Thursday, October 14, 2010

လူသားစတင်ဖြစ်ပေါ်လာပုံ

ဦးဇင်းရဲ့ ဘာသာရေးအမေးအဖြေကဏ္ဍ `မြန်မာချစ်သူများ´ဆိုဒ်ထဲမှာ လူသားစတင်ဖြစ်ပေါ်လာမှုနဲ့ ပတ်သတ်ပြီး သိချင်တာတွေ ငြင်းနေကြတာတွေ တွေ့မြင်ရတဲ့အတွက် ဒီခေါင်းစဉ်ကို တင်ပြပေးလိုက်ခြင်း ဖြစ်ပါပေတယ်။

လူသားသည် မျောက်ဘ၀မှ စတင်ခြင်းမဟုတ်သလို ဖန်ဆင်ရှင်တွေက ဖန်ဆင်ပေးတာလည်း မဟုတ်ပါ။ ကမ္ဘာတစ်ခုပျက်ပြီး နောက်တစ်ခုကမ္ဘာအသစ်ဖြစ်ပေါ်လာတဲ့အခါ ဗြဟ္မာပြည်က သက်တမ်းကုန်သော ဗြဟ္မာများသည် လူ့ဘုံ၌ အထီးအမ မခွဲခြားသေးဘဲ လူသားများ ဖြစ်လာကြလေသည်။

ဗြဟ္မာပြည်ကနေ လူ့ပြည်၌ လူလာဖြစ်ကြသော ဗြဟ္မာတွေမှာ သူတို့ရဲ့ ကုသိုလ်ကံ ဘုန်းတန်ခိုးအရှိန်ကြောင့် လူ့ပြည်မှာဘာမှလုပ်စရာမလိုဘဲ စားစရာ အသီးအပင်များ ၀တ်စရာအ၀တ်အထည်ပင်များသည် ပဒေသာပင်သီးကုံးထားသကဲ့သို့ အလိုလို မြေကြီးပေါ်မှာ ပေါက်ရောက်နေကြတဲ့အတွက် အဲဒီအပင်တွေကနေ အသာလေး ယူစားဝတ်ဆင်ရုံပါပဲ။ ထို့ပြင် ပထ၀ီမြေဓါတ်ကြီးဟာလည်း သန့်ရှင်စင်ကြယ်ပြီး အဆီသြဇာတို့နဲ့ ပြည့်စုံနေတဲ့အတွက် စားချင်သဖွယ် ရှိနေပေသည်။

ဒီလိုနဲ့ တစ်နေ့မှာ အသိဉာဏ်ကင်းမဲ့တဲ့ လူတစ်ယောက်သည် မြေကြီးကိုလက်နဲ့ကလော်ပြီး လျှာပေါ်တင်ကြည့်ရာ အရသာတစ်မျိုးခံစားရသောကြောင့် ထိုရသပေါ်၌ ခံစားရသော ရသတဏှာစတင် ပေါ်ပေါက်ခဲ့ပေသည်။ အဲဒီပုဂ္ဂိုလ်မှ စတင်စားလိုက်တာ ကျန်တဲ့လူသားအားလုံးလည်း လိုက်စားကြသည့်အတွက် လောဘအကုသိုလ်စိတ်တွေဖြစ်ကုန်ကျတာနဲ့ အလိုလိုသီးပွင့်ပေးနေတဲ့ ပဒေသာပင်တွေသည် ပျောက်ကွယ်သွားပါပေသည်။ မြေကြီးပေါ်က အဆီသြဇာတွေကို စားသောက်ခြင်းကြောင့် ခန္ဓာကိုယ်ထဲကနေ အပုတ်အသိုးတွေ ယိုးစီးဖို့ရန် အင်္ဂါအပေါက်တွေ ပေါ်ပေါက်လာပြီး ကုသိုလ်ကံအလိုက် ယောက်ျားမိန်းမ ကွဲပြားလာခဲ့ပေသည်။

ဒီလိုနဲ့ မြေအဆီအနှစ်များကို ယူစားရင်း လောဘကြီးသူတွေက တစ်နေ့စာအပြင် နောက်တစ်ရက်စာ ယူထားကြလို့ သူ့နေရာ ကိုယ့်နေရာဟု မြေကြီးကို သတ်မှတ်ခွဲဝေခြင်း ပြုလုပ်ကြရပြန်ပါသည်။ ယောက်ျားမိန်းမ အင်္ဂါဇာတ်တွေ ပေါ်လာတဲ့အခါ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုကနေ ကာမစိတ်ကျူးလွန်ခြင်းများ ဖြစ်လာကြပေသည်။ ကာမကျူးလွန်ကြတဲ့ပုဂ္ဂိုလ်များသည် မကျူးလွန်သောသူများက သိလျှင် ကဲ့ရဲ့ကြမှာကြောက်၍ အကာအကွယ်အိမ်များ စတင်ဆောက်လုပ်လာကြပေ သည်။

ထိုသို့ ကာမစိတ်များ တဖြည်းဖြည်းချင်း လူသားတွေမှာ တိုးပွားလာတာနဲ့ မြေကြီးမှာရှိတဲ့ မြေသြဇာတွေကလည်း တဖြည်းဖြည်းချင်း ယုတ်လျှော့လာသည့်အတွက် စိုက်ပျိုးခြင်း ထွန်းယက်ခြင်းများ စတင်၍ ပြုလုပ်လာကြလေသည်။

ကမ္ဘာတစ်ခုပြီး၍ နောက်ကမ္ဘာအသစ်ပေါ်ပေါက်လာပုံကို ဆက်လက်ရေးသားတင်ပြပေးပါမည်။ ယခုတော့ ဒီမျှနဲ့ နားပါရစေ။

No comments:

Post a Comment