Tuesday, October 11, 2011

ဖြစ်စေချင်သော အကြောင်းအရာလေး

စာရေးသူ 10.10.2011 ရက်နေ့က သီရိလင်္ကာနေထိုင်ခွင့်ဗီဇာကုန်နေလို့ သက်တမ်းတိုးရန် သီရိလင်္ကာသာသနာရေးရုံးကို ထောက်ခံစာယူဖို့ သွားခဲ့ပါတယ်။ သာသနာရေးရုံးရောက်တော့ စာရေးသူတို့အရင် ရောက်နေကြတဲ့ ရှေ့ကတန်းစီးနေကြတဲ့ လူအားလုံးဟာ စာရေးသူတို့အား ဖယ်ပေးကာ ရှေးဆုံးကနေ နေရာပေးကြပါတယ်။ စာရေးသူလည်း အတော်လေးကို အံ့သြသွားမိတယ်။ အော်-ဘယ်သူမဆို ရုံးကိစ္စလာလုပ်ကြတဲ့အခါ အရင်ပြီးအောင်လို့ အရင်စောစောရောက်အောင် တကူးတကပင်းပန်းခံပြီး အစောကြီးနေရာဦးကြတာပဲ။ ဒါပေမဲ့ ဒီနိုင်ငံကလူတွေက သံဃာတွေကို အတော်လေး ဦးစားပေးကြပါလား၊ သံဃာတွေကို ရိုသေလေးစားမှုရှိကြပါလားလို့ မှတ်ချက်ချကာ သူတို့ရဲ့ လုပ်ရပ်များကို စာရေးသူရင်ထဲမှာ မှတ်တမ်းတင်မိခဲ့ပါတယ်။

ဒါပြင် မလေးရှားသံရုံးသွားတဲ့အခါမှာလည်း မလေးရှားသံရုံးဟာ ဘာသာခြားသံရုံးဖြစ်လို့ သံဃာဦးစားပေးတဲ့နေရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်လူတွေကတော့ သူတို့အရင် နေရာရရင် သံဃာတွေကို သူတို့ရှေ့ကနေ အရင်နေရာပေးကြပါတယ်။ ဒါဟာလည်း အတော်လေးကို ဘာသာရေးစိတ်ဓာတ် ထက်သန်တဲ့လူတွေမို့သာ ဖြစ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။

ရုံးတွေကို အလုပ်ကိစ္စနဲ့ရောက်လာကြတဲ့ သံဃာတွေကို ရုံးဝန်ထမ်းများက လက်ဘက်ရည်တွေ လာကပ်တာကို တွေ့ရတော့ အလွန်အင်မတိအင်မတန်ကို အံ့သြမှုများဖြစ်ကာ ဘာသာရေးစိတ်ဓာတ်ရှိတဲ့အပြင် သံဃာများအား သူ့နေရာသူ လိုအပ်ချက်များကို ကပ်ပေးရမယ်ဆိုတာ သိကြပါလားလို့ ချီးကျုးမှုတွေ ဖြစ်ခဲ့ပါတယ်။ စာရေးသူလည်း အမိမြန်မာနိုင်ငံမှာ အစိုးရရုံးများ၊ လေယာဉ်လက်မှတ်ရုံများ၊ ကုမ္ပဏီများကို သွားလာခဲ့ဖူးပါတယ်။ ဒါပေမဲ့ အမိမြန်မာလူမျိုးများ ဒီနိုင်ငံကလူမျိုးတွေလို အလိုက်သိစွာဖြင့် သံဃာများအား နေရာပေးခြင်း၊ သူ့နေရာသူ ဧည့်ဝတ်ပြုတဲ့အနေနဲ့ လိုအပ်တာကို လှူဒါန်းပေးခြင်းများကိုတော့ မတွေ့ဖူးခဲ့ပါပေ။

ဒီလိုပြောတော့ စာရေးသူတို့ သံဃာများကပဲ အခွင့်အရေးယူချင်လို့လို့ ထင်မြင်မိကြပါလိမ့်မယ်။ စာရေးသူအနေနဲ့ အရေးပေးတာ၊ လဘက်ရည်ကပ်တာတွေကို မမက်မောပါဘူး။ ဒါပေမဲ့ အမိမြန်မာလူမျိုးများ ဒီလို ရိုသေလေးစား အလိုက်သိမှုများလေးကိုတော့ ရှိစေချင်ပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ဘာမှပင်ပန်းတဲ့အလုပ်မဟုတ်ဘဲနဲ့ ကုသိုလ်များစွာရရှိပြီး အကျိုးရှိစေချင်လို့ပါ။ ဒါပြင် ဒီလိုမျိုး အလိုက်သိတာ၊ မိမိဘာသာအပေါ် ရိုသေလေးစားသိတတ်မှုရှိတာများကို အခြားဘာသာဝင်များ မြင်မိမယ်ဆိုရင်လည်း မိမိတို့အမိမြန်မာလူမျိုး ဗုဒ္ဓဘာသာများရဲ့ ဘာသာရေးအလေးထားမှု၊ လေ့လာကျင့်ကြံမှုများကို သိစေချင်ပြီး မိမိတို့ဘာသာ ဂုဏ်တတ်အောင်လို့ပါ။

ဒါကြောင့် စာရေးသူရဲ့ ဖြစ်စေချင်တဲ့အကြောင်းအရာလေးကို တင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။ အားလုံး အသိပညာဗဟုသုတများရှိကြပြီး ထိုအသိပညာဗဟုသုတများကို အသုံးချတတ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျက်…………။

1 comment:

  1. ဆရာတော်လည်းလိုအင်ဆန္ဒများပြည်.စုံပြီးမြတ်စွာဘုရားရဲ.သာသနာတော်ကိုစောင်.ရှောက်နှိင်ပါစေ။နိဗ္ဗာန်ရောက်ကြောင်းတရားကိုအားထုတ်နိုင်ပါစေဘုရား။

    ReplyDelete