Wednesday, July 13, 2011

ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာ

ဝါဆိုလပြည့်နေ့သည် စာရေးသူတို့ဗုဒ္ဓဘာသာဝင်များ၏ ဘာသာရေးပွဲတော်များတွင် အမှတ်တရဖြစ်စေသော ပွဲတော်တစ်ခု ဖြစ်ပေသည်။ ၀ါဆိုလပြည့်နေ့သည် မြတ်ဗုဒ္ဓစတင်တရားဦးဟောရာနေ့ဖြစ်သကဲ့သို့ သံဃာတော်များ ၀ါဆိုဝါကပ်ရမည့် အချိန်ကာလလည်း ရောက်ရှိသောကြောင့် ၀ါဆိုလတွင် သင်္ကန်းကပ်လှူခြင်း၊ ၀ါဆိုပန်းများလှူဒါန်းခြင်း၊ ဆွမ်းကပ်ခြင်းများ ပြုလုပ်ကြပေသည်။


ထို့ပြင် ဝါဆိုလတွင် အသက်သိက္ခာ၊ ဂုဏ်သိက္ခာကြီးမားသူများကို လိုက်လံကန်တော့ကြသော အခါသမယလည်း ဖြစ်ပေသည်။ ဤအစဉ်အလာသည် ရှေးဘုရင်မင်းများလက်ထက်ကတည်းက ဝါဝင်ကာလတွင်တစ်ကြိမ် ဝါကျွတ်ကာလတွင်တစ်ကြိမ် ဘုရင်၏သာသမီးများ ဆွေတော်မျိုးတော်များ၊ မင်းမှူထမ်းများသည် ဂါရဝမင်္ဂလာပူဇာစ ပူဇာနေယျာနံ မင်္ဂလာနှင့်အညီ အသက်သိက္ခာ ဂုဏ်ဝါကြီးသူများကို ပူဇော်ဖွယ်ရာများနှင့်ကန်တော့ပူဇော်ခဲ့ကြလေသည်။

ထို့အတူ ရဟန်းတော်အရှင်မြတ်များသည်လည်း နောက်လိုက်နောက်ပါ တပည့်ပရိသတ်များနှင့်အတူ သိက္ခာဝါကြီးတော်မူသည့် နီးစပ်ရာဆရာတော်ကြီးများအား လိုက်လံကန်တော့ကြပေသည်။

ဝါဆိုလတွင် စိုက်ပင်ပျိုးပင်များကြီးထွားစအချိန်ဖြစ်သဖြင့် သံယာတော်များ လယ်ယာများဖြတ်၍ ခရီးလှည့်လည်သွားနေလျှင် ကောက်ပဲသီနှံများ ထိခိုက်ပျက်စီးပါက လူအများ၏ပြစ်တင်ငြိုငြင်ခြင်းကိုခံကြရလျှင် မကောင်းသောကြောင့် မြတ်စွာဘုရားရှင်သည် မိမိ၏တပည့်သားသံယာများအား (ဝါဆိုလပြည့်ကျော် တစ်ရက်နေ့မှဖြစ်စေ ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့မှာဖြစ်စေ ဝါဆိုဝါကပ်ပြုကြရမည်။ ဝါတွင်းသုံးလပတ်လုံး မည်သည့်အရပ်ကိုမှ ညအိပ်ညနေမသွားကြပါနဲ့)ဟူ၍ ပညတ်တော်မူခဲ့လေသည်။

သံဃာတော်များ ဝါဆိုဝါကပ်ရာတွင် ပုရိမဝါကို ဝါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်လျှင် သီတင်းကျွတ်လပြည့်နေတွင် သုံးလပြည့်ကာဝါမှ လွတ်ကင်းသွားလေသည်။ တကယ်လို့ အကြောင်မညီညွတ်၍ ပုရိမဝါဆိုလိုက်ရသော သံဃာတော်များသည် ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့တွင် ပစ္ဆိမဝါဆိုပြီးလျှင် တန်ဆောင်မုန်းလပြည့်နေ့တွင် သုံလပြည့်ကာဝါကျွတ်လေသည်။

ဝါဆိုဝါကပ်ခြင်းကို ညနေပိုင်းတွင်ဖြစ်စေ ညဦးပိုင်းတွင်ဖြစ်စေ ကျောင်းတိုင်အတွင်း၌ ရဟန်းသာမဏေများ စုရုံး၍ ဘုရားတပည့်တော်သည် ဤကျောင်းတွင် ဤဝါတွင်းသုံလတာ ကာလပတ်လုံးဝါဆိုဝါကပ်ပါ၏ဟူသော အဓိပ္ပါယ်ရှိသည့် ပါဠိကိုရွတ်ဆိုရလေသည်။

ထိုသို့ သံဃာတော်များ ၀ါဆိုဝါကပ်သောအခါ အလှူရှင်များသည် ၀ါဆိုသင်္ကန်းကပ်လှူခြင်း၊ ၀ါဆိုပန်းကပ်လှူခြင်း၊ အဖျော်ရည်စသော လှူဒါန်းဖွယ်ရာ ကပ်လှူခြင်းများကို ပြုလုပ်ကြသည်မှာလည်း မွန်မြတ်သော အလှူဒါနတစ်ခုပင် ဖြစ်ပေသည်။ အချို့သော တောရွာများရှိ ရပ်သူရွာသားများသည် ဘုရားပန်ကပ်လှူရန်အတွက်နှင့် သံယာတော်များအား ၀ါဆိုပန်းကပ်လှူရန်အတွက် ပန်းများ ထွက်ခူးကြပြီး ခူး၍ရရှိသောပန်းများကို ညနေပိုင်းတွင် စုဆောင်ကာဆေးကြောပြီး အတီးအမှုတ် အကအခုန်များဖြင့် နီးစပ်ရာဘုရားများ ကျောင်းများသို့ လှည့်လည်ကပ်လှူကြလေသည်။ တစ်ချို့သော အလှူရှင်များသည် ကျောင်းများသို့ကပ်လှူရာ၌ ပန်းမျှသာမဟုတ် ကြီးမားသော ဝါဆိုဖယောင်တိုင်ကြီးများနှင့် အခြားလှူဖွယ်များလည်း လှူဒါန်းကြလေသည်။

ထို့ပြင် ၀ါတွင်းကာလနှင့်ပတ်သတ်၍ စာရေးသူအား ခဏခဏ လူမေးများသော ၀ါတွင်းကာလမင်္ဂလာဆောင်ခြင်းနှင့်ပတ်သတ်တာကို ဒီနေရာမှာ ပြောခဲ့ရပါစေ။ ၀ါတွင်းကာလမှာ မင်္ဂလာဆောင်ခြင်း မလုပ်ရဘူးလို့ ဘုရားရှင်ကတော့ မဟောခဲ့ပါဘူး။ မြတ်စွာဘုရားရှင်လက်ထက်က မင်္ဂလာဆောင်ရန် ရက်ရွေးနေလို့ မင်္ဂလာသတိုးသမီးနဲ့မရလိုက်တဲ့​ ပုဏ္ဏားသားတစ်ယောက်ကို ဘုရားရှင်က ရက်ရာဇာတွေ မရွေးချယ်ဖို့ ဟောထားတာရှိပါတယ်။ နောက်ပြီး မိမိတို့မင်္ဂလာဆောင်ရာဝယ် ကောင်းမှုကုသိုလ်လည်းလုပ်မည်ဖြစ်ပါက ကောင်းမှုကုသိုလ်လုပ်ခြင်းနှင့်ပတ်သတ်၍ ဘုရားရှင်က ရက်ရွေးဖို့မလိုကြောင်း ဟောထားပါသေးတယ်။ အဲဒီတော့ ၀ါတွင်းမင်္ဂလာမဆေင်ခြင်းသည် ဘုရားဟောမဟုတ်ဘဲ ဗေဒင်စသော လောကီပညတ်ချက်မျှသာ ဖြစ်ပါတယ်။ ထို့ကြောင့် မိမိရဲ့စိတ်ယုံကြည်မှုပေါ်မူတည်သဖြင့် မိမိဆန္ဒအတိုင်း ပြုလုပ်ဆောင်ရွက်သင့်ပေသည်။

ဝါဆိုလဆန်းတရက်နေမှ ဝါဆိုလပြည့်နေ့အတွင်း၌ ဘုန်းတော်ကြီးကျောင်းများတွင် လှူဒါန်းပွဲများ ကျင်းပ၍ ဖြစ်စေ၊ မိမိနေအိမ်တွင်ဖြစ်စေ တတ်စွမ်းနိုင်သမျှ သံယာတော်များပင့်ဖိတ်ကာ ဆွမ်းခဲဖွယ်နှင့်ဝါဆိုသင်္ကန်းစသော လှူဒါန်းဖွယ်ရာအစုစုတို့ကို ဆက်ကပ်လှူဒါန်းကာ ဥပုသ်သီလပင် ဆောက်တည်ကြသူများလည်း ပေါများလှပေသည်။

ထို့ပြင် မိမိတို့နီးစပ်ရာ နာမည်ကြီးဘုရားများတွင်လည်း ဝါဆိုပန်းကပ်သူများနှင့် စည်ကားစွာရှိသည်မှာ စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များ၏ ချစ်စရာကောင်းအလေ့အထများတွင် ၀ါဆိုလလည်း ပါဝင်သောကြောင့် ၀ါဆိုလအကြောင်းကို စာရေးသူအကျဉ်းချုပ်ပြ တင်ပြလိုက်ရခြင်း ဖြစ်ပါပေတော့သည်။

No comments:

Post a Comment