Saturday, July 30, 2011

မရှင်းလင်းသော ပြဿနာတစ်ခု


အရှင်ဘုရား။ တပည့်တော် မရှင်းတာတစ်ခုရှိပါတယ်ဘုရား။ ဆရာတော်ဦးသုမင်္ဂလ တရားထဲမှာ ဘုရားဟောကြားသောနစ္စဂီတ၀ါဒိတ အကုသိုလ်က မုဆိုးတစ်သက်လုံးသတ်သော အကုသိုလ် ထက်၊ တောင်ယာတစ်ကွက် မီးရှို့သောအကုသိုလ်သည်ပိုပြီးအပြစ်များကာ တောင်ယာတစ်ကွက် မီးရှို့သော အကုသိုလ်ထက် ဇာတ်သဘင်တစ်ညကြည့်သောအားကုသိုလ်က ပိုများသည်လို့ တပည့်တော် နာကြားဖူးပါသည် ဘုရား။


သို့ပါသောကြောင့် သီချင်းနားထောင်ခြင်း၊ ဇာတ်လမ်းများကြည့်ခြင်းသည် နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိဆိုသော ရှစ်ပါးသီလထဲကနံပါတ်(၇)ကိုထိနေပါသည်။ သီချင်းနားထောင်ခြင်း၊ ဇာတ်လမ်းများကြည့်ခြင်းသည် လူသားများအတွက်အပြစ်ရှိပါသလား။ ရှစ်ပါးသီလမယူဘဲ သီချင်းနားထောင်တာတို့ ဇာတ်လမ်းကြည့်တာ တို့သည် အပြစ်ရှိပါသလား။ တပည့်တော်သည် အထက်ပါကိစ္စတွေကို မရှင်းမလင်း နားမလည်သဘော မပေါက်နိုင်ပါသဖြင့် ဆရာတော် အရှင်သူမြတ်များ ဖြေကြားပေးပါရန် တပည့်တော်ကောင်းမြတ်မင်းမှ ရိုသေစွာတောင်းပန် လျှောက်ထားအပ်ပါသည် အရှင်မြတ်တို့ဘုရား။

ဟုတ် ဒကာ။ ငါးပါးသီလသည် လူသားအားလုံး လိုက်နာရမည့် ကိုယ့်ကျင့်တရား သီလဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်မပွင့်ခင်ကတည်းက ငါးပါးသီလကို လူသားများ လိုက်နာကျင့်ကြံပါတယ်။ ရှစ်ပါးသီလကတော့ မြင့်မြတ်သူတို့ရဲ့ အကျင့်တရားဖြစ်တာကြောင့် မိမိကျင့်နိုင်လေ ကောင်းလေပါပဲ ဒကာ။ မိမိက ရှစ်ပါးသီလမဆောက်တည်ထားသောကြောင့် ရှစ်ပါးသီလထဲက နစ္စဂီတသိက္ခာပုဒ်ကို ကျုးလွန်မိလျှင်တော့ ရှစ်ပါးသီလအပြစ် မဖြစ်ပါ။ သို့သော် ကုသိုလ်အကုသိုလ်ဆိုသည်မှာ သူ့ကိစ္စနှင့်သူ လုပ်လျှင်လုပ်သလို အကျိုးပေးသောကြောင့် မိမိလုပ်တဲ့ဆိုင်ရာ ကောင်းကျိုးဆိုးကျိုးများကို ယခုဘ၀ သို့မဟုတ် နောက်ဘ၀များစွာတွင်တော့ ခံစားရပါမည်။

ငါးပါးသီလသည် လူသားမှန်လျှင် စောင့်ထိန်းသင့်သော ကိုယ့်ကျင့်တရားဖြစ်ခြင်းကြောင့် လူသားဖြစ်ပါက နေ့စဉ် စောင့်ထိန်းသင့်ပါသည်။ ရှစ်ပါးသီလကိုတော့ မိမိမကျင့်သုံးနိုင်ပါက မစောင့်ထိန်းပဲ နေနိုင်သော်လည်း တက်နိုင်သမျှ ရှောင်ကြဉ်နိုင်အောင်တော့ ကြိုးစားသင့်ပါသည်။

ဆရာတော်ဦးသုမင်္ဂလပြောသော နစ္စဂီတ၀ါဒိတ-ရုပ်ကြည့်အသံနားထောင် ပွဲလမ်းသဘင် ကြည့်ခြင်း အကုသိုလ်သည် အပြစ်များတယ်ဆိုသည်မှာ ဖြစ်နိုင်ချေများတာကို ဦးတည်ပြောခြင်း ဖြစ်နိုင်ပါသည်။ တစ်ချို့သောသူများသည် ဗွီဒီယိုရုပ်ရှင်ပွဲလမ်းသဘင်ကြည့်လျှင် အကုသိုလ်များအောင် ကြည့်တတ်သလို တစ်ချို့သူတော်ကောင်းတွေမှာ တရားရအောင်လည်း ကြည့်တတ်ကြပါသည်။

ပွဲလမ်းသဘင် ရုပ်ရှင်များကြည့်ချင်သည် အဘယ့်ကြောင့် အကုသိုလ်များရသလဲဆိုရင် မိမိနှစ်သက် သူအားမြင်ရင် လိုချင်သောလောဘ၊ မိမိမတည့်သူအားမြင်လျှင် ဒေါသ၊ ရုပ်ရှင်သရုပ်ဆောင်နေတာကို အပြင်မှာဖြစ်ပျက်နေသလိုထင်မြင်မိပါက အမှန်အကို အမှန်တိုင်း မသိမှု မောဟတရားတွေ ဖြစ်ကြပါတယ်။ တစ်ချို့က မိမိနှစ်သက်သူကိုမြင်လျှင် ထိုသူအား လင်ရှိမယားရှိမသိဘဲ စိတ်ထဲကနေ ပြစ်မှားမိတာမျိုး လည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် အထက်ပါအချက်အလက်များဖြစ်အောင် ရုပ်ရှင်ပွဲလမ်းသဘင် ကြည့်လျှင်တော့ အပြစ်များပါသည်။

မုဆိုးကဲ့သို့ သူတစ်ပါးသက်တဲ့အကုသိုလ်က အပြစ်တစ်ခုပဲဖြစ်ခြင်းကြောင့် ရုပ်ရှင်ပွဲလမ်းသဘင်ကြည့်သူသည် အထက်ပါအချက်များစွာကို ပြစ်မှားမိပါက အပြစ်များစွာ ထိုက်သဖြင့် ဆရာတော်ဦးသုမင်္ဂလက အပြစ်ပိုများသည်ဟု ခြုံငုံ၍ ပြောလိုက်ခြင်း ဖြစ်ပါလိမ့်မည်။

ပွဲလမ်းသဘင်ရုပ်ရှင်ကြည့်သူသည် အထက်ပါအချက်အလက်များမဖြစ်ဘဲ စိတ်အပန်းဖြေ သဘောမျိုးဖြင့် အကုသိုလ်မဖြစ်အောင် ကြည့်တတ်ပါက အပြစ်မရှိပေ။ တစ်ချို့သော သူတော်ကောင်းများသည် ပွဲလမ်းသဘင်ကြည့်ခြင်းဖြင့် တရားရအောင် ကြည့်သောသူများလည်း ရှိပါသည်။ ပွဲလမ်းသဘင် ရုပ်ရှင်မှုာမြင်ရသော အချောအလှတွေကို အော် ဒါတွေဟာ မမြဲခြင်းတရား အနိစ္စတွေ၊ ဆင်းရဲခြင်းဖြစ်အောင် လုပ်မဲ့ ဒုက္ခတရားတွေ၊ ထိုအလှအပတွေဟာ ငါပိုင်မဟုတ်ဘဲနဲ့ သူ့ဘာသာအလိုလို ပျက်စီးသွားမဲ့ အနတ္တတရားတွေပါလားလို့ ဆင်ခြင်ကြည့်တတ်သူများလည်း ရှိပါသည်။ ထိုသို့ကြည့်တတ်သော သူများဆိုလျှင် ပွဲလမ်းသဘင်ကြည့်ခြင်းဖြင့် ကုသိုလ်ရသွားပါသည်။ ဥပမာဖြင့်ပြောရမည်ဆိုလျှင် ရှင်မောဂ္ဂလန်အရှင်မြတ်နှင့် ရှင်သာရိပုတ္တရာအရှင်မြတ်များသည် ပွဲလမ်းသဘင်ကြည့်ခြင်းမှ အသိတရားရပြီး တရားအားထုတ်ကြသူ များ ဖြစ်ပါသည်။ ထို့ကြောင့် ဘယ်ကိစ္စမဆို မိမိရဲ့စိတ်၊ အသိဉာဏ်ပေါ်၌သာ အဓိကကျပေသည်။

သီချင်းနားထောင်သူသည်လည်း မိမိစိတ်ပျော်ရွှင်အောင်သာ နားထောင်ပါက အပြစ်မရှိပါပေ။ ထိုသို့မဟုတ်ဘဲ ဒီအသံလေးဟာ နားထောင်ကောင်းလိုက်တာဆိုတဲ့ လောဘ၊ ဒီတေးသံရှင်လေးကို လိုချင်လိုက်တာ ဆိုတဲ့လောဘ၊ ဒီတေးသံရှင်အသံဟာ နားကြားမြင်းကပ်လိုက်တာဆိုတဲ့ ဒေါသ၊ ဒီအသံဟာ နားထောင်ပြီးခေတ္တလေးနဲ့ပျောက်ပျက်ကာ ဖြစ်ပျက်နေပါလားဆိုတဲ့ အသိဉာဏ်မရှိမှု မောဟတွေဖြစ်နေရုံ သာမက ဒီတေးသံရှင်အား စိတ်ထဲကနေ ကာယကံနဲ့ပါ ပြစ်မှားခြင်းများ ဖြစ်နေလျှင်တော့ အကုသိုလ် အပြစ်များစွာ ဖြစ်ပါသည်။

ဒါ့ကြောင့် မိမိတို့ပွဲလမ်းသဘင်ရုပ်ရှင်များကြည့်တဲ့အခါ သီချင်းနားထောင်တဲ့အခါများမှာ အကုသိုလ်မဖြစ်အောင် သတိထားကာ မိမိအတွက် အပျင်းပြေ၊ အပန်းဖြေရုံသာကြည့်ပြီး တက်နိုင်လျှင် ထိုပွဲလမ်းသဘင်ရုပ်ရှင်များမှ အသိပညာဗဟုသုတဖြစ်စေ ကုသိုလ်ရအောင်ဖြစ်စေ ကျင့်ကြံလုပ်ဆောင်နိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းရင်း ဒီလောက်ဆိုရှင်းမည်ထင်သောကြောင့် ဤမျှနဲ့ပဲ နားပါရစေ။

No comments:

Post a Comment