Monday, October 10, 2011

အသားကြီး(၁၀)မျိုးကို ဘာ့ကြောင့်တားမြစ်လဲ

အမေး။ ။ ရိုသေစွာဦးတင်လျှောက်ထားအပ်ပါတယ်ဘုရား။ အရှင်ဘုရားရဲ့ သန်းခေါင်ယံ အမေးအဖြေများမှ မြတ်စွာဘုရား တားမြစ်ထားတဲ့ အသားကြီး (၁၀)မျိုးအကြောင်းကို အကြောင်းအကျိုးပြ ရှင်းလင်းပေးပါရန် တောင်းပန်အပ်ပါတယ်ဘုရား။

ရဲနိုင်ထွန်း
နေရပ်မသိ

အဖြေ။ ။ အခါတစ်ပါး မြတ်စွာဘုရား ဗာရာဏသီ ဣသိပတနမိဂဒါဝုန်တောတွင် သီတင်းသုံးတော်မူနေတဲ့အခါ ဗာရာဏသီပြည်မှာနေထိုင်တဲ့ သုပ္ပိယာတို့ဇနီးမောင်နှံတို့ နေထိုင်ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ဦးတွင် အထူးသဖြင့် သုပ္ပိယာအမျိုးသမီးမှာ ရတနာသုံးပါးကို အလွန်ကြည်ညိုသူ အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သို့နှင့် တစ်နေ့သ၌ သုပ္ပိယာသည် ဣသိပတနမိဂဒါဝုန်တောသို့သွားကာ ရဟန်းတော်များအား “အရှင်မြတ်တို့ဘုရား ဖျားနာနေတဲ့ ဂိလာနများ ရှိပါသလားဘုရား၊ အကယ်၍ ရှိတယ်ဆိုရင် ထိုဂိလာနတို့အတွက် တပည့်တော် ဘယ်လိုလုပ်ပေးရပါ့မလဲဘုရား”လို့ လျှောက်ထားသောအခါ ရဟန်းတစ်ပါးက “နှမ ငါဟာ ၀မ်းလျှောဆေးသောက်မိ၍ ၀မ်းသွားနေတဲ့အတွက် ငါ့အတွက် အသားဟင်းအလိုရှိနေတယ်”လို့ ပြောသောအခါ သုပ္ပိယာက “အရှင်ဘုရား ကောင်းပါပြီ တပည့်တော် ယူဆောင်ခဲ့ပါမည်ပါ ဘုရား”လို့ လျှောက်ထားခဲ့ကာ အိမ်သို့ ပြန်လာခဲ့ပါတယ်။

အိမ်ရောက်တော့ အစေခံကျွန်မအား “မြို့ထဲမှာ အသားဟင်းအတွက် အလိုလိုဖြစ်ပေါ်တဲ့ အသားကို ရှာခဲ့ပါ”လို့ စေခိုင်းတဲ့အတွက် မြို့ထဲသွားကာ ရှာဖွေပါသော်လည်း အလိုလိုဖြစ်ပေါ်တဲ့ ပံသုကူအသား ရှာမတွေ့ကြောင်းပြန်ပြောပါတယ်။ အဲဒီအခါ သုပ္ပိယာက “ရဟန်းအတွက် အသားဟင်းရရန် ငါဝန်ခံခဲ့ပြီ၊ အကယ်၍ အသားဟင်းမရဘူးဆိုရင် ရဟန်းဟာ သေချင်လည်း သေသွားနိုင်တယ်၊ ငါဘယ်လိုလုပ်ရမလဲ့”လို့စဉ်းစားနေစဉ် အတွေးတစ်ခုပေါ်လာပါတယ်၊ သို့နှင့် ဒါးတစ်ချောင်းကိုယူပြီး အိပ်ခန်းအတွင်းဝင်ကာ သူမရဲ့ပေါင်က အသားကို လှီးဖြတ်ကာ ကျွန်မကို ဟင်းချက်ခိုင်းပြီး ရဟန်းအားပို့စေပါတယ်။ ခင်ပွန်းသည်က သူရဲ့ဇနီးဖြစ်သူ သုပ္ပိယာရဲ့ ဖြစ်ကြောင်းအစုံကိုသိသောအခါ “သုပ္ပိယာဟာ ရတနာသုံးပါးကြည်ညိုလွန်းတဲ့အတွက် သူ့ရဲ့အသားကိုတောင်လှီးထုတ်ပြီး လှူနိုင်သေးရင် အခြားမလှူနိုင်စရာ ဘယ်မှာရှိတော့မှာလဲ”လို့ တွေးပြီး မြတ်စွာဘုရားထံသွားပြီး မနက်ဖန် ဆွမ်းအလို့ငှါ ဆွမ်းစားကြွဖို့အကြောင်း လျှောက်ထားပါတယ်။

မနက်သို့ရောက်သောအခါ မြတ်စွာဘုရားဟာ သုပ္ပိယာအိမ်သို့ကြွလာကာ ခင်းထားတဲ့နေရာမှာ ထိုင်တော်မူပြီးတဲ့အခါ “သုပ္ပိယဒကာမ ဘယ်မှာလဲ”လို့ သိလျက်နဲ့မေးတော်မူလိုက်ပါတယ်။ ခင်ပွန်းသည်က “အိပ်ခန်းအတွင်းမှာ အိပ်နေပါတယ်ဘုရား”လို့ လျှောက်ထားပါတယ်။ မြတ်ဘုရားက “ဘာကြောင့် အိပ်နေရတာလဲ”လို့မေးတဲ့အခါ ခင်ပွန်းသည်က “အနာကြောင့်ပါဘုရား”လို့လျှောက်ပါတယ်။ “ဘာကြောင့် နာရတာလဲ”လို့မေးသောအခါ ခင်ပွန်းသည်က နာရတဲ့အကြောင်း ဖြစ်ကြောင်းအကုန် လျှောက်ထားပါတယ်။ “သည်လိုဆို သုပ္ပိယာအား အခန်းပြင်ကို မလာနိုင်ရင် ပွေ့ချီပြီး ခေါ်ဆောင်ခဲ့”လို့ မိန့်တော်မူပါတယ်။ သို့နှင့် သုပ္ပိယာသည် မြတ်စွာဘုရားရှိရာသို့ တခြားလူရဲ့အကူအညီဖြင့် ရောက်လာပြီး မြတ်စွာဘုရားကို ဖူးမြင်လိုက်ပါတယ်။ ထိုအခိုက် နာနေတဲ့ အနာများဟာ ခဏချင်းအသားမာတက်ကာ အကောင်းပကတိအဖြစ်သို့ ရောက်သွားပါတော့တယ်။

သုပ္ပိယာအမျိုးသမီးဟာ ခံစားနေရတဲ့အနာ ချက်ခြင်းပျောက်သွားတဲ့အတွက် ဘုရားရှင်ရဲ့ အာနုဘော်ကြီးမြတ်ပုံကို ကြည်ညိမိပါတော့တယ်။ သို့နှင့် သုပ္ပိယာဟာ ရွှင်လန်းတဲ့စိတ် ကြည်ညိုလှတဲ့စိတ်ဖြင့် ဘုရားရှင်အား အနားမှထိုင်ကာ ဆွမ်းလုပ်ကျွေးရှာပါတယ်။ ဘုရားရှင်လည်း တရားဟောအပြီး ကျောင်းပြန်ကြွခဲ့တယ်။ ကျောင်းရောက်တယ်ဆိုရင်ပဲ သံဃာများအား စည်းဝေးစေတော်မူပြီး အသားဟင်းတောင်းတဲ့ ရဟန်းအားခေါ်တော်မူကာ ကဲ့ရဲ့တော်မူပါတယ်။ သို့နှင့် ဘုရားရှင်က “ ရဟန်းတို့ သဒ္ဓါတရားရှိ၍ ကြည်ညိုသော လူတို့က မိမိရဲ့အသားတို့ကို စွန့်လှူကြကုန်၏။ ရဟန်းတို့ ထိုသို့ လှူကြကုန်သော်လည်း လူသားမစားအပ်၊ စားသောရဟန်းအား ထုလ္လစည်းအာပတ်သင့်စေ။ ရဟန်းတို့ မစုံစမ်းမမေးမြန်းဘဲ အသားကို မစားအပ်၊ စားသောရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေလို့ မိန့်တော်မူခဲ့ပါတယ်။ ဤကား လူသားကို တားမြစ်ရခြင်း အကြောင်းအရင်းဖြစ်ပါတယ်။

ဆင်သား။ ။ ဘုရားရှင်လက်ထက် မင်းရဲ့ဆင်များ သေကျေကြတယ်။ လူအများကလည်း ငတ်မွတ်ကြတဲ့အတွက် ဆင်သားကိုစားကြတယ်။ ဆွမ်းခံကြွလာကြတဲ့ သံဃာတော်များအားလည်း ဆင်သားဟင်းကို လောင်းလှူကြတဲ့အတွက် သံဃာတော်များလည်း ဆင်သားကို ဘုဉ်းပေးကြပါတယ်။ အဲဒီအခါ လူတို့က “ရဟန်းတို့ဟာ ဘာကြောင့်များ ဆင်သားကို စားကုန်ကြတာလဲ၊ ဆင်ဆိုတာ မင်းရဲ့အင်္ဂါတစ်ပါး ဖြစ်တယ်။ ရဟန်းတော်များ ဆင်သားစားတာကို မင်းကြီးသိရင် ရဟန်းတော်များကို နှစ်သက်မှာမဟုတ်တော့ဘူး”လို့ ကဲ့ရဲ့ရှုတ်ချကြပါတယ်။ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကြတဲ့အခါ မြတ်စွာဘုရားက “ရဟန်းတို့ ဆင်သားကိုမစားအပ်၊ စားတဲ့ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေလို့ မိန့်တော်တော်မူပြီး ရဟန်းတော်များ ဆင်သားစားခြင်းကို တားမြစ်တော်မူခဲ့ပါတယ်။

မြင်းသား။ ။ ရဟန်းတို့အား မြင်းသား တားမြစ်ခြင်းအကြောင်ကို စာရှည်သွားမှာစိုးတဲ့အတွက် ဆင်သားကို တားမြစ်ထားသည့် အကြောင်းအရာများနှင့် တူသောကြောင့် နည်းမှီပြီး သိနိုင်ပါပြီ။

ခွေးသား။ ။ တစ်ခါက လူတို့ဟာ ငတ်မွတ်ကြတဲ့အတွက်ကြောင့် ခွေးသားစားကြတယ်။ ဆွမ်းခံလှည့်လည်တဲ့ရဟန်းများအားလည်း ခွေးသားကိုပဲ လောင်းလှူကြပါတယ်။ ရဟန်းများကလည်း ခွေးသားဟင်းကို ဘုဉ်းပေးတော်မူကြပါတယ်။ အဲဒီအခါ လူတို့က “သာကီနွယ်ဖြစ်ကုန်သော ဘုရားသားတော်များဖြစ်ပါလျက် ခွေးသားကို စားကြတယ်၊ ခွေးဟာ အလွန်စက်ဆုပ် ရွံ့ရှာဖွယ်ကောင်းတယ်”လို့ ရဟန်းများအား ခွေးသားစားတာနဲ့ပတ်သက်ပြီး ရှုပ်ချကြတယ်။ ဒီအကြောင်း ဘုရားရှင်အားလျှောက်တော့ ဘုရားရှင်က “ရဟန်းတို့ ခွေးသားမစားရ၊ စားသောရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေ”လို့ မိန့်တော်မူပြီး ခွေးသားကို တားမြစ်တော်မူခဲ့ပါတယ်။

မြွေသား။ ။ ဘုရားလက်ထက်က လူတို့ မြွေသားစားကြတယ်။ လူတို့ဟာ ရဟန်းတော်များကိုလည်း မြွေသားဟင်းကိုပဲ လောင်းလှူကြတယ်။ ရဟန်းတော်များကလည်း ထိုမြွေသားကို ဘုဉ်းပေးတော်မူကြပါတယ်။ အဲဒီမှာ လူတို့က ရဟန်းတော်များ စက်ဆုပ်ရွံရှာဖွယ်မြွေသားကို စားရကောင်းလားလို့ ကဲ့ရဲ့အပြစ်ပြောကြတယ်။ တစ်ခါတော့ သုပဿဆိုတဲ့နဂါးမင်းက ဘုရားရှင်ထံ ချဉ်းကပ်ပြီး “အရှင်ဘုရား သဒ္ဓါတရားမရှိ၊ ကြည်ညိုခြင်းမရှိတဲ့နဂါးတို့ ရှိကြပါတယ်၊ မကြည်ညိုတဲ့ ဒီနဂါးတစ်ချို့ဟာ ဘာမှမဟုတ်တဲ့ကိစ္စလေးနဲ့လည်း ရဟန်းတော်များကို ညှဉ်းဆဲကြပါတယ်ဘုရား။ ဒါကြောင့် အရှင်ဘုရားများ မြွေသားမစားကြပါနဲ့၊ တပည့်တော် တောင်းပန်ပါတယ်ဘုရား”လို့ နဂါးမင်းကလျှောက်တယ်။ ထိုအခါ နဂါးမင်းအား ဘုရားရှင်က တရားဒေသနာဟောကြားပြီးနောက် ရဟန်းတော်တို့အား “ရဟန်းတို့ မြွေသားကို မစားအပ်၊ စားသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေ”လို့ မိန့်တော်မူပြီး မြွေသားမစားရန် တားဖြစ်တော်မူခဲ့ပါတယ်။

ခြင်္သေ့။ ။ တစ်ခါ ရဟန်းတို့ဟာ ခြင်္သေ့သားစားကြပြီး တောထဲမှာ သီတင်းသုံးနေကြတယ်။ ခြင်္သေ့များဟာ ခြင်္သေ့အနံ့နံတဲ့အတွက် ရဟန်းတို့ကို လိုက်ကြတယ်။ ထိုအကြောင်းကို လူတို့က မြတ်စွာဘုရားအားလျှောက်ကြတဲ့အခါ ဘုရားရှင်က ရဟန်းတော်များ ခြသေ့င်္အန္တရာယ်က လွတ်ကင်းစေရန် “ရဟန်းတို့အား ခြင်္သေ့သားမစားရ၊ စားပါက ဒုက္ကဋ်အာပတ်သင့်စေ”လို့ မိန့်တော်မူပြီး ခြင်္သေ့သားကို တားမြစ်တော်မူခဲ့ပါတယ်။ ထို့အပြင် ကျား၊ ကျားသစ်၊ ၀ံ၊ အောင်းစတဲ့အသားလည်း ခြသေ့င်္နည်းတူ မှတ်ရပါမယ်ဆိုတဲ့အကြောင်း ဖြေကြားပေးလိုက်ရပါတယ်။ (မဟာဝါပါဠိတော်၊ ဘေသဇ္ဇက္ခန္ဓက၊ မနုဿမံသဒိပဋိက္ခေပကထာ၊ဟတ္ထိမံသာဒိပဋိက္ခေပ ကထာ)

ဦးကောဝိဒ(မြိတ်) http://venkawwida.com မှ

2 comments:

  1. မသိလို့ မေးပါရစေဘုရား....
    မြတ်စွာဘုရားကို မရိုသေလို့လဲ မဟုတ်ပါဘူးဘုရား...
    တပည့်တော် ဒီပို့စ်ဖတ်ရင်း စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့အတွေးလေးပါဘုရား။
    မြတ်စွာဘုရားကို လူ၊နတ်၊နဂါး၊ပုဂ္ဂိုလ်တစ်ဦးဦးက "ဒါဟာ မကောင်းဘူး၊ ဒါ မလုပ်သင့်ဘူး"ဟု လျှောက်ပါက ထိုကိစ္စ၊အမှုကို မြတ်စွာဘုရားက ရဟန်းသံဃာတော်များကို ၀ိနည်းသိက္ခာပုဒ် တားမြစ်တာပဲလားဘုရား။တခြား လျှောက်သော်လည်းပဲ ၀ိနည်းသိက္ခာပုဒ် မပညတ်တာရော ရှိလားဘုရား။

    မေတ္တာထား၍ တပည့်တော်ကို ဖြေကြားပေးပါဘုရား။

    အရှင်ဘုရားရဲ့ အဖြေကို စောင့်မျှော်လျှက်......

    ReplyDelete
  2. ရှင်ဘုရင်ဟာ ပညာရှိအမတ်တွေ ပြည်သူတွေကနေ တောင်းဆိုရင် စည်းကမ်းဆိုတာ ထုတ်ရသလို မြတ်ဗုဒ္ဓကလည်း လောကီနဲ့မညီညွတ်တဲ့အရာ။ ကောင်းကျိုးထက် ဆိုးကျိုးက များနေတဲ့အရာ၊ ပညာရှိသူတော်ကောင်းများ မနှစ်သက်တဲ့အရာ၊ လောကီခေတ်အတွင်းနဲ့ မလျော်ကန် မလုပ်သင့်တဲ့အရာတွေဆို ပညတ်ချက် ထုတ်ရပါတယ်။

    ReplyDelete