Monday, June 13, 2011

ဗုဒ္ဓဘာသာဆိုတာ ဘယ်ပေါ်မှာ အခြေခံရပ်တည်ပါသလဲ

ဒီမေးခွန်းလေးကတော့ ဗုဒ္ဓကမ္ဘာဆိုဒ် မှာ မေးထားတဲ့မေးခွန်းလေးပါ။ ဦးဇင်း တက်သိနားလည်သလောက် ဖြေပေးလိုက်ပါတယ်။


ဗုဒ္ဓဘာသာဆိုတာ ဗုဒ္ဓရဲ့အယူအဆ၊ အဆုံးအမကို နာခံလိုက်နာကျင့်သုံးတဲ့ ဘာသာပါ။ ဗုဒ္ဓရဲ့ ဆုံးမမှု၊ ဟောပြောမှုမှန်သမျှသည် သစ္စာလေးပါး အမှန်တရားမှ ကင်းသောတရားဓမ္မများ မရှိပါ။ ထို့ကြောင့် အကျဉ်းချုပ်အနေဖြင့် ပြောရမယ်ဆိုလျှင် လောကရှိအမှန်တရားသဘာဝများကို အမှန်အတိုင်း သိမြင်အောင် လိုက်နာကျင့်သုံး လေ့ကျင့်ရမှာပါ။ မြတ်ဗုဒ္ဓကလည်း သဘာဝအတိုင်း ဖြစ်ပျက်နေတဲ့တရား အမှန်တရားအတိုင်း ဖြစ်ပေါ်နေတဲ့တရား၊ တကယ်ရှိတဲ့အရာများကိုသာ သိမြင်အောင် ကျင့်ကြံအားထုတ်ခဲ့ပြီး သူသိသလို အများသိအောင် ဟောပြောလမ်းညွှန်ပေးခဲ့တာပါ။ သူကိုယ်တိုင်ဖန်ဆင်း၊ တီထွင်ပြောဆိုခဲ့တာ မဟုတ်ပါဘူး။ အမှန်ကို အမှန်အတိုင်း သူသိတာကို ဗုဒ္ဓဘာသာဝင်များသာမက သတ္တ၀ါအားလုံးသိအောင် ပင်ပန်းခံပြီး ပြောပြခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီတော့ ဗုဒ္ဓသည် အမှန်တရား သစ္စာကိုသိအောင် လုပ်ခဲ့သလို အများကိုလည်း သိအောင် ပြုလုပ်ပေးခဲ့တဲ့အတွက် ဗုဒ္ဓလမ်းစဉ်ကိုလိုက်သောသူများသည် အမှန်တရားသစ္စာပေါ်မှာ အခြေခံခြင်းဖြစ်လို့ အမှန်တရား ပင်ကိုယ်ရှိနေတဲ့သဘာဝသဘောတရားများကို သိမြင်အောင် လိုက်နာကျင့်သုံးကျင့်ကြံရပါမယ်။
ဒါကတော့ ဦးဇင်းရဲ့ထင်မြင်ယူဆချက်ပင် ဖြစ်ပါတယ်။ မှားမှန်ကိုလည်း ကိုယ်ပိုင်ဉာဏ်ဖြင့် သုံးသပ်ကြည့်ကြပါလေ။

No comments:

Post a Comment