Wednesday, December 21, 2011

သိချင်တော့လည်း ဖြေပေးလိုက်ပါတယ်


ရဟန်းသံဃာများနဲ့ဆိုင်တဲ့ ၀ိနည်းအကြောင်းကို ဦးဇင်းမရေးချင်ပေမဲ့ သိချင်တဲ့လူတွေရှိနေတာကြောင့် ဦးဇင်းစာဖတ်ပရိသတ်များလည်း ဗဟုသုတရအောင် ရေးပေးလိုက်ပါတယ်။

အာပတ်(၇)မျိုးကို အပြစ်ကြီးစဉ်အရ စာဖတ်ပရိသတ်များသိအောင် ပြောပြပေးပါမယ်။

(၁) ပါရာဇိက-ဒီအာပတ်သင့်ရင် ရဟန်းမဟုတ်တော့ဘူး။ လူဖြစ်သွားပါတယ်။ နောက်တစ်ခါလည်း ရဟန်းဘောင်ကို ၀င်လို့မရတော့ပါဘူး။ လူထွက်ပြီး ကောင်းမှုလုပ်ကာ တရားအားထုတ်ရင်တော့ တရားထူး ရနိုင်ပါတယ်။

(၂) ထုလ္လစ္စယ-ဒေသနာကြားရင် ပြေပေမဲ့ အပြစ်ကြီးတဲ့ ကံဖြစ်တယ်။

(၃) သံဃာဒိသိသ်-အာပတ်ကိုဖုံးကွယ်ထားတာနဲ့အမျှ ကိုယ့်ကိုကိုယ်နိမ့်ကျနေပါကြောင်း ပြောဆိုရတယ်။ ရဟန်းသံဃာတွေနှစ်သက်အောင် နောက်ထပ်(၆)ရက် ရဟန်းတွေနဲ့ ခွဲခွာပြီး နေရပါတယ်။ အဲဒါပြီးမှ သံဃာကိုပန်းကြားပြီး သံဃာ(၂၀)ရှေ့မှာ ဒေသနာကြားလျှင် အပြစ်ပြေတယ်။

(၄) နိဿဂ္ဂိယပါစိတ်-ဒေသနာလည်းကြားပါ။ ပစ္စည်းကိုလည်း စွန့်ပါ။ ဒါဆို စင်ကြယ်။

(၅) ပါစိတ်-ဒေသနာကြားရုံနဲ့ စင်ကြယ်။

(၆) ပါဋိဒေသနီ- ဒေသနာကြားရုံနဲ့ စင်ကြယ်။

(၇) ဒုက္ကဋ်-ဒေသနာကြားရုံနဲ့ စင်ကြယ်။

အထက်ပါ(၇)မျိုးသော သိက္ခာပုဒ်တို့တွင် နံပါတ်(၁)ဖြစ်တဲ့ ပါရာဇိကအာပတ်သာ ရဟန်းတော်များအတွက် သာသနာဘောင်မှာ ပြေပျောက်အောင် လုပ်လို့မရတာပါ။ ကျန်တဲ့ အာပတ်များ ပြေပျောက်အောင် အထက်ပါဖော်ပြတိုင်းအတိုင်း ပြုလုပ်လို့ ရပါတယ်။

ယခုအဖြေများကို တည်တောဆရာတော်ကြီး၏ အမေးအဖြေများ အမှတ်စဉ်(၃)နှင့် အမေရိကန်ဆရာတော်များ ဖြေကြားပေးထားတဲ့ အောက်ပါလင့်မှာလည်း ၀င်ရောက်ဖတ်ရှု့နိုင်ပါတယ်။ http://www.burmeseclassic.com/dammaQA.php
ပါရာဇိကအာပတ်က ဘာတွေလုပ်ရင် သင့်သလဲဆိုတော့

(၁) မေထုန်မှု၊ ခိုးခြင်း၊ လူ့သတ်ခြင်း၊ ဈာန်မဂ်ဗိုလ်တရား ကြွားဝါးပြောဆိုခြင်းဆိုတဲ့ ဒီလေးမျိုးထဲက တစ်မျိုးမျိုးကိုလည်းကောင်း အကုန်လုံးကိုလည်းကောင်း ကျုးလွန်ရင် ပါရာဇိကအာပတ်သင့်ပါတယ်။ ဒီအပတ်သင့်ရင်တော့ သာသနာဘောင်မှာ ပြေပျောက်အောင် လုပ်လို့မရပါဘူး။ လူ့ဘောင်မှာပဲ လူထွက်ပြီးပြေပျောက်အောင် လုပ်ရပါတယ်။

ဒီလို သံဃာများနဲ့သာဆိုင်တဲ့ ၀ိနည်းအကြောင်းတွေကို ဦးဇင်းအနေနဲ့ မရေးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရဟန်းသံဃာများနဲ့ဆိုင်တဲ့အရာတွေမို့ပါ။ လူတွေနဲ့ဆိုင်တာက သုတ္တန်နဲ့အဘိဓမ္မာသာ အဓိကဆိုင်ပါတယ်။ ၀ိနည်းဆိုတာ သာသနာဘောင်နေမဲ့သူတွေ အတွက်  မြတ်ဗုဒ္ဓက ဟောကြားပေးထားခဲ့တာကြောင့်ပါ။ ဒါပေမဲ့ ခုတော့ ဒီဝိနည်းအကြောင်းကိုပဲ သံသယဖြစ်နေကြတဲ့အတွက် မရေးချင်ပေမဲ့ ရေးလိုက်ရပါတော့တယ်။

ဦးဇင်းစာဖတ်ပရိသတ်များအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး ဘ၀ကိုပျော်ရွှင်မှုများနဲ့ သာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလျက်…..။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

No comments:

Post a Comment