Friday, October 14, 2011

ဒါလေးတော့ သိချင်တယ်

ဉာတကာနဉ္စ သင်္ဂဟနှင့်ဆန္ဒာဂတိအကြောင်းကို ရှင်းပြပေးစေချင်ပါတယ်ဘုရားဆိုပြီး C-boxထဲမှာ မေးထားတာတွေ့လို့ မိမိတက်သိနားလည်သလောက် ရှင်းပြပေးလိုက်ပါတယ်။

ဉာတကာနဉ္စဆိုတာ မင်္ဂလသုတ်ဒေသနာနဲ့အညီ မိမိမိသားစု၊ ဆွေမျိုးသားချင်းများ အား ပေးကမ်းထောက်ပံ့ခြင်းဖြစ်ပြီး သင်္ဂဟဟူသည်မှာ ချီးမြှောက်ထောက်ပံ့ခြင်း၊ သိမ်းရုံးစုစည်းခြင်း၊ စည်းရုံးခြင်းဆိုတဲ့ အဓိပ္ပါယ်များ ရပါတယ်။ ရထားလှည်းဘီး၏ နားစောင့်(linchpin)သည် လှည်းဘီးအား ၀င်ရိုးမှ ကျွတ်ထွက်မသွားစေရန် စောင့်ရှောက်သကဲ့သို့ သင်္ဂဟတရားသည် မိသားစု၊ ဆွေမျိုးအသိုင်း အ၀န်း၊ လူအဖွဲ့အစည်း ဖရိုဖရဲပြိုကွဲမသွားစေဘဲ စည်းစည်းရုံးရုံးဖြစ်နေစေရန် စောင့်ရှောက်ပေးပါတယ်။ ပေးကမ်းခြင်း (ဒါန)၊ ချိုသာစွာပြောဆိုခြင်း (ပေယျာဝဇ္ဇ)၊ အကျိုးစီးပွားကို ဆောင်ရွက်ပေးခြင်း (အတ္ထစရိယာ)၊ မိမိနဲ့တန်းတူထား၍ ဆက်ဆံခြင်း (သမာနတ္တတာ)ဟူသော တရားလေးပါးဟာ သင်္ဂဟတရားများ ဖြစ်ပါတယ်။ ဒီသင်္ဂဟတရားလေးပါးဟာ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရာတွင် လိုက်နာကျင့်သုံးရမည့် တာဝန်ဝတ္တရားဖြစ်ကြောင်း သိင်္ဂလောဝါဒသုတ်တွင် ဟောကြားထားပါတယ်။

ဒါကြောင့် မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ အပေါင်းအသင်းများအား ဒါနပြုရာတွင် သင်္ဂဟတရားနဲ့အညီ တာဝန်ဝတ္တရားတစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးရပါမယ်။ ထိုသို့ဆောင်ရွက်ရာတွင် စာနာခြင်း၊ ရိုင်းပင်းကူညီခြင်း၊ စောင့်ရှောက်ခြင်း၊ ထောက်ပံ့ခြင်းဟူသော အနုကမ္ပတရားတို့ကိုလည်း လက်ကိုင်ထားဖို့ လိုပါတယ်။ ထို့အတူပင် မိမိပတ်ဝန်းကျင်နား ဒုက္ခရောက်နေသူ၊ လိုအပ်နေသူများအားလည်း အနုကမ္ပတရားကို လက်ကိုင်ထား၍ ပေးကမ်းစွန့်ကြဲရပါမယ်။ အဲဒီလို လှူဒါန်းပေးမယ်ဆိုရင် ထိုလှူဒါန်းမှုမျိုးကို ကာလဒါနလို့လည်း ဆိုနိုင်ပါတယ်။ ကာလဒါန၏အဓိပ္ပါယ်မှာ “သင့်လျှော်လျှောက်ပတ်တဲ့အလှူ” (ယုတ္တဒါန၊ ပတ္တဒါန၊ အနုစ္ဆ၀ိကဒါန)ဟု အဋ္ဌကထာများက ဖွင့်ဆိုပြထားလို့ပါ။

တဖန် ဆန္ဒာဂတိနဲ့ပတ်သတ်ပြီး ရှင်းပြပေးရမယ်ဆိုရင် ဆန္ဓာဂတိဆိုသည်မှာ ချစ်မှုအမှားပင် ဖြစ်ပါတယ်။ တရားသည်ဖြစ်စေ, မတရားသည်ဖြစ်စေ၊ ဥပဒေနဲ့ညီညွတ်သည်ဖြစ်စေ, မညီညွတ်သည်ဖြစ်စေ မိမိလိုလားသူကိုသာ အမှန်ဟု ဆုံးဖြတ်ခြင်းမျိုး, မိမိမလိုလားသူ စည်းကမ်းဖောက်ဖျက်ခဲ့လျှင် ဥပဒေနဲ့အညီ အရေးယူအပြစ်ပေး၍ မိမိလိုလားသူဆိုလျှင်တော့ ဥပဒေကို မျက်ကွယ်ပြု အပြစ်ကိုခွင့်လွှတ်တတ်တာမျိုး၊ မိမိလိုလားသူတော်လျှင် ချီးကျူးဂုဏ်ပြုပြောဆိုတတ်ပြီး မိမိမလိုလားသူတော်လာလျှင် လျစ်လျူရှု ထားတတ်တာမျိုးများကို ဆန္ဒာဂတိ, ဒေါသာဂတိ မိုက်မှားမှုများလို့ ခေါ်ပါတယ်။

ဒီလောက်ဆို မေးခွန်းရှင် ကျေနပ်ရှင်းလင်းလိမ့်မယ် ထင်ပါတယ်။

No comments:

Post a Comment