Monday, October 17, 2011

စူဠာမဏိစေတီတော်နဲ့ပတ်သတ်၍

အမေး။ ။ အရှင်ဘုရား နတ်ပြည်တွင်တည်ထားသော စူဠာမဏိစေတီတော် တည်ရာတွင် သုံးသောပစ္စည်းများနှင့် နတ်တစ်ယောက်ရဲ့အရပ်က သုံးဂါဝုတ်ဆိုတော့ စေတီကရော ဘယ်လောက်မြင့်သလဲဆိုတာ သိချင်ပါတယ်ဘုရား။

အဖြေ။ ။ စူဠာမဏိစေတီတော်တွင် ပါဝင်တည်ထားသော ပစ္စည်းများအကြောင်းကို ‘ဣန္ဒနီလမယံ’ လို့ပါရှိတဲ့အတွက် စူဠာမဏိစေတီတော်တွင် ‘ပတ္တမြားညို’လို့ ခေါ်တဲ့ ကျောက်မျက်ရတနာများ ပါဝင်ပါတယ်။ ထိုအကြောင်းကို မဟာမာယာဝတ္တုတွင် လာရှိပါကြောင်း သမန္တစက္ခုဒီပနီကျမ်းတွင် မုံးရွေးဇေတ၀န်ဆရာတော်က ပြဆိုထားပါတယ်။ မဟာဗုဒ္ဓ၀င် ဒုတိယတွဲနှာ-၂၀၄တွင်တော့ ထိုစေတီကြီးဟာ ရတနာခုနှစ်ပါးဖြင့် မွမ်းမံစီခြယ်အပ်သောလို့ လာရှိတဲ့အတွက် ရတနာခုနှစ်ပါးလည်း ဖြစ်နိုင်လောက်တယ်လို့ ယူဆမိပါတယ်။ စူဠာမဏိစေတီတော်ရဲ့ ပမာဏကို ကျမ်းဂန်တို့၌ အမျိုးမျိုးပြဆိုထားပါတယ်။

သီဟိုဠ်ကျွန်းက သုမနသာမဏေဟာ တာဝတိံသာသို့သွားပြီး သိကြားမင်းထံ၌ ညှပ်ရိုးတော်ဓာတ်ကို တောင်းသောအခါ သိကြားမင်းက တစ်ယူဇနာပမာဏရှိတဲ့ စေတီကိုဖွင့်၍ လက်ယာညှပ်ရိုးတော်ဓာတ်ကိုထုတ်ကာ သုမနသာမဏေအား ပေးလိုက်တယ်လို့ ပါရာဇိကဏ်အဋ္ဌကထာတွင် ပြဆိုထားသကဲ့သို့ မဟာဝင်ကျမ်းတွင်လည်း တစ်ယူဇနာလို့ ပြဆိုထားပါတယ်။ သီဟဠမူမှာကား သုံးယူဇနာရှိပါသတဲ့၊ မဟာဗုဒ္ဓ၀င်ဒုတိယတွဲတွင်လည်း သုံးယူဇနာလို့ ဖေါ်ပြပါတယ်။ ဇိနာလင်္ကာရဋီကာ(၂၃၃)တွင် ယူဇနာသုံးဆယ် ရှိပါတယ်လို့ အသီးသီးဖေါ်ပြထားကြပါတယ်။

ထိုကဲ့သို့ စေတီဉာဏ်တော်အမြင့်ဟာ တစ်ယူဇနာ၊ သုံးယူဇနာ၊ ယူဇနာသုံးဆယ်လို့ အသီးသီးဖေါ်ပြချက်တို့တွင် ဘယ်ဟာကို ယူရပါမလဲဆိုတာကို ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ အမှတ်(၆)တွင် တည်တောဆရာတော်ကြီး ဝေဖန်တော်မူထားတာကို တွေ့ရပါတယ်။ သဘာဝလည်းကျလှတဲ့အတွက် ဖေါ်ပြပေးလိုက်ပါတယ်။

ဉာဏ်တော်အမြင့် ကျန်းဂန်အသီးသီးတို့တွင် ပြဆိုထားသည်မှာ မတူညီကြသော်လည်း စဉ်းစားကြည့်ဖို့ကတော့ သိကြားမင်းစံရာ ဝေဇယန္တာပြာသာဒ်ပါ၊ ဘယ်လိုစဉ်းစားကြည့်ရမှာလည်း ဆိုရင် (သတ္တယောဇနသတုဗ္ဗေဓော–ယူဇနာခုနှစ်ရာ အစောက်ရှိသော၊ ဝေဇယန္တောနာမ ပါသာဒေါ–ဝေဇယန္တာပြာသာဒ်သည်၊ ဥဂ္ဂဉ္စိ-ပေါက်၏)လို့ ဓမ္မပဒအဋ္ဌကထာ မဃ၀တ္ထုအဖွင့်မှာ ပြထားပါတယ်၊ သိကြာမင်းနေရာကပြာသာဒ် ယူဇနာ(၇၀၀)မြင့်တယ်ဆိုရင် ဘုရားရှင်ရဲ့ စူဠာမဏိစေတ်ီတော် သုံးယူဇနာဆိုတော့ နိမ့်လွန်းနေပါတယ်၊ ဒါကြောင့် ယူဇနာ(၃၀)ဆိုတာ ဖြစ်လောက်စရာ ရှိတယ်လို့ ယူဆမိပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com မှ

No comments:

Post a Comment