Friday, October 14, 2011

သမ္ဖပလာပ မြောက်/မမြောက်

အမေး။ ။ တပည့်တော် သမပ္ဖလာပ၀ါစာကို သိမ်ဖျင်းယုတ်ညံ့သောစကား၊ တချို့နေရာမှာလဲ အဆံမပါသော စကားလို့ ဖတ်ရပါတယ်။ ဘာကို သိမ်ဖျင်းတယ် ပြောရမလဲ သိလိုပါတယ်ဘုရား။ ရာမအီနောင်စတဲ့ ပုံဝတ္ထုပြောခြင်းဟာ သမဖ္ဖလာပ၀ါစာ မြောက်တယ်ဆိုရင် တပည့်တော်တို့ စာရေးသူတွေ စာရေးတာရော သမ္ဖပ္ပလာပ၀ါစာ ဖြစ်ပါသလားဘုရား။ တပည့်တော်တို့ ၀တ္ထုရေးရာမှာ စိတ်ကူးယဉ်ဇာတ်လမ်းများလဲ ရေးကြပါတယ်။ ဖြစ်ရပ်မှန်ကို အခြေတည်ပြီးရေးတာရှိသလို စိတ်ကူးယဉ်သက်သက်ဆိုရင်လဲ တကယ့်အဖြစ်မှန်လို့လဲ မလိမ်ပါ။ ဒါပေမယ့် ဒါဟာ အဆံမပါသောစကား မြောက်ပါသလားဘုရား။

အဖြေ။ ။ အကျိုးမဲ့ ဒဏ္ဍာရီဝတ္ထုများကို ရေးသားတာဟာ ကာယဒွါရ၌လည်း အနည်းငယ်ဖြစ်၍ ‘ဗာဟုလ္လ ၀ုတ္တိတော’ ၀စီဒွါရ၌ များသောအားဖြင့် ဖြစ်တတ်သောကြောင့် စာပေရေးသားခြင်းဟာ ၀စီဒွါရတွင် အများဆုံးဖြစ်ပါတယ်။ ထို့ကြောင့် အကျိုးမဲ့စာပေရေးသားတာဟာ ‘သမ္ဖပလာပ၀ါစာ’ မည်ပါတယ်။ (အရှင်ဇနကာဘိဝံသရဲ့ သဂြိုလ်ဘာသာဋီကာ နှာ-၃၇၇)

ဖြစ်ရပ်မှန်ဇာတ်လမ်းများကို အကျိုးရှိ၍ ရေးသားတာက ပြောစရာမရှိပါ။ သို့သော် စိတ်ကူးယဉ်သက်သက်ဖြစ်တဲ့ ဒဏ္ဍာရီဇာတ်လမ်း ရေးသားမှုဟာ သမ္ဖပလာပ ဖြစ်/မဖြစ် ဖြေရမည်ဆိုပါက သမ္ဖပလာပမြောက်တဲ့ အင်္ဂါ(၂)ပါးရှိပါတယ်။ (က) အကျိုးမဲ့စကားကို ရှေ့ရှုပြောဆိုခြင်း။ (ခ) စိတ်ကူးယဉ်ရေးတာကို တစ်ပါးသူက အမှန်ဟု စွဲယူခြင်းတို့ဖြစ်ပါတယ်။ ရေးတဲ့စာက အကျိုးလည်း မရှိတဲ့အပြင် စိတ်ကူးယဉ်သက်သက်ရေးထားတာကို ဖြစ်ရပ်မှန်ပဲဟု စာဖတ်သူများက မှတ်ထင်နေလျှင် သမ္ဖပလာပ ဖြစ်ပါတယ်။ စိတ်ကူးယဉ် သက်သက်ကို တကယ့်ဖြစ်ရပ်မှန်လို့ မလိမ်သော်ငြားလည်း အကျိုးမရှိတဲ့စာဖြစ်ပါက သမ္ဖပလာပ အဆံမပါသောစကား မြောက်ပါတယ်။ အဓိကအကြောင်း အရင်းမှာ ရေးတဲ့စာက အကျိုးရှိတဲ့စာဖြစ်ဖို့ပါ၊ ဒါဆိုရင် အဆံမဟုတ် အနှစ်ပါသောစကား ဖြစ်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com မှ

No comments:

Post a Comment