Monday, November 7, 2011

မလ္လိကာမိဖုရား ဘာကြောင့်ငရဲကျရတာလဲ

အမေး။ ။ ကောသလမင်းကြီးရဲ့ မိဖုရားကြီးဖြစ်တဲ့ မလ္လိကာဟာ ပြုမိခဲ့တဲ့အမှားကို ကျုးလွန်ခဲတာ မှန်ရင်တောင် ပြန်သတိရပြီး စိတ်မချမ်းသာ ဖြစ်နေခြင်းဟာ ကုက္ကစ္စ ကိလေသာသာဖြစ်တဲ့အတွက် ငရဲကျနိုင်လောက်အောင် အကျိုးမပေးပါ။ နတ်ပြည်မရောက်မီ အ၀ီစိငရဲကို ခုနှစ်ရက်ကျရတာ ဘာကြောင့်ဆိုတာ သိလိုပါတယ်ဘုရား။

အဖြေ။ ။ ကောသလမင်းကြီးရဲ့ မိဖုရားကြီး မလ္လိကာဟာ သူပြုခဲ့တဲ့ အကုသိုလ်ကံကြောင့် (သာ မရဏကာလေ ဧ၀ရူပံ မဟာပရိစ္စာဂံ နာနုဿရိတွာ တဒေ၀ ပါပကမ္မံ အနုဿရန္တီ ကာလံ ကတွာ အ၀ီစိမှိ နိဗ္ဗတ္တိ) ဟု ဓမ္မပဒအဋ္ဌကထာအရ- သေခါနီးအချိန်တွင် ကျန်းမာစဉ်က ပြုလုပ်ခဲ့တဲ့ ကြီးစွာသော အလှူဒါနကို အမှတ်မရနိုင်ဘဲ သူပြုခဲ့တဲ့မကောင်းမှုကံကို အဖန်ဖန်အထပ်ထပ် အမှတ်ရနေသောကြောင့် သေသောအခါ အ၀ီစိငရဲမှာ ဖြစ်ရပါတယ်လို့ ဆိုထားပါတယ်။ ထိုအဆိုအရ သူပြုခဲ့တဲ့မကောင်းမှုကို အမှတ်ရပြီး နှလုံးမသာ ပူပန်စိတ်တွေဖြစ်နေတယ် ထင်ရှားပါတယ်။

သေခါနီး ပူပန်တဲ့စိတ်ဆိုတာ မေးခွန်းရှင်ပြောသလို ကုက္ကုစ္စလို့ခေါ်နိုင်ပါတယ်။ အဘိဓမ္မာလက်သန်းအဋ္ဌကထာလာအတိုင်းပြောရရင် ဒေါသစိတ်မှာ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စစေတသိက်များ ယှဉ်ပါတယ်။ ဒီစေတသိက်လေးမျိုးဟာ ဒေါသရဲ့ မူပိုင်စေတသိက်လို့လည်း ခေါ်ပါတယ်။ ဒါကြောင့် ကုက္ကုစ္စဟာ ဒေါသနဲ့ဆွေမျိုးတော်ပါတယ်။ တဖန် နှလုံးမသာမှုဆိုတာကလည်း ဒေါသပါပဲ၊ ဒါကြောင် ဒေါသနှင့်သေ ငရဲပြည် မသွေလားရတယ်ဆိုတဲ့အတိုင်း မလ္လိကာသေတော့ အ၀ီစိငရဲမှာ ခုနှစ်ရက်ခံရပါတယ်။ ခံရပြီးနောက် သူပြုခဲ့တဲ့ကုသိုလ်အရှိန်အဟုန်ကများလှသောကြောင့် အ၀ီစိငရဲမှာ ခုနှစ်ရက်ခံရပြီးတာနဲ့ တုသိတာနတ်ပြည်မှာ ဖြစ်ရပါတယ်ဆိုတဲ့အကြောင်း ဖြေကြားပေးလိုက်ရပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com မှ

No comments:

Post a Comment