Wednesday, August 31, 2011

မလွန်ဆန်နိုင်လို့လုပ်ရတာ အပြစ်ဖြစ်ပါသလား

အမေး။ ။ အရှင်ဘုရား ဗုဒ္ဓဘာသာဝင်တစ်ယောက်က အခြေအနေတစ်ခုကို မလွန်ဆန်နိုင်လို့ တစ်ခြားဘာသာဝင်အဖြစ် လက်ခံလိုက်ရပါတယ်ဘုရား။ သူဟာတစ်ခြားဘာသာကို ယုံကြည်မှုမရှိပေမဲ့ သူတို့ရဲ့ထုံးတမ်းစဉ်လာကို တစ်သက်လုံးလုပ်ခဲ့ရပါတယ်။ ထိုအလုပ်အတွက် အပြစ်ဖြစ် နိုင်ပါသလားဘုရား။ ဒီလိုလုပ်လိုက်လို့ သရဏဂုဏ်ပျက်သွားနိုင်ပါသလား၊ တကယ်လို့ ပျက်သွားတယ်ဆိုရင် အပြစ်ဖြစ်နိုင်ပါသလား။

ပြည့်စုံအောင်

ရုရှား





အဖြေ။ ။ ဗုဒ္ဓဘာသာဝင်တစ်ဦးဟာ စိတ်မပါဘဲ မတတ်သာလို့ အခြားဘာသာဝင်အဖြစ်ကို လက်ခံတယ်ဆိုတော့ အဖြေကပါပြီးသားပါ။ စိတ်မပါဘူးဆိုရင် ဘယ်လောက်ပဲ အပြင်ဘက်က အခြားဘာသာဝင်ဖြစ်နေပါစေ၊ သူဟာ စိတ်ထဲမှာ ရတနာသုံးပါး ယုံကြည်မှုရှိနေသေးတဲ့အတွက် သရဏဂုဏ်မပျက်နိုင်ပါဘူး။



အခြားဘာသာဝင်ရဲ့ ထုံးတမ်းစဉ်လာကို လုပ်နေရတယ်ဆိုတာက ဘယ်လိုအလုပ်ပါလဲ? တကယ်လို့ အကုသိုလ်ဖြစ်စေတဲ့အလုပ်ဆိုရင်တော့ မကောင်းဘူး။ အပြစ်ဖြစ်တာပေါ့။ ကုသိုလ်ဖြစ်စေတဲ့ အလုပ်မျိုးဆိုရင်တော့ အပြစ်မဖြစ်နိုင်ပါဘူး။



သရဏဂုံပျက်တယ်ဆိုတာ ရတနာသုံးပါးမှတစ်ပါး အခြားဘာသာဝင်အဖြစ်ကို ယုံကြည်စွာ ခံယူလိုက်တဲ့အချိန်ကစလို့ သရဏဂုံပျက်တယ်လို့ ခေါ်ရပါတယ်။ သရဏဂုံညိုးနွမ်းတယ်ဆိုတာ ရှိပါသေးတယ်။ ရတနာသုံးပါးမှတစ်ပါး ဘိုးဘိုးကြီး ဘိုးဘိုးမင်းခေါင်၊ ဘိုးဘိုးအောင် မနဲလေး၊ (၃၇)မင်းနတ်များစတာတွေကို အားကိုးအားထားရာ ပြုနေကြတဲ့ ဗုဒ္ဓဘာသာဝင်များအချို့ဟာ သရဏဂုံ ညိုးနွမ်းတယ်လို့ ခေါ်ပါတယ်။ ဗုဒ္ဓဘာသာအမည်ခံ ဖာသိဖာသာတွေလို့ ပြောလဲရပါတယ်။



လူတစ်ယောက်ကိုကုသိုလ်ဖြစ်စေနိုင်အောင် အများဆုံး စွမ်းဆောင်ထောက်ပံ့ပေးနိုင်တာက ရတနာသုံးပါးဖြစ်ပါတယ်။ ဒါ့ပြင် ရတနာသုံးပါးဟာ လူနတ်နိဗ္ဗာန်သုံးတန်ချမ်းသာကို ရောက်နိုင်၊ ရနိုင်တဲ့ အထောက်အပံ့ကောင်းတွေပါ။ ဘိုးဘိုးကြီးစတာတွေကို အမှီပြုရတယ်ဆိုတာက မိမိရဲ့တစ်ဘ၀တာ လိုအပ်ချက်များကို ဦးစားပေးထားတဲ့အတွက် လောဘဦးစီးနေပါတယ်။ ဒီအတွက် ဘယ်နည်းနဲ့မှ ကုသိုလ်မရနိုင်ပါဘူး။ ဒါ့အပြင်သရဏဂုံလဲ ညိုးနွမ်းပါတယ်။



သရဏဂုံပျက်လောက်အောင် အခြားဘာသာဝင်အဖြစ်ခံယူတယ်ဆိုတာ ဗုဒ္ဓအယူဝါဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားတယ်လို့ ဆိုရပါမယ်။ ဗုဒ္ဓ၀ါဒက သူ့အသက်သတ်တာရှောင်ကြဉ်တယ်ဆိုရင် သူတို့က သူတစ်ပါးအသက်သတ်ရတယ်၊ သတ်ပြီး ယဇ်တောင်ပူဇော်ရပါတယ်။ ဒါဟာ မကောင်းတဲ့အကုသိုလ်ပါ။ ဒါကြောင့် သရဏဂုဏ်ပျက်သွားတဲ့ပုဂ္ဂိုလ်မှာ အပြစ်ဖြစ်ဖို့ပဲများပါတယ်။ ဒီအတွက် မကောင်းကျိုးလဲပေးနိုင် ပါတယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



No comments:

Post a Comment