Wednesday, March 28, 2012

Chatting မှ အမေးအဖြေများ စုစည်းမှု


ဦးဇင်းကို ချက်တင်ကနေ မေးလာကြတာကို ဖြေပေးခဲ့တာများ အများအတွက် အသုံးဝင်မယ်ထင်လို့ တင်ပြပေးလိုက်တာပါ။

(၁) မေး။ ။ အနန္တောအနန္တငါးပါးဆိုတာ ဘုရားဟောမဟုတ်ဘူးလို့ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများစာအုပ်မှာ ဖတ်လိုက်ရပါတယ်ဘုရား။ ဟုတ်ပါသလားဘုရား။

ဖြေ။ ။ အင်း ဘယ်လိုပြောရမလဲ။ အနန္တောအနန္တငါးပါးဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတို့ကို ကျေးဇူးရှင်အနေနဲ့ကြည့်ရင် ငါးပါးမှန်ပါတယ်။ ဒါပေမဲ့ ကိုးကွယ်ရာအနေနဲ့ကြည့်ရင် ရတနာသုံးပါးသာ ကိုးကွယ်ရာဖြစ်ပြီး မိဘ၊ ဆရာသမားများသည် ကိုးကွယ်ရာမဟုတ်၊ ကျေးဇူးရှင် သာ ဖြစ်ပါတယ်။ ဒါကြောင့် နေရာတကာမှာတော့ အနန္တောအနန္တငါးပါးလို့ မသုံးဘဲ ကျေးဇူးရှင်အနေ နဲ့ ပြောဆိုချင်တဲ့အခါမှာသာ သုံးသင့်ပါတယ်။

ခုခေတ်က ကိုးကွယ်ရာမှာရော မိဘ၊ ဆရာတို့ကိုထည့်၍ အနန္တောအနန္တငါးပါးလို့ သုံးနှုန်းနေကြ တာ တွေ့နေရပါတယ်။ ဒါဟာ မှားယွင်းတဲ့ အယူအဆပါ။ အဲဒါကြောင့် ကိုးကွယ်အဖြစ်ဆို ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးလို့ သုံးနှုန်းပြီး ကျေးဇူးရှင်အဖြစ်အနေနဲ့ဆို မိဘ၊ ဆရာတို့ကိုထည့်ပြီး အနန္တောအနန္တငါးပါးလို့ဖြစ်စေ၊ ကျေးဇူးရှင်များဆိုပြီးဖြစ်စေ သုံးနှုန်းကြပေါ့လေ။

(၂) မေး။ ။ အရှင်ဘုရား ဒီဘ၀မှာ နာမရူပပရိစ္ဆေဒနဲ့ ပစ္စယပရိဂ္ဂဟဉာဏ်ရပြီးသား စူဠသောတာပန် ဟာ နောက်ဘ၀မှာ အပါယ်ကျနိုင်ပါသေးသလားဘုရား။

ဖြေ။ ။ အင်း စူဠသောတာပန်ဆိုတာ မဟောသောတာပန်ကဲ့သို့ သီလနဲ့သရဏဂုံကို အမြဲလုံခြုံသေးတာ မဟုတ်သောကြောင့် စူဠသောတာပန်ဟာ တရားအားထုတ်ချိန်မဟုတ်တဲ့အခါမှာလည်း သီလနဲ့သရဏဂုံလုံမှသာ အပါယ်မှ လွတ်ပါလိမ့်မယ်။ စူဠသောတာပန်ဟာ တရားအားထုတ်ချိန်သာ သီလလုံပြီ။ ကျန်တဲ့ချိန်မှာ သီလမလုံပါက အပါယ်က မလွတ်နိုင်သေးပါ။ အပါယ်လွတ်ဖို့ရာသည် သီလနဲ့သရဏဂုံ အဓိကဖြစ်၍ သီလနဲ့သရဏဂုံလုံဖို့ လိုပါတယ်။

စူဠသောတာပန်ဆိုတာ ငါးပါးသီလကို တစ်သက်လုံး လုံခြုံအောင်စောင့်ထိန်းဖို့အတွက် စိတ်မချရသေးတာမို့ သီလ ကျုးလွန်မှုဖြစ်နိုင်သေးပါတယ်။ ဒါပြင် ဒိဋ္ဌိကိုလည်း ပယ်သတ်ထားသေးတာ မဟုတ်သေးတာမို့ သရဏဂုံလည်း ပျက်နိုင်ပါသေးတယ်။ အပါယ်ဘေးမှ လွတ်ဖို့ရာသည် ငါးပါးသီလလုံပြီး သရဏဂုံမြဲမှသာ အပါယ်လေးဘုံက လွတ်မည်လို့ ဧကန်မုချ ပြောနိုင်ပါတယ်။ ပုထုဇဉ်သတ္တ၀ါတိုင်း မှာ ကောင်းမှုနဲ့မကောင်းမှုက အမြဲဒွန်တွဲနေတာမို့ ဧကန်မုချ ဘယ်ဘုံကိုရောက်မယ်ဆို တာ သေချာပြောလို့မရပေ။ ဒါကြောင့် မဟာသောတာပန်မှစ၍ ရဟန္တာမဟုတ်သေးတဲ့ စူဠသောတာပန်၊ ပုထုဇဉ်တို့ဟာ မိမိတို့ရဲ့ ကောင်းမှု မကောင်းမှုပေါ် မူတည်ပြီး ဘ၀တွေ ဖြစ်ကြရဦးပါမယ်။ မဟာသောတာပန်လောက် အနည်းဆုံးဖြစ်နေရင်တော့ အပါယ်လေးဘုံက အမြဲလွတ်နေပြီးမို့ ကျန်တဲ့ လူ၊ နတ် နိဗ္ဗာန်တို့ကိုသာ ရောက်ဖို့ ကျန်ပါတော့တယ်။

(၃) မေး။ ။ အရှင်ဘုရား၊ ဗုဒ္ဓဘာသာမှာ ကံ၊ ဉာဏ်၊ ၀ိရီယ သုံးပါးပေါင်းမှ အရာအရာအောင်မြင်မယ်လို့ သိထားပါတယ်။ ကံဆိုတာ အလုပ်လို့လည်း မှတ်သားဖူးပါတယ်။ အလုပ်တစ်ခု အောင်မြင်စေခြင်းမှာ အတိတ်ကံဆိုတာကို လက်ရှိဘ၀မှာ အသုံးအ၀င်သလိုများ ဖြစ်မနေဘူးလား။ ဗဟုသုတနဲ့ပက်သက်လို့ ကြားဖူးနားဝလေးတွေပဲရှိတာကြောင့် တိတိကျကျ ဆွေးနွေးနိုင်ခြင်းမရှိတာကို ခွင့်လွတ်ပါ ဦးဇင်း။ ဗုဒ္ဓဘာသာမှာ ဘယ်လိုအကြောင်းတွေကြောင့် ရှေးဘ၀ကံကို ယုံကြည်ပါသလဲ။ ကျွန်တော်က အစ္စလာမ်ဘာသာဝင်ပါ မသိလို့ မေးတာပါဦးဇင်း။

ဖြေ။ ။ အင်း ရပါတယ် ဒကာ။ အလုပ်တစ်ခုအောင်မြင်ဖို့က ကံတရားကလည်း အကျိုးဆက်အနေနဲ့ ပါပါတယ်။ ဥပမာ- ဒကာက လူတစ်ယောက်ကို ကူညီခဲ့လို့ အဲဒီလူက မိမိကိုကူညီတဲ့အခါ အလုပ်တစ်ခု အောင်မြင်တာမျိုးပါ။ မိမိက သူတစ်ပါးကို ကူညီခဲ့တာဟာ အကြောင်းတရားကံဖြစ်ပြီး မိမိကူညီခဲ့တဲ့သူက မိမိကို ပြန်လည်ကူညီပေးတာဟာ အကျိုးတရားကံကို ပြန်လည်ခံစားရတာပါပဲ။ အဲဒီလို အကြောင်းတရားကြောင့် အကျိုးတရားအနေနဲ့ တစ်စုံတစ်ခုပြန်လည်ခံစားရတာကို လက်တွေ့မှာ မြင်နေ ရတာမို့ အတိတ်ကံဆိုတဲ့ အကြောင်းတရားရှိကြောင်း ဗုဒ္ဓဘာသာဝင်တွေက ယုံကြည်နေကြတာပါ။

(၄) မေး။ ။ ဒီဘ၀မှာလုပ်သမျှ နောင်ဘ၀မှာ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်သိချင်တာက သေပြီးလို့နောင်ဘ၀ရောက်ရင် ယခု လက်ရှိဘ၀ကို မှတ်မိတော့မှာမဟုတ်သလို ခံစားချက်တွေ အားလုံးဟာလည်း မတူနိုင်တော့ပါဘူး။ ဒီလိုဆို..ယခုဘ၀နဲ့နောင်ဘ၀ဆိုတာ လူနှစ်ယောက် ကဇတ်ကနေသလိုဖြစ်နေတဲ့အတွက် ဒီဘ၀မှာ လုပ်ထားသမျှအရာတွေဟာ နောင်ဘ၀(နောက်လူတစ်ယောက်)ကို ပေးနေတာနဲ့တူနေပါတယ်။ ဦးဇင်း အမြင်လေးကိုရှင်းပြပေးပါ။

ဖြေ။ ။ ဥပမာ ဒကာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ကို ပြောင်းသွားတဲ့အခါ ဒကာမှာ ဘာထူးခြားမှုရှိလဲ။ ၂၀၁၁ ခုနှစ်က လုပ်ရပ်တွေဟာ ၂၀၁၂ ခုနှစ်မှာ ဒကာအတွက် အကျိုးသက်ရောက်မှုရှိလား။ ဒကာအတွက် အကျိုးသက်ရောက်မှုမရှိဘဲ တခြားတစ်ယောက်အတွက် အကျိုးသက်ရောက်သွားတာလားဆိုတာ စဉ်းစားကြည့်ရင် ဒကာ သိပါလိမ့်မယ်။ တကယ်တော့ ဘ၀ကူးတယ်ဆိုတာ နှစ်ကူးသွားသလိုပဲမို့ အရင်နှစ်ကလုပ်ခဲ့တဲ့အကျိုးဆက်ဟာ နောက်နှစ်မှာ အကျိုးခံစားရသလို အရင်ဘ၀ကလုပ်ခဲ့တာ ဟာ နောက်ဘ၀မှာ အကျိုးခံစားရပါတယ်။




No comments:

Post a Comment