Saturday, December 10, 2011

အရှင်ဆန်နီနေမင်း (သို့မဟုတ်) ကောင်းကင်ထက်က နေတစ်စင်းနဲ့ အင်တာဗျုး

 အဖွဲ့ဝင်အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။ ခဏတာရပ်ဆိုင်းထားတဲ့ ထာဝရရဲ့ အင်တာဗျူးအစီအစဉ်လေးရှေ့ဆက်ကြရအောင်ပါ။ ထာဝရသူငယ်ချင်းများဆိုဒ်ထဲမှာ ရှိတဲ့ကိုယ်တိုင်ရေး ကလောင်ရှင်များနဲ့ အခြားသော အကျိုးဆောင် ပုဂ္ဂိုလ်များ၊ ထင်ရှားသူများကို ဆိုဒ်ထဲရှိ သူငယ်ချင်းအပေါင်းနဲ့ မိတ်ဆက်အင်တာဗျူးပြီး အတွေးအမြင်များကို ဖလှယ်သွားမှာ ဖြစ်ပါတယ်။ ဆိုဒ်ထဲမှာ အင်တာဗျူးအဖွဲ့က သတိမထားမိသေးသော အခြားပုဂ္ဂိုလ်များကိုလည်း အဖွဲ့မှာလာရောက်သတင်းပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ထာဝရသူငယ်ချင်းများလည်း အင်တာဗျူးအဖွဲ့ ရဲ့ လိုအပ်ချက်ကလေးများကိုအဖွဲ့လေးမှာ လာရောက် ဝေဖန်နိုင်ပါတယ်။

ယခုတစ်ပတ် ဖော်အဲဗားအဖွဲ့ရဲ့ အလှည့်ကျသူကတော့ အများသိပြီးသားဖြစ်တဲ့ " အရှင်ဆန်နီနေမင်း (သို့မဟုတ်) ကောင်းကင်ထက်ကနေတစ်စင်း" ပါ။

ကဲစလိုက်ကြရအောင်။

ဦးဇင်းဘုရား တပည့်တော်တို့ ထာဝရသူငယ်ချင်းများ အင်တာဗျူးအဖွဲ့လေးကပါဘုရား။

* ခုလို တွေ့ရတာ ၀မ်းသာပါတယ်။ ဘာတွေများ ကူညီပေးရမလဲ။

-တပည့်တော်တို့အဖွဲ့လေးကို ဦးဇင်းနဲ့ မိတ်ဆက်ပြီး အမေးအဖြေ လုပ်ခွင့် ပေးပါဘုရား။
တပည့် တော်ကဘာသာရေးထဲထဲဝင်ဝင်သိပ်မသိတော့ မှားတာလေးများရှိရင်ခွင့် လွှတ်ပေးစေချင်ပါတယ်ဘုရား။

* အော်-ဦးဇင်းက အားလုံးကို အမေးဖြေလုပ်ပေးနေတာဆိုတော့ စိတ်တိုင်းကျသိချင်တာများ မေးနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးရာရော၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေးတွေပါ မေးလို့ရပါတယ်။ ဦးဇင်း တက်သိထားသမျှအသိပညာများဟာ အများအတွက်မို့ အားတဲ့ချိန်တိုင်း ဖြေပေးနေပါတယ်။ ဘာသာရေးနဲ့ဝေးနေလို့ဖြစ်စေ၊ ရဟန်းသံဃာများနဲ့ စကားမပြောဘူးလို့ဖြစ်စေ ဦးဇင်းကို အားနာတာ၊ ကြောက်ရွံ့စရာ မလိုပါဘူး။ ဦးဇင်းနဲ့သိတဲ့ ကောင်လေးတွေ၊ ကောင်မလေးတွေအားလုံးကိုလည်း ဦးဇင်းက အားလုံးကို ညီအကိုမောင်နှမဆွေမျိုးသားချင်းလို သဘောထားပြီးသားဖြစ်တဲ့အတွက် လွတ်လပ်စွာပြောဆိုတိုင်ပင် ခင်မင်လို့ရပါကြောင်း အမြဲပြောပါတယ်။ ကိုယ့်မောင်နှမသားချင်လို သဘောထားလိုက်မယ်ဆိုရင် နှစ်ဦးနှစ်ဘက် အားနာစရာမလိုဘဲ မေးမြန်းပြောဆိုလို့ရသလို လွတ်လပ်ပွင့်လင့်စွာလည်း ပြောဆိုနိုင်သွားပါတယ်။ ဘယ်သူမဆို မွေးကတည်းက ဘာသာရေးအသိဉာဏ်များ သိရှိလာတာမဟုတ်သလို ရဟန်းသံဃာများနဲ့ စကားပြောတတ်လာတာလည်းမဟုတ်တဲ့အတွက် မပြောတတ်ခင်မှာ ပြောတတ်သလို ဆက်ဆံပြောဆိုလို့ ရပါတယ်။
ကိုယ့်စိတ်ထဲက ပြစ်မှားလိုတဲ့စိတ်မရှိရင် အပြစ်မဖြစ်တဲ့အတွက် ပြောတတ်သလိုပြောပါလို့ ဦးဇင်းနဲ့ခင်တဲ့ လူငယ်အားလုံးကို ဒီတိုင်းပဲ ပြောထားပေးပါတယ်။ ဒါကြောင့်လည်း ဦးဇင်းgamil မှာဆို အကောင့်(၂၀၀၀)ကျော်ရှိနေကာ facebook မှာလည်း ထောင်ကျော်ရှိနေတာပါ။ ဦးဇင်းရဲ့ ပွင့်လင်းစွာဆက်ဆံပြောဆိုမှုကြောင့် အားလုံးကလည်း မောင်နှမတွေလို ဖြစ်နေကြပါတယ်။ ဦးဇင်းကို တချို့က ဘုန်းကြီးနဲ့ စကားမပြောတတ်ဘူးဆိုပြီး အကောင့်ကနေထွက်သွားဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ ဦးဇင်းက မင့်တို့လူငယ်လေးတွေ အဲဒီလို ရဟန်းသံဃာများနဲ့မပြောမဆိုတတ်လို့ဆိုပြီး နေလာခဲ့ကြတဲ့အခါကျတော့ ဘာသာရေးအသိဉာဏ်များ လက်လွတ်ဆုံးရှုံးရတယ်။ ဒါကြောင့် ကိုယ့်စိတ်ထဲမှာပြစ်မှားလိုတဲ့စိတ်မရှိရင် ပြောတတ်သလို ပြောဆိုပြီး ရဟန်းသံဃာများနဲ့ပြောဆိုကာ သိချင်တာများကို မေးမြန်းဆွေးနွေးပါလို့ ဦးဇင်းကတော့ အားလုံးကို ပြောဆိုလေ့ရှိပါတယ်။

-ဦးဇင်းရဲ့ ဘွဲ့နာမည်၊သက်တော်နဲ့ ဝါတော်လေးသိပါရစေဘုရား။

* ဦးဇင်းဘွဲ့က အရှင်ကောမလ ပါ။ အသက်က(၂၈) ပါ။ ရဟန်းဝါကတော့(၈)၀ါ။ အသက်(၁၂)နှစ်သားကအရွယ်မှာ မိဘများရဲ့ အလှူမင်္ဂလာမှာ ကိုရင်ဝတ်ခဲ့တာကနေ သာသနာ့ဘောင်ကို ရောက်ရှိခဲ့တာပါ။ ဒါကြောင့်မို့ အတန်းပညာတောင် ကိုရင်ဝတ်နဲ့ ဆက်လက်သင်ယူခဲ့ရပါတယ်။ ဒါပေမဲ့ တက္ကသိုလ်ဝင်တန်းထိပဲ အတန်းပညာသင်ယူခဲ့ပြီး နောက်ပိုင်းတွင် ဗုဒ္ဓစာပေများကိုပဲ ဆက်လက်သင်ယူခဲ့ပါတယ်။

-ဦးဇင်းရဲ့လက်ရှိနေရပ်..နဲ့ ဇာတိလေးသိခွင့် ပေးပါဘုရား။

* ၂၀၁၀ ခုနှစ်ကနေ ယခုချိန်ထိ သီရိလင်္ကာနိုင်ငံမှာ ပညာသင်နေပါတယ်။ ဦးဇင်းမိဘတွေကတော့ မုံရွာမြို့မှာ နေတဲ့အတွက် မုံရွာမြို့ဟာ ဦးဇင်းဇာတိပါ။ ဒါပေမဲ့ မိဘများဟာ အဘိုအဖွားများ အသက်ကြီးလာတဲ့အတွက် အဘိုအဖွားများနေရပ်ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ လက်ပန်မြောက်ရွာမှာ ယခုနေထိုင်ကြပါတယ်။

-တက်ခဲ့တဲ့တက္ကသိုလ်နဲ့ရခဲ့တဲ့ဘွဲတော်၊ အခုလက်ရှိတက်နေတဲ့ တက္ကသိုလ်လေးလည်းမိန့်ပါအုန်းဘုရား။

* မန္တလေးမြို့၊ သာသနာ့တက္ကသိုလ်ကနေ B.A (Buddhism) ဘွဲ့ရရှိပြီး ယခု သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်မှာ M.A (philosophy) ဘွဲ့ အောင်မြင်လို့ Master of philosophy (M.phil) ဘွဲ့ ဆက်လက်သင်ယူနေပါတယ်။

-လက်ရှိဆန်နီနေမင်းဆိုတဲ့ ကလောင်နာမည်လေးရွေးဖြစ်ခဲ့ ပုံလေးသိပါရစေဘုရား။

* အင်း။ ဒီနာမည်ဖြစ်လာပုံကို ပြောရမယ်ဆိုရင် နည်းနည်းရှည်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းသီရိလင်္ကာကိုစရောက်တော့ ဒီနိုင်ငံမှာ အင်တာနက်ကအချိန်ပြည့်ရတဲ့အတွက် ပြည်ပရောက်နေလို့ ပလ္လင်ပေါ်တတ် တရားမဟောနိုင်ပေမဲ့ ငါအားတဲ့ချိန်လေးတွေမှာ လူသားများအတွက် အကျိုးရှိအောင် မိမိသိထားတဲ့ အသိပညာများကို အင်တာနက်ကနေ မျှဝေပေးမယ်ဆိုပြီး ဆောင်းပါးရေးခြင်း၊ အမေးအဖြေများလုပ်ပေးခြင်းတို့ ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီလိုလုပ်ပေးတဲ့အခါကျတော့ တချို့က အင်တာနက်ကို ရဟန်းသံဃာတွေ မသုံးသင့်ဘူး၊ ဆိုဒ်တွေထဲမှာလည်း မ၀င်သင့်ဘူးဆိုပြီး ဦးဇင်းကိုပြောလာကြပါတယ်။ ဒါနဲ့ ဦးဇင်းလည်း ဘုန်းကြီးဘွဲ့ကိုမသုံးဘဲ ဦးဇင်းအမေပေးထားတဲ့ ဆန်နီနေမင်းဆိုတဲ့ လူနာမည်နဲ့ ကလောင်နာမည်ပေးရင်းကနေ ဆန်နီနေမင်းဆိုတဲ့ ဦးဇင်းရဲ့လူနာမည်ကို သုံးဖြစ်သွားတာပါ။ အဲဒီလိုအသုံးပြုရင်း ပို့စ်တင်ခြင်းတွေများလာတဲ့အခါ နောက်ပိုင်း ဂျာနယ်များမှာ ဆောင်းပါးတွေရေးပေးနေရတာကြောင့် ဆန်နီနေမင်းဆိုတာ ရဟန်းတစ်ပါးဖြစ်ကြောင်း ယခုနောက်ပိုင်းတွင် အင်တာနက်သုံးသူတိုင်းနီးပါးရော၊ ဂျာနယ်ဖတ်သူများပါ သိနေကြပါပြီ။ လူသိများနေပြီးဖြစ်တဲ့ ဒီနာမည်ကိုပဲ မထူးတော့ပါဘူးဆိုပြီး ဦးဇင်းကိုယ်ပိုင်ဝက်ဆိုဒ်တစ်ခုလုပ်တဲ့အခါမှာလည်း ဒီနာမည်ပဲ အသုံးပြုလိုက်ပါတယ်။

-ဦးဇင်းအနေနဲ့တပည့်တော်တို့ ထာဝရသူငယ်ချင်းများဆိုဒ်ကလေးကို စသိခဲ့ပုံလေးများ မှတ်မိအုန်းမလားဘုရား။ မန်ဘာဝင်ဖြစ်ခဲ့ပုံလေးလည်း သိပါရစေဘုရား။

* စတင်သိရှိတာကတော့ (2011. 03) လပိုင်းလောက်မှာ ဦးဇင်းဘလော့တစ်ခုလုပ်ပြီး စာရေးတင်ပါတယ်။ အဲဒါနဲ့ ကိုယ့်ဆိုဒ်မှာရေးတာနဲ့ဆို လူသိနည်းပြီး ကိုယ့်ရေးတဲ့စာကို အများမသိရင် ငါလည်းရေးရကျိုးနည်းသလို အများလည်း ဗဟုသုတမရဘဲဖြစ်နေတယ်။ ဒါကြောင့် အများဖတ်ရအောင် ဆိုဒ်တွေကို လိုက်တင်ပေးမယ်ဆိုပြီး ဆိုဒ်တွေလိုက်ရှာရင်းကနေ ဒီဆိုဒ်ကို မန်ဘာဝင်ပြီး ပို့စ်များ တင်ဖြစ်ခဲ့တာပါ။

-ဒီဆိုဒ်မှာ post တွေတင်ဖြစ်ခဲ့ ပုံနဲ့ ရည်ရွယ်ချက်လေးလည်းသိပါရစေဘုရား။

* ဦးဇင်း သာသနာ့ဘောင်နေရခြင်း ရည်ရွယ်ချက်ကိုက အများအကျိုးလုပ်ပေးချင်လို့ပါ။ လူ့ဘောင်လူလောကမှာဆို အများအကျိုးကို သာသနာဘောင်လောက် လုပ်ပေးလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူ့ဘောင်လူလောကမှာ အများအကျိုးထက် ကိုယ့်ကျိုးလုပ်ပေးစရာတွေ အများကြီးရှိနေလို့ပါ။ ဥပမာ-အိမ်ထောင်ကျတာနဲ့ ကိုယ့်ကျိုးဆိုတာတွေက တစ်စတစ်စ တိုးပွားလာရတယ်လေ။ သာသနာ့ဘောင်မှာက တစ်စတစ်စတိုးပွားစရာ သံယောဇဉ်မရှိတာကြောင့် အများအကျိုးကို ပိုမိုလုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် လူ့ဘောင်လူလောကမှာ နေချင်တဲ့စိတ်ရှိသော်လည်း အဲဒီစိတ်ကို အများအကျိုးလုပ်ပေးချင်တဲ့စိတ်နဲ့ အနိုင်ရအောင် တိုက်ခိုက်ပြီး အများအကျိုးကို လုပ်ပေးနေတာပါ။ အဲဒါကြောင့်မို့လည်း ဦးဇင်းကိုယ်ပိုင်ဆိုဒ်မှာတင်မကဘဲ ဦးဇင်းလက်လှမ်းမီသမျှဆိုဒ်အားလုံးကို မန်ဘာဝင်ပြီး ပို့စ်တွေ တင်ပေးနေတာပါ။

-တင်ခဲ့ တဲ့ post အရေအတွက်နဲ့ .အကြိုက်ဆုံးpost ကလေးလည်းသိပါရစေ။

*ပို့စ်အရေအတွက်ကတော့ (၁၂၇)ခု ရှိပါပြီ။ အကြိုက်ဆုံးပို့စ်ကို ပြောပါဆိုရင်တော့ ကိုယ်တိုင်ရေးထားတာချည်းမို့ ကိုယ့်ငပိကိုယ်ချဉ်ဆိုသလို အားလုံးကို ကြိုက်တယ်လို့ပြောရမှာပါ။ ဒါပေမဲ့ လူငယ်တွေအတွက် ပညာပေးအနေနဲ့ ရေးသားပေးထားတဲ့ ဆောင်းပါးတွေထဲမှာတော့ အချောင်မလိုချင်ကြပါနဲ့ ဆောင်းပါးရယ်၊ ကာမေသုမိစ္ဆာစာရကံအကြောင်းအကျယ်ဖွင့်ဆိုချက်ပို့စ်(၂)ခုဟာ အသုံးအ၀င်ဆုံး ဖြစ်လိမ့်မယ် ထင်ပါတယ်။

-တပည့် တော်တို့ ဆိုဒ်ကလေးအပေါ်ဦးဇင်းရဲ့ အမြင်လေးသိပါရစေဘုရား။

* အင်း။ ဆိုဒ်တစ်ခုကို ပိုက်ဆံပေးပြီး လုပ်ရတယ်။ အများအတွက် မိမိအချိန်ထဲကနေ ထုတ်နှုတ်ပြီး လုပ်ပေးရတယ်ဆိုတာတွေက ပရဟိတစိတ်ရှိသူများသာ လုပ်နိုင်တာမို့ ကိုယ့်ကျိုးအတွက်ထက် အများအကျိုးကို ဦးစားပေးသူများဖြစ်တာကြောင့် အများကောင်းကျိုးလုပ်တဲ့ဆိုဒ်လို့ပဲ မြင်ပါတယ်။

-ဆိုဒ်ထဲက ဖော်အဲဗားဗုဒ္ဓဘာသာသင်တန်းအပေါ်ဦးဇင်းရဲ့ မှတ်ချက်ကလေးလည်းပေးပါအုန်းဘုရား။

* ခုလို မိမိတို့ဗုဒ္ဓဘာသာဝင်များအတွက် အသိပညာတိုးပွားအောင်လုပ်ပေးတဲ့အတွက် ကောင်းပါတယ်။ ဆက်လက်အမြဲတစေ လုပ်နိုင်အောင်လည်း လိုအပ်တာများရှိရင် ဦးဇင်းလည်း တက်နိုင်သမျှ ကူညီပေးပါမယ်။

-ဦးဇင်း ရဲ့ ကိုယ်ပိုင်ဘလော့ လေးကိုလည်းမိတ်ဆက်ပေးပါအုန်းဘုရား။

* ဦးဇင်းလည်း အစကတော့ ပြည်ပမှာအလကားရတဲ့ blogspot.com ကို လုပ်ခဲ့တာပါ။ ကိုယ်ပိုင်ဆိုဒ်ဝယ်ဖို့ကျတော့ ဘဏ်အကောင့်ရှိမှ ၀ယ်လို့ရတာမို့ မ၀ယ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဦးဇင်းဘလော့ကို နော်ဝေးနိုင်ငံမှာနေတဲ့ ဒကာမကြီးတစ်ယောက်က ဦးဇင်းဘလော့ကစာတွေဟာ အများအတွက် အကျိုးများတာမို့ မြန်မာပြည်ကလူတွေပါ အလွယ်တကူဖတ်ရှု့နိုင်အောင်ဆိုပြီး ဒေါ့ကွန်းဝယ်လှူပေးလိုက်ပါတယ်။ အဲဒါနဲ့ ခုတော့ http://www.sanninaymin.com/ ဖြစ်သွားပါပြီ။ တချို့ ဦးဇင်းမအားလို့ တခြားဆိုဒ်တွေမှာ မတင်ဖြစ်တဲ့ ပို့စ်တွေကိုလည်း ဦးဇင်းဆိုဒ်မှာ ရှိသေးတဲ့အတွက် အချိန်ရရင် ဦးဇင်းဆိုဒ်ကိုလည်း ၀င်ရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းချင်ပါတယ်။ အကျိုးရှိမဲ့ဗဟုသုတများ ရစေချင်လို့ပါ။ စာဖတ်သူများလဲ ဘာမှရတာမဟုတ်တဲ့အတွက် ကြော်ညာတယ်လို့တော့ မထင်လိုက်ပါနဲ့လေ။

-ဘလော့ လေးရေးဖြစ်ခဲ့ ပုံနဲ့ ရည်ရွယ်ချက်လေးသိပါရစေဘုရား။

* ရေးဖြစ်ခဲ့ပုံကတော့ အပေါ်မှာပြောခဲ့သလို ဒီနိုင်ငံမှာ အင်တာနက်အချိန်ပြည့်ရနေတာကြောင့်ရယ်၊ ပြည်ပမှာမို့ ပလ္လင်ပေါ်တတ်တရားမဟောနိုင်လို့ မိမိအသိပညာများ အများအတွက် အသုံးမချရတာမျိုး မဖြစ်ရလေအောင် အားတဲ့ချိန်တိုင်းမှာ ဆောင်းပါးရေးခြင်း၊ သိချင်လို့လာမေးထားတဲ့ မေးခွန်းများကို ဖြေဆိုပေးခြင်းများ လုပ်ပေးနေပါတယ်။

-တစ်ခါတစ်လေမှာဘာသာရေးနဲ့ ပတ်သက်လို့ သိချင်တာမရှင်းလင်းတာလေးများရှိခဲ့ ရင်..ဦးဇင်းကိုဘယ်လိုဆက်သွယ်မေးမြန်နိုင်ပါသလဲဦးဇင်းဘုရား။

* အင်း တစ်ခါတစ်လေမှမဟုတ်ပါဘူး။ သိချင်တာရှိတိုင်း မေးလ်ပို့ထားလို့ရပါတယ်။ ပြည်ပကလူတွေဆိုရင်တော့ မေးလ်မပို့နိုင်လည်း ဖုန်းဆက်မေးလို့ရပါတယ်။ ဦးဇင်းအားတဲ့ချိန်တိုင်း ဖြေပေးပါမယ်။ ဦးဇင်း gmail က sanninaymin@gmail.com. Facebook က http://www.facebook.com/sanninayminn ။ Phone က 0094-758320168.တို့မှာ ဆက်သွယ်လို့ ရပါတယ်။

-ပြီးခဲ့တဲ့တစ်ပတ်ကfacebookမှာ ရေပန်းစားသွားတဲ့ရေသန့်ဗူးနဲ့ စွယ်တော်ကိစ္စဦးဇင်းရဲ့ အမြင်နဲ့ ဖြစ်နိုင်ချေလေးမိန့် ပါအုန်းဘုရား။

* အဲဒါကတော့ နည်းနည်းဖြေရခက်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ လုပ်ကြံဖန်တီးမှုလည်း ဖြစ်နိုင်သလို တကယ်လည်း ဖြစ်နိုင်လို့ပါ။ အဲဒီတော့ ကိုယ်တိုင်ကိုယ့်ရှေ့မှာ မြင်ရမှသာ အမှားအမှန်ကို စာပေနဲ့ညှိပြီး ကောက်ချက်ချလို့ရမှာ။ ဒီလိုရေသန့်ဗူးထဲမှာ စွယ်တော်ရိပ်ပေါ်အောင် လုပ်ကြံဖန်တီးမှုနဲ့လည်း လုပ်လို့ရတယ်လေ။ ဦးဇင်းfacebook မှာ လိုက်လံကြည့်တဲ့အခါမှာတော့ ရေသန့်ဗူးမှာ စွယ်တော်ပုံပေါ်တယ်ဆိုတာ မရှင်ဘူးဖြစ်နေတာကို တွေ့ရပါတယ်။ စွယ်တော်ပုံမတူတာကိုပါ။ နောက်ပြီး ဒီရေသန့်ဗူးမှာပေါ်တယ်ဆိုတာက စွယ်တော်ကဘယ်နားရောက်နေလို့ ဘယ်လိုလာပေါ်ရတာလဲဆိုတာလည်း မသိရဘူးဖြစ်နေပါတယ်။ သူ့ဘာသာနေတဲ့ ရေသန့်ဗူးမှာ စွယ်တော်ကလာပေါ်တာလား။ လာပေါ်တာဆိုရင်လည်း စွယ်တော်ဟာ ခုရောက်နေတဲ့စွယ်ခင်းကျင်းပြထားပုံနဲ့ တူနေရပါမယ်။ ရေသန့်ဗူးမှာပေါ်တာက တစ်မျိုး၊ စွယ်တော်ခင်းကျင်းပြထားပုံက တစ်မျိုးဖြစ်နေမယ်ဆိုရင်တော့ လုပ်ကြံမှုကြောင့်ဖြစ်ဖို့က များနေပါတယ်။ စွယ်တော်က လမ်းရှေ့မှာ အပူဇော်ခံနေလို့ နီးစပ်ရာရေသန့်ဗူးမှာ စွယ်တော်ရိပ်လာထင်တယ်ဆိုရင်တော့ ဒါဟာ ရောင်ခြည်တော်ဟပ်တာ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဒီကိစ္စဟာ ရှေ့နောက်ဆက်စပ်ပြီး တွေးတာကြည့်မှရယ်၊ ကိုယ်တိုင်တွေ့ကြုံမှရယ် မှားမှန်ကိုဆုံးဖြတ်လို့ ရမှာပါ။ တကယ်လို့ ကိုယ့်ရှေ့မှာမြင်ရတဲ့လူရှိရင်လည်း အဲဒီလူက ဘာဖြစ်နိုင်တယ်ဆိုတာကို သူ့ကိုယ်တွေ့ကိုတင်ပြရင်း အများကိုပြောပြမယ်ဆိုရင် အများကလည်း ပြန်လည်သုံးသပ်ပြပေးနိုင်ပါလိမ့်မယ်။

-မြန်မာပြည်က ရဟန်းသံဃာတွေက နိုင်ငံခြားသွားပြီး စာသင်ကြတယ်၊ နိုင်ငံခြားသားတွေက မြန်မာပြည်လာပြီး စာပေတွေ သင်ကြားလေ့လာကြတယ်၊ အဲ့ဒါ ဘယ်လိုကွာခြားချက် ရှိတယ်ဆိုတာလေး ဖြေကြားပေးစေချင်ပါတယ်ဘုရား။ ဦးဇင်းရဲ့ အမြင်လေးပေါ့ဘုရား။

* အင်း အဲဒါကတော့ သွားလာသင်ယူတဲ့လူတွေပေါ်မှာ မူတည်တဲ့အတွက် ပုံသေတော့ ပြောလို့ မရဘူးပေါ့။ ပြည်ပကလူတွေကတော့ မြန်မာပြည်က စာပေထွန်းကားမှုကို လေ့လာချင်တာရယ်၊ မြန်မာပြည်မှာက အထူးသဖြင့် ၀ိပဿနာလိုင်း ပိုမိုအားကောင်း ဖြစ်ထွန်းခေတ်စားတာရယ်ကြောင့် မြန်မာပြည်ကို လေ့လာကြတာ ဖြစ်နိုင်ပါတယ်။ သီရိလင်္ကာနိုင်ငံက လူတွေဆိုရင်လည်း ၀ိပဿနာကို မြန်မာပြည်မှာ သင်ယူလေ့လာချင်တယ်လို့ ပြောကြပါတယ်။ မြန်မာပြည်ဟာ ပရိယတ္တိ၊ ပရိပတ္တိနဲ့ပြည့်စုံတဲ့အတွက် အလွန်ကောင်းမွန်ပါတယ်။ တစ်ခုရှိတာက ခေတ်နဲ့ညီအောင် သင်ပြပေးမှု အားနည်းခြင်း၊ ခေတ်မီပစ္စည်းများ မြန်မာပြည်မှာ အသုံးမပြုနိုင်ခြင်းတို့သာ လိုအပ်နေတာပါ။ တကယ်လို့ မြန်မာပြည်သာ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်အောင် ခေတ်မီပစ္စည်း အင်တာနက်မျိုးတွေကအစ အသုံးပြုပေးနိုင်မယ်ဆိုရင် မြန်မာပြည်မှာပဲ ကမ္ဘာပေါင်းစုံက ပညာလာသင်လို့ရအောင် လုပ်လို့ရပါတယ်။ အဲဒီတော့ မြန်မာပြည်မှာ အဓိက လိုအပ်နေတာက ခေတ်မီအောင် လုပ်နိုင်ဖို့ပါပဲ။

ဦးဇင်းကရော ဘာဖြစ်လို့ ပြည်ပကိုထွက်ပြီး ပညာသင်ရတာလဲ လို့မေးရင် မြန်မာပြည်မှာက ပြည်ပကလို ခေတ်မီပစ္စည်းများ အသုံးမပြုရလို့ ရယ်၊ နောက်ပြီး မြန်မာပြည်မှာနေရင် အနောက်တိုင်းပညာရှင်များရဲ့ အတွေးအခေါ်အယူအဆတွေ မသိရ၊ မဆွေးနွေးရလို့ရယ်၊ ပြည်ပမှာဆို ပညာသင်ရင်း ဆရာနဲ့တပည့်၊ ကျောင်းသားအချင်းချင်း အပြန်အလှန် အကြံဉာဏ်ယူလို့ရတာရယ်၊ ဒီမှာကျတော့ နိုင်ငံတကာလူမျိုးပေါင်းစုံနဲ့ ပေါင်းသင်းနေရတာ ဆိုတော့ နေ့စဉ်သူတို့ဗဟုသုတ၊ ကိုယ့်ဗဟုသုတများ မျှဝေလို့ရတာတို့ကြောင့် ဖြစ်ပါတယ်။ ဒါပြင် အဓိကအကျဆုံးအရာကတော့ ပြည်ပကဘွဲ့ရရင် နိုင်ငံတကာအသိမှတ်ပြုဘွဲ့ဖြစ်တာမို့ ဥရောပစတဲ့နိုင်ငံများကို သာသနာပြုသွားတဲ့အခါ ဒီဘွဲ့တွေပါရင် လူလေးစားတဲ့အတွက် တကယ်လို့ မိမိက သူတို့ကို ဟောပြောတဲ့အခါမှာလည်း ဘွဲ့အရှိန်ကြောင့် မိမိစကားကို သူတို့လက်ခံပေးကြနိုင်တဲ့ အခြေအနေရှိလို့ပါ။ ဦးဇင်းရဲ့အဓိကရည်ရွယ်ချက်ကလည်း နိုင်ငံတကာကို မိမိသိတဲ့ အသိပညာများ ဖြန့်ဝေပေးချင်တာကြောင့် မြန်မာပြည်ကနေ ပြည်ပကို ဆင်းရဲပင်ပန်းခံ ထွက်လာတာပါ။ တကယ်တော့ မိမိမြန်မာနိုင်ငံမှာ ဇိမ်နဲ့စားနေလို့ရပါတယ်။ ခုတော့ ပြည်ပမှာ ကိုယ်တိုင်ချက်ပြုတ်စားသောက် ဈေးဝယ်နေရတဲ့အတွက် နိုင်ငံတကာမှာ သာသနာပြုနိုင်ဖို့အတွက်သာ ခံယူချက်မရှိဘူးဆိုရင် ဦးဇင်းမြန်မာပြည်မှာပဲ ဇိမ်နဲ့နေနေမှာပါ။

_ယခုလို စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးတဲ့ ဦးဇင်းကို အထူးကျေးဇူးတင်ရှိပါတယ် ဘုရား။

* အင်း ဦးဇင်းလည်း ခုလို ကိုယ်ပြောချင်တာကို ပြောခွင့်ရတဲ့အတွက် ကျေးဇူးတင်စရာမလိုဘူးလို့ ပြောပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှမမေးဘဲ ကိုယ့်ဘာသာနေ့စဉ် ပညာပေးတွေ ရေးနေရတာကို ခုလို တကူးတကမေးတာကို ဖြေပေးရတော့ ဦးဇင်းဖြေပေးရတာ ထူးဆန်းမှုလေး ဖြစ်သွားတဲ့အတွက် ၀မ်းသာပါတယ်။

-တပည့်တော်တို့ ထာဝရသူငယ်ချင်းများအတွက် ဦးဇင်းရဲ့ဆုံးမစကားလေး မိန့်ပေးပါဦးဘုရား။

* ရခဲလှတဲ့ လူ့ဘ၀လေး ရနေချိန်၊ သိခဲလှတဲ့ ဗုဒ္ဓအသိဉာဏ်လေးရှိနေချိန်၊ ကြုံခဲလှတဲ့ သာသနာနဲ့ ကြုံနေရချိန်၊ ရှိခဲလှတဲ့ သူတော်ကောင်းတရားများထွန်းကားနေချိန်ဆိုတဲ့ ဒီလိုအချိန်လေးတွေ စုမိနေချိန်လေးတွင် ကောင်းမှုများနဲ့ ဘ၀ကိုဖြတ်သန်းပြီး မိမိပန်းတိုင်ကို လျင်မြန်စွာရောက်အောင် လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်။

- ကျေးဇူးတင်ပါတယ်ဘုရား။ ဦးဇင်းလဲ ကျန်းကျန်းမာမာနဲ့ သာသနာအကျိုး ဆထက် တိုးသယ်ပိုးနိုင်ပါစေလို့ ထာဝရသူငယ်ချင်းများကိုယ်စားဆုတောင်းပေးပါတယ်ဘုရား။

ဒါကတော့ Forever friends ၀က်ဆိုဒ်က ဦးဇင်းအား အင်တာဗျူးလုပ်ထားတာကို အားလုံးဖတ်လို့ရအောင် တင်ပေးလိုက်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်.....။

No comments:

Post a Comment