက်နိုင်ပါစေ။ ဒီနေ့တပို့တွဲလကွယ်နေ့၊ အမှတ်တရဖြစ်ပါတယ် မောင်လေးမျိုးအောင်ရေ…။

ကိုညီညီတင်။ ။ သာဓု..သာဓု..သာဓု..ပါ..သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်နိုင်ပါစေ..

ဇော်ထက်မောင်။ ။ ....သာဓု...သာဓု...သာဓုပါအစ်ကိုမျိုးအောင်ရေ…။ ဦးဇင်းမရှိရင် သရဏဂုံက အဆင်ပြေမှာ မဟုတ်ဘူး။ ကျွန်တော်တော့ ဝမ်းသာလွန်းလို့ အိပ်တောင် ပျော်မှာမဟုတ်ဘူး။

ကိုရန်ပြေ။ ။ သာဓု...သာဓု...သာဓုပါကိုမျိုးအောင်ခင်ဗျာ

Myonainghtoon။ ။ သာဓု သာဓု သာဓု ပါ

Than htike soe။ ။ သာဓု သာဓု သာဓု ဗျာ။ ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်ညီလေး။

ဦးမောင်မောင်ထွန်း။ ။ တကယ့် အာဂလူ တစ်ယောက်အတွက် သာဓု သာဓု သာဓု ပါ

ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်)။ ။ ချမ်းချမ်းလည်းသာဓုခေါ်ပါတယ်နော် သာဓု သာဓု သာဓုပါ…. ဒီညဟာ တကယ်ပဲ မင်္ဂလာရှိသောညလေးပါ။

Myo Aung။ ။ ဟုတ်ကဲ့ ကျွန်တော့အဖို့တော့ တကယ့်နေ့ထူးနေ့မြတ်ပါပဲခင်ဗျာ။ တကယ်ကို ဝမ်းမြောက်မိပါတယ်။ မျက်ရည်တောင် ကျလာပြီဗျာ။ ခုချိန်ကစလို့ ကျွန်တော်ဟာ ခရစ်ယာန်ဘာသာဝင် လုံးဝမဟုတ်တော့ပါဘူးခင်ဗျာ။ ဗုဒ္ဓအဆုံးအမအပေါ်ကောင်းစွာသက်ဝင်ယုံကြည်သော ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ပါပြီခင်ဗျာ။ 11:33 PM

ဟုတ်ကဲ့ ကျွန်တော် ကျေးဇူးတင်ကြောင်း အထူးပြောကြာလိုပါတယ်ခင်ဗျာ…။ ခုလို ကျွန်တော့အား သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို ဂရုဏာရှေ့ထား ပေးတော်မူသော ဦးဇင်း ဦးခေမစာရအား ကျေးဇူးတင်ပါတယ်ဘုရား…။

အစစ အရာရာမေးခွန်းများကို သည်းခံဖြေကြားပေးသော ဒီဗုဒ္ဓကမ္ဘာ ဓမ္မဆိုဒ်လေးထဲက ဓမ္မမိတ်ဆွေသူတော်စင်အစ်ကို၊ အစ်မများကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ…။

ဒီလို ဓမ္မတရားတွေကို ယုံကြည်လာစေရန်အလို့ငှာ မေးလာသမျှသော သံသယမေးခွန်း၊ ဒွိဟမေးခွန်း၊ ပြဿနာဖြစ်စေနိုင်သော အများစုကို ဒေါသရှေ့မထားပဲ သဒ္ဓါတရားတိုးပွားလာစေရန် ခက်ခက်ခဲခဲ ဖြေကြားပေးခဲ့သော ကိုဇော်ထက်မောင်နှင့် ညီမလေးမဂျူး(တောသူမလေး) တို့အားလည်း ကျေးဇူးတင်ပါကြောင်း…။

ဒီလို တရားဓမ္မတွေကို သိခွင့် နာခွင့် မေးမြန်းခွင့်ရအောင်အလို့ငှာ ဆိုဒ်တည်ထောင်သူ ကိုကောင်းမြတ်မင်းအား အမှူးပြု၍ အားလုံးသော ဆိုဒ်အက်ဒ်မင် အစ်ကို၊ အစ်မများအား အထူးကျေးဇူးတင်ပါကြောင်း ကျွန်တော် မျိုးအောင်မှ ပြောကြားပါတယ်ခင်ဗျာ…။

Whtitcolor။ ။ သိတဲ့သူတွေကလည်း နားဝင်အောင်ပြောပြဖို့၊ ဒေါသရှေ့မထားမိစေဖို့၊ ဒါလေးတွေ အရေးကြီးတယ်။ အားလုံးသိအောင် ဘလော့ခ်တင်လိုက်ပါလား…။

ကောင်းမြတ်မင်း။ ။ ကိုမျိုးအောင်ခင်ဗျာ…ဒီည ကျွန်တော်တို့ရဲ့ဆွေးနွေးဝိုင်းလေးကို ကျွန်တော်ဘလော့တင်ချင်ပါတယ်.. အဲဒါလေးကို ခွင့်ပြုသလားအစ်ကိုရေ သိပါရစေခင်ဗျာ..။

Myo Aung။ ။ အာ အစ်ကို အဆင်ပြေပါတယ်ခင်ဗျာ ခွင့်ပြုပါတယ်အစ်ကို၊ တင်နိုင်ပါတယ်ခင်ဗျာ။

ကောင်းမြတ်မင်း။ ။ ကျေးဇူးတင်ပါတယ်အစ်ကိုမျိုးအောင်ရေ..။ တကယ်လည်း ဝမ်းမြောက်ရပါတယ်ဗျာ၊ မင်္ဂလာရှိသောညလေးပါပဲ…။

Than htike soe။ ။ အင်း ညတိုင်း မင်္ဂလာရှိအောင် ကြိုးစားနေပါတယ်ဗျာ။ အားလုံးလဲ ကြိုးစားဖို့ တိုက်တွန်းပါရစေနော်….။

မှတ်ချက်။ ။ကာယကံရှင်ကိုတိုင်ကခွင့်ပြုပါသည်။

ဦးဇင်းပို့စ် အမြဲတင်ပြီး အမေးအဖြေများလုပ်ပေးနေသော ဗုဒ္ဓကမ္ဘာဆိုဒ်တွင် တင်ထားတာကို အများသိအောင် ပြန်လည်မျှဝေလိုက်ပါသည်။

Friday, February 17, 2012

သောတာပန်နဲ့ပတ်သတ်၍ မရှင်းလင်းမှုများ

မေး။ ။ သီလဆိုတာ သောတာပန်အတွက် သီးသန့်ဆောက်တည်စရာ မလိုဘူးလို့ အရှင်ဘုရားရဲ့ သောတာပန်နဲ့ပတ်သတ်တဲ့ အမေးအဖြေထဲမှာ ဆိုထားပါတယ်။ သို့ပေမဲ့ ဥုးသုမင်္ဂလ တရားထဲမှာတော့ သီလဆိုတာ စောင့်ထိန်းရမဲ့တရားလို့ ဟောထားပါတယ်။ ဘယ်သူမှ မစောင့်ထိန်းဘဲနဲ့ အလိုလိုမပြည့်ဘူးလို့ ဆိုထားပါတယ်။ သီလဆိုတာ စောင့်ထိန်းရမှာပါတဲ့။ အလိုလို ဘယ်သူမှ ပြည့်နေတာမဟုတ်ဘူးလို့ ဆိုထားပါတယ်။ သောတာပန်ဆိုတာကော ဥပမာအနေနဲ့ မုသားစကားပြောဖို့ စိတ်ကူးတောင်မရှိဘူးလို ဆိုရမှာပါလား။ သို့မဟုတ် စိတ်ကူးလိုက်ပေမဲ့ မပြောတော့ဘူးလို့ ဆိုရမှာပါလား။ ဒီနှစ်ခု မရှင်းလို့ပါ။

ဦးဇင်းရေ တပည့်တော် ညစ်မေးနေတာ မဟုတ်ဘူးနော်။ ဘုရားလက်ထက်က ဘာသီလ သမာဓိ ပညာမှမရှိတဲ့ အရိယာဆိုတဲ့ တံငါသည်ဆိုတာ ရှိပါတယ်။ ဦးဇင်းလည်းသိမယ်လို့ မျှော်လင့်ပါတယ်။ နေ့စဉ်နေ့တိုင်း ငါးတွေကိုသတ်ဖြတ်နေတဲ့ အဲဒီအရိယာလို့ခေါ်တဲ့ တံငါသည်ကြီးဟာ ဘုရားရှင်တရားကို နာပြီးသောအခါ သောတာပန်တည်သွားတယ်လို့ ဆိုထားပါတယ်။ အဲဒီအချိန်ရောက်မှ သူက သီလကို စတင်စောင့်ထိန်းမှာပါ။ အရင်က သူများ အသက်တွေကိုသတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားဟောပြီးမှ သောတာပန်တည်သွားတာဆိုတော့ ဦးဇင်းပြောသလို မဟုတ်ဘူးဖြစ်နေပါတယ်။ ဘယ်အချက်ကို အမှန်ယူရပါမလဲဘုရား။

ဒါကတော့ ဦးဇင်းရဲ့ဝက်ဆိုဒ်ထဲမှာ မေးသွားတဲ့ မေးခွန်းပါ။ မေးသူရဲ့နာမည် နေရပ်လိပ်စာတော့ မသိရပေ။

ဖြေ။ ။ သောတာပန်ဟာ ငါးပါးသီလကျုးလွန်ဖို့ရန် စိတ်ကူးမိရင်တောင်မှ မကျုးလွန်မိတာတော့ သေချာပါတယ်။ သောတာပန်မှာ ကာမဂုဏ်အာရုံတွေကို သာယာတဲ့ ကာမရာဂ ရှိပါသေးတယ်။ ဒေါသဆိုတာလည်း ရှိပါသေးတယ်။ မောဟတို့မာနတို့ဆိုတာတွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ သူတစ်ပါးအသက်ကို သတ်နိုင်လောက်အောင်တော့ အကုသိုလ်က ပြင်းပြင်းထန်ထန် မဖြစ်တော့ပါ။ အကုသိုလ်ဒီဂရီဟာ လျော့သွားပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သတိအားကောင်းသွားတဲ့ အတွက် သတိက နောက်ကလိုက်ပြီး ထိန်းနေလို့ပါပဲ။ ဒါကြောင့် သောတာပန်ဟာ အပါယ်ကျရောက်စေတတ်တဲ့ အကုသိုလ်ကို မပြုတော့ဘူးလို့ မြတ်စွာဘုရားက မိန့်ကြားခဲ့ခြင်း ဖြစ်ပါတယ်။ သူတော်ကောင်းတရား လေ့လာလိုက်စားမှုများပြီး ကံကံ၏အကျိုးကို ယုံကြည်မှုစွမ်းအား မြင့်လာတဲ့သူ၊ တရားအားထုတ်ပါများတဲ့ပုဂ္ဂိုလ်တို့သည် အရင်က ငါးပါးသီလကို လွယ်လွယ်နဲ့ကျုးလွန်မိကြခဲ့ရင်တောင်မှ တရားအစွမ်းသတ္တိကြောင့် မကောင်းမှုများလုပ်ချင်စိတ် လျှော့နည်းသွားကြပါတယ်။

မေးခွန်းရှင်က မရှင်းလင်းဖြစ်နေတဲ့အတွက် ဥပမာလေးနဲ့ ဖြေပေးပါမယ်။ ဦးဇင်းတို့ ငယ်တုန်းက ဖိနပ်မစီးတတ်တဲ့အခါကျတော့ ဖိနပ်ဆိုတာ စီးရကောင်းမှန်းမသိတဲ့အတွက်ကြောင့် နေရာတကာမှာ ဖိနပ်မပါဘဲ သွားလာခဲ့ကြပါတယ်။ ဖိနပ်စီးခြင်းကြောင့် ရရှိတဲ့အကျိုးတရားတွေကို မသိခဲ့သလို ဖိနပ်စီးခြင်းကြောင့် အပြစ်ဖြစ်မဲ့နေရာတွေကိုလည်း မသိခဲ့ပါဘူး။ ဒါကြောင့် အကျိုးရောအဆိုးပါ ဒွန်တွဲခံစားကြရပါတယ်။ ဒါပေမဲ့ အသက်ကြီးလာလို့ ဖိနပ်စီးတတ်လာတဲ့အခါမှာတော့ ဖိနပ်ဆိုတာ ဘယ်နေရာမှာစီးရင် ဘယ်လိုအသုံးဝင်တယ်၊ ဘယ်နေရာမှာတော့ မစီးသင့်ဘူးဆိုတာတွေကို Auto အလိုလိုသိလာကြပါတယ်။ အိပ်ယာပေါ်စတဲ့နေရာတွေမှာတော့ ဖိနပ်ကို မစီးသင့်ဘူး။ ခြေထောက် ညစ်ပေမဲ့နေရာ၊ ကျန်းမာရေးထိခိုက်စေနိုင်တဲ့နေရာ၊ ဆူးငြောင့်ခလုတ်ရှိမဲ့နေရာတွေမှာတော့ ဖိနပ်စီးရမယ်ဆိုတာ စိတ်ထဲမှာ Auto သိလာတယ်။ အဲဒီလို ဖိနပ်စီးရမဲ့နေရာ၊ မစီးရမဲ့နေရာတို့ကို စိတ်ထဲမှာ Auto သိလာတဲ့အခါကျတော့ ဒီနေရာမှာဖိနပ်စီးရင် မကောင်းဘူး။ ဒီနေရာမှာ ဖိနပ်စီးမှကောင်းမယ်ဆိုပြီး ကိုယ်ဖိနပ်ချွတ်ရမဲ့နေရာဆို ထူးထွေးပြုလုပ်စရာမလိုဘဲ ချွတ်မိကြပါတယ်။

အဲဒီလိုပါပဲ သောတာပန်ဖြစ်ပြီးတာနဲ့ သူတစ်ပါးအသက်သတ်ခြင်းစတာတွေဟာ မကျုးလွန်ကောင်းတဲ့ အရာတွေလို့ Auto သိလာပါတယ်။ သောတာပန်ဖြစ်မဲ့လူဟာ အရင်ကတော့ ဖိနပ်စီးရမှန်း မသိသလို ကောင်းမှုမကောင်းမှုကို မခွဲခြားတတ်၍လည်းကောင်း၊ ကောင်းမှုအကျိုးကို သေချာ မသိနားမလည်လို့လည်းကောင်း မကောင်းမှုများကို ပြုလုပ်တတ်မိကြပါတယ်။ ဒါပေမဲ့ မြတ်ဗုဒ္ဓရဲ့ တရားတော်ကိုနာရလို့ဖြစ်စေ၊ တရားတော်လာတဲ့အတိုင်း ကျင့်ကြံလို့ဖြစ်စေ သောတာပန်ဖြစ်ပြီးသွားတဲ့ အခါတော့ ဖိနပ်မစီးသင့်တဲ့နေရာမှာ ဖိနပ်မစီးဖြစ်သလို သောတာပန်ဟာ ငါးပါးသီလကို အလိုလိုမကျုးလွန်မိတော့ပါ။

ဥပမာ-အင်္ဂုလိမာလဟာ သူ အရင်က ဖိနပ်မစီးတတ်သလိုဖြစ်နေတဲ့အတွက် နေရာစုံအောင် အန္တရာယ်ရှိနေပေမဲ့ ဖိနပ်မစီးဘဲ သွားလာခဲ့သလို မကောင်းမှုရဲ့အကျိုးပေးကို သေချာမသိသေးလို့ လူသတ်ခြင်းစတာတွေကို ကျုးလွန်မိခဲ့ပေမဲ့ တရားတော်များကို သေချာကျနစွာ သိရှိလာတဲ့အခါမှာတော့ ဖိနပ်ကို ဘယ်နေရာမှာ မစီးသင့်ဘူးဆိုတာ သိသွားသလို အလိုလိုမကောင်းမှုများကို ကျုးလွန်ချင်သော စိတ်ဆန္ဒများ မရှိတော့ပါ။ ပုထုဇဉ်သာမန်များဆိုရင်တော့ ငါးပါးသီလကျုးလွန်ခြင်းရဲ့ ဆိုးကျိုး၊ ရှောင်ကြဉ်ခြင်းရဲ့အကျိုးရလာဒ်တွေကို သေချာကျနစွာ မသိသေးလို့ဖြစ်စေ သိသော်လည်း မိမိစိတ်ကိုမနိုင်သေးလို့ဖြစ်စေ ကျုးလွန်ခြင်းများ ဖြစ်နိုင်သောကြောင့် သေချာလေး ဂရုတစိုက် စောင့်ထိန်းပေးရပါမယ်။

တရားထူးရကြတဲ့သူတွေမှာလည်း သူတို့ရဲ့ပါရမီအလျောက် အမျိုးမျိုးတရားသိမြင်ကြတာမို့ ပုံစံမျိုးစုံတော့ ကွဲပြားမှုရှိပါတယ်။ ဒါကြောင့်လည်း သမထကမ္မဋ္ဌာန်ပေါင်း(၄၀)ထိ ရှိလာခဲ့ရတာပါ။ တချို့ကျတော့လည်း သီလအားကောင်းပြီး ပညာအားနည်းတာကြောင့် သီလနဲ့ပညာကို အထောက်အကူဖြစ်အောင် ပြုလုပ်သလို တချို့ကျတော့လည်း ပညာအားကောင်းတာကြောင့် ပညာနဲ့သီလကို အထောက်အကူပြုပြီး တရားထူးရအောင် ပြုလုပ်ကြပါတယ်။ အဲဒီလို သီလနဲ့ပညာအပြန်အလှန်ကျေးဇူးပြုကြပုံကို ဦးဇင်းဆိုဒ်ရဲ့ လူတော်လူကောင်းဆောင်းပါးထဲမှာ တင်ထားခဲ့ပြီးပြီမို့ မရှင်းလင်း၍ သေချာသိချင်သူများ ၀င်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ မေးခွန်းရှင်သိချင်တာတွေ ရှင်မည်ထင်တာမို့ ဦးဇင်းမအားပေမဲ့ သိချင်သူများမေးလာတဲ့ မေးခွန်းတွေများနေတာကြောင့် အချိန်ရသလောက်ကို ဦးဇင်းသိသမျှဖြေကြားပေးလိုက်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်…..။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

Sunday, February 12, 2012

ချစ်သူများနေ့မှာ ဒါမျိုးတော့ မဖြစ်သင့်ပါ

ဖေဖ၀ါရီ(၁၄)ရက် ချစ်သူများနေ့ဆိုပြီး ကောင်းတာများလုပ်ကြသလားဆိုတော့ မကောင်းတာတွေပဲ လုပ်နေကြတာကို အင်တာနက်မှာဖတ်ရတဲ့အခါ ကိုယ့်မွေးနေ့ တောင် ပြန်ပြောင်းရရင် ပြောင်းလိုက်ချင်သေးတယ်။ ဘာတွေလုပ်ကြသလဲဆိုတာတော့ ဦးဦးမှော်စရာဂရုမေးလ်ထဲမှာ ဒါလေးဖတ်လိုက်ရလို့ စိတ်မကောင်းစွာနဲ့ လူငယ်လူကြီးမရွေး ရှောင်ကြဉ်နိုင်ကြပါစေရန် တင်ပေးလိုက်ပါတယ်။ ဦးဦးမှော်စရာ ဂရုမေးလ်မှာ ရေးထားတာကတော့

တလောက ဖတ်လိုက်ရတဲ့ ဆောင်းပါးထဲမှာ ပြောထားတာပါ။ ချစ်သူတွေအတွက် အသက်စွန့်ခဲ့သည့် ဘုန်းတော်ကြီးကိုဂုဏ်ပြုတဲ့ အနေနဲ့ဖြစ်လာတဲ့ ဒီချစ်သူများနေ့ဟာဆိုရင် အခုနောက်ပိုင်း တစ်လွဲဆံပင်ကောင်းသူတွေကြောင့် ကမ္ဘာပေါ်မှာ HIV/AIDS အကူးခံရမှုအများဆုံးနေ့တစ်နေ့ ဖြစ်လာသည်ဟု ဆောင်းပါးရှင်က ပြောထားပါတယ်။ မနှစ်က ဧရာဝတီမှာ ဖတ်ရတဲ့ သတင်းအရဆိုရင် မြန်မာနိုင်ငံမှာလဲ ထိုကဲ့သို့ ဖြစ်လာပါသည်ဟု ဆိုသည်။ ၁၄ရက်နေ့မှာ နာရီပိုင်း၊ နေ့ခင်းပိုင်း သီးသန့်ငှားလို့ရတဲ့ ဟိုတယ်တွေမှာ လူပြည့်ပြီး လူအားသွားမှာကိုပင် ထိုင်စောင့်ကြသည်ဟု သိရသည်။

ချစ်သူများနေ့တွင် ကိုယ့်အပျိုစင်ဘဝကို ကိုယ့်ချစ်သူအတွက် ချစ်သူများနေ့တွင် ပေးဆပ် မည်ဟု တွေးထားသော မိန်းကလေးများလဲ အများအပြားရှိသလို ကိုယ့်ချစ်သူရဲ့ အပျိုစင်ဘဝကို ရယူမည်ဟူ၍ တွေးထားသော ယောက်ျားလေးများလဲရှိသည်။ သို့သော် မိမိက အပျိုစင် လူပျိုစစ်စစ်ဖြစ်သော်လည်း မိမိချစ်သူက တခြားလူတစ်ယောက်နဲ့ ဆက်ဆံဖူးသလားဆိုတာကို သေချာသိသည့် လူကနည်းပါသည်။ ထို့အတွက် အကာကွယ်မဲ့ လိင်ဆက်ဆံကြပြီး ရောဂါပိုး ကူးသူဒုနဲ့ဒေးဖြစ်ခဲ့ရသည်။ မနှစ်က ဖေဖော်ဝါရီ တတိယပတ်တွင် ဖတ်ရသည့် အင်္ဂလိပ်လူမှုရေးဆိုဒ်တစ်ခုအဆိုအရ တစ်ကမ္ဘာလုံးတွင် ၂၀၁၁ချစ်သူများနေ့၌ အတူနေ စုံတွဲ သန်း၁၅၀ကျော်မှ ရှိပြီး။ နှစ်စဉ်နှစ်တိုင်း ထိုနေ့၌ HIV/AIDS ကူးဆက်ခံရသူ ၆သိန်းကျော်မျှရှိသည်ဟုသိရပြီး။ အာရှတိုက်တွင် မနှစ်က ချစ်သူများနေ၌ ရောဂါပိုးကူးစက်ခံသူ ၃သိန်းမျှအထိ ရှိသည်ဟု သိရသည်။

အများစုမှာ အသက်၂၀မကျော်သူများဖြစ်ကြပြီး ကောလိပ်၊တက္ကသိုလ်ကျောင်း သား ကျောင်းသူများဖြစ်သည်ဟု ဖြည့်စွက် ပြောကြားခဲ့သည်။ မြန်မာပြည်တွင် ရောဂါပိုးရှိသူများ၏ ၂၀%သည် မိမိချစ်သူ ခင်ပွန်းထံမှ ရရှိခြင်းဖြစ်သည်ဟုလဲ လူမှုရေးအသင်းအဖွဲ့တစ်ခုမှ တာဝန်ခံကပြောကြားသည်။ မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါရှိသော်လည်း TB ဟုအမည်တပ်ပြီးသေဆုံးသူ နှစ်စဉ် ၁၀၀၀ ဝန်းကျင်ခန့်ရှိပြီး၊ မည်သည့်ရောဂါမှန်း မသိပဲ သေဆုံးသူ ၅၀၀၀ကျော်ခန့်ရှိသည်ဟု ကျမ်းမာရေးဋ္ဌာနတွင် ဒုညွှန်တာဝန်ယူထားသူ တစ်ဦးက ကျွန်တော့်ကို ပြောပြသည်။

လသာတွင် ဟိုတယ်ဖွင့်ထားသော အသိတစ်ယောက် အဆိုရဆိုရင် ချစ်သူများနေ့တွင် သူ့ဟိုတယ်မှာ လာနေသူအများစုမှာ ၂၀ဝန်းကျင် လူငယ်များဖြစ်သည်ဟုလဲ သိရသည်။ နောက် ထိုနေ့တွင် တစ်ကမ္ဘာလုံး၌ မိမိချစ်သူအတွက် သုံးစွဲငွေမှာ ဒေါ်လာလေးဘီလျှံနှင့်အထက်တွင်ရှိနိုင်သည်ဟု OXFORD တွင် တက်နေသော စီးပွားရေးအထူးပြုကျောင်းသားတစ်ဦးက twitter တွင် ခန့်မှန်းပြောကြားခဲ့သည်ကို မနှစ်က လေးလပိုင်းက ဖတ်လိုက်ရသည်။ မြန်မာနိုင်ငံတွင် ထိုနေ့၌ အခန်းခများ ဈေးတက်ပြီး တစ်နာရီလျှင် ၁၀၀၀၀ကျော်မှအထိ ယူသည်ဟုသိရသည်။
ထိုကဲ့သို့ ငွေများ အလဟသတ် ကုန်ဆုံးနေခြင်းမှာ နှမြောဖို့အလွန်ကောင်းလှပြီး လူမှုရေးအဖွဲ့အစည်းများကို လှူမယ်ဆို မတရားကောင်းပါလိမ့်မယ်။ အခုနောက်ပိုင်းမှာ တစ်ကမ္ဘာလုံးမှာ လူ့အခွင့်အရေးခေါင်းစဉ်ဖြင့် လူသားတွေကို ဖျက်ဆီးနေကြသည်။ ဂေးဥပဒေပေါ်ထွက်လာခြင်းမှာ သဘာဝကို ဆန့်ကျင်ခြင်းဖြစ်ပြီး လူသားမျိုးတုန်းမှု အန္တာရယ်ရဲ့ အစလဲဖြစ်သည်။ နိုက်ကလပ်များ ဇိမ်ခံခန်းများကြောင့် ထိုင်းနိုင်ငံတွင် နှစ်စဉ် လူတစ်သိန်းခံ HIV/AIDS ကူးစက်ခံစားရပြီး ဒီမိုကရေစီဟု အမည်တပ်ပြီး ဆက်လက်ရှင်သန်နေသည့် နိုက်ကလပ်များ ဇိမ်ခံခန်းများမှာ တရားဝင်ရော တရားမဝင်ပါ အများအပြားရှိပြီး ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးဆက်ခံရပြီး မြန်မာလူမျိုးများ မိမိတိုင်းပြည်အတွင်း ပြန်ဝင်ရောက်လာခြင်းမှာလဲ ရင်လေးစရာကိစ္စဖြစ်သည်။

လူ့အခွင့်အရေး လူ့အခွင့် အရေးခေါင်းစဉ်ကြောင့်ပဲ တဖြည်းဖြည်းနဲ့ လူသားများဟာ တိရစ္ဆာန်နဲ့မခြားဖြစ်လာပြီး အရှက်အကြောက်လဲ နည်းသထက်နည်းလာခဲ့ကြသည်။ အဝတ်အစားဖက်ရှင်များ အနေအထိုင်ရဲတင်းမှုများစသည့် ဆိုးကျိုးများမှာ ကမ္ဘာမှ တဆင့် မြန်မာသို့ ကူးစက်လာခဲ့သည်။ လမ်းပေါ်တွင် ခွေးများမှာ အကာအကွယ်မဲ့ မိတ်လိုက်ကြပြီး၊ မည်သည့်ကိုမျှ မရှက်ကြပါ။ ထိုအဆင့်သို့ မရောက်သေးသော်လည်း ကားပေါ်များ၊ ရထားပေါ်များတွင် ရဲတင်းစွာဖက်လဲတကင်း နေထိုင်နေခြင်းများကို ခရီးသွားပြည်သူများ နေ့စဉ် မြင်တွေ့နေရသည်မှာ မျက်မြင်ဖြစ်သည်။ ထို့အတွက်ဖြင့်ပဲ ကလေးဖျက်ချခြင်းကြောင့် မိန်းမငယ်များစွာ အသက်စတေးရပြီး သားသမီးစွန့်ပစ်မှုနှုန်းများလဲ တက်လာခဲ့သည်။  တချိန်ကအလွန်ယဉ်ကျေးလှသောမြန်မာလူမျိုးများကို ချစ်သူများနေ့တွင် ကျွန်တော်ပျက်ဆီးခြင်းမဖြစ်စေချင်တာက ဆန္ဒအမှန်ပါ။

နောက်လူတွေရဲ့စိတ်မှာလဲ ချစ်သူများနေ့ဆို မဟုတ်တာပဲ လုပ်ဖို့တွေးနေကြသလိုပါပဲ။ ထိုနေ့တွင် အခန်းမဲဖောက်ပေးဖို့ လုပ်တဲ့ကိစ္စကိုပဲ ကြည့်ပါ။ နောက်ပြီး လိုင်းပေါ်က သူငယ်ချင်းတွေ ကျွန်တော့်ကိုလာလာမေးကြပါတယ် အဲ့နေ့ဘာလုပ်မလဲတဲ့။ ကျွန်တော်ကတော့ တစ်ယောက်တည်းပါပဲလို့ ဖြေတော့ မယုံပါဘူးတဲ့။ သေချာရှင်းပြတော့ ထပ်မေးကြပြန်ပါတယ်။ အဲ့နေ့မျာ ချစ်သူရှိခဲ့ရင် ဘယ်ကိုသွားပြီး ဘာလုပ်မလဲတဲ့။ ဘုရားတွေပတ်သွားမယ် ဆိုတော့ ပြောကြတယ် ခေတ်အမြင်ကို မရှိဘူးတဲ့။ တကယ့်ကို ပြဿနာပါပဲ။ ကျွန်တော်လဲ ရည်းစားထားခဲ့ဖူးပါတယ်။

တကယ်ကို အဲ့ဒီ့နေ့မှာ မဟုတ်တာမလုပ်ဖူးပါဘူး ကျိန်ဆိုလဲ ကျိန်ပါ့မယ်ဗျာ။ ကိုယ်ချစ်တဲ့ သူနဲ့တော့ အတူနေချင်ကြတာ ယောက်ျားတိုင်းပါပဲ။ ဒါပေမယ့် အဲ့လို ချစ်သူတွေအတွက် မင်္ဂလာရှိတဲ့နေ့မှာတော့  မဟုတ်တာ မလုပ်သင့်ပါဘူး။ ကျွန်တော် ဒီဇင်ဘာလတုန်းက မြစ်ကြီးနားကို တက်ခဲ့ပါတယ်။ ၁ပတ်လောက်ကြာပြီး စိတ်မချမ်းမြေ့စရာတွေ တော်တော်တွေ့ခဲ့ရတယ်။ ချို့တဲ့မှုကြားထဲက အသက်ကိုကြိုးစားရှင်သန်နေကြတဲ့ လူတွေကတော့ လေးစားစရာပါပဲ။ ကျွန်တော့်မှာ ကိုယ်ရေးကိုယ်တာစိတ် အနှောက်အယှက်ဖြစ်တာကြောင့် စိတ်ညစ်ညစ်နဲ့ သေရင်သေဆိုပြီး ကချင်တက်သွားတာပါ။ မသေခင်မှာ ကောင်းမှုကုသိုလ်လေးတစ်ခုလောက် လုပ်မယ်ဆိုပြီး အခြေခံဆေးဝါး၃သိန်းဖိုးနီးပါး ဝယ်သွားခဲ့ပါတယ်။ ဟိုရောက်တော့ အာဏာပိုင်တွေ NGO တချို့နဲ့တွေ့ပြီး အခမဲ့ ဆေးခန်းတွေမှာ ဒုက္ခသည် စခန်းတချို့က ဆရာဝန်တွေဆီ လှူခဲ့ပါတယ်။

ထိုမှ ဆရာဝန်တချို့ပြောပြချက်အရ အဝတ်အစား၊စားစရာနဲ့ တခြားပစ္စည်းများမှာ လှူဒါန်းသူများသဖြင့် အနည်းငယ်မျှသာ လိုအပ်ချက်ဖြစ်သော်လည်း ဆေးဝါးမှာမှု မလုံလောက်ကြောင်း။ နေစရာချို့တဲ့မှုကြောင့် အအေးပတ်အဆုတ်ရောင်ဖျားနာစသော ရောဂါငယ်များဖြစ်ပွားပြီး ဆေးဝါးမလုံလောက်မှုများစွာ ကြုံရကြောင်း ထို့အတွက် မလိုအပ်ပဲ အသက်ဆုံးရှုံးရကြောင်း ပြောပြခဲ့ပါတယ်။ ဘုန်းကြီးကျောင်းမှာ လာရောက် ခိုလှုံနေသူတစ်ယောက်ကလဲ ကျွန်တော့်ကိုပြောတယ် အသက်ကို ပဓာနမထားပဲ ဒီလို လာကူညီတဲ့ အတွက် ကျေးဇူးပါတဲ့ ။ကျွန်တော် ရှက်သွားတယ်။

ရန်ကုန်မှာပြည့်ပြည့်စုံစုံနဲ့ နေရတဲ့ ကျွန်တော်က သေချင်လို့ အန္တာရယ်ကြားထဲသွားခဲ့တယ်။ ကချင်က သူတွေကတော့ အန္တာရယ်ကြားကနေ အသက်ဆက်လက်ရှင်သန်ဖို့ ကြိုးစားနေကြတယ်လေ။ ကျွန်တော်က တကယ့်ကို လူမပီသတဲ့တစ်ယောက်ပါပဲ။ အသက်ကျွန်တော်ပြောချင်တာကတော့ ချစ်သူများနေ့မှာ အကျိုးမရှိကုန်မယ့်အစား ကချင်မှာကဲ့သို့ လိုအပ်မယ့် နေရာအချို့ကို လှူဒါန်းသင့်ကြောင်းပါ။ ချစ်သူများနေ့မှာ နောက်ဘဝ ကိုယ်ချစ်တဲ့သူနဲ့ ဆုံဆည်းရအောင် အခုကတည်းက ကောင်းမှုအတူလုပ်ရင်း ပါရမီဖြည့်ကြဖို့ တိုက်တွန်းပါရစေ။

--
Your lovingly Fri

Ya Wai (Paing Soe Thu)

Valentine's Day ဘယ်လိုဖြစ်လာတာလဲ

ဖေဖ၀ါရီ(၁၄)ရက် မိမိမွေးနေ့ဟာ ချစ်သူများနေ့(Valentine's Day) ဆိုပြီး ကောင်းတဲ့အရာများလုပ်ကြသလားဆိုတော့ ကောင်းတာလုပ်တဲ့လူကနည်းပြီး မကောင်းတဲ့ရက်ဖြစ်နေတာကို သိချင်လွန်းလို့ ကိုယ်မွေးပြီးမှ သတ်မှတ်တာလား။ ကိုယ်မမွေးခင်က သတ်မှတ်ခဲ့တာလားလို့ သမိုင်းကြောင်းတွေကို လိုက်လံဖတ်ကြည့်တဲ့အခါ စီးပွားရေးသမားလောဘသမားများနဲ့တဏှာဘက်တော်သားများသာ အသိမှတ်ပြုတဲ့ရက်ဖြစ်တယ်ဆိုတာကို သိခဲ့ရပါတယ်။ မိမိလိုပဲ ချစ်သူများနေ့ဖြစ်ပေါ်လာရခြင်းအကြောင်းကို သိချင်သူများ ဖတ်ရအောင် http://myanmarinsingapore.com/profiles/blogs/valentine-s-day ကနေ တင်ပေးလိုက်ပါတယ်။

သူငယ်ချင်းတို့ရေ ဖေဖော်ဝါရီ (၁၄)ရက်ဘယ်လို့ဖြစ်လာလဲဆိုတာကို သိတဲ့လူတွေတော့ရှိမယ်ဟုတ်.. မသိတဲသူငယ်ချင်းတွေလဲ ဗဟုသုတအနေနဲ့ ပြန်ဖတ်ကြည့်ပေးလေ...နိုင်ငံတကာမှာကျင်းပတဲ့ ချစ်သူများနေ့ကို မမေ့သလို့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့လေးကို မမေ့ကျပါနဲ့အုန်းနော်...ဖေဖော်ဝါရီ (၁၃)နေ့နော်...ဆရာလုပ်တာတော့မဟုတ်ဘူးနော်.. ကဲ ဘယ်လို့စခဲ့တယ်ဆိုတာကို ရာဇ၀င်ပြန်လှန်ပြီးလေ့လာကျရအောင်..

ချစ်သူများနေ့ (Valentine's Day)

ကမ္ဘာတွင် ချစ်သူများနေ့(Valentine's Day)ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ဟု သတ်မှတ်သည်။ ထိုနေ့သို့ ရောက်တိုင်း ကမ္ဘာတစ်ဝှမ်းလုံး မှာရှိသော ချစ်သူများအကြား အမှတ်တရ ချစ်လက်ဆောင်များအဖြစ် သကြားလုံး၊ ပန်းနှင့် အခြား

ချစ်သက်လက်ဆောင်များကို St. Valentine အမည်နှင့် အပြန်အလှန် လဲလှယ် ပေးပို့လေ့ ရှိကြပါသည်။ သို့သော် St. Valentine ဆိုသည့် ထူးခြားသော သူတောင်စင်အကြောင်းကို မသိကြသလို ဘာကြောင့် St. Valentine အထိမ်းအမှတ်ပွဲကို အားလပ်ရက်အဖြစ် သတ်မှတ် ကျင်းပကြတယ်ဆိုတာကိုလည်း အမှတ်တမဲ့ ဖြစ်ကြတာများပါသည်။

ယေဘုယျအားဖြင့်တော့ ဖေဖော်ဝါရီလဟာ အချစ်ရည်အချစ်သွေး လွှမ်းနေတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ လတစ်လလို့ သိထားကြပါသည်။ ယနေ့ခေတ် နားလည်ထားကြသော St. Valentine Day သည် ရှေးခေတ် ရောမရိုးရာနှင့် ခရစ်ယာန် ဘာသာအတွက် အလေးအမြတ်ထားသော နေ့ထူးနေ့မြတ် တစ်ခု ဖြစ်ပါသည်။

ဒီနေ့ခေတ်မှာ ကက်သိုလစ် ဘုရားကျောင်းတွေက သိနားလည်ထားကြတာကတော့ Valentine အမည်တွင်တဲ့ သူတော်စင် သုံးဦးရှိပါတယ်။ ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတာကတော့ Valentine ဆိုတာ သုံးရာစုလောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီးတစ်ပါးလို့ ဆိုထားပါတယ်။ ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ က တိုင်းပြည်မှာ ရှိသမျှ အိမ်ထောင်သည်များကို မရွေးချယ်ပဲ အရွယ်ရောက်သူ လူပျိုလူလွတ်များကို စစ်မှုထမ်းစေပါတယ်။ အဲဒီအခါ သူတော်စင် Valentine ဟာ ဘုရင် ကလောဒီးယပ်စ် တားမြစ်ထားတဲ့ ဥပဒေအပြင်ဘက် ကနေ စစ်မှုထမ်းသူ လူငယ်များကို သူတို့ရဲ့ ချစ်သူများနဲ့ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ Valentine ရဲ့ လုပ်ရပ်များကို ဘုရင်သိသွားတဲ့ အခါ သေဒဏ်ချမှတ်လိုက်ပါတယ်။ အခြားပုံပြင်များမှာတော့ Valentine ဟာ အကျဉ်းထောင်များထဲက ခရစ်ယာန်အကျဉ်းသားများကို လွတ်မြောက်အောင် ကြိုးပမ်းပေးမှုကြောင့် သတ်ဖြတ်ခံလိုက်ရတယ်လို့လည်း ဆိုကြပါသေးတယ်။

နောက်ထပ် ဒဏ္ဍာရီတစ်ခုကတော့ သူတော်စင် Valentine က ပမထဆုံးချစ်သက်လက်ဆောင်ကို သူကိုယ်တိုင် ပေးပို့ခဲ့တယ်လို့ ဆိုထားပါတယ်။ အကျဉ်းချခံရစဉ်မှာ Valentine ဟာ သူ့ထံ အလည်လာတွေ့တတ်သူ ထောင်မှူးသမီးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ သူ မသေဆုံးခင် စာတစ်စောင် ရေးသားခဲ့ရာမှာ "From Your Valentine" လို့ လက်မှတ်ရေးထိုးထားပါသတဲ့။ စာအရေးအသားကို ထောက်ရှုခြင်းအားဖြင့် ယနေ့ခေတ် အသုံးအနှုန်း ရင်ဖွင့်စာများနဲ့ တူညီနေတာကို တွေ့ရပါတယ်။ ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုး

ကွဲလွဲနေပေမယ့် Valentine ဒဏ္ဍာရီများရဲ့ နောက်ကွယ်မှာ အမှန်တရားတစ်ခုတော့ တိမ်မြှုပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူကွဲနေတဲ့ Valentine ဒဏ္ဍာရီများမှာ ကြင်နာဂရုဏာတရား၊ သူရဲကောင်းပီသမှုနဲ့ အခြားအရေးပါသော ချစ်မေတ္တာရဲ့ သင်္ကေတများကို အထင်အရှား ပြဆိုနေပါတယ်။

ခေတ်အလယ်ပိုင်းမှာတော့ Valentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့ အင်္ဂလန် နိုင်ငံများမှာ အတော်လေး ခေတ်စားနေခဲ့ပြီး အယူအဆ အမျိုးမျိုးကလည်း ဆင့်ပွားဖြစ်ပေါ်လာပါတယ်။ တစ်ချို့ကတော့ St.Valentine ဟာ ခေါင်းဖြတ် အသတ်ခံရကြောင်း အဆိုရှိပြီး အခြားပြောစကားများကတော့ St. Valentine ဟာ ထောင်ထဲမှာ နာဖျားပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၁၈၃၅ ခုနှစ်မှာ St. Valentine ရဲ့ ရုပ်ကြွင်း (သို့မဟုတ်) အရိုးပြာကို အိုင်ယာလန် ဘုန်းတော်ကြီး John Spratt ထံ ပုပ်ရဟန်းမင်းကြီး Gregory XVI က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ တရားဟော ကောင်းမှုကြောင့် ပုပ်ရဟန်းမင်းကြီးကို အိုင်ယာလန် ဘုန်းတော်ကြီးက များစွာ အထင်ကြီးလေးစားတယ်လို့ သိရပါတယ်။ ဒီ့အတွက် ရောမကို ပုပ်ရဟန်းမင်းကြီး အလည်အပတ်ရောက်ခိုက် ပုပ်ရဟန်းမင်းကြီးက အနက်ရောင်ပါသော ရွှေကြုပ်နဲ့ ထည့်ထားတဲ့St. Valentine ရဲ့ အရိုးပြာများကို အိုင်ယာလန် ဘုန်းတော်ကြီးကို လက်ဆောင်ပေးခဲ့ခြင်း ဖ်ြစပါတယ်။ St. Valentine ရဲ့ အရိုးပြာများ ထည့်ထားတဲ့ ရွှေကြုပ်ကို Valentine's Day ရောက်တိုင်း အိုင်ယာလန်နိုင်ငံ ဒူဘလင်မြို့က Whitefriar Street Church မှာ လူတိုင်း သွားရောက် ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။

သမိုင်းကြောင်း

ရောမပြည်က အချစ်အကြောင်းကတော့ ချစ်သူများနေ့ ဖြစ်ပေါ်ခြင်း၏ သမိုင်းအစပါ။ ရောမမြို ဘုရင်တစ်ပါး လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ စစ်သည်တော်တွေဟာ ချစ်သူရည်းစား ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရူံးနှိမ့်ခဲ့ကြသည်။

ဒီအကြောင်း ဘုရင်ကြီးသိတော့ ရောမမြို့မှာ ချစ်သူရည်းစား မဖြစ်စေရ အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတ်ာကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမိန့်ထုပ်ခဲ့သည်။ နှလုံးသားရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့၏ အချစ်ကို နေ့တစ်နေ့အတွက် မရည်စူးပါ။ ချစ်တက်သူတွေ အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး Valentine ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး Valentineသည် ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတက်သူမို့ မိမိအသက်ကို ပဓာနမထားပဲ လက်ထက်ပေးလိုက်ပါသည်။ ထိုအကြောင်းကို ဘုရင်သိသောအခါ ထိုနေ့ ဖေဖေါ်ဝါရီ (၁၄)ရက်တွင် ဘုန်းတော်ကြီးကို အဆုံးစီရင်လိုက်ပါသည်။ ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး Valentine ကို ဂုဏ်ပြုသောအားဖြင့် Valentine’ Day (သို့မဟုတ်) ချစ်သူများနေ့ဟု့ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါသည်။ လူအချို့ရဲ့ ယုံကြည်မှုအရ Valentine's Day ကို ဖေဖော်ဝါရီ လလယ်မှာ ကျင်းပခဲ့ကြတာ အေဒီ ၂၇၀ ၀န်းကျင်ကတည်းက ဖြစ်ပါတယ်။ အချို့က St. Valentine Day စားပွဲသောက်ပွဲ ပျော်ပွဲရွှင်ပွဲများကို ဖေဖော်ဝါရီလလယ်မှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများမှာ ကျင်းပကြဖို့ တောင်းဆိုခဲ့ကြတာ  ဖြစ်နိုင်ကြောင်း ယူဆကြပါတယ်။ St. Valentine Day ကို ကိုယ်စားပြုပြီး ခရစ်ယာန် ဘာသာဝင်များရဲ့ Pagan Lupercalia ပွဲတော်များကို ကျင်းပဖြစ်ဖို့ အခွင့်အခါ ကြုံသွားခြင်းလည်း ဖြစ်ပါတယ်။ ရှေးခေတ် ရောမမှာတော့ ဖေဖော်ဝါရီလဟာ နွေဦးပေါက်လာချိန်ဖြစ်ပြီး သန့်စင်ဆေးကြောချိန်လ့  သတ်မှတ်ထားကြပါတယ် အိမ်များမှာ ဘာသာရေးအရ သန့်စင်ဆေးကြောခြင်းများ ပြုလုပ်ကြပြီး ဆားများ၊ Spelt အမည်ရ ဂျုံများနဲ့ ကြဲဖြန့်ထားတတ်ကြပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်မှာတော့ စိုက်ပျိုးရေးကို ကိုယ်စားပြုတဲ့ ရောမနတ်ဘုရား Faunus ကို ပူဇော်တဲ့ ပွဲတော် ကျင်းပလေ့ရှိသလို

ရောမကို ထူထောင်တဲ့ Romulus နဲ့ Remus ကို ပူဇော်ပွဲလည်း ဖြစ်ပါတယ်။ ထိုပွဲတော်ကို စတင်ဖို့ Luperci အဖွဲ့ဝင်များနဲ့ ဘုန်းတော်ကြီးများဟာ Romulus နဲ့ Remus တို့ကို အထွတ်အမြတ်ထားသောအားဖြင့် ကလေးဘ၀က ခိုအောင်းခဲ့ကြတဲ့ ဂူထဲမှာ စုဝေးကြရလေ့ရှိပါတယ်။ ဘုန်းတော်ကြီးများဟာ ဆိတ်ကို ဖွံ့ဖြိုးတိုးတက်မှုအတွက် ယဇ်ပူဇော်ရပြီး ခွေးကို သန့်စင်မှုအတွက် ယစ်ပူဇော် တတ်ကြပါတယ်။ လူငယ် ယောက်ျားလေးများက ဆိတ်သားရေကို ခွာချွတ်ပြီး ယဇ်ပူဇော်မယ့် သွေးထဲစိမ်ပြီး လမ်းများပေါ် ပက်ဖြန်းသွား ကြပါတယ်။ လမ်းတစ်လျှောက် စောင့်နေကြတဲ့ အမျိုးသမီးများနဲ့ ကောက်ပဲသီးနှံများပေါ်ကို ယဇ်ပူဇော်ထားတဲ့ ဆိတ်သားရေမှာ စိမ့်ဝင်နေတဲ့ သွေးများနဲ့ ခပ်သာသာကလေး ပက်ဖြန်းသွားကြပါတယ်။ အကြောက်အလန့်မဖြစ်ပဲ အမျိုးသမီးများဟာ ဆိတ်သားရေများနဲ့ သူတို့ကိုယ်သူတို့ ထိတွေ့စေပါတယ်။ ဆိတ်သားရေက သူတို့ကို နှစ်သစ်မှာ ကောင်းကျိုးတွေပေးမယ်လို့ ယုံကြည်ကြလို့ဖြစ်ပါတယ်။ ဒဏ္ဍာရီအရ အမျိုးသမီးငယ် များဟာ သူတို့အမည်များကို ခရားအိုးငယ်လေးထဲ ထည့်ထားကြပြီး မြို့ရဲ့ ကာလသားများက အဆိုပါခရားအိုးထဲက မိန်းမပျိုလေးများ အမည်ပါရှိတဲ့ စက္ကူလိပ်လေးများကို မဲနှိုက်ကြရပါတယ်။ မိမိရရှိတဲ့ မဲလိပ်ထဲက မိန်းကလေးအမည်ဟာ မိမိရဲ့ ချစ်သူ မိန်းကလေးဖြစ်ပါတယ်။ အဆိုပါ စုံတွဲ ရှာပွဲဟာ လက်ထပ်ပေါင်းသင်းဖြစ်တဲ့အထိ အရေးပါခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး Gelasius က အေဒီ ၄၉၈ ခုနှစ်မှာ St. Valentine Day ကို ဖေဖော်ဝါရီလ ၁၄ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ရောမရဲ့ စုံတွဲရှာဖွေရေး ကံစမ်းမဲ စနစ်သစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ထိုစနစ်ဟာ ခရစ်ယာန်မဟုတ်သောသူများနဲ့ ဥပဒေစည်းမျဉ်းပြင်ပက လူများအတွက် ဖြစ်ပါတယ်။နောက်ပိုင်းမှာ ခေတ်တွေရွေ့လျားလာပြီး အလယ်ခေတ်အရောက်မှာ အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်ကို ငှက်များ အဖော်ရှာသော ရာသီအစလို့ ယုံကြည်လက်ခံလာကြပြန်ပါတယ်။ ထိုမှစလို့ ခေတ်ကာလ ပြောင်းလဲရာကနေ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine's Day ဆိုပြီး ကျင်းပလာကြခြင်းဖြစ်ပါတယ်။ အစောဆုံး Valentine Day အထိမ်းအမှတ် ကဗျာကို Charles Duke of Orleans မှ လန်ဒန်မျှော်စင်ပေါ်မှာ အကျဉ်းကျနေစဉ် သူ့ချစ်ဇနီးထံ ရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။ Charles Duke of Orleans ဟာ Battle of Agincourt စစ်ပွဲမျာ ဖမ်းဆီးခံရပြီး လန်ဒန် မျှော်စင်ပေါ် အကျဉ်းချခံရသူ ပြင်သစ်လူမျိုးတစ်ဦး ဖြစ်ပါတယ်။ သူ့ကဗျာကို ၁၄၁၅ ခုနှစ်က ရေးသားခဲ့တာဖြစ်ပြီး လန်ဒန်မြို့က ဗြိတိန်စာကြည့် တိုက်က လက်ရေးမူများမှာ တွေ့နိုင်ပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်တဲ့အခါ ဟင်နရီ၅ ဘုရင်က စာဆိုတစ်ဦး ငှားရမ်းပြီး သူ့ချစ်သူ Catherine of Valois ထံ Valentine ချစ်သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ Valentine's Day ရဲ့ သင်္ကေတတွေထဲမှာ ထင်ရှားတဲ့ Cupid (ကျူးပစ်)ဖူးစာရေးနတ်ကလေးကတော့ ကလေးငယ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ပြီး တောင်ပံတစ်စုံနဲ့ နတ်ကလေးပါ။ ကျူးပစ်ဟာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့ သားတော်လေးဖြစ်ပြီး ဂရိ ပုရာဏ်ကျမ်းထဲမှာတော့ Apphrodite ရဲ့ သားတော် Eros လို့ သိကြပါတယ်။

Great Britain မှာတော့ ၁၇ ရာစုမှာ Valentine's Day ကို စတင်ကျင်းပခဲ့ပါတယ်။ ၁၈ ရာစုအလယ်မှာ လူမှုအသိုင်းအ၀ိုင်းမှာ ချစ်သူများ အတွက်သာမက ပွဲလမ်းသဘင်နှစ်သက်သူများအတွက်ပါ အကျုံးဝင်လာပါတယ်။ ချစ်သူခင်သူ အချင်းချင်း အမှတ်တရဖြစ်ဖွယ် တိုကင်ကဒ်ပြား များ အပြန်အလှန် ပေးပို့ကြတဲ့ အလေ့အထ ဖြစ်လာပါတယ်။ ရာစုနှစ်အဆုံးမှာ လက်ရေးမူနဲ့ ချစ်သ၀ဏ်လွှာ ရေးပို့ခြင်းများအစား ပုံနှိပ်ထုတ်ဝေ ထားတဲ့ အမှတ်တရကဒ်များဟာ မိမိတို့ ခံစားချက်ကို ရင်ဖွင့်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အချစ်ရေးမှာ သတ္တိကြောင်သူများအတွက် အားကိုးဖော်ရလာတဲ့နည်းသစ်ပါ။ စာပို့ခ သက်သက်သာသာနဲ့ Valentine's Day ရဲ့ အကျိုးသက်ရောက်မှုနဲ့ နာမည်ကြီးမှုဟာ ထိရောက်မှုများ ရှိခဲ့ပါတယ်။ အမေရိကန်များကတော့ လက်လုပ် Valentine's Day လက်ဆောင်များကို ၁၇၀၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ပြုလုပ်ခဲ့ ကြပါတယ်။ ၁၈၄၀ ပြည့်နှစ်များက အမေရိကန်လူမျိုး Esther A. Howland ဆိုသူဟာ ပထမဆုံး Valentine လက်ဆောင် စတင်တီထွင်သူ ဖြစ်ပါတယ်။

Greeting Card Association က ခန့်မှန်းချက်အရ နှစ်စဉ် Valentine လက်ဆောင်ကဒ် တစ်ဘီလီယံကို ပို့သပေးရကြောင်းနဲ့ ခရစ္စမတ်ကဒ်များပြီးလျှင် ဒုတိယအများဆုံး ရောင်းချရတဲ့ အရေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

Valentine လက်ဆောင် ၈၅% ကို အမျိုးသမီးများက ပေးချေကြပါတယ်။ အမေရိကမှာ Valentine's Day ကို ကျင်းပကြသလို ကနေဒါ၊ မက္ကဆီကို၊ အင်္ဂလန်၊ ပြင်သစ်နဲ့ သြစတေးလျတို့ အပါအ၀င် ကမ္ဘာနိုင်ငံ အနှံ့အပြားမှာလည်း Valentine's Day ကို ကျင်းပလျက်ရှိပါကြောင်း…။

ကဲဖတ်ပြီးသွားပြီဆိုတော့ အနည်းအကျဉ်းတော့လေ့လာလို့ပြီးသွားပြီပေါ့.. အပြည့်အစုံမဟုတ်ရင်တောင်မှ အနည်းငယ် အသိတိုးသွားရင်တော့ ကျေနပ်ပါပြီဗျာ.. ချစ်သူများနေမှာ ကိုချစ်ရတဲ့သူနဲ့ပျော်ရွှင်စွာ ကျော်ဖြတ်နိုင်ကျပါစေနော်...

Phoenix Lay@လေပြည်(09/12/2011---10:18 AM)

Thursday, February 9, 2012

အကေင်းဆုံးလူနဲ့ကုသိုလ်

မေး။ ။ အရှင်ဘုရား တပည့်တော်ရဲ့သူငယ်ချင်းကမေးပါတယ်။ လူတစ်ယောက်ဟာ ပရိတ်တို့ ပဋ္ဌာန်းတို့ရွတ်တာ ဘာအကျိုးရပါသလဲတဲ့။ ပြီးတော့ ရွတ်နေပြီးမဟုတ်တာလုပ်တဲ့သူနဲ့ ဘာမှမရွတ်တဲ့သူ ဘယ်သူကပိုကုသိုလ်ရလဲပေါ့။ သူဆိုလိုတဲ့သဘောက လူတစ်ယောက်က အကောင်းဆုံးနေတယ်။ အမှန်ဆုံးနေတယ်။ ဒါပေမယ့် အဲဒီတရားတော်တွေ ဂါထာတွေမရွတ်ရင် သူဘယ်လိုဖြစ်နိုင်လဲပေါ့။ တပည့်တော်ဗဟုသုတနဲ့ဆိုရင် ဖြေလိုက်တဲ့အခါမှာ မှားမှာစိုးလို့ အရှင်ဘုရားက ဖြေကြားပေးစေ ချင်ပါတယ်။

နုဝါစန်း၊ ရန်ကုန်။
 ဖြေ။ ။ မြတ်ဗုဒ္ဓတရားတော်များကို ရွတ်ဖတ်ပူဇော်ပေးခြင်းဟာ ပုညကြိယာဝတ္ထုဆယ်ပါးထဲမှ ဓမ္မဒေသနာလို့ခေါ်တဲ့ ကောင်းမှုကုသိုလ်ဖြစ်ပါတယ်။ ဒီကောင်းမှုဟာ နှုတ်နဲ့ပြောဆိုပေးခြင်း၊ ရွတ်ဆိုပေးခြင်းဝစီကံကုသိုလ်ပါ။ ကောင်းမှုကုသိုလ်မှာလည်း ကာယကံ၊ ၀စီကံ၊ မနောကံကောင်းမှုများရှိသလို မကောင်းမှုအကုသိုလ်မှာလည်း ကာယကံ၊ ဝစီကံ၊ မနောကံမကောင်းမှုများ ရှိပါတယ်။ မိမိကိုယ်ကို လူကောင်းတစ်ယောက်ဖြစ်ဖို့က ကံသုံးပါးလုံးပြည့်စုံမှ ဖြစ်ပါလိမ့်မယ်။ ကံသုံးပါးလုံး ကောင်းအောင်နေလို့ လူကောင်းတစ်ယောက်ဖြစ်တဲ့သူဟာ သူ့အတွက် ကောင်းခြင်းတွေ များနေမှာတော့ သေချာပါတယ်။ အဲဒီလို ကောင်းမှုတွေများနေတဲ့သူဟာ ပိုပြီးကောင်းမှုများ ထပ်မံများအောင် ဘုရားတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများ၊ မေတ္တာပို့ခြင်း၊ သာဓုခေါ်ဆိုခြင်း များ ပြုလုပ်ပေးမယ်ဆိုရင် အတိုင်းအဆမရှိ ကောင်းမှုများရမှာဖြစ်လို့ အကောင်းတကာ အကောင်းဆုံးလူ လို့ ပြောရပါလိမ့်မယ်။
မကောင်းမှုတွေပဲ လုပ်နေတဲ့သူဟာ မကောင်းမှုလုပ်တာများနေပေမဲ့ ဘုရားဟောတရားတော်များကို ရွတ်ဖတ်ပေးရင် ရွတ်ဖတ်တဲ့ကုသိုလ်ရရှိတာမို့ အကျိုးမယုတ်ပါဘူး။ အနည်းဆုံး မကောင်းမှုအကျိုးကို ဖာထေးပေးနိုင်တဲ့သတ္တိအနည်းငယ်တော့ ရပါတယ်။ မကောင်းမှုလုပ်တဲ့ချိန်လုပ်တယ်။ ဒါပေမဲ့ အဲဒီလူဟာ သူ့စိတ်လေး သန့်ရှင်းနေတဲ့အချိန်မှာ ကောင်းမှုရအောင် ဘုရားတရားတော်များ ရွတ်ခြင်းကြောင့် ကောင်းမှုကတော့ ရရှိမှာပါ။
အဲဒီတော့ အမှန်ဆုံးဖြစ်အောင်၊ အကောင်းဆုံးဖြစ်အောင်၊ လူကောင်းတစ်ယောက်ဖြစ်အောင် နေတဲ့လူက လည်း ထပ်မံကုသိုလ်များရရှိအောင် ဘုရားတရားတော်များ ရွတ်ဖတ်ပေးခြင်းတို့ပြုလုပ်ပေးရင် ပိုကောင်းပါတယ်။ မရွတ်နိုင်ရင်တော့ ရွတ်ဖတ်ပူဇော်ခြင်း ကုသိုလ်မရရုံသာဖြစ်ပြီး ရှိပြီးသားကောင်းမှုများတော့ လျှော့မသွားပါ။ မိမိတို့ဟာ မဟုတ်တဲ့အရာတွေကိုပဲ လောဘကြီး ပြီး ကောင်းမှုကုသိုလ်ကျတော့ လောဘမကြီးတတ်သေးရင် သဘာဝမကျလှတဲ့အတွက် ကောင်းမှု ကုသိုလ်နဲ့ပတ်သတ်ပြီးလည်း တတ်နိုင်သမျှ အသေးစားကုသိုလ်လေးကအစရရှိအောင် ပြုလုပ်ပေး သင့်ပါတယ်။
ကုသိုလ်ပဲဖြစ်စေ၊ အကုသိုလ်ပဲဖြစ်စေ ပြုလုပ်လျှင်ပြုလုပ်သလောက် အကျိုးပေးကြတာမို့ မိမိတို့ပြုလုပ်သလောက် ခံစားရပါတယ်။ ဒါကြောင့် ကုသိုလ်ကို ပုညကြိယာဝတ္ထု(၁၀)ပါးလုံးပြည့်စုံအောင် မလုပ်နိုင်တောင်မှ တက်နိုင်သလောက် ဘက်စုံကနေ ရရှိအောင်ပြုလုပ်ကြဖို့လိုသလို မကောင်းမှုအကုသိုလ်ကိုလည်း တက်နိုင်သမျှ ကင်းရှင်းနိုင်အောင် ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဦးဇင်းသိသမျှဖြေကြားပေးလိုက်ပါတယ်။ စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်…..။

Monday, February 6, 2012

ပါရမီနဲ့နိဗ္ဗာန်

မေး။ ။ ပါရမီဆိုတာ နိဗ္ဗာန်ရောက်ကြောင်းတရားလို့ အဓိပ္ပါယ်ရတဲ့အတွက် နိဗ္ဗာန်ရောက်လိုသူတိုင်း ပါရမီကိုမဖြစ်မနေ ဖြည့်ကျင့်ရပါမယ်။ ပါရမီမဖြည့်ဘဲနဲ့ နိဗ္ဗာန်ကိုဘယ်လိုနည်းနဲ့မှ မရောက်နိုင်ပါဘူး။ ပါရမီမဖြည့်ဘဲနဲ့ နိဗ္ဗာန်ကို ရောက်သွားတဲ့သူလည်း တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ ဘုရားအဆုံးအမအတိုင်း နည်းမှန်လမ်းမှန် အားထုတ်တယ်ပဲထားဦး။ အတိတ်ဘ၀များစွာ က ဖြည့်ကျင့်ဆည်းပူးခဲ့တဲ့ ပါရမီကုသိုလ်တွေ၊ ဒီဘ၀မှာ ၀ိပဿနာအလုပ်နဲ့ တွဲပြီးဖြည့်ကျင့်ဆည်းပူးနေတဲ့ တခြားပါရမီကုသိုလ်တွေ လုံးဝမပါဘဲနဲ့တော့ ဒီဘ၀မှာ တရားထူးမရနိုင်ပါဘူး။
အရှင်ဘုရား တပည့်တော်က ဒီစကားကို (အပြည့်အ၀) လက်မခံချင်ပါဘူးဘုရား။

ရဟန်းတို့ လခွဲကို ထားဘိဦး၊ ရဟန်းတို့ မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကို ခုနစ်ရက်ပတ်လုံး ဤဟောပြောသောနည်းဖြင့် ပွားငြားအံ့၊ ထိုပွားသောပုဂ္ဂိုလ်အား မျက်မှောက်ဘ၀၌ပင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန် အကြွေးရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင် တစ်ပါးပါးသောဖိုလ်ကို (အမှန်ရပေမည်ဟု) အလိုရှိအပ်၏။ မဟာသတိပဋ္ဌာနသုတ် (မဇ္ဈိမနိကာယ်)

ဒီစာပိုဒ်နှစ်ခုရဲ့ ကွဲလွဲရခြင်း အကြောင်းရင်းကို တပည့်တော်အား ပြည့်စုံစွာ ရှင်းပြပေးစေလိုပါတယ်ဘုရား။ ပါရမီမပြည့်ဘဲနဲ့ ဘယ်လောက်ကြိုးစားကြိုးစား နိဗ္ဗာန် မရနိုင်ဘူးလား။ ဒါမှမဟုတ် ဒီဘ၀မှာ တကယ့်ဆရာကောင်းသမားကောင်းနဲ့တွေ့လို့ တကယ်ကြိုးစားအားထုတ်မယ် ဆိုရင် ကြိုးစားသလောက် ရနိုင်ပါသလားဘုရား။ ဒီကိစ္စနဲ့ ပါတ်သက်ပြီး တပည့်တော် မိတ်ဆွေအချို့နဲ့ ဆွေးနွေးကြည့်ပေမယ့် တပည့်တော်အတွက် သေချာတဲ့ အဖြေမရခဲ့ပါဘူးဘုရား။ အယူလွဲခဲ့ရင်ဖြင့် ဒီဘ၀မှာ ကြိုးစားချင်စိတ်ရှိခဲ့ရင်တောင်မှ အဆုံးထိ မကြိုးစားကြည့်တော့ရင်ဖြင့် အလွန်နစ်နာစရာ အတွေးများလားလို့ (တရားရှာခြင်သူများအတွက်) တပည့်တော် အရေးကြီးတယ်ထင် လို့ လျှောက်တင်တာပါဘုရား။

နေမင်းထွန်း၊ နေပြည်တော်။

ဖြေ။ ။ ဒီစာပိုဒ်(၂)ခုက ကွဲလွဲနေတာ မဟုတ်ပါဘူး။ ရှေ့နောက်ဆက်စပ်မှုရှိနေတာကို မသိလို့ လွဲနေတယ်လို့ ထင်ရတာပါ။ တကယ်တော့ နံပါတ်(၁)ဖြစ်တဲ့ ပါရမီကောင်းမှုမရှိဘဲနဲ့ နံပါတ်(၂)ဆိုတာ ဖြစ်မလာနိုင်ပါဘူး။

သတ္တ၀ါတွေမှာ အနှစ်ချုပ်ကြည့်မယ်ဆိုရင် ကုသိုလ်နဲ့အကုသိုလ်(၂)မျိုးသာ ရှိကြပါတယ်။ အဲဒီနှစ်မျိုးထဲမှာက ကုသိုလ်ကောင်းမှုနဲ့ပတ်သတ်ပြီး ကောင်းမှုအမျိုးမျိုး ကွဲပြားသွားသလို မကောင်းမှုအကုသိုလ်မှာလည်း လုပ်ဆောင်မှုတို့ပေါ်မူတည်ပြီး အမျိုးမျိုး ကွဲသွားကြပါတယ်။ တကယ်တော့ အဲဒီကွဲပြားနေတဲ့အရာများကို ပေါင်းစပ်ကြည့်လိုက်မယ်ဆိုရင် ကောင်းမှုကုသိုလ်နဲ့ မကောင်းမှုအကုသိုလ်(၂)မျိုးသာ သတ္တ၀ါတိုင်းမှာ ပိုင်ဆိုင်ကြပါတယ်။ လူ့လောကမှာလည်း ပညာတွေ၊ ဘွဲ့ဒီဂရီတွေ အမျိုးမျိုးရှိနေပေမဲ့ အဲဒီပညာဘွဲ့ဒီဂရီတွေကို နောက်ဆုံးချုပ်ကြည့်လိုက်မယ်ဆိုရင် အသက်မွေးဝမ်းကြောင်းပညာတစ်မျိုးသာ ရရှိသွားသလို သတ္တ၀ါတွေမှာလည်း နောက်ဆုံးချုပ်မှာတော့ ကုသိုလ်နဲ့အကုသိုလ်(၂)မျိုးသာ ရှိကြပါတယ်။

အဲဒီတော့ ပထမဦးဆုံးပါရမီဆိုတာကို ခွဲခြားကြည့်မယ်ဆိုရင် ပါရမီ(၁၀)ပါး၊ တနည်းအားဖြင့် အကျယ်(၃၀)ထိ ကွဲပြားစွာ ရှိနေပါတယ်။ အဲဒီပါရမီကို လိုက်လံစစ်ဆေးကြည့်လိုက်မယ်ဆိုရင် အဲဒီဆယ်ပါးလုံးဟာ ကောင်းတဲ့အလုပ်ကိုလုပ်နေခြင်းမို့ ကုသိုလ်လို့မှတ်ယူရပါမယ်။ ဒါကြောင့် ကောင်းတဲ့ အလုပ်ကို လုပ်တဲ့လူဟာ ပါရမီ(၁၀)ပါးထဲက တစ်ပါးပါးနဲ့ညီပြီး ပါရမီဖြည့်နေတာလို့ ပြောနိုင်ပါတယ်။

အဲဒီလို မိမိက ကောင်းတဲ့အလုပ် လုပ်ခဲ့မှသာလျှင် လူ့ဘ၀ရမယ်။ သူတော်ကောင်းတရား နာကြားရမယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်မယ်။ အသိဉာဏ်ပညာကောင်းသူ ဖြစ်မယ်။ တရားအားထုတ်လိုသော သဒ္ဓါတရားရှိသူဖြစ်မယ်။ ဒီအချက်တွေထဲက တစ်ပါးပါးချွတ်ယွင်းလည်း နိဗ္ဗာန်ကို တစ်ဘ၀တည်းနဲ့ရဖို့ မလွယ်ပါဘူး။ ဒါတွေရှိဖို့ကလည်း ကောင်းတဲ့အလုပ်ပါရမီတွေရှိခဲ့မှပဲ ဖြစ်ပါလိမ့်မယ်။

တကယ်လို့များ မိမိက မကောင်းတာတွေချည်းလုပ်ခဲ့မယ်ဆိုရင် လူ့ဘ၀ရဖို့ခက်မယ်။ သာသနာနှင့်ကြုံဖို့ခက်မယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ ခက်မယ်။ သူတော်ကောင်းတရား နာကြားရဖို့ ခက်မယ်စသည်ဖြင့် ခက်ခြင်းများစွာနဲ့ ရင်ဆိုင်ရမည်မို့ နိဗ္ဗာန်ကိုရရန် မလွယ်ပါ။
ဒါကြောင့် ဒကာပြောတဲ့ အချက်နှစ်ချက်သည် အကြောင်းအကျိုး ဆက်စပ်မှု ရှိသောကြောင့် နှစ်ခုလုံးပြည့်စုံဖို့လိုပါတယ်။ နှစ်ခုလုံးပြည့်စုံမှလည်း နိဗ္ဗာန်ကို ရပါလိမ့်မယ်။ မကောင်းတဲ့အလုပ်တွေလုပ်ခဲ့လို့ ကောင်းတဲ့ပါရမီမရှိလို့ ငရဲသားစသည်တို့ ရောက်နေတဲ့သတ္တ၀ါတွေဟာ နိဗ္ဗာန်ရဖို့ရန် မလွယ်ကူပါ။ တကယ်လို့ မိမိက အရင်ဘ၀တွေက ကောင်းတဲ့ပါရမီတွေကို မလုပ်ခဲ့ဘူးဆိုရင် ဒီဘ၀မှာ ခုလို လူ့ဘ၀ရပြီး ဗုဒ္ဓဘာသာဝင်ဖြစ်လျက် ဗုဒ္ဓအသိဉာဏ်ရှိပြီး သူတော်ကောင်းတရားများကို နာကြားရမည် မဟုတ်သောကြောင့် နိဗ္ဗာန်ကိုလည်း ရောက်မှာမဟုတ်ပါဘူး။

ဒါကြောင့် ပါရမီဆိုတာ ကောင်းမှုဖြစ်သလို နိဗ္ဗာန်ရောက်ဖို့ရာကလည်း ကောင်းမှုရှိမှသာလျှင် အဖက်ဖက်ကပြည့်စုံမည်မို့ တရားထူးရဖို့ရန်အတွက် ဒကာပြောတဲ့ နံပါတ်(၁)အချက် ပါရမီရော၊ နံပါတ်(၂)အချက်ကြိုးစားမှုရော (၂)မျိုးလုံးပြည့်စုံဖို့လိုအပ်ပါကြောင်း ဦးဇင်းသိသမျှကို ဒီလောက်နဲ့ဖြေကြားပေးရင်း နိဂုံးချုပ်လိုက်ပါတယ်။ ကျန်တဲ့မေးခွန်းများကိုလည်း အားတဲ့အချိန်လေးမှာ အချိန်လုပြီး ဖြေကြားပေးသွားပါမယ်။ ဦးဇင်းအလုပ်များနေချိန်မို့ နည်းနည်းတော့ သည်းခံပြီး စောင့်ပေးကြရန်လည်း မေတ္တာရပ်ခံပါရစေ။

စာဖတ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်..။