Monday, August 22, 2011

ဘယ်ဒိဋ္ဌိက မဂ်ဖိုလ်အချည်းအနှီးဖြစ်ပါသလဲ

အမေး။ ။ အရှင်ဘုရား ဒိဋ္ဌိအမျိုးအစား ဘယ်လောက်များ ရှိပါသလဲဘုရား။ ဘယ်ဒိဋ္ဌိတွေက မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်နိုင်ပါသလဲဘုရား။ ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်ယုံကြည်မှုတွေက မဂ်ဖိုလ်ရောက်ကြောင်း အနှောက်အယှက်ပေး နိုင်ပါသလားဘုရား၊ နားလည်အောင် အကျယ်ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။



ကိုမောင်မောင်

ရန်ကုန်





အဖြေ။ ။ ဒိဋ္ဌိအမျိုးအစား (၆၂)ပါး ရှိပါတယ်။ ဘယ်ဒိဋ္ဌိမဆို မဂ်ဖိုလ်မှ အချည်းအနှီးဖြစ်နိုင်ပါသလားဆိုတဲ့ အမေးဟာ “မောင်ဆန်ရဲ့သဿတဒိဋ္ဌိအစွဲကြောင့် (၄၅)နှစ်ပတ်လုံး တရားအားထုတ်ပေမဲ့ တရားမရခဲ့ဘူး”ဆိုတဲ့ သာဓကအရ မေးတာဖြစ်ပါလိမ့်မယ်။ မောင်ဆန်ရဲ့အဖြစ်မျိုးဟာ သာသနာအတွင်း သူတစ်ဦးသာ ဖြစ်တဲ့အတွက် သာဓကမမြောက်ပါဘူး။ ဒီအကြောင်းကို ဓမ္မာစရိယ- ဦးဌေးလှိုင်က “ရဟန္တာနဲ့ပုဂ္ဂိုလ်ထူးများ”စာအုပ်မှာလဲ ဒီအတိုင်းပဲ ဝေဖန်ပေးရေးသားထားတာကို တွေ့ရပါတယ်။



ဒိဋ္ဌိ(၆၂)ပါးစလုံးဟာ သက္ကာယဒိဋ္ဌိက ပေါက်ဖွားလာတာချည်းမို့လို့ သက္ကယဒိဋ္ဌိကို သတ်နိုင်ရင် ဒိဋ္ဌိ(၆၂)ပါးစလုံးလဲ သေကုန်တော့တာပါပဲ။ ဘုရားရှင်က စိတ္တသူကြွယ်ကို “စိတ္တသူကြွယ်…မိစ္ဆာဒိဋ္ဌိ(၆၂)ပါးဟာ သက္ကာယဒိဋ္ဌိရှိနေလို့ ဖြစ်ပေါ်လာတာပါ။ တကယ်လို့ သက္ကာယဒိဋ္ဌိမရှိရင် ဒီမိစ္ဆာဒိဋ္ဌိ(၆၂)ပါးလဲ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး”လို့ ဟောတော်မူခဲ့ချက်အရ သက္ကာယဒိဋ္ဌိကို ပယ်သတ်နိုင်ရင် မိစ္ဆာဒိဋ္ဌိ(၆၂)ပါးလဲ သေပြီးဖြစ်တော့တာပါပဲ။ တစ်ပါးစီ လိုက်သတ်နေစရာမလိုပါဘူး။



ဥပမာပြောရရင် သစ်ပင်ရဲ့အဓိက အရေးကြီးတဲ့နေရာဟာ အမြစ်ပါ။ အမြစ်သေရင် သစ်ပင်ပါသေတော့တာပဲ။ ဒါကြောင့် ဒိဋ္ဌိအားလုံးရဲ့ ပင်ရင်းအမြစ်ဖြစ်တဲ့ သက္ကာယဒိဋ္ဌိကို ပယ်သတ်ဖို့ အရေးကြီးပါတယ်။ ဘုရားရှင်လက်ထက်က ပဉ္စ၀ဂ္ဂီငါးဦးဟာ ဗုဒ္ဓဘာသာဝင်များမဟုတ်တဲ့အတွက် ဘုရားအစ ရတနာသုံးပါးကို မယုံကြည်သေးပါဘူး၊ ဘုရားရှင်ရဲ့တရားတော်ကို ဓမ္မစင်္ကြာသုတ်တော်ကို ခန္ဓာဉာဏ်ရောက်နာယူရာက တရားအဆုံးမှာ သောတာပန်များဖြစ်သွားကြပါတယ်။ အဲဒီအခါမှာမှ ဘုရားရှင်ကိုဆည်းကပ်ပြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာပါတယ်။



ဘုရားရှင်ကလဲ တစ်နေရာမှာ “ဓမ္မံ နပဿန္တော မံ နပဿတိ၊ ဓမ္မံ ပဿန္တော မံ ပဿတိ”လို့ မိန့်တော်မူထားပါတယ်။ အဓိပ္ပါယ်က တရားမမြင်သေးရင် ဘုရားမမြင်နိုင်ဘူး။ တရားမြင်မှ ဘုရားကို မြင်နိုင်တယ်။ ဒါကြောင့် ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်ယုံကြည်မှုတွေက မဂ်ဖိုလ်ရောက်ကြောင်းကို မတားနိုင်ပါဘူး။ ဘာ့ကြောင့်ဆိုရင် ဘာသာခြားဖြစ်ပေမဲ့ သူဟာ မဂ္ဂင်ရှစ်ပါးနဲ့အညီ နည်းလမ်းမှန်ကန်စွာနဲ့ တရားအားထုတ်ရင် မဂ်ဖိုလ်ရောက်နိုင်လို့ပါပဲ။ တကယ်တန်း မဂ်ဖိုလ်ကိုတားနိုင်တာက (ပဉ္စာနန္တရိယကံ) ကံကြီးငါးပါးအနက် တစ်ပါးပါး ကျုးလွန်မိတဲ့သူများသာ ဖြစ်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ







No comments:

Post a Comment