Sunday, August 14, 2011

ရေးပေးစေချင်သော အကြောင်းအရာလေး အမေးအဖြေ

အရှင်ဘုရားဘုရားဖူးခရီးဆိုပြီး ဒကာမတွေကို ခေါ်သင့်မခေါ်သင့်၊ ခရီးအတူသွားလို့ရမရကို ပို့စ်ရေးပေးစေချင်ပါတယ်ဘုရား။ သာသနာတော်ကို ပိုမိုကြည်ညိုစရာဖြစ်အောင် ပရိသတ်အားလုံး သိစေချင်လို့ပါ အရှင်ဘုရား။





ဘုရားဖူးတယ်ဆိုတာ ဘယ်လိုဟာမျိုးကိုခေါ်ပြီး ဘုရားကို ဘယ်လိုပူဇော်ရမလဲဆိုတာတွေကအစ လူတွေမသိကြတာ များပါတယ်။ တကယ်တော့ ဘုရားဖူးခြင်းထက် ဘုရားပူဇော်ခြင်း၊ ကျေးဇူးဆပ်ခြင်းလို့ ပြောတာက ပိုမိုသင့်လျော်ပါတယ်။ အဲဒီလိုဖြစ်ဖို့ကလည်း မိမိစိတ်မှာ ကျေးဇူးရှင်ဂုဏ်တော် အပေါင်းနှင့်ပြည့်စုံသော မြတ်ဗုဒ္ဓကို ပူဇော်ချင်သော စိတ်ဓာတ်မှန်ကန်ဖို့တော့ လိုပါတယ်။ မိမိမရောက်ဖူးသော နေရာအရပ်ဒေသမို့ ထိုနေရာကို သွားချင်တယ်ဆိုရင် သွားပါ။ ထိုသို့သွားရင်းဖြင့် ဘုရားစေတီများကိုတွေ့ပါက မည်သည့်စေတီဘုရားဖြစ်နေပါစေ ပွင့်တော်မူခဲ့သော ဂေါတမမြတ်စွာဘုရားရှင်၏ ဘုရားဂုဏ်တော်၊ ကျေးဇူးတော်များကို အာရုံပြုပြီး ထိခြင်းငါးပါးဖြင့် ရှိခိုးကြကာ မိမိတို့တက်နိုင်သည်များ လှူဒါန်းကြပါ။



ဘုရားဖူးဟု နာမည်တက်ပြီး ပျော်ပါးဖို့အတွက်ဆိုရင်တော့ ဘယ်နေရာကိုမှ မသွားကြပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားရှင်သည် မိမိတို့အာရုံပြုရှိခိုးတတ်ပါက မိမိတို့ဦးခေါင်းပေါ်မှာရော ရင်ထဲမှာပါ အမြဲရှိအောင် လုပ်ထားလို့ရတဲ့အရာ ဖြစ်သောကြောင့်ပါ။ မိမိတို့က တကယ်တမ်း ဘုရားဂုဏ်တော်များကို ကြည်ညိုတယ်၊ ကျေးဇူးများကို ဆပ်ချင်တယ်ဆိုရင် မိမိဦးခေါင်းပေါ်မှာ မြတ်ဗုဒ္ဓကြွလာသလို အာရုံပြုပြီး ဂုဏ်တော်ပွားခြင်း၊ ရှိခိုးကျေးဇူးဆပ်ခြင်းများ ပြုလုပ်၍ ရပါတယ်။ အဲဒီလိုလုပ်လို့ရတဲ့အရာကို မိမိတို့က သီးသန့်ချည်း သွားဖူးမယ်ဆိုတော့ ယုတ္တိမရှိပါပေ။ ထို့ပြင် တခြားဘာသာများကမေးလျှင်လည်း မိမိတို့ဘာသာရေး မသိတတ်ပုံများပေါ်လွင့်သွားပြီး မိမိတို့ဘာသာကိုလည်း အထင်သေးခြင်းများ ဖြစ်သွားပါလိမ့်မယ်။



ဘုရားဖူးသွားလျှင် ဒကာမတွေကို ခေါ်သင့်မခေါ်သင့်ဆိုတာကတော့ ခေါ်တဲ့သံဃာပေါ်မှာနှင့်လိုက်တဲ့ ဒကာမတွေပေါ်မှာမူတည်တဲ့အတွက် သေချာမပြောနိုင်ပေ။ မြတ်စွာဘုရားရှင်လက်ထက်ကလည်း မြတ်ဗုဒ္ဓရှိရာအရပ်ကို ဒကာမများမသိလျှင် ရှင်အာနန္ဒာလိုက်လံပြသပေးရတာတွေ ရှိပါတယ်။ အဲဒီတော့ သံဃာများက မိမိရဲ့ ဒကာမအရင်းချာများဖြစ်ပါက သူတို့မသိသည့် မြတ်ဗုဒ္ဓစေတီရှိရာကို ခေါ်ဆောင်သွားလို့ ရပါတယ်။ ထိုသို့ ခေါ်ဆောင်သွားရာတွင် သံဃာကလည်း သံဃာ့သိက္ခာ၊ ဒကာမကလည်း မိန်းကလေးသိက္ခာဖြင့် သွားလာနေထိုင်ကြဖို့တော့ လိုပါတယ်။ အများအမြင်မှာ အမြင်မှားစေနိုင်မည့် အပြုအမှုများဖြင့် နေထိုင် သွားလာပါက မိမိတို့ဘာသာအချင်းချင်းလည်း အထင်သေးခြင်းများ ကြည်ညိုမဲ့ခြင်းများ ဖြစ်လာမည့်အပြင် တခြားဘာသာများ၏ ကဲ့ရဲ့ခြင်းများလည်း ခံရပါလိမ့်မယ်။



မိမိတို့မရောက်ဖူးသောနေရာဒေသမို့ စိတ်ချမ်းငြိမ်ပျော်ရွှင်အောင်မို့ သွားချင်တယ်ဆိုရင် ထိုနေရာကိုသွားမယ်လို့ ခေါင်းစဉ်တပ်၍သွားပါ။ ဥပမာ-ရွှေတိဂုံဘုရားသွားမယ်ပေါ့။ အဲဒီလိုမဟုတ်ဘဲ ဘုရားဖူးသွားမယ်လို့တော့ မပြောပါနဲ့။ ဘုရားက ဘယ်နေရာမှာဖူးဖူး ဖူးလို့ရပါတယ်။ မိမိစိတ်က ရွှေတိဂုံဘုရားသွားမှ စိတ်ချမ်းမြေ့မှာမို့ ရွှေတိဂုံသွားမယ်လို့ပြောတာဆိုရင်တော့ ယုတ္တိရှိပါပေတယ်။ ဒါ့ကြောင့် ဘုရားဖူးဆိုတဲ့ခေါင်းစဉ်အကြောင်းနှင့် သွားသင့်မသွားသင့်ဆိုတာလည်း ဒီလောက်ဆို ရှင်းမည်ထင်ပါတယ်။



No comments:

Post a Comment