Monday, July 11, 2011

အမျှဝေတဲ့အခါ

ဒါလေးကတော့ ဦးဇင်းကို ဘာသာရေးနှင့်ပတ်သတ်ပြီးမေးလာသမျှကိုတက်နိုင်သမျှဖြေဆိုပေး ရန် တောင်းဆိုထားသောဗုဒ္ဓကမ္ဘာဆိုဒ်မှာ မေးထားသောမေးခွန်းလေးကို ဖြေပေးလိုက်ခြင်း ဖြစ်ပါတယ်။
မေးခွန်းလေးကတော့

အရှင်ဘုရား အမျှဝေစာတမ်းထဲမှာပါတဲ့ သတ္တ၀ါသ၊ ဘုံကိုးဝနှင့်၊ ၀ိညာဏဋ္ဌိတိ၊ တည်ရှိခုနှစ်ပါးဆိုတဲ့ စာပိုဒ်လေးရဲ့ အဓိပ္ပါယ်ကို အကျယ်တ၀င့် ရှင်းပြပေးပါရန် ရိုသေစွာလျှောက်ထားပါသည်ဘုရား။


ပထမဦးဆုံး ဒီတည်ရှိခုနစ်ပါးရေတွက်ပုံကို ထင်ရှားစွာသိမြင်အောင် သုံးဆယ့်တစ်ဘုံကို အရင်ရေတွက်ပြပေးပါမယ်။ (၃၁)ဘုံကား

အပါယ်(၄)ဘုံ၊ လူ့ဘုံ၊ နတ်ပြည်(၆)ထပ်၊ ပထမဈာန်(၃)ဘုံ၊ ဒုတိယဈာန်(၃)ဘုံ၊ တတိယဈာန်(၃)ဘုံ၊ ပဉ္စမဈာန်(၅)ဘုံ၊ အသညသတ်ဘုံ၊ အရူပ(၄)ဘုံ၊ ပေါင်း(၃၁)ဘုံဖြစ်ပေသည်။

ဝိညာဏဋ္ဌိတိ တည်ရှိခုနှစ်ပါးဆိုသည်မှာ

၁။ လူ့ပြည်နှင့်နတ်ပြည် ခြောက်ထပ်သည် ခန္ဓာကိုယ်လည်း ထူးခြားစွာ တစ်ဦးနှင့်တစ်ဦး မတူညီအောင် ထူးခြားကြ၏။ ပဋိသန္ဓေသညာမှာလည်း အထူးထူးအပြားပြားရှိ၍ နာနတ္တကာယ နာနတ္တသညီဖြစ်ခြင်းကြောင့် တည်ရာတစ်ပါးအဖြစ် ရေတွက်ခြင်းဖြစ်၏။

၂။ ပထမဈာန်သုံးဘုံနှင့် အပါယ်လေးဘုံသည် ခန္ဓာကိုယ်သဏ္ဍာန်ကား အထူးထူးအထွေထွေဖြစ်သော်လည်း ပဋိသန္ဓေသညာမှာ ပထမဈာန်သုံးဘုံ၌ ပထမဈာန်ဝိပါက်စိတ်၊ အပါယ်လေးဘုံ၌ အကုသလ၀ိပါက် သန္တီရဏစိတ် တစ်ခုစီသာဖြစ်၍ နာနတ္တကာယ ဧကတ္တသညီ ဖြစ်ခြင်းကြောင့် တည်ရာတစ်ပါးအဖြစ် ရေတွက်ခြင်းဖြစ်၏။

၃။ ဒုတိယဈာန် သုံးဘုံသည် သတ္တ၀ါတို့၏ ကိုယ်သဏ္ဍာန် အရောင်အ၀ါတူသော်လည်း ဒုတိယဈာန်ဝိပါက်၊ တတိယဈာန်ဝိပါက်ဆိုပြီး ပဋိသန္ဓေသညာထူးခြား၍ ဧကတ္တကာယ နာနတ္တသညီ ဖြစ်ခြင်းကြောင့် တည်ရာတစ်ပါးအဖြစ် ရေတွက်ခြင်းဖြစ်၏။

၎။ တတိယဈာန်သုံးဘုံ , ဝေဟပ္ဇိုလ်ဘုံ, သုဒ္ဓါဝါသငါးဘုံတို့သည် သတ္တ၀ါတို့ ကိုယ်သဏ္ဍာန်လည်း တူသည်၊ ပဋိသန္ဓေသညာမှာလည်း စတုက္ကနည်းအားဖြင့် စတုတ္ထဈာန်ဝိပါက်စိတ်တစ်ပါးသာဖြစ်၍ ဧကတ္တကာယ ဧကတ္တသညီဖြစ်ခြင်းကြောင့် တည်ရာတစ်ပါးအဖြစ် ရေတွက်ခြင်းဖြစ်၏။

၅။ အာကာသာနဉ္စာယတန။

၆။ ၀ိညာဏဉ္စာယတန။

၇။ အာကိဉ္စညာယတန ဤအရူပသုံးဘုံသည် ပဋိသန္ဓေသညာတစ်ပါးစီသာဖြစ်ခြင်းကြောင့် တည်ရာတစ်ပါးစီအဖြစ် သုံးပါးရေတွက်ခြင်းဖြစ်၏။ ဤသို့ရေတွက်လျှင် ၀ိညာဏဋ္ဌိတိ ခုနစ်ပါး ဖြစ်သွားလေသည်။

ထိုရေတွက်ခြင်းများတွင် ပဋိသန္ဓေသညာာရှိသည်လည်းမဟုတ်၊ မရှိသည်လည်း မဟုတ်သော နေ၀သညာနာသညာဘုံနှင့် လုံးဝသညာ (စိတ်) မရှိသော အသညသတ်ဘုံတို့သည် ဧကတ္တသညီ၊ နာနတ္တသညီ နှစ်ပါးတို့တွင် ရေတွက်၍မရသောကြောင့် မထည့်ဘဲ ထားရလေသည်။ ထိုဘုံနှစ်ခုကို သတ္တာဝါသ ဘုံကိုးဝယူရာ၌သာ နေ၀သညာနာသညာဘုံကို တစ်ရပ်၊ အသညသတ်ဘုံကို တစ်ရပ် ထည့်၍ရေတွက်လျှင် ဘုံကိုးပါးရသည်။ ဤသို့ ရေတွက်သောအခါ သုံးဆယ့်တစ်ဘုံ အလုံးစုံသောသတ္တ၀ါတို့ကို တိကျမှန်ကန်စွာ ထပ်မံရေတွက်၍ သတ္တာဝါသ ဘုံကိုးဝနှင့် ၀ိညာဏဋ္ဌိတိ တည်ရှိခုနစ်ပါးဟု အမျှပေးဝေခြင်း ဖြစ်ပေသည်။

တကယ်တော့ ဘုံသုံးဆယ့်တစ်ဟု အမျှဝေထဲမှာပါနေ၍ ပြီးပြည့်စုံနေပါပြီ။ သို့သော် အလုံးစုံကို သူ့နေရာသူတိကျမှန်ကန်စွာ ရေတွက်၍အမျှဝေသောအခါ အမျှယူသူ အမျှပေးသူတို့မှာ ကျေနပ်မှုများပိုမိုရရှိသဖြင့် ကောင်းကျိုးများလည်း ထပ်မံတိုးရအောင် ထိုကဲ့သို့ ထည့်သွင်းပေးလိုက်ခြင်း ဖြစ်ပေသည်။ အကယ်၍များ မိမိတို့က အမျှဝေတဲ့အခါ မေတ္တာပို့တဲ့အခါများမှာ ထိုသုံဆယ့်တစ်ဘုံကို ရေတွက်ခြင်းငှာမစွမ်းနိုင်ပါက အားလုံးသောသတ္တ၀ါများ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာအမျှဝေလိုက်လျှင်လည်း အကျိုးရှိပါသည်။

သို့သော် လူသားများတွင် မိမိနာမည်ထည့်၍ ခေါ်ဆိုတာနဲ့ အားလုံးဆိုပြီး ရောချခေါ်ဆိုတာခြင်း မတူသကဲ့သို့ ဥပမာ-ကျေးဇူးတင်ကြောင်းပြောတဲ့အခါ အားလုံးကို ကျေးဇူးတင်ပါသည်ဟု ပြောလိုက်လျှင် ထိုကျေးဇူးတင်ထိုက်သူတွေထဲမှာ မိမိပါသွားသော်လည်း မိမိနာမည်ကိုထည့်ပြောလျှင်ကား ပိုမို၍ ကျေနပ်သွားခြင်းကြောင့် အမျှဝေမေတ္တာပို့တဲ့အခါ၌ အမည်နာမ နေရာဌာနတို့ကို ထည့်နိုင်လျှင်ကား ပိုမိုကောင်းပါသည်။

ဒီလောက်ဆို အားလုံးရှင်းမည်ထင်သောကြောင့် ဤမျှနဲ့ပဲ နိဂုံးချုပ်ပါရစေ။ ကျမ်းကိုး (ဒီဃနိကာယ်၊ မဟာနိဒါနသုတ်)

No comments:

Post a Comment