Saturday, January 28, 2012

ဆရာတော် ဦးကောမလ(ခ)ဆန်နီနေမင်းနဲ့ အင်တာဗျူး

ကျွန်တော်ဟာ ဆရာတော်ဦးကောမလကို အွန်လိုင်းပေါ်ကနေ ခင်မင်သိကျွမ်းခွင့် ရရှိခဲ့ပါတယ်။ ၀က်ဆိုဒ်စာမျက်နှာတွေပေါ်မှာ ဆရာတော်ရဲ့စာတွေဖတ်မိပြီး အများသိသင့်သိထိုက်တဲ့ ဘာသာရေးအမြင်ရှု့ထောင်ကနေ ရေးသားထားတာတွေ သိလာရပါတယ်။ ဆရာတော်ရေးတဲ့စာတွေကို ကျွန်တော်တို့ဂျာနယ်မှာဖော်ပြဖို့ ဆရာတော်ဆီကို ခွင့်တောင်းခဲ့ပါတယ်။ ဆရာတော်က လိုလိုလားလားနဲ့ သီးသန့်စာမူတွေ ချီးမြှင့်ပေးခဲ့ပါတယ်။ ဆရာတော်က ကိုယ်ပိုင်ဝက်ဆိုဒ်မှာရော၊ တခြားဝက်ဆိုဒ်တွေမှာရော ဆန်နီနေမင်းနာမည်နဲ့ ရေးပါတယ်။ ဆရာတော်ဟာ မန်းလေးသာသနာ့တက္ကသိုလ်မှာ ကျောင်းတတ်ခဲ့တာလို့လည်း သိရပါတယ်။ B.A ဘွဲ့ကို သာသနာ့တက္ကသိုလ်မှ ရရှိပြီး M.A ဘွဲ့ကို သီရိလင်္ကာနိုင်ငံမှ ရရှိကာ ယခု သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ကေလနိယတက္ကသိုလ်မှာ Master of philosophy ဘွဲ့ကို ဆက်လက်သင်ယူနေပါတယ်။ ကျွန်တော်တို့ Shade journal စာဖတ်ပရိသတ်များအား ဆရာတော်ဦးကောမလ(ခ)ဆန်နီနေမင်း အကြောင်းသိရအောင် ကျွန်တော်မေးမြန်းထားတဲ့ အင်တာဗျုးလေးကို စီစဉ်တင်ပြပေးလိုက်ရပါတယ်။

သာဇော်(အယ်ဒီတာချုပ်)

၁။ အရှင်ဘုရား သသနာ့ဘောင်ကို စတင်ဝင်ရောက်ခဲ့ပုံကို မိန့်တော်မူပါဦးဘုရား။

ဦးဇင်း ဇာတိက လက်ပန်မြောက်ရွာ၊ ဘုတလင်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးကပါ။ ဦးဇင်း အသက်(၁၂)နှစ်အရွယ်မှာ မိဘများအလှူပေး ရှင်ပြုရာကနေစတင်ပြီး သာသနာ့ဘောင်ကို ၀င်ရောက်ခဲ့ပါတယ်။

၂။ မန္တလေး၊ သာသနာ့တက္ကသိုလ်နေခဲ့ရတဲ့အချိန်မှာ အမှတ်တရရှိခဲ့တာလေးတွေလည်း သိချင်ပါတယ်ဘုရား။

သာသနာ့တက္ကသိုလ်မှာနေခဲ့စဉ်က အမှတ်တရတွေကတော့ အများကြီးပါပဲ။ သာသနာ့တက္ကသိုလ်မှာ ဦးဇင်းနေခဲ့ရတာ အလွန်လည်းပျော်ရွှင်ခဲ့ပါတယ်။ ဒါကြောင့် ဦးဇင်း မန်းလေးကိုရောက်တိုင်း သာသနာ့တက္ကသိုလ်ကိုရောက်အောင်သွားလေ့ရှိပါတယ်။ ဦးဇင်းရဲ့ မမေ့နိုင်တဲ့နေရာထဲမှာ သာသနာ့တက္ကသိုလ်ပါပါတယ်။ သာသနာ့တက္ကသိုလ်ဟာ ဦးဇင်းရဲ့ပညာမျက်စိကို အမြင်ကျယ်အောင် ဖွင့်ပေးခဲ့တဲ့ ကျေးဇူးရှင်နေရာဒေသလည်း ဖြစ်ပါတယ်။

၃။ အရှင်ဘုရားဇာတိမုံရွာနဲ့ မန္တလေးကွာခြားမှုရော ရှိပါသလားဘုရား။

ကွာခြားမှုကတော့ ဘယ်နေရာမဆို တစ်နေရာနဲ့တစ်နေရာ ကွာခြားမှုတွေ ရှိကြပါတယ်။ ဦးဇင်း မုံရွာမှာက ငယ်စဉ်ကတည်းကနေခဲ့တဲ့နေရာဆိုတော့ ပိုသံယောဇဉ်ဖြစ်မိတာပေါ့။ မန်းလေးကတော့ ဦးဇင်းသာသနာ့တက္ကသိုလ်ရောက်မှ နေဖူးခဲ့တာမို့ မန်းလေးဟာ ပညာမျက်စိပွင့်အောင် လုပ်ပေးခဲ့တဲ့နေရာဖြစ်ပါတယ်။ အဲဒီတော့ မုံရွာမြို့ဟာ ဦးဇင်းပညာစသင် ကတည်းက ပျော်ရွှင်ဖွယ်ရာဒေသ ဖြစ်ခဲ့ပြီး မန်းလေးကတော့ ဦးဇင်းပညာမျက်စိပိုမို ပွင့်လင်းအောင်ပြုလုပ်ပေးခဲ့တဲ့နေရာလို့ မြင်မိပါတယ်။

၎။ တပည့်တော်တို့ရဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာက မည်သူမဆိုကျင့်ကြံ အားထုတ်ကြည့်နိုင်တဲ့ ဘာသာတရားဆိုတော့ တပည့်တော်တို့လည်း မိမိယုံကြည်ကိုးကွယ်နေတဲ့ ဘာသာ အပေါ်မှာ စေ့စေ့ငုငုလေ့လာကြည့်တော့ တပည့်တော်တို့ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘုရားရှင်ကို ပိုပိုပြီး ယုံကြည်ဆည်းကပ်မိ လာပါတယ်ဘုရား။ သို့ပေမယ့် တချို့တွေမှာတော့ မိဘက မှတ်ပုံတင်မှာ ဗုဒ္ဓဘာသာအမည်တပ် ထားလို့ သာမန်လောက်ပဲလို့ ယူဆနေကြတဲ့သူတွေရှိနေကြတာ လည်း တွေ့ရပါတယ်။ အဲဒီလိုဖြစ်နေရတဲ့ အဓိကအကြောင်းအရာက ဘာကြောင့်ဖြစ်မယ်ဆိုတာ အရှင်ဘုရားရဲ့ ထင်မြင်သုံးသပ်မှုတွေ သိချင်ပါတယ်ဘုရား။

ဒါကတော့ မိမိပတ်ဝန်းကျင်မှာ ကျင်လည်ကျက်စားမှု၊ မိမိမိသားစုများရဲ့ ဆုံးမသွန်သင်မှုအားနည်းမှု၊ မိမိတို့ကိုယ်တိုင် ကိုယ့်ဘာသာအပေါ် စိတ်ဝင်စားမှုနည်းပြီး ကိုယ့်ဘာသာအကြောင်း လေ့လာမှုနည်းပါးလို့ ဖြစ်ပါတယ်။ အဲဒီတော့ မိမိတို့ဟာ ကိုယ့်ဘာသာ အကြောင်းကို သူများမေးရင်လည်းသိအောင်၊ မိမိတို့ကိုယ်တိုင်လည်း ဘယ်လိုနေထိုင်ပြုမှုကျင့်သုံးရင် ပိုမိုအကျိုးများတယ်ဆိုတာသိရအောင် ကိုယ့်ဘာသာအကြောင်းကို တက်နိုင်သမျှ လေ့လာဆည်းပူး မေးမြန်းခြင်းများ ပြုလုပ်ဖို့ လိုပါတယ်။ အဲဒီလို ပြုလုပ်ပေးမယ်ဆိုရင် မိမိဘာသာအကြောင်းလည်း ကောင်းကောင်းသိမြင်ပြီး ကိုယ့်အတွက်လည်း အသက်ရှင်စဉ်လူ့ဘ၀လေးကို အဓိကအသုံးကျမဲ့အရာများနဲ့ ဘ၀ကိုကုန်ဆုံးနိုင်အောင် လုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်။

၅။ အရှင်ဘုရားက ဗုဒ္ဓစာပေတွေပေါ်မှာပျော်ပိုက်နေတာသိနေရတော့ တပည့်တော် ၀မ်းမြောက်မိပါတယ်ဘုရား။ သို့ပေမယ့် အရှင်ဘုရား မိသားစုနဲ့အရှင်ဘုရားဇာတိမြေကို ခွဲခွာနေရတဲ့အပေါ်မှာရော အရှင်ဘုရားစိတ်ထဲ အဘယ်သို့ရှိမယ်ဆိုတာ သိချင်ပါတယ်ဘုရား။

ဘယ်သူမဆို တစ်ခုခုကိုလိုချင်ရင် တစ်ခုခုကို စွန့်လွတ်ရတာဆိုတာ သိကြမယ်ထင်ပါတယ်။ ဦးဇင်းလည်း ကိုယ့်ပြုလုပ်ချင်တဲ့ ပြည်တွင်းပြည်ပသာသနာပြုပေးချင်တာကို ပြုလုပ်ချင်တဲ့စိတ်ကြောင့် မိမိပျော်ရွှင်ဖွယ်ရာဒေသကိုနေချင်ပေမဲ့ ကိုယ့်ပြုလုပ်ပေးချင်တာဖြစ်မြောက်ဖို့အတွက် ဒါတွေဟာ မလွဲမသွေ ခွဲခွာရမယ်ဆိုတာ သိလာခဲ့ပါတယ်။ နောက်ပြီး ဦးဇင်းတို့ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်ရောက်ရင်လည်း ဒီလိုပဲ ခွဲခွာသွားကြရမှာပါပဲလေ။ အဲဒီတော့ မိသားစုပတ်ဝန်းကျင်ဆိုတာ သူ့ကျေးဇူး၊ ကိုယ့်ကျေးဇူးကို သိတတ်ပြီး ကိုယ့်လုပ်ပေးနိုင်တာကို လုပ်ပေးပြီးသကာလ ခွဲခွာသင့်ရင် ခွဲခွာရမယ်လို့ နားလည်ထားပါ တယ်။ ဒါကြောင့် မိဘများကိုလည်း ဒီလိုပဲ ခွဲခွာရတဲ့အကြောင်းတွေကို ရှင်းပြပေးထားခဲ့ပါတယ်။

၆။ အရှင်ဘုရားက မြတ်ဗုဒ္ဓတရားတော်နဲ့ပျော်မွေ့နေတာမို့ ထားပါဦးဘုရား။ အရှင်ဘုရား မယ်တော်ကြီးက အရှင်ဘုရား မန္တလေးကိုကြွတယ်။ ပြီးတော့ နိုင်ငံရပ်ခြားကိုကြွတယ်။ အဲဒီလို မိဘရဲ့ အရိပ်အာဝါသက ထွက်ခွာသွားတော့ မိဘတွေစိတ်ထဲမှာဘယ်လိုကျန်ရစ်ခဲ့မယ် ထင်လဲဘုရား။

ဦးဇင်းအမေကတော့ သားဖြစ်သူတစ်ယောက်တည်းရှိတာမို့ အလွန်သံယောဇဉ်ချစ်ခင်မှု အားကြီးပါတယ်။ ဦးဇင်းမုံရွာနေတော့လည်း ကျောင်းကို ခဏခဏ လာပါတယ်။ မုံရွာကနေ မန်းလေးသာသနာ့တက္ကသိုလ်ကိုသွားတော့လည်း ဦးဇင်းကိုရင်ဘ၀(၁၈)နှစ်အရွယ်မှာ မုံရွာမြို့၊ မြို့မရွှေဂူတိုက်အုပ်ဆရာတော်က ဦးဇင်းတို့ကျောင်းတိုက်ကနေ သာသနာ့တက္ကသိုလ်တက်ခွင့်ရတဲ့ သံဃာတွေကို ဆရာတော်ကားနဲ့ လိုက်ပို့ပေးခဲ့ပါတယ်။ အဲဒီအခါမှာ ဆရာသမားတွေက အမေဖြစ်သူကို အဝေးကြီးမို့ မလိုက်ခဲ့နဲ့။ ခင်ဗျားသားကို ဆရာတော်က သူ့ကားနဲ့လိုက်ပို့ပေးမယ်လို့ပြောတာကို လက်မခံဘဲ အမေဖြစ်သူက မုံရွာမန်းလေးကားစီးပြီး သာသနာ့တက္ကသိုလ်ကို မရောက်ရောက်အောင် လိုက်လာခဲ့ပါတယ်။ ခုလည်း သားဖြစ်သူက နိုင်ငံခြားကို ပညာသင်သွားချင်တယ်ဆိုတော့ မိဘတွေက သွားခွင့်မပြုချင်ကြပါဘူး။ ဒါပေမဲ့ မိဘတွေက သူတို့ကျေးဇူးကို သားဆပ်ချင်တယ်ဆိုရင် သူတို့ဖြစ်ချင်တဲ့ သာသနာ့ဘောင်မှာ ပညာတတ်ရဟန်းတစ်ပါး ဖြစ်အောင်လုပ်ဆိုတဲ့ သူတို့စကားကြောင့် မတားနိုင်ဘဲ ခွင့်ပြုပေးခဲ့ရပါတယ်။ ဦးဇင်းကလည်း မိဘတွေရဲ့ လွမ်းဆွတ်မှုပြေပျောက်ဖို့ရန်အတွက် တစ်လတစ်ခါတော့ ဖုန်းဆက်ပေးပါတယ်။

၇။ အရှင်ဘုရားရဲ့ ငယ်ဘ၀ကအကြောင်းလည်း မိန့်ပါဦးဘုရား။

ဦးဇင်းငယ်ဘ၀အကြောင်းကတော့ ထူးထွေပြောစရာမရှိပါဘူး။ ဦးဇင်း ငါးတန်းစာမေးပွဲဖြေပြီးတဲ့ အခါ မိဘများက အလှူပေးတာနဲ့ ကိုရင်ဝတ်ခဲ့ပါတယ်။ အဲဒီလို ကိုရင်ဝတ်တာကနေ မိဘတွေက သား လူထွက်ပြီး အတန်းပညာဆက်သင်မလား၊ သာသနာ့ဘောင်မှာပဲ နေမလားလို့ မေးခဲ့ပါတယ်။ ဒါနဲ့ ဦးဇင်းလည်း ကိုရင်ဘ၀မှာပျော်နေတာမို့ ကိုရင်ဘ၀ကို ဆက်နေခဲ့ပါတယ်။ အဲဒီလိုနဲ့ မိဘတွေက ဦးဇင်းကို မြို့မရွှေဂူတိုက်၊ သမာဓိရံသီကျောင်း၊ မုံရွာမြို့ကို စာသင်ဖို့ရန် ပို့ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ ဦးဇင်းအသက်(၁၈)နှစ်အရွယ်မှာ ဘုန်းကြီးပညာရေး ပထမကြီးတန်းအောင်တဲ့အခါ မန်းလေးက သာသနာ့တက္ကသိုလ်ကိုဝင်ခွင့်ဖြေတာ အောင်မြင်တာနဲ့ သာသနာ့တက္ကသိုလ် တက်ရောက်ခဲ့ပါတယ်။ အဲဒီလိုသာသနာ့တက္ကသိုလ်တက်ရင်းနဲ့ အတန်းပညာကိုလည်း (၁၀)တန်းထိဖြေခဲ့ကာ သာသနာ့ တက္ကသိုလ်မှ သာသနတက္ကသီလဓမ္မာစရိယ၊ ဘီအေဘွဲ့ပြီးတဲ့အခါ တောင်တန်းဒေသဖြစ် တဲ့ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်မှာ သာသနာပြုသွားခဲ့ပါတယ်။ အဲဒီမှာ(၃)နှစ် သာသနာပြုပေးရင်းနဲ့ အဲဒီဒေသက ဒကာ၊ ဒကာမများရဲ့ လှူဒါန်းပေးမှု၊ မိဘများရဲ့ ထောက်ပံ့ပေးမှုများကို စုပေါင်းပြီး သီရိလင်္ကာကို ပညာသင်ရန် ထွက်လာခဲ့တာပါ။

၈။ မိဘတွေက အရှင်ဘုရားကို ဘယ်ဘ၀မျိုးနဲ့ မျှော်လင့်တယ်ဆိုတာ အရှင်ဘုရား သိရှိပါသလားဘုရား။

မိဘတွေက ဦးဇင်းကို သူတို့ရဲ့မိဘကျေးဇူးကို ဆပ်ချင်လားလို့ မေးခဲ့ပါတယ်။ အဲဒီအခါ ဦးဇင်းက သားမိဘကျေးဇူးကို ဆပ်ချင်တာပေါ့။ အရင်အရင်ဘ၀တွေက မိဘကျေးဇူးကိုကျေအောင် မဆပ်နိုင်တာက များခဲ့မယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းလည်း ဒီလိုမိဘကျေးဇူးရှိတာကို သိတတ်တဲ့ဘ၀နဲ့ မသိတတ်တဲ့ဘ၀ ဘယ်ဟာက ပိုများမလဲဆိုတာ စဉ်းစားကြည့်လိုက်ရင် မိဘကျေးဇူးမသိတတ်တဲ့ ဘ၀တွေရော၊ ကျေအောင်မဆပ်နိုင်တဲ့ဘ၀တွေရော များခဲ့မှာ သေချာပါတယ်။ ဒါကြောင့် ဦးဇင်းခုလို ဗုဒ္ဓရဲ့အဆုံးအမများကိုသိပြီး မိဘကျေးဇူးဆပ်ရမှန်းသိတဲ့ဘ၀လေးမှာ မိဘကျေးဇူးကို ကျေအောင် ဆပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ အဲဒါကြောင့် မိဘတွေက သူတို့ကျေးဇူးကိုဆပ်ချင်ရင် သာသနာ့ ဘောင်မှာ ပညာတတ်ရဟန်းတစ်ပါးဖြစ်အောင်လုပ်ပါဆိုတဲ့ မိဘတွေရဲ့ဆန္ဒဖြစ်မြောက်အောင် ကြိုးစားပေးနေပါတယ်။ ဦးဇင်းသာသနာ့ဘောင်မှာနေပြီး သာသနာအကျိုး၊ အများအကျိုး ပြုလုပ်ပေးနေခြင်းဟာ ဦးဇင်းသံသရာအတွက်ရော၊ သာသနာအတွက်ရော၊ မိဘကျေးဇူးဆပ်ရာရော ပြည့်စုံအောင် လုပ်ပေးနေခြင်း ဖြစ်ပါတယ်။

၉။ အရှင်ဘုရားရရှိခဲ့တဲ့ ဘွဲ့တွေကိုလည်း မိန့်ပါဦးဘုရား။

ဦးဇင်းအသက်(၁၈)နှစ်သားအရွယ်မှာ မန္တလေးမြို့၊ သာသနာ့တက္ကသိုလ်ကို ၀င်ရောက် စာပေသင်ကြားပြီး (၂၀၀၈)ခုနှစ်မှာ သာသနာ့တက္ကသိုလ်ကနေ B.A (Buddhism) ဘွဲ့ရရှိပြီး (၂၀၁၁) ခုနှစ်၊ ဖေဖ၀ါရီလမှာ သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်မှ M.Aဘွဲ့ အောင်မြင်လို့ ယခု (၂၀၁၁)နှစ်တွင် Master of philosophy (M.phil) ဘွဲ့ ဆက်လက်သင်ယူနေပါတယ်။ ဦးဇင်းကို ထောက်ပံ့ပေးမဲ့ ဒကာ၊ ဒကာမများရှိနေဦးမယ်ဆိုရင်တော့ သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်မှာပဲ ဒေါက်တာဘွဲ့ပြီးအောင် ဆက်လက်သင်ယူသွားဖို့ ဆုံးဖြတ်ထားပါတယ်။

၁၀။ တပည့်တော်တို့နိုင်ငံမှာ ရုပ်ဝါဒတွေအလွန်တိုးတက်နေပြီး တကယ်တမ်းစိတ်သဏ္ဍန်တွေရဲ့ ခွန်အားတွေ နှလုံးသားခွန်းအားပြည့်ဝမှုတွေ၊ ကိုယ်ကျင့်တရားပြည့်ဝမှုတွေ လျှော့ပါးလာတယ်လို့ တပည့်တော်ထင်နေမိပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး အရှင်ဘုရားအမြင်ကိုလည်း သိချင်ပါတယ် ဘုရား။­

ခုခေတ်က ရုပ်ဝါဒဆိုင်ရာတွေ တိုးတတ်ပေါများလာတဲ့အခါကျတော့ လူတွေရဲ့စိတ်ဟာ အဲဒီရုပ်ဝတ္ထုပစ္စည်းတွေကို လိုချင်မှုတွေ ဖြစ်လာပြီး လောဘ၊ ဒေါသ၊ မောဟတွေ ပိုများလာကြပါတယ်။ အဲဒီလို ပေါများလာတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ ရရှိအောင်ကိုပဲ လောဘ၊ ဒေါသတွေနဲ့လိုက်နေတဲ့အခါကျတော့ လူတွေရဲ့သန္တာန်မှာ ကောင်းတဲ့စိတ်တွေလျှော့နည်းလာပြီး ရုပ်ပစ္စည်းတွေကိုရဖို့အတွက် မကောင်းတဲ့စိတ်တွေ များလာကြတယ်လို့ ထင်မြင်မိပါတယ်။ ဒါဟာ ရုပ်ဝတ္ထုပေါများလာတဲ့အတွက် အဲဒီပစ္စည်းတွေကို အသုံးပြုချင်၊ လိုချင်စိတ်တွေဖြစ်လာပြီး မိမိလိုချင်တာကို တရားတဲ့နည်းနဲ့ ရှာဖွေလို့မရတဲ့အခါ မတရားတဲ့နည်းတွေဖြစ်လာတာကြောင့် ရုပ်ဝါဒလွှမ်းမိုးမှုဟာ သူတော်ကောင်း စိတ်ဓာတ်ခံနည်းသူများအတွက် သံသရာမကောင်းကျိုးဖြစ်အောင် ပြုလုပ်နေသလို ဖြစ်နေပါတယ်။ အဓိကတရားခံကတော့ မိမိတို့စိတ်မှာ သူတော်ကောင်းစိတ်အမြဲရှိနေအောင် ပြုလုပ်ထားခြင်း အားနည်းတာရယ်၊ မျက်မှောက်ကောင်းစားဖို့ထက် သံသရာဆိုးကျိုးကို ပိုဂရုစိုက်ပြီး ဘ၀ကိုရှင်သန်သွားဖို့ လိုတယ်ဆိုတာတွေကို မသိလို့ပါပဲ။ ဒါကြောင့် လူသားတိုင်းရဲ့သန္တာန်မှာ ဘာသာရေးအသိဉာဏ်များ ရှိအောင် ဘာသာရေးအကြောင်းကို လေ့လာထားဖို့ လိုအပ်ပါတယ်။ မိမိတို့မှာ ဘာသာရေးအသိဉာဏ် အားနည်းနေမယ်ဆိုရင် မိမိမျက်မှောက်ဘ၀အတွက်ရော သံသရာအတွက်ပါ ဆိုးကျိုးများဖြစ်စေနိုင်လို့ပါ။

စာဖတ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝပါစေလို့ ဆုတောင်းပေးလျက်……။

ဂျာနယ်ကို Download ဆွဲဖတ်ချင်ပါက http://www.shadejournal.com/2012/01/shade-journal_25.html မှာလည်းကောင်း၊ http://www.mediafire.com/?m4okuib9n1h7crr လည်းကောင်း၊ အဆင်ပြေတဲ့နေရာမှာ ဆွဲယူဖတ်ရှု့နိုင်ပါတယ်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

http://sanninaymin.com

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။






No comments:

Post a Comment